အခန်း (၄၇၉)
Vol. 32 Ch. 479
"ကျားတစ်ကောင်က လက်ကျိုးနေတယ်ဆိုရင်တောင် ခွေးတစ်ကောင်က အသာစီးယူလို့ မရနိုင်ဘူး..."
စုကျိယွဲ့က တစ်ယောက်တည်း ရေရွတ်နေခဲ့သည်။
အလွန်ကြည်လင်သန့်ရှင်းနေသော သူမ၏ မျက်လုံးလေးများကလည်း ထူးထူးခြားခြားကို တောက်ပနေခဲ့၏။ အစ်ကို(၂)၏ သူရဲကောင်းဆန်မှုက သူမအထင်ထက် ကျော်လွန်နေခဲ့သည်။ သူကတော့ အလွန်ယုံကြည်ချက်ရှိနေပုံရပြီး ဤကမ္ဘာကြီးထဲတွင် သူ့လမ်းကို တားဆီးနိုင်သူ တစ်ယောက်မျှမရှိသကဲ့သို့ ထင်မှတ်ရသည်။
သူက သိုင်းလောကတစ်ခွင်လုံးတွင် နာမည်ကျော်ကြားသော သူရဲကောင်းတစ်ယောက်ဖြစ်သည်မှာ သံသယဝင်စရာမရှိချေ။ သူက လူငယ်မှတ်တမ်း၏ နံပါတ်(၁)ဖြစ်၏။
"သူက တကယ့်ကို ယောကျ်ားဆန်တဲ့ သူရဲကောင်းတစ်ယောက်ပဲ..."
သူမ၏အစ်ကိုနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူမ ပုံမှန်တွေ့ခဲ့ဖူးသော အထက်တန်းလွှာ မိသားစုများမှ တပည့်များက အလွန်ကလေးဆန်လွန်းလှပြီး နို့နံ့ပင် မစင်သေးသလို ထင်မှတ်ရ၏။ အကယ်၍ သူတို့ကို ပျိုးထောင်နေစဉ် အတောအတွင်း သူတို့မိသားစု၏ တန်ဖိုးနှင့် အသိပညာများ လွှမ်းမိုးခံရမည်ဆိုလျှင်ပင် ထိုအရာကတော့ ကိုယ့်ကိုယ်ကိုယ် အရေးပါမှုကို မသိသော မဆင်မခြင်လူငယ်လေးများထက် မပိုနိုင်ပေ။
သူမက ဒဏ္ဍာရီသူရဲကောင်းပေါင်းစုံနှင့် အတွေ့အကြုံများအကြောင်း သူမ၏အစ်ကိုကို စတင်မေးမြန်းနေခဲ့၏။ သူတို့ကတော့ နှစ်ပေါင်းများစွာ သိကျွမ်းနေသလို ထင်မှတ်ရသည်။ အလွန်စိတ်လှုပ်ရှားသလို ခံစားနေရသည့်အတွက် သူမ၏မျက်နှာလေးက နီရဲနေပြီး ပါး(၂)ဖက်ကလည်း နီရဲနေခဲ့သည်။
ထိုအချိန်တွင် သူမ၏အစ်ကိုက ညင်သာစွာ ချောင်းဆိုးသည်ကို ကြားသည့်အချိန်မှသာ သူမလည်း အခြေအနေကို နားလည်သွားခဲ့၏။ သူမက နှုတ်ခမ်းပေါ်ကို လက်ညှိုးလေးတင်လိုက်ပြီး ထိတ်လန့်တကြား ပြောလိုက်မိသည်။
"ဟုတ်သားပဲ...အစ်ကို(၂)က ဒဏ်ရာရနေတာကို မေ့သွားတာ..."
သူမက သူ့ကို တစ်ချိန်လုံး တလေးတစား ဆက်ဆံနေခဲ့သည်။
"ဟုတ်တယ်...နောက်ပိုင်းကျရင်တော့ မင်းကိုဆက်ပြီး ပြောပြပါမယ်…"
သူ့ညီမနှင့် ရင်းနှီးသော ခံစားမှုမျိုး ရှိနေသည့်အတွက် မုန့်ချီက ဆက်ပြောလိုက်သည်။
"နားထောင်သူတွေအတွက်တော့ သိုင်းလောကပုံပြင်တွေက အရမ်းစိတ်ဝင်စားစရာကောင်းပြီး စိတ်လှုပ်ရှားစရာ အလှည့်အပြောင်းတွေ အများကြီးရှိတယ်..။ ဒါပေမယ့် ဘေးကနေ ရပ်ကြည့်နေသူတစ်ယောက်ထက်တော့ မပိုဘူးလေ။ ဒါပေမယ့် သိုင်းလောကမှာ နေတဲ့လူတိုင်းကတော့ နေရာတိုင်းမှာ သေခြင်းတရားတွေရှိတယ်ဆိုတာ သိကြတယ်..။ အမှောင်ထဲမှာ လူမသိသူမသိဘဲ လူပေါင်းများစွာ သေဆုံးသွားကြတယ်။ သူတို့ရဲ့ခန္ဓာကိုယ်တွေကတောင် ကြွက်တွေ၊ တောခွေးတွေ စားသုံးတာကို ခံကြရတယ်…"
သိုင်းလောကက အလွန်လှပသောနေရာတစ်ခုဖြစ်မည်ဟု စုကျိယွဲ့က တွေးနေမှာကို သူလည်း စိုးရိမ်နေခဲ့သည်။ လူငယ်အနည်းစုကတော့ သိုင်းလောကနှင့် ပတ်သက်သော ပုံပြင်များ၊ဝတ္ထုများကိုဖတ်ပြီး သွေးဆူလာတတ်ကြ၏။
"အစ်ကို(၂)...ဒဏ်ရာတွေကို မြန်မြန်ကုသလိုက်ပါ။ ကျွန်မ အခုပဲ သွားတော့မယ်..."
