အခန်း (၄၆၇)
Vol. 32 Ch. 467
ရေလှိုင်းမီးတောက်ဓားဆီမှ ထွက်ပေါ်လာသော မီးတောက်များက မိုးကုတ်စက်ဝိုင်းထိအောင် ပျံ့နှံ့သွားခဲ့သည်။ ထိုအရာက လေလှိုင်းထဲတွင် မီးတောက်များ ပေါ်ပေါက်လာသည့်အလား မုန့်ချီက မှော်ဆန်သော ဓားသွား၏ အကူအညီနှင့် လေထဲကို ဖြတ်ကျော်လာနိုင်ခဲ့၏။
တစ်ဟုန်ထိုး ပျံသန်းနေသော သိန်းငှက်တစ်ကောင်၏ အရှိန်မျိုးနှင့် သူက ရှေ့ကို ရောက်သွားပြီး တစ်စက္ကန့်လေးအတွင်း မီတာ (၁၀၀) ကျော် ရောက်သွားခဲ့သည်။ သူက အမြင့်မှနေ၍ မြေခွေးဘုရင်ဆီကို ခုန်အုပ်လိုက်၏။
သို့သော် မြေခွေးဘုရင်ကတော့ ထိုအရာကို မျှော်လင့်ထားပုံရသည်။ သူက အနည်းငယ်လေးသာ ရပ်လိုက်ပြီး မုန့်ချီ၏ တိုက်ခိုက်မှုကို သက်သောင့်သက်သာ ရှောင်တိမ်းလိုက်၏။ သူက အရှိန်ကို မြှင့်တင်လိုက်ပြီး ထွက်ပြေးရန် အခွင့်အရေးကို ကောင်းကောင်းကြီး အသုံးချလိုက်သည်။
အဖိုးတန်လက်နက်၏ စွမ်းအားနှင့် စွမ်းရည်များကို သူ့စိတ်ကြိုက် ထိန်းချုပ်နိုင်ခြင်း မရှိချေ။ သူက ယာယီပျံသွားနိုင်သည့် စွမ်းရည်နှင့် အရှိန် ရှိနေသော်လည်း မြေခွေးဘုရင်ကို မမှီနိုင်သေးပေ။ သွက်လက်ပေါ့ပါးမှုနှင့် စွမ်းရည်ကို ပြည့်ပြည့်ဝဝ အသုံးချမှုအရာတွင် သူက အနည်းငယ် လိုအပ်နေသေးသည်။
ထိုအချိန်တွင် မုန့်ချီက လေထဲ၌ နေရာပြောင်းလဲလိုက်၏။ သူကတော့ သဘာဝတရားများကို ဆန့်ကျင်ပြီး လေထဲတွင် ကခုန်နေသော နတ်သမီးတစ်ပါးကဲ့သို့ မြေခွေးဘုရင်ဆီကို လေဟုန်စီးလာခဲ့ခြင်း ဖြစ်သည်။
မြေခွေးဘုရင်ဆီတွင် နောက်ထပ်လှည့်ကွက်များ မရှိတော့သည့်အတွက် မုန့်ချီ၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရုံသာ ရှိတော့သည်။ နှေးကွေးနေရာမှနေ၍ လှပသော တိုက်ခိုက်မှုများက ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်လာပြီး မုန့်ချီက မြေခွေးဘုရင်ကို ဒီရေလှိုင်းကြီးကဲ့သို့ ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်၏။
အနက်ရောင် တိမ်တိုက်ကြီးများက ခေါင်းပေါ်တွင် လှုပ်ရှားလာပြီး မြေပြင်ပေါ်တွင်လည်း ဧရာမမြွေကြီးများကဲ့သို့ လျှပ်စီးကြောင်းများ ကြားရောက်လာခဲ့သည်။ မိုးခြိမ်းသံများကလည်း ကမ္ဘာမြေပေါ်သို့ ကျဆင်းလာခဲ့၏။
"ဂျိမ်း ဂျိမ်း..."
လျှပ်စီးကြောင်းကြီးများက ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး မုန့်ချီ၏ဓားသွားနှင့် ပေါင်းစပ်၍ သေမင်းတမန်စွမ်းအားများ ပြည့်နှက်နေခဲ့၏။ ကောင်းကင်ပြစ်ဒဏ်ဓား၏ ပတ်ပတ်လည်တွင် လှုပ်ရှားကခုန်နေသော အစိမ်းရောင် လျှပ်စီးကြောင်းများက ကောင်းကင်အပြစ်ပေးမှုကဲ့သို့ မြေခွေးဘုရင်ဆီကို ကျရောက်လာပြီး တိုက်ခိုက်လိုက်သည်။
မြေခွေးဘုရင်ကတော့ အလွန်အမင်း စိုးရိမ်နေခဲ့ခြင်း မရှိချေ။ သူ့ဆီ၌ ရှိနေသည်မှာ သွေးဆာနေသော ခံစားချက်တစ်ခုသာ ဖြစ်သည်။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော ကိုယ်တွင်းပေါက်များဆီမှ မှေးမှိန်နေသော အလင်းရောင်များ တောက်ပလာ၏။
သူက ဘယ်လက်ထဲတွင် ရှိနေသော ကျောက်စိမ်းအရိုးများကို အသုံးပြုလိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးက သတ်ဖြတ်ရေး ဓားတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်ကြီးက သက်ရှိလူသားပေါင်း မြောက်မြားစွာကို ဖန်တီးပေးခဲ့၏။ သို့သော် လူသားများကတော့ မည်သည့်အရာကိုမျှ ပြန်မပေးခဲ့ပေ။
"သေလိုက်စမ်း..."
