ဖျော်ရည်ကုမ္ပဏီတွေ? ချင်းလင်ကုမ္ပဏီနောက်ကွယ်ကသူဌေးကြီး? ၂
Vol. 47 Ch. 704
ကွမ်ကျိုးတွင် ဖျော်ရည်ထုတ်ကုန်များသက်သက်ရှိသည်။
အထူးအားဖြည့်ဖျော်ရည်လည်းအပါအဝင်ပင်။ စူပါဒရိုက်အစားအသောက်ကုမ္ပဏီ၏ထုတ်ကုန်ဖြစ်ပြီး လွန်ခဲ့သောသုံးလေးနှစ်ကကြော်ငြာခဲ့သည်။ အစက အားဖြည့်ဖျော်ရည်စျေးကွက်ကို စူပါဒရိုက်လည်းတစ်စိတ်တပိုင်းလွှမ်းမိုးနိုင်ပြီး အလားအလာကောင်းခဲ့သည်။
သို့ရာတွင် ချင်းလင်အားဖြည့်လက်ဖက်ရည်ရုတ်တရက်ပေါ်လာပြီးနောက် မူလစျေးကွက်ရှယ်ယာကိုဆက်မထိန်းထားနိုင်တော့ဘဲ တဖြည်းဖြည်းကျဆင်းလာသည်။
ထို့ကြောင့် စူပါဒရိုက်ကုမ္ပဏီနည်းနည်းစိတ်ပျက်နေသည်။
စူပါဒရိုက်၏သူဌေးရုံးခန်းထဲ၌ ရန်လင်းသည် စူပါဒရိုက်၏နောက်ဆုံးစျေးကွက်ရှယ်ယာကိုကြည့်ရင်း မျက်နှာပျက်သွားသည်။
အချိန်တိုအတွင်း ကျဆင်းသွားပြန်ပြီ။
သို့သော် သူဘာမှမတတ်နိုင်။
စျေးကွက်ကိုတစ်စိတ်တပိုင်းရထားခြင်းက သူ့ဖျော်ရည်ကောင်း၍မဟုတ်။ ချင်းလင်အားဖြည့်လက်ဖက်ရည်က ဆက်လက်မချဲ့ထွင်သောကြောင့်ပင်။ မြို့အတော်များများတွင် ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုဝယ်မရသေး။
ချင်းလင်အစားအသောက်ကုမ္ပဏီက ငွေကြေးအထောက်အပံ့နှင့်တခြားဖျော်ရည်စက်ရုံများကိုအရယူပြီး ထုတ်လုပ်သည့်အတိုင်းအတာနှင့်စျေးကွက်ချဲ့ထွင်လျှင် သူတို့စျေးကွက်ရှယ်ယာအားလုံးဆုံးရှုံးရလိမ့်မည်။
လက်ရှိအခြေအနေအရ မကြာခင်စျေးကွက်မှနှုတ်ထွက်ရမည့်အနေအထားဖြစ်နေသည်။ Red Bull နှင့် Pulse တောင် ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုမတားနိုင်ချေ။
နောက်ပြီး သူလည်းချင်းလင်အားဖြည့်လက်ဖက်ရည်ကိုသောက်ဖူးသည်။ သူကျရှုံးရင်တောင် တစ်ဖက်ကအင်အားရှိကြောင်းဝန်ခံရပေမည်။
တစ်ခါတရံ အပြင်မှာပျော်ပါးခဲ့ရင် အိမ်မှာသူ့မိန်းမကိုရင်ဆိုင်ဖို့ ချင်းလင်အားဖြည့်လက်ဖက်ရည်တစ်ပုလင်းသောက်ရသည်။
ရန်လင်းတွေးတောနေစဉ် သူ့ဖုန်းမြည်လာသည်။ အမည်မသိဖုန်းနံပါတ်တစ်ခု။
သူနည်းနည်းဇဝေဇဝါဖြစ်သွားသော်လည်း ဖုန်းကိုင်လိုက်သည်။
အာမခံအရောင်းသမားဖြစ်ဖို့များသည်။ သို့သော် သူ့တံခါးကိုလာခေါက်သောဖောက်သည်တစ်ယောက်လည်းဖြစ်နိုင်သည်။
ဖုန်းဝင်ဝင်ချင်း တစ်ဖက်မှအသံကိုရန်လင်းကြားရသည်_
"မင်္ဂလာပါ ဥက္ကဌရန်... ကျွန်တော်ကချင်းလင်ဓာတ်ခွဲခန်းရဲ့ကြီးကြပ်သူလင်းသုန်ပါ... ခင်ဗျားနဲ့ပူးပေါင်းဖို့ ဆွေးနွေးစရာရှိပါတယ်''
ရန်လင်းကကြားကြားချင်း ဖုန်းချပစ်လိုက်သည်။
အာမခံအရောင်းသမားမဟုတ်ဘူး။ လူလိမ်ပဲ။
ချင်းလင်ဓာတ်ခွဲခန်းကတဲ့၊ သူနဲ့ပူးပေါင်းမယ့်အကြောင်းပြောချင်တယ်တဲ့၊ ချင်းလင်အားဖြည့်လက်ဖက်ရည်က သူတို့ရန်သူမှန်းမသိဘူးလား?
