အခန်း (၄၇၁)
Vol. 32 Ch. 471
(၃) ရက်ကြာပြီးနောက် တည်းခိုဆောင်တစ်ခု၏ အထူးခန်းတစ်ခုထဲတွင် အခန်းတံခါးအပြင်ဘက်၌ ဟုတိုက အစောင့်အဖြစ် ရပ်နေခဲ့သည်။ သူ၏မျက်လုံးအောက်မှ လွတ်နိုင်သော ဖြတ်သွားဖြတ်လာ တစ်ယောက်မျှမရှိချေ။ သူကတော့ အနည်းငယ်ဒေါသထွက်နေပုံရ၏။ ထို့ကြောင့် ဟုတိုက ဖြတ်သွားဖြတ်လာ လူတိုင်းကို အော်ဟစ်နေခဲ့သည်။
"ဘာတွေကြည့်နေတာလဲ။ မင်းက တံခါးရှေ့မှာ ရပ်နေတဲ့ အစောင့်ကို မမြင်ဖူးဘူးလား…"
မင်းသားလေးက ကလေးဘဝတည်းကစပြီး ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှုမရှိခဲ့ပေ။ ထိုအစား သူက ကျန်းမာရေးညံ့ဖျင်းပြီး ရှင်ဘုရင်၏ လျစ်လျူရှုမှုကို ခံခဲ့ရသည်။ ဟုတိုကတော့ သစ္စာရှိသော မိန်းမစိုးတစ်ယောက်ဖြစ်ခဲ့ပြီး မင်းသားလေး ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းရည်များ ရလာသည့်အချိန်အထိ သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သည်။
နှစ်ပေါင်းများစွာ အတောအတွင်း သူက မင်းသားလေး၏ အနားတွင် သစ္စာရှိစွာ ရပ်တည်နေခဲ့ပြီး လုံးဝပြောင်းလဲသွားခဲ့ခြင်း မရှိပေ။ သူတို့က အချင်းချင်း အလွန်ရင်းနှီးနေပြီး မေ့လျော့ခံ ကျိန်စာများ ၊ စိုးရိမ်မှုများကို အတူတကွ ခံစားခဲ့ကြသည်။ ထိုသို့ဆိုရာတွင် မင်းသားကတော့ ခုနောက်ပိုင်း အတော်လေးကို လျှို့ဝှက်လာခဲ့၏ ။
သူက ကိစ္စရပ်များကို လျှို့ဝှက်စွာ လုပ်ဆောင်တတ်သလို မိတ်ဆွေများနှင့် လျှို့ဝှက်တွေ့ဆုံ၍ လေ့ကျင့်မှုကိုလည်း လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သည်။ သူလေ့ကျင့်ထားသော အရာများကပင် သိပ်မကြာခင်တုန်းကမှ ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သူကတော့ စိုးရိမ်နေသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားနိုင်ခြင်း မရှိဘဲ စိတ်ဝင်စားမှုကသာ လွှမ်းမိုးနေခဲ့သည်။ သူက စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်ရာ အမည်မသိ ခံစားမှုများကို ခံစားမိသည့်အတွက် သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။
သူက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် မနည်းကြိုးစားနေရပြီး စိတ်အခြေအနေကိုလည်း ထိန်းချုပ်ထားရသည်။ တည်ငြိမ်အေးချမ်းသော စိတ်အခြေအနေကတော့ ငြိမ်းချမ်းသော ရေကန်တစ်ခုပမာ ဖြစ်နေပြီး မင်းသားလေး၏ ဧည့်သည်ကို ဖော်ထုတ်ရန် ကြိုးစားနေ၏။
"ငါက မင်းသားလေးရဲ့ နောက်လိုက်ဆိုမှတော့ မင်းသားလေးရဲ့ လုံခြုံရေးကို တာဝန်ယူပေးရမယ်…"
ဟုတိုက တစ်ယောက်တည်း တွေးလိုက်၏။
ထိုအချိန်တွင် အခန်းထဲရှိ မြင်ကွင်းက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့၏။ ထိုနေရာတွင် မီးပုံငယ်လေးတစ်ခု၊ လောင်ကျွမ်းနေသော မီးတောက်များ၊ အမွှေးနံ့များ အခန်းဘေးတွင် ရှိနေသော ပြတင်းပေါက်တံခါးနှင့် ရှုမျှော်ခင်းများ ရှိနေပြီး မင်းသားဝေဟု နာမည်ကျော်ကြားသော ကျိုးဟမ် ရှိနေသည်။
သူက စစ်ဆေးကြည့်လိုက်သည့်အချိန်တွင် မင်းသားလေး၏ အငွေ့အသက်နှင့် အစွမ်းက လေထဲတွင် ပျံ့နှံ့နေပြီး ပတ်ဝန်းကျင် သဘာဝတရားကြီးနှင့် လိုက်လျောညီတွေဖြစ်နေကြောင်း တွေ့လိုက်ရ၏။ ထို့ကြောင့် ဟုတို၏အာရုံထဲတွင် မင်းသားလေး၏ ပုံရိပ်က ဝေဝါးနေခဲ့သည်။
