← Chapters

အခန်း (၄၇၃)

Vol. 32 Ch. 473

အခန်း (၄၇၃)

Vol. 32 Ch. 473

ပို့ဆောင်ရေးအဖွဲ့သားတစ်ယောက်မျှ သတ်ဖြတ်ရေး(၆)သွယ် မကောင်းဆိုးဝါးလူသား၏ နာမည်ကို မကြားဖူးကြပေ။ သူတို့က ဖျက်ဆီးရေးဂိုဏ်းဟူသော နာမည်ကိုသာ သိနေကြသည်။ ထိုအရာကလည်း မကောင်းဆိုးဝါး ဝိညာဉ်ကျင့်ကြံသူ၏ စကားကြောင့်သာဖြစ်၏။

သူတို့၏ လက်အောက်ငယ်သားများကတော့ ထိုစကားကို ယုံကြည်ပါလိမ့်မည်။ သူတို့ကတော့ သားကောင်၏ရှေ့တွင် လိမ်ပြောရန်မလိုအပ်ပေ။ ကောင်းကင်ဖျက် မကောင်းဆိုးဝါး(၈)ယောက်နှင့် မကောင်းဆိုးဝါး လူသား(၁၉)ယောက်တို့က ဖျက်ဆီးရေးဂိုဏ်းတွင် ဒဏ္ဍာရီများဖြစ်ကြပြီး သူတို့က သိုင်းလောကတွင် နာမည်ဆိုးနှင့် ကျော်ကြားကြသည်။ သူတို့ကတော့ မကောင်းဆိုးဝါးလမ်းစဉ် (၉)သွယ်တစ်ခုလုံး၏ အစွမ်းပင် မဟုတ်သေးပေ။ ထို့ကြောင့် ဖျက်ဆီးရေးဂိုဏ်း၏ အစွမ်းက သေချာပေါက် လျော့တွက်၍ မရနိုင်ပေ။

မကောင်းဆိုးဝါးစွမ်းရည် ရှိနေသည့် မကောင်းဆိုးဝါးများစွာ၊ အမှောင်ထဲတွင် ပုန်းအောင်းနေသော ကောင်းကင်ဖျက် မကောင်းဆိုးဝါး(၈)ယောက်နှင့် မကောင်းဆိုးဝါး လူသား(၁၉)ယောက်တို့လည်း ရှိနေသေးသည်။ သတ်ဖြတ်ရေး(၆)သွယ် မကောင်းဆိုးဝါးလူသားကိုတော့ သာမာန်အဆင့်မှ ဖယ်ထုတ်ထားရမည် ဖြစ်၏။

"မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်က လော်အဖွဲ့အစည်းနဲ့ ဖျက်ဆီးရေးဂိုဏ်းတို့က ပူးပေါင်းလိုက်တာလား…"

ကူချန်းချင်က အံ့ဩနေခဲ့၏။ သူ့ခေါင်းထဲတွင်လည်း ရန်သူကိုခုခံရန် အတွေးတစ်ခုသာ ပေါ်လာခဲ့သည်။ သူ့စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း ဓားပြခေါင်းဆောင်က သူ့ကို စိုက်ကြည့်နေခဲ့၏။

သူက တခဏအတွင်း ဝတ်ရုံထဲမှ အထုပ်တစ်ထုပ်ကို ဆွဲထုတ်လိုက်သည်။

"ရွှီး….ဖောင်းးး…"

ထိုအချိန်တွင် သူ့လက်ထဲ၌ ရှိနေသော မီးရှူးမီးပန်းက ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့၏။ တောက်ပသော အလင်းရောင်များလည်း လေထဲတွင် ပျံ့ကြဲသွားပြီး ညကောင်းကင်ကြီးပေါ်တွင် အနီရင့်ရောင်အလင်းတန်းများ တောက်ပနေခဲ့သည်။

"မင်းက အကူအညီခေါ်လိုက်တာလား…"

မကောင်းဆိုးဝါးဝိညာဉ် ကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်၏။

"ဒီသစ်တောထဲမှာ ငါတို့ပဲရှိတယ်.။ မင်းတို့က ဘယ်သူ့ကို အကူအညီခေါ်မှာလဲ..။ လမ်းသွားလမ်းလာတွေကိုလား...။ လော်အဖွဲ့အစည်းနဲ့ ဖျက်ဆီးရေးဂိုဏ်းရဲ့ အစီအစဉ်ကို ဘယ်လိုလူကရော ဖျက်ဆီးရဲမှာလဲ..."

သူက စကားပြောနေရင်း လက်ကို မြှောက်လိုက်သည်။ သူ၏လက်ချောင်းလေးများက လက်သည်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ခေါင်းဆောင်ကို လက်သည်းနှင့် ကုတ်ချလိုက်၏။ ထိုလူ၏လက်ချောင်းထဲတွင် အစိမ်းရောင်အလင်းတန်းတစ်ခု လွှမ်းခြုံနေပြီး ဓားသွားကို ဖျက်ဆီးပစ်လိုက်သည်။

အလွန်ကြောက်စရာကောင်းသော သူ၏ချီစွမ်းအင်များကလည်း တငွေ့ငွေ့တောက်လောင်နေသော အခိုးအငွေ့များကဲ့သို့ ဖြစ်နေ၏။ မကောင်းဆိုးဝါးဝိညာဉ်ကျင့်ကြံသူက မြေခွေးအူသံနှင့် လက်တုံ့ပြန်ဝိညာဉ်များကဲ့သို့ ကြောက်မက်ဖွယ်ရာ အော်ဟစ်လိုက်သည်။

