အခန်း (၄၅၂)
Vol. 31 Ch. 452
"ထူးဆန်းတဲ့အရူး ဟုတ်လား…"
မုန့်ချီက အရူးဟူသော စကားကို ကြားသည့်အခါ ပြန်လှည့်ကြည့်လိုက်သည်။
"သူက ဘယ်နေရာမှာ နေတာလဲ…"
ရှန့်ကွမ်းဟန်က ရန်စသလို ပုံစံမျိုးဖြင့် ပြန်ဖြေလိုက်၏။
"ကျောက်စိမ်းနှင်းတောင်ထိပ်မှာ မင်းက သူ့ဆီကို သွားလည်ရဲလား…"
"ကျောက်စိမ်းနှင်းတောင်ထိပ်.. ဟုတ်လား…"
မုန့်ချီက အလွန်တောက်ပသော မျက်လုံးများနှင့် ရှန့်ကွမ်းဟန်ကို စိုက်ကြည့်လိုက်သည်။
သူကတော့ မြောက်ပိုင်းကျိုးအင်ပါယာ၏ နယ်မြေများ အကြောင်းကို အနည်းငယ်လောက်သာ သိထားခဲ့သည်။ ဘာကြောင့် ထိုတောင်က အလွန်ထူးခြားနေကြောင်း သူလည်း မသိခဲ့ပေ။ ထို့ကြောင့် သူက သွားရန် ဆုံးဖြတ်ချက်ကို အလျင်စလို ဆုံးဖြတ်ခဲ့ခြင်း မရှိချေ။
သူက မုန့်ချီကို ရန်စရန် မအောင်မြင်ကြောင်း နားလည်သွားသည့်အခါ ရှန့်ကွမ်းဟန်က ခါးသီးစွာ ရှင်းပြလိုက်သည်။
"အဲဒီတောင်က လုလုံရဲ့ မြောက်ပိုင်းမှာ ရှိတယ်။ အဲဒါက တစ်နှစ်ပတ်လုံး ရေခဲနဲ့ နှင်းတွေ ဖုံးလွှမ်းနေတဲ့ တောင်မြင့်ကြီးတစ်လုံးပဲ။ လာရောက်လည်ပတ်သူတွေက တောင်တစ်ဝက်လောက်ထိပဲ သွားနိုင်ပြီး အပေါ်ဘက်ကို ဆက်သွားဖို့အတွက် တားမြစ်ထားတယ်။ ပြီးတော့ တောင်ပေါ်မှာရှိတဲ့ နေရာအများစုမှာတော့ လမ်းကြောင်းတွေ မရှိဘူး။ ဒါကြောင့် ငါတို့က တောင်ပေါ်ကို ရောက်ချင်တယ်ဆိုရင် ရေခဲနံရံပေါ်ကနေ တက်ရလိမ့်မယ်။ တကယ်လို့ နည်းနည်းလေး ခြေချော်သွားမယ်ဆိုရင်တောင် ပေ(၁)သောင်းအမြင့်ကနေ ပြုတ်ကျပြီး ခန္ဓာကိုယ်အစရှာရမှာ မဟုတ်ဘူး…"
"ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား…"
မုန့်ချီက တောင်ပေါ်ရှိ အခြေအနေကို ကြောက်လန့်သွားခြင်း မရှိပေ။ သူ၏ လက်ရှိစွမ်းရည်နှင့် အေးခဲနေသော အခြေအနေများအရ တောင်တက်ခြင်းက သူ့ကို အန္တရာယ်ပေးနိုင်သည်ဟု သတ်မှတ်နိုင်ခြင်း မရှိချေ။
ရှန့်ကွမ်းဟန်က နှာခေါင်းရှုံ့လိုက်၏။
"နှင်းမကောင်းဆိုးဝါးတွေ ၊ ရေခဲမြွေတွေလည်း တောင်ပေါ်မှာ မကြာခဏ တွေ့ရတတ်တယ် ။ သူတို့ရဲ့တိုက်ခိုက်မှုတွေကြောင့် အလွယ်တကူ ဒုက္ခိတဖြစ်သွားနိုင်တယ်။ ဝေ့ကျင်းအဆင့် စွမ်းအားမျိုး မရှိဘူးဆိုရင် မင်းက သဘာဝကြီးရဲ့အစွမ်းကို ဘယ်လိုရင်ဆိုင်မှာလဲ။ ပြီးတော့ တောင်ထိပ်ပေါ်မှာ သက်တမ်းအမျိုးမျိုး ရှိနေတဲ့ နှင်းတောင်ကြာပန်းတွေ ရှိတယ်။ မင်းက အပေါ်ပိုင်းကို ရောက်လေလေ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိတဲ့ နှင်းတောင်ကြာပန်းတွေကို ရှာတွေ့ဖို့ လွယ်လေလေပဲ…”
“သိုင်းလောကမှာရှိတဲ့ ပညာရှင်တွေအများစုက အဲဒီလို အဖိုးတန်ရတနာတွေကို ရယူဖို့ မျှော်လင့်ချက်နဲ့ ရောက်လာတတ်တယ်။ လူသားတွေရဲ့ လောဘက အတော်မတတ်နိုင်ဘူး ။ ဒါကြောင့် ခရီးစဉ်အတောအတွင်း ပဋိပက္ခတွေ၊ သွေးသံရဲရဲတိုက်ပွဲတွေ မကြာခဏ ဖြစ်တတ်တယ်။ တကယ်လို့ မင်းက ကံကောင်းမယ်ဆိုရင်တော့ တောင်ထိပ်ပေါ်ကို လွယ်လွယ်ကူကူနဲ့ ရောက်မှာပေါ့။ မဟုတ်ရင်တော့ မင်းရဲ့ခြေလှမ်းတိုင်းမှာ အန္တရာယ်တွေ ပြည့်နေပြီး နှင်းတွေကြားထဲမှာ သေဆုံးသွားတာမျိုးတောင် ဖြစ်နိုင်တယ် ။ မင်းက အဲဒီနေရာကို သွားရဲလား.."
