အခန်း (၄၉၅)
Vol. 33 Ch. 495
လျှူရှန့်မင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။ သူက ပြောလိုက်၏။
"နတ်ဘုရားမ …
ဘာလို့ပုလ္လင်ပေါ်မှာ ထိုင်နေရတာလဲ ..။ သရဖူဆောင်းဖို့ ရည်မှန်းချက်ရှိနေလို့လား.."
ကူရှောင်စန်းက လက်ကို ရွှေရောင်လက်ရန်းပေါ်ကို တင်ထားရင်း သူမ၏ အေးစက်သော အမူအရာက ပျောက်ကွယ်၍ ချိုသာသော အပြုံးလေးတစ်ခု အစားထိုး ဝင်ရောက်လာခဲ့သည်။
"ဒီပလ္လင်အတွက် လူပေါင်းများစွာက ပွင့်ပွင့်လင်းလင်း တိုက်ခိုက်တဲ့လူရှိသလို တိတ်တိတ်ဆိတ်ဆိတ်နဲ့ တိုက်ခိုက်နေတဲ့သူတွေလည်း အများကြီးရှိတယ်။ ဒီတော့ တော်တော်လေးကို တန်ဖိုးရှိမယ် ထင်ရတာပေါ့။ ဒီတော့ ကျွန်မက စိတ်ဝင်စားလို့ပါ။ အခု ထွက်သွားရတော့မယ့်အချိန်က လက်တစ်ကမ်းကို ရောက်နေပြီး အခွင့်အရေးက လက်ထဲမှာ ရှိနေတယ်လေ။ ကျွန်မက မစမ်းသပ်ဘဲ နေလို့ရမလား။ အခုကျွန်မက ဒီနေရာကို ထိုင်ကြည့်လိုက်တဲ့အချိန်မှာ ဒါက သာမန်ထိုင်ခုံတစ်ခုဆိုတာထက် မပိုပါဘူး…"
သူမက အေးအေးဆေးဆေး အမူအရာနှင့် ပလ္လင်ပေါ်မှ တဖြည်းဖြည်း မတ်တပ်ရပ်လာခဲ့သည်။ ကူရှောင်စန်းဆီတွင် ပလ္လင်နောက်ကွယ်နှင့် ပတ်သက်သော အကြံများစွာ ရှိနေသော်လည်း ထိုအရာက လျှူရှန့်မင်အတွက် အဓိကအချက်မဟုတ်ချေ။
သူကတော့ အမူအရာ ပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်၏။
"နတ်ဘုရားမ ထွက်သွားတော့မှာလား။ မင်းသားချီက အခုအချိန်ထိ ဓမ္မကာရအဆင့်ကို မရောက်သေးဘူး။ အမှန်အတိုင်းပြောရရင် သူ့မှာ ပြဿနာတွေ အများကြီးရှိတယ် .."
သူမက ခံစားချက်ကင်းမဲ့သော မီးအိမ်ကိုင်နတ်ဆရာကိုကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"ကျွန်မတို့လော်အဖွဲ့အစည်းက ဘယ်လိုနာမကျန်းမှုကိုမဆို ကုသနိုင်တယ်။ နာမည်ပြောလိုက်ရုံနဲ့ ကျွန်မတို့က ရှင့်ကို ကုသပေးနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဓမ္မကာရအဆင့်ကို တည်ငြိမ်အောင်လုပ်ဖို့ ကျွန်မလည်း ကတိမပေးနိုင်ဘူး ။ မဟုတ်ရင် လေဟာနယ်မြို့တော်ထဲမှာ ဓမ္မဘုရင်အပြင် တခြားဓမ္မကာရအဆင့် ပညာရှင်တွေလည်း အများကြီး ရှိနေမှာပေါ့…”
“သူတော်စင်အင်ပါယာတံဆိပ်က လော့ရန် ဝင်္ကပါထဲမှာ နေထိုင်ကြတဲ့ သက်ရှိတွေအားလုံးရဲ့ အစွမ်းကို တိတ်တဆိတ် စုပ်ယူပြီး မင်းသားချီကို ကူညီပေးနိုင်တဲ့အတွက် သူ့ရဲ့အောင်မြင်မှုက တိုးတက်လာနိုင်တယ်။ ဒါပေမယ့် ဓမ္မကာရအဆင့်ကို ရောက်မရောက်ကတော့ သူကိုယ်တိုင်အပေါ်ပဲ မူတည်နေတယ် .။ ကျွန်မတို့က သူ့ကို ကူညီပေးလို့မရဘူး။ ဒီလိုဆိုမှတော့ ဘာအကြောင်းပြချက်မှ မလိုတော့ဘူးလေ ... "
