← Chapters

နောက်ခံ

Vol. 012 Ch. 1196

နောက်ခံ

Vol. 012 Ch. 1196

ရီဖူရှင်းသည် စစ်ထိုကလန်ကို သွားရောက် လည်ပတ်ပြီးနောက် မော့ကလန်သို့ သွားရောက်ခဲ့သည်။ သူ့ကို မော့ကလန်က ဦးစွာ ဖိတ်ကြားခဲ့ခြင်းဖြစ်ရာ ရီဖူရှင်းအနေဖြင့် ချုပ်တည်းထားစရာ မလိုအပ်ပေ။

သည်ကမ်းလှမ်းချက်ကို မော့ကလန် မည်သို့ တွေးတောသည်က ပြဿနာမရှိပေ။ သူတို့ သဘောတူမည် ဆိုလျှင်တော့ အကောင်းဆုံး ဖြစ်သည်။ သူတို့ သည်ကမ်းလှမ်းချက်ကို သဘောမတူလျှင်ပင် သတင်းကို ပေါက်ကြား စေလိမ့်မည် မဟုတ်ပေ။

ကောင်းချီးနန်းတော် မပျက်စီးမီက ချန်ယဲ့မြို့၏ ထိပ်တန်း အင်အားစုများသည် ကြားနေဝါဒကို ကျင့်သုံးရဲကြသည်။ ခွန်အားကြီးသည့် နဂါးက ဒေသခံမြွေကြီးကို မယှဉ်နိုင်ဆိုသော်လည်း ယင်းက မည်သို့သော နဂါးမျိုးလဲဟူသော မေးခွန်းအပေါ်၌ မူတည်သေး၏။

အကယ်၍ အခြားတော်ဝင်ဘုံများက မြို့တော်တစ်မြို့ကို သိမ်းပိုက်လိုသည်ဆိုလျှင် သူတို့သည် အချိန်သိပ်ကြာကြာ ယူလိုက်ရမည် မဟုတ်ပေ။

သို့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်းသည် ခက်ခဲသည့် ခရီးဖြစ်ရုံသာမက မြို့ကို သိမ်းယူပါက သူတို့သည် မြို့ကို စီမံခန့်ခွဲအုပ်ချုပ်ရန် လုံလောက်သော အင်အားကို ချန်ထားခဲ့ရမည် ဖြစ်တာကြောင့် တော်ဝင်ဘုံအချို့က တွေဝေကြသည်။ သွေးနဂါးဘုံတွင် ပြဿနာ များမြောင်လှသောကြောင့် သူတို့က ပြဿနာ အမျိုးမျိုးနှင့်လည်း ကြုံတွေ့ရနိုင်၏။

ထို့ကြောင့် ရန်ဟောင်များ အားလုံးကတော့ သွေးနဂါးဘုံတွင် သူတို့၏ နယ်မြေအစိတ်အပိုင်း တစ်ခုကို တည်ထောင်လိုကြသည် မဟုတ်ပေ။

သို့သော်လည်း သည်တစ်ကြိမ်တွင်တော့ ရီဖူရှင်းတို့က ရလာသော အခွင့်အရေးအား အသုံးပြုရပေမည်။

မြို့စားအိမ်တော်မှ စားသောက်ပွဲကို နောက်ရက် အနည်းငယ်အကြာ၌ ကျင်းပခဲ့ပြီး မြို့တွင်ရှိသော အဓိက အင်အားစုများ အားလုံးကို ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ ယင်းမှာ ယူချင်းနှင့် အခြားသူများကို ဂုဏ်ပြုသည့်ပွဲဖြစ်ကာ ရီဖူရှင်းတို့အဖွဲ့အား တရားဝင်ကြိုဆိုခြင်း ဖြစ်၏။

ချန်ယဲ့မြို့မှ လူတိုင်းသည် မြို့စားလေးက ရီဖူရှင်းနှင့်အဖွဲ့ကို ချဉ်းကပ်နေကြောင်း သတိထားမိကြ၏။ သို့သော်လည်း သူတို့၏ ထူးကဲသာလွန်လှသော ပါရမီ အရည်အချင်းများကလည်း ထိုသို့လုပ်ရန် ထိုက်တန်လှပေ၏။

