အခန်း (၄၆၈)
Vol. 32 Ch. 468
မြစ်အရှေ့ပိုင်း ဝမ်အန်းတွင် ရှိနေသော ကောင်းကင်ကံကြမ္မာကျောင်းဆောင်….
တစ်ရက်ပြီးတစ်ရက်ဆိုသလို သတ်ဖြတ်ခြင်းရပ်တန့်သူက သူမ၏ပုဆိန်နှင့် ထင်းများကိုသာ ခွဲနေခဲ့သည်။ အလွန်လှပသော သူမ၏မျက်ခုံးများကတော့ တစ်ချိန်လုံး မျက်မှောင်ကြုတ်နေသည့်အတွက် မည်သည့်အရာကိုမျှ စိတ်တိုင်းမကျသလိုဖြစ်နေသည်။ ထို့ကြောင့် သူမက ထင်းခွဲခြင်းအစား မည်သည့်အရာကိုမျှ မလုပ်ခဲ့ပေ။
"ဖြောင်း…"
ပုဆိန်က သူမ၏လက်ထဲမှ ချော်ထွက်သွားပြီး ရုတ်တရက် မြေပေါ်သို့ လွတ်ကျသွားခဲ့သည်။
သူမက ပုဆိန်ကို မှင်တက်စွာ ကြည့်နေခဲ့မိ၏။ ထို့နောက် သူမ၏ မျက်လုံးထောင့်မှနေ၍ မျက်ရည်များ စီးကျလာနေသည်။ သူမက စကားတစ်ခွန်းမျှမပြောဘဲ ပုဆိန်ကို ပြန်ကောက်ယူပြီး ကျောင်းထိုင်၏ ခြံဝန်းဆီသို့ ထွက်သွားခဲ့၏။ သူမ၏အကြည့်က အေးစက်ပြီး တည်ငြိမ်အေးချမ်းသော ရေကန်တစ်ခုပမာ ဖြစ်နေသည်။
ကောင်းကင်ကံကြမ္မာကျင့်ကြံသူက သူမကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်၏။
"ကျောင်းထိုင်ဆရာတော်.....
ကျွန်မက မြက်ခင်းပြင်ကိုပြန်ဖို့ ဆုံးဖြတ်ပြီးသွားပြီ…"
အစောပိုင်းတွင် လှုပ်ရှားသွားသော ခံစားချက်များကလည်း ပြန်လည်တည်ငြိမ်သွားခဲ့၏။ သူမက ကောင်းကင်ကံကြမ္မာကျင့်ကြံသူ၏ ရှေ့တွင်တော့ အလွန်တည်ငြိမ်အေးချမ်းနေပုံရသည်။
သူက လက်ကို ဝှေ့ယမ်းပြီး သူမ၏ရွေးချယ်မှုကို အသိအမှတ်ပြုသည့်အလား သက်ပြင်းချလိုက်၏။
"သွားရမယ်ဆိုရင်တော့ သွားပေါ့...ဒါက ကံကြမ္မာပါပဲ…"
…………
လူငယ်လေးတစ်ယောက်က ကီကျန်းအိုမှ ထွက်လာခဲ့သည်။ သူ၏ဆံပင်များက ရှုပ်ပွနေပြီး အဝတ်အစားများက သွေးများ စိုရွှဲနေသည်။ သူ၏ခါးတွင် ဓားမောက်တစ်လက်ကို ချိတ်ထားပြီး သူကတော့ လမ်းမအတိုင်း တစ်လှမ်းချင်းဆီ လျှောက်လာနေခဲ့၏။
အလွန်ကြောက်စရာကောင်းသော သူ၏ပုံသဏ္ဍာန်ကြောင့် လမ်းသွားလမ်းလာများက ကြောက်လန့်နေပြီး မည်သူကမျှ သူ့မျက်လုံးကို စိုက်မကြည့်ရဲကြပေ။ သူက တစ်ညလုံး ဆေးသောက်အနားယူလိုက်ပြီးနောက် စွမ်းအားများ ပြန်ပြည့်နေခဲ့ပြီ ဖြစ်သည်။ ဒဏ်ရာအများစုကလည်း ပြန်ကောင်းနေပြီဖြစ်၏။
ထိုသို့ဆိုရာတွင် သူ ယခုလိုပုံစံအတိုင်း ဆက်ရှိနေသည်မှာ အကြောင်းပြချက်တစ်ခု ရှိသည်။ သူတွေ့ရမည့် နောက်ဆုံးလူတစ်ယောက် ရှိနေသေး၏။
ကီကျန်းအို၏အစွန်တွင် ရှိနေသော သစ်တောထဲသို့ ရောက်လာသည့်အချိန်တွင် မုန့်ချီက ရပ်လိုက်ပြီး ကောင်းကင်ပြင်ကြီးကို မော့ကြည့်လိုက်၏။
"ခင်ဗျားက အခုထွက်လာလို့ရပြီ…"
သူကတော့ လေထဲကို လှမ်းပြောနေသည့်အလား တစ်ယောက်တည်း ရေရွတ်နေခဲ့သည်။
ထိုအချိန်တွင် နေရောင်များက မြက်ခင်းပြင်ပေါ်သို့ ကျဆင်းလာနေသည်မှာ ရွှေရောင်မြစ်များကဲ့သို့ ဖြစ်နေသည်။ တောက်ပသော နေရောင်အောက်တွင် လူ(၁)ယောက် ထွက်ပေါ်လာခဲ့၏။
