← Chapters

အခန်း (၄၇၆)

Vol. 32 Ch. 476

အခန်း (၄၇၆)

Vol. 32 Ch. 476

နှစ်သန်းပေါင်းများစွာ အတောအတွင်း လူအနည်းငယ်ကသာ ဓမ္မကာရအဆင့်ကို ရောက်ရှိနိုင်သော အစွမ်းနှင့် ခွန်အားမျိုး ရှိနေတတ်သည်။ အမှန်အတိုင်းပြောရလျှင် အလွန်နာမည်ကျော်ကြားခဲ့သော စုဝူမင်ကပင် ဓမ္မကာရ တစ်ဝက်အဆင့်၌ နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့၏။ သူ၏အဆင့်တက်မှုကိုလည်း ယခုအချိန်ထိ မတွေ့ရသေးပေ။ သူက တစ်နေ့နေ့တွင် အင်မော်တယ်အဖြစ် ရောက်ရှိခြင်းရှိမရှိ ပြောပြရန်လည်း ခက်ခဲနေ၏။

ယခုတော့ ဓမ္မကာရအဆင့်ကို ရောက်ရှိနိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော အရူးလေးတစ်ယောက် ရှိနေသေးသည်။ လူငယ်မှတ်တမ်း၏ နံပါတ်(၁)တွင် ရှိနေသော လူတစ်ယောက်၏ ပန်းတိုင်က ဓမ္မကာရအဆင့်ကို ရောက်ရှိခြင်းဖြစ်မည်ဟု ပုံသေသတ်မှတ်၍ မရနိုင်ပေ။

သမိုင်းကြောင်းထဲတွင် (၂) ယောက် (၃) ယောက်ခန့်ကသာ ထိုကဲ့သို့ အောင်မြင်မှုမျိုး ရှိနိုင်ပြီး တခြားလူများကတော့ ဝေ့ကျင်းအဆင့်ကိုသာ ဖြတ်ကျော်နိုင်ခဲ့၏။ ဟယ်ကျူးနှင့် ဝမ်စစ်ယွမ်တို့ (၂) ယောက်လုံးက တစ်ကြိမ်တည်းနှင့် ဝေ့ကျင်းအဆင့် အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့ကြသည့်အတွက် သူတို့ကတော့ ထိုကဲ့သို့ စကားမျိုးကို ပြောနိုင်သည်။

စုမိသားစုဝင်များကတော့ သူ၏မောက်မာမှုနှင့် အထင်ကြီးမှုများကို ခံစားနေရ၏။ စုကျိယွဲ့တစ်ယောက်တည်းကသာ မုန့်ချီကို လေးစားသော မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။

သူမ၏မျက်လုံးထဲတွင်တော့ သူမ၏အစ်ကို (၂) က သာမာန်အမြင်များနှင့် ဆန့်ကျင်ပြီး အထက်တန်းလွှာမိသားစုမှ သခင်လေးများ လျှောက်လှမ်းသော လမ်းကြောင်းကို သွေဖယ်၍ ကြွယ်ဝချမ်းသာမှုများကို စိတ်မဝင်စားချေ။ ထိုအစား သူကတော့ အဆင့်မြင့်သခင်လေးများ၏ အရည်အသွေး နိမ့်ကျမှုနှင့် သူတို့၏ မျိုးနွယ်စုနာမည်အပေါ် သာယာနေမှုကို ရှုံ့ချပြောဆိုခဲ့သည်။

သူကမှ အစစ်အမှန် သူရဲကောင်းတစ်ယောက် ဖြစ်၏။ ထိုအရာက အမှန်တကယ်ကို သတ်ဖြတ်ရေးဓားလည်း ဖြစ်သည်။ ထို့ကြောင့်လည်း သူက လူငယ်မှတ်တမ်းတွင် နံပါတ်(၁) ဖြစ်နေရခြင်း ဖြစ်၏။

မုန့်ချီ၏ ကြွေးကြော်မှုကို ကြားသည့်အခါ အမတ်ကြီးစုလီက မျက်မှောင်ကြုတ်လိုက်မိသည်။

"ရယ်စရာပါလားကွာ။ မင်းရဲ့အမေက သူ မြှုပ်ထားတဲ့နေရာမှာပဲ ရှိနေပါသေးတယ်…"

မုန့်ချီက သူ့အမေ၏ အုတ်ဂူကို မထင်မရှား နေရာတစ်ခုတွင် ရွှေ့ထားသည်ဟု တွေးနေသည့်အတွက် စုမိသားစုကို အပြစ်တင်နေခြင်းဖြစ်သည်ဟု သူက တွေးခဲ့မိသည်။

"ကျွန်တော် ဒီကိုမရောက်တာက တော်တော်လေး ကြာနေပြီဆိုတော့ စံအိမ်တော်ထဲမှာရှိတဲ့ လမ်းကြောင်းတွေကို မမှတ်မိတော့ဘူး…"

