← Chapters

အခန်း (၄၈၇)

Vol. 33 Ch. 487

အခန်း (၄၈၇)

Vol. 33 Ch. 487

မုန့်ချီက ထိုရလဒ်ကို ကြိုတင်မြင်ထားပြီးသား ဖြစ်သည်။ ယခင်တုန်းကကဲ့သို့ တည်ငြိမ်နေသော အမူအယာနှင့် သူက လျှို့ဝှက်အသံပို့ဆောင်မှုကိုအသုံးပြု၍ ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော်နောက်က လိုက်ခဲ့ပါ…"

သူမက ခေါင်းညိတ်ပြလိုက်ပြီး မျက်နှာဖုံးကို ချွတ်လိုက်၏။ ထိုအချိန်တွင် နူးညံ့သိမ်မွေ့သော မျက်နှာလေးတစ်ခု ပေါ်လာခဲ့သည်။ သူမဆီတွင် ကော့ညွတ်သောမျက်ခုံး၊ တောက်ပသောမျက်လုံး၊ မျက်တောင်ရှည်ကြီးများနှင့် ချွန်ထက်သော နှာခေါင်းရှိနေပြီး နှုတ်ခမ်းများက အနည်းငယ်ပါးသည်။ သူမ၏ဆံပင်များက ပျော့ပြောင်းပြီး ထူထဲ၏။

သူမ၏မျက်နှာလေးက ဖြူဖပ်ဖြူရော်ဖြစ်နေသော်လည်း အလွန်သန့်စင်လှပသော ကြာပန်းပွင့်လေးတစ်ပွင့်ပမာ ထင်မှတ်ရသည်။ သူမက ရင့်ကျက်တည်ငြိမ်ပုံရပြီး သူမ၏အသက်ကို ခန့်မှန်းကြည့်၍မရနိုင်ပေ။ ထိုသို့ဆိုရာတွင် ယခု သူမ၏ပုံရိပ်က အစစ်အမှန် မျက်နှာအမူအရာလောက် လှပမှု မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် ရုပ်ဖျက်ထားပြီး သူမ၏မျက်နှာကြွက်သားများကို ပြောင်းလဲထားခြင်းကြောင့်ဖြစ်သည်။

သူ၏စံအိမ်ထဲတွင် မျက်နှာဖုံးဝတ်ထားခြင်းက သူမကို သံသယဝင်လာနိုင်ကြောင်း သိနေသည်။ ထို့ကြောင့် သူမက ချီစွမ်းအင်များ၊ ခွန်အားများကို အသုံးပြုခဲ့ခြင်းမရှိဘဲ ကိုယ့်ကိုယ်ကိုယ် မျက်နှာဖုံးအုပ်ထားခြင်းလည်း မရှိခဲ့ပေ။

ရုပ်ရည်ကိုကြည့်ပြီး သူမ၏အဆင့်အတန်းကို သုံးသပ်စေလိုခြင်း မရှိသည့်အတွက် မုန့်ချီက သစ်တောထဲတွင် ရှိနေသော ခြေရာလက်ရာများကို ရှင်းပစ်လိုက်ပြီး သူ ဆေးကုသမည်ဟုပြောခဲ့သော ခြံဝန်းဆီသို့ ထွက်လာခဲ့သည်။

အဝတ်အစားများကို ပြောင်းလဲလိုက်ပြီးနောက် သူမက အစေခံတစ်ယောက်ကဲ့သို့ သူ့နောက်မှ ခေါင်းငုံ့ပြီး လိုက်လာခဲ့သည်။ ဤနေရာတွင် အစေခံအနည်းငယ်သာရှိ၏။ မုန့်ချီက သူတို့ကို အဝေးမှ စစ်ဆေးကြည့်နိုင်သည့်အတွက် သူတို့နှင့်လမ်းတွင် မဆုံမိအောင် ရှောင်နေခဲ့သည်။

ထို့ကြောင့် သူတို့က အနှောင့်အယှက်မရှိဘဲ ဘေးဘက်ခြံဝန်းထဲသို့ ရောက်လာခဲ့ပြီး အခန်းထဲသို့ ဝင်သွားခဲ့၏။ ထူးဆန်းသည့်အရာရှိ၊မရှိ စစ်ဆေးကြည့်ပြီးနောက် မုန့်ချီက မေးလိုက်သည်။

