အခန်း (၄၉၁)
Vol. 33 Ch. 491
ဘုရင်ကြီးက ထပ်ဖြည့်ပြောလိုက်သည်။
"ဝေ့ကျင်းအဆင့်ထက် ကျော်လွန်နေတဲ့ စွမ်းအားဖြစ်စဉ်တွေက မေးခွန်းထုတ်စရာ မလိုအပ်ဘူး။ ဒါပေမယ့် ငါတို့တွေက အနုပညာစွမ်းရည်ကိုလည်း စဉ်းစားသင့်တယ် မဟုတ်လား…"
မုန့်ချီက မျက်ခုံးပင့်လိုက်မိပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ခဏကြာစဉ်းစားကြည့်လိုက်ပြီးနောက် ထိုအရာက ပြီးပြည့်စုံသော ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များဖြစ်သည့် ရွှမ်ကျန်းနှင့် ပေညာရှင်များကလည်း သစ်သီးပွဲတော်ကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း နားလည်သွားခဲ့သည်။
"စွမ်းရည်ယှဉ်ပြိုင်ပွဲ…"
ထိုအရာက စွမ်းရည်မျိုးစုံကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ အကယ်၍ တိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ရှိနေမည်ဆိုလျှင်တော့ အနိမ့်ဆုံး သူ့ကိုယ်သူ ခုခံကာကွယ်၍ ရနိုင်သည်။ သို့သော် သူကတော့ ပို၍ကောင်းမွန်သော အခွင့်အရေးတစ်ခုကို လိုအပ်နေသေး၏။
"ဒီပြိုင်ပွဲရဲ့အနိုင်ရသူက ပြီးပြည့်စုံတဲ့ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်နေတဲ့ အစ်ကိုကျိုးများ ဖြစ်နိုင်မလား…။ ဒါပေမယ့် ငါတို့က အဲဒီလိုလည်း စဉ်းစားလို့ မရနိုင်သေးဘူး။ ပြိုင်ပွဲမစခင် အလွန်အကျွံ တွေးတောလိုက်တာက ငါတို့ရဲ့ကံကြမ္မာတွေကို ရှုပ်ထွေးသွားစေနိုင်တယ်…"
"အစ်ကိုကျိုးက အချိန်အတော်ကြာ သူ့ကိုယ်သူ အဆင့်မမြှင့်ဘူးဆိုရင်တောင် ရွှမ်ကျန်းနဲ့ဒေါ်လေးပိုင်တို့ကို လျှော့တွက်လို့မရဘူး။ သူတို့က ဒီအဆင့်မှာ အရမ်းကို ထူးချွန်ထက်မြက်တဲ့ စွမ်းရည်ရှိနေပြီး အားနည်းချက် အရမ်းနည်းတယ်။ ပြောရမယ်ဆိုရင် အနိုင်ရနိုင်ဖို့ အခွင့်အရေးက အရမ်းနည်းတယ်…"
ထိုကဲ့သို့ စဉ်းစားကြည့်လိုက်ရာ ထိုတာဝန်ပြီးဆုံးရန်အတွက် သံသရာအရှင်သခင် ပေးအပ်သော ကံကြမ္မာအမှတ်(၁၅၀၀)က အခက်အခဲနှင့် ယှဉ်လိုက်လျှင် နိမ့်ကျကြောင်း နားလည်သွားခဲ့၏။ သစ်သီးပွဲတော်ထဲတွင် တိုက်ခိုက်သော တိုက်ပွဲများ၌ တခြားသော ကန့်သတ်ချက်များ သို့မဟုတ် တခြားပုံစံများ ရှိနေမည်လော။
မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေသည့််အချိန်တွင် အဆုံးမဲ့ဓား ရန်ချုံက မြေကွက်လပ်ထဲသို့ ဖြည်းညင်းစွာ ထွက်လာကြောင်း ဝမ်ကိုက်က မြင်လိုက်ရ၏။
"အရေးကြီးဆုံးအရာက လူတစ်ယောက်ရဲ့အကျင့်စရိုက်နဲ့ ခန္ဓာကိုယ် စိတ်အခြေအနေကို ထိန်းသိမ်းနိုင်မှုပဲလို့ ဘုရင်ကြီးက ပြောခဲ့ဖူးတယ်။ အခုတော့ သာမန်စွမ်းရည်ပြိုင်ပွဲတစ်ခုကတောင် လုံလောက်ပုံမရဘူး။ ခံစားချက်တွေကို ထုတ်ဖော်ပြသနိုင်တဲ့ စွမ်းရည်တစ်ခုခုလည်း လိုအပ်နေသေးတာပဲ။ အဲဒီလိုစွမ်းရည်မျိုး ရှိတဲ့သူတွေကတော့ ပိုပြီးတော့ အသာစီးရနိုင်တယ်…"
