အစီအစဉ်
Vol. 012 Ch. 1195
ရီဖူရှင်းက သူနိုင်သည့် လောင်းကြေးများကို သွားထုတ်ခဲ့သည်။ အများစုသော လူများကတော့ ရှုံးနိမ့်ခဲ့ကြသည်။
ရီဖူရှင်း၊ ခွန်ရွှမ်။ ဆန်းဇွန်နှင့် စစ်ထိုရန်တို့သည်သာ အနိုင်ရခဲ့ကြသည်။ အိပ်မောကျနဂါး ပြိုင်ပွဲမစတင်ခင်က ယှဉ်ပြိုင်သူများတွင် လူအများက အလွန် မျှော်လင့်ထားသူများ ရှိကြသည်။ ပြိုင်ပွဲတွင် အလှည့်အပြောင်းများစွာ ရှိသော်လည်း အချိန်အများစုတွင် သူတို့ အမြင့်ဆုံး မျှော်လင့်ထားခဲ့သူများမှ တစ်ယောက်သည် အနိုင်ရရှိမြဲ ဖြစ်၏။
သည်တစ်ခေါက်ကဲ့သို့ အခြေအနေမျိုးမှာ အလွန့်အလွန် ကြုံတောင့်ကြုံခဲ အခြေအနေဖြစ်ကာ လူတိုင်းအား ရှုံးနိမ့်စေခဲ့၏။
သည်တစ်ခေါက်တွင် ရီဖူရှင်းကား အလွန် ချမ်းသာသွားခဲ့ပြီဖြစ်သည်။
“ချန်ယဲ့မြို့ကို ပြန်တော့မလား အစ်ကိုရီ” ရီဖူရှင်းကို ပြောဆိုသည့် ဆန်းဇွန်၏ အမူအရာက အလွန်ပင် ယဉ်ကျေးလှသည်။ သူက ရှားရှင်းယွန်ကို မင်းသမီးဟု မတွေးထားသော်လည်း ရီဖူရှင်းသည် အင်ပါယာရှားဘုံနှင့် ဥဒေါင်းအင်ပါယာဘုံမှ တော်ဝင်မျိုးနွယ်များကြား၌ အရေးပါ အရာရောက်သူတစ်ဦး ဖြစ်လိမ့်မည်မှာ သံသယရှိစရာ မလိုတော့ပေ။
ယူချင်း၏ စွမ်းဆောင်ရည်မှာလည်း ထိတ်လန့် တုန်လှုပ်ဖွယ်ပင် ဖြစ်၏။
ထို့ကြောင့်ပင် ထိုလူများအပေါ်၌ ဆန်းဇွန်၏ သဘောထားက ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ သူသည် သည်လူများနှင့် အချင်းမများရအောင် တတ်နိုင်သမျှ အကောင်းဆုံး ရှောင်ကြဉ်ရမည် ဖြစ်၏။
“ကောင်းပြီ။ စစ်ထိုကလန်က သူရဲကောင်းမလေးကရော ဘယ်လိုလဲ” ရီဖူရှင်းက စစ်ထိုရန်ကို ကြည့်ကာ မေးသည်။
စစ်ထိုရန်က သူ့ကို စူးရှရှကြည့်သည်။ သည်လူက ရှန့်ထိုတစ်ပါး ဖြစ်ပြီးတော့ ပေါ့ပြက်ပြက် နိုင်လွန်းသည်။
“ကျုပ်တို့တွေ အတူတူ ပြန်ကြရင်ရော ဘယ်လိုလဲ။ အစ်ကိုရီတို့ ပြန်လာတာကို ကြိုဆိုဖို့ စားသောက်ပွဲ ကျင်းပပေးမလို့ ကျုပ် စဉ်းစားထားတယ်။ စားသောက်ပွဲကို မြို့စားအိမ်တော်မှာ နောက်ရက် အနည်းငယ်ဆို တည်ခင်းတော့မှာ။ အဲဒါကြောင့် လာတက်ပေးကြပါ” ဆန်းဇွန်က ပြုံးကာ ပြောသည်။ ချန်ယဲ့မြို့မှ လူများက ခေါင်းညိတ် လိုက်ကြသည်။ သူတို့က အနည်းဆုံးတော့ မျက်နှာသွားပြရန် လိုအပ်ပေသည်။
