← Chapters

#ဒီဓားက အတော်လေးစိတ်တိုစရာပဲ#

Vol. 43 Ch. 610

#ဒီဓားက အတော်လေးစိတ်တိုစရာပဲ#

Vol. 43 Ch. 610

လျှို့ဝှက်နယ်မြေကထွက်လာပြီးနောက် ဟောင်ကျန်းဟန် ယဲ့ချိုးပိုင်က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ လျှို့ဝှက်ဓားမျှော်စင်သို့ခေါ်လာခဲ့သည်။

လျှို့ဝှက်ဓားမျှော်စင်က လျှို့ဝှက်နယ်မြေအပြင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ အရေးအကြီးဆုံးနေရာတခုဖြစ်သည်။

မျှော်စင်ကိုယ်တိုင်က ဓားအစီအရင်တခုဖြစ်သည်။

ယဲ့ချိုးပိုင်အနည်းငယ်ခေါင်းမော့လိုက်စဉ် ဒါကိုဝေဝါးဝါးခံစားမိသည်။ မရေမတွက်နိုင်လောက်သည့်ဓားဆန္ဒများက မျှော်စင်ကို ၀န်းရံထားသည်။

ဓားဆန္ဒအမျှင်တိုင်းက ကမ္ဘာကြီးကိုပြိုလဲစေပုံရပြီး တောင်နှင့်ပင်လယ်များကိုလှန်ပစ်နိုင်သလို ကောင်းကင်အားပင် ဖြတ်တောက်နိုင်စွမ်းရှိပုံပေါ်သည်။

ယဲ့ချိုးပိုင် ထူးကဲဓားတာအိုအဆင့်သို့ တက်လှမ်းခဲ့သော်လည်း ဒီနှိုင်းယှဉ်မှုကိုသူမခံစားနိုင်သေးပါ။ အဘယ်ကြောင့်ဆိုသော် ကွာခြားချက်က အရမ်းကြီးမားသောကြောင့်ပင်။

ယဲ့ချိုးပိုင်၏အတွေးကိုခံစားမိသည့်အလား ဟောင်ကျန်းဟန်လှည့်မကြည့်ဘဲ ရှင်းပြသည်။

"ဒီဓားအစီအရင်ကို အဲဒီတုန်းက ဘိုးဘေးချန်ထားခဲ့တာ၊ တောင်ကာကွယ်ရေးအခင်းအကျင်းတောင် လျှို့ဝှက်ဓားမျှော်စင်ကဟာထက်နိမ့်ကျတယ်...."

ယဲ့ချိုးပိုင်ညင်သာစွာခေါင်းညိတ်သည်။

လျှို့ဝှက်ဓားမျှော်စင်၀င်ပေါက်၌ အဖိုးအိုနှစ်ဦးက လက်ထဲတွင်ဓားများကိုကိုင်ကာ ခြေချင်းချိတ်ထိုင်နေကြသည်။

ဟောင်ကျန်းဟန်ရောက်လာသောအခါ အဖိုးအိုနှစ်ဦးအား လေးစားစွာလက်နှစ်ဖက်ဆုပ်သည်။

"ဟောင်ကျန်းဟန်က အဆင့်မြင့်မဟာအကြီးအကဲနှစ်ဦးကိုနှုတ်ဆက်ပါတယ်"

ကောင်းကင်ဘုံဓားတောင်ထိပ်၏ အဆင့်မြင့်မဟာအကြီးအကဲများက ယခင်ဂိုဏ်းချုပ်ဟောင်းများဖြစ်ကြသည်။

ဒီအဆင့်မြင့်မဟာအကြီးအကဲနှစ်ဦးက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတွင် ထိပ်တန်းတည်ရှိမှုများဟုဆို၍ရသည်။

သူတို့နှစ်ယောက်လုံးက ကောင်းကင်အင်မော်တယ်နယ်ပယ်အလယ်အလတ်အဆင့်ကိုပင် ရောက်နေကြလေပြီ။

