အခန်း (၄၇၇)
Vol. 32 Ch. 477
ဖိတ်ကြားစာ(၁)ခုဆီကို ကိုင်ထားသော အစေခံ(၂)ယောက်က ခေါင်းငုံ့နေကြသည်။ သူတို့ကတော့ လေးစားနေပုံ ရသော်လည်း မုန့်ချီ၏အရိပ်ကိုပင် မျက်လုံးနှင့် မကြည့်ရဲကြပေ။ ထိုအရာက အလွန်ကြောက်စရာကောင်းလွန်းလှသော ဂုဏ်သတင်းတစ်ခုပင် ဖြစ်သည်။
သူတို့ကတော့ အံ့ဩပြီး ရှုပ်ထွေးနေသလို ခံစားရ၏။ စုမိသားစု၏ အစေခံများ ဖြစ်သည့်အတွက် သူတို့က အထက်တန်းလွှာ မိသားစုများနှင့် အရေးပါသော အမတ်ကြီးများဆီမှ ဖိတ်ကြားစာကို လုံးဝမမြင်ဖူးကြပေ။
အမတ်ကြီးစုက နန်းတော်ထဲတွင် နန်းတွင်းကိုယ်ရံတော်တပ်၏ ဒုတပ်မှူး တစ်ယောက်ဖြစ်ပြီး သခင်ကြီး(၅)ကတော့ ထိပ်တန်းလူဆိုးထိန်း (၈)ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ အကယ်၍ သူတို့ကသာ အဆင့်မြင့်အမတ်ကြီးများ၏ ဖိတ်ကြားစာကို ရရှိမည်ဆိုလျှင် လုံးဝထိတ်လန့်အံ့သြကြမည် မဟုတ်ချေ။
ဒုတိယသခင်လေးကတော့ ယခုမှ စံအိမ်ကို ပြန်လာခြင်းဖြစ်သော်လည်း လန်းယာ့ ရွမ်မိသားစုနဲ့ ယခုမှ လွှတ်တော်ခန်းမတွင် အသစ်ခန့်အပ်ထားခံရသော အမတ်ကြီးဆီမှ ဖိတ်ကြားစာ ရရှိလာခဲ့သည်။ သူတို့ကတော့ ဖိတ်ကြားစာကို နာမည်တပ်၍ပင် ပြောလိုက်သေးသည့်အတွက် လူတိုင်းက မည်သည့်အရာကို ရည်ညွှန်းကြောင်း သိနေကြသည်။
ထိုအရာက သူတို့ကို အခွင့်အရေး ပေးလိုက်ခြင်းလည်း ဖြစ်၏။ ထိုအရာက သူတို့၏ ကြားထဲတွင် ရှိသော ရင်းနှီးမှုကိုပြသခြင်းလည်း ဖြစ်သည်။ မဟုတ်လျှင် ဘာကြောင့် ဖိတ်ကြားစာများက ယနေ့ရောက်လာမည်နည်း။
ဒုတိယသခင်လေးက အထက်တန်းလွှာ မိသားစု(၂)ခု၏ အရေးပေးမှုကို ရရှိကြောင်း စဉ်းစားမိလိုက်ရုံနှင့် အလွန်ထိတ်လန့်အံ့သြစရာ ကောင်းလွန်းလှသည်။
အမတ်ကြီးစုလီ၏ အမူအရာက အေးချမ်းသွားခဲ့သည်။ သူကတော့ ပို၍ပင် သက်တောင့်သက်သာရှိသလို ခံစားနေရ၏။ အစောပိုင်းတွင် ရန်လိုနေပြီး ရူးမတတ်ဖြစ်နေသော သူ၏ပထမဇနီး၊ သိမ်းသွင်းရန် ခက်ခဲသော သား၏အခြေအနေများအားလုံးက သူ့ကို ခေါင်းကိုက်စေခဲ့၏။
သူ့အမေ၏အတွေးက ကောင်းမွန်လှသည်။ သို့သော် သူတို့က လော့ရန်တွင် ကန့်သတ်၍ ရလိမ့်မည် မဟုတ်ချေ။ ထိုအရာက အလွန်ကျဉ်းမြောင်းသော အတွေးတစ်ခုသာ ဖြစ်၏။
"လန်းယာ့ နယ်စားကြီးစံအိမ်နဲ့ အမတ်ကြီးဝမ်တို့က မင်းကို ဖိတ်ခေါ်နေမှတော့ မင်းက သူတို့ရဲ့သဘောထားကို မေ့လို့မရဘူး ကျိယွမ်...။ တကယ်လို့ မင်းက သူတို့ဆီကို သွားမတွေ့နိုင်ဘူးဆိုရင်တောင် သူတို့ကို တောင်းပန်တဲ့စာတစ်စောင်လောက် ကိုယ်တိုင်ရေးပေးသင့်တယ်…"
သူကတော့ ဖိတ်ကြားစာကို ရရှိသည့်အတွက် အလွန်ဝမ်းသာနေပုံရပြီး ဝမ်ကိုက်၏ အဖေကို အခေါ်အဝေါ်လည်း ပြောင်းလဲသွားခဲ့သည်။ သို့သော် ထိုအရာက မုန့်ချီကိုသာ ခေါင်းကိုက်စေခဲ့၏။ သူက မည်သည့်မိသားစု၏ ဖိတ်ကြားစာကို လက်ခံသင့်သနည်း။
သူက အစေခံများဆီမှ ဖိတ်ကြားစာကိုယူလိုက်ပြီး သေချာစစ်ဆေးကြည့်လိုက်သည်။ ရွမ်မိသားစု၏ ဖိတ်ကြားစာက တိကျသောအချိန်နှင့်နေ့ရက်ကို ဖော်ပြထားခြင်း မရှိချေ။ ပြောရမည်ဆိုလျှင် သူက အချိန်မရွေးသွားလည်နိုင်၏။ တစ်ဖက်တွင်တော့ ဝမ်ကိုက်၏အဖေက ပွဲတော်အတွက် ဖိတ်ကြားစာ(၁)ခု ပို့လိုက်ခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ရည်ရွယ်ထားသည်။
"ဒါဆိုရင်တော့အ စားသရဲလေးရဲ့အိမ်ကိုပဲ အရင်ဆုံးသွားလည်လိုက်မယ်။ သူ့မှာ အရေးကြီးတဲ့ကိစ္စတစ်ခု ပြောစရာရှိနေလားမသိဘူး…"
သူက လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်၏။
