← Chapters

အခန်း (၄၆၁)

Vol. 31 Ch. 461

အခန်း (၄၆၁)

Vol. 31 Ch. 461

ကောင်းကင်နတ်သမီး ဓားသိုင်းပညာက လေထဲသို့ ပျံ့နှံ့လာသည့် အချိန်တွင် မုန့်ချီ၏ စိတ်ဝိညာဉ်လှုပ်ရှားမှုများက ဓားအင်ပါယာနှင့် ဆက်သွယ်လာခဲ့သည်။ သူတို့၏ စိတ်ဝိညာဉ် လှုပ်ရှားမှုများက အချင်းချင်းလှုံ့ဆော်ပြီး သူတို့ ယခင်က မရောက်ခဲ့ဖူးသော အဆင့်တစ်ခုအထိ ရောက်ရှိလာကြသည်။

ထိုအချိန်တွင် သူ၏စိတ်ဝိညာဉ်နှင့် သဘာဝတရားကြီးက ပေါင်းစပ်နေသလို ခံစားလိုက်ရပြီး သူက ကမ္ဘာမြေကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသလို ခံစားနေရသည်။ ကမ္ဘာမြေကြီးနှင့် ကိုယ်တိုင် ပေါင်းစည်းသွားသည့်အချိန်တွင် သူ၏ ကိုယ်ပိုင်လှုပ်ရှားမှုများကပင် ကမ္ဘာမြေကြီးနှင့် တူညီနေခဲ့၏။

အနီးအနားတွင် ရှိနေသော လူတိုင်း၏ ဆံပင်မွှေးတစ်ချောင်းချင်းဆီ၏ လှုပ်ရှားမှုကိုပင် စိတ်ထဲ၌ ရှင်းရှင်းလင်းလင်း မြင်လာရသည်။ သူက ပတ်ပတ်လည်တွင် ရှိနေသည့် မမြင်ရသော ချီစွမ်းအင်ပင်လယ်ကြီးထဲတွင် နစ်ဝင်နေပြီး ကိုယ်တွင်းပေါက်များ အားလုံးပွင့်၍ ပင်မချီစွမ်းအင်များကို ချောချောမွေ့မွေ့ စုပ်ယူနိုင်ရန် တောင့်တနေခဲ့၏။

သူက နောက်တစ်ကြိမ် မိခင်၏ဝမ်းဗိုက်ထဲသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ သူက အတော်လေးကို သက်တောင့်သက်သာရှိသလို ခံစားလိုက်ရ၏။ ထိုအရာက လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့် ဖြစ်သည်။

သူက ဓားအင်ပါယာ၏ ချီစွမ်းအင်များနှင့် လမ်းပြမှုကြောင့် ထိုအဆင့်ကို ရောက်ရှိသွားခဲ့ပြီး သူတို့၏ ဓားချက်များကတော့ ပြောင်းလဲခဲ့ခြင်း မရှိချေ။ သူကြုံတွေ့လိုက်ရသော အတွေ့အကြုံပေါင်းစုံ၊ လက်ရှိအခြေအနေနှင့် အနာဂတ်တွင် ရှိနေသော လမ်းကြောင်းအစုံကလည်း ခေါင်းထဲတွင် ပေါ်လာခဲ့၏။

ဓားအင်ပါယာကို ကြည့်လိုက်သည့်အချိန်တွင် သူက အလွန်ဝမ်းသာနေပြီး အနည်းငယ်သာ မကျေမနပ် ဖြစ်နေခဲ့သည်။ သူတို့၏ အတွင်းအား၊ ချီစွမ်းအင်၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများက အစက်တစ်ခုအဖြစ် စုစည်းလာပြီး မှေးမှိန်နေသော အလင်းစက်လေးက ပြောင်းလဲမှုများစွာ ပေါ်လာခဲ့၏။

အနက်ရောင်အလင်းစက်လေး ပျံ့နှံ့လာသည့်အချိန်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။ အဖြူရောင်အလင်းတန်းများက အက်ကွဲကြောင်းမှနေ၍ ပွင့်ထွက်လာပြီး သူ၏မြင်ကွင်းကို ပိတ်ပင်ထားခဲ့၏။

အဖြူရောင်အလင်းတန်းက သူ့ကို ဝါးမြိုမသွားခင် ဓားအင်ပါယာ၏ အသွေးအသားများက ပျက်စီးသွားခဲ့ပြီး သူ၏လက်ချောင်းလေးများနှင့် ပြင်ပမကောင်းဆိုးဝါးကို သတ်ပစ်လိုက်ကြောင်း မြင်ခဲ့ရသည်။ အလွန်ငယ်ရွယ်ပုံရသော သူ၏ပင်မဝိညာဉ်ကလည်း ရင်းနှီးနေသလို ခံစားရ၏။

တောက်ပသော အဖြူရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် မုန့်ချီက ကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်ရသည်။

……………………..