သူ၏အော်သံက ပတ်ပတ်လည်တွင် ပျံ့နှံ့သွားပြီး ငရဲကြီး(၉)ထပ်မှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု ထွက်ပေါ်လာသလို ခံစားလိုက်ရ၏။ မကောင်းဆိုးဝါးတစ်ကောင်၏ ကြောက်စရာကောင်းသော အာရုံခံစွမ်းရည်များက တခဏအတွင်း လူတိုင်း၏သွေးကို အေးခဲသွားစေနိုင်ပြီး သူတို့က အစွမ်းမဲ့သွားသလို ခံစားလိုက်ရသည်။

လက်ရှိပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်က ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်၏။ သို့သော် ထိုအရာကတော့ အပေါ်မှ အောက်ဖက်သို့ တစက်စက် ကျဆင်းနေသော ရွှေရောင်အလွှာတစ်ခုကဲ့သို့ ဖြစ်နေသည်။ ထိုဓား၏ အတွင်းထဲတွင် ပူလောင်နေသော မီးတောက်များ ထွက်ပေါ်လာသည်မှာ နေလုံးငယ်လေးတစ်ခုကဲ့သို့ ဖြစ်နေ၏။

"ဗုန်း…"

လက်နက်နှင့် လက်သည်း ရင်ဆိုင်မိလိုက်သည့်အချိန်တွင် ချီစွမ်းအင်များ ထွက်ပေါ်လာပြီး ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်က နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားလိုက်ရသည်။

သူ၏မျက်နှာကလည်း ဖြူဖပ်ဖြူရော်ဖြစ်သွားသော်လည်း သူ၏ခန္ဓာကိုယ်ကတော့ လှုပ်ရှားနိုင်သေး၏။ သူက ချက်ချင်းပင် နေရာပြောင်းလဲလိုက်ပြီး နှေးကွေးသွားသည့် လက္ခဏာမျိုးမရှိသေးပေ။

"ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်က တကယ် အစွမ်းထက်တာပဲ…"

ကူချန်းချင်နှင့် တခြားသော ခေါင်းဆောင်ငယ်များက အားတက်လာကြ၏။

အလွန်အိုမင်းနေသော ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်က ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ဖြစ်သော မကောင်းဆိုးဝါးဝိညာဉ်ကျင့်ကြံသူကို ရင်ဆိုင်နိုင်လိမ့်မည်ဟု သူတို့လည်း လုံးဝမတွေးမိခဲ့ကြပေ။ သူကတော့ ထိုအရာကို ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ခဲ့၏။

"ဒါဆိုရင် ငါတို့ကာကွယ်ရမယ့်ပစ္စည်းက သူ့ဆီမှာ တကယ်ပဲ ရှိနေတာလား…"

သူတို့က ထိုအတွေးကို တွေးနေရုံသာ ရှိသေးသော်လည်း လော်အဖွဲ့အစည်းမှ နောက်လိုက်များက သူတို့ဆီကို ပြေးဝင်လာကြ၏။

တခဏအတွင်း တောင်ထိပ်ပေါ်တွင် အော်သံများ၊ တိုက်ခိုက်သံများဖြင့် ဆူညံသွားခဲ့သည်။ အားနည်းသော အစောင့်များကတော့ မြေပေါ်သို့ လဲကျသွားကြ၏။ သူတို့၏ ပါးစပ်ထဲမှနေ၍ အနက်ရောင်သွေးများ စီးကျလာနေခဲ့သည်။

ကူချန်းချင်က ဓားရှည်ကို ဝှေ့ယမ်းပြီး သူ့ရှေ့တွင် ရှိနေသော လော်အဖွဲ့အစည်းမှ နောက်လိုက်ကို သတ်ဖြတ်ရန်အတွက် အသေခံတိုက်ကွက်ကို အသုံးပြုလိုက်သည်။ သူကတော့ တခြားသူများကို ကယ်တင်ချင်ခဲ့၏။

သူက ဘယ်ဖက်မှ ညာဖက်သို့ လှုပ်ရှားနေသော်လည်း သူတို့၏အဝေးကို မရောက်နိုင်ခဲ့ပေ။ တဖြည်းဖြည်းနှင့် ရန်သူအရေအတွက်က များပြားလာသည့်အတွက် သူလည်း မောပန်းလာခဲ့ပြီး နောက်ပြန်လဲကျသွားခဲ့သည်။

သူက ခက်ခက်ခဲခဲ ဆက်၍ ရုန်းကန်နေသေးသော်လည်း မကောင်းဆိုးဝါးဝိညာဉ် ကျင့်ကြံသူက ပို့ဆောင်ရေးတပ်ဖွဲ့ခေါင်းဆောင်ကို မုန်တိုင်းသဖွယ် လိုက်၍တိုက်ခိုက်နေကြောင်း မြင်နေရသည်။

သူ၏မျက်လုံးက အစိမ်းရောင် တောက်ပလာပြီး ခန္ဓာကိုယ်က လေထဲသို့ အနည်းငယ် မြောက်လာခဲ့၏။ ညာလက်ကိုလည်း လက်သည်းသဏ္ဍာန် ဖန်တီးလိုက်သည်။ သူက လက်ချောင်းလေးများကို ထူးဆန်းစွာ လှုပ်ရှားလိုက်၏။ သူ၏ညာလက်က ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်၏ ရွှေရောင်ဓားကို ဝါးမြိုတော့မည့် သွေးလက်သည်းတစ်ခုပမာ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး သူ၏တိုက်ခိုက်မှုနှင့်အတူ ဓားသွားချီစွမ်းအင်များ ပျောက်ကွယ်သွားခဲ့၏။ ထိုအရာများက ဝါးမြိုခံလိုက်ရသလို ထင်မှတ်ရ၏။ ဓားသွားကလည်း (၂)ပိုင်းပြတ်သွားခဲ့၏။ ဘေးနားတွင် ရှိနေသော ပို့ဆောင်ရေးအဖွဲ့သားများကလည်း ဘာမျှမတတ်နိုင်ကြဘဲ မကောင်းဆိုးဝါးလက်သည်းကို ရှေ့ထွက်၍ ရင်ဆိုင်လိုက်ကြရသည်။

