← Chapters

အခန်း (၄၅၆)

Vol. 31 Ch. 456

အခန်း (၄၅၆)

Vol. 31 Ch. 456

ဂရုဏာ ဗုဒ္ဓရုပ်တုကြီးက တည်ငြိမ်စွာ ထိုင်နေပြီး လူသားများ၏ ဒုက္ခများ၊ နှိပ်စက်ခံရပုံများကို အပြုံးနှင့် ကြည့်နေပုံရသည်။ သူ့ရှေ့တွင် ရှိနေသော အဆောက်အဦး၏ အောက်တွင်တော့ အဖြူရောင်ဝတ်ထားသော မိန်းမပျို ထိုင်နေ၏။ ထိုအရာကတော့ မကောင်းဆိုးဝါးဘုရင်မကလွဲလျှင် တခြားသူ မဟုတ်ပေ။

"ဓားအင်ပါယာကို နှုတ်ဆက်ဖို့လား…."

မုန့်ချီက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

"ပြင်ပမကောင်းဆိုးဝါးက ဒီကမ္ဘာကြီးထဲကို ပြန်ပို့လိုက်တယ်ဆိုတာ နှိပ်စက်မှုသက်သက်ပဲ မဟုတ်ဘူးလား..။ ဒါက ကံကြမ္မာတွေ ၊ဒုက္ခတွေနဲ့များ သက်ဆိုင်နေမလား…"

အရည်အချင်းမြင့်မားသော ဓားအင်ပါယာက သူ၏ဓားပညာကို အကြံပေး၍ ပြသခဲ့သည်။ သူ၏အကူအညီကြောင့် မုန့်ချီ၏ ဓားရှည် စွမ်းရည်များက တိုးတက်လာခဲ့ရ၏။ အသက်ကြီးလာသည်နှင့်အမျှ သူ၏စွမ်းရည်အားလုံးက ကုန်ဆုံးသွားခဲ့ရသည်။

မုန့်ချီကတော့ ရင်ထဲတွင် ဝမ်းနည်းမှုကို ခံစားလိုက်ရ၏။ လက်ရှိအချိန်တွင် သူ၏ကျေးဇူးရှင်ကို မည်သည့်အရာမျှ လုပ်‌မပေးရသေးပေ။ သူ၏ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာသော်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခဲ့သည်။

သူက စိုးရိမ်ပူပန်မှုများကို ထိန်းချုပ်ထားလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ ပြုံးနေသော ဗုဒ္ဓရုပ်တုကြီးကို ငေးကြည့်လိုက်သည်။

"အပြင်ဘက်မှာရှိတဲ့‌ အခြေအနေကို သိရဖို့အတွက် ကျုပ်က တစ်ယောက်တည်း လေ့ကျင့်နေရာကနေ ထွက်လာခဲ့တာ..။ ကျုပ်က ဓားအင်ပါယာရဲ့ကျေးဇူးကို လုံးဝမမေ့ပါဘူး။ ကျုပ်က သူ့ဆီမှာ အကြွေးတင်နေတယ်…"

သူတို့၏ မျက်လုံးများက လုံးဝတွေ့ဆုံသွားခြင်း မရှိဘဲ ရှေ့တွင် ရှိနေသော ရွှေရောင်ကြိုးများကိုသာ စိုက်ကြည့်နေခဲ့သည်။ သူတို့က ကိုယ့်ကိုယ်ကိုယ် စကားပြန်ပြောနေသလို ထင်မှတ်ရ၏။

"ကြိုမမြင်နိုင်တဲ့ ဝမ်းနည်းစရာအခြေအနေမှာ နင်က သတိပေးထားခြင်း မရှိဘဲ ပေါ်လာခဲ့တယ်..။ ကူညီစရာရှိတာတွေ ကူညီပြီးသွားတဲ့အချိန်မှာ ‌နင်က အမှောင်ထဲကို ပျောက်ကွယ်သွားတယ်..။ နင်က ကြွယ်ဝချမ်းသာမှုတွေ၊ အောင်မြင်မှုတွေကိုလည်း စွန့်လွှတ်ခဲ့တယ်.။ အဲဒါက စွန့်လွှတ်စွန့်စားခြင်းနဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကြောင့်လား..."

မကောင်းဆိုးဝါးဘုရင်မက ဖြည်းညင်းစွာ မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ သူမ၏လေသံက ဆွဲဆောင်မှုများပြည့်နှက်နေသည်။

"နင့်ရဲ့ဓားက ဘယ်မှာလဲ…"

သူမက မုန့်ချီဆီမှ အဖြေကို ပြန်မျှော်လင့်မထားသည့်အလား မေးလိုက်သည်။

"နတ်ဘုရားသတ်ဓား ရှောင်မုန့်ရဲ့ လက်ထဲမှာ ဓားမရှိတော့ဘူးလား…"

မုန့်ချီ၏ အဝတ်အစားများက လှုပ်ရှားနေပြီး သူက လက်နောက်ပစ်ထားသည့်အတွက် သူ့လက်ထဲတွင် ဓားတစ်လက်မျှမရှိချေ။ သူ၏ဓားမောက်နှင့် ဓားရှည်နှစ်ခုလုံးကို သူ ဝတ်ဆင်ထားသော လေဟာနယ်လက်စွပ်ထဲတွင် သိမ်းထားခဲ့၏။ သူက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

"ကျုပ်က မေ့သွားတာ…"

