← Chapters

အခန်း (၄၈၅)

Vol. 33 Ch. 485

အခန်း (၄၈၅)

Vol. 33 Ch. 485

တာအိုသခင်ငယ်လေးက သူတို့နားကို အပြုံးနှင့် ကပ်လာခဲ့သော်လည်း အ‌စေခံများ၏ တားဆီးခြင်းကို ခံခဲ့ရသည်။ သူတို့က သူ့ကို ရှောင်သွားရန် တောင်းဆိုနေကြ၏။ မဟုတ်လျှင်လည်း သူတို့ဖြတ်သွားပြီးသည့်အချိန်အထိ စောင့်နေရန် တောင်းဆိုနေကြ၏။

သူကတော့ စိတ်သဘောထားကောင်းပုံရပြီး တစ်ချိန်လုံး အပြုံးနှင့် ခေါင်းညိတ်ပြနေခဲ့သည်။ ထိုအဖွဲ့က သူ့ကို သတိမထားမိတော့သည့်အချိန်တွင် တာအိုသခင်ငယ်လေးက ယုမိသားစု၏ ထိပ်ဆုံးတွင် ရှိနေသော မြင်းလှည်းဆီသို့ တစ်ရှိန်ထိုး ပြေးဝင်လာခဲ့၏။

"ဒုန်း...ဒုန်း"

သူ၏ခြေလှမ်းတိုင်းက မြေငလျင်တစ်ခုသဖွယ် ဖြစ်နေပြီး အစေခံများ၏ ဒွါရ(၇)ပေါက်မှနေ၍ သွေးများစီးကျလာကာ သတိလစ်သွားခဲ့ကြသည်။

"ဒုန်း...ဒုန်း...ဒုန်း…"

သူက အလွန်အမင်းကို လျင်မြန်လွန်းလှပြီး အတားအဆီးများအားလုံးကို လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။

"လုပ်ကြံသူ…"

နောက်ဆုံးတွင်တော့ လူတစ်ယောက်က သတိပြန်ဝင်လာခဲ့သည်။

"ချွမ်...ချွမ် ချွမ်…"

သူတို့အားလုံးက ဓားရှည်များ၊ ဓားမောက်များကို ထုတ်လိုက်ကြပြီး လက်ဝါးများကလည်း တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားကြသည်။ အခြေအနေကလည်း တဖြည်းဖြည်း မြင့်မားလာကြ၏။

"ချွမ် ချွမ် ချွမ်…"

တာအိုသခင်ငယ်လေးကတော့ ဓားမောက်များ၊ ဓားရှည်များနှင့် သူ့ကို တိုက်ခိုက်လိုက်သော လက်ဝါးချက်များကြောင့် ရပ်တန့်နေခဲ့ခြင်း မရှိချေ။ သူက တိုက်ခိုက်မှုများ၏ သက်ရောက်မှုကို မခံရဘဲ သူ့ကို တိုက်ခိုက်လိုက်သည့် အရာအားလုံးကသာ မြေပေါ်သို့ ပြုတ်ကျသွားခဲ့ကြ၏။

မျက်စိတမှိတ်အတွင်း သူက ဒေါသထွက်နေသော ကျွဲရိုင်းတစ်ကောင်ကဲ့သို့ လမ်းဖွင့်ပေးပြီး မြင်းလှည်းဆီကို လျင်မြန်စွာ ရောက်လာခဲ့သည်။ ထိုအချိန်တွင် သူ့လက်ထဲမှနေ၍ အသွားနှစ်ဖက်ပါသော ဓားမောက်တစ်ချောင်း ပေါ်လာပြီး ကန့်လန့်ဖြတ်ခုတ်ချလိုက်၏။

ဓားထိပ်ဖျားက ဝဲကတော့တစ်ခုကဲ့သို့ လည်ပတ်နေပြီး နေရောင်ခြည်ကို တားဆီးထားသည်။ ထိုဓားသွားတိုက်ခိုက်မှုက ကမ္ဘာမြေကြီး၏ စွမ်းအားကို စုဆောင်းထားခဲ့ခြင်း မရှိသော်လည်း သူ၏ပြောင်းလဲမှုများက ခန့်မှန်း၍ မရနိုင်ပေ။

မုန့်ချီက ထိုမြင်ကွင်းကိုကြည့်ပြီး မျက်နှာပျက်နေခဲ့၏။ တစ်စုံတစ်ယောက်က ပုံရိပ်ယောင်သန့်စင်ဓား‌မောက်သိုင်းပညာကို သူ့အတွက် ပြသပေးနေသလို ထင်မှတ်ရသည်။

တာအိုသခင်ငယ်လေး စတင်ပြေးလာသည့်အချိန်မှစ၍ မြင်းလှည်းအနားသို့ ရောက်လာသည့် အချိန်ထိအောင် အရာအားလုံးက မျက်စိတမှိတ်အတွင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