"ဂျိမ်း ဂျိမ်း ဂျိမ်း..."
ဓားအလင်းရောင်များက သူတို့၏ပတ်ပတ်လည်တွင် လှုပ်ရှားနေသည်။
အြေလွန်ကြောက်စရာကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်ပြီး ပြိုင်ဘက်၏ မိုးကြိုးအပြစ်ပေးမှုထဲတွင် အစွမ်းအထက်ဆုံး တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။ ထိုအရာက မုန့်ချီ၏အရှိန်အဝါ ဗဟိုတည့်တည့်လည်း ဖြစ်၏။
သူ၏ဓားအရှိန်အဝါက ရှေးကျပြီး ကြောက်စရာကောင်းသော်လည်း ပြောင်းလဲမှု မရှိခဲ့ချေ။ သို့သော် လူသတ်ချင်သည့် အငွေ့အသက်များ ပြည့်နှက်နေပြီး အမှောင်ကမ္ဘာခြမ်းနှင့် သက်ရှိများ၏ အဆုံးသတ် အနှစ်သာရများ ပြည့်နှက်နေသလို ဖြစ်နေသည်။ မိုးကြိုးအပြစ်ပေးမှုကပင် ထိုအရာကို ပြောင်းလဲနိုင်ခြင်း မရှိပေ။
မြေခွေးဘုရင်၏ အသွေးအသားများက ရှုံ့တွလာပြီး သူက ရှိရင်းဆွဲ ခန္ဓာကိုယ်ထက် ပို၍ပိန်လာခဲ့သည်။ သို့သော် မျက်လုံးထဲတွင် ရှိနေသော လူသတ်ချင်သည့် အငွေ့အသက်များကတော့ အနည်းငယ်လေးပင် မှေးမှိန်သွားခဲ့ခြင်း မရှိချေ။
မုန့်ချီ၏အကြည့်က အလွန်ပြတ်သားနေပြီး သူက အနည်းငယ်လေးပင် သံသယဝင်နေခြင်း မရှိဘဲ ဓားနှင့် ခုတ်ချလိုက်၏။
"အရင်နှစ်တုန်းကတော့ ငါက တံခါး (၈) ပေါက်ပဲ ပွင့်သေးတယ်။ ဒါပေမဲ့ မင်းကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် လုပ်နိုင်တယ်။ ဒီနေ့ ငါက အသာစီးရနေမှတော့ ဘာကိုကြောက်နေရမှာလဲ…"
"ဗုန်း..."
အစိမ်းရောင်မိုးကြိုးများက ပေါက်ကွဲသွားခဲ့ပြီး သတ်ဖြတ်ချင်စိတ်များကြောင့် အနီးအနားတွင် ရှိနေသော အစိမ်းရောင်မြက်ပင်များကို ညှိုးခြောက်သွားစေကာ ချက်ချင်း လောင်ကျွမ်းသွားစေခဲ့သည်။ လျှပ်စီးကြောင်းများကလည်း မြေပေါ်တွင် ပေါ်လာခဲ့၏။
ထိုအရာများက အရှိန်ပြင်းစွာ ကျဆင်းလာပြီး ညှိုးခြောက်နေသော သစ်ပင်များကို ပြန်လည်အသက်ဝင်လာစေခဲ့သည်။ မြေပြင်ပေါ်မှနေ၍ မြူခိုးများလည်း ထွက်ပေါ်လာခဲ့၏။
……….
ကီကျန်းအို၏ အပြင်ဘက်တွင် အိပ်ပျော်နေသော အာဂူလာက မိုးခြိမ်းသံများကို ကြားလိုက်ရသည်။ ဝေ့ကျင်းအဆင့် ပညာရှင်များ အားလုံးကလည်း မျက်လုံးဖွင့်လိုက်မိကြ၏။ ပါယန်တောင်ကြားက သူတို့၏အာရုံခံနိုင်စွမ်း အပြင်ဘက်တွင် ရှိနေသည်။
………
မြေခွေးဘုရင်က နောက်ကို ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားရ၏။ သူ၏ညာဘက်လက်က ဘေးတွင် တွဲလောင်းကျနေပြီး ပုခုံးက ကျွံဝင်သွားသည်။ သို့သော် သူ့လက်ကတော့ ယခင်တစ်ခေါက်ကကဲ့သို့ ကျိုးသွားခဲ့ခြင်း မရှိချေ။ လွန်ခဲ့သောနှစ်အတွင်း သူက ညာဘက်လက်ကို ကြောက်စရာကောင်းသော အရာတစ်ခုခု လုပ်ဆောင်ခဲ့ပုံရသည်။
ညာဘက်လက်တွင် ရှိနေသော မုန့်ချီ၏သွေးကြောများကလည်း မြေခွေးဘုရင်၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ သူ့လက်က ထုံကျင်သွားသလို ခံစားလိုက်ရပြီး ပင်မဝိညာဉ်ထဲတွင် နာကျင်သွားခဲ့၏။ သူက အတွင်းဒဏ်ရာများစွာ ရသွားခဲ့သည်။
သူ့ခြေထောက်က မြေပြင်နှင့် ထိသွားသည့်အချိန်တွင် သူက လေးကြိုးတစ်ခုကဲ့သို့ ပြန်ကန်လာပြီး စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံး၍ ရေလှိုင်းမီးတောက်ဓားနှင့် လှပစွာ တိုက်ခိုက်လိုက်သည်။ သူ၏ဓားဆန္ဒများက မြေခွေးဘုရင်ဆီကို အရင်ဆုံး ရောက်ရှိသွားခဲ့ပြီး ပြောင်းလဲမှုမရှိသော သူ၏ဓားချက်က ပြောင်းလဲမှုပေါင်းများစွာကို သေချာပေါက် အနိုင်ရမည့်ပုံ ရှိသည်။
မျက်လုံးများ နီရဲနေသော မြေခွေးဘုရင်က သွေးအဆီအနှစ်ကို ထွေးထုတ်လိုက်၏။ သူ့ညာလက်က ဘယ်ဘက်ပုခုံးပေါ်သို့ ဖိထားပြီး အားနှင့် ဆွဲဖြတ်ပစ်လိုက်သည်။ ထို့နောက် သူက လှံတစ်ချောင်းကို သုံးနေသည့်အလား သူ၏ဘယ်လက်နှင့် ပြိုင်ဘက်ကို တိုက်ခိုက်လိုက်သည်။
သူ၏လက်ထဲမှ အစိမ်းရင့်ရောင်အရိုးများ ပေါ်လာပြီး လက် (၅) ချောင်းက ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ပြည့်နှက်နေသော လက်သည်းတစ်စုံကဲ့သို့ ဖြစ်နေသည်။ ကြောက်စရာကောင်းသော လက်သည်းများက မုန့်ချီ၏ ကောင်းကင်နတ်သမီးကျင့်စဉ်ကို တားဆီးနိုင်ခဲ့သည်။
မုန့်ချီကတော့ ရပ်တန့်နေခဲ့ခြင်းမရှိဘဲ ဆက်လက် တိုက်ခိုက်နေခဲ့၏။ သူက ဓားကိုမြှောက်ပြီး ရှေ့ကို တစ်လှမ်း တိုးလာခဲ့သည်။
"သေလိုက်စမ်း..."
