အခန်း (၄၆၆)
Vol. 32 Ch. 466
နက်မှောင်နေသော ညကောင်းကင်အလယ်တွင် အမည်းရောင်တိမ်တိုက်ကြီးများက ကောင်းကင်ကြီးကို ဖုံးလွှမ်းထားသည်။ အာဂူလာက အိပ်မက်ဆိုးကြောင့် နိုးလာပြီး ပြန်အိပ်၍ မရတော့ပေ။ သူက အိပ်ယာမှ မတ်တပ်ရပ်လာပြီး အင်္ကျီကို ပုခုံးပေါ်သို့တင်၍ အခန်းထဲတွင် လေမ်းလျှောက်နေခဲ့သည်။
"တာ့ရီအိချီရဲ့ သေဆုံးမှုကနေစပြီး သူက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်(၄)ယောက်ကို သတ်ပစ်ပြီးသွားပြီ အဲဒီခွေးကောင်မြေခွေးဘုရင်ရဲ့ အငွေ့အသက်တွေကလည်း တဖြည်းဖြည်း ပိုပြီးထင်ရှားလာပြီ။ ကြည့်ရတာ သူက သိပ်မကြာခင် အဆင့်တက်တော့မယ်ထင်တယ်…"
သူကတော့ ထိုအကြောင်းကို တွေးလေလေ ပို၍စိုးရိမ်ထိတ်လန့်လာလေလေ ဖြစ်သည်။ ထိုအရာမျိုးက မြက်ခင်းပြင်နှင့် အလယ်ကုန်းမြေကြီးနှစ်ခုလုံးတွင် ရှားရှားပါးပါး တွေ့မြင်နိုင်သော အဖြစ်အပျက်တစ်ခုလည်း ဖြစ်၏။ လူငယ်မှတ်တမ်း၏ ထိပ်ဆုံး(၁၀)ယောက်ထဲ၌ ရှိနေသော ပညာရှင်များက သာမန်ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များကို သတ်ပစ်နိုင်သော စွမ်းရည်ရှိနေလျှင်ပင် လူအများစု၌ ထိုကဲ့သို့ အံ့သြစရာကောင်းသော တိုက်ပွဲမှတ်တမ်းမျိုး မရှိပေ။
ပစ်မှတ်ကို မြေခွေးဘုရင် သတ်ပစ်သော နည်းလမ်းများကလည်း အတော်လေးကို ထူးခြားလှ၏။ သူက လုံးဝကို အရူးတစ်ယောက် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀)ခန့်အတွင်း အလားတူ အဖြစ်အပျက်မျိုး လုံးဝဖြစ်ပေါ်ခဲ့ခြင်း မရှိဘဲ စုဝူမင်နှင့် ကြယ်(၂)ပွင့် လူငယ်မှတ်တမ်းကို အုပ်စိုးခဲ့သည့်အချိန်တွင်ပင် ထိုကဲ့သို့ အရာမျိုး မရှိခဲ့ပေ။
အာဂူလာကတော့ သွေးရနံ့များကို အချိန်တိုင်း ရနေသလို ခံစားနေရ၏။ မြေခွေးဘုရင်က အဆင့်တက်ရန်အတွက် ပညာရှင်များကို သတ်ပစ်နေသည်မှာ အမှန်ဖြစ်ကြောင်း စတင်ယုံကြည်လာခဲ့သည်။ ထိုအရာက သိပ်မကြာခင် အတောအတွင်း သူ၏တိုက်ပွဲမှတ်တမ်းများကို ရှင်းပြနေပြီး သူက အားနည်းသူများကို ဒူးထောက်ကျသွားအောင် လုပ်ဆောင်နိုင်သည်။
"သူ အဆင့်မတက်ခင် သတ်မဲ့သူက ဘယ်သူများ ဖြစ်နိုင်မလဲ။ သူက စွမ်းအားတွေ စုစည်းဖို့အတွက် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်(၄)ယောက်ကို သတ်ပစ်ခဲ့တယ်။ သူက နောက်ဆုံးပစ်မှတ်အတွက် ပြင်ဆင်နေတာလား…"
အာဂူလာက လေကောင်းလေသန့် ရစေရန် တဲကိုပင် မဖွင့်ရဲခဲ့ပေ။ မြေခွေးဘုရင်က အမှောင်ထဲ၌ ရပ်နေမှာကို အလွန်ကြောက်လန့်နေခဲ့၏။
"သူက မြစ်အရှေ့ပိုင်းက ဟယ်ဂျူးနဲ့ တောင်ပိုင်းကျင်းအင်ပါယာထဲက ဝမ်စစ်ယွမ်တို့ကို စံနမူနာ ယူနေတာလား။ သူက တစ်ကြိမ်တည်းနဲ့ ဝေ့ကျင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတာလား။ အခြေအနေအရ ငါက မြက်ခင်းပြင်ထဲမှာ ချန်းရှန့်အဖွဲ့အစည်းကလွဲရင် ဘယ်သူ့ကိုမှ မကြောက်ဘူး။ တကယ်လို့ သူက ဝေ့ကျင်းအဆင့် ပညာရှင်ကို ဒေါသထွက်အောင် လုပ်မယ်ဆိုရင်တောင် လုံခြုံနေနိုင်သေးတယ်။ တကယ်လို့ ထိပ်တန်းပညာရှင်တွေ ပြိုင်ဖက်ကင်း ပညာရှင်တွေကတောင် မြေခွေးဘုရင်ရဲ့ပစ်မှတ်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ သူက ကန်းမြစ်ထဲမှာရှိတဲ့ ဝေ့ကျင်းအဆင့်ပညာရှင်တွေရဲ့ မျက်စိရှေ့မှာပဲ ငါ့ကိုသတ်ပစ်နိုင်သေးတယ်…"
