← Chapters

အခန်း (၄၆၉)

Vol. 32 Ch. 469

အခန်း (၄၆၉)

Vol. 32 Ch. 469

"ဘိုးဘေးလင်းပေါင် ဟုတ်လား..."

မုန့်ချီက အံ့ဩမှင်တက်သွားခဲ့ပြီး အလွန်လေးစားသွားသလို ခံစားလိုက်ရသည်။

သူလေးစားရသည့် အကြောင်းပြချက်က တခြားလူများနှင့် မတူညီပေ။ အဘယ်ကြောင့်ဆိုသော် သူက အင်မော်တယ်အဖွဲ့၏ ခေါင်းဆောင်နှင့် တွေ့ရတော့မှာကြောင့် မဟုတ်ဘဲ အလွန်ထူးခြားသော ထိပ်သီးပညာရှင် တစ်ယောက်နှင့် တွေ့ရတော့မည်ဟူသော ခံစားချက်ကြောင့်သာ ဖြစ်သည်။

သူက ကောင်းကင်ဘိုးဘေးမျက်နှာဖုံးကို ဝတ်ဆင်ထားသည့်အတွက် သူ၏လမ်းကြောင်းက ခေါင်းဆောင်တစ်ယောက်၏ လမ်းကြောင်းတွင် ရှိနေသည်။ ထို့ပြင် သူတို့၏ကြားထဲတွင်လည်း ကိစ္စဟောင်းများ ရှိနေနိုင်သေး၏။ ဘိုးဘေးလင်းပေါင်က သူ့ကို ဖိနှိပ်မည်လော။

ဝေ့ကျင်းအဆင့်ပင် မရောက်သေးသော အသက်ငယ်ငယ် ကောင်လေးတစ်ယောက်က ကောင်းကင်ဘိုးဘေး မျက်နှာဖုံးကို ဝတ်ဆင်ထားကြောင်း မြင်သည့်အချိန်တွင် ဘိုးဘေးလင်းပေါင်က မည်သို့ ခံစားမိမည်နည်း။ သူ့အတွက်တော့ ထိုအရာကို စဉ်းစားနေရန် မလိုအပ်ပေ။

အစိမ်းရောင် အလင်းတန်းတစ်ခုနှင့်အတူ တိမ်တိုက်ပြာဘိုးဘေးက စိမ်းပြာနန်းတော်ထဲသို့ ချက်ချင်း ခေါ်ဆောင်သွားခဲ့သည်။ တည်ငြိမ်အေးချမ်းသော စံအိမ်နှင့် လေတိုက်ခတ်နေသော စြင်္ကံလမ်းများကို ဖြတ်ကျော်လာပြီးနောက် သူတို့က နန်းတော်၏ ပင်မခန်းမကြီးထဲကို ရောက်လာခဲ့ကြသည်။

မုန့်ချီက သူ၏ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး ဘိုးဘေးလင်းပေါင်က မည်သူဖြစ်နိုင်ကြောင်း စဉ်းစားနေခဲ့၏။ သူတို့၏ကမ္ဘာကြီးထဲတွင် မည်သည့်နေရာမှ ပညာရှင် ဖြစ်နိုင်မည်နည်း။ သို့မဟုတ် သူတို့က အနောက်သို့ ခရီးသွားခြင်း ကမ္ဘာကြီးထဲမှ လူတစ်ယောက်ပေလော။

သူက ပုံရိပ်ယောင်တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် ကမ္ဘာပေါ်၌ တစ်ဦးတည်းသာ ရှိနိုင်သော တာအိုသခင်တစ်ယောက်ကို မြင်လိုက်ရသည်။ ထိုတာအိုသခင်က ငယ်ရွယ်ပြီး တည်ငြိမ်သော ဘိုးဘေးလင်းပေါင် မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။

သူ၏အနက်ရောင် ဆံနွယ်ပေါ်တွင် ဝါးသရဖူတစ်ခု ဆောင်းထား၏။ သူက ပိန်ပိန်ပါးပါးဖြစ်ပြီး အားနည်းမှု မရှိချေ။ အရပ်ရှည်သော်လည်း သေးသွယ်မှု မရှိချေ။ အပြာရောင်ဝတ်စုံက ခန္ဓာကိုယ်ပေါ်တွင် ကပ်နေသလို ထင်မှတ်ရပြီး လေလှိုင်းကို ထိုးခွဲနေခဲ့၏။ သူကတော့ ကမ္ဘာမြေကြီးကိုပင် တစ်ယောက်တည်း ရင်ဆိုင်နိုင်ပုံရသည်။

မုန့်ချီက သူ့ကို လုံးဝ မမြင်နိုင်ပေ။ သူ၏မျက်စိရှေ့တွင် အလွန်ကျယ်ပြန့်သော ပင်လယ်ကြီးတစ်ခု ရှိနေသလိုသာ ခံစားနေရ၏။

"ဘိုးဘေးကို ဂါရဝပြုပါတယ်..."

