အခန်း (၄၅၉)
Vol. 31 Ch. 459
ဓားကို ရွေးချယ်ပြီးသွားသည့်အချိန်တွင် ရုပ်သေးက လေထဲသို့ မြောက်သွားပြီး သူ၏နောက်ကျောဘက်တွင် စကားလုံးမရှိကြောင်း တွေ့လိုက်ရသည်။
"ဝှစ်…"
ဓားက လေထဲတွင် အရှိန်ပြင်းစွာ ကခုန်သွားကြောင်း ကျန်းစန်းကျင်းက မြင်လိုက်ရ၏။ သူ၏မျက်လုံးအခြေအနေအရ သူက ဓားထိပ်ဖျား၏ လမ်းကြောင်းကိုသာ ခြေရာခံနိုင်ပြီး ပြောင်းလဲမှုအားလုံးကိုတော့ မမြင်ရပေ။ အချိန်တိုလေးအတွင်း သူက စည်းချက်ကျကျ လှုပ်ရှားမှုကို နားလည်သွားပြီး မည်သည်အရာများ ဖြစ်နေကြောင်းကို ဖမ်းဆုပ်နိုင်ခဲ့၏။
နည်းနည်းချင်းဆီ ရှင်းလင်းလာပြီး ထိုအရာက ဦးတည်ရာမဲ့ လှုပ်ရှားခြင်း မဟုတ်ကြောင်း သိသွားခဲ့သည်။ ဓားကို သိမ်းထားသည့်အချိန်တွင် ရုပ်သေးက သေတ္တာထဲသို့ ပြန်ရောက်သွားသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏မျက်နှာက အောက်ဘက်သို့ ကျနေသည့်အတွက် ရုပ်သေး၏အနက်ရောင်ဆံပင်များကို မြင်တွေ့ရပြီး ယခုနောက်ကျောပေါ်တွင် စကားလုံးများ ရေးသားထားသည်။
"ကျွန်တော်က ဆရာကြီးရဲ့စေတနာကို တုံ့ပြန်သောအားဖြင့် လုံးဝ အတင့်မရဲပါဘူး။ တာအိုလမ်းစဉ် ဝိညာဉ်တွေတိုင်း ကျွန်တော့်ရဲ့ကျေးဇူးတရားကို ပြသဖို့အတွက် ဒီဓားကနေတစ်ဆင့် ဆက်သွယ်လိုက်ပါတယ်…."
ထိုစာသားများကို ဖတ်ကြည့်နေရင်း ကျန်းစန်းကျင်းက သက်တောင့်သက်သာရှိပြီး ပျော်ရွှင်နေသလို ခံစားနေရ၏။ သူက ထိုလက်ရေးထဲတွင် ပြည့်နှက်နေသော ရဲရင့်မှုနှင့် မှေးမှိန်မှုများ၊ ဓားသိုင်းပညာ၏ အလှတရားများကို ခံစားမိခဲ့၏။ ထိုအရာက ကြည့်လိုက်လျှင် ကြမ်းတမ်းပြီး ကောင်းမွန်သော်လည်း တစ်ချိန်တည်းလိုလိုပင် ရှုပ်ထွေးပြီး လှပကြောင်း သိရသည်။ ထိုသို့ဆိုရာတွင် သူကတော့ ရည်ရွယ်ချက်ရှိရှိ စကားပြောရန် အခွင့်အရေးကို ဆုံးရှုံးသွားသလို ဖြစ်နေသည်။
မတူညီသော ဓားချက်တစ်ခုဆီတိုင်းက စကားလုံးတည်ဆောက်ပုံကို ရှင်းလင်းသွားစေခြင်း မရှိဘဲ ရှုပ်ထွေးသွားပုံရသည်။ နောက်သို့ တစ်လှမ်းပြန်ဆုတ်ပြီး ထိုအရာကို အဝေးမှကြည့်လိုက်မည်ဆိုလျှင်တော့ စကားလုံးများက တစ်သားတည်း ရေးစပ်ထားသလို ထင်မှတ်ရသည်။
