အခန်း (၄၇၄)
Vol. 32 Ch. 474
"သတ်ဖြတ်ရေးဓားက မြို့တော်ကို ရောက်လာတယ်…"
မုန့်ချီ ရောက်လာသည့်သတင်းက လော့ရန်မြို့တော်ထဲတွင် လေလှိုင်းတစ်ခုပမာ လျင်မြန်စွာ ပျံ့နှံသွားခဲ့သည်။ သိပ်မကြာခင် သူ့နာမည်ကို လမ်းကြိုလမ်းကြားပါမကျန် ကြားနေရ၏။ သူ နေထိုင်မည့်နေရာနှင့် လော့ရန်ကို သူ ရောက်လာရသည့် အစစ်အမှန်ရည်ရွယ်ချက်ကလည်း ထိုမြို့ထဲတွင် ရှိနေသော လူတိုင်း၏ စိတ်ဝင်စားမှု ဖြစ်လာခဲ့သည်။
ဝေ့ကျင်းအဆင့် ပညာရှင်များအတွက်တော့ ထိုအရာများက အလွန်ကွဲပြား၏။ လူငယ်မှတ်တမ်းတွင် ရှိနေသော ပညာရှင်များနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သူတို့ကတော့ ပို၍ပင် ယုတ္တိဆန်ပြီး တွေးခေါ်နိုင်သည်။
သာမန်ပညာရှင်များကသာ လူငယ်မှတ်တမ်းတွင် ရှိနေသော ပညာရှင်များ အကြောင်းကို ငြင်းခုံဆွေးနွေးနေကြခြင်း ဖြစ်သည်။ သူတို့ကတော့ အချိန်ရတိုင်း သူတို့အနာဂတ်အိပ်မက်များကို မျှော်လင့်နေမိကြခြင်းလည်းဖြစ်သည်။ ထို့ကြောင့်လည်း လူငယ်မှတ်တမ်း၏ထိပ်ဆုံးကို ရောက်နေသူ တစ်ယောက်က မြို့တော်ကို ရောက်လာသည့်အချိန်တွင် ယခုလို ဆူဆူညံညံဖြစ်လာရခြင်း ဖြစ်၏။
ငြိမ်းချမ်းရေးဥယျာဉ်ထဲတွင် တိတ်ဆိတ်နေသည်။ ထိုနေရာ၏ ဝင်ပေါက်တွင်လည်း တောင်ကုန်းတုလေးများနှင့် အလှဆင်ထားပြီး သစ်ပင်များ ခြုံပုတ်လေးများ ရှိနေခဲ့၏။
"လူငယ်မှတ်တမ်းမှာတော့ သူက တကယ့်ကို အကြီးမြတ်ဆုံး လူတစ်ယောက်ပါပဲ…"
ဖန်ကျန်းက အထင်သေးစွာ ပြောလိုက်သည်။
"သူက အခုချိန်ထိ ဝေ့ကျင်းတစ်ဝက်အဆင့်ကိုတောင် မရောက်သေးဘူး။ မင်းသားလေးက စွန့်စားပြီး သူ့ဆီကို သွားဖို့ မလိုအပ်ပါဘူး။ ဒီတိုင်းပြည်ရဲ့ မင်းသားတစ်ပါး ဖြစ်နေမှတော့ မင်းသားလေးက သူ့ကို ဆင့်ခေါ်လိုက်လို့ ရတယ်လေ…"
ဖန်းကျန်းကတော့ သူ၏မင်းသားကို တိုက်တွန်းပြောဆိုနေခဲ့၏။
"ပြီးတော့ ရန်ချုံပြောတဲ့စကားအရ သူက အခုချိန်ထိ ဟယ်ကျူးနဲ့ ဝမ်စစ်ယွမ်တို့လို အဆင့်မျိုးကိုတောင် မရောက်သေးဘူး…"
မင်းသားကျင်းကျိုးရီက နန်းတွင်းစံအိမ်ထဲတွင် ရှိနေသော သစ်ပင်အရိပ်အောက်တွင် လက်နောက်ပစ်၍ လမ်းလျှောက်နေသည်။
"မြေခွေးဘုရင်ကို သတ်ပစ်နိုင်ပြီး လူငယ်မှတ်တမ်းမှာ အကြီးမြတ်ဆုံးတစ်ယောက်က လျှော့တွက်လို့ မရတဲ့သူတစ်ယောက်ပဲ…"
မင်းသားက တိတ်တဆိတ် ပြန်ဖြေလိုက်သည်။
"အခု သူ့မှာ ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းရည်တွေ၊ စွမ်းအားတွေ မရှိသေးဘူး ။ ဒါပေမယ့် နောက် (၃)နှစ်နေရင်ရော၊ နောက် (၅)နှစ်နေရင်ရော နောက်ထပ်(၁၀)နှစ်နေရင်ရော…။ ငါတို့က မျက်စိတဆုံး ကြည့်သင့်တယ်။ စိတ်ရှည်မှုနဲ့ သည်းခံနိုင်မှုက အနာဂတ်အတွက် အရေးကြီးတယ်။ လူတစ်ယောက်က အနာဂတ်အကြောင်းကို အစောကြီး မဆုံးဖြတ်လိုက်လို့ မရဘူး…"
