← Chapters

အခန်း (၄၅၄)

Vol. 31 Ch. 454

အခန်း (၄၅၄)

Vol. 31 Ch. 454

တောင်ထိပ်ပေါ်တွင် တဟူးဟူး တိုက်ခတ်နေသော လေလှိုင်းများက အလွန်ပြင်းထန်လွန်းလှသည်။ ရာသီဥတု အခြေအနေကြောင့် အရိုးခိုက်အောင် အေးစက်သော လေလှိုင်းများ ဖြစ်နေပြီး အရေပြားက အက်ကွဲလာ၍ သွေးများကပင် အေးခဲသွားနိုင်သည်။

မည်သို့ဖြစ်စေကာမူ ဟွမ်လျန့်၏ အက်ရှရှ လေသံထဲတွင် စွမ်းအားများ ပြည့်နှက်နေသေး၏။ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။

"ငါက ငါ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို နားလည်ဖို့အတွက် သိုင်းပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တယ်။ ငါက လေဟာနယ် နယ်ပယ်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အချိန်မှာတော့ ငါတို့ကမ္ဘာကြီးနဲ့ ကွဲပြားတဲ့ ဒီကမ္ဘာကြီးထဲမှာပဲ အဆုံးသတ်ခဲ့ရတယ်…"

"ဒါက အဆင့်တက်ခြင်း ဥပမာတစ်ခုလား…"

မုန့်ချီကတော့ သူ၏ရှင်းလင်းချက်များထဲတွင် ရယ်စရာကောင်းသော အတွေးတစ်ခုကို တွေ့လိုက်ရသည်။

"ကမ္ဘာ (၂) ခုရဲ့ ကွဲပြားမှုတွေကို ကြုံတွေ့လိုက်ရတဲ့အချိန်မှာ ငါက ပိုပြီးအခြေခံကျတဲ့ မေးခွန်းတွေကို စဉ်းစားလာမိခဲ့တယ်။ တကယ်လို့ ငါကသာ နောက်တစ်ကြိမ် လေဟာနယ် နယ်ပယ်အဆင့်ကို ချိုးဖျက်နိုင်မယ်ဆိုရင် ဘယ်နေရာမှာ အဆုံးသတ်သွားမှာလဲ။ တကယ်လို့ ငါက အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့မယ်ဆိုရင် တဖြည်းဖြည်းနဲ့ ငါကိုယ်တိုင် ဘယ်နေရာကို သွားရှာရမှာလဲ။ ငါ့ရဲ့နောက်ဆုံး ဦးတည်ချက်က ငါသွားခဲ့ဖူးတဲ့ နေရာတွေအားလုံးနဲ့ ကွဲပြားနေမှာလား။ ဘာလို့ နောက်ဆုံးဦးတည်ချက်တစ်ခု ရှိနေရတာလဲ။ ဘာကြောင့် ငါ့ရဲ့အဆင့်တက်မှုတိုင်းက ကန့်သတ်ချက်တစ်ခု ဖြစ်နေရတာလဲ…"

ဟွမ်လျန့်၏ မေးခွန်းပေါင်းများစွာက ကောင်းကင်ဘုံကို မေးမြန်းနေသလို ထင်မှတ်ရသည်။

ရှန့်ကွမ်းဟန်ကတော့ သူ့စကားကို နားထောင်နေရင်း တဖြည်းဖြည်း ခေါင်းကိုက်လာခဲ့၏။ သူက အသံတိုးတိုးနှင့် ရေရွတ်လိုက်မိသည်။

"လမ်းကြောင်း...။ ဒီအဖြေကတော့ သေချာပေါက် လမ်းကြောင်းတစ်ခုပဲဖြစ်မယ်…"

တာအိုဘိုးဘေးများ ၊ ရှေးဟောင်းအင်ပါယာ (၅) ယောက်နှင့် ဗုဒ္ဓများ တည်ရှိနေခဲ့သည့်ခေတ်က ပြီးဆုံးသွားခဲ့သည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။ ဓမ္မကာရအဆင့်ထက် ကျော်လွန်သော အတွေ့အကြုံများကိုလည်း အထက်တန်းလွှာ မိသားစုများ ၊ မြစ်အရှေ့ပိုင်းတွင် ရှိနေသော ဝမ်မိသားစုနှင့် သခင်မစုကဲ့သို့သော အဖွဲ့အစည်းများကသာ သိနေကြသည်။ ထိုသို့ဆိုရာတွင် သိုင်းပညာလေ့ကျင့်ရသည့် အမြင့်ဆုံးဦးတည်ချက်ကတော့ ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေရန်သာဖြစ်၏။

ဟွမ်လျန့်က ရှန့်ကွမ်းဟန်ကို စိုက်ကြည့်လိုက်ပြီး လေသံပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်သည်။

"ရူးလိုက်တာ..."

