← Chapters

အခန်း (၄၇၅)

Vol. 32 Ch. 475

အခန်း (၄၇၅)

Vol. 32 Ch. 475

အဆောက်အဦး၏ မြေညီထပ်တွင် ခေါင်းပေါင်းဝတ်ထားသော သက်လတ်ပိုင်း လူကြီးတစ်ယောက်က ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။ သူ့ပုံစံက အနည်းငယ်စိုးရိမ်နေပုံရပြီး လှေကားပေါ်သို့ မကြာခဏ လှမ်းကြည့်နေခဲ့၏။ သူ၏မျက်နှာက ခပ်ရှည်ရှည် ဖြစ်နေပြီး မုတ်ဆိတ်မွေးလည်း ရှိသည်။

သူ့ဆီတွင် စွမ်းအင်အပြည့်ရှိနေပြီး ခြေလှမ်းတိုင်းက အားအင်အပြည့် ရှိနေသည်။ သို့သော် သူ့ဆီတွင်တော့ ပညာရှင်တစ်ယောက်ဆီ၌ တွေ့ရခဲသော အကြောက်တရားများလည်း ရှိနေသေး၏။ သူက အနည်းငယ် အံ့သြသွားပုံရသည်။ သူက ရှေ့ကို လျင်မြန်စွာ လျှောက်လာခဲ့သည်။

"ဒုတိယသခင်လေး..."

သူက စကားပြောနေရင်း လမ်းတစ်ဝက်တွင် ရပ်လိုက်မိသည်။

သူက ချက်ချင်းပင် လေသံပြောင်းပြီး သက်ပြင်းချလိုက်မိ၏။

"ဒုတိယသခင်လေး...

သခင်လေးက တော်တော်တောင် ကြီးပြင်းလာခဲ့ပြီပဲ..."

မုန့်ချီက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် သူ၏ဓား‌မောက်ကို ချိတ်ဆွဲထားခဲ့သည်။ သူ၏ခြေလှမ်းတိုင်းက ပေါ့ပါးသွက်လပ်နေပြီး ကမ္ဘာမြေကြီးနှင့် သဟဇာတ ဖြစ်နေခဲ့၏။ ယခုတော့ သူ၏အခြေအနေများကလည်း ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးလာနေပြီး သူက ချောမောခန့်ညား၍ ခန္ဓာကိုယ်တောင့်တင်း ကြံ့ခိုင်သည်။ သို့သော် သူ့ဆီတွင် ငယ်ရွယ်နုပျိုသော လူငယ်တစ်ယောက်၏ အမူအရာမျိုး ရှိနေသေး၏။

ထိုမျက်နှာရှည်ရှည်နှင့် လူက အချိန်ကူးပြောင်းလာပြီးနောက် ပြန်နိုးလာသည့် အချိန်တွင် မုန့်ချီ ပထမဆုံး တွေ့ခဲ့ရသည့် လူတစ်ယောက်လည်း ဖြစ်သည်။ သူက‌ဖြည်းညင်းစွာ ဆင်းလာခဲ့ပြီး လက်နောက်ပစ်၍ အပြုံးနှင့် ပြောလိုက်၏။

"ဟုတ်တယ်..။ အခုကျွန်တော်က သိုင်းလောကတစ်ခုလုံးကို စိတ်တိုင်းကျ လှည့်ပတ်သွားလာနိုင်တယ်..."

ထိုမျက်နှာရှည်ရှည်နှင့် လူက သူ နိုးလာခဲ့သည့်အချိန်တွင်လည်း တူညီသော စကားလုံးများကိုသုံးပြီး နှစ်သိမ့်ပေးခဲ့သည်။ ယခုတော့ ထိုစကားက အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်၏။

"ကျွန်..ကျွန်....ကျွန်တော်"

သူက ဘာပြောရမှန်း မသိသည့်အတွက် အထစ်ထစ် အငေ့ါငေါ့ ဖြစ်နေခဲ့၏။

မုန့်ချီက ဤနေရာတွင် ဒဏ်ရာဟောင်းများကို အစဖော်ရန် စိတ်ကူးမရှိချေ။ ထိုအရာက သူနှင့်သိခဲ့သော မျက်နှာရှည်ရှည်နှင့် လူဖြစ်ကြောင်း အတည်ပြုရုံသာ စကားလုံး အနည်းငယ် ပြောခဲ့၏။ ထို့နောက် သူက စကားတစ်ခွန်းမျှထပ်မပြောတော့ဘဲ အခြေအနေကိုသာ မေးလိုက်သည်။

"ကျွန်တော့်ကို လာခေါ်ဖို့ ဘယ်သူက တောင်းဆိုလိုက်တာလဲ..."

မျက်နှာရှည်ရှည်နှင့် လူက တည်ငြိမ်သွားခဲ့ပြီး တလေးတစားနှင့် ပြောလိုက်၏။

"ဒုတိယသခင်လေးကို လာခေါ်ခိုင်းတာက နံပါတ်(၅)အမတ်ကြီးပါ...”