တိမ်တိုက်ပြာဘိုးဘေး၏ ဦးဆောင်မှုနှင့် မုန့်ချီက သူ့ကို အရိုအသေပေးလိုက်သည်။

ဘိုးဘေးလင်းပေါင်၏ ခါးတွင် ချိတ်ထားသည်မှာ သာမန်ပုံစံရှိနေသော ဓားတစ်ချောင်းသာ ဖြစ်သည်။ ထိုဓားဆီမှ အငွေ့အသက်များ ထွက်လာခဲ့ခြင်း မရှိချေ။ သို့သော် ဓားသွားပေါ်တွင် ထွင်းထားသော စကားလုံးများကို မြင်သည့်အချိန်တွင် မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။

"ဘဲစိမ်းဓား..."

“မြေမီးတောက်များနှင့် ဖုန်းရွှေအများဆုံးနယ်မြေ..."

ထိုအရာများက ကမ္ဘာမြေကြီး ပထမဆုံး ဖြစ်ပေါ်လာသည့်အချိန်တွင် ရှိနေသော စကားလုံး (၂) ခုကို ကိုယ်စားပြုနေသည်။

"ဒါက ဘဲစိမ်းဓား မဟုတ်နိုင်ပါဘူး..."

မုန့်ချီ၏ ခံစားချက်များက အနည်းငယ် ပြောင်းလဲသွားသော်လည်း မျက်နှာဖုံးက သူ၏ခံစားချက်များကို ဖုံးကွယ်ထားသည်မှာ ကံကောင်းသွား၏။

သို့သော် ဘိုးဘေးလင်းပေါင်က သူ၏အတွေးများကို နားလည်နေသည့်အလား ပြုံးလိုက်၏။

"ဒီဓားက ယွင်ကျုံးကျိဖန်တီးထားတဲ့ ပုံတူတစ်ခုပါပဲ။ ငါက သတိပေးတဲ့အနေနဲ့ ကိုင်ထားတာပါ။ အစစ်အမှန်ပစ္စည်းကတော့ အဝေးကြီးပါပဲ။ အခုအချိန်မှာ ငါက အဲဒါကို မရနိုင်သေးဘူး…"

ယွင်ကျုံးကျိက အမှန်တကယ်ကို အံ့သြစရာ ကောင်းလွန်းလှသည်။ အင်မော်တယ်များထဲတွင် သူ၏အဆင့်အတန်းကလည်း တခြားလူများနှင့် တူညီနေနိုင်၏။ မုန့်ချီက အလွန်အံ့ဩသွားသလို ခံစားလိုက်ရပြီး တစ်ချိန်တည်းတွင်လည်း တွေးနေမိခဲ့သည်။

ဘိုးဘေးလင်းပေါင်၏အသံက အသက်ကြီးပြီး တည်ငြိမ်သည်။

"ငါပြောတာက အစစ်အမှန် ယွင်ကျုံးကျိကို ပြောတာ..."

"အစစ်အမှန်ယွင်ကျုံးကျိလား..."

မုန့်ချီကတော့ ထိတ်လန့်အံ့ဩမှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။

သို့သော် ဘိုးဘေးလင်းပေါင်က ထိုအကြောင်းအရာကို ထပ်မံပြောဆိုခြင်း မရှိတော့ပေ။

"အင်မော်တယ်အဖွဲ့အစည်းမှာ လူအင်အား လိုအပ်နေတယ်။ လူတိုင်းမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်တာဝန်တွေ ရှိတယ်။ ဒီတော့ မင်းကို အချိန်ကြာကြာ ကာကွယ်ပေးဖို့အတွက် တော်တော်လေးခက်တယ်။ မင်းက ဘေးကင်းကင်းနဲ့ ပြန်ရောက်လာနိုင်ပြီး ကျင့်စဉ်တွေကို အောင်အောင်မြင်မြင် နားလည်လာနိုင်တာကို မြင်ရတော့ တကယ် ဝမ်းသာမိပါတယ်…"

အင်မော်တယ်အဖွဲ့ထဲတွင် တရားဝင်အဖွဲ့သား (၂၀) ၊ (၃၀) ခန့်သာ ရှိသည်။ အများစုကတော့ အပေါ်ယံ အဆင့်အတန်းများ ရှိနေသလို သံသရာတာဝန်များလည်း ရှိနေသည်။ မုန့်ချီကို ရံဖန်ရံခါ ကာကွယ်ပေးခြင်းက ကိစ္စမရှိသော်လည်း ခရီးရှည်သွားသည့် အချိန်တွင်တော့ ကာကွယ်ပေးရန် လုံးဝ မဖြစ်နိုင်တော့ပေ။

ထိုအရာကတော့ ထိပ်တန်းအဖွဲ့အစည်းတစ်ခု၏ အားနည်းချက်တစ်ခုလည်း ဖြစ်နေသည်။ အကယ်၍ အရံအဖွဲ့သားများကို အကာအကွယ် ပေးချင်သည် ဆိုလျှင်လည်း သူတို့က မုန့်ချီကို တိုက်ရိုက် ကာကွယ်ပေးနိုင်သေး၏။

"လူတိုင်းက ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်နေကြရတာပါ။ တကယ်လို့ ကျွန်တော်ကသာ အင်မော်တယ်တွေရဲ့ အကာအကွယ်ကို အားကိုးနေမည်ဆိုရင် ဘယ်အချိန်မှာများ တိုးတက်လာနိုင်မှာလဲ…"

မုန့်ချီက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

"ကောင်းလန်ရဲ့ နည်းလမ်းတွေက အစီအစဉ်မကျဘူး။ ပြီးတော့ သူက လျှပ်တပြက် တိုက်ခိုက်မှုတွေမှာ အရမ်းကျွမ်းကျင်တယ်။ ငါက သူ့ကို ဘာမှမစုံစမ်းနိုင်ခဲ့ဘူး။ သူ့ကို ခြေရာပျောက်သွားခဲ့တယ်…"

ဘိုးဘေးလင်းပေါင်က အပြုံးနှင့် ပြောလိုက်၏။

"မင်းက ‘ငါ ၊ ထူးခြားမှုနဲ့ အမှန်တရား’ သိုင်းကွက်ကနေ ကျင့်စဉ်တွေ နားလည်လာသေးလား…."

