← Chapters

အခန်း (၄၆၂)

Vol. 31 Ch. 462

အခန်း (၄၆၂)

Vol. 31 Ch. 462

ကီကျန်းအိုကို ဟီယာစုဟုခေါ်သော မျိုးနွယ်စုက အုပ်စိုးပြီး သူတို့၏ မျိုးနွယ်ခေါင်းဆောင်က မဟာခန်းအင်ပါယာ ကူအာဒိုနှင့် ဘိုးဘေးချင်း ဆက်နွယ်မှု ရှိနေသည်ဟု ဆိုကြသည်။ ထိုအတွက်ကြောင့်လည်း မျိုးနွယ်ခေါင်းဆောင်က သူ့ကိုယ်သူ မဟာနေမင်းဘုရင်ဟု ဂုဏ်ပုဒ်ပေးထားခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မဟာနေမင်းဘုရင်ဆီ၌ သားသမီးနည်းပါးမှု မရှိသော်လည်း သူတို့ထဲတွင် အာဂူလာက ဘုရင်၏ စမ်းသပ်မှုမျိုးစုံကို အောင်မြင်ပြီး အသိအမှတ်ပြုခံထားရသည်။ သူ့မိခင်ကတော့ ဘုရင်၏ ကိုယ်လုပ်တော်များထဲမှ တစ်ယောက်ဖြစ်ပြီး အတင်းအကျပ် သိမ်းပိုက်ခံထားရသော အစေခံမိန်းမပျိုတစ်ယောက် ဖြစ်သည်။

သူက အစပိုင်းတွင် အတော်လေးကို ရိုးရိုးကျိုးကျိုး ဖြစ်နေခဲ့သည့်အတွက် အာဂူလာက တော်ဝင်မျိုးဆက်များ၏ အထင်သေးမှုကို ခံရသလို မျိုးနွယ်စုထဲတွင် ရှိနေသော ရှင်ဘုရင်၏ မျိုးဆက်များထဲတွင်လည်း အခွင့်အာဏာ မရှိခဲ့ပေ။ ထို့ကြောင့် သူက သူတို့၏ မျိုးနွယ်ဝင် အများစုနှင့် အတော်လေးကို ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။ သူက မျိုးနွယ်စုအပေါ် သနားကြင်နာတတ်သည့်အတွက် သာမန်သူရဲကောင်းများ ကြားထဲတွင်လည်း အတော်လေးကို ရိုသေလေးစားခံခဲ့ရသည်။ ထို့ကြောင့် သူ့ဘဝက သက်သောင့်သက်သာရှိပြီး အတော်လေး အဆင်ပြေခဲ့၏။

"အာဂူလာက သိုင်းပညာမှာ ပါရမီပါတဲ့ လူတစ်ယောက်ပဲ။ ဒါပေမဲ့ အာစစ်လန်လို့ခေါ်တဲ့ သူ့သားကလည်း ထူးချွန်တဲ့ပါရမီရှိတယ်။ အာဂူလာက သူ့သားအပေါ် တော်တော်လေး မျှော်လင့်ထားခဲ့တာ။ သူ့သားအပေါ် စိတ်နှစ်ထားပြီး သူ့သားရဲ့အနာဂတ်က သူ့ထက်တောင် ပိုပြီးတော့ အောင်မြင်ကျော်ကြားမယ်လို့ တွေးထားခဲ့တာ။ အာဂူလာက သူ့သားကို အတော်ဆုံး သိုင်းပညာ သင်ကြားပေးဖို့အတွက် အကြီးအကျယ် ရင်းနှီးမှုတွေ လုပ်ခဲ့တယ်…”

“အသက် (၂၀) ရောက်တဲ့အချိန်မှာ အာစစ်လန်က တံခါး(၇) ပေါက်ပွင့်နေပြီး ကိုယ်တွင်းကမ္ဘာကြီးကို စတင်ဖန်တီးနေတယ်။ နောက်ဆုံးမှာတော့ ရက်စက်ကြမ်းကြုတ်တဲ့ ကံကြမ္မာနဲ့ ကြုံခဲ့ရပြီး သူက မြေခွေးဘုရင်ရဲ့သားကောင် ဖြစ်သွားခဲ့ရတယ်။ သူ့ရဲ့လည်ပင်းက ပြတ်သွားခဲ့ပြီး ကီကျန်းအိုက တဲတစ်လုံးထဲမှာ မြေခွေးဘုရင်ကြောင့် သေဆုံးသွားခဲ့ရတယ်…"