ထိုစကားလုံးတိုင်းဆီမှနေ၍ ဓားဆန္ဒများ ထွက်ပေါ်လာနေသည်။ ထိုအရာ၏ တိကျသော ပုံသဏ္ဍာန်တစ်ခုကို မြင်တွေ့ရနိုင်၏။ ဓားအင်ပါယာ၏ တိုက်ပွဲစာအုပ်ကလည်း အခြေခံကျသော ဓားသိုင်းပညာတစ်ခုဖြစ်သည်။
“ဒီပြန်စာကို ရေးလိုက်တဲ့သူကလည်း ပြိုင်ဘက်ကင်းစွမ်းရည်ရှိတဲ့ လူတစ်ယောက်ဆိုတာ သိသာနေတယ်။ သူကတော့ ထိုအရာ၏ အလှတရားကို ပျောက်ကွယ်စေလိုခြင်း မရှိသည့်အပြင် တစ်ဖက်တွင်လည်း အံ့ဩစရာကောင်းသော အရာများကို ယူဆောင်ချင်လေသည်။
"သူတို့(၂)ယောက်လုံးဆီမှာ သေချာပေါက် ထူးခြားတဲ့စွမ်းရည်တွေ ရှိနေတာပဲ…”
ကျန်းစန်းကျင်းက နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိ၏။
"ကြည့်ရတာတော့ နောက်ထပ်ထိပ်သီးဓားသိုင်းကျမ်းတစ်ခု ပေါ်လာပြီ…"
ယုယီဘုန်းတော်ကြီးကလည်း သူ့ကဲ့သို့ ထိုရုပ်သေးကို စိုက်ကြည့်နေခဲ့သည်။
"တကယ်လို့ ဓားသိုင်းပညာရှင် တစ်ယောက်ကသာ ဒီရုပ်သေးကို ရသွားပြီး သေချာနားလည်အောင် ကြိုးစားလိုက်မယ်ဆိုရင် အစွမ်းထက်တဲ့ ဓားသိုင်းပညာတစ်ခုကို နားလည်သွားလိမ့်မယ်။ အဲဒါက တကယ့် ထိပ်သီးသိုင်းပညာတစ်ခု ဖြစ်သွားနိုင်တယ်..."
သူ၏မျက်လုံးထဲတွင်တော့ ထိုစကားလုံး(၃၀)ထဲတွင် ဓားအင်ပါယာနှင့် နတ်ဘုရားသတ်ဓားတို့၏ ဓားသိုင်းပညာအပေါ် နားလည်မှုများ ပါဝင်နေသည်။ ထိုအရာက အခြေခံအကျဆုံး စွမ်းရည်များဖြစ်ပြီး ဓားစုတ်ချက်များထဲတွင် အလှပဆုံး ပြောင်းလဲမှုများ ပါဝင်နေခဲ့၏။
စကားလုံးတစ်ခုချင်းဆီက ထူးခြားမှုများကို ဖုံးကွယ်ထားသည်။ ပထမ(၁၄)လုံးနှင့် နောက်ဆုံး (၁၆)လုံးကို ပူးပေါင်း၍ ပြိုင်ဘက်ကင်းဓားသိုင်းပညာတစ်ခု ဖန်တီးနိုင်သည်။ ထိုအရာက အသက်ဝင်လာသော ဧရာမနဂါးကြီးတစ်ကောင်ကို ကြည့်နေရသလို ထင်မှတ်ရ၏။ ဓားအင်ပါယာနှင့်နတ်ဘုရားသတ်ဓားတို့အတွက် ထိုအရာက သူတို့၏ဓားကို ဦးတည်ရာမဲ့ လှုပ်ရှားလိုက်သလိုဖြစ်သော်လည်း ထိပ်တန်းသိုင်းပညာရှင် မဟုတ်သော လူတစ်ယောက်အတွက်တော့ ထိုဓားသိုင်းပညာက သူတို့ကို သိုင်းလောကတွင် နာမည်ကျော်ကြားလာစေနိုင်သည်။
ကိုယ်ပိုင်စွမ်းရည်နှင့် ဓားသိုင်းပညာများကို အားကိုးပြီး မည်သူကရော နာမည်မကျော်ဘဲ နေချင်မည်နည်း။ ကျန်းစန်းကျင်းကဲ့သို့ အစစ်အမှန် ပညာရှင်တစ်ယောက်ကပင် ထိုဓားချက်တစ်ခုချင်းဆီတိုင်းကို သေချာနားလည်အောင် မနည်းကြိုးစားနေပြီး အတွင်းထဲတွင် ရှိနေသော အလှတရားများကို ဖော်ထုတ်နေသည်။
