← Chapters

အခန်း (၄၉၀)

Vol. 33 Ch. 490

အခန်း (၄၉၀)

Vol. 33 Ch. 490

ဆောင်းဦးရာသီ၏ ရာသီဥတုက ကြည်လင်ပြီး အေးမြနေသည်။ လတ်ဆတ်သောလေများ ပြည့်နှက်နေပြီး ရေများကလည်း ကြည်လင်နေခဲ့၏။ လေလှိုင်းများက တသုန်သုန် တိုက်ခတ်နေပြီး သစ်ပင်များပေါ်တွင် သစ်သီးများလည်း သီးနေခဲ့သည်။

ထိုအချိန်က အပြင်ဘက်တွင် အပန်းဖြေအနားယူရန် အကောင်းဆုံး အချိန်မျိုးဖြစ်ပြီး နောက်ဆုံးတွင်တော့ သစ်သီးပွဲတော်က ရောက်ရှိလာခဲ့၏။

မုန့်ချီနှင့် စုကျိယုတို့က တခြားသော နန်းတွင်းမှူးမတ်များကဲ့သို့ မြို့အပြင်ဘက်တွင် ရှိနေသော ကျောက်စိမ်းသစ်တောဥယျာဉ်ဆီသို့ မြင်းလှည်းနှင့် တိုက်ရိုက်သွားခဲ့ခြင်း မရှိချေ။ ထိုအစား သူတို့က စုလီ၊ စုယွဲ့တို့နှင့်အတူ နန်းတွင်းမြို့ထဲသို့ လိုက်လာခဲ့ကြသည်။

စုလီက နန်းတွင်းကိုယ်ရံတော် ဒုတပ်မှူးရာထူးမှ ယာယီဆိုင်းငံ့ခံထားရသော်လည်း ဘုရင်ကြီး၏ ယုံကြည်မှုကို ဆုံးရှုံးသွားရခြင်း မရှိသေးပေ။ သူက ဘုရင်ကြီးနှင့်အတူ အဖော်လိုက်ရန် လိုအပ်နေသေး၏။ တစ်ဖက်တွင်တော့ စုယွဲ့က ဘုရင်ကြီးကို ကာကွယ်ရမည့် အစွမ်းမျိုး ရှိနေခဲ့သည်။

နဂါးရုပ်တုများ ထွင်းထုထားသော ဧရာမတံခါးကြီးနှင့် အဆုံးမဲ့ ရှိနေသော လမ်းမကြီး၊ ခန်းမကြီးထဲကိုဖြတ်၍ တိုက်ခတ်နေသော လေလှိုင်းများနှင့် နန်းမြို့ရိုးထဲတွင် ရှိနေသော အေးတိအေးစက် အငွေ့အသက်များက ကြီးကျယ်ခမ်းနားမှုကို ကိုယ်စားပြုနေသည့်အတွက် မုန့်ချီက အနည်းငယ် စိမ်းသက်နေသလို ခံစားနေရသည်။

သူက ကျင်းအင်ပါယာ၏ နန်းတွင်းထဲကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်းလည်း ဖြစ်သည်။ သို့သော် ဤနေရာတွင် တားမြစ်ထားသော စွမ်းအားများကလွဲလျှင် ဓားအင်ပါယာနှင့် မကောင်းဆိုးဝါးဘုရင်မတို့၏ ကမ္ဘာကြီးထဲတွင်ရှိနေသော တော်ဝင်နန်းတော်နှင့် ကွဲပြားမှု မရှိချေ။ ရှင်ဘုရင်၏အာဏာနှင့် အစွမ်းက လူတိုင်း၏ ရင်ထဲတွင်တော့ အတူတူသာ ဖြစ်သည်။

"ဦးလေး (၅) …

လော်အဖွဲ့အစည်းတွေ အင်မော်တယ်တွေနဲ့ပတ်သက်ပြီး သဲလွန်စရသေးလား.."

မုန့်ချီက မသိချင်ယောင်ဆောင်ပြီး မေးလိုက်သည်။ လော်အဖွဲ့အစည်းနှင့် ဖျက်ဆီးရေးဂိုဏ်းတို့က သစ်သီးပွဲတော်ကို နှောင့်ယှက်မှာ သူလည်း အနည်းငယ် စိုးရိမ်နေခဲ့သည်။

စုယွဲ့က အပြုံးနှင့် ပြောလိုက်၏။

"မတွေ့မိဘူး။ သူတို့ကို ကြည့်ရတာတော့ လေထဲမှာ ပျောက်ကွယ်သွားသလိုမျိုးပဲ..”

