← Chapters

အခန်း (၄၈၃)

Vol. 33 Ch. 483

အခန်း (၄၈၃)

Vol. 33 Ch. 483

ရွမ်ယုရှု၏ မျက်နှာက အေးစက်သွားခဲ့သည်။ လော့ရန်တွင် ရှိနေသော စားစရာများနှင့် ပတ်သက်သည့် မေးခွန်း မဟုတ်သည့်အတွက် သူမက ထိုကဲ့သို့သော မေးခွန်းမျိုးကို မြန်မြန်ဆန်ဆန် ပြန်ဖြေနိုင်ခြင်း မရှိခဲ့ချေ။

ခဏကြာ စဉ်းစားလိုက်ပြီးနောက် သူမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမက စဉ်းစားနေရင်း ပြန်ဖြေလိုက်သည်။

"အဘိုးပြောတဲ့ စကားအရဆိုရင် လော့ရန် ကျိုးမိသားစုထဲမှာ ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင်(၂) ယောက် ရှိတယ်။ သူတို့ကတော့ ကျိုးဝူရန်နဲ့ ကျင်းရှီတို့ပဲ...။ ကျိုးဝူရန်က လွန်ခဲ့တဲ့ မျိုးဆက်ပေါင်းများစွာထဲက မွေးဖွားလာခဲ့တာ။သူက အသက်(၁၈၀)တောင် ကျော်နေပြီ။ တကယ်လို့ သူ့ရဲ့သက်တမ်းသာ တိုးမလာခဲ့ရင် သူက သေသွားတာ ကြာလောက်ပြီ…”

“ကျင်းရှီဆိုတာကတော့ ဘုရင်ကြီးရဲ့ အငယ်ဆုံးဦးလေးပဲ..။ သူက အသက်(၈၀)လောက် ဖြစ်နေပြီ။ သူက မကောင်းဆိုးဝါးသခင်နဲ့ အရူးမင်းသားတို့ထက်တောင် နှစ်(၅၀)လောက် အသက်ပိုကြီးသေးတယ်။ အရင်တုန်းကတော့ သူက လူမသိ သူမသိပဲ။ သူ အမြင့်ဆုံးအခြေအနေမှာ သူ့ထက် ပိုပြီးအစွမ်းထက်တဲ့ မကောင်းဆိုးဝါးသခင်ရဲ့လက်ထဲမှာ ရှုံးနိမ့်သွားရတာတော့ ရှက်စရာကောင်းတယ်။ အဲဒီကျရှုံးမှုကြီးက သူ့အပေါ် အရိပ်တစ်ခုလို ဖြစ်နေခဲ့တာ။ ဒါကြောင့် သူက တော်ဝင်သင်္ချိုင်းကို နှစ်ပေါင်း(၃၀)တိတိ စောင့်ကြပ်နေဖို့ ရွေးချယ်ခဲ့တယ်။ မကြာသေးခင်နှစ်ကမှ အဲဒီအရိပ်တွေကို ဖယ်ရှားနိုင်ခဲ့တဲ့အတွက် သူလည်း ဓမ္မကာရတစ်ဝက်အဆင့်ကို ရောက်ခဲ့တာ…”

“အထက်တန်းလွှာ မိသားစုတွေထဲမှာ ပင်ကျင်း ကွေမိသားစုနဲ့ ချန်းလဲ့ကောင်းမိသားစုကို ဖယ်လိုက်မယ်ဆိုရင် လော့ရန် ကျိုးမိသားစုရဲ့ တိုက်ခိုက်စွမ်းရည်က မြစ်အရှေ့ပိုင်းမှာရှိတဲ့ ဝမ်မိသားစုကိုတောင် ယှဉ်နိုင်တယ်လို့ ပြောရမယ်…"

မုန့်ချီက ရင်ထဲတွင် ချီးကျူးလိုက်မိသည်။

"အခု သူတို့က လော့ရန်မှာ ရှိလား…"

ချန်းလဲ့မှ ကောင်းမိသားစုအကြောင်း စဉ်းစားမိသည့်အချိန်တွင် မုန့်ချီက သူ၏သွေးသောက်အစ်ကိုကြီး ကောင်းလန်ကို တွေးလိုက်မိသည်။ သူ့ကိုတော့ အရူးမင်းသားဟု လူသိများပြီး သူက ဓမ္မကာရအဆင့်ကို တိတ်တဆိတ် ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