ဖန်းကျန်းက သူ့သခင်၏ စကားကို သိနေသည်။ စုမုန့်နှင့် ပတ်သက်ပြီး သူက မင်းသားလေး၏ စကားကို ဖယ်ရှား၍ မရနိုင်ချေ။ သို့သော် မင်းသားလေး၏ စကားထဲတွင် အမှန်တရားများ ပါဝင်နေခဲ့၏။ အနာဂတ်နှင့် ပတ်သက်ပြီး အမှန်တကယ်လည်း မည်သူမျှမပြောနိုင်ပေ။
ရှင်ဘုရင်ကြီးက နှစ်ပေါင်း မည်မျှအုပ်စိုးနိုင်ဦးမည်ဖြစ်ကြောင်း မည်သူကမျှ ခန့်မှန်းနိုင်မည် မဟုတ်ချေ။ သူ၏ထီးနန်းကုန်ဆုံးမည့် အချိန်က ဝေးကွာနေသေး၏။ သူက ထီးနန်းကို ဖယ်မပေးသေးခင် နှစ်အနည်းငယ်ခန့် ခံနိုင်ရည် ရှိနိုင်သေးသလို ဆယ်စုနှစ်တစ်ခုခန့်လည်း ခံနိုင်ရည် ရှိနေသေးသည်။
ယခင်တုန်းက လူငယ်မှတ်တမ်းမှ နံပါတ်(၁) ပညာရှင်များကတော့ သေဆုံးသွားခြင်း မရှိလျှင် ဝေ့ကျင်းအဆင့်ကို တက်လှမ်းသွားနိုင်ကြသည်။ အများစုကလည်း စုဝူမင်၊ ကောင်းလန်နှင့် ဟန်ကွမ်းတို့ကဲ့သို့ ထူးခြားသော တိုးတက်မှုများ ရှိနေကြ၏။ ထို့ကြောင့် လူငယ်မှတ်တမ်း၏ ထိပ်ဆုံးတွင် ရှိနေသူတစ်ယောက်၏ အနာဂတ်ကို လျှော့မတွက်သည်မှာ အကောင်းဆုံးဖြစ်သည်။
သူက အနာဂတ်သိုင်းလောက၏ ဦးသျှောင်တစ်ယောက်ဖြစ်နိုင်ပြီး အနာဂတ်တွင် သိုင်းသခင်တစ်ယောက် ဖြစ်လာနိုင်သည်။ အကယ်၍ (၃)နှစ်မှ (၅)နှစ်အတွင်း မသေဆုံးခဲ့လျှင် စုမုန့်က ဝေ့ကျင်းအဆင့်တွင် ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်သည်။
ဖန်းကျန်း၏ မျက်နှာပေါ်တွင်အပြုံးတစ်ခု ပေါ်လာခဲ့၏။
"မင်းသားလေးက တကယ့်ကို အမြင်စူးရှပါပေတယ်…"
သူကတော့ မိန်းမစိုးတစ်ယောက် ဖြစ်သည့်အတွက် သူ့သခင်ကို ကာကွယ်ပေးခြင်းကလွဲလျှင် မင်းသားလေး၏ ယုံကြည်မှုကိုသာ စိုးရိမ်နေခဲ့၏။
ကျိုးရီက ငြိမ်းချမ်းရေးခြံဝင်းထဲကို ဖြတ်သွားခဲ့သည့်အချိန်တွင် တောင်တန်းသဘာဝနှင့် သစ်ပင်စိမ်းကြီးများကို မြင်လိုက်ရသည်။ ထိုအရာက လူအများစု သွားလာနိုင်သော နေရာတစ်ခုဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားသူများသာ သွားလာတတ်သည်။
ကျိုးရီက ခဏရပ်လိုက်သည်။
"မြေမျက်နှာသွင်ပြင် အနေအထားမပါသေးရင်တောင် လော့ရန်ရဲ့ အပြင်ဘက်နယ်မြေထဲမှာ ဒီလိုနေရာကျယ်ကျယ်တစ်ခုကို ရှာနိုင်တယ်ဆိုတော့ ငြိမ်းချမ်းရေးဥယျာဉ်က နာမည်နဲ့ လိုက်ဖက်ပါပေတယ်…."
ဖန်းကျန်းက နှာခေါင်းရှုံ့လိုက်၏။
"ဘုရင်ကြီးကသာ မကျေနပ်ရင် သူတို့က အနှေးနဲ့အမြန်ဒုက္ခရောက်သွားနိုင်တယ်.."
