အခန်း (၄၈၄)
Vol. 33 Ch. 484
ယခင် ရှောင်လင်ကျောင်းတော်တွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်အပေါ် အခြေခံပြီး ထိုကဲ့သို့ အစွမ်းထက်သော ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူတို့ကို ယှဉ်ပြိုင်နိုင်သည့် အစွမ်းမရှိဘဲ လိမ်၍မရကြောင်း မုန့်ချီက သိနေခဲ့သည်။
ထို့ကြောင့် သူက အမှန်အတိုင်း ပြောဆိုခြင်း သို့မဟုတ် ရှောင်လင်မှ ထွက်ခွာလာပြီးနောက် သိုင်းလောကအကြောင်းကို အမှန်အနည်းငယ်ရော၍ ပြောရမည် ဖြစ်သည်။ စွမ်းရည်ထိန်းသိမ်းခြင်းကျောင်း၏ ဆန်းကြယ်ကျောက်တုံးကို ပြန်လည်ရယူရန် ကူညီပေးခဲ့သည့်အချိန်ကကဲ့သို့ ဖြစ်သည်။ သို့သော် ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉) သွယ် အမွေဆက်ခံမှုကို ရရှိပြီးနောက် သူက မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။
ဘုရင်ကြီးနှင့် စုံစမ်းရေးမှူးချုပ် စစ်မာရှီတို့က တိတ်တဆိတ် နားထောင်နေကြပြီး ရံဖန်ရံခါ မေးခွန်းအနည်းငယ် မေးနေကြသည်။ သူတို့က သူတို့မြေး၏ ဇာတ်လမ်းကို နားထောင်နေသော အကြီးအကဲများကဲ့သို့ ဖြစ်နေကြ၏။
(၂) နာရီနီးပါးခန့် ကုန်ဆုံးသွားပြီးနောက် မုန့်ချီက လော့ရန်သို့ သူ ရောက်လာပြီးနောက် ကြုံတွေ့ခဲ့ရသော အရာများကို ပြောပြပြီးသွားသည်။ ထိုအထဲတွင် လော်အဖွဲ့အစည်းကို ပြန်လည်တိုက်ခိုက်ခဲ့ခြင်း အပါအဝင် ကူချန်းချင်ကို ကယ်တင်ပြီး ကောင်းကင် (၉) သွယ် မိုးကြိုးနတ်ဘုရား၏ လက်ထဲမှ ပွတ်ကာသီကာ လွတ်မြောက်လာခဲ့သည့် အကြောင်းအရင်းများလည်း ပါဝင်နေခဲ့သည်။
"သိုင်းလောကကြီးက တကယ်ကို ခန့်မှန်းလို့ မရနိုင်သလို အန္တရာယ်တွေ ပြည့်နေတယ်။ မင်းရဲ့အစွမ်းနဲ့သ တ္တိကတော့ တကယ့်ကို လေးစားစရာပဲ။ မင်းက ကောင်းကောင်းလုပ်နိုင်ခဲ့တယ်…"
ဘုရင်ကြီးက သက်ပြင်းချလိုက်၏။
ဘုရင်ကြီး၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လာနေပြီး သူကတော့ မုန့်ချီ၏ ဇာတ်လမ်းကို နာရီအနည်းငယ်ကြာ နားထောင်ခဲ့ရသည့် အခြေအနေနှင့် တိုင်းပြည်ရေးရာကို ဖြေရှင်းရသည့် အခြေအနေများကြောင့်ဟု နားလည်ပေး၍ ရနိုင်သည်။
"ဘုရင်ကြီးဆီမှာ ဝေ့ကျင်းအဆင့်အစွမ်းမျိုး ရှိပေမဲ့ သူ့ရဲ့ကျန်းမာရေးက သိပ်ပြီးအဆင်မပြေဘူး။ သူ့မှာ အတွင်းဒဏ်ရာများ ရှိနေတာလား…"
မုန့်ချီက တစ်ယောက်တည်း တွေးနေမိပြီး ဘုရင်ကြီး၏ ချီးကျူးမှုအတွက် ကျေးဇူးတင်စကား ပြောလိုက်သည်။
