← Chapters

မြို့ကို သိမ်းပိုက်ခြင်း

Vol. 012 Ch. 1197

မြို့ကို သိမ်းပိုက်ခြင်း

Vol. 012 Ch. 1197

ရီဖူရှင်း ကောင်းချီးနန်းတော်ကို တိုက်ခိုက်ရဲသည်မှာ ရာရာ တစ်ယောက်တည်း ကြောင့်တော့ မဟုတ်။ သူ့အနေဖြင့် ကောင်းချီးနန်းတော်ကို ဖျက်ဆီးခဲ့ခြင်း အပေါ်တွင် မြို့စားအိမ်တော်အား ဖြေရှင်းချက် ပေးရန်လည်း လိုသေးသည်။

အင်ပါယာရှားဘုံမှ မင်းသမီးတစ်ပါးဖြစ်သော ရှားရှင်းယွန်က အင်ပါယာရှားဘုံမှ သွေးနဂါးဘုံသို့ လာရောက်ရာတွင် သူမကို စွမ်းအားကြီး တန်ခိုးရှင်များ လိုက်ပါ စောင့်ရှောက်ခြင်း မရှိသည်မှာ မဖြစ်နိုင်ပေ။

ထို့အပြင် သည်တစ်ကြိမ်တွင်တော့ ရီဖူရှင်းသည် ရှားရှင်းယွန်ထံမှ အကူအညီ ရယူလိုခဲ့၏။

“အားလုံးပဲ သူတို့ကို ရိုက်ချကြစမ်း”

မင်းသမီး၏ အမိန့်စကားတွင် ဆန်းဇွန်၏ မျက်နှာက ပျက်ယွင်းသွား၏။ သူက စားသောက်ပွဲမှ တခြားသော တန်ခိုးရှင်များကို ကြည့်သည်။

မြို့စား အိမ်တော်အထက်မှ တန်ခိုးရှင်များက အောက်သို့ ဆင်းသက်လာကာ ရီဖူရှင်းကလည်း ချန်ယဲ့မြို့၏ မြို့စားအိမ်တော်ကို တိုက်ခိုက်တော့မည် ဖြစ်သည်။

ရီဖူရှင်းက ပထမပြောခဲ့သလိုပင် ထပ်ပြောသည် … “ကျုပ် ချန်ယဲ့မြို့ကို လိုချင်တော့ရော ဘာဖြစ်လဲ”

အဆုံးသတ် အခြေအနေမှာ စိတ်ကျေနပ်စရာ ကောင်းသည် မဟုတ်သော်လည်း ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့ကိုသာ ထိန်းချုပ်နိုင်ပါက သူ့အတွက် အခွင့်အရေး ရှိနိုင်သေးသည်ဟု ဆန်းဇွန်က တွေးသည်။

သို့သော်လည်း မည်သူကမှ ဆန်းဇွန်ကို ဂရုမစိုက်ကြပေ။ ရီဖူရှင်းက များပြားလှသည့် ကလန်ခေါင်းဆောင်များနှင့် စကားပြောဆိုခဲ့ပြီးရာ ဤသို့ဖြစ်လာမည်ကို အားလုံးက သိထားနှင့်ပြီ ဖြစ်သောကြောင့် လူတိုင်းက တည်ငြိမ်နေကြသည်။

သွေးနဂါးဘုံမှ မြို့များတွင် အုပ်ချုပ်သူ အပြောင်းအလဲဖြစ်ခြင်းမှာ သာမန် အလေ့အထတစ်ခု ဖြစ်၏။ အဓမ္မလုယက်ခြင်း၊ တစ်ယောက်နှင့်တစ်ယောက် အဆက်မပြတ် တိုက်ခိုက်ခြင်းနှင့် ဒေါသအလျောက် ဖြစ်ပေါ်လာသည့် တိုက်ပွဲအမျိုးမျိုးသည် မကြားချင်မှအဆုံးဖြစ်၏။ ထိုသို့သော အခြေအနေများအောက်တွင် မြို့၏ အင်အားစုများအနေဖြင့် မြို့စားအိမ်တော်ကို အခိုင်အမာ သစ္စာစောင့်သိရန်မှာ သိပ်ပြီး မဖြစ်နိုင်ပေ။