တဖန် ဟုတိုက စိတ်ဝိညာဉ်စွမ်းအားနှင့် ကျိုးဟမ်၏ မျက်နှာချင်းဆိုင်ကို စိုက်ကြည့်လိုက်သည်။ သို့သော် မည်သည့်အရာကိုမျှမမြင်ရပေ။ သူ့သခင်လေး၏ မျက်နှာချင်းဆိုင်တွင် လေဟာနယ်ကြီးတစ်ခုသာ ရှိနေခဲ့သည်။ အခန်းထဲတွင် သူ့သခင်လေးကလွဲလျှင် တခြားမည်သူမျှမရှိသလို ထင်မှတ်ရ၏။
ဖွင့်ထားသော ပြတင်းတံခါးဆီမှ လေပြေလေညင်းလေးတစ်ခု တိုက်ခတ်လာပြီး လေလှိုင်းက သူ၏ရှာဖွေမှုများကို အတည်ပြုပေးလိုက်သည်။ သူခံစားနေရသော ဗလာလေးဟာနယ်ကြီးက အပြာရောင်ကောင်းကင်ကြီးကဲ့သို့ ဖြစ်နေပြီး အဖြူရောင်တိမ်တိုက်များ လွင့်မျောနေသလိုခံစားရသည်။ အထဲမျှမည်သည့်အသံကိုမျှလည်း မကြားရပေ။
အခန်းအပြင်မှနေ၍ မည်သည့်အရာကိုမျှှ မကြားရသည်မှာ အခန်းတစ်ခုလုံးကို စွမ်းအားအကာအကွယ်တစ်ခု လွှမ်းခြုံထားခြင်းကြောင့်ဖြစ်သည်။ ကျိုးဟမ်က အခန်းလွတ်ထဲတွင် တစ်ယောက်တည်း ထိုင်နေခဲ့၏။ ရုတ်တရက် ဆိုသလို လေတိုက်ခတ်မှုမရှိခဲ့ဘဲ ပြတင်းပေါက်က ပွင့်သွားခဲ့သည်။
အစိမ်းရောင်အရိပ်တစ်ခုက ပြတင်းပေါက်မှဖြတ်၍ အခန်းထဲသို့ ရောက်လာခဲ့၏။ ဝေဝါးနေသည့်အရိပ်က ရပ်တန့်သွားခဲ့ပြီး ပုံရိပ်ထင်လာသည့်အချိန်တွင် မုန့်ချီက ကျိုးဟမ်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ ထို့နောက် သူက အေးအေးဆေးဆေး အမူအရာဖြင့် တူတစ်စုံကို ကောက်ယူလိုက်၏။ တဖန် အသားတစ်တုံးကို စားလိုက်ပြီး အရသာခံကြည့်နေသည်။
"မြက်ခင်းပြင်က သိုးသားအစစ်ပဲ…"
မုန့်ချီက ကျေနပ်စွာ ချီးကျူးလိုက်၏။
ကျိုးဟမ်၏မျက်နှာက အေးစက်သွားခဲ့ပြီး သူ့အဖော်၏ လျင်မြန်စွာ ဝင်ရောက်လာမှုကြောင့် မှင်တက်နေပုံရသည်။ သူက အစိမ်းရောင်အရိပ်တစ်ခု ပေါ်လာသည့်အချိန်အထိ မည်သည့်အရာကိုမျှမခံစားရပေ။ လှုပ်ရှားနေသော လေလှိုင်းကလွဲလျှင် မည်သည့်အရာမျှလည်း မရှိခဲ့ပေ။ သူ၏မျက်လုံး၊ အနံ့နှင့် နှာခေါင်းများကတော့ သူ့ရှေ့တွင် မုန့်ချီရှိနေကြောင်း ရှင်းရှင်းလင်းလင်း ပြောပြနေသည်။
"သူက လူသားနှင့်ကောင်းကင်အဆင့်ကို ပြည့်ပြည့်ဝဝ နားလည်သွားပြီး သဘာဝတရားကြီးနဲ့တောင် တစ်သားတည်းဖြစ်နေတာပါလား…"
ကျိုးဟမ်က ခန့်မှန်းကြည့်လိုက်သည်။
သံသရာကမ္ဘာကြီးထဲတွင် သူ၏အတွေ့အကြုံများနှင့် ဗဟုသုတများအရ မုန့်ချီ၏ လက်ရှိအခြေအနေကို ပြောနိုင်သည်။ ထိုသို့ဆိုရာတွင် သူ့အဖော်၏ လျင်မြန်သော တိုးတက်မှုကြောင့် သူလည်း အတော်လေး အံ့သြနေခဲ့၏။ မုန့်ချီက တံခါး(၉)ပေါက် ပွင့်သည်မှာ တစ်နှစ်ပင် မရှိသေးပေ။ ထိုသို့ဆိုရာတွင် သူကတော့ မြေခွေးဘုရင်ကိုပင် သတ်ပစ်နိုင်သော အစွမ်းမျိုး ရှိနေခဲ့၏။
"အခြေအနေ ဘယ်လိုလဲ…"
မုန့်ချီက မေးလိုက်သည်။ သို့သော် သူကတော့ စားစရာကိုသာ အရင်ဆုံးစားနေခဲ့၏။
ကျိုးဟမ်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