မေးခွန်းကို ပြန်ဖြေရမည့်အစား မုန့်ချီက ပြောလိုက်သည်။
"သူက တကယ်ပဲ ကမ္ဘာလောကကြီးအကြောင်း စဉ်းစားနေတာလား…"
သူပြောလိုက်သော စကားများအပေါ် ထိုမေးခွန်းသာ ပေါ်လာခဲ့သည့်အတွက် ရှန့်ကွမ်းဟန်က အတော်လေး မကျေမနပ် ဖြစ်နေခဲ့သည်။ သူလည်း ရွေးချယ်ခွင့်မရှိဘဲ ပြန်ဖြေလိုက်ရ၏။
"ဟုတ်တယ်...။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာလောက်မှာ မိသားစုအကြီးအကဲတွေက ငါ့ကို သူနဲ့တွေ့ဖို့ ခေါ်သွားဖူးခဲ့တယ်။ သာမန်အချိန်အများစုမှာတော့ သူက ပုံမှန်ပါပဲ။ တစ်ခါတစ်ရံမှာတော့ သူ့ရဲ့စိတ်တွေက လွင့်နေပြီး ကမ္ဘာမြေကြီးနဲ့ သူကိုယ်တိုင်ရဲ့ အနှစ်သာရတွေအကြောင်းကို တစ်ယောက်တည်း ရေရွတ်နေတတ်တယ်…"
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး ထိုတောင်ထိပ်ပေါ်ကို သွားရောက်လည်ပတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သို့သော် သူ့ဆီတွင် မေးခွန်းတစ်ခု ရှိနေသေး၏။
"အဲဒီတောင်ပေါ်မှာ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိတဲ့ နှင်းတောင်ကြာပန်းတွေ ရှိနေမှတော့ ဘာလို့ ပင်မသိုင်းဂိုဏ်းကြီးတွေ နာမည်ကျော် အထက်တန်းလွှာ မိသားစုတွေ တောင်ကို မသိမ်းပိုက်ကြရတာလဲ။ ဒါဆိုရင် အခြားလူတွေက အလွယ်တကူ သွားလို့ မရတော့ဘူးလေ…"
ရှန့်ကွမ်းမိသားစု၏ တရားဝင်သား တစ်ယောက်ဖြစ်သော ရှန့်ကွမ်းဟန်က ထိုအဖြေကို ကောင်းကောင်းကြီး နားလည်နေသည်။ သူ၏ နှုတ်ခမ်းက အနည်းငယ် လှုပ်ရှားသွား၏။
"သူတို့အားလုံးမှာ တူညီတဲ့စွမ်းအားတွေ ၊ စွမ်းရည်တွေရှိတယ်။ ဒါကြောင့် မတူညီတဲ့ဂိုဏ်းတွေ၊ မိသားစုတွေက နှင်းတောင်ကြာပန်းတွေ ရှိနေတဲ့ နယ်မြေတွေကို တစ်စိတ်တစ်ပိုင်းဆီပဲ ခွဲယူထားကြတာ။ အဲဒီတောင်ထိပ်ကြီးက မိုင်ထောင်ပေါင်းများစွာ ကျယ်ပြန့်နေမှတော့ တောင်တစ်ခုလုံးကို စီမံခန့်ခွဲဖို့ လူအင်အားမရှိဘူးလေ ။ ပြီးတော့ အဲဒီတောင်မြင့်ကြီးကို သူတို့မိသားစု ဒါမှမဟုတ် ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်အဖြစ်လည်း သတ်မှတ်လို့မရနိုင်ဘူး…"
"အရမ်းကောင်းတယ်…"
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
"ဒါဆိုလည်း ငါတို့က စားစရာတွေကို အရင်စားကြတာပေါ့…"
…………..
