အခန်း (၄၉၂)
Vol. 33 Ch. 492
သူမ၏စောင်းကို သယ်ဆောင်ထားရင်း အဖြူရောင်ဝတ်စုံလေး ဝတ်ထားသော ရွမ်ယုရှုက စင်မြင့်ပေါ်မှ ညင်သာစွာ ဆင်းသက်လာခဲ့သည်။ သူမ၏ခြေလှမ်းများက နှေးကွေးပြီး ရည်ရွယ်ချက်များ ပြည့်နှက်နေသလို ထင်မှတ်ရ၏။
သူမကတော့ အလွန်တည်ငြိမ်အေးချမ်းသော အမူအရာနှင့် မြေကွက်လပ်ဆီကို လျှောက်လာနေခြင်း ဖြစ်သည်။ သူမက ဘုရင်ကြီးကို အရိုအသေ ပေးလိုက်ပြီးနောက် ဒူးထောက်ထိုင်လိုက်ပြီး သူမ၏ဒူး (၂) ဖက်ပေါ်တွင် စောင်းကို တင်လိုက်သည်။
သက်သောင့်သက်သာရှိခဲ့သော မုန့်ချီ၏ပုံစံနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သူမ ထိုင်လိုက်သည့်နေရာက ပို၍တည်ငြိမ်အေးချမ်းသလို ခံစားနေရ၏။ မြေပြင်ကြီးက အညစ်အကြေး မရှိသလို ဖြစ်နေပြီး အဖြူရောင် လနန်းတော်ထဲကို ကျရောက်သွားသလို ဖြစ်နေခဲ့၏။ သူမ၏လှုပ်ရှားမှုတိုင်းက အေးစက်ပြီး တည်ငြိမ်နေသည့်အတွက် လူတိုင်းက သူမ၏စွမ်းဆောင်ရည်ကို မျှော်လင့်တကြီး စောင့်ကြည့်နေကြသည်။
"ပါရမီရှင်တစ်ယောက်ဆိုတာက တကယ့်ကို ထူးခြားလွန်းတာပဲ…"
မုန့်ချီက စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
သူမက ဘယ်လက်ကို ကြိုးပေါ်သို့ တင်လိုက်ပြီး ညာလက်ချောင်းလေးများနှင့် သံစဉ်တစ်ခုကို စတင်တီးခတ်လိုက်သည်။ ထိုအချိန်တွင် လူတိုင်း၏ ခေါင်းထဲတွင်တော့ ဘဲငန်းတစ်ကောင် ပျံသန်းနေသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
သူမ တီးခတ်လိုက်သည့်အချိန်တွင် မုန့်ချီ၏ ခေါင်းထဲတွင်လည်း မြင်ကွင်းတစ်ခုက ဖြည်းညင်းစွာ ပေါ်ပေါက်လာခဲ့၏။ ထိုအရာက ဆောင်းဦးရာသီ ကောင်းကင်ကြီးကို အာရုံခံစားမိခြင်း ဖြစ်သည်။ သူ့ရှေ့တွင်တော့ ကြီးကျယ်ခမ်းနားသော ခရီးလမ်းတစ်ခုကို ခံစားမိနေခဲ့၏။
ထိုမြင်ကွင်းက စောင်းဖြစ်ပြီး စောင်းကလည်း မြင်ကွင်း ဖြစ်သည်။ ထိုအရာများက ယခုပေါ်လာခဲ့သော အပြာရောင်ကောင်းကင်ကြီးနှင့် အလွန်လိုက်ဖက်ညီလွန်းလှ၏။ ထို့ပြင် သူ့စိတ်ထဲတွင် မြင်နေရသော မြင်ကွင်းများက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။
ငှက်ကလေးများက တေးဆိုနေပြီး လေထဲတွင် အုပ်လိုက်ပျံသန်းနေကြသည်။ တစ်ခါတစ်ရံ ဘေးဘက်သို့ ပျံသန်းသွားပြီး တစ်ခါတစ်ရံ စက်ဝိုင်းပုံသဏ္ဍာန် ပျံသန်းနေကြ၏။ ထိုသို့ဆိုရာတွင် သွားချည်ပြန်ချည် လုပ်ဆောင်နေသည့်အတွက် ထိုအရာများက ပို၍စစ်မှန်နေသလို ခံစားနေရသည်။
မုန့်ချီက ခေါင်းထဲတွင် တစ်ပိုင်းတစ်စပေါ်လာသော အစစ်အမှန်သဘောတရားကို သဘောကျနေသည့်အချိန်တွင် သစ်တောထဲမှနေ၍ အပြာရောင်ငှက်ကလေးများ တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာခဲ့သည်။ သူတို့က ရွမ်ယုရှု၏ခေါင်းပေါ်တွင် စက်ဝိုင်းသဖွယ် စတင်ပျံသန်းနေကြပြီး စောင်းသံနှင့်အတူ လိုက်ပါလှုပ်ရှားနေကြ၏။