"ငါက မင်းရှာနေတဲ့ နှစ်ယောက်လုံးကို သိရပြီ ။ မင်း ရှာနေတဲ့ ကူချန်းချင်က လွန်ခဲ့တဲ့(၃)နှစ်လောက်က မြို့တော်ကို ရောက်လာခဲ့တယ်။ ပြီးတော့ သူက သူရဲ့ဆွေမျိုးတွေ ဖြစ်တဲ့ ရှဲ့ကလန်မှာ မှီခိုနေခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ဝက်လောက်မှာတော့ သူတို့လက်ရှိနေတဲ့နေရာကို ရောက်လာပြီး ဆွေမျိုးတွေ မကြည်မသာဆက်ဆံတာကို ခံခဲ့ရတယ်။ သိပ်မကြာခင်ပဲ သူက အလယ်ပိုင်းနယ်မြေမှာရှိတဲ့ လက်ရုံးပို့ဆောင်ရေးအဖွဲ့ကို ပူးပေါင်းခဲ့တယ်။ သူ လက်ရှိနေထိုင်တဲ့ အိမ်ကတော့ ကျောင်းချန်လမ်းထဲမှာရှိတယ်။ အခုတော့ သူက ပို့ဆောင်ရေးအဖွဲ့မှာ ခေါင်းဆောင်ငယ်တစ်ယောက်ပဲ။ သူက ကုန်ပစ္စည်းတွေကို စာရင်းစစ်ဖို့ တာဝန်ယူထားရပြီး အခု တောင်ပိုင်းကနေ လော့ရန်ကို ပြန်သယ်လာနေတယ်။ နောက်ထပ်ရက်နည်းနည်းလောက်နေရင် သူက ပြန်ရောက်လာလိမ့်မယ်…"
မုန့်ချီကတော့ သူ့အဖော် ပြောပြနေခဲ့သော အချက်အလက်များကို သေချာနားထောင်နေခဲ့သည်။ သူက မြို့တော်ကို ပြန်ရောက်လာသည့်အချိန်တွင် ကူချန်းချင်ကို တွေ့ချင်နေ၏။ အခြေအနေ ပိုကောင်းသွားသည်ဖြစ်စေ ပိုဆိုးသွားသည်ဖြစ်စေ သူက သိုင်းလောကသို့ ပထမဆုံး ရောက်လာသည့် အတောအတွင်း မုန့်ချီ၏ ပထမဦးဆုံး မိတ်ဆွေတစ်ယောက်လည်း ဖြစ်သည်။
"ရန်ဝူလျန့်ကတော့ တောင်ပိုင်း နင်ကျိုး စီရင်စုမှာရှိတဲ့ ဂိုဏ်းတစ်ဂိုဏ်းရဲ့ တိုင်ရှန့်အကြီးအကဲတစ်ယောက်ပဲ…"
ကျိုးဟမ်က ဆက်ပြောလိုက်သည်။
"သူ့ရဲ့ရက်စက်မှုတွေ ကောက်ကျစ်မှုတွေကြောင့် သူက မကောင်းဆိုးဝါးတွေ၊ သူခိုးဓားပြတွေကြားထဲမှာတောင် ရန်သူအများကြီးရှိတယ်။ အခုတော့ သူက မြို့တော်ထဲမှာ ရှိနေတယ်။ သူကတော့ ညီလေး(၃)ရဲ့ဧည့်သည်တစ်ယောက်ပဲ သူက ဝေ့ကျင်းအဆင့်သိုင်းကျင့်စဉ်တွေ သင်ကြားခွင့်ရဖို့အတွက် ငါ့ညီလေးဆီမှာ နောက်လိုက်တစ်ယောက် ဖြစ်နေတယ်…."
သူက ခဏရပ်ပြီး ဆက်ပြောလိုက်၏။
"သူက မင်းနဲ့ဘယ်လိုပတ်သက်နေလဲ ရှောင်မုန့်…"
မုန့်ချီကတော့ အရက်ကို မြည်းကြည့်နေရင်း ပြန်ဖြေလိုက်သည်။
"တခြားသူတွေက ငါ့ကို တာဝန်ပေးလိုက်လို့ပါ။ ရန်ဝူလျန့်က တော်တော်လေးကို ရက်စက်ကြမ်းကြုတ်တယ်။သူ့ရဲ့အဆုံးသတ်ချိန် ရောက်လာပါပြီ…"
"မင်းက သူ့ကို ရှင်းပစ်ဖို့ စီစဉ်နေတာလား…"
ကျိုးဟမ်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"အဲဒါက တော်တော်လေးကို စွန့်စားရလိမ့်မယ်နော်…”
"အဲဒီတော့ရော ဘာဖြစ်လို့လဲ…"
မုန့်ချီက မျက်ခုံးပင့်၍ မေးလိုက်၏။
"မြို့တော်ထဲမှာ ဝေ့ကျင်းအဆင့် ပညာရှင်တွေ အများကြီးရှိတယ်…"
ကျိုးဟမ်က ရှင်းပြလိုက်သည်။
"မင်းသား(၃)ရဲ့စံအိမ်က ချမ်းမင်လမ်းကြားထဲမှာ ရှိတယ်။ အဲဒီနေရာမှာ တခြားနာမည်ကြီးကလန် (၂)ခုရဲ့စံအိမ်တွေလည်း ရှိတယ်။ သူတို့မိသားစုတွေရဲ့ အိမ်တော်တွေထဲမှာ ဝေ့ကျင်းအဆင့် ပညာရှင်(၃)ယောက်ကျော် ရှိနိုင်တယ်။ နည်းနည်းလေး လှုပ်ရှားတာနဲ့ သူတို့တွေက သတိထားမိကြမှာပဲ။ ဒါကြောင့် မြေပြင်မှတ်တမ်းမှာရှိတဲ့ ပညာရှင်တွေကတောင် မြို့တော်ထဲမှာ လှုပ်လှုပ်ရှားရှား မလုပ်ရဲဘူး။ ပြဿနာရှာတဲ့သူတွေအားလုံးက အဖမ်းခံရလိမ့်မယ်။ ပြီးတော့ မင်းသားရဲ့ လက်အောက်ခံကို သတ်လိုက်တဲ့သတင်းက မင်းသား(၃)ရဲ့နားထဲကို ရောက်သွားမယ်ဆိုရင် သူက ဒေါသထွက်သွားလိမ့်မယ်…”