သူ့လေသံက မိုးခြိမ်းသံများကဲ့သို့ဖြစ်နေပြီး သူ့ဓားက နတ်ဘုရားအပြစ်ပေးမှုကဲ့သို့ ဖြစ်နေသည်။
ကျယ်လောင်သော ပေါက်ကွဲသံများ ကြားထဲတွင် လျှပ်စီးကြောင်း (၅) ခုလည်း ရှိနေခဲ့၏။ အစိမ်းရောင်လျှပ်စီးကြောင်းများက တောင်ကြားတစ်ခုလုံးတွင် လင်းလက်တောက်ပနေပြီး မုန့်ချီက ဓားကိုမြှောက်၍ ပြိုင်ဘက်ကို ခုတ်နေခဲ့၏။
မြေခွေးဘုရင်က ရက်စက်ကြမ်းကြုတ်မှုကို အသုံးချပြီး သူ၏ကိုယ်ပိုင်အစွမ်းနှင့် ပြိုင်ဘက်၏ စွမ်းအားများကို တုံ့ပြန်တိုက်ခိုက်နေရသည်။ သူက နောက်တစ်ကြိမ် သူ့ဓားကို ပုံသဏ္ဌာန် ပြောင်းလဲလိုက်၏။ အလင်းရောင်များအောက်တွင် သူ၏အရေပြားနှင့် အရိုးများအားလုံးပေါ်လာသည်။ သို့သော် အရှိန်အဝါကတော့ တစ်နေရာတည်းတွင် လျင်မြန်စွာ စုစည်းလာခဲ့၏။
ထိုအရာက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် (၄) ယောက်ကို သတ်ပစ်ခဲ့သည့် အချိန်တွင် တွေ့မြင်ခဲ့ရသော ရက်စက်ကြမ်းကြုတ်မှုများနှင့် ရောနှောနေခဲ့သည်။ သူက ဓားကို ဝှေ့ယမ်းလိုက်ပြီး မုန့်ချီ၏စွမ်းအားများကို ကြိုဆိုလိုက်၏။
"ဘုန်း..ဗုန်းး…."
ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာပြီး ကျောက်တုံးများ ပျက်စီးသွားသည်။ မြေခွေးဘုရင်၏ ပတ်ပတ်လည်တွင်လည်း အလင်းတန်းများ တောက်ပလာနေပြီး သူ၏ပတ်ပတ်လည်က ဖုန်းဆိုးမြေကြီးတစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။
မုန့်ချီက မြေခွေးဘုရင်၏ မျက်လုံးထဲကို စိုက်ကြည့်နေခဲ့၏။ သူ၏မျက်လုံးတစ်ဖက်က သတိထားနေပြီး တခြားတစ်ဖက်ကတော့ အေးစက်နေသည်။ သို့သော် ထိုမျက်လုံးထဲတွင် လျှပ်စီးကြောင်းများ ရှိနေ၏။
မြေခွေးဘုရင်၏ ညာလက်ကလည်း ကျိုးနေပြီး ဆက်လက် တိုက်ခိုက်နိုင်ခြင်း မရှိတော့ချေ။ သူ၏ပါးစပ်မှနေ၍ သွေးများ စီးကျလာနေခဲ့၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း လျှပ်စီးကြောင်း အမှတ်အသားများနှင့် ထူးဆန်းသော မိုးကြိုးပုံစံကွက်များ ရှိနေသည်။
မုန့်ချီ၏ အခြေအနေကလည်း ပိုကောင်းနေခြင်း မရှိချေ။ သူ၏ညာဘက်လက်ပေါ်တွင် လွှမ်းခြုံထားသော ရွှေရောင်အလင်းတန်းများက မှေးမှိန်နေပြီး အရေပြားပေါ်တွင် သွေးကြောများ ဖောင်းတက်နေသည်။ နှုတ်ခမ်းထောင့်မှနေ၍ သွေးများ စီးကျလာနေပြီး မျက်နှာပေါ်တွင် အနက်ရောင် မျဉ်းကြောင်းတစ်ခု ဖြစ်နေသည်။ ကျဆင်းလာသော မိုးရေစက်များကပင် သူတို့ကို အကူအညီ မပေးနိုင်ခဲ့ပေ။
မြေခွေးဘုရင်က အနည်းငယ် လှုပ်ရှားနေပြီး အတော်လေး အားနည်းနေပုံရ၏။
"သေလိုက်စမ်း..."