သူကတော့ သူ့ကို ထိခိုက်စေနိုင်သော တိုက်ခိုက်မှုကို ရှောင်တိမ်းရန်အတွက် နောက်ပြန်ကျွမ်းထိုးလိုက်ရသည်။ သို့သော် သွေးရောင်အလင်းတန်း(၅)ခုကတော့ သူ၏နောက်ကျောသို့ ရောက်လာသေးသည်။ သူတို့က ချက်ချင်းအပြာရောင် ပြောင်းလဲသွားပြီး သွေးနှင့်ပြည်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည့်အချိန်တွင် ကူချန်းချင်က သူ၏လုံခြုံမှုကို စိုးရိမ်မနေတော့ဘဲ သူ့အနားတွင် ရှိနေသူကို ကယ်တင်ရန် ကြိုးစားလိုက်သည်။

"ငါက ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်အပေါ် ‌အကြွေးတင်နေတယ်..။ သူက ပို့ဆောင်ရေးအဖွဲ့ လွတ်မြောက်ဖို့အတွက် သူတို့ရဲ့ပစ္စည်း လုံခြုံဖို့အတွက် သူ့ရဲ့အသက်ကိုတောင် စွန့်လွှတ်ခဲ့တာ..."

စိတ်ထဲတွင် စဉ်းစားနေရင်း ကူချန်းချင်က သေမှာကို မကြောက်တော့ပေ။

ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး သန့်စင်လက်နက်များက သူ၏အသားထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့၏။ ကူချန်းချင်၏ပေါင်တွင် ဒဏ်ရာပေါင်းများစွာ ရှိ‌နေသည်။ ခန္ဓာကိုယ်ထဲမှ သွေးပေါင်းများစွာ ကျဆင်းလာသော်လည်း သူက ထိုအရာကို လျစ်လျူရှု့လိုက်ပြီး ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်ဆီသို့ အားတင်း၍ လျှောက်သွားခဲ့၏။

"မင်းတို့ အတူတူသေလိုက်ကြတော့…"

မကောင်းဆိုးဝါးဝိညာဉ် ကျင့်ကြံသူက ကျေနပ်သွားပုံရသည်။ သူက ဘယ်လက်ကို မြှောက်လိုက်ရာ အေးစက်သော လေလှိုင်းတစ်ခု ပျံ့နှံ့လာခဲ့၏။ သူတို့၏ အနီးအနားတွင်လည်း ငရဲပြည်ကြီးတစ်ခု ကျရောက်လာသလို ဖြစ်နေသည်။

ကူချန်းချင်၏ သွေးလှည့်ပတ်မှုများက အေးခဲသွားခဲ့ပြီး သူက ဓားကိုပင် လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။ သူ လုပ်နိုင်သည်မှာ ကြောက်စရာကောင်းသော လက်သည်းတိုက်ခိုက်မှုကို ကြည့်နေရန်သာ ဖြစ်သည်။

သူ့ခေါင်းထဲတွင်လည်း အတွေးပေါင်းများစွာ ပေါ်လာခဲ့၏။ သူကတော့ အကြီးအကဲများ၊ ဆွေမျိုးများနှင့်အတူ ပျော်ရွှင်သော ငယ်ဘဝကို ပြန်လည်‌တွေးမိခဲ့သည်။ သူက သေမင်းပင်လယ်ကြီး၏ တည်ငြိမ်အေးချမ်းမှုကို စဉ်းစားမိခဲ့ပြီး နာနာကျင်ကျင် အော်ဟစ်သံများကို ပြန်လည်အမှတ်ရနေခဲ့သည်။

သူက လက်တုံ့ပြန်နိုင်ခဲ့သော်လည်း မည်သည့်အရာကိုမျှ ခံစားမိခဲ့ခြင်း မရှိချေ။ သူ့ဘဝတွင် လိုအပ်နေသောအရာများအားလုံး ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။ နောက်ဆုံးတွင်တော့သူက သက်ပြင်းချလိုက်မိသည်။

"ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်နဲ့ ယှဉ်လိုက်မယ်ဆိုရင် ငါက တော်တော်လေးကို အသုံးမကျသေးတာပဲ..."

ထိုအချိန်တွင် အဝေးမှအော်သံတစ်ခုကို ကြားလိုက်ရ၏။

"သူတို့ကို သတ်လိုက်ကြ…"

အသံကြောင့် မကောင်းဆိုးဝါးဝိညာဉ် ကျင့်ကြံသူက ဒေါသထွက်သွားခဲ့သည်။

"ဘယ်သူက လော်အဖွဲ့အစည်းရဲ့ ပြသာနာကို လာရှုပ်ရဲတာလဲ…"

သူတို့၏နားထဲတွင် မိုးခြိမ်းသံက ပျံ့နှံ့လာပြီး ပင်မဝိညာဉ်က လှုပ်ရှားသွားခဲ့သည်။ ထို့ကြောင့် သူတို့က ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားရန် ခက်ခဲနေ၏။ ခရမ်းရောင်လျှပ်စီးကြောင်းများကလည်း နေရာအနှံ့ ရှိနေပြီး မကောင်းဆိုးဝါး အငွေ့အသက်များက ပျောက်ကွယ်သွားသည်။