ထို့ကြောင့် အနုပညာစွမ်းရည်ရှိနေသော လူတစ်ယောက်က လူသစ်တစ်ယောက်နှင့် ယှဉ်လိုက်မည်ဆိုလျှင် သူတို့၏ စွမ်းရည်ကိုပြသရန် အခွင့်ကောင်းတစ်ခု ရှိနိုင်သည်။ မုန့်ချီက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး သူ၏ ဂုဏ်သိက္ခာအပေါ် သံသယဝင်နေသည့်အရာများကို ဖယ်ရှားလိုက်သည်။
ရန်ချုံက လေတဟူးဟူး တိုက်ခတ်နေသော မြစ်ဆုံဆီသို့ ချဉ်းကပ်လာသည်ကို ကြည့်နေခဲ့ကြ၏။
"ရန်ချုံက ဘယ်လိုအနုပညာစွမ်းရည်မျိုး ပိုင်ဆိုင်ထားတာလဲ…"
ရန်ချုံက မထင်မရှား ကျောင်းတစ်ကျောင်းမှ ဖြစ်ကြောင်း မုန့်ချီက သိနေသည်။ အကယ်၍ သူ့ဆီ၌ စွန့်စားခန်းများ ရှိနေလျှင်ပင် သူကလည်း မုန့်ချီကဲ့သို့ဖြစ်နေပြီး စောင်း၊ ကျား ၊ လက်ရေးအနုပညာနှင့် ပန်းချီ ပညာရပ်(၄)မျိုးကို ကျွမ်းကျင်မှု မရှိနိုင်ကြောင်း သိနေ၏။
သူ ပြောလိုက်သည့်အချိန်တွင် မင်းသား ကျင်းကျိုးရီ၏ အစေခံက မီးဖိုတစ်လုံး၊ ရေနွေးခွက်တစ်ခွက် ၊ လက်ဖက်ခြောက်နှင့် တခြားသောပစ္စည်းများကို စားပွဲလေးတစ်ခုနှင့်အတူ ယူဆောင်လာခဲ့ကြသည်။
ဝမ်ကိုက်က သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်၏။
"ကြည့်ရတာတော့ ရေနွေးကြမ်းတည်ခင်းဧည့်ခံခြင်း အနုပညာပဲ။ အဲဒါလည်း အဆင်ပြေတာပဲ…"
ဘုရင်ကြီးက ထိုအနုပညာ(၄)မျိုးကိုသာ ကန့်သတ်ထားခြင်း မရှိကြောင်း မုန့်ချီက ချက်ချင်း အမှတ်ရသွားခဲ့၏။ ထိုအရာက သူတို့၏အဆင့်အတန်းကို ပြသရန် စွမ်းရည်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး မတူညီသော အခြေအနေအရပ်ရပ်အပေါ် မူတည်၍ အနိုင်ရသူကို ဆုံးဖြတ်မည်ဖြစ်သည်။
မုန့်ချီကတော့ ပညာရှင်တစ်ယောက်ကဲ့သို့ ရေနွေးတည်ခင်းဧည့်ခံရန် ဟန်ဆောင်ခဲ့ဖူးသည်ကို အမှတ်ရသွားပြီး အတော်လေးဝမ်းသာသွားသလို ခံစားလိုက်ရသည်။
ရန်ချုံက ဘုရင်ကြီးကို ဦးညွှတ်လိုက်ပြီး မီးတောက်နှင့် ရေကို အပူပေးလိုက်သည်။ ထို့နောက် သူ၏ဓားသွားက လှုပ်ရှားသွားပြီး ရေနွေးခွက်ကို မြှောက်၍ လက်ဖက်ခြောက်ရွက်များကို ရွေးချယ်လိုက်သည်။
အလွန်သဘာဝဆန်သော သူ၏ လှုပ်ရှားမှုများထဲတွင် ဓားမောက်အရှိန်အဝါများ ပါဝင်နေပြီး ထိုအရာက နှေးကွေးသော်လည်း နည်းစနစ်ကျနေသည်။ ထိုမြင်ကွင်းကို ကြည့်နေသူများကတော့ သူတို့၏ စိတ်ဝိညာဉ်က တည်ငြိမ်အေးချမ်းသွားသလို ခံစားလိုက်ရ၏။ သူက ရေနွေးဆူပွက်သည့်အချိန်ထိ စောင့်နေပြီးမှ ရေနွေးများကို ငှဲ့ထည့်လိုက်သည်။
ရန်ချုံ၏ ရေနွေးတည်ခင်းဧည့်ခံခြင်းစွမ်းရည်က ထူးခြားသောအဆင့်တစ်ခုကို ရောက်နေခဲ့၏။ သူ့ဆီတွင် ယုံကြည်ချက်များ ပြည့်နှက်နေပြီး တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်နိုင်စွမ်းပင်ရှိသည်။
ရန်ချုံက ရေနွေးပြင်ဆင်နေရင်း တည်ငြိမ်စွာ ပြောလိုက်၏။
"ဘုရင်ကြီးအတွက် ရေနွေးကြမ်း တည်ခင်းပါရစေ…"