အခုတွင် ချန်ယဲ့မြို့၏ မြို့စားအိမ်တော်သည် ရန်ဟောင်၏ဘုံမှ လူများနှင့် ရင်ဆိုင်နေရခြင်းဖြစ်၏။

ရန်ဟောင်ဘုံမှ လူများသည် သွေးနဂါးဘုံသို့ သူတို့၏ အင်အားကို လာရောက်တိုးချဲ့ကြပြီး ထိုလူများသည် အလွန် စွမ်းအားကြီးကြ၏။ ထို့ထက်ပို၍ သွေးနဂါးဘုံတွင် ဖြစ်ပျက်သည့် ကိစ္စများကို ရန်ဟောင်များက ဝင်ရောက်စွက်ဖက်ခြင်း မရှိကြသော်လည်း ရန်ဟောင်၏ လက်အောက်မှ လူများသည် မြို့တစ်မြို့ကို သိမ်းပိုက်သည်ထက် ပို၍ လုပ်နိုင်စွမ်း ရှိကြသည်။

ဤသို့သော အခြေအနေတွင် မည်သူတို့က မြို့စားအိမ်တော်ကို ကူညီရဲပါမည်နည်း။ ကောင်းချီးနန်းတော်၏ ဖျက်ဆီးခံရမှုသည် အကောင်းဆုံး ဥပမာဖြစ်၏။

“မြို့စားလေး ... ဒီနေ့ကိစ္စတွေဟာ မြို့စားလေးရဲ့ တရားမမျှတမှုကြောင့် ဖြစ်လာရတာပါ” စစ်ထိုကျုံး ဝင်ရောက်ပြောဆို၏။ စစ်ထိုကလန်မှ လူများကလည်း ထရပ်လိုက်ကာ ချက်ချင်းပင် ဆန်းဇွန်ကို ဝန်းရံလိုက်ကြပြီး အခြားလူများနှင့်အတူ ဖိအားများကို ထုတ်ဖော်ကြသည်။

ချန်ယဲ့မြို့မှ လူများက သူ့ကို ကြည့်လိုက်ကြသည်။ မြေခွေးအိုကြီးက ဘက်ရွေးလိုက်သည်မှာ သေချာ၏။

ဆန်းဇွန်၏မျက်နှာ ဖြူဖျော့သွားသည်။ သူ့ဘက်မှ အရေးနိမ့်ရန် သေချာသလောက် ရှိနေလေပြီ။

စစ်ထိုကလန်က ရီဖူရှင်းအား ကူညီတိုက်ခိုက် ပေးတော့မည်ဖြစ်သည်။

ရီဖူရှင်းက ဆန်းဇွန်ထံသို့ လျှောက်လာကာ အေးစက်သည့် အသံနှင့် ပြောသည်… “ဆန်းဇွန်.. ခင်ဗျား ကျုပ်ကို ချန်ယဲ့မြို့ကို ဖိတ်ခေါ်ခဲ့မှတော့ ကျုပ်ကလည်း တွန့်ဆုတ်နေစရာ မရှိတော့ဘူး”

ဘန်း…

ဆန်းဇွန်က ရှေ့သို့ တက်လှမ်းလိုက်သည်တွင် ကြီးမားသော အရှိန်အဝါများ သူ့ထံမှ ထွက်ပေါ်လာ၏။

တစ်ခဏချင်းပင် ကောင်းကင်သည် မီးတောက်မီးလျှံများဖြင့် ပြည့်နှက်သွားသည်။

ရီဖူရှင်းကလည်း ဆန်းဇွန်ကို ကြည့်၏။ သူက အလင်းတန်းအသွင်ဖြင့် လေထုကို ခွင်းကာ ဆန်းဇွန်ထံသို့ ပျံသန်းသွားခဲ့သည်။