မတူညီသော တဲပေါင်းများစွာကို ဖြတ်ကျော်လာနေရင်း ဝူအန်က မုန့်ချီကို ပြောပြနေခဲ့သည်။

"ဒါကြောင့် အာဂူလာကိုယ်တိုင်က အရူးမီးဝိုင်း ဖြစ်သွားခဲ့တယ်။ တိုင်းပြည်အရေးမှာ သူ့ရဲ့ရပ်တည်ချက်က နိမ့်ပါးနေပြီး သူ့ရဲ့ဆွေတော်မျိုးတော်တွေကလည်း အာစစ်လန်ရဲ့စွမ်းရည်အပေါ် အညှိုးအတေးတွေ ထားနေတဲ့အတွက် သူ့အခြေအနေက တော်တော်လေး ဆိုးရွားနေတယ်။ ဒါကြောင့် ဟီယာစုမျိုးနွယ်စု စစ်သည်တော်တွေက မြေခွေးဘုရင်ကို လက်တုံ့ပြန်တာ အဆုံးသတ်ဖို့ အမိန့်ပေးခဲ့တယ်။ အဲဒီအရာတွေအားလုံးက ဝမ်းနည်းစွာပဲ စကားလုံးအနေနဲ့သာ ကျန်နေတော့တယ်။ သူတို့က မြေခွေးဘုရင်ကို အမှန်တကယ်ရှာဖွေပြီး သုတ်သင်ရှင်းလင်းပစ်ဖို့ စိတ်ကူးမရှိကြဘူး။ ဒါကြောင့်လည်း အာဂူလာက မကျေမနပ်ဖြစ်ပြီး မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းထဲကို ဝင်ရောက်ပူးပေါင်းခဲ့တာ.."

တစ်ခါတစ်ရံ အဘိုးကြီးဝူအန်က အာဂူလာကိုကူညီပြီး တောင်ပိုင်းမှ ကုန်ပစ္စည်းများ သိုးမွှေးများကို ရောင်းချပေးရသည်။ ထို့ကြောင့် အာဂူလာ၏ အတွေ့အကြုံများကို မတော်တဆ သိခွင့်ရခဲ့၏။

"မြေခွေးဘုရင်က လူသတ်ဖို့ ပစ်မှတ်ရွေးချယ်တဲ့နေရာမှာ တော်တော်ထူးခြားတယ်…"

မုန့်ချီက ထိုအချက်ကို သတိထားမိသည့်အတွက် ပြောလိုက်၏။

မြေခွေးဘုရင်က ချန်းရှန့်အဖွဲ့အစည်းမှ နတ်ဆရာများ ၊ ရွှေအင်ပါယာမျိုးဆက်များ ထိပ်တန်းသိုင်းပညာရှင်များနှင့် ပတ်သက်နေသော သူများကိုပင် လုံးဝမသတ်ခဲ့ပေ။ သို့သော် အာစစ်လန်ကတော့ တခြားသူများ၏ အားကျမှုကို ခံနေရပြီး မိသားစုအကြီးအကဲများက သူ့အဖေကို လျစ်လျူရှုထားသော်လည်း တခြားလူများ၏ မနာလိုမှုကို ခံခဲ့ရသည်။

ထိုအကြောင်းပြချက်ကြောင့် သူက ဟီယာစုမျိုးနွယ်စုထဲ၌ ပြိုင်ဘက်ကင်းပညာရှင် တစ်ယောက် ရှိနေသော်လည်း မြေခွေးဘုရင်က သူ့ကို သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

ဝူအန်က ရယ်ပြီး ပြောလိုက်၏။

"မြေခွေးဘုရင်က အဲဒီအရာတွေကို မစဉ်းစားခဲ့ဘူးဆိုရင် သူ စားစရာတောင် ပျောက်သွားမှာပေါ့…”

“သူက အစွမ်းထက်နတ်ဆရာတွေ ဒါမှမဟုတ် ရွှေအင်ပါယာ ပညာရှင်‌တွေ ပစ်မှတ်ထားတာ ခံရမယ်ဆိုရင် ဘယ်လောက်ပဲ သတိထားနေနေ အချိန်အကြာကြီး ပုန်းနေနိုင်မှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မြေခွေးဘုရင်က လုပ်ကြံသတ်ဖြတ်နေစဉ် အတောအတွင်း သူ ရန်စလို့မရတဲ့သူတွေကို ဝေးဝေးရှောင်နေနိုင်မှတော့ သေချာပေါက် သတင်းတွေကို သိနေလိမ့်မယ်…"

မုန့်ချီက တစ်ယောက်တည်း တွေးနေမိ၏။

ဝူအန်က ရဲမက်နှင့် စကားသွားပြောလိုက်သည့်အချိန်တွင် မုန့်ချီက အလေးမထားသည့်အလား ထိုနေရာကို လှည့်ပတ်ကြည့်ရှုနေသယောင် ဟန်ဆောင်လိုက်သည်။ ထိုတဲများက တခြားနေရာနှင့် အတော်လေးကို အလှမ်းဝေးပြီး ပတ်ပတ်လည်၌ ရဲမက်များ စောင့်ကြပ်နေကြ၏။