အဖိုးအိုနှစ်ဦးကမျက်လုံးမဖွင့်ဘဲ ထူးမခြားနားစွာမေးသည်။

"ဂိုဏ်းချုပ်၊ ဘာလို့ဒီမှာရှိနေရတာလဲ၊ မင်းလျှို့ဝှက်ဓားမျှော်စင်ကို၀င်ချင်တယ်ဆိုရင် ကိုယ့်ဘာသာ၀င်လို့ရပါတယ်၊ ဘာလို့ငါတို့ကို နှောက်ယှက်ရတာလဲ"

ဟောင်ကျန်းဟန်ပြုံးလိုက်သည်။

"ဒါပေမယ့် အကြီးအကဲတို့နှစ်ယောက်ကပဲ ဒါကိုလုပ်နိုင်မှာလေ"

ဟမ်!

ငါတို့နှစ်ယောက်ပဲလုပ်နိုင်တာလား!

အဆင့်မြင့်မဟာအကြီးအကဲနှစ်ဦးက အထိတ်တလန့် မျက်လုံးများကိုဖွင့်လိုက်ကြ၏။

အဆင့်မြင့်မဟာအကြီးအကဲနှစ်ဦး၏ အတွေ့အကြုံများအရ သူတို့ကို ဒီလောက်ထိ ထိတ်လန့်စေသည်အရာဟူ၍ ဘာမှမရှိပါ။

သူတို့နှစ်ယောက်ဖွင့်ရန်လိုအပ်သည့် လျှို့ဝှက်ဓားမျှော်စင်က သံသယမရှိ ထိပ်ဆုံးအထပ်ပေတည်း။

ထိပ်ဆုံးထပ်တွင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းထူထောင်သူဘိုးဘေးချန်ထားခဲ့သည့်ဓားရှိသည်။

ထိုဓားက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ အမြင့်ဆုံးအဆင့်ဓားတလက်ဟုဆို၍ရသည်။

ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓား!

အဆင့်၊ ‌ကောင်းကင်အင်မော်တယ်အထွတ်အထိပ်အဆင့်!

"ကျန်းဟန်၊ မင်းဆိုလိုတာက....."

ဟောင်ကျန်းဟန်ပြုံးရင်းခေါင်းညိတ်သည်။

"နတ်ဓားတလက်က ဖုန်တွေနဲ့ဖုံးမနေသင့်ဘူးလေ"

ထို့နောက် သူယဲ့ချိုးပိုင်အား ရှေ့သို့တွန်းလိုက်သည်။

"ယဲ့ချိုးပိုင်က ဘိုးဘေးရဲ့အမွေအနှစ်ကို ရခဲ့ပါတယ်၊ အဲဒီတုန်းက ဘိုးဘေးချန်ထားခဲ့တဲ့ဓားကို သူသန့်ရှင်းသုတ်သင်ပေးသင့်တယ်"

အဆင့်မြင့်မဟာအကြီးအကဲနှစ်ဦးက စိတ်လှုပ်ရှားသွားကြသည်။

ဘိုးဘေးအမွေအနှစ်ကို မည်သူမှမဆက်ခံနိုင်ခဲ့ကြပေ။

ယခုတွင် ဒီလိုအံ့ဖွယ်ကလေးတယောက် ပေါ်လာပြီဖြစ်လေရာ သူတို့ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲနေမည်နည်း။

မည်သည့်အတွက်ကြောင့် အဆင့်မြင့်မဟာအကြီးအကဲနှစ်ဦးက လျှို့ဝှက်ဓားမျှော်စင်ကို ကိုယ်တိုင်ကိုယ်ကျစောင့်ကြပ်နေရလေသနည်း။

ပထမအချက်က ဘိုးဘေးချန်ထားခဲ့သည့်ဓားကိုကာကွယ်ရန်ဖြစ်သည်။

ဒုတိယက ဓားကို သူတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်လိုသောကြောင့်ပင်။

ဘိုးဘေးချန်ထားခဲ့သည့် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို မည်သူကများ ယူဆောင်သွားနိုင်မည်နည်း။

သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦးကြည့်ကာ ရယ်မောလိုက်ကြသည်။

ကောင်းပြီ၊ ကောင်းပြီ!

ငါ့ရဲ့ကောင်းကင်ဘုံဓားတောင်ထိပ်က နောက်ဆုံးတော့ပြန်လာပြီပဲ!