ထို့နောက် ရေနွေးခွက်က သူ့လက်ထဲမှ ထွက်သွားပြီး ဘုရင်ကြီးဆီသို့ ပျံသန်းသွားခဲ့သည်။ ထိုရေနွေးခွက်က လေထဲတွင် အလွန်အမင်းကို တည်ငြိမ်နေပြီး သင့်တင့်သောအရှိန်နှင့် ပျံသန်းသွားခဲ့၏။ အလွန်အမင်း လျင်မြန်ခြင်းလည်း မရှိချေ။ ထိုအရာက နွေဦးရာသီ မြစ်ထဲ၌ မျောပါနေသော ပုလင်းလေးများကဲ့သို့ ဖြစ်နေ၏။
ထိုအရာက လေထဲတွင် အချိန်တော်တော်ကြာ ဖြတ်သန်းသွားခဲ့သော်လည်း ရေတစ်စက်မျှ ကျမသွားခဲ့သည့်အတွက် ရန်ချုံ၏ ချီစွမ်းအင်နှင့် စွမ်းရည်ကိုပြသရန် လုံလောက်နေသည်။ ထို့ပြင် သူ၏လှုပ်ရှားမှုကို ကမ္ဘာမြေကြီး၏အစွမ်းများကလည်း လှုံ့ဆော်ပေးနေသည့်အတွက် ကြည့်နေသူများ၏ မျက်လုံးထဲတွင် အလွန်ထူးခြားနေ၏။
မိန်းမစိုး ကောင်းကျင်းကျုံးက ရေနွေးခွက်ကို ကြားဖြတ်ယူလိုက်ပြီး ဘုရင်ကြီးကို ကမ်းပေးလိုက်သည်။ ဘုရင်ကြီးက ရေနွေးကိုသောက်ပြီး အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။
"တကယ့်ကို ရေနွေးကောင်းပဲ။ ပြီးတော့ တော်တော်တည်ငြိမ်တဲ့ ရေနွေးဧည့်ခံရေးစွမ်းရည်ပဲ…"
ထို့နောက် ဝမ်ကိုက်က ထပ်ပြောလိုက်သည်။
"အစ်ကိုရန်ရဲ့ လှုပ်ရှားမှုက တော်တော်ကို အစွမ်းထက်ပြီး ရည်ရွယ်ချက်ရှိတယ်။ ရေနွေးဖန်တီးတဲ့အချိန်မှာလည်း သူ့ရဲ့လုပ်ရပ်တွေထဲမှာ တည်ငြိမ်မှုကို ခံစားရတယ်။ အဲဒါကြောင့် သူ့ရဲ့စိတ်အခြေအနေနဲ့ လှုပ်ရှားမှုက ရေနွေးတည်ခင်းဧည့်ခံရေး လျှို့ဝှက်ချက်တွေကို အမှန်တကယ် နားလည်နေကြောင်း ပြသနေတာပဲ။ သူ့ရဲ့နည်းလမ်းတွေ တိကျတဲ့လှုပ်ရှားမှုတွေက တကယ့်ကို ပျော်ရွှင်အေးချမ်းစေပြီး တည်ငြိမ်မှုကို ပေါ်လာစေနိုင်တယ်…"
"ကောင်းပါတယ်…"
မုန့်ချီကတော့ ရန်ချုံ၏ ရေနွေးဧည့်ခံရေးစွမ်းရည်ကို မည်သို့မှတ်ချက်ပေးရမှန်း မသိခဲ့ပေ။ မည်သို့ဖြစ်စေကာမူ သူကတော့ ရေနွေးတည်ခင်းရန်အကြံကို လက်လျော့လိုက်၏။ သူ၏ စွမ်းရည်က ရန်ချုံထက် နိမ့်ကျခြင်းမရှိကြောင်း သိနေသော်လည်း သူက ထိုကဲ့သို့အရာမျိုးကို မလုပ်ချင်တော့ပေ။
ထိုသို့ဆိုလျှင် သူက မည်သည့်စွမ်းရည်ကို ပြသရမည်နည်း။ သူက ဘုရင်ကြီးကို သီချင်းဆိုပြရမည်လော။ သို့မဟုတ် လက်ရေးပန်းချီကဲ့သို့ ဓားသိုင်းပညာတစ်ချို့ကို ပြသရမည်လော။
သူ့ခေါင်းထဲ၌ စဉ်းစားနေသည့်အချိန်တွင် မြေကွက်လပ်ကြီးက နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။ ထိုအရာကို မူလတုန်းက စဉ်းစားနေခဲ့သော လူပေါင်းများစွာကလည်း ယခုတော့ ထိုအတွေးကို လက်လျှော့လိုက်ကြသည်။ သူတို့က ရေနွေးဧည့်ခံရေးစွမ်းရည်တွင် ရန်ချုံကို ယှဉ်နိုင်ရန် ခက်ခဲမည်ဟု ခံစားမိနေကြ၏။
ထိုအရာက ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲလိုက်သလို ဖြစ်နိုင်ပြီး သူတို့အပေါ် ဘုရင်ကြီးက အဆိုးမြင်လာနိုင်၏။ ထို့ပြင် မယှဉ်ပြိုင်ရသေးခင် ထုတ်ပယ်ခံရခြင်းထက် စောင့်ကြည့်နေခြင်းက ပို၍ကောင်းသည်။ တစ်ဖက်တွင်တော့ ဒေါ်လေးပိုင်က ထိုကဲ့သို့ အနုပညာစွမ်းရည်ကို ပြသရန် စိတ်ကူးလုံးဝရှိပုံမရချေ။