စုကျိယွဲ့က ခေါင်းညိတ်ပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။ သူမက သူ့စကားကို အမှန်တကယ် နားထောင်နေခြင်းရှိ၊မရှိ သူလည်း မသိခဲ့ပေ။
သူမက ခြေလှမ်းအနည်းငယ် ပြန်လျှောက်သွားပြီးနောက် ရုတ်တရက် အော်လိုက်မိသည်။ သူမက ပြန်လှည့်လာပြီး အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်၏။
"အဖေက အစ်ကို(၂)ဆီကို ဆေးလုံးတွေ ယူသွားဖို့ ညီမလေးကို မှာထားတာ..."
သူမကတော့ အစောပိုင်းတွင် အလွန်စိတ်လှုပ်ရှားနေသည့်အတွက် ထိုအရာကို မေ့လျော့နေပုံရသည်။ မုန့်ချီ၏ဒဏ်ရာများက လေးနက်မှုမရှိသော်လည်း သူတို့က သေးငယ်သည်ဟု သတ်မှတ်နိုင်ခြင်း မရှိချေ။ ထိုကဲ့သို့ ဒဏ်ရာမျိုးအတွက် စွမ်းအားပြန်ဖြည့်ဆေး (၁)လုံးသောက်ရမည်မှာ အလွန်ဖြုန်းတီးရာရ၏။
သို့သော် သူ့ဆီတွင် တခြားသော ဆေးလုံးများလည်း မရှိချေ။ သူကတော့ မည်သည့်နေရာတွင် ဆေးလုံးများ ရနိုင်ခြင်းရှိ၊မရှိ စဉ်းစားနေသည့်အချိန်တွင် စုကျိယွဲ့က သူ၏ပြဿနာကို ဖြေရှင်းပေးလိုက်၏။ ထို့ကြောင့် သူလည်း လက်ခံလိုက်သည်။
စုကျိယွဲ့က ကိုယ့်ကိုယ်ကိုယ် လက်နှင့်ရိုက်လိုက်ပြီး ထိုကဲ့သို့ကိစ္စမျိုးကို လုံးဝမေ့မသွားခဲ့သည့်အတွက် ဂုဏ်ယူနေပုံရသည်။ ထို့နောက် သူမက နောက်တစ်ကြိမ် ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ပြန်ရောက်လာသည်။
"အစ်ကို(၂)...
ကျွန်မ ပြောဖို့ မေ့ကျန်ခဲ့တာ တစ်ခုရှိသေးတယ်။ ကီမိသားစုက ညီအစ်ကို(၃)ယောက် မနက်ဖြန်လာပြီး စိန်ခေါ်တဲ့အချိန်ကျရင် လော့ရန်မှာရှိတဲ့ အထက်တန်းလွှာမိသားစုက တပည့်တွေလည်း ကြည့်နေလိမ့်မယ်။ လျှူမိသားစုက အစ်မကြီးလျှူရှုယူလည်း လာကြည့်လိမ့်မယ်..."
သူမ၏အမူအရာက တစ်စုံတစ်ခုကို ပြောချင်နေပုံရသည်။
"အစ်ကို(၂)က မနက်ဖြန် သေချာတိုက်ခိုက်ရမယ်နော်…"
"လျှူရှုယူဆိုတာက ဘယ်သူလဲ…"
မုန့်ချီက လုံးဝမသိသည့်အတွက် ပြန်မေးလိုက်သည်။
သူမအစ်ကို၏ ရှုပ်ထွေးမှုကို သတိထားမိသွားသည့်အလား သူမကအပြုံးနှင့် ပြောလိုက်၏။
"အစ်မလျှူက ထိပ်တန်းလူဆိုးထိန်း ဦးလေးလျှူရဲ့ ဒုတိယသမီးလေ..။ သူက အတော်လေးကိုချောတာ။ မှတ်ဉာဏ်လည်းကောင်းတယ်။ ပြီးတော့ သူက နူးညံ့သိမ်မွေ့ပြီး တခြားသူတွေကို လေးစားတတ်တဲ့ မိန်းမပျိုလေးတစ်ယောက်ပဲ..။ အထက်တန်းလွှာ မိသားစုက တပည့်တွေကြားထဲမှာ သူ့အကြောင်းကိုတွေးပြီး အိပ်မပျော်နိုင်တဲ့သူတွေ အများကြီးပဲ…"
သူမ၏မျက်လုံးထဲတွင်တော့ အစ်မလျှူနှင့် လိုက်ဖက်ညီနေသူမှာ သူမ၏အစ်ကို(၂) တစ်ယောက်တည်းသာ ရှိနေခဲ့သည်။
မုန့်ချီကတော့ အချိန်ကြာမြင့်စွာ ပြုံးထားရသည့်အတွက် အနည်းငယ် ရှုံ့မဲ့သွားသည်။ သူက ချက်ချင်းပင် သူမကို စကားဖြတ်ပြောလိုက်၏။
"သူက အသက်ဘယ်လောက်လဲ။ သူ့ရဲ့ကျင့်စဉ်အဆင့်က ဘယ်လောက်တိုးတက်မှုရှိလဲ။ သူက ဘယ်လိုကျင့်စဉ်နည်းလမ်းတွေကို ကျွမ်းကျင်လဲ..။ သူက လူငယ်မှတ်တမ်းကို ရောက်နိုင်တဲ့ အစွမ်းမျိုးရောရှိလား..."
