#မုဖူရှန်း၊ ဘာလို့မင်းတို့အားလုံးအတူတူမတိုက်ခိုက်ကြရတာလဲ#
Vol. 44 Ch. 624
သူမရပ်ခဲ့ပေ။
ဒါကပထမဆုံးအကြိမ် သူတို့ယခုလို အရှက်မဲ့လွန်းသည့်အကြောင်းပြချက်ကို ကြားလိုက်ရခြင်းပေတည်း။
သို့သော်မြင့်မြတ်အဆောင်ဂိုဏ်း၏ တပည့်များက အဆောင်များကိုမသုံးခဲ့ပေ။
မြင့်မြတ်အဆောင်ဂိုဏ်းက တပည့်များ မဟာပြိုင်ပွဲတွင်ပါ၀င်သောအခါ ပုံမှန်အားဖြင့် သူတို့က တဘက်လူ၏တိုက်ချက်ကိုရှောင်ရှားရန် လှုပ်ရှားမှုကျင့်စဉ်များကို အားကိုးတတ်သလို ဝိဉာဉ်ချီနှင့် ဝိဉာဉ်ကို ကာကွယ်ရန်အတွက်လည်း တိုက်ရိုက်အသုံးပြုတတ်သည်။
ထို့နောက် အဆောင်များကိုရေးထွင်းသည်။
ဒါကတိုက်ခိုက်ရန်အတွက်နည်းလမ်းပင်။
ဒါကနယ်ပယ်တူ သို့မဟုတ် နယ်ပယ်ပိုမြင့်သောအခါရည်ညွှန်းခြင်းဖြစ်သည်။
သူတို့ကနယ်ပယ်တူလျှင်ပင် မြင့်မြတ်အဆောင်ဂိုဏ်းတပည့်များ၏ တိုက်ပွဲစွမ်းရည်က အရမ်းကြီးမမြင့်မားပေ။
သူတို့အချိန်အများစုကို အဆောင်များရေးထွင်းရာ၌သာအသုံးပြုရသည်။
ထိုအချိန်တွင် အဆုံးမဲ့ဂိုဏ်းချုပ်က စင်မြင့်ပေါ်က မုဖူရှန်းကိုကြည့်ရဆိုးနေသည့် အမူအရာဖြင့်ကြည့်ရင်း ဒေါသထွက်သွားပြီး သူ့မျက်နှာကမည်းမှောင်သွား၏။
သို့စေကာမူသူမလှုပ်ရှားနိုင်ပေ။
တခြားအကြောင်းပြချက်မရှိပါ။ မြင့်မြတ်အဆောင်ဂိုဏ်းက သူတို့လိုဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းရန်စနိုင်သည့် အရာတခုမဟုတ်ပါ။
ဒါ့အပြင် မဟာပြိုင်ပွဲ၌ မြင့်မြတ်အဆောင်ဂိုဏ်းကိုကိုယ်စားပြုသူက ဂိုဏ်း၏ အံ့ဖွယ်ပါရမီရှင်များသာ။
ဒီလိုလူမျိုးကို ပို၍ပင်ရန်စစော်ကား၍မရ။
ထိုအချိန်တွင် အဆုံးမဲ့ဂိုဏ်းတပည့်တစ်ယောက်ကထရပ်လာသည်။
"မြင့်မြတ်အဆောင်ဂိုဏ်းရဲ့တပည့်တွေက ဘယ်လောက်ထိအားကောင်းသလဲဆိုတာ ကြည့်ရအောင်"
ဒီလူက အဆုံးမဲ့ဂိုဏ်းတွင် တစ်ဦးတည်းသော အင်မော်တယ်တပိုင်းနယ်ပယ်တ၀က်အဆင့်တည်ရှိမှုဖြစ်သည်။
အဆုံးမဲ့ဂိုဏ်းချုပ် ဒါကိုကြားရသောအခါ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
အမှန်ပြောရပါက တဘက်လူက သူတို့ကို သတ်ချင်နေသည်မှာ ရှင်းလင်းနေလေရာ သူအရှုံးကို၀န်ခံရန်အတွက် ရည်ရွယ်ချက်ရှိပြီးသားပင်။