ငြိမ်းချမ်းရေးဥယျာဉ်က လျှို့ဝှက်ဆန်းကြယ်လွန်းလှပြီး လော့ရန်မှ အထက်တန်းလွှာ မိသားစုတချို့ကပင် နောက်ယောင်ခံလိုက်ခဲ့ဖူးကြသည်။
ကျိုးရီက အပြုံးနှင့် ခေါင်းခါပြလိုက်၏။ ထို့နောက် သူက ရေကန်တစ်ခုကို ကျော်သွားခဲ့ပြီး အပြင်ဘက်ဆုံးတွင် ရှိနေသော အဆောက်အဦးဆီသို့ လျှောက်သွားခဲ့၏။ သူတို့က ထိုအဆောက်အဦးကို ကျော်သွားသည့်အချိန်တွင် စားပွဲထိုးတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုစားပွဲထိုးလေးက တလေးတစား ပြောလိုက်၏။
"သခင်လေးစုက မင်းသားလေးကို အပေါ်မှာ လက်ဖက်ရည်သောက်ဖို့ စောင့်နေပါတယ်…"
ဖန်းကျန်း၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက အနည်းငယ်လည်း စိတ်ရှုပ်သွားခဲ့၏။ ထို့ပြင် မုန့်ချီအပေါ် အတွေးကလည်း အနည်းငယ် ပြောင်းလဲသွားသည်။
သူတို့(၂)ယောက်က ဤနေရာကို ရောက်လာမည်ဟု အတိအကျ ကြေညာခဲ့ခြင်း မရှိချေ။ သူတို့က သာမန်လူ(၂)ယောက်ကဲ့သို့သာ ဖြစ်၏။ သို့သော် မုန့်ချီက သူတို့၏ရည်ရွယ်ချက်ကို ခန့်မှန်းမိနေမည်ဟု မည်သူက သိထားမည်နည်း။
စားပွဲထိုးလေးက ကျိုးရီနှင့် ဖန်းကျန်းတို့ကို တိတ်တဆိတ် ခေါ်ဆောင်သွားခဲ့သည်။ သူတို့အပေါ်ထပ်ကို ရောက်သည့်အချိန်တွင် ကျိုးရီက မုန့်ချီကို ချက်ချင်း တွေ့လိုက်ရ၏။
သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး စားပွဲခုံတစ်ခု၏ နောက်တွင် တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။ သူ့ရှေ့တွင်တော့ ရေနွေးခွက်(၃)ခွက်ရှိနေပြီး သူ့အနားတွင်တော့ အနီရောင်တောက်နေသော ကြေးနီမီးဖိုတစ်ခု ရှိသည်။ ထိုမီးဖိုပေါ်တွင် ရေနွေးအိုးတည်ထားပြီး အခန်းထဲတွင်တော့ သစ်ပင်ဝါးပင်များ၏ ပန်းချီကားများ ရှိနေသည့်အပြင် ဝါးရနံ့လေးများ သင်းပျံ့နေသည်။
လေတိုက်ခတ်လာသည့် အချိန်တိုင်း ဝါးရနံ့လေးများ သင်းပျံ့နေခဲ့၏။ အပြာဖျော့ရောင် ရေနွေးခွက်လေးက လူတစ်ယောက်ကို ဖော်ကျူးနိုင်သော မိုးရေစက်ကဲ့သို့ ဖြစ်နေသည်။ အရာအားလုံးက တည်ငြိမ်အေးချမ်းနေပြီး စားပွဲပေါ်တွင် တင်ထားသော ဓားကပင် သတ်ဖြတ်ချင်စိတ်မရှိသလို ထင်မှတ်ရ၏။
ထိုအရာများအားလုံးကြောင့် သူတို့က ငြိမ်းချမ်းသောနယ်မြေတစ်ခုကို မဖျက်ဆီးသင့်သလို ခံစားနေရသည်။ ကျိုးရီနှင့် ဖန်းကျန်းတို့က တိတ်တဆိတ် ထိုင်လိုက်ကြ၏။ ထိုအချိန်တွင် သူတို့က မီးဖိုပေါ်တွင်ရှိသော ရေနွေးအိုးဆူသံကို ကြားလိုက်ရ၏။
သူတို့ရှေ့တွင် ရှိနေသော မုန့်ချီက အလျင်လိုနေခြင်း မရှိဘဲ အပြာရောင်အဖုံးလေးကို ယူလိုက်သည့်အတွက် မီးဖို၏ဘေးနားတွင် ရှိသော သူတို့က နွေးသွားခဲ့သည်။ သိပ်မကြာခင် တပွက်ပွက် ဆူသံများကို ကြားလိုက်ရပြီး ရေနွေးခရား၏ နှုတ်သီးအဆုံးမှနေ၍ အမြှုပ်လေးပေါင်းများစွာ ထွက်လာခဲ့သည်။
မုန့်ချီက ရေနွေးခွက်များကို အစီအစဉ်တကျ ထားလိုက်၏။ သူ၏ လှုပ်ရှားမှုက အနှစ်သာရများ ပြည့်နှက်နေသလို ထင်မှတ်ရပြီး ယုံကြည်မှုရှိသည်။
ဖန်းကျန်းနှင့် ကျိုးရီတို့၏ အမြင်အရ သူ၏လှုပ်ရှားမှုနှင့် ခံစားချက်များက သဘာဝတရားကြီးနှင့် တသားတည်း ဖြစ်နေသလို ခံစားနေရ၏။ သူကတော့ အပူအပင်များ၊ စိတ်ဓာတ်ကျမှုများ အားလုံးကို ဖယ်ရှားနိုင်ခဲ့သည်။