စောင်းသံထဲတွင် အလွန်လှပသော ဆောင်းဦးရာသီ မြင်ကွင်းမျိုးပေါ်လာပြီး ကြည်လင်နေသော ရေကန်တစ်ခု၊ ကုန်းပေါ်တွင် ရှိနေသော လာဗန်ဒါပန်းပွင့်လေးများက လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
တပွက်ပွက် လှုပ်ရှားနေသော ရေမြုပ်လေးများကလည်း စိတ်လှုပ်ရှားစရာ ကောင်းနေပြီး ရေကန်၏မျက်နှာပြင်က တဖြည်းဖြည်းကြည်လင်လာ၍ အပြာရောင် ကောင်းကင်ကြီးနှင့် တိမ်တိုက်များက ရောင်ပြန်ဟပ်နေသည်။
ထိုအရာကတော့ ကောင်းကင်ကြီးပေါ်တွင် ငှက်များ ပျံသန်းနေပြီး ရေပြင်ထဲတွင် ကောင်းကင်ကြီး၏ပုံရိပ် ပေါ်နေသော မြင်ကွင်းလှလှလေးတစ်ခု ဖြစ်သည်။ အလွန်တည်ငြိမ်အေးချမ်းသောသံစဉ်က တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ပြီး လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်နှင့် ပေါင်းစပ်၍ သူမ၏အနုပညာ စွမ်းရည်များကို ပေါင်းစပ်ထားခဲ့သည်။
စောင်းသံက အနည်းငယ် ပျော့ပျောင်းသွားပြီး ငှက်ကလေးများက တစ်ကောင်နှင့် တစ်ကောင်ကြည့်၍ စောင်းဘေးနားတွင် နားလာကြသည်။ စောင်းသံကလည်း လေထဲတွင် အဆုံးအစမဲ့ ထိုးဖောက်လာနေပြီး ငှက်ကလေးများက သီချင်းသီဆိုနေ၍ သစ်တောထဲကို ပြန်ချင်စိတ်ပင် ရှိပုံမရတော့ချေ။
ထိုအရာက လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်နှင့် ပေါင်းစပ်ပြီး တည်ငြိမ်းအေးချမ်းသော မြင်ကွင်းတစ်ခုကို ဖော်ကျူးထားခဲ့၏။ ထိုအရာများက သူမ၏ကိုယ်ပိုင် အတွေးအမြင်များနှင့် ပေါင်းစပ်နေပြီး အရာအားလုံးက သဘာဝအတိုင်း ဖြစ်နေခဲ့သည်။
အချိန်တော်တော်ကြာပြီး နောက်ဆုံးမှသာ ဘုရင်ကြီးက သက်ပြင်းချပြီး ထပ်ပြောလိုက်သည်။
"ဒီသံစဉ်က ကောင်းကင်ဘုံက စေလွှတ်တဲ့ အသံလိုမျိုးပဲ။ ဒီလိုရှားပါးတဲ့သံစဉ်မျိုးက စောင်းနဲ့ ဖန်တီးနိုင်လိမ့်မယ်ဆိုတာ ယုံကြည်ပေးဖို့တောင် ခက်ခဲလွန်းလှတယ်…"
ဝမ်ကိုက်ကတော့ ဆောင်းရာသီ လေထဲတွင် ငှက်များ ပျံသန်းနေသည့် မြင်ကွင်းနှင့် တည်ငြိမ်အေးချမ်းသော ခံစားမှုထဲတွင် ဆက်လက် နစ်မျောနေသေးပုံရ၏။
"ဒီလိုထူးခြားပြီး လန်းဆန်းစေတဲ့ ခံစားမှုမျိုး...။ ဒီလိုစိတ်အေးချမ်းစေတဲ့ ဆောင်းရာသီမြင်ကွင်းမျိုးက ငါတို့ရဲ့နှလုံးသားတွေကို အေးချမ်းသွားစေခဲ့တယ်။ ငှက်ကလေးတွေကိုပါ စက်ဝိုင်းသဖွယ် ဝိုင်းရံလာအောင် သယ်ဆောင်ပေးနိုင်တဲ့စွမ်းရည်၊ ရေကန်ကြီးကတောင် ကောင်းကင်နဲ့ထိစပ်အောင် ဖန်တီးပေးနိုင်တဲ့စွမ်းရည်၊ ဒီနေ့တော့ ဘယ်သူမှ အဲဒီစွမ်းရည်ကို မကျော်နိုင်တော့ဘူး။ သူက တကယ့်ကို လူသားနဲ့ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်သွားပြီ။ ဒါပေမဲ့ သူ့ရဲ့စောင်းပညာကလည်း ပါရမီရှိတယ်…"
မုန့်ချီကတော့ ထိုကိစ္စကို မတူညီသောအမြင်နှင့် သက်ပြင်းချလိုက်မိသည်။
ထိုအချိန်တွင် မည်သူကမျှ ထိုသံစဉ်ကို စိန်ခေါ်ရဲခြင်း မရှိတော့ပေ။