"ကျွန်တော်က အလယ်အလတ် ဝေ့ကျင်းအဆင့်ကျင့်စဉ် (၄) မျိုးကို နားလည်လာခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဆီမှာ ကံကြမ္မာအမှတ် မလုံလောက်သလို အင်မော်တယ်လမ်းကြောင်းထဲကို လာဖို့ အချိန်မရှိခဲ့တဲ့အတွက် တစ်ခုကိုတော့ သံသရာအရှင်သခင်ဆီမှာ လဲခဲ့မိတယ်…"

မုန့်ချီက ရိုးသားစွာ ပြန်ဖြေလိုက်၏။

ဘိုးဘေးလင်းပေါင်က ခေါင်းညိတ်ပြလိုက်သည်။

"အဲဒါက အဆင်ပြေပါတယ်။ မင်းက ကျန်တဲ့ ကျင့်စဉ် (၃) ခုကို ငါ့ဆီပေးဖို့ ဆန္ဒရှိလား။ ငါ့မှာတော့ တောင်းဆိုချက်တစ်ခုပဲ ရှိတယ်။ မင်းက အဲဒီကျင့်စဉ်တွေကို သံသရာအရှင်သခင်နဲ့ အလဲအလှယ် လုပ်လို့မရဘူး။ ဒါပေမဲ့ တခြားသူတွေကို သင်ပေးချင်တယ်ဆိုရင်တော့ ငါက မတားဘူး။ ဒါပေမဲ့ မင်းရဲ့ကျင့်စဉ်ကို သင်လိုက်တဲ့သူကလည်း သံသရာအရှင်သခင်ဆီမှာ လဲလှယ်လို့ မရနိုင်ဘူး။ လူနည်းနည်းကိုပဲ ပေးနိုင်လေလေ ပိုကောင်းလေလေပဲ…"

သူ့ရှေ့တွင် ကြမ်းတမ်းပြီး တည့်တိုးဆန်သော တိမ်တိုက်ပြာဘိုးဘေးကလည်း အလွန်တိတ်ဆိတ်နေခဲ့၏။ သူတို့ စကားပြောနေစဉ် အတောအတွင်း သူမက စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ပေ။ သို့သော် ယခင်တစ်ခေါက်နှင့် ယှဉ်လိုက်မည်ဆိုလျှင် သူမက အတော်လေး ပို၍အစွမ်းထက်လာသည်ဟု ခံစားနေရသည်။

"ကောင်းပြီလေ ကျွန်တော် လက်ခံတယ်…"

မုန့်ချီက ကတိပေးပြီး ထပ်ပြောလိုက်သည်။

"ကျွန်တော်က အင်မော်တယ်တွေဆီကနေ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ရဲ့ ဝေ့ကျင်းအဆင့်သိုင်းကွက်ကို လဲချင်တယ်…"

"ဒါလည်း အပေးအယူဖြစ်တယ်။ ငါက သံသရာအရှင်သခင်ထက် ပိုပြီးသက်သာတဲ့ ဈေးနှုန်းနဲ့ လဲပေးမယ်။ ဒါပေမယ့် အဲဒါက သန့်စင်မှော်အရှင်ရဲ့ ကျင့်စဉ်နည်းလမ်းတစ်ခု ဖြစ်တဲ့အတွက် မင်းက သင်ပြီးသွားပြီဆိုရင် တခြားသူတွေကို ပြန်သင်ပေးလို့ မရနိုင်ဘူး…"

"ကောင်းပါပြီ။ ဒါဆိုရင် ကျွန်တော်က သဘောတူညီမှုကို လက်မှတ်ထိုးပါမယ်…"

မုန့်ချီက စဉ်းစားနေခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

ဘိုးဘေးလင်းပေါင်က လက်ကို ဆန့်ထုတ်လိုက်ရာ သူတို့၏ ပတ်ပတ်လည်တွေ ရှိနေသော ကမ္ဘာကြီးက လည်ပတ်သွားသည်။ မြင်ကွင်းများကလည်း ပြောင်းလဲသွားပြီး သူတို့က အင်မော်တယ် လမ်းကြောင်းထဲတွင် ရှိနေသော ကျောက်စိမ်းတိုင်လုံး၏ရှေ့တွင် ရပ်နေကြ၏။

"သံသရာအရှင်သခင်က လူတိုင်းကို သာတူညီမျှဆက်ဆံတာပဲ…"

