အခန်း (၄၅၇)
Vol. 31 Ch. 457
"ယွင်ရန် ရဲတိုက်လား..."
"ယွင်ရန် ရဲတိုက်..."
ကျန်းစန်းကျင်းနှင့် ယုယီဘုန်းတော်ကြီးတို့ (၂) ယောက်လုံးက အံ့ဩမှင်တက်သွားကြသည်။ ထိုမျှ သတိပေးနေသည်ကိုပင် မုန့်ချီက သွားရဲဦးမည်ဟု သူတို့လည်း လုံးဝ မတွေးမိခဲ့ကြပေ။
အကယ်၍ တခြားလူတစ်ယောက်ယောက်ကသာ ထိုကဲ့သို့ ဆုံးဖြတ်ချက်ချမည်ဆိုလျှင် သူ၏ဆုံးဖြတ်ချက်က မှားယွင်းနေကြောင်း တွေးမိဦးမည် ဖြစ်သည်။ သို့သော် ယခုတော့ မုန့်ချီ ဖြစ်နေ၏။ ထိပ်တန်းပညာရှင် တစ်ယောက်နှင့် မုန့်ချီ၏ ကြားထဲတွင် ရှိနေသော စွမ်းအားကွာဟမှုကို မည်သူကမျှ သံသယဝင်စရာ မလိုအပ်ပေ။
မကောင်းဆိုးဝါးဘုရင်မ၏ လက်ထဲမှနေ၍ အရှက်မရှိ ထွက်ပြေးသွားနိုင်ခဲ့သော မကောင်းဆိုးဝါးမင်းသားကပင် သူ၏အစွမ်းများကြောင့် သေဆုံးသွားခဲ့ရသည်။ သူက သတ္တိအရာတွင် အကျော်ကြားဆုံး ပညာရှင် တစ်ယောက်ဖြစ်ပြီး သူ၏လုပ်ရပ်များက အလွန်ပြတ်သားလှသည်။
နတ်ဘုရားသတ်ဓား ရှောင်မုန့်က ကောင်းကင်ပေါ်မှ ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်နိုင်ပြီး မကောင်းဆိုးဝါးမင်းသားကို လောင်ကျွမ်းမီးရှို့ပစ်ခဲ့သည်။ မုန့်ချီအတွက် မဖြစ်နိုင်သော စိန်ခေါ်မှုဟူသည်မှာ လုံးဝမရှိခဲ့ပေ။
ယခု သူက မကောင်းဆိုးဝါမင်းသားနှင့် ရင်ဆိုင်ပြီးသွားသည်မှာ (၅) နှစ်ခန့် ကြာနေပြီ ဖြစ်သည်။ သူက စွမ်းအားမည်မျှ တိုးတက်လာခဲ့သနည်း။ မည်သို့ဖြစ်စေကာမူ မုန့်ချီက အကြောင်းမဲ့ မောက်မာနေသော လူတစ်ယောက် မဟုတ်ချေ။ ထိုအစား သူ့ဆီတွင် အလွန်မြင့်မားသော စွမ်းရည် ရှိနေခဲ့၏။
သူက သူ၏တိုက်ခိုက်စွမ်းရည်နှင့် စွမ်းအားအပေါ် အကြွင်းမဲ့ ယုံကြည်ချက် ရှိနေသည်ဟု ဆိုလိုခြင်းသာ ဖြစ်နိုင်သည်။ ထို့ပြင် နတ်ဘုရားသတ်ဓား ရှောင်မုန့်က သူ၏ပြိုင်ဘက်ဖြစ်သော သက်ရှိဗုဒ္ဓ၏ ခွန်အားကို မှားယွင်းတွက်ချက်လိမ့်မည် မဟုတ်ချေ။
မည်သို့ဖြစ်စေကာမူ သူက ဓားအင်ပါယာ၏ လမ်းညွှန်မှုနှင့် အကြံပေးချက်ကို ရရှိထားသော လူတစ်ယောက်ဖြစ်ပြီး မကောင်းဆိုးဝါးဘုရင်မ၏ မဟာမိတ်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ မျှော်လင့်ချက်များ ပြည့်နှက်လာသော အမူအရာနှင့် သူတို့ကလည်း အချင်းချင်း ဖြည်းညင်းစွာ လှည့်ကြည့်လိုက်မိ၏။ သူတို့၏စိတ်ထဲတွင်လည်း အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။
"သူက အတားအဆီးတွေအားလုံးကို ဖြတ်ကျော်ပြီး ထိပ်တန်းသိုင်းသခင်အဆင့်ကို ရောက်သွားတာလား…"
သူ့အသက်အရွယ်အရ ထိုအရာက လုံးဝကို မဖြစ်နိုင်သော စွမ်းရည်တစ်ခုလည်း ဖြစ်နေသည်။
သူကတော့ ဘေးဘက်တွင် လက်နောက်ပစ်ပြီး ရပ်နေခဲ့၏။ အလွန်နူးညံ့သိမ်မွေ့သော လက်ထဲတွင် သေခြင်းတရားနှင့် အဖျက်စွမ်းအားများ ပြည့်နှက်နေကြောင်း မည်သူကရော သိနေမည်နည်း။ သူ့ပုံစံက ပျင်းရိနေပုံ ရသော်လည်း ထိုလက်ထဲတွင် ကြောက်စရာကောင်းသော စွမ်းအားများကို ဖုံးကွယ်ထားကြောင်း သူတို့က သိနေကြသည်။
