အခန်း (၄၇၂)
Vol. 32 Ch. 472
ကျိုးဟမ်က မုန့်ချီကို စိုက်ကြည့်နေမိခဲ့သည်။ ခဏကြာပြီးမှသာ သူက စကားပြောနိုင်ခဲ့၏။
"သတ္တိရှိတဲ့အပြင် ပြိုင်ဘက်ကင်းစွမ်းအားတွေ ရှိနေတယ်…"
လုပ်ဆောင်မှု၏ အဓိကအချက်က အချိန်နှင့်တပြေးညီ လုပ်ဆောင်ရခြင်းဖြစ်ပြီး တွက်ချက်ထားသော ခြေလှမ်းများကလည်း တိကျရန် လိုအပ်သည်။ မုန့်ချီကတော့ ရန်သူကို လုပ်ကြံသတ်ဖြတ်ရန် စီစဉ်နိုင်ခဲ့ပြီး သိုင်းကွက်အနည်းငယ်လေးအတွင်း ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်ကို သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
ဒိုကျိလမ်းကြား၏အနီးတွင် ချန်းမင်လမ်းကြား ရှိနေသည့်အတွက် မုန့်ချီက လုပ်ကြံမှုကျူးလွန်ပြီး စက္ကန့်ပိုင်းလေးအတွင်း ကျိုးဟမ်၏စံအိမ်ကို ရောက်လာနိုင်သည်။ ထို့ကြောင့် သူ၏လှုပ်ရှားမှုတွင် မှားယွင်းမှုများ လုံးဝမရှိခဲ့ပေ။
မုန့်ချီ၏လုပ်ကြံမှု အောင်မြင်မှုများက မသေချာမှုများ ရှိနေခြင်းမရှိဘဲ သူ၏စွမ်းရည်နှင့် အစွမ်းအပေါ် ယုံကြည်မှု ၊ သားကောင်အပေါ် လေ့လာမှုနှင့် အစောင့်ရဲမက်များကို နားလည်ထားခြင်းကြောင့်လည်း ဖြစ်သည်။ သူက မည်သည့်အရာကိုမျှ အလွတ်ပေးခဲ့ခြင်း မရှိဘဲ အရာအားလုံးကို အသေးစိတ် လေ့လာခဲ့၏။ ထို့ကြောင့် ကျိုးဟမ်က သူ့အဖော်ကို လေးလေးစားစား သက်ပြင်းချလိုက်မိခြင်း ဖြစ်သည်။
မုန့်ချီကတော့ ခေါင်းခါပြလိုက်ပြီး အေးအေးဆေး ရယ်လိုက်မိ၏။
"တကယ်လို့ ငါက သူ့ကို သိုင်းကွက်အနည်းငယ်အတွင်း မသတ်နိုင်ဘူးဆိုရင်လည်း ပြန်ဆုတ်လာမှာပဲ။ ငါက ကိုယ့်သေတွင်းကိုယ် မတူးပါဘူး…"
မုန့်ချီက မြေခွေးဘုရင်၏ လုပ်ကြံသတ်ဖြတ်ရေး နည်းလမ်းများကို အတုယူခဲ့ခြင်း ဖြစ်သည်။ အင်မော်တယ်များ မုန့်ချီကို ပေးခဲ့သည့် အချက်အလက်များအရ သူက ရန်ဝူလျန့်ကို မြန်မြန်ဆန်ဆန် လုပ်ကြံသတ်ဖြတ်ရန် ယုံကြည်ချက် ရှိနေခဲ့သည်။ သူက မုန်းချီ၏တိုက်ခိုက်မှုကို ခုခံနိုင်ခြင်း မရှိကြောင်း မုန့်ချီက သေချာနေခဲ့၏။
"ဒီလိုမဆင်မခြင် လုပ်ရပ်မျိုးမှာ သေချာတာ ဘာမှမရှိပါဘူး။ မြို့တော် လော့ရန် တခွင်လုံးမှာတော့ အစစ်အဆေးတွေ ရှိနေတာပဲ။ ဒီတော့ သူတို့ကိုတိုက်ခိုက်ဖို့ အခွင့်အရေးတွေ အများကြီးရှိတယ်လေ။ ငါ့ရဲ့ညီလေး (၃) က စားသောက်ပွဲကို တက်ရောက်နေတဲ့ အချိန်မှာလည်း သူတို့ကိုသတ်ဖို့ အခွင့်အရေးတွေ အများကြီးရှိတယ်…"
ကျိုးဟမ်ကတော့ သူ့မိတ်ဆွေ၏အလျင်လိုမှုကြောင့် မျက်မှောင်ကြုတ်ခဲ့မိ၏။
မုန့်ချီကတော့ ရေနွေးကိုသာ အေးအေးဆေးဆေး သောက်နေခဲ့၏။ သူက တည်ငြိမ်စွာ ပြောလိုက်၏။
"ငါက တခြားမပတ်သတ်တဲ့အရာတွေကို ထည့်မတွက်ချင်ဘူး။ ဒါကြောင့် ငါက ဒီကိစ္စကို မြန်မြန်ဆန်ဆန် ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တာ…"
လုပ်ကြံသတ်ဖြတ်ခြင်းက သူ့ကို အင်မော်တယ်များ မဖြစ်မနေခိုင်းသည့် တာဝန်တစ်ခု မဟုတ်ချေ။ အကယ်၍ သူ၏လုပ်ရပ်ကသာ မထင်မှတ်ထားသော အရာများ ဖြစ်လာမည်ဆိုလျှင် ရှုပ်ထွေးမှုများ ပေါ်လာနိုင်ပြီး ပင်မတာဝန်အတောအတွင်း သံသယဝင်စရာများ ရှိလာနိုင်သည်။ ထို့ကြောင့် သူက ကောင်းကင်ဘိုးဘေးဟူသော အဆင့်အတန်းနှင့် အန္တရာယ်ရှိနိုင်၏။