“ယုမိသားစုရဲ့နောက်ကြောင်းက ပေါ်သွားပေမယ့် လော်အဖွဲ့အစည်းက ခြေရာလက်ရာမရှိ ပုန်းအောင်းနေနိုင်တာ တော်တော်လေးကို ထူးဆန်းနေတယ်။ ဒီအဖွဲ့အစည်းက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတာလေ။ သူတို့က အရမ်းကို ကောက်ကျစ်စဉ်းလဲတယ်။ မဟုတ်ရင် အစောကြီးကတည်းက ပျက်စီးသွားလောက်ပြီပေါ့…"

ရှေ့တွင် ဦးဆောင်သွားနေသော စုလီက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

မုန့်ချီက စဉ်းစားကြည့်နေရင်း ခေါင်းညိတ်ပြလိုက်၏။ သူက နောက်ပိုင်းကျမှသာ ဘိုးဘေးကွမ်ချန်းကို မေးတော့မည်ဟု စဉ်းစားလိုက်သည်။ နန်းမြို့တော်ကြီးက အလွန်ကြီးမားပြီး အဖြူရောင်ကျောက်စိမ်းများနှင့် ဖန်တီးထားသည်။ လှပမှုအတွက်သာ မဟုတ်လျှင် ထိုအရာတွင် ဝင်္ကပါတစ်ခု ရှိနေသည်ဟု ဆိုလိုနေ၏။

မုန့်ချီက စုလီနှင့် စုယွဲ့တို့၏နောက်မှ လိုက်သွားပြီး နန်းတော်ထဲကို ရောက်လာခဲ့သည်။ ထိုနေရာတွင်တော့ ကျင်းအင်ပါယာ၏ ရှင်ဘုရင် ကျိုးမင်ယုက ထိုက်ကျိနန်းတော်ထဲတွင် ရှိနေခဲ့၏။

သူတို့ ယခင်တစ်ခေါက် တွေ့ခဲ့ရသည့်အချိန်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ကျိုးမင်ယုက ပို၍အသက်ကြီးလာသလို ခံစားရသည်။ သူ၏မျက်လုံးအိမ်များက လျော့ရဲနေပြီး အတော်လေး ပင်ပန်းနွမ်းနယ်နေပုံရ၏။ သို့သော် စုလီနှင့် စုယွဲ့တို့ကတော့ ထိုအခြေအနေကို မမြင်ချင်ယောင် ဆောင်ထားပုံရသည်။

သူတို့ အရိုအသေ ပေးလိုက်ပြီးနောက် ဘုရင်ကြီးက မုန့်ချီကို အပြုံးနှင့် ကြည့်လိုက်၏။

"ဒီနေ့သစ်သီးပွဲတော်မှာ ငါ့ကိုစိတ်မပျက်စေနဲ့…"

"တကယ်လို့ သိုင်းပညာဆိုရင်တော့ ကျွန်တော်က ဘုရင်ကြီးရဲ့ယုံကြည်မှုနဲ့ သေချာပေါက် ကိုက်ညီပါလိမ့်မယ်…"

မုန့်ချီကတော့ နှိမ့်ချနေခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။ သံသရာတာဝန်ကို ပြီးဆုံးရန်အတွက်သူလည်း အနိုင်ရရန် လိုအပ်သည်။ ထို့ပြင် စုကျိယွမ်၏ ဆန္ဒလည်း ရှိနေသေး၏။

"ဟား ဟား ဟား ဟား...တကယ်ကို သတ်ဖြတ်ရေးဓားလို့ ခေါ်ထိုက်ပါတယ်လေ.."