အလွန်လျင်မြန်လွန်းလှသည့်အတွက် သခင်ကြီးယုကပင် အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။ သူကိုယ်တိုင်လည်း စောင့်ကြည့်နေခဲ့၏။ အခြေအနေကို မြင်လိုက်ရသည့် အချိန်တွင် သူ၏အမူအရာက ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူက ကြေးနီရောင်လက်(၂)ဖက်ကို လေထဲသို့ မြှောက်ပြီး ဓားရှည်ကို တားဆီးလိုက်၏။ ထိုအရာက ကောင်းကင်ကြီး၏အရှိန်အဝါကို သုံးထားသော သိုင်းကွက်တစ်ခုလည်းဖြစ်သည်။

ထိုလှုပ်ရှားမှုများက လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်း၍ မရနိုင်သော်လည်း ကမ္ဘာမြေကြီး၏ အနှစ်သာရများ ပြည့်နှက်နေသည်။ ထို့ပြင် ထိုလှုပ်ရှားမှုက သဘာဝစွမ်းအားများကို စုဆောင်းထားခဲ့ခြင်း မရှိချေ။

ထိုလှုပ်ရှားမှုကြောင့် မုန့်ချီက အတော်လေး စိတ်ဝင်စားသွားခဲ့၏။

"ချွမ်…"

ဓားရှည်က ကြေးနီရောင်လက်နှင့် လေထဲတွင် ရင်ဆိုင်လိုက်မိပြီး အသံတစ်ခု ထွက်ပေါ်လာသည်။ ပြင်းထန်သော ဖိအားတစ်ခုကလည်း ပတ်ပတ်လည်သို့ ကြောက်စရာကောင်းစွာ ပျံ့နှံလာခဲ့၏။

မြင်း(၄) ကောင်ကတော့ အော်ပင် မအော်နိုင်ဘဲ မြေပေါ်သို့လဲကျသွားခဲ့ပြီး အရိုးအားလုံးကလည်း ကျိုးသွားခဲ့သည်။ မြင်းလှည်းက အောက်သို့အနည်းငယ် ကျွံဝင်သွားခဲ့ပြီး မြင်းလှည်းဘီးကလည်း မြေပေါ်သို့ ကျွံဝင်သွားခဲ့သည်။

တာအိုသခင်ငယ်လေး၏ ခန္ဓာကိုယ်အောက်ပိုင်းတစ်ဝက်ကတော့ ရွှေရောင်နှင့် အဖြူရောင်စပါးအုံးမြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ယုမိသားစု ခေါင်းဆောင် ရှိနေသော မြင်းလှည်းကို ဝိုင်းပတ်ထားလိုက်သည်။ ခန္ဓာကိုယ်အပေါ် တစ်ပိုင်းကတော့ ပြောင်းလဲသွားခဲ့ခြင်း မရှိဘဲ အသွားနှစ်ဖက်ပါ ဓားနှင့် ဆက်၍ တိုက်ခိုက်နေခဲ့သည်။

ထိုစွမ်းအားများက ပင်လယ်ကြီးကိုပင် ပြောင်းလဲပစ်နိုင်သော အစွမ်းမျိုးဖြစ်သည်။ ဆရာကြီးယု၏ ချီစွမ်းအင်များက ပြောင်းလဲသွားခဲ့ပြီး မြွေ၏ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်သည်။ သူက ထိုအရာကို ဖျက်ပစ်ရန် ကြိုးစားလိုက်သော်လည်း သံတစ်ခုကို တိုက်ခိုက်လိုက်သလို အသံမျိုးသာ ကြားလိုက်ရသည်။

တစ်ချိန်တည်းတွင် သူ၏လက်(၂)ဖက်က ပုံစံပြောင်းလဲလာပြီး အရောင်ပြခြင်းနှင့် တိုက်ခိုက်ခြင်းမျိုး လုပ်ဆောင်နေခဲ့၏။ သူက အသွား(၂)ဖက်ပါ ဓား‌မောက်နှင့် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည်။

"ဘုန်း…"

မြင်းလှည်းက လုံးဝကို ပျက်စီးသွားခဲ့၏။

သူတို့ (၂) ယောက်လုံးက အလွန်လျင်မြန်လွန်းလှသည့်အတွက် မျက်စိတမှိတ်အတွင်း (၂)ကြိမ်တိတိ တိုက်ခိုက်လိုက်မိပြီး မုန့်ချီကတော့ တိုက်ပွဲကိုကြည့်၍ မျက်မှောင်ကြုတ်နေမိသည်။

"တော်တော်အံ့သြစရာကောင်းတဲ့ ခွန်အားပဲ..။ ဒါပေမယ့် သခင်ကြီးယုက ဘာလို့ဝင်္ကပါပေါ်လာအောင်လို့ ကမ္ဘာမြေကြီးရဲ့စွမ်းအားတွေကို မသုံးရသေးတာလဲ…."

