အခန်း (၄၇၈)
Vol. 32 Ch. 478
အနက်ရောင်တိမ်တိုက်များက စက္ကန့်ပိုင်းလေးအတွင်း သူ့ခေါင်းပေါ်တွင် စတင်စုစည်းလာပြီး ပတ်ဝန်းကျင်ကလည်း တခဏအတွင်း မည်းမှောင်သွားခဲ့သည်။ ခရမ်းရောင်အလင်းတန်းများက ဝဲကတော့ကြီးတစ်ခု ဖန်တီးနေသည့်အလား မြစ်ထဲတွင် စီးဆင်းနေသော ရေများကလည်း မြင့်လိုက်နိမ့်လိုက် ဖြစ်နေခဲ့သည် ။ ထိုမြင်ကွင်းက အတော်လေးကို ကြောက်စရာကောင်းလွန်းလှ၏။
မုန့်ချီ၏ မျက်လုံးထဲတွင် ခရမ်းရောင်လျှပ်စီးကြောင်းများ ပြည့်နှက်လာသည်။ မိုးကြိုးဓားသွားကလည်း အပေါ်မှနေ၍ ကျဆင်းလာပြီး အလွန်ကြောက်စရာကောင်းသော ပေါက်ကွဲသံ(၅)ခု ထွက်လာခဲ့၏။ ထိုပေါက်ကွဲမှုက သူ့ကို ဗဟိုပြု၍ ပျံ့နှံ့သွားပြီး လမ်းတစ်လျှောက်တွင် ရှိနေသောအရာအားလုံးကို ဖျက်ဆီးပစ်နေသလို ထင်မှတ်ရသည်။
"မိုးကြိုးဟိန်းသံလား ၊ ခရမ်းမိုးကြိုးဓား (၇)ချက်လား ၊ ဒဏ္ဍာရီအဖွဲ့က မိုးကြိုးနတ်ဘုရားလား…"
မုန့်ချီက မျက်မှောင်ကြုတ်နေမိသည်။
ဒဏ္ဍာရီအဖွဲ့က လော့ရန်သို့ သူတို့၏ လူများစေလွှတ်ပြီး သူ့ကို လုပ်ကြံရန် ကြိုးစားလိမ့်မည်ဟု သူလည်း လုံးဝမတွေးမိခဲ့ပေ။ သူက နေ့ခင်းကြောင်တောင် မင်းသားကျင်း၏ ပြင်ပအကြီးအကဲ တစ်ယောက်ဖြစ်သော ရန်ဝူလျန့်ကို သတ်ပစ်လိုက်သည့်အတွက် သူ့ကိုသတ်ရန် ဝေ့ကျင်းအဆင့်ပညာရှင်များ စေလွှတ်လိုက်သည်။
လက်ရှိအချိန်တွင် သူသတိထားနေသည်မှာ ဖျက်ဆီးရေးဂိုဏ်းနှင့် လော်အဖွဲ့အစည်းတို့ ဖြစ်သည်။ ထိုသို့ဆိုရာတွင် ကံဆိုးသွားခဲ့ပြီး ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရား၏ ခြိမ်းခြောက်မှုကို ခံစားမိခဲ့၏။ မဟုတ်လျှင် သူက တုံ့ပြန်ရန် အချိန်မရှိတော့ဘဲ လျင်မြန်သောမိုးကြိုးဓားသိုင်းကြောင့် သေဆုံးသွားနိုင်၏။
ထိုအရာက အဆင့်ကွာဟမှုကြောင့်ဖြစ်ပြီး လျှို့ဝှက်ရတနာတစ်ခု၏ အကူအညီမရှိဘဲ ခုခံရန် လုံးဝမဖြစ်နိုင်ပေ။ ထို့ပြင် ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်သာ မဟုတ်ပေ။ တိုက်ခိုက်စွမ်းရည်အရ ပြောရမည်ဆိုလျှင် သူက ကျိလော်ကျူးထက်ပို၍ အဆင့်မြင့်သည်။
"ဂျိမ်းး…."
မိုးခြိမ်းသံများနှင့် ခရမ်းရောင်လျှပ်စီးကြောင်းများ ထွက်ပေါ်လာခဲ့သည်။ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော အစွမ်းမျိုး ရှိနေသည့် ဓားတစ်လက်ကလည်း ကောင်းကင်အပြစ်ပေးမှုတစ်ခုကဲ့သို့ မုန့်ချီကို တိုက်ခိုက်လိုက်၏။
မိုးကြိုးအမှတ်အသားထဲတွင် ပါဝင်နေသော ပြောင်းလဲမှုများက အတော်လေး ကြောက်စရာကောင်းသည်။ ထိုအချိန်တွင် မြေပြင်ပေါ်မှ ဓားမောက်အလင်းရောင်များ ထွက်ပေါ်လာပြီး အမှောင်ထုကြီးကို ဖယ်ရှားလိုက်၏။ ငွေရောင်စပါးအုံးမြွေကြီးများကလည်း အစီအစဉ်မကျ ဖြစ်ပေါ်လာပြီး ကမ္ဘာပျက်မည့်နေ့ကို ကျရောက်လာသလို ဖြစ်လာခဲ့သည်။
"ဂျိမ်း…."
