အခန်း (၄၉၉)
Vol. 34 Ch. 499
လေထဲတွင် လွင့်မျောနေသော ကောင်းကင်ဧကရာဇ်က နေရောင်အောက်တွင် သူ၏ဓားကို လွှဲယမ်းတိုက်ခိုက်လိုက်သည်။ သူက နဂါး(၉)ကောင်တံဆိပ်ကို ရယူရန် နီးကပ်နေပြီဖြစ်သော်လည်း နတ်ဘုရားလက်နက်(၂)ခုက စိတ်ဝိညာဉ် ပေါင်းစပ်ထားပုံရသည်။
သူတို့က ကိုယ့်သဘောနှင့်ကိုယ် လော့ရန်ဝင်္ကပါ၏အစွမ်းကို ငှားယူနေသည့်အတွက် ပြိုင်ဘက်နှင့် လက်ရည်ညီမျှနေခဲ့သည်။ ခရမ်းရောင်တိမ်တိုက်များ လွှမ်းခြုံနေသော ဓားက ယူ ပုံသဏ္ဍာန်ပြန်လှည့်လာပြီး ကောင်းကင်ဧကရာဇ်ကို တိုက်ခိုက်လိုက်သည်။ ထိုဓားအတွက် မျှော်လင့်ချက်မရှိသော်လည်း သူက ရည်ရွယ်ချက်အတိုင်း ခုခံနေခြင်းဖြစ်၏။
ကောင်းကင်ဧကရာဇ်က ဓားနှင့် ခုတ်ချလိုက်သည့်အချိန်တွင် လော့ရန်တစ်ခုလုံး နှေးကွေးသွားပြီး အလင်းရောင်များ ပျောက်ကွယ်သွားခဲ့သည်။ ခရမ်းရောင်တိမ်တိုက်များ လွှမ်းခြုံနေသော ဓားနှင့် နတ်ဘုရားလက်နက်(၂)ခုကပင် လှုပ်ရှားမှုများ ပျောက်ကွယ်သွားခဲ့ရ၏။
ကောင်းကင်ဧကရာဇ်က သူ့ဓားကို ရုတ်သိမ်းလိုက်ပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။ သူ၏အငွေ့အသက်များကလည်း ချက်ချင်းပင် ရှင်းလင်းသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်က ကြည်လင်လာခဲ့၏။ အဆုံးတွင်တော့ သူက ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့သည်။
သူက နတ်ဘုရားလက်နက်များအပေါ် လိုချင်စိတ် ရှိနေသော်လည်း တွေဝေနေခြင်း မရှိဘဲ ထွက်ခွာသွားခဲ့၏။ သူ့ရင်ထဲတွင် လောဘများ ပြည့်နှက်နေသော်လည်း သူ၏ဆုံးဖြတ်ချက်နှင့် ရွေးချယ်မှုအပေါ် သက်ရောက်ခဲ့ခြင်း မရှိပေ။
ကွေချင်းယုက ပထမဆုံး တုံ့ပြန်လိုက်သည်။ စစ်မာရှီနှင့် တခြားသူများကို မြင်လိုက်ရသည့် အချိန်တွင် သူက ဓားနှင့် လှမ်းခုတ်ပြီး အော်ဟစ်လိုက်၏။
"သူတို့ကို ဖမ်းလိုက်စမ်း…"
ခရမ်းရောင်တိမ်တိုက်များက ကောင်းကင်ပေါ်သို့ မြောက်တက်သွားခဲ့၏။ အငွေ့အသက်များကလည်း အားနည်းပြီး ရောယှက်လာခဲ့သည်။ ထိုဓား၏အစွမ်းကို ရင်ဆိုင်လိုက်ရသည့် အချိန်တွင် ထိပ်တန်းလူဆိုးထိန်းများက ခုခံရန်သတ္တိပင် မရှိကြပေ။
ဝမ်ဝမ်းရှန်၏ မျက်လုံးထဲတွင် အလွန်ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေပြီး စစ်မာရှီကို စိုက်ကြည့်နေခဲ့သည်။ ဝင်္ကပါအတွင်းထဲတွင် လူပေါင်းများစွာ ပိတ်မိနေ၏။ စစ်မာရှီနှင့် အဖွဲ့ကတော့ လမ်းမှားပညာရှင်များနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့သည်။
ထိုအချိန်တွင် ကွေချင်းယု၏ရှေ့၌ လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုအရာကတော့ စုန့်မိသားစု၏ အရှင်သခင်ဖြစ်သော လက်ယာအမတ်ကြီးစုန့်ရှိုရန် ဖြစ်သည်။
"ညီလေးကွေ ... ခဏနေပါဦး…"
"အစ်ကိုစုန့် ဘာဖြစ်လို့လဲ…."