မြို့တော်ထဲတွင် သူရှိနေသော သတင်းကို ယခုအချိန်ထိ မည်သူမျှ မသိသေးပေ။ ထို့ကြောင့် သူက လွတ်လပ်ပြီး ယုံကြည်မှု ရှိနေခဲ့၏။ မည်သည့်အရာကိုမျှ နားမလည်ခြင်းက တိုက်ပွဲထဲတွင် မည်သည့် အကျိုးအမြတ်မျှ မရှိနိုင်ပေ။
ကျိုးဟမ်ကတော့ သူ့မိတ်ဆွေကို သတိပေးရုံသာ တတ်နိုင်တော့၏။
"အဆင့်မြင့်တဲ့ မင်းသားတစ်ယောက်ရဲ့နောက်လိုက် တာဝန်ထမ်းဆောင်နေတဲ့ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်ကို သတ်လိုက်တဲ့ သတင်းက မြို့တော်ထဲမှာ တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားလိမ့်မယ်။ ယပ်တောင် (၆) လက်ကျောင်းက စုံစမ်းရေးမှူးတွေကလည်း လူသတ်သမားကို မြို့တော်ထဲမှာ နေရာလပ်မကျန် ရှာကြလိမ့်မယ်။ အခုတော့ မင်းက အေးအေးဆေးဆေး နေလိုက်ဦး…"
သူက သက်ပြင်းချလိုက်ပြီး ဆက်၍ပြောလိုက်၏။
"ဟုတ်ပြီ။ မင်းက လုပ်ပြီးသွားပြီဆိုမှတော့ အခု အမှောင်ထဲကနေ ငါ့ရဲ့ညီလေး (၃) ကို စောင့်ကြည့်ရမယ်…”
“ပြီးတော့ အဲဒါက ငါ အလျင်စလို လုပ်လိုက်ရတဲ့ ရည်ရွယ်ချက်တွေထဲကတစ်ခုပဲ…"
မုန့်ချီကတော့ အရှက်မရှိစွာ ပြောလိုက်သေး၏။
မုန့်ချီက ထိုကဲ့သို့ သံသယများကို အမှန်တကယ် စိတ်ဝင်စားသည်။ သို့သော် သူတို့၏ ပင်မတာဝန်က ယခုအချိန်ထိ မသိရသေးပေ။ ပင်မတာဝန်က မင်းသား (၃)၊ သူ့လက်အောက်တွင် ရှိနေသူများနှင့် မပတ်သက်စေရန်သာ မျှော်လင့်နေရ၏။ မဟုတ်လျှင် သူက ထိုကိစ္စကို ဆက်လက် ဖြေရှင်းလိုခြင်း မရှိချေ။
မြို့တော်ထဲတွင် ထိုသတင်းက မီးတောက်တစ်ခုပမာ ပျံ့နှံ့သွားခဲ့၏။ နန်းတွင်းထဲတွင်လည်း အလွန်ဒေါသထွက်နေကြပြီး သူတို့၏မျက်စိရှေ့တွင် လူသတ်မှု ဖြစ်သွားခဲ့သည့်အတွက် အတော်လေး မသက်မသာ ဖြစ်နေကြ၏။
ယပ်တောင် (၆) လက်ကျောင်းကလည်း စုံစမ်းရေးမှူးများကို အလျင်စလို စေလွှတ်ပြီး တရားခံကို စုံစမ်းရှာဖွေနေကြသည်။ ယပ်တောင် (၆) လက်ကျောင်း၏ တံခါးဝတွင် ထိုကဲ့သို့ မလေးမစားပြုမူသော အရာများက သူတို့ကို စော်ကားသလို ခံစားနေရသည့်အတွက် စုံစမ်းရေးမှူးများက လူသတ်သမား၏ ခြေရာလက်ရာများကို သေချာ ရှာဖွေနေကြသည်။
သူတို့က မကောင်းမှုလုပ်ဆောင်နေသော လူပေါင်းများစွာနှင့် ပြစ်မှုဟောင်း ရှိနေသူများ အားလုံးကို ဖမ်းဆီးစစ်ဆေးနေကြ၏။ ထို့ပြင် မြို့တော်ထဲတွင် ရှိနေသော မြေအောက်အဖွဲ့အစည်းမှ သတင်းမျိုးစုံကို စုံစမ်းနေသော်လည်း ယခုအချိန်ထိ လုပ်ကြံသူ၏ အင်္ကျီကိုပင် မမြင်ရသေးပေ။
ကံကြမ္မာဖတ်ပညာရှင်များဆီတွင်လည်း ထူးဆန်းသော လုပ်ကြံသူ၏ အဆင့်အတန်းကို တွက်ချက်ခိုင်းရန် ကြိုးစားနေကြ၏။ သို့သော် သူ ပေါ်လာသည့်ပုံစံက အလွန်လျှို့ဝှက်ပြီး အင်မော်တယ်များ၊ နတ်ဘုရားများကဲ့သို့ ဖြစ်နေသည့်အတွက် လူအများစုက ကြောက်လန့်နေကြသည်။
