အခန်း (၄၉၇)
Vol. 34 Ch. 497
သိမ်မွေ့နူးညံ့လွန်းလှသော သူမ၏လက်ချောင်းလေးများက ကြိုးများပေါ်တွင် လှုပ်ရှားသွားခဲ့ပြီး သဘာဝတရားကြီး၏ အလှတရားများကို ထိုးဖောက်လာသည့် သံစဉ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအရာက ကောင်းကင်(၉)သွယ်ကိုပင် ရောက်ရှိသွားသလို ထင်မှတ်ရ၏။
ဇာမဏီငိုကြွေးသံက တိမ်စိုင်များထဲတွင် ထွက်ပေါ်လာပြီး ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရား၏ခေါင်းထဲတွင် ပြည့်နှက်လာခဲ့သည်။ အိမ်မက်ဝင်္ကပါ၏ ကန့်သတ်ချက်များကြောင့် သူက တောင်ကုန်း၏ နောက်ကွယ်တွင် ရပ်နေသော ရွမ်ယုရှုကို သတိထားမိခဲ့ခြင်း မရှိပေ။
သူ၏ပင်မဝိညာဉ်က လှုပ်ရှားလာပြီး မြင်ကွင်းများကလည်း ဝေဝေဝါးဝါး ဖြစ်လာခဲ့သည်။ သူ၏ပတ်ဝန်းကျင်က လှုပ်ရှားသွားပြီး သူက အိမ်မက်တစ်ခုထဲကို ကျရောက်သွားသလို ခံစားလိုက်ရ၏။ သူ့နားထဲတွင် ငှက်ပေါင်း(၁၀၀)ခန့် ငိုကြွေးနေသလို ခံစားနေရပြီး သူ့ကို မူးနောက်သွားအောင် လုပ်ဆောင်နေခဲ့၏။
သို့သော် သူက ကောင်းကင်(၃)သွယ် ဝေ့ကျင်းအဆင့် ထိပ်တန်းပညာရှင် တစ်ယောက် ဖြစ်သည်။ ကောင်းကင်ဇာမဏီငိုကြွေးသံက မည်ကဲ့သို့ အရာမျိုးဖြစ်နေစေကာမူ အဆင့်တူ ပညာရှင် တစ်ယောက် မဟုတ်သည့်အတွက် သူ့ကို တားဆီးရန် နည်းလမ်းမရှိချေ။
ခရမ်းရောင်မိုးကြိုးများက သူ၏ပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာနေသည်။ သူက တောင်ကုန်းလေးကို စိုက်ကြည့်လိုက်ပြီး ရွမ်ယုရှုကို တွေ့သွားသည်။ မျက်နှာဖုံးကို ဖောက်လာသော သူ၏မျက်လုံးထဲတွင် ခရမ်းရောင်မိုးကြိုးများ ပြည့်နှက်လာ၏။ သူ့ဆီတွင် အရာအားလုံးကို ဖျက်ဆီးပစ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေခဲ့သည်။
မုန့်ချီက သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားနှင့် တိုက်ခိုက်နေရသည့်အချိန်တွင် အဝေးမှ ရောက်လာသော အိပ်တန်းတက် ဇာမဏီဗျပ်စောင်းသံကို ကြားလိုက်ရသည်။ ထိုအသံက အဝေးမှ ရောက်လာခြင်းဖြစ်သည့်အတွက် အကျိုးသက်ရောက်ခြင်း မရှိတော့သော်လည်း ထိုအရာက မည်သည့်အရာကို ဆိုလိုနေကြောင်း သူတို့(၂)ယောက်လုံးက နားလည်နေကြ၏။
"ကောင်းကင်ဇာမဏီငိုကြွေးသံ ...
အစားသရဲလေးကလည်း အနားမှာ အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်နဲ့ တွေ့နေတာပဲ ...။ အဲဒါကလည်း ငါတို့ကို သတ်ချင်နေတဲ့ သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားလို ရန်သူတစ်ယောက်ဖြစ်နိုင်တယ် ..."
သူ့ခေါင်းထဲတွင် အတွေးပေါင်းစုံပေါ်လာပြီး ရင်ဘတ်ထဲတွင် လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။ သေရေးရှင်ရေးအခြေအနေမျိုးတွင် အသက်ရှင်ရန် အဓိကရည်ရွယ်ချက်က တွေဝေမနေရန် ဖြစ်သည်။
သူ့စိတ်ထဲတွင် ဝင်ရောက်လာသော အတွေးများကြောင့် သူက ဆုံးဖြတ်ချက် ပြတ်သားစွာ ချလိုက်သည်။ သူက ဓားမောက်ကို ဝှေ့ယမ်းလိုက်ပြီး လေထဲသို့ အချက်ပေါင်းများစွာ ခုတ်ချလိုက်၏။ သူ၏ ဓားမောက်ထဲမှနေ၍ ခရမ်းရောင်လျှပ်စီးကြောင်းများစွာ ထွက်ပေါ်လာပြီး မိုးကြိုးနဂါးတစ်ကောင် ဖြစ်ပေါ်လာခဲ့သည်။ သူ၏ဓားမောက်က ရူးသွပ်ပြီး ကြောက်စရာကောင်းသော အရှိန်အဝါများနှင့်အတူ သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးကို ဖြတ်တောက်ပစ်လိုက်၏။