“နံပါတ်(၅) အမတ်ကြီးစု…"

ရွှေမျက်လုံး လူဆိုးထိန်းစုယွဲ့က အထူးထိပ်တန်း လူဆိုးထိန်း(၈)ယောက်တည်းတွင် တစ်ယောက်ဖြစ်ပြီး သိုင်းသခင်အဆင့်ကိုရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

မုန့်ချီက တည်ငြိမ်စွာ မေးလိုက်၏။

"ကျွန်တော်တို့ သွားကြမလား…"

သူက လက်နောက်ပစ်ထားပြီး အသေးအဖွဲ တွေ့ဆုံမှုတစ်ခုကို သွားတော့မလို ထင်မှတ်ရ၏။

မျက်နှာရှည်ရှည်နှင့် လူက အလွန်အံ့သြဝမ်းသာသွားခဲ့ပြီး ပြောလိုက်သည်။

"ဒါဆိုရင် ဒုတိယသခင်လေးက လက်ခံလိုက်တာလား…."

ဒုတိယသခင်လေးက ထိုနှစ်အနည်းငယ် အတောအတွင်း လှည့်ပတ် သွားလာနေခဲ့သည့်အတွက် သူ့ဆီတွင် မကျေနပ်မှုများ ရှိနေပြီး အိမ်ပြန်ရန် ဆန္ဒမရှိကြောင်း ပြသနေသည်။ သူကတော့ ဒုတိယသခင်လေးကို ဖျောင်းဖျရန် ဆင်ခြေမျိုးစုံ ပြင်ဆင်ထားခဲ့ပြီး သွေးက ရေထက်ပျစ်ကြောင်း ပြောပြချင်ခဲ့၏။ သို့သော် သူက မေးရုံသာ ရှိသေးသော်လည်း ထိုကဲ့သို့ လက်ခံသဘောတူလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ ထိုအရာက အတော်လေးကို ထူးဆန်းနေခဲ့၏။

"အခုအမေ့ရဲ့အုတ်ဂူကရော ပေါင်းပင်တွေ ဖုံးနေတုန်းပဲလား..."

သူ့ဆရာက သူ၏ဦးလေးဖြစ်ပြီး သူတို့၏ပတ်သက်မှုက အလွန်ရင်းနှီးနေသည့်အတွက် သူကတော့ အမေဘက်မှ မိသားစုကို ပို၍နီးစပ်သလို ခံစားရသည်။

မျက်နှာရှည်ရှည်နှင့် လူက အလျင်အမြန် ပြန်ဖြေလိုက်၏။

"ဘာလို့လဲ...သခင်လေး။ သင်္ချိုင်းနယ်မြေကလည်း စံအိမ်တော်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ..။ အဲဒီနေရာကို သန့်ရှင်းရေးလုပ်ရတဲ့ အစေခံတွေရှိပါတယ်။ ပြီးတော့ ပင်မမျိုးဆက်က မိန်းကလေးတွေက ဘိုးဘေးအုတ်ဂူကို ကိုယ်တိုင်မဝင်နိုင်ကြဘူး..."

ယခုတော့ သူ၏ရှုပ်ထွေးမှုများအတွက် အဖြေတစ်ခု ရှိလာခဲ့ပြီ ဖြစ်သည်။ ဒုတိယသခင်လေးက သူ၏မကျေနပ်မှုများ လုံးဝပျောက်ကွယ်သွားခြင်း မရှိဘဲ သူမ၏အုတ်ဂူကို ရှင်းလင်းပေးလိုသော ဆန္ဒရှိနေခြင်းသာ ဖြစ်သည်။

သူတို့ကတော့ မုန့်ချီ ဖြည်းညင်းစွာ လျှောက်လာနေခြင်းကို စောင့်ကြည့်နေကြ၏။ သူ၏ လှုပ်ရှားမှုများက သဘာဝတရားကြီးနှင့် တသားတည်း ဖြစ်နေကြောင်း လူတိုင်းက အာရုံခံစားကြည့်နိုင်သည်။

မျက်နှာရှည်ရှည်နှင့် လူကြီးကတော့ ပင့်သက်ရှိုက်လိုက်မိ၏။ နှစ်အနည်းငယ်လေး အတောအတွင်း ဒုတိယသခင်လေးက ပြိုင်ဘက်ကင်း ပညာရှင်တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သိုင်းလောက တခွင်လုံးတွင် ကျင်လည်ကျက်စားနိုင်သော်လည်း ယခုအချိန်ထိ သူ့မျက်စိရှေ့တွင် မြင်နေရသောအရာများနှင့် ကိုက်ညီမှု မရှိသေးပေ။

ယခုအချိန်အထိ သူက လူသားနှင့်ကောင်းကင် ကြားထဲတွင် ရှိသော အတားအဆီးကို ချိုးဖျက်ပြီး ဝေ့ကျင်းအဆင့်ကို မရောက်သေးသော်လည်း သူ့အတွက် အလှမ်းမဝေးတော့ကြောင်း ယုံကြည်ပေးရန် လွယ်ကူနေသည်။