ကောင်းကင်ဘိုးဘေး မျက်နှာဖုံးအောက်တွင် လုပ်ဆောင်ခဲ့သော မုန့်ချီ၏ လုပ်ရပ်တိုင်းက အင်မော်တယ်များ ပေါ်လာခြင်းနှင့် တူညီနေပြီး သူ၏စွမ်းရည်နှင့် ကျင့်စဉ်များ အားလုံးကလည်း အင်မော်တယ်များဆီမှ ရထားခြင်းဖြစ်သည်။ တွက်ချက်ခြင်းနှင့် ကံကြမ္မာများက အင်မော်တယ်များကိုသာ တိတိကျကျ ညွှန်ပြနေပြီး မုန့်ချီနှင့် ပတ်သက်သော အချက်အလက်များကတော့ လုံးဝ ထွက်မသွားခဲ့ပေ။
အရေးကြီးဆုံး အရာကတော့ ဒဏ္ဍာရီဆန်သော အဖွဲ့အစည်းက လုပ်ကြံသတ်ဖြတ်မှုများကို ကာကွယ်ရန် သူတို့၏လျှို့ဝှက်ချက်များ၊ အဖွဲ့သားများကို ကာကွယ်ပေးထားခဲ့သည်။ မြို့တော်ထဲတွင် ရှိနေသော လူတိုင်း၏ရင်ထဲတွင် အကြောက်တရားများ၊ စိုးရိမ်ထိတ်လန့်မှုများ ပေါ်လာခဲ့၏။
ထိုအရာကို ဦးဆောင်ရန်အတွက် မင်းသားကျင်းက သဲလွန်စရှာဖွေနိုင်သူကို ဆုကြေးကောင်းကောင်းပေးမည်ဟု ကြေညာထားသည်။ မှူးမတ်များကြားထဲတွင်တော့ မင်းသားကျင်း၏ တည်ကြည်လေးနက်မှုကြောင့် ချီးကျူးစကားများစွာ ကြားနေရ၏။ နန်းတော်ထဲရှိ စြင်္ကံများ၊ လမ်းမများပေါ်တွင်လည်း မင်းသားကျင်းကို လက်ခံသော အသံပေါင်းများစွာ တီးတိုးစကားသံများ ထွက်ပေါ်လာနေကြ၏။
ရက်အနည်းငယ်ကြာသွားပြီး တစ်နေ့တွင်တော့ ကျိုးဟမ် တစ်ယောက်တည်း လေ့ကျင့်ရန် အသုံးပြုသော လျှို့ဝှက်အခန်းဆီသို့ မိန်းမလှလေးတစ်ယောက် လာရောက်လည်ပတ်ခဲ့သည်။ သူမက အဖြူရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏မျက်နှာကို ဖုံးအုပ်ထားခဲ့၏။ ထိုသို့ဆိုရာတွင် သူမ၏အေးစက်စက် အလှတရားများက ပေါ်နေသေးသည်။
"နင်က မြို့တော်ကို အချိန်ကောင်းမှာရောက်လာတာပဲ။ ငါထင်ထားတာထက်တောင် ပိုပြီးတော့ စောနေသေးတယ်…"
မုန့်ချီကတော့ သူ၏ မိန်းကလေး မိတ်ဆွေကို အပြုံးနှင့် ပြောလိုက်၏။
ထိုဧည့်သည်ကတော့ ရွမ်ယုရှုဖြစ်ပြီး သူမ၏ဇာပုဝါကို ဖယ်ရှားလိုက်သည့်အချိန်တွင် အေးစက်သော အလှတရားများ ပေါ်နေခဲ့သည်။ သူမဆီတွင် ယခင်တုန်းကကဲ့သို့ အပြစ်ကင်းစင်သော အမူအရာမျိုး မရှိတော့ပဲ တည်ငြိမ်စွာ ပြောလိုက်၏။
"ပင်မတာဝန်က ငါတို့ရဲ့ကမ္ဘာကြီးထဲမှာ လုပ်ဆောင်ရမယ်ဆိုတာ သိတဲ့အချိန် ကတည်းကစပြီး ငါက ကြိုတင်ပြင်ဆင်ထားခဲ့တာကြာပြီ။ ငါက ဂါရဝပြုဖို့ ခရီးတစ်ခုသွားမယ်လို့ ငါ့မိသားစုက သိထားတယ်။ ငါတို့က မြို့တော်မှာ တွေ့ရမယ်လို့ သေချာသွားတဲ့အချိန်မှာ ဒီကိုလာဖို့အတွက် ငါ့မိသားစုကို ချက်ချင်းပြောခဲ့တယ်…"
"တကယ်ဉာဏ်ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ"
မုန့်ချီက တစ်ယောက်တည်း တွေးနေရင်း ပြောလိုက်၏။
"လော့ရန်မှာရှိတဲ့ ရွမ်ကလန်ဆီကနေ အရင်းအမြစ်တွေ တောင်းဆိုလိုက်မယ် ဆိုရင်တောင် ဘာမှခက်ခဲမှာ မဟုတ်တော့ဘူး…"
သူကတော့ သူ့အဖော်ကို လက်မထောင်ပြလိုက်သည်။
ရွမ်ယုရှုက အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်၏။ သူက အပေါ်တွင် ရှိနေသော အမိုးထုတ်တန်းနှင့် တိုင်းလုံးကြီးများကိုကြည့်နေရင်း တီးတိုးရေရွတ်ခဲ့သည်။
"ငါ့ရဲ့အဘိုး ၊ ငါ့ရဲ့အဘွား ၊ ငါ့အဖေရဲ့အစ်ကို ၊ ငါ့ရဲ့အစ်ကိုနဲ့ ညီမတွေ ပြီးတော့ ငါ့ရဲ့တခြားအဘိုးတွေနဲ့ ဦးလေးတွေ..."