အမှောင်ထဲတွေလည်း မမြင်ရသောတိုင်လုံးများ ရှိနေသည်။ ကြည့်ရသည်မှာ ထိုတဲများ၏ အပေါ်ဘက်တွင်တော့ လျှို့ဝှက်အစောင့်များ ရှိနေသလို ထင်မှတ်ရ၏။ မြင်းများ၊ သိုးအုပ်များနှင့် နွားအုပ်များကလည်း အစီအစဉ်တကျ ရှိနေခဲ့သည်။ ခြေလျင်ရဲမက်များနှင့် ကျေးကျွန်များကလည်း အစီအစဉ်အတိုင်းသာ ဖြတ်သန်းသွားလာနေကြ၏။

"အာဂူလာကိုလည်း လျော့တွက်လို့မရဘူး။ သူကလည်း ထူးချွန်တဲ့လူတစ်ယောက်ပဲ.."

မုန့်ချီက အာဂူလာ၏ ခန္ဓာကိုယ်စွမ်းရည် နိမ့်ကျမှုကြောင့် သူ့ကို အထင်မသေးခဲ့ပေ။ ထိုအစား အာဂူလာက ခေါင်းဆောင်မှုအပိုင်းတွင် အလွန်ထူးချွန်ထက်မြက်ကြောင်း တွေ့လိုက်ရသည်။

ခဏကြာပြီးနောက် အစောင့်ထွက်လာပြီး ဝူအန်နှင့် မုန့်ချီတို့ကို တဲထဲသို့ ခေါ်ဆောင်သွားခဲ့၏။ တဲကန့်လန့်ကာကို ဖွင့်လိုက်ပြီးနောက် တဲထဲတွင် ရှိနေသော အခြေအနေက မုန့်ချီစိတ်ထဲတွင် အလိုလို ပေါ်လာခဲ့သည်။

အမှောင်ထဲတွင် လူများရပ်နေပြီး သူတို့က အစောင့်များ ဖြစ်ပုံရ၏။ မြေပြင်ပေါ်တွင် အနက်ရောင်ကော်ဇောကြီးတစ်ခု ခင်းထားသည့်အတွက် ကော်ဇောပေါ်သို့ နင်းလိုက်သည့်အချိန်တွင် အလွန်သက်တောင့်သက်သာရှိသလို ခံစားရသည်။

အာဂူလာက မြက်ခင်းပြင်ပေါ်မှ သာမန်လူများကဲ့သို့ တင်ပျဉ်ခွေထိုင်နေခြင်း မရှိချေ။ ထိုအစား တဲအတွင်းထဲတွင် မြောက်ပိုင်းကျိုးအင်ပါယာမှ အနီရောင်စားပွဲခုံများ ထိုင်ခုံများကို ချထားသည်။ ထို့ပြင် တဲ၏ထောင့်တစ်နေရာချင်းဆီတွင် ကြေးနီးမီးဖိုတချို့ကို ချထား၏။ သူတို့က အနီရောင်မီးတောက်များ လောင်ကျွမ်းနေပြီး တဲထဲတွင် နွေးထွေးနေစေခဲ့သည်။

မုန့်ချီက မြောက်ပိုင်းကျိုးအင်ပါယာထဲကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ ကြည့်ရသည်မှာ မြက်ခင်းပြင်ထဲမှ အထက်တန်းလွှာ အကြီးအကဲများကလည်း တောင်ပိုင်းမှ ကုန်ပစ္စည်းများကို သဘောကျပုံရ၏။

"ဝူအန် …

မင်းဆီမှာ အရေးကြီးတဲ့ကိစ္စမရှိရင် ငါ့ဆီမလာဖို့ ပြောထားတယ်လေ…"

အာဂူလာက ဝမ်းခေါင်းသံနှင့် ပြောသည့်အလား အသံတိုးတိုးနှင့် ပြောလိုက်၏။

သူ့ပုံစံက သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး ခန္ဓာကိုယ်ကြီးမားသော မြက်ခင်းပြင်မှ လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သို့သော် သူ့လက်ထဲတွင် ရှိနေသော ကျောက်စိမ်းလက်စွပ်နှင့် တည်ငြိမ်သော မျက်လုံးများက သူ၏အစစ်အမှန် အဆင့်အတန်းကို ပြသနေခဲ့၏။

တခြားအစောင့်များကလွဲလျှင် ထိုနေရာ၌ ဆံပင်မရှိသော အရပ်ရှည်ရှည် သန်သန်မာမာနှင့် အစောင့်တစ်ယောက်သာ ရှိသည်။ သူက အာဂူလာ၏အနောက်တွင် ရပ်နေခဲ့၏။

ကြွက်သားများ ပြည့်နှက်နေသည့်အတွက် သူ့ဆီတွင် ခွန်အားများ ပြည့်နေသလို ထင်မှတ်ရပြီး အသားအရေပေါ်တွင်လည်း အစိမ်းရောင်အင်းကွက်များ ရေးဆွဲထားပြီး ထိုအရာများက ထူးခြားသော မှော်ပညာတက်တူးများကဲ့သို့ ဖြစ်နေသည်။

အစောင့်ကိုကြည့်လိုက်ပြီးနောက် ဝူအန်က အပြုံးနှင့် ပြောလိုက်၏။

"ခေါင်းဆောင်ကြီး …

ကျွန်တော်က ကိစ္စရှိလို့လာခဲ့တာပါ။ ခေါင်းဆောင်ကြီးက ကျွန်တော့်ကို ကူညီပေးလို့ရမလား။ ပြီးတော့ ခေါင်းဆောင်ကြီးက ကျေးဇူးပြုပြီး..."

