အခန်း (၄၈၉)
Vol. 33 Ch. 489
"ပင်ကျင်း ကွေမိသားစုက ငါ့ကိုဖိတ်ခေါ်နေတာပဲ..။ ငါက ငါ့မိသားစုကိုတော့ ပြန်ပြောရဦးမယ်…"
မုန့်ချီ၏ မိသားစုအသစ်နှင့် ပတ်သက်သော ထင်မြင်ချက်များက ရှင်းရှင်းလင်းလင်း မသိရသေးသည့်အတွက် ခေါင်းထဲ မထည့်ထားခဲ့ပေ။ သူတို့ကတော့ ကောက်ကျစ်စဉ်းလဲသော လှည့်စားမှုများကို ထိန်းချုပ်ရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် အထက်တန်းလွှာမိသားစုများက သူတို့၏ ဂုဏ်သိက္ခာ မကျဆင်းလိုသောကြောင့်ဖြစ်၏။
ကွေကျီက မုန့်ချီ၏ရည်ရွယ်ချက်ကို မသိချင်ယောင်ဆောင်ပြီး အပြုံးနှင့် ဆက်ပြောလိုက်သည်။
"အဲဒါလည်း ဖြစ်သင့်ပါတယ်…"
စုလီနှင့်စုယွဲ့တို့ကို သတင်းပို့လိုက်ပြီးနောက် မုန့်ချီက ကွေကျီ၏ မြင်းလှည်းပေါ်သို့ တက်သွားခဲ့သည်။
မုန့်ချီက ထိုင်ခုံပေါ်သို့ ထိုင်လိုက်သည့်အချိန်တွင် အသံတစ်ခုကို ကြားလိုက်ရ၏။
"ငါက မင်းကို မတွေ့ရသေးတာ တစ်နှစ်ကျော်တောင် မရှိသေးဘူး..။ ဒါပေမယ့် မင်းရဲ့တိုးတက်မှုက တော်တော်မြန်တာပဲ..။ မင်းက ငါ့ကိုအမြင်ပွင့်သွားစေခဲ့ပြီ…"
အလွန်ရင်းနှီးသော ချောင်းဆိုးသံနှင့် စကားသံ…
မုန့်ချီက မြင်းလှည်း၏ထောင့်သို့ လှည့်ကြည့်လိုက်ရာ အနည်းငယ် အံ့ဩသွားမိခဲ့သည်။
"ဝမ်စစ်ယွမ်လား…"
မုန့်ချီက မြင်းလှည်းထဲသို့ ဝင်မလာသေးခင် လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့်ကို အသုံးချပြီး အတွင်းထဲတွင် ရှိနေသော အခြေအနေကို စစ်ဆေးကြည့်ခဲ့သည်။ အထဲတွင် မြင်နေရသော အရာအသေးစိတ်ကို သူက သေချာသိနေ၏။
ဝမ်စစ်ယွမ်ကလွဲလျှင် အပြင်အဆင်နှင့် အငွေ့အသက်များအားလုံးက ရှင်းရှင်းလင်းလင်း ပေါ်နေခဲ့သည်။ မြင်းလှည်းက သေချာဆင်ယင်ထားခြင်းဖြစ်ပြီး ပိုးစများနှင့် လွှမ်းခြုံထားသည်။ ထိုအရာက ကြီးကျယ်ခမ်းနားသော ပြင်ဆင်မှုများ မရှိသော်လည်း သက်တောင့်သက်သာရှိပြီး အလွန်ကျယ်ဝန်း၏။
မုန့်ချီ၏ ဘယ်ဘက်အရှေ့တွင်တော့ ဝမ်စစ်ယွမ် ထိုင်နေခဲ့သည်။ သူက ပကတိဓားကို သူ့ရှေ့တွင် တင်ထားသည်။ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူ့ပုံစံက မိန်းကလေးဆန်စွာ ချောမောလှပနေခဲ့၏။ တစ်ချိန်တည်းလိုလိုပင် သူ့ပုံစံက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး စကားပြောနေရင်း မကြာခဏ ချောင်းဆိုးရသည်။
"သူက ငါ့ရဲ့အဆင့်ကို သိနေတာလား…"
မုန့်ချီကတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး အပြုံးနှင့်ပြောလိုက်သည်။
"သခင်လေးဝမ်ကရော လော့ရန်ကို တိတ်တဆိတ် ရောက်လာမယ်လို့ မထင်ထားဘူး..."
