← Chapters

အခန်း (၄၉၃)

Vol. 33 Ch. 493

အခန်း (၄၉၃)

Vol. 33 Ch. 493

ကြာပန်းပွင့်များဆီမှ သက္ကတစကားလုံးများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် ဘုရင်ကြီးက သူ၏ ခံစားချက်များကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ အခြားသူများက သတိထားနေကြသော်လည်း ထိုအရာကို သေချာစဉ်းစားနေမိကြ၏။

သို့သော် အိမ်ရှေ့မင်းသားကတော့ သူ၏မျှော်လင့်ချက်များ၊ ရည်မှန်းချက်များ အားလုံးကို ထုတ်ဖော်ပြလိုက်သလို ထင်မှတ်ရ၏။ သူက ထီးနန်းကို လုံးဝလက်လျှော့လိုက်သလို ထင်မှတ်ရသည်။ သူ၏အမူအရာက တည်ငြိမ်အေးချမ်းနေပြီး စိုးရိမ်မှု၊ ကြောက်လန့်မှု အနည်းငယ်လေးပင် ပြသခဲ့ခြင်းမရှိချေ။

ရွှေရောင်ကြာပန်းက တဖြည်းဖြည်း အဝါရင့်ရောင် ပြောင်းလဲလာပြီး သက္ကတစကားလုံးများကလည်း မရပ်မနား ပြောင်းလဲနေခဲ့သည်။ စစ်မာရှီကဲ့သို့ ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကပင် ထိုစကားလုံးများကို ခွဲခြားရန် ခက်ခဲ၏။

အလွန်စပ်စုသောမုန့်ချီကတော့ မျက်လုံးတစ်ဖက် မှိတ်ထားပြီး သူ၏စိတ်အခြေအနေက တည်ငြိမ်နေခဲ့သည်။ ကောင်းကင်ကို လက်တစ်ဖက် ညွှန်ထားပြီး တစ်ဖက်က မြေပြင်ကို ညွှန်ထားသော ရွှေရောင်ဗုဒ္ဓက သူ၏ပင်မဝိညာဉ်ထဲတွင် ပေါ်လာခဲ့သည်။ သူက ဗုဒ္ဓမျက်လုံးတစ်စုံတည်းတွင် အရှိန်အဝါများကို စုစည်းပြီး အခွင့်အရေးကို အသုံးချနေခဲ့သည်။

သူ၏မျက်လုံးများက ရောင်စုံမြက်ပင်တစ်ခုကဲ့သို့ ကြည်လင်သန့်ရှင်းနေပြီး မျက်ခွံများအောက်တွင် မည်သည့်အငွေ့အသက်မျှ ထုတ်ဖော်ပြသခဲ့ခြင်း မရှိချေ။ သူက စကားလုံးမဲ့ကျောက်တိုင်ပေါ်ကိုသာ ဆက်တိုက်ကြည့်နေခဲ့ပြီး ဆက်တိုက်ပြောင်းလဲနေသော သက္ကတစကားလုံးများက တဖြည်းဖြည်း ပုံသဏ္ဍာန် ပေါ်လာခဲ့သည်။

"ဗုဒ္ဓအင်ပါယာ ... ဒီလိုဂုဏ်သရေမျိုး…"

မုန့်ချီက မျက်လုံးမှိတ်လိုက်၏။ နောက်တစ်ကြိမ် သူ မျက်လုံးပြန်ဖွင့်လိုက်သည့် အချိန်တွင် သူတို့က တဖြည်းဖြည်း ရှင်းလင်းလာပြီး ရေကန်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းလာသည်။

မိနစ်အနည်းငယ်လေးအတွင်း မည်းမှောင်နေသော အဝါရောင်ကြာပန်းများက ပျောက်ကွယ်သွားပြီး သက္ကတစကားလုံးများလည်း မှေးမှိန်သွားသည်။ စကားလုံးမဲ့ကျောက်တိုင်ကြီးက မူလအခြေအနေကို ပြန်ရောက်လာပြီး အလွန်ရိုးရှင်းစွာ ဆက်လက်ငြိမ်သက်နေခဲ့၏။

အိမ်ရှေ့မင်းသားကတော့ အနှောင်အဖွဲ့မရှိသော အပြုံးမျိုးနှင့် စင်မြင့်ဆီသို့ ပြန်သွားခဲ့ပြီး ဘုရင်ကြီးကို လှည့်ကြည့်လိုက်သည်။ သူကတော့ တခြားသူများ၏ အတွေးများစွာကို သိနေသလို ထင်မှတ်ရ၏။

မုန့်ချီက တခြားသူများအားလုံးကို လှည့်ကြည့်လိုက်ရာ သူ့ဆီတွင် စိတ်ပျက်မှု အနည်းငယ်မျှပင် မခံစားရပေ။ သူက စင်မြင့်ပေါ်တွင် နောက်ဆုံးမင်းသားတစ်ယောက် ဖြစ်ချင်နေခဲ့၏။

ထိုအချိန်တွင် ငွေတံဆိပ် လူဆိုးထိန်းဝတ်စုံဝတ်ထားသော ဖန်းချန်းမြောင်က စင်မြင့်ပေါ်မှ ဆင်းလာပြီး စကားလုံးမဲ့ကျောက်တိုင်ကို စတင်စစ်ဆေးကြည့်နေခဲ့သည်။ မည်သူကမျှ သူ၏ကြိုးစားမှုကို လှောင်ပြောင်ခဲ့ခြင်း မရှိချေ။ သူက ကြိုးစားနေရင်း တစ်စုံတစ်ခု ရသွားနိုင်သည် မဟုတ်ပေလော။

လူပေါင်းများစွာက အကောင်းဆုံးကြိုးစားပြီး လက်ဗလာနှင့် ပြန်လာခဲ့ကြသော်လည်း မည်သူကမျှလက်မလျှော့ကြသေးပေ။ လူတိုင်းက သူတို့၏ကိုယ်ပိုင်စွမ်းရည်ကိုသာ အလေးထားနေကြသည်။ အခြေအနေတစ်ရပ်လုံးကလည်း ချက်ချင်းပင် သက်သောင့်သက်သာ ရှိလာခဲ့၏။

သို့သော် မုန့်ချီကတော့ သူ့ကို စိတ်ဝင်တစား စိုက်ကြည့်နေခဲ့သည်။ သူကတော့ နန်းတွင်းစစ်ဆေးပွဲတွင် ထိပ်ဆုံးရခဲ့သော အရာရှိတစ်ယောက်ကို ပြည့်ပြည့်ဝဝ နားမလည်နိုင်သေးပေ။ သူက လူသားနှင့်ကောင်းကင်ဆက်သွယ်မှုအဆင့် ရှိနေကြောင်း ပြောနိုင်၏။ သို့သော် အသေးစိတ်ကတော့ ဝေဝေဝါးဝါးသာဖြစ်သည်။

ထိုအရာရှိ အသုံးပြုထားသော ကျင့်စဉ်နည်းလမ်းက ထူးခြား၏။ အကယ်၍ ထိုအရာရှိကသာ နားလည်မှုတချို့ ရရှိသွားမည်ဆိုလျှင် မုန့်ချီကတော့ တစ်ခုခု ပြောနိုင်ပါလိမ့်မည်။

မုန့်ချီက အလွန်လေးနက်နေကြောင်း သတိထားမိသည့်အခါ ဝမ်ကိုက်က ပြောလိုက်၏။

"‌လော့ရန်မှာ ကြီးပြင်းခဲ့တဲ့ ဖန်းချန်း‌မြောင်က နန်းတွင်းစစ်ဆေးပွဲရဲ့ထိပ်ဆုံးကို မရောက်ခင် နာမည်ကျော်ကြားတာမျိုး မရှိဘူး ... ကြည့်ရတာတော့ အမှောင်ထဲမှာ ပါရမီရှင်တွေ ပုန်းကွယ်နေတာပဲ ..."

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး စဉ်းစဉ်းစားစားနှင့် ပြောလိုက်၏။

"သူက ဘယ်လိုကျင့်စဉ်မျိုးကို အသုံးပြုတာလဲ..."

"ငါကြားတာတော့ ထိုက်ရီဓားသိုင်းကျမ်းပဲ..။ အဲဒီသိုင်းကျမ်းက သူတို့မိသားစု မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ ကျင့်စဉ်တစ်ခုပဲ…"

ဝမ်ကိုက်က သူ နားလည်ထားသည့်အရာများကို နောက်တစ်ကြိမ် ပြောပြနေခဲ့သည်။

"ငါလုံးဝမကြားဖူးဘူး…"

ထိပ်တန်းကျင့်စဉ်တစ်ခု မဟုတ်လျှင် မုန့်ချီက ကြားဖူးရန် ခက်ခဲသည်။

သူတို့စကားပြောနေစဉ် အတောအတွင်း သူတို့၏မျက်လုံးများက ရုတ်တရက် ငြိမ်သက်သွားခဲ့၏။ သူတို့က ပါးစပ်ပိတ်လိုက်ကြပြီး ဖန်းချန်း‌မြောင်ကို စိုက်ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် နေရောင်ခြည်ကို တိမ်တိုက်များက ဖုံးကွယ်လာသည့် အတွက်ကြောင့် သို့မဟုတ် တခြားသော အကြောင်းပြချက်တစ်ခုခုကြောင့်မှန်း မသိရသော်လည်း ဖန်းချန်းမြောင်၏ ခန္ဓာကိုယ်ပေါ်တွင် တိမ်တိုက်အနည်းငယ် ဖုံးလွှမ်းထား၏။

"သူက တစ်ခုခုကို နားလည်သွားခဲ့တာလား…."

