← Chapters

အခန်း (၄၅၅)

Vol. 31 Ch. 455

အခန်း (၄၅၅)

Vol. 31 Ch. 455

အဝေးမိုးကုတ်စက်ဝိုင်းတွင် ရောင်နီထွက်ပေါ်လာပြီး မှိန်ဖျော့ဖျော့ အနီရောင် အလင်းတန်းများက မပျောက်ချင်ပျောက်ချင် ဖြစ်နေသော အမှောင်ထုကြီးကို တဖြည်းဖြည်း ဖယ်ရှားလာခဲ့သည်။

ရှန့်ကွမ်းဟန်၏ နောက်ကျောက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး အရုဏ်ဦး အလင်းရောင်နှင့်အတူ ရောနှောသွားခဲ့သည်။ မုန့်ချီကတော့ ထွက်ခွာသွားသော သူ့အဖော်က ခဏကြာ စိုက်ကြည့်နေမိခဲ့၏။ သူ့စိတ်ထဲတွင်လည်း ဝမ်းသာသွားသော ခံစားချက်တစ်ခု ပေါ်လာခဲ့သည်။

"ရှန့်ကွမ်းဟန်က ငါ့ရဲ့အစွမ်းနဲ့ ခံနိုင်ရည်ကို ကြောက်လန့်သွားတာလား.. တိုက်ခိုက်စရာမလိုဘဲ ရှုံးနိမ့်သွားခဲ့တာလား…"

ကမ္ဘာမြေကြီးအပေါ် နားလည်မှုများက လူတစ်ယောက်၏အမြင်ကို ပြောင်းလဲစေနိုင်ပြီး ရင်ထဲတွင် လေးစားသော ခံစားချက်များ ပေါ်လာစေနိုင်၏။ သူက မေးစေ့ကို လက်နှင့်ပွတ်နေပြီး ယခင်အချိန်အတောအတွင်း ကြိုးစားအားထုတ်မှုများကို ပြန်လည်သုံးသပ်နေခဲ့၏။

သူ၏လက်ချောင်းလေးများက မေးစေ့ပေါ်တွင် ပွတ်နေရင်း မာကြမ်းကြမ်း ဖြစ်နေသော မုတ်ဆိတ်မွှေးများကို ခံစားမိခဲ့သည်။

"ဘာဖြစ်တာလဲ….”

သူကတော့ ရုတ်တရက် ရှည်လာသော မုတ်ဆိတ်မွှေးများကို သတိမထားမိခဲ့ပေ။ သူက မျက်နှာကို လက်ဖြင့် သပ်ပစ်မိသည့် အချိန်တွင်လည်း အမွှေးအမျှင်များ ထူထပ်စွာ ပေါက်ရောက်နေသည်ကို မြင်လိုက်ရ၏။ ဘာကြောင့် မုတ်ဆိတ်မွှေးများက ရုတ်တရက် ရှည်လာရသနည်း။ သူ၏ဆံပင်များကလည်း ဘာကြောင့် တောတွင်းသားတစ်ယောက်ကဲ့သို့ ရှည်နေရသနည်း။

“မြောက်ပိုင်းကျိုးအင်ပါယာထဲကျမှ ချောမောခန့်ညားတဲ့ ငါ့ရဲ့ပုံရိပ်တွေ ပျက်စီးသွားပါပြီကွာ..။ ငါက လေ့ကျင့်မှုကို အရမ်းအာရုံစိုက်နေမိတာ ထင်တယ်…"

ထိုအတွေးများ ပေါ်လာသည့်အချိန်တွင် သူ၏မုတ်ဆိတ်မွေးများနှင့် ဆံပင်များက အောက်သို့ စတင်ကျဆင်းလာခဲ့သည်။ တဖြည်းဖြည်းနှင့် ဆံပင်များကလည်း လေထဲတွင် လွင့်မျောသွားခဲ့ပြီး သူ၏မျက်နှာနှင့် မေးစေ့တွင် ရှိနေသော မုတ်ဆိတ်များကို တစ်စုံတစ်ယောက်က ဓားသွားနှင့် ရိတ်သွားခဲ့သလို ဖြစ်နေသည်။