သူတို့အဖွဲ့က ချန်ယဲ့မြို့ကို ဦးတည်ပျံသန်း သွားကြသည်။ ရီဖူရှင်းက စစ်ထိုရန်ကို ပြောသည်... “ကျုပ်က နောက်ပိုင်းကျရင် စစ်ထိုကလန်မှာ ယန်လေးကို လာတွေ့ပါ့မယ်”
“ရတယ်” စစ်ထိုရန်က ခေါင်းညိတ်ကာ ပြောသည်။
“ခင်ဗျားသာ ကျုပ်တို့နဲ့ စစ်ထိုကလန်ကို လိုက်ခဲ့ရင် တကယ်ကို ဝမ်းမြောက်စရာပါပဲ ညီလေးရီ” စစ်ထိုကလန်မှ အကြီးအကဲ တစ်ယောက်က အပြုံးနှင့် ပြောသည်။
အိပ်မောကျနဂါးပြိုင်ပွဲမှ ယူချင်း၏ စွမ်းဆောင်ရည်ကို မဆိုထားနှင့် ရီဖူရှင်းအဖွဲ့ ကောင်းချီးနန်းတော်ကို ဖျက်ဆီးခဲ့သည့် အချက်ကပင် အထင်ကြီးရန် လုံလောက်နေပြီဖြစ်၏။
စစ်ထိုကလန်နှင့် ကောင်းချီးနန်းတော် နှစ်ခုလုံးမှာ ချန်ယဲ့မြို့၏ ထိပ်တန်းအင်အားစုများ ဖြစ်ပြီး သူတို့၏အင်အားများကလည်း မတိမ်းမယိမ်းပင် ဖြစ်၏။
“စီနီယာက ယဉ်ကျေးလွန်းနေပါပြီ” ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်သည်။
“အစ်ကိုရီကတော့ တကယ့် လူကောင်းပါပဲ” ဆန်းဇွန်က အရှေ့ကနေ ပြန်လှည့်လာပြီး ပြုံးကာ အရွှန်းဖောက်သည်။ ရီဖူရှင်းက ထိုမိန်းမငယ်လေးကို ဂရုစိုက် ပူပင်နေဆဲ ရှိကြောင်း သူ အံ့သြစွာ သိရှိလိုက်ရသည်။ သူက ရီဖူရှင်း၏ အပြုအမူကို သဘောမတူလိုသော်လည်း ရီဖူရှင်း၏ စရိုက်က သူ့ထက်သာသည်ကိုတော့ ဝန်ခံသည်။
သွေးနဂါးဘုံကဲ့သို့ ပရမ်းပတာနယ်မြေတွင် ရှင်သန်နိုင်ရန် တန်ခိုးရှင်များမှာ သူတို့၏ စွမ်းအားများ တိုးတက်အောင် အမြဲကြံဆောင်နေရရာ အမြဲတမ်း ရိုးဖြောင့်ရန် မလွယ်ကူပေ။ အားနည်းသူများမှာ သွေးနဂါးဘုံတွင် ရှင်သန်နိုင်ရန် နည်းလမ်းမရှိပေ။
“နင်က စစ်ထိုကလန်ကို ဘာသွားလုပ်မှာလဲ” ရှားရှင်းယွန်က ရီဖူရှင်းကို စိတ်ချင်းဆက်သွယ်၍ မေးသည်။
“စစ်ထိုကလန်ခေါင်းဆောင်ဆီ သွားလည်မလို့လေ” ရီဖူရှင်းက ပြန်ဖြေသည်။ ရှားရှင်းယွန်က ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မမေးတော့ပေ။