ဆန်းဇွန်က လေထဲမှာ ရပ်နေပြီး သူ့လက်များက ချိပ်တံဆိပ်တစ်ခုကို ပုံဖော်လိုက်သည်တွင် သူ့တစ်ကိုယ်လုံးတွင် လင်းလက် တောက်ပနေသည့် မီးတောက်များ လွှမ်းခြုံထားသည်။ မီးတဟုန်းဟုန်း တောက်လောင်နေသည့် မီးနဂါးကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ အလွန် လျင်မြန်လှသည့် အရှိန်ဖြင့် ရီဖူရှင်းထံသို့ တိုးဝင်သွားသည်။

သူ့ခန္ဓာတွင် နတ်ဘုရား အလင်းများဖြင့် တောက်ပနေခဲ့ရာ ရီဖူရှင်းကို ကြည့်ရသည်မှာ သန့်စင်သည့် ကြယ်တာရာ အလင်းလွှာက ချပ်ဝတ်သဖွယ် ဖုံးအုပ်ထားသယောင် ထင်မြင်ရသည်။ မီးတောက်များက သူ့ကို ဝါးမျိုသွားသည့်တိုင် လောင်ကျွမ်းခြင်း မရှိပေ။

ဧရာမမီးနဂါးကြီး၏ ခန္ဓာကိုယ်က သူ့ကို ရစ်ပတ်လာခဲ့ပြီး စွမ်းအားကြီးမားလှသည့် ဟိန်းဟောက်သံကြီး တစ်သံ ထွက်ပေါ်လာသည်။ ရွှေရောင်များ တောက်ပနေသည့် ခန္ဓာကိုယ်သည် နဂါးကြီးကို ထိုးဖောက်သွားခဲ့ပြီး သန့်စင်တောက်ပသည့် ရွှေရောင်ကြိုးစကဲ့သို့ ဆန်းဇွန်ထံသို့ တိုက်ရိုက် ဦးတည်လာခဲ့သည်။

ဂါး…

နောက်ထပ် ဒေါသတကြီး ဟိန်းဟောက်သံက ကောင်းကင်နှင့် မြေကြီးအကြားတွင် တုန်ခါမှုတစ်ခုကို ဖြစ်ပေါ်စေပြီး အလွန် ရက်စက် ကြမ်းကြုတ်ပုံရသော ခေါင်းကိုးလုံး သွေးနဂါးကြီးသည် ဆန်းဇွန်၏ နောက်၌ ပေါ်လာခဲ့သည်။ သန့်စင်သည့် မီးတောက်အလင်းများက ၎င်းကို ဝန်းရံထား၏။ ခေါင်းကိုးလုံးနဂါးကြီးက ပါးစပ်ကြီးအားဟပ်ကာ ရီဖူရှင်းကို ဝါးမျိုရန် ကြိုးစား၏။

ရီဖူရှင်းက ရပ်တန့်မသွားခဲ့ပေ။ သူ၏ ဝဲကတော့အသွင် လည်ပတ်နေသည့် ခန္ဓာကိုယ်က ရွှေရောင်လျှပ်စီးကဲ့သို့ ပြောင်းလဲသွားပြီး လျှပ်စီးတန်းသည် လေထုကို ဖြတ်သန်း၍ နဂါးကြီး၏ ပါးစပ်အတွင်းသို့ အကြမ်းပတမ်း ဝင်ရောက်သွားခဲ့သည်။

ရုတ်တရက် တောက်ပသည့် အလင်းတန်းများက နဂါး၏ ခန္ဓာကိုယ်အထက်မှ ပေါက်ကွဲထွက်လာပြီး ဝမ်းခေါင်းထဲမှ စူးစူးဝါးဝါး အော်သံကြီးကို ကြားလိုက်ရသည်။ နဂါးကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် တစ်စစီ ပေါက်ကွဲထွက်သွားပြီး ထိုနေရာမှ ပေါ်ထွက်လာသည့် ပုံရိပ်တစ်ခုသည် အဆုံးမဲ့ဓားစွမ်းအားများကို ထုတ်လွှတ်နေခဲ့သည်။ ထိုပုံရိပ်က ဆက်လက်၍ ဆန်းဇွန်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွား၏။