သူက သက်သောင့်သက်သာ အမူအရာနှင့် တံခါးဆီသို့ လျှောက်သွားခဲ့၏။ သူက အလွန်ထိတ်လန့်အံ့ဩနေသော ကျန်းစန်းကျင်းနှင့် ယုယီဘုန်းတော်ကြီးတို့ကို စောင့်မနေခဲ့ပေ။
သူက သစ်သားလှေကားမှ ဆင်းသွားပြီး ရှောင်ရှန့်စားသောက်ဆိုင်၏ အပြင်ဘက်သို့ ထွက်သွားခဲ့၏။ သူက လူများပြည့်နှက်နေသော လမ်းမကြီးကို ဖြတ်သွားခဲ့ပြီး ယွင်ရန်ရဲတိုက်ရှိနေသော လမ်းမထဲသို့ ချိုးဝင်သွားခဲ့၏။ သူကတော့ နောက်မှ လိုက်လာသော အသံများကို ကြားနေရသည်။ ထိုအရာကတော့ သူ့နောက်ကို ပြေးလိုက်လာသော ကျန်းစန်းကျင်းနှင့် ယုယီဘုန်းတော်ကြီးတို့ ဖြစ်ကြ၏။
"သ သ သခင်လေးမုန့်…"
ကျန်းစန်းကျင်းက အသက်ကို အမောတကောရှုရင်း ခေါ်လိုက်၏။
"ကျွန်တော်က သစ်တောတွေထဲမှာ သခင်လေးမုန့်ကို (၅) နှစ်လောက် လိုက်ရှာခဲ့တယ်။ ကျွန်တော်က သခင်လေးရဲ့လမ်းညွှန်မှုနဲ့ စေတနာကို အတော်လေး ကျေးဇူးတင်နေရတာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့လမ်းကြောင်းတွေက အမြဲတမ်း အချည်းနှီး ဖြစ်နေတယ်။ ကျွန်တော်က သခင်လေးရဲ့နေရာကိုတောင် ရှာမတွေ့ခဲ့ဘူး။ ဒီနှစ်တွေ အတောအတွင်း ဘယ်နေရာကို ရောက်နေခဲ့တာလဲ…"
သူက စိတ်ဝင်တစား မေးလိုက်၏။
"နေထွက်ချိန်ကို စောင့်ကြည့်ပြီး ကြယ်တွေကို ငေးကြည့်တယ်။ ပြီးတော့ ကမ္ဘာကြီးရဲ့ ဖြစ်စဉ်တွေနဲ့ သဘာဝတရားကြီးရဲ့ စည်းမျဉ်းတွေကို စဉ်းစားတယ်…"
မုန့်ချီကတော့ တစ်စိတ်တစ်ပိုင်းသာ အမှန်အတိုင်း ပြောပြလိုက်သည်။
"အဲဒါက တော်တော်လေးကို လွတ်လပ်ပေါ့ပါးမယ့်ဘဝမျိုး ဖြစ်ရမယ်…"
ကျန်းစန်းကျင်းက အားနည်းစွာ ကောက်ချက်ချလိုက်ပြီး ခြောက်ကပ်စွာ ရယ်မောလိုက်၏။
သူကတော့ ရှုပ်ထွေးပွေလီနေသော လူဘုံလောကတွင်သာ နေချင်နေပြီး စည်ကားသိုက်မြိုက်သော နေရာတွင်သာ အခြေချလိုသည်။ သူ၏ကျေးဇူးရှင်ကတော့ ထိုကဲ့သို့ ဘဝတစ်ခုကို ဖြတ်သန်းနေလိမ့်မည်ဟု သူလည်း မစဉ်းစားမိခဲ့ချေ။ မုန့်ချီ၏အဖြေကြောင့် သူ့ရင်ထဲတွင် လှုပ်ရှားသွားခဲ့ခြင်း မရှိသလို ရည်မှန်းချက်များ ပြည့်နှက်လာခြင်းလည်း မရှိသော်လည်း မုန့်ချီ၏အဖြေကို ကြားသည့်အခါ သူလည်း တိတ်ဆိတ်သွားခဲ့ပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။
မုန့်ချီက ပြန်လှည့်ကြည့်လိုက်၏။
"ဘာလဲ မင်းက မယုံဘူးလား…"
"မ မဟုတ်ပါဘူး သခင်လေး။ ကျွန်တော်က မယုံစရာ မရှိပါဘူး။ ကျွန်တော်က ဒီလိုတိတ်ဆိတ်ငြိမ်သက်ပြီး ရိုးရှင်းတဲ့ဘဝရဲ့ အနှစ်သာရတွေကို နားလည်ဖို့ တော်တော်လေး ခက်ပါတယ်။ ကျွန်တော်ကတော့ ရယ်မောသံတွေ ၊ ပျော်ရွှင်သံတွေ အရက်နဲ့ စားသောက်နေတဲ့အသံတွေ ကြားထဲမှာပဲ ကျင်လည်နေခဲ့ရတာကိုး…"
ကျန်းစန်းကျင်းက အလျင်အမြန် ရှင်းပြလိုက်၏။
သူ့ဘေးတွင် ရှိနေသော ယုယီဘုန်းတော်ကြီးကလည်း အနည်းငယ်ခေါင်းညိတ်ပြီး တီးတိုးရေရွတ်လိုက်၏။
"မင်းမှာ ဗုဒ္ဓလမ်းစဉ် ကျင့်ကြံမှုတွေ ရှိနေတာပဲ သခင်လေးမုန့် ။ မင်းက ဘုန်းတော်ကြီးတစ်ပါး မဟုတ်ပေမယ့် တိတ်ဆိတ်ငြိမ်သက်မှုကို ရှာဖွေနိုင်ပြီး စိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားနိုင်တယ်…."