သူက ခက်ခက်ခဲခဲ ပြန်လှည့်ကြည့်လိုက်ရာ တောင်ကုန်းပေါ်တွင် လူတစ်ယောက်၏ ပုံသဏ္ဍာန်ကို မြင်လိုက်ရသည်။ သူ့ဆီမှ ဓားမောက်အငွေ့အသက်များ ထွက်ပေါ်လာနေခဲ့၏။ ဓားပြအဖွဲ့၏ နောက်လိုက်များ တစ်ယောက်မျှ သူ၏တိုက်ခိုက်မှုကို မခုခံနိုင်ကြချေ။ သူကတော့ ထိုလူများကို ဖြတ်ကျော်လာသလိုသာ ထင်မှတ်ရသည်။

ကူချန်းချင်က အလွန်ထိတ်လန့်သွားခဲ့ပြီး သစ်သားရုပ်တုတစ်ခုပမာ ဖြစ်သွားခဲ့သည်။ သူ၏မျက်လုံးထဲတွင်တော့ ထိုသူရဲကောင်း၏ အနက်ရောင်အရိပ်ကိုသာ မြင်နေရ၏။

ထွက်ပေါ်လာသော မိုးခြိမ်းသံများကြားထဲတွင် မကောင်းဆိုးဝါးဝိညာဉ် ကျင့်ကြံသူက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး အနည်းငယ် အံ့ဩသွားခဲ့သည်။

"သတ်ဖြတ်ရေးဓား…"

သူ၏ဂုဏ်သတင်းက သူ့ထက် ကျော်လွန်နေခဲ့သည်။ မကောင်းဆိုးဝါးဝိညာဉ် ကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်မိပြီး ခဏကြာ တွေဝေနေပြီးနောက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ပြန်ဆုတ်ကြ…"

ထိုစကားများကို ပြောပြီးသည်နှင့် တပြိုင်နက် သူက တောင်ကုန်း၏ ဘယ်ဘက်ခြမ်းထဲတွင် ရှိနေသော သစ်တောထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

မုန့်ချီက သူတို့၏နောက်ကို လိုက်သွားခဲ့သော်လည်း မမီခဲ့ပေ။ သူက ချက်ချင်း ရပ်တန့်လိုက်ပြီး ကူချန်းချင်၏ရှေ့တွင် ရပ်လိုက်၏။

ကူချန်းချင်က အံ့ဩမှင်တက်စွာ ရပ်နေပြီး မိုးကြိုးဟိန်းသံ၏ အကျိုးသက်ရောက်မှုကြောင့် တုန်လှုပ်နေပုံရ၏။ သူ၏ဓားဆီမှ သွေးများစီးကျလာပြီး သူ့ပုံစံက ဝေဝါးနေသော်လည်း မျက်လုံးထဲတွင်တော့ အခြေအနေက ထင်ဟပ်နေသည်။

သူ့ရှေ့တွင် အနက်ရောင် ဝတ်ထားသောသူက အပြုံးနှင့် ပြောလိုက်သည်။

"ဘယ်လောက်ပဲ ဝေးနေပါစေ ငါက မင်းကို အကူအညီပေးဖို့ ကြိုးစားနေမှာပါ…"

ထိုစကားများကို ကြားလိုက်သည့်အချိန်တွင် ထွက်ပြေးရန် မအောင်မြင်ခဲ့သည့် လော်အဖွဲ့အစည်းမှ နောက်လိုက်တစ်ယောက်က မြေပေါ်သို့ လဲကျသွားခဲ့၏။ မုန့်ချီက ကူချန်းချင်ကို သွားထူပေးသည့်အချိန်တွင် သူ့ကို ဖြတ်ကျော်သွားခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူက မြေပြင်ပေါ်တွင် မြက်ပင်များကဲ့သို့ လဲနေခဲ့၏။

"ငါတို့က မင်းရဲ့အကူအညီအတွက် အရမ်းကျေးဇူးတင်ပါတယ်…"

ကူချန်းချင်က ပင့်သက်ရှိုက်လိုက်မိပြီး ရင်ဘတ်ပေါ်ကို လက်တစ်ဖက်တင်၍ ဦးညွတ်လိုက်သည်။

မုန့်ချီက ပြုံးလိုက်၏။

"ငါ‌တို့တွေ မတွေ့ရတဲ့ နှစ်တွေအတောအတွင်း မင်းက ငါ့အတွက်တော့ ဘာမှမထူးခြားပါဘူး..။ ငါက မင်းကို မြင်လိုက်တာနဲ့ ချက်ချင်း မှတ်မိတယ်…"

ကူချန်းချင်က ပြုံးရုံလေး ပြုံးမိလိုက်၏။

"ငါကတော့ မင်းလိုမဟုတ်ဘူး..။ ငါက ခရီးထွက်လာခဲ့တဲ့အချိန်မှာ အရွယ်ရောက်သူ တစ်ယောက်ဖြစ်နေပြီ...။ သတ်ဖြတ်ရေးဓားရဲ့ ဂုဏ်သတင်းမရှိရင်တောင် မင်းက အရွယ်ရောက်လာတဲ့အချိန်မှာ ငါက မင်းကို မှတ်မိဖို့မလွယ်ဘူး..."

သူတို့က ခဏကြာ တိတ်ဆိတ်နေကြပြီး လွန်ခဲ့သော(၃)နှစ်မှအဖြစ်အပျက်များကို ပြန်ပြောသင့် မပြောသင့် စဉ်းစားနေကြ၏။

"အရင်ဆုံး ဒီနေရာကနေ ထွက်သွားကြမယ်..။ တကယ်လို့ သူတို့က လော်အဖွဲ့အစည်းက ပညာရှင်တွေကို ပြန်‌ခေါ်လာမယ်ဆိုရင် ရှောင်တိမ်းဖို့ မလွယ်လောက်ဘူး..."