စုမိသားစု၏ စံအိမ်တော်ထဲမှ ထွက်လာပြီးနောက် သူလည်း လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ထိုမိသားစု၏ သမိုင်းကြောင်းက လုံးဝကို ရှုပ်ထွေးနေသည့်အတွက် သူလည်း အတော်လေး ခေါင်းကိုက်နေရ၏။ သူကတော့ သူ၏လက်(၂)ဖက်ကို ချုပ်နှောင်ထားသလို ခံစားလိုက်ရပြီး သူ လုပ်ဆောင်သည့်အရာအားလုံးက အကျိုးမရှိသလို ဖြစ်နေခဲ့၏။
"ဒါကတော့ မင်းရဲ့ခန္ဓာကိုယ်က ပေးလိုက်တဲ့ ကံကြမ္မာလက်ဆောင်လို့ပဲ စဉ်းစားကြည့်လို့ရတယ်…"
ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် မုန့်ချီ၏အတွေးများက ရုတ်တရက် လှုပ်ရှားလာပြီး သူက တစ်စုံတစ်ခုကို နားလည်သွားသလို ခံစားလိုက်ရသည်။သူက စုကျိယွမ်၏ သမိုင်းကြောင်းနှင့်ပတ်သက်၍ အလွန်စိတ်ဝင်စားလာပြီး သူ၏ငယ်ဘဝအခန်းကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"ငါ့မှာ မပြီးဆုံးသေးတဲ့ ဆန္ဒတွေရှိမလား မသိဘူး။ တကယ်လို့ ရှိခဲ့မယ်ဆိုရင်တော့ ငါက မင်းရဲ့ကိုယ်စား လုပ်ဆောင်ပေးပါမယ်…"
ခေါင်းထဲတွင် ထိုအတွေး ပေါ်လာပြီးနောက် သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက ပုံရိပ်ယောင်သဖွယ် ဖြစ်နေပြီး ကံကြမ္မာအုတ်မြစ်များက ပိုးချည်မျှင်များကဲ့သို့ ရှုပ်ထွေးနေသည်။
အခြေအနေကို နားလည်သွားပြီးနောက် သူက ခေါင်းမော့ပြီး ကျဆင်းသွားသော နေမင်းကြီးကို မော့ကြည့်နေသည်။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့၏။
"ငါက အဆင့်တက်ဖို့ ခြေ(၁)လှမ်းပဲ လိုတော့တယ်။ ပြီးတော့ မီးတောက်ထိန်းချုပ်ခြင်းနဲ့ အခြေအနေကို သုံးသပ်တဲ့နေရာမှာလည်း ပြစ်ချက်အနည်းငယ် ရှိနေတယ်။ ကြည့်ရတာတော့ ငါ့ရဲ့ခန္ဓာကိုယ်မှာ တိုးတက်မှုကို နှောင့်ယှက်နေတဲ့ ကံကြမ္မာတစ်ခု ရှိနိုင်တယ်..။ ဘယ်လိုပဲဖြစ်ဖြစ် ခန္ဓာကိုယ်က အုတ်မြစ်အဖြစ် သတ်မှတ်နိုင်တယ်လေ။ ပင်မဝိညာဉ်နဲ့ ခန္ဓာကိုယ်က ကမ္ဘာမြေကြီးနဲ့ ပူးပေါင်းပြီး ဆက်သွယ်ထားရတာ..။ အတွင်းပိုင်းက တောက်ပနေပြီး အပြင်ပိုင်းက ကျယ်ဝန်းတယ်။ တကယ်လို့ ခန္ဓာကိုယ်ကသာ ဝန်ထုတ်ဝန်ပိုးတွေ ရှိနေမယ်ဆိုရင် အဆင့်တက်ဖို့ကလည်း ပိုပြီးတော့ခက်ခဲလာနိုင်တယ်…”
ထိုအချက်ကို နားလည်သွားပြီးနောက် မုန့်ချီက စုကျိယွမ်၏ ငယ်ဘဝအခန်းကို သွားလည်ရန် စိတ်မရှည် မဖြစ်တော့ပေ။ သူက ပင့်သက်ရှိုက်လိုက်မိပြီး စိတ်ထဲတွင် ပြင်ဆင်လိုက်၏။
စံအိမ်ထဲမှ ထွက်လာပြီးနောက် သူက မြင်း(၁)ကောင် သို့မဟုတ် မြင်းလှည်း(၁)စီးပေးရန် တောင်းဆိုလိုက်ပြီး စောင်းလမ်းကြားထဲတွင် တည်ရှိနေသော လန်းယာ့နယ်စားကြီးစံအိမ်ကို ထွက်ခွာလာခဲ့သည်။
လန်းယာ့နယ်စားကြီးစံအိမ်က ကြီးမားမှုမရှိချေ။ သို့သော် ရှုပ်ထွေးနေသော အလယ်ခေါင်တွင် တိတ်ဆိတ်နေသော နေရာတစ်ခုဖြစ်သည်။ ထိုနေရာကို ဦးတည်နေသောလမ်းက လေလှိုင်းများ တိုက်ခတ်နေပြီး ဧည့်သည်များ နည်းပါးပုံရသည်။
ထို့ကြောင့် ထိုစံအိမ်က အေးချမ်းခြင်းခြံဝန်းဟု လူသိများသည်။ တိုက်ပွဲတောင်တန်းကတော့ အဝေးတွင် ရှိနေသည့်အတွက် ထိုနေရာမှ ထွက်ပေါ်လာသော စောင်းသံများကတော့ အတော်လေးကို တိတ်ဆိတ်အေးချမ်းနေ၏။
"ရောက်လာပြီလား သခင်လေးစု…"
ဝင်ပေါက်အနားတွင်တော့ အသက်(၁၇)၊(၁၈)အရွယ် လူငယ် တစ်ယောက်ရှိသည်။
မုန့်ချီကို မြင်သည့်အချိန်တွင် တွေ့ခွင့်ရသည့်အတွက် ဂုဏ်ယူနေသည့်အလား သူက စိတ်လှုပ်ရှားနေခဲ့၏။ ထိုအရာကြောင့် ဝင်ပေါက်အနားတွင် ရပ်နေသော အခြားလူငယ်လေးများကလည်း အားကျနေကြ၏။
မုန့်ချီက ခဏကြာ စဉ်းစားကြည့်နေပြီး ထိုလူငယ်ကို မှတ်မိသွားသည့်အလား အပြုံးနှင့် ပြောလိုက်၏။
"ရှောင်ကျုံး...