“အချိန်ရရင် ကျုပ်တို့ မော့ကလန်ကိုလည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်” ကလန်အကြီးအကဲ မော့ချန်းက သူ၏ ဖိတ်ခေါ်ချက်ကို ထုတ်ဖော်သည်။ မော့ကလန်ကလည်း ချန်ယဲ့မြို့မှ ထိပ်တန်း အင်အားစုတစ်ခုပင် ဖြစ်၏။
“ကောင်းပါပြီ.. ကျွန်တော် လာလည်ပါ့မယ်” ရီဖူရှင်းက ပြုံးပြီး ပြန်ဖြေသည်။
“ဒါဆို ဒီလိုပဲ သတ်မှတ် လိုက်တော့မယ်” ထိုတန်ခိုးရှင်သည် ရီဖူရှင်းက ချက်ချင်း သဘောတူသည့်အတွက် အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ပြောသည်။
“ဒီလိုပဲ သတ်မှတ်လိုက်ပြီ” ရီဖူရှင်းက နွေးထွေးသည့် အပြုံးတစ်ပွင့်နှင့် သူ့ဝန်းကျင်ရှိ လူများကို စိတ်သက်သောင့်သက်သာ ဖြစ်စေသည်။
“အစ်ကိုရီက ချန်ယဲ့မြို့ကို မကြာမကြာ လာလည်သင့်တယ်။ ကျုပ်က ခင်ဗျားကို ဒီမြို့ရဲ့ အင်အားစုတွေနဲ့ မိတ်ဆက်ပေးဖို့ တွေးထားတယ်” ဆန်းဇွန်က ပြုံးရင်း ပြောသည်။
“ခင်ဗျားရဲ့ ဖော်ရွေမှုအတွက် ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ပြန်ဖြေလိုက်၏။
“ဘာမှမဖြစ်ပါဘူး။ ခင်ဗျားက ကျွန်တော်တို့ လူတွေထဲက တစ်ယောက်ပါပဲ။ ချန်ယဲ့မြို့မှာ အခက်အခဲတစ်ခုခု တွေ့ခဲ့ရင် အချိန်မရွေး လာရှာနိုင်ပါတယ်” ဆန်းဇွန်က အလွန်ယဉ်ကျေးလှသည့် အမူအရာနှင့် ပြောသည်။
“ကောင်းပါပြီ။ ဒါဆိုလည်း အစ်ကိုဆန်းကိုပဲ ဒုက္ခပေးရတော့မယ်။ နောက်ပိုင်းရက်တွေကျရင် မြို့စားရုံးတော်မှာ အနှောင့်အယှက်ဖြစ်စေမှာ စိုးမိပါတယ်” ရီဖူရှင်းက ခေါင်းညိတ်ကာ အလေးအနက် ပြောသည်။
“ကိစ္စမရှိပါဘူး” ဆန်းဇွန်က ပြုံးရင်း ပြောလိုက်၏။ ရီဖူရှင်းက သူတို့ကြားတွင် ဖြစ်လာနိုင်သော အာဃာတတချို့အား လက်လွှတ်လိုက်နိုင်မလား သူ သိလိုမိသည်။
ရီဖူရှင်းက သည်ကိစ္စတွင် အနည်းနှင့်အများ စိတ်မကျေမနပ်ဖြစ်မည်ကို သူသိသည်။
သွေးနဂါးမြို့တော်မှ ချန်ယဲ့မြို့ကို ပြန်ရောက်သည့်အခါ လူတိုင်းက ကိုယ့်အိမ်ကိုယ် ပြန်သွားကြသည်။ ရီဖူရှင်းတို့ တည်းခိုခန်းကို ပြန်သွားသည့်အခါ ဆန်းဇွန်လည်း မြို့စားရုံးတော်ကို ပြန်သွားတော့သည်။
အိပ်မောကျနဂါးပြိုင်ပွဲမှ သတင်းသည် တစ်မြို့လုံးကို ပျံ့နှံ့သွားပြီး လူအများက ထိတ်လန့် အံ့သြကုန်ကြသည်။