ရေနွေးဆူပွက်နေသည့် အသံက ယခုတော့ ပို၍ကျယ်လောင်လာခဲ့၏။ ရေနွေးအိုးနှုတ်သီးမှနေ၍ ရေနွေးငွေ့လေးများလည်း ထွက်ပေါ်လာနေပြီး မုန့်ချီက ညာဘက်လက်နှင့် ရေနွေးအိုးကို ယူလိုက်ပြီး ရေနွေးခွက်ထဲသို့ ရေနွေးပူများကို လောင်းထည့်လိုက်သည်။
ထိုရေနွေးများက စမ်းချောင်းလေးသဖွယ် ခွက်ထဲသို့ ကျရောက်သွားခဲ့ပြီး သူ၏ ဘယ်ဘက်လက်ထဲတွင်တော့ လက်ဖက်ခြောက်လေးကိုကိုင်၍ ရေနွေးကို မွှေနေခဲ့သည်။ ထိုသို့မွှေနေသည့် အတောအတွင်း လက်ဖက်ခြောက်ရွက်လေးက ခွက်ထဲတွင် လှုပ်ရှားနေပြီး မျက်နှာပြင်ပေါ်တွင် လွင့်မျောနေသည်။
ထို့နောက် အရွက်ကလေးများ ပွင့်လန်းလာသည်မှာ ရေနွေးဖန်တီးသည့် အနုပညာကို ပြသနေသလို ထင်မှတ်ရ၏။ မုန့်ချီ ရေနွေးတည်ခင်း ဧည့်ခံနေသည်ကို ကြည့်နေရင်း သူ၏လှုပ်ရှားမှုများတွင် သဘာဝတရားကြီး၏ အနှစ်သာရများ ပြည့်နှက်နေပြီး စမ်းချောင်းလေး စီးဆင်းနေသည်ကို ကြည့်နေရသလို ခံစားရသည်။
ထိုအချိန်တွင် ကျိုးရီကတော့ သူ၏ရန်သူများအားလုံးကို မေ့လျော့သွားသလို ခံစားလိုက်ရ၏။ သူကတော့ သူ့စိတ်ထဲတွင် တည်ငြိမ်အေးချမ်းသွားပြီး နှလုံးသားထဲတွင်လည်း အေးချမ်းမှုကို ခံစားလိုက်ရသည်။
"ဒီလက်ဖက်ခြောက်က မြောက်ပိုင်းကျိုးအင်ပါယာက လုံဟုတောင်ထိပ်က ရလာတာ သူ့မှာ ပြင်းထန်တဲ့အရသာမျိုးရှိတယ်။ ပြီးတော့ သူက (၃)ကြိမ်တိတိ သောက်ပြီးမှပဲ အရသာကုန်သွားတယ်…"
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
သူ့လေသံက ပျော့ပြောင်းပြီး ယုံကြည်မှုများ ပြည့်နှက်နေသည်။ ထိုစကားသံက တည်ငြိမ်အေးချမ်းသည့် အခြေအနေနှင့် တစ်သားတည်း ဖြစ်နေသလို ခံစားရ၏။
ကျိုးရီ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က လုံးဝကို သက်သောင့်သက်သာ ဖြစ်နေပြီး ထိုအဆောက်အဦး၏ အပြင်ဘက်တွင် ကျန်နေခဲ့သော ဘဝကြီးဆီမှ ဖိအားများအားလုံးကို မေ့လျော့လုနီးပါး ဖြစ်သွားသည်။
သူက ရေနွေးခွက်ကို ကိုင်လိုက်ပြီး မွှေးပျံ့သော ရနံ့လေးများကို ရှူရှိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ့လေသံကပင် ပျော့ပြောင်းနေခဲ့၏။
"သတ်ဖြတ်ရေးဓားက ရေးနွေးကြမ်းနဲ့ ဧည့်ခံတဲ့နေရာမှာလည်း ပညာရှင် တစ်ယောက်ဖြစ်နေမယ်လို့ မစဉ်းစားမိခဲ့ဘူး…"
မုန့်ချီကလည်း ရေနွေးခွက်ကိုပေါ့ပါးစွာကိုင်လိုက်ပြီး ပြောလိုက်၏။
"နောက်ပိုင်းမှာတော့ ငါက အဲဒါကို တည်ငြိမ်အေးချမ်းမှု ရှာဖွေတဲ့အနေနဲ့ပဲ အသုံးပြုတတ်တယ်…"
ဖန်းကျန်းက မျက်မှောင်ကြုတ်လိုက်မိပြီး ယခုသူကိုယ်တိုင်ကပင် တည်ငြိမ်အေးချမ်းမှုကို ခံစားနေရခဲ့သည်။ လူငယ်မှတ်တမ်းမှ နံပါတ်(၁)ပညာရှင်က သူထင်ထားသည့်ထက်ပင် ပို၍ ရှုပ်ထွေးနေခဲ့၏။ သူ့စိတ်ထဲတွင် မုန့်ချီ၏အဆင့်က နောက်တစ်ကြိမ် မြင့်တက်သွားပြန်သည်။
မုန့်ချီကတော့ အသက်အရွယ်မျိုးစုံ ရှိနေသည့် ပညာရှင်များနှင့် တိုက်ခိုက်ခဲ့ဖူးပြီး လူသားနှင့် ကောင်းကင် တသားတည်းအဆင့်ကို မရောက်ခင်ကပင် ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းအားများ ရှိနေသည်။ သူက ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲတွင် တွေ့ခဲ့ရသည့်အချိန်ထက်ပင် ပို၍ထူးဆန်းအံ့သြနေခဲ့၏။