တစ်ပြိုင်နက်တည်းလိုလိုပင် မုန့်ချီကတော့ သူ့ဓားနှင့်အတူ ရှေ့ကို ခြေလှမ်းပေါင်းများစွာ လျှောက်သွားခဲ့သည်။ သူက အသက်ရှင်ရန် အခွင့်အရေးတစ်ခုအတွက် သူ့ပြိုင်ဘက်ကို ဒဏ်ရာရအောင် ကြိုးစားနေပြီး အခွင့်အရေးမရှိသည့် အခြေအနေမှ အခွင့်အရေး ယူလိုခြင်းဖြစ်သည်။
သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားကတော့ အံ့သြသွားရမည့်အစား ပို၍ဝမ်းသာသွားသလို ခံစားလိုက်ရ၏။ သတ်ဖြတ်ရေးဓားက ရှုပ်ထွေးနေသည့် အချိန်တွင် သူ၏ရွေးချယ်မှုက အဆိုးရွားဆုံး ဖြစ်သွားနိုင်သည်။ သူ့ဆီတွင် ရှိနေသော တိုက်ပွဲအတွေ့အကြုံများကို ပြန်လည်စဉ်းစားကြည့်လိုက်လျှင် ထိုအရာက သူ့အတွက် အခွင့်အရေးတစ်ခုဖြစ်ကြောင်း သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားက မသိဘဲနေမည်လော။
ထို့ပြင် ဤကမ္ဘာကြီးထဲ၌ သူ့ဆီတွင် အလွန်မာကျောလွန်းလှသော အကာအကွယ်စွမ်းရည်တစ်ခု ရှိနေခြင်းကို မသိသေးသောသူ ရှိနေဦးမည်လော။ ထိုအရာက အလွန်ရှုပ်ထွေးနေသော လူတစ်ယောက်ကို အမှန်တကယ် တွန်းအားပေးနိုင်သော အခြေအနေတစ်ရပ်လည်းဖြစ်သည်။
ဓားမောက်က ကျဆင်းလာခဲ့ပြီး ပတ်ပတ်လည်တွင် ရှိနေသော လေလှိုင်းများကို ယူဆောင်သွားခဲ့သည်။ ကမ္ဘာကြီးကလည်း ပျက်စီးသွားသလို ထင်မှတ်ရပြီး ထိုအရာက သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသား၏ ခေါင်းပေါ်တွင် ပြင်းပြင်းထန်ထန် လှုပ်ရှားနေခဲ့၏။
သူ၏လမ်းကြောင်းနှင့် ဦးတည်ချက်က မကောင်းဆိုးဝါးလူသား၏ အားနည်းချက်ကို တိတိကျကျ ဦးတည်နေခဲ့သည်။ ထိုအရာက ကြောက်စရာကောင်းသော အချိန်ကိုက်တစ်ခုလို ကံဆိုးသွားခဲ့ခြင်းဖြစ်သည်။
မကောင်းဆိုးဝါးလူသား၏ ခြေလှမ်းများက ပုန်းလျှိုးကွယ်လျှိုး ဖြစ်လာခဲ့သည်။ သူက အရိပ်တစ်ခုကဲ့သို့ ရေမျက်နှာပြင်အလွှာများကို ဖြတ်သန်းသွားခဲ့ပြီး မုန့်ချီ၏ ဓားမောက်နှင့် ပစ်မှတ်ထား၍ မရစေရန် လှုပ်ရှားလိုက်သည်။
သူက မုန့်ချီ၏အနားသို့ ရွှေ့ပြောင်းလိုက်ပြီး မုန့်ချီ၏နားတံခါးကို သူ၏ညာဘက်လက်ဝါးနှင့် ရိုက်ချလိုက်၏။ သူက အားနည်းချက်နေရာကို ပစ်မှတ်ထားလိုက်ခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုက အပေါ်ယံများ ပါဝင်နေခြင်းမရှိဘဲ အလွန်ရိုးရှင်းသည်။ အဖျက်စွမ်းအားတစ်ခုသာ သယ်ဆောင်ထားခဲ့၏။ သူ့လက်ဝါးက မည်းမှောင်နေသည်မှာ ညအချိန်တစ်ခုကဲ့သို့ ဖြစ်နေသည်။
"ဖျောက်…."
ထိုအချိန်တွင် လက်ဝါးတိုက်ခိုက်မှုနှင့်အတူ ပေါက်ကွဲသံအနည်းငယ် ထွက်ပေါ်လာခဲ့သည်။
မုန့်ချီကတော့ သူ၏ပင်မချီစွမ်းအင်ပင်လယ်ကြီးထဲတွင် လှိုင်းလုံးများ လှုပ်ရှားလာသည်ကို ခံစားလိုက်ရပြီး ထိုအရာများက တစ်လက်မချင်းဆီ ပွင့်လာခဲ့၏။ သူက ဘယ်လက်ထဲတွင် ကိုင်ထားသော ရေလှိုင်းမီးတောက်ဓားနှင့် လှမ်းထိုးလိုက်ရင်း အရေပြားအောက်တွင် ရှိနေသော ကြွက်သားများ ရုန်းကြွလာသည်ကို ခံစားခဲ့ရ၏။
သူ့ဓားက နဂါး(၉)ကောင်အစွမ်းကို သယ်ဆောင်ထားသလို ထင်မှတ်ရသည်။ ထိုဓားက လက်ဖဝါးထဲတွင် ပျက်စီးသွားခဲ့ပြီး ကျယ်လောင်သည့်အသံများ ထွက်ပေါ်လာခဲ့သည်။ မုန့်ချီ၏ နဂါး(၉)ကောင်အစွမ်းကလည်း ခြေရာလက်ရာမရှိ ပျောက်ပြယ်သွားခဲ့၏။
ရွှေရောင်အလင်းတန်းများကလည်း စတင်လှုပ်ရှားလာပြီး သူ၏မျက်လုံးထောင့်မှနေ၍ သွေးများ စီးကျလာနေခဲ့၏။ သူ၏ပတ်ပတ်လည်တွင် ရှိနေပြီး အလွန်ကျယ်ပြန့်သည့် ချီစွမ်းအင်ပင်လယ်ကြီးက လုံးဝပျက်စီးသွားခဲ့ပြီး သူ့ကိုစွမ်းအင်များ ထောက်ပံ့မပေးနိုင်တော့ပေ။ ကောင်းကင်ကြီးက ပျက်စီးသွားတော့မည်ဆိုလျှင် နောက်ထပ်ပျက်စီးမည်က ကမ္ဘာမြေကြီးသာ ဖြစ်သည်။
သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားက မုန့်ချီကို နောက်ထပ် အခွင့်အရေးတစ်ခု မပေးတော့ဘဲ အပေါ်ဘက်မှနေ၍ နောက်တစ်ကြိမ် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ သူက နက်မှောင်နေသော စွမ်းအားများနှင့် မုန့်ချီ၏ မျက်ခုံးကြားပင်မတံခါးကို ပစ်မှတ်ထားလိုက်၏။
မုန့်ချီ၏မျက်လုံးထဲတွင် တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်လာခဲ့သည်။ သူက လက်ကို တစ်ပတ်လှည့်လိုက်ပြီး သူ၏ဓားကို ဆုပ်ကိုင်လိုက်သည်။ ရေလှိုင်းမီးတောက်ဓားတွင် ရှိနေသော မီးတောက်များက ကောင်းကင်ပေါ်တွင် ရှိနေသော လျှပ်စီးကြောင်းများနှင့် ပေါင်းစပ်သွားပြီး ထိုအရာက မိုးကြိုးယက္ခတစ်ပါးကဲ့သို့ ဖြစ်လာ၏။
…………
ဒေါ်လေးပိုင်နှင့် ရန်ချုံတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံနေရသည့်အချိန်တွင် ကျိုးဟမ်က ခက်ခက်ခဲခဲ ခုခံနေရသည်။ သူက အဆုံးသတ်ကို ရောက်တော့မည်ဟု ခံစားမိသည့်အချိန်တွင် သူ့ဆီသို့ ကျရောက်လာသော ဖိအားများက လျော့ကျသွားသလို ခံစားလိုက်ရ၏။
ထိုအချိန်တွင် ဒေါ်လေးပိုင်နှင့် ရန်ချုံတို့က တိုက်ခိုက်မှုကို ချက်ချင်း ရပ်တန့်လိုက်ကြောင်း မြင်လိုက်ရသည့်အတွက် သူလည်း အံ့အားသင့်စွာ စိုက်ကြည့်နေမိခဲ့သည်။ ခဏကြာသည့်တိုင်အောင် သူကိုယ်တိုင်လည်း နားမလည်နိုင်သေးပေ။
ဒေါ်လေးပိုင်က သူ့ကို အိုးတိုးအမ်းတမ်း ပြုံးပြနေပြီး ရန်ချုံက တည်ငြိမ်စွာ ပြောလိုက်၏။
"အပြင်ဘက်မှာ မထင်ထားတဲ့ကိစ္စတွေ ဖြစ်နေတယ် ..။ ဝင်္ကပါက ထိန်းချုပ်လို့ မရနိုင်တော့ဘူး..။ ငါတို့အသက်တွေ အန္တရာယ်ရှိတယ် ...။ သူတို့က ငါတို့ကို တွေ့သွားပြီဆိုတော့ ငါတို့က အချိန်မရွေး ထွက်သွားလို့ရတယ် ..။ မင်းသားဝေ … ကျေးဇူးပြုပြီး မြန်မြန်ထွက်သွားပါ ..."
ဒေါ်လေးပိုင်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အငွေ့အသက်က သူမ၏ မိသားစု အကြီးအကဲဖြစ်ပြီး ရန်ချုံ ပိုင်ဆိုင်ထားသော အငွေ့အသက်ကတော့ မင်းသားကျင်းနဲ့ နီးစပ်သော အထက်တန်းလွှာ မိသားစုဝင်တစ်ယောက်ဖြစ်သည်။ ရန်ချုံ၏ စကားသံ ပျောက်ကွယ်သွားသည့် အချိန်တွင် သူတို့(၂)ယောက်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
"သူတို့ကိုတောင် တွေ့သွားကြတယ် ... ငါကတော့…"
ကျိုးဟမ်က အံ့ဩမှင်တက်နေမိ၏။ အပြင်ဘက်တွင် မည်ကဲ့သို့သော အဖြစ်အပျက်များ ဖြစ်နေကြောင်း သူလည်း မသိသေးပေ။
မင်းသားတစ်ယောက် ဖြစ်သည့်အတွက် သူက ကာကွယ်ပေးရမည့်အရာတစ်ခု ဖြစ်သည်။ စစ်မာရှီကိုယ်တိုင် သူ၏ခန္ဓာကိုယ်ပေါ်သို့ အငွေ့အသက်တစ်ခု လွှဲထားပေးခဲ့၏။ ထိုသို့ဆိုရာတွင် ပြိုင်ဖက်ကင်းပညာရှင်များက သူတို့၏တပည့်များကို ရှာတွေ့သွားသော်လည်း သူကတော့ မည်သူမျှသတိမထားမိဘဲ ကျန်နေခဲ့သည်။
ထိုအချိန်တွင် အိပ်တန်းတက်ဇာမဏီစောင်းသံကို ကြားလိုက်ရသည့်အတွက် သူလည်း တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။
"ဒါဆိုရင် ပင်မတာဝန်ရဲ့ အရေးအကြီးဆုံးအပိုင်းက ဒီနေရာမှာပဲ ... "
နောက်ထပ်အနည်းငယ် ကြိုးစားလိုက်ရုံနှင့် သူတို့က ကံကြမ္မာအမှတ်(၁၅၀၀)ကျော်ဆီ ရရှိနိုင်ကြသည်။ သူက စောင်းသံကြားရာကို တဟုန်ထိုး ပြေးထွက်လာခဲ့သည်။
……..