သူက အပြုံးနှင့် ပြောလိုက်သည်။

ဘိုးဘေးလင်းပေါင်က သူ့ကို ဤနေရာသို့ ခေါ်လာသည်မှာ သူတို့၏ အလဲအလှယ်အတွက် တန်ဖိုးကို သိလိုခြင်းကြောင့် ဖြစ်သည်။ မုန့်ချီက လက်ဖဝါးကို ကျောက်စိမ်းတိုင်လုံးပေါ်သို့ တင်လိုက်ပြီး ကျင့်စဉ်နည်းလမ်းများကို ဖော်ထုတ်လိုက်သည်။

"သဏ္ဍာန်မဲ့ဓားမောက်သိုင်း - ဝေ့ကျင်းအဆင့် ထိပ်တန်းသိုင်းပညာ၊ လောကအပြင်ဘက်အထိ ရောက်နိုင်တဲ့ သဏ္ဍာန်မဲ့ ဓားတစ်ချောင်း၊ ကံကြမ္မာအမှတ် (၁၃၀၀) တန်ကြေးရှိတယ်။ ဒါက စာရင်းထဲမှာ မရှိတဲ့အတွက် ပြည့်ပြည့်ဝဝရနိုင်တယ်…”

“သံသရာမှော်သားရဲဓားသိုင်း - ဉာဏ်အလင်းပွင့်မှုအဆင့် သိုင်းကွက် (၅) ကွက် ပါဝင်နေတဲ့ ဝေ့ကျင်းအဆင့် ထိပ်သီးသိုင်းပညာတစ်မျိုး၊ တိတ်ဆိတ်ငြိမ်သက်မှုတာဝန်၊ ရွှေဂဠုန်မြွေဖမ်းခြင်း၊ အသူရာ၏ တိုက်ခိုက်မှု ၊ ဓားစက်ကွင်းနှင့် ဆင်ဖမ်းမြွေဓားကွက် တို့ဖြစ်တယ်။ ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေးသိုင်းကွက် (၃) ကွက် ပါဝင်တယ်။ ကောင်းကင်မိုးကြိုးဓားကွက်၊ နဂါး (၉) ကောင် ဦးခေါင်းဆန့်တန်းခြင်းသိုင်းကွက်၊ ယက္ခဓားသွား တို့ဖြစ်တယ်။ ကံကြမ္မာအမှတ် (၁၆၀၀) တန်ကြေးရှိတယ်။ စာရင်းထဲမှာ မရှိတဲ့အတွက် အမှတ်ပြည့်ပြည့်ဝဝ လဲလှယ်နိုင်တယ်…”

“အာကေလကျင့်စဉ် - ဝေ့ကျင်းအဆင့် အထွဋ်အမြတ်သိုင်းပညာတစ်ခု၊ ကျင့်စဉ်ကို လေ့ကျင့်လိုက်မယ်ဆိုရင် ပုံရိပ်ယောင်ခန္ဓာက ဉာဏ်ပညာ သူတော်စင်တစ်ပါးပုံစံ ဖြစ်လာနိုင်တယ်။ ကံကြမ္မာအမှတ် (၂၇၀၀) တန်ကြေးရှိတယ်။ စာရင်းထဲမှာ မရှိတဲ့အတွက် ပြည့်ပြည်ဝဝရနိုင်တယ်…”

“ငါက ကံကြမ္မာအမှတ် (၈၀၀၀) ပြည့်ဖို့ နည်းနည်းလေးလိုနေသေးတာပဲ…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်ပြီး နောက်ထပ် ပစ္စည်း (၂) ခုကို ထုတ်ယူလိုက်သည်။

"နှင်းစပါးအုံးမြွေရဲ့ သည်းခြေကျောက်၊ နှစ် (၁၀၀) သက်တမ်းရှိတယ်။ စိတ်ကို ကြည်လင်ရှင်းလင်းစေနိုင်ပြီး ဆေးရည်အဖြစ် ပြောင်းလဲစေနိုင်တယ်။ ကံကြမ္မာအမှတ် (၃၀၀) တန်ကြေးရှိတယ်..”

“ကျောက်စိမ်းနက် သတ်ဖြတ်ရေးဓား - အံ့သြစရာကောင်းတဲ့ အဖိုးတန်လက်နက်တစ်ခု။ အသုံးပြုသူရဲ့လက်ကို အုတ်မြစ်အဖြစ် ဖန်တီးရတယ်။ အရိုးဓားကို စွမ်းရည်များစွာနဲ့ ဖန်တီးထားတယ်။ အဲဒါက အသုံးပြုသူရဲ့ကျင့်စဉ်ထက် ကျော်လွန်နိုင်ပြီး ခဏခဏ အသုံးပြုလို့မရနိုင်ဘူး။ အသုံးပြုသူရဲ့အစွမ်းကသာ မလုံလောက်ရင် သတ်ဖြတ်ရေးဓားရဲ့ ထိန်းချုပ်မှုကိုခံရပြီး အသိဉာဏ်မရှိတဲ့ သတ်ဖြတ်ရေး နတ်ဆိုးတစ်ကောင် ဖြစ်သွားနိုင်တယ်။ ဓားရှိနေတဲ့ နေရာတိုင်း အသက်စွမ်းအင်တွေ ပျောက်ကွယ်သွားနိုင်တယ်။ အသုံးပြုသူရဲ့ပြိုင်ဘက်က သိသိသာသာ အားနည်းသွားနိုင်ပြီး တိုက်ခိုက်ခံလိုက်ရတာနဲ့ သတ်ဖြတ်ချင်စိတ်တွေက ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာနိုင်တယ်။ ပင်မဝိညာဉ်ကို ကျူးကျော်တိုက်ခိုက်ပြီး ချီစွမ်းအင်တွေကို အားနည်းသွားစေနိုင်တယ်။ ပြိုင်ဘက်ကသာ အချိန်မီကုသမှုမရှိရင် ချက်ချင်း သေဆုံးသွားနိုင်တယ်။ အဲဒါက ကံကြမ္မာအမှတ် (၂၄၀၀) တန်ကြေးရှိတယ်။ မင်းက ကံကြမ္မာအမှတ် (၁၅၀၀) နဲ့ လဲလို့ရတယ်…"