သူမက ရုတ်တရက် ရယ်မောလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ စကားလုံးမဲ့ကျောက်တိုင်ကို စမ်းသပ်ပြီးသွားပြီ။ ကျွန်မတို့လော်အဖွဲ့အစည်းနဲ့ ဖျက်ဆီးရေးဂိုဏ်းကလည်း လိုချင်တဲ့အရာကို ရပြီးသွားပြီ။ မင်းသားချီသာ ဓမ္မကာရအဆင့်ကို အောင်မြင်သွားပြီဆိုရင် ကျွန်မတို့ရဲ့စကားကို နားထောင်ဦးမယ်လို့ ထင်နေတာလား…"
လျှူရှန့်မင်၏မျက်နှာပေါ်တွင်တော့ အပြုံးများ ပြည့်နေသည်။
"မင်းသားချီက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စတင်ပြင်ဆင်နေခဲ့တာ ။ သူ့ရဲ့အောင်မြင်မှုအပေါ် ယုံကြည်မှုတချို့တော့ ရှိနေမယ်ဆိုတာ ကျွန်တော် သေချာတယ်။ ဒါကြောင့်လည်း ကျွန်တော်က စိုးရိမ်မနေတာပေါ့။ ကျွန်တော် စိုးရိမ်နေတာကတော့ သူ ဓမ္မကာရအဆင့်ကို တက်လှမ်းတဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လှုပ်ရှားမှုတွေပဲ။ တကယ်လို့ ပြင်ပအင်အားစုတစ်ခုခုကသာ နှောင့်ယှက်လိုက်မယ်ဆိုရင် ကြိုးစားအားထုတ်မှုက အချည်းနှီး ဖြစ်သွားနိုင်တယ်လေ။ တကယ်လို့ သူက အရူးမင်းသားလို တိတ်တဆိတ် လေ့ကျင့်နိုင်မယ်ဆိုရင်တော့ ပိုပြီးကောင်းတာပေါ့။ ဒါပေမယ့် သူ့ရဲ့လျှို့ဝှက်ချက်အကြောင်းကို သိတဲ့သူများများ မရှိဘူးလေ။ အဲဒါက အကောင်းဆုံးဖြစ်မှာပါပဲ…"
"သူက မင်းသားကျင်းလို ဖြစ်၊မဖြစ် ကျွန်မက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ မင်းသားချီကတောင် စိုးရိမ်မနေရင် ရှင်က ဘာဖြစ်လို့ စိုးရိမ်နေရတာလဲ ... "
သူမက အပြုံးနှင့်ပြောလိုက်၏။
သူမ၏စကားကြောင့် လျှူရှန့်မင်က မှင်တက်သွားခဲ့ပြီး ထိုက်ကျိနန်းတော်အနားတွင် ရှိနေသော မိန်းမစိုးကို လှည့်ကြည့်လိုက်သည်။
ကူရှောင်စန်းကတော့ လက်နောက်ပစ်ပြီး စင်မြင့်ပေါ်မှ ဖြည်းညင်းစွာ ဆင်းသွားခဲ့၏။ သူမ၏ အဖြူရောင်ဝတ်စုံလေးက လေထဲတွင် လှုပ်ရှားနေခဲ့သည်။ သူမဆီတွင် ပြောပြ၍ မရနိုင်သော အငွေ့အသက်များ ထွက်ပေါ်လာနေ၏။
"လော့ရန်မှာ ဘယ်သူကရော သူ့ကို နှောင့်ယှက်နိုင်တဲ့ စွမ်းရည်ရှိနေသေးလို့လဲ။ တကယ်လို့ အင်မော်တယ်တွေက ပြဿနာရှာချင်နေတယ်ဆိုရင် မီးအိမ်ကိုင်နတ်ဆရာနဲ့ ကျွန်မက ဘိုးဘေးဒိုမူရဲ့တိုက်ခိုက်မှုတွေကို ခုခံနိုင်မှာ မဟုတ်ဘူး။ မင်းသားချီမှာ အဲဒီအရာတွေကို ကိုယ်တိုင်ရင်ဆိုင်ဖို့ နည်းလမ်းတွေရှိမယ်ဆိုတာ ကျွန်မယုံတယ် ...”
လျှူရှန့်မင်က မျက်မှောင်ကြုတ်လိုက်မိ၏။ သူက ပြောလိုက်သည်။
"နည်းလမ်းတွေလား ..."
ကူရှောင်စန်း၏နောက်မှ လိုက်လာသော မီးအိမ်ကိုင်နတ်ဆရာက သူ့ကို ကျော်သွားရင်း ရယ်လိုက်သည်။
"ထိပ်တန်းလူဆိုးထိန်းလျှူ ...
ဘုရင်ကြီးနဲ့မင်းသားချီအပေါ် မင်းရဲ့သစ္စာရှိမှုက မေးခွန်းထုတ်စရာမလိုဘူး။ မင်းက သခင်မစုရဲ့အစောင့်အရှောက်ရာထူးကိုတောင် စိတ်မဝင်စားနိုင်တော့ပါလား.."