ကွေကျီ ထိုင်လိုက်ကြောင်းမြင်သည့်အခါ ဝမ်စစ်ယွမ်က အပြုံးနှင့် ပြောလိုက်သည်။
"နှစ်သစ်မတိုင်ခင် ငါက ကောင်းကင်ကြီးပေါ်မှာ လှုပ်ရှားနေတဲ့ ကြယ်တွေကို ကြည့်ခဲ့တယ်..။ ဒါကြောင့် ရှင်ဘုရင်ရဲ့ကြယ်က လှုပ်ရှားနေတာကို မြင်ခဲ့တယ်။ ငါလည်း စိတ်ဝင်စားတဲ့အတွက် လော့ရန်ကို ထွက်လာခဲ့တာ…"
ထိုစကားလုံးများကို ပြောလိုက်သည့်အချိန်တွင်တော့ အပြင်းအထန် ချောင်းဆိုးလာခဲ့သည်။ ယခုအချိန်တွင်တော့ သူ့နောက်ကျောကို ထိန်းထားပေးမည့် အစေခံတစ်ယောက်မျှမရှိတော့ပေ။ ဝမ်စစ်ယွမ်က အချိန်အတော်ကြာ ချောင်းဆိုးလိုက်ပြီးနောက် သွေးအနည်းငယ် ပါလာခဲ့၏။
"ရှင်ဘုရင်ရဲ့ကြယ်က လှုပ်ရှားနေတာလား…"
မုန့်ချီက မျက်မှောင်ကြုတ်ပြီး ပြန်ပြောလိုက်သည်။
ဝမ်စစ်ယွမ်က တိတ်ဆိတ်နေပြီး နောက်ထပ်စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူတို့(၃)ယောက်က အတွေးကိုယ်စီနှင့် ရှိနေကြသည်။ မြင်းလှည်းက အပြင်ဘက်မြို့ကို ဖြည်းညင်းစွာ ဖြတ်သန်းမောင်းနှင်လာပြီး အတွင်းမြို့ထဲကို ဝင်ရောက်လာခဲ့၏။နောက်ဆုံးတွင်တော့ သူတို့က ပင်ကျင်းရဲတိုက်ဆီသို့ ရောက်လာခဲ့ပြီး ကွေကျီ ပြောခဲ့သော အကြီးအကဲများနှင့် တွေ့ဆုံခဲ့သည်။
ထိုနေရာတွင် သက်လတ်ပိုင်းအရွယ်ရှိပြီး မုတ်ဆိတ်တိုလေးများ ရှိနေသော လူတစ်ယောက်က ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် သရဖူတစ်ခု ဆောင်းထားသည်။ သူ့ပုံစံက အလွန်ရှေးကျပြီး ချောမောခန့်ညား၏။ သူက လက်(၂)ဖက်ကို အင်္ကျီလက်ထဲသို့ ထည့်ထားခဲ့သည်။ သူ့ဆီတွင် ထင်ရှားသောမျက်ခုံးများ ရှိနေ၏။ သူ၏အစွမ်းကိုတော့ မုန့်ချီလည်း ရှင်းရှင်းလင်းလင်း မမြင်ရပေ။
"ဦးလေး...ကျိယွမ်လာတယ်…"
ကွေကျီက လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ပြီး ထိုလူ၏အဆင့်အတန်းကို သိစေရန် မုန့်ချီကို ပြောပြလိုက်သည်။
ကွေမိသားစုမှ သခင်လေး ကွေချင်းယု…
သူနှင့်ကွေချင်းဟယ်တို့က ရှားရှားပါးပါး ညီအစ်ကိုများဖြစ်ကြပြီး နှစ်ယောက်လုံး အလွန်အစွမ်းထက်ကြသည်။ နှစ်ယောက်လုံးက ဝေ့ကျင်းအဆင့်အထွဋ်အထိပ်နှင့် ဓမ္မကာရအဆင့်ကို ရောက်နေသည့်အတွက် သူတို့က ကွေမိသားစု၏ ပင်မထောက်တိုင်များ ဖြစ်ကြသည်။
ကွေချင်းယုက အပြုံးနှင့် ပြောလိုက်သည်။
"မင်းကို ဖိတ်ခေါ်လိုက်ရတဲ့အတွက် ငါ့ကို နားလည်ပေးပါ.."