တခဏအတွင်း သူ၏မေးစေ့က ချောမွေ့သွားခဲ့၏။ ထိုအရာက ကောင်းလန်၏ အမူအရာ ပြောင်းလဲသွားခြင်းနှင့် မတူညီပေ။ ထိုအစား မမြင်ရသော ဓားတစ်ချောင်း ရှိနေသလို ထင်မှတ်ရ၏။

မုန့်ချီက လေ့ကျင့်နေခဲ့သည်မှာ (၃)လကြာသွားပြီ ဖြစ်သည်။ ဗုဒ္ဓလက်ဝါး ပထမသိုင်းကွက်ထဲရှိ သုံးသပ်ချက်၊ ဖော်ပြချက် အများစုကိုလည်း နားလည်လာခဲ့၏။ ဗောဓိမျိုးစေ့လေးနှင့် အလွန်တည်ငြိမ်သော စိတ်အခြေအနေကြောင့် သူက ကျင့်စဉ်(၂)မျိုးကို ဖန်တီးနိုင်ခဲ့သည်။

တစ်ခုကတော့ ဓားမောက်အတွက်ဖြစ်ပြီး တခြားတစ်ခုကတော့ ဓားရှည်အတွက် ဖြစ်သည်။ ထိုကျင့်စဉ်(၂)ခုလုံးက ဝေ့ကျင်းအဆင့် စွမ်းရည်များ ရှိ၏။ ထိုကျင့်စဉ်(၂)ခုလုံးကို သူကိုယ်တိုင် ဖန်တီးထားခဲ့ခြင်းဖြစ်ပြီး သိုင်းကွက်များကို ဝေ့ကျင်းအဆင့်နှင့် ဉာဏ်အလင်းပွင့်မှုအဆင့် ဟူ၍ အဆင့်ခွဲခြားထားသည်။

သူဖန်တီးထားခဲ့သော ဓားမောက်ကျင့်စဉ်တွင် သင့်တော်သော ခုတ်ချက် မရှိချေ။ ထိုအရာက ရှောင်လင်၏ သဏ္ဍာန်မဲ့လက်ညှိုးသိုင်းနှင့် တူညီနေခဲ့သည်။ သူက ရန်သူကို ရုတ်တရက် လျင်မြန်စွာ တိုက်ခိုက်အနိုင်ယူနိုင်ပြီး အချိန်ယူ တိုက်ခိုက်ရခြင်း မရှိချေ။ ထို့ပြင် သဏ္ဍာန်မဲ့လက်ညှိုးကဲ့သို့ ပုံသဏ္ဍာန်လည်း မရှိချေ။

သို့သော် ထိုဓားမောက်သိုင်းပညာက သူ ဖန်တီးထားခဲ့သော မိုးကြိုးတံဆိပ်ထက် သာလွန်နေခဲ့သည်။ သူက ထိုသိုင်းပညာကို သဏ္ဍာန်မဲ့ ဓားမောက်သိုင်းဟု နာမည်ပေးထားသည်။

မုန့်ချီ ဖန်တီးထားခဲ့သော ဓားရှည်သိုင်းပညာကတော့ ရေလှိုင်းမီးတောက်ဓားထဲတွင် ရှိနေသော သံသရာမှော်သားရဲများ၏ မီးတောက်စွမ်းရည်များနှင့် တူညီနေသည်။ ထိုဓားရှည်သိုင်းကျမ်းတွင် သိုင်းကွက်(၈)ခု ပါဝင်နေပြီး ကောင်းကင်နဂါးနှင့် ယက္ခသိုင်းကွက်များကတော့ ဝေ့ကျင်းအဆင့် ဖြစ်ကြသည်။ ကျန်ရှိနေသည့် သိုင်းကွက်(၅)ခုကတော့ ဉာဏ်အလင်းပွင့်မှုအဆင့် ဖြစ်၏။

သို့သော် ထိုသိုင်းကွက်အသစ်ကတော့ သူ ပြင်ဆင်ထားခဲ့သော သဏ္ဍာန်မဲ့ ဓားမောက်သိုင်းကွက်နှင့် ယှဉ်လိုက်မည်ဆိုလျှင် အနည်းငယ် အားနည်းနေသေးသည်။ သူက အများကြီးစဉ်းစားမနေတော့ဘဲ ထိုအရာကို သံသရာ မှော်သားရဲဓားသိုင်းဟုသာ အမည်ပေးလိုက်၏။