ကောင်းချီးနန်းတော်ကို ဖျက်ဆီးလိုက်သော လူများက ရှီအဆင့်များကြားတွင် ကြောက်မက်ဖွယ်ရာ စွမ်းရည်ရှိသူများ ဖြစ်သည့်အပြင် အိပ်မောကျနဂါး ပြိုင်ပွဲ၌လည်း သွေးနဂါးဘုံမှ အတော်ဆုံးများနှင့် ယှဉ်ပြိုင်၍ အနိုင်ရခဲ့ကြသည်။
ရီဖူရှင်းနှင့် ယူချင်း၏ အမည်မှာ ချန်ယဲ့မြို့တွင် အလွန် ကျော်ကြားလာသည်။
ရီဖူရှင်းသည် နောက်တစ်နေ့တွင် သူ့လူများကို ခေါ်ဆောင်ကာ စစ်ထိုကလန်သို့ သွားရောက် လည်ပတ်ခဲ့သည်။
စစ်ထိုကလန်မှ လူအများက သူတို့ကို ထွက်ကြိုကြပြီး စစ်ထိုရန်နှင့် ယန်လေးလည်း ပါဝင်သည်။
“ဦးလေးရီ” ကလေးမလေးက ပြုံးရင်း ချစ်စဖွယ် ခေါ်သည်။
ရီဖူရှင်းက ယန်လေးကို အသာပွေ့ဖက်လိုက်ပြီး စစ်ထိုကလန်ဘက်ကို လှည့်သည်… “အခုလို ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ခင်ဗျားက ကျုပ်တို့အတွက် ဂုဏ်သရေရှိ ဧည့်သည်တော်ပါပဲ။ စားသောက်ပွဲက အသင့်ပြင်ပြီးပါပြီ။ ကြွပါ ရီသခင်လေး” တစ်ယောက်က ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြုံးသည်။ သူက စစ်ထိုရန်ဘေးကို လျှောက်သွားကာ ပြောသည်... “ကျုပ် စစ်ထိုကလန်ခေါင်းဆောင်နဲ့ တွေ့ချင်တယ်”
“ကောင်းပြီ.. ကျွန်မ အဘိုးကို ပြောလိုက်မယ်” စစ်ထိုရန် ခေါင်းညိတ်ကာ ပြောသည်။
စစ်ထိုကလန်က လူများနှင့် လူတိုင်းက ကိုယ့်နေရာကိုယ် ယူလိုက်ကြသည်။ ခဏအကြာတွင် အလွန် အိုမင်းနေပုံပေါ်သည့် အကြီးအကဲက လမ်းလျှောက် ထွက်လာပြီး သူ့ထံမှ မြင့်မြတ်ခန့်ညားသည့် အရှိန်အဝါများ ထုတ်လွှတ်နေသည်။
ရီဖူရှင်းက ထရပ်ပြီး ဂါရဝပြုသည်… “ကျွန်တော်က ရီဖူရှင်းပါ။ တွေ့ရတာ ဝမ်းမြောက်မိပါတယ် စီနီယာ”
စစ်ထိုကျုံးက ခေါင်းညိတ်လိုက်ပြီး အပြုံးနှင့် ပြောသည်... “ကလန်ထဲမှာ မင်းနာမည် ဂုဏ်သတင်းက ကျုပ်နားထဲထိ ရောက်ခဲ့ပါတယ် မိတ်ဆွေလေးရီ။ လုပ်ရိုးလုပ်စဉ်တွေ မလိုအပ်ပါဘူး။ ကျေးဇူးပြုပြီး ထိုင်ပါ”
“ကျေးဇူးတင်ပါတယ် စီနီယာ” ထို့နောက် ရီဖူရှင်းက ပြောသည်... “စစ်ထိုသခင်မလေးက ရဲရင့်ပြီး စာနာထောက်ထား တတ်တယ်။ အခု သူမရဲ့ အဖိုးကို တွေ့လိုက်ရတော့ အံ့သြစရာမရှိတော့ပါဘူး”