ထိုဓားကို မြင်သည့်အခါ ဘိုးဘေးလင်းပေါင်က ယာယီ ငြိမ်သက်သွားခဲ့၏။

"မင်းက ငါ့ကို ဒီဓားရော ပေးလို့ရမလား။ ဒီဓားက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်…"

ထိုအရာက မုန့်ချီ လိုအပ်နေသော အရာတစ်ခု ဖြစ်သည်။ ထိုသို့ဆိုလျှင် သူက ပိုများသော ကံကြမ္မာအမှတ်များ ရနိုင်၏။ သူက မြေခွေးဘုရင်၏ ကျင့်စဉ်နည်းလမ်းများကို လေ့လာရန် ထိုဓားကို သိမ်းဆည်းလိုသည့်အတွေးမျိုး မရှိချေ။ သူတို့၏လမ်းကြောင်းက ကွဲပြားမှတော့ ထိုအရာကို အသုံးပြုနေရန် မလိုအပ်ပေ။

ထို့ကြောင့် ဘိုးဘေးလင်းပေါင်က ကျောက်စိမ်းတိုင်လုံးဆီသို့ လျှောက်သွားခဲ့ပြီး ကံကြမ္မာအမှတ်များအတွက် အထုပ်တစ်ထုပ်ကို လဲလှယ်လိုက်သည်။ လုံလုံလောက်လောက် ပြင်ဆင်ပြီးသွားသည့်အချိန်တွင် သူက ကျင့်စဉ်နည်းလမ်း (၃)မျိုးနှင့် မဟူရာကျောက်စိမ်း သတ်ဖြတ်ရေးဓားတို့ကို ကံကြမ္မာအမှတ် (၈၃၀၀) သုံးပြီး မုန့်ချီဆီမှ ဝယ်ယူသွားခဲ့သည်။

ထို့နောက် မုန့်ချီက နှင်းစပါးအုံးမြွေ၏ သည်းခြေကျောက်ကို သံသရာအရှင်သခင်ဆီသို့ လဲလိုက်သည့်အချိန်တွင် သူ့ဆီ၌ ကံကြမ္မာအမှတ် (၈၆၁၀) ရှိနေသည်။

"ဒါဆိုရင်တော့အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ရဲ့ ဝေ့ကျင်းအဆင့်သိုင်းကွက်ကိုလဲဖို့ လုံလောက်သွားပြီ…"

မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။

သံသရာတာဝန်များက ခက်ခဲနေသည့်အတွက် သူက အကာအကွယ်အတွက် လျှို့ဝှက်ရတနာတချို့ကိုလည်း ဝယ်ယူရန် လိုအပ်နေသေးသည်။ သူက ထိုအခွင့်အရေးကို ဆုံးရှုံးသွားမည်ဆိုလျှင် မည်သည့်အချိန်မှ ဝယ်ယူရန် အခွင့်အရေး ရှိဦးမည်နည်း။

နှစ် (၅၀၀) သက်တမ်းရှိ ဗောဓိမျိုးစေ့ကို အသုံးပြုခဲ့ပြီးနောက် အကျိုးသက်ရောက်မှုက သိသိသာသာ အားနည်းသွားခဲ့သည်။ သူက နှစ်တစ်သန်း သက်တမ်းရှိသောအရာကို မလဲလျှင် အကျိုးသက်ရောက်မှု မရှိနိုင်တော့ပေ။

ဝေ့ကျင်းအဆင့် ကျင့်စဉ်များကို စံနမူနာယူပြီး သူကတော့ လူသားနှင့် ကောင်းကင်တစ်သားတည်း အဆင့်၏ အမြင့်ဆုံးကို လျင်လျင်မြန်မြန်ရောက်မည်ဟု သေချာနေခဲ့သည်။ ထိုအရာက လျှို့ဝှက်ရတနာများထက် ပို၍ တန်ဖိုးရှိနိုင်၏။

"ဘိုးဘေး …

ကျွန်တော်က အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ရဲ့ ဝေ့ကျင်းအဆင့်သိုင်းကွက်အတွက် ကံကြမ္မာအမှတ် ဘယ်လောက်လိုမှာလဲ…"

မုန့်ချီက ဘိုးဘေးလင်းပေါင်ကို အနည်းငယ် စိတ်လှုပ်ရှားစွာကြည့်ပြီး မေးလိုက်သည်။

ဘိုးဘေးလင်းပေါင်က ပြုံးလိုက်၏။

"ပုံမှန်ဆိုရင်တော့ မင်းက (၈၀၀၀) ကနေ (၉၀၀၀) လောက် လိုလိမ့်မယ်။ ဒါပေမဲ့ ငါက မင်းရဲ့တန်ဖိုးတစ်ချို့တစ်ဝက်ကို ကျခံပေးပါ့မယ်။ မင်းက အဲဒါကို အမှတ် (၈၀၀၀) လို့ပဲ သတ်မှတ်လိုက်ပါ…"