ဓားသွားအလင်းရောင်များက (၅)ခုတိတိ ကွဲထွက်သွားခဲ့သည်။ သူတို့က လျင်မြန်သော်လည်း အလျင်မလိုပေ။ လေးလံသော်လည်း ဗလာနတ္ထိဖြစ်နေပြီး သိပ်သည်းသော်လည်း နယ်မြေတစ်ခုလုံး ပြည့်နှက်နေ၏။
မုန့်ချီကအန္တရာယ်ကို ကြိုတင်သတိထားနေခဲ့သည့်အတွက်ကြောင့် သူက ရန်သူ၏ မိုးကြိုးတိုက်ခိုက်မှုကို တုံ့ပြန်ရန် စွမ်းအားတစ်ခု သုံးနိုင်ခဲ့သည်။ မဟုတ်လျှင် သူကတော့ ထိုကပ်ဘေးမှ လွတ်မြောက်ရန် လုံးဝမဖြစ်နိုင်ပေ။
"ဂျိမ်း…."
အစိမ်းရောင် မိုးကြိုးများက ရေပုံးကြီးတစ်ခုကဲ့သို့ လေထဲတွင် စုစည်းလာပြီး ကျယ်လောင်သောအသံနှင့်အတူ တိုက်ခိုက်လိုက်သည်။ ထိုမိုးကြိုးများက တစ်ခုနှင့်တစ်ခု ပေါင်းစပ်လာပြီး (၅)ချက်မြောက်တွင် အမြင့်ဆုံးကို ရောက်လာခဲ့၏။
ယခုတစ်ကြိမ်တော့ မုန့်ချီက ပြောင်းလဲမှုများ လုပ်ဆောင်လိုက်ပြီး အောက်ဘက်မှနေ၍ ရန်သူကို တုန့်ပြန်တိုက်ခိုက်လိုက်သည်။ ထိုနေရာတွင် ပြောင်းလဲမှုများအားလုံး ပါဝင်နေသလို ထင်မှတ်ရ၏။ ကိုယ်တွင်းကမ္ဘာကြီးထဲတွင်လည်း ကောင်းကင်မိုးကြိုးဓား ပုံသဏ္ဍာန် မဟုတ်တော့ဘဲ ဓားမောက်နှင့် ကောင်းကင်အပြစ်ပေးမှုကို ပေါင်းစပ်ထားသလို ဖြစ်နေသည်။
တစ်ယောက်က အထက်မှ တိုက်ခိုက်ပြီး တစ်ယောက်က အောက်မှ တိုက်ခိုက်လိုက်သည့်အတွက် ရန်သူကို နှစ်ဦးနှစ်ဖက် တိုက်ခိုက်လိုက်သလို ဖြစ်နေ၏။ နေလုံးကြီး၏ ပတ်ပတ်လည်တွင် ကြယ်များ ဝန်းရံနေပြီး သူ၏ပင်မဝိညာဉ်က အလယ်ဗဟိုအနေနှင့် ရှိနေသည်။ မဟူရာတွင်းနက်ကြီးများလည်းပေါ်လာခဲ့၏။
မုန့်ချီ၏ဓားရှည်ကတော့ မှေးမှိန်ပြီး အနက်ရောင်ပြောင်းနေသည်။ သူကတော့ မိုးကြိုးများ ရောက်မလာခင ကောင်းကင်ကြီးကို ပုံဖော်ထားသလို ထင်မှတ်ရ၏။
"ဖျက်ဆီးလိုက်စမ်း…"
မုန့်ချီက ရင်ထဲတွင် ကြုံးဝါးလိုက်ပြီး သူ၏အရှိန်အဝါကို အမြင့်ဆုံးသို့ တွန်းပို့လိုက်သည်။ သူက ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ကို ရင်ဆိုင်နေရသော်လည်း နောက်ဆုတ်သွားမည့်ပုံမျိုး မရှိချေ။
"တကယ်လို့ ငါက သေရမယ်ဆိုရင်တောင် ဘာကိုကြောက်နေရမှာလဲ။ ငါသေရမယ်ဆိုရင် မင်းကိုလည်း အလွယ်တကူ ထွက်သွားခွင့်မပေးနိုင်ဘူး။ ငါက အသက်ရှင်ခွင့်ရဖို့အတွက် အစွမ်းကုန်တိုက်ခိုက်မှာပဲ…"
"ဘုန်း…"
ပေါက်ကွဲမှုကြောင့် ထိုနယ်မြေကြီးတစ်ခုလုံး လှုပ်ရှားသွားခဲ့ပြီး ပတ်ပတ်လည်တွင် အသံများ ပျံ့နှံ့လာသည်။ အစိမ်းရောင်မိုးကြိုးများကလည်း ခရမ်းရောင် မိုးကြိုးပိုက်ကွန်ကြီးထဲတွင် ပိတ်မိသွားခဲ့၏။ လေဟာနယ်ထဲတွင်တော့ အလွန်ထက်မြက်သော ဓားသွားများ ပြည့်နှက်နေသည်။
ထိုအချိန်တွင် ကောင်းကင်ပြစ်ဒဏ်ဓားက ပို၍လေးလံလာကြောင်း မုန့်ချီက ခံစားလိုက်ရ၏။ သူက ဓားကိုပင် မမြှောက်နိုင်တော့ပေ။ ကြောက်စရာကောင်းသော ခရမ်းရောင်မိုးကြိုးများကတော့ သူ၏ဓားထဲသို့ စီးဆင်းလာပြီး သူ့ကို တိုက်ခိုက်လိုက်၏။