အချိန်တော်တော်ကြာမှသာ သူလည်း မျက်လုံးကို ခက်ခက်ခဲခဲ ပြန်ခွာလိုက်ရ၏။ သူကတော့ ဓားသိုင်းပညာ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်သွားသည့်အတွက် အတော်လေး ဝမ်းသာနေခဲ့သည်။
"ဒီအထွဋ်အမြတ်ဓားရုပ်သေးက တကယ့်ပြိုင်ဘက်ကင်းအရုပ်တွေကိုတော့ မယှဉ်နိုင်ပါဘူး။ ဒါပေမယ့် အရမ်းကြီးတော့ မနိမ့်ကျဘူး..။ ဒီရုပ်သေးကို ရလိုက်မယ်ဆိုရင် ဓားသိုင်းပညာ(၂)ခုရဲ့ အမွေအနှစ်တွေကို ရသွားနိုင်တယ်။ အဲဒါက ဂိုဏ်းတစ်ခု တည်ထောင်ပြီး မျိုးဆက်တွေကို လက်ဆင့်ကမ်းဖို့တောင် လုံလောက်တယ်…"
သူတို့က အလွန်အံ့ဩပြီး လေးစားနေသည့်အတွက် သူတို့၏အနားတွင် တခြားလူတစ်ယောက် ရှိနေသည်ပင် မေ့လျော့နေခဲ့သည်။ အလွန်အကျွံ ချီးကျူးနေသည့်အတွက် တစ်ဖက်လူက မသက်မသာ ခံစားရနိုင်၏။
သူက ထိုရုပ်သေးကို အထွဋ်အမြတ်ဓားရုပ်သေး ဟုနာမည်ပေးရန် ဆုံးဖြတ်လိုက်သည်။အဘယ်ကြောင့်ဆိုသော် ထိုအရာက ဓားသိုင်းပညာ တစ်ခုတည်း ဖြစ်နေလျှင်ပင် တံခါးပေါက်များကို လေ့ကျင့်ခြင်းမရှိဘဲ သိုင်းကွက်သပ်သပ်ကို လေ့ကျင့်၍ ရနိုင်ပေသည်။
"အော်မီတော်ဖော်…
ဗုဒ္ဓက ငါတို့ကို စောင့်ရှောက်ပါစေ…"
ယုယီဘုန်းတော်ကြီးက သူ၏ဆုတောင်းကို ထပ်ဖြည့်ပေးလိုက်၏။
မုန့်ချီကတော့ ကျန်းစန်းကျင်းနဲ့ ယုယီဘုန်းတော်ကြီးတို့ရဲ့ စကားကို နှောင့်ယှက်ခြင်း မရှိဘဲ ဘေးမှနေ၍ အပြုံးနှင့် နားထောင်နေခဲ့သည်။ သူတို့တည်ငြိမ်သွားသည့် အချိန်မှသာ သူက ဓားအင်ပါယာဆီသို့ ရုပ်သေးပြန်ပေးရန် နန်းတွင်းရဲမက်ကို ညွှန်ကြားလိုက်သည်။
ရဲမက်က ခြံဝန်းထဲမှထွက်သွားပြီး နန်းတွင်းထဲသို့ ဦးတည်သွားခဲ့၏။ သူက တိတ်ဆိတ်သော နေရာတစ်ခုသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။ သူက နားမကြားသော လူတစ်ယောက် မဟုတ်ချေ။ သူလည်း ကျန်းစန်းကျင်းနှင့် ယုယီဘုန်းတော်ကြီးတို့၏ အပြန်အလှန်ပြောစကားကို မကြားဘဲနေမည်လော။
ယခု သူ၏သိုင်းပညာက အလွန်ဆိုးရွားခြင်း မရှိသေးပေ။ သူက တော်ဝင်တပ်ဖွဲ့ထဲတွင် အဆင့်မြင့်သော တပ်မှူးတစ်ယောက်ဖြစ်ရန် လုံလောက်သည်။ ထို့ပြင် သူက အမြင်ရှိသော လူတစ်ယောက်ဖြစ်၏။
"အထွဋ်အမြတ်ထိပ်သီး ဓားသိုင်းပညာ..ထိပ်သီးဓားသိုင်းပညာ(၂)မျိုး..."