ထိုအချိန်တွင် လူတစ်ယောက်က ပျံသန်းရင်း ထွက်ပေါ်လာခဲ့သည်။ ထိုအရာကတော့ မြင်းလှည်း၏ ညာဘက်အခြမ်းမှ ဖြစ်၏။ မုန့်ချီ ပြန်လှည့်ကြည့်လိုက်မိသည့်အချိန်တွင် ထိုအရာကတော့ အနက်ရောင်ဆံနွယ်များရှိသော မိန်းမပျိုတစ်ယောက်ဖြစ်ပြီး သူမဆီတွင် ရှည်လျား၍ အစွမ်းထက်သော ခြေထောက်များရှိသည်။

မုန့်ချီက ဘိုးဘေးဒိုမူ၏ အငွေ့အသက်များကို ခံစားမိလိုက်သည့်အတွက် အတော်လေး ထိတ်လန့်သွားခဲ့သည်။ သူမလည်း ရောက်လာခြင်းပေလော။ သူမက ကျန်းဝူဂိုဏ်း၏ အထွေထွေရေးရာ အကြီးအကဲဖြစ်သော ရွှမ်ယွမ်ကျိကိုပင် အနိုင်တိုက်ခိုက်နိုင်ခဲ့သော ပညာရှင် တစ်ယောက်ဖြစ်သည်။

သူမက လွန်ခဲ့သော(၁၀)နှစ်ခန့်တွင်‌‌ ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်ရှိခဲ့၏။ အင်မော်တယ်များကတော့ ယခုတစ်ကြိမ် သူတို့၏အစွမ်းထက်ဆုံး ပညာရှင်များကို စေလွှတ်ခဲ့သည်။

သန့်စင်မှော်အရှင် ဖန်တီးထားခဲ့သော ပဋိပက္ခကို အသုံးချပြီး ဘိုးဘေးဒိုမူက သားကောင်အုပ်ကြီးထဲကို ဝင်လာခဲ့သော မြေခွေးတစ်ကောင်ကဲ့သို့ လမ်းတလျှောက်တွင် ရှိနေသော အရာအားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။ သူမက အလွန်လေးနက်သော အရာတစ်ခုကို သယ်ဆောင်ထားရသလို ဖြစ်နေသော်လည်း သူမ၏အငွေ့အသက်များက နည်းပါးနေသည်။

ထို့နောက် ယုမိသားစုမှ ပညာရှင်တစ်ယောက်က သတိပြန်ဝင်လာပြီး သူမကို ဓားနှင့်တိုက်ခိုက်လိုက်၏။

"ယုမိသားစုမှာရှိတဲ့ လူတိုင်းက လူသားနဲ့ကောင်းကင် တစ်သားတည်းအဆင့်မှာ ဖြစ်နေမှတော့ သူတို့ရဲ့စွမ်းရည်က သာမန်တော့ မဟုတ်နိုင်ဘူး…"

မုန့်ချီ၏ခေါင်းထဲ၌ ထိုအတွေး ပေါ်လာသည့်အချိန်တွင် ဘိုးဘေးဒိုမူက ဓားကိုယ်ထည်နှင့် ရိုက်ချလိုက်သည်။

"ဖြောင်း…"

ယုမိသားစုမှပညာရှင်က သူမ၏ဓားချက်ကြောင့် ပေါက်ကွဲသွားခဲ့ပြီး အသွေးအသားများက နေရာတိုင်း ပြန့်ကျဲသွားသည်။ သူက အပိုင်းပိုင်းအစစ ပေါက်ကွဲသွားခဲ့၏။

"သူတို့ကသာ ကမ္ဘာမြေကြီးရဲ့စွမ်းအားတွေကို မသုံးခဲ့ဘူးဆိုရင် ငါက ဝေ့ကျင်းအဆင့် ပညာရှင်တိုင်းကို ရင်ဆိုင်နိုင်တာပဲ..။ အခုကြည့်ရတာတော့ ကောင်းကင်လှေကားကို မဖြတ်ကျော်ရသေးတဲ့ ပညာရှင်တွေ တိုက်ခိုက်နေသလိုပဲ..။ တစ်ဖက်မှာ ဘိုးဘေးဒိုမူကတော့ တော်တော်လေးကြောက်စရာကောင်းတယ်.."