မင်းက ကောင်းကောင်းကြိုးစားနေတာပဲ..။ ရွမ်စံအိမ်ထဲမှာ သိုင်းပညာတွေ လေ့လာနေတာလား။ သမားတော်ကျုံးကရော ဘယ်လိုအခြေအနေဖြစ်သွားပြီလဲ..”
ထိုလူငယ်လေးကတော့ တခြားသူမဟုတ်ဘဲ သမားတော်ကျုံးတိုင်ပင်၏သား ကျုံးဝေ ဖြစ်သည်။ မုန့်ချီ၏ အကူအညီကြောင့် သူက ရွမ်မိသားစုထဲသို့ ဝင်နိုင်ပြီး ပြင်ပပညာရှင်တစ်ယောက်၏ တပည့်ဖြစ်လာခဲ့၏။
ကျုံးဝေက ရင်ဘတ်ပေါ်ကို လက်တင်ပြီး လေးလေးစားစား ပြောလိုက်သည်။ သူ့ပုံစံက သူပြောထားသည့်အတိုင်း သတ်ဖြတ်ရေးဓားက သူ့ကိုသိသည်ဟူသော ပုံစံဖြစ်၏။
"ရွမ်မိသားစုက လူတိုင်းကို တန်းတူဆက်ဆံပါတယ်။ တကယ်လို့ ကြိုးစားအားထုတ်မယ်ဆိုရင် ကိုယ့်လုပ်ရပ်ရဲ့ အသီးအပွင့်တွေကို သေချာပေါက် ရနိုင်ပါတယ်..။ အိမ်မှာနေတုန်းက ကျွန်တော့်ရဲ့တိုးတက်မှုနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ကျွန်တော့်ရဲ့စွမ်းအားက သိသိသာသာကို တိုးတက်လာတယ်။ ကျွန်တော်က လွန်ခဲ့တဲ့နှစ်ဝက်လောက်မှာ မျက်လုံးတံခါးပွင့်သွားပြီ..။ အဖေကလည်း ရွမ်မိသားစုရဲ့ပြင်ပအကြီးအကဲတစ်ယောက် ဖြစ်လာတယ်..။ အခုသူလည်း လော့ရန်မှာရှိတယ်..."
မုန့်ချီက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။ကြည့်ရသည်မှာ ခေါင်းမာသောသမားတော် ကျုံးတိုင်ပင်ကလည်း အဆုံးသတ်တွင်တော့ ဝေ့ကျင်းအဆင့် ပညာရှင်ဖြစ်လာမည့် အခွင့်အရေးကို ခံနိုင်ရည်ရှိပုံမရချေ။ တို့ကြောင့် ပြင်ပအကြီးအကဲတစ်ယောက်အဖြစ် ရွမ်မိသားစုထဲသို့ ရောက်လာခြင်းဖြစ်သည်။
ကျုံးတိုင်ပင် ပြောသည့်စကားများကို အခြေခံပြီး သူ့မိသားစု၏ ကျင့်စဉ်နည်းလမ်းကိုတော့ အစားထိုး၍ မရနိုင်သော်လည်း သူကတော့ ရွမ်မိသားစုထဲတွင် ရှိနေသော သိုင်းသခင်များ၊ ပြိုင်ဘက်ကင်းပညာရှင်များ၏ လမ်းညွှန်မှုနှင့် ဝေ့ကျင်းအဆင့်ကိုရောက်ရန် ပို၍မျှော်လင့်ချက် ရှိလာခဲ့သည်။ ရွမ်မိသားစုကလည်း ကျုံးတိုင်ပင်၏ ဆေးပညာစွမ်းရည်ကို အလေးထားပုံရသည်။
"ဒါဆိုရင်တော့ ငါက မင်းကိုဂုဏ်ပြုရမှာပေါ့..."
မုန့်ချီက အေးအေးဆေးဆေး ပြောလိုက်သော်လည်း အနားတွင် ရှိနေသော လူငယ်လေးများကတော့ သူ့ကို သူရဲကောင်းသဖွယ် ကြည့်နေကြသည်။
ကျုံးဝေက အလွန်ကျေနပ်နေခဲ့၏။ သူက မုန့်ချီကို စံအိမ်ထဲသို့ ခေါ်သွားခဲ့ပြီး ထိုနေရာမှ စောင်းသံတိုးတိုးကို ကြားနေရသည်။ ကျုံးဝေက ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး အပြုံးနှင့် မေးလိုက်၏။
"သခင်လေးစု...
သွမ့်လွေရဲ့ အကြောင်းကိုရော ကြားခဲ့သေးလား..."
သွမ့်လွေက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို ဆန့်ကျင်ဘက်ပုံစံဖြင့် လေ့ကျင့်ထားပြီး နတ်ဆိုးလမ်းစဉ် ဖြစ်နေသည်။ သူ၏စိတ်အခြေအနေက (၂)ပိုင်းကွဲနေပြီး တစ်ခုကတော့ မကောင်းဆိုးဝါး တစ်ယောက်ဖြစ်၏။
"မတွေ့မိဘူး...မကြားမိဘူး..."