ကွေချင်းယုက အံ့ဩမှင်တက်စွာ မေးလိုက်၏။
စုန့်ရှိုရန်က ဘုရင်ကြီးနှင့် နန်းတော်ကို လက်ညှိုးထိုးပြလိုက်ပြီး မျက်နှာပျက်ပျက်နှင့် ပြောလိုက်သည်။
"အဓိကတရားခံက သေသွားပြီလေ။ စစ်မာရှီနဲ့ တခြားသူတွေက ကြံရာပါတွေ ဖြစ်ကြပေမယ့် သူတို့ရဲ့အပြစ်က သေစေနိုင်လောက်တဲ့ အပြစ်မျိုး မဟုတ်ပါဘူး။ ပြီးတော့ သူတို့က ဒီလိုလုပ်ဖို့ လှည့်စားခံရတာ ဖြစ်နိုင်သလို တွန်းအားပေးခံရတာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့က သူတို့ကို မှားယွင်းစွပ်စွဲမိတာမျိုး မရှိအောင် သေသေချာချာ စစ်ဆေးဖို့ အခွင့်အရေး ပေးသင့်တယ်။ ဒီကမ္ဘာကြီးထဲမှာ ပညာရှင်တွေ အများကြီးရှိတယ်။ ကျွန်တော်တို့ကသာ အဖြစ်အပျက်တစ်ခုလုံးကို သေချာမစုံစမ်းဘဲ စိတ်ကြိုက်သတ်လိုက်မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်က အားနည်းသွားပြီး တခြားသူတွေက ကျွန်တော်တို့ကို လှည့်ကွက်ဆင်ဖို့ အခွင့်အရေးတစ်ခုခု ရမသွားနိုင်ဘူးလား…"
ထိုစကားကို ကြားသည့်အခါ ကွေချင်းယု၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိလိုက်သည်။
မြစ်အရှေ့ပိုင်း ဝမ်မိသားစုမှ သိုင်းသခင်ကလည်း စုန့်ရှိုရန်ဆီသို့ လျှောက်လာပြီး သူ့အနားတွင် ရပ်လိုက်၏။
"အစ်ကိုကွေ …
ဒေါသကို ခဏထိန်းပါဦး။ စစ်မာရှီနဲ့ တခြားသူတွေက မခုခံတော့ပါဘူး။ တကယ်လို့ ကျွန်တော်တို့က ရန်လိုစိတ်မထားဘူးဆိုရင်တော့ ပိုပြီးကောင်းပါတယ် ... "
ဝမ်စစ်ယွမ်က ဝင်္ကပါထဲကို ဝင်ရောက်ခဲ့ခြင်းမရှိသလို၊ တိုက်ပွဲကို ပူးပေါင်းခဲ့ခြင်းလည်း မရှိချေ။ သူကတော့ အဝေးစင်မြင့်ပေါ်မှနေ၍ အခြေအနေတစ်ရပ်လုံးကို စောင့်ကြည့်နေခဲ့၏။
"ဒါကြောင့်လည်း အင်ပါယာကြယ်က လှုပ်ရှားနေတယ်ဆိုတာ အမှန်ပဲပေါ့ ... ကောင်းကင်ဧကရာဇ်ကလည်း နောက်တစ်ကြိမ် ပြန်ပေါ်လာပြီ။ ဒီအမှတ်အသားက ကပ်ဆိုးကြီးတစ်ခု စတင်နေပြီဆိုတဲ့ အမှတ်အသားပဲ ..."