ဘုရင်ကြီးက ပင်ပန်းနေသည်ကို မြင်လိုက်ရသည့်အခါ စစ်မာရှီက နောက်ထပ် မေးခွန်းများ မမေးတော့ပေ။ သူက ငွေတံဆိပ် ပေးလိုက်ပြီး ဘုရင်ကြီး ကိုယ်တိုင် မုန့်ချီကို ချည်ကြိုးနှင့် ချည်ပေးလိုက်၏။
မုန့်ချီက လိုအပ်သော ထုံးတမ်းစဉ်လာများအားလုံး ပြီးဆုံးသွားသည့်အချိန်တွင် စုံစမ်းရေးမှူးချုပ်၏ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ သူက ခရမ်းသိမ်းငှက် လူဆိုးထိန်း လျှူရှန့်မင်နှင့် သွားရောက်တွေ့ဆုံရမည်ဖြစ်ပြီး လျှို့ဝှက်ကျင့်စဉ် သို့မဟုတ် သူ နှစ်သက်သည့် ပစ္စည်းတစ်ခုကို ရွေးချယ်၍ရသည်။
ရုံးခန်းသို့ ပြန်လာသည့်အချိန်တွင် ဘုရင်ကြီးက ထိုင်ခုံကို ရုတ်တရက် နောက်မှီချလိုက်ပြီး မျက်လုံးမှိတ်လိုက်၏။ သူက အတော်လေးကို ပင်ပန်းနွမ်းနယ်သွားပုံရသည်။
သူက အားနည်းစွာ ပြောလိုက်၏။
"သူပြောတဲ့စကားတွေက ဘယ်လိုလဲ…"
"သူက ဘုရင်ကိုယ်တိုင် ရှိနေတာကိုတောင် တခြားလူဆိုးထိန်းတွေလို စိတ်လှုပ်ရှားမှုတွေ၊ မတည်ငြိမ်မှုတွေ မရှိဘူး…"
ထိုအသံက စစ်မာရှီဆီမှ မဟုတ်ဘဲ ကန့်လန့်ကာ၏ နောက်ကွယ်မှ ရောက်လာခြင်း ဖြစ်သည်။
ထိုနေရာမှ လူတစ်ယောက် ထွက်လာခဲ့၏။ သူ ဝတ်ဆင်ထားသော အပြာရောင်အင်္ကျီကို နဂါးပုံစံ ချည်ထိုးထားသည်။ သူ၏မုတ်ဆိတ်နှင့် မျက်ခုံးများက ဖြူဖွေးနေ၏။ သူ့ပုံစံကတော့ အလွန်နက်ရှိုင်းပြီး ဘဝတလျှောက်လုံး ကြုံခဲ့ရသည့် အတွေ့အကြုံများကြောင့် အလွန်ဉာဏ်နီဉာဏ်နက် များပုံရသည်။
သူက ခဏရပ်ပြီး ပြောလိုက်၏။
"သူက တော်တော်လေးကို မာနကြီးတဲ့အရူးတစ်ယောက်ပဲ…"
"မာနကြီးတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ရိုးသားတယ်။ သူက အမှန်တရားကို ပြောသွားတာပါ။ ဘုရင်ကြီးရဲ့အမြင်အာရုံက အတော်လေးထက်မြက်တာပဲ"
စစ်မာရှီက ခြောက်ကပ်စွာ မှတ်ချက်ပေးလိုက်၏။
အကယ်၍ အလွန်ထူးဆန်းသော လူစိမ်းတစ်ယောက် ပေါ်လာသည့်အချိန်တွင် မုန့်ချီသာ ရှိနေဦးမည်ဆိုလျှင် အလွန်ထိတ်လန့်သွားခဲ့ပါလိမ့်မည်။ ထိုအရာကတော့ မင်းသားချီဟု နာမည်ကျော်ကြားသော ကျိုးဝူရန် ဖြစ်သည်။ သူက တော်ဝင်မိသားစုထဲတွင် အလွန်အဆင့်အတန်းမြင့်သော အကြီးအကဲ တစ်ယောက်လည်း ဖြစ်၏။
လက်ရှိအချိန်တွင် အခန်းငယ်လေးတစ်ခုထဲ၌ ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင် (၂) ယောက် ရှိနေသည်မှာ အလွန်ရှားပါးလှသည်။ ထင်ရှားသော ကျောင်းတော်များနှင့် အထက်တန်းလွှာ မိသားစုမှ ပညာရှင်များက ကောင်းကင် (၉) သွယ်၏ အစွမ်းမျိုးကို ရရှိသည်မှာ နည်းပါးသည်။
"ဒါဆိုလည်း သူတို့ကို စီစဉ်စရာရှိတာ စီစဉ်ခိုင်းလိုက်...။ သူတို့ဆီမှာ ဘာတွေရှိနေလဲဆိုတာ ငါသိချင်တယ်…."
