အခန်း (၄၆၄)
Vol. 31 Ch. 464
မုန့်ချီက တည်ငြိမ်စွာ ဆက်လက်ရှိနေပြီး တဲအတွင်း အပြင် ဝင်ထွက် သွားလာနေသူများ အားလုံးကို စောင့်ကြည့်နေခဲ့သည်။ သူတို့အားလုံးက မြေခွေးဘုရင်အတွက် သတင်း သယ်ဆောင်ရန် ထွက်သွားခြင်းဖြစ်နိုင်သော်လည်း သူကတော့ ထိုလူများ၏နောက်ကို အလျင်စလို လိုက်သွားခဲ့ခြင်း မရှိချေ။
သူက ပို၍သံသယဝင်စရာကောင်းပြီး ကြောက်စရာကောင်းသော လူတစ်ယောက် ပေါ်လာမည့်အချိန်ကို စောင့်နေခဲ့၏။ သူက အကြောင်းအရာတစ်ခုကိုတော့ ယုံကြည်ထားသည်။
မြေခွေးဘုရင်က မြက်ခင်းပြင်၏ မြောက်ပိုင်းတစ်ဖွဲ့လုံးတွင် နယ်မြေခံ အင်အားစုတိုင်းကို ဒေါသထွက်အောင် လုပ်ဆောင်ခဲ့၏။ အကယ်၍ အဆင့်အတန်းမြင့်ပြီး ဂုဏ်သရေကြီးမားသော နတ်ဆရာများက သူ၏အန္တရာယ်ကို စိုးရိမ်နေခြင်း မရှိလျှင်ပင် အာဂူလာကဲ့သို့ ဓားစာခံများက အစိတ်စိတ်အမွှာမွှာ လုပ်ချင်နေနိုင်သည်။
သို့သော် မြေခွေးဘုရင်၏ ရက်စက်ကြမ်းကြုတ်မှုကို ကြောက်လန့်နေခြင်းမရှိသော လူငယ်စစ်သည်တော်များ ရှိနေသေး၏။ ထို့ကြောင့် သူတို့က သတင်းပျံ့ခြင်းကို ရှောင်တိမ်းရန်အတွက် သူတို့၏ အယုံကြည်ရဆုံး လူများကိုသာ မြေခွေးဘုရင်နှင့် ပတ်သက်သော တာဝန်ပေးပါလိမ့်မည်။ သူက သံသယဝင်လာနိုင်သော အခြေအနေများကို လက်သင့်ခံမည် မဟုတ်ချေ။ သူက သူ၏လျှို့ဝှက်ချက်များကို အလွယ်တကူ ထုတ်ပြန်နိုင်သော အခွင့်အရေးကို လုံးဝ စွန့်စားလိမ့်မည် မဟုတ်ချေ။
ထို့ပြင် ထိုအကြောင်းအရာများ အားလုံးကလည်း နာယီစုက မြေခွေးဘုရင်၏ကိုယ်စား သတင်းစုံစမ်းပေးသည်ဟူသော ယူဆချက် မှန်ကန်မှသာ ဖြစ်နိုင်သည်။ မုန့်ချီကတော့ စိတ်ဓာတ်ကျနေခြင်းမရှိဘဲ တိတ်ဆိတ်သော မုဆိုးတစ်ယောက်ကဲ့သို့ စိတ်ရှည်လက်ရှည် စောင့်နေခဲ့သည်။
တဲထဲကို ဝင်လာသူများက တဲထဲမှ အလျင်စလို ထွက်ခွာသွားကြသည်။ သူကတော့ အသေးစိတ်ကို စိတ်ထဲတွင် စစ်ဆေးကြည့်နေခဲ့၏။ သူတို့အားလုံးကတော့ နာယီစု၏ သာမန်အခိုင်းအစေများဖြစ်ကြပြီး တစ်ယောက်မှ သူ၏အနီးစပ်ဆုံး အကူအညီ တစ်ယောက်ဟု သတ်မှတ်နိုင်ခြင်း မရှိချေ။
ဆောင်းရာသီအချိန်တွင် နေလုံးကြီး ကျဆင်းသွားသည်မှာ အတော်လေး မြန်ဆန်လှသည်။ တစ်နာရီကြာပြီးနောက် တဲထဲကို ဝင်ရောက်သွားသူများက တဖြည်းဖြည်း နည်းပါးလာ၏။ တဲပေါ်တွင်လည်း နှင်းပုံကြီးများ ဖုံးလွှမ်းနေပြီး မုန့်ချီ၏ခန္ဓာကိုယ်ပေါ်တွင်တော့ ရေခဲခြုံလွှာတစ်ခုရှိနေသလို ထင်ရသည်။