မုန့်ချီက အားတင်းလိုက်ပြီး ဘယ်လက်ထဲတွင် ဓားကိုကိုင်၍ တိုက်ခိုက်လိုက်သည်။
မြေခွေးဘုရင်၏ မျက်လုံးများကတော့ ရေခဲတမျှ အေးစက်နေပြီး အားနည်းသည့် အငွေ့အသက်များ ပေါ်မနေခဲ့ပေ။ ထိုအချိန်တွင် သူ၏မျက်ခုံးက ရုတ်တရက် ဖောင်းကားလာပြီး အမှောင်ထုတစ်ခုက သူ့ကို လွှမ်းမိုးသွားခဲ့၏။ သူ၏သတ်ဖြတ်ချင်စိတ်များကလည်း သတ်ဖြတ်ရေး ဓားတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့၏။
ထိုကဲ့သို့ အရေးကြီးသည့် အခြေအနေမျိုးတွင် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် (၄)ယောက်ကို သတ်ပစ်ရာမှ ရရှိလာသော အရှိန်အဝါများကို စုစည်းပြီး သေရေးရှင်ရေး အခြေအနေမျိုးတွင်ပင် မည်သည့်အရာကိုမျှ စောင့်မနေဘဲ အဆင့်တက်ရန် ရွေးချယ်လိုက်သည်။
သူသာ အောင်မြင်သွားမည်ဆိုလျှင် ပြီးပြည့်စုံသော ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ဖြစ်နိုင်ပြီး ရှုံးနိမ့်သွားမည်ဆိုလျှင်တော့ ဟယ်ကျူးနှင့် ဝမ်စစ်ယွမ်တို့လို ခြေတစ်လှမ်းတည်းနှင့် ဝေ့ကျင်းအဆင့်ကိုရောက်ရန် မျှော်လင့်ချက်ကို ဆုံးရှုံးသွားနိုင်သည်။ ထိုအရာက သူ၏နောက်ဆုံး တိုက်ခိုက်မှုဖြစ်ပြီး အကျိုးသက်ရောက်မှု အရှိဆုံးလည်း ဖြစ်၏။
"သူက ထွက်ပြေးချင်နေတာလား..."
ထိုအရာက မုန့်ချီ၏ခေါင်းထဲတွင် ပထမဆုံးပေါ်လာသော အတွေးတစ်ခု ဖြစ်၏။
"ဒါပေမဲ့ သူက ဘယ်လိုထွက်ပြေးနိုင်မှာလဲ..."
ဂရုတစိုက် လေ့ကျင့်ထားသော စိတ်ဝိညာဉ်စွမ်းအားကြောင့် မုန့်ချီက သူ၏စိတ်ဓာတ်ကျမှုများ ၊ ကြောက်လန့်မှုနှင့် ခံစားချက်များကို အလွယ်တကူ ဖယ်ရှားနိုင်သည်။ သူ၏မျက်လုံးများက ကြည်လင်တောက်ပနေပြီး ရေလှိုင်းမီးတောက်ဓားကို ခိုင်ခိုင်မြဲမြဲနှင့် ဆက်၍ တိုက်ခိုက်နေသေး၏။
"တကယ်လို့ မင်းက အဆင့်တက်ဖို့ အောင်မြင်သွားမယ်ဆိုရင်တောင် မင်းရဲ့အဆင့်က အခုအချိန်ထိ မတည်ငြိမ်သေးဘူး။ ပြီးတော့ မင်းက မတည်ငြိမ်တဲ့အချိန်မှာ အဆင့်တက်ဖို့ ကြိုးစားနေတာပဲ…"
သေခြင်းရှင်ခြင်း၏ ကြားထဲတွင် မျဉ်းကြောင်းပါးပါးလေးသာ ခြားထားသည်။ အကယ်၍ မြေခွေးဘုရင်မသေလျှင် သေရမည်မှာ သူကိုယ်တိုင် ဖြစ်သွားနိုင်၏။
သူ၏ဓားအလင်းတန်းက တောက်ပပြီး ကြည်လင်သန့်ရှင်းနေသည်။ အလွန်လှပလွန်းလှသည့် အတွက် ဖော်ပြရန် စကားလုံးပင် မရှိချေ။ သို့သော် ယခင်တုန်းက ကောင်းကင်မီးတောက်နှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုဓား၏ လှုပ်ရှားမှုကတော့ ပို၍ပင် အလျင်လိုနေကြောင်း ခံစားမိနေသည်။
သူက နောက်ဆုတ်ရန် ဆန္ဒမရှိဘဲ ရှေ့ကိုသာ ဆက်သွားနေပြီး (၂) ယောက်တည်းတွင် တစ်ယောက်ယောက် မသေမချင်း ရပ်တန့်မည့်ပုံ မရှိချေ။ ထိုဓားက ကြွေကျလာသော ကြယ်တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး မြေခွေးဘုရင်ဆီကို ဦးတည်သွားခဲ့၏။
မြေခွေးဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်ရေးဓားပေါင်းများစွာ ဝိုင်းရံနေသည်။ ထိုဓားများက ထိုးဖောက်ရန် ခက်ခဲသော အကာအကွယ် မျက်နှာပြင်တစ်ခုကဲ့သို့ ဖြစ်ပေါ်နေခဲ့၏။
ချီစွမ်းအင်များကလည်း တဖြည်းဖြည်း စုစည်းလာနေပြီး တိုက်ခိုက်နေချိန်တွင် မုန့်ချီ၏ အငွေ့အသက်များကလည်း မြေခွေးဘုရင်၏ အရှိန်အဝါကဲ့သို့ မြင့်တက်လာခဲ့သည်။
"ချွမ်..."