မုန့်ချီက ပတ်ပတ်လည်ကို စိုက်ကြည့်လိုက်ပြီး အဖြူဝတ်ပညာရှင်များ ရောက်လာမည်ကို စိုးရိမ်နေခဲ့သည်။

"ဟုတ်တယ်…"

ကူချန်းချင်ကတော့ သူ့စကားကို ငြင်းဆန်ခဲ့ခြင်းမရှိချေ။ သူက ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏ရင်ဘတ်ထဲတွင် ပစ္စည်းတစ်ခုကို ရှာဖွေလိုက်သည်။

ထိုအချိန်ကျမှသာ ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်က အဆိပ်မိ၍ သေသွားခြင်းဖြစ်ကြောင်း တွေ့လိုက်ရ၏။ မကောင်းဆိုးဝါးဝိညာဉ်ကျင့်ကြံသူကြောင့် ရခဲ့သော ဒဏ်ရာက အလွယ်တကူ ကျော်လွှားနိုင်ခြင်း မရှိချေ။ ထို့နောက် သူက ပစ္စည်းတစ်ခုကို ရင်ဘတ်ထဲသို့ အလျင်အမြန် ထည့်လိုက်ပြီး မုန့်ချီနှင့်အတူ ထွက်သွားခဲ့သည်။

သူတို့က နောက်ယောင်ခံလိုက်လာသူများကို ရှောင်တိမ်းရန်အတွက် လမ်းကြောင်း ဆက်တိုက်ပြောင်းနေခဲ့သည်။ မုန့်ချီက ပြေးလွှားနေခြင်းကို ရပ်တန့်လိုက်ပြီး ရှုပ်ထွေးစွာ ပြန်မေးလိုက်၏။

"မင်းတို့ပို့ဆောင်ရေးအဖွဲ့က ဘယ်လိုဖြစ်ပြီး လော်အဖွဲ့အစည်းနဲ့ ပြသာနာတက်ရတာလဲ..."

အလယ်ပိုင်းနယ်မြေရှိ ပို့ဆောင်ရေးအဖွဲ့များက သူတို့ မကိုင်တွယ်နိုင်သော ပစ္စည်းများကို လက်မခံကြပေ။ အနည်းဆုံးတော့ သူတို့က မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်နှင့် ပြဿနာမဖြစ်စေရန် အကောင်းဆုံး ရှောင်တိမ်းကြ၏။

"ငါလည်းမသိဘူး..။ ငါတို့က တောင်ပိုင်းနယ်မြေကို ပစ္စည်းတစ်ခုကို ပို့ဆောင်ပြီးတဲ့အချိန်မှာ မူလအစီအစဉ်ကတော့ နယ်မြေခံပစ္စည်းတွေကိုသယ်ပြီး မြို့တော်မှာ ပြန်ရောင်းဖို့ စဉ်းစားနေခဲ့တာ..။ အဲဒါက လက်ဗလာနဲ့ ပြန်လာတာထက်စာရင် ပိုကောင်းတယ်လေ...။ အဲဒီအချိန်မှာ အနက်ရောင်ဝတ်ထားတဲ့ လူတစ်ယောက်က ငါတို့ဆီကို ရောက်လာပြီး သေတ္တာငယ်လေးတစ်လုံးကို လော့ရန်ဆီ သယ်ဆောင်ပေးဖို့ တောင်းဆိုခဲ့တယ်..။ အချိန်ကျလာရင် လူတစ်ယောက်က ငါတို့ကို လာရှာပြီး အဲ့ဒီပစ္စည်းကိုယူလိမ့်မယ်လို့ ပြောတယ်..."

သေဆုံးသွားသော အဖွဲ့သားများစွာကြောင့် ကူချန်းချင်က မည်သည့်အရာကိုမျှ ထိန်ချန်ထားရန် စဉ်းစားမနေတော့ပေ။ သူက ဖြစ်ပျက်ခဲ့သည့်အရာများကို သေချာစဉ်းစားပြီး ပြောပြနေခဲ့၏။

"လော့ရန်ကိုလာတဲ့ လမ်းတစ်ဝက်မှာ အဖွဲ့ခေါင်းဆောင်က အဲ့ဒါကို သူကိုယ်တိုင် ယူထားလိုက်တယ်...ဒါပေမယ့် အဲဒါက လမ်းတစ်ဝက်မှာဖြစ်တာ..။ ငါတို့က ရှေ့မှာရှိတဲ့ မြို့ငယ်လေးကို ရောက်တဲ့အချိန်မှာတော့ လုပ်စရာရှိတယ်လို့ပြောပြီး အဖွဲ့ခေါင်းဆောင်က ငါတို့နဲ့ လူချင်း ခဏခွဲသွားခဲ့တယ်..."

ထိုကဲ့သို့ အရာမျိုးနှင့် ပတ်သက်လာသည့်အချိန်တွင် သူကတော့ ကြိုမမြင်နိုင်ခဲ့ပေ။ ကူချန်းချင်က မည်သည့်အရာ မှားနေကြောင်းလည်း မသိခဲ့ပေ။ ယခုတော့ သူက သေသေချာချာ စဉ်းစားကြည့်လိုက်လေလေ ထိုအရာက ပြသာနာများသော အရာတစ်ခုဖြစ်ကြောင်း သိလာလေလေဖြစ်သည်။

သူက အိတ်ထဲမှနေ၍ အနက်ရောင်‌သေတ္တာလေးကို ထုတ်ပြီး ဂရုတစိုက် ဖွင့်ကြည့်လိုက်၏။

"တံဆိပ်က ပျက်စီးနေပြီ..။ တစ်ယောက်ယောက်က အဲဒါကိုဖွင့်ထားတာပဲ..."