သူက မုန့်ချီနှင့် တိုက်ခိုက်ခဲ့သည့်အချိန်ကတည်းကစပြီး သူ့ဆီတွင် ဗုဒ္ဓအုတ်မြစ်များ အခြေခံရှိနေကြောင်း သတိထားမိခဲ့သည်။
"တကယ့်ကို တည်ငြိမ်အေးချမ်းတဲ့ဘဝပါပဲ…"
မုန့်ချီက မျက်မှောင်ကြုတ်၍ တွေးလိုက်မိသည်။ ထို့နောက် သူက စကားမပြောတော့ပဲ ယွင်ရန်ရဲတိုက်ဆီသို့ လျှောက်လာခဲ့၏။
သူတို့က ယွင်ရန်ရဲတိုက်၏ ဝင်ပေါက်သို့ ရောက်လာခဲ့သည့်အချိန်တွင် တံခါးဝ၌ အစောင့်လူသန်ကြီး (၄) ယောက် ရှိနေခဲ့သည်။ သူတို့ကတော့ ဝင်ပေါက်ကို စောင့်ကြပ်နေပြီး ထူးဆန်းသော ဝတ်စုံဝတ်ထားသည့် လူ (၂) ယောက်ကတော့ တံခါး၏အတွင်းထဲတွင် ရှိနေခဲ့၏။
"ဒါက တမန်တော်ရဲ့နေအိမ်ပါ။ မင်းတို့မှာ ကိစ္စမရှိရင် ကျေးဇူးပြုပြီး ထွက်သွားပါ.."
အစောင့်တစ်ယောက်က အော်ဟစ်ပြောဆိုလိုက်သည်။
"ဒီနေရာမှာ သက်ရှိဗုဒ္ဓ ရှိနေတယ်ဆိုတဲ့ သတင်း ကြားခဲ့ရတယ်။ ငါက သူ့ရဲ့လမ်းညွှန်မှုကို လာရှာတာ…"
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်၏။
သက်ရှိဗုဒ္ဓက သံသရာကမ္ဘာကြီးထဲတွင် ရှိနေသော လူသားများကို ဆွဲခေါ်နိုင်သည့် အစွမ်းရှိကြောင်း ကြားလိုက်ရသည့်အချိန်တွင် သူက သက်ရှိဗုဒ္ဓကိုတွေ့ရန် ဆုံးဖြတ်ထားခဲ့သည်။ သူကတော့ သူ၏အတိတ်ဘဝ အကြောင်းအရာများနှင့် အနတ္တကြောင့် ကံကြမ္မာပုံရိပ်ပေါင်းများစွာ သက်ရောက်ခံနေရပြီး ဒုက္ခရောက်နေခဲ့သည်။
သူ၏စွမ်းရည်ဖြစ်သော လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်က သူ၏အတိတ်ဘဝ မှတ်ဉာဏ်များကို ပြန်လည်ကြည့်ရှုနိုင်ခြင်း မရှိချေ။ သူနှင့် အတိတ်ဘဝတွင် ပတ်သက်ခဲ့ဖူးသော တစ်စုံတစ်ယောက်၏ အကူအညီ ရှိနေမှသာ ထိုမြင်ကွင်းများကို ပြန်မြင်လာရနိုင်သည်။ ထို့ကြောင့် သူကလည်း ထိုကဲ့သို့ အခွင့်အရေးမျိုးကို သေချာပေါက် လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။
"ငါက ဒီလူသားကမ္ဘာကြီးကနေ အဆင့်တက်ဖို့အတွက် သက်ရှိဗုဒ္ဓကို ရန်စမှာတော့ မဟုတ်ဘူး…"
အစောင့်က ဒေါသထွက်ရမည့်အစား မုန့်ချီ၏တောင်းဆိုမှုကြောင့် အားရပါးရ ရယ်လိုက်သည်။
"မဖြစ်နိုင်ဘူး။ သက်ရှိဗုဒ္ဓက ယွင်ရန်ရဲတိုက်ထဲမှာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။ အခုချက်ချင်း ထွက်သွားပါတော့..."
"ငါက နတ်ဘုရားသတ်ဓားပဲ…."
မုန့်ချီက သူ့နာမည်ကို ကြေညာလိုက်သည်။
"နတ်ဘုရားသတ်ဓားလား။ ဘာ နတ်ဘုရားသတ်..."
အစောင့်၏အသံက လမ်းတစ်ဝက်တွင် ရပ်သွားခဲ့ပြီး သူက ထိုနာမည်ကို သေချာစဉ်းစားနေခဲ့သည်။ တံခါးနောက်တွေ ရှိနေသော လူစိမ်းများကတော့ အချင်းချင်း ကြည့်နေမိကြပြီး မုန့်ချီ၏နှုတ်ဖျားမှ ထွက်လာသော စကားများကို ယုံကြည်ပေးရန် ခက်ခဲနေသည်။
သူက သူ့ကိုယ်သူ လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး လူစိမ်းတစ်ယောက်က ရှေ့ထွက်လာ၍ မုန့်ချီကို ပြောလိုက်၏။
"ခဏစောင့်ပါ…"
သူက ပြန်လှည့်ပြီး အဆောက်အဦးထဲသို့ ဝင်သွားခဲ့သည်။
အစောင့်နှင့် လူစိမ်းတစ်ယောက်ကတော့ မုန့်ချီကို သံသယဝင်စွာ စောင့်ကြည့်နေကြ၏။ နတ်ဘုရားသတ်ဓား ဟူသည်မှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော်လည်း သူတို့၏ ရင်ထဲတွင်တော့ ရိုသေလေးစားမှုနှင့် အကြောက်တရားများ ရှိနေသေးသည်။