အလွန်အစွမ်းထက်သော ချီစွမ်းအင်များကို နံရံအဖြစ် အသုံးပြုလိုက်သည့်အချိန်တွင် လျှပ်စီးကြောင်းများက မုန့်ချီ၏ပတ်ပတ်လည်တွင် ကြောက်စရာကောင်းစွာ လှုပ်ရှားလာသည် ။ သူတို့က မရပ်မနား လှုပ်ရှားနေကြ၏။
သူကတော့ တစ်ကိုယ်လုံး ထုံကျင်နေသလို ခံစားနေရပြီး လက်ထဲတွင်လည်း နာကျင်မှုကို ခံစားနေရသည်။ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများလည်း ပေါ်လာပြီး ရန်သူ၏တိုက်ခိုက်မှုများ ကျူးကျော်ခြင်းကို ကာကွယ်ပေးထား၏။
အရင်နှစ်တွင် မုန့်ချီက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်နှင့် ပြိုင်ဘက်ကင်း ဓားမောက်ပညာကို ဝေ့ကျင်းအဆင့်ထက် ကျော်လွန်အောင် မြှင့်တင်ထားနိုင်ခဲ့သည်။ ထိုအရာကလည်း အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ပထမတွဲ၏ အကူအညီကြောင့် ဖြစ်သည်။
မဟုတ်လျှင် ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရား၏ အစွမ်းမျိုးနှင့် သူက ဝေ့ကျင်းအဆင့် တိုက်ခိုက်မှုကို အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် ရှောင်တိမ်းရန် လုံးဝမဖြစ်နိုင်ချေ။ ယခုတော့ သူက ဓားမောက်နှင့် စွမ်းရည်ပူးပေါင်းမှုကြောင့် အသက်အန္တရာယ်ကို ရှောင်တိမ်းနိုင်ခဲ့သည်။
"ဖောက် ဖောက် ဖောက်…"
မုန့်ချီ၏ ခြေထောက်အောက်တွင် ရှိနေသော အပြာရောင်ကျောက်တုံးများက ဆက်တိုက်အက်ကွဲသွားခဲ့ပြီး ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့သည်။
အသွားနှစ်ဖက်ပါသော ဓားမောက်များကလည်း လေထဲတွင် ယာယီရပ်တန့်သွားပြီးနောက် သူ့ကိုဆက်၍ တိုက်ခိုက်လိုက်သည်။ ခရမ်းရောင်မိုးကြိုးကလည်း လူနှစ်ယောက်၏ ကြားထဲတွင် လှုပ်ရှားနေခဲ့ပြီး နတ်ဘုရားများကို ပို့ဆောင်ပေးနေသလိုဖြစ်နေ၏။
"ချွမ်…"
အဝေးမှ အသံတစ်ခု ထွက်ပေါ်လာပြီး မုန့်ချီက ကျန်ရှိနေသော ခရမ်းရောင်မိုးကြိုးများကို သူနှင့်အတူ ဆွဲခေါ်သွားခဲ့သည်။ သူက မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ သူ၏ဓားမောက်အရှိန်အဝါကို သုံးလိုက်ပြီး ရေထဲသို့ ခုန်ချလိုက်သည်။ ယခုအချိန်တွင် သူ့ပုံစံက ကြောက်စရာကောင်းသော မှော်သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
"ဟမ်..."
ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားက သူ၏ ပစ်မှတ်ကို တစ်ချက်တည်းနှင့် မသတ်နိုင်သည့်အတွက် အလွန်အံ့သြသွားပုံရ၏။ သို့သော် သူ၏လက်အောက် ငယ်သားများကတော့ သတိလွတ်နေခြင်း မရှိကြချေ။
တစ်ဖက်လူက ဓားသွားနှင့် တိုက်ခိုက်လိုက်ရာ လေလှိုင်းများနှင့်နဂါးကြီးများ ထွက်ပေါ်လာပြီး မုန့်ချီ၏နောက်သို့ လိုက်လံတိုက်ခိုက်သည်။ ထိုအရာက အလွန်လျင်မြန်လွန်းလှသည့်အတွက် မုန့်ချီကတော့ လျှပ်စီးကြောင်းတစ်ခုကိုသာ ခံစားမိခဲ့၏။ ထိုအချိန်တွင် မိုးရေစက်များ ကျဆင်းလာနေပြီးမြစ်ရေပေါ်တွင် ဝဲကတော့များ ကျန်နေခဲ့သည်။
ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရား၏ တိုက်ခိုက်မှုကြောင့် မြစ်ရေပြင်က နှစ်ပိုင်းကွဲသွားပြီး အတွင်းထဲတွင် လိုဏ်ဂူကြီးတစ်ခုလို ဖြစ်လာခဲ့သည်။
သို့သော် မုန့်ချီကတော့ ထိုအရာကို ကြိုတင်မျှော်လင့်ထားခဲ့၏။ သူက အပြင်ဘက်သို့ ခုန်ထွက်လိုက်ချိန်တွင် သူ၏အသက်ရှုသံက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သူက မဟူရာတွင်းပေါက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူက တခြားတစ်ဖက်တွင် ရှောင်တိမ်းနိုင်ခဲ့၏။
မုန့်ချီက ရှောင်နိုင်ကြောင်း မြင်လိုက်ရသည့်အခါ ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားက သူ့ဓားကို ရုပ်သိမ်းလိုက်သည်။ သူကိုယ်တိုင်က ခရမ်းရောင်လျှပ်စီးကြောင်းများအဖြစ် ပြောင်းလဲပြီး မုန့်ချီကို လွှမ်းခြုံ၍ သူ ရှောင်တိမ်းနိုင်သည့်အခြေအနေများအားလုံးကို ပိတ်ဆို့ထားခဲ့သည်။
သူက မုန့်ချီကို ပျံသန်းနိုင်သော ဝေ့ကျင်းအဆင့်ပညာရှင် တစ်ယောက်အဖြစ် သတ်မှတ်ထား၏။
"ဂျိမ်း…"
မိုးခြိမ်းသံကြီးက အလွန်ကျယ်လောင်လွန်းလှပြီး မုန့်ချီ၏ပင်မဝိညာဉ်က တုန်လှုပ်သွားသည်။ သူကတော့ မူလကမ္ဘာကြီးထဲကို ပြန်ရောက်သွားသည်အလား မှင်တက်သွားခဲ့၏။
သူ၏လက်ခုံပေါ်တွင် ရှိနေသော မိုးကြိုးအမှတ်အသားကလည်း သိသာထင်ရှားလာသည်။ ခရမ်းရောင်မိုးစက်များ ကျဆင်းလာသည့်အချိန်တွင် မိုးကြိုးများ၏ တိုက်ခိုက်မှုကို အရင်ဖြေရှင်းပစ်လိုက်ပြီး သူကတော့ သူ၏စွမ်းရည်ကို တုံ့ပြန်နိုင်စွမ်းရှိခဲ့သည်။ သူ့ဆီတွင် တိုက်ခိုက်စွမ်းရည်များ ပြည့်နှက်နေသေး၏။
အစောပိုင်းတွင် ထွက်ပြေးသွားခဲ့သည်မှာလည်း ဟန်ဆောင်လိုက်ခြင်းသာဖြစ်သည်။ မည်သို့ဖြစ်စေကာမူ ယခုအချိန်တွင် သူ၏တိုက်ခိုက်စွမ်းရည်များက သူ့ကို ဆက်လက်တိုက်တွန်းနေခဲ့၏။
"သတ်လိုက်စမ်း…"
မုန့်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် သူ၏ဓားချီစွမ်းအင်များ ထွက်ပေါ်လာပြီး ခရမ်းရောင်မိုးကြိုးများလည်း ထွက်လာခဲ့သည်။ နဂါးကြီး(၉)ကောင်ကလည်း အမြီးနှင့်ခေါင်းများ အချင်းချင်း ဆက်သွယ်ပြီး ဓားသွားပုံသဏ္ဍာန် ခရမ်းရောင်လျှပ်စီးကြောင်းကြီးကို ဖျက်ဆီးပစ်လိုက်သည်။ ယခု သူက ဝေ့ကျင်းအဆင့်တိုက်ခိုက်မှု(၂)ခုကို တိုက်ခိုက်နိုင်ပြီး သူ၏ဒုတိယတိုက်ခိုက်မှုကတော့ ပထမတစ်ခုထက် ပို၍အားနည်းသည်။
"ဗုန်းး…."
ခရမ်းရောင်လျှပ်စီးကြောင်းများက လေထဲတွင် မီးရှူးမီးပန်းများပမာ ပေါက်ကွဲသွားခဲ့၏။
ထိုအရာက ကောင်းကင်ကြီးတစ်ခုလုံးကို လင်းထိန်သွားစေခဲ့ပြီး အလွန်လှပသော မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ လှုပ်ရှားမှုကြီးကြောင့် မြစ်ပေါ်တွင်ရှိသော တံတားကြီးက တုန်ခါသွားပြီး ကျောက်တုံးများ ကျလာခဲ့၏။ ဆူညံသောအသံများနှင့်အတူ ထိုတံတားကြီးကလည်း မြစ်ထဲသို့ ပြိုကျသွားခဲ့၏။
ကုန်းမြေကြီးက နေရာတိုင်းတွင်လောင်ကျွမ်းနေပြီး သစ်ပင်ပန်းပွင့်များ တစ်ခုမျှမမြင်ရပေ။ မြစ်ကမ်းထဲတွင် ရှိနေသော ငါးများကလည်း တစ်ချို့က အဖြူရောင် ပြောင်းနေပြီး တစ်ချို့က တစ်ဝက်တစ်ပျက် ရေထဲတွင် ပေါလောပေါ်နေကြ၏။