သူကတော့ လည်ချောင်းထဲတွင် စပ်ဖျဉ်းဖျဉ်း ခံစားလာရပြီး နှုတ်ခမ်းဖျားက ခြောက်သွေ့လာခဲ့သည်။ စိုးရိမ်ထိတ်လန့်နေသည့် ခံစားချက်များကလည်း သူ့ကို လွှမ်းမိုးလာခဲ့၏။
ထိုအရာက သူ့အတွေးသက်သက်တင် မဟုတ်ဘဲ အပြင်ဘက်တွင်လည်း ထူးထူးဆန်းဆန်းကို တိတ်ဆိတ်နေကြောင်း သတိထားမိခဲ့သည်။ နွား၊ ဆိတ်နှင့်မြင်းများဆီမှ အသံတစ်ခုမျှထွက်မလာခဲ့ပေ။ အနီးအနားတွင် မြေခွေးများ ပုန်းအောင်းနေသလို ဖြစ်နေခဲ့၏။
တိတ်ဆိတ်မှုက အလွန်အမင်းကိုကြောက်စရာကောင်းသည် ။ သူကတော့ အင်္ကျီကို တင်းတင်းစေ့လိုက်မိ၏။
……………
ပါရန်တောင်ကြားထဲတွင်…
မြေခွေးဘုရင်က တစ္ဆေတစ်ကောင်ကဲ့သို့ လွင့်မျောလာပြီး မြေသားအိမ်လေး၏ရှေ့တွင် ရပ်နေခဲ့၏ ။ သူကတော့ အတိတ်ကို နှုတ်ဆက်တော့မည့်အလား ထင်မှတ်ရသည်။ ထို့နောက် သူ၏စိတ်နှင့်ခန္ဓာကိုယ်ကို ပေါင်းစပ်ပြီး သူ၏အဓိကပစ်မှတ်ကို သွားသတ်ရန် ခရီးလမ်းကို စတင်တော့မည်ဖြစ်၏။ ထိုသို့ဆိုလျှင် သူကအစစ်အမှန် သတ်ဖြတ်ခြင်းဟူသော အနှစ်သာရကို ရရှိနိုင်သည်။
လွန်ခဲ့သောတစ်လခန့်တွင် မုန့်ချီက သူ၏ပတ်ဝန်းကျင်နှင့် စတင်ပေါင်းစပ်နေပြီး အနီးနားတွင် ရှိနေသော ကျောက်တုံးကြားထဲတွင် သူ့ကိုယ်သူ သစ်ပင်သေကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ ဖုံးကွယ်နိုင်စွမ်းနှင့် ပေါင်းစပ်လိုက်သည့် အချိန်တွင် သာမန် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကပင် သေချာဂရုတစိုက် ရှာဖွေခြင်း မရှိဘဲ သူ့ကိုရှာတွေ့ရန်ခက်ခဲ၏။
တစ်လခန့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပြီး သူ၏စိတ်စွမ်းအားကိုမြှင့်တင်၍ ကိုယ်တွင်းကမ္ဘာကြီးကို ပြင်ဆင်လိုက်ပြီးနောက် သူက လူသားနှင့် ကောင်းကင်တသားတည်းအဆင့်ကို ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
အပြင်ဘက်တွင်တော့ သစ်ပင်သေကြီးများက စတင်လှုပ်ရှားလာခဲ့၏။ လေလှိုင်းထဲတွင် ချော်ရည်များလည်း လှုပ်ရှားလာပြီး အလွန်တောက်ပသော အလင်းရောင်များနှင့်အတူ မုန့်ချီက မြေခွေးဘုရင်ကို ဓားနှင့် တိုက်ခိုက်လိုက်သည်။
သူက နောက်တစ်ကြိမ် အသက်ပြန်ဝင်လာပြီး သူ၏စွမ်းရည်များအားလုံးက သူ၏စိတ်ဆန္ဒထဲတွင် ပြည့်နှက်လာခဲ့၏။ သူ့ဆီတွင် စွမ်းရည်များ ပြည့်နှက်နေပြီး သူ၏အငွေ့အသက်များကလည်း နှစ်ပေါင်းများစွာ သွေးထားသော ကျောက်တစ်လုံးက အရောင်လက်လာသလို ထင်မှတ်ရသည်။ သူ့အစွမ်းက ဓားမောက်အရှိန်အဝါနှင့်အတူ ကြောက်စရာကောင်းစွာ ထွက်ပေါ်လာခဲ့၏။
လပေါင်းများစွာအတွင်း သူ၏ပထမဆုံး တိုက်ခိုက်မှုက အလွန်ကြောက်စရာကောင်းသော ခံစားမှုတစ်ခုကို ပေးနိုင်သည်။ ဓားချီစွမ်းအင်များက အဝေးသို့ပင် ပျံ့နှံ့သွား၏။ အစွမ်းထက်ပြီး သိမ်မွေ့သည်။ ပေါ့ပါးပြီး နက်မှောင်သော ခံစားချက်များလည်း ပေါင်းစည်းနေခဲ့၏။ ထိုအရာက ကမ္ဘာမြေကြီး၏ အနှစ်သာရများကို ပေါင်းစပ်ထားသလို ထင်မှတ်ရသည်။