ယပ်တောင်(၆)လက်ကျောင်းနှင့် တခြားသော သတင်းအချက်အလက်များတွင် မုန့်ချီကတော့ သွမ့်လွေနှင့် ပတ်သက်သော သတင်းအချက်အလက်များကို မတွေ့ခဲ့ရပေ။
ကျုံးဝေ၏အသံက ပို၍ပင် တိတ်ဆိတ်သွားခဲ့၏။
"လွန်ခဲ့တဲ့နှစ်တုန်းက ကျွန်တော် အုတ်ဂူသန့်ရှင်းရေးလုပ်နေရင်း သွမ့်လွေရဲ့ နောက်ကျောကို မြင်မိတယ် ထင်တယ်..။ ဒါပေမဲ့ ကျွန်တော်က အရေးကြီးနေတော့ သူဆိုတာ အတည်မပြုနိုင်ခဲ့ဘူး။ ဒါကြောင့်လည်း ကျွန်တော်က ရင်ထဲမှာပဲ သိမ်းထားခဲ့တာ..."
သူက ထိုလူငယ်၏ အဆင့်အတန်းကို အတည်မပြုနိုင်သေးသည့်အတွက် သူ၏ခံစားချက်များက သေချာမပြောနိုင်ပေ။ ထို့ကြောင့်လည်း သူက သခင်လေးစုကို ပြောပြလိုခြင်းဖြစ်၏။
"မင်းက ကောင်းကောင်းလုပ်ခဲ့ပါတယ်…"
မုန့်ချီက ချီးကျူးလိုက်သည်။ သွမ့်လွေက ရှောင်လင်ကျောင်းတော်၏ သစ္စာဖောက်နှင့် ပတ်သက်သောကိစ္စတွင် ပါဝင်ပတ်သက်နေသည်။ ထိုအရာက အရေးကြီးသော အရာတစ်ခုလည်းဖြစ်၏။ သူနှင့်ကျုံးဝေတို့ကသာ သွမ့်လွေ၏ တည်နေရာကို သိမည်ဆိုလျှင် အကောင်းဆုံးဖြစ်၏။
နောက်ပိုင်းတွင်တော့ သူက ဆရာတူညီလေးဆီမှတစ်ဆင့် သူ့ဆရာဆီကို သတင်းပေးပြီး သူတို့ကို ဆုံးဖြတ်ချက်ချခိုင်း၍ရသည်။ လွန်ခဲ့သော(၉)လခန့်တွင် ပန်းခူးလက်ညှိုးသိုင်းကို လေ့ကျင့်ပြီး တံခါး(၆)ပေါက်အဆင့် ပညာရှင် တစ်ယောက်ဖြစ်လာသော ကျန်းဟွေက ဂိုဏ်းမှ ထွက်လာပြီး ခရီးစတင်နေခဲ့ပြီဖြစ်သည်။
မုန့်ချီကတော့ မြောက်ပိုင်းကျိုးအင်ပါယာကို သွားနေခဲ့ရသည်မှာ ကံဆိုးသွား၏။ ကျန်းဟွေက တံခါး(၇)ပေါက် ပွင့်နေပြီး ကိုယ်တွင်းကမ္ဘာကြီးကိုပင် အောင်အောင်မြင်မြင် ဖန်တီးနိုင်ကြောင်း သူကြားခဲ့ရသည်။ ရှောင်လင်ကျောင်းတော်၏ ထိပ်တန်းသိုင်းပညာ(၇၂)မျိုးထဲမှ တစ်ခုဖြစ်သော ပန်းခူးလက်ညှိုးသိုင်း၏ အစွမ်းကိုသုံးပြီး သူက လူငယ်မှတ်တမ်း၏ထိပ်ဆုံး(၂၀)ဖြစ်သော လူငယ်လေး ယောင်ရှင်းလျှူကိုပင် ကျော်လွန်နေခဲ့၏။ သို့သော် သူက တံခါး(၈)ပေါက်ပွင့်နေပြီး ထိပ်ဆုံး(၁၀)ယောက်ထဲကို ရောက်နေသော ယောင်ဟယ်ကိုတော့ မယှဉ်နိုင်ခဲ့ပေ။
တိတ်ဆိတ်သော လမ်းကြားလေးတစ်ခုတည်းသို့ ချိုးကွေ့လိုက်ပြီးနောက် သူတို့က ရေကန်ဘေးတွင် ရှိနေသော စံအိမ်ငယ်လေး(၁)ခုဆီသို့ ရောက်လာသည်။ ထိုစံအိမ်ကတော့ အနိမ့်အမြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး သဘာဝတရားကြီးနှင့် တသားတည်းဖြစ်နေ၏။ရေကန်၏တစ်ဝက်ခန့်တွင်တော့ ပန်းပွင့်များ ပြည့်နှက်နေသည်။
"ဒါက စားသောက်ပွဲ မဟုတ်ဘူးလား..."
မုန့်ချီက ဧည့်သည်များ လက်ခံသော စုဥယျာဉ်ထဲသို့ ရောက်ခဲ့ဖူးသော လူတစ်ယောက်ဖြစ်သည်။ ကြည့်ရသည်မှာ ထိုနေရာက ဧည့်သည်များကို သီးသန့်ဖျော်ဖြေရန် နေရာတစ်ခုနှင့်တူပြီး စားသောက်ပွဲ ကျင်းပသည့်နေရာမျိုး မဟုတ်ချေ။
ကျုံးဝေက ပြုံးလိုက်၏။
"ဒါက သီးသန့်ဖိတ်ကြားစာတစ်ခုပါ.."