သူက တပ်မှူးလုကွမ်ကို အဝေးမှနေ၍ မြို့တော်ဆီသို့ခေါ်လာပြီး လမ်းတလျှောက်တွင် ကြုံခဲ့ရသော ဓားသမားတိုင်းကို အနိုင်ရခဲ့သည်။ သူက မည်သူမျှ သတိမထားမိခဲ့ပဲ ယွင်ရန်ရဲတိုက်ထဲသို့ ဝင်လာခဲ့ပြီး အစစ်အမှန် တမန်တော်ကို ခိုးယူသွားခဲ့၏။ သူက ပြတ်ရှဓားကို အနိုင်ရခဲ့ပြီး ရန်သူ၏သွေးနှင့် သူ့လက်နက်ကို သန့်စင်ခဲ့သည်။
သူက ညအချိန်တွင် နန်းတော်ထဲ၌ ထောင်ချောက်များ ပိတ်ဆို့ထားသည်ကိုပင် အထဲသို့ရောက်အောင် ဝင်နိုင်ခဲ့၏။ ထို့နောက် ကောင်းကင်မိုးကြိုး၏ အကူအညီနှင့် မကောင်းဆိုးဝါးမင်းသားကို အသေသတ်နိုင်ခဲ့သည်။ သူက အိမ်ရှေ့မင်းသား၏ ခုခံမှုများကိုလည်း ဖြတ်ကျော်သွားခဲ့ပြီး ထိပ်တန်းပညာရှင်များ၏ရှေ့တွင် အိမ်ရှေ့မင်းသားကို ရှင်းလင်းပစ်ခဲ့သည်။
သူ၏စွမ်းရည်များက နိုင်ငံတစ်ဝှမ်းလုံးတွင် ပျံ့နှံ့နေခဲ့၏။ မုန့်ချီနှင့်ပတ်သက်သော အရာများက အတော်လေးကို ကြာခဲ့သော်လည်း လူတိုင်းက ယခုအချိန်ထိ လေးစားနေကြသေးသည်။
ကျန်းစန်းကျင်းက စောင့်ဆိုင်းနေရသည်ကို ပျင်းလာသည့်အတွက် မုန့်ချီကို လှည့်ကြည့်လိုက်၏။
"သခင်လေး တိတ်တဆိတ် ပျောက်ကွယ်သွားတဲ့အချိန်မှာ သူခိုးဓားပြတွေက သူတို့ကိုယ် သူတို့ နတ်ဘုရားသတ်ဓားဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ သူတို့တွေ တစ်ယောက်မှ သခင်လေးရဲ့အစစ်အမှန်စွမ်းအားမျိုး မရှိကြဘူး။ သခင်လေးရဲ့ နာမည်ကို ဟန်ဆောင်နေတဲ့သူတွေက သခင်လေးရဲ့အငွေ့အသက်မျိုး လုံးဝမရှိကြဘူး။ သူတို့က ဓားသမားတစ်ယောက် ဖြစ်ချင်တဲ့ဆန္ဒမျိုးပဲရှိပြီး သခင်မလေးတွေရဲ့ လက်ထဲမှာတောင် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားခဲ့ရတယ်…"
မုန့်ချီကတော့ ထိုဇာတ်လမ်းများကို အနည်းငယ် စိတ်ဝင်စားခြင်းမရှိဘဲ နားထောင်နေခဲ့၏။ သူကတော့ ရှေ့တွင် ရှိနေသော အစောင့်များကိုသာ စိတ်ဝင်တစား ကြည့်နေခဲ့သည်။
သိပ်မကြာခင် အနောက်ပိုင်းဖုန်းဆိုးမြေမှ အစောင့်က ပြန်ရောက်လာခဲ့၏။
"တမန်တော်က ခင်ဗျားတို့ (၃) ယောက်ကို ဖိတ်ခေါ်လိုက်ပါတယ်…"
သူက မုန့်ချီကို သံသယဝင်နေသော်လည်း အထဲသို့ ဖိတ်ခေါ်လိုက်သည်။ သက်ရှိဗုဒ္ဓက သူ့ကို သတ်ပစ်မည်ဟု ကြုံးဝါးထားသော်လည်း မုန့်ချီက ဘာကြောင့်ရောက်လာလဲဟု သူလည်း သိချင်နေခဲ့၏။
အစောင့်က မုန့်ချီနှင့် သူ့အဖော်များကို ယွင်ရန်ရဲတိုက်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း ရဲတိုက်ထဲတွင်တော့ မည်သည့်အရာမျှ ပြောင်းလဲခြင်း မရှိချေ။
သူတို့အဖွဲ့က ရဲတိုက်ထဲရှိ အလွန်ကြီးမားသော အခန်းတစ်ခုထဲကို ရောက်လာခဲ့၏။ အခန်းထဲတွင် လူပေါင်းများစွာ ရှိနေကြသော်လည်း မုန့်ချီက အထဲသို့ ဝင်လာသည့် အချိန်တွင် လူတစ်ယောက်တည်းကိုသာ သတိထားမိခဲ့၏။ သူကတော့ လူပုံအလယ်တွင် ထိုင်နေခဲ့သည်။
သူ၏အဝတ်အစားများက ရင်ဘတ်ပေါ်တွင် ကန့်လန့်ဖြတ်ရှိနေပြီး ဘယ်ဘက်ပုခုံးတွင်တော့ အဝတ်အစား မရှိချေ။ ထိုအရာက အနောက်ပိုင်းဖုန်းဆိုးမြေမှ ဝတ်စားဆင်ယင်ပုံလည်း ဖြစ်၏။
သူက အရပ်မြင့်မားပြီး အလွန်ကြီးကျယ်ခမ်းနားသော အငွေ့အသက်များ ရှိနေသည်။ သူ၏အသားအရေက အသင့်အတင့်ဖြစ်ပြီး မျက်နှာက အသက်ခန့်မှန်း၍ မရနိုင်ပေ။ သူက ငယ်သည်လည်း မဟုတ်သလို အသက်ကြီးသည်လည်း မဟုတ်ဘဲ စွမ်းရည်များ ပြည့်ဝနေခဲ့၏။ သူ၏မျက်လုံးများက ငွေရောင်ကြည်လင်တောက်ပနေပြီး နက်ရှိုင်းလွန်းလှသော ဝဲကတော့တစ်ခုပမာ ဖြစ်နေသည်။
သူတို့က အခန်းထဲသို့ ရောက်သည်နှင့် မျက်လုံးချင်းဆုံမိခဲ့၏။ မုန့်ချီ၏ မျက်လုံးများကတော့ မီးခိုးရောင်တောက်ပနေပြီး အလွန်နက်ရှိုင်းလွန်းလှသည်။ ထိုအရာက ညအချိန် တောက်ပနေသော ကြယ်များကဲ့သို့ ဖြစ်နေ၏။