ရေနွေးခွက်၏မျက်နှာပြင်ကို ကြည့်ပြီး မုန့်ချီက ပြောလိုက်သည်။
"မင်းသားလေးက ဘာလို့ ဒီကိုရောက်လာတာလဲ…"
ကျိုးရီက တိုးတိုးလေးရယ်လိုက်ပြီး ရှေ့တွင်ရှိနေသော မုန့်ချီကို စိုက်ကြည့်လိုက်၏။
"မင်းက ငါ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးကြွေး ရှိနေတယ်လေ။ မြို့တော်ကို ရောက်လာတဲ့အချိန်မှာ ငါက မင်းကိုဧည့်မခံလို့ရမလား…"
ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ဖြစ်နေသော မုန့်ချီကတော့ လှုပ်ရှားသွားခဲ့ခြင်း မရှိချေ။
"အဲဒီအကြွေးကို ထည့်တွက်လို့ရလို့လား…"
ကျိုးရီက အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။
"မြေခွေးဘုရင် ခေါင်းဖြတ်ခံခဲ့ရတဲ့အချိန်မှာ ကမ္ဘာကြီးတစ်ခုလုံး လှုပ်ရှားသွားခဲ့တယ်။ အခုမင်းက မြို့တော်ကို ရောက်နေပြီဆိုတော့ ဘယ်လိုအရာတွေဆက်ပြီး ဖြစ်လာဦးမှာလဲ…"
မုန့်ချီက ရယ်လိုက်သည်။
"လော့ရန်မှာရှိတဲ့ နာမည်ကျော်သူရဲကောင်းတွေက သိုင်းပညာကို စိတ်ဝင်စားကြတယ် မဟုတ်ဘူးလား…"
သူ စကားပြောပြီးသွားသည့်အချိန်တွင် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။
လေလှိုင်းက သယ်ဆောင်လာပေမယ့် တဖြည်းဖြည်း မှောင်မည်းလာပြီဖြစ်သည်။ ဆောင်းဦးရာသီမုန်တိုင်းများကလည်း ကျရောက်လာပုံရ၏။ ကျိုးရီကတော့ နောက်ထပ်မေးမြန်းခဲ့ခြင်း မရှိချေ။
ကျိုးရီက ပြုံးနေပြီး လော့ရန်တွင် ဖြစ်ခဲ့သော အကြောင်းအရာမျိုးစုံကို ပြောဆိုနေခဲ့ကြ၏။ သူကတော့ နွေးထွေးသော အိမ်ရှင်တစ်ယောက် ပုံစံပြောင်းလဲနေပြီး စိတ်ကျေနပ်စွာ စကားပြောနေခဲ့သည်။
နောက်ဆုံးတွင်တော့ မုန့်ချီက ရေနွေးထပ်တိုက်ရန် ပြင်ဆင်လိုက်ကြောင်း မြင်သည့်အခါ သူလည်း မတ်တပ်ရပ်ပြီး အပြုံးနှင့် ပြောလိုက်၏။
"ငါ့ကိုယ်ငါ ထူးချွန်တယ်လို့ မသတ်မှတ်နိုင်ပေမယ့် ငါက လော့ရန်အကြောင်း နာရီပေါင်းများစွာ စကားပြောနိုင်တယ်။ တကယ်လို့ မင်းက မသက်မသာ ခံစားရတာရှိတယ်ဆိုရင် ကျေးဇူးပြုပြီး ငါ့ကိုအသိပေးပါ…"
သူက မိတ်ဆွေဟောင်း တစ်ယောက်ကဲ့သို့ စကားဝိုင်းကို ချက်ချင်းပြောင်းလဲခြင်းမရှိဘဲ တဖြည်းဖြည်း နိုင်ငံရေး မဟာမိတ်များအကြောင်းကို ပြောင်းလဲလာခဲ့သည်။
"ငါ့ဆီမှာ တာဝန်တွေအများကြီးရှိတယ် မင်းသားလေး…"
မုန့်ချီက သူတို့နှင့်အတူ လှေကားအပေါ်ထပ်ကို လျှောက်သွားပြီး သူတို့ထွက်သွားသည်ကို ကြည့်ကာ အနည်းငယ် ခေါင်းညိတ်နေခဲ့မိ၏။
ပျော်ရွှင်ခြင်းတိမ်တိုက်စားသောက်ပွဲတွင် မင်းသား(၃)က အလွန်ဖော်ရွေတတ်သည်။ ယခုတစ်ကြိမ်နှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ ထိုအရာက လိုအပ်နေသေး၏။ သို့သော် သူတို့က သစ်သီးပွဲတော်ကို အတူတကွ သွားရောက်ရန်ကြိုးစားလိုက်မည်ဆိုလျှင် ဂရုစိုက်ရမည့် အကြောင်းအရာများစွာ ရှိနေသေးသည်။
သူကတော့ မင်းသား(၃)၏ အကူအညီကို ယူလိုက်မည်ဆိုလျှင် လော့ရန်၌ ပြောင်းလဲသွားသော အခြေအနေပေါင်းများစွာ ရှိနေနိုင်၏။ သူက ရေနွေးခွက်ကို မြှောက်၍ စဉ်းစားနေလိုက်ပြီးနောက် တစ်ငုံ သောက်ကြည့်လိုက်သည်။ ထို့နောက် ထွေးထုတ်လိုက်၏။