"အနည်းဆုံးတော့ သူတို့တွေထဲက တစ်ယောက်က လော့ရန်မှာရှိတယ်။ သံသရာ(၈)သွယ် မှော်သားရဲ ကျိုးကျင်းရှီကတော့ သူ့ရဲ့စိတ်ဝိညာဉ် အထွဋ်အထိပ်ကို ရောက်အောင်လို့ တော်ဝင်သင်္ချိုင်းထဲမှာပဲ တရားထိုင်နေနိုင်သေးတယ်…"

ရွမ်ယုရှုကတော့ အကြီးအကဲများ၏ အလေးပေးမှုကို ခံခဲ့ရသည့်အတွက် လျှို့ဝှက်ချက်များကို သိနေခဲ့သည်။

"တော်ဝင်မိသားစုထဲမှာ ပညာရှင်တွေ အများကြီးရှိတယ်။ ငါတောင် သူတို့တစ်ယောက်ချင်းဆီကို မသိနိုင်ဘူး။ အထူးလူဆိုးထိန်း (၈) ယောက်ထဲမှာ (၂)ယောက်က ကျိုးမိသားစုက တပည့်တွေပဲ…"

သူမက သိထားသည့် အရာအားလုံးကို အသေးစိတ် တည်ငြိမ်စွာ ပြောပြလိုက်သည်။

မုန့်ချီကတော့ သူမ၏စကားကို နားထောင်နေရင်း နန်းတွင်းထဲတွင် မည်သည့်ပညာရှင်က ထီးနန်း လိုချင်နေသည့်အတွက် ပဋိပက္ခများ ဖန်တီးနေကြောင်းကို စဉ်းစားကြည့်နေခဲ့သည်။ သို့သော် သူကတော့ ထိုအရာကို ဖော်ထုတ်နိုင်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဖြစ်နိုင်ခြေက အလွန်များပြားလှ၏။

သူက ထိုကိစ္စကို ဘေးဖယ်ထားလိုက်ပြီး နှုတ်ဆက်တော့မည့်အချိန်တွင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

"တစ်ခုခု မှားနေလို့လား…"

ရွမ်ယုရှုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။

မုန့်ချီက လေပူများကို မှုတ်ထုတ်လိုက်သည်။

"နဂိုတုန်းကတော့ အဲဒါက ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ ငါက တွေးခဲ့မိတယ်..။ အခုတော့ တကယ့်ကို ထူးဆန်းနေသလိုပဲ။ ဘိုးဘေးကွမ်ချန်းက ချန်းချင်ထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တယ်။ သူက အမှန်တရားကို မြတ်နိုးပြီး ချန်းချင်ကို သတ်ပစ်ဖို့ ခက်ခဲမယ်ဆိုရင်တောင် သတိမထားမိဘဲ မေ့လဲသွားအောင်လုပ်ဖို့ အရမ်းလွယ်တယ်.။.ဒါပေမဲ့ ချန်းချင်က ဘိုးဘေးကွမ်ချန်းရဲ့မျက်နှာဖုံးကို ဘယ်လိုမြင်သွားခဲ့တာလဲ။ ဘိုးဘေးကွမ်ချန်းက ဒီကိစ္စကို တမင်တကာ ထုတ်ဖော်ခဲ့တာလား။ ဘိုးဘေးကွမ်ချန်းက ငါ့ကိုတမင်ရည်ရွယ်ပြီး သတင်းပေးခဲ့တာလား။ ဒါဆိုရင် သူက ငါ့ရဲ့အစစ်အမှန်မျက်နှာဖုံးကို သိနေတယ်လို့ ဆိုလိုနေတာလား…"

မုန့်ချီက ထိုမေးခွန်းကို စဉ်းစားနေခဲ့သော်လည်း ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိချေ။

"ပို့ဆောင်ရေးပစ္စည်းက နှစ်ပိုင်းကွဲနေတယ်..။ လော်အဖွဲ့အစည်းနဲ့ ဖျက်ဆီးရေးဂိုဏ်းတို့က ကျန်တဲ့တစ်ဝက်ကို ရသွားလောက်ပြီ..။ ဒါပေမယ့် သူတို့က ခြေရာလက်ရာကို သေချာဖုံးကွယ်ထားတယ်..။ ဒါကြောင့် တခြားသူတွေရှာဖို့ အရမ်းခက်နေတယ်။ ဒီတော့ ပို့ဆောင်ရေးပစ္စည်းကို ရဖို့အတွက် အသိုက်ထဲကမြွေကို မျှားခေါ်တာက အကောင်းဆုံးရွေးချယ်မှုပဲ…."