ထိုအချိန်တွင် လေထဲ၌ အနီရောင်တိမ်တိုက်များ လှုပ်ရှားနေပြီး အဖြူရောင်တိမ်တိုက်များကတော့ မြို့နံရံကြီးကို လွှမ်းခြုံထားသည်။ စိမ်းပြာရောင် နှင်းပွင့်လေးများက သစ်ပင်များ ဖြစ်ပေါ်နေပြီး ကြယ်မြစ်ကြီးကတော့ ကောင်းကင်(၉)သွယ်နှင့်အတူ အနားယူနေသည်။
ချီကျန်းရန်နှင့် ဘုန်းတော်ကြီးတို့ကလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြ၏။ သူတို့၏ပတ်ဝန်းကျင်က အရောင်မျိုးစုံပြောင်းလဲနေပြီး ပုံရိပ်ယောင်များပမာ ဖြစ်ပေါ်နေကြသည်။
"ချွမ် ..."
ကြယ်စုတန်းတစ်ခု ကျဆင်းလာပြီး ခရမ်းရောင်အလင်းတန်းများကို ဖယ်ရှားပစ်လိုက်သည်။ ဘုန်းတော်ကြီး၏ လက်ထဲတွင် ရှိနေသော တံဆိပ်များကလည်း အလွန်အဖိုးတန်သော အင်းကွက်များကဲ့သို့ ဖြစ်နေသည်။ သူတို့၏အစွမ်းနှင့်ချီစွမ်းအင်များက ရေလှိုင်းများကဲ့သို့ ဖြစ်ပေါ်နေခဲ့၏။
"ဝုန်း…"
စွမ်းအား(၂)ခုက လေထဲတွင် ရင်ဆိုင်မိလိုက်ပြီး ကြယ်ပွင့်လေးများက ပေါက်ကွဲသွားခဲ့သည်။ သူတို့(၂)ယောက်လုံးက နောက်ကို ခြေတစ်လှမ်းဆီ ဆုတ်ခွာသွားရ၏။
သူတို့က နောက်တစ်ကြိမ် တိုက်ခိုက်တော့မည်အချိန်တွင် ရုတ်တရက် ရပ်လိုက်ကြသည်။
"အပြင်ဘက်မှာ မထင်ထားတဲ့ကိစ္စတွေ ဖြစ်နေတယ် ..."
ဘုန်းတော်ကြီးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
ချီကျန်းရန်က ခံစားချက်ကင်းမဲ့စွာ ခေါင်းညိတ်ပြလိုက်ပြီး ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုများကို လှည့်ပတ်စစ်ဆေးကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် အငွေ့အသက်များ ပို့ဆောင်ထားသော ပညာရှင်များက သူတို့ကို တွေ့သွားခဲ့၏။
ထိုဘုန်းတော်ကြီးကတော့ စတင်လှုပ်ရှားပြီး ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ချီကျန်းရန်ကတော့ အိပ်တန်းတက် ဇာမဏီစောင်းသံနှင့် မိုးခြိမ်းသံများကို ကြားလိုက်ရ၏။
သူက မျက်မှောင်ကြုတ်လိုက်မိပြီး မျက်ခုံးကြားတွင် ရွှေရောင်မျက်လုံးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် သူ၏ပတ်ပတ်လည်တွင် ကြယ်မြစ်ကြီးတစ်ခု လွှမ်းခြုံလိုက်ပြီး သူနှင့်ဆက်သွယ်ထားသော အငွေ့အသက်ကို ဖြတ်တောက်ပစ်လိုက်သည်။ သူက အသံကြားသည့်နေရာကို ထွက်သွားခဲ့၏။
……………….
နေလုံးကြီးက အဝေးမိုးကုတ်စက်ဝိုင်းတွင် လောင်ကျွမ်းနေပြီး သေခြင်းနဲ့ယှဉ်ခြင်းက တစ်လှည့်ဆီ ပြောင်းလဲနေသည်။ အဆင့်မြင့်ခရမ်းရောင်ဝိညာဉ်က မည်သည့်စိတ်ဆန္ဒမျှမရှိဘဲ မြဲမြံစွာ ရပ်တည်နေခဲ့၏။ဝေ့ကျင်းအဆင့် ပညာရှင်များက သူတို့၏နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး ဝင်္ကပါဗဟိုကို တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်နေကြသည်။
တစ်ဖက်တွင်တော့ စစ်မာရှီက သာမာန်လက်သီးနှင့်သာ ထိုးလိုက်၏။ ထိုလက်သီးချက်က ဝင်္ကပါနှင့် ပေါင်းစည်းပြီး မူလအခြေအနေကို ပြောင်းလဲသွား၍ သူ့လမ်းကြောင်းတွင် ရှိနေသောအရာအားလုံးကို ဝါးမြိုသွားခဲ့သည်။
အစတွင်တော့ ဝင်္ကပါက အနည်းငယ်လေးပင် လှုပ်ရှားသွားခဲ့ခြင်းပင် မရှိချေ။ သို့သော် ပါရမီရှင်လူငယ်များ ဝင်္ကပါထဲမှ ထွက်လာပြီးနောက် ပို၍များပြားသော ပညာရှင်များက တိုက်ပွဲထဲတွင် စတင်ပူးပေါင်းပါဝင်လာကြသည်။ ထို့ကြောင့် သူတို့၏ပတ်ပတ်လည်တွင် ဝဲကတော့လေးများ စတင်ပေါ်ပေါက်လာခဲ့၏။
အချိန်ကြာလာသည်နှင့်အမျှ စစ်မာရှီကလည်း အစွမ်းကုန်သုံးနေသည့်အတွက် သူ၏အရှိန်အဝါက မြင့်တက်လာခဲ့သည်။ ဘုရင်ကြီးကတော့ အနည်းငယ်လေးပင် စိုးရိမ်နေခဲ့ခြင်း မရှိချေ။ သူကတော့ နန်းတော်ဘက်ကို စိုက်ကြည့်နေပြီး ကမ္ဘာပျက်ချိန် ရောက်နေသည့် အမှတ်အသား တိမ်တိုက်များကို ကြည့်နေပုံရ၏။
နဂါးကြီးများကလည်း တဖြည်းဖြည်းစုစည်းလာနေခဲ့သည်။ နန်းတော်ထဲမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာနေပြီး ပင်လယ်လှိုင်းလုံးများပမာ ပတ်ပတ်လည်သို့ ပျံ့နှံ့သွားနေ၏။
ထိုအလင်းတန်းများက အလွန်အမင်းကို တောက်ပပြီး လျှင်မြန်လွန်းလှသည်။ ကျိုးဝူရန်၏ အင်ပါယာအမှတ်အသားများက သူနှင့်လုံးဝကို ပေါင်းစပ်သွားခဲ့၏။ ထိုအရာက သူ၏မျက်ခုံးကြားထဲသို့ ရောက်သွားပြီး သူနှင့်သာမန်လူများ၏ ကြားထဲတွင် ကွဲပြားမှုတစ်ခု ရှိလာသည်။
ရွှေရောင်အလင်းတန်းများ၏ သိပ်သည်းမှုကို ခံစားမိသည့်အခါ ဘုရင်ကြီးက ပြုံးလိုက်၏။ သူကတော့ ကျေနပ်မှုနှင့် နောင်တတရား(၂)ခုလုံးကို ခံစားနေခဲ့ရသည်။
……….