ထိုကဲ့သို့ ခန့်မှန်း၍ မရနိုင်သော လက်တွဲဖော်ရှာဖွေခြင်းမျိုးက သူ၏ထင်မြင်ချက်များနှင့် လုံးဝကို ဆန့်ကျင်နေသည်။ စုကျိယွဲ့က သူ့ကို အံ့ဩမှင်တက်စွာ ကြည့်နေမိ၏။ သူမအစ်ကို၏ ပထမမေးခွန်းက သာမန်သာဖြစ်သည်။ သို့သော် နောက်ပိုင်းမေးခွန်းများကတော့ အတော်လေးကို ထူးခြားလှ၏။ သူက ပြိုင်ဘက်တစ်ယောက် ရွေးချယ်နေသလို မေးနေခြင်းမျိုး ဖြစ်သည်။
"အစ်မလျှူက အစ်ကိုနဲ့ အသက်အတူတူပဲ.။ .သူ့ရဲ့ခန္ဓာကိုယ်က ကြံ့ခိုင်မှုမရှိပေမယ့် သူက တခြားသူတွေထက် ပိုပြီးတော့ဉာဏ်ကောင်းတယ်။ သိုင်းပညာအပေါ် သူ့ရဲ့အသိအမြင်တွေကလည်း တော်တော်လေး မြင့်မားတယ်..။ လက်ရှိအချိန်မှာတော့ သူက တံခါး(၆)ပေါက်အဆင့် ဖြစ်နေပြီ။ သူကလျှူမိသားစုရဲ့ ခွဲခွာခြင်းဓားမောက်နဲ့ ပြန်လည်ဆုံစည်းခြင်းဓားသိုင်းတို့ကို ကျွမ်းကျင်တယ်။ သူက အခုအချိန်အထိ ဝေ့ကျင်းအဆင့်သိုင်းကွက်တွေ မသိသေးတဲ့အတွက် လူငယ်မှတ်တမ်းထဲကိုရောက်ဖို့တော့ အဝေးကြီးလိုသေးတယ်…"
သူမက သတိလက်လွတ် ပြန်ဖြေလိုက်မိ၏။
သူမက ရုတ်တရက်ဆိုသလို သတိပြန်ဝင်လာပြီး ချက်ချင်းထပ်ဖြည့်ပြောလိုက်သည်။
"အစ်ကို(၂)...
အစ်မလျှူက အစ်ကို(၂)အတွက်မသင့်တော်ဘူးလို့ ထင်နေတာလား..။ သူက နူးညံ့သိမ်မွေ့ပြီး မိန်းကလေးဆန်တယ်။ ဆွဲဆောင်မှုရှိပြီး ရက်ရောတယ်..။ စာပေဗဟုသုတနဲ့ ပန်းချီပညာမှာလည်း ကျွမ်းကျင်တယ်။ သူက ဘယ်လိုစာအုပ်မျိုးကိုပဲဖတ်ဖတ် စကားလုံးတိုင်းကို သေချာအသေးစိတ်မှတ်မိတယ်..။ သူ့ကို ဉာဏ်ပညာနတ်သမီးလို့တောင် ခေါ်ကြတယ်…"
မုန့်ချီကတော့ အပြုံးနှင့် သူမကို ဆက်မပြောရန် အချက်ပြလိုက်သည်။
"သူက အစ်ကို့အတွက် မသင့်တော်ဘူးလို့ ထင်နေတာ မဟုတ်ဘူး။ အစ်ကိုက စည်းစနစ်မရှိတဲ့ ဘဝမျိုးနဲ့ အသားကျနေပြီ...ပြီးတော့ သိုင်းလောကမှာ သွားလာနေတယ်ဆိုတော့ မဆင်မခြင် လုပ်တတ်တယ်။ အစ်ကိုက တစ်ယောက်ယောက်ကို လက်တုံ့ပြန်ချင်တယ်ဆိုရင် ဘာကိုမှမစဉ်းစားဘဲ လုပ်တတ်တယ်။ အစ်ကိုက သိုင်းပညာလေ့ကျင့်မှုကိုပဲ စိတ်ဝင်စားတဲ့အတွက် အစ်ကိုရဲ့ဇနီးကလည်း အစ်ကိုနဲ့ ဘေးချင်းယှဉ်ပြီး လျှောက်နိုင်တဲ့သူပဲ ဖြစ်ရမယ်။ သူက သီးသန့်ဆန်တဲ့ သူတစ်ယောက်ဖြစ်ဖို့လိုပြီး အစ်ကိုနဲ့အတူ ထိပ်တန်းသိုင်းပညာတွေကို လေ့ကျင့်နိုင်ရမယ်။ ရန်သူကို တိုက်ခိုက်တဲ့အချိန်မှာလည်း ပူးပေါင်းပြီး တိုက်ခိုက်နိုင်တဲ့ သူတစ်ယောက်ဖြစ်ရမယ်။ ပြီးတော့ အစ်ကို့ရဲ့နောက်ကျောကို လုံခြုံစေနိုင်ပြီး ယုံကြည်ရနိုင်တဲ့ လူတစ်ယောက်လည်း ဖြစ်ရမယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ချစ်စရာကောင်းကောင်း သူက အစ်ကို့ရဲ့အကြိုက် ပုံစံမျိုးမဟုတ်ဘူး..”