မုန့်ချီ၏ မျက်လုံးထဲတွင် လူတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုလူက မြေခွေးသားမွှေးနှင့် ဖန်တီးထားသော ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားပြီး ပတ်ပတ်လည်ကို ကျီးကန်းတောင်မှောက်ကြည့်၍ တဲထဲမှ ထွက်လာခဲ့သည်။
ထိုလူက လေကို တစ်ဝကြီးရှူလိုက်၏။ ထိ့နောက် သူက အရက်သောက်ရန် စီစဉ်ထားသည့်အလား အဘိုးကြီးဝူဟန်၏တဲဆီကို ဦးတည်သွားခဲ့သည်။ အာဂူလာနှင့် တယ်မူအာတို့၏ စကားအရ ထိုအရာက နာယီစု၏ လူယုံတစ်ယောက်ဖြစ်ကြောင်း သူက သိနေသည်။
သူတို့အားလုံးကတော့ သူ့ကို နားရွက်တစ်ဖက်ဟု ခေါ်ကြ၏။ ထိုလူက အလွန်အဆင့်အတန်းမြင့်သော ပြိုင်ဘက်ကင်း ပညာရှင်တစ်ယောက်ကို ဒေါသထွက်အောင် လုပ်မိခဲ့သည့်အတွက် နားရွက် (၂) ဖက်လုံး အဖြတ်ခံခဲ့ရသည်။
မုန့်ချီကတော့ သူဘေးတွင် ရှိနေသော တဲပေါ်သို့ လှမ်းကြည့်လိုက်ရာ တယ်မူအာ၏ မျက်လုံးနှင့် ဆုံသွား၏။ တယ်မူအာက ခေါင်းညိတ်ပြလိုက်ပြီး နားရွက်တစ်ဖက်၏ နောက်သို့ လိုက်သွားမည့်အကြောင်း အချက်ပြလိုက်သည်။
မုန့်ချီကတော့ နေရာတွင်ဆက်၍ စောင့်နေခဲ့၏။ မြက်ခင်းပြင်တွင် ရှိနေသော စစ်သည်တော်အများစုက မုဆိုးများအဖြစ် အသက်မွေးကြခြင်း ဖြစ်သည်။ တယ်မူအာက တဲပေါ်မှ အသံမထွက်စေဘဲ လျှောဆင်းလာပြီး နားရွက်တစ်ဖက်၏ နောက်သို့ လိုက်သွားခဲ့၏။
အချိန်ခဏကြာပြီးနောက် မုန့်ချီက ပြန်လည်အာရုံစိုက်နေခဲ့သည်။ ထိုအချိန်တွင် နာယီစုက သူ့တဲ၏အနောက်ဘက်မှနေ၍ တိတ်တဆိတ် ထွက်သွားသည်ကို မြင်လိုက်ရသည်။ နာယီစုက ခြေရာဖျောက်ပြီး ပုန်းကွယ်ရန် ကြိုးစားမှု အောင်မြင်ခြင်းရှိမရှိကိုတော့ သိပုံမရချေ။
မုန့်ချီက သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီစွမ်းအင်များကို လှုပ်ရှားလိုက်ရာ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ရေခဲခြုံလွှာကြီးက အရည်ပျော်ကျသွားသည်။ သူလည်း တဲပေါ်မှ လျှောဆင်းလာပြီး နာယီစု၏နောက်သို့ ခြေရာခံလိုက်သွားခဲ့၏။
ပထမတော့ နာယီစုက မျိုးနွယ်စုငယ်လေးများ ရှိနေသော နေရာဆီသို့ သွားခဲ့ပြီး မြင်းတစ်ကောင် ရွေးချယ်ခဲ့သည်။ ထို့နောက် သူက သားရဲတိရစ္ဆာန်အသေများ ပြည့်နှက်နေသော နယ်မြေကို သွားခဲ့၏။ ထိုနေရာတွင်တော့ အခိုင်းအစေများ ၊ ခန္ဓာကိုယ်ရောင်းချသူများ နေထိုင်ကြသည်။