မျက်နှာရှည်ရှည်နှင့် လူက တံခါး(၉)ပေါက် ပွင့်နေသော ပညာရှင်ဖြစ်ပြီး စုကလန်မှ ဝေ့ကျင်းအဆင့် ပညာရှင်များကို မကြာခဏ မြင်ခဲ့ဖူးသည်။ ထို့ကြောင့် သူက မုန့်ချီ၏အဆင့်ကို ပြောပြနိုင်သည်။ သို့သော် မုန့်ချီကတော့ အရာအားလုံး မူလအခြေအနေကို ပြန်ရောက်နေသည် ဟူသော အချက်ကို အာရုံလွှဲ၍ ဖုံးကွယ်ထားခဲ့၏။

မြင်းလှည်း‌ပေါ်သို့ တက်လိုက်ပြီးနောက် မုန့်ချီက မျက်လုံးမှိတ်နေပြီး ပညာရှင်များ၊ သခင်လေးများကဲ့သို့ တိတ်တဆိတ် ထိုင်နေခဲ့သည်။

မျက်နှာရှည်ရှည်နှင့် လူကတော့ စကားပြောခွင့်မရသည့်အတွက် မြင်းလှည်းက မြို့ထဲသို့ သွားနေသည့်အချိန်တွင် ပြတင်းပေါက် အပြင်ဘက်ကိုသာ ကြည့်နေခဲ့ရ၏။ ထိုအရာက နန်းတွင်းမြို့၏ အစွန်တွင် ရှိနေသော တိုင်‌ပေလမ်းပေါ်ရှိ သူရဲကောင်းအမတ်ကြီး၏ စံအိမ်ကို သွားနေခြင်း ဖြစ်သည်။

စုကလန်က မျိုးဆက်(၅)ဆက်တိတိ ရှိနေပြီး စံအိမ်တော်က အတော်လေးကို ကြီးမားလှ၏။ ထိုအရာက တိုင်ပေလမ်း တစ်ဝက်ခန့်ကို နေရာယူထားသည်။ တံခါးအပေါ်ဘက်တွင်တော့ အနက်ရောင်နောက်ခံနှင့် ရွှေရောင်စကားလုံးများကို သုံးထားသော ဆိုင်းဘုတ်တစ်ခု ရှိသည်။ ထိုအရာကို ယခင်မင်းဆက်တွင် ရှင်ဘုရင်ကိုယ်တိုင် ထွင်းထုပေးထားသည်ဟု နာမည်ကျော်ကြားသည်။ ထိုဆိုင်းဘုတ်ပေါ်တွင်တော့ သူရဲကောင်းအမတ်ကြီးစံအိမ်ဟု ရေးထားခဲ့သည်။

အထက်တန်းလွှာ မိသားစုများတွင် သူတို့၏ကိုယ်ပိုင်စည်းမျဉ်းများ ရှိနေ၏။ အကယ်၍ ထူးခြားသော လူတစ်ယောက်မျှ မဟုတ်လျှင် အလယ်တံခါးမှနေ၍ ဝင်ခွင့်ပေးကြခြင်း မရှိချေ။ သူတို့ကတော့ ယခုမုန့်ချီကို လက်ခံခဲ့သော တံခါးငယ်လေးကို ဖြတ်၍ ဝင်လာကြရ၏။

နံရံများ၊ ပေါ်တီကိုများ၊ ခြံဝန်းများနှင့် စံအိမ်များ တစ်ခုပြီးတစ်ခု ပေါ်လာနေသည်ကို မုန့်ချီက မြင်လိုက်ရ၏။ သို့သော် ထိုအရာများက သူ့အတွက်တော့ ရင်းနှီးနေရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူကတော့ သူ့ဆရာ၏ပုံစံအတိုင်း လက်နောက်ပစ်၍ နောက်မှ လိုက်လာခဲ့သည်။

"ဒုတိယသခင်လေး...

ဒီနေရာရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ပန်းပွင့်တွေကို ရံဖန်ရံခါ ပြောင်းလဲလိုက်တာကလွဲရင် အိမ်တော်ကတော့ အရင်တုန်းက သခင်လေး ရှိနေခဲ့တဲ့ အချိန်တုန်းက အတိုင်းပါပဲ..."

မျက်နှာရှည်ရှည်နှင့် လူကတော့ ရင်းနှီးသော ပတ်ဝန်းကျင်အပေါ် မုန့်ချီ၏ အာရုံခံနိုင်စွမ်းများကို လှုံ့ဆော်ပေးရန် ကြိုးစားလိုက်သည်။

မုန့်ချီက ရိုးရှင်းစွာ ပြောလိုက်၏။

"ကျွန်တော် ဒီနေရာကနေ ထွက်သွားခဲ့တယ်ဆိုတာ မမေ့ဖို့ ကျွန်‌တော့်ကို သတိပေးနေတာလား..."