ထိုအချိန်တွင် ရွှမ်ကျန်းက အိမ်ရှေ့မင်းသား၏ ဘေးမှနေ၍ ရှေ့ကို ထွက်လာပြီး စာရေးမည့်ပစ္စည်းများကို တောင်းဆိုလိုက်သည်။ ထို့နောက် လက်အုပ်ချီပြီး ဦးညွှတ်လိုက်၏။
"လက်ရေးစွမ်းရည်…"
မုန့်ချီက သူ့ရှေ့တွင် ချထားသော ရေနွေးခွက်ကို ဆော့ကစားနေခဲ့သည်။
ရွှမ်ကျန်းက အနက်ရောင်စာရွက်တစ်ခုကို ဖြန့်လိုက်၏။ ထို့နောက် လေထဲသို့ ပစ်လိုက်ပြီး အလိုက်သင့် ခုန်လိုက်သည်။ သူကတော့ မည်သည့်အရာကိုမျှမသုံးခဲ့ဘဲ စာရွက်ပေါ်တွင် မှင်စက်များကို ကြဲချလိုက်၏။ ကြည့်နေသူများအတွက်တော့ ထိုပြသမှုက အပေါ်ယံထင်ရသည်။
သို့သော် ရွှမ်ကျန်းကတော့ သူလုပ်နေသည့်အရာကို လုံးဝအလေးထားနေခဲ့သည်။ သူက လှုပ်ရှားမှုတိုင်းကို တည်တည်ငြိမ်ငြိမ် လုပ်ဆောင်နေပြီး စာရွက်ပေါ်တွင် သူ၏ စုတ်ချက်များက ကြာပန်းပွင့်လေးများကဲ့သို့ ဖြစ်နေ၏။
ကောင်းကင်ပေါ်မှ ဗုဒ္ဓဆင်းသက်လာသည့်အလား စာရွက်နှင့်လူက ကမ္ဘာမြေကြီးပေါ်သို့ ကျရောက်လာခဲ့သည်။ ခြေထောက်က မြေပြင်နှင့် ထိသွားသည့်အချိန်တွင် ရွှမ်ကျန်းက စာရွက်ကို တွန်းလွှတ်လိုက်ရာ စာရွက်ပေါ်တွင် ရေးထားသောစာများ ပေါ်လာခဲ့သည်။
"အဘယ်ကြောင့်ဆိုသော် ဖြစ်စဉ်တွေအားလုံးက ပုံရိပ်ယောင်တစ်ခု အိပ်မက်တစ်ခု ရေမြှုပ်တစ်ခုနဲ့ အရိပ်တစ်ခုလိုပါပဲ။ ရေစက်လေးတွေက လျှပ်စီးကြောင်းတစ်ခုလိုပဲ။ ဒါကြောင့် မင်းတို့က အဲဒီအရာတွေကို သေချာအလေးထားသင့်တယ်…"
စကားလုံးတစ်ခုဆီတိုင်းတွင် ကိုယ်ပိုင်ဟန်တစ်ခုဆီ ရှိနေပြီး မတူကွဲပြားစွာ ရေးသားထားခြင်း ဖြစ်သည်။ ထိုအရာများက ဖြစ်နိုင်ချေရှိသော စကားလုံးများ၏ အနှစ်သာရကို ပြသနေပြီး အနုပညာဆန်စွာ ရေးသားထားသည်။ မည်သည့်စကားလုံးကိုမျှ ထပ်ခါတလဲလဲပြန်ရေးထားခြင်း မရှိချေ။
အလွန်များပြားလွန်းလှသော လက်ရေးပုံစံမျိုးစုံကို စာရွက်တစ်ရွက်ထဲတွင် ပေါင်းစည်းထားခြင်းက ရှုပ်ထွေးနိုင်သော်လည်း ထိုကဲ့သို့သာ ဆိုလိုနေသည်။ ထိုအရာက အဓိပ္ပါယ်ရှိပြီး နူးညံ့သိမ်မွေ့သော အတွေးအခေါ် အနုပညာတစ်ခုကို အာရုံခံစားနိုင်၏။
စကားလုံးတစ်ခုဆီတိုင်းတွင် ကိုယ်ပိုင်ဟန်ရှိနေပြီး တချိန်တည်းလိုလိုပင် ပုံသဏ္ဍာန်မရှိသလို ခံစားရသည်။ သူ၏ အနှစ်သာရကမှ အမှန်တကယ်ကို ထူးခြားလှ၏။
ဝမ်ကိုက်က ခံစားချက်ပြည့်နှက်စွာ တီးတိုးရေရွတ်လိုက်သည်။
"ရှောင်လင်ကျောင်းတော်ရဲ့ တောင်တစ်ဝက်စံအိမ်မှာ ရှိနေတဲ့ ကျမ်းစာကို ပြန်လည်ဖန်တီးထားတာပဲ။ ကိုယ်တော်ရွှမ်ကျန်းရဲ့ ဓမ္မလေ့လာမှုတွေကိုကြည့်ပြီး တည်ငြိမ်အေးချမ်းမှုကို မြင်တွေ့နိုင်တယ်…"
မုန့်ချီကိုယ်တိုင်လည်း ထိုကျောက်ပြားကို အလွန်သဘောကျခဲ့ဖူးသည်။ ထိုလက်ရေးကတော့ မတူညီသော ခံစားချက်များကို ပေးနိုင်၏။
"အဲဒါက တိုးတက်မှုနည်းပေမယ့် အတွေးအခေါ်ပညာတွေ ရှိနေတယ်။ သိပ်ပြီးထူးခြားတာတော့မရှိဘူး။ အဲဒါတွေက တစ်ခုနဲ့တစ်ခု မတူပေမယ့် ဗုဒ္ဓက နေရာတိုင်းမှာ ရှိနေတယ်ဆိုတာကိုတော့ တချိန်တည်းမှာ သက်သေပြနေပြန်တယ်…."