"ကျေးဇူးအများကြီးတင်ပါတယ် ဘိုးဘေး…"

မုန့်ချီကတော့ လူသားဆန်စွာ ငြင်းနေခြင်းမရှိဘဲ ကမ်းလှမ်းမှုကို ချက်ချင်း လက်ခံလိုက်သည်။

တိမ်တိုက်ပြာဘိုးဘေးက သူ့ကို စိုက်ကြည့်နေပြီး သူ့ကို အရှက်မရှိသော လူတစ်ယောက်ဟု ပြောနေသယောင် ထင်ရ၏။ သို့သော် သူမကိုယ်တိုင်ကလည်း ထိုကဲ့သို့ အခွင့်အရေးမျိုးကို သေချာပေါက် ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ကြောင်း တွေးမိခဲ့သည်။

ထို့နောက် ဘိုးဘေးလင်းပေါင်က သူတို့ကို စိမ်းပြာနန်းတော်၏ စာအုပ်စံအိမ်ဆီသို့ ခေါ်သွားခဲ့၏။ သူက မုန့်ချီဆီမှ ကံကြမ္မာအမှတ် (၈၀၀၀) ကို ယူဆောင်သွားပြီး သူ့ကို ဝါးကျောက်စိမ်း သိုင်းကျမ်းလေးတစ်ခု ပေးလိုက်သည်။ ထိုသိုင်းကျမ်းပေါ်တွင် အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ် ဝေ့ကျင်းအဆင့်သိုင်းကွက်ဟု ရေးထား၏။

ဤနေရာတွင် တခြားလူများ ရှိနေသော်လည်း မုန့်ချီကတော့ စိုးရိမ်နေရန် မလိုအပ်ပေ။ ချက်ချင်းပင် သူက ဝါးကျောက်စိမ်းသိုင်းကျမ်းထဲရှိ ကျင့်စဉ်များကို နားလည်အောင် ကြိုးစားလိုက်၏။ စကားလုံးတိုင်းက အလွန်လှပစွာ လှုပ်ရှားနေပြီး လျှို့ဝှက်ဆန်းကြယ်သော ပုံစံကွက်များနှင့်အတူ သူ့ခေါင်းထဲတွင် ဖြည်းညင်းစွာ ပေါ်လာခဲ့သည်။

"ဒါက ငါ့ရဲ့လေ့ကျင့်မှုလမ်းကြောင်းနဲ့ ဆက်သွယ်နေတာပဲ။ ငါက ပြင်ဆင်မှုနည်းနည်းပဲ လုပ်ရတော့မယ်…"

နောက်ဆုံးတွင်တော့ မုန့်ချီ၏စိုးရိမ်မှုများက ပျောက်ကွယ်သွားခဲ့သည်။ မည်သို့ဖြစ်စေကာမူ ပြင်ဆင်မှုများက ကိစ္စမရှိချေ။ ဝေ့ကျင်းအဆင့် သိုင်းကွက်တွင် ပင်မလမ်းညွှန်ချက်အပြင် တခြားလမ်းကြောင်း အနည်းငယ်ကိုလည်း အသေးစိတ် ရှင်းပြထားသေး၏။ သူကတော့ စိတ်ဓာတ်ကျနေစရာ မလိုတော့ပေ။

သိပ်မကြာခင် သူက မျက်မှောင်ကြုတ်လိုက်မိ၏။

"အစောပိုင်းအချိန်ကာလနဲ့ ပတ်သက်တဲ့အတွေးတွေက အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်နဲ့ ကိုက်ညီနေတယ်။ အဲဒါက ပင်မလမ်းညွှန်ချက်နဲ့တောင် ဆန့်ကျင်မနေခဲ့ဘူး…"

ယခင်တုန်းကတော့ သူ တည်ဆောက်ထားသော လမ်းကြောင်းက အလွန်ခက်ခဲနေပြီး မတူညီသော ကျင့်စဉ်နည်းလမ်းပေါင်းစုံကို ပေါင်းစပ်လိုက်သည့်အချိန်တွင် အတင်းအကျပ် ကြိုးစားနေရမှာကို စိုးရိမ်နေခဲ့သည်။ သူက အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကို ပိုင်ဆိုင်ရုံလေးနှင့် မလုံလောက်သေးပေ။

သူ ဝေ့ကျင်းအဆင့်သို့ ရောက်သည့်အချိန်တွင်တော့ စံနမူနာထားရန် ကောင်းကင်ရွှေကျင့်စဉ်ကို သေချာပေါက် ရနိုင်ပါလိမ့်မည်။ ရှေ့ခရီးလမ်းကို တည်တည်ငြိမ်ငြိမ် ဆက်လက် လျှောက်လှမ်းရန်အတွက် သူက ဝေ့ကျင်းအဆင့် သိုင်းကွက်များကို သေချာပေါက် လေ့လာထားရန် လိုအပ်ပြီး အရာအားလုံးကို အသေးစိတ် ဖြည့်ဆည်းရပါလိမ့်မည်။