သူက ရွှေခြည်ထိုးအင်္ကျီကို ဝတ်ဆင်ထားသည့်အတွက် နေရောင်အောက်တွင် တလက်လက် တောက်ပနေသည်။ သူ့ပုံစံကအရပ်ရှည်ရှည်နှင့် ထောင်ထောင်မောင်းမောင်း ဖြစ်၏။ သူ၏ပါးနှစ်ဖက်ပေါ်တွင် အမွှေးအမျှင်များ မရှိသော်လည်း မုတ်ဆိတ်မွှေး(၁)ခုတော့ ချန်ထားသည်။ သူ၏မျက်လုံးများက ခပ်ရှည်ရှည်ဖြစ်ပြီး မြွေ(၁)ကောင်၏ မျက်လုံးကဲ့သို့ဖြစ်နေ၏။
"မင်းက ငါ ရှိနေတာကို ဘယ်လိုများ အာရုံခံမိတာလဲ..."
သူက လက်နောက်ပစ်ပြီး မေးလိုက်၏။
မုန့်ချီကတော့ ပြန်လှည့်ကြည့်လိုက်ခြင်း မရှိချေ။သူက သူ့ရှေ့တွင် ရှိနေသော မြင်ကွင်းများကို သဘောကျနေသည့်အလား အဝေးကိုသာ ငေးကြည့်နေခဲ့၏။
"မြေခွေးဘုရင်မသေခင် နောက်ဆုံးစကားပြောခဲ့တယ်..."
သူကတော့ ထိုဧည့်သည်ကို ပြန်လှည့်မကြည့်ဘဲ ပြောလိုက်၏။
"သူက နောင်တတရားတွေ၊ ဝမ်းနည်းမှုတွေနဲ့ သေဆုံးခဲ့တာလား..."
ရွှေချည်ထိုးအင်္ကျီဝတ်ထားသူက ခနဲ့သလို ပြောလိုက်၏။
"ကျုပ်က သူရဲ့မျက်လုံးထဲမှာ သေသေချာချာ ရှာကြည့်ခဲ့ပေမယ့် ဝမ်းနည်းမှုတွေ၊ နောင်တတရားတွေ လုံးဝမတွေ့ခဲ့ရဘူး..။ သူ့ရဲ့နောက်ဆုံး ထွက်သက်မတိုင်ခင် သူ့မှာ နောင်တတရားဆိုတာ မရှိခဲ့ဘူး။ သူက မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ခင်ဗျားကို မသတ်နိုင်ခဲ့တဲ့အတွက် မကျေမနပ်ဖြစ်နေခဲ့တယ် ထင်တယ်..."
မုန့်ချီက နေရောင်အောက်တွင် နွေးထွေးနေပုံရပြီး သူ၏ခန္ဓာကိုယ်က လှုပ်ရှားနေသည်။ သူ၏စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကလည်း သဘာဝတရားကြီးနှင့် တသားတည်းဖြစ်နေသည့်အလား ကမ္ဘာကြီးနှင့် လိုက်လျောညီထွေ ဖြစ်နေ၏။ ထိုလူက ယာယီငြိမ်သက်သွားခဲ့သည်။
"သူက ရှင်းနမ်ရွှမ်ကို သတ်ပြီးသွားတဲ့အချိန်မှာ တစ်နေ့နေ့ ငါတို့ရဲ့ခေါင်းဆောင်တွေကို တိုက်ခိုက်မယ်ဆိုတာ ငါသိတယ်..။ မြေခွေးသုတ်သင်ရေးအဖွဲ့အစည်း တည်ထောင်မှုက မြေခွေးဘုရင်ကို အသုံးမဝင်သလို ဖြစ်သွားစေနိုင်တယ်လေ.။ တကယ်လို့ သူ အဆင့်တက်သွားပြီး ဝေ့ကျင်းအဆင့်ကို ရောက်တဲ့အချိန်ထိ ငါတို့က စောင့်နေလိုက်မယ်ဆိုရင် သူက သေချာပေါက် အာရုံစိုက်လာပြီး ထိပ်တန်းပညာရှင်တွေကို လိုက်ပြီး တိုက်ခိုက်လိမ့်မယ်။ ဒါက ငါတို့အတွက် တော်တော်လေးကို အဆင်မပြေဘူးလေ…"
"ဒါကြောင့် ခင်ဗျားက သူ့ကို သစ္စာဖောက်လိုက်ပြီး သူ အဆင့်မတက်သေးခင် ခင်ဗျားရဲ့အမိန့်ကို မနာခံတော့တဲ့ ဓား(၁)ချောင်းကို ဖျက်ဆီးဖို့ ကြိုးစားလိုက်တာလား…"
မုန့်ချီက ရယ်လိုက်သည်။
သူက ထိုလူပြန်ဖြေမည့်စကားကို စောင့်မနေဘဲ ပြောလိုက်၏။
“ဒါပေမယ့် ခင်ဗျားက လူတစ်ယောက်ကို ကြောက်နေတာ ကံဆိုးသွားတယ်..။ ခင်ဗျားက သူ့ကို ကိုယ်တိုင် မသတ်နိုင်ဘူး..။ ဒါကြောင့် ခင်ဗျားက အဲဒီတာဝန်ကို ကျုပ်ဆီလွှဲပေးခဲ့တာ…"
ရွှေချည်ထိုးအင်္ကျီ ဝတ်ထားသူ၏ မျက်နှာအမူအရာက ငြိမ်သက်သွားခဲ့သည်။ သူက လေးလေးနက်နက် ပြောလိုက်၏။
"မင်းက ဒါတွေသိထားတာ ဘယ်လောက်ကြာပြီလဲ။ မြေခွေးဘုရင်ကတော့ မသေခင် ဒီလိုအရာမျိုးကို ပြောမှာမဟုတ်ဘူး..."