ဘုရင်ကြီးက လက်နောက်ပစ်လိုက်ပြီး သူ့ထက် ပို၍အသက်ကြီးပုံရသော မိန်းမစိုးတစ်ယောက်၏ လက်ကိုကိုင်၍ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။ ထိုမိန်းမစိုး၏ချီစွမ်းအင်က အလွန်အမင်းကို နက်ရှိုင်းလွန်းလှပြီး သူ့ပုံစံက ပျော့ပျောင်းပြီး အေးစက်သည်။

သူက အသက်ကြီးနေသော်လည်း အရေပြားကတော့ မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ ချောမွေ့နေ၏။ သူ့အစွမ်းကိုလည်း ဖုံးကွယ်ထားခဲ့သည်။ ထို့ကြောင့် သူ၏လက်ရှိအဆင့်ကို ခန့်မှန်းကြည့်ရန် ခက်ခဲနေ၏။ သို့သော် မိန်းမစိုးက သူ့ကို စိုက်ကြည့်လိုက်သည့်အချိန်တွင် များပြားလွန်းလှသော အပ်ကလေး မြောက်မြားစွာက သူ၏ပင်မဝိညာဉ်ကို ထိုးစိုက်နေသလို ခံစားနေရသည်။

"သူက မိန်းမစိုးခေါင်းဆောင် ကောင်းကျင်းကျုံးပဲ…"

စုလီ ယခင်တုန်းက မိတ်ဆက်ပေးမှုကို မုန့်ချီလည်း အမှတ်ရသွားခဲ့သည်။

လူအုပ်ကြီးက ဘေး (၂) ဖက်တွင် ရပ်နေပြီး ဘုရင်ကြီးနှင့် ကောင်းကျင်းကျုံးတို့ ဖြတ်သွားခြင်းကို စောင့်နေကြသည်။ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့မှူးနှင့် နဂါးပျံလူဆိုးထိန်း၊ အစွမ်းထက် ကျိုးမိသားစုဝင် (၂) ယောက်၊ စုလီနှင့် စုယွဲ့တို့က နောက်မှလိုက်လာသလို တခြားသော ပညာရှင်များကလည်း နောက်မှလိုက်လာခဲ့သည်။

နောက်ဆုံးတွင်တော့ မုန့်ချီ၊ စုကျိယုနှင့် တခြားသော အထက်တန်းလွှာ လူငယ်လေးများ၏အလှည့်ကို ရောက်လာ၏။ သူက ထိုက်ကျိ နန်းတော်တံခါးကို ဖြတ်သွားတော့မည့်အချိန်တွင် မုန့်ချီ၏ရင်ဘတ်ထဲမှ ပူနွေးမှုတစ်ခုကို ခံစားလိုက်ရသည်။

သူက ချက်ချင်း ရပ်လိုက်မိ၏။

"ကူရှောင်စန်းလား..."

ဘိုးဘေးဒိုမူပေးခဲ့သော အဆောင်လေးက နွေးလာခြင်း ဖြစ်သည်။

"ကူရှောင်စန်းက အနားမှာ ရှိနေတာလား…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး ထိုက်ကျိနန်းတော်ဆီကို တိတ်တဆိတ် လှမ်းကြည့်လိုက်၏။ သို့သော် ထိုနေရာတွင် များပြားလွန်းလှသော နန်းတွင်းအစောင့်များသာ ရှိနေပြီး ကူရှောင်စန်း၏ ခြေရာလက်ရာကို မတွေ့ရပေ။

အကယ်၍ အဆောင်ဆီမှ ရရှိလာသော ခံစားမှုကြောင့်သာ မဟုတ်လျှင် သူက ဇဝေဇဝါဖြစ်နေသည်ဟု မုန့်ချီက ယူဆမိပါလိမ့်မည်။ ကူရှောင်စန်းက နန်းတော်ထဲတွင် ပုန်းအောင်းနေခြင်းပေလော။ အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးနေရာ မဟုတ်ပေလော။ ထို့ကြောင့်လည်း ယပ်တောင် (၆) လက်ကျောင်းက သူမကို မတွေ့ခဲ့ခြင်း ဖြစ်သည်။

မုန့်ချီ၏ရင်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသော်လည်း သတိမထားမိချင်ယောင်ဆောင်ပြီး မည်သည့်တုံ့ပြန်မှုမျှ မလုပ်ခဲ့ပေ။ သူက ထိုက်ကျိနန်းတော်ထဲမှ အေးအေးဆေးဆေး ထွက်လာပြီးနောက် နောက်ကို တစ်ချက် ပြန်လှည့်ကြည့်လိုက်သည်။

နန်းတော်ထဲတွင် တိတ်ဆိတ်နေပြီး နန်းတွင်းအစောင့်များကတော့ ရုပ်တုများကဲ့သို့ ရပ်နေကြ၏။ အပေါ်ဘက်တွင်တော့ ရွှေရောင်ပုလ္လင်တစ်ခု ရှိနေပြီး နဂါး (၉)ကောင်ရုပ်တုများ ထွင်းထုထားသည်။ မည်သူကမျှ ထိုထိုင်ခုံတွင် မထိုင်နိုင်ကြပေ။