"ရွမ်ယုရှုက ပြိုင်ပွဲ (၄) ခုမှာ အနုပညာပြိုင်ပွဲရဲ့ အနိုင်ရသူအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် ကန့်ကွက်မယ့်သူရှိသေးလား…"
ဘုရင်ကြီးက လူတိုင်းကို လှည့်ကြည့်လိုက်သည်။
ကန့်ကွက်သံ မကြားရသည့်အတွက် ပထမပြိုင်ပွဲတွင် ရွမ်ယုရှုက အလွယ်တကူ အနိုင်ရသွားခဲ့သည်။ ရလဒ်အနေနှင့် သူမက တော်ဝင်အရက်တစ်ခွက်ကို သောက်ခွင့်ရခဲ့၏။
ဘုရင်ကြီးက သူ ထိုင်နေသော ထိုင်ခုံလက်ရန်းကို ညင်သာစွာ ပုတ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင်လည်း ကျေနပ်နေသော အပြုံးတစ်ခု ပေါ်လာခဲ့၏။
"ဒုတိယပြိုင်ပွဲကတော့ ငါကိုယ်တော် စိတ်ဝင်စားတဲ့ပစ္စည်းတစ်ခုနဲ့ ပတ်သက်နေတယ်။ စကားလုံးမဲ့ကျောက်တိုင်...။ မင်းတို့အားလုံးက မင်းတို့ရဲ့မျိုးဆက်မှာ လူအများစုထက် သာလွန်နေပြီး ကမ္ဘာမြေကြီးကို နားလည်နိုင်တဲ့ ထူးခြားစွမ်းရည်လေးတွေ ရှိကြတယ်။ ရလဒ်အနေနဲ့ မင်းတို့က စိတ်ဝိညာဉ်ကျင့်ကြံမှုတွေကို စဉ်းစားဖို့ အချိန်နည်းနည်းပဲပေးနိုင်ကြတယ်။ ဒီပြိုင်ပွဲကတော့ မင်းတို့တွေကို ကျောက်တိုင်ဆီကနေ လေ့လာဖို့ အခွင့်အရေးတစ်ခု ပေးလိုက်ပြီး ဘယ်သူက အများဆုံး နားလည်နိုင်လဲဆိုတာကို ဆုံးဖြတ်ပေးမယ်…"
"စကားလုံးမဲ့ကျောက်တိုင်လား..."
နန်းတွင်းထဲရှိ အဆင့်မြင့် မှူးမတ်ကြီးများ၊ ဤနေရာတွင် ရှိနေကြသော အထက်တန်းလွှာ မိသားစုများနှင့် လူငယ်များ အားလုံးကတော့ ဘာပြောရမှန်း မသိတော့ဘဲ အလွန်ထိတ်လန့် အံ့ဩသွားကြ၏။
သူတို့က အချင်းချင်း တီးတိုးပြောနေမိကြပြီး ကွေချင်းယုနှင့် လွှတ်တော်ခန်းမထဲတွင် ရှိနေသော ပညာရှင်များ၊ ဘုရင်ကြီးနှင့် နီးစပ်သော အရေးပါသေးသူများကပင် ထိုစကားလုံးကြောင့် ဇဝေဇဝါ ဖြစ်သွားကြ၏။
မုန့်ချီကတော့ သေချာနားမလည်သည့်အတွက် ဘုရင်ကြီးပြောသော စကားများကို သေချာမသိချေ။
"စကားလုံးမဲ့ကျောက်တိုင်ဆိုတာက ရှေးဟောင်းကောင်းကင်ခုံရုံးထဲမှာ ရှိခဲ့ဖူးတယ်လို့ ပြောခဲ့တယ်။ တိတိကျကျ ပြောရမယ်ဆိုရင်တော့ အဲဒီအရာက နတ်ဘုရားလက်နက်တစ်ခုလို့ သတ်မှတ်နိုင်တယ်…"
ဝမ်ကိုက်က ဧည့်သည်တစ်ယောက်ကို ရှင်းပြသည့်အလား မုန့်ချီကို ပြောပြလိုက်သည်။
"နတ်ဘုရားလက်နက်လား..."
ထိုစကားကို ကြားသည့်အချိန်တွင် မုန့်ချီက အံ့ဩသွားခဲ့သည်။
ဝမ်ကိုက်က မမောနိုင်မပန်းနိုင် အမူအရာနှင့် ဆက်ပြောလိုက်၏။
"သူ့ရဲ့တန်ဖိုးကို ဆွေးနွေးရမယ်ဆိုရင်တော့ အဲဒီလိုအစွမ်းမျိုးရှိတဲ့ တခြားဘာပစ္စည်းမှမရှိဘူး။ အဲဒါက တိုက်ခိုက်ဖို့အတွက် သုံးလို့မရဘူး။ ဒီကွင်းပြင်ထဲမှာရှိတဲ့ လူငယ်လေးတစ်ယောက်ကတောင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ကျင့်ကြံမှုကို ကျောက်တုံးနဲ့ ပေါင်းစည်းနိုင်ခြင်းက ပိုပြီးများပြားတဲ့အရာတွေကို နားလည်နိုင်ဖို့အတွက် သော့ချက်ပဲ။ အဲဒါက သူတို့ရဲ့သိုင်းပညာကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်ပြီး သူတို့ရဲ့ အခြေအနေကို အမြင့်ဆုံး စုစည်းဖို့ ကူညီပေးနိုင်တယ်။ အဲဒီစွမ်းရည်ကိုသုံးပြီး နတ်ဘုရားစွမ်းရည်တစ်ခုတောင် ဖန်တီးနိုင်ကြတယ်။ ဒါပေမယ့် လူတစ်ယောက်မှာ ရှိသင့်တဲ့အတွေ့အကြုံနဲ့အဆင့်တော့ ရှိဖို့လိုအပ်တာပေါ့…”