ယဲ့ချိုးပိုင်၏စရိုက်အရ သူတို့ရဲ့ ကောင်းကင်ဘုံဓားတောင်ထိပ်အမွေအနှစ်ကိုယူပြီးနောက် သူထွက်ပြေးသွားမည်လား။

အဆင့်မြင့်မဟာအကြီးအကဲနှစ်ဦးအတွက် စဉ်းစားရန်ပင်မလိုအပ်ပေ။

ဟောင်ကျန်းဟန်ဒါကိုကြိုတင်စဉ်းစားထားသည်။ သူတို့က ဂိုဏ်းအနာဂတ်ကို ကလေးကစားစရာတခုဟုရှုမြင်ကြမည်မဟုတ်။

ထို့နောက် အဆင့်မြင့်မဟာအကြီးအကဲနှစ်ဦးက တချိန်တည်းမှာပင် စည်းတံဆိပ်များ ဖန်တီးလိုက်ကြ၏။ လျှို့ဝှက်ဓားမျှော်စင်၀င်ပေါက်ကို ၀န်းရံထားသည့် ဓားဆန္ဒကို ပျံ့သွားစေပြီးနောက် လက်ဗလာဖြင့် တွန်းလိုက်ကြသည်။

တံခါးက ကျွီခနဲမြည်သံနှင့်အတူ နှစ်ဘက်စလုံးမှ ဖြည်းညင်းစွာပွင့်လာသည်။

အဆင့်မြင့်မဟာအကြီးအကဲနှစ်ဦးက ဦးဆောင်သွားပြီး ဟောင်ကျန်းဟန်နှင့် ယဲ့ချိုးပိုင်တို့က နောက်မှလိုက်သွားကြ၏။

လျှို့ဝှက်ဓားမျှော်စင်ကို ကိုးထပ်ခွဲခြားထားသည်။

ပထမထပ်က အကြီးဆုံးပင်။

ပိုမြင့်သွားလေလေ၊ နေရာကပိုသေးလာလေလေဖြစ်သည်။

တချိန်တည်းမှာပင် အထပ်တထပ်စီတွင် သက်ဆိုင်ရာကျင့်ကြံခြင်းနည်းစနစ်များရှိသည်။

သူတို့လေးယောက်က ကိုးထပ်၀င်ပေါက်ကိုရောက်လာသောအခါ ထိုနေရာ၌ အင်မော်တယ်ရုပ်သေးနှစ်ရုပ်ရှိနေသည်။

အင်မော်တယ်ရုပ်သေးများက ခရုပတ်လှေကားထစ်တွင်ထိုင်နေသည်။ ၎င်းတို့၏ ကိုယ်၌ မည်သည့်အော်ရာမှမရှိသော်လည်း လက်ထဲတွင် ဓားတလက်ကိုကိုင်ထားသည်။

ဟောင်ကျန်းဟန်ရှင်းပြသည်။

"ဒီအင်မော်တယ်ရုပ်သေးနှစ်ရုပ်စလုံးက ကောင်းကင်အင်မော်တယ်အစောပိုင်းအဆင့်ရုပ်သေးတွေပဲ၊ တယောက်ယောက်၀င်လာတာနဲ့ သူတို့ကချက်ချင်းအသက်၀င်လာကြလိမ့်မယ်"

နောက်ထပ်ကောင်းကင်အင်မော်တယ်ရုပ်သေးနှစ်ရုပ်လား!

ယဲ့ချိုးပိုင် အနည်းငယ်တုန်လှုပ်သွားပြီးတွေးလိုက်မိသည်။ ဂိုဏ်းချုပ်ဟောင်ကျန်းဟန်က ကောင်းကင်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ကိုရောက်ပြီဖြစ်ကာ အင်မော်တယ်ရုပ်သေးနှစ်ရုပ်ကလည်း ဒီအဆင့်တွင်ရှိကြသည်။ လျှို့ဝှက်ဓားမျှော်စင်၏ ဓားအစီအရင်ကိုပါ ပေါင်းလိုက်မည်ဆိုပါက......