ထိုနေ့တွင် ဧည့်သည်တော်များက မြို့စားအိမ်တော်၌ စုဝေးနေကြသည်။

အဆင့် အနည်းငယ်နိမ့်သော အင်အားစုများကတော့ ဆောလျင်စွာ ရောက်လာကြပြီး စားသောက်ပွဲ ကျင်းပရန် နေရာတွင် စောင့်နေကြသည်။

လူတစ်စုက မြို့စားအိမ်တော်သို့ ဝင်ရောက်လာကြရာ လူအများက သူတို့လက်ထဲမှ ခွက်များကို မြှောက်ကာ နှုတ်ခွန်း ဆက်လိုက်ကြသည်… "နှုတ်ဆက်ပါတယ် စီနီယာစစ်ထို"

"အားလုံးပဲ တွေ့ရတာ ဝမ်းသာပါတယ်" စစ်ထိုကျုံး သူ့လက်ထဲက ခွက်ကို မြှောက်ကာ ပြန်ပြော၏။ စစ်ထိုကလန်၏ ခေါင်းဆောင် စစ်ထိုကျုံးသည်ပင် ကိုယ်တိုင် ရောက်ရှိလာသည့်အတွက် လူအများက အံ့သြနေကြသည်။ ကြည့်ရသည်မှာ သူကျင်းပသော စားသောက်ပွဲကို အလွန် အာရုံစိုက်ကြပုံရသည်။

သို့သော်လည်း ကောင်းချီး နန်းတော်ကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသူကို ချန်ယဲ့မြို့ ထိပ်တန်း အင်အားစုများက အရေးတယူပြုရန် အမှန်ပင် ထိုက်တန်လေသည်။

ရီဖူရှင်းနှင့် အခြားလူများသာ ချန်ယဲ့မြို့တွင် အချိန်ကြာကြာ နေခဲ့ပါက သူတို့သည် မြို့တွင် အင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်လာမည်မှာ မလွဲမသွေဖြစ်၏။

"စီနီယာစစ်ထို" ဆန်းဇွန်က သူ့လူများကို ခေါ်ကာ စစ်ထိုကျုံးထံသို့ လမ်းလျှောက်လာပြီး ယဉ်ကျေးစွာ ဦးညွှတ်သည်။ ထို့နောက်သူက ပြောသည်… "စီနီယာကိုယ်တိုင် လာမယ်လို့ ကျွန်တော် မထင်ထားမိဘူး။ တကယ်လို့ ကျွန်တော်သာ သိရင် စီနီယာကို အပြင်ထွက်ပြီး ကြိုမှာပေါ့"

"လုပ်ရိုးလုပ်စဉ်တွေ အဲဒီလောက် မလိုအပ်ပါဘူး မြို့စားလေး။ ဒါက ချန်ယဲ့မြို့ရဲ့ ထူးခြားတဲ့ ပွဲတော်မလား။ အဲဒါကြောင့် ခဏလောက် လာပြီး ထိုင်မလို့ တွေးမိရုံပါ" စစ်ထိုကျုံးက ပြုံးလျက် ပြောသည်။

စစ်ထိုကလန်မှ လူအားလုံးကလည်း ပြုံးပြကြပြီး အရာအားလုံးမှာ သဘာဝအတိုင်းဟုသာ ထင်မှတ်ရ၏။

"စစ်ထိုရန် … အကြီးအကဲ လာမယ်ဆိုတာကို ဘာလို့ ကြိုတင် အသိပေးရတာလဲ" ဆန်းဇွန်က ပြုံးရင်း စစ်ထိုရန်ကို မေးသည်။

စစ်ထိုရန်က ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှမပြောပေ။

ဤတွင် ဆန်းဇွန်က ပြောသည်… "စီနီယာ ထိုင်ပါ"

"ကောင်းပြီ" စစ်ထိုကျုံးက ခေါင်းညိတ်ကာ အထူး စီစဉ်ထားသောခုံတွင် ဝင်ထိုင်သည်။ အကြီးအကဲတစ်ဦး ရောက်လာသည်တွင် လူအများက လေးစားသမှုဖြင့် လာရောက် နှုတ်ဆက်ကြ၏။ ထိုနေရာသည် မကြာခင် သက်ဝင် လှုပ်ရှားလာခဲ့သည်။