ရွမ်ယုရှု၏ မဟူရာမျက်လုံးလေးများထဲတွင် ရှုပ်ထွေးမှုများ မရှိဘဲ သင့်တော်သော ရှင်းပြမှုတစ်ခုကို တွေ့ရှိခဲ့သည်။

မုန့်ချီလည်း ချက်ချင်း နားလည်သွားခဲ့၏။ လော်အဖွဲ့အစည်းနှင့် ဖျက်ဆီးရေးဂိုဏ်းတို့ သူ့ကို လာရှာစေရန် ဘိုးဘေးကွမ်ချန်းက တမင်တကာ ခြေရာလက်ရာ ချန်ထားခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် လော့ရန်ကဲ့သို့ ကြီးမားသော နေရာကြီးတစ်ခုတွင် ထိုမကောင်းဆိုးဝါးဂိုဏ်း(၂)ခုကို ရှာဖွေရန် အမှန်တကယ်လည်း ခက်ခဲနိုင်၏။

"လော်အဖွဲ့အစည်းနဲ့ ဖျက်ဆီးရေးဂိုဏ်းတို့ကလည်း သူတို့ရဲ့တန်ပြန်အစီအစဉ်တွေကို မစိုးရိမ်ကြဘူးလား…"

အင်မော်တယ်များ၏ လှုပ်ရှားမှုက အလွန်စွန့်စားရာကျသည်ဟု မုန့်ချီက တွေးမိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် လော်အဖွဲ့အစည်းနှင့် ဖျက်ဆီးရေးဂိုဏ်းမှ ပညာရှင် မည်မျှရှိနေကြောင်း မည်သူမျှမသိနိုင်ကြပေ။

ရွမ်ယုရှုက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိ၏။

"သူတို့မှာလည်း တခြားအကူအညီတွေရှိ‌နေလို့ နေမှာပေါ့…"

သူမက ခဏရပ်လိုက်ပြီး ပြောလိုက်သည်။

"တကယ်လို့ နင်က သူတို့နဲ့တွေ့မယ်ဆိုရင် ဘာလုပ်မှာလဲ…"

"ငါက ဘာလုပ်နိုင်မှာလဲ။ ငါ့လို သာမန်လူတစ်ယောက်က အင်မော်တယ်တွေရဲ့ တိုက်ပွဲကနေ အဝေးမှာပဲနေတာ ပိုကောင်းတယ်…"

မုန့်ချီက စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။

ရွမ်ယုရှုက ခေါင်းခါပြလိုက်၏။

"လှုပ်ရှားမှုတွေကို အာရုံခံမိလိုက်တာနဲ့ လော့ရန်မှာ ရှိတဲ့ ဝင်္ကပါက အသက်ဝင်လာနိုင်တယ်။ တကယ်လို့ သူတို့က လော့ရန်မှာ ထာဝရမနေချင်ဘူးဆိုရင် သေချာပေါက် ဆက်သွယ်မှုကို ဖြတ်တောက်ပစ်ရမှာပဲ။ အဲဒီလိုဖြစ်လာမယ်ဆိုရင် နင်နဲ့ သူတို့ရဲ့ ကြားမှာရှိတဲ့ စွမ်းအားကွာဟမှုက သိသိသာသာကို ကျဉ်းမြောင်းသွားလိမ့်မယ်။ နင်ကလည်း အစွမ်းကို ပြည့်ပြည့်ဝဝသုံးနိုင်လိမ့်မယ်…"