ခွန်အားကိုကောင်းကောင်းမထိန်းချုပ်နိုင်ဘူးဆိုသော ပေါက်ကရစကားမျိုးကို ဘယ်သူကအလေးအနက်ထားမည်နည်း။
မုဖူရှန်းက သူတို့၏အဆုံးမဲ့ဂိုဏ်းကို လှောင်ပြောင်နေသည်ဟုသာ သူတို့ထင်ကြသည်။
သို့စေကာမူ သူစကားမပြောသေးခင်မှာပင် မုဖူရှန်းလက်ဝှေ့ယမ်းပြသည်။
"ခဏလေး"
လူတိုင်းသူ့ကိုသိချင်စိတ်ဖြင့်ကြည့်လိုက်ကြ၏။ သူဘာပြောမလဲဆိုတာ သူတို့မသိကြပါ။
မုဖူရှန်းခေါင်းမော့ရင်း တာအိုဆွေးနွေးစင်မြင့်ပေါ်က သက်လတ်ပိုင်းအရွယ်လူကိုကြည့်ကာ အပြုံးဖြင့်လက်နှစ်ဖက်ဆုပ်သည်။
"လူတိုင်းရဲ့အချိန်က အတော်လေးတန်ဖိုးရှိတယ်လို့ ကျွန်တော်ထင်တယ်၊ ဒီအချိန်မှာ ထပ်ပြီးကျင့်ကြံနေတာက ပိုမကောင်းဘူးလား"
သက်လတ်ပိုင်းအရွယ်လူက သိချင်စိတ်ဖြင့်မေးသည်။
"အိုး၊ ဒီတော့မင်းဘာလုပ်ချင်တာလဲ"
လူတိုင်း၏အမူအရာများကအေးခဲနေစဉ် မုဖူရှန်းဖြည်းညင်းစွာပြောသည်။
"ဖြစ်နိုင်မယ်ဆိုရင် အဆုံးမဲ့ဂိုဏ်းက ကျန်တဲ့သုံးယောက်ကို အတူတကွတိုက်ခိုင်းလိုက်ပါ"
"သေချာတာပေါ့၊ ကျွန်တော်ရှုံးရင် မြင့်မြတ်အဆောင်ဂိုဏ်းက ရှုံးပြီလို့ကြေညာမယ်"
မုဖူရှန်းထိုစကားလုံးများကိုပြောလာသောအခါ လန်ယင်ချူနှင့်ကျန်နှစ်ယောက်က ကြက်သေသေသွားကြ၏။
သို့စေကာမူ မုဖူရှန်းဒီကိစ္စကို သူတို့နှင့်ကြိုတင်မဆွေးနွေးခဲ့သည့်အပေါ် သူတို့ဒေါသမထွက်ကြပေ။
အဘယ်ကြောင့်ဆိုသော် မုဖူရှန်း၏စွမ်းရည်က မည်မျှထိထူးဆန်းသလဲဆိုတာ သူတို့သိသောကြောင့်ပင်။
ကောင်းကင်အင်မော်တယ်အဆင့်အဆောင်များကိုပင် ရေးထွင်းနိုင်သည့် ကြောက်ခမန်းလိလိပါရမီရှင်တစ်ဦးအတွက် အင်မော်တယ်တပိုင်းနယ်ပယ်ကိုပင် မရောက်သေးသည့် ကျင့်ကြံသူသုံးယောက်ကို တိုက်ခိုက်ရန်ဟူသည် လွယ်ကူနေဆဲပါ။
ဒါ့အပြင် သူတို့သိသလောက် မုဖူရှန်းက ဝိဉာဉ်တိုက်ခိုက်မှုတွင်လည်းတော်သည်။
ဒီလိုဆိုပါက အဆုံးမဲ့ဂိုဏ်းက ကျန်ရှိနေသည့်လူသုံးယောက် အတူတကွတိုက်မည်ဆိုလျှင်ပင် သူတို့ကပုရွက်ဆိတ်များပမာ ချေမွခံရပေလိမ့်မည်။