"ဒါက နတ်ဆိုးမရဲ့ လှည့်ကွက်တစ်ခုလား။ ဒါမှမဟုတ် သူတကယ်ပဲ ဒီမှာရှိနေတာလား…"

အကယ်၍ သူမကသာ ဤနေရာ၌ အမှန်တကယ် ရှိနေမည်ဆိုလျှင် သူမကို နန်းတော်ထဲတွင် ပုန်းအောင်းနေရန် မည်သူက ကူညီပေးထားသနည်း။ ထင်ရှားကျော်ကြားသူ တစ်ယောက်ယောက်ပေလော။

ဖြေရှင်း၍မရနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများစွာကြောင့် သူ၏ရှာဖွေတွေ့ရှိမှုက ထောင်ချောက်ထဲသို့ ကျရောက်သွားမှာကို မုန့်ချီက စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် အဖွဲ့နောက်ကိုသာ ဆက်လိုက်သွားခဲ့၏။

တော်ဝန်နန်းတော်၏ အပြင်ဘက်တွင် ထိပ်တန်းလူဆိုးထိန်း (၂) ယောက်ဖြစ်သော လျှူရှန့်မင်နှင့် ယွမ်လိဟောင်တို့က နန်းတွင်းအစောင့်များ၊ လူဆိုးထိန်းများစွာကို ဦးဆောင်ပြီး ဘုရင်ကြီးကို ခေါ်လာကြသည်။ ထို့နောက် သူတို့က နန်းတော်အပြင်ဘက်တွင် စောင့်ကြပ်နေကြ၏။

ယွမ်လိဟောင်ကို ဖြတ်ကျော်သွားသည့်အချိန်တွင် မုန့်ချီက ညာဘက်လက်ကိုဖြန့်ပြီး အဆောင်ကို ဖော်ပြလိုက်သည်။ သူ၏ဘယ်ဘက်လက်ကတော့ အနောက်ဘက်တွင် ရှိနေသော နန်းတော်ကို လက်ညှိုးထိုးပြလိုက်၏။ သူတို့က စကားနှင့် ဆက်သွယ်ရန် မလိုအပ်ပေ။

ယွမ်လိဟောင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။ သူကိုယ်တိုင်က ဘိုးဘေးကွမ်ချန်း ဖြစ်နေသည့်အတွက် ထိုအဆောင်က ကူရှောင်စန်းကို ရည်ညွှန်းကြောင်း သူလည်း သိနေခဲ့၏။ ကူရှောင်စန်းက နန်းတော်ထဲတွင် ပုန်းအောင်းနေခြင်းပေလော။ လော်အဖွဲ့အစည်းက နန်းတော်ထဲတွင် ပုန်းအောင်းနေခြင်းပေလော။

ခဏကြာပြီးနောက် သူ၏အမူအရာက ပုံမှန်ပြန်ဖြစ်သွားပြီး အဖွဲ့၏အစီအစဉ်များကို တိတ်တဆိတ် ပြန်လှည့်ကြည့်နေသည်။ နန်းမြို့တော်၏ အပြင်ဘက်တွင် စစ်မာရှီက ရှင်ဘုရင်ကြီးကို ကိုယ်တိုင်ကိုယ်ကျ စောင့်နေခဲ့၏။

သတင်းပို့လိုက်ပြီးနောက် မုန့်ချီ၏ရင်ထဲတွင် တည်ငြိမ်သွားခဲ့ပြီး သူ၏စိတ်အခြေအနေကို ပြင်ဆင်လိုက်သည်။ သူ၏အရှိန်အဝါနှင့် အခြေအနေက အမြင့်ဆုံးဖြစ်နေရန် လိုအပ်၏။

"ငါက သစ်သီးပွဲတော်ကို အရင်ဆုံး ဖြေရှင်းရမယ်။ ကျန်တဲ့ကိစ္စကိုတော့ အင်မော်တယ်တွေ လက်ထဲကိုပဲ အပ်ထားလိုက်မယ်။ တကယ်လို့ ကောင်းကင်ကြီး ပြိုကျမယ်ဆိုရင်တောင် အရပ်အရှည်ဆုံးလူက အရင်ဆုံးခံရမှာပဲလေ…"