"ဘိုးဘေး...ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ...။ ဆေးရည် လိုအပ်သေးလား…"

ထိုအရာကတော့ ပုံမှန်မေးရိုးမေးစဉ်မေးလိုက်ခြင်းသာ ဖြစ်သည်။ အကယ်၍ သူမက ဆေးရည်တချို့ လိုအပ်မည်ဆိုလျှင်ပင် သူ့ဆီ၌ မရှိပေ။ စွမ်းအားပြန်ဖြည့်‌ဆေးက သူရနိုင်သော အကောင်းဆုံးဆေးရည်တစ်ခု ဖြစ်သော်လည်း ထိုအရာက ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များအတွက်သာ ဖြစ်သည်။

သူမက ခေါင်းခါပြီး ပြောလိုက်၏။

"ငါက ဆေးတစ်လုံးသောက်ပြီးသွားပြီ..။ ဒါပေမဲ့ ပြည့်ပြည့်ဝဝ ပြန်ကောင်းဖို့အတွက် (၂)ရက်လောက် အချိန်ပေးရဦးမယ်..။ ကျေးဇူးပြုပြီး ငါ့ကို ကာကွယ်ပေးထားပါ…"

"ကျွန်တော်တို့ရဲ့စံအိမ်က တည်ငြိမ်ပါတယ်..။ ကျွန်တော်တို့မိသားစုကသာ လော်အဖွဲ့အစည်းနဲ့ ပူးပေါင်းတယ်ဆိုတာ သံသယမရှိသရွေ့ ဘာပြဿနာမှမရှိဘူး.."

ထိုစကားကို ပြောလိုက်ပြီးနောက် မုန့်ချီက ရှုပ်ထွေးစွာ မေးလိုက်၏။

"ဘိုးဘေး...

စုမိသားစုထဲမှာရှိတဲ့ လူတစ်ယောက်က အင်မော်တယ်တွေနဲ့ ပူးပေါင်းနေတယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိတာလဲ..။ အစောပိုင်းကတည်းက ကျွန်တော်ရဲ့နောက်ကြောင်းကို သိနေတာလား…"

သူမ၏ဒဏ်ရာများကြောင့် သူမက အနီးဆုံးနေရာတွင် ပုန်းအောင်းနေရန် ရွေးချယ်ခဲ့သည်။ သူမကို ကူညီပေးမည့် လူတစ်ယောက်သာ မရှိလျှင် သူမကို အလွယ်တကူ ရှာတွေ့သွားနိုင်၏။ သူမက အားနည်းချက်များကို ပြသခြင်းမရှိဘဲ တည်ငြိမ်နေခဲ့၏။

"မင်းက ဗုဒ္ဓလက်ဝါးပထမသိုင်းကွက်ကို ရပြီးသွားတဲ့အချိန်မှာ ဘိုးဘေးလင်းပေါင်က မင်းရဲ့နောက်ကြောင်းကို တရားဝင်အဖွဲ့သားတွေသိအောင် ပြောမပြဘူးလို့ ထင်နေတာလား…"

"ငါတို့အဖွဲ့အစည်းက လူအရေအတွက်နည်းတယ်..။ ငါတို့တစ်ယောက်ချင်းဆီမှာလည်း ကိုယ်ပိုင်အလုပ်တွေ ရှိနေသေးတယ်။ ဒါကြောင့် ငါတို့က မင်းအနားမှာ တစ်ချိန်လုံး ကာကွယ်မပေးနိုင်ဘူး။ ဒါပေမယ့် မင်းက ငါတို့ရဲ့နယ်မြေထဲကို ရောက်လာပြီဆိုရင်တော့ ငါတို့က မင်းကို ဂရုစိုက်နိုင်တယ်။ တကယ်လို့ မင်းရဲ့နောက်ကြောင်းကိုသာ မသိဘူးဆိုရင် ငါတို့က ဘယ်လိုကာကွယ်ပေးရမှာလဲ…"

ယခုတော့ အင်မော်တယ်များက သူ့ကိုစောင့်ရှောက်နေကြောင်း မုန့်ချီက နားလည်သွားခဲ့သည်။ ဘိုးဘေးဒိုမူက အိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။ သူမက တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါက မင်းရဲ့နောက်ကြောင်းကိုသိတယ်..။ မင်းက ငါ့ရဲ့မျက်နှာကို မြင်သွားပြီဆိုတော့ အခုငါတို့က ကျေသွားပြီ…"