သူက မကောင်းဆိုးဝါးဘုရင်မကို လှည့်ကြည့်လိုက်၏။ သူမ၏အဖြူရောင်ဝတ်စုံက ကျက်သရေရှိလှသော သူမ၏ ခန္ဓာကိုယ်အချိုးအစားကို ပြသနေသည်။ သူမ၏ မျက်နှာကိုလည်း ဇာပုဝါ‌လေးက ဖုံးကွယ်ပေးထား၏။ သူမ၏မျက်နှာပေါ်တွင် အလွန်ဆွဲဆောင်မှုရှိပြီး ရင့်ကျက်တည်ငြိမ်သော အလှတရားများ ထွက်ပေါ်နေပြီး နတ်ဆိုးဆန်သော အငွေ့အသက်များလည်း ထွက်ပေါ်လာနေသည်။

သူမက မျက်နှာကို ဖုံးထားသည် ဖြစ်စေ၊ ဖော်ထားသည်ဖြစ်စေ အလွန်လှပနေသေး၏။ သူမက ယောကျ်ားတိုင်းကို ရှေ့တွင် ဒူးထောက်လာစေနိုင်သော မိန်းမလှလေးတစ်ယောက် ဖြစ်နေ၏။

ထို့ပြင် တိတ်ဆိတ်ငြိမ်သက်ပြီး ကြောက်စရာကောင်းသော သူမ၏အခြေအနေက ဆုတောင်းခန်းမ၊ ကြမ်းပြင်ပေါ်တွင် ရှိသော ထိုင်ဖုံများ၊ ရုပ်ထုနှင့် ပန်းချီကားများ၊ အမွှေးတိုင်ထွန်းသည့်နေရာ၊ ကျောင်းဆောင်အုတ်ခဲများ၊ တခြားပစ္စည်းများနှင့် ပေါင်းစပ်နေသလို ထင်မှတ်ရ၏။ သူမဆီတွင် ကွဲပြားနေသည့်အရာ တစ်ခုမျှမတွေ့ရပေ။ သူမက ဤနေရာမှ လူတစ်ယောက်ဖြစ်ပြီး ဤနေရာတွင် ရှိနေသင့်သည်ဟု ခံစားရ၏။

"လူသားနဲ့ကောင်းကင်တစ်သားတည်း အဆင့်က တကယ်ထူးခြားတဲ့ စွမ်းရည်မျိုးပဲ…"

မုန့်ချီက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

အတိတ်မှတ်ဉာဏ်များက သူ့ဆီတွင် ပြန်ပေါ်လာပြီး ထိပ်သီးသိုင်းပညာစွမ်းအားမရှိဘဲ အလျင်စလို လုပ်ခဲ့မိသည့်အရာများကို ပြန်လည်အမှတ်ရခဲ့သည်။ သူ့အနားတွင် ရွမ်ယုရှု၏ အထောက်အပံ့မရှိလျှင် သို့မဟုတ် မကောင်းဆိုးဝါးဘုရင်မကသာ သူ၏စွမ်းရည်ကို စမ်းသပ်ရုံသက်သက်မဟုတ်လျှင် သူ့အသက်က လွတ်မြောက်လိမ့်မည် မဟုတ်ချေ။

သူကတော့ မကောင်းဆိုးဝါးဘုရင်မ၏ ဆံနွယ်တစ်စကို ဖြတ်ပစ်ရန်နှင့် သူမ၏ မျက်နှာဖုံး ပြုတ်ကျသွားအောင် လုံးဝလုပ်နိုင်မည် မဟုတ်ချေ။ ထိုသို့ဆိုရာတွင် ယနေ့မကောင်းဆိုးဝါးဘုရင်မကတော့ ယခင်တစ်ခေါက်တွေ့ခဲ့သည့် အချိန်တုန်းကနှင့်စာလျှင် အတော်လေး တိုးတက်လာခဲ့၏။ သူမ၏ လူသားနှင့်ကောင်းကင် တသားတည်းအဆင့်က ပြီးဆုံးလုနီးပါး ဖြစ်နေသည်။

ဓားအင်ပါယာကတော့ သိပ်မကြာခင် အတောအတွင်း စွမ်းအားအများစုကို ပိုင်ဆိုင်ခဲ့သည်။ သူက အနာဂတ်စွမ်းရည်များကို လေ့လာနေခဲ့ပြီး သူရှာဖွေနေခဲ့သော လမ်းကြောင်းကို တွေ့ရှိသွားခြင်းပေလော။

မုန့်ချီက သူမကို စိုက်ကြည့်နေကြောင်း မကောင်းဆိုးဝါးဘုရင်မက ခံစားမိခဲ့၏။ သူ့အကြည့်ကတော့ တဏှာရမ္မက်များ ပြည့်နှက်နေသည့် အကြည့်မျိုး မဟုတ်ဘဲ လေးစားမှုများ ပြည့်နေသော အကြည့်တစ်စုံသာဖြစ်သည်။

သူမက တည်ငြိမ်စွာ မေးလိုက်၏။

"မင်းက မင်းရဲ့ဓားကို မေ့သွားပြီလား .. ဒါမှမဟုတ် မလိုအပ်တော့တာလား..."

