အခန်း (၄၆၅)
Vol. 31 Ch. 465
တဲနယ်မြေထဲသို့ ဝင်ရောက်လာသည့်အချိန်တွင် နားထဲ၌ အသံများကို ကြားလိုက်ရသည်။
"မြေခွေးဘုရင်က ကွေ့ပတ်ပြီး သွားခဲ့တာဆိုတော့သူက နာယီစုကို လက်တုံ့ပြန်ဖို့ ပြန်လာမယ်လို့ သံသယဝင်မိတယ်…"
မုန့်ချီက မြက်ခင်းပြင်ဘာသာစကားနှင့် ခက်ခက်ခဲခဲ ရှင်းပြလိုက်ရသည်။
တယ်မူအာက ကနဦးတွင် ထိတ်လန့်သွားခဲ့ပြီး သိပ်မကြာခင် အားရပါးရရယ်လိုက်၏။
"လုံးဝမဖြစ်နိုင်ဘူး..။ မြေခွေးဘုရင်က ပြန်လာပြီးတော့ လက်တုံ့ပြန်တယ်ဆိုတာ မရှိဘူး..။ သူက ထောင်ချောက်တွေ၊ အန္တရာယ်တွေကို ရှာတွေ့သွားပြီဆိုရင် နောက်ထပ် လအနည်းငယ်၊ ဒါမှမဟုတ် နှစ်အနည်းငယ်ကြာပြီးမှပဲ လက်တုံ့ပြန်ဖို့ ပြန်လာတတ်တယ်။ သူက ကြောက်စရာအကောင်းဆုံး မြေခွေးတွေလိုပဲ ရန်သူ သတိမထားမိတဲ့အချိန်မှာပဲ တိုက်ခိုက်တတ်တာ..."
တယ်မူအာ၏ ထင်မြင်ယူဆချက်က လက်ရှိကမ္ဘာလောကကြီးထဲတွင် မြေခွေးဘုရင် ပြသထားသော ပုံရိပ်နှင့် တစ်ထပ်တည်း ဖြစ်နေသည်။ မြေခွေးဘုရင်က သူတစ်ကြိမ်တည်းနှင့် မသတ်နိုင်သော ပစ်မှတ်မျိုး၊ သို့မဟုတ် ထောင်ခြောက်ထဲသို့ ကျရောက်သွားနိုင်သည့်အချိန်တွင် အဝေးသို့ ထွက်ပြေးသွားတတ်သည်။
သူက ခံစားချက်များကြောင့် လမ်းကြောင်းသွေဖယ်သွားခြင်း မရှိဘဲ လုံးဝပြန်လှည့်လာခြင်း မရှိတတ်ပေ။ သူက အလွန်သတိထားပြီး အမှားလုပ်မိခြင်းထက် အခွင့်အရေးတစ်ခုကိုသာ စောင့်နေတတ်၏။
တစ်ခုတည်းသော ချွင်းချက်ကတော့ ပျော်ရွှင်ခြင်းတိမ်တိုက်တောင်တန်းတွင် မုန့်ချီကို ဒုတိယအကြိမ် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုအရာကလည်း ဒဏ္ဍာရီအဖွဲ့၏ အကူအညီကြောင့်သာ ဖြစ်၏။ အခြေအနေက ရှင်းလင်းနေပြီး သူ တိုက်ခိုက်ရန်လည်း သင့်တော်လှသည်။
ထိုအရာက မြေခွေးဘုရင်အပေါ် မုန့်ချီ၏ထင်မြင်ချက်သာဖြစ်ပြီး တစ်ဖက်လူက ကွေ့ဝိုက်၍ မျှားခေါ်လာပြီး တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
"ဒါပေမယ့် သူက လက်တုံ့ပြန်ဖို့ အစီအစဉ်မရှိဘူးဆိုရင် အဝေးကိုပဲ ထွက်ပြေးသင့်တာ မဟုတ်လား…"
မုန့်ချီက တာ့ရီအိချီ၏ တဲဆီသို့ ပြန်သွားနေသည့်အချိန်တွင် နောက်တစ်ကြိမ် မေးလိုက်၏။
"သူက တောင်ပိုင်းကို သွားချင်နေတာလည်း ဖြစ်နိုင်တယ်...။ သူက အလယ်ပိုင်းနယ်မြေကိုတောင် သွားခဲ့ဖူးတယ် မဟုတ်လား..."
တယ်မူအာက အပြုံးနှင့် ရှင်းပြလိုက်၏။ အာဂူလာ မရှိသည့်အချိန်တွင် သူက တောင်ပိုင်းမှလာသော ကုန်ပစ္စည်းများကို တာဝန်ယူထားရသည်။
တာ့ရီအိချီက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"တိုင်ရှန်က သွေးဆာနေတဲ့ လုပ်ကြံရေးသမားတစ်ယောက်ပဲ..။ ဒါပေမယ့် သူက အေးစက်ပြီး တည်ငြိမ်တယ်..။ သူ့အသက်ကို စတေးပြီး ဘယ်တော့မှ လက်တုံ့ပြန်တဲ့ အလုပ်မျိုးကို မလုပ်ဘူး…”
“ညီလေးကျဲပိုင်...