မုန့်ချီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်..။ သူတို့ကသာ လော့ရန်ထဲမှာ တိုက်ခိုက်ကြမယ်ဆိုရင် ရန်သူကို မျှားခေါ်လိုက်တာက အတော်လေးကို ထင်ရှားနေတယ်။ ဘယ်သူကမှ ထောင်ချောက်မမိလောက်ဘူး ထင်တာပဲ။ အမှန်အတိုင်းပြောရရင်တော့ သူတို့နှစ်ဖွဲ့စလုံးက ပို့ဆောင်ရေးပစ္စည်း တစ်ဝက်ဆီယူပြီး ဒီအစီအစဉ်ကို ရပ်တန့်ပစ်လိုက်ဖို့ပဲ မျှော်လင့်တယ်။ ဒီလိုဆိုရင် သူတို့က သစ်သီးပွဲတော်ကို ဖျက်ဆီးမှာ မဟုတ်တော့သလို ငါတို့ရဲ့တာဝန်က အောင်အောင်မြင်မြင် ပြီးဆုံးသွားနိုင်တယ်။ ဒါပေမယ့် လက်ရှိသက်သေတွေအရကတော့ ဘယ်အဖွဲ့ကမှ ငြိမ်နေမှာ မဟုတ်ကြဘူး..။ ဒီတော့ သေချာပေါက် တိုက်ပွဲတစ်ခုဖြစ်လာမှာပဲ။ အင်မော်တယ်တွေက ပစ္စည်းကိုရသွားမယ်ဆိုရင် ပိုပြီးကောင်းလိမ့်မယ်…"

ရွမ်ယုရှု၏စကားကြောင့် သူက ဝေ့ကျင်းအဆင့်ပညာရှင်များနှင့် တိုက်ရိုက်တိုက်ခိုက်ရန် ဖြစ်နိုင်ကြောင်း မုန့်ချီက ရုတ်တရက် ခံစားမိလာခဲ့သည်။

ရွမ်ယုရှု၏‌ နေအိမ်မှ ထွက်လာပြီးနောက် အပြင်ဘက်တွင် ညနေစောင်းနေပြီဖြစ်၏။ သူက ယပ်တောင်(၆)လက်ကျောင်း၏ ဌာနချုပ်ဆီကို ထွက်လာခဲ့သည်။ ယခင်တစ်ခေါက် အလစ်ချောင်း တိုက်ခိုက်ခံရပြီးနောက် မုန့်ချီက ယပ်တောင်(၆)လက်ကျောင်းထဲကို ဝင်လာနိုင်ခဲ့၏။ သူကသာ ထိုနေရာကို မကြာခဏသွားမည် မဟုတ်လျှင် မည်သူကမျှသံသယဝင်လိမ့်မည်မဟုတ်ချေ။

"သခင်လေးစု မတွေ့ရတာကြာပြီ...နေကောင်းရဲ့လား…"

ခြံဝင်းဟောင်းကြီးထဲသို့ ဝင်လာပြီးနောက် မုန့်ချီက မုတ်ဆိတ်ထူနှင့် မျက်လုံးမှေးနေသော လူဆိုးထိန်းတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ငွေတံဆိပ်တစ်ခုကို ချိတ်ထားတတ်သည်။ ယခုတော့ ငွေတံဆိပ်နေရာတွင် ခရမ်းရောင်ဖဲပြားနှင့် အစားထိုးနေခဲ့သည်။

မုန့်ချီကသူ့နာမည်ကို ပြန်လည်စဉ်းစားနေခဲ့သည်။ သူက အပြုံးနှင့် ရင်ဘတ်ပေါ်ကို လက်တင်ပြီး ပြောလိုက်၏။

"လူဆိုးထိန်းချမ်းက လော့ရန်မှာရှိတဲ့ဌာနချုပ်ကို ရောက်နေတာလား..."

ထိုလူကတော့ ယင်မြို့ထဲတွင် မုန့်ချီနှင့်အတူ အဘိုးကြီးကျုံးကို ပူးပေါင်းရှာဖွေခဲ့သော ငွေတံဆိပ်လူဆိုးထိန်း ချမ်းကိုင်ဖြစ်သည်။

ချမ်းကိုင်က ပြုံးလိုက်၏။

"အဲဒီအချိန်တုန်းက ငါလည်း ဒဏ္ဍာရီတွေရဲ့လက်ထဲကနေ အိမ်ရှေ့မင်းသားလေးကို ကယ်တင်နိုင်ခဲ့တယ်..။ ဒါကြောင့် ငါက ရာထူးတက်သွားပြီး လော့ရန်ကို ရွှေ့ပြောင်းခံခဲ့ရတာ…"

"သူက အိမ်ရှေမင်းသားကို ကူညီပေးခဲ့တယ်။ ဒါကြောင့် လော့ရန်ကို ပြန်ပို့ခံရတာလား..။ ဒါဆိုရင် သူက အိမ်ရှေ့မင်းသားဆီမှာ တိတ်တဆိတ် တာဝန်ထမ်းဆောင်နေတာလား…"

