အခန်း (၄၈၀)
Vol. 32 Ch. 480
တိုက်ခိုက်ရေး စက်ကွင်းထဲတွင် လေလှိုင်းတစ်ခု ထွက်ပေါ်လာပြီး မြူခိုးများလည်း စတင်စုစည်းလာခဲ့၏။ ထိုနေရာတွင် အဖြူရောင်နဂါးများက သူတို့၏လက်သည်းကို ထုတ်ဖော်ပြီး လေဟာနယ်ထဲကို လက်သည်းနှင့် ကုပ်လိုက်သလို ထင်မှတ်ရသည်။
ထိုကဲ့သို့ ထူးခြားသော မြင်ကွင်းမျိုးကြောင့် လက်ရှိ ကီချန်းကျိက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ဖြစ်ကြောင်း အထက်တန်းလွှာမိသားစုမှ လူတိုင်းက ရိုးရှင်းစွာ အတည်ပြုနိုင်ခဲ့ကြသည်။
"သူက ဘယ်လိုဖြစ်ပြီး ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်သွားရတာလဲ…"
အထက်တန်းလွှာမိသားစုမှ သခင်မလေးတစ်ယောက်က ထိတ်လန့်အံ့သြစွာ ရေရွတ်လိုက်မိသည်။
သူမ၏အနားတွင် ရပ်နေသော လျှူရှုယူက အပြုံးနှင့် ပြောလိုက်၏။
"ကီမိသားစုရဲ့တတိယသခင်လေးက လွန်ခဲ့တဲ့ (၅) နှစ်လောက်မှာ တံခါး (၉) ပေါက် ပွင့်နေပြီလေ။ အရင်နှစ်မှာတော့ သူက မျက်ခုံးကြားပင်မတံခါးဖွင့်ဖို့ အောင်မြင်ခဲ့တယ်လို့ ကြားတယ်။ အဲဒီအချိန်မှာ သူက လူသားနဲ့ကောင်းကင် ဆက်သွယ်မှုအဆင့်ကို ရောက်ခဲ့တယ်။ ဒီနေ့ကြည့်ရတာတော့ သူက လူသားနဲ့ ကောင်းကင်ဆက်သွယ်မှုအဆင့်မှာ နောက်ဆုံးစွမ်းအားတွေကို အသုံးချပြီး တံခါးပိတ် လေ့ကျင့်ခဲ့တယ်ထင်တယ်။ ပြီးတော့ ဝေ့ကျင်းတစ်ဝက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲ…"
"ငါတို့နားလည်သွားပြီ…"
တခြားလူငယ်များကလည်း တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်ပြလိုက်ကြ၏။
ပထမတွင်တော့ စုကျိယွဲ့က ထိုအရာကို ယုံကြည်ပေးရန် ခက်ခဲနေသည်။ သို့သော် သိပ်မကြာခင် သူမ၏မယုံကြည်နိုင်မှုများ နေရာတွင် ဒေါသများ၊ မကျေနပ်သည့် ခံစားချက်များ၊ အစားထိုး ဝင်ရောက်လာခဲ့၏။
သူမက ကီချန်းကျိကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"နင် နင်တို့က လူတစ်ယောက်ဒဏ်ရာရနေတာကို အခွင့်ကောင်းယူရဲတာပဲ.."
သူမအစ်ကို၏ ဒဏ်ရာက ပေါ့ပေါ့ပါးပါးမဟုတ်သည့်အတွက် တစ်ရက်အတွင်း လုံးဝ ပြန်ကောင်းနိုင်မည် မဟုတ်ကြောင်း သူမက သိနေသည်။
သို့သော် သူမ၏ စကားမဆုံးသေးခင် စုမုန့်က ရှေ့ထွက်လာပြီး မျက်စိကို လက်နှင့်ကာ၍ အဖြူရောင်တိမ်တိုက်များကိုဖြတ်ပြီး နေမင်းကြီးကို မော့ကြည့်လိုက်သည်။
"အထက်တန်းလွှာမိသားစုက လူငယ်တိုင်းကသာ မင်းတို့လိုဆိုရင် တော်တော်လေး ကံဆိုးတာပဲ။ ကြည့်ရတာတော့ မင်းတို့ရဲ့ရုပ်ရည်အောက်မှာ အကောက်ကြံမှုတွေ ဖုံးကွယ်ထားတယ်။ ကြည့်ရတာ မင်းတို့မိသားစုနာမည်ကို ထိန်းသိမ်းထားဖို့တောင် တော်တော်လေး ခက်လိမ့်မယ်ထင်တယ်…"
သူ့အသံက ဒေါသထွက်နေခြင်းမရှိသလို သတိထားနေခြင်းလည်း မရှိချေ။ လှောင်ပြောင်မှု အနည်းငယ်လေးသာ ရှိနေခဲ့၏။ သူကတော့ ထူးဆန်းပြီး တည့်တိုးသာပြောခဲ့သည်။
"မင်း..."
