← Chapters

အခန်း (၄၅၃)

Vol. 31 Ch. 453

အခန်း (၄၅၃)

Vol. 31 Ch. 453

ရှန့်ကွမ်းဟန်၏ ထင်မြင်ချက်အရ ပြောရမည်ဆိုလျှင် ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို အလွယ်ကူဆုံး ဖြေရှင်းရန် နည်းလမ်းကတော့ နှင်းတောင်ကြာပန်းကို ထိုလူအုပ်ကြီးဆီသို့ ပြန်ပေးလိုက်ခြင်း သို့မဟုတ် အစောပိုင်းတွင် ထွက်ပြေးသွားသော လူနောက်သို့ ပြေးလိုက်ခြင်းသာ ဖြစ်သည်။

လူတစ်ယောက်ကသာ လောဘမရှိသရွေ့ ထို့ကဲ့သို့ ပြသာနာမျိုးကို လျင်မြန်စွာ ဖယ်ရှားနိုင်၏။ အကယ်၍ မေးခွန်းထုတ်စရာ ဖြစ်နေသော ပစ္စည်းက အလွန်အမင်းကို အဖိုးတန်နေပြီး သူတို့ရှာဖွေနေသော အရာတစ်ခု ဖြစ်နေလျှင်တော့ သူတို့အတွက် သေချာပေါက် ထိန်းသိမ်းထားနိုင်သည်။ သို့သော် အခြေအနေပေးရန်လည်း လိုအပ်နေသေး၏။

ပထမဆုံးအရာကတော့ အချိန်ကိုက်လှုပ်ရှားမှုနှင့် မြေမျက်နှာသွင်ပြင် အနေအထား ဖြစ်သည်။ထိုသို့ဆိုလျှင် သူတို့က အလွယ်တကူ ထွက်ပြေးပုန်းအောင်း၍ ရနိုင်၏။ နောက်ဆုံးတစ်ခုကတော့ စွမ်းအားအနေနှင့် အသာစီးရရန် ဖြစ်သည်။

"နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိတဲ့ နှင်းတောင်ကြာပန်း…"

ရှန့်ကွမ်းဟန်က မမြင်နိုင်သော နယ်ပယ်အဆင့်ကို မရောက်သေးသော်လည်း ထိုနှင်းတောင်ကြာပန်းကို ကြည့်လိုက်ရုံနှင့် တန်ဖိုးကို တိတိကျကျ ဆုံးဖြတ်နိုင်ခဲ့သည်။ ထိုအရာကလည်း ရှန့်ကွမ်းဟန်က အထက်တန်းလွှာ မိသားစုတစ်ခုတည်းတွင် ကြီးပြင်းလာခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူက ရတနာပစ္စည်းများ၏ အခြေအနေကို သုံးသပ်နိုင်သည့်အပြင် သိုင်းပညာအရည်အသွေးကိုလည်း စစ်ဆေးနိုင်သည်။

နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်းရှိသော နှင်းတောင်ကြာပန်းက ပြန်လည်ကုသဆေးကဲ့သို့သော ဆေးလုံးများ၊ ဆေးရည်များကို ဖန်တီးရာတွင် အဓိက ပါဝင်ပစ္စည်းတစ်မျိုး ဖြစ်သည်။ မတူညီသော ဆေးဖော်စပ်နည်းများတွင် မတူညီသော အကျိုးသက်ရောက်မှုများ ရှိနိုင်၏။ ဖန်တီးနိုင်သော ဆေးရည်မျိုးစုံထဲတွင် လူတစ်ယောက်၏ စွမ်းအားကို မြှင့်တင်နိုင်ပြီး တံခါးပေါက်များကို တိုက်ရိုက်ပွင့်စေနိုင်သော ဆေးလုံးများပင် ပါဝင်နေသေး၏။

ဝေ့ကျင်းအဆင့်ကို မရောက်သေးသော သာမာန်လူများအတွက် ထိုကြာပန်းက သေချာပေါက် ရတနာတစ်ခုဟု သတ်မှတ်နိုင်သည်။ ရှန့်ကွမ်းမိသားစုမှ တရားဝင်သား တစ်ယောက်အတွက်တော့ ထိုအရာက သာမာန်ဟုသာ သတ်မှတ်နိုင်၏။