"ဟမ်…"
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။ အစားသရဲလေးက သူ့ကို အရေးကြီးသောအရာတစ်ခု ပြောလိုခြင်းပေလား။
စံအိမ်ထဲသို့ဝ င်လာပြီးနောက် မုန့်ချီ ပထမဆုံးမြင်လိုက်ရသည်မှာ အဘိုးအို တစ်ယောက်ဖြစ်သည်။ သူ၏မျက်နှာက ပိန်ပိန်ပါးပါးနှင့် မုတ်ဆိတ်ဖြူများရှိနေပြီး အသက်ကြီးပုံမရချေ။ ထိုအဘိုးအို၏ မုတ်ဆိတ်က အနက်ရောင်ဆိုးထားသည့်အတွက် သူက အသက်(၄၀)ဝန်းကျင်ဟု ပြောမည်ဆိုလျှင် ယုံကြည်မိပါလိမ့်မည်။
အဘိုးအိုဆီမှ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာနေပြီး စံအိမ်၏အတွင်းထဲတွင် ပုံရိပ်ယောင်စောင်းသံတစ်ခု ကြားနေရ၏။ မုန့်ချီက သူ့ကို သတိလက်လွတ် လှည့်ကြည့်လိုက်မိသည်။
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားပြီး အေးစက်သော အမူအရာရှိနေသည့် ရွမ်ယုရှုက အဘိုးအို၏ဘေးတွင် ရပ်နေ၏။ အလွန်လှပသော သူမ၏မျက်နှာလေးက လနတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေသည်။
အဘိုးအို၏မျက်လုံးက အလွန်စူးရှပြီး သူက မုန့်ချီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်မြင်နေရသလို ထင်မှတ်ရ၏။ သူက မုတ်ဆိတ်မွှေးကို လက်နှင့်သပ်လိုက်ပြီး ရယ်လိုက်သည်။
"အသက်(၂ဝ)မတိုင်ခင် ဒီလိုအဆင့်မျိုးကို ရောက်တယ်ဆိုတော့ မင်းက တော်တော်လေးကို ကြိုးစားခဲ့တာပဲ..။ ငါက မင်းလိုတိုးတက်မှုမျိုးရှိတဲ့ လူတစ်ယောက်ကို မမြင်ရတာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲဆိုတာတောင် မသိတော့ဘူး...။ အတိတ်တုန်းကတော့ စုဝူမင်က အသက်(၂၀)အရွယ်မှာ အသက်စွန့်စားခြင်း တစ်ကိုယ်တော်ကျင့်ကြံမှုကို လေ့ကျင့်ခဲ့တယ်…"
"ဆရာကြီးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်..."
မုန့်ချီက အကြီးအကဲကို တရိုတသေ ဦးညွတ်ပြီး ပြောလိုက်သည်။
"ဒါကတော့ ငါ့အဖေရဲ့အစ်ကို...အကြီးဆုံးဦးလေးလေ။ သူ့ကိုတော့ တည်ငြိမ်လက်ဝါး ဟုန်လုစီလို့ ခေါ်တယ်…"
ရွမ်ယုရှုက မိတ်ဆက်ပေးလိုက်၏။
ရွမ်မိသားစုမှ အဘိုးအို၏သားက လက်ထပ်ခဲ့ပြီး အသက်ကြီးသည့်အရွယ်ကျမှ ကလေးမွေးလာခြင်းဖြစ်သည်။ ရွမ်ယုရှု၏အဖေက ပထမဇနီး၏သားဖြစ်သော်လည်း သူ့မျိုးဆက်တွင် အငယ်ဆုံးဖြစ်သည်။ ထို့ကြောင့် သူ့အစ်ကိုကြီးများနှင့် အသက်ကွာဟမှုက အလွန်ကြီးမားလှသည်။ ထို့ကြောင့် ရွမ်ယုရှု၏အကြီးဆုံးဦးလေးက သူမ၏အဘိုးကဲ့သို့ ဖြစ်နေသည်။
မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူ ပထမဆုံးတွေ့ရသည်မှာ ရွမ်မိသားစု၏ မျိုးနွယ်ခေါင်းဆောင်မဟုတ်သေးပေ။ ထိုဆရာကြီးကတော့ လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်တွင် ထိပ်ဆုံး(၁၀)ယောက်သို့ ရောက်နေသော နာမည်ကျော်ပညာရှင် တစ်ယောက်ဖြစ်သည်။ သူက မိသားစုစံအိမ်ထဲတွင် နေထိုင်ပြီး အပြင်ထွက်မလာသည်မှာ နှစ်ပေါင်းများစွာကြာခဲ့သော်လည်း မည်သူကမျှသူ့ကိုအထင်မသေးရဲပေ။
ရွမ်ယုရှု၏ဦးလေးကြီးက အားရပါးရ ရယ်လိုက်သည်။
"ငါတို့မိသားစုက အသက်(၂၁)နှစ်အရွယ် သခင်မလေးကတော့ အဆင့်အတန်းမြင့်ပြီး အပြင်လူတွေနဲ့ ပတ်သက်တာ တော်တော်လေ ရှားတယ်။ သူက လူတစ်ယောက်ကို ဖိတ်ခေါ်ဖို့ ဘာဖြစ်လို့ အကြိမ်ကြိမ် တိုက်တွန်းနေလဲဆိုတာ ငါလည်း စိတ်ဝင်စားနေတာ။ ဒါကြောင့်လည်း ငါက မင်းကိုတွေ့ဖို့အတွက် ဖိတ်ခေါ်လိုက်တာ..။ အခုမင်းကို တွေ့လိုက်ရတော့ မင်းရဲ့ဂုဏ်သတင်းက တကယ်ပဲ ထိုက်တန်တယ်လို့ တွေးမိပါတယ်။ ငါ့ရဲ့ဆန္ဒတွေပြည့်သွားပြီဆိုတော့ ငါ အခုပဲ ထွက်သွားတော့မယ်..."
သူက ရယ်လိုက်ပြီး အေးအေးဆေးဆေး ထွက်သွားခဲ့သည်။ သူက မုန့်ချီကို ဧည့်သည်တစ်ယောက်အဖြစ် သတ်မှတ်ထားပုံမရချေ။
မုန့်ချီကတော့ ချွေးသီးချွေးပေါက်များကို သုတ်လိုက်၏။
"ရွမ်မိသားစုထဲမှာ ပြဿနာများတဲ့သူတွေ အများကြီးရှိတယ်လို့ ကြားဖူးတယ်။ ကြည့်ရတာတော့ မှန်နေတာပဲ..."
"ငါက နင့်ကိုခေါ်ဖို့ ဦးလေးကြီးကို တောင်းဆိုလိုက်တာ..."