သူက ရိုးရိုးသားသား ပြောလိုက်ပြီး စုကျိယွဲ့၏ဆန္ဒကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။ သူကတော့ သူနှင့်လျှူရှုယူတို့၏ အောင်သွယ်မှုကို ဆက်လုပ်စေလိုခြင်း မရှိချေ။ ထို့ကြောင့်ပင် ထိုကဲ့သို့စကားလုံးမျိုးကို ပြောလိုက်ခြင်းဖြစ်၏။
သူမက သူ့ကို အံ့ဩမှင်တက်စွာ ကြည့်နေခဲ့ပြီး ဘာပြောရမှန်း မသိတော့ပေ။ အနည်းဆုံးတော့ သူမက စိတ်ပျက်မသွားခဲ့ပေ။ထိုအစား သူမက သူမ၏အစ်ကို ပြောပြသောအချက်များနှင့် ကိုက်ညီနိုင်သည့် မိန်းကလေးတစ်ယောက်ကိုသာ ရှာဖွေရမည်ဟု ခံစားမိနေခဲ့သည်။ စုမိသားစု၏ လက်ထပ်ပွဲက တခြားသော အထက်တန်းလွှာမိသားစုများကဲ့သို့ မဖြစ်နိုင်ပေ။
"အင်မော်တယ်လက်တွဲဖော်လား…"
သူမ၏ခေါင်းထဲတွင် ထိုအတွေးတစ်ခုသာ ပေါ်လာခဲ့၏။
သူ့ညီမကို ခက်ခက်ခဲခဲ ပြန်လွှတ်လိုက်ပြီးနောက် မုန့်ချီက အခန်းတံခါးကိုတွန်းဖွင့်ပြီး စုကျိယွမ်၏ ကလေးဘဝ ကမ္ဘာလေးထဲကို ဝင်ရောက်လာခဲ့သည်။ အခန်းက ရှင်းလင်းပြီး သပ်ရပ်နေ၏။ ပျက်စီးနေသော ပစ္စည်းများကိုတော့ လွှတ်ပစ်လိုက်ပုံရသည်။
အလွန်ရင်းနှီးနေသော ခံစားချက်ဟောင်းတစ်ခုကြောင့် သူက စာအုပ်စင်ဆီသို့ လျှောက်သွားပြီး စာရွက်(၁)ထပ်ကို ကောက်ယူလိုက်သည်။ ထိုစာရွက်ထပ်ကတော့ စုကျိယွမ် ပိုင်ဆိုင်သော လက်ရေးစာအုပ်များဖြစ်ပုံရ၏။
သူက အတော်လေးကို ကြိုးစားသော ကျောင်းသားတစ်ယောက် ဖြစ်ပုံရသည်။ သူ့လက်ရေးက မုန့်ချီ၏လက်ရှိလက်ရေးနှင့် လုံးဝကို ကွဲပြား၏။
"ငါ့မှာ ဒီခန္ဓာကိုယ်ရဲ့မှတ်ဉာဏ်တွေ ရှိနေသေးတာ ကံကောင်းသွားတယ်..”
သူက သက်ပြင်းချလိုက်မိ၏။
သူသာ စုကျိယွမ်နှင့် ရင်းနှီးနေသေးသရွေ့ တခြားသူများ သူ့အပေါ် သံသယဝင်မှာကို ကြောက်စရာ မလိုတော့ပေ။ မည်သို့ဖြစ်သည့်ကာမူ စုကျိယွမ်ကို ရှောင်လင်ကျောင်းတော်သို့ စေလွှတ်ခဲ့သည့်အချိန်တွင် သူ၏လက်ရေးက ပုံမှန်မဟုတ်သေးပေ။
ရင်းနှီးသောခံစားချက်များ၏ လမ်းညွှန်မှုနှင့် သူက အခန်း၏ နေရာတိုင်းကို လှည့်ပတ်ကြည့်နေပြီး သစ်သားနှင့် ထွင်းထုထားသော စကားလုံးငယ်လေးများ၊ စာရေးသည့်ပစ္စည်းများကို တွေ့လိုက်ရသည်။ သူက အိပ်ယာဘေးတွင် ထိုင်လိုက်ပြီး သစ်သားဓားလေးများကို လက်နှင့်သပ်ကြည့်နေခဲ့သည်။
သူကတော့ နာကျင်မှု၊ စိတ်ဓာတ်ကျမှုနှင့် ကလေးတစ်ယောက်၏ တွေဝေမှုများကို ခံစားမိနေသည်။ အလွန်ရိုးရှင်းသော ကလေးတစ်ယောက်၏ စိတ်ထဲတွင်တော့ အိပ်ယာဘေးတွင် ဓားများ ချထားသည်မှာ သူ့ကိုယ်သူ ကာကွယ်သည့် နည်းလမ်းမျိုးလည်း ဖြစ်သည်။
သူက သက်ပြင်းရှည်ကြီးချလိုက်မိ၏။
"မင်းကို ဘာလို့ အဝေးပို့လိုက်တယ်ဆိုတာ မင်းက သေချာပေါက် သိချင်နေမယ် ထင်တယ်။ မင်းက ခေါင်းမော့ ရင်ကော့ပြီး အိမ်တော်ကို ပြန်လာချင်နေတာပဲ…"
ရုတ်တရက်ဆိုသလို စုကျိယွမ်၏ ဆန္ဒကို ခံစားမိလာသည့်အတွက် သူ့ခေါင်းထဲတွင် မည်သည့်အတွေးမျှ မရှိတော့ချေ။ သူက ဆေးလုံးကို သောက်လိုက်ပြီး စတင်လေ့ကျင့်နေခဲ့၏။
သူက အစောပိုင်းတိုက်ပွဲတွင် အကောင်းဆုံးကြိုးစားပြီး ခုခံနိုင်ခဲ့သည့်အတွက် ထိုမိုးကြိုးဓား၏စွမ်းအားအများစုကို ဖယ်ရှားနိုင်ခဲ့သည်။ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က ထိုစွမ်းအားတချို့ကိုလည်း ဖယ်ရှားနိုင်ခဲ့၏။ အသွင်ပြောင်း(၇၂) မျိုးကျင့်စဉ်၏ ခုခံမှုကလည်း ကာကွယ်ပေးခဲ့သည်။
သို့သော် သူ၏ချီစွမ်းအင်များက ဖရိုဖရဲဖြစ်သွားပြီး ခရမ်းမိုးကြိုးစွမ်းအားများကလည်း ထိန်းချုပ်၍မရ ဖြစ်သွားခဲ့သည်။ သူက အတွင်းဒဏ်ရာ တော်တော်လေး ဆိုးဆိုးဝါးဝါး ရရှိခဲ့၏။ ဆေးလုံးများက ဒဏ်ရာများကို ဖိနှိပ်ထားသည်ကိုပင် ပြန်လည်ကုသရန် အနည်းဆုံး(၃)ရက်ခန့် လိုအပ်ပါလိမ့်မည်။
"အခု ငါ့ဆီမှာ တိုက်ခိုက်ရေးစွမ်းအား (၅၀)၊ (၆၀) ရာခိုင်နှုန်းလောက်ပဲရှိတယ်…"
မုန့်ချီက တစ်ယောက်တည်း တွေးနေမိ၏။
"ဘာကြောင့် ဒဏ္ဍာရီတွေက လော့ရန်ကို ရောက်နေရတာလဲ..။ ဖျက်ဆီးရေးဂိုဏ်းနဲ့ လော်အဖွဲ့အစည်းကြောင့်လား...။ ဒါမှမဟုတ် သစ်သီးပွဲတော်ကြောင့်လား။ သူတို့က မင်းသား(၃)နဲ့ တကယ်ပဲ ပူးပေါင်းနေတာလား..."