ဝမ်ကိုက်က အံ့အားသင့်စွာ မေးလိုက်သည်။

သူ စကားပြောနေသည့်အချိန်တွင် အလင်းရောင်များ တောက်ပလာခဲ့၏။ ထိုအလင်းရောင်များက မှေးမှိန်ပြီး အဆုံးအစ မရှိချေ။ သို့သော် လင်းလက်တောက်ပပြီး စိတ်ဝင်စားစရာကောင်းလွန်းကာ ဓားအလင်းတန်းများကဲ့သို့ ဖြစ်နေသည်။

အာရုံစူးစိုက်မှုနည်းပါသော အထက်တန်းလွှာမိသားစုမှ လူငယ်တချို့ကတော့ အတွေ့အကြုံ အနည်းငယ်ကိုသာ ရရှိလာကြပြီး သူတို့၏ပါးစပ်ထဲမှ ရေနွေးများပင် ပြန်ထွက်ကျလာခဲ့သည်။ ဖန်းချန်းမြောင်က တစ်စုံတစ်ခ ုနားလည်သွားသည့်အတွက် သူတို့ကအလွန်ထိတ်လန့်အံ့ဩနေကြ၏။

အစောပိုင်းတွင် ဝေ့ကျင်းတစ်ဝက်အဆင့်ပညာရှင်များစွာပင် ကျရှုံးခဲ့ခြင်းမဟုတ်လော။ လူငယ်မှတ်တမ်း၏ နံပါတ်(၂)နေရာတွင် ရှိနေသော အဆုံးမဲ့ဓား၊ အဆင့်တက်ရန် နီးကပ်နေသော အိမ်ရှေ့မင်းသားတို့ကသာ အောင်မြင်ခဲ့သည်။

ဖန်းချန်းမြောင်ကလည်း အောင်မြင်ခဲ့ခြင်းပေလော။ သူ၏ လူသားနှင့် ကောင်းကင်ဆက်သွယ်မှုအဆင့်ကြောင့်ပေလော။လူငယ်မှတ်တမ်း၏ အဆင့်(၁၅)နေရာကြောင့်ပေလော။ ထိုအရာက အမှန်တကယ်ကို ဟာသတစ်ခု ဖြစ်နေခဲ့သည်။

မုန့်ချီကတော့ အံ့ဩနေခြင်းမရှိဘဲ ဝမ်ကိုက်၏မေးခွန်းကို ပြန်ဖြေလိုက်၏။

"လူသားနဲ့ကောင်းကင်ဆက်သွယ်မှုအဆင့်မှာ ရှိနေတဲ့ လူတစ်ယောက်ကတောင် သူ့ရဲ့လမ်းကြောင်းကို တွေ့နိုင်တယ် ... ဒါက ထူးဆန်းတာတော့ မဟုတ်ပါဘူး.."

ဝမ်ကိုက်က သူ့ကို လေးလေးနက်နက်စိုက်ကြည့်လိုက်ပြီး မုန့်ချီကလည်း ဖန်းချန်းမြောင်ကဲ့သို့ တူညီသော အခြေအနေကို ရောက်နေကြောင်း ဝိုးတဝါး ခန့်မှန်းမိခဲ့သည်။

"ဖန်းချန်းမြောင်က နားလည်မှု ရသွားပြီဆိုတော့ အခုသတ်ဖြတ်ရေးဓားက ပိုပြီးတော့ ဖိအားတွေ များလာနိုင်တယ်..."

စင်မြင့်ပေါ်တွင် ရှိနေသောသူများက မုန့်ချီနှင့်ဝမ်ကိုက်ကို လှည့်ကြည့်နေကြသည်။

"ဟုတ်တယ်..။ လူငယ်မှတ်တမ်းရဲ့နံပါတ်(၂)နဲ့ နံပါတ်(၁၅)မှာရှိတဲ့ လူတွေက နားလည်မှုရသွားပြီ ..။ သူက လူငယ်မှတ်တမ်းရဲ့နံပါတ်(၁)ဖြစ်ပြီး ဘာမှမရခဲ့ဘူးဆိုရင်တော့ မျက်နှာပျက်ရတော့မယ်…"

တိတ်တဆိတ် ထွက်ပေါ်လာသော အသံများထဲတွင် တခြားလူများကလည်း သဘောတူညီစွာ ထောက်ခံလိုက်ကြသည်။

"စကားပြောနေတာက အပိုပါပဲ...။ မဟုတ်ရင် သူ့ကို လူငယ်မှတ်တမ်းရဲ့ နံပါတ်(၁)လို့ ခေါ်နိုင်ဦးမှာလား…"

"အဲဒီလိုလည်း မဟုတ်သေးဘူးလေ..။ သဘာဝဖြစ်စဉ်တွေက သိသိသာသာ ကွဲပြားမှုမရှိမှတော့ ဘယ်သူက အသာစီးရလဲဆိုတာ ပြောပြဖို့ခက်တယ်…"

လူအုပ်ကြီးက အသည်းအသန်ဆွေးနွေးနေကြသည့်အချိန်တွင် ဖန်းချန်းမြောင်က မျက်လုံးဖွင့်ကြည့်လိုက်၏။ သူက ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ကျေးဇူးတင်လိုက်ပြီး အပြုံးနှင့် သူ့နေရာကို ပြန်ထိုင်လိုက်သည်။

မထင်မှတ်ထားသော လူတစ်ယောက်က မထင်မှတ်ထားသောရလဒ်ကို ရရှိခဲ့သည့်အတွက် ထိုကဲ့သို့ လှုပ်ရှားမှုမျိုး ပေါ်လာခဲ့သည်။ ထိုအချိန်တွင် ရွှမ်ကျန်းက လူမရှိတော့သော ကျောက်တိုင်ဆီကို ရောက်လာကြောင်း မည်သူကမျှသတိမထားမိခဲ့ပေ။

တိတ်ဆိတ်မှုက စကားလုံးမဲ့ကျောက်တိုင်ကို ဖုံးလွှမ်းသွားခဲ့ပြီး အလွန်တောက်ပသော အလင်းတန်းတစ်ခု လွှမ်းခြုံလာခဲ့၏။ အစိမ်းရောင်သစ်ရွက်များ ပြည့်နှက်နေပြီး ပုတီးကဲ့သို့သော မျိုးစေ့များ ရှိနေသည့် ဗောဓိသစ်ပင်ကြီးတစ်ပင်က ရွှမ်ကျန်း၏နောက်တွင် ပေါ်လာခဲ့၏။

ရွှမ်ကျန်းက ထိုကဲ့သို့ နားလည်မှုမျိုးရလိမ့်မည်ဟု မည်သူကမျှမယုံကြည်နိုင်ခဲ့ကြပေ။ သူက ရှောင်လင်ကျောင်းတော်မှ ဗုဒ္ဓလမ်းစဉ် ပညာရှင်တစ်ယောက်ဖြစ်ပြီး အဆင့်တက်ရာတွင်လည်း တည်ငြိမ်နေသည်။ သူက ဓမ္မကျမ်းစာများကို နက်နက်ရှိုင်းရှိုင်း နားလည်နေ၏။ အကယ်၍ သူကသာ မည်သည့်အရာကိုမှ နားမလည်နိုင်လျှင် ပို၍ထူးဆန်းဦးမည်ဖြစ်၏။

ရေနွေးတစ်ခွက်စာအချိန် ပြီးဆုံးသွားသည့်အချိန်တွင် သူ့နောက်ကျောတွင် ရှိနေသော ဗောဓိသစ်ပင်ကြီးက ညှိုးခြောက်သွားခဲ့၏။ သူက မျက်လုံးဖွင့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ဗောဓိ၊ အသိဉာဏ်... နောက်ဆုံးတော့ ငါ နားလည်သွားခဲ့ပြီ။ ငါက လက်ဗလာနဲ့မဖြစ်တော့ဘူး..။ အော်မိတော်ဖော...ငါ့ဆီမှာ ဆန္ဒတွေ ရှိနေသေးတာပဲ.."

ထို့နောက် သူက လက်အုပ်ချီပြီး ဘုရင်ကြီးကို ကျေးဇူးတင်စကားပြောလိုက်သည်။

"ဗုဒ္ဓကိုယ်တော်ရွှမ်ကျန်းက ဗုဒ္ဓသဘာဝကို တော်တော်လေး နက်နက်နဲနဲ နားလည်နေတာပဲ..။ ဒီတော့ သူက နားလည်မှုတွေ ရနိုင်တာပေါ့…"

ဘုရင်ကြီးက ပြောလိုက်သည်။

ရွှမ်ကျန်းက ခေါင်းခါပြလိုက်ပြီး အပြုံးနှင့်ပြောလိုက်၏။

"တူလေးကျန်း‌ဟွေ ဒီမှာ မရှိတာ ကံဆိုးသွားတယ်...သူသာဆိုရင် ပိုပြီးလေးနက်တဲ့ သဘောတရားတွေကို နားလည်သွားနိုင်တယ်…"

မုန့်ချီကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ ကျန်းဟွေကို လျော့မတွက်သင့်ပေ။ သူက တံခါး(၇)ပေါက်သာ ပွင့်သေးသည့်အတွက် သူ၏လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန် အတော်လေး ဝေးကွာနေသေးသော်လည်း လျော့တွက်၍မရနိုင်ချေ။