ဆန်းဇွန်၏မျက်နှာက ဖြူဖျော့သွားသည်။ သူက သူ၏ ခုခံကာကွယ်နိုင်စွမ်းကို အလွန်ယုံကြည်သော်လည်း ခဏအတွင်း၌ သူ့အတားအဆီးများအားလုံး ကြေပျက်သွားခဲ့သည်။

ခမ်းနားထည်ဝါသည့် အလင်းတန်းများကို  သူ၏မျက်လုံးများထဲ၌ မြင်လိုက်ရသည်။ ရီဖူရှင်းက လက်ကို မြှောက်လိုက်သည်ကို သူ မြင်လိုက်သည်။ ဟွမ်ထန်းလက်သီးအားက ပြင်းထန်စွာ ထွက်ပေါ်လာပြီး လေထုကို ထိုးဖောက် ဖြတ်သန်းသွားသည်။ ယင်းက ဆန်းဇွန်၏ နောက်ဆုံး ခုခံမှုကို ထွင်းဖောက်သွားခဲ့ပြီး သူ့၏ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွားသည်။

ခွမ်း …

အရိုးများ ကျိုးကြေသွားသံကို အောက်ဘက်မှ လူများ ရှင်းရှင်းလင်းလင်း ကြားလိုက် ကြရသည်တွင် မြို့စားအိမ်တော်မှ လူများက သူ့ကို လာရောက် ကယ်တင်လိုကြသည်။

သို့သော်လည်း ရာရာ၊ စစ်ထိုကျုံးနှင့် အခြားလူများက ထိုနေရာတွင် ရပ်နေတာကြောင့် မည်သူကမှ ဝင်မပါနိုင်ပေ။

ဆန်းဇွန်က စွေးစွေးနီနေသော သွေးတို့ကို ပါးစပ်အပြည့် အန်ထုတ်လိုက်ပြီးမှ အနောက်သို့ ပျံသန်း ဆုတ်ခွာသွားသည်။

ရီဖူရှင်းက အရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ့လက်များတွင် သန့်စင်သည့် အလင်းရောင်များ စီးဆင်းစေလျက် တစ်ခါထပ်၍ တိုက်ခိုက်သည်။

လက်သီးအလင်းများက လေထုကို ထိုးဖောက်သွားပြီး ဆန်းဇွန်၏ ခန္ဓာကိုယ်ကို ဆက်လက်၍ ဖောက်ဝင်သွားသည်။ ရွှေရောင်အလင်းတန်းများက သူ့ရင်ဘတ်မှသည် နောက်ကျောဘက်သို့ ဖောက်ထွက်သွားသည်။ ဆန်းဇွန်၏ ခန္ဓာကိုယ်သည် အမြစ်မရှိသည့် ဒိုက်ပင်များကဲ့သို့ လေထဲမှတစ်ဆင့် အားနည်းစွာ လွင့်စဉ်သွားခဲ့သည်။

ရီဖူရှင်းက ကြီးမားသည့် လက်ဝါးရိုက်ချက် တစ်ချက်အား ထုတ်ဖော်လိုက်ပြီး သူ့ကို အဆောက်အဦနှင့် ထိခတ်သွားသည်အထိ ရိုက်နှက်သည်။ ဆန်းဇွန်၏ခန္ဓာကိုယ်နှင့် ရိုက်နှက်မိသည့် အဆောက်အဦမှာ အပိုင်းပိုင်းအစစ ပြိုကျခဲ့ပြီး ဆန်းဇွန်မှာလည်း အပျက်အစီးများကြား ပြုတ်ကျသွားခဲ့သည်။ မည်သည့်ခွန်အားမှ မရှိတော့သော သူ့လက်များသည် အားနည်းစွာဖြင့် တွဲလောင်းကျနေ၏။

