← Chapters

အခန်း (၄၇၀)

Vol. 32 Ch. 470

အခန်း (၄၇၀)

Vol. 32 Ch. 470

မုန့်ချီကတော့ ‌ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။ သူ၏မျက်နှာပေါ်တွင် အားနည်းသော အပြုံးတစ်ခု ပေါ်လာပြီး သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်လိုက်ရ၏။

သူက လုပ်သင့်သည့်အရာကို မဖြစ်မနေ ရင်ဆိုင်ရမည်သာဖြစ်သည်။ ထိုအရာကမှ အစစ်အမှန် စစ်သည်တော်တစ်ယောက် လုပ်ဆောင်သင့်သော အရာတစ်ခုဖြစ်၏။ သူက စိတ်ဓာတ်ကျနေ၍ မရဘဲ ထိုအရာများကို ကျော်လွှားနိုင်အောင် ကြိုးစားရပါလိမ့်မည်။

မုန့်ချီက သူ့အတွေးများကို ဘေးဖယ်ထားလိုက်ပြီး အလယ်တွင် ရှိနေသော အလင်းတိုင်လုံးဆီသို့ လျှောက်သွားခဲ့လိုက်၏။ နောက်ထပ်တာဝန်အတွက် အချက်အလက်များ မရှိသလို သူ့အဖော်များလည်း မရှိသည့်အတွက် မည်သည့်ပစ္စည်းကို လဲလှယ်သင့်သည်ဟူသော ဆွေးနွေးမှုမျိုးလည်း မရှိနိုင်တော့ပေ။

သူက ကံကြမ္မာအမှတ်(၅၀၀)သုံးပြီး စွမ်းအားပြန်ဖြည့်ဆေး(၁)လုံး လဲလိုက်သည့်အတွက် သူ့ဆီတွင် (၁၁၀) သာ ကျန်နေတော့သည်။ ထို့နောက် သူက တိတ်တဆိတ် ထိုင်နေရင်း အချိန်က ကုန်ဆုံးသွားခဲ့၏။ ရုတ်တရက်ဆိုသလို သူ့ကို အလင်းတန်းများ လွှမ်းခြုံသွားခဲ့ပြီး သံသရာမြေကွက်လပ်ထဲမှ အဝေးကို ပို့ပေးလိုက်သည်။

……………………….

ဇူလိုင်လတွင် နွေဦးရာသီ ချဉ်းကပ်လာသည့်အတွက် ဆောင်းတွင်း အအေးဓာတ်က ကုန်ဆုံးလာခဲ့သည်။ နေ့အချိန်တွင် နွေးထွေးနေပြီး ညအချိန်တွင် အေးစက်နေသည်။

လော့ရန်တွင် ရှိနေသော နန်းတွင်းမြို့တော်ကြီးက လောကတစ်ခုလုံးတွင် အကျော်ကြားဆုံး မြို့တစ်မြို့ ဖြစ်သည်။တစ်မြို့လုံးတွင် ခံတပ်(၅)ခု ဝိုင်းရံထားပြီး နန်းတော်ကတော့ မြို့အလယ်ခေါင်တွင် ရှိနေ၏။ ပတ်ပတ်လည်တွင် အလွန်ရှုပ်ထွေးသော နန်းတွင်းရေးရာ အဆောက်အဦးများ ရှိနေပြီး သူတို့၏ပတ်ပတ်လည်တွင်တော့ နောက်ထပ်ခံတပ်(၁)ခု ဝိုင်းထားသည်။

အတွင်းဘက်နှင့် အပြင်ဘက်မြို့များကတော့ လူနေအိမ်အလွှာ(၂)ခုပမာ ဖြစ်နေပြီး မြို့၏ငွေတိုက်များ စုပြုံနေကြသည် ။ ထိုနေရာမှနေ၍ မြို့တစ်ခုလုံး၏မြင်ကွင်းကို အပေါ်မှကြည့်၍ ရနိုင်သည်။

ရှုပ်ထွေးလွန်းလှသော မြို့၏အစီအမံများက နန်းတော်ကြီးကို ဗဟိုပြုထားပြီး နေရာအားလုံးက အတော်လေးကို အံ့ဩစရာကောင်း၏။ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော တည်ဆောက်ပုံများ၊ အထင်ကြီးလောက်စရာ အခြေအနေနှင့် ဖြတ်သွားဖြတ်လာ လူအုပ်ကြီးများကိုကြည့်ပြီး ထိုအရာက ကောင်းကင်အောက်တွင် အကြီးမားဆုံးမြို့တစ်မြို့ဟု သတ်မှတ်နိုင်သည်။

လူပေါင်းစုံကလည်း ပျားပိတုန်းများအလား လှုပ်ရှားသွားလာနေကြပြီး ဈေးသွားနေသည့်အလား မြို့ထဲတွင် ရှုပ်ထွေးနေကြသည်။ လမ်းဘေးတွင်လည်း သစ်ပင်ကြီးများကို သေချာစိုက်ထားပြီး သစ်ကိုင်းများက အရိပ်ပေးနိုင်သည့်အတွက် သစ်ပင်အောက်ဖက်တွင် လူများ‌ နားခိုနေကြ၏။

လမ်းသွားလမ်းလာများက ဥဒဟို သွားလာနေကြသော်လည်း လူတိုင်းကတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေကြသည်။ လူတစ်ယောက်က လူအုပ်ကြီး၏အလယ်တွင် ရပ်နေနိုင်ရုံနှင့် မြို့တော်ထဲတွင် နေထိုင်သူတစ်ယောက်၏ ဂုဏ်နှင့် မာနများ ရှိနေနိုင်သည်။