မျက်နှာရှည်ရှည်နှင့် လူက ပြောစရာစကားမရှိတော့ဘဲ နောက်ထပ်ဘာစကားမျှ မပြောရဲတော့ပေ။ သူပြောလိုက်သောစကားက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ရှိသွားမှာကို ကြောက်နေခဲ့၏။

မုန့်ချီကလည်း သူ့ကို ထိုသို့ပြောရန် ရည်ရွယ်ထားခြင်းမရှိပေ။ သူကလည်း အမှန်တကယ် မသိသည့်အတွက်သာ ပြောလိုက်ခြင်းဖြစ်၏။ ထိုသို့ဆိုလျှင် သူ့ကို ပါးစပ်ပိတ်သွားစေနိုင်ပြီး သူ့အတွက် အခြေအနေတစ်ခုဖြစ်လာနိုင်၏။

ဖြတ်သွားဖြတ်လာ လုပ်နေသော အစေခံများ၊ အစောင့်များက သူတို့ကို စိတ်ဝင်တစား ကြည့်နေကြ၏။ အမတ်ကြီးက ဦးလေးကျုံးကို အလွန်ယုံကြည်နေပြီး သူကိုယ်တိုင် တွေ့ဆုံသော ဧည့်သည်များမှာ နည်းပါးလှသည်။ ထိုကဲ့သို့ တလေးတစား အမိန့်ပေးနိုင်သော လူငယ်လေးက မည်သူပေနည်း။

"သူ့ပုံစံကို ကြည့်ရတာ အမတ်ကြီးနဲ့ နည်းနည်းလေးတူတယ်..."

အစေခံတစ်ယောက်က အသံတိုးတိုးနှင့် ပြောလိုက်၏။

"နည်းနည်း...ဒါပေမယ့် သူက ဟို..ဟိုမိန်းကလေးနဲ့ ပိုပြီးတော့ တူတယ်..."

အစေခံတစ်ယောက်က တစ်စုံတစ်ခုကို မှတ်မိသွားသလို ထင်မှတ်ရ၏။ သူတို့က လော့ရန်ကို ရောက်လာပြီး ပြဿနာရှာခဲ့သော လူတစ်ယောက်ကို မှတ်မိသွားကြပုံပေါ်သည်။

အိမ်တော်ထိန်း၊ အစေခံများကတော့ လေးလေးနက်နက် အမူအရာနှင့် ပြောလိုက်၏။

"ဒီအကြောင်းကို ဘာမှမပြောကြနဲ့။ ငါတို့က အိမ်တော်သခင်မကို ဒေါသထွက်အောင် လုပ်လို့မရဘူး..."

သူတို့ပြောသည့် အရာအားလုံးကို မုန့်ချီက ကြားနေရသည်။ သူက ရဲတိုက်၏ အတွင်းထဲကိုပင် စိတ်ဝင်တစား ကြည့်နေခဲ့၏။ ခြံဝန်းထဲတွင် ရှိနေသော တံခါးကို ဝင်လာပြီးနောက် လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် ပေါ်လာကြသည်။

လူငယ်ကတော့ သခင်လေး ဖြစ်ပုံရသည်။ သူတို့၏မျက်ခုံးများက ချွန်ထက်နေပြီး မျက်နှာပြားပြားက ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ့အသက်ကို ကြည့်ရသည်မှာ အသက်(၂၀)ပင် မရှိသေးပေ။

မိန်းမပျိုကတော့ လှပသော နှာခေါင်းပေါ်တွင် မျက်ခုံးထူထူရှိနေသည်။ သူမ၏ ဆံနွယ်လေးများကို စည်းနှောင်ထားပုံရပြီး သူမဆီတွင် မျက်လုံးရွဲကြီးများ ရှိနေ၏။ မည်သို့ဖြစ်စေကာမူ သူမ၏ပုံသဏ္ဍာန်က သန့်စင်ပြီး ရိုးရှင်းလှသည်။

သူမက ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လူငယ်လေး၏နောက်တွင် ပုန်းအောင်း၍ ရပ်နေခဲ့၏။သူမက မုန့်ချီကို ခိုးခိုးကြည့်နေပြီး အနည်းငယ် ရှက်ရွံ့နေပုံရသည်။

မုန့်ချီက အိမ်နှင့် နှစ်ပေါင်းများစွာ ဝေးကွာနေပြီး သူ၏ဆွေမျိုးများကို မမှတ်မိမှာစိုးသည့်အတွက် မျက်နှာရှည်ရှည်နှင့် လူကြီးက ပြောလိုက်သည်။

"ဒါကတော့ စတုတ္ထသခင်လေး...။ သခင်ကြီး(၅)ရဲ့သားလေ..။ အခုသူ့ကို အမတ်ကတော်ရဲ့နာမည်နဲ့ မွေးစားထားတယ်..။ ဒါကတော့ ဆဌမသခင်မလေး.။ သခင်လေးရဲ့ညီမလေ…"