အာဂူလာက လက်ကိုဝှေ့ယမ်းလိုက်ပြီး အစောင့်များအားလုံးကို အပြင်သို့ထွက်သွားရန် အချက်ပြလိုက်သည်။ သူ့နောက်တွင် ရှိနေသော အစွမ်းထက်သည့် အစောင့်တစ်ယောက်တည်းသာ ကျန်နေခဲ့၏။ တဲခေါင်မိုးပေါ်တွင် ပုန်းနေသူလည်း ရှိနေသေးသည်။

"အခု ငါ့ကို မင်းရဲ့လျှို့ဝှက်ချက် ပြောပြနိုင်ပြီ…"

အာဂူလာက အသံတိုးတိုးနှင့် ပြောလိုက်၏။

ဝူအန်က မုန့်ချီကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

"သူကလည်း မြေခွေးဘုရင်နဲ့ အညှိုးအတေးတွေရှိတယ်။ သူက မြေခွေးသုတ်သင်ရေး အဖွဲ့အစည်းကို ပူးပေါင်းချင်နေတယ်…"

"မင်းလိုကျေးကျွန်မျိုးက ဒီလျှို့ဝှက်ချက်ကို ထုတ်ပြောရဲတာလား…."

အာဂူလာက ဒေါသထွက်သွားပြီး ကြာပွတ်နှင့် ရိုက်တော့မည့်အလား စားပွဲပေါ်တွင် ရှိနေသော ကြာပွတ်ကို ကောက်ကိုင်လိုက်သည်။ သဘောကောင်းပြီး တည်ငြိမ်ပုံရသော အာဂူလာက ဒေါသထွက်သည့် အချိန်တွင်လည်း အတော်လေး ကြောက်စရာကောင်း၏။

သို့သော် သူ၏အပေါင်းအဖော် တစ်ယောက်ဖြစ်ခဲ့သော ဝူအန်ကတော့ သူ၏ဒေါသကြောင့် ေနောက်သို့တစ်လှမ်းဆုတ်၍ အပြုံးနှင့်ပြောလိုက်၏။

"ကျဲပိုင်က ဓားသိုင်းပညာ အရမ်းကျွမ်းကျင်တယ်။ ပြီးတော့ ကျွန်တော်ရဲ့ ကုန်ပစ္စည်းတွေကို ကာကွယ်ဖို့လည်း ကူညီပေးခဲ့ဖူးတယ်။ တကယ်လို့ သူသာ မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းထဲကို ပူးပေါင်းမယ်ဆိုရင် သေချာပေါက် မြေခွေးဘုရင်ကို သတ်ဖို့ အာရုံစိုက်နိုင်တယ်။ အဲဒါက ခေါင်းဆောင်ကြီးအတွက်လည်း ကောင်းတယ်မဟုတ်လား…"

မုန့်ချီကတော့ မြက်ခင်းပြင်ပေါ်တွင် သုံးရန် သီးခြားနာမည်ကို မတွေးရသေးပေ။ ထို့ကြောင့် သူ့ကိုယ်သူ ကျဲပိုင်ဟု ခေါ်လိုက်၏။ ဝူအန်က သူ့ကို မိတ်ဆက်ပေးလိုက်ပြီးနောက် သူက အာဂူလာကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ညာဘက်လက်က ဓားလက်ကိုင်ပေါ်သို့ တင်လိုက်သည်။

သူက ခြေလှမ်း (၅) လှမ်းအတွင်း ရှိနေသူများကို သတ်ဖြတ်ရန် အဆင်သင့်ဖြစ်နေသူ တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။

"ကျဲပိုင်…"

အာဂူလာက မျက်မှောင်ကြုတ်လိုက်မိသည်။

သူ့နောက်တွင် ရှိနေသော အရပ်ရှည်ရှည်လူသန်ကြီးက နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။

"သူက ဓားသိုင်းပညာ ကျွမ်းကျင်တာလား။ ဓားသိုင်းပညာ ကျွမ်းကျင်ပေမဲ့ မြေခွေးဘုရင်သတ်တာ ခံလိုက်ရတဲ့သူတွေ အများကြီးရှိတယ်…"