မုန့်ချီက လုံးဝကို ထိတ်လန့်နေခဲ့သည်။

ထို့နောက် ဘိုးဘေးဒိုမူ၏ လက်ဖဝါး(၂)ဖက်က လေထဲသို့ ရောက်လာပြီး သူမ၏ခန္ဓာကိုယ်က စတင်လှုပ်ရှားလာခဲ့သည်။ ခန္ဓာကိုယ်(၂)ခုက လွင့်ထွက်လာပြီး သူတို့၏ပါးစပ်မှ သွေးများ အန်ထွက်၍ နောက်ပြန်လွင့်သွားကြ၏။

"ဝေ့ကျင်းအဆင့် ပညာရှင်(၂)ယောက်က အေးအေးဆေးဆေး ပေါ်လာခဲ့တာပဲ…"

မုန့်ချီက ယုမိသားစုအပေါ် သံသယ ဝင်လာခဲ့သည်။

"သူတို့က သာမာန်မိသားစုတစ်ခု မဟုတ်ဘူး။ ခရီးလမ်းတစ်ခုမှာ ဝေ့ကျင်းအဆင့် ပညာရှင်(၃)ယောက်တောင် ခေါ်လာတယ်ဆိုတော့ သူတို့က တောင်ပိုင်းစီရင်စုထဲမှာရှိတဲ့ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို စိတ်မဝင်စားတော့ဘူးလား..."

ဘိုးဘေးဒိုမူက ဦးတည်ချက်ပြောင်းလိုက်ပြီး‌ ဝေ့ကျင်းအဆင့် ပညာရှင်(၂)ယောက်ကို ဖြတ်ကျော်၍ ယုလုံကျိ၏ လှည်းရှေ့တွင် ရပ်လိုက်သည်။ ရုတ်တရက်ဆိုသလို မြင်းလှည်းသမား မာ၊ ယုလုံကျိနှင့် တခြားသောအစောင့်များက သူတို့၏လက်နက်များကို ဆွဲထုတ်လိုက်၏။

ဓားမောက်တစ်လက်ဖြစ်စေ၊ ဓားရှည်တစ်လက်ဖြစ်စေ၊ ကြာပွတ်နှင့် လက်သီးဖြစ်စေ၊ သူတို့အားလုံးက ကမ္ဘာမြေကြီး၏ စွမ်းအားကို ဆင့်ခေါ်ရန် ကြိုးစားနေကြသော်လည်း သဘာဝစွမ်းအားများကိုတော့ မသုံးကြသေးပေ။

"တော်တော်အံ့သြဖို့ကောင်းတာပဲ.။ နောက်ထပ် ဝေ့ကျင်းအဆင့် ပညာရှင်(၄)ယောက်…"

မုန့်ချီက ရှေ့ကို ထွက်သွားခဲ့ပြီး စုကျိယွဲ့နှင့် စုကျိဟွာတို့ကို ကာကွယ်ပေးထားသည်။ လက်ရှိအချိန်တွင် စုစုပေါင်း ဝေ့ကျင်းအဆင့် ပညာရှင်(၇)ယောက်ရှိနေပြီး ထိုပညာရှင်များက အဆင့်(၃၀)နှင့်(၄၀) ကြား ရှိနိုင်သည်။ ယု မိသားစု၏အစွမ်းက မည်မျှရှိနေသနည်း။

"ဖြောင်း…"

လက်ဝါး(၂)ဖက်က လက်(၈)ဖက်နှင့် ရင်ဆိုင်မိလိုက်ပြီး အစောင့်များက နောက်ပြန်လွင့်သွားကြသည်။ မြင်းလှည်းသမားမာ၏ကြာပွတ်က မြင်းကို မတော်တဆ ရိုက်လိုက်မိသည်။

ယုလုံကျိ၏ ပါးစပ်ထဲမှနေ၍ သွေးများစီးကျလာပြီး သူမက လဲကျသွားတော့မည့် အချိန်တွင် အစေခံမလေးက သူမ၏ နောက်ကျောကို လက်နှင့်ဖိထားလိုက်ရာ အရှိန်အဝါများ ပျောက်ကွယ်သွားခဲ့၏။ ထိုလုပ်ရပ်ကို လုပ်ဆောင်လိုက်ပြီးနောက် အစိမ်းဝတ် အစေခံမလေးက အလွန်လှပသော သခင်မလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမက အလွန်ဆွဲဆောင်မှုရှိပြီး အန္တရာယ်များသော ပန်းပွင့်လေးတစ်ပွင့်သဖွယ် ထင်မှတ်ရ၏။

"နတ်ဆိုးမ ကူရှောင်ဆန်း…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး အခြေအနေကို ရုတ်တရက် နားလည်သွားခဲ့သည်။

မိန်းကလေးကျိဟူသောနာမည်မှာ ယုလုံကျိဟူသော နာမည်မှ ဆင်းသက်လာခြင်းဖြစ်ပြီး လော်အဖွဲ့အစည်းကတော့ အထက်တန်းလွှာ ယုမိသားစုဟူသော မျက်နှာဖုံးနှင့် နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ ကြည့်ရသည်မှာ သူတို့က ပေါ်သွားခြင်းဖြစ်ပြီး ထိုအရာကို အင်မော်တယ်များက ဖော်ထုတ်နိုင်ခဲ့ပုံရသည်။ အင်မော်တယ်များ တိုက်ခိုက်ရသည့် အဓိကရည်ရွယ်ချက်က သူတော်စင်အင်ပါယာတံဆိပ်ကြောင့် ဖြစ်နိုင်သည်။