သူ၏ပန်းခူးလက်ညှိုးသိုင်းက ဗုဒ္ဓ၏ကျင့်စဉ်တစ်ခုဖြစ်ပြီး အပြုံးဗုဒ္ဓနှင့် ဆက်စပ်နေသည်။ထိုအရာက ဉာဏ်လင်းပွင့်မှုသ င်္ကေတလည်းဖြစ်၏။ ကျန်းဟွေက မသိခြင်းများအောက်တွင် အလွန်ဉာဏ်ကောင်းသော လူတစ်ယောက်၏ ပုံသဏ္ဍာန်ကို ဖုံးကွယ်ထားသည်။ အကယ်၍ သူသာ နားလည်မှုရလိမ့်မည်ဆိုလျှင် မုန့်ချီက အံ့သြလိမ့်မည် မဟုတ်ချေ။

ရွှမ်ကျန်း နားလည်ထားသည့်အရာနှင့် ပတ်သက်ပြီး လူငယ်ပေါင်းများစွာက အသည်းအသန် ဆွေးနွေးနေကြသည့်အချိန်တွင် ကျိုးဟမ်က ပင့်သက်ရှိုက်လိုက်ပြီး မြေကွက်လပ်ဆီသို့ လျှောက်လာခဲ့သည်။

ထိုအချိန်တွင် မုန့်ချီက အံ့သြသွားခဲ့၏။ အတိတ်တုန်းကနှင့် ယှဉ်လိုက်မည်ဆိုလျှင် ယခု အစ်ကိုကျိုး ပို၍ပင် ကြီးကျယ်ခမ်းနားသော အငွေ့အသက်များ ရှိနေသည်။ အမတ်ကြီးများက သူ့ကို အထင်သေးနေကြသော်လည်း သူ့ကို စိုက်ကြည့်နေကြသေး၏။

ယခင်တုန်းကတော့ မင်းသားဝေက အမြဲလိုလို မထင်မရှားသာ ရှိနေခဲ့သည်။ အကယ်၍ သူ၏ကျန်းမာရေး အခြေအနေက ကောင်းမွန်လာပြီး သိုင်းပညာ တိုးတက်လာခဲ့သည်ကိုပင် မည်သူကမျှ သူ့ကိုသတိမထားမိခဲ့ပေ။ ယခု သူ၏ပုံစံတစ်ခုတည်းကို စစ်ဆေးကြည့်လိုက်ပြီး သူက အိမ်ရှေ့မင်းသားနှင့် မင်းသားကျင်းတို့ထက် နောက်ကျနေခြင်း မရှိကြောင်း သိသာနေသည်။

ကျိုးဟမ်က သူ၏ခမည်းတော်ကို ဦးညွတ်လိုက်ပြီး ကျောက်တိုင်၏ရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ရေကန်၏ မျက်နှာပြင်ကတော့ လှိုင်းမရှိဘဲ တည်ငြိမ်နေခဲ့၏။ ထိုကျောက်တိုင်၏ ပတ်ဝန်းကျင်တွင်လည်း ထူးခြားသည့်အရာများ မရှိပေ။

"ကြည့်ရတာတော့ မင်းသားဝေကလည်း မင်းသားကျင်းလို ဘာမှမရဘူးထင်တယ်..."

အထက်တန်းလွှာမိသားစုမှ လူငယ်တစ်ဦးက ခေါင်းခါပြီး မှတ်ချက်ပေးလိုက်သည်။

စကားမဆုံးသေးခင် နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး အလွန်ကြီးကျယ်ခမ်းနားသော အငွေ့အသက်တစ်ခုက တိတ်ဆိတ်မှုကို ထိုးဖောက်လာခဲ့သည်။ ရွှေရောင်နဂါးများကလည်း ကျောက်တိုင်ဆီမှ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာပြီး သူတို့၏လက်သည်းများကို ဝှေ့ယမ်း၍ ကျိုးဟမ်၏နောက်တွင် ဝိုင်းပတ်နေကြ၏။

"ဒါ...ဒါက အစစ်အမှန်နဂါးအင်ပါယာပဲ…"

လူပေါင်းများစွာ၏ ရင်ထဲတွင် ထိုကဲ့သို့ အတွေးတစ်ခု ပေါ်လာခဲ့၏။

မင်းသားကျင်း၏အမူအယာကလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူ လုံးဝအလေးမထားခဲ့သော သူ့ညီလေးက အစစ်အမှန်နဂါးများကို နားလည်သွားလိမ့်မည်ဟု သူလည်း လုံးဝမထင်ထားခဲ့ပေ။

ဘုရင်ကြီးကလည်း မျက်မှောင်ကြုတ်လိုက်မိပြီး ညာလက်ကို တင်းတင်းဆုပ်လိုက်မိ၏။

နဂါးများက ကျိုးဟမ်ကိုဝိုင်းပတ်နေပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်၍ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။ သူတို့ပြန်ပေါ်လာသည့်အချိန်တွင် သူ၏နဖူးပေါ်၌ ရွှေရောင်တံဆိပ်တစ်ခုအဖြစ် စုစည်းသွားခဲ့သည်။

ကျိုးဟမ် မျက်လုံးပြန်ဖွင့်လိုက်သည့်အချိန်တွင် အနည်းဆုံးတော့ သူက တစ်နှစ်စာ လေ့ကျင့်မှု သက်သာသွားကြောင်း မုန့်ချီက နားလည်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ခမည်းတော်...။ ဒီကျောက်တိုင်ကို လေ့လာခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…"

ကျိုးဟမ်က ထုံးတမ်းစဉ်လာကိုမမေ့ဘဲ ပြောလိုက်၏။

နယ်မြေတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး အမတ်ကြီးများကလည်း ပြောစရာစကားလုံးများ ပျောက်ရှနေခဲ့သည်။ သူတို့က ကျိုးဟမ်ကို စိုက်ကြည့်နေပြီး ခြေဆုံးခေါင်းဆုံး စိုက်ကြည့်နေကြ၏။

နောက်ဆုံးတွင်တော့ ဘုရင်ကြီး၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"မဆိုးဘူး...တကယ်မဆိုးဘူး..။ အခုတော့ ကျိုးမိသားစုထဲမှာ နောက်ထပ်ထူးချွန်တဲ့သားတစ်ယောက်ရှိလာပြီပဲ…"

ထိုအရာကတော့ အမြင့်ဆုံးချီးကျူးမှုတစ်ခုဖြစ်သည်။

မင်းသားကျင်း၏ မျက်နှာက မည်းမှောင်သွားပြီး အိမ်ရှေ့မင်းသားကတော့ အနည်းငယ် အံ့ဩ၍ ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့၏။ သို့သော်မင်းသားကျင်းကတော့ အလွန်စိုးရိမ်နေခဲ့ခြင်း မရှိချေ။ ထီးနန်းနှင့် ပတ်သက်လာလျှင် ကျိုးဟမ်က သူ၏စွမ်းရည်ကိုပြသရုံနှင့် မလုံလောက်သေးပေ။

အကယ်၍ သူ၏စွမ်းရည်က စုမုန့်နှင့် ကောင်းလန်တို့ကို ယှဉ်နိုင်မည်ဆိုလျှင်ပင် သူကတော့ အင်အားစုကြီးများစွာ၏ ရပ်တည်ချက်ကို စဉ်းစားရန် လိုအပ်နေသေးသည်။ ဓမ္မကာရအဆင့် ပညာရှင်များ၏ ဖိနှိပ်မှုမရှိသော အခြေအနေမျိုးတွင် ထူးချွန်ထက်မြက်သော မင်းသားပေါင်းများစွာက သုတ်သင်ရှင်းလင်းခံရတတ်၏။ထို့ကြောင့်လည်း အထက်တန်းလွှာမိသားစုများက ဓမ္မကာရအဆင့် ပညာရှင်များမရှိဘဲ ဘုရင့်အာဏာကို မမမက်မောကြခြင်း ဖြစ်သည်။

"မင်းသားဝေကလည်း ဒီလောက်ထိ ထူးခြားလိမ့်မယ်လို့ မထင်ထားဘူး..."

ဝမ်ကိုက်က မနာလိုခြင်းမရှိဘဲ မှတ်ချက်ပေးလိုက်သည်။

မုန့်ချီကတော့ တစ်ယောက်တည်း လေးလေးနက်နက် စဉ်းစားနေခဲ့၏။ ကျိုးဟမ် အဆင့်တက်သည်မှာ မကြာသေးပေ။ ကြည့်ရသည်မှာတော့ ယခုအချိန်အထိ သူ၏လမ်းကြောင်းကိုလည်း မတွေ့သေးပေ။ ထိုကဲ့သို့ ထူးခြားသော ဖြစ်စဉ်များကို ပြသနိုင်သည်မှာ အစစ်အမှန် အင်ပါယာတံဆိပ်၏ အကူအညီကြောင့်ဖြစ်နိုင်၏။ ထိုအရာက လူသားလမ်းစဉ် လျှို့ဝှက်ရတနာတစ်ခုဖြစ်သည်။

ကျိုးဟမ်က ထိုင်ခုံတွင် ပြန်ထိုင်လိုက်ကြောင်း မြင်သည့်အခါ လူတိုင်းက ဒေါ်လေးပိုင်နှင့် မုန့်ချီတို့ကို လှည့်ကြည့်လိုက်ကြသည်။ ယခုတော့ သူတို့(၂)ယောက်သာ ကျန်နေတော့၏။

သူတို့ထဲတွင် တစ်ယောက်က လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့်မှနေ၍ ပြီးပြည့်စုံသော ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်ရှိနေသည်။ တခြားတစ်ယောက်ကတော့ လူငယ်မှတ်တမ်းတွင် နံပါတ်(၁)ဖြစ်၏။

(၂)ယောက်လုံးက နားလည်မှုအတွက် အခြေခံရှိနေပြီး သူတို့က အလွန်ထူးခြားသော ဖြစ်စဉ်များကို သယ်ဆောင်လာမည်လော။ သူတို့၏ရှေ့တွင် ပြသခဲ့သူများထက် ကျော်လွန်နိုင်မည်လော။ အကယ်၍ သူတို့၏ရလဒ်ကသာ ကြီးကြီးမားမား ပြောင်းလဲမှုမရှိလျှင် အစစ်အမှန်နဂါးများကို ပြသခဲ့သော မင်းသားဝေက အနိုင်ရပါလိမ့်မည်။

ထိုအချိန်တွင် သူတို့လျစ်လျူရှုထားမိခဲ့သော လူတစ်ယောက်က ကျောက်တိုင်ဆီသို့ လျှောက်လာခဲ့၏။

"ဟမ်...အဲဒါက ဘယ်သူလဲ..."