မတူညီသော လူ(၂)ယောက် ရေးသားထားသော စကားလုံးတစ်ခုက အထက်တန်းလွှာ မိသားစုမှ တပည့်များကို အတွေးအခေါ်ပညာနှင့် ပတ်သက်ပြီး မတူညီသော အဓိပ္ပါယ်များ ပေးစွမ်းနိုင်သည်။ သူတို့က ထိုအရာကို နက်နက်ရှိုင်းရှိုင်း ရှာဖွေခြင်းမရှိဘဲ အဓိပ္ပါယ်ကို နားမလည်နိုင်ပေ။
ဝမ်ကိုက်က သက်ပြင်းချလိုက်မိ၏။
"နဂိုတုန်းကတော့ ငါကိုယ်တိုင်လည်း တစ်ခုခုကို ရေးပြဖို့ စဉ်းစားထားတာ ဒါပေမယ့် အခုကိုယ်တော်ရွှမ်ကျန်းရဲ့လက်ရေးကို မြင်လိုက်ရတဲ့အချိန်မှာ ငါက စာရေးစုတ်တံကိုတောင် ကောက်မကိုင်ရဲတော့ဘူး…"
ထိုအရာက လူတိုင်းလုပ်နိုင်သော လက်ရေးမူ မဟုတ်ချေ။ မုန့်ချီကလည်း ဓားနှင့်လက်ရေးပြသရန် အခြေအနေကို လက်လျှော့လိုက်သည်။ သူကတော့ သူ၏ ဝမ်းနည်းမှု ၊ စိတ်ပျက်မှုများကို ဖုံးကွယ်ထားခဲ့၏။
ဘုရင်ကြီးက ရွှမ်ကျန်းကို ချီးကျူးပြီး ပြောလိုက်သည်။
"ကိုယ်တော်က ဗုဒ္ဓလမ်းစဉ် အနှစ်သာရတွေကို တော်တော်နားလည်နေတာပဲ…"
ဘုရင်ကြီးက ရှောင်လင်ကျောင်းတော်က ကိုယ်တော်များနှင့် ရင်ဆိုင်ရာတွင် အတော်လေးကို ထိန်းသိမ်းထားသည်။ သူက မကျေနပ်မှုများကို ပြသခဲ့ခြင်း မရှိချေ။
ရွှမ်ကျန်းက အသံတိုးတိုးနှင့် ရေရွတ်ပြီး ပြောလိုက်၏။
"လူတိုင်းမှာ ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိကြပါတယ်။ ဒါပေမယ့် မတူညီတဲ့စိတ်ကူးတွေပေါ် မူတည်ပြီး ဗုဒ္ဓကို တွေ့မြင်နိုင်ဖို့တော့ ခက်ခဲတယ်။ ဗုဒ္ဓလမ်းစဉ်ကို လိုက်နာတဲ့ ငါတို့တွေကတော့ လူအများရှေ့မှာလည်း ဗုဒ္ဓလမ်းစဉ်ကို မဆန့်ကျင်ကြဘူး။ ငါတို့က အတိတ်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲပေါင်းစုံကို ဖြတ်ကျော်နိုင်တဲ့ နည်းလမ်းတွေ ရှာဖွေဖို့ပဲ ဆန္ဒရှိတယ်…"
လူတိုင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုသို့ဆိုလျှင် အိမ်ရှေ့မင်းသား၏ နည်းလမ်းက သာမန်နည်းလမ်းနှင့် ကွဲပြားမှု မရှိခြင်းပေလော။ ထိုသို့ဆိုလျှင်ပင် လူတစ်ယောက်၏အမြင်က ဂိုဏ်းနှင့် အထက်တန်းလွှာမိသားစုများ၏ ကြားတွင် ရှိနေသော ပဋိပက္ခများကို ဖယ်ရှားရန် မလုံလောက်သေးပေ။
အထက်တန်းလွှာ မိသားစုဝင် တစ်ယောက်ချင်းက အချင်းချင်း ပြန်ကြည့်နေမိကြသည်။ ထိုဂိုဏ်းများက နှစ်ပေါင်းများစွာ ရှိနေပြီး နန်းတွင်းထဲကို ဝင်ရောက်ရန် ဆန္ဒရှိကြသည်။
သို့သော် အိမ်ရှေ့မင်းသားကဲ့သို့ ဧရာမငါးကြီးတစ်ကောင်ကို ကြုံတွေ့လိုက်ရသည့် အချိန်တွင် သူတို့က အလွန်သတိထားရန် လိုအပ်၏။ ထို့ကြောင့်ပင် ဂိုဏ်းများက သူ့ကို သူတို့၏စာရင်းထဲမှ ဖယ်ရှားထားရခြင်းဖြစ်သည်။ မျှမျှတတ ပြောရမည်ဆိုလျှင် အိမ်ရှေ့မင်းသား၏ ဘေးတွင် ရှိနေသော ဘုန်းတော်ကြီးကတော့ သူ၏ ယုံကြည်မှုများကို ပြသကြေညာနိုင်ပြီး ဗုဒ္ဓနိုင်ငံတော်တစ်ခုတည်ဆောက်ရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြသနေသည်။ ယခုတော့ စိတ်ကူးယဉ်ခြင်းက သေခြင်းတရား ဖြစ်သွားနိုင်သည်။