မော့ကလန်မှ တန်ခိုးရှင်များလည်း မကြာခင်မှာ ရောက်လာကြသည်။ ပို၍ အံ့သြစရာ ကောင်းသည်မှာ မော့ကလန်မှ ခေါင်းဆောင်ပင် ကိုယ်တိုင် တက်ရောက်လာခြင်း ဖြစ်၏။

စားသောက်ပွဲတွင် ချန်ယဲ့မြို့မှ အင်အားကြီးပုဂ္ဂိုလ်များ ရောက်ရှိနေကြသည်ကို လူအများက သတိပြုမိလိုက်ကြသည်။

"သခင်လေးရီ ရောက်လာပြီ" ထိုအခိုက်တွင် အသံတစ်ခုကို ကြားလိုက်ရပြီး လူအများက တစ်နေရာကို လှည့်ကြည့် လိုက်ကြသည်။ အသစ် ရောက်လာသူများမှာ ရီဖူရှင်းနှင့် သူ့လူများသာ ဖြစ်သည်။

သူတို့က ရှေ့ကို လျှောက်လာကြသည်တွင် ချန်ယဲ့မြို့မှ လူအများစုက မတ်တတ် ရပ်လိုက်ကြသည်။ အချို့က ပြုံးရင်း ပြောသည်… "သခင်လေးရီ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ အခုလို မြင်ရတော့မှ သူတို့ပြောတာထက် သာလွန်တာ ဆိုတာကို သိတော့တယ်"

ရီဖူရှင်းက ထူးမခြားနားစွာဖြင့် အသာအယာ ခေါင်းညိတ်လိုက်၏။

အင်အားစုများက သူတို့အိမ်တော်မှ အမျိုးသမီးလေးများကို စားသောက်ပွဲထံသို့ ခေါ်ဆောင် လာကြသည်။ သူတို့အားလုံးမှာ အလွန်လှပကြပြီး ထူးခြား ထက်မြက်သည့် လူငယ်မျိုးဆက်များ ဖြစ်ကြသည်။ သူတို့၏ မျက်လုံးများက ရီဖူရှင်းကို မြင်သည့်အခါ တောက်ပကုန်ကြပြီး တစ်မြို့လုံးမှာ ဒဏ္ဍာရီဆန်ဆန် ကျော်ကြားနေသည့် လူငယ်မှာ အလွန် ချောမောလွန်းသည်ဟု တွေးနေကြသည်။ ငွေရောင်ဆံပင်များနှင့် သူ့ကို ကြည့်ရသည်မှာ အလွန်ပင် ခန့်ညားကာ ဆွဲဆောင်မှု ရှိလှသည်။

သို့သော်လည်း ရီဖူရှင်းသည် ရှေ့ကိုသာ တန်းတန်းမတ်မတ် လျှောက်သွားပြီး ထိုမိန်းကလေးများအား တစ်ချက်မျှပင် ကြည့်မသွားခဲ့ပေ။ ထိုမိန်းကလေးများမှာ ရီဖူရှင်းဘေးနားမှ ရှားရှင်းယွန်နှင့် မှန်နန်းသခင်မတို့ကို တွေ့မြင်ပြီးနောက်၌ သူတို့အားလုံး တွေးမိသည့် အစောပိုင်းမှ စိတ်ကူးများသည် ရယ်စရာ ကောင်းကြောင်း သိလိုက်ကြ၏။

ရီဖူရှင်းက ထိုကိစ္စများအား အလေးထားဟန် မတူပေ။ သူက ရှေ့ကို လျှောက်လာသည်နှင့် ဆန်းဇွန်ကလည်း မတ်တတ်ရပ်ကာ ပြုံးလျက် ပြောသည်… “အစ်ကိုရီတို့က နောက်ဆုံးရောက်တဲ့ ဧည့်သည်တွေပါ … ထိုင်ကြပါ”