မင်းက သူ့နောက်ကို လိုက်နေတာ တော်တော်လေး ကြာနေပြီ။ ဒီတော့ မင်းတို့(၂)ယောက်က အချင်းချင်း သတိထားမိမယ်ဆိုတာ ငါလည်း သေချာသိတယ်..။ ငါက မင်းရဲ့နောက်ကြောင်းကို သေချာမပြောနိုင်ရင်တောင် သူက မင်းရဲ့အစွမ်းကို အနည်းအကျဉ်းတော့ ခန့်မှန်းမိမယ်လို့ထင်တယ်..။ ငါတို့ရဲ့အစွမ်းနဲ့ ပေါင်းလိုက်မယ်ဆိုရင် အဲဒီခွေးသားတိုင်ရှန်က လာရဲဦးမယ်လို့ ထင်နေတာလား..."
"ငါ့ရဲ့နောက်ကြောင်းလား…"
တာ့ရီအိချီ၏ စကားလုံးက အနည်းငယ်ထူးဆန်းနေကြောင်း မုန့်ချီက တွေးခဲ့မိ၏။
"သူတို့က ငါ့ရဲ့နောက်ကြောင်းကို ခန့်မှန်းမိသွားတာလား…"
မည်သို့ဖြစ်စေကာမူ သူက ထိုအရာကို အလွန်အမင်း ဂရုစိုက်နေခြင်း မရှိချေ။ အမှန်အတိုင်း ပြောရလျှင် သူတို့က သူ၏အဆင့်အတန်းကို သိသွားမည်ဆိုလျှင်ပင် သူတို့နှင့် ရည်ရွယ်ချက် တူညီနေကြောင်း သေချာသွားပါလိမ့်မည်။
သူ၏အဆင့်အတန်းကို ဖုံးကွယ်ထားရသည့် အကြောင်းပြချက်ကတော့ ဒဏ္ဍာရီအဖွဲ့၏ အလေးထားမှုကို ရှောင်ရှားရန်သာ ဖြစ်သည်။ ထို့ကြောင့် လူအနည်းစုက ရှာတွေ့သွားသည်မှာ ပြသာနာကြီးတစ်ခု မဟုတ်ပေ။
တာ့ရီအိချီက မုန့်ချီ၏စိုးရိမ်မှုများကို သတိထားမိပုံရ၏။ ထို့ကြောင့်သူက ရယ်ကာမောကာနှင့် ပြောလိုက်သည်။
"ငါတို့ မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းမှာ စည်းမျဉ်း(၂)ခုပဲ ရှိတယ်.။ ပထမဆုံး မင်းမှာ မြေခွေးဘုရင်နဲ့ အညှိုးအတေးရှိရမယ်..။ ဒုတိယတစ်ချက် အဖွဲ့သားများကို လုံးဝထိခိုက်အောင်မလုပ်ရဘူး။ မင်းက သစ္စာဆိုပြီးသွားပြီဆိုမှတော့ ငါတို့က မင်းရဲ့နောက်ကြောင်းကို မမေးပါဘူး။ အဲဒါဆိုရင် လုံလောက်ပါပြီ။ မင်းတို့(၂)ယောက်လုံး အနားယူလိုက်တော့..။ မြေခွေးဘုရင်ကို သတ်ရတာက အချိန်ကြာမြင့်ပြီး ပင်ပန်းတဲ့အလုပ်ပဲ..။ မင်းတို့က နောက်ပိုင်းမှာ ဆက်ပြီးလှုပ်ရှားဖို့ လိုအပ်နေသေးတယ်…”
"ညီလေးကျဲပိုင်...
ငါက မင်းရဲ့အစစ်အမှန်နောက်ကြောင်းကို မသိသေးပေမယ့် မြေခွေးဘုရင်ရဲ့ လက်ထဲကနေ အသက်မသေဘဲ လွတ်မြောက်လာနိုင်တယ်ဆိုတော့ မင်းကလည်း သေချာပေါက် နာမည်ကျော်ကြားတဲ့ လူတစ်ယောက်ဖြစ်နိုင်တယ်..."
တယ်မူအာက တဲထဲမှ ထွက်မသွားခင် မုန့်ချီကိုကြည့်ပြီး အပြုံးနှင့်ပြောလိုက်သည်။
မုန့်ချီကသာ သူထွက်သွားသည်ကို စောင့်ကြည့်နေခဲ့၏။
"သိပ်မကြာသေးခင် နှစ်တွေအတွင်း မြေခွေးဘုရင်ရဲ့လက်ထဲကနေ လွတ်မြောက်တဲ့ သူ နည်းနည်းလေးပဲ ရှိတာကိုး..."