မုန့်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

အကယ်၍ သူကသာ ထိုအကြောင်းအရာကို ရှောင်တိမ်းလိုက်မည်ဆိုလျှင် မလိုလားအပ်သော အလေးထားမှုများ သံသယများကို ဖိတ်ခေါ်သလို ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ဤနေရာတွင် အချိန်ကြာမြင့်စွာ မရှိခဲ့သော ဆင်ခြေတစ်ခုကိုသာ သုံးလိုက်ရ၏။

စုလီက သူ့အနားတွင် ရှိနေသော လူငယ်လေးကို ကြည့်လိုက်သည်။

"ကျိဟွာ …

မင်းရဲ့ညီလေးကို ခေါ်သွားလိုက်ပါ။ ငါတို့ရဲ့ဘိုးဘေးတွေကို အရိုအသေပေးဖို့ လိုက်ပြပေးလိုက်..."

ထိုလူငယ်က အသက် (၂၀) ဝန်းကျင်ရှိပြီး သူ့ပုံစံက စုလီနှင့် တူညီနေသည်။ သို့သော် သူက ပို၍အရပ်ရှည်၏။ သို့သော် သူ၏ရုပ်ရည်က မည်းမှောင်နေပြီး တိတ်တိတ်နေတတ်သော အကျင့်စရိုက် ရှိပုံရသည်။

"ဟုတ်ကဲ့ပါ အဖေ…"

စုကျိဟွာ၏အသံက သိမ်မွေ့ညင်သာနေသည်မှာ ကျောက်စိမ်းတုံးလေး တစ်ခုကဲ့သို့ ဖြစ်နေသည်။ သူက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်ပြီး မုန့်ချီကို စံအိမ်တော်ထဲမှ ဦးဆောင်ခေါ်သွားခဲ့၏။

ခြံဝန်းထဲမှ ထွက်မသွားခင် မုန့်ချီက ကီဟွေလျှံ၏ တီးတိုးရေရွတ်သံကို ကြားလိုက်ရသည်။

"သူက အိမ်ပြန်ရောက်လာတာကိုတောင် ဘိုးဘေးတွေကို အရိုအသေပေးဖို့ မစဉ်းစားဘူး။ သူက သူ့ကိုယ်လုပ်တော်အမေရဲ့အုတ်ဂူကိုပဲ ရှင်းချင်နေတာ..။ တကယ့်ကို စုမိသားစုရဲ့ သခင်လေး တစ်ယောက်ပါလား…”

“သူ့ရဲ့ရန်လိုမှုတွေက တော်တော်သိသာနေတယ်…"

မုန့်ချီက တစ်ယောက်တည်း ခေါင်းညိတ်၍ တွေးနေမိသည်။

စုကျိဟွာကတော့ တစ်ချိန်လုံး စကားအနည်းငယ်သာပြောပြီး မုန့်ချီကို စံအိမ်အပြင်ဘက်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ထို့နောက် မြင်းလှည်းပေါ်သို့ တက်သွားခဲ့၏။ သူတို့က မြို့ထဲမှ ထွက်လာပြီး သင်္ချိုင်းရှိရာကို ရောက်လာခဲ့ကြသည်။

"ဒီနေရာပဲ…"

စုကျိဟွာက တစ်ခုတည်းသော အုတ်ဂူကို လက်ညှိုးထိုးပြလိုက်၏။

သူတို့ကတော့ သင်္ချိုင်း၏အစွန်တွင်ရပ်နေပြီး ထိုနေရာတွင်တော့ အုတ်ဂူတစ်ခုတည်းသာ ရှိသည်။ ထိုအရာကတော့ မြင်းမျက်နှာနှင့် လူကြီး ပြောလိုက်သည့်အတိုင်း တစ်ထပ်တည်း ဖြစ်၏။ သူထင်ထားသည်နှင့် ဆန့်ကျင်နေသည်မှာ အုတ်ဂူ၏ ပတ်ပတ်လည်တွင် ရှိနေသော ပေါင်းပင်မြက်ပင်များကို အစေခံများက ရှင်းလင်းထားခြင်းဖြစ်သည်။

အုတ်ဂူပေါ်တွင် ထန်ရှီဟူသော စကားလုံးကို မြင်လိုက်ရသည့်အခါ မုန့်ချီက သက်ပြင်းချလိုက်မိပြီး ခေါင်းထဲတွင် ရှုပ်ထွေးနေသော အတွေးများကို ရှင်းလင်းလိုက်သည်။

သူကတော့ လက်ရှိ ပိုင်ဆိုင်ထားသော ခန္ဓာကိုယ်၏မိခင်ကို တည်ငြိမ်စွာ အရိုအသေ ပေးလိုက်၏။ သူမ၏ကျေးဇူးကြောင့်သာ သူက သူ့ဆရာ၏ အလေးထားမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူက မည်သည့်လမ်းညွှန်မှုမျှ မရှိသည့်အတွက် သံသရာတာဝန်များထဲတွင် သေဆုံးသွားနိုင်ပြီး သူ၏သိုင်းပညာကလည်း မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်မည် မဟုတ်ချေ။