ကီချန်းကျိက အံ့သြမှင်တက်ပြီး ဒေါသထွက်သွားခဲ့၏။ သူက ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းအားကို ရှင်းရှင်းလင်းလင်း ပြသခဲ့သော်လည်း စုကျိယွမ်က ထိုကဲ့သို့စကားမျိုးကို ပြောရဲသေးခြင်းပေလော။
"သတ်ဖြတ်ရေးဓားက သူ့ရဲ့မောက်မာမှုတွေကို လုံးဝကို မလျော့ဘူးဆိုတာ အမှန်ပါပဲလား…"
တခြားလူငယ်များကလည်း တူညီသော အရာကိုသာ တွေးနေမိကြသည်။
လျှူရှုယူ တစ်ယောက်တည်းကသာ ခေါင်းညိတ်ပြလိုက်၏။ မုန့်ချီက လက်နောက်ပစ်နေပြီး အဆင့်အတန်းမြင့်သော လူတစ်ယောက်၏ အမူအရာမျိုး ရှိနေသည်။
"လူသားနဲ့ ကောင်းကင်ဆက်သွယ်မှုအဆင့်ကနေ ဝေ့ကျင်းတစ်ဝက်အဆင့်ကို အောင်မြင်တယ်။ လျှို့ဝှက်တံခါးနဲ့ ပတ်သက်ပြီး မင်းမိသားစု အကြီးအကဲတွေက ဘာမှမပြောခဲ့ဘူးလား။ လူသားနဲ့ကောင်းကင် တစ်သားတည်းအဆင့်ကို ဖယ်ထားလိုက်မယ်ဆိုရင်တောင် အနည်းဆုံးတော့ မင်းက တံခါးပိတ် မလေ့ကျင့်ရသေးခင် မင်းရဲ့ကျင့်စဉ်အဆင့်ကို တည်ငြိမ်အောင် ကြိုးစားသင့်တယ်…"
သူ၏လေသံက တည်ငြိမ်နေပြီး ခံစားချက် တစ်စုံတစ်ရာ မရှိချေ။ သူက လူငယ်တစ်ယောက်ကို သင်ကြားပြသနေသလို ထင်ရ၏။
"လျှို့ဝှက်တံခါး နောင်တမဲ့လျှို့ဝှက်တံခါး..."
ကီချန်းကျိက တစ်စုံတစ်ခုကို ရေရွတ်နေခဲ့သည်။ သူ့အဘိုးကလည်း ထိုကဲ့သို့ စကားမျိုး သူ့ကို ပြောခဲ့၏။ သို့သော် သူကတော့ အပိုစကားများ ပြောသည်ဟုသာ သတ်မှတ်ထားခဲ့ပြီး ထိုအရာကို မေ့လျော့ထားခဲ့သည်။
သူက ပို၍မြင့်မားသောအဆင့်ကို လေ့ကျင့်နိုင်ရန်အတွက် လမ်းညွှန်ချက်များအတိုင်း လိုက်နာမည်ဆိုလျှင် ပို၍အဆင်ပြေမည်ဟု တွေးခဲ့မိ၏။ သူက ရှုပ်ထွေးသော အရာများကို လုပ်ဆောင်ရန် မလိုအပ်ပေ။ ထို့ပြင် လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်မှနေ၍ ဝေ့ကျင်းတစ်ဝက်အဆင့်ကို တက်လှမ်းခဲ့သော ပညာရှင်ပေါင်းများစွာ ရှိနေသည်။
သူတို့ကတော့ ပို၍မြင့်မားသောအဆင့်ကို တက်လှမ်းရန်အတွက် ခြေတစ်လှမ်းချင်း လျှောက်ရန် လိုအပ်၏။ ပို၍များပြားသော အချိန်လည်း လိုအပ်သည်။ လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကတော့ အတော်လေးကို ခေါင်းကိုက်စရာ ဖြစ်သည်။ မည်သူကမျှ ကိုယ်ပိုင်လမ်းကြောင်းတစ်ခုရှာဖွေရန် ပုံရိပ်ယောင်ဆန်သော အခြေခံအကြောင်းအရာများကို ဖယ်ရှားရန် လေ့ကျင့်ထားခြင်း မရှိကြပေ။
ဘဝတစ်ဝက်ခန့် လေ့ကျင့်နေသော သူများကပင် ထိုအဆင့်ကို လုံးဝတက်လှမ်းကြခြင်း မရှိချေ။ ပုံမှန်အားဖြင့် ပြောရမည်ဆိုလျှင် ကျင့်စဉ်ကောင်းတစ်ခုရှိနေပြီး ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းသော လူတစ်ယောက်က အစောပိုင်းတွင် တံခါး (၉)ပေါက်အဆင့်ကို ဖွင့်နိုင်ကြသည်။
သူ၏ချီစွမ်းအင်နှင့်သွေးများ နိမ့်ကျမသွားခင် ပင်မကမ္ဘာကြီးထဲရှိ ပညာရှင်များကတော့ မျက်ခုံးကြား ပင်မတံခါးကို လေ့ကျင့်နိုင်ရန်အတွက် လိုက်နာရမည့်အရာများ လိုအပ်နေသည်။ သူတို့က လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်ကို ရရှိသွားမည်ဆိုလျှင် မျက်ခုံးကြားပင်မတံခါးကို လေ့ကျင့်ထားခြင်းမရှိသော လူတစ်ယောက်ထက် ပို၍သာလွန်နိုင်ကြ၏။