သူ၏အသက်ရှူသံက မြန်လာခဲ့သည်။ သူ့အဆင့်က ရပ်တန့်နေပြီဖြစ်ပြီး ခန္ဓာကိုယ်ကလည်း အသက်ကြီးလာခဲ့သည်။ သူက အသက်ဆက်ရှင်ရန်အတွက် အဆင့်ကြီးကြီးတက်ရန် လိုအပ်နေသည်။ သို့သော် သူ့ဆီတွင် သမီးတစ်ယောက် ရှိနေ၏။ သူက သူ၏မျိုးဆက်များအတွက် ဘာကြောင့် တစ်စုံတစ်ခုရယူရန် မကြိုးစားဘဲ နေရမည်နည်း။
ထိုဓားသိုင်းပညာကို တတ်မြောက်သွားလျှင် သိုင်းလောက၌ တလေးတစား အမိန့်ပေးနိုင်ပြီး အတွင်းအားများကို မသုံးနိုင်လျှင်ပင် ကိစ္စမရှိချေ။ အကယ်၍ သူကသာ ခရီးသွားလာပြီး သူ၏အားနည်းချက်များကို ပြင်ဆင်နိုင်မည်ဆိုလျှင် ထိပ်တန်းသိုင်းပညာရှင် ဟူသောအရာက သူ့အတွက် မဖြစ်နိုင်သောအရာတစ်ခု မဟုတ်ချေ။ သူကတော့ မကောင်းဆိုးဝါးဘုရင်မ၏အဆင့်မျိုးကို ရောက်ရှိရန် အခွင့်အရေးပင် ရှိနေသေး၏။
"အချိန်ကျလာရင် ငါက ကိုယ်ပိုင်ဂိုဏ်းတစ်ခု တည်ထောင်ပြီး အဆင့်အတန်းမြင့်တဲ့ မိသားစုတစ်ခု တည်ထောင်ရမယ်…"
သူက အိမ်သို့ အလျင်အမြန် ပြန်သွားပြီး ထိုရုပ်သေးပေါ်တွင် ရှိနေသော စကားလုံးများကို အဖြူရောင်ပိုးသားပေါ်သို့ ပြန်လည်ကူးယူရန် ကြိုးစားလိုက်သည်။ သူက ထိုရုပ်သေးကိုတော့ ခိုးယူရဲခြင်း မရှိသလို၊ အတုပြုလုပ်ရဲခြင်းလည်း မရှိချေ။ ထိုအရာက သူ၏မူလစွမ်းရည်ကို ပျောက်ဆုံးသွားစေနိုင်၏။
မည်သို့ဖြစ်သည့်ကာမူ ဓားအင်ပါယာ၏ စိတ်နေစိတ်ထားက ရက်စက်ကြမ်းကြုတ်ပြီး သူက သတိထားမိသွားနိုင်သည်။ သူက ထိုအရာမျိုးသာ လုပ်ဆောင်နိုင်၏။ အကယ်၍ သူက ထိုအရုပ်၏ စွမ်းရည် (၇၀) ၊(၈၀)ရာခိုင်နှုန်းခန့် ခိုးယူနိုင်မည်ဆိုလျှင်ပင် ရတနာတစ်ခု ရသလိုဖြစ်ပါလိမ့်မည်။
ကူးယူမှုပြီးဆုံးသွားပြီးနောက် သူက ထိုအရာကို ခဏကြာ စဉ်းစားနေခဲ့၏။ ထို့နောက် သူက ပထမဆုံးစာလုံး(၁၄)ခုက မကောင်းဆိုးဝါးသတ်ဖြတ်ရေးဓား ဟူသောစကားလုံးကို အတည်ပြုနိုင်ခဲ့သည်။ ထိုအရာက သူခိုးဓားပြများ၊ မကောင်းဆိုးဝါးဝိညာဉ်များကို သိမ်းသွင်းနိုင်သော ဓားအင်ပါယာ၏ စွမ်းရည်ဖြစ်မည်ဟု ယူဆခဲ့သည်။
နောက်ဖက်မှ စကားလုံး (၁၆)ခုကတော့ ဘာသာပြန်ရန်ပို၍ လွယ်ကူလှ၏။ သူက ထိုအရာကိုတော့ နတ်ဘုရားသတ် ဓားသိုင်းပညာဟု နာမည်ပေးခဲ့သည်။ သူက ထိုအရာများကို နာမည်ပေးလိုက်ပြီးနောက် သူကိုယ်တိုင်သမိုင်းကြောင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသလို ခံစားလိုက်ရ၏။
ယနေ့မှစ၍ သူ့မိသားစုက ဆက်လက်တိုးတက်လာတော့မည် ဖြစ်သည်။ အနာဂတ် မျိုးဆက်သစ်များကလည်း သူတို့၏ဓားသိုင်းပညာကို လေ့လာပြီး ဘိုးဘေးများ၏ လက်ရေးကိုကြည့်၍ အနှစ်သာရများကို လေးလေးနက်နက် ခံစားမိလာပါလိမ့်မည်။
ထိုအချိန်ကျလျှင် သူတို့က အထွဋ်အမြတ်ဓားရုပ်သေးဟု သိတော့မည်မဟုတ်ဘဲ မကောင်းဆိုးဝါး သတ်ဖြတ်ရေးဓားနှင့် နတ်ဘုရားသတ်ဓားဟူသော ဓားသိုင်းကျင့်စဉ်(၂)ခုနှင့်အတူ သိုင်းလောကတွင် အခွင့်အရေးများစွာ ပေါ်လာနိုင်သည်။