"ခင်ဗျားရဲ့သားက ကျင့်စဉ်လောကမှာ အောင်မြင်သွားပြီး လောကတစ်ခွင်လုံးမှာ နာမည်ကျော်ကြားနေပြီ။ အခုတော့ ခင်ဗျားက စိတ်အေးအေးနဲ့ အနားယူနိုင်ပါပြီ…"

သူက အကြိမ်ကြိမ် ဦးညွှတ်လိုက်၏။ သူ၏အစိမ်းရောင် ဝတ်စုံကတော့ လုံးဝလှုပ်ရှားခြင်းမရှိဘဲ စိတ်ထဲတွင် ရှင်းလင်းနေသည်။

ထိုအချိန်တွင် စုကျိဟွာက သူ့နောက်သို့ လျှောက်လာပြီး သူလည်း ဦးညွှတ်လိုက်ကြောင်း ခံစားမိလိုက်၏။

"ဦးလေး (၅) ကို သတိထားပါ…"

စုကျိဟွာက အုတ်ဂူကို စိုက်ကြည့်နေရင်း တစ်ယောက်တည်း တီးတိုးရေရွတ်နေသည့်အလား ပြောလိုက်၏။ သူ့အသံက အလွန် တိုးလွန်းလှသည့်အတွက် (၂) ယောက်တည်းသာ ကြားရသည်။

"ဦးလေး (၅) ဟုတ်လား။ ရွှေမျက်လုံးလူဆိုးထိန်း စုယွဲ့လား…"

မုန့်ချီက ပြန်လှည့်မကြည့်ဘဲ ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်၏။

"မင်းက ကီဟွေလျှံကို ပြောချင်တာ မဟုတ်ဘူးလား…"

မုန့်ချီကတော့ အကြီးအကဲ၏ နာမည်ကို တိုက်ရိုက်ခေါ်လိုက်ကြောင်း ကြားသည့်အတွက် စုကျိဟွာက အံ့သြသွားပုံရသည်။ မုန့်ချီကတော့ အမှန်တကယ်ကို မာနကြီးသော လူတစ်ယောက် ဖြစ်သည်။

သူက ခံစားချက်များကို ထိန်းချုပ်ပြီး ပြုံးလိုက်၏။

"သူလား...။ မင်းက ငါမပြောရင်တောင် သူ့ကို သတိထားနေဦးမှာပဲ မဟုတ်လား။ သူက ရူးနေတာ တော်တော်လေးကြာပြီ။ တကယ်လို့ အရင်နှစ်တွေအတောအတွင်း မင်းရဲ့နောက်ကြောင်းသာ ပေါ်မလာဘူးဆိုရင် အဖေကလည်း မင်းကို သူ့ဆီကနေ ဖုံးကွယ်ဖို့ အကောင်းဆုံး ကြိုးစားနေဦးမှာပဲ။ သူက ရူးသွပ်တဲ့အရာ တစ်ခုခုလုပ်လိုက်မှာကို အဖေက ကြောက်နေတာ...။ ဒါပေမဲ့ မင်းက လော့ရန်ကို ရောက်နေမှတော့ သူနဲ့ပတ်သက်ပြီး စိုးရိမ်စရာ မလိုတော့ဘူး…."

မုန့်ချီက နောက်ထပ်မေးခွန်းများ မေးချင်နေသော်လည်း စုကျိဟွာကတော့ မြင်းလှည်းဆီသို့ ပြန်လျှောက်သွားကြောင်း မြင်လိုက်ရသည်။ သူကတော့ ပုံမှန်အတိုင်း တိတ်ဆိတ်နေပြီး နောက်ထပ်စကားပြောချင်စိတ် ရှိပုံမရချေ။

"နာမကျန်း ခံစားနေရပြီး ရံဖန်ရံကာ ရူးသွပ်သွားတတ်တယ်…"

မုန့်ချီက စုကျိဟွာ၏ နောက်ကျောကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။ ထို့နောက် သူတို့က စကားတစ်ခွန်းမျှ မပြောကြပဲ စံအိမ်သို့ ပြန်လာခဲ့ကြသည်။

ပင်မခန်းမထဲတွင် လူတိုင်းက နေရာအသီးသီးတွင် ထိုင်နေကြ၏။ သို့သော် အလယ်တွင် ရှိနေသော ထိုင်ခုံတွင် ထိုင်ထားသည်မှာ အမတ်ကြီးစု မဟုတ်ဘဲ နဂါးခေါင်းတောင်ဝှေး ကိုင်ထားသော အသက်ကြီးကြီး အဘွားအိုတစ်ယောက် ဖြစ်သည်။