ဘုရင်ကြီးက ထိုင်ခုံလက်ကိုင်ကို ပုတ်နေရင်း မှတ်ချက်ပေးလိုက်သည်။
…………….
မုန့်ချီက ယပ်တောင် (၆) လက်ကျောင်း၏ ရတနာခန်းမကို ကာကွယ်ထားသော အတားအဆီးများ အစောင့်အရှောက်များစွာကို ဖြတ်ကျော်လာခဲ့သည်။
နောက်ဆုံးတွင်တော့ သူက အခန်းတစ်ခုထဲကို ရောက်လာခဲ့၏။ များပြားလွန်းလှသော သိုင်းကျင့်စဉ်များ၊ ရှားပါးဆေးရည်များ၊ ထူးခြားသော အဖိုးတန်လက်မှတ်များ အားလုံးကို ရတနာခန်းမထဲတွင် တွေ့နေရသည်။ သူကတော့ ထိုရတနာများကို မြင်သည့်အခါ ခေါင်းထဲတွင် အတွေးတစ်ခုသာ ပေါ်လာခဲ့၏။
"ဒါတွေအားလုံးက ကံကြမ္မာအမှတ် ဘယ်လောက်တောင်ရနိုင်မလဲ…"
"မင်းက ဘာကိုရွေးချယ်မှာလဲ…"
လျှူရှန့်မင်က အပြုံးနှင့် ပြောလိုက်၏။
မုန့်ချီကတော့ စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။
"အကာအကွယ်ပေးနိုင်တဲ့ ရတနာတစ်ခု..."
သူ၏စွမ်းရည်အဆင့်ကို သေချာနားလည်နေသည့်အတွက် မုန့်ချီက ဝေ့ကျင်းအဆင့် သိုင်းကျမ်း သို့မဟုတ် အဖိုးတန်လက်နက်များကို သုံးစရာမလိုတော့ပေ။ သူက ဆေးရည်များနှင့် ဝေ့ကျင်းအဆင့် ရတနာများကိုသာ ရွေးချယ်ရတော့မည် ဖြစ်သည်။
ကောင်းကင် (၉) သွယ်မှ မိုးကြိုးနတ်ဘုရား၏ အန္တရာယ်ကြောင့် မုန့်ချီက ထိုအရာကိုရွေးရန် လုံလောက်သည်။ ကောင်းကင် (၉) သွယ်မှ မိုးကြိုးနတ်ဘုရားက သူ့ကို တိုက်ခိုက်လိုက်သည်မှာ တာဝန်တစ်ခု လက်ခံထားခြင်းကြောင့် ဖြစ်နိုင်သည်။ ထိုအရာက မြောက်ပိုင်းဓူဝံကြယ်နှင့် တခြားသူများ၏ဒေါသကို ဖြေလျော့ပေးရန် ကူညီခြင်းလည်း ဖြစ်နိုင်၏။
သို့သော် ထိုအရာ ပြီးဆုံးသွားပြီးနောက် အခြေအနေများက ကွဲပြားသွားသည်။ သူက ကောင်းကင်ည သုတ်သင်ရှင်းလေးရေး (၉) သွယ်၏ စိတ်ဝိညာဉ်လမ်းညွှန်မှု မရှိလျှင်ပင် လောကသခင် ပျက်သုဉ်းခြင်းဓား၏ အတွေ့အကြုံများကို ရရှိရန် အခွင့်အရေးတစ်ခု ရှိလာနိုင်သည်။
ထို့ပြင် သူက ဆန်းကြယ်နတ်သမီး ဆက်ခံသူ၊ လောကသခင်နှင့် သခင်မစုတို့နှင့် ဆက်သွယ်မှုများ ရှိလာနိုင်သေး၏။ သူတို့က ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉) သွယ်၏အစွမ်းကို သေချာပေါက် သိနေနိုင်သည်။ ထို့ကြောင့် ကောင်းကင် (၉)သွယ်မှ မိုးကြိုးနတ်ဘုရားက ကောင်းကင်မိုးကြိုး (၅) ချက်ကို မမှတ်မိရန် အလွန်နည်းပါးသည်။ သူက ပြည့်ပြည့်ဝဝ နားလည်နေနိုင်၏။