သို့သော် လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကတော့ သဘာဝတရားကြီးနှင့် ကမ္ဘာမြေကြီးကို မည်မျှ နားလည်နေလဲဟူသော အချက်ပေါ် မှီခိုနေခဲ့သည်။ လူငယ်မှတ်တမ်းတွင် ရှိနေသော ပညာရှင် (၁၀) ယောက်ကျော်ကပင် ထိုအရာအတွက် အချိန်ပေးကြလိမ့်မည် မဟုတ်ချေ။
သို့သော် ကီချန်းကျိကတော့ ထိုအဆင့်ကိုကျော်သွားပြီး အဆင့်တက်သွားခဲ့သည်ဟု လုံးဝဝန်ခံခဲ့ခြင်း မရှိချေ။ သူက အထက်တန်းလွှာမိသားစုမှ တပည့်များ၏ရှေ့တွင် ဂုဏ်ယူချင်ခဲ့သည်။ လက်ရှိအချိန်တွင် လူငယ်ပေါင်းများစွာ၏ မျက်လုံးထဲ၌ မုန့်ချီက လွှမ်းမိုးနိုင်သော လူတစ်ယောက် မဟုတ်တော့ပေ။
သူက အကြီးအကဲတစ်ယောက်ကဲ့သို့ စကားပြောနေပြီး ကီချန်းကျိကတော့ ကြောက်လန့်နေသူ တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ အစောပိုင်းတွင် ပြသခဲ့သော ယုံကြည်ချက်များကလည်း လုံးဝဆုံးရှုံးသွားရသည်။ ချီစုဆောင်းရေးအဆင့်တွင် ရှိနေသော သူ၏ အားနည်းချက်များကို မုန့်ချီက တိုက်ရိုက်ထောက်ပြလိုက်သလို စိုးရိမ်ထိတ်လန့်နေခြင်း ဖြစ်၏။
မိန်းကလေးငယ်လေးတစ်ယောက်က စိတ်ဝင်တစား မေးလိုက်သည်။
"အစ်မလျှူ …
နောင်တမဲ့လျှို့ဝှက်တံခါးဆိုတာက ဘာလဲ"
ဤနေရာတွင် ရှိနေသော လူငယ်ပေါင်းများစွာက ငယ်ရွယ်ပြီး ကျင့်စဉ်အဆင့် အတော်လေး နိမ့်ကျသည်။ အများစုက မျက်လုံးတံခါး၊ နားတံခါး၊ ပွင့်နေသူများသာ ဖြစ်၏။ သူတို့က လျှို့ဝှက်တံခါးပွင့်ရန် အတော်လေး အလှမ်းဝေးနေသေးသည့်အတွက် သူတို့၏မိသားစု အကြီးအကဲများက သူတို့ကို ပြောမပြသေးပေ။
လျှူရှုယူ၏ မျက်နှာပေါ်ရှိ အပြုံးက သိမ်မွေ့ညင်သာနေသည့်အတွက် တခြားလူများကတော့ သူမကို အလွန်လေးစားနေကြသည်။
"မင်းတို့က မျက်ခုံးကြားပင်မတံခါးပွင့်သွားပြီး သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို ချိုးဖျက်နိုင်ပြီဆိုရင် မင်းတို့ရဲ့အတွင်းအပြင် ကမ္ဘာမြေကြီးက ပေါင်းစည်းပြီး ကနဦးပုံစံတစ်ခု ပေါ်လာနိုင်တယ်။ အဲဒီနောက်မှာတော့ မင်းတို့က ကြီးကြီးမားမား ပြောင်းလဲမှုတွေ မလုပ်နိုင်တော့ဘူး။ ဒါကြောင့် ရည်မှန်းချက်ကြီးမားတဲ့သူတွေက လူသားနဲ့ ကောင်းကင်ဆက်သွယ်မှုအဆင့်ကို ရောက်သွားပြီးတဲ့အချိန်မှာ သူတို့ရဲ့အဆင့်ကို တည်ငြိမ်အောင်ကြိုးစားပြီး မြှင့်တင်ကြတယ်။ သူတို့က အဆင့်မတက်ခင် သူတို့ရဲ့လမ်းကြောင်းကို သေချာစဉ်းစားပြီး ပြင်ဆင်မှုတွေ လုပ်ကြတယ်။ အနည်းဆုံးတော့ နောက်ပိုင်းမှာ နောင်တမရနိုင်တော့ဘူးလေ။ ဒါကြောင့်လည်း နောင်တမဲ့လျှို့ဝှက်တံခါးလို့ ခေါ်ကြတာ..."
သူမက မုန့်ချီပြောချင်သော အဓိပ္ပာယ်ကို တိုက်ရိုက်ရှင်းပြခဲ့ခြင်း မရှိချေ။ သို့သော် လျှို့ဝှက်တံခါးအပေါ် သူမ၏နားလည်မှုများအရ လူတိုင်းက သခင်လေးစုပြောသော အကြောင်းအရာကို သိသွားကြသည်။ ကီချန်းကျိက မတည်ငြိမ်သော အုတ်မြစ်ရှိနေသည့်အတွက် သူ့အနာဂတ်က ဝေဝါးသွားတော့မည်ဟု ပြောနေခြင်း ဖြစ်သည်။
အရှက်ခွဲ ခံလိုက်ရသည့်အတွက် ကီချန်းကျိက အတော်လေးကို မျက်နှာပျက်သွားပြီး ပြန်ပြောလိုက်၏။
"လူသားနဲ့ကောင်းကင် ဆက်သွယ်မှုကနေ အဆင့်တက်သွားတဲ့ ဆရာကြီးတွေ အများကြီးရှိတယ်။ စကားပြောတာက အပိုပါပဲ။ သိုင်းပညာကပဲ အမှန်တရားကို ပြောလိမ့်မယ်။ ချန်းချင် ..မင်းက သတ်ဖြတ်ရေးဓားသခင်လေးကို အရင်ဆုံး စိန်ခေါ်လိုက်..."