"နာယီစုရဲ့စကားတွေနဲ့ ပါယန်တောင်ကြားထဲမှာ တွေ့ခဲ့ရတဲ့အခြေအနေတွေကို ကြည့်ပြီး ခန့်မှန်းမိခဲ့တာ။ ဒါပေမယ့် အဖြစ်အပျက်တစ်ခုလုံးကို ခင်ဗျား ကိုယ်တိုင်ပြောလိမ့်မယ်လို့ ကျုပ်လည်း မထင်ထားဘူး..."
မုန့်ချီက အပြုံးနှင့် ပြန်လှည့်သွားခဲ့၏။
ထိုလူက အံ့ဩသွားပုံရသည်။
"မြေခွေးဘုရင်က ဘာစကားမှ မပြောခဲ့ဘူးလား…"
"ဘာမှမပြောခဲ့ဘူး…"
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
"ဒါဆိုရင် အခုပြောခဲ့တဲ့အရာတွေကရော…"
ထိုလူက မျက်မှောင်ကြုတ်လိုက်မိသည်။
"ကျုပ်က အထင်နဲ့ ပြောကြည့်တာပါ…"
မုန့်ချီက မြေခွေးတစ်ကောင်ကဲ့သို့ပြုံးလိုက်သည်။
ထိုလူက ဒေါသထွက်သွားခြင်း မရှိပေ။ သူက ရယ်ပြီး ပြောလိုက်၏။
"စိတ်ဝင်စားစရာပဲ..။ စုမုန့်ရဲ့ ရူးသွပ်မှုနဲ့ ခေါင်းမာမှုက တော်တော်လေး နာမည်ကျော်တယ်။ ဒါပေမယ့် သူ့မှာ ဒီလို ကောက်ကျစ်တဲ့ အတွေးမျိုး ရှိနေမယ်လို့ ဘယ်သူက သိထားမှာလဲ..."
"ကျုပ်က ဆုံးရှုံးမှုတွေ အများကြီး ခံခဲ့ရတယ်လေ။ ဒီတော့ ကျုပ်က ပိုပြီးတော့ ဉာဏ်ကောင်းလာရတာပေါ့…"
မုန့်ချီက ပြောလိုက်၏။
ထိုလူ၏အပြုံးက ပျောက်ကွယ်သွားပြီး ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့သည်။ သူကတော့ စိတ်လှုပ်ရှားနေပုံရ၏။
"အခုမြေခွေးဘုရင် သေသွားပြီဆိုတော့ သူ သေချာပေါက် ပြန်လာလိမ့်မယ်.။ သူ ပြန်လာပြီး ငါတို့အားလုံးကို ဦးဆောင်လိမ့်မယ်…"
မုန့်ချီက ပြုံးလိုက်ပြီး စကားတစ်ခွန်းမျှမပြောတော့ပေ။
"သူက မင်းကိုလက်တုံ့ပြန်မှာ မကြောက်ဘူးလား…"
ထိုလူက မေးလိုက်၏။
မုန့်ချီက မျက်ခုံးပင့်လိုက်မိသည်။
"သူက ကျုပ်ကိုအရင်ဆုံး တွေ့အောင် ရှာရလိမ့်မယ်…"
ဒဏ္ဍာရီအဖွဲ့အပြင် လူဆိုးများစွာနှင့် အညှိုးအတေးများစွာ ရှိနေသည့်အတွက် မုန့်ချီအတွက် နောက်ထပ်ရန်သူ တစ်ယောက်တိုးလာလျှင်လည်း ကိစ္စမရှိပေ။
ထိုလူက ခေါင်းညိတ်ပြောလိုက်၏။
"မြေခွေးဘုရင် သေသွားပေမယ့် မြေခွေးသုတ်သင်ရေးအဖွဲ့ကတော့ ဆက်ပြီး ရှိငေါတို့က မင်းကို ငါတို့ရဲ့အဖွဲ့သားအဖြစ် ဆက်ပြီးတော့ သတ်မှတ်ထားပါသေးတယ်…"
"ခင်ဗျားတို့က ထာဝရကောင်းကင်နဲ့ ကျောက်တိုင်ရှေ့မှာ သစ္စာဆိုထားမှတော့ မလုပ်ချင်ရင်တောင် လုပ်ရမှာပဲလေ…"
မုန့်ချီက အားရပါးရရယ်လိုက်၏။
ထို့နောက် သူက စကားတစ်ခွန်းပြောပြီး အဝေးသို့ ထွက်သွားခဲ့သည်။
"ကျုပ်က မြက်ခင်းပြင်ထဲကို ပြန်လာတဲ့အချိန်ကျရင် ခင်ဗျားတို့အားလုံးက ကျုပ်ကို မြေခွေးသုတ်သင်ရေးအဖွဲ့သား တစ်ယောက်အဖြစ် ဆက်ပြီး လက်ခံနေဖို့ မျှော်လင့်ပါသေးတယ်..."