ယခင်တစ်ခေါက် သူတို့ တိုက်ခိုက်ခဲ့သည့်အချိန်တွင် ကောင်းကင် (၉) သွယ်မှ မိုးကြိုးနတ်ဘုရားက ဓမ္မကာရအဆင့်သိုင်းကွက်ကို မသုံးခဲ့သလို ရတနာများကိုလည်း မသုံးခဲ့ပေ။ သို့သော် သူ့ဆီတွင် ရှိနေကြောင်း မုန့်ချီက ယုံကြည်နေခဲ့၏။ သူက ဒေါသကို ဖြေလျှော့ရန်အတွက် တန်ဖိုးကြီးကြီး ပေးဆပ်လိုခြင်း မရှိသည့်အတွက်ကြောင့်သာ မသုံးခြင်းဖြစ်နိုင်သည်။
ထို့ကြောင့် သူက ခရမ်းမိုးကြိုးဓား (၇) ချက်ကိုသာ သုံးခဲ့ပြီး အကယ်၍ သူသာ ဓမ္မကာရအဆင့် သိုင်းကွက်များကို လဲလှယ်ထားမည်ဆိုလျှင် ခရမ်းမိုးကြိုး ဓားသိုင်းပညာ၏ (၈) ကွက်မြောက်နှင့် (၉) ကွက်မြောက် သိုင်းပညာများကို အဓိက ရည်ရွယ်ထားပါလိမ့်မည်။
ထိုသိုင်းကွက် (၂) ခုက မိုးကြိုးနတ်ဘုရား၏ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ခြင်းမရှိဘဲ ရှားပါးဆေးရည်များကို အားကိုးပြီး သံသရာ အရှင်သခင်၏ အကူအညီကို တောင်းဆိုနိုင်သည်။
အကယ်၍ ကောင်းကင် (၉) သွယ် မိုးကြိုးနတ်ဘုရားကသာ နောက်တစ်ကြိမ် တိုက်ခိုက်လာမည်ဆိုလျှင် လော့ရန်တွင် ရှိနေသော အစောင့်အကြပ်များ တိုးမြင့်လာမှုကြောင့် သူက ရတနာပစ္စည်းများကို သေချာပေါက် အသုံးပြုလာနိုင်သည်ဟု မုန့်ချီက သံသယရှိနေသည်။ အကယ်၍ ထိုရတနာများကသာ နတ်ဘုရားချုပ်နှောင်ခြင်းကြိုးကဲ့သို့ ဖြစ်နေမည်ဆိုလျှင် သူ့ကိုဖမ်းဆီးပြီး သူ့ဆီမှ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရယူသွားနိုင်သည်။
သို့သော် ထိုအရာက သတ်ပစ်နိုင်သော ရတနာမျိုးဆိုလျှင်တော့ မိုးကြိုးနတ်ဘုရား၏ ဆက်ခံသူတစ်ယောက်ဖြစ်သော သူ့ကို ရှင်းပစ်လိုက်နိုင်ပြီး သခင်မစု၏ အနေအထားကို ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ပေ။
"တကယ်ကောင်းတဲ့ ရွေးချယ်မှုပဲ…"
လျှူရှန့်မင်က အပြုံးနှင့် ပြောလိုက်၏။ သို့သော် မုန့်ချီက မည်သည့်အရာကို ရွေးချယ်စေကာမူ သူကတော့ တူညီသော အဖြေကိုသာ ပြောမည့်ပုံရှိသည်။