မည်သို့ဖြစ်စေကာမူ ရှန့်ကွမ်းမိသားစု ပိုင်ဆိုင်ထားသော နယ်မြေများထဲတွင် နှစ်(၃၀၀၀) ကျော် သက်တမ်းရှိသော နှင်းတောင်ကြာပန်း ဒါဇင်ပေါင်းများစွာ ရှိနေသည်။ ထို့ပြင် ထိုနှင်းတောင်ကြာပန်းများကို နှစ်ပေါင်း (၁၀၀၀) ကျော် ကြီးပြင်းစေသည့်အတွက် သူတို့၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်သည်။ ထို့ကြောင့် အထက်တန်းလွှာ မိသားစုများက မဖြစ်မနေ လိုအပ်နေခြင်း မရှိလျှင် ထိုအရာများကို အလွယ်တကူ မခူးတတ်ကြပေ။

"စုမုန့်က ဒီအခြေအနေကို ဘယ်လိုများ ကိုင်တွယ်ဖြေရှင်းမှာလဲ..။ သူက ဒီကြာပန်းကို ပြန်ပေးလိုက်ပြီး သူနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာ တခြားသူတွေကို ပြောပြမှာလား..ဒါမှမဟုတ် သူက အဲဒါကိုယူထားပြီး လူတိုင်းကို တိုက်ခိုက်မှာလား..."

ရှန့်ကွမ်းဟန်က စုမုန့်၏ တုံ့ပြန်မှုများကို စောင့်ကြည့်နေခဲ့၏။

ထိုလူအုပ်ကြီးထဲတွင် ပြိုင်ဘက်ကင်း ပညာရှင်ပေါင်းများစွာ ရှိနေကြောင်း သူ သိနေ၏။ အကယ်၍ သူတို့ကသာ တိုက်ခိုက်ရမည်ဆိုလျှင် သူတို့အားလုံးကို အနိုင်ရစေ‌ရန် အတော်လေး ‌ကြိုးစားရမည် ဖြစ်သည်။ သူနှင့် မတူသည်မှာ စုမုန့်က အဖွဲ့လိုက် တိုက်ပွဲကို မည်သို့ တိုက်ခိုက်ရမည်ဖြစ်ကြောင်း သေချာသိနေသည့်အတွက် ထိုအဖွဲ့ကို မည်သို့ရင်ဆိုင်ရမည် ဖြစ်ကြောင်း သေချာသိနေသည် မဟုတ်ပေလော။

ထိုအချိန်တွင် မုန့်ချီက လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏လက်ချောင်းလေးများထဲမှနေ၍ အလင်းတန်း (၅) ခု ထွက်လာပြီး နှင်းတောင်ကြာပန်းကို လက်ဖဝါးထဲသို့ ဆွဲယူလိုက်သည်။

တစ်ချိန်တည်းတွင် နှင်းတောင်ကြာပန်းကို ပစ်ပေးလိုက်သူကတော့ တောင်ကုန်းပေါ်မှ ဆင်းသွားပြီး ရေခဲနံရံမှ ထိုးထွက်နေသော အပိုင်းပေါ်တွင် လက်နှင့် ခြေထောက်များကိုသုံးပြီး တရွေ့ရွေ့ ဆင်းသွားနေသည်။ သူကတော့ ကြည်လင်နေသည့် လက်အိတ်တစ်စုံကို ဝတ်ထားသည့်အလား သူ၏လက်နှစ်ဖက်က တည်ငြိမ်နေပြီး ရေခဲနံရံများပေါ်တွင် ကပ်နေနိုင်၏။

"ကြည့်ရတာ စုမုန့်က ကြာပန်းကို လိုချင်နေတယ်ထင်တယ်..။.ဒီတော့ လူတိုင်းကို တိုက်ခိုက်တော့မှာပဲ.."

မုန့်ချီ၏ တိုက်ပွဲကို ကြည့်ရတော့မည်ဖြစ်သည့်အတွက် ရှန်းကွမ်းဟန်က ပို၍စိတ်လှုပ်ရှားလာခဲ့သည်။

ထိုလူအုပ်ကြီးကတော့ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

"ဟိုမှာ...ဟိုမှာ ရှိတဲ့လူက အဲဒါကိုရသွားပြီ။ သူ့ကို ဝိုင်းလိုက်ကြ..။ သူ့ကို ထွက်မပြေးစေနဲ့.."