“မင်းသား(၃)က နေစောင်းတဲ့အချိန်တိုင်း သူ့ရဲ့စံအိမ်ကို အစောင့်အကြပ်တွေ၊ အကာအကွယ်တွေ အများကြီးချထားတယ်။ ဘယ်သူကမှ သတိမထားမိဘဲ ဝင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းက မင်းသားကျင်းရဲ့စံအိမ်တံခါးနောက်မှာ ပုန်းအောင်းနေတဲ့ မိန်းမစိုးဖန်းကျန်းနဲ့ တခြားနာမည်ကြီးပညာရှင်တွေကိုလည်း ထည့်တွက်ထားဖို့ လိုလိမ့်မယ်။တကယ်လို့ မင်းက ရန်ဝူလျန့်ကို ရှင်းလင်းဖို့ အောင်မြင်သွားမယ်ဆိုရင်တောင် အေးအေးဆေးဆေး ထွက်လာဖို့တော့ ခက်လိမ့်မယ်…"
မုန့်ချီကတော့ ရှုပ်ထွေးမှှုများကို စဉ်းစားပြီး မေးလိုက်သည်။
"ရန်ဝူလျန့်က အပြင်မထွက်ဘူးလား…”
"မထွက်ဘူး ။ သူက အရမ်းလိုချင်နေတဲ့ ဝေ့ကျင်းအဆင့် သိုင်းကွက်တွေကို ရတဲ့အချိန်ကစပြီး နေ့ရောညပါ လေ့ကျင့်နေခဲ့တာ…"
ကျိုးဟမ်၏သတင်းအချက်လက်က အလွန်တိကျပြီး အသေးစိတ်ဖြစ်သည်။
မုန့်ချီကတော့ လမ်းဘေးတွင် တီးခတ်နေသူများအလား စားပွဲခုံကို တဒေါက်ဒေါက် ခေါက်နေခဲ့သည်။
"ငါနားလည်ပြီ ။မင်းဆီမှာ ရန်ဝူလျန့်ရဲ့စံအိမ်နားမှာရှိတဲ့ ကင်းသမား အစီအစဉ် ရှိလား…"
"ရှိတယ်။ ဒါပေမဲ့ မင်းက ဘာမှအလျင်လိုနေဖို့ မလိုဘူးလေ။ နောက်ပိုင်းမှာ သေချာပေါက် အခွင့်အရေးတွေရှိလာပါလိမ့်မယ်…"
ကျိုးဟမ်က တည်ငြိမ်အေးချမ်းသော အမူအရာနှင့် သတိပေးခဲ့သည်။
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်၏။
"ဘာမှမစိုးရိမ်ပါနဲ့ မိတ်ဆွေ…။ ငါ ဘာလုပ်နေလဲဆိုတာ ငါသိပါတယ်…"
ကျိုးဟမ်က မုန့်ချီ၏မျက်လုံးကို စိုက်ကြည့်လိုက်ရာ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် သူ၏သံသယများအားလုံးက ပျောက်ကွယ်သွားခဲ့၏။ မုန့်ချီ၏ ယုံကြည်ချက်ကြောင့် သူက မကြာခင် အတောအတွင်း ရှာတွေ့ခဲ့သည့်အရာများကို ပြောပြလိုက်သည်။
မုန့်ချီက ကျိုးဟမ် ပြောပြသော အရာအားလုံးကို လေးလေးနက်နက် စဉ်းစားနေခဲ့သည်။ အခြေအနေကို သုံးသပ်လိုက်ပြီးနောက် သူက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
"မနက်ဖြန် နေ့လည်ကျရင် မင်းရဲ့စံအိမ်အနောက်ဘက်ဝင်ပေါက်မှာ ငါ့ကိုစောင့်နေပါ။ ပြီးတော့ အကာအကွယ်တွေ လုပ်ထားဖို့ အဆင်သင့် ပြင်ထားပေးပါ…"
"မင်းရဲ့အစီအစဉ်က ဘာလဲ…"
ကျိုးဟမ်က မုန့်ချီအပေါ် အနည်းငယ်လေးပင် သံသယ မရှိခဲ့ချေ။ သူ၏လှည့်စားမှုက သူ့အပေါ် သက်ရောက်လာမည်ဆိုလျှင်သည် ကျိုးဟမ်ကတော့ စိတ်မဝင်စားချေ။ အန္တရာယ်ပေါင်းများစွာကို အတူတူ ဖြတ်ကျော်လာခဲ့သော သူတို့က အချင်းချင်း အလွန်ယုံကြည်နေကြ၏။
မုန့်ချီက မတ်တပ်ပြန်ရပ်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့သည်။
"နောက်လိုက်တွေက သူတို့ရဲ့အသက်ကို စတေးပြီး သူတို့ရဲ့သခင်ကို သစ္စာရှိပါမယ်လို့ အာမခံထားကြတာ။ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ မဟုတ်ဘူး…"
သခင်တစ်ယောက်၏ အစေခံက ထိုးဖောက်၍ မရနိုင်သော အကာအကွယ်များ၊ လုံခြုံမှုများကို ခံစားနေရခြင်း မဟုတ်ချေ။ သူတို့က ကျူးကျော်လာသူများကို ရင်ဆိုင်ရန်အတွက် ခုခံမှုကိုသာ အရင်ဆုံး ပြင်ဆင်တတ်ကြ၏။
ယီမြို့ထဲတွင် ပထမဆုံး လုပ်ကြံသတ်ဖြတ်ခဲ့သည့် မှတ်ဉာဏ်များက သူ့ခေါင်းထဲတွင် မနေ့တနေ့ကကဲ့သို့ ပေါ်လာသည်။ ထိုအချိန်တွင် သူ၏ဝတ်ရုံက လေထဲတွင် လှုပ်ရှားသွားပြီး သူလည်း ပျောက်ကွယ်သွားခဲ့၏။
………………..