သူက အရုပ်ပေါ်တွင် ကျန်ရှိနေသော အမှတ်အသားများကို ရှင်းလင်းလိုက်ပြီးနောက် အိမ်မှထွက်ပြီး နန်းတွင်းထဲသို့ အလျင်အမြန် ထွက်သွားခဲ့သည်။
ဓားအင်ပါယာက သူ့ရှေ့တွင် ဓားရှည်တစ်လက်ကို ချထားပြီး မြေပေါ်တွင် ဒူးထောက်နေခဲ့၏။ သူက ရုပ်သေးကိုယူပြီး မုန့်ချီ ရေးသားထားသော စကားလုံးများကို စစ်ဆေးကြည့်လိုက်သည်။
သူက ထိုအရာကို ကြည့်နေသည့်အချိန်တွင် နန်းတွင်းတပ်မှူး၏နဖူးပေါ်မှနေ၍ ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့၏။ သူက သေချာဂရုစိုက်ခဲ့သည်ကိုပင် အညစ်အကြေး အနည်းငယ် ကျန်နေသည်ကို ဖယ်ရှားရန် ခက်ခဲခဲ့သည်။
ဓားအင်ပါယာကတော့ တုံ့ပြန်မှုကိုကြည့်လိုက်ပြီး ရုပ်သေးကို ချထားလိုက်၏။ ထို့ကြောင့် ဓားအင်ပါယာ၏ စိတ်ထဲတွင် မည်သည့်အရာရှိနေကြောင်း သေချာမသိခဲ့ပေ။
"(၅)နှစ်အတောအတွင်း သူက ဒီလိုအဆင့်မျိုးကို ရောက်သွားပြီ..။ ဒါကြောင့်လည်း ငါက သူနဲ့တိုက်ခိုက်ဖို့ အိမ်မက်မက်နေရတာပဲ…"
ဓားအင်ပါယာက နန်းတွင်းတပ်မှူးကို ခဏကြာကြည့်လိုက်ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
ထို့နောက် သူက ရုပ်သေးကို ကောင်းကင်ဓား စုန့်မင်ဆီပေးလိုက်သည်။ မုန့်ချီက သက်ရှိဗုဒ္ဓကို မသတ်ရသေးခင်ကတည်းက သူနှင့် တိုက်ခိုက်မည်ဟု ဆုံးဖြတ်ထားပုံရသည်။
"ကြည့်ရတာတော့ ကံကြမ္မာက သတ်မှတ်ထားပြီးသားပဲ…"
စုန့်မင်က အသံတိုးတိုးနှင့် ပြောလိုက်၏။
ဓားအင်ပါယာက ခေါင်းခါပြလိုက်သည်။ သူကတော့ ပြောစရာစကားလုံးတစ်ခု ကျန်နေသေးပုံရ၏။ စုန့်မင်က နောက်ထပ်စကားပြောရန် ပြင်လိုက်စဉ် သူ့ဆီမှ အသံတစ်ခု ထွက်လာခဲ့သည်။သူက ရုပ်သေးကို စိုက်ကြည့်နေမိ၏။ ဓားသမားတစ်ယောက်၏ မသိစိတ်အရ ထိုအရာကို စိတ်ဝင်စားသွားခဲ့သည်။
"ဒါက မင်းရဲ့ဆရာနဲ့ နတ်ဘုရားသတ်ဓားတို့ရဲ့ ဓားသိုင်းပညာအနှစ်သာရတွေကို ကိုယ်စားပြုတယ်..။ တကယ်လို့ အဲဒီအရာကို နည်းနည်းလေးပိုပြီး စဉ်းစားကြည့်လိုက်မယ်ဆိုရင် ဆရာနဲ့တပည့်က စကားလုံးနဲ့ ဆက်သွယ်ဖို့တောင် မလိုတော့ဘူး။ ဒါက သိုင်းကျမ်းမရှိဘဲ ဒီရုပ်သေးကိုသုံးပြီး လမ်းပြအဖြစ် အသုံးချလို့ရတယ်…"
ဓားအင်ပါယာ၏အသံက လေထဲတွင် ထွက်ပေါ်လာပုံရသည်။
ထိုလေသံထဲတွင် ဓားချီစွမ်းအင်များ ပြည့်နှက်နေခဲ့၏။ ရုပ်သေး၏မျက်နှာပေါ်တွင် အပေါက်ငယ်လေးများစွာ ပွင့်လာသည်။ ထိုအရာကတော့ လူသားတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော သွေးကြောများကဲ့သို့ တစ်ထပ်တည်းဖြစ်နေပြီး ဓားအမှတ်အသားများက သင့်တော်သော ချီစွမ်းအင် စီးဆင်းမှုလမ်းကြောင်းကို ညွှန်ပြနေသည်။
နောက်ဆုံးတွင်တော့ သူက သက်ပြင်းချလိုက်မိ၏။
"ဒီရုပ်သေးထဲမှာ ပါဝင်နေတဲ့အရာတွေက အရမ်းကို များလွန်းပြီး ကျွန်တော်က တော်တော်လေး သင်ယူခဲ့ရတယ်။ ဒါပေမယ့် နတ်ဘုရားသတ်ဓားရဲ့ ချီစွမ်းအင်စီးဆင်းမှုလမ်းကြောင်းကို ဆန့်ကျင်ဖို့ ဖြစ်နိုင်မယ်ဆိုရင်တောင် အတွင်းအား လျှို့ဝှက်ချက်တွေ ရှိနေသေးတယ်..."