ဆေးရည်များကို တဖြည်းဖြည်း ခြေဖျက်နေရင်း သူ၏စိတ်အခြေအနေက တည်ငြိမ်လာခဲ့သည်။
နောက်တစ်နေ့ မနက်အစောတွင်တော့ …
စုမိသားစုဘိုးဘေးစံအိမ်၏ ပင်မအခန်းထဲတွင်…
"မင်းက ငါတို့ရဲ့ဘိုးဘေးတွေကို အရိုအသေပေးချင်တာလား..."
မုန့်ချီက စောစောရောက်လာသည်မှာ သစ်သီးပွဲတော်အကြောင်း မေးမြန်းခြင်းဖြစ်မည်ဟု အမတ်ကြီးစုလီက တွေးခဲ့မိသည်။ သို့သော် သူက ထိုကဲ့သို့ တောင်းဆိုမှုများအတွက် ရောက်လာခြင်း ဖြစ်နေခဲ့သည်။
ထိုအရာကြောင့် သူက အနည်းငယ်အံ့သြသွားပြီး အတော်လေးလည်း ကျေနပ်သွားခဲ့၏။ ယမန်နေ့တွင် စုကျိယွမ်ကတော့ သူ၏မိသားစုဝင်များကို သတိထားနေသလို ထင်နေရပြီး ထိုကိစ္စကို အနည်းငယ်လေးပင် မပြောခဲ့ပေ။ သူကတော့ စုမိသားစုနှင့် ပြန်လည်ပေါင်းစည်းရန် လုံးဝဆန့်ကျင်နေသလို ထင်မှတ်ရ၏။
သို့သော် ယနေ့တော့ သူက မိသားစုဘိုးဘေးများကို အရိုအသေပေးမည်ဟူသော တောင်းဆိုမှုတစ်ခု လုပ်ဆောင်ခဲ့သည်။ ထိုအရာက ဝေ့ကျင်းအဆင့် ပညာရှင်များ၏ တိုက်ခိုက်မှုကြောင့်ပေလော။ သို့မဟုတ် သူနှင့်ပတ်သက်သော အကြောင်းအရာများကြောင့် မိသားစုအပေါ် ပြန်လည်ချစ်ခင်လာခြင်းပေလော။
"ဟုတ်ပါတယ်..."
မုန့်ချီကတော့ အကြောင်းပြချက်ကို ပြန်လည်ရှင်းမပြခဲ့ပေ။ ထိုအရာကတော့ စုကျိယွမ်၏ ဆန္ဒတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
"ကောင်းတယ်...အရမ်းကောင်းတယ်…"
စုလီက ပြောလိုက်ပြီး သူ့ကို စံအိမ်၏အနောက်ဖက်ပိုင်းတွင် ရှိနေသော ဘိုးဘေးစံအိမ်ဆီသို့ ခေါ်သွားခဲ့သည်။
"အဖေ…"
မုန့်ချီက သူ့ကို ခက်ခက်ခဲခဲ ခေါ်လိုက်ရ၏။
"သစ်သီးပွဲတော်ဆိုတာ ဘယ်လိုပြိုင်ပွဲမျိုးလဲ..."