မုန့်ချီ၏အမြင်အာရုံက အလွန်ထက်မြက်သည်။

ကူချန်းချင်က စကားတစ်ခွန်းမျှမပြောဘဲ ခေါင်းညိတ်ပြလိုက်၏။ သူက သေတ္တာကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အထဲတွင် မည်သည့်အရာများ ရှိကြောင်း ပြသလိုက်သည်။

အတွင်းထဲတွင်တော့ ညှိုးခြောက်သွားခြင်းမရှိသော အနီရင့်ရောင် ပန်းပွင့်လေးတစ်ပွင့် ရှိသည်။ ထိုပန်းပွင့်လေး၏ အပေါ်တွင်တော့ ထူးဆန်းသော ပုံသဏ္ဍာန်ရှိနေသည့် အရာဝတ္ထုလေးတစ်ခုရှိပြီး ထိုအရာကို ရွှေနှင့်ဖန်တီးထားပုံရသည်။ အတွင်းထဲတွင်တော့ အနီရောင်နှင့် ခရမ်းရောင်ကျောက်များ စီခြယ်ထားပြီး အသေးစိတ်စစ်ဆေးကြည့်ရန် ခက်ခဲသည်။ ထိုပစ္စည်း၏ ပုံသဏ္ဍာန်နှင့် ကျောက်မျက်ရတနာများက ပြည့်စုံမှုမရှိချေ။ ထိုအရာက ပစ္စည်းတစ်ခု၏တစ်ဝက် သို့မဟုတ် တစ်စိတ်တစ်ပိုင်းသာ ဖြစ်နိုင်သည်။

"ကြည့်ရတာတော့ ဒါက (၂)ပိုင်းခွဲထားတဲ့ တံဆိပ်တစ်ခုဖြစ်နိုင်တယ်..."

မုန့်ချီက အသံတိုးတိုးနှင့် ပြောလိုက်၏။

ကူချန်းချင်က နှုတ်ခမ်းကိုတင်းတင်း‌စေ့လိုက်သည်။

"အဖွဲ့ခေါင်းဆောင်က အဲဒါကို ယူသွားတာပဲ ဖြစ်မယ်..။ ဒါကြောင့် ငါတို့က အဖွဲ့ခွဲပြီး မြို့တော်ကို ဝင်သွားရတာ..။ ဒီတံဆိပ်ပြားလေးက ဘာတွေထူးခြားနေလဲဆိုတာ ငါလည်းမသိဘူး..။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က မြို့တော်ကို ပြန်ယူသွားရမယ်..။ လော်အဖွဲ့အစည်းက လော့ရန်မှာတော့ စိတ်တိုင်းကျ လှုပ်ရှားလို့မရနိုင်ဘူး...”

မုန့်ချီက ထိုအရာကိုစစ်ဆေးကြည့်နေသော်လည်း မည်သည့်သဲလွန်စမျှ မတွေ့ရပေ။

"ကောင်းပြီလေ"

ကူချန်းချင်က သေတ္တာလေးကို သိမ်းလိုက်၏။ မုန့်ချီကလည်း ဆက်လက်စဉ်းစား၍ မရတော့ပေ။ သူတို့က ဆွေးနွေးနေစဉ် အတောအတွင်း မူလတုန်းက ထိန်းချုပ်ထားသော ခံစားချက်များကလည်း အနည်းငယ် ပြေလျော့သွားခဲ့၏။

သူတို့က အလျင်အမြန် သွားလာနေရင်း မုန့်ချီက မေးလိုက်သည်။

"မင်းက ဘာလို့ ပို့ဆောင်ရေးသမားတစ်ယောက် ဖြစ်လာတာလဲ…"

"တစ်ခြားသူတွေအပေါ် မမှီခိုဘဲ ဘယ်သူရဲ့ကျေးဇူးတရားမှ မလိုချင်ဘူးဆိုရင်တော့ အလုပ်တစ်ခုရှိဖို့ လိုတယ်လေ..။ ပြီးတော့ သိုင်းပညာ လေ့ကျင့်တဲ့သူတွေက ပုံမှန်ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင်လည်း တဖြည်းဖြည်း အားနည်းသွားနိုင်တယ်..."

ကူချန်းချင်က ပြောလိုက်၏။

"ကြည့်ရတာတော့ ကျိစံအိမ်က မင်းကို နွေးနွေးထွေးထွေး မကြိုဆိုဘူး ထင်တယ်..."

မုန့်ချီကတော့ သူ့အခြေအနေကို ခံစားမိခြင်း မရှိသည့်အတွက် သေချာမပြောခဲ့ပေ။

ကူချန်းချင်က ပြုံးရုံပြုံးပြလိုက်၏။

"ငါ့ရဲ့မိသားစုကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ သူတို့ရဲ့အရိပ်အောက်မှာ ခိုလှုံခွင့်ရတဲ့အတွက် အရမ်းကျေးဇူးတင်မိပါတယ်..။ နောက်ပိုင်းမှာတော့ ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်ရဲ့ အရေးပေးမှုကြောင့် ငါ့ရဲ့စွမ်းအားတွေက သိသိသာသာ တိုးတက်လာခဲ့တယ်...။ အဖွဲ့သားတွေကလည်း ငါ့အပေါ် အရမ်းကောင်းပါတယ်..."