အတိတ်ကို ဖျက်ဆီးလိုက်သော သူ၏ကောင်းကင်ဓားသွားက အထွဋ်အထိပ်ကို ရောက်သွားသည်နှင့် မူလအခြေအနေကို ပြန်ရောက်လာခဲ့သည်။ ထိုအရာက သူ့အတွက် အထူးခြားဆုံး ဓားသိုင်းပညာတစ်ခုလည်း ဖြစ်၏။
"ဖောက်ထွင်း၍ မရနိုင်သော…"
ခေါင်းထဲတွင် ထိုအတွေးတစ်ခု ပေါ်လာပြီး မြေခွေးဘုရင်၏ တုန့်ပြန်တိုက်ခိုက်မှုကို ကြိုတင်မျှော်လင့်ထားခဲ့သည် ။
မုန့်ချီက ဤနေရာတွင် သူ့ကို တိုက်ခိုက်လိုက်သည့်အတွက် မြေခွေးဘုရင်က အံ့သြသွားခဲ့သော်လည်း ကြောက်လန့်သွားခြင်း မရှိသလို စိုးရိမ်သွားခြင်းလည်း မရှိချေ။
လပေါင်းများစွာ သတ်ဖြတ်ခဲ့ပြီးနောက် သူ၏အရှိန်အဝါက အထွဋ်အထိပ်သို့ ရောက်နေပြီး ပုံမှန်အခြေအနေထက်ပင် ကျော်လွန်နေခဲ့သည်။ အကယ်၍ ယခုအချိန်တွင် သူ၏ ပြိုင်ဘက်က ပြီးပြည့်စုံသော ဝေ့ကျင်းတစ်ဝက်အဆင့် သို့မဟုတ် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဆိုလျှင်ပင် သူ၏နှလုံးသားကတော့ အနည်းငယ်လေးပင် လှုပ်ရှားသွားခြင်း မရှိချေ။
အေးစက်ပြီး သွေးဆာနေသော မျက်လုံးများနှင့်အတူ မြေခွေးဘုရင်က ညာဘက်လက်ချောင်းလေးများကို လက်သည်းသဏ္ဍာန် ဖန်တီးလိုက်သည်။ သူက အလင်းရောင်များကို ကုတ်ခြစ်လိုက်ရာ လုံးဝကို အမှောင်ထုကြီး ဖြစ်သွားခဲ့၏။
ကနဦးထွက်ပေါ်လာသော ဓားချီစွမ်းအင်များကလည်း တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။ သူတို့၏ပတ်ပတ်လည်တွင် အမှောင်ထုကြီး ကျရောက်လာပြီး အလွန်မည်းမှောင်နေသည့်အတွက် သူတို့အချင်းချင်းပင် မမြင်ရချေ။
မြေခွေးဘုရင်အပေါ် ပစ်မှတ်ထားနေသော မုန့်ချီ၏ ခံစားချက်ကလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူတို့၏ တိုက်ခိုက်မှုကို လေဟာနယ်က ဖျက်ဆီးလိုက်မည် ဆိုလျှင်ပင် စိန်ခေါ်မှုကတော့ ဆက်၍ ရှိနေသေး၏။
မြေခွေးဘုရင်၏ တိုက်ခိုက်မှုနှင့် ရင်းနှီးနေပြီးသား ဖြစ်သည့်အတွက် မုန့်ချီက စိုးရိမ်သွားခြင်း မရှိချေ။ သူ၏လက်ထဲမှနေ၍ အနီရောင် အလင်းတန်းတစ်ခု တောက်ပလာပြီး အမှောင်ထုကြီးကို ဖယ်ရှားလိုက်သည်။
ထိုအချိန်တွင် မီးတောက်များ လောင်ကျွမ်းနေသော ဓားရှည်တစ်ချောင်းက တခြားလက်တစ်ဖက်ထဲတွင် ပေါ်လာခဲ့၏။ ထိုမီးတောက်များက မြေခွေးဘုရင် ဖန်တီးထားသော အမှောင်ထုကြီးကို ဖျက်ဆီးပစ်လိုက်သည်။ အကယ်၍ သူတို၏ လျှို့ဝှက်ဆန်းကြယ်မှုကို နှိုင်းယှဉ်ရမည်ဆိုလျှင် မြေခွေးဘုရင်က သူ၏ ရေလှိုင်းမီးတောက်ဓားကို မည်သို့ယှဉ်နိုင်မည်နည်း။
မြေခွေးဘုရင်၏မျက်လုံးများက အေးစက်နေဆဲသာ ဖြစ်၏။ သူကတော့ မည်သည့်အရာကိုမျှ စိတ်ဝင်စားပုံမရဘဲ သူ၏သတ်ဖြတ်ခြင်းကသာ သူ၏စိတ်အခြေအနေကို နှောင့်ယှက်နိုင်ပုံရသည်။
သူက ခန္ဓာကိုယ်ကိုရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး မြေဆွဲအားနှင့် ဆန့်ကျင်ရန် ကြိုးစားလိုက်သည်။ ထို့နောက် ရုတ်တရက် အရှိန်မြန်လိုက်ပြီး ကိုယ်ဖော့ပညာများ အားလုံးကို အသုံးပြုလိုက်၏။
သူ၏လှုပ်ရှားမှုက အလွန်လျင်မြန်လွန်းလှသည့်အတွက် မုန့်ချီကတော့ သူ့အရိပ်ကိုသာ ဖမ်းမိခဲ့သည်။ ထိုအရာက သူ၏သိုင်းပညာများထဲတွင် အထူးခြားဆုံးတစ်ခုဖြစ်ပြီး သူ့ကို နာမည်ကျော်ကြားစေခဲ့သော သိုင်းပညာတစ်ခုလည်း ဖြစ်၏။