"နာမည် မွေးစားထားတာလား…"

မုန့်ချီက အနည်းငယ်ထိတ်လန့်အံ့သြသွားခဲ့သော်လည်း ချက်ချင်း နားလည်သွားခဲ့သည်။ အမတ်ကြီးစုတွင် သား(၂)ယောက်သာ ရှိ၏။ တစ်ယောက်ကတော့ ဘုန်းတော်ကြီးတစ်ပါး ဖြစ်နေခဲ့ပြီး တခြားတစ်ယောက်ကတော့ ကုသ၍မရနိုင်သော ရောဂါတစ်ခုဖြစ်နေသည်။ သူက မကြာခဏဆိုသလို ဝေဒနာများ ပြန်ပေါ်လာတတ်၏။

ထိုအခြေအနေအရ သူ၏နာမည်ကို ဆက်ခံမည့်သူတစ်ယောက်မျှ မရှိချေ။ ထို့ကြောင့် တခြားတစ်ယောက်ကို သူတို့၏ နာမည်ခံထားခိုင်းခြင်းဖြစ်သည်။

"အစ်ကို(၂)လား..။ ငါကတော့ မင်းရဲ့ညီလေးစုကျိယုပါ.."

လူငယ်က လက်တစ်ဖက်ဆုပ်ပြီး အရိုအသေပေးလိုက်သည်။ သို့သော် သူ့ပုံစံက လေးနက်မှုမရှိချေ။

မုန့်ချီကတော့ မိသားစုနှင့် ပတ်သက်ပြီး အနည်းငယ် လေ့လာထားသည့်အတွက် နာမည်အလယ်တွင် ကျိ ပါသူများက တိုက်ရိုက်မျိုးဆက်ဖြစ်ကြောင်း သိထားသည်။ ရွှေမျက်လုံး လူဆိုးထိန်းစုယွဲ့၏ ဒုတိယသားဖြစ်သူ နာမည်က စုတင်းယုဖြစ်သည်။

ကြည့်ရသည်မှာ သူက အိမ်တော်ထဲသို့ ရွှေ့ပြောင်းလာပြီး အမတ်ကတော်၏နာမည်အောက်တွင် မွေးစားထားပြီးနောက် တခြားသော နာမည်တစ်ခုကို ပြောင်းလဲထားပုံရသည်။ ထိုအရာကလည်း သိပ်ကြာသေးပုံမရချေ။

မုန့်ချီက ထိုအရာကိုသိရမည်ဖြစ်၏။ မိန်းမပျိုကလည်း နောက်မှလိုက်လာပြီး သူ့ကို နှုတ်ဆက်လိုက်၏။

"ကျွန်မကတော့ အစ်ကို့ရဲ့ညီမလေး စုကျိယွဲ့ပါ..။ ကျွန်မတို့ အရင်က တွေ့ဖူးမယ်လို့ ယုံကြည်ပါတယ်…"

သူမ၏ပါး(၂)ဖက်က နီရဲနေသည့်အတွက် ရှက်ရွံ့မှုကို ပြသနေသည်။ လော့ရန်တွင် သတ်ဖြတ်ရေးဓား၏ နာမည်က နာမည်ကျော်ကြားနေပြီး အထက်တန်းလွှာ မိသားစုများနှင့် တပည့်များ ကြားထဲတွင် အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့၏။ သူ့ကို လေးစားအားကျသူများစွာရှိနေပြီး သူတို့ထဲတွင် စုကျိယွဲ့လည်း အပါအဝင်ဖြစ်သည်။

ထို့နောက် မုန့်ချီက သိုင်းလောကတစ်ခွင်လုံး ပြဿနာရှာခဲ့သော မြေခွေးဘုရင်ကို ခေါင်းဖြတ်ခဲ့သည့်အချိန်တွင် သူ၏နောက်ကြောင်းက တဖြည်းဖြည်း ပေါ်လာရ၏။ သတ်ဖြတ်ရေးဓားက သူမ၏အစ်ကို ဖြစ်နေသည့်အတွက် စုကျိယွဲ့ကတော့ အလွန်အံ့သြပြီး ဝမ်းသာနေခဲ့သည်။ မုန့်ချီက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်ပြီး သူတို့(၂)ယောက်ကို ပြုံးပြလိုက်၏။

"ငါက မင်းတို့(၂)ယောက်လုံးကို မမှတ်မိသလောက်ပဲ..”

“အမှန်အတိုင်း ပြောရရင်တော့ ငါက ဘယ်သူ့ကိုမှ မမှတ်မိဘူး..”