မည်သို့ပင်ဖြစ်စေကာမူ သိုင်းပညာနှစ်ခုကို ဖန်တီးနိုင်ခြင်းနှင့် လူသားနှင့်ကောင်းကင် ဆက်သွယ်ခြင်းအဆင့်ကို အောင်မြင်သွားမှုက သူ့အတွက်တော့ ကြီးမားသော အကျိုးအမြတ်များဖြစ်၏။သူက ရလဒ်ကို ကြိုတင်မျှော်လင့်ထားခဲ့ပြီး အနာဂတ်တွင်လည်း ရှာဖွေတွေ့ရှိချက်များ ရှိနိုင်သည်။

သူက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်နှင့် ပြိုင်ဘက်ကင်း ကောင်းကင်ဓားသိုင်းပညာ ကဲ့သို့သော သိုင်းပညာများကိုလည်း ဖန်တီးနိုင်ချေ ရှိနေသေးသည်။ ထိုအရာများကို အရိုးကြွက်သားအားဖြည့်ကျင့်စဉ်၏ အကူအညီဖြင့် မြှင့်တင်နိုင်ပြီး အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်အပေါ် သူ၏နားလည်မှုများကလည်း တိုးတက်လာနိုင်၏။ ထို့ကြောင့် ရလဒ်ကို မုန့်ချီက အလွန်ကျေနပ်နေခဲ့သည်။

ထို့နောက် မုန့်ချီက အလွန်တိတ်ဆိတ်သော နေရာတစ်ခုကို ရှာဖွေပြီး သူ၏ အဆင့်ကို တည်ငြိမ်စေရန် လေ့ကျင့်နေခဲ့သည်။ လိုအပ်သော ပြင်ဆင်မှုများကို လုပ်ဆောင်လိုက်ပြီးနောက် သူက ရေချိုးသန့်စင်ပြီး အစိမ်းရောင်ဝတ်စုံကို လဲလှယ်လိုက်၏။

လူသားနှင့်ကောင်းကင်ဆက်သွယ်မှုအဆင့်က ကိုယ်တွင်းကမ္ဘာကြီး၏ စွမ်းရည်များကို နားလည်လာနိုင်ပြီး ဝေ့ကျင်းအဆင့် ပညာရှင်များကဲ့သို့ အပြင်ဘက်နှင့် စတင်ဆက်သွယ်နိုင်သည်။ သူတို့က လူတစ်ယောက်၏ စွမ်းအားများ၊ ချီစွမ်းအင်များကို အပြင်ဖက်သို့ ပို့ဆောင်နိုင်သော အရည်အချင်းများလည်း ရှိ၏။

လူသားနှင့်ကောင်းကင်ဆက်သွယ်မှုအဆင့်က လူတစ်ယောက်၏ ကိုယ်တွင်းကမ္ဘာကြီးကို ပို၍ကြီးမားလာစေခဲ့သည်။ မုန့်ချီက သူ၏အတွင်းအားများနှင့် ချီစွမ်းအင်များကို ထုတ်ယူလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ပတ်လိုက်သည်။

ထိုအချိန်တွင် သူ၏ကိုယ်တွင်းကမ္ဘာကြီးထဲ၌ အနက်ရောင် လေဟာနယ်တစ်ခု ပေါ်လာခဲ့သည်။ သူ၏ပင်မဝိညာဉ်က ထိုလေဟာနယ်၏အလယ်တွင် လွင့်မျောနေခဲ့ပြီး တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။

သူက ကျောက်တုံးတစ်တုံးကဲ့သို့ အမှောင်ထုကြီး၏ အလယ်တွင် ထိုင်နေခဲ့၏။ အမှောင်ထုကြီးထဲတွင်တော့ မည်သည့်စွမ်းအားမျှ မရှိဘဲ ကနဦး မူလအခြေအနေကဲ့သို့ ဖြစ်နေသည်။ ပင်မဝိညာဉ်၏ အောက်ဖက်တွင်တော့ သူ၏တံခါး(၉)ပေါက်နှင့် ကိုယ်တွင်းအင်္ဂါများ ရှိနေပြီး ထို့နောက်တွင်တော့ သူ၏သွေးကြောမှတ်များနှင့် အသွေးအသား၊ အရိုးများ ရှိနေသည်။