ကောင်းကင်ကြီးပေါ်တွင် နေလုံးကြီးက တောက်ပနေပြီး လူအများစုကတော့ အိပ်ငိုက်နေကြ၏။ တောက်ပလွန်းလှသော အလင်းရောင်က နောက်ကျောပေါ်သို့ ကျရောက်လာသည့်အချိန်တွင် သူတို့က ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရသည်။
သစ်ပင်ပေါ်မှ ပုစဉ်းရင်ကွဲသံများ ထွက်ပေါ်လာနေသည်မှာ ဆိုးရွားသော သံစဉ်တစ်ခုပမာ ထင်မှတ်ရပြီး ပင်ပန်းနေသူများကို အိပ်ချင်နေအောင် လုပ်ဆောင်နေသည်။
ထိုအရာက နွေဦးရာသီနေ့လယ်ခင်း ဖြစ်သည် ။ လော့ရန်တွင် နေထိုင်သူ အများစုကတော့ ခြေလက်များ လေးလံနေကြ၏။ ရဲမက်များနှင့် မြို့တော်ထဲရှိ အစောင့်များကလည်း သူတို့၏တာဝန်အရ ကင်းလှည့်နေကြသော်လည်း သူတို့ကတော့ ကျောပေါ်တွင် မမြင်ရသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု သယ်ဆောင်ထားရသည့အလား ပျင်းတိပျင်းရွဲ ဖြစ်နေကြသည်။
"ငါက သိုင်းလောကကို ပထမဆုံး ရောက်လာတဲ့အချိန်မှာ နေ့လယ်ခင်းအချိန်က လုပ်ကြံသတ်ဖြတ်ဖို့ အကောင်းဆုံးဆိုတာ သိခဲ့ရတယ်။ ညအချိန် မဟုတ်ဘူး…"
ရန်ဝူလျန့်က မင်းသား၏ စံအိမ်ကို ကင်းလှည့်နေသော ရဲမက်(၂)ယောက်ကို သင်ပေးနေသည်။
သူက သန်သန်မာမာနှင့် လူတစ်ယောက် ဖြစ်၏။ သူကလည်း အသက်(၄၀)အရွယ် လူသန်ကြီးတစ်ယောက်သာ ဖြစ်သည်။ သို့သော် သူ့ကိုယ်သူ အကြီးအကဲတစ်ယောက်အဖြစ် ခေါ်ဆိုနေသေး၏။
"ဘာလို့ ညပိုင်းမဟုတ်တာလဲဆရာကြီး…"
ရဲမက်တစ်ယောက်က မေးလိုက်သည်။
ရန်ဝူလျန့်က သူ၏မုတ်ဆိတ်မွှေးကို သပ်ပြီး ရယ်လိုက်၏။
"လရောင်မရှိတဲ့ ညအမှောင်က တော်တော်လေးကို ကြောက်စရာကောင်းတယ်ဆိုတာ လူတိုင်း သိကြတယ်။ လေလှိုင်းတွေ တိုက်ခတ်တဲ့အချိန်မှာ လုပ်ကြံသတ်ဖြတ်ဖို့ အကောင်းဆုံး အစီအစဉ်တစ်ခုပဲ။ ဒါကြောင့် လူတိုင်းက ကြိုတင်သတိထားနေကြပြီး ပြင်ဆင်မှုတွေ လုပ်တတ်ကြတယ်။ လျှို့ဝှက်ထောင်ချောက်တွေတောင် ပြင်ဆင်ထားပြီး သတိမထားမိတဲ့ လုပ်ကြံသူတွေဆိုရင် ဒုက္ခရောက်သွားတတ်တယ်။ ဒါကြောင့် မုဆိုးက သားကောင်ပြန်ဖြစ်မယ့် အလုပ်မျိုးကို ဘယ်လုပ်ကြံသူကမှ မစွန့်စားချင်တော့ဘူး။ ဒါပေမဲ့ နေ့လယ်ခင်းဆိုရင်တော့ ကောင်းကင်ပေါ်မှာ နေရောင်ခြည်က တောက်ပနေတယ်။ အမှောင်ထုကလည်း အရိပ်တွေမရှိတဲ့အတွက် သူတို့ပုန်းအောင်းနေစရာ နေရာမျိုးမရှိဘူး။ အဲဒီအချိန်မျိုးမှာ လူအများစုက ကိုယ့်ကိုယ်ကိုယ် လုံခြုံနေပြီလို့ တွေးတတ်ကြတယ်။ သူတို့တွေက သတိမထားမိတတ်ကြဘူး…”
“နေရောင်ခြည်ရဲ့ အပူရှိန်ကြောင့် ငါတို့ရဲ့နောက်ကျောမှာ အလေးတွေ ထမ်းထားသလို ပျင်းရိလေးလံ ထိုင်းမှိုင်းနေတတ်ကြတယ်။ ရုတ်တရက် အရေးအခင်းနဲ့ ကြုံလိုက်ရတဲ့အချိန်မှာ ပင်ပန်းမှုက ဘာမှမလုပ်နိုင်တော့ဘူး။ ဒါကြောင့် ဘာမှမသိနိုင်ခင် ခေါင်းပြတ်သွားကြတာပဲ…"
"လမ်းညွှန်မှုအတွက် ကျေးဇူးများကြီးတင်ပါတယ် ဆရာကြီး…"
ရဲမက်တစ်ယောက်က စဉ်းစဉ်းစားစားနှင့်ပြောလိုက်၏။
ထိုရဲမက်ကတော့မြို့တော်တွင်ရှိသော သိုင်းသင်တန်းကြောင်းတစ်ခုမှ သင်ကြားလာခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်မှု ပြီးဆုံးသွားသည့်အချိန်တွင် မင်းသားကျင်း၏ စံအိမ်သို့ တာဝန်ပေးခံရခြင်းဖြစ်သည်။ သိုင်းလောကနှင့်ပတ်သက်ပြီး ဘာမှမသိသည့်အတွက် ရန်ဝူလျန့်၏ စကားလုံးများက သူ့ကို စိတ်လှုပ်ရှားစေခဲ့၏။
ရန်ဝူလျန့်က ခေါင်းညိတ်ပြလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေခဲ့သည်။ မင်းသားကျင်းဆီတွင် သူ၏တာဝန်အောင်မြင်ရန် မိတ်ဆွေအပေါင်းအသင်းများ လိုအပ်သည်။ ထိုအရာကတော့ တခြားသော အစောင့်များကို ယှဉ်ပြိုင်ရန် ကူညီပေးနိုင်၏။
"ဘာမှသံသယမရှိနဲ့။ ဒါက သိုင်းလောကမှာ အသက်ရှင်နိုင်မယ့် စည်းမျဉ်းတစ်ခုပဲ…"
သူက အပြုံးနှင့် မှတ်ချက် ပေးလိုက်၏။
"ပြီးတော့ ဒါက လော့ရန်မြို့တော်လေ။ ဒီမြို့ကြီးထဲမှာ ဝေ့ကျင်းအဆင့် ပညာရှင်တွေ အများကြီးရှိတယ် ။ ဒီတော့ နေ့ခင်းကြောင်တောင် ဘယ်လိုလူမျိုးကမှ အကြမ်းဖက်မှု မလုပ်ရဲဘူး။ တကယ်လို့ သူက ကံကောင်းထောက်မပြီး အကြမ်းဖက်မှု လုပ်နိုင်ခဲ့တယ် ဆိုရင်တောင် လုံလုံခြုံခြုံနဲ့ ထွက်သွားနိုင်မှာလား…."