"ကျွန်တော်က ရှောင်လင်ကျောင်းတော်ကနေ အစောကြီးထုတ်ပယ်ခံလိုက်ရတာ နှမြောဖို့ကောင်းတယ်။ ကျွန်တော်က ထိပ်တန်းပညာရှင်တွေကို မြင်ခွင့်မရခဲ့ဘူး။ ဒါကြောင့် ကျွန်တော်က ဘိုးဘေးကို မမှတ်မိနိုင်ဘူးလေ…"

မုန့်ချီက စနောက်၍ ပြောလိုက်၏။

ယခု သူက သူမ၏မျက်နှာကို သိသွားခဲ့သည်။ အကယ်၍ သူသာ ရှာဖွေချင်သည်ဆိုလျှင် သူမ၏နောက်ကြောင်းကို ဖော်ထုတ်နိုင်၏။ သူမက သူ၏ယုံကြည်မှုကို ရရှိရန်အတွက် သူ့ကို တိုက်ရိုက်ပြောပြရန်သာ ဆုံးဖြတ်လိုက်သည်။

ခဏစဉ်းစားလိုက်ပြီးနောက် သူမက ပြောလိုက်သည်။

"ငါက ဟွာမေ့တောင်တန်းက ယဲ့ယုချီပဲ…"

"ရေခဲနတ်သမီးလား..."

မုန့်ချီက သူမ၏ သိုင်းလောကနာမည်ကို ရေရွတ်လိုက်မိပြီး သူ၏မျက်နှာပေါ်တွင် မထင်ထားသလို ခံစားမိလိုက်ရ၏။ သူမက သိုင်းလောကတွင် အလွန် အဆင့်မြင့်မားသည်။ လွန်ခဲ့သော(၁၀)နှစ်ခန့်တွင် သူမက မြေပြင်မှတ်တမ်း၏ အဆင့်(၃၀)ထဲသို့ ရောက်နေခဲ့၏။

ဆရာကြီးလုက သူ့ဇနီး၏ အုတ်ဂူရှေ့တွင် အိမ်ငယ်လေးတစ်ခု လေူသားကမ္ဘာကြီး၏အဝေးတွင် နေထိုင်ခဲ့ပြီးနောက် သူမကသာ ဟွာမေ့တောင်တန်း၏ အစစ်အမှန်ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့်လည်း ဘိုးဘေးဒိုမူက အလွန်အစွမ်းထက်ပြီး အဆင့်အတန်းမြင့်သည့်အပြင် နယ်မြေတစ်ခုထဲရှိ နာမည်ကျော်ပညာရှင်တစ်ယောက်ဖြစ်ကြောင်း တိမ်တိုက်ပြာဘိုးဘေးက ပြောခဲ့ခြင်းဖြစ်သည်။

အကယ်၍ မုန့်ချီကသာ အစောပိုင်းတွင် ဆရာကြီးလုနှင့် မတွေ့ခဲ့လျှင် ပို၍အံ့ဩမိနေမည်ဖြစ်၏။

"ဟုတ်တယ်..."

သူမက အငွေ့အသက်များကို ထိန်းချုပ်ပြီး ဆေးလုံးကို လှုံ့ဆော်လိုက်သည်။ သူမကတော့ ရှေးဟောင်းအင်မော်တယ်တစ်ပါးကဲ့သို့ တည်ငြိမ်နေခဲ့၏။

"ငါက ဟွာမေ့တောင်တန်းနဲ့ တော်တော်လေးကို ရေစက်ပါနေတာပဲ…"

သူ့ဆီတွင် အံ့ဩနေသည့် အမူအရာများ ပျောက်ကွယ်သွားခဲ့ပြီး အပြုံးနှင့် ပြောလိုက်၏။

"ကျွန်တော်က လွန်ခဲ့တဲ့(၂)နှစ်လောက်မှာ ဆရာကြီးလုနဲ့တွေ့ခဲ့တယ်..။ ဒီနေ့ဘိုးဘေးနဲ့တွေ့တယ်..။ တော်တော်လေးကို ရေစက်ရှိတာပဲ…"

ဆရာကြီးလုကြောင့် သူက သူမကို ကူညီပေးရန် အကြွေးတင်နေသည်ဟု မုန့်ချီက ခံစားမိခဲ့သည်။

ယဲ့ယုချီက မျက်လုံးတစ်ဖက် ဖွင့်ကြည့်လိုက်သည်။ သူမက အလွန်တောက်ပသော မျက်လုံးလေးများနှင့် မေးလိုက်၏။

"မင်းက ငါ့ရဲ့ခဲအိုနဲ့ တွေ့ခဲ့တာလား..."