ထိုအချိန်တွင် လျှူရှန့်မင်၏အမူအရာက အိုးတိုးအန်းတန်း ဖြစ်သွားခဲ့သည်။ သူက အပြုံးနှင့်ပြောလိုက်၏။
"တကယ်လို့ နတ်ဘုရားမက ငါ့ရဲ့အဆင့်အတန်းကို ထုတ်ဖော်လိုက်မယ်ဆိုရင်တောင် ဘုရင်ကြီးနဲ့မင်းသားချီတို့က ငါ့ကို စွန့်ပစ်မှာ မဟုတ်ဘူး ... ငါက ဘဝသစ်ပြန်ပြီး စနိုင်သေးတယ်…"
ကူရှောင်စန်းက သူတို့ကိုပြန်လှည့်မကြည့်ဘဲ ထိုက်ကျိနန်းတော်ထဲသို့ ဝင်သွားခဲ့သည်။ သူမက တိတ်တဆိတ် ရယ်လိုက်၏။
"ဆန်းကြယ်နတ်သမီးအသစ်နဲ့ ပျော်ရွှင်ခြင်းဗောဓိတဗ္ဗတို့က တောင်ထိပ်ပေါ်ကနေ အတူတူ ဆင်းလာတယ်လို့ သတင်းကြားတယ်။ ထိပ်တန်းလူဆိုးထိန်းလျှူ… ရှင်က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ…"
လျှူရှန့်မင်က အတော်လေးကို မျက်နှာပျက်သွားခဲ့ပြီး အဖြူဝတ် ကူရှောင်စန်းက နန်းတော်ခန်းမ၏ အပြင်ဘက်တွင် ရှိနေသော မြေကွက်လပ်ထဲ၌ ပျောက်ကွယ်သွားသည်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိခဲ့သည်။
လက်ထဲတွင် အပြာရောင်မီးအိမ်လေးကို ကိုင်ထားသော မီးအိမ်ကိုင်နတ်ဆရာက ပိန်ပိန်ပါးပါးနှင့် အသက်ကြီးနေပုံရ၏။ သူက သာမာန်အစေခံတစ်ယောက်နှင့် ကွဲပြားမှုမရှိချေ။
လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်တွင် နေလုံးကြီးက ပြင်းပြင်းထန်ထန်ကို လောင်ကျွမ်းနေခဲ့သည်။ ယခုတော့ မိုးရွာချတော့မည့်အလား ကောင်းကင်ပေါ်တွင် မည်းမှောင်နေသော တိမ်တိုက်များ လွှမ်းခြုံနေ၏။
မီးအိမ်ကိုင်နတ်ဆရာ၏ ဘယ်လက်ထဲတွင် အစိမ်းရောင်ထီးလေးတစ်ချောင်း ပေါ်လာပြီး သူက ကူရှောင်စန်းကိုဆောင်းပေးထား၏။ သူက အဝေးတွင် ရှိနေသော နန်းတော်ကြီးကိုကြည့်ပြီး တိတ်တဆိတ် ပြောလိုက်သည်။
"ကြည့်ရတာ လျှူရှန့်မင်က ဘုရင်ကြီးရဲ့ယုံကြည်မှုကို အခုထိ မရသေးဘူးထင်တယ်။ အခုတော့ မင်းသားချီက သူ့ကိုယ်သူပဲ အားကိုးရတော့မယ်။ တကယ်လို့ သူသာ ဓမ္မကာရအဆင့်ကို ရောက်သွားမယ်ဆိုရင် ဒီကမ္ဘာကြီးထဲမှာ ပြောင်းလဲမှုတွေ ပေါ်လာလိမ့်မယ်။ ကျွန်တော်တို့လော်အဖွဲ့စည်းအတွက်တော့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ် ... "
ကူရှောင်စန်းက အပြုံးနှင့် ပြန်ပြောလိုက်၏။
"သူအောင်မြင်တာ၊မအောင်မြင်တာက ဘာများအရေးကြီးလို့လဲ။ ကျိုးမိသားစုနဲ့ တခြားအထက်တန်းလွှာ မိသားစုတွေရဲ့ဆက်ဆံရေးက အတိတ်တုန်းက အခြေအနေကို ပြန်ရောက်ဖို့ ဖြစ်နိုင်ခြေရှိသေးလို့လား။ ဒါက ကျွန်မတို့နှောင့်ယှက်မှုတွေရဲ့ အဓိကအချက်ပဲလေ ..."
ထိုအချိန်တွင် မိုးများစတင်ရွာကျလာပြီး အစိမ်းရောင်ထီးလေးပေါ်သို့ ကျဆင်းလာခဲ့သည်။ မိုးရေစက်များ ကျဆင်းလာနေစဉ် အတောအတွင်း မီးအိမ်ကိုင်နတ်ဆရာ၏ ညှိုးခြောက်နေသော လက်တစ်ဖက်က ထီးကို အနည်းငယ်လေးများပင် လှုပ်ရှားစေခြင်း မရှိဘဲ ကိုင်ထားခဲ့သည်။
ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေး ရှိနေသော ကူရှောင်စန်းကတော့ မိုးရေစက်များအောက်တွင် နတ်သမီးလေးတစ်ပါးအလား ရေစက်များ ထိမှန်ခြင်း မရှိချေ။
အပေါ်ဘက်တွင် အနက်ရောင်တိမ်တိုက်များ လွှမ်းခြုံလာသည့်အချိန်၌ လော့ရန်က မိုးရွာသီ ညအချိန် ကျရောက်သွားသလို ဖြစ်သွားခဲ့၏။ ကောင်းကင်ကြီးပေါ်တွင်လည်း မိုးကြိုးများ ကင်းမဲ့နေသည်။