“မြှောက်ပင့်လွန်းနေပါပြီ။ ကလေးမလေး တစ်ယောက်အတွက် ကောင်းချီးနန်းတော် တစ်ခုလုံးကို ဖျက်ဆီးနိုင်တာ တကယ် ထူးခြားလှတယ်။ ကျုပ်တို့ လူအိုကြီးတွေက မင်းတို့ထက်ကို အသက်ကြီးနေပါပြီ။ ဒီနေရာတွေက မင်းတို့ လူငယ်တွေလက်ထဲ အနှေးနဲ့အမြန် ရောက်လာကြမှာပါ” စစ်ထိုကျုံးက ပြုံးလျက်ပြောသည်။
“ရုတ်တရက် ဒေါသပြင်းထန် သွားတာကြောင့်ပါ” ရီဖူရှင်းက ပြုံးကာ ပြောသည်... “ပိုင်ကျဲက အတော်လေး မနှစ်မြို့စရာ ကောင်းတာကို ကွန်တော် တွေ့လိုက်မိတယ်လေ”
“တခြားတွေရဲ့ အသက်ကို နင်းခြေကြတာက သိပ်ကို စက်ဆုပ်စရာပါပဲ။ ဒါပေမဲ့လည်း အဲဒီလိုအဖြစ်တွေက ကမ္ဘာတစ်ဝန်းက တန်ခိုးရှင်တွေဆီမှာ ဖြစ်ပျက်နေကြ ဖြစ်နေပြီ။ အဲဒီအရာတွေကို ပြောင်းလဲဖို့ ရည်ရွယ်တယ်ဆိုရင် မင်း ဘယ်လောက်များများ သတ်နိုင်မလဲလို့ ကျုပ် သိချင်မိပါတယ်” ဤအသက်အရွယ်သို့ ရောက်နေသော စစ်ထိုကျုံးအနေဖြင့် ဤသို့သော အခြေအနေများကို ဘဝသက်တမ်း တစ်လျှောက်လုံး တွေ့မြင်ဖူးခဲ့ပေသည်။
“အမှန်ပါပဲ” ရီဖူရှင်း ခေါင်းညိတ်သည်… “ဒါပေမဲ့ ကျွန်တော်ရှေ့မှာ ဖြစ်လာတဲ့ ကိစ္စဆိုရင်တော့ ကျွန်တော် လုပ်နိုင်စွမ်းရှိသလောက် ဝင်စွက်ဖက်မှာပါ။ အခု ကျွန်တော် စီနီယာ့ဆီ လာတွေ့ရတာလည်း ဒီကိစ္စအတွက်ပါပဲ”
“ဘယ်လိုမျိုးလဲ” စစ်ထိုကျုံးက ရီဖူရှင်းကို ကြည့်သည်။
“သွေးနဂါးဘုံက သန်မာပြီးတော့ ဘုံအားလုံးက လူတွေက ဒီမှာ စုစည်းကြတယ်။ အဲဒါကြောင့် ထူးကဲသာလွန်တဲ့ ပါရမီရှင်တွေလည်း အများကြီးရှိတယ်။ သူတို့ လစ်လပ်နေတာကတော့ အခွင့်အရေးပဲ။ ကျွန်တော် စဉ်းစားတာတော့ ချန်ယဲ့မြို့မှာ ကျင့်ကြံရေးနေရာတစ်ခု တည်ဆောက် မလားလို့။ စီနီယာကရော ဘယ်လိုအတွေးများ ရှိလဲ” ရီဖူရှင်းက ပြောသည်။
ရီဖူရှင်းပြောသည်ကို နားထောင်ပြီးသည်နှင့် စစ်ထိုကျုံး၏ အမူအရာက ထူးခြားလာသည်။ သူက အံ့အားသင့်နေပုံပေါ်သည်။
သွေးနဂါးဘုံမှ မြို့များမှာ တန်ခိုးရှင်များ သွားသွားလာလာ အမြဲ ဖြတ်သန်းသွားရသည့် မြို့များ ဖြစ်ကာ အခြားဘုံများမှ လူအများ သည်နေရာတွင် လာရောက် စုဝေးကြသည်။ မြို့တစ်မြို့ကို ပိုင်စိုးထားသည့် တစ်စုံတစ်ယောက်သည်ပင် ထိုသို့ ကြံစည်ရဲမည် မဟုတ်ပေ။
ရီဖူရှင်း၏ ထိုသို့သော အကြံအစည်သည် သွေးနဂါးဘုံအတွက် သာမန်မဟုတ်ပေ။