မုန့်ချီက တစ်ယောက်တည်း စိတ်ထဲတွင် ရေရွတ်လိုက်သည်။

စုကျိယုနှင့် စုကျိယွဲ့တို့ စကားပြောနေသည်ကို မြင်သောအခါ ခေါင်းရှည်ရှည်နှင့် လူက ချက်ချင်းဖြတ်ပြောလိုက်သည်။

"ဆဌမသခင်မလေး…

နောက်ပိုင်းမှာ စကားပြောဖို့ အခွင့်အရေးတွေ ရှိပါသေးတယ်..။ အခုတော့ အမတ်ကြီးက ဒုတိယသခင်လေးကို စောင့်နေပါတယ်…"

ထိုစကားများကို ပြောလိုက်ပြီးနောက် သူက မုန့်ချီကို လျင်လျင်မြန်မြန် ဦးဆောင်ခေါ်သွားခဲ့၏။ ထိုစကားကြောင့် စုကျိယုနှင့် စုကျိယွဲ့တို့က အနည်းငယ် အံ့ဩသွားခဲ့သည်။ ခဏကြာ အနည်းငယ် မှတ်ချက်ပေးပြီးနောက် သူတို့က နောက်တွင် ကျန်နေခဲ့၏။

သူတို့က ပင်မစံအိမ်တော်ကို ဝင်လာခဲ့သည့်အချိန်တွင် အပြင်ဘက်၌ ရပ်စောင့်နေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူကတော့ တည်ကြည်ခန့်ညားသော အမူအရာမျိုးရှိပြီး သူ၏နှုတ်ခမ်းအပေါ် တစ်ဖက်ဆီတိုင်းတွင် မုတ်ဆိတ်မွေးများ ပေါက်နေခဲ့သည်။

သူက ရွှေရောင်လူဆိုးထိန်းဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ရွှေမျက်လုံးတချို့ ချိတ်ထားသည်။ ထိုအရာများက အလင်းရောင်များကို စုပ်ယူနေပုံရသည်။ ထိုမျက်လုံးများ၏ အနားတွင်တော့ သာမာန်ဓားရှည်တစ်ချောင်း ချိတ်ဆွဲထား၏။

မုန့်ချီက တွေးလိုက်မိသည်။

"ရွှေမျက်လုံး လူဆိုးထိန်းစုယွဲ့..."

စုယွဲ့က မုန့်ချီကဲ့သို့ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းသည်။ သူ၏ရုပ်ရည်အရ သူက အသက်(၅၀)ကျော်ပြီဟု မည်သူကမျှမပြောနိုင်ကြချေ။

သူက မုန့်ချီ၏အနားသို့ရောက်လာပြီး အပြုံးနှင့် ပြောလိုက်၏။

"စုကလန်ရဲ့ နာမည်ကျော်သားလေး ပြန်ရောက်လာပြီပဲ..."

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး စကားတစ်ခွန်းမျှမပြောခဲ့ပေ။ သူကတော့ ဤနေရာတွင် ရှိနေသော အရာအားလုံးနှင့် မပတ်သက်သလို ဟန်ဆောင်ရန် ကြိုးစားထား၏။

စုယွဲ့ကတော့ မည်သည့်အရာကိုမျှ ဂရုစိုက်မနေဘဲ မုန့်ချီ၏ပုခုံးကို ပုတ်လိုက်သည်။

"မင်းပြန်လာတာကောင်းတယ်...။ လူငယ်တစ်ယောက်က အခြေအမြစ်မရှိတာ မဖြစ်သင့်ဘူးလေ...။ မင်းက လွန်ခဲ့တဲ့နှစ်တွေအတွင်း အန္တရာယ်တွေ အများကြီး ကြုံခဲ့ရတယ်..။ အောင်မြင်မှုတွေလည်း အများကြီးရခဲ့တယ်..။ အခုအိမ်မှာ စိတ်အေးလက်အေး နေနိုင်ြုပီပေါ့..."

တစ်ချိန်တည်းတွင် စုကျိယုနှင့်စုကျိယွဲ့တို့ နောက်မှ လိုက်လာသည်ကို သူမြင်လိုက်ရသည်။

"လော့ရန်မှာရှိတဲ့ အထက်တန်းလွှာ မိသားစုတွေထဲမှာ သိုင်းလောကကို စိန်ခေါ်နိုင်တဲ့ စိန်ခေါ်သူတွေ တော်တော်လေး နည်းနေပြီ..။ အရင်တုန်းကဆိုရင် မင်းအဖေနဲ့ငါက အနောက်မြောက်ပိုင်းနယ်မြေထဲကို (၂)ယောက်တည်း ခရီးသွားခဲ့ကြတာ…"

စကားပြောနေရင်း သူတို့က ခန်းမထဲကို ဝင်လာခဲ့ကြသည်။ အတွင်းထဲတွင်တော့ လက်နောက်ပစ်ထားသော လူတစ်ယောက် ရပ်နေခဲ့၏။သူ၏ မျက်နှာပုံပန်းသဏ္ဍာန်က မုန့်ချီနှင့်‌အတော်လေးကို ဆင်တူနေသည်။ သို့သော် သက်လတ်ပိုင်းအရွယ်တွင် သူ၏ပုံသဏ္ဍာန်က ပို၍ထူးခြားနေပြီး ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းသည့်အပြင် မျက်နှာအမူအရာက အလွန်လေးနက်နေသည်။ ထိုအရာက ကလေးဆန်သော မုန့်ချီ၏ပုံစံနှင့် ဆန့်ကျင်ဖက်ဖြစ်၏။ သူ့ဆီတွင် မုတ်ဆိတ်ရှည်ကြီးတစ်ခုရှိနေပြီး သူက အလွန်ရှုပ်ထွေးသော အမူအရာနှင့် မုန့်ချီကို လေ့လာနေခဲ့သည်။