စုလီက အပြုံးနှင့် ပြန်ပြောလိုက်သည်။
"ကြည့်ရတာတော့ ဘုရင်ကြီးက မင်းသားတွေကို စမ်းသပ်ချင်နေတာဖြစ်မယ် ထင်တယ်..။ သူက အထက်တန်းလွှာမိသားစုတွေထဲက နောက်မျိုးဆက် ပါရမီရှင်တွေကိုလည်း မြင်ချင်နေတာ။ ပြိုင်ပွဲအသေးစိတ်ကိုတော့ ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ ဆုံးဖြတ်လိမ့်မယ်။ အဖေကိုယ်တိုင်လည်း သေချာမသိဘူး…"
သူက အပြုံးနှင့် ပြောလိုက်သည်။
"မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းပညာမှာ ထူးချွန်ထက်မြက်တယ်..။ နန်းတွင်းစစ်ဆေးပွဲမှာလည်း ပထမရတယ်။ ဒါက မိသားစုရဲ့နာမည်ဂုဏ်သတင်းကို တိုးတက်စေနိုင်တယ်လေ။ ကြည့်ရတာတော့ မင်းက ဘာမှမပြောင်းလဲပါဘူး...။ ဒါကြောင့်လည်း မင်းက သစ်သီးပွဲတော်အကြောင်းကို စိတ်ဝင်စားနေတာပဲ…"
မုန့်ချီကတော့ စုလီ၏တခြားစကားလုံးများကို စိတ်မဝင်စားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့ခေါင်းထဲ၌ ရှုပ်ထွေးနေသလို ခံစားနေရ၏။ သူကတော့အိပ်မက်နယ်မြေတစ်ခုကို ကျရောက်သွားသည့်အလား စကြဝဠာ၏ အနက်ရှိုင်းဆုံးလေဟာနယ်ထဲကို ကျရောက်သွားသလို ခံစားလိုက်ရပြီး အလွန်ထူးဆန်းပြီး တောက်ပသော ကံကြမ္မာကြိုးများကို မြင်နေရသည်။
သူက ကံကြမ္မာလျှို့ဝှက်ကျင့်စဉ်ကို အောင်အောင်မြင်မြင် သင်ယူခဲ့သည့် အချိန်ကတည်းကစပြီး အလွန်ကြီးမားသော ကံကြမ္မာများနှင့် ပတ်သက်လာသည့် အချိန်တိုင်း ထိုကဲ့သို့ ခံစားမှုမျိုး ရခဲ့၏။
"ဒါက စုကျိယွမ်ရဲ့ အကြီးမားဆုံးဆန္ဒတစ်ခုလား..။ သူက စစ်ဆေးပွဲရဲ့ထိပ်ဆုံးကို ရောက်ချင်နေပြီး ဘုရင်ကြီးရဲ့ချီးကျူးမှုကို ရချင်တာလား။ ဒါဆိုရင် သူ့မိသားစုရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်မှာလား…"
မုန့်ချီက မျက်မှောင်ကြုတ်နေမိသည်။
စုကျိယွမ်ဆီတွင် ဘာကြောင့် ထိုကဲ့သို့ အတွေးမျိုးရှိနေလဲသူလည်း မသိပေ။ သူက တခြားသူများ၏ လွှမ်းမိုးခံရမှုကြောင့် ဖြစ်နိုင်သလို မိသားစုထဲတွင် သူ၏ အခြေအနေကို တည်ငြိမ်စေနိုင်လိုခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထိုအချိန်တွင် သူကတော့ ရည်မှန်းချက်ကြီးမားသော လူငယ်လေး တစ်ယောက်သာဖြစ်၏။ မည်သို့ဖြစ်စေကာမူ သူ၏အကြောင်းပြချက်က အရေးမကြီးနိုင်ပေ။
မုန့်ချီက သူ၏အတွေးများကို ဖုံးကွယ်လိုက်သည့်အတွက် စုလီက ထူးခြားမှုကို လုံးဝသတိမထားမိခဲ့ပေ။ သူကတော့ သူ၏ကိုယ်ပိုင်ကမ္ဘာကြီးအကြောင်းကို ဆက်၍ပြောနေသေး၏။
"ဖိတ်ကြားခံရတဲ့ မင်းသားတွေ၊ မှူးမတ်တွေက သစ်သီးပွဲတော်ကို သူတို့နဲ့အတူ ဧည့်သည်တစ်ယောက် ခေါ်လာခွင့်ရှိတယ်။ ကျိယုကို မင်းအမေရဲ့ နာမည်အောက်မှာ မွေးစားထားတယ်ဆိုမှတော့ အဖေက သူ့ကိုခေါ်သွားရလိမ့်မယ်...ဒါပေမယ့် မင်းရဲ့ဦးလေး(၅)ကလည်း တက်ရောက်လိမ့်မယ်။ သူက မင်းကို ခေါ်သွားနိုင်တယ်.."
မုန့်ချီက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ယခုတော့ သစ်သီးပွဲတော်ကို တက်ရောက်မည့်ပြဿနာက အလွယ်တကူ ဖြေရှင်းနိုင်ခဲ့ပြီဖြစ်၏။
သိပ်မကြာခင် သူတို့(၂)ယောက်က စုမိသားစု၏ဘိုးဘေးခန်းမထဲကို ရောက်လာခဲ့သည်။ အထဲကိုမဝင်နိုင်ခင် မုန့်ချီကတော့ ထိုနယ်မြေတစ်ခုလုံး ရှင်းလင်းနေသည့် ခံစားမှုမျိုး ရခဲ့သည်။
ထိုခန်းမကြီးထဲတွင် အလွန်ထူးဆန်းသော အခြေအနေတစ်ခု ဖုံးကွယ်ထားသလို ထင်မှတ်ရ၏။ ထိုခံစားချက်ကတော့ သေဆုံးသွားသော ဝေ့ကျင်းအဆင့် ပညာရှင်များ၏ အကြွင်းအကျန် စိတ်စွမ်းအားများသာဖြစ်သည်။ သိပ်မကြာခင် အတောအတွင်း သေဆုံးသွားခဲ့သော ပညာရှင်များလေလေ သူတို့၏စိတ်ဝိညာဉ်စွမ်းအားက ပို၍သိပ်သည်းလေလေ ဖြစ်သည်။
မုန့်ချီကသူ၏စိတ်အခြေအနေကို တည်ငြိမ်စေရန် ကြိုးစားလိုက်ပြီး ရှေ့ကို တစ်လှမ်းလျှောက်လိုက်၏။ သူက တစ်ယောက်တည်း တွေးလိုက်သည်။
"ငါက မင်းရဲ့ခန္ဓာကိုယ်ထဲကို ရောက်နေမှတော့ မင်းရဲ့ကံကြမ္မာကို လက်ခံရမှာပေါ..့"
သူက ရှုပ်ထွေးနေသောအတွေးများကို ရှင်းလင်းလိုက်ပြီး တည်ငြိမ်စွာ အရိုအသေပေးလိုက်သည်။ သူ လုပ်ဆောင်ပြီးသွားသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်က သိသိသာသာ ပေါ့ပါးပြီး လန်းဆန်းသွားကြောင်း ရုတ်တရက် သတိထားမိလိုက်၏။သူ၏အချုပ်အနှောင်တစ်စိတ်တစ်ပိုင်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး သူ့အတွက် ပို၍အဆင်ပြေလာခဲ့သည်။
"တကယ် အလုပ်ဖြစ်တာပဲ…"
သူက အလွန်ဝမ်းသာသွားခဲ့ပြီး တိတ်တဆိတ်မေးလိုက်၏။
"အဖေ...