အသွေးအသား ၊ အရိုးနှင့် သွေးကြောမှတ်များက အလွန်ကျယ်ပြန့်သော ကွန်ယက်ကြီးကဲ့သို့ ဖြစ်နေပြီး ကြယ်များ၊ အနက်ရောင်တွင်းပေါက်ကြီးများ ရှိနေသော ကြယ်စဉ်စုတစ်ခုကဲ့သို့ ဖြစ်နေသည်။ ထိုနေရာတွင် စနစ်မျိုးစုံလည်း ရှိနေခဲ့၏။

လူသားတစ်ယောက်၏ ခန္ဓာကိုယ်က ကမ္ဘာမြေကြီးနှင့် တူညီနေသည်။ ကောင်းကင်ဘိုးဘေးကဲ့သို့ ရှေးဟောင်းပညာရှင်များကပင် နားမလည်နိုင်သည့်အတွက် မုန့်ချီလို လူတစ်ယောက်ကတော့ ထိုအရာကို ယူဆနိုင်ရုံသာ ရှိသည်။ သူ၏ကိုယ်တွင်းကမ္ဘာကြီးထဲတွင် လူသားများ၏ သမိုင်းကြောင်းပင် ရှိလာနိုင်၏။

နောက်ဆုံးအချိန်တွင်တော့ မုန့်ချီက သူ၏စိတ်ဝိညာဉ်ကို စုစည်းလိုက်ပြီး ပြန်လည်ဝင်စားခြင်း အသိဉာဏ်များ၊ လူတစ်ယောက်၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းများကို စဉ်းစားနေခဲ့သည်။ ထိုအရာက သူ၏နားလည်မှုများနှင့် သူ၏လေ့ကျင့်ထားသော အရာများအပေါ် အခြေခံ၍ တည်ဆောက်နေရခြင်း ဖြစ်သည်။

သူ၏ပင်မဝိညာဉ်က အမြင့်ဆုံးတွင် တည်ရှိနေပြီး ဗုဒ္ဓနှင့် မူလဘိုးဘေးများကဲ့သို့ ဖြစ်နေ၏။ သူက အင်မော်တယ်ရွှေခန္ဓာအစား ဗောဓိရွှေခန္ဓာကို ရရှိရန် ရေစက်ပါနေပုံရသည်။

ကိုယ်တွင်းကမ္ဘာကြီး၏နေရာ အများစုက ဝေဝါးနေပြီး အသေးစိတ် ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ထိုအရာများက သူ၏သွေးကြောတစ်ခုဆီတွင် ဖန်တီးထားသော နိုင်ငံငယ်များကဲ့သို့ ဖြစ်နေ၏။ ထိုသို့ဆိုရာတွင် သူက ဝေ့ကျင်းအဆင့်ကို ရောက်သွားသည်နှင့် ထိုအရာက သူ၏အဓိကလေ့ကျင့်မှုတစ်ခုဖြစ်လာနိုင်သည်။

ကိုယ်တွင်းကမ္ဘာကြီး၏ လုံခြုံမှုနဲ့သေချာမှုက ဝေ့ကျင်းအဆင့်ကို ရောက်ရှိရန် အဓိကသော့ချက်ဖြစ်ပြီး ပြင်ပကမ္ဘာကြီးနှင့် သဟဇာတဖြစ်စေရန် အကောင်းဆုံး အခြေအနေတစ်ရပ် ဖြစ်သည်။

မုန့်ချီကတော့ အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ထဲတွင် ဖော်ပြထားသည့်အတိုင်း သူ၏ကိုယ်တွင်း ကမ္ဘာကြီးကိုပြင်ဆင်နေခဲ့သည်။ သို့သော် မည်သည့်အရာကမျှ ဝေဝေဝါးဝါး ရှိမနေသေးပေ။ သူ၏လေ့လာမှုများက မှတ်တမ်းများ မဟုတ်ဘဲ ကောက်ချက်များကဲ့သို့ ဖြစ်နေသည့်အတွက် သူက အလျင်စလို လုပ်၍မရဘဲ စိတ်ရှည်ရန် လိုအပ်သည်။