မုန့်ချီကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရမလား၊ မကျေမနပ် ဖြစ်ရမလားပင် မသိတော့ချေ။ သူက ခံစားချက်များကို ဖယ်ရှားလိုက်ပြီး ခေါင်းထဲတွင် နောက်တစ်ကြိမ် တည်ငြိမ်သွားခဲ့သည်။
အကယ်၍ မြေခွေးဘုရင်က သူ၏သုံးသပ်ချက်အတိုင်း မဟုတ်နိုင်ကြောင်း တာ့ရီအိချီနှင့် တယ်မူအာတို့က ငြင်းဆန်လျှင်ပင် သူကတော့ သူ၏မသိစိတ်ကို ယုံကြည်နေသေး၏။
လူတစ်ယောက်က အန္တရာယ်ကျရောက်လာပြီး ထွက်ပြေးရန် စီစဉ်နေသည့်အချိန်တွင် သူ့အတွက်အလုံခြုံဆုံးနေရာကိုသာ ရွေးချယ်တတ်သည်။သူ့ဆီ၌ တခြားသော အတွေးများ မရှိလျှင် ထိုအရာ၏ ဝေးဝေး၌ နေတတ်သည်။
မုန့်ချီက သက်ပြင်းချလိုက်မိပြီး သူ့ကိုယ်သူ ယုံကြည်ရန် ဆုံးဖြတ်လိုက်၏။ ထို့ပြင် ဤကိစ္စက အသေးအဖွဲကိစ္စသာ ဖြစ်သည့်အတွက် စွမ်းအားအလွန်အကျွံကုန်ဆုံးခြင်း မရှိပေ။ သူက နာယီစု၏တဲအနားသို့ တိတ်တဆိတ်ကပ်သွားပြီး အစောပိုင်းတွင် သူပုန်းနေခဲ့သော နေရာသို့ပြန်ရောက်လာခဲ့၏။
သူက ထိုတဲပေါ်တွင် ငြိမ်သက်စွာ လှဲနေပြီး တစ်ကိုယ်လုံးတွင် နှင်းများ ဖုံးလွှမ်းထားခဲ့သည်။ နေ့လည်ခင်းမှ ညနေအထိ၊ ညနေမှ ညအထိ တစ်ချိန်လုံး တည်ငြိမ်အေးချမ်းနေခဲ့၏။ မည်သည့်အရာမျှ ပေါ်လာခဲ့ခြင်းမရှိချေ။ သူ၏ သုံးသပ်ချက်ကများ မှားယွင်းသွားခြင်းပေလော။ သို့မဟုတ် မြေခွေးဘုရင်၏ စိတ်ရှည်မှုက သာမန်လူများထက် သာလွန်နေခြင်းပေလော။
မုန့်ချီက နာယီစု၏တဲကို စိုက်ကြည့်နေခဲ့ပြီး သူ့ကိုယ်သူ သံသယဝင်နေခဲ့၏။သူက စိတ်တည်ငြိမ်မှုရရှိရန် လေပူများကို မှုတ်ထုတ်လိုက်ပြီနောက် သံသယများက ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင်တော့ သူက နောက်တစ်ကြိမ်အလေးထား၍ အာရုံစိုက်လာနိုင်ခဲ့၏။
ညလယ်ခေါင် ရောက်သည့်အချိန်တွင် အရိပ်တစ်ခုက တဲနားကို ကပ်လာခဲ့၏။ မုန့်ချီက ကနဦးတွင် စိတ်လှုပ်ရှားနေခဲ့သော်လည်း သိပ်မကြာခင် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအရာက မြေခွေးဘုရင် မဟုတ်ဘဲ တာ့ရီအိချီဖြစ်နေသည်။
ထိုလူ၏ပုံစံနှင့် အပြုအမူကိုကြည့်လိုက်မည်ဆိုလျှင် သူက မြေခွေးသုတ်သင်ရေး အဖွဲ့အစည်းမှ သတင်းသမား တာ့ရီအိချီဖြစ်နေမှန်း မှတ်မိနေသည်။
"ဘာလို့ သူက ညကြီးသန်းခေါင်ကျမှ နာယီစုကို လာတွေ့ရတာလဲ..။ တကယ်လို့ နာယီစုကသာ မြေခွေးဘုရင်ကို သစ္စာဖောက်ထားတယ်ဆိုရင် ဘာလို့ တယ်မူအာနဲ့ သူက နာယီစုကိုစောင့်ကြည့်ဖို့ စီစဉ်ထားရတာလဲ..။ သူတို့က မြေခွေးဘုရင်ကို လှည့်စားဖို့အတွက် ကြိုးစားနေတာများလား..."