သူတို့အားလုံးက သူ့ကို လမ်းပိတ်ထားရန် ကြိုးစားနေကြသည်။

လူတိုင်းက တောင်ထိပ်ပေါ်တွင် ရှိနေသော အဖိုးတန်ဆေးပင်များနှင့် ရှားပါးမကောင်းဆိုးဝါးများကို လိုက်လံရှာဖွေနေသည့်အတွက် ဤနေရာတွင် ရှိနေသော ပတ်ဝန်းကျင်အခြေအနေကို ဂရုစိုက်ရန် သူတို့၏အကြီးအကဲများက သတိပေးထားကြသည်။

တောင်ထိပ်အမြင့်ပိုင်းသို့ ရောက်လာလေလေ၊ နှင်းများက ပို၍သိပ်သည်းလာလေ ဖြစ်သည်။ လှုပ်ရှားမှု ကြီးကြီးမားမား ပေါ်လာလျှင် သို့မဟုတ် ကျယ်လောင်သော အသံများ ဖြစ်လာလျှင် သဘာဝပြောင်းလဲမှုပေါင်းများစွာကို ဖြစ်ပေါ်လာနိုင်သည်။ ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်များကပင် ထိုအခြေအနေကို ရင်ဆိုင်ရန် အတော်လေး ခက်ခဲနိုင်၏။ အကယ်၍ အချိန်မီ ထွက်ပြေးနိုင်ခြင်း မရှိလျှင် သာမာန်ဝေ့ကျင်းအဆင့် ပညာရှင်များအတွက်ပင် အသက်ရှင်ရန် စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်သေး၏။

ရုတ်တရက်ဆိုသလို နှင်းတောင်ကြာပန်းကို ကိုင်ထားသော အပြာဝတ်လူငယ်က လေထဲသို့ ခုန်လိုက်သည်။ သူက ချောမွေ့သော မြေပြင်ပေါ်တွင် တစ်ပတ်ကျွမ်းထိုးလိုက်ပြီး အတောင်ပံဖြန့်ထားသော သိမ်းငှက်တစ်ကောင်ကဲ့သို့ တောင်အောက်ကို ပျံသန်းသွားခဲ့၏။

"သူက သူ့ကိုယ်သူ သေကြောင်းကြံလိုက်တာလား..."

ကြာပန်းနောက်သို့ လိုက်လာသော ပညာရှင်များအားလုံးက အံ့ဩမှင်တက်နေကြ၏။

ရှန့်ကွမ်းဟန်ကလည်း အတူတူသာ ဖြစ်သည်။ မုန့်ချီက လူအုပ်ကြီးကို ရင်ဆိုင်တော့မည်ဟု သူက တွေးခဲ့မိ၏။ ယခုတော့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေမည်ဟု မည်သူကရော တွေးမိမည်နည်း။

"သူက ကြောက်လို့ ချက်ချင်းထွက်ပြေးသွားတာလား..."

ရှန့်ကွမ်းဟန်က မုန့်ချီ၏ကိုယ်ဖော့ပညာကို မြင်ဖူးထားသည့်အတွက် မုန့်ချီက ကြောက်လန့်မှုကြောင့် သူ့ကိုယ်သူ သတ်သေလိမ့်မည်ဟု ယုံကြည်ပေးနိုင်ခြင်း မရှိချေ။

ကြာပန်းကို ပစ်ပေးသွားသောသူက အောက်သို့ ဖြည်းညင်းစွာ ဆင်းနေခဲ့၏။ ရုတ်တရက် ဆိုသလို အရိပ်တစ်ခုက လရောင်ကို ဖုံးကွယ်သွားသည့်အလား သူ၏ပတ်ဝန်းကျင်က မှေးမှိန်‌သွားကြောင်း ခံစားမိလိုက်သည်။ သူက သတိလက်လွတ် ခေါင်းမော့ကြည့်လိုက်ရာ လေထဲမှနေ၍ လူတစ်ယောက် ပျံသန်းလာကြောင်း မြင်တွေ့လိုက်ရသည်။

သူ၏အဝတ်အစားများက လေလှိုင်းများကြောင့် တဖျတ်ဖျတ် မြည်နေပြီး ကောင်းကင်ပေါ်မှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည်။ သူက ခံစားချက်ကင်းမဲ့သော မျက်နှာအမူအရာနှင့် နှင်းတောင်ကြာပန်းကို လက်တစ်ဖက်တွင် ကိုင်ပြီး တခြားလက်တစ်ဖက်တွင် ဓားမောက်တစ်ချောင်းကို ကိုင်ထားသည်။

ထို့နောက် သူက လေထဲတွင် ရပ်တန့်လိုက်ပြီး အောက်သို့ တိုက်ခိုက်လိုက်၏။ ထိုဓားမောက် တိုက်ခိုက်မှုက အလွန်ကြောက်စရာကောင်းလွန်းလှသည်။ ထိုလူကလည်း သူ၏မျက်နှာပေါ်သို့ ကျရောက်လာသော စွမ်းအားများကို ခံစားမိနေ၏။ သူက အလွန်အန္တရာယ်များသော တောင်ထိပ်ပေါ်တွင် မဆင်မခြင် တိုက်ခိုက်ရဲခြင်း မရှိချေ။ ခဏတာ အံ့ဩမှင်တက်သွားခဲ့ပြီးနောက် မည်သည့်အရာများ ဖြစ်နေကြောင်း သူလည်း နားလည်သွားခဲ့၏။

"ဒီ...ဒီကောင်လေးက...သေမှာကို မကြောက်ဘူးလား..."