"ဒီအရသာက တော်တော်ခါးတယ်။ ငါက ရေနွေးကြမ်းနဲ့ ဧည့်ခံတဲ့ပုံစံကို သိနေတာပဲ ကျေးဇူးတင်ရမယ်…"
မုန့်ချီက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။
အမှန်အတိုင်းပြောရရင်တော့ သူက ရေနွေးကြမ်းတည်ခင်းဧည့်ခံရာတွင် လူသစ်တစ်ယောက်သာ ဖြစ်သည်။ နေ့လယ်ခင်းတွင် ပညာရှင်တစ်ယောက် လုပ်ဆောင်နေသည်ကိုကြည့်ပြီး အတုခိုး၍ လုပ်ဆောင်ပြလိုက်ခြင်းဖြစ်၏။
အပြင်ဘက်တွင်တော့ မိုးများစတင်ရွာကျလာပြီ ဖြစ်သည်။ ကျိုးရီက လက်နောက်ပစ်ပြီး လျှောက်နေခဲ့၏။ သူ့ခန္ဓာကိုယ်ပေါ်တွင်တော့ မမြင်ရသော အလွှာတစ်ခုရှိနေပုံရပြီး မိုးများကို ဖယ်ရှားပေးနေခဲ့၏။
"အဲဒီတော့ ဘယ်လိုထင်လဲ…"
သူ့သခင်က မည်သည့်စကားကို ပြောချင်နေကြောင်း ဖန်းကျန်းက နားလည်နေသည့်အတွက် သူက ပြန်ပြောလိုက်သည်။
"သူ့ကို လျှော့တွက်လို့မရနိုင်ဘူး။ သူက အရင်တစ်ခေါက် တွေ့ခဲ့တဲ့ ဟယ်ကျူး၊ ဝမ်စစ်ယွမ်တို့လို ခံစားနေရတယ်။ ဒါပေမယ့် စောပါသေးတယ်။ အခွင့်အရေး ရှိမယ်ဆိုရင်တော့ သူက အောင်မြင်နိုင်တယ်။ နောက်ထပ်(၃)နှစ်၊ (၄)နှစ်လောက် ကြာရင်တော့ သူက ကျွန်တော်တို့အတွက် အသုံးဝင်လာမှာပါ…"
ထိုပါရမီရှင်များနှင့် ပတ်သက်လာသည့်အချိန်တွင် သူ့လေသံက အနည်းငယ် အက်ရှရှဖြစ်နေသည်။ သူကတော့ ဝေ့ကျင်းအဆင့်ကို ရောက်လာသည့်အချိန်တွင် ထိုပါရမီရှင်များကို စိတ်မဝင်စားတော့ပေ။
နောက်ပိုင်းတွင် အဆင့်တက်မှုက အလွန်ခက်ခဲ၏။ စုမုန့်က ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီး သူ၏ကျင့်စဉ်အဆင့်က လျင်မြန်စွာ တိုးတက်လာမည်ဆိုလျှင်တော့ တစ်မျိုးဖြစ်သည်။ စုဝူမင် တိုးတက်ခဲ့စဉ်အချိန်ကဆိုလျှင် (၁)နှစ်လျှင် အဆင့်တစ်ခု တက်ခဲ့ပြီး ကောင်းကင်(၉)သွယ် ဝေ့ကျင်းအဆင့်ထိ ရောက်ရှိသွားခဲ့သည်။
"ဒီလိုလူမျိုးက မာနအကြီးဆုံးပဲ ။ ဒါပေမယ့် သူတို့တွေကို လေးလေးစားစားနဲ့ တန်းတူညီမျှ ဆက်ဆံပေးဖို့ လိုအပ်တယ်။ ကျွန်တော်က သူ့ကို ပထမဆုံးစတွေ့ခဲ့တဲ့အချိန်ကတည်းက သူ့ကို အထင်ကြီးနေခဲ့တာ…"
ကျိုးရီက သက်ပြင်းချလိုက်မိသည်။
ကောင်းကင်ပေါ်မှမိုးရေစက်များ ကျဆင်းလာသည့်အချိန်တွင် ကောင်းကင်ကြီးကတော့ တဖြည်းဖြည်း မည်းမှောင်လာပြီး တိမ်တိုက်များကလည်း သိပ်သည်းလာခဲ့သည်။ အေးစက်သော ဆောင်းရာသီလေလှိုင်းနှင့် မိုးများကလည်း ရောက်ရှိလာခဲ့၏။
မုန့်ချီက မျက်လုံးမှိတ်နေပြီး ဆောင်းရာသီ မိုးများကို မျက်နှာချင်းဆိုင်၍ ထိုင်ခုံတွင် ထိုင်နေခဲ့၏။ သူကတော့ တစ်စုံတစ်ခုကို တိတ်တဆိတ် နားထောင်နေသလို ထင်မှတ်ရ၏။
သူ လက်ရှိရောက်နေသော အဆင့်တွင် ကမ္ဘာမြေကြီးကို အာရုံခံနိုင်ခြင်းနှင့် ကိုယ်တွင်းကမ္ဘာကြီးအပေါ် အချိန်ပေးခြင်းက အလွန်အရေးကြီး၏။ တိတ်ဆိတ်နေသော ညအချိန်တွင် မုန့်ချီက ညာလက်ကို လှုပ်ရှားလိုက်ပြီး သူ့ဓား၏လက်ကိုင်ကို အနည်းငယ်ပုတ်လိုက်သည်။
"လော့ရန်သိုင်းသင်တန်းကျောင်းက ချမ်းချန်…
သခင်လေးစုက လမ်းညွှန်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်…"