သူ၏ထူးခြားသော အပြုအမူနှင့် မြေခွေးဘုရင်၏ အခြေအနေကို နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင် နာယီစုက သူနှင့်အမှန်တကယ် ပတ်သက်နေပုံရသည်။
မုန့်ချီက အဝေးမှနေ၍ သူ့နောက်ကို လိုက်နေရင်း ခဏတိုင်း သူ၏ရုပ်ရည်နှင့် အဝတ်အစားကို ပြောင်းလဲနေသည်။ သူကတော့ နာယီစုနှင့် ထိတွေ့သူတိုင်းကို သေချာအလေးပေး အာရုံစိုက်နေခဲ့၏။
နာယီစုက သူ၏တဲအပြင်ဘက်ကို ပြန်ရောက်သည့်အချိန်မှသာ ရပ်တန့်သွားခဲ့သည်။ သူက တမင်တကာ လှည့်ပတ်ခေါ်ဆောင်သွားသလို ဖြစ်နေသည်။ ထိုသို့ဆိုလျှင် နားရွက်တစ်ဖက်က အစစ်အမှန် သတင်းသမားတစ်ယောက်ပေလော။ သို့မဟုတ် မုန့်ချီက နာယီစု၏နောက်သို့ လိုက်သွားသည့်အချိန်တွင် တခြားတစ်ယောက် ရှိနေခြင်းပေလော။ ထိုသို့ဆိုလျှင် သတင်းသမားကို မည်သို့ ရှာဖွေရမည်နည်း။
သူက တယ်မူအာကို သွားရှာတော့မည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသည်။ သူက ပုန်းနေသည့်နေရာမှ တိတ်တဆိတ် ပြန်ဆင်းလာခဲ့၏။ လူပေါင်းများစွာက သူ့ကို စောင့်ကြည့်နေကြောင်း နာယီစုက ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့၏ လှည့်ကွက်ပေါင်းစုံက လူပေါင်းများစွာကို လမ်းလွဲသွားနိုင်၏။
သူ၏နောက်လိုက်များ ထွက်သွားသည့်အချိန်တွင် နာယီစုက သူ့တဲဆီသို့ ရုတ်တရက် ပြန်ရောက်လာမည်ဖြစ်ကြောင်း မျှော်လင့်ထားပြီးသား ဖြစ်နိုင်သည်။ သူတို့က သတင်းသမား၏ နောက်သို့ လိုက်လံတိုက်ခိုက်နေသည့်အချိန်တွင် သူ့တဲထဲတွင် ထိုအခြေအနေကို ဆွေးနွေး၍ရနိုင်၏။
ထိုလူက နာယီစု၏တဲထဲတွင် အချိန်တော်တော်ကြာ ရှိနေနိုင်သည်။ ထို့ကြောင့် နောက်ထပ်လူတစ်ယောက် ရောက်မလာမချင်း တဲထဲတွင် ရှိနေသူကို မည်သူကမျှ တွေးမိကြလိမ့်မည် မဟုတ်ချေ။
မြေခွေးသားမွှေးနှင့် ဖန်တီးထားသော ဦးထုပ်နှင့် ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က သာမန် နွားကျောင်းသားတစ်ယောက်ပမာ ထင်မှတ်ရသည်။ သို့သော် သူ၏မျက်နှာပေါ်တွင် ဖုံးကွယ်ထား၍ မရနိုင်သော အမှတ်အသားတစ်ခု ရှိ၏။ ဘယ်မျက်လုံး ကွယ်နေခြင်း ဖြစ်သည်။
"နာယီစုရဲ့ တခြားလူယုံတစ်ယောက်..."