တစ်ဖက်ကအလဲထိုးတာခံရတော့မှာလား?
ဒီလူလိမ်က လုံးဝဦးနှောက်မရှိတာပဲ။ အားလုံးထဲမှာမှ ချင်းလင်ဓာတ်ခွဲခန်းကလူဟန်ဆောင်ရတယ်လို့။
သို့ရာတွင် သူကအမှတ်တမဲ့တွေးမိပြီး ချင်းလင်ဓာတ်ခွဲခန်း၏တရားဝင်ဝဘ်ဆိုဒ်ကိုဖွင့်၍ ဓာတ်ခွဲခန်း၏ဆက်သွယ်ရမည့်နံပါတ်ကိုရှာလိုက်သည်။
တကယ် ချင်းလင်ဓာတ်ခွဲခန်းကဆက်တာဖြစ်နေရင်ရော?
လူလိမ်ဖုန်းနံပါတ်က ချင်းလင်ဓာတ်ခွဲခန်း၏ဆက်သွယ်ရေးနံပါတ်ဖြစ်နေ၍ ရန်လင်းအံ့အားသင့်သွားသည်။
ဒါဆို လင်းသုန်ကတကယ် ချင်းလင်ဓာတ်ခွဲခန်းရဲ့ကြီးကြပ်သူပေါ့?
ထိုအတွေးနှင့် သူကချက်ချင်းဖုန်းပြန်ခေါ်လိုက်သည်။
ပြီးတော့ သူ့ကုမ္ပဏီရဲ့စျေးကွက်ရှယ်ယာကျတာ ချင်းလင်အစားအသောက်ကုမ္ပဏီကြောင့်။ ချင်းလင်ဓာတ်ခွဲခန်းနဲ့ဘာဆိုင်လို့လဲ?
နောက်ပြီး ချင်းလင်ဓာတ်ခွဲခန်းက ပူးပေါင်းဖို့ဆွေးနွေးချင်တဲ့အကြောင်းပြောတာ။
ဒါ ချင်းလင်ဓာတ်ခွဲခန်း!
ချင်းလင်ဓာတ်ခွဲခန်းထဲတွင် လင်းသုန်လည်းနည်းနည်းကြောင်သွားသည်။ သူတစ်ကြောင်းပဲပြောရသေး။ တစ်ဖက်ကဖုန်းချသွားတာတဲ့လား?
သူတွေးတောနေစဉ် ရုတ်တရက် တစ်ဖက်ကဖုန်းပြန်ခေါ်လာသည်။
နည်းနည်းစိတ်ရှုပ်သွားသော်လည်း ဖုန်းကိုင်လိုက်သည်။
ရန်လင်းအသံကိုတန်းကြားရသည်_
"မန်နေဂျာလင်း... အားနာလိုက်တာ... စောစောက ရုတ်တရက်လိုင်းကျသွားလို့ပါ... အခုချက်ချင်းပြန်ခေါ်နေတာ... ပူးပေါင်းမယ်ဆိုတာက?''