ရီဖူရှင်းက မြေပြင်သို့ ဆင်းသက်လာသည်။ သူက ဆန်းဇွန်၏ ရှေ့မှာ ရပ်လိုက်ပြီး မြေပြင်တွင် လဲလျောင်းနေသည့် သူ့ကို ကြည့်သည်။

ဆန်းဇွန်က သွေးချောင်းဆိုးလိုက်သော်လည်း သူ၏ ချောင်းဆိုးသံသည်ပင် အားနည်းလွန်းနေ၏။ သူ့မျက်လုံးများကတော့ ပွင့်ဟလျက်ရှိနေပြီး သူ့ရှေ့တွင် ရပ်ကာ ငုံ့ကြည့်နေသည့် လူငယ်ကို ကြည့်နေသည်။

ထိုမျက်လုံးများက အခုချိန်၌ သူ၏ တည်ရှိမှုကို မထီမဲ့မြင်ပြုသလို မောက်မာမှုများဖြင့် ပြည့်နေသည်။

သူက ရီဖူရှင်းကို အသုံးချခဲ့ပြီး ငပေါတစ်ယောက်လို ဆက်ဆံခဲ့သော်လည်း အမှန်တကယ်တွင်တော့ အခြားလူများ၏ အမြင်တွင် သူကသာ ငပေါတစ်ယောက် ဖြစ်နေခဲ့ကြောင်း သတိပြုမိသည်။

မူလကတည်းက ရီဖူရှင်းသည် သူ၏ တည်ရှိမှုကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူ လုပ်ခဲ့သမျှ အရာအားလုံးသည် ဟာသပြက်လုံး တစ်ခုထက် မပိုခဲ့ပေ။

ရီဖူရှင်း၏ ငွေရောင်ဆံပင်များက လေထဲတွင် ဝဲလွင့်နေပြီး သူက မည်သည့်စကားမှ မပြောဘဲ သူ့ကိုသာ တည့်တည့် ကြည့်နေသည်။

အားကောင်းလှသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ထိုစွမ်းအား ထွက်ပေါ်လာသည့် အခိုက်တွင် မြို့စားအိမ်တော် တစ်ခုလုံးသည် ကြီးမားစွာ ဖိနှိပ်ခံလိုက်ရ၏။

ရာရာက ရီဖူရှင်း ရှေ့သို့ ရောက်ရှိလာ၏။ ထိုဖိအားသည် သူမကို စိုးရိမ်ပူပန်လာစေပြီး သူမ၏ ထက်မြသော မျက်လုံးများက နေရာတစ်ခုသို့ တည့်တည့် စိုက်ကြည့်သည်။

ထိုနေရာမှ အလွန်ပူပြင်းလှသည့် ခံစားမှုကို ခံစားနိုင်သည်။

မီးတောက်မီးလျှံများဖြင့် အလှဆင်ထားသည့် ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူကြီးသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူ့မျက်လုံးများက မီးတောက်များဖြင့် လောင်ကျွမ်းနေသလို မြင်ရသည်။ သူက လေထုထဲကို ကြည့်လိုက်သည့်အခါ ကျယ်ပြောလှသည့် ကောင်းကင်က ရုတ်တရက် မီးကဲ့သို့ ရဲရဲတောက်လာကာ ကောင်းကင်တစ်ခုလုံးကို လောင်ကျွမ်း သွားသကဲ့သို့ ဖြစ်သည်။

မြို့စားအိမ်တော်မှ မိုင်တစ်ရာ အတောအတွင်းမှ လူတိုင်းသည် သက်သောင့်သက်သာ မဖြစ်သော အပူရှိန်ကို ခံစားကြရသည်။ သူတို့ ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ နီရဲလောင်ကျွမ်း နေသည်ကို မြင်လျှင် အားလုံး ထိတ်လန့် သွားကြသည်။