"အဲဒါကို ဘယ်လိုလုပ်အပြစ်ပြောလို့ရမှာလဲ..။ တကယ်လို့ ကျွန်တော် ကူညီပေးနိုင်တာရှိတယ်ဆိုရင် ကျွန်တော်ကပဲ ဂုဏ်ယူရမှာပါ…"
မုန့်ချီကတော့ တလေးတစား ပြန်ပြောလိုက်သည်။
ကွေချင်းယုက ခေါင်းညိတ်ပြလိုက်၏။
"မင်းက ငါတို့ကွေမိသားစုရဲ့ သူတော်စင်အင်ပါယာတံဆိပ်နဲ့ ပတ်သက်နေတာ တော်တော်လေးကို ထူးခြားတယ်…"
ကွေချင်းယုက မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိချေ။ ထို့ကြောင့် ကွေမိသားစုက ထီးနန်းရယူလိုသည်ဟူသော အချက်က မုန့်ချီ၏ခေါင်းထဲတွင် ပေါ်လာခဲ့သည်။
"ကျွန်တော်က အသေးစိတ်ကို သိချင်ပါတယ်…"
မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်၏။
ကွေချင်းယုက လက်ပိုက်ထားနေချိန်တွင် ဖုံးကွယ်ထားသော ခရမ်းရောင်ကျောက်စိမ်းတစ်ခုကဲ့သို့ ခံစားနေရသည်။ သူက ဒူး(၂)ဖက်ပေါ်တွင် တင်ထားသော ဓားရှည်ကို ပွတ်ပြီး ပြောလိုက်၏။
"ငါတို့မိသားစုက မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်ရဲ့ ထာဝရရန်သူတွေပဲ..။ တချို့တပည့်တွေကတော့ သူလျှိုလုပ်ဖို့ သူတို့ရဲ့နောက်ကြောင်းတွေကို ပြောင်းလဲပြီး အခက်အခဲတွေကို ဖြတ်ကျော်နိုင်ခဲ့တဲ့အချိန်မှာ လော်အဖွဲ့အစည်းက ကျင့်ကြံသူတွေ ဖြစ်လာကြတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်မှာ သူက တောင်ပိုင်းပြည်နယ်မှာရှိတဲ့ ကွေမိသားစုရဲ့ သတင်းသမားကို ရုတ်တရက် ဆက်သွယ်လာပြီး လော်အဖွဲ့အစည်းမှာ အကြံအစည်တစ်ခုရှိနေတဲ့ အကြောင်း ပြောပြခဲ့တယ်။ သူက အဲဒီပစ္စည်းကို ခိုးယူလာပြီး အကူအညီတောင်းခဲ့တယ်..။ သူက အန္တရာယ်ရှိပြီး အလျင်လိုနေတဲ့အတွက် ငါတို့က သူ့သတင်းကို သေချာမသိခဲ့ဘူး..။ တောင်ပိုင်းပြည်နယ်ထဲမှာရှိတဲ့ ငါတို့ကွေမိသားစုရဲ့ အင်အားကလည်း အားနည်းတယ်..။ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ဘူး..”
“ငါတို့ကွေမိသားစုက ပညာရှင်တွေ ရောက်သွားတဲ့အချိန်မှာတော့ သူက မြစ်ထဲမှာ သေသွားပြီ။ နောက်ပိုင်းမှာတော့ လက်ရုံးပို့ဆောင်အဖွဲ့ရဲ့ ခေါင်းဆောင်ဆီကို လျှို့ဝှက်စာ တစ်စောင် ပို့ခဲ့တယ်။ လော်အဖွဲ့အစည်းကို မျှားခေါ်ဖို့ သူ့ကို အသုံးချပြီး လော့ရန်ကို ပစ္စည်းပို့ခိုင်းဖို့ အကြောင်း ပြောပြခဲ့တယ်…"
မုန့်ချီက ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။ သူက ပို့ဆောင်ရေးအဖွဲ့နှင့် ပတ်သက်နေသည့်အရာများကို ပြန်လည်စဉ်းစားမိခဲ့သည်။ သို့သော် ကွေမိသားစုမှ တပည့်များက လက်ရုံးပို့ဆောင်ရေးအဖွဲ့ကို တိကျိုး ပင်ကျင်းသို့ တိုက်ရိုက်ပို့ဆောင်ခိုင်းခြင်း မရှိသည့်အတွက် သူလည်း စဉ်းစားရခက်နေခဲ့သည်။