"ကျုပ်က ဓားမလိုအပ်တဲ့ အဆင့်ထိတော့ မရောက်သေးပါဘူး... ကျုပ်က ဓားကျန်နေခဲ့တာပါ…"

သူက အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။

မကောင်းဆိုးဝါးဘုရင်မက သူ၏စကားကို စိတ်ဝင်စားပုံမရချေ။ သူမကတော့ စဉ်းစားနေခဲ့၏။

မုန့်ချီက သိမ်မွေ့စွာ ပြန်လှည့်သွားခဲ့သည်။ သူက လက်နောက်ပစ်ထားပြီး ဝင်လာခဲ့သော တံခါးဆီသို့ လျှောက်သွားခဲ့၏။

မကောင်းဆိုးဝါးဘုရင်မကပင် ဘာပြောရမှန်း မသိတော့ချေ။ သူက အလွယ်တကူဝင်လာပြီး အလွယ်တကူ ထွက်ခွာသွားခဲ့၏။ သူ့ဆီတွင် လွတ်လပ်ပေါ့ပါးသော စိတ်ဝိညာဉ်တစ်ခု ရှိနေခဲ့သည်။

မကောင်းဆိုးဝါးဘုရင်မက သူ့ကို တားဆီးထားရန် စိတ်ကူးမရှိချေ။ ထိုအစား သူမ၏ရှေ့‌တွင် ရှိနေသော ဗုဒ္ဓရုပ်တုကြီးကို လှမ်းကြည့်လိုက်၏။ သူမက တည်ငြိမ်စွာ မေးလိုက်သည်။

"သက်ရှိဗုဒ္ဓက မြို့တော်ကို ရောက်နေပြီ..။ သူက သူကိုယ်တိုင် နင့်ကို ငရဲပြည်ပို့မယ်လို့ ကြုံးဝါးထားတာ.."

"သေခြင်းတရားနဲ့ ရှင်ခြင်းတရားဆိုတာ လူသားတွေနဲ့ ကွဲကွာလို့မှ မရတာ.။ ဘာလို့များ ကြောက်ရွံ့နေရမှာလဲ.."

မုန့်ချီက ပြန်လှည့်မကြည့်ဘဲ ရယ်ကာမောကာနှင့် ဖြေလိုက်သည်။

သူက တံခါးကို ကျော်သွားခဲ့ပြီး ကျောင်းဆောင်၏ ပင်မခန်းမဆီသို့ ဦးတည်သွားခဲ့သည်။ ခန်းမ၏ဘေးဘက်ခြမ်းတွင်တော့ သစ်ပင်ကြီးများ ရှိနေသည်။ သစ်ပင်ကြီးများ၏ ကြားထဲတွင်တော့ လမ်းကလေးတစ်ခု ရှိနေခဲ့၏။ နေရောင်ခြည်နှင့် အရိပ်များက ထိုလမ်းပေါ်တွင် ကျဆင်းနေသည့်အတွက် အစိမ်းရောင်ဝတ်စုံများကို ပျောက်ကွယ်သွားစေနိုင်သည်။

"သခင်မ …

ရောက်လာတဲ့သူက ဘယ်သူလဲ…."

မကောင်းဆိုးဝါးဘုရင်မ၏ အစောင့်တစ်ယောက်က မေးလိုက်သည်။

သူတို့အားလုံးကလည်း သူတို့၏သခင်မကဲ့သို့ အဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ ထိုလူငယ် ထွက်သွားသည့် အချိန်မှသာ သူက စိတ်ဝင်တစား လာမေးခြင်းဖြစ်သည်။ ဘာကြောင့် သူတို့၏သခင်မက ထိုကဲ့သို့ အမူအရာမျိုး ဖြစ်သွားရသနည်း။

ဝင်ပေါက်ကို စောင့်ကြပ်နေသော မကောင်းဆိုးဝါးများကပင် ဧည့်သည်များကို တားမြစ်ထားပြီး မည်သူမျှ သူတို့၏ အတားအဆီးကို မကျော်နိုင်ကြပေ။ ထို့ကြောင့် သူတို့က သခင်မ၏ အဖြေကို စောင့်ဆိုင်း‌နေကြ၏။

မကောင်းဆိုးဝါးဘုရင်မက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"သက်ရှိဗုဒ္ဓက အဲဒီလိုသတင်းစကား ကိုယ်တိုင်ပို့တဲ့သူတွေ အများကြီးရှိတယ်..။ ဒါပေမယ့် လူတစ်ယောက်ပဲ အသက်ရှိသေးတယ်"

သူမ၏ စကားသံက တည်ငြိမ်စွာ ပျံ့နှံ့လာသည့်အချိန်တွင် သူတို့၏မှတ်ဉာဏ်များထဲ၌ နာမည်တစ်ခုကို ရှာတွေ့ခဲ့သည်။ သူတို့ထဲမ တစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်မိ၏။

"နတ်ဘုရား...နတ်ဘုရားသတ်ဓားလား..."