“အရင်တုန်းက ခန်းမင်းဆက်ကို အနိုင်ရခဲ့ပြီး ရင်မြို့ကို သိမ်းပိုက်လိုက်တဲ့အချိန်မှာ အင်ပါယာဓားကိုလည်း ရခဲ့တယ်။ ဒီတော့ မင်းဆက်တည်ထောင်သူက ဓားထဲမှာ ရှိတဲ့ လူသားတွေရဲ့သိုင်းပညာတွေအားလုံးကို ပေါင်းစပ်ပြီး ကမ္ဘာမြေ ထိတ်လန့်ခြင်း သိုင်းပညာကို ဖန်တီးခဲ့တယ်။ (၇) ရက်နဲ့ (၇) ညတိတိ လေ့လာပြီး နောက်ဆုံးမှာတော့ အဲဒီသိုင်းကျမ်းတွေအားလုံးကို ပေါင်းစပ်နိုင်ခဲ့တယ်။ ကမ္ဘာမြေ ထိတ်လန့်ခြင်း သိုင်းပညာ ထွက်ပေါ်လာတာက လူသားမျိုးနွယ် တိုးတက်လာဖို့ပဲ။ ပြီးတော့ ကောင်းကင်ဧကရာဇ်ရဲ့ ဓားသိုင်းပညာကလည်း ကပ်ဘေး (၈) သွယ်ကျင့်စဉ်ကနေ ဆင်းသက်လာခဲ့တာ…”
“ဒုတိယတစ်ခုကတော့ လူပေါင်းများစွာရဲ့အထောက်အပံ့ကို ရခဲ့တဲ့အတွက် မြန်မြန်ဆန်ဆန် တိုးတက်လာပြီး ပိုပြီးအစွမ်းထက်လာခဲ့တယ်။ သူ့ရဲ့ကျင့်စဉ်မှာလည်း အားနည်းချက်တွေ တဖြည်းဖြည်း နည်းလာပြီး တော်ဝင်မိသားစုရဲ့ ပင်မသိုင်းကျမ်းတစ်ခု ဖြစ်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး နန်းတွင်းမိသားစုထဲမှာ ဓမ္မကာရတစ်ဝက်အဆင့်ကို ရောက်နိုင်တဲ့ ပညာရှင်တွေ လုံးဝမပြတ်ခဲ့ဘူး…"
ထို့ကြောင့်လည်း မကောင်းဆိုးဝါးသခင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် ကျိုးကျင်းရှီ၏ စိတ်အခြေအနေက တဖြည်းဖြည်း ပြန်ကောင်းလာပြီး ဓမ္မကာရအဆင့်ကို ဆက်လက် တက်လှမ်းနိုင်သေးခြင်း ဖြစ်သည်။ မုန့်ချီက ယာယီအံ့ဩသွားခဲ့သော်လည်း ရင်ထဲတွင်တော့ ဝမ်းသာသွားသလို ခံစားနေရသေး၏။
"အာရုံခံစားခြင်းက ငါ့ရဲ့ကံကြမ္မာပဲ။ ဒီနေရာမှာ ဗုဒ္ဓလက်ဝါးကို ဘယ်သူကရော လက်ခံထားသေးလို့လဲ…"
ရွှမ်ကျန်းက မျက်ခုံးကြား ပင်မတံခါး ပွင့်နေသည့်အတွက် အသိအမြင်တချို့ ရနိုင်သော်လည်း သူ၏နားလည်မှုများက အလုံးစုံ မဟုတ်နိုင်သေးပေ။ မုန့်ချီကတော့ ထိုအရာများကို စဉ်းစားနေခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာနှင့် ပတ်သက်သော အရာများက တည်ငြိမ်ရန် လိုအပ်သည်။
ထိုအရာများက သူ၏အစွမ်းထက်သော အကျင့်စရိုက်ကို ဖော်ပြနိုင်၏။ အကယ်၍ မုန့်ချီက ကျောက်တိုင်ဆီမှ တစ်ခုခုကို နားလည်ခဲ့မည်ဆိုလျှင်ပင် သူ၏သိုင်းပညာ လေ့ကျင့်မှုတွင် အကျိုးသက်ရောက်မှု ရှိချင်မှသာ ရှိပါလိမ့်မည်။ အကယ်၍ ထိုအရာမှနေ၍ ကံကြမ္မာအမှတ်များ ရရှိနိုင်မည်ဆိုလျှင်တော့ တန်ကြေးရှိ၏။
အခြေအနေ အလှည့်အပြောင်းကြောင့် လူတိုင်းက အံ့သြသွားခဲ့ကြသော်လည်း သူတို့က ကွင်းပြင်ကြီးထဲကို ဆင်းလာရန် ပို၍ စိတ်ဝင်စားလာကြ၏။ စကားလုံးမဲ့ကျောက်တိုင် သို့မဟုတ် တော်ဝင်မိသားစု၏ လျှို့ဝှက်လက်နက်က အဖိုးမဖြတ်နိုင်ပေ။ ထိုအရာက အပြင်လူများကို ထိတွေ့ခွင့်ပေးသော အရာမျိုးလည်း မဟုတ်ချေ။ ယနေ့ ဘုရင်ကြီးက သစ်သီးပွဲတော်တွင် အမှန်တကယ် ထုတ်လာမည်ဆိုလျှင်တော့ သမိုင်းကြောင်းထဲတွင် ချရေးထားနိုင်သော အဖြစ်အပျက်တစ်ခု ဖြစ်သွားနိုင်သည်။
