#ပထမတိုက်ပွဲမှမတော်တဆ#
Vol. 44 Ch. 617
ညဦးယံကိုရောက်နေလေပြီ။
မဲနှိုက်ပြီးနောက် ဟောင်ကျန်းဟန် စံအိမ်သို့ပြန်လာခဲ့ပြီးပြုံးပြသည်။
"ပထမအကျော့မှာ ပြဿာနာရှိမှာမဟုတ်ဘူး"
ချူလန်သိချင်စိတ်ဖြင့်မေးသည်။
"ဂိုဏ်းချုပ်၊ မဲကောင်းတခုဆွဲခဲ့လား"
"မှန်တယ်၊ ဒါပေမယ့်မင်းတို့တယောက်မှ ဒီဂိုဏ်းကိုကြားဖူးမှာတော့မဟုတ်ဘူး၊ ချိုးပိုင်နဲ့တော့ အတော်လေးရင်းနှီးနေလိမ့်မယ်"
ယဲ့ချိုးပိုင်အနည်းငယ်ခေါင်းမော့လိုက်မိသည်။
ဟောင်ကျန်းဟန်ပြုံးသည်။
"ကောင်းကင်ကံကြမ္မာဂိုဏ်း"
ကောင်းကင်ကံကြမ္မာဂိုဏ်း!
ယဲ့ချိုးပိုင်၏မျက်လုံးများကအေးစက်သွား၏။
ထိုအချိန်က အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဂိုဏ်းကြီးခုနှစ်ဂိုဏ်းက နယ်နိမိတ်မဲ့နယ်မြေသို့ ဆင်းသက်လာကြပြီး သူတို့အား ကြိုးစားလုပ်ကိုင်ရန်အတွက်ပင် အတင်းအကျပ်ပြုခဲ့သည်။
ကောင်းကင်ကံကြမ္မာဂိုဏ်းဟဲဝူဝေက သူတို့သဘောမတူသဖြင့် အညှာအတာကင်းမဲ့စွာတိုက်ခိုက်ခဲ့ပြီး နယ်နိမိတ်မဲ့နယ်မြေက မရေမတွက်နိုင်လောက်သည့်လူများကို တိုက်ရိုက်သတ်ပစ်ခဲ့သည်။
ယခုတွင်မူ ပထမအကျော့တွင်ပင် သူက ကောင်းကင်ကံကြမ္မာဂိုဏ်းနှင့်တွေ့ခဲ့လေပြီ။ ဒါက ကံကြမ္မာလား၊ မဟုတ်ဘူးလားဆိုတာသူမသိသော်လည်း ဒါကလည်းကောင်းပါသည်။
ကျွင်းကျိတုံက ယဲ့ချိုးပိုင်၏အမူအရာကို ခံစားမိပုံရပြီး သိချင်စိတ်ဖြင့်မေးသည်။
"အစ်ကိုယဲ့၊ ဒီကောင်းကင်ကံကြမ္မာဂိုဏ်းကိုသိလို့လား"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"အင်း"
ထို့နောက် သူဟောင်ကျန်းဟန်အားကြည့်ရင်း အေးစက်စွာမေးသည်။
"ဂိုဏ်းချုပ်၊ မဟာပြိုင်ပွဲမှာ သေခြင်းရှင်ခြင်းအပေါ် ကန့်သတ်ချက်မရှိဘူးမလား"
ဟောင်ကျန်းဟန်ရယ်မောသည်။
"ကျင့်ကြံခြင်းတိုက်ပွဲတွေမှာ သေခြင်းရှင်ခြင်းဆိုတာ ရှောင်လွှဲလို့မရဘူးလေ"
ကျွင်းကျိတုံ ယဲ့ချိုးပိုင်၏အသံမှ အေးစက်သည့်သတ်ဖြတ်ခြင်းဆန္ဒကိုခံစားမိပြီးနောက် မေးလိုက်သည်။
"မင်းမှာ ရန်ငြိုးရှိလို့လား"
"သူတို့ကိုသတ်ပစ်ကြတာပေါ့"
ချူလန်နှင့် ကျွင်းကျိတုံတို့က တဦးကိုတဦးကြည့်ရင်း အပြုံးဖြင့်ခေါင်းညိတ်သည်။
ချီပိုင်ကလည်း တိတ်ဆိတ်စွာခေါင်းညိတ်သည်။
သူတို့ကအချင်းချင်းမသိကြသော်လည်း သူတို့၏ဓားသားတော်နှင့်ရန်ငြိုးရှိလေရာ အလွယ်တငူလွှတ်ပေးမည်မဟုတ်ပေ။
သူမျက်လုံးများမှိတ်ပြီးနောက် ပြန်ဖွင့်လိုက်သည်။