ဟိုးအရင်အချိန်တွင် နတ်ဘုရားသတ်ဓား ရှောင်မုန့်က ယွင်ရန် ရဲတိုက်ထဲသို့ ဝင်လာခဲ့ပြီး သူနှင့်အတူ တမန်တော်ကို ခေါ်ဆောင်သွားကာ သတ်ပစ်ခဲ့သည်။ သူက မြို့တော်တစ်ခုလုံးကို အရှုပ်အထွေးများ ဖြစ်ပေါ်စေခဲ့ပြီး အနောက်ပိုင်း ကျူးကျော်သူများ၏ အစီအစဉ်ကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။ သူ၏လုပ်ရပ်များကြောင့် သက်ရှိဗုဒ္ဓက အလွန်ဒေါသထွက်သွားပြီး သူကိုယ်တိုင် သူ့ကို သေရွာသို့ပို့ပေးမည်ဟု ကြုံးဝါးခဲ့၏။

သို့သော် နတ်ဘုရားသတ်ဓား ရှောင်မုန့်က ရုတ်တရက်ပျောက်ကွယ်သွားသည့်အတွက် သက်ရှိဗုဒ္ဓကလည်း အေးအေးဆေးဆေး စောင့်နေခဲ့ရသည်။ တံခါးတွင် ရှိနေသော အစောင့်များက မယုံကြည်နိုင်သလို ခံစားနေရ၏။

"ရှောင်မုန့်...နာမည်ကျော် နတ်ဘုရားသတ်ဓားလား…"

"အဲဒီနာမည်…"

သူတို့က အံ့ဩနေကြသည်။ သူတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး ရင်ထဲတွင် အကြောက်တရားများ လွှမ်းမိုးလာခဲ့သည်။

"ဒါဆိုရင် သူ တကယ် ရောက်လာတာပဲ…"

"မြို့တော်ကို ပညာရှင်တွေအားလုံး ရောက်လာကြပြီ..။ ဓားအင်ပါယာရဲ့နှုတ်ဆက်ပွဲက ဘယ်လောက်ထိ လှုပ်လှုပ်ရှားရှား ဖြစ်သွားမှာလဲ…"

……………….

ရှောင်ရှန့် စားသောက်ဆိုင်၏ အခမ်းနားဆုံး အခန်းတံခါးက ပွင့်နေခဲ့သည်။ စားပွဲထိုးများက အလျင်အမြန် လှုပ်ရှားနေကြပြီး စားပွဲဝိုင်းများပေါ်တွင် စားသောက်ဖွယ်ရာများကို အလျင်အမြန် ချပေးနေကြ၏။

အပြင်ဘက်မှနေ၍ စိတ်ဝင်စားနေသည့် အကြည့်ပေါင်းစုံလည်း ရောက်လာနေကြသည်။ သူတို့ကတော့ အခန်းထဲတွင် အရေးပါမည့် လူတစ်ယောက် ရှိနေမည်ဟု ခန့်မှန်းမိနေကြ၏။သိုင်းလောကတွင် နာမည်ကျော်ကြားသောသူများ၊ တိုက်ပွဲထဲတွင် အကြီးမြတ်ဆုံး စစ်သည်တော်များနှင့် ထိပ်သီးသိုင်းပညာရှင်များကသာ ထို့ကဲ့သို့ကြီးကျယ်ခမ်းနားသည့် အပြင်အဆင်မျိုးနှင့် ထိုက်တန်သည်။

သိုင်းပညာ ကျွမ်းကျင်သော ပညာရှင်များကတော့ ထိုကမ္ဘာကြီးထဲတွင် လူတိုင်းလေးစားခြင်းကို ခံရပြီး အရေးပါသောနေရာများ ရရှိနိုင်သည်။

"အစောပိုင်းတုန်းက မိန်းကလေး ယုကျန်း ကျွန်တော့်ကို ကြည့်သွားတာ မြင်လိုက်တယ်..။ ဒီညကျွန်တော့်ကို အလှည့်ပေးနိုင်မလား…"

ကျန်းစန်းကျင်းက အရက်ခွက်ကို မော့သောက်လိုက်ပြီး အားရပါးရ ရယ်လိုက်သည်။ သူက အရက်အတော်မူးနေပြီး ခန္ဓာကိုယ်က ယိမ်းထိုးလာခဲ့သည်။

သူကတော့ ယခင်တုန်းကကဲ့သို့ အတွေ့အကြုံမရှိသော လူတစ်ယောက် မဟုတ်တော့ဘဲ အသက်အရွယ်ကိုလိုက်၍ အတွေ့အကြုံ ရင့်ကျက်လာပြီး ပြတ်သားသော အမူအရာမျိုး ရှိလာခဲ့သည်။ ယုကျန်းဆိုသည်မှာ ရှောင်ရှန့် စားသောက်ဆိုင်ထဲတွင် နာမည်အကျော်ကြားဆုံးသော ကချေသည်မလေးဖြစ်သည်။

"ဒါမှမဟုတ် ငါပဲ ခေါ်လိုက်ရမလား…"

ကျန်းစန်းကျင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဘုန်းတော်ကြီးက ပြောလိုက်သည်။

ထိုဘုန်းတော်ကြီးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သန့်ရှင်းစင်ကြယ်နေသည်။ သူ့နာမည်ကတော့ ယုယီဘုန်းတော်ကြီးဖြစ်ပြီး တစ်ချိန်တုန်းက အလွန်နာမည်ကျော်ကြားခဲ့၏။

ကျန်းစန်းကျင်းက အားရပါးရ ရယ်လိုက်သည်။

"ကိုယ်တော်က ကျွန်တော့်ကို သတိပေးချင်နေတာလား..ဒါမှမဟုတ် ကိုယ်တော်က အခုအချိန်အထိ ကာမဂုဏ်ကို ခံစားလို့ မဝနိုင်သေးဘူးလား…"

"ငါက သေခါနီး ဘုန်းတော်ကြီးမှ မဟုတ်တာ မိတ်‌ဆွေ…"

ဘုန်းတော်ကြီးက ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် မိန်းကလေးယုကျန်းက ကျမ်းစာတွေကို စိတ်ဝင်တစား လေ့လာနေတယ်ဆိုတာ ငါသိတယ်…"