"ကျွန်တော်က သူနဲ့ မြစ်အရှေ့ပိုင်းမှာရှိတဲ့ မြောင်လင်မှာ တွေ့ခွင့်ရခဲ့တာ ကံကောင်းလို့ပါ…"

မုန့်ချီက ပြောလိုက်သည်။

ယဲ့ယုချီက မှင်တက်သွားခဲ့၏။

"ကျင်းမြစ်ရဲ့ ရေလှိုင်းပွဲတော်…"

"ဟုတ်တယ်...သူက အဲဒီကို နှစ်စဉ်နှစ်တိုင်းသွားတယ်…"

သူက သူမကို အမှန်အတိုင်းသာ ပြောပြလိုက်၏။

ယဲ့ယုချီက ပြုံးလိုက်သည်လား၊ သက်ပြင်းချလိုက်သည်လားပင် မသေချာဘဲ သူမ၏နှုတ်ခမ်းလေးများက လှုပ်ရှားသွားခဲ့၏။

"သူက တော်တော်လေးကို သစ္စာရှိတဲ့ လူတစ်ယောက်ပဲ…"

မုန့်ချီက သူ့ကို ဆရာကြီးလုပေးခဲ့သော သစ်သားပန်းပုရုပ်လေးကို လေဟာနယ်လက်စွပ်ထဲမှ ထုတ်လိုက်သည်။

"ဘိုးဘေး...

ဒါက သူ့ဆီက လက်ဆောင်ပါ..။ ကျွန်တော်က ဒါကိုဘယ်လိုသုံးရမှာလဲ…"

သူကတော့ ထိုအရာနှင့် ပတ်သက်ပြီး အချိန်အတော်ကြာ ရှုပ်ထွေးနေခဲ့သည်။ သို့သော် ထိုအရာက သံသရာအရှင်နှင့် ပတ်သက်နေသည့်အတွက်ကြောင့် အတည်မပြုရဲပေ။ ယခုတော့ သူ့ရှေ့တွင် အခွင့်ကောင်းတစ်ခု ရှိနေသည့်အတွက် မမေးဘဲ နေရမည်လော။

ယဲ့ယုချီ၏မျက်နှာလေးက ပို၍ပင် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ သူမက ထိုပန်းပုရုပ်လေးကို ကိုင်ကြည့်လိုက်ပြီး သိမ်မွေ့စွာ ပွတ်ကြည့်လိုက်၏။ ထို့နောက် သူမက တစ်ယောက်တည်းရေရွတ်နေသလို သူ့မေးခွန်းကိုလည်း ပြန်ဖြေလိုက်သည်။

"သူကလည်း သံသရာကမ္ဘာကြီးအကြောင်းကို သတိထားမိနေတာပဲ...”

သူမ၏စိတ်အခြေအနေ ထိန်းချုပ်နိုင်စွမ်းက မြင့်မားသည့်အတွက်ကြောင့် သူမက ချက်ချင်းပင် တည်ငြိမ်သွားခဲ့သည်။

သူမက သူ့ဆီကို ပြန်လှည့်လာပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ဒါကို သေချာသိမ်းထားပါ..။ နောက်ပိုင်းမှာ မင်းရဲ့အသက်ကို ကယ်တင်ပေးနိုင်လိမ့်မယ်…"

သူမက ထိုအရာနှင့်ပတ်သက်ပြီး အသေးစိတ် ပြောမပြခဲ့ပေ။ ထိုအရာက သံသရာအရှင်သခင် သတိထားမိသွားနိုင်၏။ သူမ၏အဓိပ္ပါယ်ကို နားလည်နေသည့်အတွက် မုန့်ချီကလည်း နောက်ထပ်မေးခွန်းများ မမေးတော့ပေ။

ဓမ္မကာရအဆင့် ပညာရှင်များက သံသရာကမ္ဘာကြီးအကြောင်းကို အနည်းငယ် ရိပ်မိနေကြခြင်းပေလော။ သူကတော့ အလွန်အန္တရာယ်များသော နယ်မြေတစ်ခုထဲသို့ ရောက်ရှိသွားသလို ခံစားနေရသည်။