ဓားချီစွမ်းအင်များ ထွက်ပေါ်လာပြီး အဖြူရောင်သားမွေးများ လွှမ်းခြုံနေသည့် ဧရာမ မကောင်းဆိုးဝါးကြီးတစ်ကောင်က မြေပေါ်သို့ အရှိန်ပြင်းစွာ လဲကျသွားသည်။ သူ၏ အပြာရင့်ရောင်သွေးများကလည်း နှင်းပြင်ပေါ်တွင် စွန်းထင်းသွားခဲ့၏။
ရှန့်ကွမ်းဟန်ကတော့ မုန့်ချီဘေးတွင် ရပ်နေပြီး ဓားနှင့် တိုက်ခိုက်လိုက်သော မုန့်ချီကို စူးစူးနစ်နစ် စိုက်ကြည့်နေခဲ့သည်။ သူ့အနေဖြင့် ပြောရလျှင် ထိုနှင်းမကောင်းဆိုးဝါးက အစွမ်းထက်ခြင်း မရှိသေးပေ။ သူက တံခါး(၆)ပေါက် တံခါး(၇)ပေါက် ပွင့်နေသည့်အချိန်တွင်ပင် အလွယ်တကူ အနိုင်ရနိုင်သည်။
မုန့်ချီက သူ၏အစွမ်းနှင့် အရှိန်ကို တိကျစွာ ထိန်းချုပ်နိုင်ကြောင်း မြင်လိုက်ရသည့်အခါ တခြားမည်သည့်ပြင်ဆင်မှုမျိုးမျှ မလိုအပ်တော့ပေ။ ထိုအရာက အလွန်ထူးခြားသော တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ ထိုအရာက ပြိုင်ဘက်ကင်း အနုပညာတစ်ခုကဲ့သို့လည်း ထင်မှတ်ရ၏။
တိုက်ခိုက်မှုတွင် ထူးခြားသော လှုပ်ရှားမှုများ ပါဝင်ခြင်း မရှိသော်လည်း လူတစ်ယောက်၏ ဓားပညာ အဆင့်အတန်းကို သိနိုင်သော သာမန်သိုင်းကွက်များသာ ဖြစ်သည်။
မုန့်ချီက သူ၏ဓားနှင့် သေဆုံးသွားသော မကောင်းဆိုးဝါးကို လှန်ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
"ဒါက နတ်ဆိုးတစ်ကောင်လား၊ မကောင်းဆိုးဝါးတစ်ကောင်လား၊ မှော်သားရဲတစ်ကောင်လား…"
မုန့်ချီ၏စကားကို ကြားသည့်အခါ ရှန့်ကွမ်းဟန်က တစ်ယောက်တည်း တွေးနေခဲ့သည်။
"ကမ္ဘာမြေကြီးအကြောင်းကို စဉ်းစားနေတာအပြင် သူက မတူညီတဲ့ မကောင်းဆိုးဝါးတွေကိုလည်း လေ့လာနေသေးတာလား…"
ခေါင်းထဲ၌ ထိုအတွေး ပေါ်လာသည့်အချိန်တွင် မုန့်ချီက နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်ပြန်သည်။
''ဒါတွေကို စားလို့ရလား…"
သူ့လေသံက ရူးသွပ်နေသလို ထင်မှတ်ရ၏။ သူကတော့ ရာစုနှစ်ပေါင်းများစွာ ဖြေရှင်းနိုင်ခြင်း မရှိသော ပုစ္ဆာတစ်ခုကို အဖြေထုတ်နေသလို ထင်မှတ်ရသည်။
ရှန့်ကွမ်းဟန်က ရှုံ့မဲ့သွားခဲ့၏။ သူက တိုးတိုးလေး ပြန်ဖြေလိုက်သည်။
"သူ့ရဲ့အသားတွေက ချဉ်တယ်…."