သူကတော့ သူ့ညီငယ်များကို အရင်ဆုံးစေလွှတ်ပြီး သတ်ဖြတ်ရေးဓား၏ဒဏ်ရာက မည်မျှပြင်းထန်ကြောင်း သိချင်နေခဲ့သည်။ သူက ရန်သူကိုလျှော့တွက်ပြီး အမှားမလုပ်ချင်ခဲ့ပေ။
ကီချန်းကျိနှင့် ကီချန်းချင်တို့က အမေတစ်ယောက်တည်း ဖြစ်သည့်အတွက် သူတို့၏ရုပ်ရည်များက အချင်းချင်း တူညီနေကြသည်။ ထိုသို့ဆိုရာတွင် အသက် (၃၀) ဝန်းကျင် ရှိနေသော်လည်း သူတို့က မရင့်ကျက်သေးပေ။
မုန့်ချီကတော့ ဓားလက်ကိုင်ကို ညာလက်နှင့်ပွတ်ပြီး အပြုံးနှင့် ပြောလိုက်၏။
"ငါက မင်းတို့ (၃) ယောက်လုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖို့ စီစဉ်နေတယ်။ ဒါပေမယ့် ငါက မင်းတို့တွေကို အရူးမလုပ်ချင်ပါဘူး။ ဒီလိုဆိုမှတော့ တစ်ယောက်ချင်းပဲ တိုက်ခိုက်ကြတာပေါ့…"
သူပြောလိုက်သော ပထမစကားကြောင့် ထိုလူငယ်များ၏ ခေါင်းထဲတွင် ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။ သူကတော့ ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေသည့် အချိန်တွင်ပင် (၃) ယောက် (၁) ယောက် တိုက်ခိုက်ရဲလိမ့်မည်ဟု မယုံကြည်နိုင်ကြပေ။ သူကတော့ သတ်ဖြတ်ရေးဓားဟူသောနာမည်နှင့် အမှန်တကယ်ကို လိုက်ဖက်ညီစွာ မောက်မာလွန်းလှသည်။
သို့သော် ဒုတိယစကားလုံးကို ကြားသည့်အချိန်တွင်တော့ သူတို့က အခြေအနေကို နားလည်သွားခဲ့၏။ သတ်ဖြတ်ရေးဓားက လူအရေအတွက် များပြားသည့်အချိန်တွင် ပို၍ကျွမ်းကျင်သော ပညာရှင်တစ်ယောက် ဖြစ်ကြသည်။
ကီချန်းကျိက စိုးရိမ်ထိတ်လန့်နေသော်လည်း သူက စိတ်လှုပ်ရှားနေခဲ့၏။ သူက သတ်ဖြတ်ရေးဓား၏ သိုင်းကွက်မည်မျှ ခံနိုင်ရည်ရှိမလဲ စဉ်းစားနေခဲ့သည်။ သူက သိုင်းကွက်များများ ခံနိုင်ရည်ရှိလေလေ ပို၍နာမည်ကျော်ကြားလာလေလေ ဖြစ်၏။
သူက ရှေ့ကို တစ်လှမ်းတိုးလာပြီး လက်နှစ်ဖက်ကိုမြှောက်၍ အရိုအသေပေးလိုက်၏။ သတ်ဖြတ်ရေးဓားက သူ့ရှေ့တွင် ရပ်နေကြောင်း မြင်လိုက်ရသည့်အချိန်တွင် သူက ပါးစပ်ဟလိုက်သည်။
"ဟမ်..."
သူ၏နားထဲတွင် အေးစက်သော အသံတစ်ခုကို ကြားလိုက်ရပြီး ထိုအသံက မိုးခြိမ်းသံပမာ ကျယ်လောင်လွန်းလှသည်။ ထိုအသံကြောင့် သူ၏ပင်မဝိညာဉ်က တုန်လှုပ်သွားခဲ့၏။ သူ၏ခေါင်းထဲတွင်လည်း ချာချာလည်လာပြီး မျက်လုံးထဲတွင် အမှောင်ထုကြီး ဖုံးလွှမ်းလာခဲ့သည်။
သူက ခြေထောက် (၂) ဖက်တွင် ရှိနေသော စွမ်းအားများကို ဆုံးရှုံးလိုက်ရပြီး တိမ်တိုက်ပေါ်ကို ရောက်သွားသလို ဖြစ်သွားခဲ့၏။ သူ၏မျက်လုံးထဲတွင်လည်း ခရမ်းရောင် လျှပ်စီးကြောင်းများကို မြင်လိုက်ရပြီး သူ့ခန္ဓာကိုယ်က ပို၍လေးလံလာသည်။ သူ၏ပတ်ဝန်းကျင်ကလည်း တဖြည်းဖြည်း မည်းမှောင်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။
သူက လုံးဝကို သတိလစ်သွားခဲ့သည်။ စုကျိယွဲ့နှင့် တခြားသော လူငယ်လေးများက သူတို့၏ရှေ့တွင် ရှိနေသောမြင်ကွင်းကို မျက်တောင်မခက်စတမ်း စိုက်ကြည့်နေမိကြ၏။ စုမုန့်က သူ့ကို အော်ဟစ်လိုက်ရုံနှင့် ဘာကြောင့် ကီချန်းချင်က သတိလစ်သွားရသနည်း။ ထိုအရာက သိုင်းကွက်တစ်ကွက် သို့မဟုတ် တစ်ဝက်ဟုပင် သတ်မှတ်နိုင်ဦးမည်လော။
"ကြည့်ရတာတော့ အဲဒါက ရှောင်လင်ကျောင်းတော်ရဲ့ ခြင်္သေ့ဟိန်းသံကျင့်စဉ် ဖြစ်မယ်ထင်တယ်။ အဲဒါက အသံကို တိုက်ခိုက်မှုအဖြစ် စုစည်းပြီး တစ်ဖက်လူကို နှောင့်ယှက်တတ်တယ်။ ဒါကတော့ လျှပ်စီးကြောင်းတစ်ခုရဲ့ အသံမျိုးပဲ။ ဘာလို့လဲဆိုတော့ ဝေ့ကျင်းအဆင့်သိုင်းကွက်တစ်ခု ဖြစ်နေလို့လေ…"
လျှူရှုယူက ပတ်ပတ်လည်ကိုကြည့်ပြီး ရှင်းပြလိုက်သည်။
တိုက်ခိုက်ရေးစက်ဝိုင်း၏ အပြင်ဘက်ကို လျှောက်လာသော စုကျိယွဲ့က လျှူရှုယူ၏အနားကို ပြန်ရောက်လာခဲ့သည်။ သူမက လေးလေးစားစား အသံနှင့် ပြောလိုက်၏။
"အစ်မလျှူ ..