သူမ၏ ဆွေမျိုးပေါင်းများစွာ၏ အမည်ကို ရုတ်တရက် ရေရွတ်လိုက်မှုကြောင့် မုန့်ချီကတော့ သူမ၏ရည်ရွယ်ချက်ကို နားမလည်နိုင်ခဲ့ပေ။
"သူတို့က ငါ့ကို ချီးကျူးနေကြတာ…"
ရွမ်ယုရှုကတော့ ရှက်ရွံ့နေခြင်းမရှိဘဲ အေးအေးဆေးဆေး အဆုံးသတ်လိုက်သည်။ သူမ၏လေသံထဲတွင်တော့ ဂုဏ်ယူဝင့်ကြွားမှုများ ပါနေခဲ့၏။
"မိသားစုထဲမှာ လူတကာချစ်တဲ့ ကလေးတစ်ယောက်ပဲ။ သူက အဲဒီလို ချီးကျူးမှုတွေကိုတောင် ပျော်ပျော်ရွှင်ရွှင် ပြောနေနိုင်သေးတယ်…"
မုန့်ချီ၏ နဖူးပေါ်မှ ချွေးသီးချွေးပေါက်များ ကျဆင်းလာနေစဉ် သူက စဉ်းစားနေခဲ့သည်။ သူက ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်၏။
"ငါက မြောက်ပိုင်းကျိုးအင်ပါယာနဲ့ မြက်ခင်းပြင်မြောက်ပိုင်းကို ရောက်ခဲ့တယ်။ အဲဒီမှာရှိတဲ့ စားစရာတွေက တော်တော်လေးအရသာရှိပြီး ငါတို့ရဲ့ နယ်မြေခံစားစရာတွေနဲ့ ယှဉ်လိုက်ရင် တော်တော်လေးကွဲတယ်…."
ရွမ်ယုရှုက သူ့ခရီးနှင့် ပတ်သက်သော အချက်အလက်များကို အလေးထား နားထောင်နေရင်း ထိုင်ခုံ၌ ထိုင်လိုက်သည်။ သူ၏ခရီးလမ်းနှင့် ပတ်သက်သော အရာများအားလုံးကြောင့် သူမဆီတွင် စိတ်လှုပ်ရှားစရာ မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာနေခဲ့သည်။
မုန့်ချီက နှင်းမကောင်းဆိုးဝါးကို သတ်လိုက်ကြောင်း ပြောသည့်အချိန်တွင် သူမက အံ့သြသွား၏။
"အဲဒါက စားလို့ရလား"
"ဟား ဟား ဟား ဟား ဟား ဟား"
မုန့်ချီက အားရပါးရ ရယ်လိုက်မိသည်။
သူကလည်း နှင်းတောင်ပေါ်၌ တူညီသော မေးခွန်းကို မေးခဲ့ကြောင်း ကြားသည့်အချိန်တွင် သူမ၏အမူအရာက ပြောင်းလဲသွား၏။ သူမ၏မေးခွန်းက လမ်းလွဲသွားသည်ဟု ရွမ်ယုရှုက အထင်လွဲသွား၏။ ထို့ကြောင့် သူမက သူမအဖော်၏ရယ်သံကို နားလည်သွားပြီး ပြောလိုက်သည်။
"အဲဒါက စားလို့ရမရ သိချင်ရုံပါပဲ…"
"သူ့ရဲ့အသားက ချဉ်တယ်…"
မုန့်ချီကတော့ ရယ်နေရင်း ပြန်ဖြေလိုက်၏။
ရွမ်ယုရှုက မျက်ခုံးပင့်လိုက်မိပြီး စိတ်ထဲတွင် စဉ်းစားနေပုံရသည်။
"ချဉ်တဲ့အရသာကို ဖယ်ရှားတဲ့နည်းလမ်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် အဲဒါကတော့ အသားပေါ်ပဲ မူတည်တာပေါ့။ တချို့အရာတွေမှာတော့ အရက်ကိုသုံးဖို့ လိုတယ်…"
ကျိုးဟမ် အခန်းထဲသို့ ဝင်လာခဲ့သည့်အချိန်ထိ သူတို့ (၂) ယောက်ကတော့ အသည်းအသန် ဆွေးနွေးနေကြသေးသည်။ သူနှင့်အတူ အစိမ်းရောင် ဝတ်စုံဝတ်ထားသော လူစိမ်းတစ်ယောက် ပါလာခဲ့၏။ သူ၏ရုပ်ရည်ကတော့ ပုံမှန်သာဖြစ်ပြီး သူက ယခုမှရောက်လာသော လူစိမ်းတစ်ယောက် ပုံစံ ဖြစ်နေသည်။
သို့သော် မုန့်ချီကတော့ သူတို့၏ဧည့်သည်ကို လက်မြောက်ပြီး နှုတ်ဆက်လိုက်၏။ သူက အပြုံးနှင့် ပြောလိုက်သည်။
"တစ်နှစ်ကြာသွားပြီ အစ်ကိုချီ။ တော်တော်လေးကို ချောနေသေးတာပဲ။ ပြီးတော့ ထူးခြားတဲ့အငွေ့အသက်တွေကို ခံစားမိနေတယ်…."