ရွှမ်ကျန်းက အိမ်ရှေ့မင်းသား၏ စင်မြင့်ဆီကို ပြန်လျှောက်သွားလိုက်ပြီးနောက် မြေကွက်လပ်ထဲကို ဆင်းလာချင်သူက တဖြည်းဖြည်းပို၍ နည်းပါးသွားသည်။ သူတို့အားလုံးက ရွမ်မိသားစုဆီကိုသာ လှည်ကြည့်လိုက်ကြ၏။ ယခုအချိန်တွင် မြစ်အရှေ့ပိုင်းတွင် ရှိနေသော ရွမ်မိသားစုမှ သခင်မလေးက စွမ်းရည်ပြသရန် အချိန်ရောက်ပြီဖြစ်သည်။
ရုတ်တရက်ဆိုသလို ရယ်သံတစ်ခု ထွက်လာခဲ့၏။ လူတစ်ယောက်က လေထဲကို ပျံသန်းလာပြီး ကွင်းပြင်၏ အလယ်တွင် ဆင်းသက်လိုက်သည်။ ထိုအရာကတော့ အဆင့်မြင့်ခရမ်းရောင်ဓား ကွေကျီဖြစ်သည်။ သူက အပြုံးနှင့် ဦးညွှတ်လိုက်ပြီး သူ့လက်ထဲတွင် ခရမ်းရောင် ကျောက်စိမ်းပုလွေတစ်ချောင်း ပေါ်လာသည်။
သူက ပုလွေပေါ်သို့ နှုတ်ခမ်း တင်လိုက်ပြီး သာယာငြိမ့်ညောင်းသော အသံတစ်ခုကို ထုတ်ဖော်လိုက်၏။ ပုလွေသံက တဖြည်းဖြည်းနှင့် အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး ရေလှိုင်းများဆီသို့ ပျံ့နှံ့သွားခဲ့သည်။ ထိုအချိန်တွင် ရေလှိုင်းများ ထွက်ပေါ်လာပြီး လှိုင်းလုံးများက မြင့်လိုက်နိမ့်လိုက်ဖြစ်နေ၏။
စမ်းချောင်းထဲတွင် ရှိနေသော လှေဦးပေါ်တွင် လူတစ်ယောက် ရပ်နေသလို ခံစားနေကြရသည်။ သူတို့အားလုံးက ပင်လယ်ကြီးနှင့် မိုးကုတ်စက်ဝိုင်းကို မြင်တွေ့နိုင်ပြီး တခြားမည်သည့်အရာကိုမျှ မတွေ့ရတော့ပေ။ အလွန်ကျယ်ပြန့်လွန်းလှသော ပင်လယ်ကြီးထဲတွင် လှေတစ်စီးတည်းသာ ရှိနေခဲ့၏။
ပုလွေသံက တဖြည်းဖြည်း တိုးသွားပြီး ပင်လယ်ကြီးက တည်ငြိမ်သွားသည်။ ခံစားချက်များကလည်း စတင်ထွက်ပေါ်လာခဲ့၏။ အခြေအနေ၊ လှပမှုနှင့် သံစဉ်များအားလုံးက ထူးခြားစွာ ပေါင်းစပ်လာပြီး လူအနည်းစုက ဝမ်းနည်းမှုကို ခံစားလာရ၏။
မြစ်ရေစီးဆင်းမှုက နှေးကွေးသွားသလို ထင်မှတ်ရပြီး ရေကန်ကြီးက တည်ငြိမ်သွားသည်။ သစ်တောထဲတွင် ရှိနေသော ငှက်များက တေးဆိုမှု ရပ်တန့်သွားပြီး သူတို့၏ ပတ်ပတ်လည်တွင် တည်ငြိမ်မှုသာ ရှိနေသည်။ ထိုအသံ၏ အကြွင်းအကျန်များကတော့ လူတစ်ဦးချင်းဆီ၏ နှလုံးသားထဲတွင် ဆက်လက်ရှိနေသေးပြီး မည်သူကမျှ စကားမပြောနိုင်ကြပေ။
"မနက်ဖြန်ကျရင်တော့ ငါက လှေသွားစီးဦးမယ်။ ငါက ပုလွေသံထဲမှာ မျောပါသွားပြီး အဲဒီအရာတွေကို တကယ်ခံစားမိနေသလိုပဲ…"
ဝမ်ကိုက်က သက်ပြင်းချလိုက်မိသည်။
"တကယ်လို့ ငါတို့က အနုပညာစွမ်းရည်တစ်ခုတည်းကို စဉ်းစားလိုက်မယ်ဆိုရင်တော့ အစ်ကိုကွေရဲ့ပြသမှုက ဗုဒ္ဓကိုယ်တော်ရွှမ်ကျန်းနဲ့ အစ်ကိုရန်တို့ထက်တောင် သာနေသေးတယ်။ ကြည့်ရတာတော့ သူတို့တွေရဲ့ကြားထဲမှာ ဆုံးဖြတ်ဖို့ အရမ်းခက်ခဲမယ်ထင်တယ်…"
သူက မုန့်ချီကိုကြည့်ပြီး ပြောလိုက်၏။
"ငါက မြေကွက်လပ်ထဲကို သွားပြီး ပြသဖို့ စိတ်ကူးမရှိတော့ဘူး…"
မုန့်ချီကလည်း ငြင်းပယ်တော့မည့်အချိန်တွင် တစ်စုံတစ်ခုကို စဉ်းစားမိသွား၏။
"ဒါက အနုပညာ(၄)မျိုးထဲမှာ ကန့်သတ်မထားမှတော့ ငါလည်း ကြိုးစားကြည့်ချင်သေးတယ်…"
ဝမ်ကိုက်က အနည်းငယ်မှင်တက်သွားခဲ့သည်။
"မင်းက ဘာလုပ်ပြချင်တာလဲ လေချွန်ပြမှာလား…"