အာဂူလာက သူ့ကို ပါးစပ်ပိတ်ထားရန် အချက်ပြလိုက်ပြီး ဝမ်းခေါင်းသံနှင့် ပြောလိုက်၏။

"မင်းက ဘာလို့ မြေခွေးဘုရင်နဲ့ အမုန်းတရားတွေ ရှိနေရတာလဲ။ မင်းက ဘယ်နေရာက ရောက်လာတာလဲ။ ငါတို့ရဲ့ မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းမှာ တင်းကြပ်တဲ့ စည်းမျဉ်းတွေရှိတယ်။ တကယ်လို့ မင်းရဲ့အစွမ်းမလုံလောက်ဘူးဆိုရင် ဝင်ခွင့်ပြုမှာ မဟုတ်ဘူး။ ဒီတော့ မင်းက ငါတို့ကို အချက်အလက်တွေပေးသင့်တယ်…"

သူက ရုတ်တရက်ပေါ်လာသော ကျဲပိုင်ကို သတိထားနေပြီး သူ၏အစွမ်းကို စိတ်ဝင်စားကြောင်း မပြခဲ့ပေ။

"ကျုပ်က ဆွေမရှိမျိုးမရှိ လေလွင့်ဓားသမားတစ်ယောက်ပဲ။ ကျုပ်ရဲ့မိသားစုတွေကို မြေခွေးဘုရင်က သတ်သွားတာ…"

မုန့်ချီက ခဏကြာရပ်ပြီး ဆက်ပြောလိုက်သည်။

"ကောင်းပြီလေ။ မင်းမှာ သူ့ကို မုန်းတီးနေရလောက်တဲ့ သက်သေရောရှိလား…"

အာဂူလာက အနည်းငယ် အံ့ဩသွားခဲ့၏။

မုန့်ချီက စကားလုံး အနည်းငယ်သာ ပြန်ဖြေရန် ကြိုးစားလိုက်သည်။ သူကတော့ မြက်ခင်းပြင်ဘာသာစကား အားနည်းချက် ပေါ်သွားမှာကို စိုးရိမ်နေခဲ့၏။

"ကျုပ်က သူ တိုက်ခိုက်တာကို ခံခဲ့ရတယ်…"

"ဘယ်လို..."

အာဂူလာနှင့် နောက်တွင် ရှိနေသော လူသန်ကြီးတို့က အံ့အားသင့်စွာ ရေရွတ်လိုက်မိကြသည်။

ဝူအန်ကပင် ထိုစကားကို ပထမဆုံးအကြိမ် ကြားခဲ့ရသည့်အတွက် အလွန်အံ့ဩနေခဲ့၏။

"ဒီအစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းက မြေခွေးဘုရင်ရဲ့ ချောင်းမြောင်း တိုက်ခိုက်မှုကနေ လွတ်မြောက်လာတယ်။ ဒါကြောင့်လည်း သူက ဒီနေရာကို ရောက်လာပြီး မြေခွေးဘုရင်ကို လိုက်ရှာမယ်လို့ ပြောရဲတာပဲ…"

မြေခွေးဘုရင်၏ အလစ်ချောင်းတိုက်ခိုက်မှုမှ အသက်ရှင်လာသော လူအနည်းငယ်သာ ရှိသည်။ အများစုကတော့ အနီးအနားတွင် အကူအညီများ ရှိနေကြ၏။ ထို့ကြောင့် မြေခွေးဘုရင်က သူတို့ကို တစ်ကြိမ်တည်းနှင့် သတ်ပစ်ရန် မအောင်မြင်သည့်အချိန်တွင် ထွက်ပြေးရန် အခွင့်အရေးရခဲ့ခြင်း ဖြစ်သည်။

လူသန်ကြီးက ရိုင်းပြစွာ ပြောလိုက်၏။

"ထာဝရကောင်းကင်ရဲ့အမိန့်အရ လူလိမ်တွေက သေချာပေါက် သေရလိမ့်မယ်။ မြေခွေးဘုရင် ဒီမှာမရှိဘူးဆိုပြီး မင်းက ဘာကြောင့် လိမ်ပြောရဲရတာလဲ…"

အစွမ်းထက်ပုံမရသော လေလွင့်ဓားသမားက မြေခွေးဘုရင်၏ တိုက်ခိုက်မှုမှ လွတ်မြောက်လာသည်ဟူသော စကားကို ကြားသည့်အခါ သူလည်း သံသယဝင်နေခဲ့သည်။ ထိုကဲ့သို့ ပြောကြေးဆိုလျှင် သူကိုယ်တိုင်လည်း မြေခွေးဘုရင်၏ တိုက်ခိုက်ခံရသည်ဟုပြောပြီး သူ့ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင်လုပ်ခဲ့သည်ဟု ပြောနိုင်သည်။ မည်သို့ဖြစ်စေကာမူ မြေခွေးဘုရင်က လာရောက်ရှင်းလင်းရန် လုံးဝမဖြစ်နိုင်ပေ။