"ဥက္ကဌရန်''
လင်းသုန်ကပြောသည်_
"ကျွန်တော်တို့ဥက္ကဌနဲ့ဥက္ကဌရှန်က ဖျော်ရည်စျေးကွက်မှာ စီးပွားဖက်အဖြစ်တွဲလုပ်ဖို့ဆန္ဒရှိပါတယ်... တကယ်လို့ အပန်းမကြီးရင် ချင်းလင်ဓာတ်ခွဲခန်းမှာလာရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ချင်ပါတယ်''
တစ်ဖက်တွင် ရန်လင်းကကြားကြားချင်းကြောင်သွားပြီးမှ ပြတ်ပြတ်သားသားပြောလိုက်သည်_
"အပန်းမကြီးပါဘူး... ဘာလို့အပန်းကြီးရမှာလဲ? မန်နေဂျာလင်း... ကျွန်တော်သေချာပေါက်လာမှာပါ''
ဥက္ကဌရှန်အကြောင်းသိပ်မသိသော်လည်း ဥက္ကဌကိုသူသိသည်။ ဥက္ကဌက ချင်းလင်အစားအသောက်ကုမ္ပဏီရဲ့သူဌေး၊ ချင်းလင်စံအိမ်ရဲ့ပိုင်ရှင်။
သို့ရာတွင် ဒီပုဂ္ဂိုလ်ကအရမ်းထူးဆန်းသည်။ ပြည်တွင်းစီးပွားရေးလုပ်ကိုင်သူအတော်များများက ဒီပုဂ္ဂိုလ်အကြောင်းသိချင်နေကြသည်ဟုဆိုနိုင်သည်။
သို့သော် ချင်းလင်ကုမ္ပဏီနောက်ကွယ်ကလူမှာ လုံးဝနှယ်နှယ်ရရမဟုတ်ကြောင်း အားလုံးဝန်ခံရပေမည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်၊ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်ချင်းလင်ဓာတ်ခွဲခန်းလိုလုပ်ငန်းများကိုအချိန်တိုအတွင်းတည်ထောင်ထားနိုင်သည်။ ဒါလုံးဝသာမန်မဟုတ်။
တစ်နည်းဆိုသော် အရင်းအနှီးခွဲဝေမှုပြည့်လုနီးပါးဖြစ်သောမော်ဒန်ခေတ်တွင် အချိန်တိုအတွင်း ဒီလုပ်ငန်းကိုအစကနေလုပ်ဖို့ ဘယ်သူဌေးကြီးအတွက်မှမဖြစ်နိုင်။
ပြီးတော့ ချင်းလင်အစားအသောက်ကုမ္ပဏီနောက်ကွယ်မှလူက ဒီလိုလုပ်ပြခဲ့သည်။
အံ့ဖွယ်ပုဂ္ဂိုလ်ပင်။
အခု တစ်ဖက်လူက သူနဲ့ပူးပေါင်းဆွေးနွေးချင်တဲ့အကြောင်းပြောလာပြီ။ ပြီးတော့ ဖျော်ရည်စျေးကွက်နဲ့ဆက်စပ်တယ်တဲ့။ ကိစ္စက လုံးဝသေးသေးမဟုတ်။ ခြေသလုံးဖက်ပြီး အကျိုးအမြတ်ရှယ်ယာရချင်ရနိုင်သည်။
"ဟုတ်ပါပြီ''
လင်းသုန်ကပြုံးပြီး_
"ဥက္ကဌရန်... ရုံချန်းရောက်ရင် ဖုန်းဆက်လိုက်ပါ... ခင်ဗျားကိုလာကြိုပါမယ်''
ဖုန်းလက်ခံရသော တခြားဖျော်ရည်ကုမ္ပဏီများလည်း ရန်လင်းလိုသဘောထားရှိကြသည်။
ဘာပဲဖြစ်ဖြစ် ချင်းလင်ကုမ္ပဏီနောက်ကွယ်ကသူဌေးကြီးဖိတ်ခေါ်နေသည်လေ။ တစ်ဖက်ကဘာလုပ်မလဲ ဦးနှောက်ရှိသူတိုင်းသိလိမ့်မည်။
ရန်လင်းက မင်မြို့တော်သွားရန် အစောဆုံးလေယာဉ်လက်မှတ်ဖြတ်ဖို့တောင် သူ့အတွင်းရေးမှူးကိုမှာထားသည်။
ရုံချန်းလိုမြို့ငယ်လေးမှာ လေယာဉ်ကွင်းမရှိသောကြောင့် မင်မြို့တော်မှတဆင့်သာ ရုံချန်းကိုပြန်ကူးရမည်။
နည်းနည်းဒုက္ခများသော်လည်း တစ်ဖက်ကချင်းလင်ဓာတ်ခွဲခန်းဖြစ်နေသည်။ ဘယ်လောက်ဒုက္ခများများ သူ့ဘာသာနည်းလမ်းရှာရမည်။
ရန်လင်းကရုံချန်းရောက်ရောက်ချင်း ချင်းလင်ဓာတ်ခွဲခန်းကိုဆက်သွယ်သည်။ ထို့နောက် အဆက်အသွယ်က သူ့ကိုလက်ခံပြီး ကျုံးမင်ဟိုတယ်တွင်တည်းရသည်။
ကျုံးမင်ဟိုတယ်တွင် ခရီးသည်အခန်းယူဖို့ ဖုန်းတစ်ချက်သာဆက်ရပြီး ချင်းလင်ဓာတ်ခွဲခန်းအတွက်အခန်းစီစဉ်ပေးသည်။
နောက်တစ်နေ့_
ရန်လင်းအိပ်ရာထ၍မနက်စာစားပြီးချိန် ချင်းလင်ဓာတ်ခွဲခန်းကဖုန်းဆက်လာသည်။ တစ်ဖက်က သူ့ကိုလာကြိုရန်သီးသန့်ကားစီစဉ်ပေးသည်။
ဧည့်ခန်းထဲဆင်းသွားသောအခါ ချင်းလင်ဓာတ်ခွဲခန်းဟူသောဆိုင်းဘုတ်ကိုင်ထားသည့်လူတစ်ယောက်ကိုတွေ့လိုက်ရသည်။
ဧည့်ကြိုကောင်တာဘေးတွင် သူသိသောလူများကိုလည်းတွေ့လိုက်ရသည်။ တခြားဖျော်ရည်ကုမ္ပဏီသူဌေးများပင်။
ထိုဖျော်ရည်ကုမ္ပဏီသူဌေးများက နည်းနည်းအံ့ဩနေကြသည်။ သူတို့အချင်းချင်းလည်းသိပြီးဖြစ်၍ တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်နေကြ၏။
"ဥက္ကဌချန် မင်းရောက်နေတာလား?''