မြို့စားအိမ်တော်မှာ ဘာတွေဖြစ်နေတာလဲ။

ကြည့်ရသည်မှာ မြို့တော်အရှင်၏ စွမ်းအားများ ဖြစ်ပုံပေါ်သည်။ သို့သော်လည်း ချန်ယဲ့မြို့၏ မြို့တော်အရှင်မှာ တစ်ကိုယ်တည်း တံခါးပိတ် ကျင့်ကြံနေသည်ဟု ပြောကြသည်။ ချန်ယဲ့မြို့၏ အရေးကိစ္စများကို မြို့စားလေးနှင့် လွှဲထားခဲ့ပြီး လူအများက သူ့ကို အချိန်ကြာမြင့်စွာ တွေ့မြင်ခြင်း မရှိခဲ့ကြပေ။

ထို့အပြင် ယနေ့တွင် မြို့စားလေးသည် ရီဖူရှင်းအတွက် စားသောက်ပွဲ တည်ခင်း ဧည့်ခံပေးရန် စီစဉ်ထားသည်။

ယခုမူကား တိုက်ပွဲကြီးတစ်ခု အစပျိုးရန် ဟန်ပြင်နေခဲ့၏။

သွေးနဂါးဘုံ၏ အဓိကမြို့တော်ဖြစ်သည့် သွေးနဂါးမြို့တော်သည် သွေးနဂါးအင်ပါယာ၏ တိုက်ရိုက် အမိန့်ပေးမှုအောက်တွင် တည်ရှိသည်။ ဘေးပတ်လည်ရှိ မြို့များမှာတော့ ထိပ်တန်းပုဂ္ဂိုလ်များနှင့် ပြည့်နှက်နေပြီး အခြားဘုံများမှ ထိပ်တန်း တန်ခိုးရှင်များနှင့် ယှဉ်ပြိုင်ရသည်သာမက တစ်ခါတစ်ရံ၌ သူတို့၏ ပြိုင်ဘက်များသည် အခြားဘုံများမှ အင်ပါယာ၏ တိုက်ရိုက် မျိုးဆက်များလည်း ဖြစ်နိုင်သည်။

ဤသို့သော အခြေအနေတွင် သွေးနဂါးဘုံမှ မြို့တစ်မြို့အား ထိန်းချုပ်နိုင်သူများမှာ သံသယဖြစ်စရာ မလိုအောင်ပင် ရှန့်ထိုအဆင့် အမြင့်ဆုံး၌ ရှိနေသူများ ဖြစ်ကြ၏။

ဤဗဟိုဒေသမှ မြို့တိုင်း၏ မြို့တော်အရှင်များသည် ပြန်လည်မွေးဖွားခြင်း ရှန့်ထိုအဆင့် ဖြစ်ကြ၏။ ထိုမြို့တော်အရှင်များကို သွေးနဂါးဘုံ၏ ရန်ဟောင်နယ်မြေတွင် ထားပါက သူတို့ တစ်ယောက်ချင်းစီသည် ထိုဘုံများ၏စွမ်းအားအမြင့်ဆုံး ရှန့်ထိုများပင် ဖြစ်နိုင်သည်။

ယှဉ်ပြိုင်မှုများလှသည့် သွေးနဂါးဘုံတွင် တစ်ဦးထက်တစ်ဦး သာလွန်သော အရည်အချင်းမရှိပါက သူတို့သည် မြို့ကို အုပ်ချုပ်ရန် အရည်အချင်း ရှိမည် မဟုတ်ပေ။

ဆန်းထျန်ကျန့်သည် ချန်ယဲ့မြို့၏ မြို့တော်အရှင်ဖြစ်ပြီး ထိုသို့ ထိတ်လန့်ဖွယ်ရာ တည်ရှိမှုမျိုးဖြစ်သည်။ သူသည် သူ့ကိုယ်သူ ကျင့်ကြံခြင်းမှာသာ မြှုပ်နှံထားပြီး ကြီးမားနက်ရှိုင်းသော စွမ်းရည်များအား ပိုင်ဆိုင်ထား၏။