မုန့်ချီက အလှည့်အပြောင်းများစွာကို တည်ငြိမ်စွာ ဖြတ်ကျော်ပြီး ထိုလူ့နောက်မှ လိုက်လာခဲ့သည်။
သူက နောက်ယောင်ခံသမားများကို ရှင်းပစ်နိုင်ပြီဖြစ်ကြောင်း ယုံကြည်နေသည့်အတွက် မျက်လုံးတစ်ဖက်က ရုတ်တရက် ပြေးသွားပြီး ကီကျန်းအိုထဲမှ ထွက်လာခဲ့သည်။
အဖြူရောင်နှင်းပွင့်များက မြက်ခင်းပြင်တစ်ခုလုံး လွှမ်းခြုံနေခဲ့၏။ ခြေရာများ တွင်းပေါက်ကြီးများကိုလည်း အဝေးတွင် တွေ့နေရသည်။ အကယ်၍ မျက်လုံးတစ်ဖက်က ကိုယ်ဖော့ပညာကို သုံးလိုက်မည်ဆိုလျှင်ပင် ခြေရာများကတော့ သေချာပေါက် ကျန်နေပါလိမ့်မည်။
မုန့်ချီက အဝေးမှ လိုက်လာခဲ့၏။ သူက မျက်လုံးတစ်ဖက်၏ ခြေရာများကို နှင်းပွင့်လေးများ ဖုံးမသွားခင် ခြေရာခံနိုင်ခဲ့သည်။ သူက ထိုခြေရာများအတိုင်း နင်းလာခဲ့သည်။ မျက်လုံးတစ်ဖက်က ခြေလှမ်းကို တစ်လှမ်းချင်း လှမ်းသွားခြင်း ဖြစ်၏။ ထို့ကြောင့် သူ့နောက်တွင် လိုက်လာသူများက မျက်လုံးတစ်ဖက်၏ ခြေရာအတိုင်း စစ်ဆေးရန် လုံးဝမဖြစ်နိုင်တော့ပေ။
မြေခွေးဘုရင်ကို လိုက်လံရှာဖွေရာတွင် အနည်းငယ်လေးပင် လျစ်လျူရှု၍ မရနိုင်ပေ။ သူက လေထဲတွင် ပုန်းအောင်းနေနိုင်သလို နေရာတိုင်းတွင် တိတ်တဆိတ် ပုန်းအောင်းနေနိုင်သည်။ မြေခွေးဘုရင်က သူ၏သတင်းသမားကို စောင့်ကြည့်နေနိုင်ပြီး သူနှင့် ရှာမတွေ့ခင် နောက်မှလိုက်လာနေနိုင်၏။
"သူက ကီကျန်းအိုကနေ ထွက်သွားပြီ။ သတင်းသမားက တခြားလူတွေကနေတဆင့် သတင်းပို့မှာလား။ ဒါမှမဟုတ် သိန်းငှက်တွေကိုသုံးပြီး သတင်းပို့မှာလား…"
မုန့်ချီက မျက်မှောင်ကြုတ်နေမိ၏။
"မြေခွေးဘုရင်က အနားမှာများ ရှိနေမလာ…"
သူက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေသော ရန်သူနှင့်ပတ်သက်၍ ပို၍သတိထားနေခဲ့၏။
သဲလွန်စမရှိ ခြေရာခံ၍ မရနိုင်သော လူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် အရာအားလုံးက ဝေဝါးနေသည်။ သူက ရုတ်တရက် နှာခေါင်းရှုံ့ကြည့်လိုက်၏။ ထိုအချိန်တွင် လေထဲ၌ သွေးရနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူက အနည်းငယ် အရှိန်မြန်လိုက်ပြီး လေလှိုင်းတစ်ခုသဖွယ် လှုပ်ရှားလိုက်၏။ ထိုတောင်ကုန်း၏ အပေါ်ဘက်တွင်တော့ အဖြူရောင်နှင်းခြုံလွှာတစ်ခု ရှိနေသေးသည်။ ကျယ်ပြန့်သော ရေကန်ကြီးကလည်း အလွန်သိပ်သည်းသော ရေခဲအလွှာတစ်ခု လွှမ်းခြုံနေပြီး ကောင်းကင်ပေါ်မှ အလင်းတန်းများ ပြန်လာနေခဲ့၏။
ခံစားနေရသည့် အရာအားလုံးက အလွန်ကျယ်ပြန့်လွန်းလှပြီး ကြောက်လန့်နေသည့် ခံစားမှုတစ်ခုလည်း ထွက်လာခဲ့သည်။ ရေကန်ဘေးတွင်တော့ လူတစ်ယောက် လဲကျနေ၏။ သူ၏ရုပ်ရည်ကိုကြည့်ပြီး ထိုအရာက မျက်လုံးတစ်ဖက်ဖြစ်ကြောင်း မုန့်ချီက နားလည်သွားသည်။ နှင်းများက ယခုအချိန်ထိ ခဲသွားခြင်းမရှိဘဲ သူ့အနားတွင်တော့ သွေးရောင်များ စွန်းထင်းနေခဲ့၏။
သူက သတိထား၍ ပြေးလာခဲ့ပြီး မျက်လုံးတစ်ဖက်၏ ခန္ဓာကိုယ်ကို ခြေဆုံး ခေါင်းဆုံး ကြည့်နေခဲ့သည်။ မျက်လုံးတစ်ဖက်၏ အမူအရာနှင့် မျက်လုံးက မယုံကြည်နိုင်သလို ခံစားနေရ၏။ သူ့လည်ပင်းက ပြတ်သွားပြီး ထိုနေရာမှ သွေးများ စီးကျနေခဲ့သည်။ ခန္ဓာကိုယ်ပေါ်တွင် တခြား မည်သည့်ဒဏ်ရာမျှ မရှိချေ။
"မြေခွေးဘုရင်..."