သို့သော်လည်း ဆန်းဇွန်သည် ရီဖူရှင်း၏ မျက်နှာ၌ မည်သည့်အပြုံးကိုမှ မမြင်ရပေ။

သူ့အား ကြည့်ရသည်မှာ ယခင်ကနှင့် ကွာခြားနေ၏။

သူ့ငွေရောင်ဆံပင်များသည် လေပြည်ကြောင့် ဝဲလွင့်နေပြီး အစွန်းအထင်း ကင်းမဲ့သည့် အဖြူရောင်ဝတ်စုံနှင့် သူ၏ တိကျသေသပ်သော မျက်နှာမှာ ပကတိ အေးစက်နေသည်။ သူ၏ နက်ရှိုင်းသော မျက်ဝန်းများက လူများကို ထွင်းဖောက် မြင်နိုင်စွမ်း ရှိပုံပေါ်နေ၏။

“ဆန်းဇွန်…” ရီဖူရှင်း၏ ခြေလှမ်းများက ရပ်တန့်သွားသည်။ အခြားလူများက သူ့နောက်တွင် ရပ်နေကြပြီး ရီဖူရှင်းနှင့် ဆန်းဇွန်အား ထူးဆန်းစွာ ကြည့်ကြ၏။

အခြေအနေက မူမမှန်။

လူတိုင်း၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွား၏။ တစ်ခုခု အကြီးအကျယ် ဖြစ်ပွားတော့မည့် ပုံပေါ်နေသည်ကို သူတို့ အားလုံး ခံစား သိရှိနေကြသည်။

ရီဖူရှင်းက ဆန်းဇွန်၏ နာမည်ကို တိုက်ရိုက် ခေါ်ခဲ့သည်။

ထို့အပြင် သူ့မျက်လုံးများမှာ အေးစက်ကာ သီးခြားဆန်လျက် နှိမ့်ချလိုသည့် အငွေ့အသက်အများပင် မြင်နေရသည်။

ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် အတော်လေး သာလွန်ထူးခြားသည့် ရှန့်ထိုတစ်ပါး၏ အရှိန်အဝါများ ထုတ်လွှတ်နေသည်။

စစ်ထိုရန်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ ရီဖူရှင်း၏ အရှိန်အဝါက ခဏချင်းပင် ပြောင်းလဲသွားပြီး မူလက သူ့ပုံစံနှင့် ဆန့်ကျင်ဘက်အသွင် ဖြစ်သွား၏။

“ဒါက ဘာသဘောလဲ အစ်ကိုရီ …” ဆန်းဇွန်က ရီဖူရှင်း၏ ပြောင်းလဲမှုကို သတိပြုမိလိုက်ကြသည်။ သူက မကောင်းသော ခံစားချက်များအား ရနေသည်။

သူက ယခုအချိန်တွင် ရီဖူရှင်းကို လေးစားမှု အပြည့်ဖြင့် ဆက်ဆံနေခဲ့၏။ သည်နည်းဖြင့် သူက ရီဖူရှင်းနှင့် ယခင်ရှိနေခဲ့ဖူးသော အဖုအထစ်များအား ကျေအေးရန် မျှော်လင့်နေခဲ့သည်။

သည်မတိုင်မီက ရီဖူရှင်းအပေါ် သူလုပ်ခဲ့သည်များ အားလည်း ဆန်းဇွန်က ကောင်းကောင်း နားလည် သဘောပေါက်ပေသည်။ သည့်အတွက်လည်း သူက နှစ်ဦး နှစ်ဖက်အကြားမှ ဆက်ဆံရေးကို ပြန်လည် ကုစားနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေခြင်းဖြစ်၏။

သို့သော် ရီဖူရှင်း၏ပုံစံအရ သူသည် အလွန် နောက်ကျနေခဲ့ပြီဖြစ်ကြောင်း နားလည်လိုက်၏။

သူက ရီဖူရှင်းကို ကြိုဆိုရန် ချန်ယဲ့မြို့မှ အင်အားစုများကို ဖိတ်ခေါ်ပြီး စားသောက်ပွဲ ကျင်းပခဲ့သော်လည်း ရီဖူရှင်းက ဧည့်သည်တစ်ယောက်၏ သင့်တော်သော အပြုအမူ သဘောထားမျိုး မပြခဲ့ပေ။