ထိုအချိန်တွင် လပြည့်၀န်းကကျဆင်းသွားပြီဖြစ်ကာ နေရောင်ခြည်က ကောင်းကင်ပေါ်သို့ ပြန်ထိုးတက်လာသည်။
အသင်္ချေပိုင်နက်သဲကန္တာရတခုလုံး၌ လေထုကအလွန်အမင်းလေးလံနေပြီး ထူထဲသည့်တိုက်ပွဲဆန္ဒများက ကောင်းကင်သို့ ထိုးတက်သွားသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့က မဟာပြိုင်ပွဲမှ တစ်ဦးချင်းတိုက်ပွဲများ၏ ဒုတိယအဆင့်အစဖြစ်သောကြောင့်ပင်။
ကန္တာရထဲတွင် တာအိုဆွေးနွေးစင်မြင့်ငါးဆယ်ရှိသည်။ တာအိုဆွေးနွေးစင်မြင့်များကို ရှားပါးပစ္စည်းများနှင့်တည်ဆောက်ထားပြီး အခင်းအကျင်း၊ အဆောင်များဖြင့် ခြယ်သထားသည်။
မြေအင်မော်တယ်ကျွမ်းကျင်သူတစ်ယောက်ပင်လျှင် ဒါကိုမလွယ်တကူမချိုးဖျက်နိုင်ပေ။
ဒါကယှဉ်၍မရလောက်အောင်ခိုင်ခံ့သည်။
ကောင်းကင်က စတင်လင်း၀င်းလာနေသည်။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကလည်း အနီးဆုံးတာအိုဆွေးနွေးစင်မြင့်ပေါ်ရှိ ရောက်နေလေပြီ။
စင်မြင့်ကငါးဆယ်သာရှိသော်လည်း ထိုတာအိုဆွေနွေးစင်မြင့်ထဲတွင် လူအများကြီးရှိသည်။
ပတ်၀န်းကျင်နေရာများကို လူများကဝိုင်းထားကြသည်။
သူတို့အထက်တွင် ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များက တက်လာကြ၏။
ဟောင်ကျန်းဟန်ကလည်းထိုထဲတွင် ပါ၀င်သည်။
ထိုစဉ် အဖိုးအိုတစ်ယောက်ထရပ်သည်။
"လူတိုင်းစည်းမျဉ်းတွေကိုသိကြမှာပါ၊ ငါထပ်ပြီးအသေးစိတ်မပြောတော့ဘူး"
"ပထမပြိုင်ပွဲက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းနဲ့ ကောင်းကင်ကံကြမ္မာဂိုဏ်းတို့ဖြစ်ပါတယ်"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက တာအိုဆွေးနွေးစင်အောက်သို့ရောက်လာကြသည်။
သူတို့နှင့်ဆန့်ကျင်ဘက်တွင် ကောင်းကင်ကံကြမ္မာဂိုဏ်းကလူများလည်း ရောက်လာကြ၏။
အနီးအနားကလူများက ဂိုဏ်းနှစ်ဂိုဏ်း၏အမည်ကိုကြားသောအခါ သူတို့အနည်းငယ်သိချင်သွားကြ၏။
ကောင်းကင်ကံကြမ္မာဂိုဏ်းနှင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတို့က ဒုတိယတန်းစားထိပ်တန်းဂိုဏ်းများဖြစ်ကြသည်။
"ဘယ်ဘက်ကအရင်နိုင်မလဲဆိုတာငါမသိဘူး"
"ငါလည်းမခန့်မှန်းနိုင်ဘူး၊ ဂိုဏ်းနှစ်ဂိုဏ်းကြားကကွာခြားချက်က အရမ်းမကြီးမားဘူး"
"ကောင်းကင်ကံကြမ္မာဂိုဏ်းက သံသယမရှိ သေချာပေါက်နိုင်မှာပဲ"
"ဟမ်၊ မင်းဘာကိုဆိုလိုတာလဲ"
လူတိုင်းထိုလူကိုကြည့်လိုက်ကြသည်။
ဂိုဏ်းနှစ်ဂိုဏ်းအကြားခွန်အားကွာခြားချက်က အရမ်းကြီးမကြီးမားပေ။
ဘာလို့သူကဒီလောက်ထိသေချာနေရတာလဲ!