အစ်မက တကယ့်ကိုထူးခြားတဲ့ အမြင်အာရုံရှိနေတာပဲ။ ကျွန်မရဲ့အစ်ကိုက ရှောင်လင်ကျောင်းတော်က ဖြစ်နေမှတော့ ခြင်္သေ့ဟိန်းသံကျင့်စဉ်က သူ့အတွက် ဘာမှမထူးခြားဘူးလေ.."
လျှူရှုယူက ခေါင်းခါပြီး မုန့်ချီကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။
"အဲဒါက ခြင်္သေ့ဟိန်းသံမဟုတ်ဘူး။ မိုးကြိုးဟိန်းသံနဲ့ တော်တော်လေးကို တူနေတယ်.."
အတော်လေး စိတ်လှုပ်ရှားနေသော ကီချန်းကျိက သူ့ညီကို သတိပြန်ရလာအောင် ကြိုးစားပေးနေခြင်းကို မုန့်ချီကတော့ လက်နောက်ပစ်နေပြီး ကြည့်နေခဲ့သည်။ သူကတော့ လျှူရှုယူ၏ အမြင်အာရုံကို အတော်လေး အံ့ဩနေမိသည်။ သူမကို ကြည့်ရသည်မှာ သာမန်တံခါး (၆) ပေါက်အဆင့် ပညာရှင်တစ်ယောက် မဟုတ်နိုင်တော့ပေ။
အကယ်၍ သူမက တခြားသော အချက်အလက်များကို သတိထားမိလျှင် ထူးခြားမှု မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများက ထင်ရှားနေခြင်းကြောင့် ဖြစ်၏။ သို့သော် သူမ၏အမြင်အာရုံက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်နှင့် အဆင့်မြှင့်တင်ထားသော မိုးကြိုးဟိန်းသံကိုပင် သတိထားမိလောက်အောင် ထူးချွန်လွန်းလှသည်။
"နောက်တစ်ယောက်..."
သူ့လေသံက တည်ငြိမ်လွန်းလှပြီး လူငယ်များကို စစ်ဆေးနေသော တပ်မှူးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
ကီချန်းကျိက သူ့အနားတွင်ရပ်နေသော ညီဝမ်းကွဲကိုကြည့်ပြီး ပြောလိုက်သည်။
"ချန်းလဲ့ …
မင်းရဲ့နားတံခါးကို အရင်ဆုံး ပိတ်ထားလိုက်..."
ထိုအရာက ပြိုင်ဘက်၏ မိုးကြိုးဟိန်းသံကို ရင်ဆိုင်ရန် စွမ်းအားမလုံလောက်သော်လည်း အနည်းဆုံးတော့ ခံနိုင်ရည် ရှိနိုင်သေးသည်။ အနည်းဆုံးတော့ ချန်းကျိက သိုင်းကွက်တစ်ကွက်မှ မလှုပ်ရှားရသေးခင် မြေပေါ်သို့ လဲကျသွားသည့်အတွက် သူတို့မိသားစုတစ်ခုလုံးကို အရှက်ရစေခဲ့၏။
ကီချန်းလဲ့က ပင့်သက်ရှိုက်လိုက်မိပြီး ရှေ့ကို သတိထား၍ လျှောက်လာခဲ့သည်။ သူက ပြိုင်ဘက်ကို အရိုအသေ ပေးလိုက်ပြီးနောက် ချက်ချင်းပင် လေထဲကိုခုန်လိုက်ပြီး ကိုယ်ဖော့ပညာကိုသုံး၍ မုန့်ချီ၏ အနောက်ဘက်ကို သွားလိုက်သည်။
သူ၏လက် (၂) ဖက်ကလည်း လက်သည်းများအဖြစ် ပြောင်းလဲပြီး ကျောက်တုံးကို ခွဲလိုက်သကဲ့သို့ မုန့်ချီကို တိုက်ခိုက်လိုက်၏။ သတ်ဖြတ်ရေးဓားဆီတွင် သူ့ကိုယ်သူ ကာကွယ်နိုင်သော ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ရှိနေကြောင်း သူက ကြားထားဖူးသည်။ ထို့ကြောင့် သူက သူ၏အားနည်းချက်နေရာကို တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်၏။
မုန့်ချီကတော့ အချိန်မီ တုံ့ပြန်ခြင်း မရှိသည့်အလား နေရာတွင်သာ ရပ်နေခဲ့သည်။ ကီချန်းလဲ့၏ ရင်ထဲတွင် ဝမ်းသာသွားခဲ့သော်လည်း သိပ်မကြာခင် သူ့ရင်ထဲ၌ ကြောက်လန့်နေသော ခံစားမှုတစ်ခုက လျင်မြန်စွာ အစားထိုးလာခဲ့၏။
မုန့်ချီက သူ၏အစွမ်းကိုပင် ထုတ်ပြရန် မလိုအပ်သော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ ခံစားလာရသည်။ ရုတ်တရက်ဆိုသလို ရင်းနှီးသော ချီစွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့၏။ မှေးမှိန်ပြီး ခန့်မှန်း၍ မရနိုင်သော စွမ်းရည်များက ကီချန်းလဲ့ကို တိုက်ခိုက်လိုက်ပြီး သူ၏အကာအကွယ် ချီစွမ်းအင်များကို ဖျက်ဆီးပစ်လိုက်သည်။
သူက နောက်ကို ဒယိမ်းဒယိုင်နှင့် ခြေလှမ်းအနည်းငယ် ဆုတ်သွားလိုက်ရပြီး မြေပေါ်သို့ လဲကျသွားခဲ့၏။ သတ်ဖြတ်ရေးဓားက လက်ညှိုးတစ်ချောင်းပင် မလှုပ်ရှားပဲ ကီချန်းလဲ့ကို အနိုင်ရခဲ့ခြင်းပေလော။
စုကျိယွဲ့နှင့် တခြားသောလူငယ်များကတော့ မှင်တက်နေမိကြသည်။ သတ်ဖြတ်ရေးဓားက အစွမ်းထက်ကြောင်း သူတို့က သိနေသော်လည်း ထိုမျှအစွမ်းထက်လိုက်မည်ဟု လုံးဝ မတွေးမိခဲ့ကြပေ။ အနည်းဆုံးတော့ ကီချန်းချင်နှင့် ကီချန်းလဲ့တို့က တံခါး (၉) ပေါက် ပွင့်နေကြ၏။ ထိုသို့ဆိုရာတွင် သတ်ဖြတ်ရေးဓား၏ရှေ့၌ သူတို့က ချီစုဆောင်းရေးအဆင့်သာရှိသော ကလေးငယ်များကဲ့သို့ အားနည်းနေသည်။
"ဒါက တခြားလူတစ်ယောက်ရဲ့အစွမ်းကို ငှားယူပြီး ပြန်သုံးလိုက်တဲ့ ထူးခြားကျင့်စဉ်မျိုးပဲ။ ဒါက တန်ပြန်တိုက်ခိုက်မှုနဲ့ ပူးပေါင်းထားတဲ့ သဏ္ဍာန်မဲ့လက်ညှိုးသိုင်းနဲ့တူတယ်။ ဒါကြောင့်လည်း နံပါတ် (၉) သခင်လေးကီက တိုက်ခိုက်မှုကိုကြိုမမြင်နိုင်ဘဲ ထိခိုက်သွားခဲ့ရတာ…"
လျှူရှုယူက တီးတိုးရေရွတ်လိုက်သည်။
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။
"သူ့ရဲ့အမြင်အာရုံက ဒီလောက်ထိ မကောင်းနိုင်ဘူး မဟုတ်လား.."