သူတို့၏ နှလုံးသားထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။
မုန့်ချီကလည်း အတားအဆီးတစ်ခုကို ဖြတ်ကျော်သွားသည့်အလား သူ၏သိစိတ်များက ရုတ်တရက် မြင့်တက်လာခဲ့သည်။ မြေသားများ၏ရနံ့ ၊ မိုးကြိုးအမှတ်အသားများဆီမှ ထွက်ပေါ်လာသော ညှော်နံ့များ ၊ မြေအောက်ထဲတွင် ရှိနေသော ပိုးကောင်များ ၊ ညခင်းပိုင်း တိုက်ခိုက်နေသော လေပြေလေညင်း ၊ ဓားချီစွမ်းအင်များမှ ဖြစ်ပေါ်လာသော သတ်ဖြတ်ရေးဓား ၊ စသည့် အရာများအားလုံးက မုန့်ချီ၏ခေါင်းထဲကို ဝင်လာခဲ့သည်။
ထိုအချိန်တွင် သူနှင့် ကမ္ဘာမြေကြီးက ခွဲခြား၍ မရနိုင်တော့ကြောင်း ခံစားမိလာခဲ့သည်။ မြေပြင်ကြီးက စတင်လှုပ်ရှားလာပြီး ချီစွမ်းအင်ပင်လယ်ကြီးကဲ့သို့ ဖြစ်ပေါ်လာသည်။ သူကတော့ ပင်လယ်ကြီးထဲတွင် ရှိနေသော ပူပေါင်းထဲသို့ ဝင်ရောက်လာပြီး သူ၏ကိုယ်တွင်းပေါက်များကို ဖွင့်၍ အသက်ရှူနိုင်၏။
"ကမ္ဘာကြီးရဲ့မျက်လုံးက ငါ့ရဲ့ကိုယ်ပိုင်ဖြစ်လာပြီ…"
အနီးအနားတွင် ဖြစ်နေသော အရာအားလုံးက သူ့ခေါင်းထဲတွင် ပေါ်လာပြီး မြေခွေးဘုရင်၏ ခေါင်းအစ ခြေအဆုံး ဆံပင်မွှေး အရေအတွက်ကိုပင် သိလာခဲ့သည်။ သူက မြေခွေးဘုရင်၏ ချီစွမ်းအင်စီးဆင်းမှုကို စစ်ဆေးနိုင်ခြင်း မရှိသော်လည်း သတ်ဖြတ်ချင်စိတ်များမှ ဖြစ်ပေါ်လာသော သတ်ဖြတ်ရေးဓားက သူ့အတွက် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။
ထိုအချိန်တွင် အနီရောင် ဓားအလင်းတန်းများက လွတ်လပ်စွာ တုန်ခါနေပြီး ကူးခက်နေသော ငါးလေးများကဲ့သို့ မုန့်ချီဆီကို စီးဆင်းလာခဲ့၏။ ထိုအရာများက အန္တရာယ်အငွေ့အသက်များ ရှိနေသော်လည်း သူက အတားအဆီးတိုင်းကို ရှောင်တိမ်းနိုင်သည်။ အလွန်တောက်ပသော ဓားအလင်းတန်းတစ်ခုက အမှောင်ထုကြီးကို ထိုးဖောက်သွားခဲ့၏။
အနီးအနားတွင် ရှိနေသော တောင်တန်းများ ၊ ကျောက်တုံးများနှင့် မြေပြင်များ အားလုံးကလည်း တစ်ချိန်တည်းလိုလိုပင် သူတို့၏အုတ်မြစ်ကို ဆုံးရှုံးလိုက်ရပြီး ရွှံ့သားများအဖြစ် ပြောင်းလဲသွားသည်။ အနက်ရောင် အငွေ့များကလည်း ကောင်းကင်ကြီးနှင့် ပေါင်းစပ်သွားခဲ့၏။
ထိုအရာက ဒေါ်လေးပိုင်၏ အဆင့်တက်မှုနှင့် တူညီနေသည်။ ကြည့်ရသည်မှာ မြေခွေးဘုရင်က အောင်မြင်သွားသလို ထင်မှတ်ရ၏။ အမှောင်ထုကြီးက ပျောက်ကွယ်သွားသည်။ မှေးမှိန်နေသော အလင်းတန်းများက တိမ်တိုက်များကို ထိုးဖောက်ပြီး တောင်ကြားထဲတွင် လင်းလက်လာ၏။
မုန့်ချီက မြေခွေးဘုရင်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေပြီး သူ့ဓားက လက်ထဲမှနေ၍ ကျနေသည်။ သူ၏ရင်ဘတ်တွင် ဒဏ်ရာကြီးတစ်ခုရှိနေပြီး ရွှေရောင်အလင်းတန်းတစ်ခု တောက်ပနေသည်။ သူက သိပ်မကြာခင် သေရတော့မလို ထင်မှတ်ရ၏။
သူ၏ဒဏ်ရာထဲတွင် ရှိနေသော သွေးသားများက ညှိုးခြောက်နေပြီး ကိုယ်တွင်းအင်္ဂါများကို လျင်မြန်စွာ တိုက်စားနေသည်။ ထိုအရာက အတော်လေးကို ထူးဆန်းလှ၏။ ထို့ပြင် မုန့်ချီ၏ စိတ်ထဲတွင်တော့ အတော်လေးကို စိတ်ဓာတ်ကျနေပြီး ခန္ဓာကိုယ်ထဲတွင်လည်း မည်သည့်အစွမ်းမျှ မရှိတော့ချေ။
မြေခွေးဘုရင်၏ ပိန်ပိန်ပါးပါး မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ ပေါ်လာခြင်းမရှိဘဲ သူ၏မျက်လုံးများက အေးစက်နေဆဲသာ ဖြစ်သည်။ သို့သော် သူ၏မျက်ခုံးပေါ်တွင်တော့ ဓားဒဏ်ရာအသစ်တစ်ခု ပေါ်လာခဲ့သည်။ ထိုဒဏ်ရာမှနေ၍ သွေးများစီးကျလာနေပြီး သူ၏နဖူးပေါ်မှ နှာခေါင်းထိအောင် ဒဏ်ရာက ရောက်နေသည်။ သူက အသံတိုးတိုးနှင့်အတူ လောင်ကျွမ်းနေသော မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။
ရေလှိုင်းမီးတောက်ဓား၏ အလင်းရောင်ကလည်း ကောင်းကင်ပေါ်သို့ မြင့်တက်သွားပြီး အလွန်ထက်မြက်သော ဓားထိပ်ဖျားက သွေးများကို စုပ်ယူသွားခဲ့သည်။
"ဗုန်း..."