သူက တီးတိုးရေရွတ်လိုက်၏။ သူကတော့ ဤနေရာကို အတည်ပြုချက်ရယူရန်သာ ရောက်လာခြင်းဖြစ်သည်။
သိုင်းသခင်၏နောက်မှနေ၍ လုံနန် ကျန်းမိသားစုမှ ပညာရှင်များ၊ ကျိလျန် စစ်မာမိသားစု၊ ဟန်ယွမ် ကျန်းမိသားစုနှင့် လန်းယာ့ ရွမ်မိသားစုတို့လည်း တစ်ယောက်ပြီး တစ်ယောက် လျှောက်လာကြ၏။ သူတို့က ထိုအခွင့်အရေးကိုအရယူပြီး လော့ရန် ကျိုးမိသားစုကို ရှင်းပစ်၍ ကွေမိသားစုနှင့် သဟဇာတဖြစ်ချင်ခဲ့၏။
သူတို့က တော်ဝင်မိသားစုတွင် ဓမ္မကာရအဆင့် ပညာရှင်များ ပေါ်ပေါက်လာခြင်းကို တားဆီးရန် နည်းလမ်းမျိုးစုံနှင့် ကြိုးစားခဲ့ကြသည်။ ကျိုးမိသားစုက အခြားအထက်တန်းလွှာ မိသားစုများကို အမှန်တကယ် ဖိနှိပ်မည့် အခြေအနေမျိုး သူတို့က မလိုချင်ခဲ့ပေ။
လက်ရှိအချိန်တွင် သူတို့ကတော့ မူလရည်ရွယ်ချက်ကို ပြောင်းလဲလာကြပြီး ကိုယ်ပိုင် ဓမ္မကာရအဆင့် ပညာရှင် တစ်ယောက် ရှိနေသော ကွေမိသားစုက ကျိုးမိသားစု၏ နေရာ၌ အစားထိုးလာမည်ကို မည်သို့ကြိုဆိုနိုင်ကြမည်နည်း။ ထိုအရာက သူတို့အတွက် ပြဿနာများ ရှာဖွေနေခြင်း မဟုတ်ပေလော။ နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် အားနည်းသော လော့ရန် ကျိုးမိသားစုက သူတို့အတွက် အဆပေါင်းများစွာ ပို၍အကျိုးရှိသည်။
သူတို့က ထိုအရာနှင့် ပတ်သက်ပြီး ကွေမိသားစုကို ဆန့်ကျင်ရမည်ဖြစ်၏။ ထို့ပြင် ကျိုးမိသားစု၏ အထင်ကရပြယုဂ်ကို ဆုံးရှုံးသွားသည့်အတွက် သူတို့က အကျိုးအမြတ်များကို ရယူပြီး ယပ်တောင်(၆)လက်ကျောင်းကို သိမ်းပိုက်နိုင်ရန် အခွင့်ကောင်းတစ်ခုလည်း ရှိနေသေးသည်။
ကျိုးမိသားစု၏ တစ်စိတ်တစ်ပိုင်း မဟုတ်သော လူဆိုးထိန်းများက အခြေအနေကို သေချာသုံးသပ်ပြီး သူတို့ဆီကို ပူးပေါင်းလာနိုင်ကြ၏။ ကမ္ဘာကြီးထဲတွင် ရှုပ်ထွေးနေခြင်းက အကျိုးအမြတ်များ ရှိနိုင်သည်။
ကွေချင်းယုက တစ်ယောက်တည်း စဉ်းစားကြည့်လိုက်ပြီး အပြုံးနှင့်ပြောလိုက်၏။
"ဟုတ်တယ် ... အစ်ကိုပြောတာ မှန်ပါတယ် ..."