“ဒီအဘိုးကြီးက သူ့ထက်ပိုပြီး နားလည်မှုတွေရလာတယ်လို့ ခံစားမိခဲ့တယ်။ ကြည့်ရတာတော့ ဓားပညာတစ်ခုတည်းနဲ့တော့ မလုံလောက်သေးဘူး..."
စုန့်မင်က သူ့ကိုယ်သူထိန်းချုပ်လိုက်ပြီး အပြုံးနှင့်ပြောလိုက်၏။
"ဆရာ..
တပည့်တစ်ယောက်အနေနဲ့ ကျွန်တော်က ဓားပညာရဲ့အထွဋ်အထိပ်ကိုအမြဲတမ်း ရှာဖွေနေခဲ့တာ.။ အခုတော့ ကျွန်တော့်ရဲ့အမြင်တွေက ကန့်သတ်ချက်ရှိတယ်ဆိုတာ နားလည်သွားပြီ.။ ကျွန်တော်ကတော့ ဆရာ့ရဲ့အခြေအနေကိုတောင် မမီသေးဘူး…"
ဓားအင်ပါယာက သူတို့ကို လှည့်ကြည့်လိုက်သည့်အချိန်တွင် သူတို့၏အနားတွင် ရှိနေသော တပ်မှူးက သတိလစ်မတတ် ခံစားလိုက်ရသည်။ ဓားအင်ပါယာက သူ့ကို မည်သည့်စကားမျှ မပြောသည်မှာ ကံကောင်းသွား၏။
သူက သတိပြန်ဝင်လာပြီး တစ်စုံတစ်ခုကို ပြန်လည် စဉ်းစားမိနေခဲ့သည်။ ဓားအင်ပါယာက ထူးချွန်ထက်မြက်သူများအပေါ် စိတ်နှလုံးသား ပျော့ပြောင်းသည်ဟု ကြားခဲ့ဖူးသည်။ သူက သိုင်းလောကသားများကို ရံဖန်ရံခါအခွင့်အရေး ပေးတတ်၏။
"အရမ်းကောင်းတယ်..အခုတော့ မင်းက ထွက်သွားနိုင်ပြီ။ မနက်ဖြန် ဒီအဘိုးကြီးရဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်ကောင်းဖြစ်နိုင်တယ်..။ ငါက မိတ်ဆွေဟောင်းနဲ့အတူ အချိန်အကြာကြီးနေချင်သေးတယ်…"
ဓားအင်ပါယာ၏လေသံထဲတွင် မောပန်းမှုများ ပြည့်နှက်နေပုံရသည်။
…………..
နေကျတောင်ထိပ်က မြို့တော်၏ အနောက်ဘက်တွင် တည်ရှိသည်။ ရာသီဥတု အခြေအနေပေါ် မူတည်ပြီး နေကျချိန်တွင် အနီရောင်အလင်းတန်းများ တောက်ပနေ၏။
အဖြူရောင်ဝတ်ဆင်ထားသော မကောင်းဆိုးဝါးဘုရင်မက တောင်ထိပ်၏ အနားတွင် ရှိနေသော သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ရပ်နေသည်။ သူမက ရှေ့ကို ဆက်တက်မသွားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် တောင်ထိပ်ပေါ်တွင် ရှိနေသော လူ(၂)ယောက်ကို အနှောင့်အယှက်မပေးလိုခြင်းကြောင့် ဖြစ်၏။
ထိုအရာက ရှားရှားပါးပါး တိုက်ပွဲတစ်ခုဖြစ်ပြီး သူမကဲ့သို့ ထိပ်တန်းသိုင်းပညာရှင် အတွက်တော့ အဆင့်တူ ပညာရှင်များ၏ တိုက်ပွဲကို ကြည့်ရန် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။
ဓားအင်ပါယာနှင့် နတ်ဘုရားသတ်ဓားတို့ တိုက်ခိုက်မည်ဟူသော သတင်းကြောင့် သူမက အလုပ်အားလုံးကို လူလွှဲထားခဲ့ပြီး အလျင်အမြန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ အလွန်လှပသော သူမ၏မျက်လုံးများက အနီးနားတွင် ရှိနေသော ကျောက်တုံးကြီးတစ်တုံးကို လှမ်းကြည့်လိုက်၏။
သူမက ထိုနေရာတွင် ရှိနေသောအရာများကို မမြင်နိုင်သော်လည်း တော်ဝင်အကြံပေးက ကျောက်တုံးကြီးနားတွင် ပုန်းနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
လွန်ခဲ့သော (၅)နှစ်ခန့်တွင် အိမ်ရှေ့မင်းသားကို ကူညီ၍ ထီးနန်းတင်ပေးရန် မအောင်မြင်ခဲ့သော နန်းတွင်းအကြံပေးက အိမ်ရှေ့မင်းသား၏ ကလေးများကို ခေါ်ပြီး ထွက်သွားခဲ့သည်။ ယနေ့တိုက်ပွဲကို သူလည်း လာကြည့်ခဲ့၏။ ထိပ်တန်းသိုင်းပညာရှင်များကသာ ထိုကဲ့သို့ အနီးကပ် လာရောက်ကြည့်ရှုရဲခြင်း ဖြစ်သည်။