မုန့်ချီကတော့ ခန်းမထဲမှ ကျန်းရှန်အဆောင်ကို ရွေးချယ်လိုက်သည်။ ထိုအဆောင်ရတနာက ကပ်ဆိုးရှောင်တိမ်းရေးအဆောင်ဟု ခေါ်သည်။ ထိုအရာက အလွန်ကြီးမားသော ကပ်ဆိုးကြီးတစ်ခုကို တစ်ကြိမ်တားဆီးပေးနိုင်ပြီး နောက်တစ်ကြိမ်ဆိုလျှင်တော့ ကန့်သတ်ချက်များ ရှိသည်။ တစ်ကြိမ်ထက် ကျော်လွန်သွားမည်ဆိုလျှင်တော့ ကပ်ဆိုးများကို တစ်ပိုင်းတစ်စသာ ရှောင်တိမ်းနိုင်တော့၏။ ဖော်ပြချက်အရ ထိုအရာက ကောင်းကင် (၉) သွယ် ဝေ့ကျင်းအဆင့်အောက်တွင် ရှိနေသော တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်သည်။
လက်ထဲတွင် အဆောင်လေးကိုကိုင်ကြည့်ပြီး မုန့်ချီက လည်ပင်းတွင် ဆွဲလိုက်၏။ ယပ်တောင် (၆) လက်ကျောင်းထဲမှ ထွက်လာခဲ့သည့်အချိန်တွင် ကောင်းကင်ပေါ်၌ ကြယ်ရောင်မှိန့်ဖျော့ဖျော့သာ မြင်နေရသည်။
သူက သူရဲကောင်းအမတ်ကြီးစံအိမ်ကို ပြန်ရောက်လာသည့်အချိန်တွင် စုလီ၊ စုယွဲ့၊ စုကျိယွဲ့နှင့် တခြားလူများက အထုပ်အပိုးများ ပြင်ဆင်ပြီး အပြင်သို့သွားရန် ပြင်ဆင်နေကြောင်း တွေ့လိုက်ရသည်။ သူ့ကို တစ်ချိန်လုံး ရှောင်နေခဲ့သော ကီဟွေလျှံကပင် ယခင်တုန်းကကဲ့သို့ မဟုတ်တော့ပေ။
"တောင်ပိုင်းစီရင်စုက ယုမိသားစုက အဝေးကြီးကနေ လာရတာ...။ ငါက တခြားအိမ်မှာ သူတို့ကို ညစာဧည့်ခံဖို့ ပြင်ဆင်ထားတယ်။ မင်းပါ အလုပ်မရှိရင်တော့ ငါတို့နဲ့လိုက်လာလို့ရတယ်…"
စုလီက မုန့်ချီကို ဖိတ်ခေါ်လိုက်သည်။
"ကောင်းပါပြီ…"
မုန့်ချီက အမှန်တကယ် ဆာလောင်နေခဲ့၏။ မည်သို့ဖြစ်စေကာမူ သူလည်း ညစာစားရမည် ဖြစ်သည်။
"တကယ်လို့ ဒါက မင်္ဂလာပွဲအစီအစဉ် ဖြစ်နေရင်တောင် ငါ့ကို အတင်းအကြပ် တွန်းအားပေးလို့ မရပါဘူး…"
စုကျိယွဲ့ဆီတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့၏။ မုန့်ချီကိုကြည့်ပြီး သူမ၏ မျက်နှာအမူအရာက မချိုမချဉ် ဖြစ်နေသည့်အတွက် သဲလွန်စကို မသိရပေ။
စုမိသားစုက မြို့အပြင်ဘက်နားတွင် ရှိနေသော မြစ်ကမ်းဘေးတွင် နောက်ထပ် စံအိမ်တစ်ခု ရှိနေသည်။ ထိုစံအိမ်၏ အနောက်ဘက်တွင်တော့ သစ်ပင်ကြီးများ ပြည့်နှက်နေသော တောင်ကုန်းကြီးတစ်ခုရှိနေပြီး ထိုအရာက တည်ခင်းဧည့်ခံရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်။
"ကျိဟွာ …
ဒီနေရာက မြို့ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့် တော်တော်လေးတော့ ချောင်ကျတယ်။ မင်းက လမ်းမကြီးမှာ ငါတို့ရဲ့ဧည့်သည်တွေကို သွားစောင့်ပြီး သူတို့ကို ဒီနေရာရောက်အောင် ခေါ်လာခဲ့လိုက်လေ…"
စုလီက စုကျိဟွာကို ညွှန်ကြားလိုက်သည်။