ရီဖူရှင်းက ပွဲတက်လာသည့်အစား သူ့ကို စစ်ကြောမေးမြန်းရန် ရောက်ရှိလာသည်ဟု ခံစားရသည်။

“ကျုပ်တို့က အပြင်တစ်နေရာမှာ စတွေ့တော ခင်ဗျားကပဲ ချန်ယဲ့မြို့သို့ ဖိတ်ခေါ်ခဲ့တယ်။ ခင်ဗျားက ကျုပ်နဲ့ပိုင်စီတို့ တွေ့ပြီး ကတောက်ကဆ ဖြစ်အောင် ကြံစည်ခဲ့တယ်။ ပြီးတော့ ယူချင်းတို့ကို အိပ်မောကျနဂါးပြိုင်ပွဲမှာ ပါဝင်အောင် တမင်လုပ်ခဲ့ပြန်တယ်။ တကယ်လို့ ယူချင်းတို့သာ အားနည်းရင် သူတို့က ပြိုင်ပွဲမှာ အသက်ဆုံးပါးနိုင်တယ်။ ပြိုင်ပွဲက အန္တရာယ် မရှိဘူးဆိုတာက ဘာအဓိပ္ပာယ်လဲ” ရီဖူရှင်းက ဆန်းဇွန်ကို ကြည့်ကာ ပြောသည်။

လူတိုင်း၏ရှေ့တွင် မေးခွန်းထုတ်ခံလိုက်ရရာ ဆန်းဇွန်က မျက်မှောင်ကြုတ်သည်။ ရီဖူရှင်းက သူ့အား တာဝန်ယူခိုင်းရန် အမှန်တကယ် ရောက်ရှိလာခြင်းပင်။

“အိပ်မောကျနဂါးပြိုင်ပွဲမှာ ပါဝင်တာက ကိုယ့်ဆန္ဒနဲ့ကိုယ်ပဲလေ။ ကျုပ် ခင်ဗျားတို့ကို ပါဝင်ယှဉ်ပြိုင်ဖို့ အတင်းဖိအားပေးခဲ့တာမျိုး မရှိဘူးလို့ ထင်တာပဲ” ဆန်းဇွန်က အေးစက်စွာ ပြောသည်… “ကျုပ်က ခင်ဗျားတို့ကို ယဉ်ယဉ်ကျေးကျေး ကြိုဆိုနေတာ အစ်ကိုရီ။ ဒါပေမဲ့ ခင်ဗျားက ဘာသဘောလဲ”

“အိပ်မောကျနဂါးပြိုင်ပွဲမှာ ကျုပ်တို့သာ ရှုံးခဲ့ရင် ကျုပ်လူတွေက သေရလိမ့်မယ်။ ကျုပ်တို့ နိုင်ရင်တော့ ဆုလာဘ်တွေ ရရှိမှာ ခင်ဗျားပဲလေ ... မဟုတ်ဘူးလား” ရီဖူရှင်း မေးသည်… “ကျုပ်တို့ ဘယ်တုန်းက ခင်ဗျားရဲ့ လက်အောက်ခံတွေ ဖြစ်သွားရတာလဲ… ဆန်းဇွန်”

“ကျုပ်တို့ အတိတ်တွေကို ထားခဲ့လိုက်ရအောင် အစ်ကိုရီ။ တစ်ခွက်သောက်ပြီး အငြိုးတွေ ဖယ်လိုက်ရအောင်ပါ။ လျော်ကြေး လိုချင်တယ်ဆိုရင်လည်း ဘာမဆို လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်။ အိပ်မောကျနဂါးပြိုင်ပွဲက ဆုလာဘ်တွေကို လိုချင်တယ်ဆိုရင်လည်း ကျုပ်က ပေးလို့ရတယ်” ဆန်းဇွန်က သုန်မှုန်နေသော မျက်နှာဖြင့် ပြောသည်။

ရန်ဟောင် အင်အားစုတစ်ခု၏ရှေ့တွင် မြို့တစ်မြို့၏မြို့စားက ဘာမှ အသုံးမဝင်ပါချေ။

ထို့အပြင် ရီဖူရှင်း၏ တကယ့်လုပ်နိုင်စွမ်းကိုလည်း သူက သိနားလည်ခြင်း မရှိပေ။

“ကျုပ် ချန်ယဲ့မြို့ကို လိုချင်တယ်။ ခင်ဗျားက မြို့ကို ပေးနိုင်မလား” ရီဖူရှင်း မေးသည်။