ထို့နောက် သူက အနီးနားတွင် သစ်ကိုင်းခြောက်များနှင့် မီးသွေးများကို စတင်ရှာဖွေနေခဲ့သည်။
ထိုမကောင်းဆိုးဝါးများက သေးငယ်ပြီး အားနည်းကြောင်း မြင်လိုက်ရသည့်အခါ သူတို့ဆီတွင် အဖိုးတန်ပစ္စည်း မရနိုင်ကြောင်း မုန့်ချီက ယုံကြည်သွားခဲ့၏။ သူက ထိုအရာများကို လေဟာနယ်လက်စွပ်ထဲတွင် ဖြုန်းတီးလိုခြင်း မရှိချေ။ သူ၏ ဓားမောက်ကိုသာ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။
ရှန့်ကွမ်းဟန် လုပ်နေသောအရာကို သတိထားမိသည့်အချိန်တွင် သူက ဇဝေဇဝါ ဖြစ်သွားသည်။
"ငါတို့က မီးမွှေးဖို့ လိုလို့လား ။ ငါတို့နှစ်ယောက်လုံးက တံခါး(၉)ပေါက် ပွင့်နေပြီး ချီစွမ်းအင်တွေကို ထုတ်လွှတ်နိုင်တယ်။ ဒီတော့ အေးခဲနေတဲ့ ရာသီဥတုက ငါတို့ကို အန္တရာယ်မဖြစ်စေနိုင်ဘူး မဟုတ်လား…"
သူက တောင်ပေါ်သို့ ပထမဆုံး ရောက်လာခြင်းဖြစ်သည့်အတွက် အခြေအနေကို မေးမြန်းလိုက်ခြင်းသာ ဖြစ်သည်။
"တောင်ထိပ်ပေါ်မှာရှိတဲ့ ရာသီဥတုမှာ ထူးခြားတဲ့ အငွေ့အသက်တွေ ပါဝင်နေတယ်။ ဒါကြောင့်လည်း ငါတို့ရဲ့ခရီးစဉ်က နည်းနည်းလေး ပိုပြီးခက်ခဲနိုင်တယ်။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုပြီးတော့ ကောင်းတာပဲလေ။ သာမန်အခြေအနေမျိုးမှာ ဆိုရင်တော့ ငါတို့က အဆင်ပြေပါတယ်။ ဒါပေမယ့် ငါတို့သာ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားမယ်ဆိုရင် ရာသီဥတုဒဏ်ကို ခံနိုင်မှာ မဟုတ်တော့တဲ့အတွက် အသက်က သေဆုံးသွားနိုင်တယ်…"
ရှန့်ကွမ်းဟန်က မုန့်ချီ၏ရှေ့တွင် ထိုကဲ့သို့ ရှားရှားပါးပါး အခွင့်အရေးကို ပြောပြလိုက်သည်။
ထို့နောက် သူက ဆက်ပြောလိုက်၏။
"ပြီးတော့ အပေါ်ဘက်မှာ အပင်တွေ၊ မီးသွေးတွေလည်း မရှိဘူးလေ…"
မုန့်ချီက သူ့ကို ပြန်မဖြေတော့ပဲ သူနှင့်အတူ ထင်းများကို လိုက်ကောက်နေခဲ့၏။ ထို့နောက် သူတို့က ချောမွတ်နေသော လမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်းလာခဲ့ကြသည်။
သူတို့မြင်နေရသည်မှာ အစိမ်းရောင်၊ အဝါရောင် အစက်အပျောက်များ ပြည့်နှက်နေသော အဆုံးမဲ့နှင်းပြင်ကြီးတစ်ခုသာ ဖြစ်သည်။ သူတို့နှင့်အတူ ကြားနေရသည့်အသံကတော့ နှင်းများ တဖြောက်ဖြောက် မြည်နေသည့် အသံများသာ ဖြစ်၏။
အပြင်ဘက်တွင် ဆောင်းရာသီ အစောပိုင်းဖြစ်သော်လည်း တောင်ပေါ်တွင်တော့ ဆောင်းတွင်းကို ရောက်နေပြီ ဖြစ်သည်။ အချိန်တော်တော်ကြာ လျှောက်လာခဲ့ပြီးနောက် သူတို့၏ရှေ့တွင် ရှိနေသော လမ်းကြောင်းက အဆုံးသတ်သွားခဲ့၏။
သူတို့က ရှေ့သို့ဆက်သွားရန် အနားတွင် ရှိနေသော ရေခဲနံရံပေါ်သို့ တက်ကြရမည် ဖြစ်သည်။ အလွန်သိပ်သည်းသော နှင်းများ ဖုံးလွှမ်းနေသည့် ရေခဲနံရံကြီးက မီတာ(၃၀၀)ကျော် မြင့်မား၏။ အောက်ဘက်တွင်တော့ အဆုံးမဲ့ချောက်ကြီးတစ်ခု ရှိနေသည်။ အမြင့်ကြောက်တတ်သူများဆိုလျှင် အပေါ်သို့တက်ရန် မပြောနှင့် အောက်သို့ ငုံ့ကြည့်လျှင်ပင် ပြုတ်ကျသွားနိုင်၏။