ကျောက်စိမ်းသစ်တောဥယျာဉ်က အပြင်ဘက်မြို့တော်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး တူးမြောင်းနှင့် နီးကပ်နေသည်။ ထိုနေရာတွင် လမ်းကြောင်းက ကွေ့ကောက်နေသည့်အတွက် မြို့၏အလှတရားများ စုစည်းနေခဲ့၏။

ထိုအရာက လော့ရန်တွင် နာမည်ကျော် ထိပ်တန်းနေရာ (၁၀) ခုထဲမှ တစ်ခုအဖြစ် နာမည်ကျော်ကြားပြီး တော်ဝင်ဥယျာဉ်နယ်မြေလည်း ဖြစ်သည်။ ထူးခြားသောသစ်ပင်များ၊ အနီရောင်ပန်းပွင့်များက နေရာတိုင်းတွင် ပြန့်ကျဲနေပြီး ပန်းပွင့်နှင့် သစ်သီးရနံ့များက လေထဲတွင် ပြည့်နှက်နေခဲ့၏။

ရေကန်နှင့် မြစ်များ၏အလယ်တွင် တောင်တန်းနှင့် သစ်တောများ ရှိနေပြီး တောရိုင်းတိရစ္ဆာန်မျိုးစုံကိုလည်း တွေ့မြင်နေရသည်။ တံခါး၏အပြင်ဘက်တွင်တော့ နန်းတွင်းမှူးမတ်များ၊ အထက်တန်းလွှာ မိသားစုဝင်များက ဘုရင်ကြီးကိုကြိုဆိုရန် နှစ်ဖက်ခွဲ၍ ရပ်နေကြသည်။

ထိပ်ဆုံး (၁၀) ယောက်ကတော့ ဒူးထောက်ကြခြင်း မရှိချေ။ သူတို့ကတော့ လက်ဝဲလက်ယာ အမတ်ကြီးများ၊ ကွေမိသားစုမှ ကွေရန်၊ လော့ရန် စုန့်မိသားစုမှ သခင်ကြီးစုန့်လျှိုရန် အပါအဝင် ထိပ်တန်း အထက်တန်းလွှာမိသားစုမှ အကြီးအကဲများ ဖြစ်ကြ၏။

ကျင်းအင်ပါယာ၏ လွှတ်တော်ခန်းမထဲတွင် လူ (၁၁) ယောက် ပါဝင်သည်။ လက်ဝဲအမတ်ကြီးက အမတ်ချုပ်ကြီးအဖြစ် တာဝန်ယူထား၏။ အများအားဖြင့် ထိုနေရာကို အစွမ်းထက်ဆုံး အထက်တန်းလွှာ မိသားစုများကသာ နေရာယူထားကြသည်။

ယနေ့တော့ ကွေမိသားစုက ထိုရာထူးကို ရရှိထား၏။ သူက ကွေချင်းဟယ်နှင့် ကွေချင်းယုတို့၏ ဦးလေးဖြစ်ပြီး သိုင်းသခင်တစ်ယောက်လည်း ဖြစ်သည်။ လက်ယာအမတ်ကြီးကတော့ အမတ်ချုပ်၏အကူဖြစ်ပြီး ထိုရာထူးကိုတော့ အထက်တန်းလွှာမိသားစု အနည်းငယ်ကို လှည့်ပတ်၍ နေရာချထားပေးကြ၏။

ပုံမှန်အားဖြင့် ပြောရမည်ဆိုလျှင် လွှတ်တော်ခန်းမထဲ၌ အထက်တန်းလွှာမိသားစု (၈)ခုထဲတွင် တစ်ယောက်ချင်းဆီက အနည်းဆုံး နေရာတစ်ခုဆီ ရှိကြသည်။ ဥပမာအနေနှင့် ပြောရလျှင် ကျိုးနိုင်ငံဝမ်မိသားစုမှ အကြီးအကဲတစ်ယောက် အနားယူသွားလျှင် ဝမ်ဝမ်းရှန်က သူ့နေရာကို အစားထိုးရောက်လာမည် ဖြစ်သည်။ သူ့ကို ဘုရင်ကြီးက အလွန်ယုံကြည်နေသည့်အတွက် အခွန်ရေးရာအမတ်ကြီးအဖြစ် ရာထူးပေးထားခြင်း ဖြစ်၏။