ဆန်းဇွန်၏ အမူအရာက လုံးဝကို အေးစက်သွားခဲ့သည်။ သူက ရီဖူရှင်းကို စူးစူးရဲရဲ ကြည့်ကာ ပြောသည်… “အရမ်းလွန်မလာနဲ့ အစ်ကိုရီ။ ခင်ဗျားက အင်ပါယာရှားဘုံက ရန်ဟောင်တစ်ပါးရဲ့ အလေးအနက် တန်ဖိုးထားရတဲ့သူ ဆိုပေမဲ့ ဒါက သွေးနဂါးဘုံပဲ”

သူတို့နှစ်ယောက်က အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေကြသည်။ စားသောက်ပွဲ မစတင်ရသေးခင် အချိန်၌ပင် မွန်းကျပ်ဖွယ်လေထုသည် ထိုနေရာတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားခဲ့သည်။

ထိုမြင်ကွင်းက လူတိုင်းအား ထိတ်လန့်စေ၏။

လူတိုင်းက အခြေအနေကို အကဲခတ်နေကြသည်။ သည်အခြေအနေတွင် ဝင်ပါသည်ထက် စောင့်ကြည့်ခြင်းကသာ ပိုသင့်တော်သည်ကိုလည်း သူတို့ နားလည်ကြ၏။

ရီဖူရှင်းက ရှေ့သို့ တက်လာသည်တွင် ကြီးမားသော အရှိန်အဝါက စားသောက်ပွဲကို လွှမ်းခြုံလာ၏။

ဆန်းဇွန်၏ အမူအရာက မှောင်မည်းလာသည်။ ရီဖူရှင်းက မြို့စားအိမ်တော်၌ပင် ထီမထင်သော အပြုအမူများ ပြုလုပ်ရဲ၏။

ဤသို့ လုပ်ရဲသည့် သူ့နောက်ခံမှာ မည်မျှ အင်အားကြီးမည်နည်း။

ဆန်းဇွန်၏နောက်မှ လူအချို့ကလည်း ရှေ့သို့ တက်လာကာ ကြီးမားသော အရှိန်အဝါများအား ထုတ်လွှတ်ကြသည်။

ရီဖူရှင်းနောက်မှ ရာရာကလည်း ရှေ့သို့ တက်လာသည်။ သဏ္ဌာန်မဲ့ဓားမုန်တိုင်း အရှိန်အဝါများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့သည်။

စားသောက်ပွဲတွင် ရှိနေသည့် ခွက်များမှာ ခဏအတွင်း ကွဲကြေ သွားကုန်ကြသည်။ စားပွဲနှင့် ထိုင်ခုံများမှာလည်း ဖရိုဖရဲ ပျက်စီးကုန်၏။

စွမ်းအားကြီးမားသော တန်ခိုးရှင်များက သူတို့၏လူများကို ကာကွယ် ပေးထားကြရသည်။ ကြောက်မက်ဖွယ် မုန်တိုင်းက နေရာတစ်ခုလုံးကို လွှမ်းမိုးနေပြီး ပစ္စည်းပစ္စယအားလုံးမှာ ခဏချင်းအတွင်း ကျိုးပဲ့ကွဲကြေပျက်စီး ကုန်ကြ၏။

စွမ်းအားပြည့်ဝသည့် အရှိန်အဝါများက မြို့စားအိမ်တော် တစ်ခုလုံး၏ အထက်မှ ပေါက်ကွဲ ထွက်ပေါ်လာသည်။ သူတို့ ကောင်းကင်ကိုက မော့ကြည့်လိုက်သည်တွင် အန်တုမရသော အရှိန်အဝါများက အထက်မှ ရုတ်တရက် ဆင်းသက်လာသည်ကို ခံစားလိုက်ရသည်။

လူတိုင်းက စားသောက်ပွဲမှ အဝေးသို့ ဆုတ်ခွာရန် ကြိုးစားကြသည်။

ကောင်းကင်မှ ဆင်းသက်လာသည့် ပုံရိပ်များက မြို့စားအိမ်တော် အဆောက်အဦသို့ ခြေချကာ နေရာတစ်ခုလုံးကို ပိတ်ဆို့သည်။