မုန့်ချီက ချမ်းကိုင်ကို ကြည့်လိုက်၏။

"မင်းက သူရဲကောင်းအမတ်ကြီး ထိပ်တန်းလူဆိုးထိန်းစုရဲ့တူဖြစ်နေတာကို ငါလည်းမသိခဲ့ဘူး..။ ငါက မင်းကို မမှတ်မိတာ ခွင့်လွှတ်ပါ…"

မိတ်ဆက်လိုက်ပြီးနောက် သူက ဆက်၍ ပြောလိုက်၏။

"ငါက နောက်ထပ်ရက်နည်းနည်းကြာရင် ညစာစားပွဲတစ်ခု ကျင်းပမှာ..။ မင်းက လာပေးနိုင်မယ်ဆိုရင်တော့ တကယ့်ကို ဝမ်းသာမိမှာပါ…"

မုန့်ချီက ပြုံးလိုက်၏။

"တကယ်လို့ အချိန်ရှိမယ်ဆိုရင်တော့ ကျွန်တော် သေချာပေါက် လာခဲ့ပါမယ်…"

မုန့်ချီက ညစာစားပွဲကို မသွားချင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူက အိမ်ရှေ့မင်းသားနှင့် ပတ်သက်သောအရာများကို မပတ်သက်လိုခြင်းကြောင့်ဖြစ်သည်။

ခြံဝင်း၏အလယ်တွင် အနီရောင်စံအိမ်ကြီးတစ်ခုရှိသည်။ ထိုအရာက ယပ်တောင်(၆)လက်ကျောင်းမှ စုံစမ်းရေးမှူးချုပ်၏ အဆောက်အဦးလည်းဖြစ်၏။ ပတ်ပတ်လည်တွင် သစ်ပင်ကြီးများ လွှမ်းခြုံနေသော အဆောက်အဦးက လျှို့ဝှက်သလို ထင်မှတ်ရပြီး ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။

တံခါးဆီကို ရောက်လာပြီးနောက် မုန့်ချီက ရွှေရောင်လူဆိုးထိန်းဝတ်စုံဝတ်ထားသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူက အရပ်မြင့်မြင့်နှင့် ဆံပင်များက မီးခိုးရောင်ပေါက်နေပြီး မျက်လုံးများက ထက်မြက်လှသည်။ သူ့မျက်လုံးအောက်တွင် မည်သည့်လျှို့ဝှက်ချက်မျှ မရှိသလို ထင်မှတ်ရသည်။ သူက နှာခေါင်းကောက်ပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ မရှိချေ။

သူ့ပုံစံက အလွန်လေးနက်ပြီး ရံဖန်ရံခါမှသာ ပြုံးပုံရ၏။ မုန့်ချီ ပို၍ကြောက်လန့်သွားခဲ့သည်မှာ သူ့ခါးတွင် ချိတ်ထားသော ရွှေချည်ကြိုးနှင့် ရွှေရောင်နဂါးလက်သည်း ဖြစ်သည်။ သူက ကီဝေလျှံ၏အဖေ နဂါးလက်သည်း လူဆိုးထိန်း ကီယုကျန်းဖြစ်သည်။ သူက ထိပ်တန်းလူဆိုးထိန်း(၈)ယောက်ထဲမှ သိုင်းသခင်တစ်ယောက်လည်း ဖြစ်၏။

မုန့်ချီကို မြင်သည့်အခါ ကီယုကျန်းက တည်ငြိမ်စွာ ပြုံးပြခဲ့သည်။ သူက ဒေါသထွက်ခြင်း မရှိသလို စိတ်ပျက်ခြင်းလည်း မရှိချေ။

"မင်းက ကောင်းကောင်းလုပ်ခဲ့တယ်..။ မင်းရဲ့တိုက်ခိုက်မှုကြောင့်သာ မဟုတ်ရင် သူတို့ထက် ပိုပြီးအစွမ်းထက်တဲ့သူတွေ ရှိသေးပါလားဆိုတာကို သူတို့က လုံးဝနားလည်ကြမှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့က ကြိုးကြိုးစားစားမလေ့ကျင့်ဘဲ ကလေးသာသာ ပုံစံတွေပဲ လုပ်နေတာကို ရှောင်နိုင်တာပေါ့..."