သူက ခဏရပ်လိုက်ပြီး စကားစကို ဖြတ်လိုက်၏။

"(၃)နှစ်ကြာသွားတဲ့အချိန်မှာ မင်းက အရပ်ရှည်လာသလို အခုလိုမျိုး နာမည်ကျော်ကြားလာခဲ့တယ်..။ အနာဂတ်မှာတော့ သူတို့ပြောသလို လူငယ်တွေပဲ ရှိလာတော့မှာပေါ့…"

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သိုင်းပညာမှာ ပါရမီပါသွားလို့ပါ…"

ကျန်းစန်းကျင်းက ပြန်ပြောလိုက်သည်။ သူကတော့ ပို၍ပင် တည်ငြိမ်အေးချမ်းသွားသော အမူအရာမျိုးကို ပြောင်းလဲသွားခဲ့၏။

"သိုင်းပညာနဲ့ ပတ်သက်လာရင် အတွေ့အကြုံတွေက လေ့ကျင့်တဲ့နေရာမှာ တော်တော်လေး အသုံးဝင်တယ်..။ ဒီတော့ တည်ကြည်ခိုင်မြဲတာထက် ပါရမီပါတယ်ဆိုတာက ပိုပြီးတော့ သင့်တော်နိုင်တယ်..။ ကျွန်တော်က အနောက်ပိုင်း ကျူးကျော်သူတွေ တိုက်ခိုက်နေစဉ် အတောအတွင်း တပ်မှူးလုနဲ့အတူ ယှဉ်တွဲပြီး တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ မင်းသား(၇)ရဲ့ လက်အောက်မှာရှိတဲ့ မကောင်းဆိုးဝါးတွေကိုလည်း ရှင်းပစ်ခဲ့တယ်…”

“ကျွန်တော်က သူရဲကောင်းမုန့်ကိုလည်း လုံးဝမမေ့ခဲ့ဘူး...။ သူက ကျွန်တော့်ကို လမ်းညွှန်ပြီး အကြံပေးခဲ့တယ်။ အဲဒီအကြံပေးချက်တွေကြောင့်သာ ကျွန်တော်က လက်ရှိအခြေအနေကို ရောက်လာခဲ့တာ။ ကျွန်တော်က တစ်ချိန်လုံး အရက်နဲ့ကာမဂုဏ် လိုက်စားနေတဲ့ ခင်ဗျားလို ဘုန်းတော်ကြီးတစ်ပါးနဲ့မတူဘူး..."

ယုယီဘုန်းတော်ကြီးက သက်ပြင်းချပြီး ပြောလိုက်၏။

"ဟုတ်တယ်...။ မင်းက သိုင်းပညာနဲ့ပတ်သက်ပြီး တကယ့်ကို စိတ်နှစ်ထားတယ်...။ ငါကတော့ မင်းကို ညဏ်ပညာအရပဲ အသာစီးရနိုင်တယ်။ တကယ့်တိုက်ပွဲထဲမှာတော့ ငါတို့က မဟာမိတ်တွေပါပဲ..။ မင်းက တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကနေ သိုင်းပညာအနှစ်သာရတွေအဖြစ် ပြောင်းလဲနိုင်ပြီး ဓားမောက် သိုင်းပညာအသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။ အဲဒါက မင်းကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့တဲ့အရာပဲ…"

ဘုန်းတော်ကြီးက ပြောလိုက်၏။

သူတို့၏ရင်းနှီးမှုကလည်း သူတို့ကြုံတွေ့ခဲ့ရသော တိုက်ပွဲများကြောင့်ပို၍ ခိုင်မာလာခဲ့သည်။

"ဒါပေမယ့် သူရဲကောင်းမုန့်က ဘာတွေဖြစ်နေလဲဆိုတာ သတင်းမကြားရတာတော့ တော်တော်လေး ကံဆိုးသွားတယ်..။ ကျွန်တော့်ရဲ့ လက်ရှိစွမ်းရည်၊ ကျွန်တော့်ရဲ့အသိပညာတွေအရ ကျွန်တော်က သူ့ကို တော်တော်လေး ကျေးဇူးတင်ချင်တယ်…"

ကျန်းစန်းကျင်းက သက်ပြင်းချလိုက်မိ၏။

မုန့်ချီ၏ သနားကြင်နာမှုနှင့် လမ်းပြမှုက ‌သူ့ခေါင်းထဲတွင် စွဲမြဲနေသေးသည်။ မုန့်ချီက သူ့ကို ပထမဆုံး လမ်းပြပြီး လမ်းညွှန်ပေးခဲ့သောသူ တစ်ယောက်လည်း ဖြစ်၏။

သူ့ရှေ့တွင် ရှိနေသော လူငယ်လေး၏ အတွေ့အကြုံများကို နားနေရင်း ယုယီဘုန်းတော်ကြီးကလည်း အတိတ်မှတ်ညဏ်များကို ပြန်လည်စဉ်းစားမိခဲ့သည်။ သူက နတ်ဘုရားသတ်ဓား ရှောင်မုန့်နှင့် တိုက်ခိုက်ခဲ့သည်များကို ပြန်လည်အမှတ်ရသွားခဲ့၏။ ထိုရှောင်မုန့်က သူကိုယ်တိုင်နှင့် တခြားအစွမ်းထက် ပညာရှင်များရှိနေသည့် အချိန်တွင်ပင် အိမ်ရှေ့မင်းသားကို ‌အေးစက်စွာ သတ်ပစ်ခဲ့သည်။