ခရမ်းရောင်လျှပ်စီးကြောင်းများက ရှုပ်ထွေးနေသော ကောင်းကင်ကြီးပေါ်တွင် လှုပ်ရှားနေပြီး လေထဲတွင် တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာနေသည်။ အိပ်တန်းတက် ဇာမဏီဗျပ်စောင်း၏ လွှမ်းမိုးမှုကို ဖယ်ရှားလိုက်ပြီးနောက် မိုးကြိုးနတ်ဘုရားက ရွမ်ယုရှုနှင့် အဝေးတွင် တိုက်ခိုက်နေသော မုန့်ချီတို့ကို တစ်လှည့်ဆီ စိုက်ကြည့်နေသည်။
သေချာစဉ်းစားလိုက်ပြီးနောက် သူက တောင်ကုန်းကို တိုက်ရိုက်ဖြတ်ကျော်ရန် ကြိုးစားလိုက်၏။
"ဒေါင်…ဒင် ... "
ရွမ်ယုရှုက သူမ၏စောင်းကိုသုံးပြီး မိုးကြိုးနတ်ဘုရားကို ရှုပ်ထွေးအောင် လုပ်ဆောင်လိုက်သည့် အချိန်တွင် မိုးကြိုးနတ်ဘုရား၏ ပင်မဝိညာဉ်က စတင်လှုပ်ရှားသွားခဲ့၏။ သူက ရှေ့ကို လှမ်းရန်ပင် အတော်လေး ကြိုးစားနေရသည်။
မျက်လုံးထဲတွင် ရှိနေသော ခရမ်းရောင်မိုးကြိုးများကလည်း အလွန်တောက်ပလာခဲ့၏။ သူက ဓားမောက်နှင့် ရှေ့သို့ (၃)လက်မခန့် လှမ်းထိုးလိုက်ရာ ဓားထိပ်ဖျားမှနေ၍ အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။
"ငါကတော့ မင်းကို မျက်နှာသာပေးခဲ့တယ်.။. ဒါပေမယ့် မင်းက လက်မခံခဲ့ဘူး ... ဒီလိုဆိုမှတော့ ငါက မင်းကို သတ်ပေးရတော့မှာပေါ့ ..."
မိုးကြိုးဓားက ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ထွက်ပေါ်လာပြီး အိပ်တန်းဇာမဏီဗျပ်စောင်း၏ တေးသံကို ဖျက်ဆီးလိုက်သည်။
ရွမ်ယုရှု၏ အမူအယာက အေးစက်နေပြီး သူမ၏မျက်လုံးထဲတွင် မည်သည့်ခံစားမှုမျှ ပေါ်လာခဲ့ခြင်း မရှိချေ။ သူမ နောက်ဆုတ်မည့် အရိပ်အယောင်ကိုလည်း မတွေ့မမြင်ရပေ။ သူမက ပါးစပ်ထဲမှနေ၍ သွေးများ ထွေးထုတ်လိုက်ရာ ဗျပ်စောင်းတစ်ခုလုံး နီရဲသွားသည်။
သို့သော် သူမ၏ အရှိန်အဝါကတော့ ချက်ချင်းပြန်ပြည့်လာပြီး အထွဋ်အထိပ်အခြေနေသို့ ရောက်ရှိသွားခဲ့၏။ ယခုတစ်ကြိမ်တော့ သူမက ဘယ်လက်နှင့် စောင်းကြိုးကို တီးခတ်လိုက်ပြီး ညာလက်က စောင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ထိုအရာက ကောင်းကင်ဇာမဏီငိုကြွေးသံ မဟုတ်တော့ဘဲ တေးသွားမျိုးစုံဖြစ်နေခဲ့သည်။ တေးသံတစ်ခုချင်းဆီတိုင်းက ဓားတစ်ချောင်း၊ ဓားမောက်တစ်ချောင်းကဲ့သို့ဖြစ်နေပြီး ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်တော့မလို ဖြစ်နေသည်။
မိုးကြိုးနတ်ဘုရားက လက်ကိုမြှောက်တော့မည်အချိန်တွင် တစ်စုံတစ်ခုက လက်ကိုချုပ်နှောင်ထားသလို ခံစားနေရ၏။ သူကတော့ သူ၏လက်(၂)ဖက်၊ ခန္ဓာကိုယ်နှင့် ပင်မဝိညာဉ်များအပေါ် ထိန်းချုပ်မှု ယာယီဆုံးရှုံးသွားခဲ့ရသည်။ သူ၏အရေပြားပေါ်တွင်လည်း သွေးများ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းလိုလိုပင် အလွန်ဒေါသထွက်သွားခဲ့၏။
"ကောင်းကင်ဖျက်စီး ကမ္ဘာမြေပြောင်းလဲခြင်းသံစဉ် ...