သို့သော်သူတို့က လော့ရန်ကို ပြန်လာချင်ယောင်ဆောင်ခဲ့သည်။ မဟုတ်လျှင် လော်အဖွဲ့အစည်းနှင့် ဖျက်ဆီးရေးဂိုဏ်းတို့က ထိုအရာကို အစောကြီး ရှာတွေ့သွားမည်ဖြစ်သည်။
ကွေချင်းယုက သက်ပြင်းချပြီး ဆက်ပြောလိုက်၏။
"အဲဒီအချိန်မှာတော့ လော်အဖွဲ့အစည်းက အစီအစဉ် တစ်စိတ်တစ်ပိုင်းတွေ့သွားမှာကို သူက စိုးရိမ်နေခဲ့တာ.။ ပို့ဆောင်ရမယ့်ပစ္စည်းက အခက်အခဲတွေကို ဖြတ်ကျော်ပြီး လက်ရုံးပို့ဆောင်ရေး အဖွဲ့ခေါင်းဆောင်လက်ထဲကို ရောက်သွားခဲ့တယ်။ ဒါပေမဲ့ ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်ကလည်း လော်အဖွဲ့အစည်းနဲ့ ဖျက်ဆီးရေးဂိုဏ်းတို့ရဲ့ အစီအစဉ်ကို မသိခဲ့ဘူး.။ အဲဒါက ကွေမိသားစုနဲ့ ပတ်သက်တဲ့ အရေးကြီးပစ္စည်းဆိုတာကိုပဲ သူတို့က သိထားတယ်။ ဒါကြောင့် သူက တာဝန်ကို လက်ခံခဲ့တာ…”
“ငါကတော့ မနေ့ညတုန်းကမှ ယပ်တောင် (၆)လက်ကျောင်းဆီကနေ သတင်းရခဲ့ပြီး ပို့ခိုင်းလိုက်တဲ့ပစ္စည်းက သူတော်စင် အင်ပါယာတံဆိပ်တစ်ဝက်လို့ သိလိုက်ရတယ်။ အဲဒါကြောင့်လည်း ငါတို့က အခြေအနေတွေကို နားလည်သွားခဲ့တာ။ အရင်တုန်းက မသိခဲ့တဲ့အတွက် ငါလည်း သံသယဝင်နေခဲ့တယ်.။ အမှန်တရားကို ပြောပြလိုက်မှပဲ အဲဒီအရာတွေက မရှိတော့တာ။ ဝမ်းရှန်ကိုတောင် သူ့နောက် လိုက်သွားဖို့ အကူအညီတောင်းခဲ့သေးတယ်။ကျေးဇူးပြုပြီး ငါတို့ရဲ့လုပ်ရပ်ကို မရယ်ပါနဲ့…"
ကွေချင်းယုက အကျိုးအကြောင်း အဖြစ်အပျက်များ သေသေချာချာ ရှင်းပြနေသည်ကို မြင်လိုက်ရသည့်အခါ မုန့်ချီ၏ သံသယများအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ဤကိစ္စက အကြောင်းအရာများစွာနှင့် ပတ်သက်နေခဲ့၏။
"အဲဒီအကြောင်းကို ထုတ်ဖော်လိုက်တဲ့ ကွေမိသားစု တပည့်ရဲ့ နောက်ကြောင်းကလည်း တော်တော်လေးအရေးကြီးတယ်..။ ဒီတော့ တိုက်ပွဲအကြောင်းကို ကျေးဇူးပြုပြီး အသေးစိတ်ပြောပြပေးပါ…"
ကွေချင်းယုက သူ့ကို အတင်းအကြပ် ဖိအားပေးနေခြင်း မရှိချေ။
မုန့်ချီကလည်း တိုက်ပွဲအကြောင်းကို ဖုံးကွယ်ထားရန် မလိုအပ်သည့်အတွက် အမှန်အတိုင်းသာ ပြောပြလိုက်၏။ ကွေချင်းယုက မုတ်ဆိတ်မွှေးကို လက်နှင့်ပွတ်နေပြီး သူ၏စကားလုံးများကို ရှင်းရှင်းလင်းလင်း နားထောင်နေခဲ့သည်။
အဆုံးတွင်တော့ သူကပြောလိုက်၏။
"သူတော်စင်အင်ပါယာတံဆိပ်ကို သုံးနိုင်တဲ့သူများများမရှိဘူး။ ယပ်တောင်(၆)လက်ကျောင်းထဲမှာလည်း အပေါင်းအဖော်တွေ ရှိနေနိုင်သေးတယ်..."