အလွန်ရင်းနှီးသော ခံစားမှုတစ်ခုကြောင့် မုန့်ချီက တစ်ကိုယ်လုံး တင်းကျပ်သွားခဲ့ပြီး ဓားလက်ကိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်၏။ ခေါင်းပေါ်တွင် ရှိနေသော သွေးကြောများကလည်း ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။
မြေခွေးဘုရင်က အမှန်တကယ်ကို အနီးအနားတွင် ရှိနေ၏။ သို့သော် ဘာကြောင့် သူက မျက်လုံးတစ်ဖက်ကို သတ်ပစ်ရသနည်း။ အန္တရာယ်နီးကပ်လာကြောင်း ခံစားမိခြင်းကြောင့်ပေလော။
ဓားလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ထားရင် မုန့်ချီက တုန်လှုပ်သွားခဲ့၏။ သူက တိုက်ခိုက်ချင်စိတ်များကို ခံစားနေရသော်လည်း ရင်ထဲတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်နေသည်။ သူနှင့် မျက်လုံးတစ်ဖက်၏ ကြားထဲတွင် ရှိနေသော အကွာအဝေးကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် မြေခွေးဘုရင်က သူ့ကို သတိထားမိရန် မဖြစ်နိုင်ပေ။ သို့မဟုတ် အန္တရာယ်အပေါ် သူ၏အာရုံခံနိုင်စွမ်းက အလွန်တိကျနေခြင်းပေလော။
ထိုအချိန်တွင် မုန့်ချီက လေထဲရှိ ရနံ့တစ်ခုကို ရလိုက်သည်။ ထိုရနံ့က ရွှံ့နှင့် သစ်ခွပန်းရနံ့ ဖြစ်ပုံရပြီး လေထဲတွင် အချိန်တော်တော်ကြာ ရှိနေခဲ့သည်။ သူက ဓားကို ဆွဲထုတ်လိုက်ပြီး မျက်လုံးတစ်ဖက်၏ ရင်ဘတ်ကို ဓားထိပ်ဖျားနှင့် ကလော်ကြည့်လိုက်သည်။ ထိုနေရာတွင် အထုပ်တစ်ခု ပွင့်နေပြီး ထိုနေရာမှ မွှေးပျံ့သော ရနံ့တစ်ခု ထွက်ပေါ်နေ၏။
"ဒါက အထူးပြုလုပ်ထားတဲ့ အမွှေးနံ့သာတစ်ခုပဲ။ မျက်လုံးတစ်ဖက်ရဲ့ချစ်သူက ဒါကိုဖန်တီးထားခဲ့တာလား…"
ပထမတွင် မုန့်ချီက အံ့သြသွားခဲ့၏။ ထို့နောက် ထိုမွှေးရနံ့က လူပေါ်တွင် ကပ်ညိနိုင်ပြီး အချိန်တော်တော်ကြာအထိ ပျောက်ကွယ်သွားခြင်းမရှိကြောင်း နားလည်သွားသည်။ မုန့်ချီက အစက်အပြောက်မဲ့နယ်ပယ်ကို မရောက်သေးသည့်အတွက် ထိုမွှေးရနံ့၏ ထူးဆန်းမှုကို သတိမထားမိပေ။
သူက ရုတ်တရက် နားလည်သွားခဲ့၏။ မြေခွေးဘုရင်က ဘာကြောင့် မျက်လုံးတစ်ဖက်ကို သတ်ပစ်လိုက်ကြောင်းလည်း သိသွားခဲ့သည်။ ပုန်းကွယ်ခြင်းကို ကျွမ်းကျင်သော လူတစ်ယောက်က ထိုမွှေးရနံ့နှင့်သာ ထိတွေ့ခံလိုက်ရမည်ဆိုလျှင် သူ့နေရာက ပေါ်သွားနိုင်သည်။
မျက်လုံးတစ်ဖက်က သူ့ကို သစ္စာဖောက်ပြီး ထိုအမွှေးရနံ့ကိုသုံး၍ နောက်ကျောကို ဓားနှင့်ထိုးသည်ဟု မြေခွေးဘုရင်က တွေးလိုက်မိခြင်း ဖြစ်သည်။ ယခု မေးစရာ ရှိသည်မှာ မျက်လုံးတစ်ဖက်က ထိုအရာကို ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်ခြင်း ဟုတ်မဟုတ် သေချာမသိနိုင်သေးပေ။