ထို့ကြောင့်လည်း ယုမိသားစုက ကမ္ဘာမြေကြီး၏ စွမ်းအားကို မဆင့်ခေါ်ရဲခြင်းဖြစ်သည်။ အလွန်များပြားသော ဝေ့ကျင်းအဆင့် ပညာရှင်များ ရှိနေသည့်အတွက် သူတို့က သေချာပေါက် သံသယဝင် ခံရနိုင်၏။

ကူရှောင်စန်းက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး တည်ငြိမ်လှသည်။ ဝေ့ကျင်းအဆင့် ပညာရှင်(၅)ယောက် ဝင်္ကပါကြောင့် သူမက ဘိုးဘေးဒိုမူ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့သည်။

မုန့်ချီ၏ခေါင်းထဲတွင် ထိုအတွေး ပေါ်လာသည့်အချိန်၌ ဝင်္ကပါ၏ တစ်စိတ်တစ်ပိုင်း မဟုတ်သော မြင်းလှည်းသမားမာက သူ့ဆီကို ခုန်ဝင်လာပြီး ကြာပွတ်နှင့် တိုက်ခိုက်လိုက်သည်။ နတ်ဆိုးမအကြောင်း ပေါ်သွားပြီဖြစ်သည့်အတွက် သူက စုမိသားစုဝင်များကို ပဋိပက္ခ ဖြစ်ခွင့်မပေးနိုင်တော့ပေ။

မြင်းလှည်းသမားမာ၏ အသက်ရှူသံက အလွန်ကြောက်စရာကောင်းပြီး သူ၏စိတ်ဝိညာဉ်စွမ်းအားများကလည်း အလွန်အစွမ်းထက်လွန်းလှသည်။ မုန့်ချီက ရုတ်တရက်ဆိုသလို ဝေဝါးသွားခဲ့ပြီး ရန်သူက သူ့ကို ပတ်ပတ်လည်မှ တိုက်ခိုက်လိုက်သလို ခံစားလိုက်ရ၏။

အန္တရာယ်အခြေအနေတွင် မုန့်ချီက မျက်လုံးမှိတ်လိုက်ပြီး အသက်ကိုဝဝရှုလိုက်သည်။ သူကတော့ ညအချိန် အေးစက်သော လေလှိုင်းများကို ခံစားနေမိ၏။ ထိုအချိန်တွင် ကမ္ဘာမြေကြီး၏ ချီစွမ်းအင်များကလည်း မညီမမျှ ဖြစ်လာပြီး အနီးအနားတွင် ဖြစ်ခဲ့သောအရာများက ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

သဘာဝတရားကြီးထဲတွင် ရှိနေသော အရာအားလုံးက မုန့်ချီ၏ ရင်ထဲတွင် မှန်တစ်ချပ်ကဲ့သို့ ပေါ်လာခဲ့၏။ ကမ္ဘာမြေကြီး၏စွမ်းအားများ အတူတကွ ပေါင်းစည်းနေသည့်အချိန်တွင် ကောင်းကင်ပြစ်ဒဏ်ဓားက ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ပုံရိပ်‌‌ယောင်များ၏ဖိအားကို ဖယ်ရှားပေးလိုက်သည်။

"ဘုန်း…"

ကြာပွတ်ရှည်က လေထဲတွင် ဓားနှင့် ရင်ဆိုင်မိလိုက်ပြီး သူတို့က အချင်းချင်း ဖယ်ရှားလိုက်ကြသည်။

သို့သော် မုန့်ချီ၏ဓားသွားကတော့ ဆက်တိုက်ပြောင်းလဲနေပြီး နောက်ကျောဘက်နှင့် ဓားသွား၏ လက်ကိုင်က လက်နက်(၂)ခုအဖြစ် ပြောင်းလဲနေခဲ့သည်။ လက်နက်များဆီမှ တချွင်ချွင်မြည်သံများ ဆက်လက်ထွက်ပေါ်နေခဲ့ပြီး မုန့်ချီကတော့ သူ၏ဓားမောက်သိုင်းပညာကို အမြင့်ဆုံး သုံးထားခဲ့၏။

ထို့ကြောင့် သူက လက်ရည်ညီ တိုက်ခိုက်နိုင်ခဲ့သည်။ ထိုအချိန်တွင် သူ၏သွေးများက ဆူပွက်လာပြီး လက်(၂)ဖက်က စတင်နာကျင်လာခဲ့၏။ သူကတော့ အင်မော်တယ် ဖိနှိပ်ခြင်းကျင့်စဉ်ကိုသုံးပြီး ဆက်၍ ထိန်းထားနိုင်သေးသည်။