ရှန့်ကွမ်းဟန်၏ မျက်နှာက နီရဲသွားခဲ့၏။ ထိုသို့ဆိုရာတွင် ထိုလူက တောင်ထိပ်ပေါ်တွင် မစားမသောက်ဘဲ နှစ်ပေါင်းများစွာ နေနိုင်သည့်အတွက် သူ့ထက် အဆပေါင်းများစွာ အဆင့်မြင့်ကြောင်း သိနေသည်။ ထို့ကြောင့် သူက ပါးစပ်ပိတ်ထားပြီး ခြေထောက်အောက်တွင် ရှိနေသော ရေခဲများကိုသာ စူးစူးနစ်နစ် စိုက်ကြည့်နေခဲ့၏။

"အကြိမ်ပေါင်းများစွာ တက်လှမ်းခြင်း..."

မုန့်ချီက ထိုအရာကို စဉ်းစားမိလိုက်ရုံနှင့် ခေါင်းထဲတွင် မူးနောက်နေခဲ့၏။ ခဏကြာစဉ်းစားပြီးနောက် သူက ပြန်ဖြေလိုက်သည်။

"တကယ်လို့ ဆရာကြီးက ဦးတည်ချက်ကို ရောက်ပြီဆိုရင်တော့ အစစ်အမှန်ဗုဒ္ဓနဲ့ တွေ့နိုင်ပြီး မူလကနဦး အခြေအနေကို ပြန်ရောက်သွားနိုင်တယ် မဟုတ်လား…"

သူ့မေးခွန်းက ရှန့်ကွမ်းဟန်၏ မိတ်ဆွေကို စိတ်ပျက်သွားမှာ စိုးရိမ်နေခဲ့သည်။ အကယ်၍ ထိုသို့ဖြစ်သွားမည်ဆိုလျှင် ဟွမ်လျန့်က သူတို့နှင့်စကားပြောရန် စိတ်ဝင်စားတော့မည် မဟုတ်ဘဲ သူတို့ကို တောင်ပေါ်မှ မောင်းချနိုင်သည်။

"တကယ်လို့ မင်းကသာ နှစ်နှစ်ကာကာ လေ့ကျင့်လိုက်မယ်ဆိုရင် ဗုဒ္ဓလို စိတ်နေသဘောထားတွေ ရလာနိုင်တယ်…"

ဟွမ်လျန့်က ပြောလိုက်၏။

သူက တာအိုလမ်းစဉ်နှင့် ပတ်သက်ပြီး သေချာနားလည်ထားခြင်း ရှိပုံမရချေ။ သူက မူလအခြေအနေအကြောင်းကို မှတ်ချက်မပေးခဲ့ပဲ ဆက်၍ပြောလိုက်၏။

"ငါကတော့ အမြဲတမ်း စဉ်းစားနေခဲ့တာ။ ငါသွားခဲ့တဲ့ ကမ္ဘာကြီးတွေကသာ အတုဖြစ်ခဲ့မယ်ဆိုရင် အခုချိန်မှာ မြင်နေရတဲ့အရာတွေကရော အမှန်တရားတွေလား။ တကယ်လို့ ငါသွားခဲ့တဲ့ ကမ္ဘာကြီးတွေက အတုမဟုတ်ဘူးဆိုရင် ဘာလို့ ငါက အဆင့်တက်တဲ့အချိန်မှာ လေဟာနယ်ကို ချိုးဖျက်သွားဖို့ လိုအပ်တာလဲ…”

“ငါက ငါ့ရဲ့ကိုယ်ပိုင်မေးခွန်းတွေကို အဖြေမရခဲ့တဲ့အချိန်မှာ အမှန်တရားက ဘာလဲဆိုတဲ့အကြောင်း နားလည်အောင်လို့ ပညာရှင်တစ်ယောက်က ကူညီပေးခဲ့တယ်။ အမှန်တရားကို ရှာဖွေဖို့အတွက် ငါက နေ့တိုင်းဒီနေရာမှာ စဉ်းစားနေခဲ့တာ…"

"အမှန်တရားလား…"

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး ရှန့်ကွမ်းဟန်ကတော့ ခေါင်းပေါက်တော့မတတ် ခံစားနေရသည်။