အထူးသဖြင့် သွေးနဂါးဘုံရှိ မြို့များသည် ပြဿနာများမြောင်ပြီး တည်ငြိမ်မှုမရှိပေ။ အရင်းအမြစ်များကို ပြုန်းတီးခံပြီး သည်ကဲ့သို့ လေ့ကျင့်ရေးနေရာမျိုးကို တည်ထောင်ဖို့ စိတ်ကူးကို လူအနည်းငယ်ကသာ လုပ်ဆောင်ပေလိမ့်မည်။
“မိတ်ဆွေလေးရီ.. သွေးနဂါးဘုံက ကိစ္စတွေက တော်တော်လေး ရှုပ်ထွေးတယ်။ ပြီးတော့ မြို့တွေကြားမှာ ကူးလူးသွားလာနေတဲ့ ခရီးသွားတွေကြောင့် မြို့တွင်း အခြေအနေတွေက အတော်လေး မတည်ငြိမ်ကြဘူး။ အဲဒါကြောင့် ရလဒ်ထွက်မလာခင် အချိန်အများကြီး ကြာလိမ့်မယ်။ ချန်ယဲ့မြို့မှာလည်း ထိုနည်း၎င်းပဲ။ ဒီမှာ အခြေစိုက်ပြီး အချိန်ကြာကြာနေထိုင်တာဆိုလို့ ကလန်တွေပဲ ရှိတယ်” စစ်ထိုကျုံးက ပြောသည်။
“အဲဒါက ကျွန်တော် စီနီယာနဲ့ လာတွေ့ရတဲ့ အကြောင်းရင်းပါပဲ။ ဒါက ချန်ယဲ့မြို့ တိုးတက်ရေးအတွက် အတော်လေး ကောင်းမွန်ပါလိမ့်မယ်။ စစ်ထိုကလန်လို အင်အားစုက ဒီအစီအစဉ်မှာ ပါဝင်ဖို့ စိတ်ကူးရှိရင် ချန်ယဲ့မြို့ အင်အားကြီးလာတဲ့အခါ စစ်ထိုကလန်ကလည်း မြို့နဲ့အတူ တိုးတက်လာမှာပါ”
“မင်းက ဘာတွေ လုပ်ချင်နေတာများလဲ” စစ်ထိုကျုံးက မေးသည်။ ရီဖူရှင်း၏ တကယ့်ရည်ရွယ်ချက်ကို သူ မသိသေးပေ။
“ကျွန်တော်က ချန်ယဲ့မြို့ကို အင်အားတွေ ပေါင်းစည်းတာ မြင်ချင်ပြီးတော့ အနာဂတ်မှာ သွေးနဂါးဘုံက မြို့တွေကြားထဲမှာ ချန်ယဲ့မြို့ကို အကောင်းဆုံးမြို့ ဖြစ်လာအောင် လုပ်ချင်တယ်” ရီဖူရှင်းက ဖြေသည် … “ဒါပေမဲ့ ဒါတွေအကုန်လုံးကို ကျွန်တော် တစ်ယောက်တည်း အကောင်အထည် မဖော်နိုင်ဘူး။ ဒါက ကျွန်တော့် အတွေးတွေပါပဲ”
“ဒီလိုအရာတွေက မြို့တော်အရှင်ရဲ့ ပူးပေါင်းမှုကို လိုအပ်တယ်။ စစ်ထိုကလန်က မနိုင်ဝန်ထမ်းမိပြီး ကျရှုံးသွားမှာ ကြောက်မိတယ်” စစ်ထိုကျုံးက ပြောသည်။
ထို့အပြင် ရီဖူရှင်းတွင် တကယ့် အကြောင်းပြချက် လစ်လပ်နေသေးသည်။ သူက ဘာကြောင့် ချန်ယဲ့မြို့က အင်အားတွေကို ပေါင်းစည်းပြီး တိုးတက်စေချင် နေရတာလဲ။
“ကျွန်တော် စီနီယာနဲ့ မိတ်ဆက်ပေးချင်တဲ့သူ ရှိတယ်” ရီဖူရှင်းက သူ့ဘေးမှ ရှားရှင်းယွန်ကို ကြည့်ပြီးနောက် ပြောသည်... “သူမက အင်ပါယာရှားဘုံက မင်းသမီး ရှားရှင်းယွန်ပါ”