"ကြည့်ရတာတော့ ကုန်းစွန်းမိသားစုက ပြင်ပပညာရှင်(၁)ယောက် ဖြစ်မယ်ထင်တယ်။ သူက ကမ္ဘာမြေမကောင်းဆိုးဝါး ချီကျန်းရန်လို့ ကြားဖူးတယ်။ သူက လူငယ်မှတ်တမ်းရဲ့ အဆင့်(၂ဝ)မှာရှိတဲ့ ပညာရှင်တစ်ယောက်ပဲ..။ ပြီးတော့ ဟွမ်ဟွာဓားဂိုဏ်းက ပညာရှင်တစ်ယောက်လေ…"

လူငယ်မှတ်တမ်းထဲကို ဝင်ရောက်လာသည့်အချိန်မှစပြီး ချီကျန်းရန်က သူ့ဂိုဏ်း၏ အလေးပေးမှုကို ရရှိခဲ့ပြီး သူ၏ကျင့်စဉ်အဆင့် တိုးတက်လာစေရန် အထောက်အပံ့များစွာ ရရှိခဲ့သည်။

"ဖရိုဖရဲကျင့်စဉ်က လူသားနဲ့ကောင်းကင်ဆက်သွယ်မှုအဆင့် မရှိသေးဘဲ သူ့ကို နားလည်အောင်ကူညီပေးနိုင်မှာလား…"

မုန့်ချီက ရလဒ်ကို စိတ်ဝင်စားနေခဲ့၏။

ဖန်းချန်းမြောင်၏ အောင်မြင်မှုကြောင့် အခြားသူများကလည်း သူ့ကို စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ချီကျန်းရန်က အရပ်ရှည်ရှည်နှင့် ဖြောင့်မတ်မှန်ကန်သည်။ သူ့မျက်နှာက သာမန်သာဖြစ်ပြီး ခံစားချက်များ ကင်းမဲ့နေသည်။

ဘုရင်ကြီးကို အရိုအသေပေးလိုက်ပြီးနောက် သူက တခြားသူများကို စိတ်မဝင်စားဘဲ ကျောက်တိုင်၏ရှေ့တွင် ထိုင်လိုက်သည်။ ယခု ညနေပိုင်းကို ရောက်နေပြီဖြစ်သည်။ ဆောင်းဦးရာသီ နေမင်းကြီးက အလွန်တောက်ပလွန်းလှပြီး ကျောက်တိုင်ပေါ်သို့ ကျဆင်းနေခဲ့၏။ ကျောက်တိုင်နှင့်ချီကျန်းရန်ကို ရွှေရောင်အလင်းတန်းတစ်ခုသဖွယ် ဖုံးလွှမ်းထားသည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာပြီး ကျောက်တိုင်က ပြောင်းလဲမှုမရှိချေ။ သူ့ဆီတွင် အခွင့်အရေးမရှိတော့ကြောင်း လူတိုင်းက တွေးနေမိသည့်အချိန်တွင် ပတ်ဝန်းကျင်က အဝါရင့်ရောင် ပြောင်းလဲလာပြီး မြစ်ကမ်းပေါ်တွင် အနီရောင်နေလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုနေလုံးကြီးက မြစ်ထဲကို ဖြည်းညင်းစွာ နစ်မြုပ်သွားခဲ့၏။

"မြစ်ထဲကို ကျဆင်းသွားတဲ့နေလုံးကြီး…"

မုန့်ချီနှင့် တခြားသူများ၏ ခေါင်းထဲတွင် ကဗျာစာသားတစ်ခု ပေါ်လာခဲ့သည်။ ကျဆင်းနေနှင့် မြစ်ပြင်ကြီးက နေဝင်ဆည်းဆာအလင်းတန်းများ ဖုံးလွှမ်းနေသည်။ ထိုအလင်းတန်းများက အလွန်နီရဲလွန်းလှသည့်အတွက် မီးတောက်များပမာ ဖြစ်နေ၏။

မြစ်ပြင်ကြီး၏ မျက်နှာပြင်ပေါ်တွင် မြူခိုးများ ထွက်ပေါ်လာပြီး အခြေအနေမသိရသော အကြောင်းအရာများနှင့်အတူ ငှက်များ ပျံသန်းလာသည်။ အနီရောင်တိမ်တိုက်ကြီးများလည်း ထွက်ပေါ်လာပြီး မြူခိုးများထဲတွင် လှုပ်ရှားကခုန်နေခဲ့၏။

မြစ်ပြင်ကြီးကလည်း ကောင်းကင်ကြီးနှင့် တူညီသော အရောင်အတိုင်း ပြောင်းလဲနေခဲ့၏။ ပုံရိပ်‌ယောင်များက တစ်ခုပြီးတစ်ခု ထင်ရှားလာပြီး လူတိုင်းက အံ့ဩမှင်တက်စွာ စိုက်ကြည့်နေမိကြ၏။

သူတို့၏ ခေါင်းထဲတွင်လည်း ကဗျာစာသားများ ပေါ်လာခဲ့သည်။

"ကျဆင်းနေနှင့် အထီးကျန်သိုင်းသမားက အနီရောင်တိမ်တိုက်တွေကို ဖြတ်ကျော်သွားတယ်။ ဆောင်းဦးရာသီလေလှိုင်းက အဆုံးမဲ့ကောင်းကင်ကြီးနဲ့ ပေါင်းစပ်ပြီး တစ်သားတည်း ပြောင်းလဲသွားတယ်။ ညအချိန် လေပြေ‌လေညှင်းလေး တိုက်ခတ်လိုက်တာက သစ်တော်ပင်ပေါ်မှာ အပွင့်တွေထောင်ပေါင်းများစွာ ပွင့်လာနိုင်တယ်…”

“ကျောက်ခင်းထားတဲ့ လမ်းလေးက ရေခဲတောင်ရဲ့အဝေးမှာ ရှိနေပြီး လူသားတွေရဲ့နေအိမ်ကတော့ အဖြူရောင်တိမ်တိုက်တွေရဲ့ကြားထဲမှာ ရှိနေတယ်။ အဖြူရောင်လှိုင်းလုံးကြီးတွေကတော့ ပေ(၃၀၀၀)လောက် အမြင့်ရှိပြီး ကောင်းကင်(၉)သွယ်က အလင်းတန်းတွေ ကျဆင်းလာတယ်။ နေရာတိုင်းမှာ သစ်ပင်ပေါ်က သစ်ရွက်တွေ ကျဆင်းလာပြီး ရန်းကျိမြစ်ကြီးရဲ့လှုပ်ရှားမှုတွေက ထာဝရတည်ရှိနေတယ်…"

"ဒါက ဟွမ်ဟွာဓားဂိုဏ်းရဲ့ ဓားသိုင်းတွေကို ပြသထားတဲ့ကဗျာတွေပဲ…"

အာမေဋိတ်သံများစွာ ထွက်ပေါ်လာပြီး လူတိုင်းက အံ့ဩနေမိကြ၏။ အမတ်ကြီးများ အပါအဝင် လူပေါင်းများစွာက မျက်ခုံးပင့်လိုက်မိသည်။ သို့သော် မုန့်ချီအတွက်တော့ ထိုဓားသိုင်းပညာက ဟွမ်ဟွာဓားဂိုဏ်း၏ ဓားသိုင်းပညာပဲ မဟုတ်ချေ။

သူက ကြည့်နေရင်း တိမ်မီးခိုးဖြူ၊ နှင်းဆီရောင် အလင်းတန်း၊ ခွန်းလွန်ဖျက်ဆီးခြင်း၊ စိမ်းပြာနှင်းမုန်တိုင်းနှင့် ခရမ်းကြယ်မြစ်စသည့် ဖရိုဖရဲကျင့်စဉ်၏ သိုင်းကွက်များကို စဉ်းစားနေမိခဲ့၏။ သူတို့က ဟွမ်ဟွာဓားဂိုဏ်း၏ ဓားသိုင်းပညာများနှင့် ပေါင်းစပ်သွားခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ယခုလို ထူးခြားသော ဖြစ်စဉ်များ ပေါ်လာခဲ့ခြင်းပေလော။

ထူးခြားသော ဖြစ်စဉ်များက တစ်ခုပြီးတစ်ခု ပေါင်းစပ်သွားပြီး သူတို့က ခက်ခက်ခဲခဲ ပုံသဏ္ဍာန် ပေါ်လာကြ၏။ အပြာရောင်အလင်းတန်းများလည်း ထွက်ပေါ်လာပြီး ကျောက်တိုင်၏ ပတ်ပတ်လည်က မည်းမှောင်သွားခဲ့သည်။ ထို့နောက် ဓားအလင်းတန်းများက နယ်မြေတစ်ခုလုံးတွင် တောက်ပလာခဲ့၏။