သူမကတော့ တခြားလူမဟုတ်ဘဲ စုလီ၏အမေ ပိုင်ကျင်းလော်ဖြစ်ပြီး လော့ရန်တွင် ရှိနေသော ပိုင်မိသားစု၏ပထမဆုံး သခင်မလေးလည်း ဖြစ်သည်။ သူမ၏ဆံပင်များက အနက်ရောင်ဖြစ်နေပြီး သူမ၏မျက်နှာပေါ်တွင် အရေးအကြောင်းများ မရှိချေ။ အကယ်၍ အလွန်အဆင့်အတန်းမြင့်သော အဝတ်အစားက အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်၏ ပုံစံမျိုးမဟုတ်လျှင် သူမက အသက် (၈၀) ရှိနေပြီဟု မည်သူကမျှ ခန့်မှန်းမိလိမ့်မည် မဟုတ်ချေ။

"အဘွား..."

စုကျိဟွာက သူမကို ဦးညွှတ်လိုက်သည့်အတွက် အဘွားပိုင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သိပ်မကြာခင် သူမက မုန့်ချီကို စိုက်ကြည့်လိုက်၏။

သူကတော့ စကားတစ်ခွန်းမျှမပြောဘဲ အကြီးအကဲတစ်ယောက်၏ရှေ့တွင် ထုံးတမ်းစဉ်လာအတိုင်း အရိုအသေပေးလိုက်သည်။

"အရမ်းကောင်းတယ်…"

အဘွားပိုင်က ရုတ်တရက် ချီးကျူးလိုက်၏။ သူမ၏ပုံစံကဲ့သို့ သူမ၏အသက်ကလည်း ကြီးသေးပုံ မရချေ။

"ငါတို့မိသားစုရဲ့ သမိုင်းကြောင်းထဲမှာ လူငယ်မှတ်တမ်းရဲ့ နံပါတ်(၁)နေရာကို ရောက်ဖူးတဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး။ အခုငါ့မှာ အဲဒီလိုမြေးတစ်ယောက် ရှိနေတယ်ဆိုတာ သိခွင့်ရခဲ့တော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေသွားလို့ရပြီ။ ငါတို့မျိုးဆက်က တခြားသူတွေနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ ဘယ်နေရာမှ အားမနည်းခဲ့ဘူး…"

စုလီ၊ စုယွဲ့တို့နှင့် ယှဉ်လိုက်မည်ဆိုလျှင် အဘွားပိုင်ကတော့ မုန့်ချီနှင့် ပို၍ရင်းနှီးလိုသော စိတ်ဆန္ဒရှိပုံရသည်။

ထိုအချိန်တွင် ကီဟွေလျှံက ခေါင်းမော့ပြီး မကျေမနပ် အမူအရာနှင့် ပြောလိုက်၏။

"တကယ်လို့ သူသာ အောင်အောင်မြင်မြင် မွေးဖွားလာခဲ့မယ်ဆိုရင် ကျွန်မရဲ့ကလေးကလည်း သူ့ထက် ပိုပြီးအစွမ်းထက်နိုင်တယ်။ သူက စုမိသားစုနဲ့ ကီမိသားစု (၂) ခုလုံးရဲ့သွေးမျိုးဆက်ကို သယ်ဆောင်ထားတာ။ သူ့ရဲ့ပါရမီက ပိုပြီးတော့တောင် ကောင်းနိုင်သေးတယ်…"

သူမ၏လေသံက တည်ငြိမ်အေးချမ်းသော်လည်း မုန့်ချီကတော့ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းထသွားသလို ခံစားလိုက်ရသည်။ ယခင်တုန်းက အဖြစ်အပျက်တွင် မည်သူက မှားယွင်းနေကြောင်း ဆုံးဖြတ်ရန် ခက်ခဲ၏။ ထိုအရာက လုံးဝကို ရှုပ်ထွေးနေသည်။

မုန့်ချီကတော့ ခန်းမကြီးထဲတွင် အလှဆင်ထားသော အရာများကို လိုက်ကြည့်နေပြီး အနည်းငယ် ကြောက်စရာကောင်းသော အရာတစ်ခုကို ရှာဖွေနေခဲ့၏။ အစွမ်းထက် အထက်တန်းလွှာ မိသားစုများက သမုဒ္ဒရာကြီးသဖွယ် နက်ရှိုင်းလွန်းလှပြီး သူတို့ဆီတွင် မကောင်းသော လုပ်ရပ်များစွာ ရှိနေသည်။

အဘွားပိုင်က တည်ငြိမ်စွာ ပြောလိုက်၏။

"ဟွေလျှံ ..

အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်တော့...။ အဲဒါက မတော်တဆဖြစ်ရပ်ပဲ။ ဘယ်သူကမှ အဲဒီအရာကိုမဖြစ်ချင်ဘူး…"

မုန့်ချီကတော့ သူမ၏စကားကို ဖြတ်ပြောလိုက်သည်။

"ပါရမီပိုကောင်းတာလား…"

လူတိုင်းက သူ့ကို လှည့်ကြည့်လိုက်ကြပြီး သူ ဘာပြောချင်နေကြောင်း သိချင်နေသည်။

"တကယ်လို့ ကျွန်တော်တို့က ဘဝအတွေ့အကြုံတွေအကြောင်း ပြောရမယ်ဆိုရင် ကျွန်တော့်အမေရဲ့အစ်ကိုက အသက်ငယ်ငယ်လေးနဲ့ ခန္ဓာကိုယ်အတွင်း အပြင်ကို ပေါင်းစပ်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။ အခုသူက ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်နေပြီ။ ထန်မိသားစုရဲ့မျိုးဆက်က ကီမိသားစုထက် နိမ့်ကျနေတာ တစ်ခုမှမရှိဘူး…"

မုန့်ချီက ထန်မိသားစု၏ကိုယ်စား ကာကွယ်ပြောဆိုခဲ့သည်။

“ရွှမ်ပိုင်…”

စုယွဲ့နှင့် တခြားလူများက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။

ကီဟွေလျှံက မတ်တပ်ရပ်လိုက်မိပြီး သူမ၏ရှေ့တွင် ရှိနေသော လူငယ်ကိုကြည့်၍ မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်လာသည်။

"ဒီလိုအရေးမပါတဲ့မိသားစုက ကျေးကျွန်တစ်ယောက်က ငါ့မိသားစုကို ယှဉ်နိုင်လို့လား.."

"အရေးမပါဘူးလား.."

မုန့်ချီက အားရပါးရ ရယ်လိုက်သည်။

"လော့ရန်မှာရှိတဲ့ အထက်တန်းလွှာ မိသားစုတွေက စည်းစိမ်ယစ်မူးနေကြပြီး ရေကန်ထဲက ဖားတွေလို ဖြစ်နေပြီ။ ကမ္ဘာကြီးထဲမှာရှိတဲ့ သူရဲကောင်းတွေကိုတောင် မသိတော့ဘူးပဲ။ မျိုးဆက်သစ်တွေက လူဟောင်းတွေနေရာမှာ အစားထိုးလာတာပဲလေ။ အခု ကီမိသားစုထဲမှာ ဘယ်လူငယ်ကရော ပါရမီရှိတယ်လို့ သတ်မှတ်နိုင်လို့လဲ။ ခင်ဗျားတို့ မိသားစုက ထူးခြားပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ဝေ့ကျင်းအဆင့် ပညာရှင်တွေရဲ့အောက်မှာ အရာအားလုံးက ပုပ်ပွနေတာပဲ…"

ကီဟွေလျှံ ရှုံ့မဲ့ပြီး မျက်နှာပျက်သွားခဲ့၏။

"မင်းက ငါတို့မိသားစုရဲ့ပညာရှင်တွေကိုတောင် နှိမ့်ချရဲတာလား…"

မုန့်ချီ၏အပြုံးက ပျောက်ကွယ်သွားပြီး လက်နောက်ပစ်၍ ပြောလိုက်သည်။

"ကျုပ်က သူတို့ကို နှိမ့်ချတော့ရော ဘာဖြစ်လဲ။ တကယ်လို့ ကျုပ်က အဲဒီလို ပြောရဲတယ်ဆိုရင် သူတို့က အဲဒါကို လက်ခံရမှာပဲလေ.."

သူ့လေသံက အလွန်သေချာနေပြီး လုံးဝကွဲပြားမှု မရှိပေ။ ထို့ကြောင့် စုကျိယုနှင့် တခြားလူများက သတိပြန်ဝင်လာကြ၏။ ထိုလူငယ်က အမှန်တကယ်ကို လူငယ်မှတ်တမ်း၏ နံပတ်(၁) ဖြစ်သည်။ သူက လူငယ်မျိုးဆက်များထဲတွင် အစွမ်းထက်ဆုံးဖြစ်ပြီး သူက ပြီးပြည့်စုံသော ဝေ့ကျင်းတစ်ဝက်အဆင့် သို့မဟုတ် ဝေကျင်းအဆင့်ကို မရောက်နိုင်ဟု မည်သူကမျှ မပြောနိုင်ခဲ့ပေ။ သူက ထိုအဆင့်ကို ရောက်နေသည်ဟုပင် သတ်မှတ်နိုင်၏။