သူမက နောက်တစ်ကြိမ် မျက်လုံးမှိတ်လိုက်ပြီး သာမာန်ပုံသဏ္ဍာန် ရှိနေသော အဝါရောင်အဆောင်လေး(၂)ခုကို ထုတ်လိုက်သည်။ ထိုအရာကတော့ လမ်းဘေးဈေးသည်များ ရောင်းချနေသော အဆောင်များကဲ့သို့ဖြစ်နေ၏။

"ဒီတာဝန်က မိုးကြိုးနတ်ဘုရားကြောင့် ပျက်စီးသွားတဲ့အတွက် ငါတို့က အသုံးဝင်တဲ့ပစ္စည်းတွေ အများကြီး ဆုံးရှုံးလိုက်ရတယ်။ ဒါပေမယ့် တစ်ခုခုတော့ ပြန်ရလိုက်သေးတာပဲ။ စစ်မာရှီနဲ့ တိုက်ခိုက်ခဲ့တဲ့အချိန်မှာ ငါက နတ်ဆိုးမလော်ရဲ့ အငွေ့အသက်(၂)ခုကို တိတ်တဆိတ် သိမ်းဆည်းထားခဲ့တယ်။ ပြီးတော့ ဒီအဆောင်ထဲမှာ ပိတ်ထားတယ်။ ငါတို့က ဒီအဆောင်ကိုသုံးပြီး သူ့ကိုရှာလို့ရမယ်။ မင်းက တစ်ခုကို သတိထားဖို့ ယူထားပြီး တခြားတစ်ခုကိုတော့ လော်အဖွဲ့အစည်း ပုန်းနေတဲ့နေရာကို ရှာဖို့အတွက် ဘိုးဘေးကွမ်ချန်းကို ပေးလိုက်…"

"လော့ရန်က သတိအနေအထား ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်က ဘိုးဘေးကွမ်ချန်းနဲ့ သွားတွေ့ဖို့ တော်တော်လေးပြဿနာများတယ်…"

မုန်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။

"အဆင်ပြေပါတယ်...သူ မင်းကိုလာတွေ့လိမ့်မယ်…"

ယဲ့ယုချီက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။

မုန့်ချီက ဇဝေဇဝါဖြစ်သွားသလို ခံစားလိုက်ရ၏။ ယပ်တောင်(၆)လက်‌ကျောင်းက တားမြစ်မှုကို မဖယ်ရှားသရွေ့ သူလည်း စံအိမ်ထဲမှ ထွက်သွားရန် မသေချာနိုင်ပေ။

ယဲ့ယုချီက မုန့်ချီကို အဆောင်(၂)ခုပေးပြီး ပြောလိုက်၏။

"ဘိုးဘေးကွမ်ချန်းက သွေးသွားလူဆိုးထိန်းပဲ..။ သူက မင်းကိုစစ်ဆေးဖို့ ရောက်လာလိမ့်မယ်…"

သွေးသွားလူဆိုးထိန်းက ယွမ်လိဟောင်ဖြစ်သည်။ သူမက သူ့ဆီကို နောက်ထပ်ချိန်ကိုက်ဗုံးတစ်လုံး ပစ်လိုက်သလို ခံစားလိုက်ရ၏။ ယနေ့တော့ သူက အင်မော်တယ်များနှင့် ပတ်သက်သော အချက်အလက်များကြောင့် အတော်လေးကို အံ့သြသွားခဲ့ရသည်။

"ဒါကြောင့်လည်း ဘိုးဘေးတို့က တိုက်ခိုက်ရဲတာပဲ..။ မိုးကြိုးနတ်ဘုရား ဒီနေရာမှာ မရှိရင်တောင် သူက ဒီနေရာကို လျှောက်လာပြီး ဆူညံသံတွေ ကြားတဲ့အချိန်မှာ တိုက်ပွဲကို ဝင်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် သူက ဝင်္ကပါကို အသက်သွင်းပြီး စစ်မာရှီကို အောင်အောင်မြင်မြင် မျှားခေါ်နိုင်လိမ့်မယ်။ ပြီးတော့ ပြန်မဆုတ်ခင် လော်အဖွဲ့အစည်းက အဖွဲ့သားတွေကို ဖမ်းဆီးနိုင်လိမ့်မယ်…"