ဒါကယဲ့ချိုးပိုင်အပေါ်ယံတွင် မြင်သောအရာပေတည်း။

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ ခွန်အားကို ပြင်ပကမ္ဘာက အလွန်အမင်းလျှော့တွက်ထားသည်။

ဒုတိယတန်းစားအင်အားစုလား!

ယဲ့ချိုးပိုင်၏အမြင်အရ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ပထမတန်းစားအင်အားစုတခုဖြစ်လာရန်အတွက်ပင် လုံလောက်နေလေပြီ။

ထိုအချိန်တွင် ဟောင်ကျန်းဟန်နှင့် အဆင့်မြင့်မဟာအကြီးအကဲနှစ်ဦးက ဘေးချင်းယှဉ်ကာရပ်နေကြသည်။

သုံးယောက်သားကအချင်းချင်းကြည့်လိုက်ကြပြီးနောက် ရင်အုံထဲကနေ ကျောက်စိမ်းပစ္စည်းတခုကို ထုတ်လိုက်ကြသည်။

ကျောက်စိမ်းပစ္စည်းက ဓားငယ်လေးတလက်နှင့်တူပြီး စိမ်းမြရောင်ရှိကာ ကြည်လင်နေသည်။ ထို့ထဲတွင် အညစ်အကြေးဟူ၍ လုံးဝမရှိဘဲ မှိန်ဖျော့သည့် သေစေလောက်သောဓားဆန္ဒတခုကသာလှည့်ပတ်နေသည်။

ဒါက လျှို့ဝှက်ဓားမျှော်စင်ဓားအစီအရင်မှ ဓားဆန္ဒနှင့် တူညီသည့်အရင်းအမြစ်ကနေ လာပုံရသည်။

သူတို့ထုတ်လိုက်သောအခါ ဓားအလင်းတန်းများက အင်မော်တယ်ရုပ်သေးနှစ်ရုပ်ရှေ့တွင် ပေါ်လာသည်။

အင်မော်တယ်ရုပ်သေးများက ခပ်တောင့်တောင့်ရပ်လိုက်ကြပြီး လှေကားထစ်၏ ဘေးဘက်သို့လျှောက်သွားကြကာ ၀င်ပေါက်ဆီသို့ လမ်းကြောင်းတခုခင်းပေးသည်။

ဟောင်ကျန်းဟန်ပြုံးသည်။

"ကောင်းပြီ၊ ချိုးပိုင်၊ ၀င်တော့"

ယဲ့ချိုးပိုင်ခေါင်းညိတ်ကာ ခရုပတ်လှေကားပေါ်သို့တက်သွားသည်။ အမည်မသိကာလတခုအထိ လျှောက်ပြီးသည့်တိုင် ဒါက အဆုံးမရှိပုံပေါ်သည်။

ခရုပတ်လှေကား၏အရှည်က တိမ်များထဲထိပင် ဦးတည်နေပုံရသည်။

သူ အမွေးတိုင်တစ်တိုင်စာခန့်ကြာပြီးနောက် အခန်းငယ်လေးတခုကို ရောက်လာသည်။

အခန်းထဲတွင် ဘာမှအလှမဆင်ထားဘဲ ငစ်သားကြမ်းပြင်ကို နင်းမိသောအခါ တကျွီကျွီမြည်သွားသည်။

ကျောက်နံရံများကအပေါက်များဖြင့်ပြည့်နှက်နေသည်။

အရာအားလုံးက လျှို့ဝှက်ဓားမျှော်စက်၏ ဂုဏ်ကျက်သရေနှင့် မကိုက်ညီပုံရသည်။

အခန်းအလယ်တွင် ဓားစင်တခုရှိပြီး စင်ပေါ်၌ သုံးပေရှည်ဓားတလက်ရှိသည်။

ဓားပေါ်က ဓားဆန္ဒက ယဲ့ချိုးပိုင်ကို ရှေ့ကို လမ်းညွှန်ပေးနေပုံပေါ်သည်။

ယဲ့ချိုးပိုင်မငြင်းဆန်ဘဲ ဓားစင်ရှိရာသို့ ဖြည်းဖြည်းချင်းလျှောက်သွားသည်။

ဒီဓားတွင် တကယ်တော့ မည်သည့်အကွက်အစွန်းမှမရှိပေ။ ၎င်းကိုယ်ထည်တခုလုံးက အစိမ်းရင့်ရောင်ရှိပြီး ဓားကျောရိုးမှ အေးစက်သည့်အလင်းရောင်တခုကို ထုတ်လွှတ်နေသည်။