အကယ်၍ ကီမိသားစုတွင်သာ အလားတူ စွမ်းရည်ရှိသော လူငယ်များ ရှိနေမည်ဆိုလျှင် သူတို့က လူငယ်မှတ်တမ်းပေါ်ကို ရောက်နေပြီဖြစ်သည်။ အရေးကြီးဆုံးအရာကတော့ စုကျိယွမ်က ယခုအချိန်ထိ အသက် (၂၀)ပင် မရှိသေးပေ။ သူ့အသက်အရွယ်တွင် ယခုလိုအဆင့်နှင့် အစွမ်းကို ရရှိထားသည့်အတွက် ဟယ်ကျူး၊ ဝမ်စစ်ယွမ်နှင့် တခြားလူများကပင် ထိုအရာမျိုး မလုပ်နိုင်ကြပေ။

ကီဟွေလျှံ၏ မျက်လုံးထဲတွင် ဒေါသများ ပြည့်နှက်နေပြီး လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။ ခန်းမကြီးထဲတွင် ရှိနေသော လေစီးကြောင်းများကလည်း ရုတ်တရက် မှေးမှိန်လာသည်။

မုန့်ချီကတော့ သူမ၏မျက်လုံးကို တည့်တည့်စိုက်ကြည့်နေပြီး အနည်းငယ်လေးပင် ကြောက်လန့်နေခြင်း မရှိချေ။ သို့သော် သူက စုယွဲ့နှင့် တခြားသူများ၏ တုံ့ပြန်မှုကိုလည်း စောင့်ကြည့်နေသေး၏။ ထိုသို့ဆိုလျှင် သူက ကီမိသားစု၏ အခြေအနေကို သိနိုင်သလို ရန်သူ၏ အခြေအနေကိုလည်း အကောင်းဆုံး နားလည်နိုင်သည်။

စုလီကတော့ စံအိမ်သခင်ဟူသော အဆင့်အတန်းကိုသုံးပြီး အခြေအနေကို ပြေလည်စေချင်နေသည်။ သို့သော် ထိုအချိန်တွင် သခင်မကြီးပိုင်က သူ့ကို ခေါင်းခါပြလိုက်ပြီး တားမြစ်လိုက်၏။ သူမက မည်သည့်အရာကို ဆိုလိုနေသနည်း။ သူတို့ (၂) ယောက်ကို ပြဿနာဖြစ်ခွင့်ပေးနေခြင်းပေလော။

အခြေအနေကို နားလည်သွားသည့်အတွက် စုလီက အံ့သြသွားခဲ့၏။ သူမက ကီမိသားစု၏ ပြဿနာကို ဖြေရှင်းရန်အတွက် ကျိယွမ်ကို အိမ်ပြန်လာရန် တိုက်တွန်းခဲ့ခြင်း ဖြစ်နိုင်သည်။

ကီမိသားစုတွင် ထိပ်တန်းလူဆိုးထိန်း (၈) ယောက်ထဲမှ တစ်ယောက်ရှိနေသည်။ သူက ယပ်တောင် (၆) လက်ကျောင်းထဲတွင် မရှိမဖြစ် လိုအပ်သော အင်အားစုတစ်ခုလည်း ဖြစ်၏။ အကယ်၍ ကျိယွမ်ကသာ သူတို့ကို ရန်စမိလိုက်မည်ဆိုလျှင် သူက အနာဂတ်တွင် ပြဿနာတက်လာနိုင်ပြီး ရှေ့ဆက် တက်လှမ်းရန်ပင် ခက်ခဲနိုင်၏။ ရွှမ်ပိုင်က အစွမ်းထက်သော်လည်း ရှောင်လင်ကျောင်းတော်ထဲတွင်သာ နေထိုင်သည့်အတွက် တစ်ချိန်လုံး ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။

အထူးသဖြင့် အခြေအနေများက ကျိယွမ်အတွက် ခက်ခဲသွားနိုင်၏။ စုမိသားစုက သူ့ကို ကာကွယ်ပေးပြီး ယုံကြည်ချက်ရှိရန်တော့ ပြန်လည်ကူညီပေး၍ ရနိုင်သည်။ သူတို့မိသားစုက ကီမိသားစုကို နှိုင်းယှဉ်နိုင်ခြင်း မရှိသော်လည်း အနည်းဆုံးတော့ ထိပ်တန်းလူဆိုးထိန်းတစ်ယောက် ရှိနေသေးသည်။

သူတို့က နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့နှင့် ယပ်တောင် (၆) လက်ကျောင်းတွင် နက်ရှိုင်းစွာ ပတ်သက်နေသည်။ သူတို့၏လွှမ်းမိုးမှုကိုလည်း လျှော့တက်၍ မရနိုင်ပေ။ ပါရမီနှင့် စွမ်းရည်ရှိနေသော မဟာမိတ်တစ်ယောက် ရဖို့ဆိုလျှင် ကီမိသားစုကို ရန်စမိလျှင်တော့ ဘာဖြစ်နိုင်မည်နည်း။