ဦးတည်ချက်ကို စိတ်ကြိုက်ပြောင်းလဲနိုင်သော ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားကဲ့သို့ မဟုတ်ဘဲ မုန့်ချီက အဝေးသို့ လွင့်သွားခဲ့ပြီး လက်ရှိအချိန်တွင် လေထဲ၌ ရှိနေသည်။ သူကတော့ မြစ်တစ်ဖက်ကမ်းတွင် ရှိနေသော မြေသားပေါ်သို့ ကျသွားခဲ့ပြီး ကျသည့်အရှိန်က အလွန်ပြင်းထန်လှသည့်အတွက် ခေါင်းထဲတွင် မူးဝေနေခဲ့၏။
သူ၏ပတ်ပတ်လည်တွင် ခရမ်းရောင်လျှပ်စီးကြောင်းများ ရှိနေသေးပြီး ရွှေရောင်အလင်းတန်းများက မှေးမှိန်နေသည်။ သူ၏ကိုယ်တွင်းပေါက်(၇)ခုမှနေ၍ သွေးများ စီးကျလာနေသည့်အတွက် သူက ဒဏ်ရာဆိုးဆိုးဝါးဝါးရနေကြောင်း ပြသနေသည်။
ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားကတော့ အနည်းငယ်လေးပင် အားနည်းသည့်လက္ခဏာမျိုး မပြပေ။ သူက မုန့်ချီက နောက်တစ်ကြိမ် တိုက်ခိုက်လိုက်တော့မည့်အချိန်တွင် ရုတ်တရက်ရပ်တန့်လိုက်၏။ သူက ခနဲ့သလို ပြုံးလိုက်ပြီး အမှောင်ထဲတွင် ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
အစောပိုင်းတွင် သူတို့ဖန်တီးခဲ့သော လှုပ်ရှားမှုများကြောင့် ထိုနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်နေကြောင်း လူပေါင်းများစွာက သတိထားမိသွား၏။ ထို့ကြောင့် ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားက နောက်ထပ် သိုင်းကွက်(၂)ကွက် (၃)ကွက်အတွင်း မုန့်ချီကို သတ်ပစ်ရန် မသေချာတော့ပေ။ ထို့ကြောင့် သူလည်း နောက်ပြန်ဆုတ်သွားရခြင်းဖြစ်၏။
"ဟားဟားဟားဟား…ကြောက်လိုက်တာလည်း လွန်ပါရော…"
မုန့်ချီက အားရပါးရရယ်လိုက်ပြီး သူ၏ပါးစပ်ထဲမှ စီးကျလာသောသွေးများကို စိတ်ဝင်စားခဲ့ခြင်း မရှိချေ။ သူက မိုးကြိုးနတ်ဘုရား၏ပုံစံကိုကြည့်ပြီး ရယ်နေခဲ့၏။
တစ်ဖက်လူ၏အရိပ်က အမှောင်ထဲတွင် ရပ်တန့်သွားသလို ထင်မှတ်ရသည်။ အစောပိုင်းတိုက်ပွဲတွင် မုန့်ချီက ထွက်ပြေးရန် လုံးဝအတွေးမရှိခဲ့ပေ။ မည်သို့ဖြစ်စေကာမူ ဤနေရာက လော့ရန်ဖြစ်၏။ အကယ်၍ သူကသာ မိုးကြိုးနတ်ဘုရား၏ သိုင်းကွက်(၃)ခုကို ခုခံနိုင်မည်ဆိုလျှင် တစ်ဖက်လူက ထွက်သွားပါလိမ့်မည်။
အကယ်၍ သူက ထွက်ပြေးချင်သည်ဆိုလျှင်ပင် ထိုသို့လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ယုံကြည်ချက်ရှိနေသည်။ သို့သော် ထွက်ပြေးချင်သည့် ရည်ရွယ်ချက်က သူ၏ တိုက်ခိုက်နိုင်စွမ်းကို အားနည်းသွားစေပြီး ပြိုင်ဘက်၏ ရုပ်သေးတစ်ယောက် ဖြစ်သွားနိုင်သည်။ သူရရှိထားသော ဒဏ်ရာများက သူခံစားရသော လက်ရှိအခြေအနေထက်ပင် ပို၍ဆိုးရွားနိုင်သေးသည်။
ဝမ်ဝမ်းရှန်က လှုပ်ရှားမှုများကို အရင်ဆုံး သတိထားမိခဲ့ပြီး ထိုနေရာကို အပြေးလှမ်းလာခဲ့သည်။ သူက အစောပိုင်းတွင် မုန့်ချီကို သတိပေးခဲ့သည့်အတွက် ထိုအရာကိုလည်း ကြိုတင်တွက်ဆနိုင်သည်။