သူတို့(၂)ယောက်လုံးက ဝေ့ကျင်းတစ်ဝက်အဆင့်ပညာရှင်များဖြစ်ကြသည်။ ထို့ကြောင့် မုန့်ချီက သူတို့၏စကားကို ချောင်းနားထောင်၍ မရပေ။ သူတို့က တဲထဲတွင် စကားပြောနေကြောင်းသာ သိနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် တာ့ရီအိချီက တဲထဲမှ တိတ်တဆိတ် ထွက်လာပြီး လျင်မြန်စွာ ထွက်သွားခဲ့သည်။ မုန့်ချီကတော့ စိတ်လှုပ်ရှားမှုများကို နောက်တစ်ကြိမ် ဖိနှိပ်ပြီး နာယီစု၏တဲကို စိတ်ရှည်လက်ရှည် စောင့်ကြည့်နေခဲ့သည်။
နာယီစုကတော့ သူ့တဲထဲတွင် ရှိနေပြီး အတော်လေး စိတ်ဓာတ်ကျနေပုံရသည်။ သူက အရုဏ်တက်ချိန် ရောက်သည့်အချိန်မှသာ အိပ်ပျော်သွားခဲ့၏။ အရာအားလုံးကလည်း သာမန်အတိုင်း ပြန်ဖြစ်သွားသည်။
အရုဏ်မတက်ခင် အမှောင်ထုကြီးထဲ၌ မုန့်ချီက နာနာကျင်ကျင်အော်သံတစ်ခုကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
"အဲဒါက တာ့ရီအိချီလား…"
တံခါး(၉)ပေါက်ပွင့်လာပြီးနောက် အသံများကို ခွဲခြမ်း စိတ်ဖြာနိုင်သော မုန့်ချီ၏စွမ်းရည်က အတော်လေး တိုးတက်လာခဲ့သည်။ ရင်ထဲတွင် လှုပ်ရှားသွားခဲ့ပြီး သူသတိမထားလိုက်မိသည့် အရာတစ်ခုကို နားလည်သွားခဲ့၏။ သူက ပုန်းအောင်းနေခြင်းကို စိုးရိမ်မနေတော့ဘဲ ပုန်းနေသည့်နေရာမှ ချက်ချင်းခုန်ထွက်၍ တာ့ရီအိချီ၏ တဲဆီသို့ ပြေးသွားခဲ့သည်။
သူက အမြန်ဆုံးဖြစ်သော်လည်း တယ်မူအာ၏တဲက အနားတွင်သာ ရှိသည်။ သူတို့(၂)ယောက်က တစ်ချိန်တည်းလိုလို ရောက်လာခဲ့ကြပြီး တာ့ရီအိချီ၏တဲက ပွင့်နေကြောင်း မြင်လိုက်ရ၏။ မျက်နှာချင်းဆိုင်ဘက်တွင် အပေါက်(၁)ခုပွင့်နေပြီး ထိုနေရာမှ အေးစက်သော လေလှိုင်းများ ဝင်လာနေသည်။ တာ့ရီအိချီက တဲအစွန်တွင် ခေါင်းမော့ပြီး လဲကျနေ၏။
သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်နှက်နေသည်။သူ၏မျက်ခုံးကြားမှ ဝမ်းဗိုက်ထိအောင် ဓားဒဏ်ရာတစ်ခုရှိပြီး ထိုဒဏ်ရာက အလွန်တိမ်သည့်အတွက် အရေပြားကို ချိုးဖောက်နိုင်ရုံသာ ရှိသည်။ သို့သော် သူ၏အသက်စွမ်းအင်များအားလုံး ပျောက်ကွယ်သွားခဲ့ရ၏။
"မြေခွေးဘုရင်…"
မုန့်ချီက တယ်မူအာ အကြောက်လန့်ဆုံးသော စကားလုံးများကို ပြောလိုက်ရသည်။ ထိုအရာက မြေခွေးဘုရင်၏ ပုံမှန်သတ်ဖြတ်ခြင်းမျိုးနှင့် မတူညီလှပေ။ ထို့ကြောင့် တယ်မူအာက မြေခွေးဘုရင်ဖြစ်ကြောင်း မပြောနိုင်ခြင်းဖြစ်၏။
ကျဲပိုင်က အတည်ပြုလိုက်မှသာ သူလည်း တစ်စုံတစ်ခုကို မှတ်မိသွားခဲ့သည်။ အစောပိုင်းနှစ်များတွင် မြေခွေးဘုရင်က ထိပ်သီးပညာရှင်များစွာ၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရသော်လည်း သူတို့အားလုံးကို သတ်ပစ်နိုင်ခဲ့ပြီး ထိုကဲ့သို့ ဒဏ်ရာမျိုး ကျန်နေခဲ့သည်။
ဓားဒဏ်ရာကိုကြည့်ပြီး မြေခွေးဘုရင်က လုပ်ဆောင်ခဲ့သည့်အရာကို မုန့်ချီက တွေးမိသွားသည်။
"သူ လက်တုံ့ပြန်ချင်တဲ့ ပစ်မှတ်က နာယီစုမဟုတ်ဘူး... တာ့ရီအိချီလား..။ ဘယ်လိုပဲဖြစ်ဖြစ် သူက လူငယ်မှတ်တမ်းမှာ နံပါတ်(၁)စွမ်းရည် ရှိနေတယ်။ ပစ်မှတ်ကို အလစ်ချောင်း တိုက်ခိုက်နိုင်တဲ့ စွမ်းရည်နဲ့ ပေါင်းလိုက်မယ်ဆိုရင် သူက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကိုတောင် အသံမထွက်ဘဲ သတ်ပစ်နိုင်တယ်…"
မုန့်ချီက စိတ်ထဲတွင် တီးတိုး သက်ပြင်းချလိုက်မိသည်။
မြေခွေးဘုရင်၏ အစွမ်းကို သုံးသပ်ပြီး သူက အဆင့်တက်ရန် နီးကပ်နေပြီးဖြစ်ကြောင်း ဝန်ခံရပါလိမ့်မည်။ ပုံမှန်အားဖြင့် ပစ်မှတ်က အားအနည်းဆုံး သို့မဟုတ် သတိမထားမိသည့် အချိန်တွင်သာ လုပ်ကြံသူတစ်ယောက်က လှုပ်ရှားတတ်သည်။ ထိုသို့ဆိုလျှင် အားနည်းသူတစ်ယောက်ကပင် အစွမ်းထက်သူတစ်ယောက်ကို သတ်ပစ်ရန် ဖြစ်နိုင်၏။ မြေခွေးဘုရင်၏အစွမ်းနှင့် တာ့ရီအိချီ၏ သေဆုံးမှုကိုကြည့်ပြီး ထိုအရာကို သုံးသပ်နိုင်သည်။
တယ်မူအာက အံ့ဩမှင်တက်သွားပုံရ၏။
"သူ...သူတကယ်ပဲ ရောက်လာပြီး လက်တုံ့ပြန်ခဲ့တာပဲ..."