ကီချန်းလဲ့၏အစွမ်းကို သုံးလိုက်သည်မှာ ပြဿနာတစ်ခု မဟုတ်ချေ။ ယခုတော့ သူက အထွဋ်အထိပ်ကို မရောက်သေးသော်လည်း ဝေ့ကျင်းအဆင့်စွမ်းရည်ကို အသုံးပြုခဲ့သည်။ သူကတော့ ကီချန်းလဲ့ သုံးလိုက်သော အကာအကွယ် ချီစွမ်းအင်များ၏ အထောက်အပံ့ကို သုံးလိုက်ပြီး တုံ့ပြန်တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
သို့သော် ရလဒ်က အလွန်သိသာ ထင်ရှားလှ၏။ သူက သဏ္ဍာန်မဲ့ ဓားမောက်သိုင်း၏ စွမ်းအားများကို ပေါင်းစပ်အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ထိုအရာက အလွယ်တကူ စစ်ဆေးကြည့်နိုင်သော အရာတစ်ခု မဟုတ်ချေ။
"သူက ဒီအပိုင်းမှာ ထူးထူးခြားခြားကို ပါရမီရှိနေတာလား…"
သူက ထိုအကြောင်းကို မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်၏။
ကီချန်းကျိကို စိုက်ကြည့်လိုက်ပြီး သူက ရှေ့ကို တစ်လှမ်းလျှောက်သွားခဲ့သည်။ သူ့အသံကတော့ တည်ငြိမ်ပြီး အေးချမ်းနေခဲ့သည်။
"မင်းက ငါ ဒဏ်ရာရနေတဲ့အချိန် စိန်ခေါ်တာကိုတောင် အနိုင်ရဖို့ ကိုယ့်ကိုယ်ကိုယ် မသေချာဘူးလား။ မင်းက ငါ့ရဲ့ဒဏ်ရာအခြေအနေကို စမ်းသပ်ဖို့အတွက် မင်းရဲ့ညီ (၂)ယောက်ကိုတောင် ခေါ်လာခဲ့သေးတယ်။ မင်းက ဘယ်အချိန်မှာများ တိုက်ခိုက်ဖို့ သတ္တိရှိမှာလဲ။ မင်းရဲ့သိုင်းပညာအပေါ် စိတ်ဆန္ဒတွေက ဘယ်နေရာမှာလဲ။ တိုက်ပွဲအပေါ် မင်းရဲ့သတ္တိတွေက ဘယ်မှာလဲ…"
သူ၏မေးခွန်းများက ခံစားချက် ကင်းမဲ့နေပြီး တိုက်ခိုက်ရေး စက်ဝိုင်းထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ ထိုစကားလုံးများက ကီချန်းကျိ၏ ရင်ဘတ်ထဲကို တည့်တည့်စိုက်ဝင်နေသလို ဖြစ်နေ၏။
သူ၏ပါး (၂) ဖက်က နီရဲနေပြီး ကြည့်နေသော တခြားလူများ၏ မျက်လုံးကို စိုက်မကြည့်ရဲတော့ပေ။ သူကတော့ စိတ်ပိုင်းဆိုင်ရာ အားနည်းလာပြီး အကြောက်တရားများကို ခံစားလာရ၏။
စုကျိယွဲ့နှင့် တခြားလူများ၏ မျက်လုံးထဲတွင်တော့ မုန့်ချီက တဖြည်းဖြည်း ပို၍အရပ်ရှည်လာပြီး ကြီးမားလာသလို ထင်မှတ်ရသည်။ အစွမ်းထက်သော အငွေ့အသက်များလည်း ထွက်ပေါ်လာနေပြီး ဆန့်ကျင်၍ မရနိုင်သော ဝိညာဉ်တစ်ခု ပိုင်ဆိုင်ထားသလို ဖြစ်နေခဲ့၏။
သို့သော် ကီချန်းကျိကတော့ မည်သူနှင့်မျှ မျက်လုံးချင်း မဆိုင်ရဲသည့်အပြင် တခြားလူများကို မျက်လုံးချင်း ရဲရဲရင်ဆိုင်ရဲသည့်သတ္တိ ဆုံးရှုံးသွားပုံရ၏။ သူကတော့ လူသန်ကြီးတစ်ယောက်၏ရှေ့တွင် မှေးမှိန်နေသော လူပုလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
"မင်းရဲ့သိုင်းပညာ စိတ်ဆန္ဒတွေက ဘယ်မှာလဲ။ တိုက်ခိုက်ဖို့သတ္တိကရော ဘယ်မှာလဲ"
ကီချန်းကျိ၏ အရှိန်အဝါကို ဖိနှိပ်လိုက်ပြီးနောက် မုန့်ချီက သူ့ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ အရာအားလုံးက ကောင်းကင်ဘုံ၏ အလိုအတိုင်း ချောမွေ့ပြီး အားနည်းချက် မရှိပေ။
ကီချန်းကျိ၏ အရှက်ရမှုများက ဒေါသများအဖြစ် ပြောင်းလဲသွား၏။ သူက လက် (၂)ဖက်နှင့် အရှေ့ကို ရိုက်ချလိုက်ပြီး သူ၏သိုင်းကွက်များကို အသုံးပြုလိုက်သည်။ ထိုအချိန်တွင် အဖြူရောင် နဂါးတစ်ကောင် ပေါ်ထွက်လာပြီး နဂါးလက်သည်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။