လက်ရှိအဆင့်တွင် စွမ်းဆောင်ရည်ရှိသော ပြိုင်ဘက်များကလည်း သူတို့၏ ဆုံးရှုံးမှုများကို ပြန်လည်စဉ်းစားလာကြပြီး အရေးကြီးသည့်အရာများကို စိတ်မဝင်စားတော့ပေ။ အကယ်၍ သူတို့က ကျောက်တိုင်ဆီမှ တစ်စုံတစ်ခုကို နားလည်လိုက်မည်ဆိုလျှင်ပင် သူတို့တစ်ဘဝလုံး အကျိုးအမြတ်များ ရှိနိုင်သည်။
မုန့်ချီ၏ မျက်နှာကတော့ ဝမ်းသာမှုကြောင့် ဝင်းလက်တောက်ပသွားခဲ့၏။ ထိုအရာကို မြင်သည့်အခါ ဝမ်ကိုက်ကလည်း ပြုံးလိုက်မိသည်။
"ရှောင်မုန့် …
မင်းက ယုံကြည်ချက် ရှိနေတာလား။ မင်းက သွားပြီး စမ်းသပ်မှာလား…"
နန်းမြို့တော်ထဲသို့ ရောက်လာပြီးနောက် သူက ဤနေရာတွင် စုမိသားစုဝင်အနေနှင့် ရောက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်ကိုက်က သူ့ကို ရှောင်မုန့်ဟု ပြောင်းလဲခေါ်ဆိုနေခြင်း ဖြစ်၏။
မုန့်ချီက မတ်မတ်ထိုင်ပြီး ချောင်းဟန့်လိုက်သည်။
"ဒီနေရာမှာ သူတို့ရဲ့ကံကို စမ်းသပ်ချင်နေတဲ့သူတွေ အများကြီး ရှိနေမှာပဲ။ ဒါကြောင့် ဘုရင်ကြီးကသာ ကန့်သတ်မထားဘူးဆိုရင် ကျွန်တော်ကတော့ သူတို့အလှည့်ပြီးအောင်စောင့်ပြီး နောက်ဆုံးမှပဲ သွားတာမကောင်းဘူးလား။ အကြီးမြတ်ဆုံး ယှဉ်ပြိုင်သူတွေက နောက်ဆုံးမှပဲ သူတို့ရဲ့အစွမ်းကို ထုတ်ပြကြတာ မဟုတ်လား…"
"မင်းရဲ့စကားကလည်း မဆိုးပါဘူး…"
ဝမ်ကိုက်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး ခဏစောင့်နေရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် ဘုရင်ကြီး၏လက်ထဲမှနေ၍ ကျောက်ပြားလေးတစ်ခုထွက်လာပြီး ထိုကျောက်ပြားက ကွင်းပြင်ကြီးထဲကို ပျံသန်းသွားခဲ့သည်။ ထိုကျောက်ပြားက မီးခိုးရောင်ဖြစ်နေပြီး ထိုကျောက်ပြားပေါ်တွင် မီးခိုးရောင် အက်ကွဲကြောင်းများစွာ ရှိနေသည်။
ထိုအရာက အပြင်ဘက်တွင် ဟောင်းနွမ်းနေသလို ထင်မှတ်ရ၏။ အပေါ်ဘက် မျက်နှာပြင်ပေါ်တွင်တော့ ပုံစံကွက်များ၊ လက်ရေးများ လုံးဝမရှိဘဲ ကြည့်ရှုလိုက်မည်ဆိုလျှင် လေးနက်သော ခံစားမှုတစ်ခုကို ခံစားမိနိုင်၏။ ထိုကဲ့သို့ ထူးဆန်းသော ရတနာမျိုးက ကြည့်လိုက်ရုံနှင့် တွင်းနက်ကြီးတစ်ခုကို ကြည့်နေရသလို ခံစားမိနိုင်သည်။
"လူတစ်ယောက်ကို အခွင့်အရေးတစ်ကြိမ်ရမယ်…"
ဘုရင်ကြီးက ထိုစကားလုံးကို ပြောလိုက်သည့်အချိန်တွင် နေရာမှထွက်သွားရန် ပြင်ဆင်နေကြသော သူရဲကောင်းများအားလုံးက ကျောက်တိုင်ကို နားလည်ခွင့်ရရန် အခွင့်အရေးအတွက် ချက်ချင်း တန်းစီရန် ရှေ့ထွက်လာကြသည်။
အထက်တန်းလွှာမိသားစုမှ ပါရမီရှင်များက အလွန်ဝမ်းသာနေကြပြီး ဘုရင်ကြီးက ဘာကြောင့် အလွန်ရက်ရောနေကြောင်း သူတို့လည်း နားမလည်နိုင်ကြတော့ပေ။
………………..