ထိုအထုပ်ထဲမှ အမွှေးနံ့သာများက အထူးဖန်တီးထားခြင်း ဖြစ်သည်။ မျက်လုံးတစ်ဖက်ကို စေလွှတ်လိုက်သူက တမင်တကာ လုပ်ဆောင်ခြင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အောက်တန်းကျသော စိတ်ထားတော့ ရှိနိုင်သည်။
မုန့်ချီအတွက်တော့ အတော်လေးကို အံ့ဩသွားခဲ့ရ၏။ သူက လေထဲတွင် လွင့်မျောလာသော မွှေးရနံ့ကို ခွဲခြားကြည့်ရန် ကြိုးစားလိုက်သည်။ နှာခေါင်းထဲတွင် မွှေးရနံ့များ ရောက်လာသည့်အချိန်တွင် သူက ဦးတည်ချက်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရ၏။
မုန့်ချီက မျက်လုံးနှစ်ဖက်ကိုဖွင့်လိုက်ပြီး အနောက်ဘက်သို့ ပြေးသွားခဲ့သည်။ ထိုနေရာတွင် အမွှေးရနံ့များ ကျန်ရှိနေသေး၏။ သူ့ဆီမှ အမွှေးရနံ့များ ကျန်နေမည်ကို စိုးရိမ်ရန် မလိုတော့ပေ။ သူက ကိုယ်ဖော့ပညာကိုသုံးပြီး မွှေးရနံ့ရသည့်နောက်သို့ အရှိန်အဟုန်နှင့် ပြေးလိုက်သွားခဲ့သည်။
လေလှိုင်းများထဲတွင် ထိုရနံ့က ထင်ရှားနေသော်လည်း သူက အချိန်ကြာမြင့်စွာ သွားလာရန် သင့်တော်ခြင်း မရှိပေ။ မုန့်ချီက ပြေးလွှားနေသည်မှာ အင်မော်တယ်တစ်ပါးကဲ့သို့ ဖြစ်နေသည်။ သူက အနည်းငယ်လေးပင် နှေးကွေးနေခြင်း မရှိချေ။
အကယ်၍ ထိုကိုယ်ဖော့ပညာကသာ အားနည်းသည်ဟု သတ်မှတ်နိုင်သည်ဆိုလျှင်ပင် ရွှမ်ပိုင်က အလယ်ပိုင်းနယ်မြေထဲသို့ မည်သို့ ထွက်ပြေးနိုင်ခဲ့မည်နည်း။ မွှေးရနံ့က တဖြည်းဖြည်း မှေးမှိန်လာသည့်အတွက် မြေခွေးဘုရင်က ရနံ့ပျောက်စေရန် အကောင်းဆုံး ကြိုးစားနေပုံရသည်။
မုန့်ချီကတော့ တဖြည်းဖြည်းပို၍ ရှင်းရှင်းလင်းလင်း ခံစားမိလာပြီး မျက်လုံးမှိတ်ထားလျှင်ပင် သူ့စိတ်ထဲ၌ လူတစ်ယောက် ပြေးသွားသောပုံစံကို မြင်နေရသည်။ သူက ရနံ့မပျောက်ခင် မြေခွေးဘုရင်ကို သေချာပေါက် ဖမ်းမိနိုင်မည် ဖြစ်၏။
နှင်းများက အချိန်ကြာမြင့်စွာ ကျဆင်းလာနေပြီး ခြေရာလက်ရာများစွာကို ဖုံးကွယ်ထားသည်။ မြေခွေးဘုရင်ကတော့ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး မုန့်ချီ သတိထားမိနိုင်သော ခြေရာလက်ရာ လုံးဝမကျန်ခဲ့ပေ။ သူက လေနောက်ကို လိုက်နေရသလို ဖြစ်နေ၏။
လေထဲ၌ မွှေးရနံ့သာမရှိလျှင် သူက လမ်းမှားကို လိုက်နေခြင်းဖြစ်မည်ဟု တွေးမိပါလိမ့်မည်။ ထိုအချိန်တွင် အေးစက်သောလေလှိုင်းတစ်ခု တိုက်ခတ်လာပြီး နောက်ဆုံးကျန်နေသည့် မွှေးရနံ့များ ပျောက်ကွယ်သွား၏။
မုန့်ချီကတော့ သူ၏မသိစိတ်အပေါ် အခြေခံပြီး ဆက်လိုက်နေရသည်။ နှင်းပွင့်များပေါ်တွင် ခြေရာများစွာ ပေါ်လာခဲ့သော်လည်း ထူးဆန်းသည်မှာ သူ့ခြေရာကိုသာ ပြန်မြင်နေရသည်။
သူ့စိတ်ထဲတွင်တော့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် လူတစ်ယောက်က မရပ်မနား ပြေးနေခဲ့သည်။ သူ့ဆီမှ သတ်ဖြတ်ချင်စိတ်များလည်း ထွက်ပေါ်လာနေခဲ့၏။ ထိုလူကတော့ အလစ်ချောင်း တိုက်ခိုက်မှုကို စိုးရိမ်ရန် မလိုအပ်သည့်အလား နောက်ပြန်လှည့်လာပြီး သူ့ကို သတ်ပစ်ခြင်း မရှိချေ။