ကူချန်းချင်က မကျေနပ်မှုမရှိကြောင်း မြင်လိုက်ရသည့်အခါ မုန့်ချီက စိတ်အေးသွားခဲ့သည်။ သူ‌ကတော့ မကောင်းဆိုးဝါးများကို သုတ်သင်ရန် စည်းမျဉ်းကို ဆက်လက်ကိုင်ဆောင်ထားခြင်း ရှိ၊မရှိ မသေချာသေးပေ။

ရှေ့တွင် ရှိနေသော ဧရာမမြစ်ကြီးကို ကျော်လွန်လာပြီးနောက် မုန့်ချီက မေးလိုက်၏။

"ကူချန်းချင်...

မင်းက သူတို့ရဲ့သေဆုံးမှုအတွက် လက်တုံ့ပြန်ပြီးသွားရင် ဘာလုပ်မှာလဲ...။ ဘဝတစ်လျှောက်လုံး ပို့ဆောင်ရေးသမားပဲ လုပ်မှာလား..."

ကူချန်းချင်က အလွန်ထိတ်လန့်သွားပုံရသည်။

"ဘယ်လို...လက်တုံ့ပြန်မှုမျိုး ဖြစ်နိုင်မှာလဲ..."

မုန့်ချီက အလေးအနက်ပြန်ဖြေလိုက်၏။

"မင်းရဲ့ရင်ထဲမှာ မဖြေရှင်းရသေးတဲ့ နာကျင်မှုတွေ ရှိနေမယ်ဆိုတာ ငါသိတယ်...။ မင်းက ကျိလော်ကျူးကို သတ်ချင်နေတာ မဟုတ်လား..."

"ငါက ငါ့မိသားစုဆီကို ပြန်ဖို့ပဲ စဉ်းစားနေတာပါ..။ ငါက မိသားစုခေါင်းဆောင်ကို တောင်းပန်ပြီး ဒီကိစ္စတွေကို ပြန်စဉ်းစားပေးနိုင်မလား မေးချင်နေတာ..."

ကူချန်းချင်၏မျက်လုံးများက နက်မှောင်နေခဲ့သည်။

မုန့်ချီက စိတ်လိုလက်ရပြောလိုက်၏။

"ငါက မင်းကို လက်တုံ့ပြန်ဖို့ တားဆီးချင်တာ မဟုတ်ပါဘူး..။ ငါက ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီဆိုရင်တော့ ကျိလော်ကျူးကို သတ်ဖို့ စဉ်းစားပေးနိုင်တယ်..။ မင်းက အဲဒီအရာကို လုပ်ချင်နေမယ်လို့ ငါက တွေးမိလို့ပါ."

"ငါက ဘာလုပ်နိုင်မှာလဲ..."

ကူချန်းချင်က အနည်းငယ် စိတ်ပျက်နေပုံရ၏။

လွန်ခဲ့သော (၃)နှစ်အတွင်း သူကလက်တုံ့ပြန်ရန်အတွက် ကြိုးစားနေခဲ့သည်။ သို့သော် သူက ဘာများလုပ်နိုင်မည်နည်း။

မုန့်ချီက သက်ပြင်းချလိုက်မိ၏။

"အရင်တုန်းက ငါ့ဆရာရဲ့မိသားစုကို ငိုကြွေးခြင်းအကြီးအကဲက ဖျက်ဆီးပစ်ခဲ့တယ်..။ ဒီနေ့ထိအောင် သူ့ဆီမှာ လက်တုံ့ပြန်ဖို့ မျှော်လင့်ချက်ရှိနေသေးတယ်ဆိုတာ ငါယုံတယ်...။ ဒါပေမယ့် အဲဒီလက်တုံ့ပြန်မှု အောင်မြင်သွားပြီဆိုရင်တော့ သူက လမ်းပျောက်သွားသလို ဖြစ်သွားမှာပဲ...။ လက်တုံ့ပြန်ခြင်းက သေချာပေါက် လက်တုံ့ပြန်ခြင်းနဲ့ပဲ အဆုံးသတ်နိုင်တယ်..."

ကူချန်းချင်က ရယ်လိုက်၏။

"ငါက ကိုယ်တော်ရွှမ်ပိုင်နဲ့ ဘယ်လိုများ ယှဉ်နိုင်မှာလဲ..."

သူ့အသံက တဖြည်းဖြည်း တိုးသွားခဲ့သည်။

"ငါက သိုင်းပညာမှာ တော်မယ်ဆိုရင်တောင် လက်တုံ့ပြန်ဖို့အတွက် အများကြီး လိုအပ်သေးတယ်..။ ဒါပေမယ့် အဲဒီအရာတွေအားလုံးက ငါ့အတွက်တော့ နေ့ခင်းကြောင်တောင် အိမ်မက်မက်နေသလိုပါပဲ..."

မုန့်ချီက မြစ်ဘေးတွင် ရပ်လိုက်ပြီး တစ်ယောက်တည်းပြောလိုက်၏။

"တကယ်လို့ မင်းရဲ့သိုင်းပညာ‌တွေက ထူးခြား‌နေမယ်ဆိုရင်တောင် မင်းက ဘဝတစ်လျှောက်လုံး အချိန်ပေးနိုင်ပါ့မလား..။ သူတို့ရဲ့ကျင့်ကြံမှုတွေက မင်းရဲ့တစ်ဘဝစာ တာဝန်တွေကို တိုးတက်‌လာစေနိုင်မှာလား..."

ကူချန်းချင်က အလွန်ထိတ်လန့်ပြီး ဇဝေဇဝါဖြစ်သွားခဲ့သည်။မုန့်ချီက အပြုံးနှင့်ပြောလိုက်၏။

"အခုတော့ ဒီအကြောင်းတွေကို‌ မပြောသေးဘူး..။ ငါတို့က လော့ရန်ကို ရောက်တဲ့အချိန်မှပဲ နောက်ပိုင်းကိစ္စတွေကို ဆက်ပြီး ဆွေးနွေးကြမယ်..."