မုန့်ချီက ဓားမောက်ကို သူ၏ခါးတွင် ပို၍ တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်၏။ ထို့နောက် ရေခဲနံရံထဲသို့ ညာလက်ကို ထိုးထည့်လိုက်သည်။ ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းနေသော သူ့လက်က မာကြောသောအလွှာကို ထိုးဖောက်ပြီး အတွင်းထဲတွင် ရှိနေသော ကျောက်တုံးကို ဆုပ်ကိုင်မိခဲ့သည်။
သူကတော့ လက်နှင့် ခြေထောက်များကို တည်ငြိမ်စွာ လှုပ်ရှားပြီး အပေါ်သို့ စတင်တက်လာခဲ့၏။ ကိုယ်ဖော့ပညာကို ပြသရမည့်အစား သူက တည်ငြိမ်သော နည်းလမ်းကိုသာသုံးပြီး တလှမ်းချင်းဆီတက်လာခဲ့သည်။
မုန့်ချီ၏ နည်းလမ်းကို မြင်သည့်အခါ ရှန့်ကွမ်းဟန်ကလည်း လက်နှစ်ဖက်ကိုရေခဲနံရံထဲကို ထိုးထည့်၍ လက်သည်းများနှင့် ချုပ်ကိုင်ပြီး တက်လာခဲ့သည်။ အပေါ်သို့ တက်လာစဉ် အတောအတွင်း သူတို့၏အောက်ဘက်တွင် တိမ်တိုက်များ ၊ မြူခိုးများ လွှမ်းခြုံနေကြောင်း တွေ့လိုက်ရသည်။ အဆုံးသတ်တွင်တော့ မည်သည့်အရာကိုမျှမတွေ့ရပေ။
ထိုကဲ့သို့ အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည့်အခါ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်သာ ကာကွယ်ထားခြင်း မရှိလျှင် ဤနေရာက အလွန်အန္တရာယ်များကြောင်း မုန့်ချီက နားလည်သွားသည်။
သူတို့က ဂရုတစိုက ်စစ်ဆေးနေကြပြီး ရေခဲနံရံတစ်ခုပြီး တစ်ခု တက်လာခဲ့သည်။ သူတို့၏ အပေါ်ဘက်တွင် ရှိနေသော ကောင်းကင်ကြီးက တဖြည်းဖြည်း မည်းမှောင်လာခဲ့၏။
"ညအချိန်မှာ ရန်လိုတတ်တဲ့ မကောင်းဆိုးဝါးတွေ မကြာခဏ ထွက်လာတတ်တယ်။ ငါတို့က အာရုံတက်ချိန်ထိ နားဖို့ နေရာတစ်ခုရှာပြီးမှ အပေါ်ကို ဆက်တက်ကြမယ်…"
ရှန့်ကွမ်းဟန်က ပြောလိုက်သည် ။ ထိုအချိန်တွင် သူ့ရှေ့၌ ရှိနေသော မုန့်ချီကတော့ အပေါ်သို့ ဆက်တက်နေကြောင်း တွေ့လိုက်ရ၏။
မုန့်ချီက မဆင်မခြင် လုပ်တတ်သူ တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် အကြံပေးချက်ကို သဘောတူလိုက်၏။
"ကောင်းပါတယ်…"
သူ့အသံက ကျယ်လောင်ခြင်းမရှိချေ။ သို့သော် မုန်တိုင်းထဲကို ထိုးဖောက်နိုင်သည့်အတွက် ရှန့်ကွမ်းဟန်က ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
ရှန့်ကွမ်းဟန်က နောက်တစ်ကြိမ် စကားပြောရန် ပြင်လိုက်စဉ် သူ၏မျက်လုံးများက ဦးခေါင်းအရွယ် လိုဏ်ဂူတစ်ခုထဲမှ ထွက်လာသော အဖြူရောင်မြွေကြီးတစ်ကောင်ကို မြင်လိုက်ရသည်။
အကြေးခွံများ ဖုံးလွှမ်းနေသော ထိုမြွေကြီး၏ ခန္ဓာကိုယ်က ပန်းကန်လုံးတစ်လုံး အရွယ်အစားခန့် ကြီးမားပြီး မျက်လုံးများက သွေးနီရောင်တောင်ပနေသည်။ လျှာထုတ်လိုက်သည့် အချိန်တိုင်း ကျူးကျော်လာသူများကို သတိပေးနေသည့် အန္တရာယ်အငွေ့အသက်များ ထွက်ပေါ်လာ၏။
"ဒါက အနည်းဆုံးနှစ်(၅၀)သက်တမ်းရှိတဲ့ နှင်းစပါးအုံးမြွေပဲ…"
ရှန့်ကွမ်းဟန်က တစ်ယောက်တည်း တွေးလိုက်မိသည်။