ဆောင်းရာသီ မနက်အစောပိုင်းတွင် ငှက်တစ်ချို့က အကြောက်အလန့် မရှိကြသေးပေ။ နှင်းပွင့်များက မြက်ခင်းပြင်ကြီးကို ဖုံးလွှမ်းထားပြီး အဝေးတွင် လမ်းသွားလမ်းလာများ ရှိနေသည်။

မုန့်ချီ၏ စိတ်ထဲတွင် အရာအားလုံးက ဖြည်းညင်းစွာ ပေါ်လာခဲ့၏။ သို့သော် ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်နေသည့် ထူးဆန်းသော ခံစားမှုကတော့ ပျောက်ကွယ်သွားခဲ့သည်။

သူက မူလအခြေအနေကို ပြန်ရောက်သွားခဲ့ပြီး ကမ္ဘာမြေကြီး၏ အစွမ်းကို ဝိုးတဝါး စစ်ဆေးမိ၍ သဘာဝတရားကြီး၏ နိယာမစက်ဝန်းများကို ဖမ်းဆုပ်မိခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် အဆင့်မတက်နိုင်သေးသည့်အတွက် သူက ဝေဝေဝါးဝါး ဖြစ်နေသေး၏။

မုန့်ချီက လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့်ကို ခဏတာ ရောက်ရှိခဲ့ပြီးနောက် စိတ်ထဲတွင် ကျေနပ်စွာ ပြုံးလိုက်မိ၏။ သူက ကိုယ်ပိုင်လမ်းကြောင်းကိုသာ တည်ဆောက်ပြီးသွားလျှင် နောက်ထပ်တာဝန်မစခင် ထိုအဆင့်ကို ရောက်နိုင်မည်ဟု ယုံကြည်နေခဲ့၏။

ထိုအချိန်တွင် သူ့ဆီ၌ သိုင်းပညာနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများ ရှိနေသလို မြေခွေးဘုရင်ကို သတ်နိုင်ရန် သူ့စိတ်ကိုလည်း လေ့ကျင့်ထားခဲ့သည်။ သူက မူလရှာဖွေထားသော လမ်းကြောင်းအတိုင်း ဆက်လက်သွားနိုင်ခြင်းရှိ၊မရှိ သိချင်နေခဲ့၏။ မဟုတ်လျှင်တော့သူက နောက်တစ်ကြိမ် သူ့ကိုယ်သူ ပြန်လည်ပြင်ဆင်ရပါလိမ့်မည်။

သူက မျက်ခုံးကြားလျှို့ဝှက်တံခါးကို စတင်လိုက်သည်နှင့် နောက်ပြန်ဆုတ်၍ မရနိုင်ကြောင်း သိနေသည့်အတွက် စိုးရိမ်ထိတ်လန့်နေစရာ မလိုအပ်ပေ။ အကယ်၍ သူကသာ ကိုယ်တိုင်တည်ဆောက်ထားသော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းသွားနိုင်ပြီး လူသားနှင့် ကောင်းကင် တစ်သားတည်းအဆင့်သို့ တက်လှမ်းသွားနိုင်မည်ဆိုလျှင် ဟယ်ကျူးနှင့် ဝမ်စစ်ယွမ်တို့ကဲ့သို့ (၂)နှစ်၊(၃)နှစ်ခန့် စဉ်းစားနေရန် မလိုတော့ပေ။ သူက ကျင့်စဉ်အဆင့်ကို တည်ငြိမ်အောင် ကြိုးစားရန်သာ လိုအပ်သည်။

မုန့်ချီက အစိမ်းရောင်ဝတ်စုံကို ပုတ်လိုက်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်၍ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ သူက ခေါင်းထဲတွင် ရှုပ်ထွေးနေသည့်အတွက် ပြင်ပမကောင်းဆိုးဝါး ဆွဲခေါ်ခံလိုက်ရသည့်အချိန်ကို တိတိကျကျ မမှတ်မိတော့ပေ။ သူက ကမ္ဘာနှစ်ဖက်တွင် ရှိနေသော အချိန်ကွာခြားမှုကိုလည်း အတိအကျ မပြောနိုင်ပေ။

"ပြင်ပမကောင်းဆိုးဝါးက ဘာဖြစ်တာလဲ ..။ သူက ငါ့ကိုအတွင်းထဲဆီ ဆွဲခေါ်ခဲ့ပေမယ့် အကြောင်းပြချက်မရှိဘဲ သတ်ပစ်ခံလိုက်ရတယ်…."