ဒါဆိုရင် သူက ကောင်းကင်ဖျက်ဆီး ကမ္ဘာမြေပြောင်းလဲခြင်းသံစဉ်ရဲ့ပထမပိုဒ်ကို တကယ်တီးနိုင်တာပဲ ...
"အား ... "
မိုးကြိုးနတ်ဘုရားက ကောင်းကင်ကြီးပေါ်ကြည့်ပြီး အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် မိုးကြိုးမျက်နှာဖုံးနှင့် ကြေးနီရောင် အသားအရည်ရှိနေသော လူသန်ကြီးက နောက်ကျောတွင် ပေါ်လာခဲ့သည်။ ထိုလူသန်ကြီးကလည်း လက်ထဲတွင် မိုးကြိုးဓားကို ကိုင်ဆောင်ထားပြီး လျှပ်စီးများ လွှမ်းခြုံနေခဲ့သည်။ စောင်းတီးခတ်နေသည့်အချိန်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့၏။ ခရမ်းရောင်မိုးကြိုးများက ကောင်းကင်ဖျက်ဆီးတေးသံကို လုံးဝဖယ်ရှားပစ်လိုက်သည်။
"သွားသေလိုက်စမ်း…"
မိုးကြိုးနတ်ဘုရား၏ မျက်လုံးများက အလွန်အေးစက်နေပြီး သူ၏ဒေါသများကို ဖုံးကွယ်ပေးထားသည်။ သူက ဓားမောက်နှင့် ရွမ်ယုရှုကို တိုက်ခိုက်လိုက်သည်။
ထိုအချိန်တွင် မိုးကြိုးများက ကျယ်လောင်သောအသံနှင့်အတူ ပေါက်ကွဲသွားပြီး လျှပ်စီးကြောင်းများ၊ ဓားမောက်ချီစွမ်းအင်များက ကောင်းကင်ကြီးကို ဖြတ်သန်း၍ အလွန်ကြောက်စရာကောင်းသော စွမ်းအားများကို သယ်ဆောင်လာခဲ့သည်။
မိုးကြိုးများက ရွမ်ယုရှုကို တိုက်ခိုက်တော့မည့်အချိန်တွင် သူမ၏ခန္ဓာကိုယ်ထဲမှ အလွန်သိပ်သည်းသော ချီစွမ်းအင်များ ထွက်ပေါ်လာပြီး ခရမ်းရောင်မိုးကြိုးများအနားတွင် ပျောက်ကွယ်သွားခဲ့သည်။
မိုးကြိုးနတ်ဘုရားက နောက်တစ်ကြိမ် တိုက်ခိုက်တော့မယ်အချိန်တွင် ကျိုးဟမ်ရောက်လာသည်ကို မြင်လိုက်ရ၏။ သူနှင့်အတူ ဓားအလင်းတန်းတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။ ထိုဓားအလင်းတန်းကတော့ ကောင်းကင်ကြီး၏ အငွေ့အသက်ကို သယ်ဆောင်ထားသလို ထင်မှတ်ရပြီး မိုးကြိုးများက ရေလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
မုန့်ချီက သတ်ဖြတ်ရေးလက်ဝါးကို ဖျက်ဆီးလိုက်ပြီးနောက် သူ၏ပတ်ပတ်လည်တွင် ရှိနေသော သဘာဝတရားကြီးက ပျက်စီးသွားသလို ခံစားလိုက်ရပြီး သူ၏ဓားမောက်က မကောင်းဆိုးဝါးလက်ဝါးနှင့် ရင်ဆိုင်လိုက်ရသည်။
ထိုအချိန်တွင် ဖုန်းဆိုးမြေ၏ ပုံရိပ်ယောင်များကလည်း ပျက်စီးသွားခဲ့၏။ ထိုအရာက ကောင်းကင်၊ မြစ်နှင့် ကျောက်တုံးများကဲ့သို့ ဖြစ်နေသည်။ အမှတ်အတိုင်းပြောရလျှင်တော့ သူတို့က ဒဏ်ရာအနည်းငယ်လေးသာ ရရှိသွားခဲ့သော်လည်း မုန့်ချီ၏စိတ်ထဲတွင်တော့ အရာအားလုံးက တဖြည်းဖြည်း ပျက်စီးပြီး မူလအခြေအနေသို့ ပြန်ရောက်သွားခြင်းဖြစ်သည်။
"ချွမ်…"
သူ၏ဓားမောက်က လက်ဝါးအလယ်တည့်တည့်ကို ထိုးလိုက်မိ၏။ သူကတော့ သတ္တုချောင်းကြီးတစ်ခုကို ရင်ဆိုင်လိုက်ရသလို ခံစားမိခဲ့၏။ အတွင်းအား၊ချီစွမ်းအင်နှင့် မိုးကြိုးအလင်းတန်းများကလည်း ပျောက်ကွယ်သွားခဲ့သည်။
သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးက မုန့်ချီကို အသက်ရှူရန် အခွင့်အရေးပေးလိမ့်မည် မဟုတ်ချေ။ သူက လက်ဝါးကို တွန်းထုတ်လိုက်ရာ မည်းမှောင်နေသော လက်ဝါးက ဝဲကတော့ကြီးတစ်ခုကဲ့သို့ ထွက်ပေါ်လာခဲ့၏။ ထိုအရာထဲတွင် အရာအားလုံးကို ဝါးမြိုဖျက်ဆီးနိုင်သော ဆန္ဒများ ပြည့်နှက်နေသည်။
မုန့်ချီက ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး သူ့ဓားနှင့်ခုခံလိုက်သည်။ သူ၏ရေလှိုင်းမီးတောက်ဓားဆီမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး မိုးကြိုးများနှင့် ပေါင်းစပ်တိုက်ခိုက်လိုက်၏။
"ဘုန်း…"