အာဂူလာက မျက်မှောင်ကြုတ်လိုက်မိပြီး သူ့ခေါင်းထဲတွင်လည်း လူသန်ကြီးနှင့် တူညီသောအတွေးသာ ရှိနေ၏။ သူက ဝူအန်ကို ပြောလိုက်သည်။

"ကျဲပိုင်ရဲ့နောက်ကြောင်းက သံသယဝင်စရာ ကောင်းတယ်။ ပြီးတော့ သူနဲ့မြေခွေးဘုရင်ရဲ့ အမုန်းတရားတွေကိုလည်း သက်သေမပြနိုင်ဘူး။ တကယ်လို့ ငါက ထောက်ခံချက်ပေးမယ်ဆိုရင်တောင် တခြားလူတွေက သူ့ကိုအဖွဲ့အစည်းထဲ ဝင်ခွင့်ပေးမှာ မဟုတ်ဘူး…"

သူက တလေးတစား ငြင်းပယ်လိုက်သည်။

မုန့်ချီက ရှေ့ကိုတစ်လှမ်းတိုးသွားပြီး အေးစက်စွာ မေးလိုက်၏။

"မြေခွေးဘုရင် လှုပ်ရှားတာကို ခင်ဗျားတို့ထဲမှာ ဘယ်သူမြင်ဖူးလဲ…"

ထိုအချိန်တွင် တခြားလူများက တိတ်ဆိတ်သွားခဲ့သည်။ အာဂူလာက ခဏကြာ တိတ်ဆိတ်ပြီးနောက် ပြောလိုက်၏။

"အာစစ်လန်ကို သတ်ပစ်ခဲ့တဲ့အချိန် တဲထဲမှာ ပါတူရှိနေတယ်…"

ပါတူဟူသော အရပ်ရှည်ရှည် လူသန်ကြီး၏မျက်နှာက အနည်းငယ် ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ သူကတော့ အတိတ်အကြောင်းများကို စဉ်းစားမိပြီး မျက်နှာပျက်သွားပုံရ၏။ ကြည့်ရသည်မှာ ထိုအတွက်ကြောင့် သူက မကြာခဏ အိပ်မက်ဆိုးများ မက်နေပုံရသည်။

သူက ငြင်းဆန်နေခြင်းမရှိဘဲ အားနည်းစွာ ပြောလိုက်၏။

"ငါကိုယ်တိုင် သူ့ကို မမြင်ခဲ့ရပါဘူး။ ဒါပေမယ့် သူက မကောင်းဆိုးဝါး တစ္ဆေတစ်ကောင် မြေခွေးတစ်ကောင်လို အရမ်းအစွမ်းထက်တယ်ဆိုတာတော့ ခံစားမိတယ်။ ထာဝရကောင်းကင်ရဲ့အမိန့်အောက်မှာ..."

"ဒါဆိုလည်း မင်းက စမ်းသပ်ကြည့်လိုက်ပေါ့…"

မုန့်ချီက စကားလုံး အနည်းငယ် ပြောလိုက်ပြီး သူ့ပုံစံက အေးစက်သွားသလို ထင်မှတ်ရသည်။

ထိုအချိန်တွင် တဲတစ်ခုလုံးက နက်မှောင်သွားသလို ဖြစ်သွားခဲ့ပြီး သူ့ရှေ့တွင် ရှိနေသော လေလွင့်ဓားသမားက ပျောက်ကွယ်သွားကြောင်း ပါတူက တွေ့လိုက်ရသည်။ သို့သော် သိပ်မကြာခင် မမြင်ရသော ဓားတစ်လက်က သူ့ဆီကို ဦးတည်ထားသည့်အလား ခံစားနေခဲ့ရသည့်အတွက် ခေါင်းမွှေးများ ထောင်သွားခဲ့၏။

ထို့နောက် သူက ရှေ့ကို တစ်လှမ်းတိုးသွားပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။ ကြွက်သားများ ပြည့်နေသော ညာလက်ကိုလည်း မြှောက်လိုက်၏။ သို့သော် သူက လေထဲကိုသာ တိုက်ခိုက်လိုက်မိပြီး အလွန်ကြောက်စရာကောင်းသော လေလှိုင်းတစ်ခု ထွက်ပေါ်လာပြန်သည်။

လေလှိုင်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် အလွန်ထက်မြက်သော ဓားချီစွမ်းအင်များက သူ့လည်ပင်းအနားတွင်သာ ရှိနေသေးကြောင်း ခံစားလိုက်ရ၏။ ယခုတစ်ကြိမ်တော့ ပါတူက ရှေ့ကို သွားရန် ရွေးချယ်လိုက်သည်။ သူ့ခြေထောက်ကလည်း မြေပြင်နှင့် လွတ်သွားခဲ့၏။

ထို့နောက် သူက နောက်ပြန်လှည့်၍ ကြာပွတ်နှင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ သို့သော် သူ့နောက်ကျောတွင် မည်သူမျှ မရှိသည့်အလား လေထဲကိုသာ တိုက်ခိုက်လိုက်မိပြီး မမြင်ရသော မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