သူက ဧည့်သည်များကိုကြိုဆိုရန် အစေခံများကို အမိန့်ပေးထားပြီးသား ဖြစ်သည်။ သို့သော် သေချာ စဉ်းစားကြည့်လိုက်ပြီးနောက် ထိုအရာက မလုံလောက်သေးကြောင်း ခံစားမိခဲ့၏။
စုကျိဟွာ ပြန်မဖြေနိုင်သေးခင် စုကျိယွဲ့က ပြောလိုက်သည်။
"အဖေ သမီးလည်းသွားမယ်လေ။ အနည်းဆုံးတော့ အစ်မယုနဲ့ စကားပြောမယ့်လူရှိတာပေါ့…"
"ကောင်းတာပေါ့…"
စုလီက စဉ်းစားပြီး ပြန်ဖြေလိုက်၏။
စုကျိယွဲ့က ထခုန်လိုက်ပြီး မုန့်ချီကို လှည့်ကြည့်၍ မေးလိုက်သည်။
"အစ်ကို(၂) …
အစ်ကို (၂) ရော လိုက်ခဲ့မလား…"
"မင်းတို့သွားတာနဲ့တင် လုံလောက်ပါပြီ။ ဘာလို့ ငါက လိုက်ရဦးမှာလဲ…"
တချို့ကိစ္စများတွင် မုန့်ချီက အတော်လေးကို ပျင်းရိနေသည်။ အကယ်၍ သူက လှဲနေရမည်ဆိုလျှင် ထိုင်ပင်မထိုင်ချင်သော လူစားမျိုးဖြစ်၏။
စုကျိယွဲ့က မုန့်ချီ၏ အနားသို့ ကပ်လာပြီး တီးတိုးပြောလိုက်သည်။ သူ့အဖေက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေသော်လည်း သူတို့၏စကားကို ကြားသွားမှာ စိုးရိမ်မနေပေ။
"အစ်ကို (၂) …
အစ်မယုက တော်တော်လေးလှတဲ့ မိန်းမလှလေးတစ်ယောက်လို့ ကြားတယ်။ ပြီးတော့ သူက သိုင်းလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်နေတာ။ ဒီလို မိန်းမလှလေး တစ်ယောက်ကို အစ်ကို (၂) က မမြင်ချင်ဘူးလား…"
အစ်မယု ဟူသည်မှာ အိမ်မှ လုံးဝထွက်မသွားခဲ့ဖူးသော မိန်းကလေးငယ်လေး တစ်ယောက် အတွက်တော့ စံပြမိန်းမပျိုတစ်ယောက် ဖြစ်သည်။
မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်၏။
"အစ်ကိုက အဲဒီလိုထူးခြားတဲ့မိန်းကလေးမျိုးစုံကို တွေ့ခဲ့ဖူးတယ်…"
"ညီမလေး သိပါတယ်။ အစ်မရွမ်ကလည်း မြစ်အရှေ့ပိုင်းမှာ မိန်းမလှလေး တစ်ယောက်ပဲ။ ပြီးတော့ သူ့ရဲ့ပါရမီလည်း ရှိသေးတယ်…"
စုကျိယွဲ့က စိတ်မရှည်နိုင်စွာ ထပ်ဖြည့်ပြောလိုက်သည်။
"ဒါပေမဲ့ အစ်မယုက အစ်ကို (၂) ကို အရမ်းသဘောကျနေတာလေ။ အစ်ကိုက သူ့ကို မတွေ့ချင်ဘူးလား…"
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
"ငါက လန်းယာ့နယ်စားကြီးစံအိမ်နားကို ခဏခဏသွားနေမိလို့များလား။ ဒါကြောင့် ကောလာဟလတွေတောင် ထွက်နေပြီလား…"
ထို့နောက် စုလီက တိုက်တွန်းပြောဆိုလိုက်သည်။
"သူက မင်းကို တော်တော်လေး လေးစားနေတယ်ဆိုမှတော့ သွားတွေ့လိုက်တာ မကောင်းဘူးလား…."