ပြောင်းလဲခြင်းက ယာယီသာ ဖြစ်သည်။ အကယ်၍ သူက ဆက်၍ ပြေးနိုင်မည်ဆိုလျှင်ပင် ထိုအရှိန်ကို ထိန်းသိမ်းထားရန် ခက်ခဲပါလိမ့်မည်။ ထို့ကြောင့်လည်း ယခင်တခေါက် မုန့်ချီက သူ့အနားကို တဖြည်းဖြည်း ကပ်လာသည့်အချိန်တွင် အာရုံများကို ဖြတ်တောက်ပစ်လိုက်ရခြင်း ဖြစ်၏။
မုန့်ချီ၏ မျက်လုံးထဲတွင်တော့ ပတ်ပတ်လည်မှနေ၍ မြေခွေးဘုရင်၏ အရိပ်များကို မြင်နေကြောင်း ခံစားလိုက်ရသည်။ သို့သော် သူ့မျက်လုံးကတော့ ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေပြီး နောက်တွင် ရှိနေသော အရာများကို လျစ်လျူရှုထားသည်။ ချီစွမ်းအင်လွှမ်းမိုးမှုကြောင့်သာ မဟုတ်လျှင် သူက ထိုစွမ်းအင်တစ်ခုတည်းနှင့် မြေခွေးဘုရင် ထွက်ပြေးခြင်းကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
ထိုအရာက အစစ်အမှန်တိုက်ပွဲတစ်ခုလည်း ဖြစ်သည်။ မြေခွေးဘုရင်က သူသိထားသော လူများထဲတွင် ဒုတိယအမြန်ဆုံး လူတစ်ယောက်ဖြစ်၏။ ပထမဆုံးတစ်ယောက်ကတော့ မြောက်ပိုင်းဓူဝံကြယ် ဖြစ်သည်။ သူက တစ်ဖက်လူ၏အရိပ်ကိုပင် မမြင်ခဲ့ရပေ။
နက်မှောင်နေသော တိမ်တိုက်များ၊ ရိုးရှင်းသော မြေသားအိမ်လေး၊ ကြမ်းတမ်းစွာ ဖန်တီးထားသော ထိုင်ခုံ၊ ထူထပ်သောပေါင်းပင်များ၊ စိုစွတ်နေသော မြေပြင်ကြီးနှင့် ပတ်ဝန်းကျင်တွင် ရှိနေသောအရာအားလုံးက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့၏။ သူက အသက်ရှူသံကို ထိန်းချုပ်ပြီး အရာအားလုံးနှင့် တစ်သားတည်းအဖြစ် ပေါင်းစပ်လိုက်သည်။
တစ်ချိန်တည်းတွင် သူ၏အာရုံများကိုသုံးပြီး ဓားကို ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။ သူ၏ကောင်းကင်ပြစ်ဒဏ်ဓားက အောက်ဖက်မှနေ၍ အပေါ်ဘက်ကိုပင့်၍ ဆွဲချလိုက်သည်။ ဓားလမ်းကြောင်းက အလွန်ဆန်းကြယ်လွန်းလှပြီး လေထဲကို ခုတ်လိုက်သလို ထင်မှတ်ရ၏။
အလွန်တည်ငြိမ်သော ဓားချက်ရောက်လာသည့် အချိန်တွင် မြေခွေးဘုရင်က သူ့လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး အဖိုးတန်လက်နက်ကို သူ၏လက်သည်းနှင့် ကုတ်ရန် ကြိုးစားလိုက်သည်။ အကယ်၍ သူကသာ ဦးတည်ချက်မပြောင်းခဲ့လျှင် သူ၏ခန္ဓာကိုယ်က ဓားသွား၏ထက်မြက်မှုကို စမ်းသပ်ရပါလိမ့်မည်။ သူကတော့ အနားကို ရောက်လာနေသော ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရသလို ထင်မှတ်ရ၏။
မုန့်ချီက ယခုတစ်ကြိမ်တော့ သူ၏အဖိုးတန်လက်နက်ကို အားကိုးခဲ့ခြင်း မရှိချေ။ သူ့ကိုယ်သူအားကိုးပြီး လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်ခါနီးနေသော အခြေအနေကို အသုံးပြု၍ မြေခွေးဘုရင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေခြင်းဖြစ်သည်။
မြေခွေးဘုရင်၏လက်သည်းက ပြောင်းလဲသွားခြင်း မရှိဘဲ သူ၏လက်ညှိုးနှင့် လက်ခလယ်က ပူးပေါင်းပြီး ဓား၏ဘေးနှစ်ဖက်ကို တိတ်တဆိတ် ညှပ်ထားလိုက်သည်။ ထိုတိုက်ခိုက်မှုက ဓားကို နေရာတွင် ချုပ်နှောင်ထားသည့်အပြင် ဓား၏ ချွန်ထက်သော အစိတ်အပိုင်းကြောင့် ဒဏ်ရာရနိုင်ချေကိုလည်း ကာကွယ်ပေးထားသည်။
သို့သော် ထိုအချိန်တွင် မုန့်ချီ၏ဓားက မီးတောက်များ၊ ထက်မြက်မှုများအားလုံး ဆုံးရှုံးသွားရသည်။ ဓားသွားဆီမှ ချီစွမ်းအင်များ ထွက်ပေါ်လာပြီး သူက မြေခွေးဘုရင်၏ လက်ညှိုးကို ဖြတ်ပစ်ရန် ကြိုးစားလိုက်၏။