ထိုအချိန်တွင် နန်းတွင်း၏အလယ်ထဲမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး လော့ရန်တစ်မြို့လုံးကို လွှမ်းခြုံသွားခဲ့သည်။ ထိုအလင်းတန်းက မီးခိုးငွေ့တစ်ခုအလား ပန်းပွင့်များနှင့်အတူ လမ်းပေါ်တွင် ပေါ်လာခဲ့သည်။
မီးအိမ်ထွန်းထားသော အိမ်များ၏ မီးခိုးခေါင်းတိုင်များမှနေ၍ မီးခိုးငွေ့များ ထွက်ပေါ်လာသည်။ ငါးဖမ်းသမားများ၊ သစ်ခုတ်သမားများ၊ လယ်သမားများနှင့် စာသင်သားများအားလုံးကလည်း လမ်းဘေးတွင် အလုပ်လုပ်နေကြ၏။
ထိုမြင်ကွင်းများ ပြောင်းလဲသွားပြီး သိပ်မကြာခင် ရွှေရောင်အလင်းတန်းများ ဖြစ်ပေါ်လာသည်။ ထိုအလင်းတန်းများက နန်းတော်ကြီး၏ အပေါ်ဘက်တွင် လှုပ်ရှားကခုန်နေသော အစစ်အမှန်နဂါးတစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။
သူတော်စင်အင်ပါယာတံဆိပ်က မင်းသားချီ၏ လက်ပေါ်တွင် လွင့်မျောနေသည်။ ထိုအရာက အစစ်အမှန်နဂါး၏ ချီစွမ်းအင်များကို စုပ်ယူနေသည်မှာ သမုဒ္ဒရာရေများကို စုပ်ယူနေသလို ထင်မှတ်ရ၏။ သူက လက်နှစ်ဖက်ကို အပြင်သို့ ရိုက်ထုတ်လိုက်ရာ သူ၏ခန္ဓာကိုယ်ပေါ်တွင် အနီရောင်တိမ်တိုက်များ ထွက်ပေါ်လာသည်။
ကျိုးဝူရန်၏နောက်ဘက်တွင် လူသားမျိုးနွယ်စု အရှင်သခင်၏ ပုံရိပ်လည်း ပေါ်လာခဲ့သည်။ သူ၏ခေါင်းပေါ်တွင် အလွန်တည်ငြိမ်သော ကောင်းကင်ပုံသရဖူကို ဆောင်ထားပြီး ခန္ဓာကိုယ်က ဘုရင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏မျက်နှာကတော့ နဂါးတစ်ကောင်၏ မျက်နှာမျိုးရှိနေပြီး သူ၏ပတ်ပတ်လည်တွင် အစစ်အမှန်နဂါးများ ဝန်းရံနေကြ၏။
သူ့လက်ထဲတွင် အင်ပါယာဓားသွားကို ဆုပ်ကိုင်ထားပြီး လက်ဖဝါးထဲတွင် ဘုရင်တစ်ပါး၏ ရွှေရောင်တံဆိပ်တစ်ခုကို ကိုင်ထားသည်။ ထိုအရာကတော့ အင်ပါယာပုံရိပ်ယောင်ခန္ဓာဖြစ်သည်။ ထိုပုံရိပ်ယောင်ခန္ဓာက ရှေ့သို့ ရွေ့လျားလာပြီး သူ၏ခန္ဓာကိုယ်နှင့် တသားတည်းဖြစ်သွားခဲ့၏။ တစ်ခါတစ်ရံ ပုံရိပ်ယောင်ဖြစ်နေပြီး တစ်ခါတစ်ရံ အစစ်အမှန်ဖြစ်သွားသည်။
ပုံရိပ်(၂)ခုက အချင်းချင်း စတင်ပေါင်းစပ်လာခဲ့၏။ သူ့ပုံစံက ခံစားချက်ကင်းမဲ့နေပြီး မျက်ခုံးနှင့် မုတ်ဆိတ်မွေးများ ရှိနေသည်။ သူ၏ဖြူဖပ်ဖြူရော်မျက်နှာပေါ်တွင် နှစ်ပေါင်းများစွာ ရှိနေသော စိုးရိမ်မှုများလည်း ပျောက်ကွယ်နေခဲ့၏။
သူကတော့ တာဝန်၏အရေးကြီးဆုံး အခြေအနေကို ရောက်နေခဲ့သည်။ အကယ်၍ သူသာ ထိုအဆင့်ကို ကျရှုံးသွားမည်ဆိုလျှင် လူသားတစ်ယောက် မဖြစ်နိုင်တော့ပေ။ တိမ်တိုက်များက တဖြည်းဖြည်း ပို၍နက်မှောင်လာပြီး အလွန်ကြောက်စရာကောင်းသော အရာတစ်ခု မွေးဖွားလာတော့မလို ထင်မှတ်နေရ၏။
လော့ရန်တွင် သိသိသာသာ ပြောင်းလဲနေသော အခြေအနေက ကျောက်စိမ်းဥယျာဉ်ထဲတွင် ရှိနေသော ပညာရှင်များကို ဖုံးကွယ်ထားနိုင်မည်လော။
ကွေချင်းယု၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူက အလင်းတန်း၏ မူလဇစ်မြစ်ကို စစ်ဆေးတော့မည့်အချိန်တွင် အိပ်မက်နယ်မြေထဲ၌ ရှိနေသော အလင်းရောင်များက ပြင်းပြင်းထန်ထန် ပြောင်းလဲလာကြောင်း ခံစားလိုက်ရ၏။
ကျောက်စိမ်းသစ်တော ဥယျာဉ်ကြီးတစ်ခုလုံးက မှောင်မည်းမှေးမှိန်လာပြီး အပြင်ဘက်ကမ္ဘာကြီးနှင့် လုံးဝကိုပြတ်တောက်သွားခဲ့သည်။ တားမြစ်မှုများလည်း ထွက်ပေါ်လာပြီး တောက်ပနေရာမှ မှေးမှိန်၍ လေဟာနယ်နှင့် ပေါင်းစပ်သွားခဲ့၏။