မြေခွေးဘုရင်က မြေပေါ်ကို မျက်နှာနှင့်မှောက်လျက် လဲကျသွားခဲ့သည်။ သူ၏အသက်စွမ်းအင်များအားလုံးလည်း ပျောက်ကွယ်သွား၏။ သေဆုံးသွားသည့် အချိန်ထိပင် သူက လုံးဝကို တွေဝေခြင်း ၊ ရှုပ်ထွေးခြင်း ၊ နောင်တရခြင်း မရှိခဲ့ပေ။ သူကတော့ အဆုံးထိအောင် သွေးဆာနေဆဲ အေးစက်နေဆဲသာ ဖြစ်သည်။
မုန့်ချီ ကိုယ်တိုင်လည်း မြေပြင်ပေါ်သို့ မျက်နှာအပ်၍ လဲကျသွားခဲ့၏။ နောက်ဆုံးတွင်တော့ စွမ်းအားကုန်ဆုံးမှုက သူ့ကို လွှမ်းမိုးလာပြီး သူလည်း မဟန်နိုင်တော့ပေ။ သူ၏စွမ်းအားများအားလုံး ကုန်ဆုံးသွားခြင်းက ရိုးရှင်းနေခြင်း မရှိချေ။
ထိုအရာက မြေခွေးဘုရင်၏ ပြီးပြည့်စုံသော ဝေ့ကျင်းတစ်ဝက်အဆင့် တိုက်ခိုက်မှုကြောင့်လည်း ဖြစ်သည်။ အကယ်၍ သူကသာ ကောင်းကင်နှင့် မြေကြီးတစ်သားတည်းအဆင့်ကို မရောက်ခဲ့လျှင် သူကိုယ်တိုင်လည်း မြေခွေးဘုရင်နှင့်အတူ သေဆုံးသွားနိုင်သည်။
အစောပိုင်းတွင် သူတို့ဖန်တီးခဲ့သော လှုပ်ရှားမှုများအရ အနီးအနားတွေ ရှိနေသော ပညာရှင်များက သတိထားမိနိုင်ကြောင်း သူက သိနေခဲ့၏။ သို့သော် သူကတော့ လက်ချောင်းလေးများကို လှုပ်ရှားချင်စိတ်ပင် မရှိခဲ့ချေ။
တိတ်ဆိတ်နေသည့်အချိန်တွင် သူ၏ပင်မဝိညာဉ် ပင်လယ်ကြီးက ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားကြောင်း ခံစားလိုက်ရ၏။ သူကတော့ မြေသားရနံ့တစ်ခုကိုသာ ခံစားမိနေသည်။
အနီးအနား ရေကန်ထဲတွင် ကူးခတ်နေသော ငါးများကလည်း အစောပိုင်းတွင် ကျဆင်းလာသော မိုးကြိုးများကြောင့် လှုပ်ရှားသွားခဲ့၏။ အလွန်တောက်ပသော ကြယ်များက နေမင်းကြီးကိုယ်တိုင်ဖြစ်ပြီး တစ်ခုနှင့် တစ်ခုထပ်နေသော ကြယ်စုတန်းတစ်ခုကဲ့သို့ စီးဆင်းနေသည်။ သူတို့၏မူလဇစ်မြစ်က အတူတူသာ ဖြစ်၏။
မုန့်ချီက လေပူများကို မှုတ်ထုတ်လိုက်မိပြီး ခန္ဓာကိုယ်က သက်သောင့်သက်သာ ရှိသွားသလို ခံစားလိုက်ရသည်။ သူက နက်မှောင်နေသော တိမ်တိုက်များကိုကြည့်ပြီး တိမ်တိုက်များထဲမှ ဖြတ်ကျော်လာသော ကြယ်အလင်းတန်းများကို ကြည့်နေခဲ့သည်။ သူ့ခေါင်းထဲတွင်လည်း အတော်လေးကို ငြိမ်းအေးသွားသလို ခံစားလိုက်ရ၏။
နောက်ပိုင်းတွင်တော့ သူက အဝေးတွင်ရှိနေသော နေမင်းကြီး၊ ကြယ်များနှင့် မဟူရာတွင်းနက်ကြီးများ၏ တုံ့ပြန်မှုကို ခံစားမိနိုင်သည်။ သို့သော် ယခု သူမော့ကြည့်လိုက်သည့်အချိန်တွင်တော့ မည်သည့်အရာကိုမျှ မခံစားမိခဲ့ပေ။
ထိုအရာက လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့် ဖြစ်၏။ သူ့အတွက် ဘေးဖယ်ထား၍ မရနိုင်သော အဆင့်တစ်ခုလည်း ဖြစ်သည်။ သူ၏လမ်းကြောင်းနှင့် သဘာဝကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ထိုအရာက သင့်တော်နေ၏။ သင့်တော်သော သွေးကြောမှတ်များကလည်း ပင်မချီစွမ်းအင်များကို ဖယ်ထုတ်နေသည်။