မုန့်ချီ၏ ချီးကျူးမှုကို ကြားသည့်အခါ ချီကျန်းရန်က ရယ်လိုက်၏။
"ငါ့ရဲ့ခရမ်းကြယ်မြစ်ကျင့်စဉ်က ပြည့်စုံသွားပြီ…"
ထိုကျင့်စဉ်အပေါ် သူ၏လေ့ကျင့်မှုက အထွဋ်အထိပ်ကို ရောက်သွားခဲ့ပြီး နှစ်ပေါင်းများစွာ လေ့ကျင့်မှု၏ ရည်ရွယ်ချက်လည်း ပြည့်စုံသွားသည်။ သူကတော့ အလွန်တည်ငြိမ်သော အမူအရာနှင့် အောင်မြင်မှုကို ပြောပြလိုက်ပြီး သူ၏လေသံထဲတွင် မောက်မာမှုများ ပါဝင်ခြင်းမရှိချေ။
"အရမ်းကောင်းတာပေါ့…"
မုန့်ချီက ရိုးရိုးသားသား ပြန်ဖြေလိုက်၏။
ချီကျန်းရန်က လေ့ကျင့်မှု အောင်မြင်သွားသည့်အပေါ် သူလည်း အံ့ဩနေခဲ့ခြင်း မရှိချေ။ ဖရိုဖရဲကျင့်စဉ် လေ့ကျင့်မှုက သဘာဝတရားကြီး၏ စွမ်းအားများကို ပို့ဆောင်ရသည့် နည်းလမ်းများ ပါဝင်နေသည်။ ထို့ကြောင့် လေ့ကျင့်သူက သဘာဝတရားကြီး၏ အစွမ်းများကို အသုံးပြုနိုင်၏။ ချီကျန်းရန်က တံခါး (၉)ပေါက် ပွင့်သွားသည်နှင့် လူသားနှင့် ကောင်းကင် တစ်သားတည်းအဆင့်က လျင်မြန်လာနိုင်သည်။
"ငါက လွန်ခဲ့တဲ့နှစ်မှာ တောင်ပိုင်းစီရင်စုတွေကို သွားလာနေခဲ့တယ်။ ပြီးတော့ အများကြီး ရခဲ့တယ်။ ဒါပေမဲ့ မင်းကတော့ မြေခွေးဘုရင်ကို သတ်လိုက်ပြီး ငါ့ထက်တောင်ပိုပြီး အကျိုးအမြတ်များမယ်ဆိုတာ ပြောရဲတယ်။ မင်းရဲ့စွမ်းအား စိတ်ဝိညာဉ်နဲ့ စိတ်ဆန္ဒတွေကလည်း သိသိသာသာ တိုးတက်လာမှာပဲ…"
ချီကျန်းရန်က လေးလေးစားစား ပြောလိုက်၏။
မုန့်ချီကတော့ သက်သောင့်သက်သာ ပြန်ဖြေလိုက်၏။
"နည်းနည်းပါပဲ။ ကျွန်တော်က လူသားနဲ့ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်သွားပြီ…"
"ငါက လူသားနဲ့ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်ဖို့ နီးနေပြီ…"
ရွမ်ယုရှုက ရုတ်တရက် ပြောလိုက်သည်။
"ဟမ်..."
သူမ၏စကားကြောင့် မုန့်ချီက အနည်းငယ် အံ့သြသွားခဲ့၏။ ရွမ်ယုရှု၏ တိုးတက်မှုက သူထင်ထားသည်ထက်ပင် လျင်မြန်နေခဲ့သည်။ သူမက အများဆုံး လူသားနှင့် ကောင်းကင်ဆက်သွယ်မှုအဆင့်ကိုသာ ရောက်ဦးမည်ဟု သူက မျှော်လင့်ထားခဲ့၏။
"ညီမလေးယုရှုက စောင်းပညာနဲ့ ပတ်သက်ပြီး ပါရမီရှိတယ်လေ။ ဒီတော့ သူ့ရဲ့တိုးတက်မှုက အမြန်ဆုံးဆိုတာ အံ့ဩစရာမှ မကောင်းတော့တာ…."
ကျိုးဟမ်က ရယ်မောကာနှင့် ဝင်ပြောလိုက်သည်။ ထိုအရာကတော့ အမှန်တကယ် ဘုရားပေးသော ပါရမီဖြစ်၏။
ကျိုးဟမ်က ထိုမှတ်ချက် ပြောလိုက်သည့်အချိန်တွင် အနည်းငယ် စိတ်ပျက်နေကြောင်း မုန့်ချီက သတိထားမိခဲ့သည်။ သူကတော့ အပြုံးနှင့်သာ ပြောလိုက်၏။
"ဒါပေမဲ့ အခက်အခဲ၊ ဇွဲနဲ့ ဉာဏ်မရှိရင် ဒီလိုတိုးတက်မှုမျိုးရဖို့ မဖြစ်နိုင်သေးဘူးလေ။ ပါရမီတစ်ခုတည်းနဲ့ အလုပ်မဖြစ်ပါဘူး…"
ရွမ်ယုရှု၏ နှုတ်ခမ်းလေးက အနည်းငယ် လှုပ်ရှားသွားသည်။ သူမကတော့ ပြတင်းပေါက် အပြင်ဘက်ကို လှည့်ကြည့်လိုက်ပြီး သူမ၏ ရှက်ရွံ့မှုများကို ဖုံးကွယ်ထား၏။ ထိုသို့ဆိုရာတွင် သူမကတော့ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေရင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။
ထိုအချိန်တွင် သူတို့က သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။
"အဖွဲ့သား (၄) ယောက်က လော့ရန်မှာရှိတဲ့ မြို့တော်ကို ရောက်လာကြပြီ။ ဒါကြောင့် ပင်မတာဝန်ရဲ့ပထမအပိုင်း ပြီးဆုံးသွားပြီ။ ဒုတိယမြောက် ပင်မတာဝန်က စတော့မယ်။ မင်းတို့ရဲ့ပင်မတာဝန်ကို အဓိကအလေးထားပါ။ မင်းတို့က သစ်သီးပွဲတော်ကို တက်ရောက်ဖို့ ကြိုးစားရမယ်။ တကယ်လို့ အဖွဲ့သားထဲမှာရှိတဲ့ တစ်ယောက်ယောက်က ပွဲတော်ရဲ့ယှဉ်ပြိုင်ပွဲမှာ အနိုင်ရတယ်ဆိုရင် တာဝန်က အောင်မြင်တယ်။ တာဝန်အောင်မြင်မယ်ဆိုရင် ကံကြမ္မာအမှတ် (၁၅၀၀) ရမယ်။ တာဝန်ကျရှုံးမယ်ဆိုရင်တော့ လက်ရှိရထားတဲ့ ပမာဏထဲကနေ တူညီတဲ့ပမာဏကို ပြန်နုတ်မယ်။ ပွဲတော်ကိုဝင်ရောက်ဖို့ မအောင်မြင်ရင်တော့ အလုံးစုံကျရှုံးတယ်လို့ သတ်မှတ်နိုင်တယ်…"
"သစ်သီးပွဲတော် ဟုတ်လား…"