သူက ကျင့်စဉ်ကို ဆက်၍ ဖတ်ကြည့်နေပြီး နောက်ဆုံးတွင်တော့ အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်တွင် ဝေ့ကျင်းအဆင့် စွမ်းရည်တစ်ခုရှိကြောင်း တွေ့လိုက်ရ၏။

"ငါက သဘာဝဖြစ်စဉ်တွေကို လှုံ့ဆော်ပြီး ခေါင်း (၂) လုံး ၊ လက် (၄) ဖက် ပုံရိပ်ကို ဖန်တီးနိုင်တယ်။ အဲဒီပုံရိပ်ယောင်က အချိန်အကြာကြီး မခံနိုင်ပေမယ့် လူ (၂) ယောက် တိုက်ခိုက်လိုက်တာနဲ့ ညီမျှတယ်။ တကယ်လို့ ဓမ္မကာရအဆင့်ကိုသာ ရောက်သွားမယ်ဆိုရင် ခေါင်း (၃) လုံး ၊ လက် (၆) ဖက် ဖြစ်လာနိုင်တယ်။ ဝေ့ကျင်းအဆင့်ကို ရောက်သွားရင် အဆုံးစွန်သော ပြောင်းလဲမှု (၉) မျိုးကိုလုပ်နိုင်ပြီး ဓမ္မကာရတစ်ဝက် အဆင့်ကို ရောက်သွားပြီဆိုရင်တော့ အကန့်အသတ်မရှိ ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်တယ်။ ဟမ်..."

မုန့်ချီက အံ့သြသွားခဲ့သည်။

"ဝေ့ကျင်းအဆင့် သိုင်းကွက်တွေက နည်းနည်းတော့ ထူးဆန်းနေတယ်…"

သန့်စင်မှော်အရှင်က ထိုသိုင်းကွက်ကို လေ့လာခဲ့ဖူးသည့်အတွက်ကြောင့် ဘိုးဘေးလင်းပေါင်က မုန့်ချီ၏ သံသယများကို ခန့်မှန်းမိခဲ့သည်။ သူက အပြုံးနှင့် ပြောလိုက်၏။

"အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်မှာ ဒီဓမ္မကာရအဆင့် သိုင်းကွက်ပဲ ရှိတယ်။ ဝေ့ကျင်းအဆင့် စွမ်းရည်တွေကတော့ အရင် ဓမ္မကာရအဆင့် သိုင်းကွက်ကို လေ့ကျင့်နေရင်းကနေပဲ တဖြည်းဖြည်း နားလည်လာနိုင်တယ်…"

"ဒါကြောင့်ကိုး..."

မုန့်ချီက ရုတ်တရက် နားလည်သွားခဲ့၏။

သူက ဝေ့ကျင်းအဆင့် သိုင်းကွက်များစွာကို မြင်တွေ့ဖူးသည်။ ကောင်းကင်တူညီသိုင်းကွက်၊ သမုဒ္ဒရာဖျက်ဆီးခြင်း တုတ်သိုင်း၊ ပုံရိပ်ယောင်သန့်စင် ဓားမောက်သိုင်းပညာ၊ ဘာရိုဓားသိုင်းပညာနှင့် လေဟာနယ်ဖျက်ဆီးခြင်း ခြေလှမ်းသိုင်းတို့ကဲ့သို့ သိုင်းကွက်များ ဖြစ်သည်။

အကယ်၍ သူကသာ လေဟာနယ် ဖျက်ဆီးခြင်းသိုင်းကို သူ၏ဓမ္မကာရအဖြစ် သတ်မှတ်လိုက်မည်ဆိုလျှင် သူက တန်ခိုးရှင် စွန်းဝူခုန်း၏ မှော်ဆန်သော တိမ်တိုက်စီးခြင်း အတတ်ပညာကို ရရှိလာနိုင်သည်။

"အဲဒီကံကြမ္မာ အမှတ်တွေကတော့ တကယ့်ကို တန်ဖိုးရှိသွားပြီ…"

မုန့်ချီက ပြုံးလိုက်မိသည်။ ထို့ပြင် သူက ကံကြမ္မာအမှတ် (၈၀၀၀) တည်းနှင့် ရခဲ့ခြင်းဖြစ်၏။ သူက မျက်နှာဖုံး ဝတ်ဆင်ထားနေသေးသည့်အတွက် ပုံရိပ်ပျက်စီးသွားခြင်းတော့ မရှိသေးပေ။

ဘိုးဘေးလင်းပေါင်က အားနေသော လူတစ်ယောက် မဟုတ်သည့်အတွက် သိပ်မကြာခင် ထွက်သွားခဲ့၏။

တိမ်တိုက်ပြာဘိုးဘေးက မုန့်ချီကို စိုက်ကြည့်နေပြီး နောက်ဆုံးတွင်တော့ မှင်တက်နေရာမှ သတိပြန်ဝင်လာပုံရသည်။

"မင်းက တစ်ကြိမ်တည်းနဲ့ ကံကြမ္မာအမှတ် (၈၀၀၀) ရလိုက်တော့ တော်တော်လေးကို ကျေနပ်နေပြီလား…"

မုန့်ချီက အပြုံးနှင့် ပြန်ပြောလိုက်၏။

"ကျွန်တော်က ကောင်းတယ်လို့ ခံစားမိပါတယ်။ ဒါပေမဲ့ နာကျင်နေရသေးတာပဲ…"