သို့သော် မြို့တော်တွင် နေထိုင်သူများနှင့် ကျန်းတုံ ပတ်ပတ်လည်တွင် နေထိုင်သူများက မည်မျှကွာခြားမည်နည်း။ စုတ်စုတ်ပြတ်ပြတ် နေရာများနှင့် သူတောင်းစားများကပင် လော့ရန်၏ လမ်းမများပေါ်တွင် မြင်တွေ့ရသည်မှာ ‌အတော်လေး ရှားပါး၏။

မင်းသားဝေ၏ စံအိမ်ကတော့ ဒိုကျိလမ်းကြားလေးထဲတွင် တည်ရှိနေပြီး ထိုနေရာက တော်ဝင်အဆောက်အဦးများ၏ အနားတွင် ရှိနေသည်။ ထိုနေရာတွင် လူနှင့်မြင်းလှည်းများ ဖြတ်သွားသည်မှာ ရှားပါးသည့်အတွက် မင်းသားဝေက တခြားသော ညီအစ်ကိုများကဲ့သို့ ဧည့်သည်များကို ဖိတ်ခေါ်ခြင်းမရှိကြောင်း သိသာနေသည်။ သူ့စံအိမ်၏ ခြံဝန်းထဲတွင်တော့ သစ်ပင်ကြီးများ စိုက်ထားပြီး အလွန်တည်ငြိမ်အေးချမ်းသော အခြေအနေတစ်ခု ရှိနေသည်။

"ကျွန်တော်တို့က ဘယ်ကိုသွားမှာလဲ မင်းသားလေး…"

ဟုတိုက သူရှေ့တွင် ရှိနေသော မင်းသားလေးကို မေးလိုက်သည်။ မျက်ခုံးထူထူနှင့် မိန်းမစိုးက ကြောက်လန့်နေပုံရသော်လည်း အသံတိုးတိုးဖြင့် ပြောလိုက်၏။ သူကတော့ ကျိုးဟမ်ကလွဲလျှင် မည်သည့်အစေခံကိုမှ စိတ်မဝင်စားချေ။

တော်ဝင်မိသားစုမှ မင်းသားဝေက သူ့ကိုယ်သူ ရုပ်ဖျက်ပြီး သာမာန်လူတစ်ယောက်အဖြစ် မြို့ထဲကို ရောက်လာခဲ့၏။ ယနေ့တွင် သူ၏သခင်က အတော်လေးကို ထူးခြားနေသည်။

သူက အလွန်ထူးဆန်းသော စာ(၁)စောင်ကို ရခဲ့ပြီး တစ်ယောက်တည်း လေးလေးနက်နက် စဉ်းစားနေပုံရ၏။ လက်ရှိအချိန်တွင် သူက ခြံဝန်းထဲ၌ ရှိနေသော လူတိုင်း သတိမထားမိစေရန် သူ၏လူယုံတစ်ယောက်တည်းကိုသာ ခေါ်ပြီး စံအိမ်ထဲမှ ခိုးထွက်လာခဲ့သည်။

အစိမ်းရောင်ဝတ်စုံနှင့် ဦးထုပ်ငယ်လေးကို ဆောင်းထားသော ကျိုးဟမ်က ရိုးရှင်းသော်လည်း အဆင့်အတန်းမြင့်မှုကို ပြသနေခဲ့သည်။ သူ၏မျက်လုံးများက ဝင်းလက်တောက်ပနေပြီး သူ့နောက်မှ လိုက်လာသောအစေခံကို ပြောလိုက်၏။

"မင်းက တွေ့ရပါလိမ့်မယ်..."

သူ့လေသံက အစွမ်းထက်ပြီး ပြတ်သားသည်။ ဟုတိုကတော့ တိတ်တဆိတ်သာ နောက်မှလိုက်လာပြီး သူ့သခင်၏ဆန္ဒကို မေးခွန်းထုတ်နေခြင်း မရှိချေ။ သာမာန်သူများ၏ အမြင်တွင် သူက သဘောကောင်းပြီး ဖော်ရွေတတ်သူ တစ်ယောက် ဖြစ်သော်လည်း သူ့သခင်က နန်းတွင်းထဲတွင် အရေးမပါသော မင်းသားတစ်ယောက် ဖြစ်ကြောင်း သိနေ၏။ အလွန်ရိုင်းစိုင်းသူများကပင် မင်းသား၏ရှေ့တွင် သူတို့၏ဒေါသကို ထိန်းချုပ်ရသည်။

"သူက တကယ့်ကို ဉာဏ်နီဉာဏ်နက်များတယ်…"

ဟုတိုကတော့ သူ၏ခံစားချက်များကို ထိန်းချုပ်ထားသည်။

သူတို့က စကားမပြောကြဘဲ တိုကျိလမ်းကြားလေးထဲမှ ထွက်လာကြပြီး အတွင်းမြို့၏ အစွန်သို့ရောက်အောင် လျှောက်လာခဲ့ကြသည်။ စားစရာများ ရောင်းချသော ဆိုင်ငယ်လေးတစ်ခုကို ရောက်လာသည့်အချိန်တွင် သူတို့က အထဲကို ဝင်လိုက်ကြ၏။

ထိုနေရာတွင်တော့ လူပေါင်းစုံ ရှုပ်ထွေးနေသည်။ ဟုတိုက သူတို့အတွက် စားပွဲတစ်ခု ရှင်း‌ပေးရန် စားပွဲထိုးကို အမိန့်ပေးလိုက်ပြီး လူအများကြားထဲတွင် လာရောက်စားသုံးနေရသည့်အတွက် အတော်လေး ရွံရှာနေပုံရသည်။ သူက သူ့သခင် မင်းသားလေးအတွက် ထိုင်ခုံတစ်ခုယူပေးလိုက်သည်။

"မင်းသားလေး...

ကျွန်တော်တို့က ဒီနေရာမှာ လူ(၁)ယောက်နဲ့ လာတွေ့တာလား..."