"သက်ရှိဗုဒ္ဓ တကယ်ရှိနေတာပဲ…"
ကျန်းစန်းကျင်းက အံ့ဩမှင်တက်စွာ ကြည့်နေမိခဲ့၏။
သူက အနောက်ပိုင်းကျူးကျော်သူများကို ရင်ဆိုင်တိုက်ခိုက်ရန် မြောက်ပိုင်းသို့ စစ်ချီနေစဉ် အတောအတွင်း နာမည်ကျော် နတ်ဆရာများ တည်ရှိမှုကို သတိထားမိခဲ့သည်။ သို့သော် ဓားအင်ပါယာက ထိုအချိန်တွင် သူ့ဓားကို မထုတ်ခဲ့ပေ။ မဟုတ်လျှင် သူကတော့ မီးတောက်ဆန့်ကျင်နေမင်းဘီး၏ ကြီးကျယ်ခမ်းနားမှုကို မြင်တွေ့နိုင်ပြီး ဓားအင်ပါယာ၏ ကြောက်မတ်ဖွယ်ရာ စွမ်းအင်များကိုလည်း မြင်တွေ့နိုင်သည်။
သူတို့က အကြည့်ချင်း ဆုံသွားသည့် အချိန်တွင် သူတို့၏ ပတ်ပတ်လည်၌ ရှိနေသော အရာအားလုံးက ပျောက်ကွယ်သွားခဲ့၏။ မုန့်ချီနှင့် သက်ရှိဗုဒ္ဓတို့က သူတို့အချင်းချင်းသာ နားလည်နိုင်သော သီးခြားနယ်မြေတစ်ခုထဲကို ကျရောက်သွားသလို ဖြစ်သွားခဲ့သည်။ တဖြည်းဖြည်းနှင့် သူတို့၏ပတ်ပတ်လည်တွင် အရိပ်ပေါင်းများစွာ စတင်ပေါ်ပေါက်လာခဲ့၏။
"သက်ရှိဗုဒ္ဓက ငါ့ကိုတွေ့ချင်တယ်လို့ ကြားတဲ့အတွက် ငါ ဒီကိုရောက်လာခဲ့တာ..."
မုန့်ချီက ရှေ့ကို ခြေတစ်လှမ်း လျှောက်သွားပြီး ပြောလိုက်သည်။ သူ၏ခြေလှမ်းနှင့်အတူ အလွန်အစွမ်းထက်သော စွမ်းအားများက ပင်လယ်လှိုင်းလုံးများပမာ မြင့်တက်လာခဲ့၏။
သက်ရှိဗုဒ္ဓကလည်း အလယ်ပိုင်းနယ်မြေမှ စကားသံအတိုင်း ထိုင်ခုံမှ ဖြည်းညင်းစွာထပြီး ပြန်ဖြေလိုက်၏။
"မကောင်းဆိုးဝါးတွေက ပျောက်ကွယ်သွားရမယ်။ ဒါက ရှင်းကို ရှင်းပစ်ရမယ့် ကံကြမ္မာတစ်ခုပဲ…"
သူက အလယ်၌ ရှိနေသော ထိုင်ခုံတွင် ထိုင်နေပြီး သံသရာကမ္ဘာများကို မြင်တွေ့နိုင်သော အစစ်အမှန်ဗုဒ္ဓကဲ့သို့ ဖြစ်နေသည်။ ရပ်တန့်နေခြင်း မရှိဘဲ သူတို့၏တိုက်ပွဲက စတင်လာခဲ့၏။
ယွင်ရန်ရဲတိုက်၏ ကောင်းကင်ပေါ်တွင်တော့ မီးခိုးရောင်တိမ်တိုက်များ စတင်ထွက်ပေါ်လာသည်။ အမှောင်ထုကြီးကလည်း ဖြည်းညင်းစွာ နေရာယူလာပြီး ညအချိန်အလား မည်းမှောင်လာခဲ့၏။
တိမ်တိုက်များက ကြောက်စရာကောင်းစွာ လှုပ်ရှားလာပြီး မိုးများရွာချခြင်း မရှိသလို လျှပ်စီးများ မိုးကြိုးများလည်း မရှိချေ။ အလွန်သိပ်သည်းလွန်းလှသော တိမ်တိုက်များက ကောင်းကင်ကြီးပေါ်တွင် နတ်ဆိုးများ ထွက်ပေါ်လာတော့မည့် ဝဲကတော့ကြီး တစ်ခုပမာ ဖြစ်လာခဲ့သည်။
ကျန်းစန်းကျင်း ၊ ယုယီဘုန်းတော်ကြီးနှင့် အနောက်ပိုင်းနယ်မြေမှ တမန်တော်များ ၊ အဖွဲ့သားများ အားလုံးကတော့ မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။
သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော မြင်ကွင်းများက စတင်လှုပ်ရှားလာပြီး အလွန်ကျဉ်းမြောင်းပြီး သေးငယ်သော အခန်းထဲတွင် စားပွဲတစ်လုံးနှင့် အိပ်ရာတစ်ခုကိုသာ မြင်နိုင်သည်။
ထိုင်ခုံလည်း တစ်ခုတည်းသာ ရှိနေသည့်အတွက် အဝင်အထွက် ခက်ခဲစေနိုင်သည်။ တံခါး၏ အနောက်ဘက်တွင်တော့ အဝတ်များ ပြည့်နှက်နေသော ပုံးတစ်ပုံး ရှိနေပြီး ပိန်ပိန်ပါးပါး လူတစ်ယောက်သာ ဖြတ်သွားနိုင်သည်။
ထိုအရာက သူ့ဘဝဖြစ်၏။ သူ၏ယခင်ဘဝက စိတ်ပျက်မှုများ စိတ်ဓာတ်ကျမှုများနှင့် ပြည့်နှက်နေပြီး မျှော်လင့်ချက်များအားလုံးက ဝေဝါးနေခဲ့၏။ သူ၏ယခင်ဘဝမြင်ကွင်းများ ရုတ်တရက် ပေါ်လာသည့်အတွက် မုန့်ချီကတော့ အံ့သြသွားခဲ့ခြင်း မရှိချေ။