သူမက ခေါင်းညိတ်ပြလိုက်ပြီး သူမကိုယ်တိုင် ခံစားနေရသည့်အလား တူညီသည့် နာကျင်မှုကို ခံစားမိနေသည်။ သူတို့ (၂) ယောက်က အချင်းချင်း ကြည့်လိုက်မိကြပြီး တူညီသော ခံစားမှုတစ်ခု ပေါ်လာခဲ့၏။

"မင်းက တရားဝင်အဖွဲ့သား တစ်ယောက်ဖြစ်ဖို့ တာဝန်တစ်ခုပဲ လိုတော့တယ်။ မင်းက ကောင်းကင်ရွှေကျင့်စဉ်ရဲ့ ဝေ့ကျင်းအဆင့် သိုင်းကွက်ကို မလိုချင်တော့ဘူးလား…"

သူမက သတိပေးလိုက်၏။

သူက ထိုအရာကိုလည်း သေချာစဉ်းစားထားခဲ့သည်။ ထို့ကြောင့် အင်မော်တယ်လမ်းကြောင်းထဲသို့ သွားခဲ့ပြီး ကျောက်စိမ်းတိုင်လုံးထဲတွင် တင်ထားသော တာဝန်များကို စစ်ဆေးကြည့်လိုက်၏။ ယခုတစ်ကြိမ် လိုအပ်ချက်ရှိသော တာဝန်များက သူ့ထက်ပို၍ အစွမ်းထက်နေပြီး မတူညီသော ကမ္ဘာကြီးများတွင် လုပ်ဆောင်ရခြင်း ဖြစ်သည်။

သံသရာတံဆိပ် မရှိသည့်အတွက် သူလုပ်နိုင်သော အရာလည်း မရှိတော့ချေ။ သင့်တော်သော တာဝန်တစ်ခုတော့ ရှိနေ၏။ သို့သော် ထိုအရာက လော့ရန်တွင် ရှိနေသည်။ မုန့်ချီကတော့ ထိုတာဝန်ကို ငြင်းဆန်လိုက်၏။ သူက မည်သည့်ပြဿနာမျှ မလိုချင်ခဲ့ပေ။

"ငါက နောက်တစ်ကြိမ် ထပ်စောင့်ရမယ်…"

မုန့်ချီက အိမ်ငယ်လေး၏ အတွင်းထဲကို စစ်ဆေးကြည့်လိုက်ပြီးနောက် အရေးကြီးသည့်အရာ မရှိကြောင်း တွေ့လိုက်ရ၏။ တိမ်တိုက်ပြာဘိုးဘေးကတော့ ကပ်စေးနည်းသည့်အတွက် သူ့ကို သံသယတံဆိပ်တစ်ခု လက်ဆောင်ပေးမည် မဟုတ်ချေ။ သူမက သူ့ကို ပြန်လိုက်ပို့ပေးခဲ့၏။

……………

တစ်လကျော် ကြာပြီးနောက် ပြောင်းလဲမှုတစ်ခု ပေါ်လာခဲ့သည်။ မုန့်ချီက သံသရာမြေကွက်လပ်ထဲတွင် ပေါ်လာခဲ့၏။ သူကတော့ အနည်းငယ် အချိန်တိုတောင်းသည်ဟု ခံစားနေရသည့်အတွက် နောင်တရသလို ခံစားနေရသည်။ သူက အဆင့်တက်မှုမလုပ်ခင် အခြေအနေကို သုံးသပ်ရန် လိုအပ်နေသေး၏။

"ဟမ်...။ သူတို့က ဘယ်နေရာမှာလဲ…"

သူက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ကျိုးဟမ်၊ ချီကျန်းရန်နှင့် ရွမ်ယုရှုတို့ကိုလည်း မတွေ့ခဲ့ရပေ။

ထိုအချိန်တွင် သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။

"အချိန်တွေက ပြောင်းလဲသွားပြီ။ ကမ္ဘာကြီးထဲမှာလည်း ပြောင်းလဲမှုတွေ အများကြီးရှိတယ်။ ရှေးဟောင်းအင်အားစုကြီးတွေက သူတို့ရဲ့စွမ်းအားတွေကို ဖုံးကွယ်ထားပြီး သိုင်းပညာတွေက ကျဆင်းလာတယ်။ အခု တောင်ပိုင်းကျင်းအင်ပါယာထဲမှာ ခန့်မှန်းလို့မရနိုင်တဲ့ အရှုပ်အထွေးတွေ ရှိနေတယ်…”

“ပထမဆုံးပင်မတာဝန် - (၂) လအတွင်း လော့ရန်ကိုသွားပြီး ကျိုးဟမ်တို့နဲ့ သွားတွေ့ရမယ်။ တကယ်လို့ အောင်မြင်မယ်ဆိုရင်တော့ ဒုတိယပင်မတာဝန်က အလိုလို အသက်ဝင်လာလိမ့်မယ်။ ကျရှုံးမယ်ဆိုရင်တော့ မင်းက ရှင်းပစ်ခံရမယ်…"

"လော့ရန်..."

ကံကြမ္မာဟူသည်မှာ ထွက်ပြေး၍ မရနိုင်ကြောင်း မုန့်ချီက စတင် ခံစားလာမိ၏။

Translated by Hein Htet.

All Chapters