မိန်းမစိုးက မေးလိုက်သည်။ သူက အဝတ်တစ်ခုကို ရှာဖွေလိုက်သည်။ သိပ်မကြာခင် သူက စိုစွတ်နေသော အဝတ်နှင့် စားပွဲခုံကို သူကိုယ်တိုင် သုတ်လိုက်ပြီး ထိုအရာကို အထင်သေးစွာ လွှင့်ပစ်လိုက်၏။

ကျိုးဟမ်ကတော့ ပြန်မဖြေခဲ့ပေ။ ထိုအစား သူက ပတ်ပတ်လည်တွင် အစီအစဉ်မကျ ရှုပ်ထွေးနေသော လူအုပ်ကြီးကိုသာ စိတ်ဝင်တစား လိုက်ကြည့်နေခဲ့၏။

"လူငယ်မှတ်တမ်း… သခင်လေးတွေ ....မြန်မြန်...ပေါ်လာပြီ…."

လူအုပ်ကြီး၏ကြားထဲတွင် အလွန်ကျယ်လောင်သောအော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လူအုပ်ကြီးထံမှ ပြေးထွက်လာသော စာသင်သားတစ်ယောက်က ဒုတိယထပ်သို့ ဦးတည်သော လှေကားဆီသို့ ပြေးသွားခဲ့၏။ အနီးအနားမှ စိတ်ဝင်စားနေသော လူပေါင်းများစွာကလည်း သူ့ကို စိုက်ကြည့်နေကြသည်။ သူက စာရွက်(၁)ခုကို ထုတ်လိုက်ပြီး နံရံပေါ်တွင် ကပ်လိုက်၏။

"ဘာမှနားမလည်တဲ့ကောင်တွေပဲ…"

ဟုတိုက ပတ်ပတ်လည်တွင် ရှိနေသော လူအုပ်ကြီးကိုကြည့်ပြီး ရေရွတ်လိုက်သည်။

"လူငယ်မှတ်တမ်း ပြောင်းလဲမှုကို‌ မျှော်လင့်ထားတာတော့ ကြာနေပြီ..။ ဒါပေမယ့် ဘာမှအံ့ဩစရာတော့ မရှိဘူး…"

နေရာတိုင်းမှနေ၍ တီးတိုးစကားပြောသံများ၊ စိတ်ဝင်စားဖွယ် အငြင်းအခုံလုပ်နေသံများ ထွက်ပေါ်လာသည်။

ခေါက်ယပ်တောင်တစ်ခုကို ကိုင်ထားသော လူတစ်ယောက်က ေပြောလိုက်၏။

"မိတ်ဆွေ...

မြေခွေးဘုရင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုက ဘယ်လောက်ကြာဦးမယ်လို့ ထင်လဲ…"

မြို့တော်တွင် ရှိနေသော မြို့သူမြို့သားများက မိတ်ဆွေများ၊ မိသားစုများကို ခေါ်ဆိုရာတွင် အလွန်အလေးထားကြသည်။ သူတို့က ယဉ်ကျေးမှုထုံးတမ်း အစဉ်အလာအတိုင်းသာ သုံးနှုံးတတ်ကြ၏။

"မြေခွေးဘုရင်က အဆင့်တက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်လို့ မြို့တော်မှာရှိတဲ့ ပညာရှင်တွေက ယုံကြည်နေကြတယ်...။ ဒါပေမယ့် ငါ့အထင်တော့ သူရဲ့ဦးတည်ချက်ကိုရောက်ဖို့ နောက်ထပ် ပညာရှင်တစ်ယောက်ပဲ သတ်ရတော့မယ် ထင်တယ်..။ အဲဒါကတော့ ဝေ့ကျင်းအဆင့် နောက်ဆုံးစစ်သည်တော်(၁)ယောက်ပဲ.."

သူ၏မိတ်ဆွေက စားပွဲပေါ်တွင် ရှိသော ဓားကိုကိုင်ပြီး ပြန်ဖြေလိုက်သည်။

သူကတော့ သူသိထားသော အချက်အလက်များကို ပြန်စဉ်းစားနေခဲ့ပြီး စစ်သည်တော်များ၊ နပန်းသမားများ၊ လူဆိုးအားလုံးကတော့ လော့ရန်ပိုင်နက်ထဲကို ခြေမချရဲကြပေ။

ဟုတိုက ပြုံးလိုက်ပြီး ထိုလူ၏စကားကို စိတ်ဝင်စားချင် ယောင်ဆောင်နေခဲ့၏။ စာသင်သားက လက်ထဲတွင် ရှိနေသော စာရွက်ကြီးကို ကပ်လိုက်သည့်အချိန်တွင် အနက်ရောင်စကားလုံးများ ပေါ်လာခဲ့၏။

"ဘုရားရေ...

မြေခွေးဘုရင်က နံပါတ်(၁)နေရာကနေ ပြုတ်ကျသွားပြီ…"

စက္ကူ‌ယပ်တောင် ကိုင်ထားသူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ဓားကိုင်ထားသော သူ့မိတ်‌ဆွေကလည်း ခေါင်းညိတ်ပြလိုက်ပြီး နံရံပေါ်ရှိ အဖြူရောင်စာရွက်ကို စူးစူးနင့်နင့် စိုက်ကြည့်နေသည်။ သတ်ဖြတ်ရေးဓားစုမုန့်က စာရင်း၏ အမြင့်ဆုံးနေရာကို ရောက်သွားခဲ့၏။ သူက အောက်ကို ဆက်ကြည့်နေရင်း ရုတ်တရက် ရပ်တန့်သွားသည်။

သတ်ဖြတ်ရေးဓားစုမုန့်နှင့် ပတ်သက်သော အချက်အလက်များတွင် ကွဲလွဲမှုများစွာ ရှိနေ၏။ ထိုအရာက သူ၏ယခင်အောင်မြင်မှုတစ်စိတ်တစ်ပိုင်းကိုပါ ပြန်ဖြည့်ပေးထားခြင်း ဖြစ်သည်။ ယခုတော့ အတော်လေးကို အသေးစိတ် ကျနေခဲ့၏။ သို့သော် သူက လူငယ်မှတ်တမ်း၏ နံပါတ်(၁)ဟူသောနာမည်နှင့် ထိုက်တန်သော စကားလုံးတိုလေးတစ်ခုသာ ရှိသည်။

"သူက ပါယန်တောင်ကြားထဲမှာ မြေခွေးဘုရင်ကို သတ်ပစ်လိုက်တယ်…"

"သူက မြေခွေးဘုရင်ကို သတ်လိုက်တာလား ..."