"သူက ငယ်ပေမယ့် အောင်မြင်ကျော်ကြားမှုနဲ့ ချမ်းသာမှုကို မလိုချင်ခဲ့ဘူး..။ သူက လွတ်လပ်ပေါ့ပါးမှုကိုပဲ လိုချင်ခဲ့တယ်..။ သူ့ရဲ့လုပ်ရပ်မျိုး ဘယ်သူမှ မလုပ်နိုင်ဘူး..။ လူတိုင်းကတော့ အဲဒီအရာတွေကို မြင်ရရင် ရှောင်တိမ်းနိုင်ကြမှာ မဟုတ်ဘူး…"

ယုယီဘုန်းတော်ကြီးက တိုးတိုးလေး ရေရွတ်လိုက်သည်။

ရုတ်တရက်ဆိုသလို တံ‌ခါးခေါက်သံ ကြားလိုက်ရပြီး တိတ်ဆိတ်မှုက ပျက်ဆီးသွားခဲ့၏။

"ဘယ်သူလဲ…"

သူတို့က ထိတ်လန့်သွားကြပြီး တံခါးရှိရာကို လှမ်းကြည့်လိုက်ကြသည်။

"လူတစ်ယောက်က တိတ်တဆိတ် ချဉ်းကပ်လာတယ်..။ ဒါပေမယ့် ငါတို့က သူ့ကို လုံးဝသတိမထားခဲ့မိဘူး..”

“မိတ်ဆွေဟောင်းတစ်ယောက် လာလည်တာပါ…"

တံခါးပေါက်မှနေ၍ အသံတစ်ခုကို ကြားလိုက်ရပြီး သူတို့က ရုတ်တရက်ပေါ်လာသော ဧည့်သည်တစ်ယောက်ကို မြင်လိုက်ရသည်။ အစိမ်းရောင်ဝတ်ထားသော လူငယ်တစ်ယောက်က တံခါးတွင် တည်ငြိမ်စွာ ရပ်နေပြီး တံခါးကို ညင်သာစွာ ခေါက်နေသေးသည်။

ကျန်းစန်းကျင်းက ဧည့်သည်ကို သေချာစွာ စိုက်ကြည့်လိုက်သေး၏။ တဖြည်းဖြည်းနှင့် သူ၏ရုပ်ရည်နှင့်ပုံစံက ခေါင်းထဲတွင် ပေါ်လာခဲ့သည်။ သူက ချောမောခန့်ညားပြီး အရပ်ရှည်သည်။ အလွန်တည်ငြိမ်အေးချမ်းပြီး ရင်းနှီးဖော်ရွေသည့်ပုံ အမူအယာမျိုး ရှိ၏။ သူ့ပုံစံက အေးစက်ပြီး သမုဒ္ဒရာရေပြင်သဖွယ် နက်ရှိုင်းလွန်းလှသည့် ပင်လယ်ပြင်ပေါ်ကို ဖြတ်တိုက်လာသော လေလှိုင်းတစ်ခုသဖွယ် ဖြစ်နေသည်။

"သ..သခင်လေးမုန့်…"

ကျန်းစန်းကျင်းက ခဏတာ မှင်တက်သွားခဲ့ပြီး ချက်ချင်းပင် မတ်တပ်ရပ်၍ ဧည့်သည့်ကို ဖိတ်ခေါ်လိုက်သည်။

ယုယီဘုန်းတော်ကြီးကတော့ ပို၍ပင် ထိတ်လန့်သွားခဲ့၏။ ကျန်းစန်းကျင်းက ထိုကဲ့သို့ ကြိုဆိုလိုက်သည့်အတွက် ထိုအရာက ရှောင်မုန့်ဖြစ်ကြောင်း သေချာသွားသည်။ ထိုအရာက နတ်ဘုရားသတ်ဓားဟု မြို့တော်တစ်ခုလုံးတွင် ကျော်ကြားခဲ့သော ဒဏ္ဍာရီပညာရှင်တစ်ယောက်လည်း ဖြစ်၏။

နတ်ဘုရားသတ်ဓားက ထူးခြားသောစွမ်းရည်နှင့် ဓားသိုင်းကြောင့် ကျော်ကြားပြီး သူ့အစွမ်းများက အလွန်ထက်မြက်လွန်းလှသည်။

မုန့်ချီက နွေးထွေးသောကြိုဆိုမှုကို အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်၏။

"နှစ်နည်းနည်းလောက် ကြာသွားခဲ့တဲ့အချိန်မှာ မင်းက အစွမ်းအစရှိတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်နေပြီပဲ…"

သူက ချီးကျူးလိုက်သည်။ သူ့ဆီတွင် ထူးဆန်းသောခံစားချက်တစ်ခု ပေါ်လာနေပြီး သူ့မိတ်ဆွေဟောင်း၏ ထူးခြားသောပြောင်းလဲမှုများကို မြင်တွေ့နေရသည်။ အသက်(၂၅)နှစ်အရွယ် လူငယ်လေး ကျန်းစန်းကျင်းက ယခင်တုန်းကကဲ့သို့ မဟုတ်တော့ပေ။ သူက မုန့်ချီကို ပြန်‌ဖြေလိုက်၏။

"(၅)နှစ်ပဲ ရှိပါသေးတယ်..။ အဲဒါက သိပ်မကြာပါဘူး သခင်လေးမုန့်..။ သခင်လေးမုန့်ကလည်း တော်တော်လေးကို တိုးတက်သွားတယ်ထင်တယ်။ သခင်လေးက ကျွန်တော့်ထက်တောင် ပိုပြီးတော့ အသက်ငယ်ပါသေးတယ်…"

ထို့နောက် သူက မုန့်ချီကို တလေးတစားအရိုအသေ ပေးလိုက်သည်။

"ကျွန်တော်က သခင်လေးမုန့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်...။ သခင်လေးရဲ့ လမ်းညွှန်မှုတွေသာ မရှိခဲ့ရင် ဒီနေ့ ကျန်းစန်းကျင်းဆိုတာ ရှိမလာနိုင်ဘူး…."