မြေခွေးဘုရင်၏ လက်ချောင်းလေးများက ပျောက်ကွယ်သွားပြီး လက်သည်းကို လက်သီးအဖြစ် ပြောင်းလဲ၍ ဓားသွားကို ရှောင်တိမ်းလိုက်သည်။ သူက အရိပ်များအဖြစ် ပြောင်းလဲပြီး တခြားတစ်ဖက်ကို လှည့်ထွက်သွားခဲ့၏။
သူတို့နှစ်ယောက်လုံး၏ သိုင်းကွက်များအားလုံးက သူတို့၏ အကောင်းဆုံး စွမ်းဆောင်ရည်များ ဖြစ်ကြသည်။ သူတို့က ကြီးကြီးမားမား ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိသေးသော်လည်း လက်ရှိအခြေအနေကြောင့် သူတို့၏စွမ်းရည်က ညီမျှနေသည်ဟု ဆိုနိုင်သည်။ သူတို့၏အရှိန်အဝါကလည်း အထွဋ်အထိပ်ကို ရောက်နေပြီး တစ်ယောက်ထက် တစ်ယောက် အားနည်းခြင်း မရှိချေ။
အရိပ်များက တစ်လွှာပြီး တစ်လွှာ ပေါ်လာပြီး မြေခွေးများ ၊ မကောင်းဆိုးဝါးများ ပေါင်းစည်းလာသလို ထင်မှတ်ရ၏။ မြေခွေးဘုရင်၏ တိုက်ခိုက်မှုက ချီစွမ်းအင်များနှင့် ရောနှောနေပြီး သူ၏လှုပ်ရှားမှုတိုင်းက မည်သည့်အရာကိုမျှပစ်မှတ်ထားခြင်းမဟုတ်ဘဲ မုန့်ချီ၏ အားနည်းချက်နေရာများဖြစ်သော လည်ပင်းနှင့် မျက်ခုံးတည့်တည့်ကိုသာ ပစ်မှတ်ထားနေခဲ့၏။ သူက ယခင်တစ်ခေါက် သင်ခန်းစာရခဲ့ပြီးနောက် တူညီသောအမှားကို ဆက်လက်လုပ်ဆောင်ဦးမည်လော။
အကယ်၍ သူက လေလှိုင်းခြေလှမ်းသိုင်း သို့မဟုတ် ပုံရိပ်ယောင် ကျောက်စိမ်းလှေကားကဲ့သို့သော ကိုယ်ဖော့ပညာများကို သုံးလိုက်မည်ဆိုလျှင်ပင် သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုက မြေခွေးဘုရင်ကို မယှဉ်နိုင်သေးပေ။
သို့သော် ထိုအရာများ မရှိသော်လည်း သူ့ဆီတွင် အလွန်ထူးခြားသော အကြားအာရုံ ရှိနေသေး၏။သူက အရှိန်ကို နှေးကွေးရန် ဆုံးဖြတ်လိုက်ပြီး မူလနေရာတွင်သာ ရပ်နေရန် ဆုံးဖြတ်လိုက်သည်။ သူက တောင်မြင့်ကြီးတစ်လုံးကဲ့သို့ မလှုပ်မယှက် ရပ်နေပြီး သူ၏ဓားထဲမှနေ၍ ဓားချီစွမ်းအင်များ အရိပ်များ မကြာခဏ ပေါ်လာနေသည်။ သူက အချိန်တိုင်းဆိုသလို မြေခွေးဘုရင်၏ တိုက်ခိုက်မှုကို ပြီးပြည့်စုံစွာ တားဆီးနိုင်ခဲ့၏။
မြေခွေးဘုရင်က သူ၏တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိပေ။ သူတို့၏ စွမ်းရည်များက အချင်းချင်း ရောယှက်နေပြီး တစ်ယောက်မျှအရေးနိမ့်နေခြင်းမရှိချေ။ အကယ်၍ ယခု သူထွက်ပြေးသွားမည်ဆိုလျှင်တော့ ပြိုင်ဘက်ကို သတ်ဖြတ်ရန် အခွင့်အရေးပေးလိုက်သလို ဖြစ်သွားပါလိမ့်မည်။
သူက လုပ်ကြံရေးမြေခွေးအိုကြီးများကဲ့သို့ စိတ်အခြေအနေကို အကောင်းဆုံး ပြင်ဆင်ထားပြီး အခွင့်အရေးကို သေချာရှာဖွေနေခဲ့သည်။ သူ၏လက်သည်းသိုင်းပညာက ထူးခြားမှု မရှိသော်လည်း တိကျပြီး ထက်မြက်သည်။ ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်သော လက်နက်တစ်ခုကဲ့သို့ ရက်စက်ကြမ်းကြုတ်၏။
"ချွမ် ချွမ် ချွမ်…"
လေထဲတွင် လက်သည်းနှင့်ဓားသွား တိုက်ခိုက်သည့်အသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။ လက်ရည်ညီနေသည့်အချိန်တွင် မုန့်ချီက သူ့ဓားနှင့် ရုတ်တရက် လှမ်းထိုးလိုက်သည့်အတွက် သူ့ပုံစံက အိပ်မက်ယောင်နေသော လူတစ်ယောက်ပမာ ဖြစ်နေသည်။ သို့သော် မြေခွေးဘုရင်ကတော့ ထိုသို့မတွေးမိခဲ့ပေ။