ပါတူက အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မကောင်းဆိုးဝါးတစ္ဆေ၏ ပစ်မှတ်ထားခြင်းမှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိချေ။ သူက အိပ်မက်ဆိုးကြီးထဲမှာ လွတ်မြောက်ခြင်း မရှိသလို ခံစားနေရ၏။ သူ၏နဖူးပေါ်မှနေ၍ ချွေးသီးချွေးပေါက်များ စတင်ကျဆင်းလာပြီး လက်သီး လှုပ်ရှားမှုများကလည်း ပို၍ရှုပ်ထွေးလာသည်။

အရေပြားပေါ်တွင် ရှိနေသော အစိမ်းရောင်နတ်ဆရာ အင်းကွက်များက စွမ်းအားများ ပြည့်နှက်လာသော်လည်း ရန်သူကို ရှာမတွေ့နိုင်သည့်အတွက် ထိုအရာကို အသုံးပြု၍ မရချေ။

ရုတ်တရက်ဆိုသလို အလွန်ထိတ်လန့်နေသော အာဂူလာ၏ မျက်လုံးထဲတွင် ပေါ်နေသော သူ၏ကိုယ်ပိုင်အရိပ်ကို ပြန်မြင်လိုက်ရ၏။ သို့သော် သူ့နောက်တွင် မည်သည့်အရာကိုမျှ မတွေ့ခဲ့ရပေ။

"ဟုတ်တယ်။ အဲဒါက မြေခွေးဘုရင်ရဲ့လှုပ်ရှားမှုပဲ…"

နောက်ဆုံးတွင်တော့ ပါတူက ထိုစကားလုံးများကိုသာ ပြောလိုက်ရသည်။

သို့သော် အာဂူလာ၏အမြင်က ကွဲပြား၏။ ကျဲပိုင်က ပါတူ၏နောက်တွင် တစ်ချိန်လုံး ရှိနေခဲ့သည်။ သူက ပါတူ၏နောက်မှနေ၍ ဖြည်းညင်းစွာ လျှောက်သွားနေပြီး သူပြန်လှည့်လာသည့် အချိန်တွင်တော့ ပါတူ၏အနောက်ဘက်ကို တစ်လှည့်ပြန်ရောက်သွားပြန်သည်။

ပါတူက နောက်ပြန် တိုက်ခိုက်လိုက်သည့်အချိန်တွင် သူကတော့ ဘေးဘက်ကို တစ်လှမ်းတိုးလိုက်၏။ ပါတူက အာဂူလာ၏မျက်လုံးကို လှမ်းကြည့်လိုက်သည့် အချိန်တွင် သူနှင့်ပါတူက တစ်တန်းတည်း ဖြစ်နေသည့်အတွက် ပါတူ၏ အရပ်ရှည်ရှည် ကြံ့ခိုင်သည့် ခန္ဓာကိုယ်ကြီးက သူ့ခန္ဓာကိုယ်လေးကို လုံးဝ ဖုံးကွယ်ထားပေးသည်။

မုန့်ချီကတော့ ထိုအရာတစ်ခုလုံးကို ကလေးတစ်ယောက် ကစားသလို လုပ်ဆောင်နေခြင်း ဖြစ်ပုံရ၏။ တစ်ကိုယ်လုံး ချွေးများစိုရွှဲနေသော ပါတူကတော့ တခြားလူများ ရှိနေသော်လည်း အလွန်အမင်းကို ကြောက်လန့်နေခဲ့၏။

အာဂူလာက မုန့်ချီကို ပြောလိုက်သည်။

"ကျဲပိုင် …

မင်းက မြေခွေးဘုရင်နဲ့ တိုက်ခိုက်ဖူးတယ်ဆိုတာ ငါယုံပြီ…"

ကျဲပိုင်ကသာ မြေခွေးဘုရင်နှင့် တိုက်ခိုက်ခြင်းသာမရှိလျှင် ပါတူက မှားယွင်းသွားရန် လုံးဝ မဖြစ်နိုင်တော့ပေ။

အာဂူလာက မုန့်ချီအပေါ် အခေါ်အဝေါ် ပြောင်းလဲသွားခဲ့ပြီး မုန့်ချီကလည်း ထိုကဲ့သို့ အဆင့်မျိုးကို ရောက်နေသော ပညာရှင်တစ်ယောက်ဖြစ်ကြောင်း သိသွားခဲ့၏။

"ဒါဆိုရင် ကျုပ်က မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းကို ပူးပေါင်းဖို့ အခွင့်အရေးရနိုင်မလား…"