အလွန်ထူးခြားသော ဖြစ်စဉ်များစွာက တစ်ခုတည်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး အလင်းတန်းကြီးတစ်ခုအဖြစ် လေထဲကို မြင့်တက်သွားခဲ့သည်။ သူတို့က စွမ်းရည်များ ပြည့်နှက်နေပြီး တိုးတက်မှုကို ပြသနေခဲ့သည်။

ဝမ်ကိုက်က မနေနိုင်တော့ဘဲ ပြောလိုက်မိသည်။

"သဘာဝတရားကြီးက တကယ့်ကို အစွမ်းထက်တယ်..။ သူရဲကောင်း တစ်ယောက်ကတော့ အဲဒီအရာနဲ့အတူ အနှောင်အဖွဲ့မရှိ လှုပ်ရှားနိုင်တယ်။ ချီကျန်းရန်က စကားလုံးမဲ့ကျောက်တိုင်ရဲ့အစွမ်းကို ငှားယူခဲ့ပြီး သူကိုယ်တိုင်ပိုင်ဆိုင်ထားတဲ့ သိုင်းပညာတစ်ခုကို ဖန်တီးနိုင်ခဲ့တာပဲ…"

"သဘာဝတရားကြီးက အစွမ်းထက်လွန်းတယ်။ သူရဲကောင်းတစ်ယောက်က အဲဒီအရာနဲ့ စီးမျောနိုင်ရတယ်။ အဲဒါက အစ်ကိုချီရဲ့ အမြင့်ဆုံးစွမ်းရည်တစ်ခုပဲ။ ဒါဆိုရင် သူ့ရဲ့လမ်းကြောင်းကိုလည်း စဉ်းစားပြီးသွားပြီလား…"

မုန့်ချီက သက်ပြင်းချလိုက်မိပြီး အံ့သြသွားသလို လေးစားသွားခဲ့သည်။

အထက်တန်းလွှာမိသားစုမှ လူငယ်ပေါင်းများစွာကလည်း ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ ချီကျန်းရန်၏ နားလည်မှုများက ယနေ့သူတို့မြင်ခဲ့သမျှ အရာအားလုံးထဲတွင် အထူးခြားဆုံး ဖြစ်နေသည်။ ရုပ်ရည်ကိုကြည့်ပြီး မည်သူ့ကိုမျှသုံးသပ်၍ မရနိုင်ပေ။

ချီကျန်းရန်ကတော့ ပုံမှန်အတိုင်းသာ ဖြစ်နေခဲ့၏။ သူက ဘုရင်ကြီးကို ကျေးဇူးတင်စကားပြောပြီး နေရာတွင် သွားထိုင်လိုက်သည်။

နောက်ထပ်တစ်ယောက် ကြိုးစားလိုက်သည်မှာ ဒေါ်လေးပိုင်ဖြစ်၏။ မြစ်ပြင်ကြီးက ကျွံဝင်သွားပြီး မြေပြင်ကြီးက တုန်လှုပ်သွားသည့်အတွက် သူမကလည်း နားလည်မှုများ ရခဲ့၏။ သူမက‌ ဝေ့ကျင်းတစ်ဝက်အဆင့်တွင် ရရှိခဲ့သော နားလည်မှုများနှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ ယခုတစ်ကြိမ်က ပို၍နည်းပါးနေသည်။ သို့သော် သူမကြောင့် ထွက်ပေါ်လာသော ထူးခြားဖြစ်စဉ်များက ရွှမ်ကျန်းတို့နှင့် အဆင့်တူရှိသည်ဟု ပြောပြနေသည်။ ထိုအရာက ချီကျန်းရန်၏ရလဒ်ကိုတော့ မယှဉ်နိုင်သေးပေ။

ယခု မုန့်ချီတစ်ယောက်တည်းသာ ကျန်တော့၏။ ထိုအချိန်တွင် အထက်တန်းလွှာ မိသားစုမှ လူငယ်လေးများအားလုံးက မုန့်ချီကို လှည့်ကြည့်နေကြ၏။ လူငယ်မှတ်တမ်းမှ နံပါတ်(၁)ပညာရှင်က မည်ကဲ့သို့သော ရလဒ်မျိုးရှိနိုင်ကြောင်း သူတို့က စဉ်းစားမိနေကြ၏။

သူက သူ့ရှေ့တွင် ကြိုးစားခဲ့သူများအားလုံးကို ကျော်လွန်နိုင်မည်လော။သူက ကိုယ်ပိုင်သိုင်းကွက်တစ်ခု ဖန်တီးနိုင်သော ချီကျန်းရန်ထက် သာလွန်နိုင်မည်လော။ နားလည်မှုတစ်ခုတည်းက လူတစ်ယောက်၏ အစွမ်းကို ဖော်ပြနိုင်ခြင်းမရှိချေ။ သို့သော် တိုက်ခိုက်စွမ်းရည်က ပို၍မြင့်မားလေလေ နားလည်မှုက ပို၍မြင့်မားလေလေ ဖြစ်နိုင်၏။

အမတ်ကြီးများကလည်း တစ်ယောက်ပြီးတစ်ယောက် မုန့်ချီကို စိုက်ကြည့်နေမိကြသည်။ သူတို့ကတော့ သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး စစ်ဆေးနေမိကြသည်။

ပထမတွင်တော့ မုန့်ချီက ရွှမ်ကျန်းနှင့် အခြားသူများကို အလွယ်တကူ ကျော်ဖြတ်နိုင်သည်ဟု ယုံကြည်နေသည့်အတွက် ဖိအားများများ မခံစားရပေ။ သို့သော် ချီကျန်းရန်၏ရလဒ်ကြောင့် သူလည်း အနည်းငယ် စိုးရိမ်သွားခဲ့သည်။ သူက ချီကျန်းရန်ကို ကျော်လွန်နိုင်မည်လော။ ရန်သူတစ်ယောက်၏ရှေ့တွင် တွေဝေမှုက အသုံးမဝင်နိုင်ပေ။

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး လှုပ်ရှားနေသော ခံစားချက်များကို တည်ငြိမ်အောင် ကြိုးစားလိုက်၏။ သူ၏ပတ်ပတ်လည်တွင် ရှိသော အရာအားလုံးကလည်း ပျောက်ကွယ်သွားပြီး သူ့ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ပေါ်လာခဲ့သည်။

ပင်မချီစွမ်းအင်များ၏ ပတ်ပတ်လည်တွင် ကမ္ဘာကြီးက ဖြည်းညင်းစွာ လှုပ်ရှားလာပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ထို့ကြောင့် သူလည်း သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရပြီး အနိုင်၊အရှုံးအတွေးများကို ဖယ်ရှားပစ်လိုက်သည်။

သူက အလျင်လိုနေခြင်းမရှိဘဲ နေရာမှ ထသွားပြီး ကျောက်တိုင်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့၏။ သူက ဘုရင်ကြီးကို အရင်ဆုံး အရိုအသေ ပေးလိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူကတော့ ချက်ချင်း မျက်လုံးမှိတ်လိုက်မည့်အစား စကားလုံးမဲ့ကျောက်တိုင်ကို သေချာဂရုတစိုက်အချိန်ပေး၍ စိုက်ကြည့်နေခဲ့၏။

ထိုကျောက်တိုင်က မီးခိုးရောင်ဖြစ်ပြီး အလွန်သက်တမ်းရင့်နေပုံရသည်။ မျက်နှာပြင်ပေါ်တွင် ရှိနေသော အက်ကွဲကြောင်းလေးများကြောင့် ထိုကျောက်တိုင်ကို အပျက်အစီးထဲမှ ထုတ်ယူလာသည့်အချိန်တွင် ရခဲ့ခြင်းဖြစ်ပုံရ၏။

နောက်ဆုံးတွင်တော့ သူက မျက်လုံးမှိတ်လိုက်ပြီး ပတ်ပတ်လည်တွင် ရှိနေသော ကမ္ဘာကြီး၏ အကူအညီကိုယူ၍ ကျောက်တိုင်ကို အာရုံခံစားကြည့်လိုက်သည်။ သို့သော် သူက အဖြူရောင်ဒြပ်ထုကြီးကလွဲလျှင် မည်သည့်အရာကိုမျှမခံစားမိပေ။

သူက ထိုအရာအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ပြီး ဗုဒ္ဓလက်ဝါး၊ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်နှင့် ပတ်သက်သော နားလည်မှုများအားလုံးကို ဖယ်ရှားလိုက်သည်။ သူက သူ၏ကိုယ်တွင်းကမ္ဘာကြီးကို ဆက်လက်အသက်သွင်းလိုက်ပြီး သူ တည်ဆောက်ထားခဲ့သော လမ်းကြောင်းကို ထုတ်ဖော်လိုက်သည်။

သူ၏ပတ်ပတ်လည်တွင် တံခါးပေါက်များ ပွင့်လာပြီး မူလကမ္ဘာကြီးတစ်ခု သို့မဟုတ် ကြယ်များ ပြည့်နှက်နေသော ကောင်းကင်ကြီးနှင့် ပြောင်းလဲမှုများ ပြည့်နက်နေသော ကမ္ဘာကြီး၊ ကုန်းမြေကြီးများ ပေါ်လာခဲ့သည်။ အရှေ့ဘက်တွင်တော့ ထူးခြားသော သစ်ပင်ကြီးတစ်ပင် ရှိနေပြီး အနောက်ဘက်တွင်တော့ ခွန်းလွန်တောင်တန်းရှိသည်။