တခြားသူတစ်ယောက်ဆိုလျှင်တော့ သဘာဝတရားကြီးကို အရင်ဆုံး ကြိုးစားကြမည် ဖြစ်သည်။ အဆင့်တူညီနေသော ပြိုင်ဘက်များ သို့မဟုတ် သူ့ထက် စွမ်းအားမြင့်မားသော လူများနှင့် သူသေကိုယ်သေ တိုက်ခိုက်လိုက်မည်ဆိုလျှင်သူတို့၏ခန္ဓာကိုယ်က စွမ်းအားများကို ချက်ချင်း စုပ်ယူနိုင်ပြီး ဝေ့ကျင်းအဆင့်ကို ချက်ချင်း ရောက်ရှိသွားနိုင်သည်။

မုန့်ချီကတော့ သူ၏ကိုယ်တွင်းကမ္ဘာကြီးကို သေချာဂရုတစိုက် ပြောင်းလဲရန် လိုအပ်၏။ သူက လေးလေးနက်နက် စဉ်းစားနေရင်း ကိုယ်တွင်းကမ္ဘာကြီးကို ဆက်လက်ပြင်ဆင်နေခဲ့သည်။ သူ၏ပတ်ပတ်လည်တွင်လည်း ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ခန္ဓာကိုယ်ထဲတွင် သွေးကြောမှတ်များ ပေါ်လာခဲ့၏။ သူ၏စိတ်အခြေအနေကို နှောင့်ယှက်နိုင်သော လှုပ်ရှားမှုတစ်ခုလည်း ပေါ်လာခဲ့သည်။

နှောင့်ယှက်လိုက်သည့်အရာက ခန္ဓာကိုယ်ပြင်ပမှ ရောက်လာခြင်းဖြစ်ပြီး ခန္ဓာကိုယ်အတွင်းထဲမှ မဟုတ်ပေ။

သူက လေ့ကျင့်နေခြင်းကို ရပ်လိုက်ပြီး ဖြည်းညင်းစွာ မျက်လုံးဖွင့်ကြည့်လိုက်၏။ ထိုအချိန်တွင် သူ၏ပတ်ပတ်လည်၌ ရှုပ်ထွေးနေသော လမ်းသွားလမ်းလာများ ရှိနေသည့်အတွက် သူက ဈေးသည်များ လမ်းသွားလာများ ရှိနေသော လမ်းမတစ်ခုပေါ်သို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။

ထိုနေရာတွင် ပန်းချီကားများ ၊ သိုင်းကျမ်းရောင်းချနေသော ဈေးသည်များ၊ အလှပြ သိုင်းကစားနေသူများမျိုးစုံ ရှိနေကြ၏။ ရှုပ်ထွေးနေသော လူများထဲတွင် မုန့်ချီကတော့ သူ့ရှေ့၌ ရှိနေသော ကျောင်းဆောင်တစ်ခုကို သတိထားမိခဲ့သည်။ ကျောင်းဆောင်၏ နံရံများက အဝါရောင်ဖြစ်နေပြီး အပေါ်ဘက်တွင်တော့ အနက်ရောင် အမိုးများ မိုးထားသည်။

ခြံဝင်းထဲတွင်တော့ အလွန်မြင့်မားသော သစ်ပင်ကြီးများ စိုက်ထား၏။ အပြင်ဘက်တွင် ရှိနေသော အခြေအနေနှင့် ယှဉ်လိုက်လျှင် ကျောင်းဆောင်ကြီးက တည်ငြိမ်အေးချမ်းပြီး မတူညီသော ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေသည်။

"မဖြစ်နိုင်ဘူး…"

သူက သစ်တောကြီး၏အစပ်တွင် လေ့ကျင့်မှုကို ရပ်တန့်လိုက်ခြင်း ဖြစ်သည်။ ဘာကြောင့် သူ၏အသိပညာများနှင့် အာရုံများက အခြားနေရာတစ်ခုကို ကျရောက်သွားခဲ့ရသနည်း။ ထိုအရာက အိပ်မက်တစ်ခုပေလော.. ပုံရိပ်ယောင်တစ်ခုပေလော။