မုန့်ချီက ပြန်မေးလိုက်သည်။

"တခြားအဖွဲ့သားတွေက မင်းနဲ့ မြေခွေးဘုရင်ရဲ့ အမုန်းတရားတွေကိုတော့ ယုံကြည်ကြလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့နောက်ကြောင်းက မရိုးရှင်းတဲ့အတွက် သူတို့က မင်းကို ယုံကြည်ကြမှာ မဟုတ်ဘူး။ မင်းက နတ်ဆရာဆီမှာ သစ္စာဆိုပြီး မြေခွေးသုတ်သင်ရေးအဖွဲ့ရဲ့ အတွင်းရေးကိစ္စတွေကို ဘယ်သူ့ဆီမှ ပြန်မပြောပါဘူးလို့ ကတိပေးရမယ့်အပြင် တခြားအဖွဲ့သားတွေကို ထိခိုက်အောင်မလုပ်ပါဘူးလို့ ကတိပေးရလိမ့်မယ်…"

အာဂူလာက သူ့ကို တောင်းဆိုလိုက်သည်။

မုန့်ချီက ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ကောင်းပြီလေ…"

"သူက အဲဒီလိုတောင်းဆိုမှုမျိုးကိုတောင် သဘောတူရဲတာလား…"

ဝူအန်က အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် နတ်ဆရာတစ်ယောက်၏ ကျိန်စာကို ဖြေရှင်းရန် မလွယ်ကူကြောင်း သိနေခြင်းကြောင့် ဖြစ်၏။

အာဂူလာက ပြုံးလိုက်ပြီး အစောင့်တစ်ယောက်ကိုလွှတ်၍ ရင်းနှီးသော နတ်ဆရာတစ်ယောက်ကို ဖိတ်ခေါ်လိုက်သည်။ ထိုနတ်ဆရာက မြေခွေးသုတ်သင်ရေးအဖွဲ့အကြောင်း သိသွားမှာကို မကြောက်သလို ထင်ရ၏။

နတ်ဆရာက မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီးတော့ သူ၏ဝတ်စုံပေါ်တွင် ပန်းပွင့်များ ရှိနေသည်။ သူကတော့ ပိန်ပိန်ပါးပါးနှင့် ထက်မြက်သော မျက်လုံးတစ်စုံ ရှိ၏။ ဤနေရာတွင် နေထိုင်သူများအားလုံးက ထာဝရကောင်းကင်နှင့် များပြားလွန်းလှသော အထိမ်းအမှတ်ကျောက်တိုင်များကို ယုံကြည်ကြသည်။

နတ်ဆရာများကတော့ ထာဝရကောင်းကင်၏ ကိုယ်စားလှယ်များ ဖြစ်ကြ၏။ ရွှေအင်ပါယာမျိုးဆက်များကလွဲလျှင် မျိုးနွယ်ခေါင်းဆောင်များကပင် သူတို့ကို ရိုသေလေးစားကြရသည်။

နတ်ဆရာက သူ့လက်ထဲတွင် ဟီယာစုမျိုးနွယ်စု၏ အထိမ်းအမှတ်ကျောက်တိုင်ကို ကိုင်ထားပြီး တစ်စုံတစ်ခုကို ရေရွတ်နေသည်။ ခဏကြာ ရေရွတ်လိုက်ပြီးနောက် သူက မုန့်ချီကို သစ္စာဆိုရန် တောင်းဆိုလိုက်ပြီး သူ၏မျက်လုံးက အစိမ်းရင့်ရောင် ပြောင်းလဲနေ၏။

အာဂူလာက သူ့ကို သစ္စာဆိုရမည့် စကားလုံးများ ပြောပြထားသည်မှာ ကံကောင်းသွားသည်။ မဟုတ်လျှင် မုန့်ချီက မြက်ခင်းပြင်ဘာသာစကားကို မည်သို့ ဖတ်ရမည်ဖြစ်ကြောင်း မသိခဲ့ပေ။

သူက ဖြည်းညင်းစွာ သစ္စာဆိုလိုက်သည့်အချိန်တွင် နတ်ဆရာ၏ မျက်လုံးထဲမှနေ၍ အစိမ်းရင့်ရောင် အလင်းတန်းတစ်ခု ထွက်လာသည်ကို မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ကလည်း တစ်ကိုယ်လုံးကို ဖောက်မြင်နေရသလို ခံစားလိုက်ရပြီး သူ့ဆီသို့ ကံကြမ္မာမျဉ်းကြောင်းတစ်ခု ရောက်လာကြောင်း ခံစားမိလိုက်သည်။

ထိုကံကြမ္မာမျဉ်းကြောင်း၏ အစွန်းတစ်ဖက်ကတော့ နတ်ဆရာ၏ လက်ထဲတွင် ရှိနေသော အထိမ်းအမှတ်ကျောက်တိုင်ထဲတွင် ရှိနေ၏။ သူက စစ်ခုံထူဆီမှ ရခဲ့သော ကံကြမ္မာကျင့်စဉ်ကို အသုံးပြုလိုက်ပြီး သူတို့ကို လှည့်စားလိုက်သည်။

Translated by Hein Htet.

All Chapters