"ကမ္ဘာကြီးတိုင်းမှာ အမှန်တရားနယ်ပယ်တစ်ခု ရှိတယ်။ အဲဒါကို နှလုံးသားထဲကပဲ သိနိုင်တဲ့အတွက် ရှင်းပြလို့လည်း မရနိုင်သလို ငါတို့နားလည်တဲ့ အခြေအနေနဲ့လည်း ဖော်ပြလို့ မရနိုင်ဘူး။ အဲဒီအဆင့်မှာ အချိန် ၊ လေဟာနယ် ၊ အကြောင်းတရားနဲ့ အကျိုးတရား ၊ သေခြင်းရှင်ခြင်းသဘောတရားတွေ မရှိဘူး။ အရာအားလုံးကို ခံစားနိုင်ပြီး အရာအားလုံးကို နားလည်နိုင်တယ်။ အရာအားလုံးကို ခံစားကြည့်နိုင်တယ်။ အဲဒါက ငါတို့နားလည်နိုင်မှာ မဟုတ်တဲ့ အရာတစ်ခုပဲ။ ဘာလို့လဲဆိုတော့ သူတို့က အစစ်အမှန် မဟုတ်လို့ပဲ။ မတူညီတဲ့စိတ်တွေ ပေါင်းစပ်သွားတဲ့အချိန်မှသာ အဲဒီအရာကို မြင်တွေ့ရနိုင်တယ်…"

ဟွမ်လျန့်က ရှင်းပြလိုက်၏။ သူ့အသံက တဖြည်းဖြည်း ကျယ်လောင်လာပုံရပြီး ဤနယ်မြေထဲတွင် ပြည့်နှက်နေခဲ့သည်။

"တာအိုလမ်းစဉ်မှာတော့ အဲဒါကို တာအိုလို့ခေါ်တယ်။ ဗုဒ္ဓလမ်းစဉ်မှာတော့ အဲဒါကို ဗုဒ္ဓ ဒါမှမဟုတ် ဗောဓိလို့ ခေါ်ကြတယ်။ ဗြဟ္မာလမ်းစဉ်မှာတော့ အဲဒါကို ဗြဟ္မာနယ်ပယ်အဆင့်လို့ ခေါ်ကြတယ်…"

"တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေးပဲ…”

မုန့်ချီကတော့ သူ၏ရှင်းပြမှုကြောင့် အတော်လေး စိတ်ဝင်စားလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ့ဆီတွင်လည်း မူလဇစ်မြစ်နှင့် ပတ်သက်သော တူညီသည့် နားလည်မှုများ ရှိနေခဲ့၏။ သူ၏ရှင်းပြမှုများက ဗုဒ္ဓလမ်းစဉ်နှင့် ဆန့်ကျင်နေသော်လည်း မုန့်ချီကတော့ ထိုခေါင်းစဉ်နှင့် ပတ်သက်ပြီး နားလည်မှုများ တိုးမြင့်လာခဲ့သည်။

"နှလုံးသားရဲ့ အပြင်ဘက်မှာတော့ ပြောင်းလဲမှုတွေ ၊ အပေါ်ယံတွေ ပြည့်နှက်နေတဲ့ နယ်ပယ်တစ်ခု ရှိတယ်။ အဲဒီနေရာမှာ မတူညီတဲ့ နိယာမတွေက အချင်းချင်း ပေါင်းစပ်နေတယ်။ ဒီနယ်ပယ်ကတော့ ပြင်ပလွှမ်းမိုးမှုတွေကြောင့် ပြောင်းလဲသွားမှာ မဟုတ်ဘူး။ တာအိုလမ်းစဉ်မှာတော့ အဲဒါက အမြင့်ဆုံးကောင်းကင်လို့ခေါ်နိုင်တယ်။ ဗုဒ္ဓလမ်းစဉ်မှာတော့ အဲဒါက သန့်စင်နယ်မြေပေါ့။ ဗြဟ္မာလမ်းစဉ်မှာတော့ အဲဒါက ဗြဟ္မာနယ်မြေလို့ ခေါ်ကြတယ်။ ငါ့ဂိုဏ်းမှာတော့ ဒီနယ်ပယ်နဲ့ ပင်မဗဟိုကို ပူးပေါင်းပြီး အမှန်တရားနယ်ပယ်လို့ခေါ်တယ်။ အဲဒီအထဲမှာ လုံးဝမပြောင်းလဲနိုင်တဲ့ အနှစ်သာရတွေ ပါဝင်နေတယ်…"

ဟွမ်လျန့်က ရှင်းပြလိုက်ပြီး သူ၏မျက်လုံးထဲတွင် လေးနက်မှုများ ပြည့်နှက်နေ၏။ သူက ခဏရပ်လိုက်ပြီးနောက် ရေခဲမြူခိုးများကို ဖြတ်တောက်ပစ်နေသော မုန်တိုင်းတစ်ခုသဖွယ် ပြောင်းလဲသွားသလို ထင်မှတ်ရသည်။