ထိုကဲ့သို့ စပါးအုံးမြွေမျိုးက အလွန်ရန်လိုတတ်ပြီး ရေခဲနှင့် နှင်းများကို ထိန်းချုပ်နိုင်သောအစွမ်း ရှိသည်။ သူတို့က ပုံပြောင်းခြင်းနည်းလမ်းကို အသုံးပြုရန် ခက်ခဲသည်။
သာမန်အခြေအနေမျိုးတွင် ရှန့်ကွမ်းဟန်က နှင်းစပါးအုံးမြွေတစ်ကောင်ကို သတ်ပစ်ရန် အလွန်လွယ်ကူလှသည်။ သို့သော် ယခုတော့ သူ၏စွမ်းရည်များက ကန့်သတ်ချက်များ ရှိနေ၏။ လေထဲတွင် အထောက်အပံ့မရှိဘဲ တွဲခိုနေရသည့်အတွက် ခြေတစ်လှမ်း မှားသွားမည်ဆိုလျှင် အသက်ကို စွန့်လွှတ်ရနိုင်သည်။
ထိုစပါးအုံးမြွေက ရှန့်ကွမ်းဟန်ကို အလွန်ရန်လိုနေဟန် ရှိသည်။ သူက ရေခဲနံရံပေါ်မှ လျှောဆင်းလာပြီး လေထဲတွင် နှင်းမှုန်လေးများ ရေခဲမှုန်လေးများ ကျဆင်းလာသည်။ ထိုအရာများက ရေခဲအပ်လေးများအဖြစ် ပြောင်းလဲသွားခဲ့၏။ သူ၏လျှာကလည်း သွေးနီရောင် ရဲနေသည်။
သူက ရှန့်ကွမ်းဟန် အနားသို့ ကပ်လာသည့်အချိန်တွင် အသွေးအသားရနံ့များကို ရခဲ့၏။ သူက ရက်စက်ကြမ်းကြုတ်သော အမူအရာနှင့် တိုက်ခိုက်လိုက်သည်။
ရှန့်ကွမ်းဟန်က သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး လက်နှစ်ဖက်နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်လိုက်သည်။ ထိုအခါ စွမ်းအင်ပေါင်းများစွာက စပါးအုံးမြွေဆီကို တိုက်ရိုက်ပျံသန်းသွားခဲ့သည်။ ရေခဲနံရံကြီးက ထိုးဖောက်ခံလိုက်ရသော်လည်း စပါးအုံးမြွေက တိုက်ခိုက်မှုကို ရှောင်နိုင်ခဲ့သည်။ ထို့နောက် အလွန်လျင်မြန်သော အရှိန်နှင့် ရောက်လာခဲ့သည်။
သူက ရေခဲနံရံကို လက်တစ်ဖက်ဖြင့် ကိုင်ထားရင်း ခြေထောက်ကို လေထဲတွင် တစ်ပတ်လှည့်လိုက်သည်။ ခန္ဓာကိုယ်က ဇောက်ထိုးဖြစ်သွားသည့်အချိန်တွင် လက်တစ်ဖက်ဖြင့် မြွေကို လှမ်းဖမ်းလိုက်သည်။
မြွေက ရုတ်တရက် ဆိုသလို လှုပ်ရှားမှု ရပ်တန့်သွားသည်။ သူက ကြာပွတ် ကိုင်ထားသော ပညာရှင် တစ်ယောက်ကဲ့သို့ အဝေးမှနေ၍ အမြီးနှင့် လှမ်းရိုက်လိုက်သည်။ သူ၏တိုက်ခိုက်မှုကြောင့် လေထဲတွင် ကျယ်လောင်သော အသံတစ်ခု ဖြစ်ပေါ်လာပြီး အမြီးပေါ်တွင် ရေခဲဆူးချွန်လေးများ ဖြစ်ပေါ်လာသည်။ ထိုအရာများဆီမှ ငွေရောင်အလင်းတန်းများ တောက်ပနေခဲ့၏။
ထိုကဲ့သို့ ကြောက်စရာကောင်းသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့် အချိန်တွင် ရှန့်ကွမ်းဟန်က ကြောက်လန့်နေခဲ့ခြင်း မရှိချေ။ သူက လက်သီးနှင့် ထိုးလိုက်ပြီး ချီစွမ်းအင်များကို ဧရာမတူကြီးတစ်လက်အဖြစ် စုစည်းလိုက်၏။ ထို့နောက် စပါးအုံးမြွေ၏အမြီးကို တိုက်ခိုက်လိုက်သည့်အတွက် အကြေးခွံများ ကွာကျသွားခဲ့၏ ။
သူက စပါးအုံးမြွေ၏ နောက်ကိုလိုက်ပြီး ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်စဉ် အလွန်ကြောက်စရာကောင်းသော အက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။ အနီးနားတွင် ရှိနေသော ရေခဲနံရံရှိ အပေါက်များက သူ၏တိုက်ခိုက်မှုအရှိန်ကြောင့် ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့သည်။