ဒါကိုမြင်သောအခါ ထိုလူကမှိန်ဖျော့စွာပြုံးရင်းရှင်းပြသည်။
"ဘာလို့လဲဆိုတော့ ကောင်းကင်ကံကြမ္မာဂိုဏ်းမှာ ကြောက်စရာကောင်းတဲ့ပုံရိပ်တခု ပေါ်ပေါက်လာခဲ့တယ်လေ"
"အဲဒီလူက လျှို့ဝှက်ကျင့်ကြံသူတယောက်ဖြစ်ခဲ့တယ်၊ ဒါပေမယ့် ဒီနှစ်မဟာပြိုင်ပွဲရဲ့ ဆုလာဘ်က သေမင်းဝိဉာဉ်မြို့၀င်ခွင့်ဖြစ်နေတာမို့ သူကောင်းကင်ကံကြမ္မာဂိုဏ်းကို ၀င်ဖို့ရွေးချယ်ခဲ့တယ်"
လူတိုင်းအံ့ဩသင့်သွားကြ၏။
ဒါကမဆန်းပေ။
မြောက်မြားစွာသောတကိုယ်တော်ကျင့်ကြံသူများနှင့် လျှို့ဝှက်စွမ်းအားရှင်များ၏ တပည့်များက မဟာပြိုင်ပွဲတွင် ပါ၀င်ရန်အတွက် ဂိုဏ်းအသီးသီးတွင်၀င်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ မဟာပြိုင်ပွဲက ဂိုဏ်းနှင့်အင်အားစုများကသာတက်ရောက်နိုင်ပြီး တကိုယ်တော်ကျင့်ကြံသူများ တက်ရောက်နိုင်သည်ဟုမပါရှိခဲ့ပေ။
"အဲဒီလူနာမည်က ကျန်းတျန်ရှင်းတဲ့၊ သူကအင်မော်တယ်တပိုင်းနယ်ပယ်တ၀က်အဆင့်ဆိုပေမယ့် အင်မော်တယ်တပိုင်းအစောပိုင်းအဆင့်စွမ်းအားရှင်နှစ်ယောက်ကို တယောက်တည်းသတ်ခဲ့သူအဖြစ် ကျော်ကြားတယ်"
လူတိုင်းတုန်လှုပ်ချောက်ချားသွားကြ၏။
အင်မော်တယ်တပိုင်းတ၀က်အဆင့်က အင်မော်တယ်တပိုင်းနယ်ပယ်နှစ်ယောက်ကို ကိုယ်တိုင်သတ်ပစ်ခဲ့တာလား!