မုန့်ချီက နားမလည်နိုင်စွာ တီးတိုးရေရွတ်လိုက်မိသည်။ သူက ကျိုးဟမ်ကို စိုက်ကြည့်လိုက်၏။ သူတို့ (၄) ယောက်ထဲတွင် မြို့တော်၌ နေထိုင်သော သူတစ်ယောက်တည်းကသာ ထိုစကားလုံးကို သိနေနိုင်သည်။
ကျိုးဟမ်က မျက်နှာပျက်သွားခဲ့၏။
"ဘုရင်ကြီးက ဆောင်းဦးရာသီကို ရောက်တဲ့အချိန်တိုင်း သစ်သီးပွဲတော်လို့ခေါ်တဲ့ ပွဲတော်တစ်ခုကို ကျင်းပဖို့ အမိန့်ပေးထားတယ်။ အဲဒီမှာက ဉာဏ်ပညာနဲ့ သိုင်းပညာပြိုင်ပွဲတွေ ပါတယ်။ အိမ်ရှေ့မင်းသားကို ဘုရင်ကြီးက ဒေါသထွက်ပြီး မကျေမနပ် ဖြစ်နေတယ်လို့ကြားတယ်။ ဒီတော့ ဘုရင်ကြီးက ငါတို့မင်းသားတွေ အားလုံးကို စမ်းသပ်မှုလုပ်ဖို့ အဲဒီပွဲတော်မှာ ဝင်ပြိုင်ခိုင်းတာ…"
"ဘုရင်ကြီးက အိမ်ရှေ့မင်းသားအသစ်တစ်ယောက် တင်မြှောက်ဖို့ စဉ်းစားနေတာလား.."
မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။ တိုင်းပြည်ရေး အခြေအနေများက ကောင်းမွန်သော အဆုံးသတ်များ လုံးဝ မရှိတတ်ချေ။
"ဒါဆိုရင် သစ်သီးပွဲတော်ကို ဝင်ခွင့်ရဖို့ ဘာတွေလိုအပ်တာလဲ…"
ချီကျန်းရန်က အဓိကအရေးကြီးဆုံးအချက်ကို မေးလိုက်သည်။
ကျိုးဟမ်က အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။
"သံတမန်ရေးရာ စည်းမျဉ်းအရ ငါက ငါနဲ့အတူ ဧည့်သည်တစ်ယောက်ကို ခေါ်သွားလို့ရတယ်..”
“တကယ်လို့ ငါတို့ကသာ တစ်ဖွဲ့တည်း စားသောက်ပွဲကို တက်လိုက်မယ်ဆိုရင် ငါတို့က သံသရာခရီးသွားတွေဆိုတာ ဒဏ္ဍာရီအဖွဲ့ထဲက အဖွဲ့သားတွေက သိသွားနိုင်တယ်.."
မုန့်ချီက သူ၏စိုးရိမ်မှုကို ထောက်ပြလိုက်သည်။
"ငါတို့က စားသောက်ပွဲထဲကို တခြားနေရာတွေကနေဝင်ဖို့ ကြိုးစားသင့်တယ်…"
ရွမ်ယုရှုက ပြောလိုက်၏။
"အထဲကို ရောက်သွားပြီဆိုရင်လည်း ငါတို့က ဘုရင်ကြီးရဲ့ အခွင့်အရေးပေးမှု ရအောင်လို့ ကူညီပေးရမယ်။ ဒီပြိုင်ပွဲရဲ့ဆုကို ငါတို့ထဲမှာရှိတဲ့ တစ်ယောက်ယောက်ရသွားရင် အကောင်းဆုံးပဲ…"
"ဟုတ်တယ်"
မုန့်ချီကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ငါတို့က စားသောက်ပွဲ တက်ရောက်ဖို့ လိုအပ်ချက်တွေကို သိဖို့လိုတယ်။ တကယ်လို့ ငါတို့က ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရှာနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ…"
ချီကျန်းရန်က သတိပေးလိုက်၏။ ပြိုင်ပွဲ၏ဆုလာဘ်က ကိစ္စမရှိသော်လည်း ထိုအရာက သူတို့၏ပင်မတာဝန် ဖြစ်နေသည်။
"ငါတို့က ဘယ်နေရာကနေ စသင့်လဲ…"
မုန့်ချီက ကျိုးဟမ်ကို မေးလိုက်၏။
ကျိုးဟမ်၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
"နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ရဲ့ ဒုတပ်မှူး စုလီ...။ သူကတော့ ဘုရင်ကြီး အယုံကြည်ရဆုံး လူတစ်ယောက်ပဲ။ သူက ဒီစားသောက်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တာဝန်ယူထားရတယ်…"
လူငယ်မှတ်တမ်း၏ ထိပ်ဆုံးတွင် ရှိနေသော အောင်မြင်ကျော်ကြားမှုက ပေးဆပ်မှုမရှိဘဲ ရောက်လာခဲ့ခြင်း မရှိချေ။ မုန့်ချီကတော့ သိုင်းလောက တစ်ခွင်လုံးတွင် ရှိနေသော ဆွေးနွေးမှုများ၏ အလယ်ကို ရောက်နေသလို ဖြစ်နေခဲ့၏။ သူ့နာမည်နှင့် ပတ်သက်သော တီးတိုးစကားများ၊ ငြင်းခုံသံများတွင် သူ၏မူလဇစ်မြစ်နှင့် ပတ်သက်သော အချက်အလက်များ မရှိချေ။
ချီကျန်းရန်နှင့် ရွမ်ယုရှုတို့ (၂) ယောက်လုံးကလည်း သူ့ကို လှည့်ကြည့်လိုက်ကြ၏။ သူကတော့ လက်ကာပြလိုက်ပြီး ရှက်ရွံ့စွာ အလျင်အမြန် ပြောလိုက်၏။
"ဘာလို့ ငါ့ကို အဲဒီလိုမျိုးကြည့်နေတာလဲ။ ငါက ငါ့ကိုယ်ငါ သစ္စာမဖောက်နိုင်ဘူ…"
သူက ထိုစကားလုံးများကို စိတ်ဓာတ်ကျစွာ ပြောလိုက်ရသည်။ သူတို့က လက်ရှိတာဝန်ကို ရှောင်လွှဲ၍ မရနိုင်ပေ။ သူ အသိဆုံး ဖြစ်၏။
ရွမ်ယုရှုက ပြုံးလိုက်သည်။ သူမကတော့ လေးလေးနက်နက် အမူအရာနှင့် စနောက်လိုက်၏။
"ငါက မိသားစုရဲ့အကူအညီနဲ့ စားသောက်ပွဲကို တက်ဖို့ အခက်အခဲမရှိဘူး။ နင်က ကိုယ့်အတွက်ကိုယ်ပဲ အကောင်းဆုံးကြိုးစားရမှာ..."