ရေခဲနံရံပေါ်တွင် တွယ်ကပ်နေသော ထိုလူက သူ၏တည်နေရာကို စိတ်ရှိတိုင်း ပြောင်းလဲနိုင်ခြင်း မရှိချေ။ ထို့ကြောင့် သူက နံရံကို နောက်ကျောနှင့် ကပ်လိုက်ပြီး လက်တစ်ဖက်နှင့် ခြေထောက်တစ်ဖက်ကိုသုံး၍ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ရသည်။

တစ်ချိန်တည်းတွင် သူ့ဓားကို ဆွဲထုတ်လိုက်ပြီး သူ့ဆီသို့ ရောက်လာသော စွမ်းရည်များကို ခုခံလိုက်သည်။ သူ့အစွမ်းကလည်း မဆိုးလှပေ။ မဟုတ်လျှင် သူက နှစ်(၁၀၀၀) နှင်းတောင်ကြာပန်းနှင့်အတူ ပညာရှင်အဖွဲ့တစ်ဖွဲ့၏ လက်ထဲမှ မည်သို့လွတ်မြောက်လာမည်နည်း။ သူ၏ လက်ဝါးစွမ်းရည်များက အလွန်အစွမ်းထက်လှပြီး ထိုးဖောက်၍ မရနိုင်သလို ထင်မှတ်ရသည်။ သို့သော် ထိုလူက တိုက်ခိုက်လိုက်သည့်အချိန်တွင် ဗလာဖြစ်သွားသလို ခံစားလိုက်ရ၏။

ထိုအချိန်တွင် မုန့်ချီ၏အရှိန်က မြန်လာပြီး သူ၏လက်ဝါးဓားနှင့် ဘေးဘက်မှ တိုက်ခိုက်လိုက်ကြောင်း မြင်လိုက်ရသည်။

"ဘုန်း"

ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့၏။ စွမ်းအားက အလွန်ကြီးမားလှသည့်အတွက် ဓားကိုင်ထားသော လက်က ထုံကျင်သွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့သွားခဲ့၏။ ထိုအရာက ကြောက်စရာကောင်းသော စွမ်းအားများ၏ အစစ်အမှန်အသုံးချမှုလည်း ဖြစ်သည်။

သူ၏သိုင်းပညာလေ့ကျင့်မှုကို ကောင်းလန်က အကြံပေးခဲ့ပြီးနောက် မုန့်ချီကတော့ သူ၏ဓားမောက်ပညာ၊ ဓားရှည်ပညာ၊ လက်ဝါးပညာ၊ လက်သီးတိုက်ခိုက်မှုနှင့် သိုင်းပညာပေါင်းစုံတွင် အချင်းချင်း ဆက်သွယ်နိုင်သောအဆင့်ကို ရောက်လာခဲ့၏။ ယခုတော့ သူက အင်မော်တယ် ပုံရိပ်ယောင် (၇)မျိုးကျင့်စဉ်ကိုပင် တုပအသုံးပြုနိုင်လေသည်။

ထိုစွမ်းအားကို အခွင့်ကောင်းယူပြီး မုန့်ချီက ဓားကိုင်ထားသောလူ၏ရှေ့တွင် ဧရာမငှက်ကြီးတစ်ကောင်ကဲ့သို့ အလွယ်တကူ ပေါ်လာခဲ့သည်။ သူက ပုံသဏ္ဍာန်ကိုပြောင်းပြီး လက်ချောင်းလေးများကို သဏ္ဍာန်မဲ့ဓားတစ်ခုအဖြစ် ဖန်တီးလိုက်သည်။ ထို့နောက် ထိုလူ၏အကာအကွယ်များကို ထိုးဖောက်ပြီး သူ၏ရင်ဘတ်ထဲတွင် ရှိနေသော ပင်မသွေးကြောများကို တိုက်ခိုက်လိုက်၏။

အလွန်ကြောက်စရာကောင်းသော တောင်ထိပ်ပေါ်တွင် တွယ်ကပ်နေရသည့်အတွက် ထိုလူက သူ၏တည်နေရာကို စိတ်ကြိုက်ပြောင်းလဲ‌နိုင်ခြင်း မရှိသလို မုန့်ချီ၏ တိုက်ခိုက်မှုကိုလည်း ရှောင်တိမ်းနိုင်ခြင်း မရှိချေ။