သူက ပြင်ပမကောင်းဆိုးဝါး၏ တုံ့ပြန်တိုက်ခိုက်မှုကို ကျော်လွှားရန် အရှုပ်ထွေးဆုံး လူတစ်ယောက် ဖြစ်မည်ဟု ယုံကြည်နေခဲ့သည်။ ထို့ကြောင့် သူက ပြင်ပမကောင်းဆိုးဝါး၏ လုပ်ရပ်များကို ဖော်ပြရန် ထိုကဲ့သို့စကားကိုသာ ပြောနိုင်တော့၏။

"ဓားအင်ပါယာ ငယ်ငယ်တုန်းက ပုံကို ငါတော်တော်လေးကို ရင်းနှီးနေတယ်...။ ဒါပေမယ့် အဲဒီလိုရင်းနှီးတဲ့သူတွေ တော်တော်များတာပဲ…"

သူက ခဏကြာ စဉ်းစားနေခဲ့ပြီး မည်သည့်အရာမျှမစဉ်းစားတော့ချေ။ ထို့ကြောင့် လက်ရှိတည်နေရာကို စစ်ဆေးပြီး ဆန့်ကျင်ဘက်သို့ လျှောက်လာခဲ့၏။

………….

နိုဝင်ဘာလအစောပိုင်းတွင် မြက်ခင်းပြင်ထဲ၌ အဖြူရောင်နှင်းများ လွှမ်းခြုံနေခဲ့၏။ ထိုအရာကတော့ နွားကျောင်းသားများ အမုန်းဆုံး အဖြူရောင်နှင်းမုန်တိုင်း ရာသီတစ်ခုလည်းဖြစ်သည်။ နှင်းများက သိပ်သည်းစွာ ကျရောက်နေပြီး နှင်းအလွှာများပေါ်တွင် ရေခဲအလွှာများ ပြည့်နှက်နေသည်။

တိရစ္ဆာန်အုပ်ကြီးများကလည်း နှင်းများ၏ အောက်ဘက်တွင် ရှိနေသော မြက်များကို စားသောက်နိုင်ခြင်း မရှိကြသည့်အတွက် အေးခဲမှုနှင့် ဆာလောင်မှုကြောင့် များပြားစွာ သေဆုံးသွားတတ်ကြသည်။

မျိုးနွယ်စုအများစုကတော့ သူတို့၏ တိရစ္ဆာန်များကို ပို၍ကြီးမားသော မျိုးနွယ်စုကြီးများဆီသို့ မောင်းနှင်သွားကြသည်။ အကယ်၍ သူတို့၏ပိုင်ဆိုင်မှု တစ်ဝက်ကျော်ခန့် လက်လွှတ်ဆုံးရှုံးလိုက်ရမည်ဆိုလျှင်ပင် ကိစ္စမရှိကြပေ။

ချန်းရှန့်အဖွဲ့အစည်းကဲ့သို့ ကြီးမားသော မျိုးနွယ်စုကြီးများတွင်တော့ အစွမ်းထက်နတ်ဆရာများ ရှိနေသည်။ သူတို့က နှင်းများကို အရည်ပျော်ကျနိုင်စေပြီး နှင်းမုန်တိုင်းများကို ဖယ်ရှားနိုင်သော မြက်ခင်းပြင်မှ သိုင်းပညာရှင်များ ဖြစ်ကြ၏။

နေရာရွှေ့ပြောင်းခြင်းက ကီကျန်းအိုတွင် ရှိနေသော မျိုးနွယ်စုများစွာထဲတွင် သာမန်ဟုသာ သတ်မှတ်နိုင်သည်။ တသွင်သွင် စီးဆင်းနေသော ‌မြစ်ကြီးကတော့ ဆောင်းရာသီ၏ သက်ရောက်မှုကို မခံရဘဲ ပတ်ပတ်လည်တွင် တဲပေါင်းများစွာ ဝန်းရံနေ၏။

ထိုနေရာက နယ်စပ်နှင့် နီးကပ်နေသည့်အတွက် ဒေသစကားသံမျိုးစုံ ရှိနေသော ကုန်သည်ပွဲစားများ ပြည့်နှက်နေသည့် နေရာလည်းဖြစ်သည်။ တောင်ပိုင်းမှ ကုန်စည်များကတော့ လူစိတ်ဝင်စားမှု အများဆုံးဖြစ်ပြီး အဆင့်အတန်းမြင့်သော မျိုးနွယ်စု ခေါင်းဆောင်များကသာ သူတို့နှင့် အလဲလှယ်လုပ်ရန် တတ်နိုင်ကြသည်။

ဆူညံနေသော တိရစ္ဆာန်အုပ်ကြီး၏အသံကို နားထောင်ပြီး ထူးဆန်းသော ရနံ့ပေါင်းစုံကို ရှူရှိုက်နေရင်း အဘိုးကြီးဝူအန်က သားမွှေးဝတ်ရုံကို တင်းတင်းချည်လိုက်သည်။ ထို့နောက် သူက တဲထဲတွင် အရက်မူးနေသော သိုင်းပညာရှင်များနှင့် နွားကျောင်းသားများကိုကြည့်နေ၏။