အဆုံးမဲ့ဂိုဏ်းကမူ မုဖူရှန်း၏ပထမဆုံးစကားလုံးများကိုကြားသောအခါ သူတို့၏မျက်နှာက ဒေါသများဖြင့် ပြည့်နှက်သွားကြ၏။
ဒါကအလွန်အမင်းအရှက်ခွဲနေခြင်းပေတည်း။
"မင်းကထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းရဲ့တပည့်ဖြစ်ပြီး ငါတို့ထက်အားကောင်းတယ်ဆိုရင်တောင် ငါတို့ကိုဒီလိုမစော်ကားသင့်ဘူး"
အဆုံးမဲ့ဂိုဏ်းချုပ်ပင်လျှင် သူ့အော်ရာကို မဖိနှိပ်ထားနိုင်တော့ဘဲ ကောင်းကင်အင်မော်တယ်နယ်ပယ်အော်ရာအမျှင်တန်းများက သူ့ကိုယ်ထဲကနေ ထွက်လာကြသည်။
သို့စေကာမူ မုဖူရှန်း၏ဒုတိယစကားလုံးများကိုကြားသောအခါ သူတို့တိတ်ဆိတ်သွားကြ၏။
သူပြောတာသာမှန်ပါက သူတို့သူ့ကိုအနိုင်ယူနိုင်သရွေ့ သံသယမရှိ တိုက်ရိုက် အနိုင်ရသွားမည်။ ဒါကတကယ့်ကိုဆွဲဆောင်အားကောင်းလွန်းသည်။
ဒီနည်းလမ်းဖြင့် အနည်းဆုံးတော့ သူတို့ဒီတစ်ချီကိုအောင်မြင်ကြောင်း သေချာအောင်လုပ်နိုင်ပေသည်။
သူတဘက်လူ၏အတွေးများကိုမှန်းဆမိသည့်အလား မုဖူရှန်း လေထဲက မြင့်မြတ်အဆောင်ဂိုဏ်းအကြီးအကဲကို ထပ်မံကြည့်ပြီး တောင်းပန်လိုက်သည်။
"ဒီကိစ္စကို အကြီးအကဲတို့နဲ့ကြိုတင်မဆွေးနေမိတာက ဖုရှန်းအမှားပါ၊ ဒါပေမယ့် ကျွန်တော်လုပ်တာကို ကျေးဇူးပြုပြီး သဘောတူပေးပါ"
မြင့်မြတ်အဆောင်ဂိုဏ်းအကြီးအကဲက ဒါကိုကြားသောအခါ သူ့မျက်နှာ၌ ဒေါသဟူ၍မရိဘဲ ယင်းအစား ပြုံးရင်းခေါင်းညိတ်သည်။
"မင်းလုပ်ချင်တာလုပ်"
မုဖူရှန်းကဂိုဏ်းအတွက် ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို သူသိပါသည်။
အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက ဒီသကောင့်သားကို အကြီးအမားတန်ဖိုးထားတာကိုလည်းသူနားလည်သည်။
ယခုလိုလူမျိုးက မစဉ်းစားမဆင်ခြင်ဘဲလုပ်မည်မဟုတ်။
သူကဒီလိုမောက်မာသည့်စကားလုံးများကိုပြောကတည်းက သူ့တွင်ယုံကြည်ချက်ရှိရပေမည်။
မုဖူရှန်းခေါင်းညိတ်ရင်း သက်လတ်ပိုင်းအရွယ်လူကြီးကိုကြည့်လိုက်သည်။
သက်လတ်ပိုင်းအရွယ်လူကြီးက မုဖူရှန်းအား စိတ်၀င်တစားကြည့်ပြီး ခေါင်းညိတ်ကာပြောသည်။
"ကောင်းပြီ၊ ငါလည်းစည်းမျဉ်းတခုတည်းကိုပြောနေရတာပင်ပန်းနေပြီ၊ ဒီလိုဆိုမှတော့ အဆုံးမဲ့ဂိုဏ်းကရောသဘောတူလား"