တံခါးပေါက်(၁)ခုချင်းဆီ၏ အတွင်းထဲတွင် ကြယ်ပေါင်းများစွာ ရှိနေပြီး ထိုကြယ်များက နေလုံးကြီးတစ်ခုဆီကို ဝိုင်းရံထားကြသည်။ သူတို့က ကြယ်စင်စုတစ်ခုဆီ ဖြစ်နေပြီး တိမ်တိုက်များ ဖြစ်လာသည်။ နောက်ဆုံးတွင်တော့ အဆုံးမဲ့စကြဝဠာကြီးတစ်ခု ဖြစ်နေခဲ့၏။

အခွင့်အရေးတစ်ခုကို ခံစားမိလိုက်သည့်အချိန်တွင် မီးခိုးရောင်ဒြပ်ထုကြီး၏ အတွင်းထဲ၌ သိမ်မွေ့စွာ လှုပ်ရှားသွားခြင်းကို ခံစားလိုက်ရသည်။ ထိုနေရာတွင် တစ်စုံတစ်ခု ရှိနေသလို ထင်မှတ်ရ၏။

မြေကွက်လပ်ထဲတွင် မုန့်ချီက မျက်လုံးမှိတ်လိုက်ပြီးနောက် ကျောက်တိုင်ပေါ်၌ အလင်းတန်းတစ်ခု ပေါ်ပေါက်လာကြောင်း ဝမ်ကိုက်က မြင်လိုက်ရသည်။ သူ၏မျက်နှာပေါ်တွင်လည်း အပြုံးများပြည့်နေပြီး သိပ်မကြာခင်တွင် ထူးဆန်းသော ဖြစ်စဉ်များ ပေါ်ပေါက်လာတော့မည်ဟု ခံစားရသည်။

ရှောင်မုန့်က သေချာပေါက်နားလည်မှုရလိမ့်မည်ဟု သူက ယုံကြည်နေခဲ့၏။ တံခါးပေါက်တစ်ခုချင်းဆီက သီးခြားစကြဝဠာတစ်ခုဆီ ဖြစ်ပေါ်နေပြီး ကောင်းကင်ကြီးကို ကိုယ်စားပြုနေသည်။

ကောင်းကင်ဘုံ မွေးရာပါတံခါး(၉)ပေါက်မှနေ၍ ကိုယ်တွင်းအင်္ဂါများအားလုံးက ဓာတ်ကြီး(၅)ပါး အသွင်ပြောင်းလာပြီး သက်ရှိများ ပေါ်ပေါက်လာခဲ့သည်။ သူတို့က ကမ္ဘာပျက်မည့်နေ့ကို ကြေညာနေသလို ထင်မှတ်ရပြီး အလိုအလျောက်ဖြစ်တည်ခြင်း စက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။

မုန့်ချီ၏အတွင်းကမ္ဘာကြီးက ကောင်းကင်ဘုံကို တဖြည်းဖြည်း ရောက်ရှိလာသည့်အချိန်တွင် အဖြူရောင်ဒြပ်ထုကြီးက ပို၍ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့သည်။ သူက ကောင်းကင်ဘုံ၏ အငွေ့အသက်ကိုလည်း ဝိုးတဝါး ခံစားမိလာခဲ့၏။

ထိုအရာက နိယာမနှင့် အကြောင်းတရားများ ဆက်စပ်နေခြင်းဖြစ်ပြီး တာအိုသဘောတရားများနှင့် သူတော်ကောင်းတရားများကို ပုံဖော်ပြသနေခြင်းဖြစ်သည်။ ကောင်းကင်ဘုံအပေါ် သူ၏နားလည်မှုများက ပို၍အသေးစိတ်ကျပြီး ပို၍ပြည့်စုံလာခဲ့၏။

ကျောက်တိုင်၏ အလင်းတန်းက တဖြည်းဖြည်းပို၍တောက်ပလာသည်ကို မြင်လိုက်ရသည့်အခါ ဘုရင်ကြီးက တစ်ယောက်တည်း ခေါင်းညိတ်ပြလိုက်၏။ လူတိုင်းကလည်း ထူးခြားသောဖြစ်စဉ်များ ပေါ်လာတော့မည်ဟု စဉ်းစားနေကြသည်။

သတ်ဖြတ်ရေးဓားက ဟွမ်ဟွာဓားဂိုဏ်းမှ ချီကျန်းရန်ကို သာလွန်နိုင်မည်လော။ မုန့်ချီက သူ၏ကောင်းကင်ဘုံကို လှည့်ပတ်နေသည့်အချိန်တွင် မီးခိုးရောင်ဒြပ်ထုကြီးက ရုတ်တရက် လှုပ်ရှားသွားခဲ့၏။ ထိုအရာက ပို၍ပြင်းပြင်းထန်ထန် လှုပ်ရှားလာရမည့်အစား တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ..."

မုန့်ချီကတော့ နားလည်မှုရရှိရန်အတွက် လုံးဝကို စိတ်နှစ်ထားခဲ့ပြီး သူ၏ခံစားချက်ထဲတွင် မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့ပေ။

ဝမ်ကိုက်နှင့် တခြားသူများကတော့ တဖြည်းဖြည်း မှေးမှိန်သွားသော အလင်းရောင်များကို ကြည့်နေမိကြ၏။ သူတို့၏ မျက်နှာပေါ်တွင်လည်း နားမလည်နိုင်သော အမူအရာများ ပေါ်လာကြသည်။ ထိုကဲ့သို့ အရာမျိုး ဖြစ်လာမည်ဟု သူတို့က မယုံကြည်နိုင်ကြပေ။

လူငယ်မှတ်တမ်း၏ နံပါတ်(၁)တွင် ရှိနေသော သတ်ဖြတ်ရေးဓားက နားလည်မှုရရန် ခြေတစ်လှမ်း လိုနေသေးခြင်းပေလော။ ထိုသို့ဆိုရာတွင် လူငယ်မှတ်တမ်း၏ အဆင့်(၂၀) အတွင်း ရှိနေသော သူများထဲတွင် (၃)ယောက်လုံးက ကိုယ်ပိုင်နားလည်မှုများရှိကြ၏။

ကောင်းကင်ဘုံက စကြဝဠာထက် ပို၍ကြီးမြတ်ပြီး ပို၍အဆင့်အတန်းမြင့်သည်။ ထိုအရာက နိယာမများ၊ အကြောင်းတရားများကိုပင် လွှမ်းမိုးနိုင်၏။ သို့သော် မုန့်ချီ၏အနားသို့ ကပ်လာလေလေ အဖြူရောင်ဒြပ်ထုကြီးက ဖြည်းညင်းစွာ လှုပ်ရှားလာလေလေ ဖြစ်သည်။

သူက ကောင်းကင်ဘုံကို အသက်သွင်းပြီးသွားသည့်အချိန်တွင် အဖြူရောင်ဒြပ်ထုကြီးက ငြိမ်သက်သွားခဲ့၏။ သို့သော် သူ၏စိတ်ထဲတွင်တော့ အဖြူရောင်ဒြပ်ထုကြီးက တဖြည်းဖြည်း ပို၍မည်းမှောင်လာခဲ့သည်။

အစောပိုင်းနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ့ဆီ၌ ပြောပြ၍ မရနိုင်သော ပြောင်းလဲမှုများ ရှိနေသည်။ ကောင်းကင်ဘုံ၏ အလွန်တွင်တော့ ဖော်ပြ၍ မရနိုင်သော အချိန်မြစ်ကြီး၏ အမှတ်တစ်ခ ုရှိနေသည်။ ထိုနေရာကို ပစ်မှတ်ထား၍ မရသလို အရှိန်နှင့် ကန့်သတ်၍လည်း မရနိုင်ပေ။ ထိုအမှတ်နေရာတွင် အချိန်သဘောတရားများ ပျောက်ကွယ်သွားခဲ့ပြီး ထိုအရာက အရာအားလုံး၏ အရင်းအမြစ်လည်းဖြစ်၏။

မုန့်ချီ၏ပင်မဝိညာဉ်ကလည်း သူတို့ထဲတွင် ပါဝင်နေသည်။ သူက မျက်လုံးတစ်ဖက် မှိတ်ထားပြီး မျက်လုံးတစ်ဖက် ဖွင့်ထား၏။ သူ၏အရှိန်အဝါက အလွန်တည်ငြိမ်အေးချမ်းနေပြီး မူလကမ္ဘာကြီးထဲတွင် ဖုံးကွယ်ထားသည်။ သူမြင်နေရသောအရာများကို စကားလုံးနှင့် ပြောပြရန်ပင် ခက်ခဲ၏။

"အစောပိုင်းမှာ အလင်းတန်းတွေ သေချာပေါက် ပေါ်လာခဲ့ပါတယ်..။ ဘာလို့ပျောက်သွားရတာလဲ.."

လူငယ်တစ်ယောက်က တိတ်တဆိတ် မေးလိုက်၏။

သူ့အဖော်က အပြုံးနှင့်ပြန်ဖြေလိုက်သည်။

"ကြည့်ရတာတော့ သူ့မှာ တစ်ခုခု လိုအပ်နေသေးလို့ နေမှာပေါ့..."