မုန့်ချီက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကို ကျွမ်းကျင်ထားသည့်အတွက် တစ်ဖက်လူ၏ ခံစားချက်များကို အာရုံခံရာတွင် ကျွမ်းကျင်သော်လည်း ကီယုကျန်းက သူ့ကို အမှန်တကယ် လှိုက်လှိုက်လှဲလှဲ ချီးကျူးနေခြင်း ဟုတ်၊မဟုတ်သေချာမသိချေ။ သူ၏ခံစားချက်များက လှိုင်းလုံးများ မရှိသော ပင်လယ်‌သေကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။

"ကျွန်တော်က ဆရာကြီးရဲ့ချီးကျူးမှုနဲ့ မထိုက်တန်သေးပါဘူး…"

မုန့်ချီက လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်၏။

"မြန်မြန်ဝင်သွား...စုံစမ်းရေးမှူးချုပ်က မင်းကိုစောင့်နေတယ်…"

ထို့နောက် ကီယုကျန်းက လက်နောက်ပစ်၍ ထွက်သွားခဲ့သည်။

မုန့်ချီက သက်ပြင်းချလိုက်မိပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထို့နောက် သူက လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားများ ပြည့်နှက်နေသူ တစ်ယောက်ကဲ့သို့ ထိုအခန်းထဲကို ဝင်သွားခဲ့၏။

အနီရောင်စံအိမ်၏ ပြင်ဆင်မှုက ရိုးရှင်းပြီး သာမာန်အိမ်တစ်လုံးကဲ့သို့ ဖြစ်နေသည်။ အနီရောင်စံအိမ်၏ရှေ့တွင်တော့ ရုပ်ရည်ချောမောပြီး မျက်နှာလုံးဝန်းသော လူတစ်ယောက် ရပ်နေသည်။ အကယ်၍ သူသာ အနည်းငယ်ပိုပိန်မည်ဆိုလျှင် အတော်လေးကို ချောမောခန့်ညားသော သက်လတ်ပိုင်းလူတစ်ယောက်ဟု သတ်မှတ်နိုင်၏။

သို့သော် သူက အလွန်ဝလွန်းသည်။ သူ့ခါးတွင် ဓားရှည်တစ်ချောင်းနှင့် ဓားမောက်တစ်ချောင်းကို ချိတ်ထား၏။ ရွှေချည်ထိုးထားသော အဆောင်အယောင်တစ်ခုလည်း ချိတ်ထား၏။ ထိုအရာကတော့ ဓားရှည်နှင့် ဓားမောက်တစ်ချောင်းကို အတောင်ပံအဖြစ် ဖန်တီးထားသော ခရမ်းရောင်သိန်းငှက်တစ်ကောင် ဖြစ်သည်။

"တွေ့ရတာဝမ်းသာပါတယ် ဦးလေးလျှူ…"

သူတို့က မတွေ့ဖူးသော်လည်း မုန့်ချီက သူ့ကို မှတ်မိနေသည်။သူကတော့ ခရမ်းသိမ်းငှက်လူဆိုးထိန်း လျှူရှန့်မင်ဖြစ်သည်။ သူက ထိပ်တန်းလူဆိုးထိန်း (၈)ယောက်ထဲမှ တစ်ယောက်လည်း ဖြစ်၏။ သူက လျှူရှုယူ၏ အဖေဖြစ်ပြီး ကောင်းကင်(၆)သွယ်ဝေ့ကျင်းအဆင့် ထိပ်တန်းပညာရှင် တစ်ယောက်ဖြစ်သည်။

လျှူရှန့်မင်က အပြုံးနှင့် ပြောလိုက်၏။

"စုမိသားစုမှာ မင်းလို မျိုးဆက်တစ်ယောက်ရှိတဲ့အတွက် ငါ တကယ်ပဲ အားကျမိတယ်။ မင်းက တော်တော်လေးကို ထူးချွန်ပါတယ်..။ ဒါကြောင့်လည်း ရှုယူက မင်းကို မရပ်မနား ချီးကျူးနေတာပဲ။ လာ…လာ...ဘုရင်ကြီးနဲ့ စုံစမ်းရေးမှူးချုပ်က မင်းကိုအပေါ်မှာ စောင့်နေတယ်..။ ငါတို့က ညစာစားနေရင်းနဲ့ စကားပြောတာ ပိုကောင်းမယ်…."

"ညစာလား..."