သူက ကိုယ်ဖော့ပညာကို ဒုတိယတစ်ကြိမ် သုံးလိုက်သည့်အချိန်တွင် ဓားက သူ့မျက်နှာဆီကို ဦးတည်လာနေပြီ ဖြစ်သည်။ မုန့်ချီက ထိုအရာကို သိနေသည်မှာ အချိန်အတော်လေးကြာနေပုံရပြီး သူ့ကို ဖမ်းရန် စောင့်ဆိုင်းနေသလို ထင်ရ၏။
မြေခွေးဘုရင်က ဘယ်ဘက်ပုခုံးကို နှိမ့်ချလိုက်ပြီး မြေပြင်နှင့် အနည်းငယ် ကပ်လိုက်သည်။ အန္တရာယ်တိုင်းအတွက် အဖြေတစ်ခုရှိ၏။ သူက ဘယ်လက်ကိုသုံးပြီး ဓားသွားကိုအဝေးသို့ လွင့်သွားအောင်ပုတ်၍ နောက်ထပ်ရောက်လာနိုင်သော တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်သည်။
ထိုသို့ရင်ဆိုင်လိုက်ပြီးနောက် မုန့်ချီက ဆက်တိုက်ဆိုသလို တိုက်ခိုက်လာခဲ့၏။ နောက်ဆုံးတွင်တော့ သူက မြေခွေးဘုရင်၏ အနေအထားကို သိသွားပြီး တစ်ဖက်လူ၏ လှုပ်ရှားမှုများကို ဖော်ထုတ်၍ အားနည်းချက်များကို ရှာတွေ့သွားသည်။ သူကလည်း သူ၏ ဓားရှည်သိုင်းပညာနှင့် ဓားမောက်သိုင်းပညာတို့ကို ဖော်ထုတ်ပြသနေခဲ့၏။
ထိုအရာများက သာမန်သာ ထင်မှတ်ရသော်လည်း တည့်တိုးဆန်ပြီး ကြောက်စရာကောင်းသည်။ အားနည်းချက်ကို တိုက်ခိုက်လိုက်သည့်အချိန်တွင် ပြောင်းလဲမှုများစွာ ပေါ်လာခဲ့၏။ သူ၏ဓားရှည်က ကောင်းကင်ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ဓားမောက်က မြေပြင်ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။
မုန့်ချီက ဓားမောက်သိုင်းပညာနှင့် ဓားရှည်သိုင်းပညာတို့ကိုသုံးပြီး မြေခွေးဘုရင်ကို တစ်ထောင့်တစ်ည ပုံပြင်တစ်ပုဒ် ပြောပြရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူက မြေခွေးဘုရင်ကို ချောင်ထဲသို့ ခြေလှမ်းတစ်လှမ်းချင်းဆီ တွန်းပို့နေသည့်အတွက် မြေခွေးဘုရင်က ရွေးချယ်ခွင့်မရှိဘဲ ပြင်းပြင်းထန်ထန် ခုခံနေရ၏။
အကယ်၍ ထူးခြားလွန်းလှသော မြေခွေးဘုရင်၏ကိုယ်ဖော့ပညာကြောင့်သာ မဟုတ်လျှင် မုန့်ချီက သတ်ဖြတ်ရေးသိုင်းကွက်ကိုသုံးပြီး လူသတ်ရန် အခွင့်အရေးကို ရှာဖွေနိုင်ပါလိမ့်မည်။
တိုက်ပွဲက ပြင်းထန်လာသည်နှင့်အမျှ ပါယန်တောင်ကြားက ပို၍နက်မှောင်လာခဲ့သည်။ အမှောင်ထုကြီးထဲတွင်ပင် နေလုံးကြီးနှင့် ကြယ်များ တောက်ပနေသေးသည်။ လေထဲတွင် ကြောက်စရာကောင်းသော စွမ်းအင်များ ပျံ့နှံ့လာသလို ထင်မှတ်ရ၏။
သူတို့ကို ရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း မကောင်းဆိုးဝါးများကဲ့သို့ အစီအစဉ်မကျ ဖြစ်နေ၏။ ထိုနေရာက ကီကျန်းအိုနှင့် အနီးအနားတွင် ရှိနေသည့်အတွက် ဝေ့ကျင်းအဆင့််ပညာရှင်များက တောင်ကြားထဲတွင်ရှိသော မူမမှန်မှုများကို သတိထားမိခဲ့သည်မှာ ကြာခဲ့ပါပြီ။
သို့သော် မုန့်ချီကတော့ လှုပ်ရှားမှုများကို ဖန်တီးခဲ့ခြင်းမရှိသလို အကူအညီလည်း မတောင်းခဲ့ပေ။ လက်ရှိအချိန်တွင် သူ့ဆီ၌ ရှိနေသော တစ်ခုတည်းသောအတွေးက မြေခွေးဘုရင်ကို သတ်ပစ်ရန်သာ ဖြစ်သည်။
မြေခွေးဘုရင်ကတော့ ကြောက်လန့်နေခြင်းမရှိဘဲ အလစ်ချောင်းတိုက်ခိုက်မှုကိုလည်း စိုးရိမ်နေပုံမရပေ။ သူက ရွှေ့လိုက် ပြောင်းလိုက် လှုပ်ရှားနေပြီး ထွက်ပြေးရန် အခွင့်အရေးတစ်ခုကို ဖန်တီးရန် ကြိုးစားနေခဲ့၏။ အကယ်၍ သူက ထွက်ပြေးချင်သည်ဆိုလျှင် အရင်ဆုံးတိုက်ခိုက်ရမည်ဖြစ်သည်။