သူ၏စိတ်ဝိညာဉ်ကို အားဖြည့်လိုက်ပြီး စိတ်လှုပ်ရှားမှုများကို ဖယ်ရှားလိုက်သည့် အချိန်တွင် မုန့်ချီကတော့ လိုက်နေသည့် အခက်အခဲများကို ပို၍တွေ့လာရသည်။ သူ၏နှလုံးသားက ရေကန်ကဲ့သို့ တည်ငြိမ်သွားသည့်အချိန်တွင် သူက အစဦးပိုင်း မုဆိုးများကဲ့သို့ ဖြစ်သွားသလို ခံစားလိုက်ရ၏။
နှင်းများက တဖြည်းဖြည်း ပို၍သိပ်သည်းလာပြီး နှင်းပွင့်လေးများကလည်း မျက်လုံးထဲတွင် များပြားလာသည်။ သို့သော် သူကတော့ တဖြည်းဖြည်း ပို၍နီးကပ်လာသည်ကို ခံစားနေရ၏။ တဖြည်းဖြည်းနှင့် လေလှိုင်းအတိုင်း သူ့ဓားကို ဆွဲထုတ်လိုက်ပြီး ခံစားမိသည့်နေရာကို ဓားနှင့် တိုက်ခိုက်ရန် ပြင်လိုက်သည်။
ရုတ်တရက်ဆိုသလို ညအချိန် ကျရောက်လာသည့်အလား စွမ်းအင်များအားလုံး ပျောက်ကွယ်သွားပြီး မြေခွေးဘုရင်နှင့် ပတ်သက်သော အာရုံများ အားလုံး ပျောက်ကွယ်သွားသည်။
"သူ့ဆီမှာ နောက်ထပ်လှည့်ကွက်တစ်ခု ရှိနေသေးတာလား။ ဘာလို့အဲဒါကို စောစောမသုံးရတာလဲ…"
မုန့်ချီက မြေခွေးဘုရင် အလစ်ချောင်း တိုက်ခိုက်မှာကို အလွန်အမင်း သတိထားနေရသည်။
သူက ခြေရာလက်ရာများကို စစ်ဆေးနေပြီးနောက် မြေခွေးဘုရင်ကို လိုက်ဖမ်းရန် အရှိန်လျှော့လိုက်ရ၏။ အကယ်၍ သူကသာ သေချာစစ်ဆေးနိုင်ခြင်း မရှိလျှင် မြေခွေးဘုရင်၏ သဲလွန်စများကို ရှာမတွေ့နိုင်တော့ပေ။ သူက အချိန်ခဏကြာ ဆက်၍ လိုက်နေခဲ့၏။
ထိုအရှိန်မျိုးနှင့်ဆိုလျှင် သူ့ရှေ့၌ ရှိနေသော ခြေရာလက်ရာများက သူရောက်သွားသည်နှင့် ပျောက်ကွယ်သွားလောက်ပါပြီ။ သူက လေပူများကို မှုတ်ထုတ်လိုက်၏။ သူက မြေခွေးဘုရင်ကို ခြေရာပျောက်သွားကြောင်း ဝန်ခံရပါလိမ့်မည်။
"သူက စွမ်းအင်ခြေရာခံမှုကို ဖြတ်တောက်ဖို့အတွက် သေချာပေါက် တစ်ခုခု ပေးဆပ်ရလိမ့်မယ်။ မဟုတ်ရင် မွှေးရနံ့ ထိတွေ့ခဲ့တဲ့ အချိန်ကတည်းကစပြီး အဲဒါကို သုံးလိုက်မှာပေါ့…"
မုန့်ချီက သူ၏လက်ရှိတည်နေရာကို ဆုံးဖြတ်ကြည့်လိုက်ပြီး ကီကျန်းအိုကိုပြန်သွားရန် ကြိုးစားလိုက်သည်။ ကျယ်ပြန့်သော ကောင်းကင်ကြီးအောက်တွင် မြက်ခင်းလွင်ပြင်က အဆုံးမဲ့ရှိနေသလို ထင်မှတ်ရ၏။
အဖြူရောင်နှင်းပွင့်များက မြေပြင်ပေါ်တွင် ကော်ဇောကြီးခင်းထားသလိုဖြစ်နေပြီး ပတ်ပတ်လည်တွင် မြင်နေရသော မြင်ကွင်းက တစ်သားတည်း ဖြစ်နေခဲ့သည်။ သူက လမ်းပျောက်လုနီးပါး ဖြစ်နေသော်လည်း အလွန်ထက်မြက်သော အာရုံခံစွမ်းအား ရှိနေသည်။
ရရှိထားသော အချက်အလက်များကို ပေါင်းစည်းပြီး ကီကျန်းအိုမှ ထွက်လာပြီးနောက် သူလာခဲ့သော လမ်းကြောင်းက ခေါင်းထဲတွင် တဖြည်းဖြည်း ပေါ်လာခဲ့၏။ ပထမဆုံး မြောက်ဘက် ထို့နောက် တောင်ဘက်...