ထို့နောက် သက်လတ်ပိုင်းအရွယ်လူကြီး၏ အကြည့်က အဆုံးမဲ့ဂိုဏ်းချုပ်ဆီသို့ ကျရောက်သွားသည်။
သူက အဆုံးမဲ့ဂိုဏ်းချုပ်ဆီက ခေါင်းညိတ်မှုလေးတခုကိုသာလိုအပ်သည်။
ရှိနေကြသည့်လူများကလည်း အဆုံးမဲ့ဂိုဏ်းချုပ်ထံအကြည့်ပို့လိုက်ကြ၏။ ဒါကရွေးချယ်ရန်လွယ်ပုံရသော်လည်း တကယ်တမ်းတွင် ရွေးချယ်ရန်အတွက် အတော်လေးခက်ခဲသည်။ သူတို့သဘောတူပါက မျက်နှာဆုံးရှုံးရပေလိမ့်မည်။
အကယ်၍သူတို့သာသဘောမတူပါက မဟာပြိုင်ပွဲကို ကြိုတင်နှုတ်ဆက်ရပေတော့မည်။
သို့စေကာမူ အဆုံးမဲ့ဂိုဏ်းချုပ်၏အစီအစဉ်အရ နောက်ဆုံးအုပ်စုတိုက်ပွဲကို သူရောက်နိုင်သရွေ့ ပေါင်းစပ်ခန္ဓာအစီအရင်ကို အသက်သွင်းနိုင်ပေသည်။
ဒီအစီအရင်က အဆုံးမဲ့ဂိုဏ်း၏ လျှို့ဝှက်ချက်တခုပင်။
ဒါကိုဂိုဏ်းချုပ်များနှင့် အဆင့်မြင့်မဟာအကြီးအကဲများဆီသို့သာ လက်ဆင့်ကမ်းထားခြင်းဖြစ်သည်။
သို့စေကာမူ ဒီနှစ်မဟာပြိုင်ပွဲ၏ဆုလာဘ်က သေမင်းဝိဉာဉ်မြို့သို့၀င်ခွင့်ဖြစ်လေရာ သွေးဆောင်မှုက အတော်လေးကြီးမားလွန်းသည်။
ဒါကအဆုံးမဲ့ဂိုဏ်းကို စည်းမျဉ်းများအားချိုးဖျက်ပြီး အစီအရင်ကို ဒီတပည့်လေးယောက်ထံ လွှဲပြောင်းစေခဲ့သည်။
သူတို့ကလူတစ်ယောက်ကိုဆုံးရှုံးခဲ့သော်လည်း သုံးယောက်စလုံးက အသုံးပြုနိုင်ဆဲပင်။
အသက်သွင်းပြီးတာနှင့် သူတို့ခွန်အားက အင်မော်တယ်တပိုင်းနယ်ပယ်အထွတ်အထိပ်နှင့်ယှဉ်၍ရသွားပေလိမ့်မည်။
သူတို့၌ ထိပ်တန်းသုံးခုထဲတွင် ၀င်ရန်အတွက်ပင် မျှော်လင့်ချက်ရှိသည်။
မုဖူရှန်း၏စကားလုံးများက အဆုံးမဲ့ဂိုဏ်းချုပ်ကို ငြင်းဆန်၍မရနိုင်သည်အထိ လှုပ်ယမ်းစေနိုင်ခဲ့သည်။ များမကြာမီ အဆုံးမဲ့ဂိုဏ်းချုပ်ကအံကြိတ်ရင်းပြောသည်။
"မြင့်မြတ်အဆောင်ဂိုဏ်းက ငါ့မိတ်ဆွေလေးမှာ ဒီလိုရည်ရွယ်ချက်တွေရှိတယ်ဆိုမှတော့ ငါ့ရဲ့အဆုံးမဲ့ဂိုဏ်းကလည်း မင်းနဲ့အတူ လိုက်ပါဆောင်ရွက်ပေးဖို့အတွက် အကောင်းဆုံးကြိုးစားရတော့မှာပေါ့"
လူတိုင်းအံ့ဩသွားကြ၏။
သူကဘာလို့ဒီလောက်ထိအရှက်မဲ့နေတာတောင် လတ်ဆတ်ပြီး အနုစိတ်လွန်းတဲ့ပုံစံနဲ့ အသံထွက်နေရတာလဲ!