မုန့်ချီက ရှုပ်ထွေးသွားမိသည်။

လျှူရှန့်မင်က ပြုံးလိုက်၏။‌

"တောင်ပိုင်းစီရင်စုမှာ ရှိတဲ့ ယုမိသားစုက မနေ့ညတုန်းက လော့ရန်ကို ရောက်လာတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာလောက်မှာ မင်းအဖေက သူတို့ကို ကူညီပေးခဲ့တယ်။ ဒီတော့ သူတို့က ကျေးဇူးတရားကို တုံ့ပြန်တဲ့အနေနဲ့ ရောက်လာကြတာ။ ငါတို့က အချင်းချင်း မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာနေပြီလေ..။ ဒါကြောင့် မင်းရဲ့အဖေက အပြင်ဘက်ခြံဝင်းထဲမှာ ညစာစားပွဲဧည့်ခံဖို့ စီစဉ်ထားတယ်။ ပြီးတော့ ငါနဲ့သူ့ရဲ့‌အပေါင်းအသင်းမိတ်ဆွေတွေကို ဖိတ်ကြားထားပြီး မင်းတို့လူငယ်တွေအချင်းချင်း တွေ့ပေးဖို့လည်း စီစဉ်ထားတယ်…"

"ကြည့်ရတာတော့ မိသားစုလက်ဆက်ပွဲ၊ ညစာစားပွဲတစ်ခုလိုပါလား…"

မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

လျှူရှန့်မင်က နောက်ထပ် စကားမပြောတော့ဘဲ မုန့်ချီကို အပေါ်ထပ်သို့ ခေါ်သွားခဲ့၏။ လှေကားက ရိုးရှင်းပြီး ရှည်လျားသည်။ လှေကားပေါ်သို့ နင်းလိုက်သည့် အချိန်တိုင်း အသံများကိုပင် ကြားနေရ၏။

သို့သော် မုန့်ချီနှင့် လျှူရှန့်မင်တို့က သာမာန်လူများ မဟုတ်ကြပေ။ ထို့ကြောင့် သူတို့က အသံတစက်မျှ မထွက်စေဘဲ ဒုတိယထပ်သို့ အလွယ်တကူ တက်သွားကြ၏။ သူတို့က ရေပေါ်တွင် လမ်းလျှောက်သွားသလို ထင်မှတ်ရသည်။ သူတို့က စုံစမ်းရေးမှူးချုပ်၏ ရုံးခန်းထဲသို့ ဝင်လာခဲ့ကြ၏။

အခန်းထဲတွင်တော့ စာအုပ်စင်များစွာ ရှိနေသည်။ ထိုနေရာတွင် တခြားသူများ စစ်ဆေးခြင်းကို တားဆီးထားသော မျက်နှာပြင်တစ်ခုလည်း ရှိနေ၏။ ထိုအရာက အဖိုးတန်လက်နက်တစ်ခု ဖြစ်ပြီး မုန့်ချီ၏အာရုံကပင် ကျော်လွှားနိုင်ခြင်း မရှိချေ။

ထိုကန့်လန်ကာ၏ ရှေ့တွင်တော့ လူတစ်‌ယောက် ထိုင်နေပြီး ကောင်းကင်ဧကရာဇ်က အင်မော်တယ် တစ်ယောက်ကို အရိုအသေ ပေးနေသော ပုံစံရှိနေသည်။ နဂါးဝတ်ရုံနှင့် နဂါးဦးထုပ် ဝတ်ဆင်ထားပြီး သူ့ပုံစံက ကျိုးဟမ်နှင့် အတော်လေးကို တူညီနေ၏။

သူက ငယ်ရွယ်စဉ် အတော်လေးကို ချောမောခန့်ညားပြီး သွက်လက်ဖျက်လတ်ခဲ့ပုံပေါ်သည်။ သူ၏မျက်ခုံးများက ပါးနေပြီး ဆံပင်များက ဖြူနေသည်။ မျက်ခုံးနှင့် နှုတ်ခမ်းထောင့်တွင်လည်း ‌အရေးအကြောင်းများစွာ တွေ့နေရ၏။