အင်မော်တယ်တပိုင်းတ၀က်အဆင့်နှင့် အင်မော်တယ်တပိုင်းနယ်ပယ်ကြားက ခြားနားချက်က စကားလုံးတလုံးတည်းသာဖြစ်သော်လည်း ကွာဟချက်ကမူ ချောက်နက်ကြီးတခုကဲ့သို့ပင်။
ဒါ့အပြင် သတ်ပစ်ခဲ့ခြင်းဖြစ်သည်။ အနိုင်ယူခဲ့ခြင်းမဟုတ်။
ယခုလိုအစွမ်းထက်ခွန်အားမျိုးနှင့်ဆိုပါက ပြောင်းလဲမှုတချို့တော့ ရှိလာပေလိမ့်မည်။
တခြားတဘက်တွင် ကောင်းကင်ဘုံဓားတောင်ထိပ်ရှိရာဘက်တွင် ကျွင်းကျိတုံ၊ ချူးလန်နှင့် ချီပင်းတို့၏မျက်နှာထက်တွင် အေးဆေးသည့်အမူအရာများရှိနေသည်။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက အပြင်ပကမ္ဘာ၌ ဒုတိယတန်းစားထိပ်တန်းဂိုဏ်းအဖြစ် လူသိများရသည့်အကြောင်းရင်းက သူတို့ဘိုးဘေးများ၏ သွန်သင်ချက်များကြောင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက အတော်လေးနိမ့်ချနေခဲ့ခြင်းကြောင့်ပင်။
သို့စေကာမူ အမှန်တကယ်သာတွက်ချက်မည်ဆိုပါက သူတို့ကပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းနှင့်တွေ့လျှင်ပင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက လုံး၀အားမနည်းပေ။
ထို့ကြောင့် သူတို့က ကောင်းကင်ကံကြမ္မာဂိုဏ်းကို ဂရုမစိုက်ကြပါ။
ထိုအချိန်တွင် လေထဲရှိအဖိုးအိုက လက်ကိုအနည်းငယ်မြှောက်ရင်းကြေညာာသည်။
"ကောင်းပြီ၊ မင်းတို့ တာအိုဆွေးနွေးစင်မြင့်ထဲကို လူတွေစေလွှတ်လို့ရပြီ၊ အနိုင်ရသူက တာအိုဆွေးနွေးစင်မှာဆက်လက်ရှိနေနိုင်ပြီး နောက်ပြိုင်ဘက်ရဲ့စိန်ခေါ်မှုကို လက်ခံနိုင်တယ်"
ချူလန်ခပ်ပေါ့ပေါ့ပြုံးသည်။
"ဘယ်သူအရင်သွားချင်လဲ"
ကျွင်းကျိတုံပြံးရင်း ဓားရှည်ကိုထုတ်ကာ တာအိုဆွေးနွေးစင်မြင့်ပေါ်သို့ လျှောက်သွားသည်။
ကံကြမ္မာဂိုဏ်းဘက်တွင် လူတစ်ယောက်ထွက်လာသည်။
ထိုလူကိုမြင်သောအခါ လူတိုင်းအနည်းငယ်ကြက်သေသေသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုလူက ကျန်းတျန်ရှင်းဖြစ်နေသောကြောင့်ပင်။
ကျန်းတျန်ရှင်း၏အမူအရာက ထူးမခြားနားစွာရှိနေပြီး လက်ထဲတွင် လခြမ်းဓားမောက်ရှည်တလက်ကိုကိုင်ထားသည်။
ကျွင်းကျိတုံက ကျန်းတျန်ရှင်း၏ အောင်မြင်မှုများကိုမသိသည်မှာ သိသာထင်ရှားနေသည်။
အဖိုးအိုစရန်ကြေငြာပြီးနောက်တွင် သူလက်ထဲကဓားရှည်ကိုမြှောက်ကာ ကျန်းတျန်ရှင်းထံသို့ပြေး၀င်သွား၏။ သူ့လက်ထဲက ဓားက အရူးအမူးပင် ထိုးနှက်လာသည်။
ဓားဆန္ဒကထွက်လာပြီး ဟိန်းပစ်သည်။
ကျန်းတျန်ရှင်း၏အမူအရာက မပြောင်းလဲဘဲရှိနေသည်။ သူက ကျွင်းကျိတုံ၏ဓားကို အထင်သေးနေသည့်အလားပင်။
ကျွင်းကျိတုံကဒီအရာအားလုံးကိုမြင်ခဲ့သည်။
အရမ်းမောက်မာတာပဲ!