"ဥက္ကဌရန် မတွေ့တာကြာပြီ''
"သူဌေးလီ... ရှန်ဟိုင်းမှာဆုံပြီးကတည်းက မတွေ့ရတော့တာနော်''
“……”
ရန်လင်းက သူသိသောဖျော်ရည်ကုမ္ပဏီသူဌေးကိုနှုတ်ဆက်ပြီးနောက် ချင်းလင်ဓာတ်ခွဲခန်းမှလူများနောက်လိုက်ပြီး သူတို့ကိုသီးသန့်လာကြိုသောကားပေါ်ရောက်လာသည်။
ထိုသူဌေးများက ပိုတောင်အံ့ဩနေကြသည်။ သူတို့တစ်ဦးတည်းဖိတ်ကြားခံရသည်ဟုထင်ထားသော်လည်း ဒီလိုမဟုတ်ချေ။
တစ်ချိန်တည်း ဖျော်ရည်ကုမ္ပဏီသူဌေးတွေဒီလောက်အများကြီးဖိတ်ထားတာ လုံးဝသာမန်ကိစ္စမဟုတ်။
ချင်းလင်ဓာတ်ခွဲခန်းက ကြီးကြီးမားမားလုပ်တော့မည့်ပုံရှိသည်။
နောက်ဆုံး ဖျော်ရည်ကုမ္ပဏီသူဌေးများကို ချင်းလင်ဓာတ်ခွဲခန်း၏ရုံးတွင်ဧည့်ခံသည်။
ရုံးမှာ နည်းနည်းအိုဟောင်းနေသောအငှားအဆောက်အဦးဖြစ်သော်လည်း သူဌေးများကလျှော့မတွက်ရဲ။ ချင်းလင်ဓာတ်ခွဲခန်း၏အင်အားကိုသူတို့သိသည်။ ရုံးတစ်ရုံးအသာလေးဆောက်နိုင်သည်။
ရန်လင်းတို့ကို အစည်းအဝေးခန်းထဲခေါ်လာသည်။ သူတို့ကဝင်လာပြီး စူးစမ်းနေကြသည်။
ဥက္ကဌရှန်လီတို့ကိုသတင်းမှာရှာတွေ့နိုင်၍ သူတို့အကြောင်းကိုသိသည်။
သို့ရာတွင် ချင်းလင်ကုမ္ပဏီနောက်ကွယ်ကသူဌေးကိုလုံးဝမသိ။ သက်လတ်ပိုင်းလူကြီးတစ်ဦး၏ဓာတ်ပုံသာတွေ့ဖူးသည်။
သို့သော် ထိုသက်လတ်ပိုင်းလူကြီးမှာ သူဌေးအရှိန်အဝါမျိုးလုံးဝမရှိဘဲ လုံခြုံရေးအစောင့်နှင့်တူနေသည်။
ဒီနေ့တော့ ချင်းလင်ကုမ္ပဏီရဲ့ဒဏ္ဍာရီဆန်တဲ့သူဌေးနဲ့တွေ့ခွင့်ရတော့မည်။
ဖျော်ရည်ကုမ္ပဏီသူဌေးများအသည်းအသန်စူးစမ်းနေကြစဉ် အခန်းတံခါးပွင့်လာသည်။
ဥက္ကဌရှန်လျှောက်ဝင်လာပြီး သူ့ဘေးတွင်လူငယ်လေးတစ်ဦးပါသည်။
အထူးသဖြင့် ဥက္ကဌရှန်က ထိုလူငယ်နောက်တစ်လှမ်းဆုတ်နေ၏။
ထိုမြင်ကွင်းကြောင့် အခန်းထဲကလူအားလုံးအံ့ဩသွားလေသည်။