"တော်တော်လေးကို နှံ့စပ်တာပဲ…"
မုန့်ချီက သူ့ကို လေးစားသွားခဲ့သည်။
စကားအနည်းငယ်ပြောလိုက်ပြီးနောက် ကွေချင်းယုက ထိုကိစ္စကို စီစဉ်ရန် ထွက်သွားခဲ့ပြီး ဧည့်သည်ကို လိုက်ပို့ခိုင်းလိုက်သည်။ ဝမ်စစ်ယွမ်က ကွေရဲတိုက်ထဲတွင်နေခဲ့ပြီး ကွေကျီက မုန့်ချီကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့၏။
မြင်းလှည်းက လမ်းအတိုင်း ဖြည်းညင်းစွာ မောင်းနှင်လာခဲ့သည်။ ကွေကျီက ခရီးသွားလာခဲ့သော အတွေ့အကြုံများ၊ သိုင်းပညာအတွေ့အကြုံများနှင့် လော့ရန်၏ ဓလေ့ထုံးတမ်းများအကြောင်း မုန့်ချီနှင့် ပြောနေခဲ့၏။
ကွေကျီက စကားပြောနေချိန်တွင် မုန့်ချီက မျက်လုံးထောင့်တွင် အလွန်ရှေးကျသော မုန့်ဆိုင်လေးတစ်ခုကို မြင်လိုက်ရသည်။ ထိုနေရာတွင်တော့ မျက်နှာပြောင်နှင့် အနက်ရောင်သာမာန်အင်္ကျီဝတ်ဆင်ထားသော ချီကျန်းရန်ရှိနေသည်။
ချီကျန်းရန်က သတိထား၍ လျှောက်လာပြီး လမ်းသွားလမ်းလာများ၏နောက်တွင် မကြာခဏ ဖုံးကွယ်နေ၏။ သူက လူတစ်ယောက်၏နောက်ကို နောက်ယောင်ခံလိုက်နေသလို ထင်မှတ်ရသည်။ထိုအချိန်တွင် ချီကျန်းရန်က ထိုလူကို မျက်ခြေပြတ်သွားသည့်အလား ရပ်လိုက်ပြီး မျက်မှောင်ကြုတ်နေခဲ့၏။
မုန့်ချီကတော့ စိတ်ဝင်စားသွားသည့်အတွက် ကွေကျီကို ပြောလိုက်သည်။
"ကျွန်တော့်ကို လိုက်မပို့ပါနဲ့တော့..။ ကျွန်တော်က မိတ်ဆွေဟောင်း တစ်ယောက်နဲ့တွေ့လို့ စကားပြောလိုက်ဦးမယ်…"
ကွေကျီကလည်း တလေးတစား တုံ့ပြန်လိုက်၏။
"ငါတို့က သစ်သီးပွဲတော်မှာတွေ့ကြမယ်..။ နောက်တစ်ကြိမ် ပြန်တွေ့ကြတာပေါ့.."
ကွေကျီ၏ မျက်လုံးထဲတွင် တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်နေပုံရ၏။ မုန့်ချီက မြေခွေးဘုရင်ကို သတ်ပစ်ခဲ့သည့်အတွက် သူက မုန့်ချီကို စိန်မခေါ်ရဲချေ။
မုန့်ချီက မြင်းလှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ချီကျန်းရန်ဆီသို့ လျှောက်သွားခဲ့၏။ မုန့်ချီကတော့ ချီကျန်းရန်ကို ခြောက်လှန့်ရန် ရည်ရွယ်ပြီး ရုတ်တရက် ပုခုံးကို ပုတ်ရန်ပြင်လိုက်သည်။
သို့သော် မုန့်ချီက ခြေလှမ်းအနည်းငယ်အကွာသို့ ရောက်လာသည့်အချိန်တွင် ချီကျန်းရန်က သတိထားမိခဲ့၏။ သူ့ဆီတွင် အလွန်ထက်မြက်သော အာရုံခံစွမ်းရည် ရှိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဖရိုဖရဲကျင့်စဉ်က လူသားနှင့် ကောင်းကင်ဆက်သွယ်မှုအဆင့်ကို ရောက်ရှိနေစေခြင်းကြောင့်ဖြစ်သည်။