ယခုတော့ မုန့်ချီက သူတို့၏အစီအစဉ်ကို နားလည်သွားခဲ့သည်။

ယဲ့ယုချီက ခေါင်းညိတ်ပြလိုက်၏။

"သူတော်စင်အင်ပါယာတံဆိပ်က သက်ရှိအားလုံးရဲ့ စွမ်းအားကို ခိုးယူပြီး ကံကြမ္မာပေတံရဲ့အစွမ်းကို မြှင့်တင်နိုင်တယ်..။ ဒါကြောင့် ယပ်တောင် (၆)လက်‌ ကျောင်းနဲ့ ဘုရင်ကြီးအတွက် အဲဒါက အသုံးမဝင်ဘူး။ဒါပေမယ့် တခြားသူတွေ မသုံးနိုင်အောင်လည်း သူတို့က တားဆီးလိမ့်မယ်။ ယပ်တောင်(၆)လက်‌ကျောင်းက လော်အဖွဲ့အစည်းနဲ့ ဖျက်ဆီးရေးဂိုဏ်းဆီက တံဆိပ်ပြား(၂)ခုကို ရသွားပေမယ့် ဘိုးဘေးကွမ်ချန်းက အဲဒါကိုပြန်ခိုးယူဖို့ သေချာပါတယ်…”

“ဒါပေမယ့် မိုးကြိုးနတ်ဘုရားက ငါတို့ကို လုံးဝပျောက်ကွယ်သွားစေချင်နေတာ...။ ဒါကြောင့် ငါတို့ကို အလစ်ချောင်းတိုက်ခိုက်လိုက်တဲ့အတွက် ငါတို့ရဲ့တာဝန်က ကျရှုံးသွားရတာ…"

မုန့်ချီက သက်ပြင်းချလိုက်မိသည်။ သူကတော့ တိုက်ခိုက်မှု ကျရှုံးသွားရသည်မှာ သူ့အမှားဟု ခံစားနေရပုံပေါ်၏။ ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားကသာ သူ့နောက်ကို လိုက်မလာလျှင် သူတို့က အင်မော်တယ်များကို တွေ့ရမည် မဟုတ်ချေ။

ယွဲ့ယုချီကတော့ မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။

"တကယ်လို့ ငါတို့က သူ့ကို ဒီတစ်ကြိမ် မသတ်နိုင်ရင်တောင် ငါတို့က သူ့ကို အလွတ်ပေးလို့မရဘူး..."

မုန့်ချီကလည်း ထောက်ခံလိုက်သည်။

ညရောက်လာသည့်အချိန်တွင် ထိပ်တန်းလူဆိုးထိန်းများက နေရာအနှံ့ ရှာဖွေနေကြသော်လည်း မည်သည့်အရာကိုမျှမတွေ့ခဲ့ရပေ။ သူတို့က စုစံအိမ်တော်သို့ ရောက်လာပြီး အသေးစိတ် မေးမြန်းစုံစမ်းနေခဲ့ကြ၏။ နဂါးပျံလူဆိုးထိန်း ကျိုးမင်ချယ်က စုလီကို စုံစမ်းမေးမြန်းနေခဲ့ပြီး တခြားသူများကလည်း တစ်ယောက်ချင်းဆီကို စုံစမ်းမေးမြန်းနေခဲ့ကြသည်။

သွေးသွားလူဆိုးထိန်း ယွမ်လိဟောင်ကတော့ မုန့်ချီကို ရွေးချယ်ခဲ့၏။ ယွမ်လိဟောင်က အရပ်ရှည်ရှည် လူတစ်ယောက်ဖြစ်သည်။ သူနှင့် ဘိုးဘေးကွမ်ချန်း ကွာခြားသွားသည်မှာ သူ့ဆီတွင် အဖြူအနက်ဆံပင်များ ရှိနေ၏။ ထိုကဲ့သို့ ဆံပင်မျိုး ရှိနေသည်ကိုပင် သူ၏ပါး(၂)ဖက်က နီရဲနေပြီး သူ့ပုံစံက အတော်လေး အသက်ငယ်ရွယ်ပုံရသည်။

သူက မသိမသာ အခြေအနေနှင့် အင်မော်တယ်တံဆိပ်ကို ပြသလိုက်သည်။ မုန့်ချီကလည်း သူ၏အင်မော်တယ်တံဆိပ်ကို ပြသလိုက်၏။ ထို့နောက် သူတို့က တိတ်တဆိတ် သိမ်းလိုက်ပြီး တိုက်ပွဲအသေးစိတ်ကို စတင်မေးမြန်းနေကြ၏။

"ကျွန်တော်က နတ်ဆိုးမလော်ရဲ့အငွေ့အသက်ကို အာရုံခံနိုင်တယ်..."