ကွေချင်းယု၊ ကွေရန်၊ စုန့်ရှိုရန်နှင့် အခြားသောအထက်တန်းလွှာ မိသားစုမှ ပညာရှင်များကလည်း ဖြစ်လာသည့်အရာများကို အကြမ်းဖျင်း နားလည်သွားကြ၏။ သူတို့က စင်မြင့်၏အလယ်တွင် ထိုင်နေသော ဘုရင်ကြီးကို လှည့်ကြည့်လိုက်ကြ၏။
ဘုရင်ကြီးကတော့ ထိုင်ခုံနောက်ကျောကို မှီထားပြီး အရေးအကြောင်းများ ထင်နေသော သူ၏မျက်နှာက သက်တောင့်သက်သာ ရှိနေသလို ခံစားနေရ၏။
သူ့အနားတွင် ရှိနေသော စစ်မာရှီကတော့ ကန့်သတ်ချက်များကို ထိန်းချုပ်နေသည်။ သူကတော့ ဝင်္ကပါကို အသက်သွင်းရန်အတွက် ကျင့်စဉ်တစ်ခုကို အသုံးပြုလိုက်၏။ ထိုကျင့်စဉ်၏ အလွှာတစ်ခုဆီတိုင်းတွင် မည်သည့်အရာက ပုံရိပ်ယောင်၊ မည်သည့်အရာက အစစ်အမှန်ဖြစ်ကြောင်း ပြောပြရန် ခက်ခဲသည်။
ထိုအရာက အသက်ကြီးနေသော ဘုရင်ကြီးကို လွှမ်းခြုံသွားခဲ့ပြီး တိုက်ပွဲထဲတွင် ရှိနေသော လူငယ်လေးများကို ကြည့်ရှု၍ မရနိုင်စေရန် တားဆီးထားသည်။
"ဘာမှမစိုးရိမ်ပါနဲ့ အမတ်ကြီးတို့။ ဒီအရာက ခဏလေးအတွင်း အလိုလို ပျက်ပြယ်သွားပါလိမ့်မယ် ... "
ဘုရင်ကြီးက အပြုံးနှင့်ပြောလိုက်၏။
အလွန်ထူးခြားသော ကွေချင်းယုကတော့ ဖြစ်ပျက်သည့်အရာအားလုံးကို ထုတ်ဖော်နိုင်ခဲ့သည်။
"အဲဒါခင်ဗျားပဲ။ လော်အဖွဲ့အစည်း၊ ဖျက်ဆီးရေးဂိုဏ်းနဲ့ ပူးပေါင်းပြီး သူတော်စင်အင်ပါယာတံဆိပ်ကို ခိုးခဲ့တာက ခင်ဗျားကိုယ်တိုင်ပဲ။ ခင်ဗျားက မင်းသားချီကို ဓမ္မကာရအဆင့်ရောက်အောင် ကူညီပေးနေတာ ... "
ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲတွင် ရှင်းရှင်းလင်းလင်း ခံစားမိလာသည်။ ထို့ကြောင့်လည်း စစ်မာရှီနှင့် ကျိုးဝူရန်လို အစွမ်းထက်ပညာရှင်(၂)ယောက်က ပူးပေါင်းတိုက်ခိုက်ခဲ့သည်ကိုပင် လော်အဖွဲ့အစည်းကို ရှာမတွေ့ခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူတို့အားလုံးကသာ အစွမ်းထက်သော ပညာရှင်များ ဖြစ်ကြမည်ဆိုလျှင်ပင် ဘိုးဘေးဒိုမူနှင့် ပတ်သက်သောရလဒ်က ထိုမျှမဆိုးနိုင်ပေ။
သူ၏ထင်မြင်ယူဆချက်အရ တော်ဝင်မိသားစုက လော်အဖွဲ့အစည်းကဲ့သို့သော မကောင်းဆိုးဝါး အဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းနေခဲ့သည်။ ကြည့်ရသည်မှာတော့ ရန်သူနှင့် လက်တွဲပြီး တိုက်ခိုက်လိုက်မည်ဆိုလျှင် သူ့အတွက် အကျိုးအမြတ်များ ရှိနိုင်၏။
အထက်တန်းလွှာမိသားစုများမှ ပညာရှင်များ၏ မျက်နှာအမူအရာများကလည်း ပြောင်းလဲသွားကြပြီး သူတို့၏လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။ သူတို့၏အငွေ့အသက်များလည်း မြင့်တက်လာကြပြီး သူတို့က ဝင်္ကပါကိုဖျက်ဆီးရန် ပြင်ဆင်လိုက်ကြ၏။
ပညာရှင်ပေါင်းများစွာ ရှိနေသည့်အတွက် စစ်မာရှီက ထိုဝင်္ကပါကို မည်သို့ထိန်းချုပ်နိုင်မည်နည်း။ ထို့ပြင် နဂါး(၉)ကောင်တံဆိပ်နှင့် အင်ပါယာဓားကိုလည်း မတွေ့ရပေ။
ထိုအချိန်တွင် ဘုရင်ကြီးက ပြုံးလိုက်၏။
"အမတ်ကြီးတို့ ...
မင်းတို့တွေက မင်းတို့ရဲ့မျိုးဆက်တွေဆီမှာ မင်းတို့ရဲ့အငွေ့အသက်တွေ ပေးထားလိုက်တယ်မလား။ တကယ်လို့ မင်းတို့က သူတို့ရဲ့လုံခြုံမှုကို မစိုးရိမ်ဘူးဆိုရင်တောင် ဝင်္ကပါရဲ့တန်ပြန်သက်ရောက်မှုတွေကို စဉ်းစားဖို့တော့ လိုလိမ့်မယ်..။ မင်းတို့ရဲ့အစွမ်းမျိုးနဲ့ ဒီဝင်္ကပါက မင်းတို့ကို ခဏပဲ ထိန်းချုပ်နိုင်မှာပါ ... ဒါပေမဲ့ အဲဒီခဏတာအခြေအနေက လုံလောက်ပါတယ် ..."