ကြာပွတ်ရှည်ကတော့ မိုးကြိုးတိုက်ခိုက်မှုများကဲ့သို့ ထွက်ပေါ်လာခဲ့ပြီး တိုက်ခိုက်မှုတိုင်းက ခန့်မှန်း၍မရနိုင်ခဲ့ပေ။ ထိုအအရာက ကမ္ဘာမြေကြီး၏ စွမ်းအားများကို ပေါင်းစပ်ပေးလိုက်သကဲ့သို့ ဖြစ်နေပြီး သူ၏လှုပ်ရှားမှုများကလည်း အလွန်အံ့သြစရာကောင်း၏။

အခြေအနေက တိုက်ခိုက်ရန် ခက်ခဲလှကြောင်း မုန့်ချီက သတိထားမိလိုက်သော်လည်း သူ၏ဓားသွားတိုင်းတွင် ကမ္ဘာမြေကြီး၏ စွမ်းအားများ ပေါင်းစပ်ပါဝင်နေခဲ့သည်။ ရလဒ်အနေနှင့် သူက ကြာပွတ်တိုက်ခိုက်မှုတိုင်းကို ဖယ်ရှားနိုင်ခဲ့၏။

ယခုအချိန်တွင် ပြိုင်ဘက်ကင်း ကောင်းကင်ဓားမောက်သိုင်းပညာကလည်း သူနှင့်လက်ရည်ညီ တိုက်ခိုက်နေနိုင်ခဲ့သည်။ ပထမဆုံးအကြိမ် သူ၏ဓားမောက် သိုင်းပညာနှင့် ဓားရှည်သိုင်းပညာတို့က ပညာရှင်အဆင့်ကို ရောက်ရှိလာကြောင်း မုန့်ချီက ခံစားနေရ၏။ သူက ဝေ့ကျင်းအဆင့်ကို ရောက်နေသလို ခံစားနေရသည်။

ထို့နောက် မုန့်ချီက သူ၏ဓားမောက်ကို လှုပ်ရှားလိုက်ပြီး အဝေးကို ခုန်ထွက်ကာ (၈)ကြိမ်တိတိ ဆက်တိုက် တိုက်ခိုက်လိုက်သည်။ ထိုတိုက်ခိုက်မှုများက ယင်နှင့်ယန်၊ သေခြင်းနှင့် ရှင်ခြင်းကို ပေါင်းစည်းထားခြင်းဖြစ်သည်။ ဓားချက်တိုင်းက အလှည့်အပြောင်းများ ရှိနေသလို ထင်မှတ်ရပြီး ကမ္ဘာမြေကြီး၏ အနှစ်သာရများ ပြည့်နှက်နေ၏။

တိုက်ခိုက်မှုကြောင့် မြင်းလှည်းသမားမာက‌ ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်၏ အရှိန်ကိုသုံးပြီး နောက်သို့ပြန်ဆုတ်သွားခဲ့ရသည်။ မုန့်ချီကိုယ်တိုင်လည်း ရုတ်တရက် နောက်ပြန်ဆုတ်သွားခဲ့ရပြီး သူ၏ဓားလက်ကိုင်က တစ်စုံတစ်ခုကို တိုက်ခိုက်မိသလို ဖြစ်သွားခဲ့သည်။

စုကျိယွဲ့က လေထဲသို့ အနည်းငယ် လွင့်သွားခဲ့ပြီး သူမက သစ်ပင်ကြီးတစ်ပင်၏ အနားတွင် ပြုတ်ကျသွားခဲ့သည်။ သူမက နာကျင်မှု မရှိသော်လည်း သတိလစ်သွားခဲ့၏။ စုကျိဟွာ၏ ပတ်ပတ်လည်တွင်တော့ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင် (၄)ယောက် ဝိုင်းပြီး တိုက်ခိုက်နေသော်လည်း သူတို့အားလုံးက လက်ရည်ညီနေကြသည်။

"ကြည့်ရတာ ငါရဲ့ညီလေးကလည်း လူသားနဲ့ ကောင်းကင်ဆက်သွယ်မှုအဆင့်ကို ရောက်နေပြီထင်တယ်..။ ဒါကြောင့်လည်း သူက အစွမ်းကုန် တိုက်ခိုက်နိုင်တာပဲ။ ကြည့်ရတာတော့ လူတစ်ယောက်ကို အပေါ်ယံအမြင်နဲ့ ဆုံးဖြတ်လို့မရဘူးဆိုတာ ပြလိုက်တာပဲ…"

မုန့်ချီ၏ခေါင်းထဲ၌ ထိုအတွေးများ ပေါ်လာခဲ့သည့်အချိန်တွင် မြင်းလှည်းသမားမာက သူ့အနားကို လျင်မြန်စွာ ရောက်လာပြန်သည်။ မုန့်ချီက ဤတိုက်ပွဲတွင် ရှုံးနိမ့်နေသော်လည်း သူက ဆက်လက်ထိန်းထားနိုင်သေးသည်။ သူတို့တွေ တစ်ယောက်မျှ ကမ္ဘာမြေကြီး၏ စွမ်းအားများ ဆင့်ခေါ်ရမည့် သိုင်းကွက်ကို မသုံးခဲ့ကြပေ။ဝေ့ကျင်းအဆင့် သိုင်းကွက်များရှိနေလျှင်ပင် သူတို့ကတော့ သိုင်းကွက်ကိုသာ အဓိကအလေးထား သုံးနေကြရ၏။