သူက အဝေးကို ငေးကြည့်နေရင်း တစ်ယောက်တည်းတီးတိုး ရေရွတ်နေခဲ့၏။ သူကတော့ ဖတ်လိုက်သည့် စာသားကို မယုံကြည်နိုင်သလို ဖြစ်နေခဲ့၏။

ရုတ်တရက်ဆိုသလို စားသောက်ဆိုင်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး အပ်ကျသံပင် မကြားရသလောက် ဖြစ်သွားခဲ့၏။ ကြည့်ရသည်မှာ သူတို့အားလုံးကို တိတ်ဆိတ်မှု ကန့်လန်ကာကြီး လွှမ်းခြုံသွားသလို ထင်မှတ်ရသည်။

"ဒါ...ဒါက မဖြစ်နိုင်ဘူး မဟုတ်လား..။ ပြိုင်ဘက်ကင်း မြေခွေးဘုရင်က အသတ်ခံလိုက်ရတာလား...။ သတ်ဖြတ်ရေးဓားက ဒီလိုအဆင့်ကိုတောင် ရောက်သွားပြီလား…"

သတ်ဖြတ်ရေးဓား၏ ကြီးကျယ်မြင့်မြတ်မှုကို ဖော်ပြနိုင်သော စကားလုံးပင် မရှိတော့ချေ။ ထိုစာကြောင်းလေးတစ်ခုတည်းကပင် နယ်မြေတစ်ခုလုံးကို လှုပ်ရှားသွားစေနိုင်သော အငွေ့အသက်များ ရှိနေ၏။

"ဘာမှမသိ နားမလည်တဲ့အရူးတွေပဲ…"

ဟုတိုက အထင်သေးစွာ ရေရွတ်လိုက်ပြီး သူ့ကိုယ်သူ ကျေနပ်နေခဲ့သည်။

သူကတော့ စုမုန့်၏နာမည်ကို ကြားသည့်အချိန်တွင် အံ့ဩမှုများ ပျောက်ကွယ်သွားပုံရသည်။ သိပ်မကြာခင် စားသောက်ဆိုင်တစ်ခုလုံးက ပြန်လည်အသက်ဝင်လာခဲ့၏။ အံ့ဩရေရွတ်နေသည့်အသံများ၊ အငြင်းအခုံဖြစ်နေသည့် အသံများကလည်း စတင်ကျယ်လောင်လာသည်။

ယပ်တောင်ကိုင်ထားသော စာသင်သားကတော့ သူ့မိတ်ဆွေနှင့်အတူ တိတ်တဆိတ် ထိုင်နေပြီး သူတို့ကတော့ လွန်ခဲ့သော(၁)နှစ်ခန့်ကို ပြန်လည်စဉ်းစားကြည့်နေသလို ထင်မှတ်ရသည်။

စာသင်သားက မှင်တက်နေရာမှ အားနည်းစွာ ရယ်လိုက်မိ၏။

"မင်းရဲ့စကားတွေက မှန်တယ် မိတ်ဆွေ.။ ‌မြေခွေးဘုရင်က နံပါတ်(၁)နေရာမှာ မရှိတော့ဘူး...။ ဒါပေမယ့် အဲဒါက အဆင့်တက်မှုကြောင့်တော့ မဟုတ်ဘူး။ သူက အသတ်ခံလိုက်ရလို့ပဲ...။ သတ်ဖြတ်ရေးဓားမှာ ဒီလိုအစွမ်းမျိုး ပိုင်ဆိုင်ထားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ...။ သူ့ကြောင့် ငါက အပြင်ကောင်းကင်နတ်ဘုရားဓားကိုတောင် မှတ်မိသွားပြီ..."

သူ့မိတ်ဆွေကလည်း ရယ်လိုက်မိသည်။ ထိုအစား သူကတော့ လူငယ်မှတ်တမ်းအကြောင်းကို ခေါင်းစဉ်ပြောင်း၍ ပြောလိုက်၏။

"ကြည့်ရတာတော့ သတင်းတွေက ဖန်ချန်းမြောင်ဆီကို ရောက်မသွားသေးဘူးထင်တယ်...။ဟား...ဟား...ဟား..."

"ဖန်ချန်းမြောင်က ဒီသတင်းကြောင့် ဘာလို့စိတ်ဓာတ်ကျရမှာလဲ…"

ဇဝေဇဝါဖြစ်နေသော သူ့မိတ်ဆွေက စက္ကူယပ်တောင်ကိုကိုင်ပြီး မေးလိုက်သည်။

ဓားကိုင်ထားသော လူက အပြုံးနှင့် ပြောလိုက်၏။

"မင်းက သူ့အကြောင်းကို တကယ်သိချင်တာလား..။ သူက လွန်ခဲ့တဲ့နှစ် သိုင်းပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့သူလေ..။ ပြီးတော့ ယပ်တောင်(၆)လက်ကျောင်းရဲ့ ငွေတံဆိပ်လူဆိုးထိန်း ဖြစ်နေပြီ..”