သူက ကွေချင်းယု၊စုန့်ရှိုရန်နှင့် တခြားသူများကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ တခြားပညာရှင်များ၏ အကူအညီသာ မရှိလျှင် သူတို့က ဝင်္ကပါကို ဖျက်ဆီးရန် အချိန်ပေးရနိုင်သည်။ သူ လိုအပ်နေသည်မှာ အချိန်ဖြစ်ပြီး အချိန်မည်မျှဖြစ်စေကာမူ ပြဿနာမရှိချေ။
ကွေချင်းယုက လွတ်လပ်စွာ လှုပ်ရှားနိုင်သော်လည်း ကွေရန်က ကွေကျီဆီသို့ အငွေ့အသက်တစ်ခု ပေးထားခဲ့ခြင်းဖြစ်သည်။ သို့သော် တစ်ဖက်လူ၏ ကံကြမ္မာက များပြားစွာ ဖြစ်ပျက်သွားနိုင်သည်။ ထိုအချိန်တွင် စုန့်ချွမ်လု၊ ကျန်းယွမ်လီနှင့် တခြားသူများကတော့ မုန့်ချီကြောင့် အိမ်မက်နယ်မြေထဲမှ ထွက်လာခဲ့ရသည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။
ကွေချင်းယုက သူ့ဓား၏ လက်ကိုင်ကို ကိုင်လိုက်ပြီး သူ၏အမူအရာက ထူးထူးခြားခြားကို တည်ငြိမ်နေခဲ့၏။ သူက စုန့်ရှိုရန်နှင့် တခြားသူများကို မဆင်မခြင် လှုပ်ရှားမှု မရှိစေရန် တားဆီးထားသည်။
"ဘုရင်ကြီး ...
ဓမ္မကာရအဆင့်ပညာရှင်တစ်ယောက် ပေါ်လာတယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုပဲ .။ ကျင်းအင်ပါယာက တခြားဂိုဏ်းတွေအားလုံးကို သေချာပေါက် ဖိနှိပ်နိုင်တော့မှာ မဟုတ်လား။ ဘာလို့ ကျုပ်တို့ကို ရန်လိုနေရတာလဲ ... "
ကွေချင်းယုက တည်ငြိမ်စွာ မေးလိုက်သည်။
ဘုရင်ကြီးကတော့ ကမ္ဘာပေါ်တွင် အရယ်ရဆုံးပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား အားရပါးရရယ်လိုက်၏။
"တကယ်လို့ ငါတို့ကသာ အဲဒါကို ပွင့်ပွင့်လင်းလင်း လုပ်မယ်ဆိုရင် မင်းတို့မိသားစုတွေက မင်းသားချီ ဓမ္မကာရအဆင့် တက်လှမ်းတာကို ခွင့်ပြုမှာမလို့လား။ တကယ်လို့ ကွေချင်းဟယ်မရှိဘူးဆိုရင်တော့ အခြေအနေက မတူဘူးလေ ...။ မင်းတို့အားလုံးက ဦးစားပေးအခြေအနေကို နားလည်ကြမှာပေါ့။ ဒါပေမယ့် ငါကတော့ မင်းတို့တွေကို တစ်ယောက်မှမယုံဘူး။ တော်ဝင်မိသားစုထဲမှာ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက် ရှိသွားမယ်ဆိုရင် ဒီကမ္ဘာကြီးကို အမှန်တကယ် အုပ်စိုးနိုင်မယ့်အရာမျိုး မင်းတို့က လက်ခံနိုင်မှာ မဟုတ်ဘူးလေ ... "
သူ့အမူအရာက အလွန်တည်ငြိမ်အေးစက်ခဲ့သည်။
"ရည်မှန်းချက်ကြီးမားတဲ့ မင်းသားတွေကိုလည်း မင်းတို့က ထီးနန်းဆက်ခံဖို့ခွင့်မပြုဘူး။ မင်းတို့က အရာအားလုံးကိုတင်းတင်းကြပ်ကြပ် စောင့်ကြည့်နေမှတော့ သက်ရှိအားလုံးကို သန့်စင်နိုင်တဲ့စွမ်းရည်ကိုပဲ သုံးလိုက်ရတာပေါ့။ ဒါကတော်ဝင်မိသားစုအပေါ် အခွင့်အရေးပေးတာလို့ မင်းတို့က ယူဆနေတာလား...။ မင်းသားချီက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သူ့စွမ်းရည်သတ်မှတ်ချက်ကို ရောက်နေပြီ။ ဒါပေမယ့် သူက ဓမ္မကာရအဆင့်ကိုရောက်ဖို့ ခြေလှမ်းတွေ အများကြီး လိုနေသေးတယ်..။ မင်းတို့တွေက သက်ရှိအားလုံးရဲ့အစွမ်းကို သန့်စင်နိုင်တဲ့ စွမ်းရည်ကို ကန့်သတ်ထားမှတော့ သူလည်း အသုံးပြုလို့ မရနိုင်တော့ဘူးလေ..။ တကယ်လို့ သူက အတားအဆီးကို ချိုးဖြတ်နိုင်တယ်ဆိုရင်တောင် ကိစ္စမရှိဘူး..။ ဒါကြောင့်လည်း ငါက ငါ့ကိုယ်ငါ လက်လျော့လိုက်ပြီး မင်းသားချီဆီကို စွမ်းအားတွေ လွှဲပြောင်းပေးလိုက်တာ။ တကယ်လို့ ငါက တန်ပြန်သက်ရောက်မှုကိုခံရပြီး ငါ့ရဲ့သက်တမ်းတိုသွားမယ်ဆိုရင်တောင် ငါက အဲဒီအရာကို ဝမ်းမြောက်ဝမ်းသာ လုပ်နေဦးမှာပဲ..”