မုန့်ချီ အဆင်ပြေကြောင်း မြင်လိုက်ရသည့်အခါ သူလည်း စိတ်အေးသွားခဲ့သည်။
"ငါက တော်တော်လေးကို သတိမထားမိခဲ့တာပဲ။ ငါတို့တွေ့ပြီးပြီးချင်း သူတို့က မင်းကို တိုက်ခိုက်လိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး…"
"အဲဒါက ဖျက်ဆီးရေးဂိုဏ်းနဲ့ လော်အဖွဲ့အစည်းမဟုတ်ဘူး။ ကျွန်တော့်ကို တိုက်ခိုက်လိုက်တာက ဒဏ္ဍာရီအဖွဲ့က မိုးကြိုးနတ်ဘုရားပါ…"
မုန့်ချီက မတ်တပ်ပြန်ရပ်လိုက်ပြီး မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်သည်။ သူကတော့ သခင်မစု၏ ဝေ့ကျင်းအဆင့် ပညာရှင်များကြားထဲတွင် သံသယတစ်ခု ပေးခဲ့ချင်သည်။
ဝမ်ဝမ်းရှန်၏ မျက်နှာအမူအရာက လေးနက်သွားခဲ့၏။
"ဒဏ္ဍာရီတွေလား…"
သူက နောက်ထပ်မေးခွန်းမေးရန် ပြင်လိုက်စဉ် ခါး၌ အဝါရောင်မျက်လုံး ချိတ်ထားသော စုယွဲ့က သူတို့ဆီကို လျှောက်လာကြောင်း မြင်လိုက်ရသည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"အရင်ဆုံး ဒီကိစ္စကို ယပ်တောင်(၆)လကျောင်းဆီ သတင်းပို့ကြတာပေါ့…"
အဆုံးတွင်တော့ ဝမ်ဝမ်းရှန်က သူတို့၏စည်းမျဉ်းများကို အမှတ်ရသွားခဲ့ပြီး ထိုကိစ္စကို သူကိုယ်တိုင် တာဝန်မယူတော့ပေ။ ထိုတာဝန်က ယပ်တောင်(၆)လက်ကျောင်း၏ တာဝန်ဖြစ်၏။ ထို့ကြောင့် သူတို့ကိုယ်တိုင် သီးခြားစီစဉ်၍ရသည်။
ဝမ်ဝမ်းရှန်ကို အရိုအသေပေးလိုက်ပြီနောက် စုယွဲ့က မုန့်ချီကို ယပ်တောင်(၆)လက်ကျောင်း၏ ဌာနချုပ်ဆီသို့ ခေါ်သွားခဲ့၏။ မုန့်ချီက အလွန်နာမည်ကျော်ကြားသော အဆောက်အဦးကို ပထမဦးဆုံးအကြိမ် မြင်လိုက်ရခြင်းဖြစ်သည့်အတွက် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
အပြင်ဘက်မှ ကြည့်လိုက်မယ်ဆိုလျှင် ထိုအဆောက်အဦးက ရှေးဟောင်းအဆောက်အဦးကြီးကဲ့သို့ ဖြစ်နေ၏။ အတွင်းထဲတွင်တော့ ကောင်းကင်ပေါ်အထိ မြင့်တက်နေသော သစ်ပင်ကြီးများ ရှိနေသည်။
သူတို့၏မြင်ကွင်းထဲမှ ပျောက်ကွယ်နေသော စံအိမ်ငယ်လေးများလည်းတစ်ခုပြီး တစ်ခု ရှိနေသည်။ သူတို့ကတော့ အတန်းလိုက်ဖြစ်နေပြီးသေချာပြင်ဆင်ထားခြင်း မရှိချေ။ ထိုအရာက သိုင်းလောကတစ်ခွင်လုံးကို လှုပ်ရှားစေနိုင်သော ယပ်တောင်(၆)လက်ကျောင်း၏ ဌာနချုပ် ဖြစ်မည်ဟု ယုံကြည်ပေးရန်ပင် ခက်ခဲ၏။
သို့သော်ဌာနချုပ်ထဲတွင် သွားလာနေကြသော လူဆိုးထိန်းများက အစွမ်းထက်ကြပြီး အများစုက ခရမ်းရောင်လက်ပတ်နှင့်ရွှေတံဆိပ်ရှိနေသူများ ဖြစ်ကြသည်။ ထိုနေရာက အစစ်အမှန်ဌာနချုပ်လည်းဖြစ်၏။
စုယွဲ့က မုန့်ချီကို အဆောက်အဦးတစ်ခုထဲသို့ ခေါ်သွားခဲ့သည်။ သူက အပြုံးနှင့်ပြောလိုက်၏။
"မြေခွေးဘုရင်ကို သတ်ခဲ့တဲ့အပေါ် မင်းရဲ့ဆုကြေးကို လက်ခံဖို့အတွက် ဌာနချုပ်ကိုခေါ်ဖို့ပြင်နေတာ။ ဒါပေမယ့် ငါက မင်းကို ဆက်သွယ်လို့မရခဲ့ဘူး။ မင်းရဲ့အဆင့်အတန်း ပေါ်သွားမှာစိုးတဲ့အတွက် ငါကိုယ်တိုင်လည်း မင်းကိုလာခေါ်လို့မရဘူး။ ဒါကြောင့် အဲဒီအခွင့်အရေးက အရမ်းကြာနေတာ.."
"ဆုကြေးလား.."