“အဲဒါက ပြသာနာရှိလို့လား…"

သူ့မိတ်ဆွေကတော့ နားမလည်နိုင်သလို ဖြစ်နေသေး၏။

"ဒါဆိုရင် မင်းက ဘယ်သူ့ကို ဘာစကားပြောရမလဲဆိုတာ မသိသေးဘူးပဲ..။ အဲဒီ ဖန်ချန်းမြောင်က တော်တော်လေးကို ကောက်ကျစ်စဉ်းလဲတယ်...။ အရင်တုန်းကတော့ သူနဲ့ပတ်သက်ပြီး ဘာသတင်းမှမကြားရဘူး..။ သူက လူမသိသူမသိအဖြစ်ကနေ ထွက်ပေါ်လာပြီး သိုင်းပညာပြိုင်ပွဲမှာ အနိုင်ရခဲ့တယ်..။ ပြီးတော့ လူငယ်မှတ်တမ်းမှာ နေရာရလာခဲ့တယ်..။ သူက သူ့ရဲ့စွမ်းဆောင်ရည်တွေကို မြှင့်‌တင်နေပြီး လူငယ်မှတ်တမ်းရဲ့ ထိပ်ဆုံး (၁၀)ယောက်ထဲကို ရောက်ချင်နေတာ..."

ထိုလူကတော့ သူ့ဓားလက်ကိုင်ကို ပွတ်နေရင်းပြောလိုက်သည်။

"ဒါဆိုရင်တော့ တကယ့်ကိုသတင်းကောင်းပဲ...။ ဖန်ချန်းမြောင်က လူငယ်မှတ်တမ်းရဲ့ အဆင့်(၁၅)ကိုရောက်နေပြီ..."

စာသင်သားက ပြန်‌ဖြေလိုက်၏။ ထိုအရာက သတ်ဖြတ်ရေးဓားအတွက်တော့ စိုးရိမ်စရာ မဟုတ်ချေ။

"အဲဒီလိုပဲ ဖြစ်နိုင်ပါတယ်..။ စာရင်းထဲမှာ သူ့ရဲ့လက်ရှိအဆင့်အရ ဖန်ချန်းမြောင်က သံသယဝင်နေတဲ့သူတွေကို ဖြေရှင်းဖို့ မလိုအပ်တော့ဘူး...”

ပြုံးနေသောသူက သူ၏ဓားကို စိုက်ကြည့်နေရင်း ရှင်းပြလိုက်သည်။

"ဒါပေမယ့် သတ်ဖြတ်ရေးဓားကလည်း ဟိုးအရင်နှစ်တွေက နန်းတွင်းစစ်ဆေးရေးပွဲမှာ နံပါတ်(၁) ရလာခဲ့တဲ့ လူတစ်ယောက်ပဲ...။ သူက စစ်ဆေးမှုရဲ့နိုင်ပွဲကို စိတ်မဝင်စားတဲ့အတွက်ကြောင့်သာ ဖန်ချန်းမြောင်က အနိုင်ရခဲ့တာ..။ မဟုတ်ရင်တော့ သူက သတ်ဖြတ်ရေးဓားရဲ့ လက်ထဲမှာ ရှုံးနိမ့်သွားလောက်ပြီ..."

စာသင်သားက ယပ်တောင်ကို လက်ဝါးနှင့်ရိုက်ပြီး ပြောလိုက်၏။

"အဲဒါတော့ဟုတ်တယ်..။ တကယ်လို့ သတ်ဖြတ်ရေးဓားရဲ့နာမည်ကို ဂုဏ်ယူလေးစားမှုတွေ၊ ကြောက်လန့်မှုတွေနဲ့ ပြောဆိုနေကြမယ်ဆိုရင် ဖန်ချန်းမြောင်က ခံနိုင်ရည်ရှိမှာ မဟုတ်လောက်ဘူး...။ သူက လက်ရှိနေရာကို မတော်တဆ ရလာတယ်လို့တောင် ငါက သံသယဝင်မိတယ်..."

"ထားလိုက်ပါတော့။ ငါတို့က မြေခွေးဘုရင်အကြောင်းပဲ ပြောကြတာပေါ့..။ မြေခွေးဘုရင်က ဒီနယ်မြေတစ်ခွင်လုံးမှာ အကြမ်းတမ်းဆုံး၊ အရက်စက်ဆုံးပဲ..။ သူက‌‌တောင် သတ်ဖြတ်ရေးဓားရဲ့လက်ထဲမှာ သေဆုံးသွားတာဆိုတော့ ဖန်ချန်းမြောင်က သူ့ရှေ့မှာ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရဲတဲ့သတ္တိမရှိနိုင်ဘူး…."

ဓားသမားက ကျာ်လောင်စွာ ပြောလိုက်ပြီး သူ့ဓားကိုအောက်သို့ ပြန်ချလိုက်သည်။

သူတို့၏ စကားလုံးများကို မည်သူမျှသတိမထားမိခဲ့ပေ။ သို့သော် ဟုတိုကတော့ ကြားနေရ၏။ စုမုန့်နှင့် ဖန်ချန်းမြောင်တို့၏ အကြောင်းအရာများက သူ့အတွက်တော့ သတင်းများ ဖြစ်နေသည်။

ထိုအချိန်တွင် ကလေးတစ်ယောက်က စားသောက်ဆိုင်ထဲကို ရုတ်တရက် ဝင်လာသည်။ သူက လူပင်လယ်ကြီးကို တိတ်တဆိတ်ဖြတ်ကျော်ပြီး ကျိုးဟမ်၏လက်ထဲသို့ စာရွက်အပိုင်းလေးတစ်ခု တိတ်တဆိတ် ထည့်ပေးသွားသည်။

ကျိုးဟမ်က စာရွက်ကိုဖတ်ကြည့်လိုက်ပြီး လက်သီးထဲတွင် တင်းတင်းဆုပ်ကိုင်လိုက်၏။တခဏအတွင်း ထိုစာရွက်က အမှုန်အမွှားလေးအဖြစ် ပျက်စီးသွားခဲ့သည်။ သူလည်းနေရာမှထပြီး ထွက်ပေါက်သို့ သွားခဲ့၏။