မုန့်ချီက အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရ၏။ သူက အစောပိုင်းတွင် ပေါ့ပေါ့ပါးပါးသာ ပြောခဲ့သော်လည်း သူက ဘာကြောင့် အလေးအနက် ခံစားနေရသနည်း။
ဘုရင်ကြီးက မှတ်ချက်ပေးပြီးနောက် ကွေကျီက သူ့ထိုင်ခုံကို ပြန်သွားခဲ့သည်။ ထို့နောက် လူအုပ်ကြီးက ရွမ်ယုရှုကို လှည့်ကြည့်လိုက်သည့်အချိန်တွင် လူတစ်ယောက်က ကွင်းပြင်ထဲသို့ ဆင်းလာခဲ့၏။ သူက လေထဲမှနေ၍ ဆင်းသက်လာသည်မှာ အင်မော်တယ် တစ်ပါးကဲ့သို့ ဖြစ်နေသည်။
"စုကျိယွမ် …
မင်းက ငါတို့အတွက် ဘယ်လိုစွမ်းရည်မျိုးကိုပြသမှာလဲ…"
ဘုရင်ကြီးက အနည်းငယ် အံ့ဩသွား၏။ မုန့်ချီက ကွင်းပြင်ထဲကို ဆင်းလာလိမ့်မည်ဟု သူလည်း ထင်မထားခဲ့ချေ။
မိုးကြိုးဓား ဒေါသကိုယ်တော် ၊ မဆင်မခြင်ကိုယ်တော်နှင့် သတ်ဖြတ်ရေးဓားဟူသော သိုင်းလောကနာမည်များအရ သူက အနုပညာစွမ်းရည် ပိုင်ဆိုင်ထားသော လူတစ်ယောက် မဟုတ်နိုင်ပေ။
လူတိုင်းက အံ့အားသင့်စွာ ကြည့်နေကြသည့်အချိန်တွင် မုန့်ချီကတော့ တည်ငြိမ်နေခဲ့၏။ သူက မြစ်ကမ်းဘေးတွင် ရှိနေသော သစ်သားတုံးတစ်တုံးကို ကောက်ယူလိုက်သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏လက်ဖဝါးကို ဓားပုံသဏ္ဍာန်ဖန်တီး၍ သစ်သား၏မျက်နှာပြင်ပေါ်တွင် ထွင်းထုနေခဲ့သည်။
သူက အစောပိုင်းတွင် ဓားရုပ်သေးကို စဉ်းစားမိခဲ့၏။ ထို့ပြင် ဆရာကြီးလုက သစ်သားရုပ်များ ထုလုပ်ခဲ့သည်ကို ပြန်လည်စဉ်းစားမိသွားခဲ့သည်။
ထိုအချိန်တွင် ဘေးမှကြည့်နေသူများကပင် တည်ငြိမ်အေးချမ်းမှုကို ခံစားနေခဲ့၏ ။ အာရုံစူးစိုက်ခြင်းက စကားလုံးနှင့် ပြောပြ၍ မရသောအရာတစ်ခု ဖြစ်သည်။ ပန်းပုထုခြင်းကလည်း အနုပညာဆန်သော စွမ်းရည်တစ်ခုဖြစ်၏။
"ငါ့ဆီကနေ သင်ယူတဲ့သူတွေက တိုးတက်လာနိုင်တယ်။ ဒါပေမယ့် ငါလုပ်တဲ့အရာတွေကို နားမလည်တဲ့သူတွေကတော့ ဘာမှရမှာ မဟုတ်ဘူး…"
မုန့်ချီက ထိုစကားလုံးများကို စိတ်ထဲတွင် ရေရွတ်လိုက်သည်။ သူ၏ စိတ်အခြေအနေကိုလည်း တည်ငြိမ်အေးချမ်းသော ရေကန်တစ်ခုသဖွယ် တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ပန်းပုကို မနှေးမမြန် ထုဆစ်နေခဲ့၏။
ယနေ့တော့ သူက ယခင်တုန်းကကဲ့သို့ အနက်ရောင်ဝတ်စုံမဟုတ်ဘဲ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်အတွက် သူလုပ်နေသည့်အရာနှင့်ပို၍ သင့်တော်လှသည်။ သူက မြေပြင်ပေါ်တွင် ထိုင်နေသော်လည်း ထိုနေရာကို ရှိနေသည်ဟု သတ်မှတ်ခဲ့ခြင်း မရှိချေ။ ထိုအစား သူ့ပုံစံက ဤကမ္ဘာကြီးနှင့် တစ်သားတည်းဖြစ်နေသလို ခံစားနေရ၏။
ဝမ်ကိုက်နှင့် ကြည့်နေသူများကတော့ မုန့်ချီလုပ်နေသည့်အရာများကို မစဉ်းစားမိကြပေ။ မုန့်ချီ၏ပန်းပုပညာက ထူးခြားမှုမရှိသလို အနုပညာ ခံစားချက်များလည်း ခံစားရခြင်း မရှိချေ။ ထိုအရာက သာမန်အလုပ်တစ်ခုပမာ ဖြစ်နေ၏။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ တစ်စုံတစ်ခု လွဲမှားနေကြောင်း သူတို့က ခံစားလာရ၏။ သူတို့က မုန့်ချီ၏လက်ဟန်လှုပ်ရှားမှုများကို စိတ်ဝင်စားနေခဲ့၏။ သူက အလွန်အာရုံစူးစိုက်နေပြီး သူတို့ကိုယ်တိုင်လည်း အလားတူ အာရုံစူးစိုက်မိလာကြောင်း တွေ့လာရ၏။