တစ်ဖက်တွင်တော့ သခင်ကြီးယုက မြွေ၏လက်ထဲမှ လွတ်မြောက်လာပြီး သန့်စင်မှော်အရှင်ကလည်း လူသားပုံသဏ္ဍာန် ပြန်ပြောင်းလာခဲ့သည်။ သို့သော် သူကတော့ တက်ကြွမှုကို ဆုံးရှုံးသွားပုံ မရချေ။ သူ၏အသွား(၂)ဖက်ပါ ဓားမောက်က အလွန်အမင်းကို အစွမ်းထက်ပြီး ကြောက်စရာကောင်းသည့်အပြင် သူ၏ပြောင်းလဲမှုများနှင့် လိုက်ဖက်ညီလွန်းလှသည်။

သူက ဦးခေါင်း၊ ရင်ဘတ်ချပ်ဝတ်အင်္ကျီ၊ နောက်ကျော၊ ဒန်တျန်၊ ခြေထောက်နှင့် ဆံပင်များအားလုံးက လက်နက်များအဖြစ် ပြောင်းလဲပြီး အနီးအနားတွင် ရှိနေသော ရန်သူများကို ထိလိုက်ရုံနှင့် သေသွားစေနိုင်၏။ သူက အနီးပတ်ပတ်လည်တွင် ရှိနေသော အစေခံများအားလုံးကို ကိုင်တွယ်နိုင်စွမ်းရှိသည်။

ရုတ်တရက်ဆိုသလို သူက ကျယ်လောင်သောအသံနှင့်‌ အော်ဟစ်လိုက်ရာ သူ၏လည်ပင်းမှနေ၍ နောက်ထပ် ခေါင်းတစ်လုံး ထွက်လာပြီး သူ၏ပုခုံး(၂)ဖက်မှနေ၍ အပိုလက်(၂)ချောင်း ထွက်လာခဲ့သည်။ ထိုအရာက နိယာမဖြစ်စဉ်ကြောင့် မဟုတ်သော်လည်း ယခု သူ့ဆီတွင် ခေါင်း(၂)လုံး၊ လက်(၄)ဖက်ရှိနေသည်။

သူက အသွား(၂)ဖက်ပါဓားရှည်ကို ကိုင်ထားပြီး သခင်ကြီးယုကို ဖိအားပေးနေသော်လည်း အသစ်ပေါက်လာသော လက်(၂)ဖက်ထဲတွင် နောက်ထပ် ဓားရှည်တစ်လက်နှင့် ဓားမောက်တစ်လက် ပေါ်လာခဲ့၏။

မုန့်ချီနှင့် မြင်းလှည်းသမားမာတို့ တိုက်ခိုက်နေသည့်အချိန်တွင် သူက ရုတ်တရက် သူတို့ကို ဆွဲခေါ်လိုက်သည်။

"ဒါက အစစ်အမှန်အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ပဲ…"

မုန့်ချီက ရင်ထဲတွင် တိတ်တဆိတ် ချီးကျူးလိုက်မိသည်။

သန့်စင်မှော်အရှင်နှင့် ပူးပေါင်းတိုက်ခိုက်ရမည့်အစား သူက ရှေ့ကို အနည်းငယ် လှမ်းလိုက်သည်။ ထို့နောက် သူ၏ ဓားမောက်နှင့်အတူ အနှစ်သာရ(၅)မျိုးကို ပြသလိုက်၏။

သူက ကူရှောင်စန်းနှင့် တခြားဝေ့ကျင်းအဆင့်ပညာရှင်များ ဖန်တီးထားခဲ့သော ဝင်္ကပါကို ခုတ်ချလိုက်သည်။ ထိုအချိန်တွင် သူတို့၏ခေါင်းပေါ်ကို မိုးကြိုးတစ်ခု ကျဆင်းလာကြောင်း ခံစားလိုက်ရ၏။ ထိုဓားမောက်တိုက်ခိုက်မှုက မြွေလိမ်မြွေကောက်ပမာဖြစ်နေသော်လည်း စွမ်းအားများကတော့ ဝင်္ကပါကြောင့် ဖန်တီးထားခဲ့သော လေလှိုင်းများကြားထဲမှ ဖြတ်ကျော်လာနိုင်ခဲ့သည်။

မုန့်ချီက ကူရှောင်စန်းကိုသတ်ရန် အခွင့်အရေးကို အလွတ်မပေးနိုင်ပေ။ ဘိုးဘေးဒိုမူကတော့ အတွင်းစက်ဝိုင်းထဲတွင် တိုက်ခိုက်နေပြီး အပြင်ဘက်တွင်တော့ ရှည်လျားသော ဓားမောက်စွမ်းအင်များရှိသည်။

ကူရှောင်စန်း၏ အမူအယာကတော့ ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သို့သော် သူမက မုန့်ချီကို ကြည့်ပြီး ဝမ်းနည်းလာပုံရ၏။

မုန့်ချီကတော့ ရင်ထဲတွင် ငိုကြွေးသံကို ကြားလိုက်ရသည့်အလား သက်ပြင်းချလိုက်မိသည်။

"ယောကျ်ား...