"ဟုတ်တယ်။ ကျနော်တို့ဆီမှာ မိန်းမစိုးဖန်းလည်း ရှိတယ်။ ဝေ့ကျင်းအဆင့် ပညာရှင်တွေလည်း ရှိတယ်…"
တခြားသောရဲမက်တစ်ယောက်က ဝင်ပြောလိုက်၏။
သူတို့က ထောင့်တစ်နေရာကို ချိုးသွားပြီး စံအိမ်၏ ဝင်ပေါက်ဘေးကို စကားပြောနေရင်း ရောက်သွားကြ၏။ ဝင်ပေါက်ကို စောင့်ကြပ်နေသော အစောင့်နည်းငယ်ကတော့ ပို၍ပင် ပျင်းရိနေကြသည်။ သူတို့ကတော့ အချင်းချင်း စကားအနည်းငယ်ပြောပြီး နှိုးဆော်နေကြရ၏။
"နေ့ခင်းပိုင်းမှာ တော်တော် ပျင်းစရာကောင်းတာပဲ…"
မည်သူမျှနားထောင်မနေသည့်အချိန်တွင် ရန်ဝူလျန့်က တစ်ယောက်တည်း သမ်းဝေမိလိုက်သည်။
ထိုအချိန်တွင် မီးသွေးများ တင်လာသော သစ်သားလှည်းတစ်စီးက ထောင့်နေရာမှ ချိုးလာပြီး သူတို့ဆီကို ဖြည်းညင်းစွာ တွန်းလာခဲ့၏။ အနီးအနားတွင် ရှိနေသူများက ထိုလှည်းကို စစ်ဆေးကြည့်လိုက်သော်လည်း အရာအားလုံးက အဆင်ပြေနေသည်။
ရန်ဝူလျန့်က သစ်သားလှည်းကို ခဏလှမ်းကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင်တော့ အရာအားလုံးက အဆင်ပြေနေသေးသည်ကို ယုံကြည်နေခဲ့သည်။ သူက သူ့လူများကိုဆက်၍ ကင်းလှည့်ရန် တိုက်တွန်းလိုက်၏။
ထိုအချိန်တွင် သစ်သားလှည်းကို တွန်းနေသော အပြာဝတ်လူက နောက်ကျောကို ဆန့်လိုက်ပြီး ရုတ်တရက် မတ်မတ်ရပ်လိုက်၏။ သူက ရှေ့ကို တရှိန်ထိုး ပြေးထွက်သွားပြီး အစောင့်များကို ကျော်၍ ရန်ဝူလျန့်၏ ဘေးတွင် ဆင်းသက်လိုက်သည်။
ရုတ်တရက် ပြောင်းလဲသွားသော အဖြစ်အပျက်များကို မည်သူကမျှ သတိမထားမိခဲ့ပေ။ ကျူးကျော်သူကတော့ မုန့်ချီဖြစ်၏။ သူက ထိုအခွင့်အရေးကို စောင့်နေခဲ့ခြင်း ဖြစ်သည်။ သူက မီးသွေးပို့သော တွန်းလှည်းသမား၏နေရာကို အစားထိုးဝင်ထားပြီး ရန်ဝူလျန့် ပေါ်လာမည့်အချိန်ကို စောင့်နေခြင်းဖြစ်၏။
သူ၏အတွင်းအား ၊ ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်များကို စုစည်းလိုက်ပြီး ညာလက်ကို လှုပ်ရှားလိုက်၏။ သူ့လက်သီးကို တင်းတင်းဆုပ်လိုက်ပြီးနောက် လက်သီးများက ရန်သူကို ဆက်တိုက် တိုက်ခိုက်လိုက်သည်။
လုပ်ကြံသူ၏ လျင်မြန်သော တိုက်ခိုက်မှုကြောင့် ရန်ဝူလျန့်က အံ့ဩသွားခဲ့၏။ ရန်သူ၏အရိပ်က သူ့ကို လုံးဝလွှမ်းခြုံထားသည်။ ထိုအချိန်တွင် သူ၏ စွမ်းအားများကလည်း လေထဲတွင် လှုပ်ရှားသွားခဲ့ရ၏။ သူက အနည်းငယ်လေးပင် မလှုပ်ရှားရသေးခင် ကြောက်စရာကောင်းသောလက်သီးက သူ့ဆီသို့ ရောက်လာခဲ့သည်။
"ဒီလိုနဲ့ပြီးသွားပြီလား…"
သူက တစ်ယောက်တည်း ရေရွတ်လိုက်မိပြီး ဒေါသနှင့်အရှက်တရားများက သူ့ကို လွှမ်းမိုးသွားခဲ့၏။ သူက လက်သီးနှင့် တုံ့ပြန်တိုက်ခိုက်လိုက်သည်။ သူ တုံ့ပြန်တိုက်ခိုက်သည့် စွမ်းအားများက မုန်တိုင်းကြီးတစ်ခုသဖွယ် ကျရောက်လာခဲ့လေသည်။
ဖန်းကျန်းက သူ့သခင် မင်းသားကျင်း၏ ဘေးနားတွင် ရပ်နေသည်။ သူက မျက်လုံးနှစ်ဖက် မှိတ်ထားပြီး အပြင်ဘက်တွင် လှုပ်ရှားနေသော စွမ်းအင်လှိုင်းလုံးများကို ခံစားမိသည့်အခါ မျက်လုံးပြူးသွား၏။