သူ၏အကြောင်းအရာများနှင့် ပြန်လည်ရင်ဆိုင်ရသည့်အချိန်တွင် အနည်းနှင့်အများ မမေ့နိုင်သောအရာများ ဖြစ်လာခဲ့၏။ သူ့ရှေ့တွင် ရှိနေသော စားပွဲပေါ်တွင်တော့ ကွန်ပျူတာတစ်လုံး ရှိနေသည်။ သူက ကွန်ပျူတာကို ဖွင့်လိုက်ပြီး မျက်နှာပြင်ပေါ်တွင် အစိမ်းရောင်မျဉ်းကြောင်းများ ပေါ်လာနေသည်ကို ကြည့်နေခဲ့၏။
ထို့နောက် မျက်နှာပြင်က ကျယ်လောင်စွာ လှုပ်ရှားသွားပြီး ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုပုံရိပ်ကတော့ အဘိုးအိုတစ်ယောက် ဖြစ်၏။ သူက ကြီးကျယ်ခမ်းနားသော ပုံစံနှင့် ထိုင်နေပြီး အလွန်ဉာဏ်ပညာကြီးမားပုံရသည်။ သူ့လက်ထဲတွင်တော့ ဗုဒ္ဓကျမ်းစာတစ်ခုကို ကိုင်ထားပြီး သူက ကျမ်းစာကို သေချာလေ့လာမှတ်သားနေခဲ့၏။
မုန့်ချီကတော့ သူ၏အဆင့်အတန်းကို သံသယဝင်စရာ မလိုအပ်ပေ။ သူကတော့ သက်ရှိဗုဒ္ဓဖြစ်ပြီး ယခင် သက်ရှိဗုဒ္ဓ ဖြစ်နိုင်သည်။ သူက လက်ရှိ ဆက်ခံသူလည်း ဖြစ်နိုင်၏။ ထိုသက်လတ်ပိုင်းလူကြီးက မုန့်ချီကို ခေါင်းမော့၍ ဖြည်းညင်းစွာ ကြည့်လိုက်၏။
သူတို့၏မျက်လုံးများက နောက်တစ်ကြိမ် ဆုံသွားသည့်အချိန်တွင် ပတ်ပတ်လည်၌ ရှိနေသော မြင်ကွင်းများက တခဏအတွင်း ပြောင်းလဲသွားပြန်သည်။ မုန့်ချီ၏ ရင်ထဲတွင် ထိန်းချုပ်၍ မရနိုင်သော ဒေါသများ ၊ နာကျင်မှုများ ရုတ်တရက် ပြည့်နှက်လာခဲ့၏။
သူက အသက်ရှူရန် ကြိုးစားလိုက်သည့်အချိန်တိုင်း မျက်ရည်များ စီးကျလာခဲ့သည်။ သူ့ရှေ့တွင်တော့ လောင်ကျွမ်းနေသော မီးဖိုကြီးတစ်ခု ရှိနေ၏။ ဂျပန်စစ်သား တစ်ယောက်က သူ့ဘေးတွင် ရပ်နေသည်။ ကိုယ်ဝန်ဆောင်ထားသော သူ၏ဇနီးသည်ကလည်း မလှမ်းမကမ်းတွင် သေဆုံးနေခဲ့၏။
သူမ၏ဗိုက်ကိုတော့ ဓားနှင့် ထိုးခွဲခံထားရပြီး ဘေးနားတွင် မွေးကင်းစ ကလေးငယ်လေး တစ်ယောက် ရှိနေသည်။ ကလေးငယ်ကလည်း ချက်ကြိုးတန်းလန်းနှင့် သေဆုံးနေခဲ့၏။
မုန့်ချီကတော့ အလွန်ဒေါသထွက်သွားပြီး ထိုရဲမက်ကို တိုက်ခိုက်လိုက်သည်။
"ဒိုင်းးးး..."
သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီး နောက်တစ်ကြိမ် သူ့မျက်စိရှေ့တွင် အမှောင်ထုကြီးတစ်ခု ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ဖယောင်းတိုင်မီးတစ်ခု၏ အလင်းတန်းလေးကြောင့် သူက ပြန်နိုးလာခဲ့သည်။ သူက ဆုတောင်းခန်းမထဲတွင် ထိုင်နေပြီး ယခုတော့ သူက အသက်ကြီးနေသည့် အဘွားအိုတစ်ယောက် ဖြစ်နေသည်။ သူကတော့ မိသားစုအတွက် ဆုတောင်းပေးနေပြီး နှုတ်ဖျားမှနေ၍ ဆုတောင်းသည့်စကားသံများကို တီးတိုးရွတ်ဆိုနေခဲ့၏။
အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး အိုမင်းရွတ်တွနေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်နေခဲ့သည်။ နောက်ဆုံးအချိန်တွင်တော့ အသက်ရှု ရပ်တန့်သွားခဲ့၏။ နောက်ထပ်ဒေါသလှိုင်းလုံးများ ထွက်ပေါ်လာပြီး သူ့ကို လွှမ်းမိုးသွားခဲ့ပြန်သည်။
ယခုတစ်ကြိမ်တော့ သူက ဝါးလှောင်အိမ်လေးတစ်ခုထဲတွင် ရောက်နေကြောင်း တွေ့လိုက်ရ၏။ ရွာသားများစွာက သူ့ဆီကို လျှောက်လာပြီး အနားရှိ ရေကန်တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
"မင်းက အတင့်ရဲလှချည်လား။ လက်မထပ်ခင် အတူတူနေရဲသေးတယ်…"
သူမ၏မိဘများက အော်ဟစ်ငိုကြွေးနေကြပြီး သူတို့၏ချစ်ခြင်းမေတ္တာနေရာတွင် ရက်စက်ကြမ်းကြုတ်သော ကျိန်ဆဲသံများသာ အစားထိုး ဝင်ရောက်လာခဲ့သည်။
"သူ့ကို ရေကန်ထည့်ပစ်ချလိုက်...။ ရေနစ်ပြီး သေသွားပါစေ..."