သူက ဖန်းချန်းမြောင်ကို လှည့်ကြည့်၍ ခေါင်းညိတ်ပြီး ဂုဏ်ပြုစကားပြောလိုက်၏။ ဖန်းချန်းမြောင်ကလည်း သူ့ကို ပြန်၍ အသိအမှတ်ပြုလိုက်သည်။ သူကတော့ ငြိမ်သက်နေသော ကျောက်တိုင်ကြီးနှင့် မုန့်ချီကို စိုက်ကြည့်လိုက်ပြီး မျက်လုံးထဲတွင် သံသယများ ပြည့်နှက်နေခဲ့၏။ မုန့်ချီက သူ၏လမ်းကြောင်းကို နားမလည်သေးခြင်းပေလော။

ဝမ်စစ်ယွမ်၏ မျက်နှာပေါ်တွင်တော့ တစ်ချိန်လုံး အပြုံးတစ်ခု ရှိနေခဲ့သည်။ ချီကျန်းရန်၏ ရလဒ်ကို မြင်လိုက်သည့်အခါမှသာ သူက မျက်ခုံးပင့်လိုက်မိ၏။ ယခုတော့ သူ၏တွက်ချက်မှုက အနည်းငယ်လိုအပ်နေသလို မျက်မှောင်ကြုတ်နေမိသည်။

"ဒီနေ့ရှောင်မုန့်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတယ်...သူက အကြောင်းမဲ့ ယုံကြည်မှုရှိနေတဲ့ လူမျိုးမဟုတ်ဘူး…"

ဝမ်ကိုက်က မုန့်ချီ၏မိတ်ဆွေရင်း(၂)ယောက်ဖြစ်သော ရွမ်ယုရှုနှင့်ချီကျန်းရန်တို့ကို လှည့်ကြည့်လိုက်သည်။ သူတို့က ကျောက်တိုင်ကို မည်မျှအလေးထားနေကြောင်း မြင်လိုက်ရ၏။ သူတို့ကတော့ စိတ်ပျက်သွားပုံမရဘဲ သံသယဝင်နေခြင်းသာ ဖြစ်ပုံရသည်။

မုန့်ချီ၏ပင်မဝိညာဉ်က ပြောင်းလဲသွားခြင်း မရှိဘဲ တင်ပျဉ်ခွေထိုင်နေရင်း ပြောင်းလဲမှုများအားလုံးကို နားလည်နေသည်။ အကြောင်းတရားများအားလုံး၊ စတင်ခြင်းများအားလုံး၊ အရာအားလုံး၏မူလဇစ်မြစ်…

ရုတ်တရက်ဆိုသလို မုန့်ချီ၏ပင်မဝိညာဉ်ထဲတွင် မျက်လုံးပွင့်လာခဲ့သည်။ မူလကမ္ဘာကြီးက ထက်ခြမ်းကွဲသွားခဲ့ပြီး ကောင်းကင်ဘုံပေါ်လာခဲ့၏။ စကြဝဠာကြီးလည်း အသွင်ပြောင်းလာခဲ့ပြီး ကမ္ဘာမြေကြီးဖြစ်ပေါ်လာခဲ့၏။ တစ်ချိန်တည်းတွင် အဖြူရောင်ဒြပ်ထုကြီးကလည်း အငွေ့အသက်များ ထွက်ပေါ်လာပြီး ထိုခံစားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။

ကောင်းကင်ကြီးပေါ်တွင် လောင်ကျွမ်းနေသော နေမင်းကြီးတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများက ကျောက်တိုင်ပေါ်ကို ကျဆင်းလာသည်။ ထိုနေရာတွင် အရိပ်မရှိ၊ပြောင်းလဲမှုမရှိ၊ ကျင့်စဉ်မရှိပေ။ကျောက်တိုင်ကြီးတစ်ခုတည်းသာ ရှိနေ၏။

ထိုအချိန်တွင် မုန့်ချီက မျက်လုံး(၂)လုံးကို ဖွင့်လိုက်၏။ သူက မတ်တပ်ရပ်လိုက်ပြီး ဘုရင်ကြီးကို အရိုအသေပေး၍ ထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။

"ဘာထူးခြားဖြစ်စဉ်မှ ပေါ်မလာဘူးလား..။ သတ်ဖြတ်ရေးဓားက သူ့ရဲ့အဆင့်ထက် သာလွန်တဲ့ တိုက်ခိုက်ရေးစွမ်းရည်ရှိနေတဲ့ လူတစ်ယောက်ပဲ။ ဒါပေမယ့် နားလည်မှုချင်း ယှဉ်လိုက်မယ်ဆိုရင် ဖန်းချန်းမြောင်ထက် နိမ့်ကျနေသေးတယ်…"

ဝမ်ကိုက်က သူ၏ပတ်ပတ်လည်တွင် ဆွေးနွေးနေသောအသံများကို နားထောင်ပြီး မျက်လုံးမှိတ်၍ စဉ်းစားနေခဲ့၏။ အကြောင်းအရာများက ထိုကဲ့သို့ မဖြစ်သင့်ကြောင်း စဉ်းစားနေသည့် အချိန်တွင် ကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်ရသည်။

နန်းတော်ကြီးတစ်ခုလုံးတွင် တိတ်ဆိတ်သွားခဲ့ပြီး အသံများ ပျောက်ကွယ်သွား၏။ ဝမ်ကိုက်က ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး ကျောက်တိုင်ကြီးက အလယ်တွင် အက်ကွဲသွားခဲ့သည်။ အက်ကွဲကြောင်းတစ်လျှောက် အသံများ ထွက်ပေါ်လာပြီး တဖြည်းဖြည်းနှင့် အက်ကွဲကြောင်းများက ရှည်လျားလာခဲ့၏။

"စကားလုံးမဲ့ ကျောက်တိုင်က အက်ကွဲသွားတာလား…"

ဝမ်ကိုက်က အံ့ဩမှင်တက်သွားခဲ့သည်။ ထိုအရာက သူ့အတွေးထက်ပင် အဆပေါင်းများစွာကျော်လွန်နေခဲ့၏။

ဝမ်စစ်ယွမ်ကလည်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူကတော့ အသက်ရှူရန်ပင် မေ့လျော့နေခဲ့၏။

ဖန်းချန်းမြောင်က လက်ထဲတွင် ကိုင်ထားသောဓားကို တင်းတင်းဆုပ်ကိုင်လိုက်မိပြီး သူ၏မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။

"စကားလုံးမဲ့ကျောက်တိုင်က အက်ကွဲသွားပြီ...တကယ့်ကို အက်ကွဲသွားတာပဲ.."

အစောပိုင်းတွင် ဆွေးနွေးနေသူများက ဇဝေဇဝါဖြစ်နေကြ၏။

ကွေမိသားစုမှ သခင်ကြီးကွေချင်းယုက လက်(၂)ဖက်ကို ဒူးပေါ်သို့ တင်လိုက်သည်။ ယပ်တောင်(၆)လက်ကျောင်းမှ စုံစမ်းရေးမှူးချုပ်၏ ထက်မြက်သော အငွေ့အသက်များလည်း ထွက်ပေါ်လာခဲ့၏။ လူတစ်ယောက်က မည်မျှအစွမ်းထက်စေကာမူ သူ၏အဆင့်က မည်မျှထူးခြားစေကာမူ ထိုကဲ့သို့အရာမျိုး မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့ကလည်း အလွန်ထိတ်လန့်သွားခဲ့ရခြင်းဖြစ်၏။

"စကားလုံးမဲ့ကျောက်တိုင်က အက်ကွဲသွားပြီ..တကယ်အက်ကွဲသွားတာပဲ…"

"ခလွပ်…"

အထက်တန်းလွှာ လူငယ်လေးများ၏ လက်ထဲတွင် ကိုင်ထားသောခွက်များက မြေပေါ်သို့ ကျကွဲသွားခဲ့၏။

ဘုရင်ကြီးကလည်း အံ့ဩမှင်တက်သွားပုံရပြီး သိပ်မကြာခင် မျက်နှာပျက်သွားခဲ့၏။ အကယ်၍သူ့လက်ထက်တွင် စကားလုံးမဲ့ကျောက်တိုင်သာ ပျက်စီးသွားခဲ့မယ်ဆိုလျှင် ဘိုးဘေးများကို မည်သို့မျက်နှာပြရတော့မည်နည်း။

ထိုအချိန်တွင် အက်ကွဲသည့်အသံက ရပ်တန့်သွားခဲ့၏။ ကျောက်တိုင်က ထက်ခြမ်းကွဲသွားခြင်း မရှိသေးဘဲ မူလအတိုင်းသာ ဆက်လက်ရှိနေသေး၏။ ကျောက်တိုင်၏ မျက်နှာပြင်ပေါ်တွင်တော့ မူလအက်ကွဲကြောင်းငယ်လေးများနှင့် ယှဉ်လိုက်လျှင် ရှည်လျားသော အက်ကွဲကြောင်းအသစ်တစ်ခု ပေါ်လာခဲ့သည်။ တခြားအရာများနှင့်ယှဉ်လိုက်မည်ဆိုလျှင် ထိုအရာက စမ်းချောင်းနှင့်မြစ်များကဲ့သို့ ဖြစ်နေသည်။

"မကွဲသွားသေးတာ တော်သေးတာပေါ့…"

ဘုရင်ကြီးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။

သူက ကျယ်လောင်စွာ ကြေညာလိုက်သည်။

"သတ်ဖြတ်ရေးဓားက အနိုင်ရသူပဲ…"

သူ၏ခံစားချက်များက လှုပ်ရှားနေသည့်အတွက် မုန့်ချီ၏ ရလဒ်ကို ချီးကျူးနိုင်ခြင်း မရှိတော့ချေ။ သူကတော့ သူ့ကိုယ်သူ အရင်ဆုံးတည်ငြိမ်အောင် ကြိုးစားရန် လိုအပ်သည်။