မုဖူရှန်း၏နှုတ်ခမ်းများကအနည်းငယ်ကွေးသွားသည်။
နောက်ဆုံးတော့သူတို့ကျရောက်လာခဲ့လေပြီ။
သူသာဒီလိုမပြောခဲ့ပါက သူတို့အရှုံးကို တိုက်ရိုက်၀န်ခံပြီး တိုက်ခိုက်တာကို ရပ်သွားလောက်သည်။
ယခုလိုအခြေအနေတွင် သူကတခြားဘက်ကို ချိုသာသည့်သဘောတူညီချက်တခု ပေးရပေမည်။
ပုံမှန်အခြေအနေတွင် မုဖူရှန်း၏ပင်ကိုယ်စရိုက်အရ သူကဒီလိုမောက်မာသည့်စကားလုံးများကို မပြောတတ်ပေ။
ပြိုင်ဘက်ကဘယ်လောက်ပင်အားနည်းပါစေ၊ သူကသူ့ပြိုင်ဘက်တွေကို အတူတကွ တိုက်ခိုက်ခွင့်ပေးမည်မဟုတ်။
တခြားဘက်ကဝှက်ဖဲရှိလာရင်ရော!
ဒါကမိုက်မဲလွန်းရာမကျဘူးလား!
သို့စေကာမူ ယခုလိုအခြေအနေရပ်များအောက်တွင် မုဖူရှန်းက အဆုံးမဲ့ဂိုဏ်းကို ဖျက်ဆီးရန်တာ၀န်ရှိသည်။
ထို့ကြောင့် သူစွန့်စားရလျှင်ပင် မုဖူရှန်း ဒီအဆုံးမဲ့ဂိုဏ်းသားလေးယောက်ကို ထိန်းသိမ်းထားချင်သည်။
အဆုံးမဲ့ဂိုဏ်းချုပ်က သူ့တပည့်သုံးဦးထံ အသံပို့လွှတ်လိုက်သည်။
"သတိရပါ၊ မင်းတို့တက်ပြီးတဲ့အခါကျရင် လျှော့မတွက်နဲ့၊ ချက်ချင်းပေါင်းစပ်ခန္ဓာအစီအရင်ကိုသုံးပြီး တခြားဘက်ကို တုံ့ပြန်ဖို့ အခွင့်အရေးမပေးနဲ့"
ယခုအချိန်တွင် ဆက်လက်ဖုံးကွယ်ထားရန်ဟူသည်မဖြစ်နိုင်တော့။
တခြားဘက်ကအင်အားကိုထောက်ဆကြည့်ပါက သူ့တွင် ဒီစကားလုံးများကိုပြောနိုင်ခြင်းက ယုံကြည်ချက်ရှိ၍ ဖြစ်သည်။
ဒီလိုဆိုမှတော့ သူ့တွင်ရှိသမျှ သတ်ဖြတ်ခြင်းလှုပ်ရှားမှုကိုမဆိုသုံးရပေတော့မည်။
သုံးယောက်လုံးကခေါင်းညိတ်ကြပြီး တချိန်တည်းတွင်ခုန်ရင်း တာအိုဆွေးနွေးစင်မြင့်ပေါ်သို့ တက်လိုက်ကြ၏။
သက်လတ်ပိုင်းအရွယ်လူကြီးက ထိုမြင်ကွင်းကိုကြည့်ရင်း ဖြည်းညင်းစွာပြောသည်။
"ကောင်းပြီ၊ စလိုက်ကြရအောင်"
အစပြုလိုက်သည်နှင့်တပြိုင်နက် အဆုံးမဲ့ဂိုဏ်းကလူသုံးယောက်က ချက်ချင်းဆိုသလို မတူညီသည့်လမ်းကြောင်းများပေါ် ရောက်သွားကြပြီး လက်အစုံဖြင့် တံဆိပ်တခုစီဖန်တီးရင်း အော်ဟစ်သည်။
"အဆုံးမဲ့တိမ်ပင်လယ်အခင်းအကျင်း"
အပိုင်း(625) coming။