ငါက နင့်ကို အကြိမ်ပေါင်းများစွာ ကယ်ခဲ့တယ်လေ။ နင်က ငါ့ကို မယုံဘူးလား…"

သူ၏ပင်မဝိညာဉ်များက စတင်တုန်လှုပ်လာသော်လည်း မုန့်ချီကတော့ အနည်းငယ်လေးပင် လှုပ်ရှားသွားခဲ့ခြင်း မရှိချေ။ သူက ဓားမောက်နှင့် ဆက်လက်တိုက်ခိုက်နေခဲ့၏။

ကူရှောင်စန်းက သမုဒ္ဒရာအလယ်တွင် ရှိနေပြီး ပတ်ပတ်လည်တွင် ငွေရောင်ပိုးချည်မျှင်လေးများ ကူးခတ်နေသလို‌ ဖြစ်နေ၍ တခြားသော ဝေ့ကျင်းအဆင့် ပညာရှင်များနှင့် ပူးပေါင်းတိုက်ခိုက်နေခဲ့သည်။

ဓားသွားတစ်ချက်ချင်းဆီ တိုက်ခိုက်လိုက်သည့်အချိန်တွင် ပိုးချည်မျှင်လေးများ စတင်ပျက်ဆီးလာပြီး ဝင်္ကပါကလည်း စတင်ပြိုလဲလာခဲ့၏။ ထိုအ‌ခြေအနေတွင် သူမက လက်(၂)ဖက်ကို ရင်ဘတ်နှင့် ခန္ဓာကိုယ်ပေါ်သို့ တင်လိုက်ပြီး အသံတစ်ခုကို စတင်ရေရွတ်လိုက်သည်။

ထို့နောက် လော်အဖွဲ့အစည်းမှ လူတိုင်းက သူမဆီကို သူတို့၏စွမ်းအင်များ ပို့ဆောင်ပေးလိုက်ရာ သူမ၏လက်ဖဝါး(၂)ဖက်ကြားထဲတွင် အလင်းတန်းပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုပုံရိပ်က ကူရှောင်စန်းနှင့် တစ်ထပ်တည်းနီးပါး တူညီနေခဲ့၏။

ကမ္ဘာမြေကြီး၏ စွမ်းအားကို လှုံ့ဆော်ခြင်းမရှိဘဲ ထိုပုံရိပ်က ကူရှောင်စန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထိုအချိန်တွင် သူမက ဤကမ္ဘာကြီးထဲမှ ထွက်သွားသည့်အလား သူမ၏အသက်ရှူသံကလည်း ပို၍အစွမ်းထက်လာခဲ့သည်။ ထို့နောက် သူမက လက်ညှိုးနှင့် ထိုးလိုက်၏။

“အဂတိသခင်မ…လေဟာနယ်မြို့တော်..”

လက်ညှိုးနှင့်လက်ဝါးက ရင်ဆိုင်လိုက်မိပြီး ကူရှောင်စန်းက နောက်ကို ခြေတစ်လှမ်း ဆုတ်သွားခဲ့ရသည်။ သို့သော် သူမက ဒဏ်ရာရရှိခြင်း မရှိချေ။

မုန့်ချီက နောက်တစ်ကြိမ် တိုက်ခိုက်တော့မည့်အချိန်တွင် သူ၏နောက်ကျောကို ရောက်လာသော အလင်းတန်းတစ်ခုကို ခံစားမိလိုက်၏။ ထိုအရာက အလင်းထက်ပင်ပို၍ လျင်မြန်နေပြီး သူ ခံစားမိလိုက်သည့်အချိန်တွင် အကာအကွယ်ချီစွမ်းအင်များဆီသို့ ရောက်နေပြီဖြစ်၏။

"ဟား ဟား ဟား ဟား... မင်းတို့အားလုံး သေတော့မယ်…"

တစ်နေရာရာမှနေ၍ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် လေထဲ၌ ခရမ်းရောင်လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ပျောက်ကွယ်သွားခဲ့၏။ ]

သို့သော် လော့ရန်တွင် ရှိနေသော ဝင်္ကပါကတော့ အသက်ဝင်လာခဲ့သည်။ သူကတော့ အကျိုးအမြတ်လေးတစ်ခုအတွက်နှင့် အန္တရာယ်ကြီးတစ်ခုကိုတောင် လျစ်လျူရှုမိကြောင်း နားလည်သွားခဲ့၏။

Translated by Hein Htet.

All Chapters