မုန့်ချီက အံ့သြသွားခဲ့ပြီး အပြုံးနှင့်မေးလိုက်၏။
"အစ်ကိုချီ...ဈေးဝယ်ထွက်လာတာလား…"
ရွမ်ယုရှုဆီမှနေ၍ ကျိုးဟမ်က ကုန်းစွန်းမိသားစုနှင့် လျှို့ဝှက်ဆက်သွယ်ပြီး သစ်သီးပွဲတော်သို့ ချီကျန်းရန် တက်ရောက်ခွင့်ရစေရန် ကူညီပေးထားကြောင်း သိနေခဲ့သည်။
ချီကျန်းရန်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။
"လမ်းလျှောက်ရင်း စကားပြောကြမယ်…"
မုန့်ချီကတော့ သူ၏ရည်ရွယ်ချက်ကို နားလည်နေသည့်အတွက် သူ့ကို အနီးအနားတွင် ရှိနေသော စားသောက်ဆိုင်တစ်ခုဆီသို့ ဖိတ်ခေါ်လာခဲ့၏။ စားသောက်ဆိုင်ထဲသို့ ဝင်လာပြီးနောက် မျက်လုံးများအားလုံးက မုန့်ချီကို စိုက်ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူ့ခါးတွင် သူ၏အမှတ်အသားဖြစ်သော ဓားရှည်ကို ချိတ်ထားခြင်းကြောင့် ဖြစ်သည်။ ထိုအရာက သူ၏အဆင့်အတန်းကို ထုတ်ဖော်ပြသနေသည်။
"သတ်ဖြတ်ရေးဓား…"
"သူက လူငယ်မှတ်တမ်းရဲ့နံပါတ်(၁)မဟုတ်လား..."
"သူက မြေခွေးဘုရင်ကို သတ်လိုက်တဲ့ သတ်ဖြတ်ရေးဓားပဲ…"
အာမေဋိတ်သံများ ဆက်လက်ထွက်ပေါ်လာပြီး လူတချို့ကတော့ မုန့်ချီကိုနှုတ်ဆက်ရန် ထလာကြသည်။ ထိုအပြုအမူများကြောင့် မုန့်ချီကကျေနပ်သွားသော်လည်း သူက တည်ငြိမ်နေသလို ဆက်လက်ဟန်ဆောင်နေခဲ့သည်။
သူတို့(၂)ယောက်က ဒုတိယထပ်သို့တက်သွားပြီး အထူးအခန်းတစ်ခုကို တောင်းဆိုလိုက်၏။
"ငါက ကုန်းစွန်းမိသားစုရဲ့ စားသောက်ပွဲမှာ လူတစ်ယောက်ကို မတော်တဆ တွေ့ခွင့်ရတယ်…"
သူတို့(၂)ယောက်လုံးက ပတ်ဝန်းကျင်ကို စစ်ဆေးနေစဉ် ချီကျန်းရန်က လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။
"ဘယ်သူလဲ.."
ချီကျန်းရန်က စနောက်တတ်သူ တစ်ယောက်မဟုတ်ကြောင်း မုန့်ချီက သိနေခဲ့သည်။ ထို့ကြောင့် သူက ထိုလူကို အလေးထားရန် အကြောင်းပြချက် လုံလုံလောက်လောက် ရှိနေသည်။
ချီကျန်းရန်က ခဏကြာစဉ်းစားနေခဲ့၏။
"ငါ သိုင်းလောကထဲမှာ သွားလာနေတဲ့အချိန် စွန့်စားခန်းတွေ ကြုံခဲ့ရတယ်..။ အရင်တခေါက်မှာ ဒဏ္ဍာရီအဖွဲ့ထဲက ကောင်းကျိုးမြတ်နိုး ကောင်းကင်အဖွဲ့သားကို တွေ့ခဲ့ရတယ်။ တိုက်ပွဲထဲမှာ ငါက ဖုံးကွယ်ထားတဲ့ သူ့ရဲ့စွမ်းအားတွေကို နည်းနည်းလေး သတိထားမိခဲ့တယ်..။ ဒီနေ့ အဲဒီလိုတူညီတဲ့ခံစားချက်ရှိနေတဲ့ လူတစ်ယောက်ကို တွေ့ခဲ့ရတာ..။ သူက ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သားဖြစ်မယ်လို့ ငါ သံသယရှိတယ်.."