သူက ရှုပ်ထွေးနေခဲ့ပြီး မျက်ခုံးကြား ပင်မတံခါးကို လေ့ကျင့်နေသည့်အချိန်တွင် ပြင်ပ မကောင်းဆိုးဝါး ကျူးကျော်လာမှုကို ကာကွယ်ရမည်ဟူသော စကားတစ်ခွန်းကို အမှတ်ရသွားခဲ့၏။ သဘာဝတရားကြီးနှင့် ပတ်သက်၍ လေ့ကျင့်လိုက်မည်ဆိုလျှင် စိတ်ပိုင်းဆိုင်ရာ ကျူးကျော်မှု ခံရသည့်အခြေအနေမျိုး ဖြစ်လာနိုင်သည်။

ကောင်းကင်ဖျက်မကောင်းဆိုးဝါးဟုခေါ်သော ပြင်ပမကောင်းဆိုးဝါးက လူတိုင်းကို အမဲလိုက်နေတတ်၏။ အထူးသဖြင့် သိုင်းပညာကျင့်ကြံသူများဖြစ်ပြီး စိတ်ဓာတ်ကျမှု ခံစားနေရသူများကတော့ အတော်လေး ပြဿနာများသည်။ ထိုမကောင်းဆိုးဝါးများက သူတို့၏ စိတ်နှင့်နှလုံးသားကို နှောင့်ယှက်ပြီး သူတို့၏စိတ်ဝိညာဉ်ကိုဝါးမြို၍ သူတို့ကို အမှိုက်များဖြစ်သွားအောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။

"ဒါက ပြင်ပမကောင်းဆိုးဝါး ကျူးကျော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပုံရိပ်ယောင်တစ်ခုများ ဖြစ်နေမလား…"

မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့၏။ သူကတော့ ကြိုမမြင်နိုင်သော ရန်သူ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် စောင့်ဆိုင်းနေခဲ့သည်။

မုန့်ချီက လမ်းသွားလမ်းလာများကြားထဲတွင် ကျောက်တုံးတစ်တုံးကဲ့သို့ ရပ်နေခဲ့သည့်အတွက်လမ်းသွားလမ်းလာများက သူ့ကို လှည့်ကြည့်လှည့်ကြည့်ဖြစ်နေပြီး နားမလည်နိုင် ဖြစ်နေကြသည်။

ပတ်ပတ်လည်ကို လှည့်ကြည့်ရင်း နောက်ဆုံးတွင်တော့ မုန့်ချီက ကျောင်းဆောင်၏ နာမည်ကို သတိထားမိခဲ့သည်။

"ယွမ်ကျဲကျောင်းဆောင်…"

ယွမ်ကျဲကျောင်းဆောင် အခမ်းအနားက သူ၏မှတ်ဉာဏ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။ ကျောင်းဆောင်၏နာမည်က ရှည်ကြာလွန်းလှသော သူ၏အတိတ် မှတ်ဉာဏ်များထဲတွင် ပြန်ပေါ်လာခဲ့သည်။

သူက အနီးနားတွင် ရှိနေသူများ၏ စကားများကိုလည်း နားထောင်နေခဲ့သည်။ မလှမ်းမကမ်းတွင်တော့ ပုံပြောသမားတစ်ယောက်က စားပွဲခုံနှင့် ထိုင်နေပြီး ကျယ်လောင်စွာ စကားပြောနေခဲ့သည်။

"ငါက လက်ယာအမတ်ကြီးနဲ့ မကောင်းဆိုးဝါးဘုရင်မတို့ရဲ့ တိုက်ပွဲအကြောင်းကို ပြန်ပြောပြမယ်..။ သူတို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတာများ ကြောက်စရာကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုလိုပဲ...။ အပျက်အစီးတွေကလည်း နေရာအနှံ့မှာ ဖြစ်နေတယ်..။ အဆုံးမှာတော့ နတ်ဘုရားသတ်ဓား ရှောင်မုန့်က အိမ်ရှေ့မင်းသားစံအိမ်ရဲ့ အတားအဆီးတွေကို ချိုးဖောက်သွားခဲ့ပြီး မင်းသားကို သုတ်သင်ခဲ့တယ် ။ သူ့ရဲ့နောက်လိုက်ငယ်သားတွေကိုလည်း ရှင်းပစ်ခဲ့တယ်…"