ပျောက်ကွယ်သွားသော သူ၏နောက်ကျောကိုကြည့်ပြီး မုန့်ချီ၏စကားလုံးများက ထူးဆန်းနေသည်ဟု ထိုလူက တွေးမိခဲ့သည်။
……………..
လော့ရန်တွင် ရှိနေသော ယပ်တောင်(၆)လက်ကျောင်း၏ ဌာနချုပ်ထဲရှိ အပြာရောင်ကျောင်းဆောင်ထဲရှိ အခန်းငယ်လေးတစ်ခုထဲတွင် သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော လူဆိုးထိန်းများစွာက ကြမ်းပြင်ပေါ်၌ ကျနေသော စာရွက်ပေါ်ရှိ စကားလုံးများကို မြင်သည့်အချိန်တွင် ကျောက်ရုပ်များကဲ့သို့ ဖြစ်နေကြသည်။
"သတ်ဖြတ်ရေးဓားက ပါယန်တောင်ကြားထဲမှာ မြေခွေးဘုရင်ကို သတ်လိုက်ပြီ…"
ထိုစကားလုံးတိုလေးက သူတို့၏ခေါင်းထဲတွင် မငြိမ်မသက် ဖြစ်သွားစေနိုင်ခဲ့၏။
ဖော်ပြချက်ပင် မလိုအပ်ဘဲ ထိုစကားလုံးတစ်ခုထဲကပင် သူတို့အားလုံးကို ထိတ်လန့်သွားအောင်လုပ်ရန် လုံလောက်သည်။ သူတို့ကတော့ ဉာဏ်အလင်းပွင့်မှုအဆင့် ထိပ်တန်းပညာရှင်များ၏ အမြင့်ဆုံးတိုက်ပွဲကို မြင်လိုက်ရသလို ခံစားရ၏။
ထိုသတင်းစကားလေးက တိုတောင်းပြီး အကျဉ်းချုပ်သာ ဖြစ်နေသော်လည်း မည်သူကမျှ တည်ငြိမ်နေနိုင်ခြင်း မရှိချေ။ နှစ်ပေါင်းများစွာအတွင်း လူငယ်မှတ်တမ်း၏ နံပတ်(၂)နေရာတွင် ရှိနေသူက ပထမဆုံးအကြိမ်အဖြစ် နံပါတ်(၁)ကို သတ်ပစ်နိုင်ခြင်းလည်း ဖြစ်သည်။
မည်သို့ဖြစ်စေကာမူ မြေခွေးဘုရင်က သာမန်လူတစ်ယောက် မဟုတ်ချေ။ သူက လူငယ်မှတ်တမ်းတွင် နံပါတ်(၁)ဖြစ်ပြီး ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် (၄)ယောက်ကို တစ်ဆက်တည်း သတ်ပစ်ခဲ့သူ တစ်ယောက်ဖြစ်သည်။ သူ၏အရှိန်အဝါက သိုင်းလောကတစ်ခုလုံးတွင် ရူးသွပ်ဖွယ် ပျံ့နှံ့နေခဲ့၏။
ထိုကဲ့သို့ ရူးသွပ်ပြီး ကြောက်စရာကောင်းသော လူတစ်ယောက်က ပါယန် တောင်ကြားထဲတွင် သတ်ပစ်ခံခဲ့ရသည်။ သူတို့က မအံ့ဩဘဲ နေကြမည်လော..။ ထိုအချိန်တွင် သူတို့၏ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့၏။
သတ်ဖြတ်ရေးဓားစုမုန့်က မကောင်းဆိုးဝါးသခင်ကဲ့သို့ ဖြစ်နေပြီး သူက ကောင်းကင်နတ်ဘုရားဓား စုဝူမင်၊ အရူးမင်းသား ကောင်းလန်နှင့် မကောင်းဆိုးဝါးသခင် ဟန်ကွမ်းတို့ထက် ကျော်လွန်လာလိမ့်မည်ဟု ခံစားနေကြရ၏။
"ဒါက အတုများဖြစ်နေမလား…"
လူဆိုးထိန်းတစ်ယောက်က အသေးစိတ် မေးလိုက်မိပြီး မှင်တက်နေသော အခြေအနေကို ဖြိုခွဲလိုက်သည်။
သတင်းလာပို့သော လူဆိုးထိန်းက စာအိတ်ကိုကြည့်လိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။