သူက ငွေပြားများ၊ ကြေးပြားများနှင့် နွားသားရေ၊ဆိတ်သားရေများကို ရေတွက်နေပြီး ယနေ့တော့ အကျိုးအမြတ် အလွန်များပြားမည်ဟု ယုံကြည်နေခဲ့သည်။

နှင်းမုန်တိုင်း ကျဆင်းလာသည့်အတွက် ကီကျန်းအိုသို့ ယခင်တုန်းကထက် ပို၍များပြားသော မျိုးနွယ်စုများ ရောက်ရှိလာခဲ့ကြသည်။ မြက်ခင်းပြင်မှ လူများစုစည်းလာသည့် အချိန်တွင် သူတို့သဘောအကျဆုံးအရာကတော့ မြင်းပြိုင်ခြင်း၊ သံလုံးပစ်ခြင်း၊ မြားပစ်ခြင်း၊ သိုင်းပညာယှဉ်ပြိုင်ခြင်းနှင့် အရက်သောက်ခြင်းများ ဖြစ်ကြသည်။ ထိုအရာများ၏ကျေးဇူးကြောင့် သူ့ဆိုင်က တဖြည်းဖြည်းပို၍ အလုပ်အကိုင်ကောင်းလာခဲ့သည်။

"အဘိုးကြီး..

ခင်ဗျားက သစ်တောထဲမှာ မြေခွေးမကောင်းဆိုးဝါးတွေကို သတ်ပြီး ဖမ်းနိုင်ခဲ့တဲ့ မုဆိုးကောင်းတစ်ယောက်လို့ ကျုပ်က ကြားဖူးတယ်…"

ခန္ဓာကိုယ်တစ်ပိုင်းသာ ဝတ်ထားသော အရက်သမားက မေးလိုက်သည်။

အဘိုးကြီးဝူအန်က ပြုံးလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ရှိနေသော အရေးအကြောင်းများက လှုပ်ရှားသွား၏။

"မဟုတ်ပါဘူးကွာ..။ ငါ့မှာ အဲဒီလိုအတိတ်မျိုး ရှိတယ်ဆိုတာတောင် မယုံပါဘူး…"

"ကျုပ်လည်း အဲဒါကို ပြောတာပဲလေ..။ ခင်ဗျားလို ပိန်ပိန်ပါးပါးနဲ့ အားနည်းတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး မုဆိုးကောင်းတစ်ယောက် ဖြစ်နိုင်မှာလဲ…"

အရက်သမားက သူ့နားတွင် ထိုင်နေခဲ့၏။

"ကျုပ်ရဲ့ခေါင်းပေါ်မှာရှိတဲ့ ကောင်းကင်ဘုံရဲ့ အကူအညီနဲ့ ကျုပ်ရဲ့ဆုံးဖြတ်ချက်တွေက လုံးဝမမှားနိုင်ဘူး…"

အဘိုးကြီးဝူအန်က စကားတစ်ခွန်းမျှမပြောဘဲ တစ်စုံတစ်ခုကို အမှတ်ရသွားသည့်အလား နွားသားရေ၊ သိုးသားရေများကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများက လေးနက်လာခဲ့၏။

"ခန်းအင်ပါယာက ကုန်သွယ်မှုမှာ ကြေးပြားတွေ၊ ငွေပြားတွေကို အသုံးပြုရမယ်လို့ ကြေညာထားတယ်..။ ဒါပေမယ့် ဘာလို့ဒီလူတွေက အခုချိန်အထိ နွားသားရေ၊ သိုးသားရေတွေနဲ့ ရောက်လာ‌နေရသေးတာလဲ…"

အဘိုးကြီးဝူအန်က မျိုးနွယ်စုငယ်လေးများမှ လူများကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။

မြက်ခင်းပြင်ကြီးက အလွန်ကျယ်ပြန့်ပြီး ပြန့်ကျဲနေသော မျိုးနွယ်စုများစွာ ရှိနေသည်။ မျိုးနွယ်စုထဲတွင် ရှိနေသော အဖွဲ့သားများအားလုံးကို စုစည်းပြီး တောင်ပိုင်းသို့ တိုက်ခိုက်ရန် လွယ်ကူသော်လည်း ထိုမျှရိုးရှင်းနေခြင်းတော့ မရှိချေ။