"မကောင်းဆိုးဝါးဘုရင်မ ဟုတ်လား…"

"နတ်ဘုရားသတ်ဓား …ယွမ်ကျဲကျောင်းဆောင်…"

မုန့်ချီက ရှင်းရှင်းလင်းလင်း ပြန်လည်အမှတ်ရသွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူက မကောင်းဆိုးဝါးသခင် စွန့်ပစ်ထားခဲ့သော ယွမ်ကျဲကျောင်းဆောင်၏ရှေ့တွင် ရပ်နေခြင်းဖြစ်၏။

"အဲဒီလိုကိုး …"

သူက ထွက်မသွားခင် ဘုန်းတော်ကြီးတစ်ပါးဖြစ်ခဲ့ပြီး သားရေပြားတစ်ခုကို ချန်ထားခဲ့သည်။ မုန့်ချီက ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး လေဟာနယ်လက်စွပ်ထဲမှ သားရေပြားလေးကို ဆွဲထုတ်လိုက်၏။

ထိုအချိန်တွင် လေလှိုင်းတစ်ခု တိုက်ခတ်လာခဲ့သည်။ သားရေပြားကတော့ ပျက်စီးမှုမရှိဘဲ မီးလောင်သွားခဲ့၏။ တခဏအတွင်း မီးတောက်များက လောင်ကျွမ်းသွားခဲ့ပြီး ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။

"ကြည့်ရတာတော့ ခင်ဗျားက ကျုပ်ကို ဒီနေရာဆီ ခေါ်လာတာပဲ။ ဒါဆိုရင် ခင်ဗျားက ကျုပ်ရဲ့ပြင်ပမကောင်းဆိုးဝါးလား…"

မုန့်ချီ၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။

သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာများက ပုံရိပ်ယောင်များ မဟုတ်တော့ပေ။ သူ၏လက်ရှိစွမ်းရည်ကြောင့် သူက အရာအားလုံးကို လွယ်လွယ်ကူကူ သိနိုင်၏။ ထို့ကြောင့် သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက အစစ်အမှန်ဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။

ယခု သူက မကောင်းဆိုးဝါးဘုရင်မနှင့် ဓားအင်ပါယာတို့ရှိနေသော ကမ္ဘာကြီးထဲကို ရောက်နေခြင်းဖြစ်သည်။ ထိုနေရာတွင် သူ့နာမည်ကို နတ်ဘုရားသတ်ဓား ရှောင်မုန့်အဖြစ် လူသိများ၏။ ကြည့်ရသည်မှာ သူ့ကမ္ဘာကြီးကို ပြန်သွားနိုင်ရန်အတွက် ပြင်ပမကောင်းဆိုးဝါးကို သတ်ပစ်ရန် လိုအပ်မည့်ပုံပေါ်သည်။

မကောင်းဆိုးဝါးသခင်၏ ပြင်ပမကောင်းဆိုးဝါးစွမ်းရည်က သူ့ကို ဤကမ္ဘာကြီးထဲသို့ ပို့ဆောင်လိုက်မည်ဟု မုန့်ချီက နားလည်ပေးရန် ခက်ခဲနေသည်။ အဘယ်ကြောင့်ဆိုသော် မကောင်းဆိုးဝါးသခင်ကိုယ်တိုင်ကပင် အချိန်နှင့်လေဟာနယ်ကို စိတ်ကြိုက်ဖြတ်သန်းနိုင်သော စွမ်းရည်မျိုး ပိုင်ဆိုင်ထားခြင်း မရှိခဲ့ပေ။

သူက ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်သည် ။ ထို့နောက် လက်နောက်ပစ်လိုက်ပြီးယွမ်ကျဲကျောင်းဆောင်ဆီသို့ လျှောက်သွားခဲ့၏။ သူက ဝင်ပေါက်ကို ဖြတ်သွားခဲ့ပြီးနောက် ခန်းမကြီးတစ်ခုကို ကျော်လာခဲ့သည်။