"မင်း...မင်းသားလေး...ခဏနေပါဦး…"

ဟုတိုက နောက်မှ အလျင်အမြန် လိုက်လာပြီး ပြောလိုက်သည်။

ကျိုးဟမ်က စားသောက်ဆိုင်မှ ထွက်လာပြီး သီးသန့်ဆန်သော လမ်းကြားလေးဆီသို့ ချိုးကွေ့သွားခဲ့၏။

"ဒီမှာစောင့်နေခဲ့…"

ကျိုးဟမ်က သူ၏အိမ်တော်ထိန်းကို အမိန့်ပေးလိုက်သည်။

"မင်းသားလေးအတွက် အန္တရာယ်ရှိပါတယ်…"

ဟုတိုက သတိပေးလိုက်၏။

"ငါ့ရဲ့လက်ရှိအစွမ်းကို မင်းက သတိမထားမိဘူးလား...။ ငါက ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တဲ့ လူတစ်ယောက်လို့ ထင်နေတာလား…"

ကျိုးဟမ်က ပြန်ဖြေလိုက်သည်။

သူ့သခင်က တိတ်တဆိတ် ပြင်းပြင်းထန်ထန် လေ့ကျင့်နေပြီး အဆင့်တက်ရန် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိနေသည့်အတွက် ဟုတိုက သက်ပြင်းချလိုက်မိ၏။

"ဒါဆိုလည်း ဂရုစိုက်ပါ မင်းသားလေး…"

သူက နောက်တစ်ကြိမ် သတိပေးလိုက်သည်။

ကျိုးဟမ်က လမ်းကြားလေးအတိုင်းဆင်းသွားပြီး စွန့်ပစ်ထားသော ခြံဝန်းတစ်ခုထဲသို့ ဝင်လာခဲ့သည်။ ထိုနေရာတွင် အစိမ်းရောင်ဝတ်ထားသော လူငယ်တစ်ယောက် ထိုင်နေပြီး သူကတော့ မြက်ပင်လေးတစ်ခုကို ဝါးနေခဲ့၏။ သူက မည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်း မရှိသလို ထင်ရသည်

သူက နံရံပျက်ကြီးကို မှီထားပြီး သူ၏ပတ်ပတ်လည်တွင် မြက်ရိုင်းများ ပြည့်နှက်နေခဲ့၏။ ကျိုးတိုးကျဲတဲ ကျရောက်နေသော နေရောင်ခြည်ကလည်း သစ်ရွက်များ၊ သစ်ပင်ကြီးများကို ထိုးဖောက်လာနေပြီး ရွှေရောင်အစက်အပျောက်များကဲ့သို့ ဖြစ်နေသည်။

"မြေခွေးဘုရင်က မင်းလက်ထဲမှာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းက ကမ္ဘာကြီးတစ်ခုလုံး လှုပ်ရှားသွားစေခဲ့ပြီ..။ စိတ်လှုပ်ရှားနေတဲ့သူတွေ၊ စိတ်ဝင်စားနေတဲ့ သူတွေကလည်း မင်းနဲ့ မင်းရဲ့သူရဲကောင်းဆန်တဲ့ အကြောင်းအရာတွေကို အသည်းအသန် ဆွေးနွေးနေကြတယ်...။မင်းရဲ့ ကြီးကျယ်မြင့်မြတ်မှုတွေကိုလည်း ချီးကျူးနေကြတယ်..။ ယပ်တောင်(၆)လက်ကျောင်းအပါအဝင် လူတိုင်းက မင်းရဲ့တည်နေရာကို ခြေရာခံနေကြတာ..။ မင်းကတော့ ဒီကိုရောက်လာပြီး အေးအေးဆေးဆေး နေပူစာလှုံနေတယ်..."

ကျိုးဟမ်က ပြောလိုက်၏။ သူကတော့ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်နေမိပြီး သူ့မိတ်ဆွေ၏ လွတ်လပ်ပေါ့ပါးမှုကို အားကျနေမိ၏။

မုန့်ချီက အချိန်ကြာမြင့်စွာ ခရီးသွားခဲ့ရပြီး မြောက်ပိုင်းကျိုးအင်ပါယာမှ လော့ရန်သို့ရောက်လာရန် ရက်ပေါင်း(၃၀)ကျော် အချိန်ပေးခဲ့ရသည်။ မုန့်ချီက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ပြီး မြို့တော်သို့ ရောက်လာခဲ့ခြင်းဖြစ်၏။

"ဒါတွေက ငါ့အတွက် ကိစ္စမရှိပါဘူး…"

မုန့်ချီက အေးအေးဆေးဆေးသာ ပြန်ဖြေလိုက်သည်။

"ငါက တာဝန်အသေးစိတ်ကိုသိမှပဲ ငါ့ရဲ့အခြေအနေကို ဖော်ပြသင့်လားဆိုတာ ဆုံးဖြတ်သင့်တယ် မဟုတ်လား..။ မဟုတ်ရင် ယပ်တောင်(၆)လက်ကျောင်းကတောင် ငါ့ကို ဆုလာဘ်ပေးမှာ မဟုတ်ဘူး။ တခြားသူတွေကရော ရောက်မလာသေးဘူးလား..."

"ခဏတော့ ကြာဦးမယ်ထင်တယ်..။ အထူးသဖြင့် ညီမလေးယုရှုက ပိုပြီးတော့ အချိန်ပေးရနိုင်တယ်...။ သူတို့က မင်းလို လွတ်လပ်ပေါ့ပါးမှုမရှိဘူးလေ..."