“မင်းသားချီက အောင်မြင်လိမ့်မယ်လို့ တော်တော်လေး ယုံကြည်ချက်ရှိတယ်...။ သူ့ဆီမှာ တိတ်တဆိတ် လေ့ကျင့်ဖို့ သူတောင်စင်အင်ပါယာတံဆိပ်လည်း ရှိတယ် ။ တကယ်လို့ သူသာ ဓမ္မကာရအဆင့်ကို အောင်မြင်သွားပြီဆိုရင် ငါချက်ချင်း သေသွားရလည်း ဘာဖြစ်သေးလဲ။ ဒီအောင်မြင်မှုကြောင့် ငါ့ရဲ့ဘိုးဘေးတွေကို ခေါင်းမော့ရင်ဆိုင်ဖို့အတွက် အဆင်ပြေတယ် ..."
ဘုရင်ကြီး၏ခန္ဓာကိုယ်က သက်ရှိအားလုံး၏အစွမ်းများကို သန့်စင်နိုင်သော စွမ်းအားများမရှိချေ။ ထိုအရာက အချိန်မြောက်များစွာ ပေးရနိုင်၏။ (၁၀)နှစ်ကျော် လုပ်ဆောင်ခဲ့သောအရာက သူတော်စင်အင်ပါယာတံဆိပ်ကိုသုံးပြီး လဝက်လွှဲပြောင်းလိုက်သော စွမ်းရည်ကို မယှဉ်နိုင်ပေ။
အကယ်၍ မင်းသားချီကသာ ဓမ္မကာရအဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိသွားမည်ဆိုလျှင် အထက်တန်းလွှာမိသားစုများအားလုံး နောက်ဆုတ်သွားပြီး သူတို့ကို အခွင့်အရေးပေးနိုင်သည်ဟု ယုံကြည်နေခဲ့သည်။
အနောက်ပိုင်းနယ်မြေက အပြင်ဘက်တွင် ရှိနေပြီး အတွင်းထဲတွင်တော့ ဂိုဏ်းအသီးသီးရှိနေသည်။ သူတို့က သေချာပေါက် ဉာဏ်ကောင်းသော ဆုံးဖြတ်ချက်တစ်ခုကိုသာ လုပ်ဆောင်ကြလိမ့်မည်ဖြစ်၏။ အကယ်၍ မင်းသားချီက အမှန်တကယ် ကျရှုံးသွားမည်ဆိုလျှင်တော့ ကွေမိသားစုက ကျိုးမိသားစု၏အခြေအနေကို အခွင့်ကောင်းယူသွားရုံသာရှိ၏။
ဓမ္မကာရပညာရှင် တစ်ယောက်သာ မရှိလျှင် အရာအားလုံးက ကွေမိသားစု၏ သဘောအတိုင်းသာ လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုအရာက မလွဲမသွေဖြစ်လာနိုင်၏။
အထက်တန်းလွှာမိသားစုမှ ပညာရှင်များအားလုံးက မျက်နှာပျက်နေကြသည်။ ဘုရင်ကြီးက နှစ်ရှည်လများ အစီအစဉ်ဆွဲထားလိမ့်မည်ဟု သူတို့လည်း မထင်ထားခဲ့ကြပေ။
ကွေချင်းယုကတော့ အံ့ဩနေခြင်း မရှိသလို ဒေါသထွက်နေခြင်းလည်း မရှိပေ။
"ဒါဆိုရင် ဘာလို့ ခင်ဗျားက မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်နဲ့ ပူးပေါင်းနေရတာလဲ ။ ဒါက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်တာပဲ ..."
ဘုရင်ကြီးက အပြုံးနှင့်ပြန်ဖြေလိုက်၏။
"လော်အဖွဲ့အစည်းနဲ့ဖျက်ဆီးရေးဂိုဏ်းမှာ လျှို့ဝှက်အကြံအစည်တွေရှိတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် ရလဒ်(၂)မျိုးလုံးက ငါ့အတွက် အဆိပ်သင့်စေတယ်ဆိုမှတော့ ငါက အဲဒီအဆိပ်ကိုသောက်ပြီး အသက်ရှင်ဖို့ကို မျှော်လင့်ရတာပေါ့ ... "
ကွေချင်းယု၏ အမူအရာပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အခါ သူက ဆက်ပြောလိုက်သည်။သူကတော့ ထိုအရာကို ကြိုတင်မျှော်လင့်ထားသလို ထင်မှတ်ရ၏။
"အမတ်ကြီးချိုး ...
ချင်းဟယ်က မင်းကို သူ့ရဲ့ဓား ပေးလိုက်တယ်ဆိုတာ ငါသိတယ် ...။ ဒါကြောင့် မင်းက သူနဲ့ဆက်သွယ်နိုင်တယ်။ ဒါပေမယ့် မင်းက ဝင်္ကပါရဲ့အလယ်မှာ ရပ်နေတယ်ဆိုတာမမေ့နဲ့ဦး..”