အနီးနားတွင် ရှိနေသော နံရံပြိုကျမှုကြောင့် သူလည်း အထောက်အပံ့ မရှိတော့သလို ဖြစ်သွားပြီး အချိန်မရွေး တောင်အောက်သို့ ပြုတ်ကျသွားတော့မလို ခံစားနေရ၏။ ထိုအချိန်တွင် သူ၏ မျက်လုံးထဲ၌ ဓားအလင်းတန်းတစ်ခုကို မြင်လိုက်ရပြီး အလွန်သိမ်မွေ့နူးညံ့သော စွမ်းအားများက သူ့နောက်ကျောကို ထိန်းပေးထားကြောင်း တွေ့လိုက်ရသည်။
ထို့ကြောင့် သူလည်း လေထဲသို့ နောက်တစ်ကြိမ် ခုန်နိုင်ပြီး အနီးဆုံးတွင် ရှိနေသော ကျောက်တုံးနံရံတွင် ကပ်နိုင်ခဲ့သည်။ နောက်ဆုံးတွင်တော့ ရှန့်ကွမ်းဟန်၏ ခန္ဓာကိုယ်က တည်ငြိမ်သွားသည့်အတွက် သူ့ကို ကူညီပေးလိုက်သော စွမ်းအားများကို သတိထားမိသွားခဲ့သည်။
သူပြန်လှည့်ကြည့်လိုက်သည့် အချိန်တွင် စပါးအုံးမြွေက ထက်ပိုင်းပြတ်ပြီးအောက်သို့ ပြုတ်ကျသွားကြောင်း တွေ့လိုက်ရသည်။ မုန့်ချီက လက်ထဲတွင် ဓားမောက်ကို ကိုင်ထားပြီး ဓားထိပ်ဖျားပေါ်တွင် ခရမ်းရောင်လျှပ်စီးမြွေလေးတစ်ကောင် ရှိနေ၏။
အတော်လေး အံ့ဩသွားခဲ့သည်မှာ မုန့်ချီ၏ခြေလက်များက နံရံနှင့် အတော်လေး အလှမ်းကွာနေသော်လည်း သူ့ခန္ဓာကိုယ်က လေထဲတွင် လွင့်မျောနိုင်သေးသည်။
"ခုနက ငါ့ကိုကယ်ဖို့အတွက် သူ့ကိုယ်သူ စတေးလိုက်တာလား…"
ရှန့်ကွမ်းဟန်က အံ့ဩသွားခဲ့၏။
ရုတ်တရက်ဆိုသလို မုန့်ချီက မဖြစ်နိုင်သော အခြေအနေမှ ရေခဲနံရံဆီသို့ ပြန်ကပ်သွားခဲ့သည်။ သူ၏လှုပ်ရှားမှုက ပေါ့ပါးပြီး လျင်မြန်၏ ။ အဝတ်အစား လေတိုးသံများကိုပင် ကြားနေရသည်။
"တကယ်ကောင်းတဲ့ ကိုယ်ဖော့ပညာပဲ…"
ရှန့်ကွမ်းဟန်က သတိလက်လွတ် ပြောလိုက်မိ၏။
"ကျေးဇူးတင်ပါတယ်…."
မုန့်ချီက သူ၏စွမ်းရည်အပေါ် နှိမ့်ချနေခြင်း မရှိချေ။ ထို့နောက် သူက အပေါ်သို့ အရှိန်မြှင့်၍ တက်သွားခဲ့၏။
သူတို့နှင့် မလှမ်းမကမ်း အပေါ်ဘက်တွင် နှစ်(၁၀၀)သက်တမ်းရှိ နှင်းတောင်ကြာပန်းတစ်ခု ရှိသည်။ အသက်( ၃၀)ဝန်းကျင်ခန့် ရှိသော လူတစ်ယောက်က ရေခဲနံရံတွင် ဆူးချွန်နှင့် ကြိုးကိုချိတ်ပြီး ထိုကြာပန်းကိုယူရန် ပြင်ဆင်နေခဲ့သည်။
သူတို့၏အပြုအမူများကြောင့် သူက စိတ်ဝင်စားသွားပြီး ဝေ့ကျင်းအဆင့် မရောက်သေးသော မုန့်ချီက ထိုကဲ့သို့ စွမ်းရည်မျိုး ရှိသည့်အတွက် မယုံကြည်နိုင်ပုံ ဖြစ်နေပုံရသည်။ သူတို့က တဖြည်းဖြည်း အနားသို့ နီးလာသည်ကို မြင်သည့်အခါ သူက အတော်လေးကို စိုးရိမ်ထိတ်လန့်နေခဲ့၏။ မုန့်ချီတို့က သူ့ဆီမှနေရ၍ ကြာပန်းကို လုသွားမှာ စိုးရိမ်နေခဲ့သည်။
သူက လက်ထဲတွင် ကိုင်ထားသော ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး သူ့ရတနာကို ကာကွယ်ရန် ပြင်ဆင်ထား၏။ သို့သော် ထိုလူငယ်များကတော့ သူရှိရာကို လှည့်ပင် မကြည့်ဘဲ လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။
"သူတို့က နှင်းတောင်ကြာပန်းရှာရမယ့်အစား ဒီနေရာကို ရောက်လာတယ်ဆိုတော့ ရူးနေတာပဲဖြစ်မယ် ..”