သူက စကားတစ်ခွန်းမျှမပြောဘဲ သူ့နောက်တွင် တခြားသူအနည်းငယ် ပေါ်လာခဲ့သည်။ ပထမဆုံးတစ်ယောက်ကတော့ အလွန်ချောမောခန့်ညားသော အမတ်ကြီးကတော်ဖြစ်၏။ သူမဆီတွင် အလှတရားများ ရှိနေပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ ယခုထိ မရှိသေးပေ။

သူမက မုန့်ချီကို အေးစက်စွာ စိုက်ကြည့်နေခဲ့၏။

"မင်းက ဘာလို့ ဒီကိုရောက်လာတာလဲ..."

အမတ်ကြီးစုလီက အသံတိုးတိုးနှင့် မေးလိုက်သည်။

"သူက သူရဲ့ညီကို တွေ့ဖို့လာတာ နေမှာပေါ့..."

အမတ်ကတော်၏ မျက်နှာပေါ်တွင် အပြုံးအနည်းငယ်လေးပင် မရှိချေ။ တရားဝင် လက်ထပ်ထားသည့်အတွက် အမတ်ကြီးစုလီ၏ သားများအားလုံးက သူမကိုအမေဟု ခေါ်ရသည်။ စုလီ၏အနားတွင် လူအနည်းငယ် ရပ်နေကြပြီး တခြားလူများကတော့ ရွှေမျက်လုံးလူဆိုးထိန်းစုယွဲ့၏ အနားတွင် ရပ်နေကြသည်။

စုယွဲ့‌၏ဘေးတွင် ရပ်နေသူတစ်ယောက်က ရုတ်တရက်ရယ်လိုက်၏။

"ဒုတိယသခင်လေးက လော့ရန်ကို ပြန်လာတယ်ဆိုတာ ဒီမှာအရေးကြီးတဲ့ကိစ္ဓတွေ လုပ်စရာရှိနေလို့ မဟုတ်လား..."

စုကျိယု၏မျက်နှာ ပုံပန်းသဏ္ဍာန်မျိုးရှိနေသော သူကတော့ စုယွဲ့၏အကြီးဆုံးသား စုတင်းယုဖြစ်သည်။ ထိုစကားလုံးများကို ပြောလိုက်သည့်အချိန်တွင် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး အမတ်ကတော်၏ အမူအရာက ပို၍ပင်အေးစက်သွားခဲ့၏။

စုကျိယုကလည်း မသက်မသာ ခံစားနေရသည်။ စုကျိယွမ်က အမတ်ကြီး၏ အဆင့်အတန်းမြင့်မားမှုကို ယှဉ်ပြိုင်ရန် အိမ်သို့ပြန်လာခြင်းပေလော။ သိုင်းပညာက လူတိုင်းလေးစားစရာဖြစ်သော်လည်း သူကတော့ အမတ်ကတော်၏ နာမည်အောက်တွင် မွေးစားခံထားရသည့်အတွက် ကိုယ်လုပ်တော်တစ်ယောက်၏သားထက် ပို၍ အဆင့်မြင့်သည်။ သို့သော် စုကလန်က အတွေးအခေါ် မိသားစုတစ်ခု မဟုတ်သည့်အတွက် သူ့အစွမ်းနှင့်စွမ်းရည်က လုံးဝမဖြစ်နိုင်တော့ပေ။

မုန့်ချီက မျက်လုံးမှိတ်နေသော်လည်း ရှေ့တွင် ရှိနေသော လူပေါင်းများစွာက သူ့ခေါင်းထဲတွင် ပေါ်လာကြသည်။ ကီဟွေလျှံနှင့် စုကျိယွဲ့ကလွဲလျှင် ဤနေရာတွင် ရှိနေသော လူတိုင်းဆီ၌ မျက်နှာဖုံး(၁)မျိုးမျိုးဆီ ရှိနေကြ၏။

သူက နောက်တစ်ကြိမ် မျက်လုံးဖွင့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။

"လော့ရန်မှာ သစ်သီးပွဲတော်ကျင်းပမယ်လို့ ကျွန်တော်ကြားတယ်။ ကျွန်တော်က ဒီမှာ သိုင်းလောကသားတွေနဲ့ တွေ့ခွင့်ရဖို့ ဆုတောင်းနေခဲ့တာ..."

သူကတော့ အဓိကဦးတည်ချက်ကိုသာ ပြောလိုက်သည်။

"ပြီးတော့ ဘာရှိသေးလဲ...အဲဒါပဲလား..."