သူက ယွမ်လိဟောင်ဆီသို့ အဆောင်ကို တိတ်တဆိတ်ပေးရင်း ပြောလိုက်သည်။

"နတ်ဆိုးမ‌လော်ရဲ့ အငွေ့အသက်လား…"

ယွမ်လိဟောင်က သူ့စကားအတိုင်း ရေရွတ်လိုက်ပြီး သူ၏ စုံစမ်းမေးမြန်းမှုကို အလေးထားနေသယောင် ဟန်ဆောင်နေခဲ့သည်။

"သူက ဘိုးဘေးဒိုမူလောက်နီးနီး အစွမ်းထက်တယ်..ရှာဖို့လွယ်မှာမဟုတ်ဘူး။ ဒါပေမယ့် ဘာမှမစိုးရိမ်ပါနဲ့..."

သူတို့စကားဆုံးသွားသည့်အချိန်တွင် မုန့်ချီက ယွမ်လိဟောင်ကို နှစ်သိမ့်လိုက်သည်။

ယွမ်လိဟောင်က သူပြောနေသည့်အဓိပ္ပါယ်ကို နားလည်နေခဲ့၏။ သူက သက်ပြင်းချပြီး ပြောလိုက်သည်။

"ဟုတ်တယ်...ဒါက သိပ်မကြာခင် အဆုံးသတ်သွားဖို့ ငါလည်းမျှော်လင့်ရတာပဲ.."

စစ်ဆေးရေးအခန်းထဲမှ ထွက်လာပြီးနောက် စုလီနှင့်ကျိုးမင်ချယ်တို့လည်း စစ်ဆေးရေးအခန်းထဲမှ ထွက်လာကြောင်း မုန့်ချီက မြင်လိုက်ရသည်။

"ဘာမှမစိုးရိမ်ပါနဲ့..။ ဘုရင်ကြီးက ငါ့ကိုယုံကြည်နေပါသေးတယ်…"

စုလီက မုန့်ချီကို စိုက်ကြည့်ပြီး ပြောလိုက်၏။

"အခုတော့ ငါက နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ရဲ့ ဒုတပ်မှူးရာထူးကနေ ဆိုင်းငံ့ခံထားရတယ်..။ ဒါပေမယ့် သစ်သီးပွဲတော်ပြီးတဲ့အချိန်အထိ ဘုရင်ကြီးက ငါ့ကိုဘာမှမလုပ်သေးဘူး..။ ဒါကြောင့် မင်းကတော့ အဲဒါကို ပါဝင်ဆင်နွဲွှနိုင်သေးတယ်…"

သူ့ကို နှစ်သိမ့်လိုက်ပြီးနောက် မုန့်ချီက ခန်းမထဲသို့ ပြန်လျှောက်လာခဲ့သည်။ စုလီက တစ်ယောက်တည်းပြောနေသည့်အလား သူ့ကို ပြောလိုက်၏။

"မင်းက သစ်သီးပွဲတော်မှာ ပြိုင်ပွဲကို ဝင်ပြိုင်နိုင်တယ်.။ ဒါပေမယ့် တခြားအရာတွေထဲကနေ ဘေးထွက်နေမှ ရတော့မယ်…"

မုန့်ချီက ဇဝေဇဝါဖြစ်သွား၏။ စုလီက တစ်စုံတစ်ခုကို သိထားပုံရသည်။ သို့သော် စုလီက အသေးစိတ် မပြောခဲ့ဘဲ ခန်းမထဲကို ဝင်သွားခဲ့သည်။ ရဲတိုက်ထဲတွင်တော့ သူတို့က ခရမ်းသိမ်းငှက်လူဆိုးထိန်း လျှူရှန့်မင်ကို တွေ့လိုက်ရသည်။

………….