လှောင်အိမ်ထဲသို့ ရေများ စီးဝင်လာပြီး သူ၏ပါးစပ်နှင့် နှာခေါင်းထဲတွင် ရေများ ပြည့်နှက်လာခဲ့၏။ တဖြည်းဖြည်းနှင့် ရွာသားများကို ကြည့်နေရသည့် မျက်လုံးများက ဝေဝါးသွားခဲ့ပြီး မြင်ကွင်းများက ထပ်မံ ပြောင်းလဲသွားခဲ့ပြန်သည်။
မျက်လုံးထဲတွင် မိန်းကလေးတစ်ယောက် ပေါ်လာခဲ့၏။ ဓားပြများက သူမကို ခေါ်ဆောင်သွားခဲ့ပြီး အကြိမ်ကြိမ် စော်ကားနေကြသည်။ သူမက သေချင်နေခဲ့သော်လည်း အကြိမ်ပေါင်းများစွာ ကယ်တင်ခံနေရသည်။ နောက်ဆုံးတွင်တော့ သူမက လွတ်မြောက်သွားခဲ့ပြီး ငြိမ်းချမ်းမှုကိုရှာဖွေရန် သီလရှင်တစ်ပါး ဖြစ်လာခဲ့၏။
အတိတ်ဘဝတွင် ရှိနေသော မှတ်ဉာဏ်များက သူ့ဆီကို အကြိမ်ပေါင်းများစွာ ရောက်လာခဲ့၏။ သူ၏ယခင်ဘဝများက တာအိုသခင်တစ်ယောက် ၊ စာသင်သားတစ်ယောက် ၊ သာမာန်မိန်းကလေးတစ်ယောက် စသည်ဖြင့် ကြုံတွေ့နေရပြီး တစ်ချိန်တည်းတွင် သက်ရှိဗုဒ္ဓကလည်း သားသတ်သမားတစ်ယောက် ၊ သိန်းငှက်တစ်ကောင် ၊ စစ်သူကြီးတစ်ယောက်နှင့် တခြားသော အတွေ့အကြုံများစွာကို ကြုံတွေ့နေရ၏။
သူတို့၏မျက်လုံးထဲတွင် မြင်ကွင်းပေါင်းများစွာ ပေါ်လာလေလေ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန် ပို၍ခက်ခဲလာလေလေ ဖြစ်သည်။ သူတို့၏အတိတ်ဘဝ မြင်ကွင်းများက တခဏလေးသာ ဖြစ်၏။
နောက်ဆုံးတွင်တော့ သူက ပြန်လည်နိုးထလာခဲ့သည်။ သူ့မျက်စိရှေ့တွင်တော့ အဖြူရောင်မြင်ကွင်းများကိုသာ မြင်နေရ၏။ ထိုအရာကတော့ သူ၏ဘဝအစ မူလပထမလည်း ဖြစ်သည်။
"ဘာမှမရှိဘူးလား။ အနတ္တတောင် မရှိဘူးလား…"
သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော အဖြူရောင်နယ်မြေကြီးကိုဖြတ်၍ သက်ရှိဗုဒ္ဓကလည်း သူ၏အတိတ်ဘဝ မှတ်ဉာဏ်များမှ ပြန်လည်သတိဝင်လာကြောင်း မြင်လိုက်ရသည်။ သူကတော့ ဗုဒ္ဓလမ်းစဉ် တရားဓမ္မများနှင့် အဆုံးသတ်သွားခဲ့ရ၏။
သူက ပြန်လည်ဝင်စားခြင်း၏ အစပထမ အခြေအနေကို နီးကပ်လာသည့်အချိန်တွင် တောက်ပသော အလင်းရောင်ကြီးတစ်ခုက ခန္ဓာကိုယ်ကို လွှမ်းခြုံလာခဲ့၏။ ထိုအရာက နေလုံးကြီးတစ်ခုသဖွယ် ကောင်းကင်ကြီးပေါ်၌ တောက်ပနေပြီး သူ့နောက်ကျောဘက်မှ ဖြည်းညင်းစွာ မြင့်တက်လာခဲ့၏။
သူတို့က သူတို့၏အတိတ်ဘဝကို ပြန်လည်ပုံဖော်ပေးခဲ့သည်။ သူတို့ (၂)ယောက်တည်းတွင် တစ်ယောက်တည်းကသာ သူတို့၏အဆုံးမဲ့အတိတ်ဘဝ မှတ်ဉာဏ်များထဲမှ ပြန်ထွက်နိုင်မည်ဖြစ်ပြီး တစ်ယောက်ကတော့ ဤနေရာတွင် ထာဝရ သေဆုံးသွားရတော့မည် ဖြစ်သည်။
ထိုအရာက သူတို့ (၂) ယောက်လုံး ခံစားမိနေသော သိစိတ်တစ်ခု ဖြစ်၏။ မုန့်ချီကတော့ သူ၏အစောဆုံး အခြေအနေကို ပြန်ရောက်လာခဲ့သည်။ ထိုသို့ဆိုရာတွင် သက်ရှိဗုဒ္ဓက ယခင်ဘဝပေါင်းများစွာကို ဖြတ်ကျော်လာသည့်အတွက် ပို၍များပြားသော စွမ်းအင်များ ရရှိလာနေပြီး သူ့နောက်တွင် ရှိနေသော နေလုံးကြီးကလည်း ယခင်တုန်းကထက် ပို၍တောက်ပလာခဲ့သည်။ ထိုအရာများအားလုံးက မုန့်ချီအတွက်တော့ အခြေအနေ မကောင်းနိုင်ပေ။
သူတို့၏စွမ်းအား ယှဉ်ပြိုင်ပွဲက တခဏအတွင်း ပြီးဆုံးသွားနိုင်၏။ အခန်းထဲတွင်တော့ တဖြည်းဖြည်း အေးခဲလာသော သက်ရှိဗုဒ္ဓ၏ ဦးခေါင်းပေါ်တွင် နေလုံးကြီးတစ်ခု ထွက်ပေါ်လာနေကြောင်း ကျန်းစန်းကျင်းနှင့် တခြားလူများအားလုံးက မြင်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်ထဲမှာနေ၍ အလင်းတန်းတစ်ခု တောက်ပလာပြီး အစစ်အမှန် နေလုံးကြီးကဲ့သို့ ထင်မှတ်ရ၏။
"နေလုံးကြီး ပေါ်လာပြီ။ သက်ရှိဗုဒ္ဓက သူ့ရဲ့စွမ်းရည်အထွဋ်အထိပ်ကို ရောက်သွားတာလား…"
တမန်တော်က အံ့သြဝမ်းသာနေသည့် အမူအရာနှင့် မေးလိုက်၏။
တစ်ချိန်တည်းတွင် မုန့်ချီကတော့ မျက်နှာပြောင်းလဲလာပြီး သူ၏မျက်လုံးများက အသက်မရှိတော့သော အလောင်းတစ်ခုကဲ့သို့ ဖြစ်လာခဲ့၏။
"ငါတို့က ဘာလုပ်သင့်လဲ။ ငါတို့က အတင်းအကြပ်ဝင်ပြီး တားဆီးလိုက်ရမလား…."