"ဒါက လွန်ခဲ့တဲ့ (၇)ရက်လောက်က အလျင်စလို ပို့လိုက်တဲ့ သတင်းတစ်ခုပဲ..။ မြောက်ပိုင်းကျိုးအင်ပါယာနဲ့ မြက်ခင်းပြင်မှာရှိတဲ့ သူလျှိုတွေဆီကနေ ရောက်လာတာ။ ဒါက မှန်နိုင်တယ်…”
“ပြီးတော့ သတ်ဖြတ်ရေးဓားက တကယ်ပဲ မြောက်ပိုင်းကို သွားခဲ့တာ။ ဒါက တော်တော်လေး အရေးကြီးတဲ့ကိစ္စတစ်ခုပဲ။ ငါတို့က ထိန်းထိန်းသိမ်းသိမ်းလုပ်တာ ပိုပြီးတော့ကောင်းတယ်။ ငါတို့က (၂)ပတ် ဒါမှမဟုတ် (၁)လအချိန်အတွင်း အသေးစိတ် စုံစမ်းပြီးမှပဲ ဒီကိစ္စကို ဆက်ပြီး ဆွေးနွေးကြမယ်..။ ငါတို့က အခုထုတ်ပြန်မယ့် စာရင်းအတွက် ဒါကို မထုတ်ပြန်သေးဘူး…."
အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းက ဦးဆောင်ပြီး ပြောလိုက်သည်။
အခြားလူဆိုးထိန်းများကလည်း ခေါင်းညိတ်ပြလိုက်၏။
"အဲဒါက အဆင်ပြေတယ်…"
သူတို့က သတင်းများကို ဆက်လက်စုံစမ်းနေပြီး ချက်ချင်း လက်ခံနိုင်ခြင်း မရှိကြပေ။
ယပ်တောင်(၆)လက်ကျောင်း၏ ဌာနချုပ်ထဲ၌ ရှိနေသော သတင်းစုဆောင်းရေးဌာန၏ အကြီးအကဲအခန်းထဲတွင် တစ်စုံတစ်ယောက်က ထိုသတင်းကိုမြင်တွေ့သွား၏။
"မြန်မြန်...စုကျိယွမ်ကို သွားတွေ့ပြီး ဒီသတင်းက မှန်မမှန် စစ်ဆေးကြည့်လိုက်။ ငါကအခြေအနေတစ်ခုလုံးကို အသေးစိတ်သိချင်တယ်…"
လူဆိုးထိန်းခေါင်းဆောင်က သူ၏လူယုံကို အမိန့်ပေးလိုက်ပြီး စားပွဲပေါ်တွင် စာတစ်စောင်ကို အလျင်အမြန် ရေးလိုက်သည်။ သူက မတ်တပ်ရပ်လိုက်ပြီး အခန်းထဲတွင် ရှေ့ပြန်နောက်ပြန် လျှောက်နေခဲ့၏။
အကယ်၍ ထိုအရာကသာ မှန်နေမည်ဆိုလျှင် သူက စုကျိယွမ်၏ စွမ်းရည်ကို ပြန်လည်သုံးသပ်ရပါတော့မည်။ ယခင်တုန်းက မုန့်ချီ၏စွမ်းဆောင်ရည်က လူတိုင်းကို အံ့ဩသွားအောင် လုပ်နိုင်ပြီး သတိထားရသည့် လူတစ်ယောက် ဖြစ်နေသော်လည်း သူ့ကို ဖြည်းဖြည်းချင်းတိုးတက်လာသည်ဟုသာ သတ်မှတ်နိုင်သည်။ မုန့်ချီ၏ အစစ်အမှန်စွမ်းအားက မည်မျှရှိနေစေကာမူ သူတို့က သူ့ကိုလျစ်လျူရှုထား၍ မရနိုင်တော့ပေ။ မုန့်ချီက ဝေ့ကျင်းတစ်ဝက်အဆင့်ကို မရောက်သေးသော်လည်း လျော့တွက်၍ မရသလို သူက လူငယ်မှတ်တမ်း၏ နံပါတ်(၁)လည်း ဖြစ်လာခဲ့၏။ သူက ကျန်းကျိယွမ်၏ မျက်လုံးထဲတွင်တော့ အလေးပေးရလောက်သည့် အဆင့်မျိုးရှိနေသည်။
သူ၏စွမ်းရည်ကလည်း စွမ်းဆောင်ရည်သက်သက် မဟုတ်တော့ပေ။ ထိုအရာက စုဝူမင်၊ကောင်းလန်နှင့် ဟန်ကွမ်းတို့ကဲ့သို့ ထိပ်သီးပညာရှင်များကို အမှတ်ရစေခဲ့၏။ စုဝူမင်က လူငယ်မှတ်တမ်း၏ နံပါတ်(၁)နေရာမှ မြေပြင်မှတ်တမ်း၏ အဆင့်(၃)ကိုရောက်ရန် အချိန်မည်မျှကြာခဲ့သနည်း။ (၄)နှစ်၊(၅)နှစ်ခန့်သာ အချိန်ပေးခဲ့ရသည်။