ကျိုးဟမ်က ပြန်‌ဖြေလိုက်၏။

သူတို့က တာဝန်အသေးစိတ်ကို သိရှိရန် အချိန်အတော်လေး ပေးရနိုင်သေးသည်။ မုန့်ချီက ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်၏။ သူက တောက်ပသော နေမင်းကြီးကို ကြည့်ပြီး မေးလိုက်သည်။

"မင်းက အဆင့်တက်သွားပြီလား…"

ကျိုးဟမ်က တိုးတိုးလေး သက်ပြင်းချလိုက်မိ၏။

"ငါ့ဆီမှာမင်းနဲ့ မိန်းကလေးကျန်းလို ရည်မှန်းချက်ကြီးတွေ မရှိပါဘူး..။ ငါက ဖြည်းဖြည်းချင်းပဲ သွားရမှာပေါ့..."

"ဟုတ်တာပေါ့...ငါတို့တစ်ယောက်ချင်းဆီမှာ ကိုယ်ပိုင်အကြောင်းတရားတွေ၊ လျှောက်လှမ်းရမယ့် အနာဂတ်တွေ ရှိနေသေးတာပဲ..။ မင်းက ငါနဲ့ တိုက်ခိုက်မယ်ဆိုရင် အနိုင်မရဘူးလို့ ဘယ်သူက ပြောနိုင်ပါ့မလဲ…"

မုန့်ချီက ပေါ့ပါးစွာ ရယ်လိုက်၏။

"ငါတို့ရဲ့ ကိုယ်ပိုင်အကြောင်းတရားတွေလား…"

ကျိုးဟမ်၏အသံက လှုပ်ရှားသွားသည်။

သူက အလွန်တည်ငြိမ်အေးချမ်းသော မုန့်ချီ၏မှတ်ချက်ကို ပြန်ပြောလိုက်၏။

"ငါက မင်းကို တကယ်ပဲ အားကျမိတယ် ရှောင်မုန့်..။ ငါ့ရဲ့ပုခုံးပေါ်မှာ တာဝန်တွေ အများကြီးရှိနေတယ်...။ အိမ်ရှေ့မင်းသားဂုဏ်ပုဒ်၊ နန်းတွင်းထဲက ထီးနန်းတိုက်ပွဲတွေ၊ အာဏာလွှဲပြောင်းမှုတွေ။ အရာအားလုံးက တော်တော်လေးကို ပင်ပန်းရတယ်..။ ငါလည်း မင်းလိုလွတ်လွတ်လပ်လပ်နဲ့ လျှောက်သွားနိုင်နေရင် တော်တော်လေးကောင်းမှာပဲ…"

သူကတော့ လော့ရန်တွင် လုပ်ဆောင်ရမည့်တာဝန်အတွက် စိုးရိမ်နေသည်မှာ ကြာမြင့်ခဲ့ပါပြီ။ သို့သော် နန်းတွင်းထဲတွင် ရှိနေသော ပဋိပက္ခပေါင်းစုံကြောင့် သူ့အခြေအနေက သင့်တော်မှုမရှိချေ။

"မင်းက မင်းရဲ့လက်ရှိအခြေအနေနဲ့ ကြွယ်ဝချမ်းသာမှုအားလုံးကို စွန့်လွှတ်နိုင်လို့လား..၊ ထီးနန်းပလ္လင်ဆိုတာက လူတိုင်း သဘောကျနေတဲ့နေရာတစ်ခုပဲ...။ ပြီးတော့ လူတိုင်းက မင်းရဲ့အမိန့်ကို နာခံရတယ် မဟုတ်လား..."

မုန့်ချီက သူ့ကိုကြည့်ပြီးမေးလိုက်သည်။

"တနေ့နေ့မှာ မင်းက အိမ်ရှေ့မင်းသားဖြစ်သွားပြီး ရှင်ဘုရင်ဖြစ်လာနိုင်တာပဲလေ..."

ကျိုးဟမ်က ခေါင်းခါပြောလိုက်၏။ သူက အင်္ကျီကို တင်းတင်းဆွဲစေ့လိုက်ပြီး မုန့်ချီ၏ဘေးတွင် ထိုင်လိုက်သည်။

"အပြင်ဘက်ကမ္ဘာကြီးထဲမှာ ရှိတဲ့သူတွေကတော့ ငါ့ရဲ့အခွင့်အာဏာတွေကို အားကျနေကြလိမ့်မယ်..။ ဒါပေမယ့် ငါကတော့ ကြီးကျယ်ခမ်းနားမှုကြားထဲမှာ ပိတ်မိနေခဲ့တာပဲ...။ တကယ်လို့ ငါ့မှာ အခွင့်အရေးရှိမယ်ဆိုရင် မင်းလိုဘဝမျိုးကိုပဲ ရွေးချယ်ခဲ့ချင်တယ်။ မင်းကတော့ မင်းသားတစ်ပါးဖြစ်ပြီး ငါကတော့ လွတ်လပ်တဲ့ လေလွင့်ဓားသမားတစ်ယောက်ပဲ ဖြစ်ချင်တယ်…"

မုန့်ချီက သူ့ကိုလှည့်ကြည့်ပြီး ဝမ်းသာအားရ မေးလိုက်၏။

"အဲဒါတကယ်လား…"

"ဟမ်…"

မုန့်ချီ ရုတ်တရက်ပြန်မေးလိုက်သော မေးခွန်းကြောင့် ကျိုးဟမ်က လှုပ်ရှားသွားခဲ့၏။

"တကယ်လား...ဟားဟား..ဟားဟား..ငါကတော့ မင်းသားဖြစ်ချင်နေတာလေ။ ကမ္ဘာကြီးတစ်ခုလုံး ငါ့ခြေထောက်အောက်မှာ ရှိနေတဲ့ ခံစားမှု၊ အပေါ်ယံ အဆောင်အယောင်တွေနဲ့ လုပ်ချင်သလို လုပ်လို့ရတဲ့ ဘဝမျိုး၊ ပတ်ပတ်လည်မှာ မိန်းမလှလေးတွေနဲ့ နေ့ရောညပါ ပျော်ပါးနေတဲ့ ဘဝမျိုးကို ခံစားကြည့်ချင်နေတာကြာပြီ..."