မုန့်ချီက ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေသည်။ သူက မထင်မှတ်ထားစွာ လက်သီးကို ဖြေလျှော့လိုက်ပြီး လက်ချောင်းများက လက်သည်းနှင့် လက်ဝါးအဖြစ် ပြောင်းလဲလိုက်၏။
မူလတုန်းက ဒေါသတကြီး တိုက်ခိုက်လိုက်သော သူ၏တိုက်ခိုက်မှုကလည်း ချက်ချင်းပင် သိမ်မွေ့သော အခြေအနေသို့ ပြောင်းလဲသွားပြီး ရန်ဝူလျန့်၏ လက်သီးကို လမ်းညွှန်၍ စွမ်းအားများကို သူ့ဆီသို့ ဆွဲငင်ယူလိုက်သည်။
"ဗုန်း…"
ထူးဆန်းစွာပင် ရန်ဝူလျန့်၏ ခန္ဓာကိုယ်က မမြင်ရသော စွမ်းအားတစ်ခုကြောင့် ရှေ့ကို ရောက်လာသလို ခံစားလိုက်ရ၏။
သူ့လက်သီးကတော့ ရန်သူ၏ လက်ဖဝါးအလယ် တည့်တည့်ကို တိုက်ခိုက်မိလိုက်ပြီး ထိုအရာက ပိုးသားမျှင်လေးပမာ ပျော့ပျောင်းနေသည်။ ထိုအချိန်တွင် သူကတော့ ပင့်ကူအိမ်တစ်ခုကို တိုက်ခိုက်လိုက်သလို ခံစားလိုက်ရ၏။ ထိုအရာက ပျော့ပျောင်းသော်လည်း ဖျက်ဆီး၍ မရနိုင်ပေ။
"သေစမ်း…"
ထိုအချိန်တွင် သူ့ရန်သူ၏ ဘယ်ဘက်လက်က လေထဲသို့ မြောက်လာကြောင်း မြင်လိုက်ရ၏။ အလွန်လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များကလည်း လက်ဖဝါးထဲမှ ထွက်လာခဲ့သည်။
သူ့ရန်သူက တိုက်ခိုက်လိုက်သည့်အချိန်တွင် ကမ္ဘာမြေကြီးက မည်းမှောင်သွားခဲ့ပြီး ကမ္ဘာမြေကြီးတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားလိုက်ရ၏။ မုန့်ချီ၏ ပင်မဝိညာဉ်က ကိုယ်တွင်းကမ္ဘာကြီး၏ အလယ်တွင် စိုးမိုးထားသည်။ သူ့အောက်တွင်တော့ ကောင်းကင်ရှိနေပြီး သူ၏တံခါး(၉)ပေါက်နှင့် ပင်မကိုယ်တွင်းအင်္ဂါများ ရှိနေသည်။ ကိုယ်တွင်းစကြဝဠာကြီးအပေါ် ထိန်းချုပ်မှုများကလည်း တံခါးပေါက်များဆီမှ ရောက်လာခြင်းဖြစ်၏ ။
သူ့ဆီတွင် အဆုံးမဲ့စွမ်းအားများ ရှိနေ၏။ ထိုအရာများက အစမရှိသလို အဆုံးလည်း မရှိချေ။ လက်တစ်ဖက်က သူ၏ခေါင်းပေါ်ကို ရောက်လာခဲ့၏။ သူ၏လက်ဖဝါးက ကောင်းကင်ပေါ်ကို လျင်မြန်စွာ တိုက်ခိုက်လိုက်ပြီး အရာအားလုံးကို ဖျက်ဆီးလိုက်၏။ ဖန်တီးမှုများအားလုံးကလည်း မူလပထမအခြေအနေကို ရောက်သွားသလို ဖြစ်သွားသည်။
အလွန်ကြောက်စရာကောင်းသော တောင်တန်းတစ်ခု၏ အစွမ်းထက်သောသိစိတ် နှင့် အကြောက်တရားများ ပေါင်းစည်းလာသလို ခံစားနေရ၏။ ပင်မဝိညာဉ် တိုက်ခိုက်လိုက်သည့်အချိန်တွင် မုန့်ချီ၏ ဘယ်ဘက်လက်ဝါးက ရှေ့ကိုရောက်သွားပြီး သူ၏ပင်မဝိညာဉ်အရိပ်နှင့် တသားတည်းဖြစ်သွားခဲ့၏ ။ သူက လုံးဝကို ပြောင်းလဲခဲ့ခြင်း မရှိချေ။
ဖန်ကျန်းက ရပ်ကြည့်နေနိုင်ခြင်း မရှိတော့သည့်အတွက် မတ်တပ်ရပ်လိုက်၏။ သူက ခဏကြာစဉ်းစားနေပြီး ရန်သူက လမ်းလွှဲခြင်းဟုတ်မဟုတ် မသေချာသည့်အတွက် သူလည်း တွေဝေနေခဲ့၏။ သူက နေရာတွင်သာ ရပ်နေပြီး သွားကူရခြင်းရှိမရှိ ဆုံးဖြတ်၍ မရနိုင်ခဲ့ပေ။