ချီစွမ်းအင်များ ပြည့်နှက်နေသော အသံတစ်ခုက အဝေးမှ ရောက်လာခဲ့၏။သူက သူ့အနားတွင် အော်ပြောလိုက်သလို ရှင်းရှင်းလင်းလင်းကြားနေရသည်။ သို့သော် ထိုအသံက အနည်းငယ် အသက်ကြီးနေပုံရ၏ ။ ထိုအရာက အတွေ့အကြုံရှိသော ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက်၏အသံဖြစ်ပုံရသည်။
"သူက ဘယ်သူ့ကိုများ ဒီလိုစကားမျိုး ပြောရဲတာလဲ…"
အသံက နီးကပ်လာသည့်အချိန်တွင် ညကောင်းကင်ကြီးနှင့် ပေါင်းစပ်ထားသလို ထင်မှတ်ရသော ဓားအလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။ မီးပွားလေးများကလည်း တိမ်တိုက်များကြားထဲမှ ကျဆင်းလာပြီး လျှပ်စီးတိုက်ခိုက်မှုများကဲ့သို့ ထင်မှတ်ရသည်။ မှောင်မည်းနေသော ညကောင်းကင်ယံတွင် ထိုဓားသွားက လှုပ်ရှားနေပြီး လွတ်မြောက်ရန် ကြိုးစားနေသော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။
မုန့်ချီက သက်ပြင်းချလိုက်ပြီး ညာလက်နှင့် သူ၏ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။ ဓားမောက်အလင်းတန်းများက နဂါးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ထွက်ပေါ်လာပြီး ပတ်ပတ်လည်တွင် ရှိနေသော ချီစွမ်းအင်များ၊ အသက်စွမ်းအင်များကို စုပ်ယူလိုက်၏။
ထိုအရာက အသက်စွမ်းအင်များကို စုဆောင်းရန် ကြိုးစားနေသော်လည်း အမှန်တကယ်ကို ကြောက်စရာကောင်းသည်။ တခဏအတွင်း ဓားအလင်းတန်းကို ဖျက်ဆီးပစ်လိုက်၏။ ထို့နောက် ပျောက်ကွယ်သွားခဲ့သည်။ ချီစွမ်းအင်များ အလင်းတန်းများလည်းပျောက်ကွယ်သွားခဲ့၏။
ဓားရှည်ကတော့ သူ၏စွမ်းဆောင်ရည်ကို ဆုံးရှုံးလိုက်ရပြီး (၂)ပိုင်းပြတ်၍ မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။
"မင်းရဲ့ရှေ့မှာ လမ်းရှိတယ်…"
မုန့်ချီက သူ့ဓားကို ဓားအိမ်ထဲကို ပြန်ထည့်လိုက်၏။ သူက ထိုင်ခုံတွင် ထိုင်နေသေးပြီး လုံးဝမတ်တပ်မရပ်ခဲ့သလို ထင်မှတ်ရသည်။ သူက မိုးရေစက်များ ကျဆင်းနေသည့်အသံကိုသာ တည်ငြိမ်စွာ ဆက်လက်နားထောင်နေခဲ့၏။
အပြင်ဘက်တွင် ရှိနေသည့်သူကတော့ မိုးမိထားသော ကြွက်စုတ်လေးတစ်ကောင်ပမာ မိုးရေထဲတွင် ရပ်နေခဲ့သည်။ ခဏကြာပြီးနောက် သူက တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့၏။
" လမ်းက ရှေ့မှာရှိတယ်။ လမ်းက ရှေ့မှာရှိတယ်…"
သူက ကျိုးနေသော ဓားရှည်ကိုကြည့်လိုက်ပြီး တစ်စုံတစ်ခု လွတ်မြောက်သွားသလိုခ ံစားလိုက်ရ၏။ သူက တစ်စုံတစ်ခုကို နားလည်သွားသလို ခံစားလိုက်ရသော်လည်း တစ်ချိန်တည်းတွင် မည်သည့်အရာကိုမျှနားမလည်တော့သလို ခံစားနေရသည်။ သူက မိုးရေထဲသို့ ပြေးထွက်သွားခဲ့ပြီး အဆောက်အဦး၏ ပိုင်နက်အတွင်းမှ ပျောက်ကွယ်သွားခဲ့၏။
ခဏကြာပြီးနောက် မိုးရေများကိုဖြတ်ပြီး နောက်ထပ်အသံတစ်ခု ပေါ်လာခဲ့သည်။
"တူကလန်က တူလင်းကျီကလည်း လမ်းညွှန်ပေးဖို့ တောင်းဆိုပါတယ်…"
ရောက်လာသူက အနားကို ကပ်လာတော့မည့်အချိန်တွင် ဓားမောက်ချီစွမ်းအင်တစ်ခုကို ခံစားမိလိုက်သည့်အတွက် လည်ချောင်းထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။ သူက ချက်ချင်းပင် ကိုယ်ဖော့ပညာနှင့် လှုပ်ရှားမှုများကို ပြောင်းလဲလိုက်သော်လည်း ဓားမောက် ချီစွမ်းအင်များက သူ့နောက်ကို မရပ်မနား လိုက်နေသည့် အရိပ်တစ်ခုကဲ့သို့ဖြစ်နေသည်။ သူက ခြေလှမ်း(၁၀)လှမ်းခန့်် နောက်ဆုတ်သွားသည့်အချိန်မှသာ ဓားမောက်ချီစွမ်းအင်များက ပျောက်ကွယ်သွားခဲ့သည်။