ရုတ်တရက်ဆိုသလို လူတစ်ယောက်က တဲကန့်လန့်ကာကို ဖွင့်လိုက်သည့်အတွက် အေးစက်နေသော ရေခဲလှိုင်းများ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့၏။ ထိုလူက သားမွှေးအင်္ကျီများကို ဝတ်ဆင်ပြီး မြက်ခင်းပြင်ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ သူ၏ဆံပင်များက အင်္ကျီကော်လံပေါ်သို့ ကျနေပြီး မုတ်ဆိတ်မွှေးနှင့် နက်မှောင်နေသော မျက်လုံးတစ်စုံရှိသည်။

အလွန်ငယ်ရွယ်ပုံရသော ထိုလူငယ်က အဘိုးကြီးဝူအန်ဆီသို့ လျှောက်လာခဲ့၏။ သူ၏ခါးတွင် ရှိနေသော ဓားရှည်က ခြေသလုံးအိမ်တိုင် ဓားသမားတစ်ယောက်နှင့် ကွဲပြားမှုမရှိချေ။

"ပိုက်ဆံအရင်ပေး...ပြီးမှအရက်သောက်…"

အဘိုးကြီးဝူအန်က မော့ကြည့်နေခြင်းမရှိဘဲ ဆိုင်၏စည်းမျဉ်းများကို ပြောပြလိုက်သည်။

"အရက်(၁)မျိုးအတွက် ရွှေ(၁)တုံး…"

လူငယ်က ထူးဆန်းသော စကားသံနှင့် ပြောလိုက်သည်။ သူက မြက်ခင်းပြင် ဘာသာစကားကို ကျွမ်းကျင်ပုံမရချေ။

အဘိုးကြီးဝူအန်က နွားသားရေ၊ သိုးသားရေများကို ရေ‌တွက်နေရာမှ ရပ်လိုက်ပြီး ဖြည်းညင်းစွာ မော့ကြည့်လိုက်၏။

"အရက်က ငှားဖို့ ...ရောင်းဖို့မဟုတ်ဘူး…"

လူငယ်က မြက်ခင်းပြင်ဘာသာစကားကို နားမလည်နိုင်မှာ စိုးရိမ်နေသည့်အလား သူက ဖြည်းညင်းစွာ ပြောလိုက်၏။

"အရက် (၉)အိုး ငှားပေးပါ…"

လူငယ်က စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။

အဘိုးကြီးဝူအန်က သူနှင့်အတူ အလုပ်လုပ်နေသော ကောင်လေး(၁)ယောက်ကို တဲစောင့်ထားရန် ပြောလိုက်ပြီး ဧည့်သည်အသစ်ကို တဲ၏အနောက်ဘက်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

"တံဆိပ်က ဘယ်မှာလဲ…"

သူတို့က တဲထဲသို့ ဝင်ရောက်လာပြီးနောက် အဘိုးကြီးဝူအန်က အလယ်ပိုင်းနယ်မြေ ဘာသာစကားနှင့် လူငယ်ကို မေးလိုက်သည်။ ထိုအရာကတော့ တောင်ပိုင်း ကျင်းအင်ပါယာနှင့် မြောက်ပိုင်း ကျိုးအင်ပါယာတို့၏ တရားဝင်ဘာသာစကားလည်း ဖြစ်သည်။

လူငယ်က သူ၏လက်ဖဝါးပေါ်တွင် အစိမ်းရောင်တံဆိပ်လေးတစ်ခုကို ထုတ်ပြလိုက်သည်။ ထိုတံဆိပ်လေးက အလင်းတန်းများတောက်ပနေပြီး စကားလုံး(၄)ခုကို ရေးထိုးထားခဲ့၏။

"ပြေးလွှားလေလှိုင်း…"

"ဒီလောက်အသက်ငယ်ငယ်လေးနဲ့ အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်း ဖြစ်နေတယ်..။ ငါကတော့ ဘဝတစ်ဝက်လောက် ကြိုးကြိုးစားစား အလုပ်လုပ်ပြီးမှပဲ အဲဒီတံဆိပ်ကိုရခဲ့တာ..."

အဘိုးကြီးဝူအန်က လူငယ်ကို သေချာစိုက်ကြည့်နေပြီး သူ့ဆီတွင် အသက်ငယ်ငယ်လေးနှင့် အလွန်အံ့ဩစရာကောင်းသော အစွမ်းမျိုးရှိကြောင်း ယုံကြည်နေခဲ့သည်။

အဘိုးကြီးဝူအန်၏ ဧည့်သည်ကတော့ မုန့်ချီဖြစ်၏။ မြက်ခင်းပြင်နယ်စပ်မှ ထွက်လာပြီးနောက် သူက ပြင်ဆင်မှုများ လုပ်ဆောင်ပြီး မြောက်ပိုင်း ကျိုးအင်ပါယာထဲတွင် ရှိနေသော ယပ်တောင်(၆)လက်ကျောင်း၏ သတင်းသမား တစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။