ထို့နောက် သူက ဆက်ပြောလိုက်၏။

"အမှန်တရားနယ်ပယ်ရဲ့ အပြင်ဘက်မှာတော့ မတူညီတဲ့စွမ်းအားတွေက မတူညီတဲ့ အနှစ်သာရတွေကနေ ထွက်ပေါ်လာတယ်။ သူတို့တွေက သဘာဝတရားကြီးနဲ့ ပေါင်းစပ်ပြီး မတူညီတဲ့ကမ္ဘာကြီးတွေကို ဖန်တီးကြတယ်။ ပြောရမယ်ဆိုရင်တော့ ပညာရှင်တစ်ယောက်က မသေမျိုး ဖြစ်လာနိုင်ခြေရှိတယ်။ ဒါပေမယ့် အမှန်တရားနယ်ပယ်ရဲ့ စွမ်းအားတွေ ပြောင်းလဲသွားမယ်ဆိုရင် ကမ္ဘာမြေကြီးရဲ့ အနှစ်သာရတွေကလည်း ပြောင်းလဲသွားလိမ့်မယ်။ အဲဒီလိုဖြစ်တဲ့အချိန်ကျရင် အင်မော်တယ် မသေမျိုးတွေကတောင် သူတို့ရဲ့စွမ်းအားတွေအားလုံးကို ဆုံးရှုံးကြရလိမ့်မယ်။ မင်းက ငါ့စကားကို ယုံချင်မှ ယုံမယ်ဆိုတာ ငါ နားလည်တယ်။ ဒါပေမဲ့ မတူညီတဲ့ ကမ္ဘာအသီးသီးရဲ့ ကွာဟမှုကြီးတွေအတွက် အဲဒါက တစ်ခုတည်းသော ဖြစ်နိုင်ခြေပဲ။ ပြီးတော့ ဓမ္မကာရအဆင့်ပညာရှင်တွေရဲ့ သက်တမ်းကုန်ဆုံးမှုကလည်း အဲဒါကြောင့်ပဲ ဖြစ်နေတာ…"

မုန့်ချီက ဟွမ်လျန့်၏ စကားလုံးများကို စိတ်ဝင်တစား နားထောင်နေခဲ့သည်။ သူက ဓမ္မကာရအဆင့် ပညာရှင်များ၏ သက်တမ်းကုန်ဆုံးမှုအကြောင်းကို ပြောသည့် အချိန်မှသာ မုန့်ချီက သတိထားမိခဲ့သည်။ ထိုအတွေးက လုံးဝကျိုးကြောင်းဆီလျော်မှု မရှိသော အတွေးတစ်ခုတော့ မဟုတ်တော့ပေ။ သို့သော် သူ့ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်လာခဲ့၏။

"ငါက အနောက်သို့သွားခြင်း ကမ္ဘာကြီးထဲမှာ ရှိနေတဲ့အချိန် ဘာလို့အစွမ်းထက် ပညာရှင်တွေရဲ့ သက်တမ်းက ပြောင်းလဲမှုမရှိရတာလဲ။ သူတို့ရဲ့သက်တမ်းတွေက ငါ့ကမ္ဘာကြီးထဲက သမိုင်းကြောင်းထဲက လူတွေနဲ့ ဘာကြောင့်တိုက်ဆိုင်နေရတာလဲ.."

ဟွမ်လျန့်က ဆက်ပြောလိုက်၏။

"အဲဒါကြောင့်ပဲ တချို့ကမ္ဘာကြီးတွေထဲက အကြောင်းကို ငါတို့က ရှင်းပြနိုင်တယ်။ ကြယ်တစ်လုံးပေါ်မှာ နေထိုင်တဲ့သက်ရှိတွေ၊ နေလုံးကြီးရဲ့ပတ်ပတ်လည်မှာ နေထိုင်တဲ့ သက်ရှိတွေ၊ တခြားကမ္ဘာကြီးတွေမှာတော့ မြေပြင်ကြီးက လေးထောင့်ဖြစ်နေပြီး ကောင်းကင်ကြီးက လုံးဝိုင်းတယ်။ အရှေ့ပိုင်းမှာ ဖူစန့်သစ်ပင်ရှိပြီး အနောက်ပိုင်းမှာတော့ ခွန်းလွန်တောင်ထိပ်ရှိတယ်…"

"နေကို လှည့်ပတ်နေတဲ့ ကြယ်တစ်လုံးပေါ်မှာ နေထိုင်တာလား…"

ထိုအတွေးကြောင့် မုန့်ချီက ပို၍ပင် ထိတ်လန့်သွားခဲ့၏။

"ဒါက ငါတို့ရဲ့ကိုယ်ပိုင်ကမ္ဘာကြီးနဲ့ တစ်ထပ်တည်းပဲ မဟုတ်လား…"

ဟွမ်လျန့်က ခါးသီးစွာ တုံ့ပြန်လိုက်မိသည်။

"သူတို့က ကြယ်တစ်လုံးပေါ်မှာနေတာ သေချာရဲ့လား…"