ကျန်းစန်းကျင်းနှင့် ယုယီဘုန်းတော်ကြီးတို့က အချင်းချင်း ကြည့်နေမိကြသည်။ သူတို့ကတော့ ရှောင်မုန့်၏ ကံကြမ္မာက တွေးမိပြီး အရိုးထဲတွင် စိမ့်သွားသလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် သူတို့က သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအရာက မုန့်ချီ ဖြစ်ကြောင်း ကျန်းစန်းကျင်းက မြင်လိုက်ရ၏။ သူက ကျယ်လောင်စွာ သက်ပြင်းချလိုက်ပြီး လက်တစ်ဖက်က ခေါင်းပေါ်သို့မြှောက်၍ လက်တစ်ဖက်က မြေပြင်ကို ဦးတည်ထားသည်။
ချက်ချင်းဆိုသလိုပင် သူ၏ပုံရိပ်နှင့် အရွယ်အစားက ကြီးမားလာပြီး သူတို့အားလုံးကို လွှမ်းခြုံသွားခဲ့၏။ သူ၏ခန္ဓာကိုယ်က ကောင်းကင်ကြီးပေါ်တွင် ပြည့်နှက်လာပြီး အခန်းတစ်ခုလုံးတွင် ရှိနေသော လူများအားလုံးကတော့ နိမ့်ကျသွားသလိုပင် ခံစားလိုက်ရသည်။
"အဲဒါက ဘာလဲ…"
လူတိုင်းက အံ့ဩမှင်တက်ပြီး ကြောက်လန့်နေကြ၏။
စိတ်ဝိညာဉ်နယ်ပယ်ထဲတွင် သူတို့ (၂) ယောက်လုံးက အချင်းချင်း မျက်နှာချင်းဆိုင်၍ ရပ်နေကြ၏။ နေလုံးငယ်လေးကတော့ သက်ရှိဗုဒ္ဓ၏ အနောက်ဘက်တွင် ကြောက်စရာကောင်းစွာ လောင်ကျွမ်းနေပြီး သက်ရှိဗုဒ္ဓက တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။
ရုတ်တရက်ဆိုသလို မုန့်ချီက ပျောက်ကွယ်သွားခဲ့၏။ သူ့နေရာတွင်တော့ ရွှေရောင်ဗုဒ္ဓအရိပ်တစ်ခုသာ ထိုင်နေခဲ့၏။ သူကတော့ လောက (၃) ထောင်မှ ကင်းဝေးနေသလို ထင်မှတ်ရသည်။ သူက ကောင်းကင်ကို လက်ညှိုးနှင့် ထိုးလိုက်၏။
ထိုလက်ညှိုးထဲတွင် ကြီးကျယ်ခမ်းနားမှုများ ၊ တိတ်ဆိတ်အေးချမ်းမှုများ ၊ ဂရုဏာနှင့် မေတ္တာတရားများ ပါဝင်နေခဲ့သည်။ ထူးဆန်းသောအရာများ ရှိနေသည့်အပြင် မုန့်ချီဆီ၌ ဝှက်ဖဲတစ်ခု ရှိနေသေးသည်။
တံခါး (၉) ပေါက်အဆင့်တွင် မုန့်ချီ၏ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်က ဗုဒ္ဓလက်ဝါး၏ ပထမသိုင်းကွက်ကို ခံစားမိလာခဲ့၏။ ထိုအစွမ်းကြောင့် သက်ရှိဗုဒ္ဓ၏ ခုခံမှုများက အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့ရသည်။
ထိုအချိန်တွင် ဗုဒ္ဓ၏အသံကို ကြားလိုက်ရ၏။
"သင်ကိုယ်တိုင် ကမ်းခြေကို ပြန်လှည့်မှ ရမယ်။ အခုတော့ ဒုက္ခပင်လယ်ကြီးထဲမှာ ယောင်လည်လည်ဖြစ်နေပြီပဲ…"
ဗုဒ္ဓ ပြောလိုက်သော စကားသံက မိုးခြိမ်းသံပမာ ပျံ့နှံလာခဲ့သည်။ မျက်လုံးပြူးနေသော သက်ရှိဗုဒ္ဓက စတင်တုန်လှုပ်လာခဲ့၏။
"သင်ကိုယ်တိုင် ကမ်းခြေကို ပြန်သွားမှ ရမယ်။ အခုတော့ ဒုက္ခပင်လယ်ကြီးထဲမှာ တဝဲလည်လည်ဖြစ်နေပြီပဲ…"
Translated by Hein Htet