သူက မြက်ခင်းပြင်သတင်းကွန်ရက်၏ အကူအညီနှင့် မြေခွေးဘုရင်ကိုရှာဖွေရန် ကြိုးစားလိုက်၏။ အခြေအနေကို နားလည်သွားပြီးနောက် သူက ကီကျန်းအိုကို ထွက်လာခဲ့သည်။

အဘိုးကြီးဝူအန်က အသက်ငယ်ရွယ်စဉ် မြက်ခင်းပြင်ထဲ၌ နာမည်ကျော် ပညာရှင်တစ်ယောက်ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင်တော့ သူက အဆင့်မြင့်မျိုးနွယ်စုတစ်ခုကို ရန်စမိခဲ့သည့်အတွက် အသတ်ခံရလုနီးပါးဖြစ်ခဲ့ပြီး သူ့ဇနီးနှင့် သမီးက ကျေးကျွန်များ ဖြစ်လုနီးပါး ကြုံခဲ့ရ၏။

သူက ယပ်တောင်(၆)လက်ကျောင်း၏ အသိအမှတ်ပြုမှုကို ခံရသည်မှာ ကံကောင်းသွားခဲ့ပြီး သတင်းသမားတစ်ယောက်က အဆင့်အတန်းမြင့်သော မျိုးနွယ်ဝင်များကို သတ်ပစ်ခဲ့သည်။

ထိုမျိုးနွယ်စု၏ သားနှင့်သမီးများက မိသားစုပိုင်ဆိုင်မှုများအတွက် တိုက်ခိုက်နေကြသည့် အချိန်တွင် သူကတော့ အခွင့်အရေးယူပြီး သူ့မိသားစုနှင့်အတူ ထိုနေရာမှ လွတ်မြောက်လာခဲ့၏။ထိုအချိန်ကတည်းကစပြီး သူက ကြီးကျယ်ခမ်းနားမှုများကို စွန့်လွှတ်လိုက်ပြီး တောင်ပိုင်းကျင်းအင်ပါယာအတွက် အလေးထား၍ အလုပ်လုပ်ပေးနေခဲ့သည်။

မုန့်ချီက မုတ်ဆိတ်မွှေး(၂)ခုကို ကိုင်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

"နောက်ဆုံးတော့ ငါက ကျင်းအင်ပါယာစကားကို ပြောခွင့်ရခဲ့ပြီပဲ..။ စကားများများ မပြောချင်တဲ့အတွက် ငါက ဒီရက်တွေမှာ အတော်လေး ဟန်ဆောင်နေခဲ့ရတာ.."

သူက (၁)လလောက် လေ့ကျင့်ပြီးနောက် မြက်ခင်းပြင်ဘာသာစကားကို အနည်းငယ်လေးသာ နားလည်လာခဲ့သည်။ သို့သော် ထိုအရာကို မပြောချင်ခဲ့ပေ။

"မြက်ခင်းပြင် (မွန်ဂို)ဘာသာစကားက သင်ကြားဖို့ သိပ်မခက်ပါဘူး..။ တစ်ဖက်မှာတော့ ကျင်းအင်ပါယာရဲ့ ဘာသာစကားက ချောချောမွေ့မွေ့ ပြောနိုင်ဖို့အတွက် (၁၀)နှစ်လောက် အချိန်ပေးခဲ့ရတယ်…."

အဘိုးကြီးဝူအန်၏ ခေါင်းထဲတွင် မေ့ပျောက်၍ မရနိုင်သော မှတ်ညဏ်များ ပေါ်လာခဲ့၏။

သူက မေးလိုက်သည်။

"ငါတို့က တစ်ဖွဲ့တည်းတွေပဲ..။ မင်းက ဘာသိချင်လို့လဲ…"

သူကတော့ လျှို့ဝှက်သတင်းပေး၏ ရည်ရွယ်ချက်ကို မမေးခဲ့ပေ။

"ကျုပ်က မြေခွေးဘုရင်ကို သတ်ဖို့ ရောက်လာတာ..."

မုန့်ချီက အသေးအဖွဲ့ကိစ္စတစ်ခုကို ပြောနေသလို ထင်မှတ်ရ၏။

"မြေခွေးဘုရင်ကို သတ်ဖို့လား…"

အဘိုးကြီးဝူအန်က အံ့ဩမှင်တက်သွားခဲ့ပြီး မုန့်ချီကဲ့သို့ တည်ငြိမ်မှု မရှိခဲ့ပေ။ သူက ရှေ့တွင် ရှိနေသော မုတ်ဆိတ်‌မွှေးနှင့် လူငယ်လေးကို စိုက်ကြည့်နေပြီး မကောင်းဆိုးဝါး တစ်ကောင်ကို မြင်နေရသလို ထင်မှတ်ရ၏။