စစ်ထိုကျုံးက ရှားရှင်းယွန်ကို ကြည့်ကာ ကြက်သေသေ သွား၏။ ဤတွင် သူက ရီဖူရှင်း၏သဘောကို ချက်ချင်း နားလည်သွား၏။
ဘုံနယ်မြေများသည် သွေးနဂါးဘုံတွင် ခြေကုပ် လာယူကြသည်မှာ သဘောပင်ဖြစ်သည်။
အင်ပါယာရှားသည်လည်း သူတို့၏အင်အားကို သွေးနဂါးဘုံသို့ တိုးချဲ့၍ ခြေကုပ်ယူလိုသည်မှာ သဘာဝဖြစ်သည်။
စစ်ထိုရန်က ရှားရှင်းယွန်ကို ကြည့်လိုက်ပြီး ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ ကလန်တွင်းမှ အခြားလူများမှာလည်း ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေကြသည်။
ရီဖူရှင်းနောက်မှာ လိုက်ပါနေသည့် ရှားရှင်းယွန်ဆိုသည့် အမျိုးသမီးက အင်ပါယာရှားဘုံမှ မင်းသမီးတဲ့လား။ သို့ဆိုလျှင် ရီဖူရှင်းကကော မည်သို့သော အဆင့်အတန်းမျိုး ဖြစ်သနည်း။ မင်းသမီး တစ်ပါးသည်ပင် သူ့ဘေးကနေ လိုက်ရသည်ကို သူတို့အားလုံး မြင်သည် မဟုတ်ပါလား။
“အင်ပါယာရှားဘုံက ချန်ယဲ့မြို့မှာ တိုးချဲ့ဖို့ အစီအစဉ် ရှိတာလား” စစ်ထိုကျုံးက ရှားရှင်းယွန်ကို ကြည့်ကာ မေးသည်။
“ကျွန်မက စီနီယာရဲ့ ထောက်ခံမှုကို လိုအပ်ပါတယ်” ရှားရှင်းယွန်က ပြန်ဖြေသည်။
စစ်ထိုကျုံးက တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ သူ့အနေအထားနှင့်ဆိုလျှင် သူ့ကလန်အတွက် ကောင်းမလား ဆိုးမလား ချင့်ချိန်စဉ်းစား ဆုံးဖြတ်ရပေမည်။
ရီဖူရှင်း၏ စရိုက်အရ သူသည် ဖြောင့်မတ်သူဖြစ်ကြောင်း ခန့်မှန်းမိ၏။
အင်ပါယာရှားဘုံက အမှန်တကယ် ချန်ယဲ့မြို့ကို အုပ်စိုးရန် ရည်ရွယ်သည်ဆိုလျှင် လက်ရှိ မြို့စားအိမ်တော်ထက် ပို၍ အင်အားကြီးမား လာနိုင်ပေသည်။
“ကျုပ်က ဝမ်းမြောက်ဝမ်းသာ ခစားပါ့မယ် မင်းသမီး” စစ်ထိုကျုံးက ခွက်ကို မြှောက်ရင်း ပြောသည်။
“ကျေးဇူးပါ စီနီယာ” ရှားရှင်းယွန်နှင့် ရီဖူရှင်းက သူတို့၏ ခွက်ကို မြှောက်လိုက်ရင်း ပြန်ဖြေသည်။ ဆွေးနွေးမှုတစ်ခုက ကေင်းကောင်းမွန်မွန် ပြီးဆုံးခဲ့ပြီဖြစ်သည်။
သူတို့က လူတိုင်းကို အနိုင်ယူကာ အပိုင်စီးခြင်းထက် သံခင်းတမန်ခင်း နည်းလမ်းက ပိုသင့်တော် ကောင်းမွန်ပေသည်။
***