နောက်ထပ်တစ်ခုကတော့ ရွမ်ယုရှု၏ အဘိုး (၉) ဖြစ်သော ရွမ်ကန်က လန်းယာ့ ရွမ်မိသားစုကို ကိုယ်စားပြုအနေနှင့် လွှတ်တော်ထဲတွင် ရှိနေသည်။ ကျန်ရှိနေသော နေရာ (၃) ခုတွင်တော့ လော့ရန် ကျိုးမိသားစုနှင့် တခြားသော အစွမ်းထက် သိုင်းသခင်များ သို့မဟုတ် ယပ်တောင် (၆) လက်ကျောင်း၏ စုံစမ်းရေးမှူးချုပ် စစ်မာရှီနှင့် ဘုရင်ကြီးကို သစ္စာရှိသော နန်းတွင်းမှူးမတ်များ ရှိနေကြသည်။

လွှတ်တော်ခန်းမ၏ အဖွဲ့သား (၁၁) ယောက်ကလွဲလျှင် ဘုရင်ကြီးကို ဒူးမထောက်ကြသောသူများမှာ ကွေချင်းယုကဲ့သို့ ထိပ်တန်း အထက်တန်းလွှာမိသားစုမှ ပညာရှင်များနှင့် အရေးပါသော အဖွဲ့သားများ ဖြစ်ကြသည်။

မုန့်ချီကတော့ ရှေ့ဆုံးတန်းတွင် ပါဝင်ခြင်းမရှိဘဲ အနောက်ဘက်တွင်သာ နေရသည်။ ရုတ်တရက်ဆိုသလို သူ့မျက်လုံးထဲတွင် တစ်စုံတစ်ယောက်ကို မြင်လိုက်ရ၏။ အိမ်ရှေ့မင်းသား၏နောက်တွင် ဘုန်းတော်ကြီး (၂) ပါး လိုက်လာခဲ့သည်။ သူတို့ကတော့ သာမန်ရုပ်ရည်သာရှိပြီး မျက်ခုံးကောင်းကောင်းနှင့် မျက်လွှာချထား၏။ သူတို့က အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ထိုအရာကတော့ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်ရှိသွားသည့်အတွက် လူငယ်မှတ်တမ်းမှ ပျောက်ကွယ်သွားသော ဗုဒ္ဓလက်ဝါး ရွှမ်ကျန်း ဖြစ်သည်။

"ဆရာဦးလေးငယ်နဲ့ အိမ်ရှေ့မင်းသားတို့က အတူတူ ရောက်လာကြတာလား။ ရှောင်လင်ကျောင်းတော်က သူတို့ရဲ့ရပ်တည်ချက်ကို ပြသလိုက်ပြီး ဗုဒ္ဓလမ်းစဉ်ဖြစ်တဲ့ အိမ်ရှေ့မင်းသားကို ထောက်ခံနေတာလား…"

မုန့်ချီက အတော်လေးကို ထိတ်လန့်သွားခဲ့၏။

ထိုအရာကတော့ အလွန်အရေးပါသော သတင်းတစ်ခု ဖြစ်သည်။ လော်အဖွဲ့အစည်းမှ ဓမ္မဘုရင်ကလွဲလျှင် ကျင်းအင်ပါယာထဲ၌ ဓမ္မကာရအဆင့် ပညာရှင် (၃) ယောက် ရှိသည်။ သူတို့က အဆင့်မြင့် ခရမ်းဝိညာဉ် ကွေချင်းဟယ်နှင့် နဂါးကိုယ်တော် ကုံဝမ် ဖြစ်သည်။ တည်ငြိမ်အေးချမ်းသော ရှောင်လင်ကျောင်းတော်က နောက်ဆုံးတွင်တော့ ကမ္ဘာကြီး၏ပြဿနာများနှင့် ပါဝင်ပတ်သက်နေခြင်းပေလော။

မုန့်ချီက လှုပ်ရှားသွားသည့်အပြင် ဘုရင်ကြီးကပင် အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး စုလီနှင့် စုယွဲ့တို့ကလည်း မျက်နှာပျက်သွားကြ၏။ ထိုအရာက ယပ်တောင် (၆)လက်ကျောင်းတွင် ရှုပ်ထွေးသော အခြေအနေတစ်ရပ် ဖြစ်နိုင်သည်။ ထိုအရာက နွေခေါင်ခေါင် မိုးကြိုးပစ်လိုက်သလိုလည်း ဖြစ်နေခဲ့၏။