ရွမ်ယုရှုက ပြန်ဖြေလိုက်၏။
"ဘာဖြစ်လို့လဲ…"
မုန့်ချီက သူမက သံသယဝင်စွာ ကြည့်လိုက်သည်။
"ဒီနေ့က စုမိသားစုဆီကို နင်ပထမဆုံးပြန်တဲ့နေ့လေ…"
ရွမ်ယုရှုက အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။
"စုမိသားစုက ငါ့ကိုခက်ခဲအောင်လုပ်မှာ စိုးရိမ်နေတာလား..."
မုန့်ချီက ရင်ထဲတွင် လှုပ်ရှားသွားခဲ့ပြီး အပြုံးနှင့် ပြောလိုက်၏။
"နင်က တော်တော်ဉာဏ်ကောင်းတာပဲ…"
ရွမ်ယုရှုကတော့ ပြုံးလိုက်ခြင်း မရှိသော်လည်း မျက်လုံးမှိတ်နေခဲ့သည်။ သူမ၏ပုံစံက အနီရောင်လမင်းကြီးကဲ့သို့ ဖြစ်နေ၏။ ခဏကြာ စကားပြောလိုက်ပြီးနောက် မုန့်ချီက ဝမ်ကိုက်အဖေ၏ ဖိတ်ကြားစာအကြောင်းကိုလည်း ပြောပြလိုက်သည်။
ထိုအကြောင်းအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် ရွမ်ယုရှုက ဇဝေဇဝါ ဖြစ်နေခဲ့၏။ ဝမ်မိသားစုက မျိုးရိုးစဉ်ဆက် ထုံးတမ်းအစဉ်အလာကို အလေးထားသော မိသားစုဖြစ်သည်။ သူတို့က မုန့်ချီ စံအိမ်သို့ ပထမဆုံးရောက်သည့်နေ့တွင် ဖိတ်ကြားစာပေးမည့် လူမျိုးမဟုတ်ချေ။
ခေါင်းထဲတွင် ရှုပ်ထွေးနေသော်လည်း နောက်ဆုံးတွင်တော့ မုန့်ချီက ဝမ်အမတ်ကြီး၏ စံအိမ်ဆီသို့ ရောက်လာခဲ့၏။ ပင်မခန်းမထဲတွင်တော့ ဝမ်ကိုက်၏ အဖေဖြစ်သလို လက်ရှိအခွန်ရေးရာအမတ်ကြီးဖြစ်သော ဝမ်ဝမ်းရှန်ကို တွေ့ခဲ့ရသည်။
မျက်နှာလေးထောင့် ရှိနေသော ဝမ်ဝမ်းရှန်ကတော့ သူ့သား၏မျက်နှာနှင့် တစ်ပုံစံတည်း ဖြစ်သည်။ သို့သော် သူ့ဆီတွင် မုတ်ဆိတ်များ ရှိနေပြီး တည်ငြိမ်သော အခြေအနေမျိုးရှိသည်။ သူက စကားအနည်းငယ်ပြောပြီး အထဲကို စားသောက်ရန် ဖိတ်ခေါ်ခဲ့သည်။
သူ၏လှုပ်ရှားမှုများက ကျင့်ဝတ်ထုံးတမ်းစဉ်လာများနှင့် တသားတည်း ဖြစ်နေခဲ့သည်။ သူကတော့ စားသောက်နေစဉ် စားပွဲဝိုင်းတွင် စကားမပြောရဟူသော ထုံးတမ်းစဉ်လာကို လိုက်နာနေသည့်အတွက် မုန့်ချီကလည်း လေးနက်နေရသည်။ သို့သော် သူကလည်း မသင့်တော်သည်အရာတစ်ခုမျှု မတွေ့ခဲ့ရပေ။
စားသောက်ပြီးသွားသည့်အချိန်တွင်တော့ မုန့်ချီက မေးခွန်းမေးရန် အခွင့်အရေးရခဲ့သည်။
"ဦးလေး...
အစ်ကိုဝမ်ကိုက်က လော့ရန်ကိုရောက်နေပြီလား…"
ဝမ်ကိုက်က သူ့ကို ဖိတ်ကြားစာပေးရန် သူ့အဖေကို တောင်းဆိုခြင်းဖြစ်မည်ဟု သူက ယူဆနေခဲ့သည်။ သို့သော် ကြည့်ရသည်မှာ ထိုအရာကလည်း မှားယွင်းနေပုံရ၏။
"သူက သစ်သီးပွဲတော်ကို တက်ရောက်ဖို့အတွက် လော့ရန်ကို အမြန်လာနေတယ်…"
ဝမ်ဝမ်းရှန်က မနှေးမမြန် ပြန်ဖြေလိုက်သည်။
"သစ်သီးပွဲတော်ဆိုတာက ဘယ်လိုမျိုးလဲ…"
မုန့်ချီက အခွင့်အရေးကို အရယူပြီး မေးလိုက်၏။
ဝမ်ဝမ်းရှန်က ခေါင်းခါပြောလိုက်သည်။
"ဘုရင်ကြီးမှာ သူ့ရဲ့ကိုယ်ပိုင်စိတ်ကူးတွေရှိတယ်..။ အဲဒါက ဘာလဲဆိုတာ ငါလည်းမသိဘူး..။ အမတ်ကြီးတွေ၊မင်းသားတွေက ဧည့်သည်တစ်ယောက်ဆီခေါ်ပြီး ပွဲတော်ကို တက်ရောက်ခွင့်ရှိတယ်..။ ငါ့သားက အရင်တစ်ခေါက် နန်းတွင်းစာမေးပွဲကို လွဲချော်သွားမှတော့ ဒီစားသောက်ပွဲကနေတစ်ဆင့် အဆင့်တက်ဖို့ ကြိုးစားချင်နေတယ်.."
ဝမ်ကိုက်က မုန့်ချီကို ရှုံးနိမ့်ခဲ့ပြီးနောက် နန်းတွင်းရွေးချယ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိချေ။
"တော်တော်ထူးဆန်းတဲ့ သစ်သီးပွဲတော်ပါလား..."