ကျန်းစန်းကျင်း၊ယုယီဘုန်းတော်ကြီးနှင့် တခြားသူများကတော့ စံအိမ်ငယ်လေးထဲတွင် ဖြစ်ပျက်ခဲ့သည့်အရာများကို မြင်ခဲ့သည့်အတွက် တောင်ထိပ်နှင့် အလှမ်းဝေးသောနေရာကိုသာ ရွေးချယ်လိုက်ရသည်။
ထိုတိုက်ပွဲက လူအများမသိကြဘဲ သတင်းစုံသောသူများသာ သိကြသည်။ ထို့ကြောင့် လူရှုပ်ထွေးနေခြင်း မရှိချေ။
………….
မြို့တော်ထဲတွင် ရှိနေသော လွှတ်တော်ခန်းမထဲ၌ လက်ယာအမတ်ကြီး ဝမ်တီရန်က ရှေ့နောက်တစ်လှည့်ဆီ လျှောက်နေခဲ့၏။ မကြာခဏဆိုသလို သူက နေကျတောင်ထိပ်ဆီသို့ လှည့်ကြည့်နေမိသည်။ သူက ထိုနေရာကိုအလွန် သွားချင်နေပုံရ၏။
သို့သော် နန်းတွင်းကို ကာကွယ်ရမည့် တာဝန်ကြီး ရှိနေသည့်အတွက် စိတ်ကြိုက်လုပ်ဆောင်နိုင်ခြင်း မရှိချေ။ လွှတ်တော်ခန်းမထဲသို့ မိန်းမစိုးတစ်ယောက် ဝင်လာခဲ့၏။
“သူ့ရဲ့သစ္စာရှိအစေခံနဲ့အတူ တိုက်ပွဲကြည့်ဖို့ နေကျတောင်ထိပ်ကို သွားမယ်လို့ ဘုရင်ကြီးက အမိန့်ပေးခဲ့တယ်…”
သိပ်မကြာခင် ဝမ်တီရန်က မျက်မှောင်ကြုတ်လိုက်မိ၏။
"ဘာလို့ ဘုရင်ကြီးကိုယ်တိုင် သွားကြည့်မှာလဲ…"
မိန်းမစိုးက သူ့ကို အမိန့်ပေးလိုက်သည်။
"ဘုရင်ကြီးက သူ့ဆရာရဲ့နောက်ဆုံးတိုက်ပွဲကို မတက်ရောက်နိုင်ခဲ့ဘူးဆိုရင် ဘယ်လိုတပည့်မျိုး ဖြစ်သွားမှာလဲ…"
မိန်းမစိုး၏စကားကို ကြားသည့်အခါမှသာ ဝမ်တီရန်၏လေသံက သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။
"ဒါဆိုရင်တော့ အရမ်းကောင်းတာပေါ့…"
…………
နေကျတောင်ထိပ်ပေါ်တွင် …
မုန့်ချီက ဓားအင်ပါယာနှင့် နောက်တစ်ကြိမ် တွေ့လိုက်ရ၏။ ထိုအရာက နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။
နောက်ဆုံးတစ်ကြိမ် သူတို့တွေ့ခဲ့သည့်အချိန်နှင့် ယှဉ်လိုက်လျှင် သူက အနည်းငယ် အသက်ကြီးနေခဲ့သည်။သူ၏ မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများ ရှိနေခဲ့၏။ သို့သော် သူကတော့ အေးအေးဆေးဆေး မတ်တပ်ရပ်နိုင်သေး၏။ သူ၏ခန္ဓာကိုယ်ကလည်း နွားရိုင်းတစ်ကောင်ကဲ့သို့ သန်မာလွန်းလှသည်။သို့သော် သူရပ်နေသည့်ပုံစံက အနည်းငယ် လျှို့ဝှက်ဆန်းကြယ်လှ၏။ သူကတော့ မည်သည့်အကူအညီမျှ မလိုအပ်သလို ခံစားရ၏။
မုန့်ချီက ဟယ်ကျူးနှင့် ဝမ်စစ်ယွမ်တို့ကို ရင်ဆိုင်ခဲ့ရသည့်အချိန်တွင်လည်း တူညီသော ဖိအားတစ်ခုကို ခံစားခဲ့ရသည်။ ဓားအင်ပါယာဆီတွင် ဓမ္မကာရအဆင့်နှင့် ဝေကျင်းအဆင့် သိုင်းကွက်များ မရှိသည်မှာ ဝမ်းနည်းဖို့ကောင်း၏။
မုန့်ချီက သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။
"ဆရာကြီးက ကျန်းမာနေဦးမယ်လို့ ယုံကြည်ပါတယ်…"
ဓားအင်ပါယာက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"ငါက သေမင်းတံခါးဝကို ရောက်နေပါပြီ..။ ဒီတော့ ငါက ကျန်းမာနေဦးမယ်လို့ မပြောနိုင်ပါဘူး။ နှစ်အနည်းငယ်လေးအတွင်း ဒီအဘိုးကြီးက မင်းလိုပြိုင်ဘက်မျိုးနဲ့ တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒီကမ္ဘာကြီးက တော်တော်လေးကို အံ့ဩဖို့ကောင်းတယ်..."