မုန့်ချီက တည်ငြိမ်စွာ မေးလိုက်၏။

ဟွမ်လျန့်က သိုင်းပညာလေ့ကျင့်သူများ နေထိုင်သောကမ္ဘာကြီးမှ ရောက်လာခြင်း ဖြစ်သည်။ ထိုအရာက သူ၏ယခင်ဘဝဖြစ်သော ကမ္ဘာမြေနှင့် လုံးဝကို ကွဲပြား၏။ သူ၏ကမ္ဘာကြီးကလည်း သံသရာကမ္ဘာကြီးများထဲမှ တစ်ခု ဖြစ်နိုင်ခြေရှိသည်။ အကယ်၍ ထိုလူများကသာ ကြယ်တစ်လုံးပေါ်၌ အမှန်တကယ် နေထိုင်မည်ဆိုလျှင် သက်သေပြချက်များက ပို၍နီးစပ်လာနိုင်၏။

သူတို့နှစ်ယောက်က အကြိတ်အနယ် ဆွေးနွေးနေသည်ကို မြင်သည့်အခါ ရှန့်ကွမ်းဟန်က အံ့ဩနေခဲ့၏။ သူကတော့ သူတို့ (၂) ယောက်ကို အရူးများသဖွယ် ခံစားမိနေပြီး သူတို့ပြောနေသည့်စကားများကို နားမလည်နိုင်ခဲ့ပေ။

"နေတာပေါ့။ ငါတို့ကမ္ဘာကြီးထဲမှာ ပညာရှင်တွေ အများကြီးရှိတယ်။ တချို့က ကြယ်တွေဆီကို ခရီးသွားပြီး ပြန်လာနိုင်ကြတယ်။ တချို့ကတော့ တွက်ချက်ရာမှာ အရမ်းထူးချွန်ကြတယ်။ သူတို့က ကြယ်တွေရဲ့လှုပ်ရှားမှုကို တွက်ချက်နိုင်ပြီး ငါတို့ရဲ့ကြယ်က နေကို ပတ်နေတယ်ဆိုတာ ကောက်ချက်ချခဲ့တယ်…"

ဟွမ်လျန့်က တည်ငြိမ်သောလေသံနှင့် ပြောလိုက်သည်။

နောက်ဆုံးတွင်တော့ ရှန့်ကွမ်းဟန်က မနေနိုင်တော့ပဲ ဖြတ်ပြောလိုက်ရ၏။

"လူတိုင်းက ပျံသန်းနိုင်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ တကယ်လို့ ဆရာကြီးပြောတဲ့စကားက အမှန်ဆိုရင် သက်ရှိအများစုက အဆုံးမဲ့လေဟာနယ်ထဲကို ရောက်သွားတာ ကြာနေလောက်ပြီ…"

"မင်းလို ဘာမှမသိတဲ့လူတစ်ယောက်က ကြယ်စုတန်းရဲ့ရှုပ်ထွေးမှုတွေကို ဘယ်လိုနားလည်နိုင်မှာလဲ…"

ဟွမ်လျန့်က အထင်သေးစွာ ပြန်ဖြေလိုက်၏။

ရှန့်ကွမ်းဟန်၏မျက်နှာက နောက်တစ်ကြိမ် နီရဲသွားခဲ့ပြီး အံကြိတ်နေခဲ့သည်။

ထိုအချိန်တွင် မုန့်ချီ၏ခေါင်းထဲ၌ အတွေးတစ်ခုပေါ်လာပြီး မေးလိုက်၏။

"ဒါဆိုရင် နေလုံးကြီးက ကြယ်တွေလို တူညီတဲ့ အင်အားစုတွေကို ထိန်းသိမ်းထားတာလား…"

"ဟုတ်တယ်…"

ဟွမ်လျန့်ကတော့ အနည်းငယ် ဝမ်းသာနေသော အမူအရာနှင့် ပြန်ဖြေလိုက်သည်။ မုန့်ချီက အလွန်ဉာဏ်ကောင်းကြောင်း ခံစားမိလိုက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထိုနောက် သူက မျက်လုံးမှိတ်လိုက်ပြီး ထိုခေါင်းစဉ်ကိုဆက်၍ ဆွေးနွေးလိုခြင်း မရှိတော့ချေ။

ထိုအရာကို မြင်သည့်အခါ မုန့်ချီကလည်း ဒေါသမထွက်ခဲ့ပေ။ သူက အားရပါးရရယ်ပြီး ထွက်ခွာသွားခဲ့၏။ ရှန့်ကွမ်းဟန်ကလည်း မုန့်ချီ၏နောက်မှ ကပ်လိုက်လာခဲ့သည်။ သူတို့ တောင်ထိပ်ပေါ်မှ ဆင်းလာခဲ့သည့်အချိန်တွင် သူက မုန့်ချီကို မေးလိုက်သည်။