စုမုန့်ကရော မည်သို့ဖြစ်လာမည်နည်း.။ သူက အသက်(၂၀)ပင် မရောက်သေးသည့်အတွက် သူ့ဆီတွင် အချိန်များစွာ ကျန်နေသေးသည်။ လူတိုင်း၏ မျက်လုံးထဲတွင်တော့ သူက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ဟု သတ်မှတ်နိုင်ပြီး အနာဂတ်တွင် ထိပ်တန်းပညာရှင် တစ်ယောက် ဖြစ်နိုင်၏။ အကယ်၍ သူသာ မသေလျှင် သေချာပေါက်အလုပ်ဖြစ်နိုင်သည်။
သိပ်မကြာခင် အင်အားစုပေါင်းများစွာ၏ လက်ထဲတွင် တူညီသော စာတစ်စောင် ပေါ်လာခဲ့သည်။
"သတ်ဖြတ်ရေးဓားက ပါယန်တောင်ကြားမှာ မြေခွေးဘုရင်ကို သတ်ပစ်လိုက်တယ်…"
………….
မုန့်ချီကတော့ ယပ်တောင်(၆)လက်ကျောင်း၏ သတင်းကို လုံးဝသတိမထားမိချေ။ သူက သူ၏အဆင့်ကို တည်ငြိမ်စေရန် တံခါးပိတ် လေ့ကျင့်နေခဲ့၏။ သူက သူ၏လမ်းကြောင်းကို နားလည်သွားခဲ့ပြီး လူသားနှင့်ကောင်းကင် တသားတည်းအဆင့်ကို ရောက်ရှိသွားပြီ ဖြစ်သည့်အတွက် အဆင့်တက်သည့် အချိန်တွင် သူ၏ကိုယ်တွင်းကမ္ဘာကြီးက အမြင့်ဆုံး အခြေအနေကို ရောက်နေသည်။
ထို့ပြင် ခန္ဓာကိုယ်နှင့် စိတ်အခြေအနေကလည်း တသားတည်း ဖြစ်နေခဲ့၏။ သူက အချိန်(၂)လသာ သုံးပြီး ဟယ်ကျူးနှင့် ဝမ်စစ်ယွမ်တို့ထက် ကျော်လွန်နေခဲ့သည်။ သူတို့ကတော့ သူတို့၏လမ်းကြောင်းကို ရှာတွေ့ရန် (၂)နှစ်၊ (၃)နှစ်နီးပါးခန့် အချိန်ပေးခဲ့ရသည်။ သူ၏လှုပ်ရှားမှုတိုင်းက ကမ္ဘာမြေကြီး၏ အငွေ့အသက်များနှင့် ပေါင်းစည်းနေကြောင်း ခံစားမိသည့်အချိန်တွင် သူက အစစ်အမှန်ပုံစံကို ပြန်ရလာသလို ခံစားနေရသည်။
ထိုကဲ့သို့သော အရာမျိုးက လူတစ်ယောက်၏ သဘောထားနှင့် သက်ဆိုင်မှုမရှိဘဲ သူ၏တုံ့ပြန်မှုအပေါ်သာ မှီခိုနေသည်။ လူတစ်ယောက်၏ သဘာဝနှင့် အခွင့်အရေးများက ထူးဆန်းနေသော်လည်း တချို့လူများက ပို၍လျင်မြန်နိုင်၏။ လူတိုင်းက မတူညီသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် နှိုင်းယှဉ်၍မရနိုင်ပေ။
မုန့်ချီက မတ်တပ်ရပ်လိုက်ပြီး သူ့လက်ထဲတွင်တော့ ဖုန်မှုန့်လေး အနည်းငယ်ကို ကိုင်ထား၏။ ထိုအရာကတော့ ဗောဓိမျိုးစေ့လေးဆီမှ ထွက်လာသော ဖုန်မှုန့်များလည်း ဖြစ်သည်။ လွန်ခဲ့သော (၃)လခန့်တွင် ထိုမျိုးစေ့လေးက သူ၏ဝိညာဉ်သဘာဝများ ကုန်ဆုံးသွားခဲ့သော်လည်း သူက ထိုအရာကို လွှင့်ပစ်လိုခြင်း မရှိသေးပေ။
ထို့ကြောင့် သူနှင့်အတူ ဆက်ထားရန် ဆုံးဖြတ်လိုက်၏။ သူက နောက်ထပ် ဝေ့ကျင်းအဆင့် ဗုဒ္ဓကျင့်စဉ်တစ်ခုကို နားလည်နိုင်ရန် မျှော်လင့်နေခဲ့သည်။ သို့သော် သူ၏ကျင့်စဉ်အဆင့်ကို ပြင်ဆင်နေပြီး မျိုးစေ့လေးကို ဆုံးရှုံးသွားသည့်အချိန်တွင် သူ၏အကျိုးအမြတ်များက ကန့်သတ်ချက်ရှိ၏။ သူက မြေခွေးဘုရင်ကို စောင့်ဆိုင်းနေစဉ် အတောအတွင်း အာကေလမှတ်တမ်းဟုခေါ်သော ကျင့်ကြံမှုတစ်ခုကို အောင်အောင်မြင်မြင် နားလည်နိုင်ခဲ့၏။