မုန့်ချီ၏ခန္ဓာကိုယ်ကတော့ ပို၍လန်းဆန်းတက်ကြွနေသလို ခံစားနေရပြီး သူ၏အချုပ်အနှောင်များကလည်း နောက်တစ်ကြိမ် လျော့ကျသွားခဲ့သည်။ အစောပိုင်းတွင် သူ၏နားလည်မှုများက သူ၏အငွေ့အသက်များနှင့် ရောနှောသွားခဲ့၏။ ယခုတော့ သူက အဆင့်တက်ရန် အခွင့်အရေးတစ်ခုသာ လိုအပ်တော့သည်။

တိုက်ပွဲကြောင့်ဖြစ်စေ၊ တခြားအကြောင်းအရာများကြောင့်ဖြစ်စေ နောက်ဆုံးတွင်တော့ ဘာကြောင့် စုကျိယွမ်ကို ရှောင်လင်ကျောင်းတော်သို့ပို့ခဲ့ကြောင်း သူလည်း နားလည်သွားခဲ့၏။

"သတ်ဖြတ်ရေးဓားက တကယ်ကြောက်စရာကောင်းတာပဲ..။ သူနားလည်သွားတဲ့ အရာတွေကို ကျောက်တိုင်ကတောင် ခံနိုင်ရည်မရှိခဲ့ဘူး..."

"ဒါက အစောပိုင်းမှာ လူပေါင်းများစွာ နားလည်သွားခဲ့လို့များလား…"

"ဟာသပဲကွာ ...။ တကယ်လို့ သုံးတဲ့သူအရေအတွက်ပေါ်မှာသာ မူတည်နေမယ်ဆိုရင် ဘုရင်ကြီးက လူတိုင်းကို ခွင့်ပြုပေးခဲ့မှာလား ..။ သတ်ဖြတ်ရေးဓားက လူငယ်မှတ်တမ်းမှာ နံပါတ်(၁) အစွမ်းထက်ဆုံး လူငယ်တစ်ယောက်ဖြစ်နိုင်တယ်.."

အာမေဋိတ်သံများစွာထွက်ပေါ်နေသည့်အချိန်တွင် မုန့်ချီ၏ခြေလှမ်းများကတော့ တည်ငြိမ်နေခဲ့သည်။ သူက မနှေးမမြန်အမူအရာနှင့် ထိုင်ခုံတွင် ပြန်ထိုင်ခဲ့၏။ ထို့နောက် ကျောက်တိုင်ပေါ်တွင် ရှိနေသော အက်ကွဲကြောင်းကြီးကို လှည့်ကြည့်လိုက်မိသည်။

"အဲဒါပျက်စီးမသွားသေးတာ တော်သေးတာပေါ့ ...။ မဟုတ်ရင်တော့ အဲဒါကိုပြန်‌လျော်ဖို့အတွက် ဘာမှလုံလောက်မှာ မဟုတ်ဘူး.."

မုန့်ချီက ကြိတ်၍ ဝမ်းသာသွားခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူ၏ဗုဒ္ဓလက်ဝါးက ထိုအရာကို ယှဉ်နိုင်သည်။

ဝမ်ကိုက်က သူ့ကိုကြည့်လိုက်ပြီး မုန့်ချီ၏မျက်နှာပေါ်ရှိ ခံစားချက်များကို မြင်နေရသည်။ သူကတော့ လူသားအရေခြုံထားသော မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်နေရသလို ထင်ရ၏။

"ဒါက ကျောက်တိုင်ရဲ့သမိုင်းကြောင်းထဲမှာ ပထမဆုံးအကြိမ်ဖြစ်ခဲ့တာပဲ ... "

ထို့ကြောင့် သူက တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

"ငါက မသေသေးတာ ကံကောင်းသွားတယ်…"

မုန့်ချီက မည်သို့ပြန်ပြောရမည်မှန်း မစဉ်းစားမိခဲ့ပေ။ နောက်ဆုံးတွင်တော့ သူက စနောက်လိုက်၏။

"အရာအားလုံးမှာ ပထမအကြိမ်ဆိုတာ ရှိတာပဲ ..."

ဝမ်စစ်ယွမ်က ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်၏။

ဘုရင်ကြီးက ခဏကြာ တိတ်ဆိတ်သွားပြီးနောက် မုန့်ချီကို အရက်တစ်ခွက် ဂုဏ်ပြုလိုက်သည်။ ထို့နောက် သူကပြောလိုက်၏။

"အခုတတိယပြိုင်ပွဲ ရောက်လာပြီ ...။ သိုင်းပညာဆိုတာက တိုင်းပြည်တစ်ခုကို တည်ထောင်ဖို့အတွက် အဓိကရေသောက်မြစ်ပဲ ... မင်းတို့မှာ နားလည်မှုတွေ ဘယ်လောက်ပဲရှိရှိ မင်းတို့ရဲ့စိတ်အခြေအနေတွေက ဘယ်လောက်ပဲထူးခြားထူးခြား မင်းတို့ဆီမှာ တိုက်ခိုက်စွမ်းရည်ရှိဖို့ လိုအပ်နေသေးတယ် ...”

“ကျောက်စိမ်းသစ်တောဥယျာဉ်ထဲမှာ အိပ်မက်ဝင်္ကပါတစ်ခုရှိတယ်။ အဲဒါကို နက်ရှိုင်းတဲ့တောင်ကြားတွေ၊ မြင့်မားတဲ့တောင်တန်းကြီးတွေနဲ့ အန္တာရာယ်များတဲ့ တိုက်ပွဲကွင်းပြင်တစ်ခုအဖြစ် ဖန်တီးထားတယ်။ လူတိုင်းက အန္တရာယ်ထဲကနေ လွတ်မြောက်နိုင်အောင်လည်း စီစဉ်ထားတယ်။ တကယ်လို့ အစစ်အမှန် တိုက်ခိုက်စွမ်းရည်ကို ခံစားချင်တယ်ဆိုရင်တော့ မင်းတို့က ဝင်သွားနိုင်တယ်။ ဒီတိုက်ပွဲက ကြမ်းတမ်းလိမ့်မယ်။ ဝင်္ကပါထဲမှာ နောက်ဆုံးကျန်နေတဲ့သူက အနိုင်ရတဲ့သူဖြစ်လိမ့်မယ်…"

"ပြိုင်ပွဲက အဲဒီလိုလား ... တကယ်လို့ ငါသာ ငါ့လူတွေနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် အနိုင်ရဖို့မျှော်လင့်ချက် ရှိသေးတယ်…"

မုန့်ချီက နားလည်သွားခဲ့၏။

ထိုအရာက အိမ်မက်ဝင်္ကပါတစ်ခုဖြစ်နေသည့်အတွက် ရာသီဥတုအခြေအနေနှင့် မြေမျက်နှာသွင်ပြင်ကို စဉ်းစားရန် လိုအပ်နေသေးသည်။ သူက သူ့မိတ်ဆွေများနှင့် ဆက်သွယ်ရန် နည်းလမ်းတစ်ခု လိုအပ်နေသေး၏။

ကွေချင်းယုက တစ်ယောက်တည်း ရေရွတ်လိုက်၏။

"ဝင်္ကပါရဲ့အတွင်းထဲကို သေချာကာကွယ်ထားပြီး သူတို့ကို ထွက်သွားခွင့်ပေးထားပေမယ့် ပြဿနာတစ်ခုခုဖြစ်လာရင် အကျိုးသက်ရောက်မှုက နည်းတယ် .။ တကယ်လို့ ဒီလိုပါရမီရှင်တွေ တစ်ခုခုဖြစ်သွားရင် နောင်တရစရာတွေ ဖြစ်လာလိမ့်မယ် ..."

ဘုရင်ကြီးက ပြုံးလိုက်သည်။

"ဘာမှစိတ်မပူပါနဲ့ ..။ ငါက တားမြစ်ချက်တွေ ထုတ်ပြီးပါပြီ ..။ မင်းတို့က မင်းတို့ရဲ့ လူငယ်တွေအပေါ်မှာ အငွေ့အသက်တစ်ခုဆီ ပေးလိုက်လို့ရတယ်။ တကယ်လို့ သေရေးရှင်ရေး အခြေအနေမျိုး ကြုံနေရပြီဆိုရင် မင်းတို့ကိုယ်တိုင် သူတို့ကို ဝင်္ကပါထဲကနေ ဆွဲထုတ်နိုင်တယ်။ ဝင်္ကပါရဲ့အကာအကွယ်နဲ့ပေါင်းလိုက်မယ်ဆိုရင် ဘာမှမဖြစ်နိုင်တော့ပါဘူး…"

ကွေချင်းယုက ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။ သူ့ဆီတွင် တခြားထင်မြင်ချက်လည်း မရှိပေ။

…………

မြို့တော်အပြင်ဘက်တွင်တော့ ဘိုးဘေးဒိုမူက ယခင်တုန်းက အကြောင်းများကို ပြောဆိုပြီးသွားခဲ့သည်။ သူမက တစ်စုံတစ်ခုကို သတိထားမိသွားသည့်အလား တိတ်တဆိတ် မျက်လုံးမှိတ်လိုက်၏။ ထို့နောက် သူမက မျက်လုံးဖွင့်လိုက်ပြီး တိတ်တဆိတ် ရေရွတ်လိုက်လေသည်။

"စပြီ…"

Translated by Hein Htet.

All Chapters