နန်းမြို့တော်၏ အပြင်ဘက်တွင်တော့ ဘိုးဘေးဒိုမူက သူမ၏ရုပ်ရည်ကို ပြောင်းလဲထားပြီး အင်္ကျီအပြာရောင် ဝတ်ဆင်ထား၏။ သူမ၏အနားတွင်တော့ အိုမင်းနေသော မျက်နှာအမူအရာနှင့် လူတစ်ယောက် ရှိနေပြီး သူကတော့ လမ်းပေါ်တွင် အခက်အခဲများ ကြုံတွေ့နေရသူ တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ထိုအရာကတော့ ရုပ်ဖျက်ထားသော သန့်စင်မှော်အရှင် ဖြစ်၏။
သန့်စင်မှော်အရှင်က သူတို့၏ လျှို့ဝှက်သင်္ကေတကိုသုံးပြီး ဆက်သွယ်လိုက်သည်။
"ကူရှောင်စန်းက နန်းတော်ထဲမှာ ရှိနေတဲ့အကြောင်းကို ဘိုးဘေးကွမ်ချန်းက အတည်ပြုထားတယ်။ လော်အဖွဲ့အစည်းလည်း အဲဒီမှာ ရှိနေလောက်တယ်…"
ဘိုးဘေးဒိုမူက နန်းတော်ကြီးကို စူးစူးနစ်နစ်စိုက်ကြည့်ပြီး တီးတိုးပြောလိုက်၏။
"လူတိုင်းက ပွဲတော်ကို တက်ရောက်နေမှတော့ အခု ငါတို့က ရဲရဲတင်းတင်း သွားသင့်ရဲ့လား…"
"ဟုတ်တယ်။ ကျွန်တော်တို့က အထဲကို ဝင်ကြမလား။ အခုအချိန်မှာ ရဲရဲတင်းတင်း ဝင်သွားတာက အကောင်းဆုံးဖြစ်နိုင်တယ်။ ဒီကိစ္စက မြန်မြန်လုပ်လေလေ ပိုပြီးတော့ ကောင်းလေလေပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ဓမ္မဘုရင်တူရှီကိုတောင် တွေ့ချင်တွေ့နိုင်တယ်…"
သန့်စင်မှော်အရှင်က မျက်မှောင်ကြုတ်လိုက်မိ၏။ လော်အဖွဲ့အစည်းမှ ဓမ္မဘုရင် တူရှီဟူသည်မှာ လေဟာနယ် ဓမ္မကာရအဆင့်ကို ရောက်ရှိထားသော ပညာရှင်တစ်ယောက် ဖြစ်သည်။
ဘိုးဘေးဒိုမူက ရှားရှားပါးပါး ပြုံးလိုက်၏။
"ခဏစောင့်ပြီး ဘာတွေဖြစ်မလဲ ကြည့်ကြတာပေါ့။ သူတို့က ဘာတွေလှည့်ကွက်ဆင်ထားတာလဲဆိုတာ ဘာမှမသိနိုင်သေးဘူး…"
သူမကတော့ တစ်စုံတစ်ခုကို သိထားသည့်အလား သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေခဲ့သည်။
သန့်စင်မှော်အရှင်က ပြန်မေးလိုက်၏။
"အရင်တုန်းကရော ဒီလိုကိစ္စမျိုး ဖြစ်ခဲ့ဖူးတာလား…"
ဘိုးဘေးဒိုမူက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဖြစ်ခဲ့ဖူးတယ်…"
………………
မွန်းတည့်ချိန်ကို ရောက်သည့်အချိန်တွင် နေလုံးကြီးက အထွဋ်အထိပ်ကို ရောက်လာခဲ့၏။ စကားလုံးမဲ့ကျောက်တိုင်ဆီသို့ လူငယ်များ တစ်ယောက်ပြီး တစ်ယောက် ချဉ်းကပ်သွားသော်လည်း မည်သည့်အရာမျှမရခဲ့ပဲ လက်ဗလာနှင့် ပြန်လှည့်လာကြရသည်။
ထို့ကြောင့် ထိုကျောက်တိုင်အိုကြီးက အမှန်တကယ် စွမ်းရည်မရှိသော အရာတစ်ခုဟုပင် လူတိုင်းက တွေးလာကြ၏။ နန်းတွင်းခုံရုံးတွင် အရေးပါသော မှူးမတ် အရေအတွက် နည်းပါးသည်။ ထို့ပြင် သူတို့က စားသောက်ပွဲတော်ကို ဧည့်သည်တစ်ယောက်ဆီသာ ခေါ်လာခွင့်ပေးထား၏။ ထို့ကြောင့် စကားလုံးမဲ့ကျောက်တိုင်ဆီမှ နားလည်နိုင်ရန် အခွင့်အရေး မရသော လူများ ရှိနေသေးသည်။
ဝမ်ကိုက်က သူ၏အခွင့်အရေးကို ရယူရန် ဆုံးဖြတ်လိုက်၏။ ယခု သူက ကျောက်တိုင်၏ရှေ့တွင် ရေနွေးခွက်နှင့်အတူ တင်ပြင်ခွေထိုင်နေပြီး မျက်လုံးမှိတ်ထား၏။ သူ၏အငွေ့အသက်များက အကြိမ်အနည်းငယ် လှုပ်ရှားသွားသော်လည်း သူ့ဆီတွင် လုံးဝပြောင်းလဲမှု မရှိခဲ့ပေ။ သူက မတ်တပ်ရပ်ပြီး ဦးညွှတ်လိုက်၏။