ထိုကဲ့သို့ အာရုံစူးစိုက်မှုက စိုးရိမ်မှုများအားလုံးကို ဖယ်ရှားနိုင်သည်။ သူတို့ကို ဒေါသဖြစ်စေနိုင်သော အကြောင်းအရာအားလုံးက ပျောက်ကွယ်သွားခဲ့၏။ သူတို့၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကလည်း တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။
ထိုအရာက ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက်သာ ရနိုင်သော ခံစားမှုတစ်ခုမဟုတ်ပေ။ ဝေ့ကျင်းတစ်ဝက်အဆင့်နှင့် ဝေ့ကျင်းအဆင့် ပညာရှင်များကပင် ခံစားမိနေခဲ့၏။
မည်သူကမျှ စကားမပြောနိုင်ကြပေ။ ထိုနေရာတွင် ရေစီးသံများနှင့် ငှက်အော်သံများကလွဲလျှင် အရာအားလုံးက တိတ်ဆိတ်နေခဲ့၏။ သူ၏ ဓားပုံသဏ္ဍာန်လက်ဝါးနှင့် ဓားတိုပုံသဏ္ဍာန်လက်ချောင်းလေးများက အလိုက်သင့် စီးမျောနေပြီး လိုအပ်သည်များကို ပြောင်းလဲနေသည်။ သူ၏ အာရုံစူးစိုက်မှုက ကြည့်နေသူများ၏ စိတ်ဝိညာဉ်ကို သန့်စင်ပေးနေသလို ခံစားရ၏။
အချိန်တော်တော်ကြာပြီးနောက် သူ့လက်ထဲတွင် ရှိနေသော ပန်းပုရုပ်က ပြီးဆုံးသွားခဲ့သည်။ ထိုပန်းပုရုပ်တွင် ကိုယ်ပိုင်ထူးခြားမှုများရှိနေကြောင်း ဘုရင်ကြီးကလည်း ခံစားနေရ၏။ လူအုပ်ကြီးက တည်ငြိမ်အေးချမ်းသွားခဲ့ပြီး အခြေအနေကို နားလည်လာသည်နှင့်အမျှ သူတို့၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာခဲ့သည်။
မုန့်ချီက ပန်းပုရုပ်ကို ဘုရင်ကြီးဆီသို့ ပစ်ပေးလိုက်သည်။ ထိုအရာက လေထဲတွင် တိတ်တဆိတ် လှုပ်ရှားလာပြီး ခရီးလမ်းတစ်လျှောက် အလွန်ချောမွေ့နေသလို ထင်မှတ်ရ၏။ သူ့လက်ထဲတွင် ရှိနေသော ပန်းပုရုပ်ကိ ုပြသလိုက်ပြီးနောက် သူက နောက်တစ်ကြိမ် သက်ပြင်းချပြီး ပြောလိုက်သည်။
"ဒီလိုအာရုံစိုက်မှုမျိုးနဲ့ သိုင်းပညာကို လေ့လာမယ်ဆိုရင် တကယ့်ကြိုးစားအားထုတ်မှုရဲ့ရလဒ်ကို ရမှာပဲ…"
မုန့်ချီက ဦးညွှတ်ပြီး ထိုင်သည့်နေရာကို ပြန်သွားခဲ့သည်။
ဝမ်ကိုက်က သူ့ကိုကြည့်ပြီး အံ့အားသင့်စွာ ပြောလိုက်၏။
"ဓားသိုင်းပညာ၊ ဓားရှည်သိုင်းပညာတွေကို အဆင့်မြှင့်ဖို့အတွက် အာရုံစူးစိုက်မှုလိုအပ်တယ်လို့ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်က ပြောခဲ့ဖူးတယ်…"
မုန့်ချီက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ သူက ဆရာကြီးလု၏ အဆင့်ကို မရောက်သေးသည့်အတွက် သူ၏အရှိန်အဝါကို တုပ၍ မရနိုင်ပေ။ သူကတော့ မူလအခြေအနေကို ပြန်ရောက်ခြင်းဟူသော အစွမ်းကိုသာ သုံးထားခဲ့၏။ တစ်ခုတည်းသော ပြသနာကတော့ သူက ပန်းပုထုခြင်းပညာကို လေ့လာထားခြင်း မရှိခဲ့သည့်အတွက် ကောင်းမွန်စွာ ထုလုပ်နိုင်သည်ဟု မခံစားရပေ။ ထိုအရာတွင် အလှတရားတစ်ခု ရှိနေသော်လည်း အသက်ရှိနေသလို မခံစားရချေ။
လူအုပ်ကြီးက ကြည့်နေကြသည့်အချိန်တွင် ရွမ်ယုရှုက သူမ၏ စောင်းကို ပိုက်ပြီး စင်မြင့်ပေါ်မှ ဖြည်းညင်းစွာ ဆင်းလာခဲ့၏။
Translated by Hein Htet.