သူက မြေခွေးဘုရင်ကို မသိခြင်းပေလော။ ယခုမြေခွေးဘုရင်က လူငယ်မှတ်တမ်း၏ နံပါတ်(၁)နေရာတွင် ရှိနေသည်။ မြေခွေးဘုရင်က မြက်ခင်းပြင်ထဲတွင် ရှိနေသော ပညာရှင်ပေါင်းများစွာကို သတ်ပစ်ခဲ့သည့်အတွက် လူတိုင်းက မကျေမနပ်ဖြစ်နေခဲ့၏။ သို့သော် ယနေ့အချိန်ထိ မည်သူကမျှသူ့ကို ဘာမျှမလုပ်နိုင်ခဲ့ပေ။

အတိတ်တုန်းကတော့ သူ့ကို ရှာဖွေရန် ကြိုးစား‌ခဲ့သော ဝေ့ကျင်းအဆင့် ပညာရှင်များပင် ရှိခဲ့သော်လည်း မည်သူကမျှ မအောင်မြင်ခဲ့ပေ။ သူကတော့ ထွက်ပြေးသွားခဲ့ပြီး တိုက်ခိုက်မှုများကို လျင်မြန်စွာ ရှောင်တိမ်းနိုင်ခဲ့၏။ ထိုအရာတစ်ခုတည်းကပင် လူတိုင်းအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နိုင်ပြီး သူ့အစွမ်းကိုတော့ ပြောပြရန်ပင် မလိုတော့ပေ။ မြေခွေးဘုရင်ကိုသတ်ရန် လွယ်ကူမည်ဟု ထိုလူငယ်လေးက တွေးနေ‌ခြင်းပေလော။

မုန့်ချီက ပြုံးလိုက်၏။

"ဟုတ်တယ်..။ ကျေးဇူးပြုပြီး သူ့ကိုရှာဖို့ ကူညီပေးနိုင်မလား..။ သူက ယပ်တောင်(၆)လက်ကျောင်းရဲ့ အလိုရှိစာရင်းထဲမှာလည်း ရှိတယ်…"

မြေခွေးဘုရင်ကို အလိုရှိစာရင်းထဲတွင် မှတ်တမ်းတင်ထားသည်မှာ တောင်ပိုင်းကျင်းအင်ပါယာထဲရှိ ပညာရှင်များကို သတ်ပစ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

"တကယ်လို့ သူ့ကို အဲဒီလောက် အလွယ်တကူ ရှာတွေ့မယ်ဆိုရင် သူက သေတာကြာလောက်ပြီပေါ့…"

အဘိုးကြီးဝူအန်က မျက်မှောင်ကြုတ်ပြီး ခေါင်းခါပြလိုက်သည်။

မုန့်ချီကလည်း ခေါင်းညိတ်ထောက်ခံလိုက်၏။ အစောပိုင်းတွင် သူသွားတွေ့ခဲ့သော သတင်းသမားဆီမှနေ၍ မြေခွေးဘုရင်၏ သားကောင်ဖြစ်ခဲ့သော လူအများစု၏ နာမည်ကို သိခဲ့ရပြီး သူတို့ကို သတ်ခဲ့သည့် အချိန်နှင့် တည်နေရာများ၊ သေဆုံးသည့်အချိန်တွင် သူတို့၏အစွမ်းများ၊ သူတို့၏ နောက်ကြောင်းများအားလုံးကို စုံစမ်းနိုင်ခဲ့သည်။

ထိုအချက်အလက်များကိုကြည့်၍ မြေခွေးဘုရင်က တိကျသော ဦးတည်ချက်မရှိဘဲ သတ်ပစ်နေကြောင်း သိခဲ့ရသည်။ သူ သတ်ပစ်ခဲ့သော သားကောင်များ၏အစွမ်းက အနိမ့်အမြင့်မျိုးစုံ ရှိနေ၏။ ထို့ကြောင့် မုန့်ချီကသာ အချိန်ယူ၍ စုံစမ်းခဲ့ခြင်းမရှိလျှင် သူ၏လုပ်ရပ်များကို ရှာဖွေရန် ခက်ခဲနိုင်သည်။

သူ သင်ယူနိုင်သော တစ်ခုတည်းသော အရာကတော့ မြေခွေးဘုရင်က စွမ်းအားများ မြင့်တက်လာပြီးနောက် သူ့ထက် ပို၍အားနည်းသောသူများကိုလည်း သွေးဆာလောင်သည့်အနေဖြင့် သတ်ပစ်ခဲ့သည်။ သူကတော့ မတော်တဆ တွေ့လျှင်လည်း သတ်ပစ်နိုင်၏။