သူကတော့ သွေးကြောများ အပိတ်ခံလိုက်ရသည်ကို ခံစားချက်ကင်းမဲ့စွာ ကြည့်နေလိုက်ရ၏။ ထို့နောက် ထိုလူငယ်က သူ၏အင်္ကျီစကိုဆွဲပြီး တောင်ထိပ်ပေါ်သို့ နောက်တစ်ကြိမ် ပြန်ခေါ်လာခဲ့သည်။ မုန့်ချီက ရေခဲနံရံများပေါ်သို့ ခြေထောက်နှင့် နင်း၍ အပေါ်တက်လာသည်မှာ မြေပြင်ပေါ်တွင် လမ်းလျှောက်နေသလို ထင်မှတ်ရ၏။

သူက အချိန်ကြာမြင့်စွာ ဆင်းမလာရဘဲ အပေါ်ဘက်နှင့် အတော်လေး နီးကပ်နေသည့်အတွက် ပေါ့ပါးနေသလို ခံစားနေရသည်။ ထို့နောက် သူက အပြာဝတ်လူငယ်နှင့်အတူ လုံခြုံသောနေရာသို့ နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့ရ၏။

……….

အခြေအနေကြောင့် ရှုပ်ထွေးသွားပုံရသော ပညာရှင်များက အစောပိုင်းတွင် သူခုန်သွားသောနေရာသို့ ပြေးလာခဲ့ကြ၏။

"သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…"

မုန့်ချီက ပြသာနာရှာခဲ့သူ၏နောက်သို့ လိုက်ရန် အောက်သို့ ခုန်ချသွားကြောင်း မြင်လိုက်ရသည့်အခါ ရှန့်ကွမ်းဟန်က နားမလည်နိုင် ဖြစ်နေသည်။ ထို့နောက် သူက ဆန့်ကျင်ဘက်သို့ ပြေးသွားခဲ့ပြီး နောက်မှ လိုက်လာသောသူများက သူ့နောက်သို့ လိုက်သွားကြ၏။ သူတို့က တဖြည်းဖြည်းနှင့် အဝေးကို ပြေးသွားကြသည်။

"သူ့နောက်ကို မြန်မြန်လိုက်ကြ…."

နောက်ဆုံးတွင်တော့ ထိုပညာရှင်များက နောက်တစ်ကြိမ် သတိပြန်ဝင်လာကြ၏။ သူတို့က အများကြီး စဉ်းစားမနေဘဲ မုန့်ချီပြေးသွားသောနေရာသို့ လိုက်သွားခဲ့ကြသည်။ ထိုနေရာတွင် ရှိနေသော အခြေအနေနှင့် အလွန်ရင်းနှီးနေသည့်အတွက် သူတို့နှင့် မုန့်ချီ၏အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာခဲ့၏။

ထိုအချိန်တွင် မုန့်ချီက ထိုလူ၏အင်္ကျီစကိုဆွဲပြီး တောင်ထိပ်ပေါ်သို့ ပြန်ရောက်လာသည်။ ထို့နောက် သူက ရှန့်ကွမ်းဟန်ဆီကို ပြေးသွားခဲ့၏။

"သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…"

ပထမတွင် နောက်မှ လိုက်လာသော ပညာရှင်များက ထူးဆန်းနေသလို ခံစားနေရသော်လည်း နှစ် (၁၀၀၀) နှင်းတောင်ကြာပန်းကိုတော့ လက်လွတ်ခံလိုခြင်း မရှိကြပေ။ထို့ကြောင့် သူတို့လည်း နောက်မှဆက်၍ ပြေးလိုက်လာကြ၏။

လေလှိုင်းများ၏ အကာအကွယ် ရှိနေသော နေရာသို့ ရောက်လာပြီးနောက် မုန့်ချီက နောက်မှလိုက်လာသောသူများကို စောင့်နေလိုက်သည်။ သူတို့အနားသို့ ကပ်လာသည့် အချိန်တွင် နှင်းတောင်ကြာပန်းကို ဓားကိုင်ထားသောသူ၏ လက်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီး သူ၏သွေးကြောများကို ဖွင့်ပေးလိုက်သည်။ ထို့နောက် မီးပုံဘေးတွင် အေးအေးဆေးဆေး ထိုင်နေခဲ့၏။

ရှန့်ကွမ်းဟန်အပါအဝင် လူတိုင်းက အံ့ဩမှင်တက်နေကြသည်။

"ဘာတွေဖြစ်ခဲ့တာလဲ…"