ဓားမောက်က မိုးကြိုးတစ်ခုကဲ့သို့ ဖြစ်လာပြီး ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာ၏။ ကြောက်စရာကောင်းသော လှုပ်ရှားမှုနှင့်အတူ သူက ရှေ့တည့်တည့်မှနေ၍ မြေခွေးဘုရင်ကို ခုတ်ချလိုက်သည်။
ထိုအချိန်တွင် မြေခွေးဘုရင်က သူ၏ညာဘက်လက်သည်းကို ဝှေ့ယမ်းပြီး တစ်ချိန်တည်းလိုလိုပင် မုန့်ချီ၏လည်ပင်းကို ချုပ်ကိုင်ရန် ကြိုးစားလိုက်သည်။ အားနည်းချက်က ကန့်သတ်ချက်ရှိသည့်အတွက် အချိန်ကြာလာသည်နှင့်အမျှ မုန့်ချီက မြေခွေးဘုရင်၏ တိုက်ခိုက်မှုများကို ပို၍နားလည်လာခဲ့၏။
တစ်ဖက်လူက သူ၏တိုက်ခိုက်မှုများကို အလားတူ ပြောင်းလဲလာရခြင်းဖြစ်သည်။ ယခုတစ်ကြိမ်လည်း ခြွင်းချက် မရှိချေ။ မြေခွေးဘုရင်က ရွေးချယ်ခွင့်မရှိဘဲ တိုက်ခိုက်မှုပုံစံကို ပြောင်းလဲလာရ၏။
သူကတော့ လက်လှမ်းမီရာနေရာမှ တဖြည်းဖြည်း ထွက်လာပြီး ဓားသွားကို ရှောင်တိမ်း၍ လက်ချောင်းလေးများနှင့် ပြန်လည်တိုက်ခိုက်ခဲ့၏ ။ သူ၏လက်(၅)ချောင်းက ဓားငယ်များကဲ့သို့ဖြစ်နေပြီး စွမ်းအင်များ ပြည့်နှက်နေသည်။ သူတို့က နောက်ထပ်တိုက်ပွဲအတွက် ပြင်ဆင်နေကြ၏။
ထိုအချိန်တွင် သူက အရှိန်အဝါမှ လွတ်မြောက်လာပြီး သူ့ဓားကို လေထဲသို့မြှောက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ပုံစံကတော့ လှောင်အိမ်ထဲ၌ ရှိနေသော ငှက်တစ်ကောင်ကဲ့သို့ အကြွင်းမဲ့ယုံကြည်ချက်ရှိနေခဲ့၏။ နောက်ဆုံးတွင်တော့ သူကလည်း ကောင်းကင်ကြီးပေါ်ကို ပျံသန်းတော့မည်အလား တောင်ပံများကို ခတ်လာခဲ့သည်။
ထို့ကြောင့် သူ့ဆီတွင် လွတ်လပ်ပေါ့ပါးမှုများ ပြောပြ၍ မရနိုင်သော ခံစားမှုများ ရှိနေခဲ့၏ ။ ယခုတစ်ကြိမ်တွင်တော့ သူ၏ဓားမောက်က ကမ္ဘာမြေကြီး၏စွမ်းအားများနှင့် ပေါင်းစပ်နေခဲ့သည်။ တစ်ခါတစ်ရံ ဓားမောက်သိုင်းပညာကို အသုံးပြုသော်လည်း တစ်ခါတစ်ရံ မသုံးခဲ့ပေ။ မုန့်ချီက ဓားအင်ပါယာဆီမှ နားလည်လာခဲ့သော အရာများကို တခြားအနှစ်သာရများနှင့် ပေါင်းစည်းထားခဲ့၏။
မြေခွေးဘုရင်က ညာဘက်လက်နှင့် လွတ်နေသောနေရာကို ရိုက်ချလိုက်ပြီး မတည်မငြိမ် ဖြစ်နေသော ခံစားချက်များကို ဖိနှိပ်လိုက်သည်။ နောက်ဆုံးတွင်တော့ သူ့အကြည့်က အေးစက်သွားခဲ့၏။ လေထဲသို့ မြောက်လာသော ဓားမောက်နှင့် သူ၏အရှိန်အဝါကို မြင်သည့်အခါ မုန့်ချီကတော့ ဓားမောက်ကို ကိုင်ထားသော ဧရာမလူသန်ကြီးအဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။
မုန့်ချီက ဓားမောက်ကို ခုတ်ချလိုက်သည်အချိန်တွင် လေထဲ၌ (၈)ကြိမ်တိတိ လှုပ်ရှားသွားခဲ့၏။
"သေလိုက်စမ်း…''
မုန့်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဂျိမ်း…"
ကောင်းကင်ကြီးပေါ်တွင် ခရမ်းရောင်လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး လေထဲမှ နဂါးကြီးတစ်ကောင် ဆင်းသက်လာခဲ့၏။ ထိုအရာကြောင့် ကမ္ဘာကြီးကလည်း မှေးမှိန်သွားသလို ထင်မှတ်ရပြီး မြေခွေးဘုရင်က သတ်ဖြတ်ရေးဓား၏ ခရမ်းရောင်မိုးကြိုးများကို မြင်လိုက်ရသည်။
"ဘုန်း…."