ထိုအချိန်တွင် ကူချန်းချင်ကတော့ လူသစ်တစ်ယောက် အမှန်တကယ် ဖြစ်သွားချင်ခဲ့သည်။

………….

ဧရာမမြစ်ကြီးနှင့် ဆက်သွယ်ထားသော တူးမြောင်းက လူတိုင်းနေ့စဉ် လိုအပ်နေသော ကုန်ပစ္စည်းများကို သယ်ဆောင်ရသည့် နေရာတစ်ခုဖြစ်သည်။ ထိုအရာက လော့ရန်၏ အသက်သွေးကြောတစ်ခုလည်း ဖြစ်၏။ မြစ်ကမ်းပါးပေါ်တွင် ရှုပ်ထွေးနေပြီး ရေများက ကမ်းစပ်နံရံကို လာရောက်ရိုက်ခတ်နေခဲ့သည်။ လှေပေါင်းများစွာကလည်း လှုပ်ရှားသွားလာနေကြ၏။

လှေကြီး(၁)စီးပေါ်တွင်တော့ အဆုံးမဲ့ဓားရန်ချုံက အရက်တစ်ခွက်ကို ကိုင်မြှောက်လိုက်သည်။

"အစ်ကိုချန်းလို သူရဲကောင်းတစ်ယောက်က ကျွန်တော့်ဆီကို လာမှတော့ ကျွန်တော်က အရှက်ရသလို ခံစားမိနေပြီ..."

သူက လေးစားသမှုနှင့် အရက်ခွက်ကို သောက်လိုက်၏။ သူနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသောသူက အနီရင့်ရောင် လူဆိုးထိန်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ခါးတွင်တော့ ငွေရောင်တံဆိပ်ငယ်လေးတစ်ခုကို ချိတ်ထား၏။

သူက ချောမောခန့်ညားပြီး မေးစေ့က အနည်းငယ်ချွန်သည်။ သူ့ပုံစံက အလွန်တည်ငြိမ်အေးချမ်း၏။ ထိုအရာကတော့ နန်းတွင်းသိုင်းပြိုင်ပွဲ၏ အနိုင်ရသူ ဖန်ချန်းမြောင်ဖြစ်သည်။

"ဟား ဟား ဟား ဟား ...

ညီလေးရန်က လူငယ်မှတ်တမ်းမှာ အဆင့်(၂)လေ..။ ဒါက ဘယ်နေရာကိုပဲသွားသွား လူတိုင်းရဲ့အာရုံစိုက်မှုကို ရနိုင်တယ်မလား...”

ဖန်ချန်းမြောင်က ထပ်ဖြည့်ပြောလိုက်၏။

"ငါတို့နှစ်ယောက်က မင်းသားလေးနဲ့ နီးကပ်နေမှတော့ ဒီလောက်ထိ တလေးတစား ပြောနေစရာ မလိုတော့ပါဘူး..."

ရန်ချုံက ပြုံးရုံလေး ပြုံးလိုက်မိသည်။

"နံပါတ်တွေဆိုတာက ဘာမှမဟုတ်ပါဘူး..။ သေခြင်းတရားကို ကျော်ဖြတ်နိုင်ခြင်း ရှိမရှိကပဲ အရေးကြီးတာပါ..။ ပြီးတော့ အဲဒါက ဘာဖြစ်မှာလဲ...."

ဖန်ချန်းမြောင်က ခံစားချက်များ ပြည့်နှက်စွာ ပြောလိုက်၏။

ရန်ချုံက စကားပြန်ပြောတော့မည့်အချိန်တွင် ထူးဆန်းသောခံစားချက်တစ်ခုကို ရလိုက်သည်။ သူက ပြတင်းပေါက်အပြင်ဘက်ကို လှည့်ကြည့်လိုက်ရာ ကုန်တင်လှေကြီးတစ်စီးကို မြင်လိုက်ရသည်။ ထိုလှေပေါ်တွင်တော့ လူတစ်ယောက် ရပ်နေ၏။

ထိုလူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားရှည်(၁)လက်ကို ချိတ်ထားသည်။ သူက ချောမောခန့်ညားပြီး လက်(၂)ဖက်ကို နောက်ပစ်ထား၏။ သူ့ပုံစံက ပတ်ဝန်းကျင်နှင့် တသားတည်း ဖြစ်နေခဲ့သည်။ သူကလည်း ရန်ချုံကြည့်နေသည်ကို သတိထားမိသည့်အလား ပြန်လှည့်ကြည့်လိုက်ပြီး အချင်းချင်း အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်၏။

"သူလည်း ရောက်လာတာကိုး…"

ရန်ချုံက တီးတိုးရေရွတ်လိုက်၏။

ဖန်ချန်းမြောင်ကလည်း ထိုလူကို မြင်လိုက်ရသည်။

"ဘယ်သူလဲ…"

"သတ်ဖြတ်ရေးဓား…"

ရန်ချုံက မျက်မှောင်ကြုတ်လိုက်မိသည်။

ဖန်ချန်းမြောင်၏ အမူအယာက ပြောင်းလဲသွားခဲ့၏။

"သူလည်း လော့ရန်ကို ရောက်လာပြီပဲ..."

ရေလှိုင်းများက မြင့်တက်လာပြီး ကြားထဲတွင် လှေကြီးတစ်စီးက ဖြတ်သွားသည့်အတွက် သူတို့၏‌မြင်ကွင်းက ပျောက်ကွယ်သွားခဲ့လေသည်။

Translated by Hein Htet.

All Chapters