သူတို့အားလုံးဆီတွင် အတွေးတစ်ခုတည်းသာရှိနေကြ၏။

မုန့်ချီက ဓားကိုင်ထားသောလူနှင့် သူ့နောက်သို့ လိုက်လာသောလူများကိုကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ဆက်ပြီး ရှင်းကြပါ…"

ဓားကိုင်ထားသောလူက သတိလက်လွတ် နောက်ပြန်လှည့်ကြည့်လိုက်မိပြီး အကြောက်တရားများကို ခံစားလိုက်ရ၏။

"ဒီအကွာအဝေး...ဒီအကွာအဝေးက ငါ နှင်းတောင်ကြာပန်းကို ပစ်ပေးလိုက်တဲ့ အကွာအဝေးနဲ့ တစ်ထပ်တည်းပဲ…"

ပြောရမည်ဆိုလျှင် အရာအားလုံးက မုန့်ချီကို ပြသာနာမရှာခင် အခြေအနေသို့ ပြန်ရောက်သွားသလို ထင်မှတ်လိုက်ရသည်။ သူ့အတွက်သာ ခံစားမှုများက လုံးဝပြောင်းလဲနေခဲ့၏။

"ဒါကြောင့်လည်း သူက ဆက်ပြီး ဖြေရှင်းကြပါလို့ ပြောခဲ့တာပဲ…"

နောက်မှ လိုက်လာသူများကလည်း မုန့်ချီ၏ ရည်ရွယ်ချက်ကို နားလည်သွားကြပြီး အလွန်အံ့ဩသွားကြသည်။

"သူက ပြသာနာထဲကနေ ရှောင်ထွက်နိုင်ဖို့အတွက် ဒီလိုဒုက္ခခံခဲ့တာလား။ ဒါပေမယ့် သူက ပြသာနာကို ဖြေရှင်းနေရင်း ပြိုင်ဘက်ကင်းစွမ်းရည်ကို ပြသခဲ့တယ်..”

ပတ်ဝန်းကျင်သည် သုသာန်တစပြင်အလား တိတ်ဆိတ်နေခဲ့သည်။ ဓားကိုင်ထားသောသူက အခြေအနေကို ပထမဆုံး နားလည်လာပြီး တောင်ထိပ်ဆီသို့ အလွန်လျင်မြန်စွာ ပြေးထွက်သွားခဲ့၏။ သူကတော့ အလွန်ထူးခြားသော စွမ်းရည်ကိုသုံးပြီး ထွက်ပြေးရန် မျှော်လင့်နေခဲ့သည်။

သူ၏လှုပ်ရှားမှုကြောင့် တိတ်ဆိတ်မှုက ပြိုကွဲသွားသည့်အချိန်တွင် တခြားသူများက သူ့နောက်မှ လိုက်သွားခဲ့၏။ သူတို့တွေတစ်ယောက်မျှ မုန့်ချီကို လှည့်မကြည့်ရဲကြပေ။

"မင်းက ဘာကြောင့် အဲဒီလို လုပ်လိုက်ရတာလဲ…"

ရှန့်ကွမ်းဟန်က မေးလိုက်သည်။ မုန့်ချီ၏ရည်ရွယ်ချက်ကြောင့် သူက အလွန်ရှုပ်ထွေးနေပုံရ၏။

"လူသားနဲ့ ကောင်းကင်တသားတည်းအဆင့်ကို ရရှိဖို့နဲ့ သိုင်းပညာမှာ ငါ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ရှာတွေ့ဖို့အတွက် ကမ္ဘာမြေကြီးကို နားလည်ဖို့ ကြိုးစားနေရုံနဲ့ မလုံလောက်သေးဘူး…"

မုန့်ချီက အပြုံးနှင့် ဆက်ပြောလိုက်သည်။

"ငါက ငါ့ရဲ့စိတ်အခြေအနေကို လေ့ကျင့်ဖို့ လိုအပ်သလို ငါ့ရဲ့လောဘကို ထိန်းချုပ်ဖို့လည်း လိုအပ်တယ်..။ ငါက လက်ရှိအ‌ခြေအနေကနေ လုံးဝသွေဖယ်သွားလို့ မရဘူး..။ နှစ်(၁၀၀၀) နှင်းတောင်ကြာပန်းက ငါ့အတွက် အဖိုးတန်ပေမယ့် ငါ့ရဲ့သိက္ခာကိုအရင်ဆုံး စောင့်ထိန်းရမယ်..။ ငါက တခြားသူတွေဆီကနေ လုမယူဘဲ ကိုယ်တိုင်ရယူဖို့ပဲ ကြိုးစားရမယ်.။ ဒါပေမယ့် တစ်ခြားတစ်ယောက် ရသွားတဲ့အရာကိုတော့ သူတို့ရဲ့အလုပ်ကို ဝင်မရှုပ်သင့်ဘူး..။ သူက သူ့ရဲ့ပြသာနာကို ငါ့ဆီ လွှဲပေးဖို့ ကြိုးစားခဲ့တာ..။ ဒါကြောင့် သူ့ကိုပြန်ပေးလိုက်ပြီး သူတု့ိကို ခြောက်လှန့်ဖို့ ဆုံးဖြတ်လိုက်တာ…"