ဘာလို့ ကျွန်တော့်ကို ရှောင်လင်ကျောင်းတော်ဆီ ပို့ခဲ့ရတာလဲ…"
စုလီက သူ့ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေရင်း တွေဝေသွားခဲ့သည်။ သူက သက်ပြင်းချပြီး ပြောလိုက်၏။
"အဲဒီအရာက အတိတ်မှာ ဖြစ်ခဲ့မှတော့ ကိစ္စမရှိတော့ပါဘူး။ ငါတို့က အဲဒီအကြောင်းကို ထပ်ပြီးမပြောချင်တော့ဘူး…"
ခဏရပ်လိုက်ပြီး သူ့အသံက တိတ်ဆိတ်နေခဲ့သည်။ ဘိုးဘေးခန်းမထဲတွင် အသံတစ်ခုသာ ထွက်ပေါ်လာခဲ့၏။
"မင်းရဲ့ဦးလေး(၅)ကိုတော့ သတိထားပါ။ သူက ရင်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ လုံးဝမသိနိုင်တဲ့လူတစ်ယောက်ပဲ…"
"ဦးလေး(၅)နဲ့ ပတ်သက်ပြီး နောက်ထပ်သတိပေးမှုတစ်ခုလား…"
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
သူက နောက်ထပ်မေးခွန်းမေးရန် ပြင်လိုက်စဉ် စုလီကပြောလိုက်၏။
"မင်းရဲ့ဒဏ်ရာတွေက လုံးဝမကောင်းသေးဘူး။ မင်းက ကီမိသားစု ညီအကိုတွေနဲ့ ယှဉ်ပြိုင်ဖို့ ဘာကြောင့် သဘောတူလိုက်ရတာလဲ…"
"သူတို့တွေလား…"
မုန့်ချီကတော့ သူတို့နှင့်ပတ်သက်ပြီးလုံးဝစိုးရိမ်နေခြင်းမရှိချေ။ ယမန်နေ့ညမှနေ၍ ယခုထိတိုင် သူတို့နှင့် ပတ်သက်သော အတွေးများက သူ့ခေါင်းထဲတွင် လုံးဝပေါ်လာခြင်းမရှိချေ။ သူ့အဖေက သူတို့အကြောင်း ပြောသည့်အချိန်တွင် သူ့ခေါင်းထဲ၌ အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။
သူက တိုးတိုးလေး ရယ်လိုက်မိသည်။
"ကျွန်တော်ရဲ့ စွမ်းအားတစ်ဝက်လောက်ရှိရင်တောင် သူတို့ကို အနိုင်ရဖို့ မခဲယဉ်းပါဘူး…”
စုလီက သူ့ကို ဂရုတစိုက်ကြည့်ပြီး ပြောလိုက်၏။
"ဒါဆိုလည်းသွားပါ..။ သူတို့က မင်းကို တိုက်ခိုက်ရေးစက်ဝိုင်းထဲမှာ စောင့်နေကြတယ်…"
သူ့သားက လူငယ်မှတ်တမ်း၏ နံပါတ်(၁)ဖြစ်ပြီး အခြားသူများထက်ပို၍ သူ့အစွမ်းပေါ် နားလည်နေနိုင်သည်။ အကယ်၍ သူက ထိုသို့ပြောနေသည်ဆိုလျှင် သေချာပေါက် ပြဿနာမရှိနိုင်ပေ။
မုန့်ချီကတော့ မေးခွန်းများကို ယာယီဖိနှိပ်ထားလိုက်ပြီး တိုက်ခိုက်ရေးစက်ဝိုင်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့၏။ သူက စံအိမ်၏ အပြင်အဆင်ကို မှတ်မိနေပြီး သူ့လက်ခုံအလား အရာအားလုံးကို ရင်းနှီးနေသည်။
တိုက်ခိုက်ရေးစက်ဝိုင်းထဲတွင် ပိုးဖဲဝတ်ရုံနှင့် ကျောက်စိမ်းအဝတ်အစားများ ဝတ်ဆင်ထားသော အထက်တန်းလွှာ လူငယ်လေးများ ပြည့်နှက်နေသည်။
မုန့်ချီစက်ဝိုင်းထဲသို့ ဝင်လာသည့်အချိန်တွင် သူတို့အားလုံးက သူ့ကို လှည့်ကြည့်လိုက်ကြ၏။ ဘဲဥပုံသဏ္ဍာန် မျက်နှာအမူအရာရှိနေသော မိန်းကလေးတစ်ယောက်ကတော့ ထူးထူးခြားခြား ရပ်နေပြီး သူမဆီတွင် ချွန်ထက်သော မျက်ခုံးများ ရှိသည်။သူမ၏ သမင်မျက်လုံးလေးများကလည်း အနည်းငယ် လုံးဝန်းနေပုံရပြီး ရေလိုင်းကလေးများကဲ့သို့ သိမ်မွေ့ညင်သာလွန်းလှသည်။
သူမ၏အနားတွင်တော့ တခြားကြည့်ကောင်းသည့် မိန်းကလေးငယ်လေးများစွာ ရှိနေပြီး လမင်းကြီးကို ဝန်းရံနေသော ကြယ်များကဲ့သို့ဖြစ်နေသည်။
"လျှူရှုယူ…"
မိတ်ဆက်ပေးရန်မလိုဘဲ မုန့်ချီက ထိုမိန်းကလေး၏ အဆင့်အတန်းကို အလွယ်တကူ ခန့်မှန်းမိခဲ့သည်။ တခြားတစ်ဖက်တွင်တော့ လူ(၃)ယောက်က သူ့ကိုစိုက်ကြည့်နေ၏။
သူတို့(၃)ယောက်၏ ခေါင်းဆောင်ကတော့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏ရုပ်ရည်ကတော့ သာမာန်သာဖြစ်ပြီး မျက်နှာပေါ်တွင် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်။
စုကျိယွဲ့က မုန့်ချီဆီကို ရောက်လာပြီး တီးတိုးပြောလိုက်၏။
"အစ်ကို(၂)...