တလက်လက် တောက်ပနေသော ကြယ်များနှင့် မဟူရာတွင်းနက်ကြီး၏ အလယ်တွင် နေလုံးကြီးက တိတ်တဆိတ် မြင့်တက်လာခဲ့၏။ သူ၏စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်စွမ်းအားများကလည်း ပုံမှန်အခြေအနေကို ပြန်ရောက်လာသည်။ သူကတော့ ရေပူစမ်းထဲတွင် ရေချိုးနေသည့်အလား သက်သောင့်သက်သာရှိသလို ခံစားနေရ၏။
သူက မတ်တပ်ပြန်ရပ်လိုက်ပြီး စွမ်းအားပြန်ဖြည့်ဆေးတစ်လုံးကို သောက်လိုက်သည်။ ထို့နောက် မြေခွေးဘုရင်၏ ခန္ဓာကိုယ်ကို ရှာဖွေကြည့်လိုက်ပြီး အနားကို မည်သူမျှ ရောက်မလာခင် ထွက်သွားရန် အကောင်းဆုံး ကြိုးစားလိုက်သည်။
သူက မြေခွေးဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အရာမျှ မတွေ့ခဲ့ပေ။ သူ၏လက်ထဲတွင် ကိုင်ထားသော ထူးဆန်းသည့် အစိမ်းရင့်ရောင် ဓားတစ်ချောင်းသာ ရှိသည်။
…….
ဆက်တိုက် ထွက်ပေါ်လာသော မိုးခြိမ်းသံများကြောင့် အာဂူလာက ကြောက်လန့်နေသော ငှက်တစ်ကောင်ကဲ့သို့ ခံစားနေရ၏။ သူ့ခေါင်းထဲတွင်လည်း အတွေးတစ်ခု ပေါ်လာသည်။
"မြေ မြေခွေးဘုရင်က အနီးအနားမှာ အဆင့်တက်နေတာများလား။ ဘာလို့မိုးမရွာပဲနဲ့ ကီကျန်းအိုမှာ မိုးခြိမ်းသံတွေ ကြားနေရတာလဲ…."
သူကတော့ အလွန်ထိတ်လန့် ကြောက်ရွံ့နေခဲ့သည်။
"ငါက မနက်မိုးလင်းတာနဲ့ တောင်ပိုင်းကိုသွားပြီး အလယ်ပိုင်းနယ်မြေထဲမှာ ပုန်းနေမယ်…"
အာဂူလာက ဆုံးဖြတ်လိုက်၏။ အကယ်၍ သူသာ သေသွားမည်ဆိုလျှင် ပုန်း၍ရနိုင်ဦးမည်လော။ ထိုညက သူ့အတွက်တော့ အလွန်ဆိုးရွားသော နှိပ်စက်မှုတစ်ခုကဲ့သို့ ခံစားမိနေသည်။
နောက်ဆုံးတွင်တော့ အာဂူလာက ပထမဆုံး အလင်းရောင်လေးကို မြင်လိုက်ရသည့်အချိန်တွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ သူက အစောင့်များကို အထုပ်အပိုးများသိမ်းရန် အမိန့်ပေးလိုက်သည့်အချိန်တွင် တဲဝင်ပေါက်က ပွင့်သွားကြောင်း မြင်လိုက်ရ၏။ လူတစ်ယောက် အထဲကိုဝင်လာခဲ့သည်။
"ဘယ်သူလဲ..."
သူက အံ့အားသင့်စွာ အော်ပြောလိုက်ပြီး ထိုလူ၏ရိုင်းပြမှုကို ပြစ်တင်ကြိမ်းမောင်းရန် ပြင်ဆင်လိုက်၏။
"အပြင်ဘက်မှာရှိတဲ့ အစောင့်တွေက ဘာလုပ်နေတာလဲ။ တကယ်လို့ ငါသာ သူတို့ကိုအားကိုးပြီး မြေခွေးဘုရင်ရဲ့လက်ကနေ လုံခြုံချင်တယ်ဆိုရင် အကြိမ် (၁၀၀)လောက် သေနေလောက်ပြီ….”
အာဂူလာ၏ စကားလုံးများက လည်ချောင်းထဲတွင် တစ်သွားခဲ့၏။ ထိုအစား သူက အလွန်ထိတ်လန့်သွားခဲ့ပြီး ရောက်လာသည့်သူကို မြင်သည့်အချိန်တွင် အတော်လေး ဝမ်းသာသွားခဲ့၏။
"ညီလေးကျဲပိုင် …
နောက်ဆုံးတော့ မင်းက ထွက်လာပြီလား။ ငါ တောင်ပိုင်းကို သွားချင်လို့ ငါ့ကို အမြန်ကာကွယ်ပေးပါ…"
ထိုလူက မုန့်ချီဖြစ်ကြောင်း အာဂူလာက မှတ်မိသွားသည်။ တစ်ဖက်လူ၏ မျက်နှာက မုတ်ဆိတ်များ ရှင်းလင်းထားသည့်အတွက် ပို၍ပင် ချောမောခန့်ညားနေသေး၏။ သို့သော် သူ၏ဆံပင်များက ရှုပ်ပွနေပြီး ခန္ဓာကိုယ်ပေါ်တွင် သွေးများ ပြည့်နှက်နေသည်။ သူ့လက်ထဲတွင် ဦးခေါင်းတစ်ခုကို ကိုင်ထား၏။
"မင်း..."