မုန့်ချီက အပေါ်ယံ ဟန်ဆောင်ပြရခြင်းကို အလွန်သဘောကျသည်။ ထို့ကြောင့် သူ့ကို လေးစားကြောင်း သိနေသည့်အချိန်တွင် သူ့စိတ်ထဲတွင်လည်း စိတ်ဝင်စားမှုများ ပြည့်နှက်လာခဲ့၏။ ထို့ကြောင့် သူလည်း လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။
အပြင်သို့ ထွက်မသွားခင် သူက သူ့အဖေကို မေးလိုက်၏။
"အဖေ …
ယုမိသားစုနဲ့ ကျွန်တော်တို့က မိတ်ဆွေဖြစ်တာကြာပြီလား…"
မဟုတ်လျှင် ဘာကြောင့် စုကျိယွဲ့က ယုလုံကျိကို မသိခဲ့ရသနည်း။
စုလီက အပြုံးနှင့် ပြန်ဖြေလိုက်၏။
"အဖေတို့မိသားစုတွေက မျိုးရိုးစဉ်ဆက် မိတ်ဆွေတွေလို့တော့ ပြောလို့မရပါဘူး။ အဖေက သူတို့ကို တစ်ကြိမ် ကူညီပေးခဲ့ဖူးတယ်။ အခုသူတို့က ကျေးဇူးတရားကို သိတတ်လာတဲ့အချိန်မှာ အဖေတို့ကလည်း ရိုင်းလို့ကောင်းမလား…"
မုန့်ချီကလည်း နောက်ထပ် မေးခွန်းမမေးတော့ပဲ ခေါင်းညိတ်ပြလိုက်သည်။ စုလီ၏အပြုံးက မချိတင်ကဲ ပြုံးနေရကြောင်း သူလည်း သတိထားမိခဲ့၏။
စံအိမ်ထဲမှ ထွက်လာပြီးနောက် သူတို့က မြစ်ကမ်းနံဘေးလမ်းအတိုင်း ခဏကြာ လျှောက်လာခဲ့ကြသည်။ ထို့နောက် မောင်နှမ (၃) ယောက်က တိတ်ဆိတ်နေသော သစ်တောထဲသို့ ဦးတည်လာခဲ့ကြ၏။
အလွန်ရှုပ်ထွေးစည်ကားသော လော့ရန်နှင့် ယှဉ်လိုက်မည်ဆိုလျှင်ပင် ဤနေရာက တိတ်ဆိတ်ပြီး ငြိမ်းချမ်းသည်။ ငှက်သံလေးများကိုလည်း ကြားနေရ၏။ ထိုကဲ့သို့ တည်ငြိမ်အေးချမ်းမှုကြောင့် သူတို့ကတော့ အထက်တန်းလွှာမိသားစုများ ပိုင်ဆိုင်ထားသည့် အရင်းအမြစ်များကိုပင် စဉ်းစားမိလာကြသည်။
ထိုအချိန်တွင် အရှေ့မှ မြင်းခွာသံများကို ကြားလိုက်ရသည့်အတွက် တိတ်ဆိတ်ငြိမ်သက်မှုများ ပျောက်ကွယ်သွားပြီး စုကျိယွဲ့က စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
"နောက်ကျသွားပြီ။ ယုမိသားစုက ရောက်လာပြီပဲ…"
"ကိစ္စမရှိပါဘူး ဒီနေရာမှာ သူတို့ကို လာကြိုတာကလည်း အတူတူပဲလေ…"
မုန့်ချီက သူမကို နှစ်သိမ့်လိုက်သည်။
စုကျိဟွာကတော့ တိတ်ဆိတ်နေသေးပြီး သူတို့၏ရှေ့မှ လျှောက်သွားနေခဲ့၏။ သူတို့က သစ်ပင်ထူထပ်သောနယ်မြေကို ကျော်ဖြတ်လာပြီးနောက် မြစ်ကမ်းဘေးတွင် မြင်းလှည်း (၇) စီး၊ (၈) စီးခန့်ကို တွေ့လိုက်ရပြီး သူတို့၏ရှေ့တွင်တော့ အစေခံပေါင်းများစွာ ပေါ်လာခဲ့သည်။