"မင်းက ဟွမ်လျန့်ရဲ့စကားတွေကို ယုံတာလား…"

"မယုံပါဘူး…"

မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်၏။

"မယုံဘူးလား…"

ထိုစကားကို ကြားသည့်အချိန်တွင် ရှန့်ကွမ်းဟန်ကတော့ နားမလည်တော့သလို ဖြစ်သွားခဲ့၏။

"မင်းက မယုံဘူးဆိုရင် ဘာလို့ ဒီလောက်တောင် အသည်းအသန် ဆွေးနွေးနေရတာလဲ…"

မုန့်ချီက ပြုံးနေခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူကတော့ ဟွမ်လျန့်၏ စကားထဲမှနေ၍ အရေးပါသော အချက်အလက် (၂) ခုကို နားလည်ခဲ့ရသည်။ တစ်ခုကတော့ ဟွမ်လျန့်က တခြားကမ္ဘာကြီးထဲမှ ရောက်လာခြင်းဖြစ်ပြီး လုံးဝိုင်းခြင်း မရှိသော တခြားကမ္ဘာကြီးများ ရှိနေသည်မှာလည်း အမှန်ဖြစ်သည်။

ရှန့်ကွမ်းဟန်က ဟွမ်လျန့်ကို အရူးတစ်ယောက်ဟု ခေါ်နေသော်လည်း သူတို့ စကားပြောနေစဉ် အတောအတွင်း ရူးသွပ်သည့်လက္ခဏာမျိုး မရှိချေ။ အစစ်အမှန်နယ်ပယ်နှင့် မတူညီသော ကမ္ဘာကြီးများအပေါ် ဖော်ပြချက်တချို့က အနည်းငယ် လွန်နေခြင်းသာ ရှိသည်။

သူ၏အတိတ်အတွေ့အကြုံများနှင့် သူနေထိုင်ခဲ့သော ကမ္ဘာကြီးအကြောင်းကို စဉ်းစားမိသည့်အချိန်တွင် သူ၏စကားလုံးများက အတိုင်းအတာတစ်ခုအထိ အံ့သြစရာကောင်းနေသေးသည်။ သူကတော့ ဇာတ်လမ်းဆင်၍ ပြောနေခြင်းလည်း ဖြစ်နိုင်ခြေရှိ၏။ မည်သို့ဖြစ်စေကာမူ သူ့ဆီတွင် သက်သေများရှိနေသည်။

သူက ကမ္ဘာမြေကြီးနှင့် သံသရာကမ္ဘာကြီးများထဲတွင် ထိုအရာများကိုရှာဖွေ၍ ရနိုင်သေး၏။ သူ၏အတွေးအခေါ်နှင့် ကိုယ်ပိုင်လမ်းကြောင်းကို သက်သေပြရန်အတွက် သူ၏နောက်ထပ်ခြေလှမ်းကတော့ စွမ်းရည်များအားလုံးကို စုစည်းပြီး ဗုဒ္ဓလက်ဝါး ၊ ကောင်းကင်ညသုတ်သင်ရှင်းလင်းရေး (၉) သွယ် ၊ ကောင်းကင်ရွှေကျင့်စဉ်နှင့် အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်တို့ကို အာရုံစိုက်ရမည်ဖြစ်သည်။

ရှန့်ကွမ်းဟန်၏ တုံ့ပြန်မှုကို လျစ်လျူရှုလိုက်ပြီး မုန့်ချီက လက် (၂) ဖက်ကိုသုံး၍ တောင်ပေါ်မှ လျင်မြန်စွာ ဆင်းလာခဲ့၏။ မုန့်ချီက ပြောင်းလဲသွားပြီဟု ရှန့်ကွမ်းဟန်က ခံစားလိုက်ရသည်။

သူ့ပုံစံက စွမ်းအားကင်းမဲ့နေသော သစ်တုံးခြောက်ကြီးကဲ့သို့ ဖြစ်နေပြီး မျက်လုံးများကလည်း အသက်မရှိတော့ပေ။ သို့သော် ပူပြင်းလာသော နေရောင်ခြည်နှင့် ရွာသွန်းနေသော မိုးရေများအောက်တွင် သူက မရပ်မနားရှေ့ဆက်သွားနေခဲ့၏။

သူက မြို့ကြီးများကို သွားရောက်လည်ပတ်ခြင်းမရှိသလို မီးဖိုခြင်းလည်း မရှိချေ။ ဆာလောင်လာလျှင် လမ်းဘေး၌ ရှိနေသော သစ်သီးများကို ခူးယူစားသောက်သည်။ ပင်ပန်းလာသည့် အချိန်တွင် နေရာ၌ ထိုင်၍ လေ့ကျင့်၏။