ထိုအချိန်တွင် အသံတစ်ခုက သူ့ကို တိုက်တွန်းလိုက်သည့်အတွက် သူလည်း စောင့်မနေတော့ဘဲ ရန်သူများကို ရှင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။ သူကတော့ အနီးအနားတွင် သတိထားနေသည့် အစောင့်များ ရှိနေသည်ကို ခံစားမိခဲ့သည်။ ပတ်ပတ်လည်တွင် ရှိနေသော သိုင်းပညာရှင်များ တစ်ယောက်မျှလှုပ်ရှားလာခြင်း မရှိပေ။
ရန်ဝူလျန့်၏ မျက်နှာက ရှုံ့မဲ့သွားခဲ့၏။ သူက တူနှင့် ညှပ်ကြီးတစ်ခု၏ကြားထဲတွင် အညှပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ၏ ညာဘက်လက်ကိုတော့ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများက ချုပ်နှောင်ထား၏။ သူ၏လှည့်ကွက်များ မရှိတော့သည့်အချိန်တွင် ဘယ်လက်ကို မြှောက်ပြီး ရန်သူ၏ တိုက်ခိုက်မှုကိုသာ ကာကွယ်လိုက်ရသည်။
"ခလွပ်…"
အမှောင်ထုကြီးက သူ၏လက်ချောင်းလေးများကို ဆုပ်ကိုင်လိုက်ပြီး ရန်ဝူလျန့်ကို တိုက်ခိုက်လိုက်သည်။ ကမ္ဘာမြေကြီးကလည်း သူ့မျက်လုံးထဲတွင် ချာချာလည်သွားခဲ့၏။ ထိုအရာများက အလင်းလုံးလေးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ၏ဘယ်ဘက်လက်က လမ်းလွဲသွားခဲ့၏။
အဖြူရောင်လက်ဝါးတစ်ခုကတော့ သူ့နဖူးကို ရိုက်မိသွားခဲ့သည်။ ရန်ဝူလျန့်၏ ဦးခေါင်းခွံက အက်ကွဲသွားခဲ့၏။ ခေါင်းတွင်ရှိနေသော ဒဏ်ရာမှနေ၍ သွေးများစတင်စီးကျလာခဲ့သည်။
ထိုလက်ဝါးချက်၏အစွမ်းကိုယူ၍ မုန့်ချီက လေထဲသို့ နောက်ပြန်ခုန်ထွက်လိုက်သည်။ သူက ပတ်ပတ်လည်တွင် ရှိနေသော အစောင့်များကို ရှောင်တိမ်းလိုက်၏။ ထို့နောက် ဝင်ပေါက်မှ ခုန်ထွက်သွားခဲ့၏။
ဖန်းကျန်းက တွေဝေနေခြင်းမရှိဘဲ ငှက်တစ်ကောင်ကဲ့သို့ လုပ်ကြံသူ၏နောက်ကို လိုက်သွားခဲ့သည်။ မုန့်ချီက ရှုပ်ထွေးနေသော လမ်းမများပေါ်သို့ အလွန်လျင်မြန်စွာပြေးထွက်သွားခဲ့၏။ သူက လမ်းသွားလမ်းလာများကြားထဲသို့ ဝင်သွားပြီး ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့သည်။
ဖန်းကျန်းကတော့ သားကောင်ကို လက်လွှတ်လိုက်ရသည့်အတွက် အတော်လေး မျက်နှာပျက်နေခဲ့၏။ သူက စိုးရိမ်ထိတ်လန့်နေသည့် အမူအရာနှင့် နောက်မှ အလျင်အမြန် လိုက်သွားခဲ့သည်။ သို့သော် ခြေရာခံ၍ မရတော့ချေ။ သူ၏မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်နေခဲ့၏။
ထိုအချိန်တွင် သူက လေထဲမှနေ၍ အောက်တွင် ရှိနေသော လမ်းမများကို သေချာစစ်ဆေးကြည့်လိုက်သည်။ ပတ်ပတ်လည်တွင် ရှိနေသော အဆင့်မြင့် မှူးမတ်များကလည်း အကာအကွယ်များ ရှိနေကြသည်။ ဒိုကျိလမ်းကြားထဲတွင်တော့ မင်းသားဝေ၏ စံအိမ်တစ်ခုသာ ရှိသည်။
"မကောင်းဆိုးဝါးတွေ…"
သူက ဒေါသတကြီး ကျိန်ဆဲလိုက်မိ၏။
………..
"လော့ရန်မှာ လူသတ်မှုလုပ်ဖို့ အခက်ခဲဆုံး အပိုင်းကတော့ ထွက်ပြေးဖို့ပဲ။ အဲဒါက ငါ့အတွက် ပြဿနာ မရှိဘူးလေ…"
မုန့်ချီက မင်းသားဝေ၏ စံအိမ်ထဲတွင် ပုန်းနေရင်း ပြုံးလိုက်မိသည်။ သိပ်မကြာခင် သူ့အတွက် သံသရာတံဆိပ်တစ်ခု ရလာတော့မည်ဖြစ်၏။
Translated by Hein Htet.