"ရှေ့မှာ ဦးဆောင်လာတာက ဦးလေးယုလား…"
စုကျိဟွာက အသံကျယ်ကျယ်နှင့် မေးလိုက်သည်။
"ဟုတ်ပါတယ်…"
ပထမဆုံး မြင်းလှည်းဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက ကန့်လန့်ကာကို မြှောက်လိုက်သည့်အချိန်တွင် အကြီးအကဲဝတ်စုံ ဝတ်ထားသော လူတစ်ယောက် ခေါင်းပြူထွက်လာခဲ့၏။ သူ၏လက်ထဲတွင်တော့ သစ်ကြားစေ့ အနည်းငယ်ကို ဆော့ကစားနေသည်။
သူက သူတို့အားလုံးကိုကြည့်ပြီး မေးလိုက်၏။
"မင်းတို့က ကျိဟွာ၊ ကျိယွဲ့နဲ့ ကျိယွမ်တို့လား…"
မုန့်ချီနှင့် တခြားလူများက အတည်ပြုလိုက်ပြီးနောက် ဒုတိယ မြင်းလှည်းတွင် ရှိနေသော ကုလားကာက ပွင့်လာပြီး အလွန်လှပသော မျက်နှာလေးတစ်ခု ပေါ်လာခဲ့သည်။ သူမက အလွန်လှပသော်လည်း မုန့်ချီ ထင်ထားသည်ထက် ကျော်လွန်နေခဲ့၏။
"လျှူရှုယူက ဒီလိုမရင့်ကျက်သေးတဲ့ မိန်းကလေးတစ်ယောက်ကို လေးစားနေတာပဲ…"
မုန့်ချီက မိန်းမလှလေးပေါင်းများစွာကို မြင်ခဲ့ဖူးသည်။ ထို့ကြောင့် သူက ခေါင်းခါလိုက်မိ၏။
စုကျိယွဲ့ကလည်း အနည်းငယ် စိတ်ပျက်သွားပုံရသည်။ သို့သော် သူမက မတ်တပ်ရပ်လိုက်ပြီး နှုတ်ဆက်လိုက်သေး၏။
"အစ်မယု..."
ယုလုံကျိ၏အနားတွင်တော့ သူမ၏လိုအပ်ချက်တိုင်းကို ကူညီပေးနေသော အစေခံတစ်ယောက် ရှိသည်။ သူမ၏ပုံစံက သာမန်ရုပ်ရည်သာရှိသော်လည်း သူမ၏မျက်လုံးများက ဉာဏ်ကောင်းပုံရသည်။ သူမက...
"ငါ သူ့ကို ရင်းနှီးနေတယ်…"
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။
ထို့နောက် သူ့မျက်လုံးထဲတွင် တစ်စုံတစ်ယောက်ကို မြင်လိုက်ရသည့်အတွက် သူလည်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဘယ်ဘက်ခြမ်းတွင်တော့ အလွန်ချောမောခန့်ညားသော တာအိုသခင်တစ်ယောက် လျှောက်လာပြီး သူကတော့ လမ်းမကို ဖြတ်သွားတော့မိပုံ ရှိသည်။ သူက လပုံသဏ္ဍာန် သရဖူနှင့် တာအိုသခင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထို့ပြင် သစ်သားဖိနပ်တစ်စုံလည်း စီးထားခဲ့၏။ သူ၏အသက်ရှူသံက သာမန်သာဖြစ်ပြီး သူက သာမန်ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။
ထိုပုံရိပ်ကလည်း အလွန်ရင်းနှီးနေသည့်အတွက် မုန့်ချီက မှင်တက်သွားမိခဲ့၏။
"ဒါက သန့်စင်မှော်အရှင်သခင်လား…"
Translated by Hein Htet