သူတို့က ထိုကဲ့သို့ တိုက်ခိုက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အလွန်ကျယ်လောင်သောအသံများလည်း ထွက်ပေါ်လာခဲ့သည်။
မီးတောက်များကလည်း ပတ်ပတ်လည်သို့ လွင့်စင်သွားခဲ့ပြီး ဝဲကတော့ထဲသို့ ကျဆင်းသွားခဲ့၏။ ထိုအချိန်တွင် သူ၏စိတ်ဝိညာဉ်စွမ်းအားနှင့် ပင်မဝိညာဉ်က လှုပ်ရှားလာကြောင်း မုန့်ချီက ခံစားနေမိသည်။ သဘာဝတရားကြီးအပေါ် သူ၏အာရုံများကလည်း ထက်ဝက်ခန့် လျော့ကျသွားခဲ့ပြီး လူသားနှင့် ကောင်းကင်တသားတည်းအဆင့်ကို ဆက်လက်ထိန်းသိမ်းထားရန် ခက်ခဲနေခဲ့သည်။
ချီစွမ်းအင်များက အစီအစဉ်မကျ စီးဆင်းနေပြီး သူ၏ကိုယ်တွင်းအင်္ဂါများက ဒဏ်ရာရသွားခဲ့သည်။ လက်ဝါးတိုက်ခိုက်မှုက အရာအားလုံးကို ဖျက်ဆီးရန် လုံလောက်သည်။
သတ်ဖြတ်ရေးဓားဆီမှ သွေးများ စီးကျလာသည်ကို မြင်လိုက်ရသည့်အခါ သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားက အတော်လေး ဝမ်းသာသွားခဲ့၏။ သူ့အဆင့်ကလည်း သိသိသာသာ လျော့ကျသွားခဲ့ကြောင်း ခံစားမိခဲ့သည်။
ထိုအချိန်တွင် သူ၏တိုက်ခိုက်မှုများကလည်း အကျိုးသက်ရောက်မှု လျော့နည်းလာခဲ့၏။ သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားဆီတွင် ရက်စက်ကြမ်းကြုတ်သော ခံစားမှုများ ပေါ်လာခဲ့ပြီးနောက် သူက ဘယ်ဘက်လက်ဝါးနှင့် တိုက်ခိုက်လိုက်သည်။
မုန့်ချီ၏ ပတ်ပတ်လည်တွင် ပျက်စီးနေသော မူလအခြေအနေက လက်ဝါးအရှိန်ကို ဖျက်ဆီးလိုက်သည်။ ထိုအရာက သူ့ကို ပတ်ပတ်လည်မှ တိုက်ခိုက်လိုက်သော စွမ်းအားပေါင်းစုံအဖြစ် ပြောင်းလဲသွားသည်။ သူက တိုက်ခိုက်မှုကို ရှောင်ရှားရန် လုံးဝအခွင့်အရေး မရှိတော့ချေ။
"သတ်ဖြတ်ရေးဓား ... မင်းတော့သေပြီ…"
သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားက မုန့်ချီကို နောက်ထပ်လက်ဝါးတစ်ချက် ထပ်ရိုက်လိုက်ပြီး အနိုင်ရတော့မည်ဟု ခံစားနေရသည်။
ထိုအချိန်တွင် သတ်ဖြတ်ရေးဓား၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်လိုက်ရသည်။ သူကတော့ တစ်ချိန်လုံး တစ်ဖက်လူ၏ ပစ်မှတ်ကို ထိုင်စောင့်နေသလို ထင်မှတ်ရ၏။
မုန့်ချီက ထိုလက်ဝါးကို သူ၏ခန္ဓာကိုယ်ပေါ်သို့ တိုက်ခိုက်ခွင့်ပေးလိုက်ပြီး သူ၏အရေပြားပေါ်သို့ ကျရောက်ခွင့်ပေးလိုက်သည်။ ထိုလက်ဝါးက သူ၏မျက်ခုံးအလယ်တည့်တည့်ကို ကျရောက်လာခဲ့၏။
"ဘုန်း…"
ကျယ်လောင်သောအသံနှင့်အတူ သတ်ဖြတ်ခြင်း(၆)သွယ်မကောင်းဆိုးဝါးလူသား၏ လက်ဖဝါးထဲ၌ တောက်ပသောကြယ်များ ပေါ်လာသလို ခံစားနေရ၏။
ထိုကြယ်များက အလွန်ပူလောင်လွန်းလှသည်။ ထို့နောက် သူတို့ထဲမှ နေလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး သူ့လက်ဝါးချက်ကို တားဆီးထားလိုက်၏။ ကြယ်များလည်း တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာပြီး သူ၏ပတ်ပတ်လည်တွင် ဝန်းရံထားသည်။ မြေပြင်ပေါ်တွင် ရှိနေသော မြေသားအစိုင်အခဲများကလည်း လေပေါ်သို့ ပျံသန်းလာပြီး တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ရွှေကျီးကန်းများလည်း ပျံသန်းလာခဲ့၏။
"ဒါ ... ဒါက ဝေ့ကျင်းအဆင့် အငွေ့အသက်ပဲ…"
သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားက မျက်မှောင်ကြုတ်လိုက်မိပြီး အတော်လေးကို အံ့သြသွားခဲ့သည်။
မုန့်ချီဆီတွင်တော့ တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်လာပြီး သူ့ဓားကို နောက်တစ်ကြိမ် မြှောက်လိုက်၏။
"ငါ သတ်ဖြတ်ရေးသိုင်းကွက်ကို သုံးလိုက်တာက ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားတာလား…”