သုံးပေရှည်ဓားက အေးစက်သည့်အလင်းဖြင့် တောက်ပနေပြီး ဓားပေါ်၌ ကျောက်စိမ်းရောင်အဆင်းတခုရှိသည်။

အစိမ်းရောင်အလင်းက မည်သည့်အကွက်အစွန်းမှမပါရှိဘဲဓားအားလှည့်ပတ်နေသည်။

၎င်းကရောထွေးစွမ်းအင်အတွက် ပြင်ဆင်ချင်နေသည့်အလား။

ယဲ့ချိုးပိုင်လက်ကိုဆန့်ကာဓားအား ထိလိုက်သည်။ ‌

ကျောက်စိမ်းရောင်ဓားအလင်းက ယဲ့ချိုးပိုင်၏ လက်ဖဝါးကနေ လက်မောင်းအထိ ရစ်ပတ်ပြီး သူ့တကိုယ်လုံးထဲသို့ ခွေးပေါက်စလေးတကောင်ပမာပင် ခုန်လွှားပျံ့သွားသည်။

၎င်းက ဇစ်မြစ်တခုတည်းက အော်ရာကိုအာရုံခံမိပုံရသည်။

ဝိဉာဉ်ဓားများတွင်ဝိဉာဉ်များရှိသလို အင်မော်တယ်ဓားများတွင် အင်မော်တယ်များရှိသည်။

အင်မော်တယ်ဓားတစ်လက်၏ အင်မော်တယ်ဝိဉာဉ်တွင် ပိုမြင့်မားသည့်ဉာဏ်ရည်ဉာဏ်သွေးတခုရှိသည်။

ယဲ့ချိုးပိုင် ဓားကိုအပြုံးဖြင့်ပွတ်သပ်ရင်းပြောသည်။

"မင်းငါနဲ့အတူလာဖို့ဆန္ဒရှိလား"

၎င်းကယဲ့ချိုးပိုင်၏စကားလုံးများကို ကြားပုံရသည်။

ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားက ရုတ်တရက်ပျံသန်းကာ ယဲ့ချိုးပိုင်အနီးတွင် သုံးကြိမ်လှည့်ပတ်ပြီးနောက် လက်ဖဝါးပေါ် ဆင်းသက်လာသည်။

ယဲ့ချိုးပိုင် ဓားလက်ကိုင်ကိုကိုင်ရင်း ညင်သာစွာလွှဲယမ်းလိုက်၏။

ဓားချီကရုတ်ချည်းထိုးတက်သွားသည်။

ထိုအခိုက်အတန့်၌ လျှို့ဝှက်ဓားမျှော်စင်၏ လေဟာနယ်ကအဆက်မပြတ်တုန်ခါလာသည်။

အင်မော်တယ်ဓားဆိုတဲ့အတိုင်းပါပဲ!

"ငါကကြွယ်ကြွေဓားကိုသုံးတာနဲ့ကျင့်သားရနေတော့ သုံးပေရှည်ဓားတလက်ကို သုံးရတာ နည်းနည်းတိုသလိုခံစားနေရတယ်..."

မည်သို့ပင်ဆိုစေကာမူ ကြယ်ကြွေဓားက ကိုးပေရှည်သည်မဟုတ်ပေလော။

၎င်းကယဲ့ချိုးပိုင်၏ရေရွတ်သံကိုကြားပုံရသည်။ ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားက ယဲ့ချိုးပိုင်လက်ဖဝါးကနေ ထွက်သွားပြီး ဓားစင်ပေါ်၌ ထပ်မံဆင်းသက်လိုက်သည်။

ယဲ့ချိုးပိုင်ရယ်မောလိုက်မိတော့သည်။

ဒီဓားကအတော်လေးစိတ်တိုချင်စရာပဲ!

အပိုင်း(611) coming။

All Chapters