ယခုမုန့်ချီ၏ရှေ့တွင် ရပ်နေသော ဓားအင်ပါယာက သူ၏ကိုယ်ပိုင် ပြင်ပမကောင်းဆိုးဝါးဖြစ်ကြောင်း မုန့်ချီက ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ ထိုအရာက သူ့ကိုပိုင်ဆိုင်ထားရမည့်အစား သူ ကိုယ်တိုင်ဖြစ်နေသလို ထင်မှတ်ရ၏။
သူက တွေဝေစွာ မေးလိုက်သည်။
"အကြီးအကဲရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်စုံတစ်ခုများ ရှိနေတာလား…"
"ဪ...အဲဒီအရာလား…"
ဓားအင်ပါယာက ရှားရှားပါးပါး ပြုံးလိုက်သည်။
"အဲဒီအရာနဲ့ ပတ်သက်ပြီး ဘာမှမစိုးရိမ်ပါနဲ့..။ တကယ်လို့ မင်းက အနိုင်ရသွားမယ်ဆိုရင်လည်း အဲဒီအရာက ငါနဲ့အတူ ပျောက်ကွယ် သေဆုံးသွားလိမ့်မယ်..။ တကယ်လို့ မင်းက ရှုံးနိမ့်သွားမယ်ဆိုရင်လည်း အဲဒီအရာက လောကကြီးထဲမှာ ကြာရှည်မနေနိုင်ပါဘူး…"
သူကတော့ ထိုအရာကို အသေးစိတ် ရှင်းပြနေခြင်းမရှိဘဲ တည်ငြိမ်သော အမူအယာနှင့် ပြောလိုက်သည်။
"တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ပါ…"
မုန့်ချီက မျက်လုံးမှိတ်လိုက်ပြီး သူ၏အငွေ့အသက်များကို စုစည်းလိုက်သည်။ သူက ခေါင်းထဲမှနေ၍ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်၏။ သူ၏ အတွင်းကမ္ဘာကြီးကိုလည်း အသက်သွင်းလိုက်ပြီး စိတ်ဝိညာဉ်ကို ပတ်ပတ်လည်သို့ ဖြန့်ကျက်လိုက်သည်။
အပြာရောင်ကောင်းကင်နှင့် လောင်ကျွမ်းနေသော နေမင်းကြီး၊ အနက်ရောင် တွင်းပေါက်ကြီးများနှင့် ကြယ်များထက် ကျော်လွန်နေသောအရာများ။ မုန့်ချီက ကမ္ဘာမြေကြီး၏ စွမ်းအင်များကို ခံစားမိသလို ခံစားနေရ၏။ သူ အသက်ရှုလိုက်သည့် အချိန်တိုင်း သမုဒ္ဒရာကြီးတစ်ခုကို ခံစားမိနေသည်။ ထိုကမ္ဘာမြေကြီး၏ စွမ်းအင်များက သူ့ဆီကို ရောက်လာနေသကဲ့သို့ ခံစားနေရ၏။
သူ့ရှေ့တွင် ရှိနေသော လူငယ်က လေဟာနယ်တစ်ခုကဲ့သို့ ပြောင်းလဲသွားကြောင်း ဓားအင်ပါယာက ခံစားလိုက်ရသည်။ သူက အရာအားလုံးကို ထိန်းသိမ်းထားနိုင်သော လေဟာနယ်ကြီးတစ်ခုပမာ ဖြစ်နေ၏။ သူလည်း ဓားကိုမြှောက်လိုက်သည်။
Translated by Hein Htet