မုန့်ချီကတော့ အမှန်တကယ် စိတ်ဝင်စားနေသည့်အလား ပြောလိုက်၏။

သူက ထပ်ပြောလိုက်၏။

"ငါက အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်ကိုသုံးပြီး မင်းရဲ့နေရာမှာ ဟန်ဆောင်လိုက်လို့ ရတယ်။ ဒါဆိုရင် ဘယ်သူကမ ှကွဲပြားမှုကို ပြောနိုင်မှာ မဟုတ်ဘူး…"

မုန့်ချီကတော့ သူ၏တောင်းဆိုမှုကို သဘောကျနေမည်ဟု မထင်ထားခဲ့ပေ။ သူကတော့ ပြောစရာစကားလုံးများ မရှိတော့သည့်အတွက် အိုးတိုးအန်းတန်းသာ ‌ပြန်ပြောလိုက်ရ၏။

"ငါက စတာပါ..”

“ငါ သိပါတယ်။ မင်းက အာဏာနဲ့ ကြွယ်ဝချမ်းသာမှု၊ သက်တောင့်သက်သာ အခြေအနေတွေကို ဘာကြောင့်လက်လျှော့နိုင်မှာလဲ..."

မုန့်ချီက ပျက်စီးနေသော နံရံကြီးကိုမှီနေရင်း အပြုံးနှင့် ပြန်ဖြေလိုက်သည်။

ကျိုးဟမ်ကတော့ သူ၏မိတ်ဆွေကို စိုက်ကြည့်လိုက်၏။

"ဟုတ်တယ်..။ ရှောင်မုန့်ရဲ့စိတ်အခြေအနေတွေက ခန့်မှန်းလို့ မရနိုင်ဘဲ တော်တော်လေးကို ထူးဆန်းတယ်…"

အစောပိုင်းတွင်ပြောခဲ့သော စကားလုံးများကြောင့် သူက အတော်လေးကို စိတ်သက်သာရာ ရသွားခဲ့သည်။သူက ပေါ့ပေါ့ပါးပါးရယ်လိုက်ပြီး စကားဆက်ပြော၍ နေရာမှ ထလိုက်သည်။ ဝတ်ရုံကို သေချာခါလိုက်ပြီး ပြန်လည်ထွက်ခွာသွားခဲ့၏။

'ဘယ်လိုလဲ ...ပိုပြီးနေလို့ကောင်းသွားပြီ မဟုတ်လား…"

နောက်ဘက်မှနေ၍ မုန့်ချီ၏အသံကို ကြားလိုက်ရ၏။

သူက အံ့ဩသွားခဲ့သည်။ သူက နံရံပျက်ကြီးဘေးတွင် ထိုင်နေသေးသော သူ့မိတ်ဆွေကို ပြန့်လှည့်ကြည့်လိုက်သည်။ နေရောင်ခြည်အောက်တွင် သူ့ပုံစံက တောက်ပနေပြီး သူ၏မျက်နှာပေါ်တွင် ဝင်းလက်တောက်ပနေသည်။ သူ ဝါးနေသော မြက်ပင်လေးက ပါးစပ်ထဲတွင် ရှိနေသေးပြီး မျက်နှာပေါ်တွင် ကျိုးတို့ကျဲတဲ ပေါက်နေသော မုတ်ဆိတ်မွှေးများ ရှိသည်။ ကျိုးဟမ်က သူ့အဖော်ကိုကြည့်ပြီး ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။

မုန့်ချီ၏ အကြည့်ကတော့ ပြောင်းလဲသွားခြင်းမရှိဘဲ သစ်ပင်ကြီးပေါ်တွင် ရှိနေသော သစ်ရွက်များကိုကြည့်ရင်း ပြောလိုက်သည်။

"မင်းကို လူ(၂)ယောက်ရဲ့ တည်နေရာကို ရှာ‌ပေးစေချင်တယ်။ မင်းရဲ့ခံစားချက်တွေ ကောင်းသွားပြီဆိုရင် ငါ့ကိုကူညီပေးပါ..။ တစ်ယောက်ရဲ့နာမည်ကတော့ ဝေ့ကျင်းတစ်ဝက်အဆင့် ရန်ဝူလျန့်လို့ခေါ်တယ်..။ အခုသူက မင်းသားကျင်းရဲ့ လက်အောက်မှာရှိမယ်ထင်တယ်..."

ထိုအရာက အင်မော်တယ်များပေးအပ်သော တာဝန်တစ်ခုဖြစ်သည်။ သူ၏တာဝန်ကတော့ ရန်ဝူလျန့်၏ အဖေသေဆုံးမှုအတွက် လက်တုံ့ပြန်ရန် ဖြစ်သည်။ ထိုအရာကတော့ လျှို့ဝှက်အဖွဲ့သားတစ်ယောက်၏ တာဝန်လည်းဖြစ်၏။

"ကောင်းပြီလေ.."

ကျိုးဟမ်က ခေါင်းညိတ်‌ပြလိုက်သည်။

"နောက်တစ်ယောက်ကရော…"

"သူ့နာမည်က ကူချန်းချင်လို့‌ခေါ်တယ်…"

မုန့်ချီက တွေဝေစွာ ပြန်ဖြေလိုက်၏။

ဆောင်းရာသီ(၃)ခု ကုန်ဆုံးသွားခဲ့ပြီး သူတို့ ခွဲခွာခဲ့သည့်အချိန်က အတော်လေးကို ကြာခဲ့ပါပြီ။

Translated by Hein Htet.

All Chapters