သူ၏နဖူးပေါ်တွင်လည်း ချွေသီးချွေးပေါက်များ ကျဆင်းနေခဲ့၏။ သူက ထိုနေရာတွင် ခဏရပ်နေပြီးနောက် ပြန်လှည့်ကြည့်ခြင်းမရှိဘဲ ထွက်ခွာသွားခဲ့၏။
မိုးများကတော့ ဆက်၍ ရွာကျနေသေးသည်။ မိုးရေစက်များ ကျနေသည့်အသံက တိတ်ဆိတ်နေသော ညအချိန်တွင် ကြောက်မက်ဖွယ်ရာအသံတစ်ခုပမာ ဖြစ်နေသည်။ ထို့နောက် သူကိုယ်တိုင်ပင် နားမလည်သေးခင် ကောင်းကင်ကြီးက လင်းလက်လာပြီး အပြာရောင်ကောင်းကင်ကြီး ပေါ်လာသည်။
ထိုအဆောက်အဦးလေး၏အနားကို ကပ်ချင်ခဲ့သော သိုင်းလောကသားများကလည်း အဝေးမှအသံများကို ကြားနေခဲ့ရသည်။
"ကြည့်လိုက်ကြည့်လိုက် …။ အဲဒီခြေရာတွေက တူလင်းကျိရဲ့ခြေရာတွေပဲဖြစ်မယ် သူက လေခြေလှမ်းသိုင်းကို သုံးခဲ့တာပဲဖြစ်မယ်။ သူကတောင် မီတာ(၁၀၀) အတွင်း မရောက်နိုင်ခဲ့ဘူး…”
“ဒါက နဂါးပတ်(၈)သွယ်တုတ်ပဲ။ ဒါက ပန်းပွင့်သခင်ရဲ့ဓားပဲ။ ဓားက(၂)ပိုင်းပြတ်သွားပြီ…"
သူတို့က အံ့ဩမှင်တက်နေကြပြီး အမှတ်အသားများ ၊ အပျက်အစီးများက အဆောက်အဦးလေးနှင့် အတော်ဝေးဝေးတွင် ရှိနေသည်။ အနီးဆုံးတစ်ခုက (၁၀)ပေအကွာတွင် ရှိ၏။
လူတစ်ယောက်က လက်ညှိုးထိုးပြလိုက်၏။
"အဲဒါက ချန်းသိုင်းသင်တန်းကျောင်းက ကျောင်းအုပ်ရဲ့ကြယ်ကြွေဓား မဟုတ်လား။ သူက ဘယ်လိုဖြစ်ပြီး အဆောက်အဦးရဲ့ရှေ့မှာ ပျက်စီးသွားရတာလဲ.."
သိုင်းသင်တန်းကျောင်းမှ ချမ်းချန်က သာမန်လူတစ်ယောက် မဟုတ်ချေ။ သူက အသက်(၄၀) အရွယ်တွင် လူသားနှင့်ကောင်းကင် တသားတည်းအဆင့်ကို ရောက်ရှိခဲ့၏။ သူက အဆောက်အဦးနှင့် ခြေ(၃)လှမ်းခန့်အကွာသို့ ရောက်ခဲ့သည်။
"ဘာကြောင့် သိုင်းသင်တန်းဆရာကလည်း အဆင့်မတက်သေးလဲဆိုတာ ငါမပြောတတ်ဘူး..”
“ဒါက တော်တော်လေးကို ထူးဆန်းနေတယ်။ သူ့ရဲ့စွမ်းအားတွေက သိသိသာသာ လျော့ကျသွားသလိုပဲ…"
လူတစ်ယောက်က သူ့အတွက် ဆင်ခြေပေးရန် ကြိုးစားနေ၏။
သို့သော် စကားပြောနေရင်း သူက သက်ပြင်းချလိုက်မိသည်။
"သတ်ဖြတ်ရေးဓား စုမုန့်က တကယ်ကို နာမည်နဲ့ လိုက်ဖက်ပါပေတယ်….''
အနီးအနားတွင် နေထိုင်သူများကတော့ မိုးကျသံများနှင့် စိန်ခေါ်သူများ၏ ကြေညာသံများကို ကြားခဲ့ရသည်။ သို့သော် တိုက်ခိုက်နေသည့်အသံတစ်ခုကိုမျှမကြားခဲ့ရပေ။
"လူငယ်မှတ်တမ်းကနံပါတ်(၁)ပညာရှင်…"
မုန့်ချီက နေရောင်အောက်တွင် ရပ်နေရင်း လူသားနှင့်ကောင်းကင် တသားတည်းအဆင့်ကို ခံစားကြည့်နေသေး၏။ မိုးရေများ ရပ်တန့်သွားသည်ကိုလည်း သူက သတိမထားမိခဲ့ပေ။ သူကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသလို ထင်မှတ်ရ၏။
ထိုအချိန်တွင် အဆောက်အဦး၏ အစေခံတစ်ယောက်ပေါ်လာပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။
"သခင်လေးစု …
လော့ရန် စုကလန်က သခင်လေးစုကို ဖိတ်ခေါ်ဖို့ လူတစ်ယောက် လွှတ်လိုက်တယ်…"
မုန့်ချီက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်၏။ သူ၏မျက်လုံးများက ကြည်လင်အေးချမ်းနေပြီး ရေကန်များကဲ့သို့ ဖြစ်နေသည်။ နောက်ဆုံးတွင်တော့ သူစောင့်နေခဲ့သည့်အရာက ရောက်လာခဲ့ပြီဖြစ်၏။
Translated by Hein Htet.