ကွေချင်းယုက ကွေချင်းဟယ်နှင့် ဆက်သွယ်နိုင်သည့်အတွက် မလှုပ်မယှက် ရှိနေခြင်း ဖြစ်သည်။ ယခုသူ့အစီအစဉ်ပေါ်သွားပြီ ဖြစ်သည့်အတွက် သူက ဓားကိုဆွဲထုတ်လိုက်၏။ သူက တိုက်ခိုက်ရမလား၊ခုခံရမလား သေချာမသိသေးပေ။
တခြားသောပညာရှင်များကပါ သူနှင့်ပူးပေါင်းတိုက်ခိုက်ပြီး အိမ်မက်နယ်မြေထဲမှ လူငယ်များကို ထုတ်ပေးရန်ကြိုးစားနိုင်သည်။ သို့သော် ဝင်္ကပါ၏ အနှောင့်အယှက်ကြောင့် ထိုဖြစ်စဉ်က အန္တရာယ်မရှိလျှင်ပင် အတော်လေး နှေးကွေးသွားနိုင်သည်။
စုလီက စင်မြင့်၏နောက်ဘက်တွင် ရှိနေပြီး မျက်လုံးမှိတ်၍ အငွေ့အသက်ကို အာရုံခံကြည့်လိုက်သည်။ သို့သော် ဝင်္ကပါ၏ လွှမ်းမိုးမှုက အဆုံးမဲ့ဖြစ်နေ၏။ သူ၏တတိယကောင်းကင် ဝေ့ကျင်းအဆင့်နှင့်ပင် မုန့်ချီ၏ အငွေ့အသက်ကို အာရုံခံမိခြင်းမရှိပေ။
သူ့စိတ်ထဲတွင် နောင်တတစ်ခု ပေါ်လာခဲ့၏။ သူက မုန့်ချီဆီတွင် စုယွဲ့၏အငွေ့အသက်ကို ပေးခိုင်းလိုက်သင့်သည်။ သို့သော် သူကတော့ စုယွဲ့ကို သတိထားနေရသည့်အတွက် သူကိုယ်တိုင် လုပ်ဆောင်ရန် ရွေးချယ်ခဲ့၏။
သတ်ဖြတ်ချင်စိတ်များက မုန်တိုင်းကြီးတစ်ခုသဖွယ် ပေါ်လာပြီး ဆက်တိုက် ပျောက်ကွယ်သွားနေသည်။ ထို့ကြောင့် မုန့်ချီ၏ရင်ထဲတွင် သံသယများ ပေါ်လာခဲ့၏။ ကြည့်ရသည်မှာ ဝင်္ကပါထဲတွင် ထူးခြားသော လက္ခဏာများ ပေါ်လာပုံရပြီး သတ်ဖြတ်ချင်စိတ်များကိုသုံးပြီး လူတိုင်း၏ အာရုံစိုက်မှုကို လွှဲပြောင်းချင်နေပုံရ၏။
ပြောင်းလဲမှုကြောင့်သာ မဟုတ်လျှင် အပြင်ဘက်၌ ရှိနေသော ပညာရှင်ပေါင်းများစွာ၏ လက်ထဲမှ မည်သို့ပုန်းအောင်းပြီး အလစ်ချောင်းတိုက်ခိုက်မှုကို မည်သို့ရှောင်တိမ်းရမည်နည်း။
သူက ရှေ့သို့လျှောက်သွားပြီးနောက် မြူခိုးများက ပျောက်ကွယ်သွားခဲ့၏။ ခေါင်းပေါ်တွင် ကောင်းကင်ကြီးက မည်းမှောင်နေသေးသော်လည်း သူ၏ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် စစ်ဆေးနိုင်သေး၏။
ရုတ်တရက် သူ့ရင်ထဲတွင် ဝမ်းသာသွားခဲ့၏။ သူက ဧရာမကျောက်တုံးကြီး တစ်တုံးပေါ်တွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ၏အငွေ့အသက်ကို ခံစားမိသည့်အခါ ထိုအရာက ရွမ်ယုရှု ဖြစ်နေခဲ့၏။
"နောက်ဆုံးတော့ ငါက မိတ်ဆွေတစ်ယောက်ကို တွေ့ခွင့်ရခဲ့ပြီ ... "
သူမ၏အငွေ့အသက်များက ပုံမှန်အတိုင်း ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ သူက သူ့ဆီကို လျှောက်သွားပြီး တရင်းတနှီး လှမ်းခေါ်လိုက်သည်။
"ယုရှု... ငါတို့က တကယ်ရေစက်ရှိတာပဲ ... "
သူက သူမ၏အနားသို့ လျှောက်သွားသည့်အချိန်တွင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက တစ်စုံတစ်ခုကို ခံစားမိလိုက်၏။ ထိုစောင်းက ပုံရိပ်ယောင်သာဖြစ်ပြီး အစစ်အမှန်ပစ္စည်း မဟုတ်ချေ။ အကယ်၍ သူကသာ အစားသရဲလေးနှင့် ရင်းနှီးနေခြင်းမရှိလျှင် သေချာပေါက် ကွဲပြားမှုကို သတိထားမိလိမ့်မည် မဟုတ်ချေ။
ထိုအချိန်တွင် ရွမ်ယုရှုအတုက ညာဘက်လက်ဝါးကို ဆန့်ထုတ်လိုက်ပြီး မုန့်ချီ၏ မျက်ခုံးအလယ်တည့်တည့်ကို ရိုက်ချလိုက်လေ၏။
Translated by Hein Htet.