ထိုကျင့်ကြံမှုနည်းလမ်းက သူ အဓိက ကျွမ်းကျင်သောအရာတစ်ခု ဖြစ်သော်လည်း ယခုအချိန်ထိ မလေ့ကျင့်ရသေးပေ။ သူက ထိုအရာကို အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ ဝေ့ကျင်းအဆင့်သိုင်းကွက်များနှင့် လဲလှယ်ရန်အတွက် ကံကြမ္မာအမှတ်ရရှိရန် စဉ်းစားထားခဲ့သည်။
ထိုအကြောင်းအရာအတွက် လက်ရှိအချိန်တွင် သူက အင်မော်တယ်များ၏ မြောက်ပိုင်းဝင်ပေါက်တစ်ခု ဖြစ်သော လုလုံရှိ လကြေးမုံနယ်မြေကို သွားနေခဲ့သည်။ လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်သည့်အတွက် သူက အဆင့်တက်နေစဉ် အတောအတွင်း မသိသည့်အရာမရှိစေရန် သူ၏ကျင့်ကြံမှုနည်းလမ်းများကို အလျင်အမြန် လိုအပ်နေသည်။
နေ့ရောညပါ အလောတကြီး သွားခဲ့သည့်အတွက် မုန့်ချီက လဝက်အတွင်း လုလုံကို ရောက်လာခဲ့သည်။ ထိုနေရာတွင် မှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေသောရေကန်ကို မြင်တွေ့ရပြီး အပြာရောင်ကောင်းကင်ကြီးက ရေကန်ထဲတွင် ထင်ဟပ်နေသည်။ ထိုရေကန်ကြီးက ပန်းချီကားတစ်ချပ်အလား ထင်မှတ်ရ၏။
သူက တိတ်ဆိတ်သောနေရာတစ်ခုကို တွေ့လိုက်ရပြီး ကောင်းကင်ဘိုးဘေးဝတ်စုံကို ပြောင်းလဲလိုက်သည်။ ထို့နောက် အင်မော်တယ်သွားလာရေးအဆောင်ကို သုံးလိုက်၏။ ထိုအချိန်တွင် သူ၏မျက်လုံးထဲ၌ ရင်းနှီးနေသော မြင်ကွင်းတစ်ခု၊ တူညီသောဝင်ပေါက်နှင့် အရိပ်တစ်ခုကို မြင်လိုက်ရသည်။
တိမ်တိုက်ပြာဘိုးဘေး မျက်နှာဖုံးဝတ်ဆင်ထားသော ချူချမ်းနင်က အင်မော်တယ်များ၏ ဝင်ပေါက်တွင် ရပ်နေကြောင်း တွေ့လိုက်ရ၏။
"တော်တော်လေး အစွမ်းထက်တယ် မဟုတ်လား..။ သတ်ဖြတ်ရေးဓားက ပါယန်တောင်ကြားထဲမှာ မြေခွေးဘုရင်ကို သတ်ပစ်လိုက်ပြီ။ မင်းက အမြင့်ဆုံးကို ရောက်သွားပြီပဲ..."
တိမ်တိုက်ပြာဘိုးဘေး၏ ချီးကျူးစကားများက အတော်လေး ကြောက်စရာကောင်းသည်။ သို့သော် သူမက ချက်ချင်းပင် ခေါင်းစဉ်ပြောင်းလိုက်၏။
"အခုမြေခွေးဘုရင်က ပညာရှင်တွေအများကြီးကို သတ်လိုက်တယ်ဆိုတော့ မင်းက အကျိုးအမြတ် တော်တော်လေးကောင်းမယ် ထင်တယ်…"
အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည့်အချိန်တွင် သူမက မုန့်ချီကိုခေါ်ပြီး စိမ်းပြာနန်းတော်ဆီသို့ ပျံသန်းသွားခဲ့သည်။
"မြေခွေးဘုရင်က ပစ္စည်းနည်းနည်းပဲရှိတဲ့ လူတစ်ယောက်ပဲ..။ သူက ဓားတစ်လက်ပဲ ချန်ထားခဲ့တယ်..."