သူသာ ပါဝင်လာလျှင် သူက အင်အားကြီးသည့် ပြိုင်ဘက်ကိုပင် ရင်ဆိုင်နိုင်စွမ်းရှိသည်။

ယင်းက မြို့ကို လာရောက်သိမ်းပိုက်သည့် တစ်စုံတစ်ယောက်နှင့် တူညီပေသည်။

ထိုအချိန်၌ မြို့စားအိမ်တော်မှ ဆန်းထျန်ကျန့်သည် ကောင်းကင်ကို မော့ကြည့်သည်။ သူသည် သာမန်အတိုင်း ရပ်နေသည်ကပင် နတ်ဘုရားသဖွယ် ဖြစ်နေပြီး သူ့ခန္ဓာမှ အပူရှိန်များ ပေါက်ကွဲ ထွက်ပေါ်နေသည်။

သို့သော်လည်း သန်မာလှသည့် ဆန်းထျန်ကျန့်သည် ကောင်းကင်ကို ကြည့်နေပြီး အလွန် တည်ငြိမ်စွာဖြင့် ပြောသည်… "ကျုပ်သားက တစ်ယောက်ယောက်ကို ဆန့်ကျင်မိခဲ့ရင် ကျုပ်ရဲ့ သွန်သင်မှု ညံ့ဖျင်းတာအတွက် တာဝန်ယူပြီး သူ့အစား တောင်းပန်ပါတယ်"

အကွာအဝေးတစ်ခုတွင် ရီဖူရှင်း၏ ခန္ဓာကိုယ်က လေထဲတွင် မျောလွင့်နေပြီး ထိုခန့်ညားသည့် ပုံရိပ်ကို ကြည့်နေသည်။

ပြန်လည်မွေးဖွားခြင်း အဆင့်၏ တည်ရှိမှုက အမှန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။

သူက လေထဲကို ကြည့်လိုက်ပြီး အပေါ်မှ ဆင်းလာသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားသည့် လူ၏ ပေါ်ပေါက်လာမှုမှာ အလွန် လျှို့ဝှက် ဆန်းကြယ်လှသည်။ သူ့လက်ထဲတွင် မှော်နှင်တံတစ်လက်ကို ကိုင်ထားပြီး သူ့အရှိန်အဝါက သိပ်တော့ မပြင်းထန်ပေ။ သို့သော်လည်း သူ၏ တည်ရှိမှု သက်သက်ဖြင့်ပင် ချန်ယဲ့မြို့၏ မြို့တော်အရှင်ကို ကြီးစွာသော ခြိမ်းခြောက်မှု ဖြစ်ခဲ့သည်။

လေထဲမှ အဖြူရောင်ပုံရိပ်က ရှားရှင်းယွန်နှင့် ရီဖူရှင်းကို ကြည့်ကာ မေးသည်… “မင်းသမီး ကျွန်တော်တို့ ဘာလုပ်ရမလဲ”

ရှားရှင်းယွန်က ခဏအတွင်း ရီဖူရှင်း ဘေးသို့ ရောက်လာပြီး ခပ်တိုးတိုး ပြောသည်… “နင် ဆုံးဖြတ်”

ရီဖူရှင်းက ရှေ့ကို ကြည့်လိုက်ပြီး ဒီတစ်ခေါက် ရောက်လာတာ မည်သူလဲဆိုတာ သူ သိသည်။

ပြည်နယ်ကိုးခုတွင် ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၏နံပါတ်(၁) ဖြစ်သူ “မှော်ဆရာ” ဖြစ်ပေသည်။ သူ့လက်ထဲတွင် ကိုင်ထားသည်က ပြည်နယ်ကိုးခု၏ နံပါတ်တစ်နတ်ဘုရား လက်နက်ဖြစ်သော “ဝိဇ္ဇာနှင်တံ” ဖြစ်၏။