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
ထို့နောက် သူက ခေါင်းစဉ်ပြောင်းပြီး ပြောလိုက်၏။
"ဒါဆိုရင် ကျွန်တော့်ကိုခေါ်တွေ့ရတာ ဘာကိစ္စများရှိလို့ပါလဲ..."
"ငါ့သားက သူ့ရဲ့စာထဲမှာ မင်းကို အကြိမ်ကြိမ် ချီးကျူးနေတာကြားတော့ ငါလည်း တော်တော်လေး စိတ်ဝင်စားနေတာ။ ဒီမနက်မှာ မင်း ပြောလိုက်တဲ့စကားလုံးတွေက ငါ့ကို တော်တော်လေး စိတ်လှုပ်ရှားစေခဲ့တယ်..."
ဝမ်ဝမ်းရှန်က ပြန်ဖြေလိုက်သည်။
"ဟမ်…"
မုန့်ချီက သူ့ကို နားမလည်နိုင်စွာ စိုက်ကြည့်နေခဲ့၏။
ဝမ်ဝမ်းရှန်က သူ၏မုတ်ဆိတ်ကိုလက်နှင့်သပ်ပြီး ပြောလိုက်သည်။
"အထက်တန်းလွှာ မိသားစုတွေရဲ့ အပြင်ဘက်မှာ ရည်မှန်းချက်ကြီးတွေရှိတယ်..။ မင်းက တခြားသူတွေကို ခြောက်လှန်ဖို့ အပိုစကားတွေ ပြောနေတယ်လို့ တခြားသူတွေက တွေးချင်တွေးနေနိုင်တယ်..။ ဒါပေမယ့် ငါကတော့ယုံတယ်။ အဆင့်အတန်းမြင့်မားမှု မရှိရင်တောင် ငါတို့တွေက ဘဝတိုးတက်မှုလမ်းကြောင်းကို တစ်လှမ်းချင်းဆီ လျှောက်လှမ်းလို့ရတယ်။ ငါတို့မရနိုင်တဲ့အရာ ဘာများရှိဦးမှာလဲ..။ သမာရိုးကျလမ်းကြောင်းကတော့ အဆင့်အတန်းမြင့်မားမှုကို အခြေခံတာပဲ။ ဒီနေ့ခေတ်ထိအောင် ဝမ်မိသားစုထဲမှာ ငါ့ရဲ့စကားလုံးကို ပယ်ရှားနိုင်တဲ့သူရှိလို့လား..."
မုန့်ချီကတော့ ဝမ်ဝမ်းရှန်၏ စိုးရိမ်နေမှုကို စတင်နားလည်လာခဲ့သည်။ သူ့သား၏ အရင်းနှီးဆုံးမိတ်ဆွေက လမ်းမှား လျှောက်လှမ်းမိမှာစိုးသည့်အတွက် သူ၏အတွေ့အကြုံများကို အသုံးချပြီး သင်ကြားပေးနေခဲ့ခြင်းဖြစ်သည်။ တပြိုင်နက်တည်းလိုလိုပင် ဝမ်ဝမ်းရှန်က စုမိသားစု၏ အတွင်းရေးပဋိပက္ခများကို တားဆီးပေးလိုက်ခြင်းလည်းဖြစ်၏။
"တကယ့်ကို ထိပ်တန်းအတွေးအခေါ် ပညာရှင်တစ်ယောက်ပဲ..”
“ဦးလေးရဲ့သတိပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်..။ သိုင်းပညာက ကျွန်တော့်ရဲ့စွဲလန်းမှုပါ။ ကြွယ်ဝချမ်းသာမှုနဲ့ အဆောင်အယောင်တွေက ကျွန်တော့်ကို ဘာမှမလုပ်နိုင်ပါဘူး…"
မုန့်ချီက စိတ်လိုလက်ရ ပြောလိုက်သည်။
ဝမ်ဝမ်းရှန်က ခေါင်းညိတ်ပြလိုက်၏။
"ငါက မင်းကိုသတိပေးစရာ ကိစ္စတစ်ခုရှိနေသေးတယ်။ ပို့ဆောင်ရေး အဖွဲ့ခေါင်းဆောင်က ငါ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ပဲ... သူက ငါပို့လိုက်တဲ့ အကူအညီတွေ မရောက်ခင် လော့ရန်အပြင်ဘက်မှာ ဆိုးဆိုးဝါးဝါး သေဆုံးနေခဲ့တယ်။ လုပ်ကြံသူတွေက လော်အဖွဲ့အစည်းနဲ့ ဖျက်ဆီးရေးဂိုဏ်းကလူတွေ..။ မင်းက သူတို့နဲ့ပြသာနာရှိနေလို့ ပိုပြီးဂရုစိုက်ဖို့ လိုအပ်တယ်။ လော့ရန်က လုံခြုံပေမယ့် သူ့ရဲ့လုံခြုံမှုက အကြွင်းမဲ့တော့ မဟုတ်ဘူး။ တကယ်လို့ သူတို့ကသာ မြန်မြန်လှုပ်ရှားပြီး ပုန်းနေမယ်ဆိုရင် သူတို့က တိုက်ခိုက်နိုင်ကြသေးတယ်...။ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်မှာ ဖြစ်ခဲ့တဲ့အရာတွေကို နမူနာယူလိုက်ပေါ့။ မင်းသားကျင်းရဲ့လက်အောက်က ပြင်ပပညာရှင်တစ်ယောက် နေ့ခင်းကြောင်တောင် အသတ်ခံလိုက်ရတယ်လေ..."