အကယ်၍ မြေခွေးဘုရင်၏နောက်သို့ လိုက်ရန် နည်းလမ်းမရှိလျှင်ပင် မုန့်ချီကတော့ သူ့ကို လာရောက်တိုက်ခိုက်ရန် မြေခွေးဘုရင်ကို မျှားခေါ်ချင်နေသည်။ သို့သော် မြေခွေးဘုရင်က ယနေ့အထိ အသက်ရှင်နေသည်မှာ အန္တရာယ်ကို အာရုံခံနိုင်ခြင်းကြောင့် ဖြစ်နိုင်၏။

သူက ထိုကဲ့သို့ အခြေ‌အနေမျိုးတွင် ထွက်လာမည်မဟုတ်ဘဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေနိုင်သည်။ သူ၏စွမ်းအားများက ပြီးပြည့်စုံစွာ အဆင့်တက်သွားသည့် အချိန်မှသာ မုန့်ချီကို သတ်ရန် ရုတ်တရက် တိုက်ခိုက်နိုင်သည်။

"မြေခွေးဘုရင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေရှိလား…"

မုန့်ချီက မြက်ခင်းပြင်ထဲတွင် နယ်မြေခံတစ်ယောက်ဖြစ်သော အဘိုးကြီးဝူအန်ကို စိုက်ကြည့်လိုက်၏။

ခဏကြာ စဉ်းစားလိုက်ပြီးနောက် အဘိုးကြီးဝူအန်က ပြောလိုက်သည်။

"အခုအချိန်မှာတော့ ငါ့ဆီမှာ ဘာသတင်းမှ မရှိသေးဘူး..။.တခြားသူတွေဆီမှာတော့ ရှိနိုင်တယ်..."

"ဘယ်သူလဲ…"

မုန့်ချီက မျှော်လင့်တကြီး မေးလိုက်ပြီး ဤကမ္ဘာကြီးထဲတွင် မည်သူ့ဆီ၌ သဲလွန်စရှိကြောင်း သိချင်နေခဲ့၏။

အဘိုးကြီးဝူအန်က တိတ်တဆိတ်ပြန်ဖြေခဲ့သည်။

"မြေခွေးဘုရင်က မြက်ခင်းပြင်ထဲက ပညာရှင်တွေ အများကြီးကို သတ်ပစ်ခဲ့တယ်...။ အများစုက ထူးခြားတဲ့စွမ်းရည်ရှိနေတဲ့ လူငယ်ပါရမီရှင်တွေပဲ။ တချို့ကတော့ အဆင့်အတန်းမြင့်တဲ့ မျိုးနွယ်စုက သခင်လေးတွေ၊ နာမည်ကျော်သိုင်းပညာရှင်တွေရဲ့ တပည့်တွေပဲ..။ ဒါကြောင့် သူတို့ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေက သူတို့အတွက် လက်တုံ့ပြန်ချင်ကြတယ်။ သူ့ကို မုန်းတီးနေတဲ့သူတွေက အချင်းချင်း ဆက်သွယ်လို့ရအောင် မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းကို တိတ်တဆိတ် တည်ထောင်ထားတယ်..။ သူတို့က အချက်အလက်တွေကို အချင်းချင်းမျှဝေပြီး မြေခွေးဘုရင်ကို သတ်ဖို့ ကြိုးစားနေကြတာပဲ။ သူတို့တွေအားလုံးက မြက်ခင်းပြင်တစ်ခုလုံးမှာ ပျံ့နှံ့နေတဲ့အတွက် သူ့ရဲ့တည်နေရာကို ပိုပြီးတော့ သိနေနိုင်တယ်..."

"မြေခွေးသုတ်သင်ရေးအဖွဲ့အစည်း…"

မုန့်ချီက ထိုအဖွဲ့အစည်း၏ နာမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

အဘိုးကြီးဝူအန်က သက်ပြင်းချလိုက်မိ၏။

"ငါလည်း အဲဒီအဖွဲ့အစည်းနဲ့ ပတ်သက်ပြီး သိပ်မသိဘူး..။ သူ့ရဲ့အဖွဲ့သားတွေ များတယ်ဆိုတာပဲ သိတာ.။ တကယ်လို့ မင်းက အဲဒီအဖွဲ့ကို ပူးပေါင်းဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ သူတို့နဲ့ မိတ်ဆက်ပေးနိုင်တယ်။ ဒါပေမယ့်မင်းက သူတို့နဲ့ပူးပေါင်းမယ်ဆိုရင် အန္တရာယ်များမလားတော့ မသိဘူ…"

မုန့်ချီက စဉ်းစားပြီး ပြောလိုက်၏။

"ဒါဆိုရင်လည်း ကျေးဇူးပြုပြီး သူတို့နဲ့ မိတ်ဆက်ပေးပါ…"

သူက ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်ပြီး အနည်းငယ်လေးပင် တွေဝေနေခဲ့ခြင်း မရှိချေ။

Translated by Hein Htet.

All Chapters