ဒဏ္ဍာရီများက ဤနေရာတွင် ရှိနေကြောင်း မုန့်ချီကသိနေသည်။ သို့သော် သူတို့၏ အဖွဲ့သားတစ်ယောက်ကို ပစ်မှတ်ထားနိုင်သည်မှာ ရှားရှားပါးပါးအခွင့်အရေးတစ်ခု မဟုတ်ပေလော။ သို့သော် သူကတော့ တည်ငြိမ်စွာ မေးလိုက်သေး၏။
"ခြေရာပျောက်သွားတာလား...သူ့ရဲ့ပုံပန်းသဏ္ဍာန်ကဘယ်လိုမျိုးလဲ…"
"လွန်ခဲ့တဲ့(၁)နှစ်ကျော်လောက်မှာ သူက ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်နေတဲ့ ပညာရှင်တစ်ယောက်ပဲ..။ အခု သူက ဝေကျငိးအဆင့်ကိုရောက်နေပြီလို့ ထင်တယ်။ ဒါကြောင့် သူက ငါ ခြေရာခံလိုက်လာတာကို သတိထားမိပြီး လမ်းကြားထဲမှာ ပျောက်ကွယ်သွားတာ ဖြစ်နိုင်တယ်…"
ချီကျန်းရန်က ဖြစ်ခဲ့သည့်အရာများကို ပြောပြနေသည်။
"သူက အသက်(၃၀)ကျော်ရှိမယ်..။ မျက်နှာမှာ ဘာမှမရှိဘူး။ အရပ်ပုပုနဲ့ဝတယ်..။ ညာဘက်မျက်ခုံးအောက်မှာ မှဲ့တစ်လုံးရှိတယ်…"
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်က သူ့ကိုရှာဖို့ တခြားသူတွေကို အကူညီတောင်းလိုက်မယ်..။ အစ်ကိုချီကလည်း အစ်ကိုကျိုးကို တိတ်တဆိတ်အကူအညီတောင်းကြည့်လိုက်.."
ယခုယပ်တောင်(၆)လက်ကျောင်းက ဒဏ္ဍာရီအဖွဲ့သားများကို ရှာဖွေနေသည့်အတွက် မုန့်ချီက သွေးသွားလူဆိုးထိန်း ယွမ်လိဟောင်၏ အကူအညီကိုတောင်းရန် စီစဉ်ထားသည်။
သူတို့(၂)ယောက်ကခဏကြာ စကားပြောလိုက်ပြီးနောက် အထူးအခန်းထဲမှ ထွက်လာကြသည်။ သူတို့အောက်ကို မရောက်ခင် ချောမောခန့်ညားသော လူတစ်ယောက်နှင့် တွေ့လိုက်ရသည်။ ထိုလူကတော့ ခါးတွင် ငွေတံဆိပ်တစ်ခုကို ချိတ်ထားခဲ့၏။
သူတို့၏ရှေ့တွင် ရှိနေသူမှာ ယခင်နှစ်နန်းတွင်းပြိုင်ပွဲတွင် ပထမဖြစ်သော ဖန်းချန်းမြောင်ဖြစ်သည်။ မုန့်ချီက သူနှင့်တစ်ကြိမ် တွေ့ခဲ့ဖူးသည့်အတွက် အပြုံးနှင့် ပြောလိုက်၏။
"တော်တော်တိုက်ဆိုင်တာပဲ…"
သူက လော့ရန်တွင်ရှိသော သတင်းများကို မသိပေ။ သို့သော် အရာအားလုံးကို မသိခြင်းတော့ မဟုတ်ပေ။ သူ့အနားတွင် ရှိနေသူများက သူ၏ရုပ်ရည်နှင့် အဆင့်အတန်းကို မှတ်မိနေကြ၏။
"သတ်ဖြတ်ရေးဓား…"
နန်းတွင်းသိုင်းပြိုင်ပွဲ၏ နံပါတ်(၁)ဖြစ်သော ဖန်းချန်းမြောင်အတွက်တော့ ထိုအရာက အရှက်ခွဲခြင်းတစ်ခု မဟုတ်ပေလော။
အနီးအနားတွင် ရှိနေသောသူများကတော့ လူငယ်မှတ်တမ်းမှ ပညာရှင်များ၏ တိုက်ပွဲ(၁)ပွဲကိုမြင်ရတော့မည်ဟု မျှော်လင့်နေသည့်အတွက် အလွန်အမင်းကို စိတ်လှုပ်ရှားလာကြ၏။
ဖန်းချန်းမြောင်က တိတ်တဆိတ်ပြောလိုက်၏။
"ငါက ဒီမှာ လူတစ်ယောက်နဲ့တွေ့ဖို့ ချိန်းထားတာ…."