"အဖေပြန်လာပြီလား...ကျွန်မရဲ့အဖေ ပြန်လာပြီလား။"

လျှူရှုယူက အိမ်တော်ထိန်းကို မေးလိုက်သည်။

အိမ်တော်ထိန်းက ပြန်ပြောလိုက်၏။

"သခင်ကြီးက အပြင်မှာပဲ ရှိနေသေးတယ်..။ သခင်မလေးက တော်တော်စိုးရိမ်နေတာပဲ…"

လျှူရှုယူက အပြုံးနှင့် ပြောလိုက်၏။

"အဘိုးကြီးချန်...

ကျွန်မကို အဲဒီလို ပြောမနေပါနဲ့တော့။ ရဲတိုက်မှာရှိတဲ့ ဝင်္ကပါကို အသက်သွင်းပြီးသွားပြီလား..။ တကယ်လို့ လူသတ်သမားတွေက အများကြီးဆိုရင် ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရလိမ့်မယ်…"

"သခင်မလေးက တော်တော်သတိထားတာပဲ..။ ဝင်္ကပါကို အသက်သွင်းထားပြီးပါပြီ.."

အိမ်တော်ထိန်းက အပြုံးနှင့် ပြောလိုက်၏။

လျှူရှုယူက စိတ်အေးသွားသလို ခံစားလိုက်ရပြီး သူမ၏အခန်းထဲသို့ အစေခံများနှင့်အတူ ပြန်လှည့်လာခဲ့၏။ သူမက အခန်းတံခါးကိုဖွင့်ပြီး အတွင်းထဲကို ဝင်လိုက်ရ၏။

ထိုအချိန်တွင် စားပွဲခုံ၌ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အစေခံ တစ်ယောက် ထိုင်နေကြောင်း မြင်လိုက်ရသည်။ ထိုအစေခံက အလွန်လှပပြီး ဉာဏ်ကောင်းပုံရ၏။ သူမက လျှူရှုယူကို မေးထောက်၍ ကြည့်နေခဲ့သည်။

"တကယ်လို့ မင်းကသာ ငါ့ကို ပေါ်မသွားအောင် အကောင်းဆုံးကြိုးစားပြီး ဖုံးပေးမထားဘူးဆိုရင် ငါ့ရဲ့အလုပ်တွေက ဒီလောက် ချောချောမွေ့မွေ့ ပြီးဆုံးသွားမှာ မဟုတ်ဘူး…"

"ကူရှောင်စန်း…"

လျှူရှု့ယူက အံကြိတ်ပြီး ခေါ်လိုက်သည်။ သူမက ဒေါသထွက်နေသည့်အတွက် ယုလုံကျိအစား ကူရှောင်စန်းဟူသော နာမည်ကိုသာ ခေါ်ခဲ့သည်။ သူမ၏အနားတွင်ရှိသော အစေခံမလေးကတော့ သတိလစ်၍ မြေပေါ်သို့ လဲကျနေခဲ့သည်။

ကူရှောင်စန်းက လျှူရှုယူကို အပြုံးနှင့် စိုက်ကြည့်လိုက်သည်။ သူမ၏ပုံစံက မြေခွေးမတစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။

"ညီမလေးလျှူ...

အကူအညီတောင်းဖို့ မစဉ်းစားပါနဲ့။ ငါတို့(၂)ယောက်လုံးက ဆန်းကြယ်နတ်သမီးဆက်ခံသူ နီမဏကာရတွေအကြောင်း သိနေတာ တစ်ယောက်၊နှစ်ယောက်တည်းမှ မဟုတ်တာ…"

"နင်က အဲဒါကို ဘယ်လိုလုပ်ပြီး သိနေတာလဲ…"

လျှူရှုယူ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူမ၏ပုံစံကလည်း ချက်ချင်းပင် ပြောင်းလဲသွားခဲ့၏။ သူမက အလွန်သတိထားနေပုံရသည်။

ကူရှောင်စန်းက မည်သည့်စကားမျှမပြောတော့ဘဲ လက်ခုပ်တီးလိုက်၏။ ထိုအချိန်တွင် ကန့်လန်ကာနောက်မှနေ၍ ဦးခေါင်းငယ်လေးတစ်ခု ထွက်လာခဲ့သည်။

"မေမေ...သမီးကိုခေါ်တာလား…"

ထိုကလေးမလေးကို သတိထားမိသည့်အခါ လျှူရှုယူက မျက်နှာပျက်သွားခဲ့၏။ သူမ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီးမည်းမှောင်၍ နီရဲလာခဲ့သည်။

Translated by Hein Htet.

All Chapters