"တကယ်လို့ ငါသာ အရှေ့ဘက်ကို သွားလိုက်မယ်ဆိုရင် ကီကျန်းအိုကို ရောက်လိမ့်မယ်…"
မုန့်ချီက အံ့သြသွားခဲ့၏။ သူက မြေခွေးဘုရင်၏နောက်ကို စက်ဝိုင်းသဖွယ် လိုက်လာခဲ့ခြင်းပေလော။
"အဲဒါ မဟုတ်သေးဘူး…"
သူက မျက်မှောင်ကြုတ်လိုက်မိ၏။
"မြေခွေးဘုရင်က ငါ့ကို စက်ဝိုင်းခြမ်းပုံသဏ္ဍာန် မျှားခေါ်လာတာလား။ သူက ကီကျန်းအိုကနေ ထွက်မသွားခဲ့ဘူးလား…"
အကယ်၍ မြေခွေးဘုရင်၏ အတွေးကသာ သံသယဝင်စရာမကောင်းလျှင် သူ၏အကောင်းဆုံး ရွေးချယ်မှုက အနောက်မြောက်ပိုင်းဖြစ်သော မြက်ခင်းပြင်၏ အတွင်းထဲကိုဝင်သွားရန် ဖြစ်သည်။
"ဘာကြောင့် သူက ကွေ့ပတ်သွားခဲ့တာလဲ။ သူက လက်တုံ့ပြန်ချင်နေတာလား။ နာယီစုက သူ့ကို သစ္စာဖောက်တယ်လို့ တွေးနေတာလား…"
မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့၏။
သူကတော့ အချိန်ဆွဲမနေရဲပေ။ သူ့ဓားကိုကိုင်ပြီး အရှေ့ဘက်သို့ ချက်ချင်း ပြေးလာခဲ့၏။ သူက တဲနယ်မြေထဲသို့ ရောက်တော့မည့်အချိန်တွင် တယ်မူအာကို မြင်လိုက်ရသည်။
သူ့ကို မြင်သည့်အချိန်တွင် တယ်မူအာက ချက်ချင်း မေးလိုက်၏။
"မင်းက တစ်ခုခုတွေ့ခဲ့သေးလား…"
"သူက အနားမှာပဲ။ ဒါပေမဲ့ ကျွန်တော် သူ့ကို ခြေရာပျောက်သွားတယ်…"
မုန့်ချီက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
တယ်မူအာက သက်ပြင်းချလိုက်မိ၏။
"ကောက်ကျစ်တဲ့သားကောင်ဆိုတာက အမြဲတမ်းလွတ်သွားတာပဲ။ ဒါပေမဲ့ မုဆိုးတွေက သူတို့ကို အလွတ်ပေးလို့မရဘူး။ မင်းမှာသာ လုံလောက်တဲ့ စိတ်ရှည်သည်းခံမှုရှိမယ်ဆိုရင် မင်းက သားကောင်ကို ဖမ်းမိမှာပါ…"
"အဲဒါတော့ အမှန်ပဲ…"
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။ ထိုအရာက သိုင်းပညာ ၊ စိတ်စွမ်းအားနှင့် စိတ်ဝိညာဉ်ကို လေ့ကျင့်ရသည့် နည်းလမ်းတစ်မျိုးလည်း ဖြစ်သည်။
Translated by Hein Htet