ဖန်းချန်းမြောင်၏ ကျင့်စဉ်အဆင့်က နိမ့်ကျပုံမရှိချေ။ မုန့်ချီက လူသားနှင့်ကောင်းကင်တစ်သားတည်းအဆင့်ကို သုံးသော်လည်း သူ၏အစစ်အမှန်စွမ်းရည်ကို မမြင်နိုင်ပေ။ သို့သော် သူက လူသားနှင့်ကောင်းကင်ဆက်သွယ်မှုအဆင့်ကို ရောက်နေသည်ဟု အကြမ်းဖျင်းသတ်မှတ်နိုင်သည်။
မုန့်ချီက သူနှင့်စကားအနည်းငယ်ပြောရန် ပြင်လိုက်သည့်အချိန်တွင် အခြားအထူးခန်းမထဲမှနေ၍ လူတစ်ယောက် ထွက်လာခဲ့သည်။
"ချန်းမြောင်...ဒီမှာ"
လူသစ်က အရပ်ရှည်ရှည်နှင့် အစွမ်းထက်သည်။ သို့သော် သူ့ပုံစံက တည်ငြိမ်အေးချမ်း၏။ သူ့မျက်နှာပေါ်တွင် မုတ်ဆိတ်မွှေးများ ရှိနေသော်လည်း သူ့ပုံစံက မဆင်မခြင်လုပ်တတ်သည့် လူတစ်ယောက်မျိုးမဟုတ်ချေ။ သူ့အစွမ်းကိုတော့ မုန့်ချီက စစ်ဆေးကြည့်၍မရနိုင်သော်လည်း အနည်းဆုံးတော့ ဝေ့ကျင်းအဆင့် သေချာပေါက်ဖြစ်နိုင်၏။
ဖန်းချန်းမြောင်က အပြုံးနှင့် မိတ်ဆက်ပေးလိုက်သည်။
"ဒါက ငါ့ဦးလေး....'နင်' စီရင်စုထဲမှာရှိတဲ့ ကူမိသားစုက ပညာရှင်တစ်ယောက်ပါ.."
သူက ကျုံးပြည်နယ်ထဲမှ လုံးဝထွက်မလာခဲ့သော်လည်း အကြီးအကဲများကတော့ တခြားနေရာများတွင် ပတ်သက်မှုများရှိနေကြသည်။ သူတို့က အချင်းချင်း မရင်းနှီးသည့်အတွက် မုန့်ချီက နှုတ်ဆက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ဖန်းချန်းမြောင်က တိတ်တဆိတ်ပြောလိုက်သည်။
" ကျေးဇူးပြုပြီး သခင်လေးစုက သစ်သီးပွဲတော်ကျရင် ညွှန်ကြားပေးပါဦး…"
ပတ်ပတ်လည်တွင် စိတ်လှုပ်ရှားနေသည့်အသံများ ကြားလိုက်ရသည်။ သူတို့ကတော့ သစ်သီးပွဲတော်တွင် စိတ်လှုပ်ရှားစရာ တိုက်ပွဲများကို ကြည့်ရတော့မည်ကို ခံစားရသည့်အတွက် အတော်လေး စိတ်လှုပ်ရှားလာကြ၏။
ဖန်းချန်းမြောင်က မဆင်မခြင်လုပ်တတ်သော လူတစ်ယောက်မဟုတ်သော်လည်း မုန့်ချီက ရည်ရွယ်ချက်ရှိရှိ ရယ်လိုက်သည်။
"ငါက ကတိတည်ချင်ပါတယ်...ဒါပေမယ့် မင်းကိုစိန်မခေါ်ရဲဘူး…"
……………
ရက်အနည်းငယ်ကြာပြီးနောက် ဘိုးဘေးဒိုမူက ကုသမှုပြီးဆုံးသွားခဲ့ပြီး တိတ်တဆိတ် ထွက်သွားခဲ့သည်။ ဘိုးဘေး ကွမ်ချန်းကလည်း ကူရှောင်စန်းနှင့် ကောင်းကျိုးမြတ်နိုး ကောင်းကင်အဖွဲ့သားကို တိတ်တဆိတ်ရှာဖွေနေခဲ့၏။
ထိုအချိန်တွင် မုန့်ချီကတော့ လေ့ကျင့်မှုကိုသာ အာရုံစိုက်နေပြီး သစ်သီးပွဲတော်ကို စောင့်ဆိုင်းနေခဲ့၏။ နောက်ထပ်လအနည်းငယ်ကြာပြီးနောက် သူကိုယ်တိုင်ပင် မသိလိုက်ဘဲ သစ်သီးပွဲတော်က စတင်လာခဲ့လေသည်။
Translated by Hein Htet.