သူကတော့ အိမ်မက်ဆိုးကြီး မက်နေသလို ခံစားနေရသေးသည်။သိပ်မကြာခင် အာဂူလာလည်း ရောက်လာခဲ့၏။ ဟီယာစုမျိုးနွယ်စုမှ ဝေ့ကျင်းအဆင့် ပညာရှင်များကလည်း လေထဲကို တက်လာပြီး မြေခွေးဘုရင်ကိုရှာဖွေရန် ကီကျန်းအိုကို ပိတ်ဆို့ထားလိုက်သည်။
သို့သော် မြေခွေးဘုရင်က အဝေးကို ထွက်ပြေးသွားပြီဖြစ်ကြောင်း မုန့်ချီက ယုံကြည်နေခဲ့၏။ သူက အနည်းငယ်စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိပြီး စိတ်ဓာတ်ကျသည့် ခံစားချက်များကို ဖယ်ရှားလိုက်သည်။ သူက နာယီစု၏တဲဆီသို့ လျှောက်သွားခဲ့၏။
"မင်းက ဘာလုပ်ဖို့ စဉ်းစားနေတာလဲ…"
အစောင့်များက စကားမပြောနိုင်သေးခင် မုန့်ချီက သူတို့ကို သွေးကြောပိတ်လိုက်သည်။
သူ တဲထဲသို့ ဝင်သွားသည့်အချိန်တွင် ကြေညာလိုက်၏။
"တာ့ရီအိချီက သေသွားပြီ…"
သတင်းစုံသည့် လူတစ်ယောက်ဖြစ်သည့်အတွက် နာယီစုကလည်း ထိုအရာကို ကြားထား၏။ မုန့်ချီ၏ အတည်ပြုချက်ကြောင့် သူ၏မျက်နှာအမူအယာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး နောက်ကို ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားမိခဲ့သည်။ သူက ထိုင်ခုံပေါ်တွင် ထိုင်မိခဲ့၏။
"သူတွေ့သွားပြီ..။ သူ...သူက လက်တုံ့ပြန်ဖို့ ပြန်လာခဲ့တာ မဟုတ်ဘူး။ သူက အတည်ပြုဖို့ ပြန်လာခဲ့တာ…"
နာယီစုက တီးတိုးရေရွတ်လိုက်၏။
"သူက ဘာတွေဖြစ်ခဲ့တာလဲ…."
တယ်မူအာက မုန့်ချီ၏နောက်မှ လိုက်လာပြီး မေးလိုက်၏။
မုန့်ချီက ရှေ့ကို ဆက်လျှောက်သွားပြီး နာယီစု၏ရှေ့တွင် ထိုင်လိုက်သည်။ သူက ခေါင်းငုံ့ပြီး တစ်ဖက်လူ၏ မျက်လုံးကိုစိုက်ကြည့်လိုက်၏။
"ကျုပ်က ခင်ဗျားရဲ့လျှို့ဝှက်ချက်တွေကို စိတ်မဝင်စားဘူး...။ ကျုပ်က မြေခွေးဘုရင်ကို ဘယ်နေရာမှာ ရှာရမလဲပြောပြပါ..."