မုန့်ချီက အဓိကအချက်ကိုသာ ကြားခဲ့သည်။
"မြေခွေးဘုရင်ကို ပြင်ပနယ်မြေတစ်ခုမှာ တရားဝင်ဖမ်းဆီးနိုင်ခဲ့တယ်။ သူ့ကို သတ်လိုက်တဲ့အတွက်လည်း ဆုကြေးတစ်ခုရှိတာပေါ့။ စုံစမ်းရေးမှူးချုပ်က ငါတို့ထိပ်တန်းလူဆိုးထိန်းတွေနဲ့ ဆွေးနွေးပြီး မင်းကို ငွေတံဆိပ်လူဆိုးထိန်းအဖြစ် ရာထူးတိုးပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီတော့ မင်းက ဝေ့ကျင်းအဆင့် ကျင့်စဉ်တစ်ခုကို ရွေးချယ်နိုင်သလို အဆင့်တူညီတဲ့ဆေးလုံးတွေ၊ ရတနာတွေကိုလည်း ရွေးချယ်နိုင်တယ်။ ဒါပေမဲ့ မင်းက (၁)နှစ်ခွဲတိတိ တာဝန်တွေကို မလုပ်ဆောင်သလို ဆက်သွယ်လို့လည်း မရဘူး။ ဒီတော့ အဲဒီအတောအတွင်း မင်းရဲ့လစာကိုပြန်ပြီးနှုတ်မယ်…"
စုယွဲ့ကပြောလိုက်၏။
တချိန်တည်းတွင် ဆုကြေးနှင့် အပြစ်ပေးမှုရှိနေသည်မှာ တရားမျှတသလို ထင်မှတ်ရသည်။ ထိုအရာက ယပ်တောင်(၆)လက်ကျောင်း၏ စည်းမျဉ်းစည်းကမ်းလည်းဖြစ်၏။
"(၁)နှစ်ခွဲကျော် လစာလား…"
မုန့်ချီက ရုတ်တရက်ခေါင်းကိုက်သွားသလို ခံစားလိုက်ရ၏။ သူ့ကို ကောင်းလန်က ခေါ်ဆောင်သွားခဲ့ပြီးနောက် သူက လေ့ကျင့်မှုကိုသာ အာရုံစိုက်ထားခဲ့သည်။ သူ၏စုံစမ်းရေးတာဝန်ကိုပင် မေ့လျော့နေခဲ့၏။
"တကယ်လို့ ငါသာ ဆုကြေးအဖြစ် ဆေးရည်တွေကို ယူလိုက်ပြီး သံသရာအရှင်သခင်နဲ့ လဲလိုက်မယ်ဆိုလျှင် အနည်းဆုံးကံကြမ္မာအမှတ် (၃၀၀၀)ကျော်တော့ ရနိုင်တယ်။ ဒါပေမဲ့ ငါ့မှာ တခြားဆုလာဘ်တွေ ရှိနေသေးတယ်။ တကယ်လို့ ငါက ငွေတံဆိပ်လူဆိုးထိန်းဖြစ်သွားရင် ကံကြမ္မာအမှတ် (၃၀၀)နီးပါးရနိုင်တယ်.."
သူက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်၏။
"မင်းရဲ့ရာထူးနဲ့ လက်ဆောင်ကို လက်ခံဖို့အတွက် နောက်ထပ် ရက်အနည်းငယ်နေရင် ပြန်လာခဲ့ပါ။ မင်းက ဘုရင်ကြီးနဲ့ စုံစမ်းရေးမှူးချုပ်ကို တွေ့ရမယ်။ ဒါပေမဲ့ အရင်တစ်ခေါက်လို မလုပ်မိစေနဲ့…"
စုယွဲ့က သူ့ကို လေးလေးနက်နက်သတိပေးလိုက်သည်။
"အခု အစောပိုင်းမှာ ဖြစ်ခဲ့တဲ့အရာတွေကို အသေးစိတ်ရှင်းပြတော့…"
စုယွဲ့က သူ၏ရုံးခန်းထဲတွင် လက်နောက်ပစ်၍ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
မုန့်ချီ ရှင်းပြသည့်စကားကို နားထောင်ပြီးနောက် သူက ပြောလိုက်၏။
"ဒါတွေအားလုံးက မင်းသားကျင်းရဲ့ စံအိမ်ထဲကိုဝင်ပြီး ပြင်ပပညာရှင်ကို လုပ်ကြံသတ်ပစ်ခဲ့တဲ့ လူသတ်သမားရဲ့အမှားပဲ။ အတိတ်တုန်းကတော့ လော့ရန်မှာ အဲဒီလိုအခြေအနေတွေ နည်းနည်းပဲဖြစ်ခဲ့တာ…"
မုန့်ချီက ဘာပြောရမှန်း မသိတော့ပေ။ သူကတော့ ရင်ဘတ်ပေါ်သို့ လက်တင်ပြီး ပြောလိုက်၏။
"ဒီလိုစည်းမျဉ်းချိုးဖောက်တဲ့ လူတစ်ယောက်ကို တခြားသူတွေရှေ့မှာ ဥပမာအနေနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်…"
"မင်းပြောတာ ဟုတ်တယ်။ ကြည့်ရတာတော့ ပို့ဆောင်ရေးအဖွဲ့ ယူလာတဲ့ပစ္စည်းက ပြဿနာ ကြီးကြီးမားမား ရှိနေမယ် ထင်တယ်။ မင်းက မင်းရဲ့မိတ်ဆွေကို ဆက်သွယ်ပြီးသွားရင် ရုံးချုပ်ကို သတင်းပို့ဖို့မမေ့ပါနဲ့။ ဒဏ္ဍာရီအဖွဲ့တွေကိုတော့ ငါတို့ပဲ စုံစမ်းလိုက်မယ်…"