တစ်ပြိုင်နက်တည်းဆိုသလိုပင် လက် (၂) ဖက်တွင် ရှိနေသော အရေပြားက ရွှေရောင် တောက်ပလာခဲ့၏။ သူကတော့ ပုစဉ်းတောင်ပံကဲ့သို့ လက်အိတ်တစ်ခုကို ဝတ်ဆင်ထားသည်။ သူ၏အတွင်းအားနှင့် ချီစွမ်းအင်များက ရုန်းထွက်နိုင်ခြင်း မရှိသော ပိုက်ကွန်ကြီးတစ်ခုသဖွယ် ဖြစ်နေပြီး လေထဲတွင် ပေါ်လာခဲ့၏။
မြေပြင်ထဲမှနေ၍ ကျောက်တုံးများလည်း ထိုးထွက်လာပြီး မုန့်ချီ၏ခြေထောက်ကို ချုပ်ကိုင်ထားလိုက်၏။ ထိုတိုက်ခိုက်မှုကြောင့် နောက်ဆုံးတွင်တော့ ကီချန်းကျိက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်၏အစွမ်းကို ပြသနိုင်ခဲ့သည်။
"အဖိုးတန်လက်နက်..."
စုကျိယွဲ့က အံကြိတ်လိုက်မိသည်။ ကီမိသားစုမှ အကြီးအကဲများကတော့ ကီချန်းကျိကို အဖိုးတန်လက်နက်တစ်ခုပင် ပေးခဲ့သည့်အတွက် အမှန်တကယ်ကို အရှက်မဲ့နေခြင်း ဖြစ်သည်။ ထိုအရာက သူ့အတွက် စိန်ခေါ်မှုတစ်ခုဟုပင် မသတ်မှတ်နိုင်တော့ပေ။
ပင်မသိုင်းဂိုဏ်းကြီးများ သို့မဟုတ် ရွမ်မိသားစုကဲ့သို့ လော့ရန်တွင် ရှိနေသော အထက်တန်းလွှာ မိသားစုများကပင် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကို အဖိုးတန်လက်နက်များ မပေးကြပေ။ သူတို့က တပည့်တစ်ယောက်၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်နေပြီးမှသာ သူတို့နှင့်ထိုက်တန်သောအရာကို ပေးခဲ့သည်။
ကီချန်းကျိကတော့ အဆင့်တက်သည်မှာ မကြာသေးပေ။ ကီချန်းကျိ၏ တိုက်ခိုက်မှုကြောင့် မုန့်ချီက ကျန်းဟန်ချွန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့သည့်အချိန်ကို ပြန်လည် အမှတ်ရသွားခဲ့သည်။ ကျန်းဟန်ချွန်ကတော့ လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကိုသုံးပြီး မုန့်ချီကို ပစ်မှတ်မထားနိုင်စေရန် တားဆီးထားခဲ့သည်။
ဘေးဘက်မှနေ၍ တိုက်ခိုက်လိုက်သည့်အချိန်တွင် သူ၏ တိုက်ခိုက်မှုက ပို၍ အားနည်းနေပြီး ကျန်းဟန်ချွန်က ထိုအရာကို အလွယ်တကူ တားဆီးနိုင်ခဲ့၏။ သူ၏ဓားမောက်ဆီမှ တောက်ပသောအလင်းရောင်များ ထွက်ပေါ်လာပြီး မုန့်ချီက မြူခိုးများအလား ရုတ်တရက် ပျော်ဝင်သွားခဲ့သည်။
အဖြူရောင် နဂါးကြီးကလည်း ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်သွားပြီး ပုံသဏ္ဍာန်ခွဲခြားရန် ခက်ခဲနေသည်။ သူ့ဓားကတော့ အလွန်သိမ်မွေ့ညင်သာနေပြီး လေလှိုင်းထဲကို ဖြတ်သန်းသွားခဲ့သည်။ လေဟာနယ်ထဲတွင်ပင် သူက ပြိုင်ဘက်၏ဓားချက်ကို ရှောင်တိမ်းနိုင်ခဲ့၏။
ထိုဓားချက်က အလွန်လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာပြီး ကမ္ဘာမြေကြီး၏ အနှစ်သာရများ ချုပ်နှောင်ထားမှုမှ လွတ်မြောက်လာ၍ ကမ္ဘာမြေပေါ်ကို ရောက်သွား၏။ သူ၏လှုပ်ရှားမှုအရ ကီချန်းကျိ၏တိုက်ခိုက်မှုမှ လွတ်မြောက်ရန် ခက်ခဲသည်။
ကီချန်းကျိ၏ အရှိန်အဝါက ရပ်တန့်သွားခဲ့ပြီး သူ၏စိတ်ပိုင်းဆိုင်ရာ အကာအကွယ်များက ပျက်စီးသွားခဲ့၏။ သူကတော့ အရှက်တရားများကြောင့် ဒေါသတကြီး ပျံသန်းလာပြီး သူ၏အဖိုးတန်လက်နက်ကို ချက်ချင်း အသုံးချလိုက်သည်။