"သူက အဲဒီနေရာကို သေချာပေါက်ပြန်သွားလိမ့်မယ်။ တိုယန်စုပင်လယ်ထဲမှာရှိတဲ့ ပါယန်တောင်ကြား…"
နာယီစု၏အသံက အနည်းငယ် လှုပ်ရှားလာခဲ့၏။
"တိုယန်စုပင်လယ်က အစောပိုင်းမှာ မင်းတွေ့ခဲ့တဲ့ ရေကန်ပဲ…"
မုန့်ချီက ဤနေရာတွင်ရှိနေသော နေရာများနှင့် ရင်းနှီးမှုမရှိသေးကြောင်း သိနေခြင်းကြောင့် တယ်မူအာက ချက်ချင်းရှင်းပြလိုက်သည်။
မုန့်ချီက စကားမပြောဘဲ လှည့်ထွက်သွားခဲ့၏။
"သူက နေရာတစ်ခုကို တစ်ကြိမ်ပဲ ပြန်လာတယ်..။ သူက အဲဒီနေရာကို ဖျက်ဆီးပြီးသွားရင် နောက်တစ်ကြိမ် လုံးဝပြန်မလာတော့ဘူး…"
နာယီစုက ကျယ်လောင်စွာ ထပ်ဖြည့်ပြောလိုက်သည်။ တာ့ရီအိချီ၏ သေဆုံးမှုကြောင့် သူလည်း ကြောက်လန့်နေပုံရ၏။
မုန့်ချီက ရပ်တန့်နေခြင်း မရှိချေ။ သူက တဲကိုဖွင့်ပြီး အမှောင်ထဲသို့ ပြေးထွက်သွားခဲ့သည်။ အာဂူလာ၏ အကူအညီဖြင့် သူနှင့်တယ်မူအာတို့က ညအချိန်တွင် ကီကျန်းအိုမှ ထွက်လာခဲ့ကြပြီး တိုယန်စုပင်လယ်ထဲတွင် ရှိနေသော ပါယန်တောင်ကြားဆီသ့ို ဦးတည်လာခဲ့ကြသည်။
ပါယန်ဟူသည်မှာ ကြွယ်ဝချမ်းသာခြင်းဟူသော အဓိပ္ပာယ်ရသည့် စကားလုံးတစ်လုံး ဖြစ်သည်။ ထိုတောင်ကြားက တောင်နိမ့်လေးများ၏ ကြားထဲတွင် ရှိနေပြီး ပေါင်းပင်မျိုးစုံ ပေါက်ရောက်နေသည်။ ဆောင်းရာသီ နှင်းမုန်တိုင်းများ ကျရောက်နေသည့် အချိန်တွင်ပင် တောင်ကြားထဲတွင် ရှိနေသော အပင်များကို ဝိုးတဝါးမြင်ရသေး၏။
သူတို့က တောင်ကြားထဲသို့ အချိန်ခဏကြာလျှောက်လာပြီးနောက် မုန့်ချီက လိုဏ်ဂူတစ်ခုကို မြင်လိုက်ရသည်။ ထိုအရာကို လိုဏ်ဂူဟုခေါ်ရသော်လည်း လူတစ်ယောက် တူးထားသော မြေကြီးအိမ်လေးတစ်ခုကဲ့သို့ ဖြစ်နေ၏။ အတွင်းထဲတွင် လူ(၃)ယောက်ပင် နေနိုင်ခြင်း မရှိချေ။
ထိုမြေကြီးအိမ်လေး၏ အနားတွင်တော့ သစ်ပင်သေကြီးများစွာရှိနေ၏။ သူတို့အားလုံးက အသက်ကင်းမဲ့နေသော အခြေအနေမျိုး ဖြစ်သည်။ မုန့်ချီကတော့ လူလုပ်ကျောက်ထိုင်ခုံများ၊ စားပွဲများကို တွေ့လိုက်ရသည်။ တစ်ချို့ကတော့ ပျက်စီးနေခဲ့၏။
"ဒီပုံစံက တော်တော်လေး ရင်းနှီးနေတယ်…"
မုန့်ချီက မြေခွေးဘုရင်၏မှတ်ဉာဏ်များကို ပြန်လည်စဉ်းစားမိခဲ့၏။ သူက သတ်ဖြတ်ခြင်းရပ်တန့်သူအကြောင်း စဉ်းစားမိလိုက်သည့်အချိန်တွင် ရင်ထဲ၌ လှုပ်ရှားသွားခဲ့၏။ သူမ၏ အရပ်ရှည်ရှည်နှင့် ချောမောသောရုပ်ရည် ၊ သူမက ပုဆိန်ကိုမြှောက်ပြီး ထင်းများကို အားနှင့် ခွဲနေခဲ့သသည်။
"မြေခွေးဘုရင်က သူ့ကိုရှာဖို့ ကောင်းကင်ကံကြမ္မာကျောင်းဆောင်ကို သွားခဲ့တာလား.."
သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သော်လည်း ထိုမြေအိမ်လေးထဲတွင် လူ(၂)ယောက်၊ (၃)ယောက်ခန့် နေထိုင်ခဲ့သော ခြေရာလက်ရာများကို တွေ့လိုက်ရသည်။ သူက မျက်လုံးမှိတ်ကြည့်လိုက်ရာ မြေခွေးဘုရင်က ဤနေရာကို သေချာပေါက် ပြန်လာမည်ဟု ခံစားမိနေခဲ့၏။
"ကျုပ်က ဒီနေရာမှာ စောင့်နေမယ်…"
သူက တီးတိုးပြောလိုက်၏။
တယ်မူအာက မျက်မှောင်ကြုတ်နေခဲ့သည်။
"မြေခွေးဘုရင်က ပြန်လာမှာမဟုတ်ဘူး..။ ဒီနေရာက ပေါ်သွားပြီဆိုမှတော့ ဘာလို့သူက ပြန်လာတော့မှာလဲ…"
ထိုအရာက ကောက်ကျစ်စဉ်းလဲသော မြေခွေးအိုကြီးတစ်ကောင်အတွက် မလွဲမသွေ လုပ်ဆောင်ရမည့် ရွေးချယ်မှုတစ်ခုဖြစ်သည်။
"ကျုပ်က သူ့ကို စောင့်နေမယ်…"
မုန့်ချီကတော့ ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ခြင်း မရှိချေ။ သူက ထိုမြေအိမ်လေးကို စောင့်ကြည့်နိုင်သော နေရာတစ်ခုကို ရှာတွေ့သွားသည်။ သူက ထိုနေရာတွင် ကျောက်တုံးကြီးများ ကြားထဲ၌ ပုန်းနေပြီး တင်ပျဉ်ခွေထိုင်၍ စိတ်ရှည်လက်ရှည် စောင့်နေခဲ့၏။
တယ်မူအာက သူ့ကိုကြည့်လိုက်ပြီး ဖျောင်းဖျနေခဲ့ခြင်း မရှိချေ။ သူက ခေါင်းခါပြီး ထွက်သွားခဲ့၏။ မုန့်ချီက သူ၏ခံစားချက်များကို ထိန်းချုပ်ပြီး တစ်ယောက်တည်း သီးသန့်လေ့ကျင့်နေသလို ထင်မှတ်ရသည်။ ရေဆာလာသည့်အချိန်တွင် လေဟာနယ်လက်စွပ်ထဲ၌ ရှိနေသော ရေကိုသောက်သည်။ ဗိုက်ဆာလာသည့်အချိန်တွင် လေဟာနယ်လက်စွပ်ထဲ၌ သိမ်းထားသော အစာခြောက်များကိုစားသုံး၏။
သူက သွေးကြောထဲတွင်ရှိနေသော အညစ်အကြေးများကို ဖယ်ရှားရန် (၇)ရက်၊(၈)ရက်ခန့် အချိန်ပေးရသည်။ သိပ်မကြာလိုက်ဘဲ ထိုနေရာ၌ သူထိုင်နေသည်မှာ တစ်လ ကြာသွားပြီဖြစ်၏။
"မြေခွေးဘုရင်က အရှေ့ဘက်မှာ လူတစ်ယောက်ကို သတ်သွားပြီ။သူပြန်လာမှာ မဟုတ်ဘူး…"
တယ်မူအာက မုန့်ချီဆီကို သတင်းသစ်များ ယူလာပေးသည်။
မုန့်ချီကတော့ စကားမပြောဘဲ မလှုပ်မယှက် ဆက်စောင့်နေခဲ့၏။
"မြေခွေးဘုရင်က မြောက်ပိုင်းမျိုးနွယ်စုက လူတစ်ယောက်ကို သတ်သွားပြီ..။ သူက ဒီနေရာရဲ့အဝေးကို ရောက်သွားပြီ…"
လဝက်ကြာပြီးနောက် တယ်မူအာက သူ့ဆီကို နောက်တစ်ကြိမ် ရောက်လာခဲ့သည်။ သူက မုန့်ချီကို ထွက်သွားရန် ဖျောင်းဖြနေပုံရ၏။
မုန့်ချီ၏ အတွင်းအား၊ ချီစွမ်းအင် ၊စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများက ထိန်းချုပ်ထားပြီး သူကတော့ သဘာဝတရားကြီးနှင့် ပေါင်းစပ်နေသလို ထင်မှတ်ရ၏။ သူက ထိုနေရာတွင် သစ်သားတုံးတစ်ခုကဲ့သို့ ထိုင်နေခြင်းဖြစ်သည်။
"သူပြန်လာလိမ့်မယ်…"
သူ့အသံထဲတွင် စိတ်မရှည်မှုများ၊ သံသယများနှင့် စိတ်ခံစားချက်များပင် မရှိချေ။
တယ်မူအာက သက်ပြင်းချလိုက်မိ၏။
"မုဆိုးတစ်ယောက်က စိတ်ရှည်တယ်ဆိုတာကောင်းပေမယ့် မင်းရဲ့ဆုံးဖြတ်ချက် မှားသွားမယ်ဆိုရင် မင်းက တစ်ဘဝလုံး အချိန်ပုတ်သွားလိမ့်မယ်…”
မုန့်ချီက ခေါင်းခါပြီး နောက်ထပ် စကားမပြောတော့ပေ။
"အခုအချိန်ထိ (၂)လတောင်မရှိသေးဘူး..။ ကျုပ်က မှားတယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ…"
သိပ်မကြာခင် ဆောင်းရာသီ ကုန်ဆုံးသွားပြီး နွေဦးရာသီကို ရောက်လာခဲ့သည်။ တယ်မူအာ၏ အမူအယာက တည်ငြိမ်နေပြီး သူ့ဆီကို အလျင်အမြန် လာပြောခဲ့၏။
"နာယီစုက သေသွားပြီ..။ မြေခွေးဘုရင်က သူ့ကို သတ်လိုက်ပြီ…"
"သူက တကယ့်ကို စိတ်ရှည်တဲ့လူတစ်ယောက်ပဲ…"
မုန့်ချီက မှတ်ချက်ပေးလိုက်သည်။ ဤအရာက စိတ်ရှည်မှုနှင့် စိတ်ခွန်အားချင်း ယှဉ်ပြိုင်ရသော တိုက်ပွဲတစ်ခုဖြစ်သည်။
"ဒါပေမယ့် သူက ဒီနေရာကိုမလာသေးဘူး…"
တယ်မူအာက မုန့်ချီကို ထွက်သွားရန် ဖျောင်းဖျနေခဲ့၏။ ယခု မြေခွေးသုတ်သင်ရေး အဖွဲ့အစည်းက ဖရိုဖရဲဖြစ်နေပြီး အခြေအနေကို ထိန်းသိမ်းရန် ပညာရှင်များ လိုအပ်နေသည်။
ဒုတိယလ၏ အဆုံးသတ်တွင် အာဂူလာက တယ်မူအာ၏အစား ရောက်လာခဲ့သည်။ သူ့လေသံက အတော်လေးကို တုန်လှုပ်နေပုံရ၏။
"မြေခွေးဘုရင်က တယ်မူအာကို သတ်သွားပြီ.။ သူက အရမ်းကို ကောက်ကျစ်စဉ်းလဲပြီး ရုတ်တရက် ကွေ့ပတ်သွားတာ..."