တခြား(၂)ယောက်ကတော့ ပွဲကြည့်ဖို့သက်သက် ဒီကိုရောက်လာတာ။ သူတို့က တံခါး(၉) ပေါက်အဆင့် ပညာရှင်တွေပဲ..။ အစ်ကို့ရဲ့ပြိုင်ဘက်က အလယ်မှာရှိတဲ့ တစ်ယောက်ပဲဖြစ်မယ်။ သူ့နာမည်က ကီချန်းကျိလို့ ခေါ်တယ်။ သူက ကီမိသားစုရဲ့ တတိယသားပဲ..။ သူက ဒီနှစ်မှာ အသက်(၃၄)နှစ်ဖြစ်နေပြီး တံခါး(၉)ပေါက်လည်း ပွင့်နေတယ်။ သူက ဝေ့ကျင်းအဆင့် သိုင်းကွက်တွေကို မရနိုင်သလို အစွမ်းထက်တဲ့ ပြိုင်ဘက်တွေကိုလည်း အောင်မြင်မှုမရှိဘူး။ ဒီတော့သူက လူငယ်မှတ်တမ်းထဲကို မရောက်နိုင်တဲ့ လူတစ်ယောက်ပဲ..။ အခုတော့ သူက လူသားနဲ့ကောင်းကင်ဆက်သွယ်မှု အဆင့်ကို ရောက်နေပြီ…"
မုန့်ချီက ဝေ့ကျင်းအဆင့် သိုင်းကွက်များကို ကျွမ်းကျင်နေသော ပြိုင်ဘက်များနှင့် မကြာခဏတွေ့ဖူးသော်လည်း သူ့ရန်သူများက အလွန်အစွမ်းထက်သော ပညာရှင်များ ဖြစ်ကြသည်။ အမွေဆက်ခံသော သိုင်းပညာများ ရရှိထားသည့် တပည့်အများစုကတော့ အမြင့်ဆုံးအခြေအနေကို မရောက်မချင်း ဝေ့ကျင်းအဆင့် အထွဋ်အထိပ်သိုင်းပညာများကို လေ့ကျင့်နိုင်ခြင်းမရှိကြပေ။
ကျန်းဝူဂိုဏ်းကဲ့သို့ ပင်မသိုင်းဂိုဏ်းကြီးများထဲတွင်ပင် လူ(၁၀)ယောက်ခန့်ကသာ ထိုအရာကို နားလည်ကြ၏။ လော့ရန်တွင် ရှိနေသော ကီမိသားစုတွင် လူတစ်ယောက်မျှပင် မရှိခဲ့ပေ။
မုန့်ချီက သူမ၏ပုခုံးကိုပုတ်ပြီး အပြုံးနှင့်ပြောလိုက်၏။
"အဲဒါက လူသားနှင့်ကောင်းကင်ဆက်သွယ်မှုအဆင့် မဟုတ်ပါဘူး…"
စုကျိယွဲ့က အံ့ဩမှင်တက်သွားခဲ့၏။
"သူက တံခါး(၉)ပေါက်ပွင့်ရုံနဲ့ အစ်ကို့ကို စိန်ခေါ်ရဲတာလား..."
ထိုအရာကတော့ သူမ၏အစ်ကို(၂)ကို အထင်သေးနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
ကီချန်းကျိက ရှေ့ကိုတက်လာပြီး အားရပါးရရယ်လိုက်၏။
"နှစ်ပေါင်းများစွာ တံခါးပိတ်လေ့ကျင့်ရာကနေ ငါ ပထမဆုံးထွက်လာတဲ့အချိန်မှာ ကြားရတဲ့စကားက မင်းပဲ..။ သတ်ဖြတ်ရေးဓား မင်းက ငါတို့ကီမိသားစုကို ဘာစွမ်းရည်မှ မရှိဘူးလို့ လှောင်ပြောင်ခဲ့တယ်။ အဲဒါအမှန်ပဲလား…"
သူ၏အငွေ့အသက်များ ပြောင်းလဲလာသည့်အချိန်တွင် ရာသီဥတုက စတင်ပြောင်းလဲလာခဲ့သည်။
“သူက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ပဲ…”
စုကျိယွဲ့က အနည်းငယ်ထိတ်လန့်နေသည့် အမူအရာနှင့် ပါးစပ်ကို လက်နှင့်အုပ်လိုက်မိလေသည်။
Translated by Hein Htet