အိမ်ရှေ့မင်းသား၏ အနားတွင် ရှိနေသော တခြားကိုယ်တော်ကတော့ အသက် (၃၀) အရွယ်ရှိနေပြီး မထင်မရှား ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။ လက်ထဲတွင်တော့ ပုတီးတစ်ကုံးကို ကိုင်ထားခဲ့၏။ သူ၏မျက်နှာ ပုံပန်းသဏ္ဍာန်က ပျော့ပျောင်းပြီး တည်ငြိမ်သည်။ နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။ သူက မြေကြီးကိုသာ စူးစူးနစ်နစ် စိုက်ကြည့်နေပြီး ပုရွက်ဆိတ်များကို စိတ်ဝင်စားနေသလို ထင်မှတ်ရသည်။ သူက လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်နေကြောင်း မုန့်ချီက သိနေသည့်အတွက် သူ၏အဆင့်အတန်းက ထင်ရှားနေသည်။

မင်းသား ကျင်းကျိုးရီကလည်း အနည်းငယ် မျက်နှာပျက်သွား၏။ သူ့နောက်တွင်တော့ အဆုံးမဲ့ဓား ရန်ချုံ လိုက်လာခဲ့သည်။ ကျိုးဟမ်၏ အမူအရာကတော့ ပုံမှန်သာ ဖြစ်၏။ သူ့အနားတွင်တော့ ပြင်ပပညာရှင်တစ်ယောက် ရပ်နေ၏။ သူက အသက် (၅၀) အရွယ်တွင် လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်ကို ရောက်ရှိနေသည့်အတွက် သူ့အောက်တွင် မည်သူမျှ မရှိတော့ပေ။

အဆင့်မြင့်ခရမ်းရောင်ဓား ကွေကျီ၊ နန်းတွင်းပညာရှင် ဖန်းချန်းမြောင်၊ ရွမ်မိသားစုမှ ရွမ်ယုရှု၊ ဝမ်မိသားစုမှ ဝမ်ကိုက်နှင့် ဟွမ်ဟွာဓားဂိုဏ်းမှ ချီကျန်းရန်တို့ အားလုံးကလည်း အဖွဲ့ထဲတွင် ပါလာခဲ့၏။ မုန့်ချီက လူအုပ်ကြီးကို စစ်ဆေးကြည့်နေသည့်အချိန်တွင် လူတစ်ယောက်ကို သတိထားမိသွား၏။

"ဒေါ်လေးပိုင်လား..."

အလွန်ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသည့်အပြင် သာမန်ရုပ်ရည်ထက် ကျော်လွန်နေသော ပိုင်လျှံရှန်းက ပိုင်မိသားစုမှ အကြီးအကဲများ၏ ဆက်သွယ်မှုနှင့် ရောက်လာခဲ့သည်။

ဒေါ်လေးပိုင်က သူ့ကို ခေါင်းညိတ်ပြလိုက်ပြပြီး သူမ၏မျက်လုံးထဲတွင် တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်နေသလို ထင်မှတ်ရ၏။ သူမက လူငယ်မှတ်တမ်း၏ နံပါတ်(၁)ဖြစ်သော မုန့်ချီကို စိန်ခေါ်ချင်နေပုံရသည်။

ဘုရင်ကြီး၏မြင်းက ကျောက်စိမ်းသစ်တောဥယျာဉ်ထဲသို့ ဝင်ရောက်လာသည့် အချိန်တွင် ဧည့်သည်တစ်ယောက်ချင်းဆီက စင်မြင့်ပေါ်တွင် ထိုင်လိုက်ကြသည်။ အောက်ဘက်တွင်တော့ လှုပ်ရှားနေသော မြစ်ပြင်ကြီး၊ ကွင်းပြင်ကြီးနှင့် တစ်ဖက်တွင်တော့ ကြည်လင်နေသော ရေကန်ကြီးတစ်ခု ရှိနေသည်။ အဝေးတွင်တော့ သစ်သီးရနံ့များ ပြည့်နှက်နေသော သစ်တောကြီးတစ်ခု ရှိ၏။

မုန့်ချီရှိနေသော စင်မြင့်ကတော့ ကျိုးနိုင်ငံ ဝမ်မိသားစုမှ လူများနှင့် လော့ရန်မှ တခြားသော အထက်တန်းလွှာမိသားစု အနည်းငယ် ရှိနေသည်။ သူတို့က အချင်းချင်း နှုတ်ဆက်နေကြ၏။