မိုးကြိုး(၉)ခုနှင့်အတူ ထွက်ပေါ်လာသော နဂါးကြီးက မုန့်ချီ၏ ဓားမောက်အရှိန်အဝါများကို လမ်းပြပြီး ပြိုင်ဘက်ဆီသို့ ရောက်လာခဲ့၏။
မြေခွေးဘုရင်၏ မျက်လုံးများက ခံစားချက် မရှိသေးသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော သွေးကြောမှတ်များထဲတွင် ထူးဆန်းသော အလင်းရောင်များ တောက်ပလာပြီး အချင်းချင်း ဆက်သွယ်လာခဲ့၏။
ထို့နောက် အလင်းရောင်များက ပျံ့နှံ့လာပြီး သူ၏ဘယ်ဘက်လက်ထဲကို စီးဆင်းသွားသည်။ အခုတစ်ကြိမ်တော့ သူ၏ဘယ်လက်က ချက်ချင်းဆိုသလို တုန်ခါလာပြီး အရေပြားများကလည်း ကျောက်စိမ်းရောင် ပြောင်းလဲလာသည်။ အောက်တွင် ရှိနေသော အရိုးများကလည်း မာကျောလာခဲ့၏။
ထိုအရာက လက်တစ်ဖက် မဟုတ်တော့ဘဲ ဓားတစ်လက် ဖြစ်လာသည်။ သွေးဆာနေသော ဓားတစ်လက် ဖြစ်၏။ မြေခွေးဘုရင်၏ သတ်ဖြတ်ရေးဓားက အချွန်(၅)ခုရှိနေပြီး လက်သည်းများအဖြစ် ပြောင်းလဲ၍ နဂါးကြီးကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
မိုးခြိမ်းသံများ ပျောက်ကွယ်သွားသည့်အချိန်တွင် သူတို့နှစ်ယောက်က စကားမပြောဘဲ ရပ်နေကြ၏။ ခရမ်းရောင်လျှပ်စီးကြောင်းများကလည်း ကြွေကျလာသော ကြယ်များကဲ့သို့ သိပ်မကြာခင် ပျောက်ကွယ်သွားသည်။
ဓားမောက်က ထိုအရာကို တားဆီးရန် အစွမ်းမရှိခဲ့ပေ။ မုန့်ချီကတော့ သူ့ဆီမှ စွမ်းအားများ ထွက်သွားသလို ခံစားနေရပြီး သူ၏ပင်မဝိညာဉ်က တုန်ယင်နေခဲ့၏။ ယခုတစ်ကြိမ် မုန့််ချီ၏ တိုက်ခိုက်မှုက လေဟာနယ်ထဲကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုအရာက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် ပေါင်းစပ်လိုက်သော တိုက်ခိုက်မှုဖြစ်၏။
မူလတုန်းကတော့ သူက ထိုအရာကိုသုံးပြီး မြေခွေးဘုရင်၏ တုံ့ပြန်မှုကို ခုခံရန် စဉ်းစားထားခဲ့သည်။ ထို့နောက် နောက်ဆုံးတစ်ချက်ကိုသုံးပြီး သတ်ဖြတ်ရန် စီစဉ်ထား၏။ မြေခွေးဘုရင်၏ သတ်ဖြတ်ရေးသိုင်းကွက်ကို သိနေသူ တစ်ယောက်အတွက် ထိုအရာက ထူးဆန်းနေဦးမည်လော ။
သူက အသံမထွက်စေခဲ့ဘဲ သူ၏ ပင်မဝိညာဉ်ကို ချက်ချင်း ထိုးဖောက်လိုက်သည်။ မုန့်ချီက သူ ထင်ထားသည်ထက် ပို၍စောစွာ ဓားကို ထုတ်သုံးလိုက်ရပြီး ကောင်းကင်နတ်သမီးကျင့်စဉ်ကို သုံးလိုက်ရသည်။
"ချွမ်…"
သူ၏ဓားက မြေခွေးဘုရင်၏ အသွား(၅)ဖက်နှင့် ရင်ဆိုင်လိုက်ရသည်။ အဖိုးတန်လက်နက်ကဲ့သို့ တစ်ဖက်လူ၏ အရိုးများဆီမှ တချွင်ချွင် မြည်သံများ ထွက်ပေါ်လာသည်။
သူတို့၏ ခန္ဓာကိုယ်ကလည်း ပြင်းပြင်းထန်ထန် လှုပ်ရှားလာပြီးနောက်ကို တစ်လှမ်းဆုတ်သွားလိုက်ရ၏။ အရှိန်အဝါများကလည်း ယာယီပျောက်ကွယ်သွားခဲ့သည်။ မြေခွေးဘုရင်ကတော့ အခွင့်အရေးကိုမြင်ပြီး အရယူလိုက်သည်။ သူက လှုပ်ရှားချင်ယောင်ဆောင်ပြီး တောင်ကြားထဲမှ တဟုန်ထိုး ပြေးထွက်သွားခဲ့၏။
သူက အဆင့်တက်ရန်အတွက် ထိုကဲ့သို့ ပညာရှင်တစ်ယောက်ကိုသတ်ရန် လိုအပ်သော်လည်း ယခုအချိန်က အချိန်ကောင်းမဟုတ်သလို သူ ရွေးချယ်ထားသော ပြိုင်ဘက်လည်း မဟုတ်ချေ။ သူက အဝေးသို့ ထွက်ပြေးရန်သာ တွေးနေခဲ့၏။
ထို့ပြင် အနီးအနား၌ ဝေ့ကျင်းအဆင့်ပညာရှင်များ ရှိနေသေးသည်။ အကယ်၍ သူ့ပြိုင်ဘက်ကသာ သူ့ကိုဆက်၍ တွယ်ကပ်နေပြီး အကူအညီတောင်းလိုက်မည်ဆိုလျှင် သူက မည်သို့ရင်ဆိုင်ရတော့မည်နည်း။ ထွက်ပြေးခြင်းက သရဲဘောကြောင်ခြင်း ဖြစ်သော်လည်း သူကတော့ ဂရုမစိုက်ချေ။
မြေခွေးဘုရင်၏ဆုံးဖြတ်ချက်က မုန့်ချီကို သတိပေးနိုင်ခြင်း မရှိချေ။ အခြေအနေ မကောင်းသည့်အတွက် ထွက်ပြေးသွားခြင်းက မြေခွေးဘုရင်၏ ပုံစံသာ ဖြစ်သည်။ ထို့ကြောင့် သူလည်း ပြင်ဆင်ထားပြီးသားဖြစ်၏။ ယခုတစ်ကြိမ်တွင်တော့ မြေခွေးဘုရင်က ထွက်ပြေးပြီး သူက နောက်မှ လိုက်ရခြင်းဖြစ်သည်။ သူတို့၏ အရှိန်အဝါကလည်း မတူညီနိုင်တော့ပေ။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးတောက်များ လွှမ်းခြုံလာပြီး သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် အချိန်တိုလေးအတွင်း မြေခွေးဘုရင်ကို ကျော်လာပြီး သူ့နောက်ကျောကို တိုက်ခိုက်လိုက်သည်။
"ဆက်ပြီးပြေးစမ်းပါ ။ ဒါက ငါ လိုချင်နေတဲ့အရာပဲ…"
Translated by Hein Htet.