မုန့်ချီကတော့ သက်ပြင်းချလိုက်မိ၏။
"ပထမဆုံး ငါက မြို့တော်ထဲကနေ ထွက်သွားရမယ်။ ပြီးတော့ ငါက လော့ရန်မြို့တော်ထဲကို လူသိများတဲ့ပုံစံမျိုးနဲ့ ပြန်ဝင်လာရမယ်…"
…………..
မြို့တော်၏အစွန်တွင် ပို့ဆောင်ရေးအဖွဲ့တစ်ခု ရှိသည်။ သူတို့ကတော့ စကားတစ်ခွန်းမျှမပြောဘဲ အလျင်အမြန် ပြေးလာနေကြ၏။ သူတို့၏ခြေသံများက တိတ်ဆိတ်နေပြီး သူတို့နှင့်အတူ ပစ္စည်းတစ်ခုကို သယ်ဆောင်လာကြပုံရသည်။
"ခေါင်းဆောင် …
ဘာလို့ အဖွဲ့ခေါင်းဆောင်ထဲက ဒီလိုအလျင်အမြန် ပြန်ဆုတ်လာရတာလဲ။ လူတိုင်းက ထိတ်လန့်ပြီး ကြောက်ရွံ့နေကြပြီ…"
လူတစ်ယောက်က ပြောလိုက်၏။
ထိုလူက အသက် (၂၀) ဝန်းကျင်သာ ရှိနေသေး၏။ သူ၏မျက်လုံးများထဲတွင် တည်ငြိမ်ရင့်ကျက်မှုများ ပြည့်နှက်နေပြီး စွမ်းအားများ ပြည့်နှက်နေသလို ထင်မှတ်ရ၏။ ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်က အားတင်း၍ ပြန်ဖြေလိုက်သည်။
"ကြောက်နေတာမဟုတ်ဘူး ချန်းချင်။ အဖွဲ့ခေါင်းဆောင်က ငါတို့ရဲ့ လက်ရှိအစီအစဉ်တွေကိုပဲ သတိထားဖို့ မျှော်လင့်နေတာ။ သူက ကိုယ်ဖော့ပညာကိုသုံးပြီး မြို့တော်ကို အမြန်ပြန်သွားနေတယ်…"
"ဒီတခါ ပို့ဆောင်ပေးရတဲ့ပစ္စည်းက တော်တော်လေး တန်ဖိုးကြီးနေလို့လား…"
ကူချန်းချင်က တစ်ယောက်တည်း ပြောနေမိ၏။
ထိုအချက်အလက်များက သူ့အတွက် အသစ်လို ဖြစ်နေသည်။ သူတို့ သယ်ဆောင်ရသော ပစ္စည်းများက တန်ဖိုးရှိသည် အရေးကြီးသည်ဟူသော အချက်အလက်မျိုး သူလည်း လုံးဝ မသိခဲ့ပေ။ ထို့ကြောင့်လည်း ပို့ဆောင်ရေး အဖွဲ့ခေါင်းဆောင်က အဖွဲ့သားများကြားထဲတွင် သီးသန့်ပုန်းရှောင်နေပြီး နောက်တွင် တစ်ယောက်တည်း ကျန်နေခြင်း ဖြစ်သည်။
"ကျွန်တော်တို့တွေက တည်ကြက်တွေလား ခေါင်းဆောင်…"
တခြားလူတစ်ယောက်က မေးလိုက်၏။
ခေါင်းဆောင်က အားရပါးရ ရယ်လိုက်၏။
"ငါတို့က ဘာကိုကြောက်ရမှာလဲ။ ပစ္စည်းက ငါတို့နဲ့အတူ မရှိမှတော့ ရန်သူတွေက ငါတို့ကိုရှင်းပစ်စရာ အကြောင်းအရင်းမှ မရှိတာ…"
ခေါင်းဆောင်က ကူချန်းချင်ကို ကြည့်လိုက်သည်။
"သူတို့တွေကို မြန်မြန်သွားခိုင်းလိုက် ချန်းချင်။ ငါတို့က မြစ်ကိုကျော်ပြီးသွားရင် ခဏနားမယ်…"
ကူချန်းချင်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး ဓားလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်လိုက်၏။ ထို့နောက် သူ၏လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်၏။
"ဘာမှမကြောက်နဲ့ ဆရာကြီးကူ။ ဓားပြတွေက ခေါင်းဆောင်မရှိရင် ကျွန်တော်တို့ကို ပြဿနာရှာမှာ မဟုတ်ဘူး။ သူတို့အဓိက လိုချင်နေတဲ့အရာက ချမ်းသာကြွယ်ဝမှုပဲလေ…"
ပို့ဆောင်ရေးအဖွဲ့မှ အကြီးအကဲတစ်ယောက်က ကူချန်းချင်ကို ပြန်လည်နှစ်သိမ့်လိုက်၏။