သူ့ဆံပင်များကလည်း ရှည်လျားလာပြီး မုတ်ဆိတ်များကိုလည်း ရိတ်သင်ခြင်း မရှိချေ။ သူ၏ရုပ်ရည်က တဖြည်းဖြည်း ကြောက်စရာကောင်းလာသော်လည်း သူ၏အတွင်းအား၊ ချီစွမ်းအင် ၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများအားလုံးက ခန္ဓာကိုယ်ထဲတွင် ထိန်းသိမ်းထားသလို ထင်မှတ်ရ၏။ တခြားလူများက စစ်ဆေးကြည့်ရန် လုံးဝမဖြစ်နိုင်တော့ပေ။

"သူက တောထွက်ရဟန်းတစ်ပါး ဖြစ်ချင်နေတာလား…"

ရှန့်ကွမ်းဟန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

မုန့်ချီကို ထိုကဲ့သို့ အခြေအနေနှင့် မြင်ရသည်မှာ နွေဦးရာသီ အစောပိုင်းမှနေ၍ ဆောင်းရာသီ အစောပိုင်းထိ ဖြစ်သည်။ သူတို့က မြောက်ဘက်ကို သွားလာနေရင်း တဖြည်းဖြည်းနှင့် မြောက်ပိုင်းကျိုးအင်ပါယာနှင့် မြက်ခင်းပြင်ကြားထဲတွင် ရှိနေသော နယ်စပ်ကို ရောက်လာခဲ့သည်။

"ငါတို့ရဲ့ရှေ့မှာ တျန်းကျဲတောင်တန်းရှိတယ်။ မင်းက မြက်ခင်းပြင်ကို သွားချင်လို့လား…"

ရှန့်ကွမ်းဟန်က မေးလိုက်၏။ နောက်ဆုံးတွင်တော့ သူက သိလိုစိတ်များကို ထိန်းမထားနိုင်တော့ဘဲ မုန့်ချီ၏ ရည်ရွယ်ချက်ကို မေးလိုက်သည်။

တျန်းကျဲတောင်တန်းက မြောက်ပိုင်းကျိုးအင်ပါယာနှင့် မြက်ခင်းပြင်၏ ကြားထဲတွင် ရှိနေသော နယ်စပ်တောင်တန်းတစ်ခု ဖြစ်သည်။ အာရုံတက်ချိန် မတိုင်ခင် ဖြစ်သည့်အတွက် သူတို့၏ ပတ်ပတ်လည်က အတော်လေးကို မှေးမှိန်နေသေး၏။ ရှန့်ကွမ်းဟန်ကတော့ မြက်ခင်းပြင်ထဲသို့ ဝင်ရောက်လိုခြင်း မရှိချေ။

"တျန်းကျဲ ကောင်းကင်အဆင့်..."

ထိုစကားကို ကြားသည့်အချိန်တွင် မုန့်ချီက ရုတ်တရက် အတွေးပေါ်လာခဲ့၏။

"ကောင်းကင်ခုံရုံး ၊ ကောင်းကင် (၉)သွယ်နဲ့ ကမ္ဘာပေါင်းများစွာမှာရှိတဲ့ ကောင်းကင်(၃၃) ဘုံအကြောင်း ကောလာဟလတွေ ရှိခဲ့ဖူးတယ်။ စိတ်ဝင်စားစရာ ကောင်းတာကတော့ သူတို့ရဲ့ဖော်ပြချက်တွေက ကျမ်းစာတွေထဲက ဖော်ပြချက်တွေနဲ့ တော်တော်လေးကို တူညီနေတာပဲ။ ဥပမာအနေနဲ့ ပြောရရင်တော့ ဗြဟ္မာကမ္ဘာကြီးနဲ့ ကမ္ဘာပေါင်းများစွာမှာ ရှိနေတဲ့ သဏ္ဍာန်မဲ့လေဟာနယ် (၄) ခုပဲ…"

မုန့်ချီ၏ ခေါင်းထဲတွင် ဇဝေဇဝါ ဖြစ်နေခဲ့သော မေးခွန်းများက တဖြည်းဖြည်း ရှင်းလင်းလာခဲ့ပြီး တာအိုလမ်းစဉ်နှင့် ဗုဒ္ဓလမ်းစဉ်ထဲရှိ ကမ္ဘာမြေကြီးအပေါ် ဖော်ပြချက်များ၊ တူညီမှုများကို နားလည်လာခဲ့သည်။

"တကယ်လို့ ငါကသာ ဗုဒ္ဓလမ်းစဉ်နဲ့ တာအိုလမ်းစဉ်မှာရှိတဲ့ စကြဝဠာပေါင်းများစွာကို နားလည်အောင် ကြိုးစားနေတာနဲ့ ယှဉ်လိုက်မယ်ဆိုရင် သိပ်ပြီး အလှမ်းမကွာတော့ဘူး။ တကယ်လို့ ငါက အခြေအနေတချို့ကို နားမလည်ဘူး ဆိုရင်တောင် အနာဂတ်မှာ ငါ့ရဲ့နားလည်မှုတွေ နက်ရှိုင်းလာတာနဲ့အမျှ သူတို့ကို ပြင်ဆင်ပေးနိုင်သေးတယ်…"