"ဒီလိုမျိုး လုပ်မနေပါနဲ့...ရှောင်မုန့်ပဲဖြစ်ဖြစ် သခင်လေးမုန့်ပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်…"

မုန့်ချီက ထိုင်ခုံတွင်ထိုင်ပြီး ပြောလိုက်၏။

ထို့နောက် သူ့အတွက် အရက်တစ်ခွက်ငှဲ့ပြီး ဆက်ပြောလိုက်သည်။

"ငါက မြို့ပြလူနေမှုအဖွဲ့အစည်းကနေ အ‌ဝေးကို ရောက်နေတာ တော်တော်လေးကို ကြာနေပြီ..။ ငါလည်း မကြာသေးခင်ကမှ ကမ္ဘာကြီးထဲကို ထွက်လာခဲ့တာ..။ ငါက အချက်အလက်တွေအများကြီး ရှာဖွေဖို့ လိုအပ်နေသေးတယ်.။ ဒီတော့ ငါမရှိခဲ့တဲ့ (၅)နှစ်အတွင်း ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြောပြပါဦး…"

ကျန်းစန်းကျင်းက သူ၏ကျေးဇူးရှင်ကို အလျင်အမြန်ပြောပြလိုက်သည်။

"လက်ရှိဘုရင်ကြီးက ထီးနန်းရနေတာ (၅)နှစ်ရှိသွားပြီ.။ .မြောက်ပိုင်းမှာရှိတဲ့လူတွေကို သိမ်းသွင်းနိုင်ခဲ့ပြီး အနောက်ပိုင်းလူရိုင်းတွေကို တိုက်ခိုက်ဖို့အတွက် အနောက်ပိုင်းကို စစ်ချီသွားခဲ့တယ်။ တပ်မှူးလုကိုတော့ အဲဒီတပ်ဖွဲ့မှာ အမြင့်ဆုံးတပ်မှူးအဖြစ် တာဝန်ပေးခဲ့တယ်..။ အဲဒီနောက်မှာတော့ တိုက်ပွဲတွေ အများကြီးဖြစ်ခဲ့ပြီး (၂)နှစ်လောက် တိုက်ခိုက်ခဲ့ရတယ်..။ အဲဒီနောက်မှာတော့ အရှေ့တောင်ပိုင်းနယ်မြေမှာရှိတဲ့ မင်းသား(၇) က နန်းတွင်းကို ပုန်ကန်နေတယ်ဆိုတဲ့ သတင်းမျိုး ကြားလိုက်ရတယ်.။ ကျွန်တော်တို့ကလည်း အရှေ့နဲ့အနောက် တစ်လှည့်ဆီသွားပြီး တိုက်ခိုက်နေခဲ့ရတယ်..”

“ဒါပေမယ့် ဘုရင်ကြီးကတော့ တည်ငြိမ်ပြီး ဆုံးဖြတ်ချက်ပြတ်သားတယ်။ သူက သိုင်းလောကသားတွေရဲ့ အကူအညီကိုလည်းရခဲ့တယ်..။ အနောက်ပိုင်းနယ်မြေထဲကိုတော့ ဓားအင်ပါယာ သွားခဲ့ပြီး အဲဒီနေရာမှာ သူက သက်ရှိဗုဒ္ဓနဲ့ တိုက်ခိုက်ခဲ့ရတယ်။ ‌ဒါကြောင့် ကျွန်တော်တို့‌တွေက တံခါးဝဆီ ရောက်နေတဲ့ ရန်သူတွေကို ခုခံနေခဲ့ရတာပဲ။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေက အရာထင်လာခဲ့တယ်..။ နောက်ဆုံးမှာတော့ ကျွန်တော်တို့က နယ်စပ်တောင်ကြားတံခါးတွေအထိ လူရိုင်းတွေကို မောင်းထုတ်နိုင်ခဲ့တယ်။ အဲဒီနောက် တပ်မှူးလုက ရဲမက်တွေကို ဦးဆောင်ပြီး တောင်ပိုင်းကို စစ်ချီသွားခဲ့တယ်။ ပြီးတော့ မင်းသား(၇)ကိုတိုက်ခိုက်ပြီး အသာစီးရခဲ့တယ်...။ အခုတော့ နိုင်ပွဲရသွားပါပြီ။ ကျွန်တော်တို့အတွက် အသေးအဖွဲတိုက်ပွဲတွေပဲ ရှိတော့တယ်…”