အာဂူလာက သတိလက်လွတ်ဖြစ်သွားပြီး မေးလိုက်မိ၏။
မုန့်ချီက ထိုဦးခေါင်းကို အာဂူလာ၏ ခြေထောက်ဆီသို့ လှမ်းပစ်လိုက်သည်။
"မြေခွေးဘုရင်က ထပ်ပြီး မလာနိုင်တော့ဘူး…"
သူက တည်ငြိမ်စွာ ပြောလိုက်သည်။
အာဂူလာကတော့ မျက်လုံးပြူးသွားခဲ့၏။ သူက ထိုဦးခေါင်းကိုကြည့်ပြီး တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ အိပ်မက်ဆိုးများ မက်နေသလိုပင် ခံစားနေရ၏။
ထို့နောက် မုန့်ချီက စကားတစ်ခွန်းမျှမပြောဘဲ တဲထဲမှ တည်ငြိမ်စွာ ထွက်သွားသည်ကို မြင်လိုက်ရသည်။ သူ့ဆီတွင် အကန့်အသတ်မရှိသော အငွေ့အသက်မျိုး ရှိနေ၏။
"သူ သူတကယ်ပဲ မြေခွေးဘုရင်ကို သတ်လိုက်တယ်။ မြေခွေးဘုရင်ကို သူ တစ်ယောက်တည်း သတ်လိုက်တာပဲ…"
အာဂူလာကတော့ မယုံကြည်နိုင်သလို ဖြစ်နေခဲ့၏။
တဲဝင်ပေါက်က နောက်တစ်ကြိမ် ပွင့်သွားပြီး နေရောင်ခြည်များက မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး သူ၏အဝတ်အစားပေါ်တွင် သွေးများ ပေနေသည်။ ထိုအရာကတော့ အာဂူလာ၏ စိတ်ထဲတွင် လုံးဝ မေ့ပျောက်၍ မရနိုင်သော မြင်ကွင်းတစ်ခု ဖြစ်နေခဲ့၏။
…………….
လော့ရန်တွင် ရှိနေသော ယပ်တောင် (၆) လက်ကျောင်းတွင် …
လူဆိုးထိန်းခေါင်းဆောင်က အရှေ့ပိုင်းမှ ရောက်လာသော သတင်းများကို ဖတ်နေ၏။ သူကတော့ အလွန်ထိတ်လန့် အံ့သြသွားခဲ့သည်။
"မြေခွေးဘုရင်က နောက်ထပ် ဝေ့ကျင်းအဆင့်ပညာရှင်တစ်ယောက်ကို သတ်လိုက်တာလား။ သူကတော့ ရူးနေပြီ…”
“သူက တော်တော်လွန်နေပြီ။ သူက လွန်ခဲ့တဲ့နှစ် (၁၀၀) အတွင်း လူငယ်မှတ်တမ်းမှာ အဆိုးရွားဆုံး လူတစ်ယောက်ပဲ။ သူက ပြီးပြည့်စုံတဲ့ ဝေ့ကျင်းတစ်ဝက်အဆင့်ကို မရောက်သေးပေမယ့် သာမန်ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကို ထမင်းစားရေသောက်သလို သတ်ပစ်နိုင်နေတယ်။ ဒါ ဒါက အရမ်းကို လွန်လွန်းအားကြီးတယ်…"
သူတို့က မြေခွေးဘုရင်၏ တိုက်ပွဲမှတ်တမ်းများကို စုဆောင်းထားပြီးမှ ထုတ်ပြန်ရန် စဉ်းစားထားကြသည်။
ထိုအချိန်တွင် လူဆိုးထိန်းတစ်ယောက်က အခန်းထဲကို အော်ကြီးဟစ်ကျယ် ဝင်လာခဲ့၏။
"မြောက်ပိုင်းကနေ အရေးကြီးသတင်းရောက်လာတယ်…”
"ဘာလဲ။ မြေခွေးဘုရင်က နောက်ထပ် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ကို သတ်ပစ်လိုက်တာလား…"
လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားသည့်အလား မေးလိုက်သည်။
"မဟုတ်ဘူး။ ကျွန်တော်လည်း သေချာမသိဘူး…"
သူက စာကိုဖြဲလိုက်သည်။ ရုတ်တရက်ဆိုသလို ခေါင်းခါပြီး စာရွက်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။
"ဒါ ဒါ..."
သူက အထစ်ထစ်အငေါ့ငေါ့နှင့် စကားဆက်မပြောနိုင်တော့ပေ။
လူတိုင်းက စာရွက်ကို စိုက်ကြည့်နေကြပြီး စာရွက်ပေါ်တွင်ရေးထားသော စကားလုံးများကို မြင်လိုက်ရ၏။
"သတ်ဖြတ်ရေးဓားက ပါယန်တောင်ကြားထဲမှာ မြေခွေးဘုရင်ကို သတ်ပစ်လိုက်ပြီ.."
ထိုစကားလုံးများက သူတို့၏ငြိမ်းချမ်းမှုကို ဖြိုခွဲလိုက်သော မိုးခြိမ်းသံကြီးတစ်ခုကဲ့သို့ ဖြစ်နေလေသည်။
Translated by Hein Htet