စုလီက မျက်မှောင်ကြုတ်လိုက်မိပြီး သူ့ညီကို သတိလက်လွှတ် လှည့်ကြည့်လိုက်မိသည်။ စုယွဲ့ကတော့ အပြုံးနှင့် ရှိနေသေးပြီး သူ့စိတ်ထဲတွင် မည်သည့်အရာများ တွေးနေကြောင်း ခန့်မှန်းနိုင်ခြင်း မရှိချေ။ အကယ်၍ အရာအားလုံးကသာ အဆင်ပြေသွားမည်ဆိုလျှင် (၁၀) နှစ် အတောအတွင်း စုမိသားစုတွင် ထိပ်တန်းကိုယ်ပိုင် သိုင်းသခင်တစ်ယောက် ရှိလာနိုင်သည်။

သူတို့ဆီ၌ အတွေးပေါင်းစုံ၊ တွေဝေမှုနှင့် အခြေအနေပေါင်းစုံ ပြည့်နှက်လာသည့် အချိန်တွင် ကီဟွေလျှံက ရှေ့ကို တစ်လှမ်းလျှောက်လိုက်ပြီး ခန်းမ၏အလယ်ထဲတွင် လေလှိုင်းတစ်ခုကို စတင်ဖန်တီးလိုက်၏။

"မင်းက နောက်တစ်ကြိမ် ပြောကြည့်လိုက်စမ်း…"

"အမေ …

အစ်ကို (၂) က အဲဒီလိုရည်ရွယ်တာ မဟုတ်ပါဘူး…"

စုကျိယွဲ့က ကြားထဲမှ ရှင်းပြရန် ကြိုးစားလိုက်သည်။

ရုတ်တရက်ဆိုသလို သူမ၏ပုခုံးကို ညင်သာစွာ ပုတ်လိုက်သည့်အလား နွေးထွေးမှုကို ခံစားလိုက်ရ၏။ သူမက ပြန်လှည့်ကြည့်လိုက်ရာ သူမ၏အစ်ကို (၂) က အေးအေးဆေးဆေး ပြုံးနေကြောင်း တွေ့လိုက်ရ၏။ သူ့ပုံစံက စိုးရိမ်နေခြင်း လုံးဝမရှိချေ။

"တကယ်လို့ ခင်ဗျားက ဒီအခြေအနေကို လက်မခံနိုင်ဘူးဆိုရင်လည်း ကီမိသားစုက လူငယ်တစ်ယောက်ကို ကျုပ်နဲ့ တိုက်ခိုက်ဖို့ လွှတ်လိုက်ပါ…"

မုန့်ချီက ထိပ်တိုက်ရင်ဆိုင်ရန် ပြောလိုက်သည်။

ထိုမြင်ကွင်းကို မြင်သည့်အခါ အဘွားပိုင်ကတော့ အပြုံးနှင့် ကျေနပ်နေခဲ့၏။ ရုတ်တရက်ဆိုသလို အစေခံတစ်ယောက်က ခန်းမထဲကိုဝင်လာပြီး ပြောလိုက်သည်။

"အမတ်ကြီး သခင်မကြီး …

ဒုတိယသခင်လေးကို စားသောက်ပွဲဖိတ်ခေါ်ဖို့ ဖိတ်ကြားစာတစ်ခု ရောက်လာတယ်.."

"ဘယ်သူ့ဆီကလဲ…"

စုလီက တည်ငြိမ်စွာ မေးလိုက်၏။

"ဒါကတော့ အခွန်ရေးရာ အမတ်ကြီးဝမ်ပါ…"

အစေခံက အံ့ဩမှင်တက်စွာ ပြန်ဖြေလိုက်၏။

စုလီက ဝမ်းသာအားရ မတ်တပ်ရပ်လိုက်မိသည်။

"အခွန်ရေးရာအမတ်ကြီး အမတ်ကြီးဝမ်လား။ လွှတ်တော်ခန်းမထဲကို မကြာသေးခင်က ရောက်လာခဲ့တဲ့ တစ်ယောက်လား…"

သူကတော့ အချိန်တိုလေးအတွင်း အမတ်ကြီးဝမ်ကို မည်သို့ခေါ်ရမှန်းပင် မသိခဲ့ပေ။ ထိုအရာက ကျိုးနိုင်ငံ ဝမ်မိသားစုတွင် အငယ်ဆုံး သိုင်းသခင်တစ်ယောက် ဖြစ်သည်။ သူက အထက်တန်းလွှာ မိသားစုများ၏ ထောက်တိုင်တစ်ခု ဖြစ်သည့်အပြင် ရှင်ဘုရင်၏ ယုံကြည်မှုကိုလည်း ရရှိခဲ့သည်။

တော်ဝင်မိသားစုက သူတော်စင်များ၏ နောက်လိုက်ဖြစ်သော ကျိုးနိုင်ငံ ဝမ်မိသားစုကို သတိထားနေပြီး သူတို့၏ နယ်မြေအင်အားစုများကို မကျေမနပ် ဖြစ်နေသည်။ သို့သော် တခြားအထက်တန်းလွှာ မိသားစုများနှင့် ယှဉ်လိုက်မည်ဆိုလျှင် ဝမ်မိသားစုက ပို၍ ယုံကြည်ရကြောင်း တွေ့ရခဲ့၏။