သူပြောလိုက်သည့် အဖိုးတန်သည်ဆိုသည်မှာ ကံကြမ္မာအမှတ် အမြောက်အများနှင့် လဲလှယ်နိုင်သည်ကို ဆိုလိုခြင်းဖြစ်သည်။

"ငါက အဲဒါကို နားလည်ပါတယ်.။ ဒါပေမယ့် ဘာလို့ ပြသာနာဆက်မှာလဲ ...မင်းက ဘာလို့ ဆက်ပြီး ဖြေရှင်းကြပါလို့ ပြောရတာလဲ…"

ရှန့်ကွမ်းဟန်က သူ ရှုပ်ထွေးနေသော မေးခွန်းကို မေးလိုက်သည်။

မုန့်ချီက သူ၏မျက်လုံးထဲကို လေးလေးနက်နက် စိုက်ကြည့်လိုက်၏။

"မင်းက အဲဒါကို နားလည်မှာ မဟုတ်ပါဘူး…"

သူက ‌ပြောလိုက်သည်။

အမှန်တကယ်လည်း ရှန့်ကွမ်းဟန်က နားမလည်နိုင်ခဲ့ပေ။ ထို့ကြောင့် သူလည်း ထပ်မမေးတော့ဘဲ ချီစွမ်းအင်လှည့်ပတ်မှု လုပ်ဆောင်ပြီး အရုဏ်တက်ချိန် ရောက်သည်အထိ စောင့်ဆိုင်းနေခဲ့သည်။

နောက်တစ်နေ့တွင်တော့ သူတို့က တောင်ထိပ်ပေါ်သို့ ရောက်လာခဲ့၏။ သူတို့၏ ခရီးလမ်းတွင် ကြောက်စရာကောင်းသော အခိုက်အတန့်များစွာ ပြည့်နှက်နေသော်လည်း တစ်ခုမျှ အသက်အန္တရာယ်မဖြစ်ခဲ့ပေ။

တောင်ထိပ်ပေါ်တွင် ရှိနေသော ‌နယ်မြေက အတော်လေးကို သေးငယ်ပြီး နှင်းများ ဖုံးလွှမ်းနေသော ကျောက်တုံးအနည်းငယ် ရှိနေသည်။ အလယ်တွင်တော့ ရေခဲများနှင့် ဖန်တီးထားသော အိမ်လေးတစ်လုံး ရှိနေ၏။ ထိုအိမ်လေး၏ပုံစံကိုကြည့်ပြီး အတွင်းထဲတွင် လူတစ်ယောက် တင်ပျဉ်ခွေ ထိုင်သာရုံသာရှိသည်။

ထူးဆန်းသော လူ(၁)ယောက်က အတွင်းထဲတွင် ထိုင်နေခဲ့၏။ သူ၏မုတ်ဆိတ်နှင့် ဆံပင်များက မီးခိုးရောင် ပြောင်းလဲနေပြီး မျက်နှာတစ်ခုလုံးကို လွှမ်းခြုံနေသည်။ မျက်လုံးတစ်စုံကသာ ကြည်လင်တောက်ပနေခဲ့၏။ သူက အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်ပြီး တစ်ယောက်တည်း လေးလေးနက်နက် စဉ်းစားနေခဲ့သည်။

"ဆရာကြီးဟွမ်လျန့်...

ကျွန်တော်က ရှန့်ကွမ်းမိသားစုက ရှန့်ကွမ်းဟန်ပါ...ဆရာကြီးဆီကို လာလည်တာ.."

ရှန့်ကွမ်းဟန်က သူ့ကို တလေးတစား နှုတ်ဆက်လိုက်သည်။

ထိုလူ၏မျိုးရိုးက ဟွမ်ဖြစ်ကြောင်း ရှန့်ကွမ်းဟန် ပြောသည်ကို မုန့်ချီက ကြားခဲ့ဖူးသည်။ လူတစ်ယောက်၏သက်တမ်းက အိမ်မက်တစ်ခုသဖွယ် ဖြစ်နေကြောင်း ယုံကြည်နေသည့်အတွက် သူက သူ့ကိုယ်သူ ဟွမ်လျန့်ဟု နာမည်ပေးထားခြင်း ဖြစ်သည်။

ထိုလူကတော့ သူတို့ကို လျစ်လျူရှု့ထားပြီး တစ်ယောက်တည်း စဉ်းစားနေခဲ့၏။

"ဆရာကြီးဟွမ်...