ထို့နောက် သက်ပြင်းချပြီး မုန့်ချီကို ပြောလိုက်သည်။
"ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆင့်မြင့်ဝိညာဉ်က အတွေးအခေါ်ပညာတွေကို စုစည်းလာနိုင်ပေမယ့် တစ်ခုခု လိုအပ်နေသလို ခံစားနေရတယ်။ အဲဒါက ဘယ်အရာကိုမှ စစ်ဆေးဖို့အတွက် သက်သေမပြနိုင်ဘူး…"
"ဒါဆိုရင် လမ်းကြောင်းပေါ်ကို ရောက်နေတဲ့သူတွေကပဲ တစ်စုံတစ်ခုကို နားလည်နိုင်မယ်လို့ ဆိုလိုချင်တာလား…"
ဝမ်ကိုက် ပြောချင်သည့် အဓိပ္ပါယ်ကို မုန့်ချီက ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်သည်။
ရွမ်ယုရှုကတော့ သူမ၏စောင်းနှင့်အတူ ကျောက်တိုင်၏ရှေ့တွင် ထိုင်နေခဲ့၏။ အချိန်တော်တော်ကြာပြီးနောက် သူမကလည်း ဘာမှမရဘဲ ပြန်လာခဲ့ရသည်။
ကွေကျီကတော့ သူ့ဓားကို ရှေ့တွင် ရေပြင်ညီချထားပြီး ကျောက်တိုင်၏ရှေ့တွင် ထိုင်နေခဲ့၏။ ထိုသို့ဆိုရာတွင် သူလည်း မည်သည့်အရာမျှ မရခဲ့ပေ။ လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်နေသော အိမ်ရှေ့မင်းသား၏ နောက်လိုက် ဘုန်းတော်ကြီးကလည်း မည်သည့်အရာမျှမရဘဲ ပြန်ထွက်သွားခဲ့ရ၏။
ထိုအချိန်တွင် ရန်ချုံက စင်မြင့်ပေါ်မှ ဆင်းသက်လာပြီး ကျောက်တိုင်အနားကို ချဉ်းကပ်လာခဲ့သည်။ ထို့နောက် သူ့ဓားကို ဒူးပေါ်သို့ တင်လိုက်ပြီး ကျောက်တိုင်၏ရှေ့တွင် တင်ပျဉ်ခွေထိုင်၍ မျက်လုံးမှိတ်လိုက်၏။
မုန့်ချီက တခြားသော အတွေးများကို ဖယ်ရှားပြီး သူ့ကို စူးစူးနစ်နစ် စိုက်ကြည့်လိုက်သည်။ ရန်ချုံက လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်ရှိနေသည်မှာ အချိန်အတော်လေး ကြာခဲ့ပါပြီ။ သူက ထိုအဆင့်တွင် ရောက်နေသည်မှာ မုန့်ချီထက်ပင် ပို၍ကြာရှည်လွန်းလှ၏။ ယခု သူက သူ၏လမ်းကြောင်းကို ရှာတွေ့သွားပြီး ခရီးလမ်းကို စတင်နေခြင်းရှိမရှိ မည်သူက သိနိုင်မည်နည်း။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး ရေနွေးတစ်ခွက်စာ အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့၏။ သို့သော် ကျောက်တိုင်နှင့် ပတ်ဝန်းကျင်ကလည်း မူလတုန်းက အတိုင်းသာ ဖြစ်နေသေးသည်။
ထို့နောက် ယခင်တုန်းကကဲ့သို့ မဟုတ်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ကျောက်တိုင်၏ အရှေ့တွင်လည်း အပြာရောင် စက်ဝိုင်းတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက အလွန်နက်ရှိုင်းသော သဘာဝတရားကြီးကို ပြသနေပြီး အတွင်းထဲတွင် မုန်တိုင်းတစ်ခု ရှိနေသလို ထင်မှတ်ရ၏။
လူအုပ်ကြီးကတော့ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
"ဘုန်း..."
ရေလှိုင်းကြီးများက ပေါက်ကွဲသွားပြီး ဓားမောက်အလင်းတန်းတစ်ခု လွတ်မြောက်လာခဲ့၏။ ရန်ချုံက လေထဲသို့ မြောက်တတ်လာပြီး ဖြည်းညင်းစွာ ပြန်လည်ဆင်းသက်လာခဲ့သည်။
သူ့ဆီတွင်တော့ ခံစားချက်များ ပြည့်နှက်လာပြီး အတော်လေးကို အံ့သြသွားခဲ့၏။
"ကျေးဇူးအများကြီးတင်ပါတယ် ဘုရင်ကြီး..."