"ဝမ်ကိုက်ရဲ့အဖေလား။ အစ်ကိုဝမ်ကိုက်ကရော လော့ရန်မှာ ရှိနေတာလား…"

မုန့်ချီက အနည်းငယ် အံ့သြသွားခဲ့၏။

အစေခံက ပြန်မဖြေနိုင်သေးခင် နောက်ထပ် အစေခံတစ်ယောက် ဝင်လာပြန်သည်။

"အမတ်ကြီး သခင်မကြီး …

လန်းယာ့နယ်စားကြီးစံအိမ်လည်း ဒုတိယသခင်လေးကို စားသောက်ပွဲ တက်ရောက်ဖို့ ဖိတ်ကြားစာတစ်ခု ပို့လိုက်ပါတယ်…"

"လန်းယာ့နယ်စားကြီးစံအိမ်လား…"

သခင်မကြီးပိုင် ကိုယ်တိုင်ပင် တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်မိသည်။

သူမ၏အသက်က ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ဖြစ်သော လန်းယာ့နယ်စားကြီးနှင့် အတူတူ ဖြစ်သည်။ သူ၏ကြီးကျယ်ခမ်းနားမှုက သူမ၏မှတ်ဉာဏ်များထဲတွင် ဆက်လက်ရှင်သန်နေသေး၏။ ထို့ကြောင့် သူမ၏ခေါင်းထဲတွင်ပင် ထိုအတွေးက ပြည့်နှက်နေသေးသည်။

လော့ရန်တွင် ရှိနေသော အထက်တန်းလွှာမိသားစု တစ်ခုချင်းဆီတိုင်းတွင် ကိုယ်ပိုင်နယ်စားကြီးများ ရှိနေကြ၏။ ဝမ်ကိုက်၏ အဖေကတော့ တရားဝင်မျိုးဆက် တစ်ယောက် မဟုတ်သည့်အတွက် ထိုကဲ့သို့ ဂုဏ်ပုဒ်မျိုး မရှိခဲ့ပေ။ သူက ကိုယ်ပိုင်နာမည် ဂုဏ်သတင်းတစ်ခုကို တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။

သူက မုန့်ချီကို နောက်တစ်ကြိမ် ကြည့်လိုက်မိသည့်အချိန်တွင် မျက်လုံးထဲ၌ အမြင်သစ်များနှင့် မြင်လာကြရ၏။ စုမိသားစု၏ အကာအကွယ် မရှိလျှင်ပင် စုကျိယွမ်က ကီမိသားစုကို ကြောက်စရာ မလိုအပ်ပေ။

ကျိုးနိုင်ငံ ဝမ်မိသားစုနှင့် လန်းယာ့ ရွမ်မိသားစုက သူ့ကို အလေးထားပုံရသည်။ အစောပိုင်းတွင်တော့ သူတို့၏ကြားထဲတွင် ပတ်သက်မှု အနည်းငယ်လေးသာရှိမည်ဟု သူမက တွေးခဲ့မိ၏။ ယခုတော့ သူ မြို့ထဲကို ရောက်လာသည်နှင့် ဖိတ်ကြားလိုက်မည်ဟု မည်သူကရော တွေးထားမည်နည်း။ ထိုအရာက သူတို့အပေါ် မုန့်ချီ၏အရေးပါမှုကို ပြသနေသည်။

စုကျိယွမ်ဆီတွင် ရှင်းလင်းသော နောက်ကြောင်းရှိနေပြီး အရည်အချင်းက အလွန်မြင့်မားသည်။ အကယ်၍ သူကသာ သူတို့၏ မိသားစုဝင်နှင့် လက်ထပ်လိုက်မည်ဆိုလျှင် သို့မဟုတ် သူတို့၏ပြင်ပ ပညာရှင်တစ်ယောက် ဖြစ်လာမည်ဆိုလျှင် မည်သည့်မိသားစုကရော ငြင်းဆန်ကြမည်နည်း။

"ကြည့်ရတာတော့ အစားသရဲလေး လုပ်လိုက်တာဖြစ်မယ်…

မုန့်ချီက မည်သည့်အရာများဖြစ်နေကြောင်း နားမလည်နိုင်တော့ပေ။ သို့သော် ရန်လိုနေသော သူများကတော့ အလွန်ထိတ်လန့်သွားကြ၏။

ကီဟွေလျှံကပင် သူမ၏ဒေါသကို ဖိနှိပ်လိုက်ပြီး အံ့ဩမှင်တက်နေမိ၏။ သူမကတော့ အတော်လေးကို အားကျပြီး မကျေမနပ် ဖြစ်နေခဲ့သည်။

Translated by Hein Htet.

All Chapters