သူက ခဏရပ်ပြီး မုန့်ချီကို စိုက်ကြည့်လိုက်၏။
"လူငယ်မှတ်တမ်းရဲ့နံပါတ်(၁)မှာ ရှိနေတဲ့ ပညာရှင်က ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်မှု (၃)ခုကိုတောင် ခံနိုင်ရည်ရှိတယ်ဆိုတော့ တကယ့်ကို နာမည်နဲ့ လိုက်ဖက်ပါပေတယ်။ မင်းက ဟယ်ကျူးနဲ့ ယှဉ်လိုက်မယ်ဆိုရင်တောင် လုံးဝအားနည်းနေတာမျိုး မရှိဘူး။ မဆိုးပါဘူး။ တကယ့်ကို မဆိုးဘူး…"
သူက မုန့်ချီ၏ပုခုံးကို ပုတ်လိုက်သည်။
"မင်းက အန္တရာယ်တွေ အများကြီးကြုံရခဲ့တယ်။ အခု ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ရဲ့ပစ်မှတ်လည်းဖြစ်နေတယ်။ ဒီတော့ မင်းက အိမ်ကိုပြန်သင့်တယ်။ အနည်းဆုံးတော့ အဲဒီမှာအကာအကွယ်ဝင်္ကပါနဲ့ ဝေ့ကျင်းအဆင့်ပညာရှင်တွေ ရှိတယ်လေ။ မင်းရဲ့အဖေက မင်းကို အေးတိအေးစက် ဆက်ဆံပေမယ့် သူက မင်းကိုတော်တော်လေး ဂရုစိုက်ပါတယ်။ သူက မင်းရဲ့အဆင့်အတန်းကို ဖုံးကွယ်ပေးဖို့ ကြိုးစားခဲ့တဲ့အပြင် မင်းရဲ့ပြဿနာတွေကိုလည်း ကာကွယ်ပေးခဲ့တယ်။ သူက လော့ရန်မှာ မင်းကို ဘာတာဝန်မှမပေးဖို့တောင် ဘုရင်ကြီးကို တောင်းဆိုပေးခဲ့သေးတယ်…"
မုန့်ချီကလည်း စုကျိယွမ်၏ ကလေးဘဝအခန်းကို စစ်ဆေးရန် စီစဉ်ထားသည်။ အကြောင်းအရာများက ထိုသို့ဖြစ်လာခဲ့သည့်အတွက် သူလည်း စုယွဲ့၏ အကြံပေးမှုကို လက်ခံလိုက်သည်။ စုယွဲ့က သူ့ကို မိသားစုစံအိမ်တော်ဆီသို့ ပြန်ခေါ်လာခဲ့သည်။
သူက စုကျိယွမ် နေထိုင်ခဲ့သော ခြံဝင်းကို ရောက်လာခဲ့သည့်အချိန်တွင် စုကျိယွဲ့က သူ့ဆီကို ပြေးလာကြောင်း မြင်လိုက်ရ၏။
"အစ်ကို(၂) …
အစ်ကိုက ဝေ့ကျင်းအဆင့် ပညာရှင်ရဲ့တိုက်ခိုက်မှု(၃)ခုကို ကာကွယ်နိုင်ခဲ့တယ်လို့ကြားတယ်…"
သူမ၏မျက်နှာလေးက နီရဲနေ၏။
"ဟုတ်တယ်…"
မုန့်ချီက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်သည်။ သတင်းက လော့ရန်ထဲတွင် ပျံ့နှံ့သည်မှာ အလွန်လျင်မြန်လှသည်။
"အစ်ကိုက တကယ် အစွမ်းထက်တာပဲ။ တော်တော်လေး အစွမ်းထက်တယ်…"
စုကျိယွဲ့၏ မျက်လုံးထဲတွင် ကြယ်များ လင်းလက်နေသလို ထင်မှတ်ရ၏။ ထို့နောက် သူမက စိုးရိမ်စွာ ပြောလိုက်သည်။
"အစ်ကို(၂) ဒဏ်ရာမရခဲ့ဘူး မဟုတ်လား…"
"ငါက ဒဏ်ရာမရဘဲ နေပါ့မလား။ မပြင်းထန်တာပဲ ရှိတယ်…"
"တော်သေးတာပေါ့…"
သူမက ရင်ဘတ်ကို လက်နှင့်ဖိပြီး စိတ်သက်သာရစွာ သက်ပြင်းချလိုက်မိ၏။ သို့သော် သူမက စိုးရိမ်နေသေးပုံရသည်။
"အစ်ကို(၂) …
အစ်ကိုက ဝေ့ကျင်းအဆင့်ပညာရှင်ရဲ့တိုက်ခိုက်မှု(၃)ခုကို ကာကွယ်လိုက်တဲ့ အကြောင်း ကြားတဲ့အချိန်မှာ ကီမိသားစုက ညီအစ်ကို(၃) ယောက်က အစ်ကို့ကို စိန်ခေါ်ဖို့ ပြင်ဆင်နေကြတယ်။ သူတို့က လူတစ်ယောက်ရဲ့ အခက်အခဲကို ဘယ်လိုအခွင့်ကောင်းယူရမလဲဆိုတာ သိနေတာပဲ…"
မုန့်ချီကတော့ သူမ၏ပုခုံးကိုပုတ်ပြီး ပြုံးလိုက်သည်။
"ကျားတစ်ကောင်က လက်ကျိုးနေတယ်ဆိုရင်တောင် ခွေးတစ်ကောင်က အသာစီး ယူလို့ မရပါဘူး…"
Translated by Hein Htet.