သူက တိုက်ခိုက်ရန် အခွင့်ကောင်းကို မယူခဲ့သည့်အတွက် မုန့်ချီက သူ၏တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိန်းနိုင်ခဲ့၏။ ထိုအရှိန်အဝါကို အသုံးချပြီး ဓားမောက်က ပိုင်ရှင်ဆီသို့ ပြန်ရောက်လာခဲ့၏။
ဓားမောက်ဆီမှ ထွက်ပေါ်လာသော အလင်းတန်းက အနက်ရှိုင်းဆုံး စိတ်ဆန္ဒများကို ထုတ်ဖော်ပြသလိုက်သလို ထင်မှတ်ရသည်။ ကီချန်းကျိက လက် (၂) ဖက်နှင့် တိုက်ခိုက်မှုကို တားဆီးလိုက်ပြီး အသာစီးနှင့် တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ အဆုံးတွင်တော့ ခက်ခက်ခက်ခဲ ကြိုးစားလိုက်ပြီးနောက် သူက သိုင်းကွက်တစ်ဝက်အတွင်း သတ်ဖြတ်ရေးဓားကို အနိုင်ရရန် ကြိုးစားလိုက်၏။
ကြည့်နေသူများကတော့ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ အံ့ဩမှင်တက်နေသော အမူအရာများက သိပ်မကြာခင် လေးစားအားကျမှုများနှင့် အစားထိုးလာခဲ့၏။
တစ်ဖက်တွင်တော့ လျှူရှယူ၏ မျက်နှာအမူအရာက ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူမ၏မျက်နှာလေးက စတင်နီရဲလာခဲ့၏။
ကီချန်းကျိက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အတော်လေးကို ကျေနပ်သွားပုံရ၏။
"အစ်မလျှူ …
ဓားက သူ့ရဲ့လည်ပင်းပေါ် ရောက်နေပြီလေ။ သူက ဘာလို့ရယ်နေနိုင်တာလဲ.."
စုကျိယွဲ့၏ သံသယဝင်နေသော စကားလုံးများက ကီချန်းကျိ၏နားထဲကို ရောက်လာခဲ့သည်။ သူက ချက်ချင်း သတိပြန်ဝင်လာသည့်အခါ မုန့်ချီက သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်သိမ်းလိုက်ကြောင်း တွေ့လိုက်ရ၏။ သူကတော့ ခံစားချက် ကင်းမဲ့နေသော အမူအရာနှင့် အဝေးကို လျှောက်သွားခဲ့သည်။
အနီးအနားတွင် ရှိနေသူများကလည်း သံသယများ ပြည့်နှက်နေပြီး သူ့ကို တိတ်တဆိတ် လှောင်ပြောင်နေကြ၏။ သူကတော့ နီရဲနေသောမျက်နှာနှင့် ပြန်လှည့်ထွက်သွားခဲ့သည်။ သူက ဤနေရာတွင် ဆက်နေချင်စိတ် မရှိတော့ပေ။ သူကတော့ အစောပိုင်းတွင် ရယ်နေခဲ့သည်မှာ အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
"သတ်ဖြတ်ရေးဓားက သူ့ကို အနတ္တကျိန်စာဖျက်ဓားပညာနဲ့ တိုက်ခိုက်ခဲ့တာ...။ အဲဒါက ဒုတိယသိုင်းကွက် သေမျိုးဖုန်မှုန့်ကျဆင်းခြင်း ဖြစ်နိုင်တယ်…"
လျှူရှုယူက လူတိုင်းကို ရှင်းပြလိုက်၏။
မုန့်ချီက သူမဆီကိုလျှောက်လာပြီး ပြုံးပြလိုက်သည်။
"မိန်းကလေးလျှူ …
ကြည့်ရတာ မင်းက ငါ့ရဲ့သိုင်းပညာတွေကို တော်တော်လေး ရင်းနှီးနေတယ်ထင်တယ်…"
လျှူရှုယူက ညင်သာစွာ ပြုံးပြလိုက်၏။
"ကျွန်မက အစ်ကို့ကို ဖုံးကွယ်မထားရဲပါဘူး။ ကျွန်မဆီမှာ အစ်ကို့အကြောင်းကို အရမ်းစိတ်ဝင်စားနေပြီး သိုင်းလောကတခွင် ကျင်လည်နေတဲ့ မိတ်ဆွေကောင်း တစ်ယောက်ရှိတယ်။ ကျွန်မရဲ့မိတ်ဆွေက အစ်ကို့အကြောင်းကို ခဏခဏပြောဖူးတယ်…"
"ဘယ်သခင်မလေးကများ ငါ့အကြောင်းကို ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ…"
မုန့်ချီက စိတ်ဝင်တစား မေးလိုက်သည်။
လျှူရှုယူက အပြုံးနှင့် ပြန်ဖြေလိုက်၏။
"အဲဒါကတော့ တောင်ပိုင်းစီရင်စုထဲမှာရှိတဲ့ ယုမိသားစုရဲ့သခင်မလေးပါ။ သူ့နာမည်က လုံကျိလို့ခေါ်တယ်…"
"ယုလုံကျိ..."
သူက တီးတိုးရေရွတ်လိုက်မိ၏။ ထိုနာမည်ကို လုံးဝ မကြားဖူးခဲ့ပေ။
Translated by Hein Htet.