ထိုလူများအားလုံးမှာ ရှန့်ထိုများဖြစ်ကြ၏။

ဆန်းဇွန်၏ အမူအရာက ပို၍ပင် နက်မှောင်သွားသည်။ ရီဖူရှင်းက အင်ပါယာရှားဘုံမှ လူများကို သည်နေရာသို့အထိ ခေါ်လာခဲ့သည်လား။

ထိုလူများက ရှားရှင်းယွန်ကို ဦးညွှတ်လိုက်ကြသည်… “မင်းသမီးကို ဂါရဝပြုပါတယ်”

“မင်းသမီးတဲ့လား”

လူအများ၏ မျက်လုံးများက အေးခဲသွားသလို ဆန်းဇွန်ကလည်း သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်ကို ခံစားမိသည်။ သူ့မျက်နှာက ပို၍ ပို၍ ဖြူဖျော့လာ၏။

ဒါ … ဒါ … မဖြစ်နိုင်ဘူး …

သူမက အင်ပါယာရှားဘုံက မင်းသမီးတစ်ပါးလား …

ဆန်းဇွန်က ရီဖူရှင်းနောက်မှ ရှားရှင်းယွန်ကို လှည့်ကြည့်သည်။

သူက ရှားရှင်းယွန်နှင့် ခွန်ရွှမ်တို့ကြားမှ စကားများကို ပြန်တွေးလိုက်၏။

သူတို့အကြားမှ ပြောစကားတွင် သဲလွန်စအချို့ ရှိသော်လည်း သူ သိပ်မတွေးမိခဲ့။ မည်သို့ဆိုစေ ရှားရှင်းယွန်သည် ရီဖူရှင်း၏ နောက်နားတွင်သာ အမြဲတိတ်ဆိတ်စွာ ရှိနေခဲ့ခြင်း မဟုတ်ပါလား။

ထိုအခိုက်တွင် သူက အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ဆန်းဇွန် သိလိုက်သည်။

မိန်းမများသည် အချစ်ဆိပ် တက်နေခဲ့ပါက သူတို့၏ အဆင့်အတန်းကို ဂရုမစိုက်တော့ဘဲ သူတို့ ချစ်ရသူ၏နောက်တွင်သာ တိတ်တဆိတ် ပေးဆပ်ရဲသူများ ဖြစ်ကြသည်။ ရန်ဟောင်တစ်ပါး၏ သမီးတော်သည်လည်း ထိုနည်းတူပါပေ။

ရီဖူရှင်းတို့အဖွဲ့တွင် အင်ပါယာရှားဘုံမှ မင်းသမီးတစ်ပါး ရှိနေသည်ကို သူသိခဲ့လျှင် စားသောက်ပွဲဖြင့် တည်ခင်းမည့်အစား သူက ချက်ချင်း သွားရောက် တောင်းပန် ဖြစ်ပေလိမ့်မည်။

သို့သော် ရီဖူရှင်းကား သူ့ကို မူလကတည်းက အခွင့်အရေးပေးရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

ရှားရှင်းယွန်က လေထဲကို ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်ခြင်းက ဆန်းဇွန်နှင့် အခြားလူများ၏ သံသယကို အတည်ပြုပေးလိုက်နိုင်သည်။

သူမက တကယ်ပဲ အင်ပါယာရှားဘုံရဲ့ မင်းသမီးပဲ …

အင်ပါယာရှားဘုံမှ မင်းသမီးတစ်ပါးက သည်လူငယ်၏နံဘေးတွင် တိတ်တဆိတ်ဖြင့် ထောက်ခံပေးနေခြင်းက မည်သို့သော အဓိပ္ပာယ်နည်း။ ရှားရှင်းယွန်က ရီဖူရှင်းအပေါ်တွင် မည်သည့် ခံစားချက်မှ မရှိဟု ပြောလျှင် မည်သူက ယုံမည်နည်း။

ဆန်းဇွန်ကတော့ သည်တစ်ကြိမ် အဆုံးသတ်သွားပြီကို လူတိုင်းက သိလိုက်ကြသည်။ သည်လူစုက ကောင်းချီးနန်းတော်ကို တိုက်ရိုက်ဖျက်ဆီးပြီး နန်းတော်သခင်ကို သတ်ပစ်ရဲခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။

သူတို့တွင် သည်မျှကြီးမားသော နောက်ခံ ရှိနေသည် မဟုတ်ပါလား။

***

All Chapters