“လွန်ခဲ့တဲ့(၂)လလောက်မှာတော့ ဘုရင်ကြီးက တောင်ပိုင်းမှာ ပို့ထားတဲ့ လက်ယာအမတ်ကြီးကို မြို့တော်ဆီ အလျင်အမြန် ပြန်ခေါ်လာခဲ့တယ်။ အခုဓားအင်ပါယာက နောက်ဆုံးနေ့ရက်ကို ရောက်နေပြီဆိုတဲ့ သတင်းတွေလည်း မြို့တော်မှာ ပျံ့နှံ့နေတယ်..။ တဖြည်းဖြည်းနဲ့ အဲဒီသတင်းက တောင်ပိုင်းကို ပျံ့နှံ့လာတဲ့အတွက် တပ်မှူးလုက သတင်းသေချာစုံစမ်းဖို့ ကျွန်တော့်ကို ဒီနေရာဆီ ပြန်လွှတ်လိုက်တာ။ လက်ရှိအချိန်မှာ သက်ရှိဗုဒ္ဓက အနောက်ပိုင်းဖုန်းဆိုးမြေက တမာန်တော်တွေနဲ့အတူ မြို့တော်ထဲကို ခိုးဝင်လာတယ်လို့ သတင်းကြားတယ်..။ သူက ယွင်ရန် ရဲတိုက်ထဲမှာ ပုန်းနေတယ်လို့ ပြောသံကြားတယ်။ ပြီးတော့ မင်းသား(၇)နဲ့ တစ်ဖွဲ့တည်းဖြစ်ခဲ့တဲ့ မကောင်းဆိုးဝါးဘုရင်မနဲ့ တော်ဝင်အကြံပေးတို့ကလည်း တိတ်တဆိတ် ပုန်းအောင်းနေကြတယ်…"

မုန့်ချီက ခေါင်းညိတ်ပြီး တိုးတိုးလေးပြောလိုက်၏။

"ငါ နားလည်ပြီ…"

ကျန်းစန်းကျင်း ပြောပြသော အကြောင်းအရာများက အတော်လေးကို ပြည့်စုံလှသည်။ သို့သော် သူကတော့ သူနှင့် မသက်ဆိုင်သော တခြားအရာများကို နှောင့်ယှက်ရန် စိတ်ကူးမရှိချေ။

တစ်ချိန်လုံး တိတ်ဆိတ်နေသော ယုယီဘုန်းတော်ကြီးက မုန့်ချီကို သတိပေးလိုက်၏။

"ဒကာလေးမုန့် …

သက်ရှိဗုဒ္ဓနဲ့ တွေ့တဲ့အချိန်ကျရင် ဂရုစိုက်ပါ..။ သူက ဒကာလေးမုန့်ကို သူ့လက်နဲ့ ကိုယ်တိုင်သတ်မယ်လို့ ကြုံးဝါးထားတယ်။ တကယ်လို့ ဒကာလေးက သူနဲ့တွေ့မယ်ဆိုရင် ကံဆိုးသွားနိုင်တယ်..."

သက်ရှိဗုဒ္ဓ၏ ကြုံးဝါးခြင်းကို သိနေသည့်အတွက် ကျန်းစန်းကျင်းက စိုးရိမ်စွာ ပြောလိုက်သည်။

"သက်ရှိဗုဒ္ဓက စိတ်ဝိညာဉ်ဗဟိုကို လေ့ကျင့်ထားပြီး မှတ်ညဏ်တွေကို ထိန်းသိမ်းထားနိုင်တယ်..။ သေဆုံးသွားခဲ့တဲ့ သူ့ရဲ့ဘိုးဘေးတွေက သူ့ကို သက်ရှိဗုဒ္ဓဆိုတဲ့ ဂုဏ်ပုဒ်မျိုး ပေးခဲ့တာ။ သူက နှစ်ပေါင်းများစွာ စွမ်းအားတွေ၊ အသိပညာတွေကို စုစည်းထားတယ်...။ ဒါကြောင့် သက်ရှိဗုဒ္ဓက နတ်ဘုရားတွေလို သံသရာကိုတောင် ပြောင်းလဲနိုင်တဲ့စွမ်းရည်များကို ပိုင်ဆိုင်ထားတယ်လို့ ပြောကြတယ်။ သူ့ဆီမှာရှိတဲ့ စွမ်းအားတွေက တော်တော်လေးကို ကြောက်စရာ ကောင်းတယ်။ အဲဒါက သာမာန်ထိပ်တန်းပညာရှင်တွေလို မဟုတ်ဘူး။ သက်ရှိဗုဒ္ဓရဲ့ ကြောက်စရာ အကောင်းဆုံးစွမ်းရည်ကတော့ မီးတောက်ဆန့်ကျင်နေမင်းဘီး လို့ခေါ်တယ်။ အဲဒါကိုတော့ သေချာမသိဘူး…"

မုန့်ချီက သူတို့၏စကားကို နားထောင်ရင်း တိတ်တဆိတ် ပြုံးလိုက်မိသည်။

"မင်းတို့က ငါနဲ့အတူ နေရာတစ်ခုကို လိုက်ခဲ့ဖို့ စိတ်ဝင်စားလား…"

"ဘယ်နေရာလဲ…"

ကျန်းစန်းကျင်းနှင့် ယုယီဘုန်းတော်ကြီးတို့က တစ်ပြိုင်နက်တည်း မေးလိုက်ကြသည်။

မုန့်ချီက မတ်တပ်ရပ်ပြီး အင်္ကျီကို ခါလိုက်သည်။

"ယွင်ရန် ရဲတိုက်…"

Translated by Hein Htet

All Chapters