ကျွန်တော်က ဒီနေ့ မိတ်ဆွေတစ်ယောက် ခေါ်လာခဲ့တယ်..။ သူကလည်း ကမ္ဘာမြေကြီးရဲ့ အစစ်အမှန် အနှစ်သာရတွေကို မကြာခဏ စဉ်းစားနေတာ.။ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာကြီးနဲ့ ဆွေးနွေးလို့ရတယ်..."

ရှန့်ကွမ်းဟန်က သူ၏စိတ်အခြေအနေကို ထိန်းချုပ်ရန် ကြိုးစားပြီး ရှင်းပြလိုက်သည်။ ထိုထူးဆန်းသောသူက မုန့်ချီကို ရုတ်တရက် ပြန်လှည့်ကြည့်လိုက်ပြီး လေးလေးနက်နက် မေးလိုက်၏။

"မင်းကလည်း အစစ်အမှန် အနှစ်သာရတွေကို နားလည်ချင်နေတာလား…"

"ဟုတ်တယ်...။ ကျွန်တော်က တူညီတဲ့ အတွေးပေါင်းများစွာကို စဉ်းစားနေတာ..။ ဥပမာအနေနဲ့ပြောရရင် ပြောင်းလဲနိုင်တဲ့ အရာတွေနဲ့ ပြောင်းလဲလို့မရတဲ့အရာတွေ၊ တကယ်လို့ ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာကြီးက ထူးခြားမယ်ဆိုရင် စကြဝဠာထဲမှာရှိတဲ့ ကြယ်တွေရဲ့ကြားထဲမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေက ဘာတွေလဲ...အဲဒီလိုအရာမျိုးတွေပေါ့…"

မုန့်ချီက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

"နာမည်ကျော်ဂိုဏ်းတွေနဲ့ မိသားစုတွေကလွဲရင် ဒီကမ္ဘာကြီးထဲမှာ ငါနဲ့အတွေးတူတဲ့သူတွေ ရှိနေသေးတာပဲ...ငါ တစ်ယောက်တည်း မဟုတ်တော့ဘူး.."

ထူးဆန်းသောသူက အပြုံးနှင့် ပြောလိုက်၏။

သူ၏မျက်လုံးများက ခန့်မှန်း၍ မရနိုင်သော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ နက်ရှိုင်းလွန်းလှသည်။ သူက ညအချိန် ကြယ်များကို ကြည့်နေသလို ထင်မှတ်ရပြီး သူ၏မျက်လုံးထဲတွင်လည်း အနှစ်သာရ ပျောက်ဆုံးခြင်းနှင့် ရှုပ်ထွေးမှုများ ခံစားမိနေ၏။

"ငါက သာမာန်လူသားတွေထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားနိုင်တယ်။ ဘာလို့လဲဆိုတော့ ငါ ရရှိထားတဲ့ အနှစ်သာရတွေ၊ ငါသင်ယူထားတဲ့ လျှို့ဝှက်ချက်တွေကြောင့်ပဲ...ပြီးတော့..."

သူက ခဏကြာရပ်ပြီး ဆက်ပြောလိုက်သည်။

"ငါက ဒီကမ္ဘာကြီးထဲက လူတစ်ယောက် မဟုတ်ဘူး…"

မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့၏။

"ဒါဆိုရင် သူကလည်း ငါ့လို အချိန်ခရီးသွားတစ်ယောက်ပဲလား...ဒါမှမဟုတ် သူက သံသရာကမ္ဘာကြီးထဲကလား…"

ရှန့်ကွမ်းဟန်ကတော့ ပို၍ပင် အံ့ဩသွားခဲ့သည်။

"ဒီအရူးက ဒီကိစ္စကို လုံးဝမပြောဖူးပါလား...ဒါပေမယ့် အရူးတွေရဲ့စကားက ပြည့်ပြည့်၀၀ ယုံကြည်လို့မှ မရနိုင်တာ…"

"ငါ့ရဲ့ကမ္ဘာကြီးထဲမှာလည်း လူသားတွေက သိုင်းပညာ လေ့ကျင့်ကြတယ်…"

ဟွမ်လျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

Translated by Hein Htet.

All Chapters