လွန်ခဲ့သည့် နှစ်များက မှော်ဆရာသည် အင်ပါယာရှား နောက်မှ လိုက်ကာ ကျင့်ကြံခဲ့ပြီး အင်ပါယာရှားဘေး၌ ကျန်ရှိခဲ့သည်။ နောက်ပိုင်း၌ သူသည် အင်ပါယာရှား၏ လူယုံ ဖြစ်လာခဲ့သည်။

ဤခရီးတွင် သူ၏ တာဝန်မှာ ရှားရှင်းယွန်ကို လုံခြုံအောင် စောင့်ရှောက်ပေးခြင်း ဖြစ်၏။

မှော်ဆရာ၏စွမ်းရည်မှာ သံသယရှိရန် မလိုအပ်ပေ။

ပြည်နယ်ကိုးခုတွင် နောက်ဆုံးတော့ ဂုဏ်ယူစရာ ပုဂ္ဂိုလ်တစ်ဦးအား မွေးထုတ်နိုင်ခဲ့၏။

ရီဖူရှင်းက ဆန်းထျန်ကျန့်ကို ကြည့်ကာ ပြောသည်… “ဆန်းဇွန်က ကျုပ်တို့ကို ချန်ယဲ့မြို့ကို ဖိတ်ခေါ်ပြီး ကျုပ်တို့ရဲ့ အသက်တွေနဲ့ လောင်းကြေးထပ်ပြီး အသုံးချခဲ့တယ်။ အခု ချန်ယဲ့မြို့ကို ကျုပ်တို့သိမ်းမယ်။ ခင်ဗျား ထွက်သွားချင်ရင် ကျုပ်တို့ မတားဘူး။ ဒါပေမဲ့ ဆန်းဇွန်ကတော့ နေခဲ့ရမယ်။ ခင်ဗျားလည်း ဆက်နေခဲ့မယ် ဆိုရင်တော့ မြို့တော်အုပ်ချုပ်ရေးမှာ ကျုပ်တို့ကို ကူညီနိုင်တယ်။ နောက်ပိုင်း ကျုပ်တို့က ခင်ဗျားကို တခြားမြို့တစ်မြို့  အစားပြန်ပေးမယ်”

သူတို့က ဆန်းဇွန်ကိုတော့ မလွှတ်ပေးနိုင်ပေ။

မဟုတ်လျှင် ချန်ယဲ့မြို့၏ မြို့တော်အရှင် ဆန်းထျန်ကျန့် ထွက်သွားခြင်းသည် နောင်တွင် အန္တရာယ်တစ်ခု ဖြစ်လာနိုင်၏။

ဆန်းထျန်ကျန့်က ရီဖူရှင်းကို ကြည့်လိုက်သည်တွင် သူ့မျက်လုံးထဲမှာ လောင်ကျွမ်းနေသည့် ကြောက်မက်ဖွယ် မီးတောက်များကို မြင်နိုင်သည်။ အကြည့်တစ်ချက်မျှနှင့်ပင် ရီဖူရှင်းက သူ့မျက်လုံးများမှ စပ်ဖျဉ်းဖျဉ်း ခံစားမှုကို ခံစားလိုက်ရသည်။ ထိုမီးတောက်များက သူ့မျက်လုံးများထဲသို့ တိုက်ရိုက် တိုးဝင်သွားသကဲ့သို့ ခံစားရခြင်း ဖြစ်ပေသည်။

သို့သော်လည်း ခဏအကြာတွင် ဆန်းထျန်ကျန့်သည် အဝေးကို ကြည့်လိုက်ပြီး သူ၏ အာရုံက မှော်ဆရာထံသို့ ရောက်သွားကာ ပြောသည်… “ချန်ယဲ့မြို့က ဆန်းထျန်ကျန့် ... သင်ကြားပြသပေးပါ”

***

All Chapters