ထိုလူက တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
သူတို့က လုံခြုံသော နေရာတစ်ခုသို့ ရောက်သည့်အချိန်တွင် လေလှိုင်းကင်းမဲ့သော နယ်မြေတစ်ခုကို တွေ့လိုက်ရပြီး ထိုနေရာတွင် မီးဖို၍ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။
"ကျေးဇူးအများကြီးတင်ပါတယ်…"
ရှန့်ကွမ်းဟန်က အချိန်တော်တော်ကြာ သိမ်းဆည်းထားသော စကားလုံးကို ပြောလိုက်ရသည်။
"ရပါတယ်…"
မုန့်ချီက အပြုံးနှင့်ပြောလိုက်ပြီး မီးတောက်ထဲတွင် အသားကင်လိုက်သည်။ စားစရာပြင်ဆင်လိုက်ပြီးနောက် တောင်တန်းကြီးနှင့် ကြယ်တာရာကောင်းကင်ကြီးကို လှမ်းကြည့်လိုက်ပြီး တစ်ယောက်တည်း လေးလေးနက်နက် စဉ်းစားနေခဲ့၏။
ရှန့်ကွမ်းဟန်က သူ့ကို နှောင့်ယှက်ခြင်းမရှိဘဲ အစောပိုင်းတွင် သူလုပ်ခဲ့သော အမှားများကို ဆန်းစစ်နေခဲ့သည်။ တဖြည်းဖြည်း ညမှောင်လာသည့် အချိန်တွင် ခြေသံပေါင်းများစွာကို ကြားလိုက်ရ၏။ ပုံမှန်မဟုတ်သော အသံများကြောင့် လူပေါင်းများစွာ အလျင်စလို ပြေးလာနေပုံရသည်။
ရှန့်ကွမ်းဟန်က မျက်လုံးဖွင့်ကြည့်လိုက်ပြီး အသံကြားသည့်နေရာသို့ အေးစက်စွာ လှမ်းကြည့်လိုက်သည်။ သိပ်မကြာခင် လူတစ်ယောက်က အနားကို ကပ်လာခဲ့သည်။ သူ၏ဆံပင်များက ရှုပ်ထွေးနေပြီး အဝတ်အစားများတွင် ကပ်နေသော သွေးများက အေးခဲနေ၏။ ထို့ကြောင့်သူ့ပုံစံက ကြောက်စရာကောင်းနေသည်။
မီးတောက်ကို သတိထားမိပြီးနောက် ထိုလူက ရှန့်ကွမ်းဟန် ထိုင်နေသည့်နေရာကို လှမ်းကြည့်လိုက်သည်။ ထို့နောက် တစ်ယောက်တည်း အေးအေးဆေးဆေး စဉ်းစားနေသော မုန့်ချီကို လှည့်ကြည့်လိုက်၏။ ထိုအချိန်တွင် သူ့ခေါင်းထဲ၌ အကြံတစ်ခု ပေါ်လာပြီး မုန့်ချီဆီကို ပစ္စည်းတစ်ခု ပစ်ပေးလိုက်သည်။
သူ ပစ်ပေးလိုက်သည့်အရာကတော့ နှင်းတောင်ကြာပန်းဖြစ်၏။ ထိုနှင်းတောင်ကြာပန်းက မျိုးစေ့များပွင့်ဖတ်များ ပြည့်ပြည့်ဝဝ ပွင့်လန်းနေပြီး အခြေအနေက ထင်ထင်ရှားရှား ရှိနေသည်။ လတ်ဆတ်သော မွှေးရနံ့ကလည်း ထိတွေ့လိုက်သူတိုင်းကို ဖမ်းစားနိုင်၏။ ထိုအရာက အသက်ဝင်နေသလို ထင်မှတ်ရသော်လည်း ပွင့်ဖတ်နှင့် မျိုးစေ့အနည်းငယ်တော့ ပျောက်ဆုံးနေသည်။ ပွင့်ချပ်များ ပျောက်ဆုံးနေသည့်နေရာတွင် စေးကပ်ကပ် အရည်များ ထွက်ပေါ်လာနေ၏။
ထိုလူက ကြာပန်းကို ပစ်ပေးလိုက်ပြီးနောက် ပြန်လှည့်မကြည့်ပဲ လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။ ကြာပန်းက မုန့်ချီ၏ လက်ထဲကို ရောက်သွားသည့်အချိန်တွင် နောက်မှလိုက်လာသော လူအုပ်ကြီးက ပေါ်လာခဲ့လေ၏။
Translated by Hein Htet.