“ငါ့ရဲ့အကာအကွယ်ကျင့်စဉ်တွေအကြောင်း လူတိုင်းသိထားတယ်လေ... အခုအချိန်မှာ ငါ လိုအပ်နေတာက အရေးနိမ့်နိုင်တဲ့ အခြေအနေတစ်ခုပဲ ...။ ဒီမှာရှိနေတဲ့ အခြေအနေက ငါ လိုအပ်နေတဲ့အရာပဲ ...။ သေခြင်းတရားနဲ့ ရှင်ခြင်းတရားရဲ့ ကြားထဲမှာရှိနေတဲ့ အခြေအနေတစ်ရပ်ပဲ ...။ မင်းက အစွမ်းကုန်သုံးပြီး ငါ့ရဲ့အရှိန်အဝါတွေကို မြှင့်တင်ပေးဖို့ ငါက လိုချင်နေခဲ့တာ ... "
မုန့်ချီ၏ မျက်ခုံးကြားထဲတွင် ပူလောင်နေသလို ခံစားနေရသည်။ သူ၏ပတ်ပတ်လည်တွင် ပျံသန်းနေသောကြယ်များ၊ မြေစိုင်မြေခဲများကလည်း မြေပေါ်သို့ပြုတ်ကျသွားခဲ့၏။ လေဟာနယ်တွင်းပေါက်ကြီးနှင့် ရွှေကျီးကန်းများကလည်း သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာခဲ့သည်။
သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားကတော့ သူ၏ပတ်ဝန်းကျင်က မည်းမှောင်နေပြီး မထင်မရှားဖြစ်နေကြောင်း ခံစားလိုက်ရ၏။ ထိုအချိန်တွင် အစောပိုင်းပေါ်လာခဲ့သော အခြေအနေက သူ၏သတ်ဖြတ်ခြင်း(၆)သွယ် လက်ဝါးချက်ကြောင့် ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သူလည်း နားလည်သွားခဲ့ရ၏။
"ဒါက အခြေအနေတော်တော်ဆိုးသွားပြီ ..."
စကြဝဠာကြီး အက်ကွဲသွားကြောင်း မြင်လိုက်ရသည့်အတွက် သူက ရှောင်တိမ်းတော့မည့်အချိန်တွင် အမှောင်ထုကြီးကို ဖြတ်သန်းလာသော ဓားမောက်တစ်ခုကို မြင်လိုက်ရသည်။
ယင်နှင့်ယန်က အက်ကွဲသွားခဲ့ပြီး ရွှေကျီးကန်းများ ထွက်ပေါ်လာခဲ့သည်။ ပျက်စီးသွားသော စကြဝဠာကြီးကလည်း ပွင့်ထွက်လာခဲ့၏။ ထိုအရာက သူ့လက်ဝါးစွမ်းအားများဖြစ်သည်။ ထို့ပြင် သူခုခံနိုင်သော အရာများလည်းဖြစ်သည်။
အမှောင်ထုကြီးက ပျောက်ကွယ်သွားပြီးနောက်သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးလူသား၏ မျက်ခုံးအလယ်တည့်တည့်တွင် ဓားမောက်အလင်းတန်းတစ်ခု ပေါ်လာခဲ့၏။ သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသား၏ မျက်ခုံးမှနေ၍ ခန္ဓာကိုယ်အောက်ပိုင်းထိအောင် ဓားအလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။
……………..
ရွှေရောင်အလင်းတန်းများက ပတ်ပတ်လည်တွင် လည်ပတ်နေပြီး ကျိုးဝူရန်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်နေခဲ့သည်။ ထိုအလင်းတန်းများ ရောက်လာနေသည်ကို မြင်သည့်အခါ ဘုရင်ကြီးက စိတ်လှုပ်ရှားနေသလို ခံစားနေရ၏။ သူလည်း မနေနိုင်တော့ဘဲ ထိုင်ခုံမှထလိုက်မိသည်။
ထိုအချိန်တွင် တစ်စုံတစ်ခုကို သတိထားမိသည့်အတွက် သူက လှည့်ကြည့်လိုက်သည်။ သူက ဝင်္ကပါ၏အလယ်တွင် ရပ်နေသော လူတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုလူက အရပ်ရှည်ရှည်နှင့်အစွမ်းထက်ပုံရသည်။ သူက ခေါင်းပေါ်တွင် ကောင်းကင်သရဖူ ဆောင်းထားပြီး ရှင်ဘုရင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏မျက်နှာပေါ်တွင်တော့ မျက်နှာဖုံးတစ်ခု ရှိနေ၏။
"ရှေးဟောင်း ကောင်းကင်ဧကရာဇ်မျက်နှာဖုံး…"
ထိုအရာက ဒဏ္ဍာရီအဖွဲ့မှ ကောင်းကင်ဧကရာဇ်ဖြစ်၏။ သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ဧကရာဇ် ဖြစ်နေသည်။ ထိုလူက တစ်လှမ်းချင်းဆီလျှောက်လာခဲ့၏။ သူ့လက်ထဲမှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဘုရင်ကြီးဆီကို လှမ်းခုတ်လိုက်သည်။
ထိုအချိန်တွင် အရာအားလုံးက ကြီးကျယ်ခမ်းနားမှုများ အရောင်အဆင်းများ ဆုံးရှုံးသွားခဲ့ပြီး အဖြူအမည်း ကမ္ဘာကြီးတစ်ခုသာ ကျန်နေလေတော့၏။
Translated by Hein Htet.