စုတင်းယုက အပြုံးနှင့် ပြောလိုက်သည်။

မုန့်ချီ၏အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူက သူပြောချင်သည့်အရာကို ဆက်ပြောလိုက်၏။

"တကယ်လို့ ဝေ့ကျင်းအဆင့်ကို ရောက်သွားမယ်ဆိုရင်တောင် လူတစ်ယောက်ရဲ့ သက်တမ်းက ရာစုနှစ်တစ်ခု‌စာလောက်ပဲ ရှိတယ်။ ပြီးတော့ အရေးအကြီးဆုံးအပိုင်းက လုံလောက်အောင် အစွမ်းမထက်ဘူးဆိုရင် ဘယ်နေရာကိုမှ တစ်ယောက်တည်း သွားလို့မရဘူး...။ ဒါကြောင့် နန်းတွင်းတရားရုံး၊ အဆင့်အတန်းမြင့်မားမှုနဲ့ စံအိမ်တွေအားလုံးက လူတိုင်း စိတ်ဝင်စားစရာဖြစ်လာတာပဲ..။ ဒီလိုဆိုရင် သူတို့ရဲ့မျိုးဆက်တွေက လူ့အဖွဲ့အစည်းထဲမှာ အဆင့်အတန်းမြင့်မြင့်နဲ့ ကြွယ်ဝချမ်းသာစွာ နေထိုင်ပြီး သူတို့ရဲ့ နောက်ပိုင်းမျိုးဆက်ကို အဆင်ပြေအောင် လုပ်ပေးနိုင်တယ်...”

“ဒါက သက်ရှိတိုင်းရဲ့သဘာဝပဲ။ ဒါပေမယ့် ပျံသန်းနိုင်တဲ့ အစစ်အမှန် စွမ်းအားရှိနေသူတွေ၊ အချိန်အကြာကြီး အသက်ရှင်နိုင်တဲ့သူတွေအတွက်တော့ အဲဒီလိုအဆင့်အတန်းမြင့်မားမှုဆိုတာတွေက မျက်စိတမှိတ်စာပဲရှိတယ်..။ စုကလန်က လွန်ခဲ့တဲ့မျိုးဆက်(၅)ခုလောက်မှာ ဒီလိုအဆင့်အတန်းမြင့်မားမှုကို ရရှိခဲ့တယ်။ အဲဒီအချိန်မှာ မြောက်ပိုင်းကျိုးအင်ပါယာချုံနဲ့ သူ့ရဲ့မျိုးဆက်တွေကတော့ သိုင်းလောကထဲကိုတောင် ရောက်နေပြီ…"

သူက လူတိုင်းကို လှည့်ပတ်ကြည့်လိုက်သည်။

"ကျွန်တော်က ထူးချွန်တယ်လို့ မသတ်မှတ်နိုင်ပေမယ့် သိုင်းပညာမှာ ကျွန်တော့်ရဲ့အမြင်တွေက အရမ်းမြင့်တယ်..။ ကျွန်တော်က ရှေးဦးတည်ထောင်သူတွေ၊ ရှေးဟောင်းအင်မော်တယ်တွေနဲ့ ယှဉ်နိုင်ဖို့ ဆန္ဒရှိတယ်။ ကျွန်တော်က နာမည်တွေ၊ဂုဏ်ပုဒ်တွေကိုတော့ စိတ်မဝင်စားဘူး..."

အနောက်သို့ခရီးသွားခြင်းကမ္ဘာကြီး တည်ရှိနေသည့်အတွက် မု့န်ချီကတော့ ထိုအရာများကို ခံစားမိခဲ့သည်။ ဓမ္မကာရအဆင့် သက်တမ်းကပင် အလွန်အမင်း တိုတောင်းလှ၏။

"တော်တော်မာနကြီးတာပဲ..."

စုကလန်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ မုန့်ချီ၏တုံ့ပြန်မှုက သူတို့၏ အဆင့်အတန်းမြင့်မားမှုကိုပင် အလေးမထားသလို ဖြစ်နေလိမ့်မည်ဟု ရွှေမျက်လုံးလူဆိုးထိန်းကလည်း လုံးဝ မစဉ်းစားမိခဲ့ချေ။

"သူက တကယ့်ကို နာမည်ဂုဏ်သတင်းနဲ့လိုက်အောင် ရူးတာပဲ..."

မုန့်ချီကတော့ သူတို့ကိုကြည့်မနေဘဲ ပုံမှန်လေသံနှင့်ပြောလိုက်၏။

"ကျွန်တော့်အမေကို ဘယ်နေရာမှာ မြှုပ်ထားတာလဲ..။ တစ်ယောက်ယောက်က ကျွန်တော့်ကို လမ်းပြပေးဖို့ မျှော်လင့်ပါတယ်..။ ကျွန်တော်က သူ့ရဲ့အုတ်ဂူကိုသွားပြီး သန့်ရှင်းရေး လုပ်ပေးချင်တယ်…"

Translated by Hein Htet

All Chapters