မုန့်ချီက ထူးဆန်းသွားသလို ခံစားလိုက်ရ၏။ သူ့မျက်လုံးထဲတွင်တော့ ဘုရင်ကြီးက အစွမ်းမထက်သော်လည်း ထိပ်တန်းသိုင်းပညာရှင်တစ်ယောက် ဖြစ်နေသေးသည်။ သူက နှစ်ပေါင်း(၁၂၀)ကျော် အသက်ရှင်နေခဲ့သော်လည်း အသက်(၆၀) အရွယ်သာ ထင်မှတ်ရသည်။ ယခုတော့ သူ့ပုံစံက အတော်လေးကို အိုမင်းနေပုံရ၏။ သူက နောက်ထပ်နှစ်(၂၀)ခန့်သာ နေထိုင်နိုင်ပြီး ထို့ထက်လည်း နည်းချင်နည်းနိုင်သည်။

ဘုရင်ကြီး၏ ဘယ်ဘက်ခြမ်းတွင်တော့ ထိုင်ခုံတစ်ခု ရှိနေသည်။ ထိုင်ခုံတွင် လူတစ်ယောက် ထိုင်နေပြီး သူ့ပုံစံက နှိမ့်ချခြင်းလည်းမရှိသလို မောက်မာခြင်းလည်း မရှိပေ။ သူ့ဆံပင်များက နက်မှောင်နေပြီး အနည်းငယ် အဝါရောင်သန်းနေသည်။ သူ၏ရုပ်ရည်တစ်ခုတည်းကို ကြည့်ပြီး သူ့အသက်ကို ပြောပြရန်ခက်ခဲသည်။

ပေါ့ပေါ့ပါးပါး အဝတ်အစားနှင့် ခေါင်းဆောင်းဝတ်ထားသော သူ့ပုံစံက သာမာန်အဘိုးအိုတစ်ယောက်၊ သက်လတ်ပိုင်းလူကြီး တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ သူ၏ပုံသဏ္ဍာန်ကြောင့် မုန့်ချီက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး နက်ရှိုင်းသော စကြဝဠာကြီးတစ်ခုကိုသာ တွေ့လိုက်ရသလို ခံစားခဲ့ရသည်။

"ယပ်တောင်(၆)လက်ကျောင်းရဲ့ စုံစမ်းရေးမှူးချုပ် စစ်မာရှီ…"

မုန့်ချီက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။ သူ့ဆီတွင်တော့ ကျော်ကြားသော သိုင်းလောကနာမည်တစ်ခု မရှိဘဲ စုံစမ်းရေးမှူးချုပ်ဟူသော ဂုဏ်သတင်းကပင် လူအားလုံးကို ခြိမ်းခြောက်နိုင်၏။

"ကျွန်တော်က ဘုရင်ကြီးနဲ့စုံစမ်းရေးမှူးချုပ်တို့ကို အရိုအသေပေးပါတယ်…"

မုန့်ချီက သူတို့၏ရှေ့တွင် ဒူးထောက်ရမည့်အစား အကြီးအကဲတစ်ယောက်ကို အရိုအသေပေးသလို ဦးညွတ်လိုက်သည်။

ဘုရင်ကြီးက အနည်းငယ် မျက်ခုံးပင့်လိုက်မိ၏။ သူက ဒေါသထွက်သွားခြင်းရှိ၊မရှိ မုန့်ချီက သေချာမပြောနိုင်ပေ။ သို့သော် သူက ရုတ်တရက်အားရပါးရ ရယ်ပြီး စစ်မာရှီကို‌ ပြန်လှည့်ပြောလိုက်၏။

"စစ်မာ …

မင်းက ငါနဲ့ပထမဆုံး တွေ့ခဲ့တဲ့အချိန်မှာ သူ့လိုပဲ လုပ်ခဲ့တာလေ။ သတ်ဖြတ်ရေးဓားက တကယ့်ကို နာမည်နဲ့ လိုက်ဖက်ပါတယ်…."

မုန့်ချီက အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူက ထိုအရာကို တမင်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူက သတ်ဖြတ်ရေးဓားဖြစ်နေမှတော့ မာနရှိရမည်ဖြစ်၏။

စုံစမ်းရေးမှူးချုပ်စစ်မာရှီက အေးစက်စွာ တုံ့ပြန်လိုက်သည်။

"အစစ်အမှန် သိုင်းပညာရှင်တစ်ယောက်က သူ့လိုပဲဖြစ်သင့်တယ်…"

ထို့နောက် သူက မုန့်ချီကို ပြန်လှည့်ပြောလိုက်၏။

"မင်းရဲ့အကြောင်းတွေ ပြောပြပါဦး...ငါတို့အားလုံးက စိတ်ဝင်စားတယ်…"

Translated by Hein Htet.

All Chapters