အလွန်တိကျသော သူ၏ အာရုံခံစွမ်းရည်များကြောင့် အနီးနားတွင် ရှိနေသော တောင်ကုန်းများအထိပင် စစ်ဆေးကြည့်နိုင်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည် ။

တခြားသော ကျောင်းဆောင်ကြီးများနှင့် မတူသည်မှာ ဘေးဘက်ခန်းမများထဲတွင် တိတ်ဆိတ်နေပြီး ဝင်ပေါက်တွင်တော့ လူအနည်းငယ်သာ စောင့်ကြပ်နေကြ၏။ သူတို့၏ ပတ်ပတ်လည်တွင် ချီစွမ်းအင်များ ထွက်ပေါ်လာနေသည့်အတွက် သူတို့က ကြောက်စရာကောင်းသော အစွမ်းများရှိကြောင်း ပြသနေသည်။

မုန့်ချီကတော့ အေးအေးဆေးဆေးသာ လျှောက်လာခဲ့၏။ သူက လက်နောက်ပစ်ထားပြီး သူ့ပုံစံက လူချမ်းသာ သခင်လေးတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ သူက ခန်းမထဲသို့ဝင်ရန် ကြိုးစားလိုက်သည့်အချိန်တွင် အစောင့်က သူ့လမ်းကို ပိတ်လိုက်၏။ သူတို့က မုန့်ချီ၏အင်္ကျီစကိုပင် မထိရသေးခင် တစ်ကိုယ်လုံး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ သူတို့က ချက်ချင်းပင် အရှိန်လျှော့လိုက်ရပြီး သူတို့၏လှုပ်ရှားမှုများကလည်း နှေးကွေးသွားခဲ့သည်။

မုန့်ချီကတော့ အစောင့်များကို ဖြတ်ကျော်သွားပြီး ခန်းမကြီးထဲသို့ ဝင်လာခဲ့၏။ ခန်းမကြီးထဲတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူလည်း အံ့သြသွားခဲ့သည်။

ဘေးဘက်ခန်းမထဲတွင် ရှိနေသော ဗုဒ္ဓရုပ်တု၏ရှေ့တွင်တော့ မျက်နှာကို အဖြူရောင်ပဝါအုပ်ထားသော မိန်းမပျိုတစ်ယောက် ထိုင်နေသည်။ သူမက အခင်းပေါ်တွင် တိတ်တဆိတ် ထိုင်နေပြီး အရိုအသေ ပေးနေခဲ့၏။ ထို့ကြောင့် နောက်မှ လျှောက်လာသော မုန့်ချီက သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

သူက ဖြည်းညင်းစွာ လျှောက်လာပြီး မိန်းမပျိုလေး၏ဘေးတွင် ရပ်လိုက်၏။ သူက ဗုဒ္ဓရုပ်တုကို စိုက်ကြည့်နေရင်း အပြုံးနှင့် ပြောလိုက်သည်။

"မကောင်းဆိုးဝါးသခင်က လက်ရှိဘဝကို စွန့်လွှတ်ပြီး ဘုန်းတော်ကြီးတစ်ပါးအဖြစ် အဆုံးသတ်သွားခဲ့တယ် ။ မကောင်းဆိုးဝါးဘုရင်မကရော အနာဂတ်မှာ သီလရှင်ဖြစ်ချင်နေတာလား…"

ရုတ်တရက်ပေါ်လာသော လူငယ်ကြောင့် မျက်နှာကို ဖုံးအုပ်ထားသော မိန်းမပျိုက အနည်းငယ် အံ့သြသွားသည်။ သူမက အက်ရှရှလေသံနှင့် ပြန်ပြောလိုက်၏။

"အချိန်တွေ တော်တော်လေး ကြာသွားပြီ။ မင်းက ဘယ်ကို ပျောက်နေခဲ့တာလဲ .. မင်းက ဓားအင်ပါယာကို နှုတ်ဆက်ဖို့အတွက် ဒီနေရာကို ပြန်ရောက်လာတာလား…"

Translated by Hein Htet.

All Chapters