ကူချန်းချင်က ခေါင်းညိတ် ပြန်ဖြေလိုက်သည်။ သူက သက်ပြင်းချလိုက်၏။
"တကယ်လို့ ကျွန်တော်ရဲ့စွမ်းရည်ကသာ ထူးခြားပြီး ထက်မြက်နေမယ်ဆိုရင် ဒီလိုသာမန်ဓားပြတွေကို ကြောက်စရာမလိုဘူး…"
သူကတော့ (၃) နှစ်ခန့် မတုန်မလှုပ် ခံနိုင်ရည်ရှိခဲ့သည်။ သူ၏ဇွဲကောင်းမှုကြောင့် သူက ကြိုးကြိုးစားစားပြီး လေ့ကျင့်နိုင်ခဲ့ပြီး သူ၏စွမ်းရည်များကို မြှင့်တင်နိုင်ခဲ့၏။ သူက လော့ရန်ကို ခြေချခဲ့သည့်အချိန်တွင် တံခါး (၄) ပေါက်ပင် မပွင့်သေးသော လူငယ်လေးတစ်ယောက်သာ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက် သူက တံခါး (၇) ပေါက်ပွင့်လာပြီး ကိုယ်တွင်းကမ္ဘာကြီးကိုပင် ပြင်ဆင်နိုင်ခဲ့သည်။
ခက်ခဲသည့်လေ့ကျင့်မှုများကြောင့် နောက်ဆုံးတွင်တော့ အလယ်ပိုင်းနယ်မြေရှိ ပို့ဆောင်ရေးအဖွဲ့တစ်ခုတွင် ခေါင်းဆောင်ခွဲတစ်ယောက်ဖြစ်လာပြီး သူ၏ဆွေမျိုးများကပင် သူ့အပေါ် နွေးထွေးလာခဲ့သည်။ သို့သော် သူ့ရင်ထဲတွင်တော့ အတိတ်တုန်းက နာကျင်မှုများက ဆက်လက်ရှိနေသေး၏။ ထိုအရာများက သူ့အတွက် အိပ်မက်ဆိုးများပမာ ဖြစ်နေသည်။
သူတို့၏အဖွဲ့သားတစ်ယောက်က စကားပြောတော့မည့်အချိန်တွင် စူးရှသော အော်သံတစ်ခုကို ကြားလိုက်ရ၏။ အရိပ်ပေါင်းများစွာက နေရာတိုင်းမှ ထွက်ပေါ်လာပြီး သူတို့ ပို့ဆောင်ရေးအဖွဲ့ကို ဝိုင်းထားလိုက်ကြသည်။
"အဘိုးကြီးကျန်းက လေလို မြန်မြန်ထွက်ပြေးသွားတာပဲ။ သူက ငါတို့ကို သူတို့ဆီ လမ်းလွှဲချင်နေတာ။ ဒါပေမဲ့ ပို့ဆောင်ရမယ့်ပစ္စည်းက မင်းတို့ရဲ့လက်ထဲမှာ ရှိသေးတယ် မဟုတ်လား…"
ဓားပြခေါင်းဆောင်က ပြောလိုက်သည်။ သူ၏ဆံပင်များက အစိမ်းရောင်ပေါက်နေပြီး ညအချိန် အမှောင်ထုထဲတွင် နတ်ဆိုး တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။
ပို့ဆောင်ရေး အဖွဲ့ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူက နောက်ကို ထိတ်လန့်တကြား ဆုတ်ခွာသွားမိသည်။ သူက မေးလိုက်၏။
"မင်းက လော်အဖွဲ့အစည်းက မကောင်းဆိုးဝါး ကျင့်ကြံသူလား။ ငါတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင် ခက်ခဲနေတဲ့အချိန်မှာ ဘယ်လိုပစ္စည်းမျိုးကို ထိန်းသိမ်းထားနိုင်မှာလဲ"
ထိုနတ်ဆိုးကတော့ အေးစက်စွာ ရယ်လိုက်၏။
"မကြောက်ပါနဲ့။ ဖျက်ဆီးရေးဂိုဏ်းက သတ်ဖြတ်ရေး (၆) သွယ် မကောင်းဆိုးဝါး လူသားက အဘိုးကြီးကျန်းရဲ့နောက်ကို လိုက်သွားပြီ။ ငါတို့လော်အဖွဲ့အစည်းကတော့ ဘယ်သူ့ကိုမှ မသနားဘူးလို့ နာမည်ကြီးတယ်…"
"ဖျက်ဆီးရေးဂိုဏ်းနဲ့ လော်အဖွဲ့အစည်းက ပူးပေါင်းနေကြတာလား"
ခေါင်းဆောင်နှင့် ကူချန်းချင်တို့ (၂) ယောက်လုံးက သူတို့နားကို သူတို့ ယုံကြည်ရန် ခက်ခဲနေကြလေသည်။
Translated by Hein Htet