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
"ဓားတစ်လက်...ဒါလည်း မဆိုးပါဘူး…"
တိမ်တိုက်ပြာဘိုးဘေးက အားကျနေပုံရသည်။
"မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ...။ ဒီနှစ်အတွက် တာဝန်လက်ခံဖို့လား…"
မုန့်ချီက ပထမတစ်နှစ်ထဲတွင်ပင် တာဝန်(၂)ခု ပြီးဆုံးခဲ့သည်။ ထို့ကြောင့် နောက်ထပ်တာဝန်တစ်ခု ယူဆောင်ရန် မလိုအပ်ချေ။ ထို့ပြင် သူ၏ဒုတိယနှစ်တွင်လည်း (၆)လသာ ရှိနေသေး၏။
"ကျွန်တော်က ဗုဒ္ဓလက်ဝါးကနေ ကျင့်စဉ် (၃)မျိုး နားလည်ထားတယ်။ ဒီတော့ သဘောတူညီမှုအရ အဲဒီအရာတွေကို ပြဖို့ ရောက်လာတာ…"
မုန့်ချီက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
တိမ်တိုက်ပြာဘိုးဘေးက ပြောလိုက်သည်။
"ဟုတ်လား...တော်တော်လေးမြန်တာပဲ။ ဝေ့ကျင်းအဆင့် ကျင့်စဉ်(၃)မျိုးလား…"
သူမက ခါးသီးသွားသလို ခံစားလိုက်ရ၏။ အကယ်၍ သူမကသာ ဗုဒ္ဓလက်ဝါးကို လက်ခံရရှိခဲ့မည်ဆိုလျှင်...
"ဟုတ်တယ်...ဘိုးဘေး...တကယ်လို့ ကျွန်တော်ကသာ အဖွဲ့အစည်းဆီကနေ အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ရဲ့ ဝေ့ကျင်းအဆင့် သိုင်းကျမ်းကို လဲလိုက်မယ်ဆိုရင် ပိုပြီးတော့ဈေးချိုနိုင်တယ် မဟုတ်လား..."
နာမည်အောက်တွင် မဟုတ်သော ကျင့်ကြံမှုနည်းလမ်းများကို အပြင်ဘက်တွင်ရယူရန် ခွင့်ပြုထားခြင်း မရှိချေ။ ထို့ကြောင့် မုန့်ချီက သန့်စင်မှော်အရှင်ကို သွားရောက်ရှာဖွေရန် စဉ်းစားခဲ့ခြင်း မရှိချေ။ သူကထိုအရာကို အင်မော်တယ်များဆီမှ ဝယ်ရန် ဆုံးဖြတ်ထား၏။
"အဲဒါက ကံကြမ္မာအမှတ် (၉၀၀၀)ပဲ ။ ဒါပေမယ့် မင်းက ဗုဒ္ဓလက်ဝါးကနေ ကျင့်စဉ်(၃)မျိုး နားလည်ထားတယ်ဆိုတော့ အဲဒါက ဘိုးဘေးလင်းပေါင်အတွက် တော်တော်လေး အသုံးဝင်မှာပဲ။ သူက မင်းအတွက် လျော်ကြေးပေးလောက်မှာပါ။ မင်းက အဲဒါကို ကံကြမ္မာအမှတ် (၈၀၀၀)ကျော်လောက်နဲ့ ဝယ်လို့ရနိုင်တယ်…"
ကံကြမ္မာအမှတ်များနှင့် ပတ်သက်လာလျှင် တိမ်တိုက်ပြာဘိုးဘေးကတော့ အသေးစိတ် နားလည်နေပုံရသည်။
သူက စိတ်သက်သာရာရစွာ ပြောလိုက်၏။
"ဒါဆိုလည်း မြန်မြန်သွားကြစို့..."
သူက ကံကြမ္မာအမှတ် တစ်သောင်းပြည့်ရန် လိုအပ်ချက်များ ရှိနေသေးသည်။ သို့သော် တိမ်တိုက်ပြာဘိုးဘေးပြောသော ဈေးနှုန်းအတွက်တော့ လုံလောက်မှုရှိ၏။
သူမက သူ့ကိုကြည့်လိုက်သည်။
"လက်ရှိဘိုးဘေးလင်းပေါင်ကလည်း စိမ်းပြာနန်းတော်ထဲမှာ ရောက်နေတယ် ။ ငါမင်းကို သူ့ဆီ ခေါ်သွားပေးမယ်…"
Translated by Hein Htet.