ထို့နောက်သူ့လက်ထဲကဓားကအရှိန်မြှင့်သွားသည်။
အောက်က ချူလန်ကပြုံးသည်။
"အစ်ကိုယဲ့၊ ဘယ်သူနိုင်မယ်လို့ထင်လဲ"
မူလက ယဲ့ချိုးပိုင် တုံ့ဆိုင်းမနေဘဲ ကျွင်းကျိတုံကို ရွေးချယ်လိမ့်မည်ဟု ချူလန်ထင်ခဲ့သည်။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ အခြေခံအုတ်မြစ်က ကောင်းကင်ကံကြမ္မာဂိုဏ်းထက် များစွာအားကောင်းသည်မဟုတ်ပေလော။
သို့စေကာမူ ယဲ့ချိုးပိုင်လေးနက်သည့်အမူအရာဖြင့် ပြောလာလိမ့်မည်ဟု သူမည်သောအခါမှ မထင်ထားခဲ့ပေ။
"ဒီကျန်းတျန်ရှင်းနိုင်လိမ့်မယ်"
ချီပင်းတိတ်ဆိတ်စွာခေါင်းညိတ်သည်။
သူလည်းဒါကိုပြောနိုင်သည်မှာသိသာထင်ရှားနေသည်။
ချူလန်အနည်းငယ်ကြက်သေသေသွားသည်။
ကျန်းတျန်ရှင်းလား!
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
ချူလန်၏အကြည့်က စင်မြင့်ပေါ်သို့ ထပ်မံကျရောက်သွားသောအခါ ကျန်းတျန်ရှင်းဓားကိုပင်ဆွဲမထုတ်ဘဲ လက်တဘက်ကို အနည်းငယ်မြှောက်ရင်း ထူးမခြားနားစွာပြောသည်။
"မင်းကမလုံလောက်ဘူး"
ထို့နောက်သူလက်ဖဝါးဖြင့်ညင်သာစွာ ရိုက်ချလိုက်၏။
ရုတ်ချည်းဆိုသလို ဓားရှည်ဆန္ဒလှိုင်းများက ကျန်းတျန်ရှင်း၏လက်ဖဝါးကနေ ပွင့်ထွက်လာသည်။ ဒါက ကမ္ဘာတုန်လှုပ်လုနီးပါးအားလှိုင်းတခုပင်။
၎င်းနောက်ပြင်းထန်ပြီးခြယ်လှယ်ခြင်းဆန္ဒနှင့်အတူ ကျွင်းကျိတုံထံဦးတည်သွားပြီး ကျွင်းကျိတုံ၏ဓားကို တိုက်ရိုက်ထိမှန်သည်။
ဓားကိုတောင်မထုတ်တာလား!
မင်းကတော့ရှုံးပြီပဲ!
ကျွင်းကျိတုံထိုသို့တွေးနေစဉ် ဓားဆန္ဒမှ ဧရာမအားကိုခံစားမိသဖြင့် သူ့အမူအရာက ပြောင်းလဲသွားသည်။
ရုတ်ချည်းဆိုသလို ကျွင်းကျိတုံလက်ထဲက ဓားက သူ့လက်ကနေထွက်သွားပြီး သူ့မျက်နှာကချက်ချင်းဖြူလျော်ကာ သွေးတစ်လုပ်အန်ရင်း နောက်သို့လွင့်စင်သွားလေတော့သည်။
သူတာအိုဆွေးနွေးစင်မြင့်အပြင်ဘက်သို့ ကျသွားပြီး သူ့အော်ရာကကျဆင်းသွား၏။
သူအပြင်းအထန်ဒဏ်ရာရသွားသည်မှာ သိသာထင်ရှားနေသည်။
ချူလန်ဒီမြင်ကွင်းကိုမြင်သောအခါ တုန်လှုပ်ချောက်ချားသွားရသည်။
သူတို့နှစ်ယောက်လုံးက အင်မော််တယ်တပိုင်းတ၀က်အဆင့်ဖြစ်နေကြတာတောင် ကျွင်းကျိတုံက ဒီလောက်ဆိုးဆိုးဝါးဝါး ရှုံးသွားရတာလား!
ဒီလူကအတိအကျဘယ်သူများလဲ!
အပိုင်း(618) coming။