တစ်ချိန်တည်းတွင် အဝေးမိုးကုတ်စက်ဝိုင်းမှ လိမ္မော်ရောင် နေလုံးကြီးတစ်ခု ထွက်လာပြီး မုန့်ချီ၏မျက်လုံးထဲကို ရောက်လာခဲ့သည်။ ထိုအရာကတော့ မျှော်လင့်ချက် ရောင်ခြည်တစ်ခုဖြစ်ပြီး ကြီးကျယ်ခမ်းနား၏။

"ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေ ရှိနေမှသာ လူတစ်ယောက်က အင်မော်တယ် ဖြစ်လာနိုင်တယ်။ စိတ်ဆန္ဒကို ရှင်းလင်းနိုင်မှသာ ဗောဓိနှလုံးသား ရလာနိုင်တယ်.."

နောက်ဆုံးတွင်တော့ မုန့်ချီက ထိုစကားလုံး (၂) ခုကို နားလည်သွားခဲ့၏။ မျက်ခုံးကြားထဲတွင်လည်း နွေးထွေးမှုကို ခံစားလိုက်ရပြီး ကောင်းကင်ကြီးနှင့် ပေါင်းစပ်သွားသလို ခံစားလိုက်ရသည်။

မြောက်မြားလွန်းလှသော ကြယ်များ ၊ လွင့်မျောနေသော ကုန်းမြေများ ၊ ရွှေကျီးကန်းများနှင့် လေဟာနယ်တွင်းပေါက်များ ၊ သက်ရှိများအားလုံး ဝိုင်းရံနေသလို ခံစားနေရ၏။ ထိုအရာများအားလုံးက သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်သည်။

တခဏအတွင်း မုန့်ချီက တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ကြောင်း ရှန့်ကွမ်းဟန်က ခံစားလိုက်ရ၏။ ဤကမ္ဘာကြီးထဲတွင် ရှိနေသော အရာအားလုံးက သူ့ကို အညံ့ခံနေသလို ထင်မှတ်ရသည်။ ထိုအရာကတော့ အစီအစဉ်တစ်ခု မဟုတ်ဘဲ သူ့ဆီမှ အလိုလိုထွက်လာသော အရာတစ်ခု ဖြစ်သည်။

"ဒါက လူသားနဲ့ကောင်းကင်ဆက်သွယ်မှုအဆင့်လား…"

ရှန့်ကွမ်းဟန်က အံ့ဩမှင်တက်နေသည့်အချိန်တွင် မုန့်ချီက ပြန်လှည့်ကြည့်လိုက်၏။ သူတို့၏မျက်လုံးများကလည်း လေထဲတွင် ဆုံလိုက်မိသည်။ သူ၏မျက်လုံးများက အလွန်နက်ရှိုင်းနေပြီး စကားလုံးနှင့် ပြောပြနိုင်သောအဆင့်ထက် ကျော်လွန်နေခဲ့၏။

အကယ်၍ လူတစ်ယောက်ကသာ သူ့မျက်လုံးကို အချိန်ကြာမြင့်စွာ စိုက်ကြည့်လိုက်မည်ဆိုလျှင် နေလုံးကြီးများ ၊ ရွှေကျီးကန်းများနှင့် အမှောင်ထုကြီးများ ၊ ကြယ်စုတန်းကြီးကို မြင်လိုက်ရသလို ခံစားမိပါလိမ့်မည်။

ရှန့်ကွမ်းဟန်က နောက်ကိုပြန်ဆုတ်သွားမိ၏။ သူ့မျက်လုံးကို မုန့်ချီဆီမှ ဖယ်ခွာလိုက်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့လေသည်။

"မင်းက ငါ့နောက်ကို ဆက်မလိုက်တော့ဘူးလား.."

မုန့်ချီက အနည်းငယ် ရှုပ်ထွေးစွာ မေးလိုက်၏။

ရှန့်ကွမ်းဟန်က စကားလုံးအနည်းငယ်သာ ပြန်ဖြေလိုက်သည်။

"မင်းက ငါ တိုက်ခိုက်နိုင်တဲ့အဆင့်ထက်ကျော်သွားပြီ…"

ထို့နောက် သူက မျက်နှာချင်းဆိုင် ဦးတည်ရာသို့ ထွက်သွားပြီး သူ၏ခြေလှမ်းတိုင်းက ခိုင်မာ၍ သက်သောင့်သက်သာ ရှိနေခဲ့လေ၏။

Translated by Hein Htet

All Chapters