"သူ့ကို သတ်လိုက်တာက ကျွန်တော်ကိုယ်တိုင်ပါပဲ…"
မုန့်ချီက တစ်ယောက်တည်း တွေးနေခဲ့၏။
သူက မျက်မှောင်ကြုတ်လိုက်မိသည်။ ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်က လော်အဖွဲ့အစည်းနှင့် ဖျက်ဆီးရေးဂိုဏ်း၏ အာရုံစိုက်မှုကိုခံနေရ၏။ ကြည့်ရသည်မှာ ထိုအရာက ရိုးရှင်းသောကိစ္စတစ်ခုတော့ မဖြစ်နိုင်တော့ပေ။
ကူချန်းချင်က ပို့ဆောင်ရေးပစ္စည်းတစ်ဝက်ကို သယ်ဆောင်ထား၏။ သူက အန္တာရာယ်ရှိနိုင်မည်လော။ သူက တိတ်ဆိတ်သွားခဲ့ပြီး အဆင့်မြင့်ဝိညာဉ်နှင့် ဝမ်ကိုက်ကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ဆိုလျှင် သူက ကူချန်းချင်ကို ကယ်တင်ရန်အတွက် စဉ်းစားရဦးမည်ဖြစ်၏။
"မင်းရဲ့မိတ်ဆွေကို မြန်မြန်ရှာပြီး ငါ့ရဲ့ရဲတိုက်ကို ပို့လိုက်ပါ…"
ဝမ်ဝမ်းရှန်က တွေဝေနေခြင်း မရှိဘဲ ပြောလိုက်သည်။
လက်ရှိကူချန်းချင်က မည်သည့်နေရာတွင်ပုန်းနေကြောင်း မုန့်ချီလည်း မသိခဲ့ပေ။ သူ့ဆီတွင် ကူချန်းချင်ကိုဆက်သွယ်ရန် နည်းလမ်းတစ်ခုသာရှိ၏။ အမတ်ကြီးတစ်ယောက် ဖြစ်သည့်အတွက် ဝမ်ဝမ်းရှန်၏ လှုပ်ရှားမှုတိုင်းက လူတိုင်းအလေးထားမှုကို ခံရနိုင်သည်။ ထို့ကြောင့် ကူချန်းချင်ကို ချက်ချင်းသွားရှာရန် သူကိုယ်တိုင်ထွက်၍ မရနိုင်ပေ။
သို့သော် ဝမ်ဝမ်းရှန်က သူ့ကို ကတိတစ်ခုပေးထား၏။
"တကယ်လို့ ငါကိုယ်တိုင် လှုပ်ရှားဖို့လိုတယ်ဆိုရင် ကျေးဇူးပြုပြီးပြောပါ...”
မုန့်ချီက သူ့ကို ကျေးဇူးတင်စကားပြောလိုက်ပြီး စုမိသားစုရဲတိုက်ရှိရာသို့ လျှောက်လာခဲ့၏။ ညက တဖြည်းဖြည်းမှောင်လာပြီး လမင်းကြီးက တဖြည်းဖြည်း တောက်ပလာသည်။
သူက ထိုကိစ္စကို စဉ်းစားနေရင်း ခြေလှမ်းကို မြန်လိုက်၏။ သူက ယနေ့ညတွင် ကူချန်းချင်နှင့် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။ တဖြည်းဖြည်းနှင့် သူက မြို့နံရံနားတွင် ရှိနေသော မြစ်ကမ်းဘေးသို့ ရောက်လာပြီး ရေပြင်ပေါ်တွင် ထင်ဟပ်နေသော လှိုင်းလုံးလေးများကိုတွေ့နေရသည်။
ရေမျက်နှာပြင်ပေါ်တွင် မုန့်ချီ၏ပုံရိပ်ကလည်းပေါ်နေပြီး သူက တစ်ယောက်တည်း စဉ်းစားနေခဲ့၏။ ကူချန်းချင်၏ လက်ထဲတွင် ပို့ဆောင်ရေးပစ္စည်းတစ်ဝက်ရှိနေကြောင်း သူနှင့်ဝမ်ဝမ်းရှန်တို့သာ သိထားသည်။ လော်အဖွဲ့စည်းနှင့်ဖျက်ဆီးရေးဂိုဏ်းတို့က မသိခဲ့ပေ။ ထိုအရာကို သူယူသွားသည်ဟုသာ သူတို့က ယုံကြည်နေကြသည်။
"သွားပြီ...အန္တရာယ်ရှိနေတာက ကူချန်းချင်မဟုတ်ဘူး ငါကိုယ်တိုင်ပဲ…"
မုန့်ချီက သတိထားလိုက်ပြီး သူ၏ချီစွမ်းအင်၊ အတွင်းအား၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒတို့ကို လှုံ့ဆော်ပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်၏။ ကူရှောင်စန်းက ချက်ချင်းပေါ်လာမှာကို သူလည်း ကြောက်လန့်နေခဲသည်။
သူက မြစ်ကမ်းဘေးမှ ထွက်သွားပြီး မိသားစုစံအိမ်ဆီသို့ အရင်ဆုံးပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ နောက်တစ်နေ့ မနက်ကျမှ ဝမ်ဝမ်းရှန်ကို ဖိတ်ခေါ်ပြီး ကူချန်းချင်ကို သွားရှာရန် စဉ်းစားလိုက်၏။
ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက် သူ့ဆီတွင် အန္တရာယ်အငွေ့အသက်များ ခံစားလိုက်ရသည်။ အစောပိုင်းတွင် ကာကွယ်ထားမှုကြောင့်သာ မဟုတ်လျှင် သူ့ဆီ၌ ထိုကဲ့သို့ ခံစားမှုတစ်ခု မရှိနိုင်ပေ။
သူ၏ပတ်ပတ်လည်၌ ခရမ်းရောင်မိုးကြိုးများစွာ ထွက်ပေါ်လာပြီး သူ့ဘေးတွင် ရှိနေသော သစ်ပင်ပေါ်မှနေ၍ မျက်နှာဖုံးဝတ် လူပေါင်းများစွာ ခုန်ဆင်းလာခဲ့သည်။
"ကောင်းကင်(၉)သွယ်က မိုးကြိုးနတ်ဘုရားလား...ဒဏ္ဍာရီအဖွဲ့က ဝေ့ကျင်းအဆင့် ပညာရှင်လား..."
"ဘုန်း"
ထိုမိုးကြိုးဓားက (၅)ကြိမ်တိတိ တိုက်ခိုက်လိုက်သည်။ ခရမ်းရောင်မိုးကြိုးများကလည်း မြစ်ကမ်းတစ်ခုလုံးကို ဝါးမြိုသွားသကဲ့သို့ ထင်မှတ်ရ၏။
Translated by Hein Htet