"ဘယ်နှစ်ရက်မှတောင် မရှိသေးဘူး။ အစ်ကိုက လူသားနဲ့ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်သွားပြီ။ ဂုဏ်ယူပါတယ်…"

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

ဝမ်ကိုက်၏ လေးထောင့်ကျကျမျက်နှာက ပို၍အသားမည်းသွားပုံရပြီး သူက နေလောင်ဒဏ်နှင့် မုန်တိုင်းဒဏ်ကို ခံစားခဲ့ရပုံပေါ်သည်။ သူက အပြုံးနှင့် ပြန်ပြောလိုက်၏။

"မင်းကမှ အဆင့်ကျော်ပြီး တက်သွားသလိုပဲ…ရှောင်မုန့်။ မင်းက အချိန်တိုလေးအတွင်း လူသားနဲ့ကောင်းကင်တစ်သားတည်းအဆင့်ကို ရောက်သွားပြီ…"

"လူတိုင်းမှာ မတူညီတဲ့ လမ်းကြောင်းတွေ ရှိကြတယ်လေ…"

မုန့်ချီနှင့် ဝမ်ကိုက်တို့က စကားပြောနေရင်း ထိုင်လိုက်ကြသည်။ သူတို့က ဘုရင်ကြီး၏စကားကိုလည်း နားထောင်နေကြ၏။

သူတို့က အချင်းချင်း နှုတ်ဆက်လိုက်ပြီးနောက် ဘုရင်ကြီးက ရယ်လိုက်သည်။

"နောက်ပိုင်းမှာ လူငယ်ပါရမီရှင်တွေ အများကြီးပေါ်လာတာကို ကြားရတဲ့အတွက် ငါကိုယ်တော်လည်း ဝမ်းသာမိတယ်။ ဒါကြောင့် ငါကိုယ်တော်က သူတို့ကို ဆုံတွေ့ရအောင် သစ်သီးပွဲတော်ကို ကျင်းပပေးခဲ့တာ။ ငါကိုယ်တော်က ပြိုင်ပွဲ(၄) ခု စဉ်းစားထားတယ်။ လူတိုင်းက ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ်တယ်။ ပထမဆုံးပြိုင်ပွဲကတော့ တေးဂီတ၊ ကျားထိုး၊ ပန်းချီ၊ လက်ရေးအနုပညာနဲ့ လူတစ်ယောက်ရဲ့ခံစားချက်တွေကို ထုတ်ဖော်နိုင်တဲ့ ပြိုင်ပွဲပဲ။ ဒီနေရာမှာ ထိုင်နေတဲ့ ပါရမီရှင်တွေထဲမှာ ဘယ်သူအရင်ဆုံးလာမလဲ သိချင်သေးတယ်…"

ဘုရင်ကြီး၏စကားကို ကြားသည့်အခါ မုန့်ချီက အနည်းငယ် ရှုံ့မဲ့သွားခဲ့သည်။ သစ်သီးပွဲတော်က ထင်ထားသလို လွယ်ကူမှု မရှိနိုင်ပေ။ သိုင်းပညာကလွဲလျှင် သူက မည်သည့်အရာကို ယှဉ်ပြိုင်နိုင်မည်နည်း။

ဝမ်ကိုက်က ခေါင်းညိတ်ပြီး ပြုံးပြလိုက်၏။

"ရှောင်မုန့် မင်းမှာ ပြသဖို့ စွမ်းရည်တစ်ခုခုရှိလား…"

"လေချွန်တာကိုရော စွမ်းရည်အဖြစ် သတ်မှတ်နိုင်လား…"

မုန့်ချီက ရှုံ့မဲ့ပြီး ပြောလိုက်၏။

ဝမ်ကိုက်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"တကယ်လို့ မင်း လေချွန်တဲ့အသံက ငှက်ကလေးတွေကို သီချင်းဆိုလာအောင် လုပ်နိုင်ပြီး နတ်သမီးတွေ ကခုန်လာအောင် လုပ်နိုင်တယ်ဆိုရင်တော့ အဲဒါကို ထည့်တွက်လို့ရတယ်…"

သူတို့ (၂) ယောက်၏ စကားကြောင့် ဘေးနားတွင် ထိုင်နေသူများက ပြုံးလိုက်မိကြလေသည်။

Translated by Hein Htet

All Chapters