"အခု သူ ဘယ်မှာလဲ…"
မုန့်ချီက သူ့မျက်လုံးများကို ဖွင့်ကြည့်ပြီး မေးလိုက်သည်။
အာဂူလာက အံကြိတ်ပြီး ပြောလိုက်၏။
"သူက လူသတ်ဖို့ အနောက်ဘက်ကို ထွက်သွားတယ်..။ ဒါပေမယ့် ဒီနေရာကိုတော့ သေချာပေါက် ပြန်လာမှာ မဟုတ်ဘူး။ သူက လက်တုံ့ပြန်လိမ့်မယ်..။ ညီလေးကျဲပိုင်..မင်းက ငါ့ကိုလာပြီး ကာကွယ်ပေးပါလား။ မင်းက သူ့ကို သေချာပေါက် ရှာနိုင်မှာပါ…"
သူက အလွန်ကြောက်လန့်နေပုံရ၏။ သူ၏တောင်းဆိုမှုကြောင့် မုန့်ချီ၏ ဆုံးဖြတ်ချက်ကပင် လှုပ်ရှားသွားခဲ့ရသည်။ မြေခွေးဘုရင်က ဆောင်းရာသီ အကုန်မှနေ၍ နွေရာသီရောက်သည့်အချိန်ထိပင် လုံးဝပေါ်မလာခဲ့ပေ။ သူက ဤနေရာကို လုံးဝစွန့်ပစ်လိုက်သလိုပင် ထင်မှတ်ရ၏။
အကြောင်းအရာများအားလုံးက သူမှားနေကြောင်း အချက်ပြနေပြီး ထိုအရာက မဖြစ်နိုင်ကြောင်း လူတိုင်းက ပြောနေသည့်အချိန်တွင် မည်သူကရော မလှုပ်ရှားဘဲ နေမည်နည်း။
မုန့်ချီက မျက်လုံးမှိတ်လိုက်ပြီး အဖြစ်အပျက်ပေါင်းစုံကို ပြန်လည်စဉ်းစားနေခဲ့၏။ အထူးသဖြင့် မြေခွေးဘုရင်က ကောင်းကင်ကံကြမ္မာကျောင်းဆောင်ထဲတွင် တိုက်ခိုက်ချိန်တွင် ဖြစ်သည်။
"ကျုပ်က သူ့ကို ဒီမှာ ဆက်စောင့်နေမယ်…”
မုန့်ချီက မျက်လုံးဖွင့်လိုက်ပြီး သံသယများ အားလုံးကို ဖယ်ရှားလိုက်သည်။ သူက စိတ်ဓာတ်ကျနေခြင်း မရှိဘဲ သူ၏ဆုံးဖြတ်ချက်က ခိုင်မာနေခဲ့၏။
"ငါ မင်းကို ထပ်ပြီးလာမရှာတော့ဘူး..။ ငါက မျိုးနွယ်စုထဲမှာပဲ ပုန်းနေတော့မယ်။ ငါ့အနားမှာ ဝေ့ကျင်းအဆင့် ပညာရှင်တွေ ရှိနေမယ်ဆိုရင် သူလာရဲမှာ မဟုတ်ဘူး…"
အာဂူလာက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။ စကားပြောပြီးသွားသည့်အချိန်တွင် သူက အလျင်စလို ထွက်သွားခဲ့သည်။
……………………..
နွေရာသီအစပိုင်း ညအချိန်တွင် အိမ်မက်ဆိုးကြီးတစ်ခုကြောင့် အာဂူလာက နိုးထလာခဲ့သည်။ သူကတော့ မြေခွေးဘုရင်ကိုသာ ကျိန်ဆဲနေခဲ့မိ၏။
…………..
ပါယန်တောင်ကြားထဲတွင်တော့ မုန့်ချီက သူ၏ ဓားလက်ကိုင်ကို ရုတ်တရက် လှမ်းကိုင်လိုက်သည်။ ပိန်ပိန်ပါးပါးနှင့် အေးတိအေးစက် လူတစ်ယောက်က မြေသားအိမ်ရှေ့တွင် ရပ်နေသည်။
"မင်းကို တွေ့ပြီ။ မင်းရဲ့စိတ်ရှည်မှုက ငါ့ကို မမီသေးပါဘူး…"
ထိုအချိန်တွင် ဓားအလင်းတန်းတစ်ခုက လေထဲကို ထိုးဖောက်လာခဲ့လေ၏။
Translated by Hein Htet.