"ကြည့်ရတာတော့သူက သူ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ရှာတွေ့ဖို့ နည်းနည်းပဲ လိုတော့တာပဲ။ ဒီနားလည်မှုကြောင့် သူက တစ်နှစ်စာလောက် သိုင်းပညာလေ့ကျင့်မှု သက်သာသွားပြီ။ ပြီးတော့ အနာဂတ်မှာ သူ့ရဲ့စွမ်းရည်ကလည်း အကြီးအကျယ် မြင့်တက်သွားတော့မှာ...။ ဒါတွေအားလုံးက ကွဲပြားမှုတော့မရှိဘူး…"
မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။
ရန်ချုံကဲ့သို့ ထင်ရှားမှုမရှိသော ဂိုဏ်းငယ်လေးတစ်ခုက လူတစ်ယောက်က ထိုကဲ့သို့ အဆင့်အတန်းမျိုး ရရှိနိုင်သည့်အတွက် သူက အမှန်တကယ် လေးစားနေမိ၏။ သူကတော့ တခြားလူများထက် ပို၍ခက်ခဲပြီး ပို၍ကြိုးစားရသည်။ အဆင့်တိုးတက်လာခြင်းက သူ့အတွက် အတော်လေးကို ရှားပါးလွန်းလှ၏။
ထို့ပြင် လမ်းကြောင်းတွေ့သွားခြင်းကလွဲလျှင် ထိုလမ်းကြောင်းကို ကိုယ်တိုင် လျှောက်မလျှောက်လည်း စဉ်းစားရဦးမည် ဖြစ်၏။ ယခု ဟယ်ကျူးတို့ မရှိတော့သည့် အချိန်တွင် သူက ကံတရားတစ်ခုတည်းကိုသာ အားကိုး၍မရသည့်အပြင် ဆက်လက် အဆင့်တက်ရန်အတွက် သေခြင်းရှင်ခြင်း အခြေအနေများကိုလည်း ရင်ဆိုင်ရန် လိုအပ်နေသေးသည်။
ဝမ်ကိုက်ကလည်း လေးစားသွားခဲ့၏။
"ရန်ချုံ ….
မင်းက တော်တော်လေးကို ကြိုးစားခဲ့တာပဲ။ ဒါကြောင့်လည်း ဒီနားလည်မှုက မင်းအတွက် ဆုလာဘ်တစ်ခုဖြစ်သွားတာ…"
ယနေ့ ရန်ချုံ၏ နားလည်မှုကို မြင်လိုက်ရသည့်အခါ မင်းသားကျင်းကျိုးရီကလည်း ကျောက်တိုင်ဆီကို ဆင်းလာခဲ့သည်။ သူ၏ လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်က အရင်းအမြစ်များကိုသုံးပြီး ရရှိထားခဲ့ခြင်း ဖြစ်သည်။ သူက သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို ဖွင့်ပြီးသွားပြီဖြစ်၏။ သူ့အတွက် ဝမ်းနည်းစရာကောင်းသည့်မှာ မည်သည့်နားလည်မှုမျှ မတွေ့ခဲ့ရပေ။
ကျိုးရီ၏နောက်မှ အိမ်ရှေ့မင်းသား ရောက်လာခဲ့၏။ သူကတော့ သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါး ပွင့်နေသည်မှာ တစ်နှစ်နီးပါးခန့် ကြာနေသည်။ လက်ရှိအချိန်တွင် သူက အတွင်းအပြင်ကမ္ဘာကြီးကို စုစည်းရမည့်အချိန် ဖြစ်နေ၏။
သူ၏အမူအရာက အလွန်တည်ငြိမ် အေးချမ်းနေပြီး မျက်နှာပေါ်တွင် သိမ်မွေ့သော အပြုံးတစ်ခု ရှိနေသည်။ သူက ကျောက်တိုင်၏ရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်၏။ သိပ်မကြာခင် မြေပြင်ပေါ်မှ ရွှေရောင်ကြာပန်းပွင့်များ ထွက်ပေါ်လာပြီး ဖြည်းညင်းစွာ ပွင့်လန်းလာခဲ့သည်။ ကျောက်တိုင်၏ အပေါ်ဘက်တွင်လည်း သက္ကတစကားလုံးများ ပေါ်ထွက်လာခဲ့၏။
ဝမ်ကိုက်က ရေရွတ်လိုက်သည်။
"အိမ်ရှေ့မင်းသားက နောက်ထပ် (၆) လအတွင်း ဝေ့ကျင်းအဆင့်ကို ရောက်လိမ့်မယ်…"
သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို ဖွင့်ပြီးသွားပြီဆိုလျှင် သူတို့၏ ကိုယ်တွင်းကမ္ဘာကြီးထဲ၌ ပြောင်းလဲမှုများ ဖြစ်လာနိုင်သည်။ ထို့နောက် သူတို့က ကိုယ်ပိုင်ခရီးလမ်းကို ဆက်လက် လျှောက်လှမ်းနိုင်ပြီ ဖြစ်၏။ သို့သော် မည်သည့်လမ်းကြောင်းကို ရွေးချယ်ထားလဲ ဟူသည်ကတော့ တင်းကျပ်သော ကန့်သတ်မှုများ ရှိနေသည်။ သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးက လူတစ်ယောက်ချင်းဆီ၏ အကျင့်စရိုက်နှင့် လုံးဝထပ်တူမကျနိုင်ပေ။
မုန့်ချီက ထိုအရာကိုကြည့်နေရင်း လူတိုင်းက ကျောက်တိုင်ဆီမှ တစ်စုံတစ်ခုရရှိရန် ကြိုးစားနေခဲ့ကြောင်း တွေ့နေရ၏။ လက်ရှိအချိန်တွင်တော့ ကျိုးဟမ်၊ ချီကျန်းရန်၊ ဖန်းချန်းမြောင်၊ ရွှမ်ကျန်းနှင့် ဒေါ်လေးပိုင်တို့နှင့် သူသာ ကျန်တော့ကြောင်း တွေ့လိုက်ရ၏။
Translated by Hein Htet.