အရာအားလုံးကလည်း လျင်မြန်လွန်းလှသည့်အတွက် သူ့မိသားစုက တုံ့ပြန်ချိန် မရှိခဲ့ပေ။ သူတို့က တခြားမိသားစုများနှင့် ထိုကဲ့သို့ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာမည်ကို လုံးဝဆွေးနွေးထားခြင်း မရှိသည့်အပြင် အကျိုးအမြတ်များအတွက်လည်း သဘောတူထားခြင်း မရှိချေ။
အကယ်၍ ထိုမိသားစုများက မစည်းလုံးလျှင် အဆင်ပြေနေသေး၏။ ထိုသို့ဆိုလျှင် သူ့မိသားစုက အခွင့်အရေး ရယူနိုင်သေး၏။ လက်ရှိအချိန်တွင် သူတို့ကို အတင်းအကြပ် တွန်းအားပေးရန် မဖြစ်နိုင်ပေ။ ထိုအစား သူတို့က သူတို့၏ အကျိုးအမြတ်များအတွက်သာ စဉ်းစားကြမည်ဖြစ်၏။
သူတို့ဆီတွင် ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက် ရှိနေသည့်အတွက် ဓားများကိုသုံးပြီး ဆန့်ကျင်သူများကို ရှင်းပစ်ရန် မခက်ခဲပေ။ အဓိကပြဿနာကတော့ ထိပ်တန်း အထက်တန်းလွှာ မိသားစုများ၏ အုတ်မြစ်က ကျိုးနိုင်ငံထဲတွင်လည်း ရှိနေပြီး သူတို့က လော့ရန်ကို ကိုယ်စားလှယ်များသာ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူ့မိသားစုကသာ အလျင်စလို လှုပ်ရှားလိုက်မည်ဆိုရင် ထိုမိသားစုများနှင့် မျက်နှာပျက်စရာ ဖြစ်သွားနိုင်၏။ ကျိုးနိုင်ငံ ဝမ်မိသားစုက လမ်းမှားပညာရှင်များနှင့် ပူးပေါင်းနေသည့်အရာကို ကြည့်မနေနိုင်ကြပေ။ သူတို့ကတော့ အဓိကဆုံးဖြတ်ချက်ကိုသာ သဘောတူကြရပါလိမ့်မည်။
ထိုအချိန်တွင် ဝင်္ကပါတစ်ခုလုံးက လုံးဝပြိုလဲသွားခဲ့ပြီး အတွင်းထဲတွင် ရှိနေသူများ ပေါ်လာခဲ့သည်။ သူတို့က အိမ်ရှေ့မင်းသား၊ မင်းသားကျင်း၊ ကျိုးဟမ်၊ မုန့်ချီ၊ ရွမ်ယုရှုနှင့် ချီကျန်းရန်တို့ ဖြစ်ကြ၏။ အိမ်ရှေ့မင်းသားနှင့် မင်းသားကျင်းတို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည့်အတွက် (၂)ယောက်စလုံး ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေသည်။ သူတို့က အသက်ကို အမောတကော ရှုနေကြရ၏။ အထူးသဖြင့် ဒဏ်ရာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရသော မင်းသားကျင်းဖြစ်သည်။
ကျိုးဟမ်က မုန့်ချီ၊ ချီကျန်းရန်တို့နှင့် ဝေးကွာနေပြီး မြစ်ကမ်းနံဘေးဆီကို ချက်ချင်း ဦးတည်သွားခဲ့၏။ ရွမ်ယုရှုက တင်ပျဉ်ခွေထိုင်နေပြီး သူမ၏မျက်နှာအမူအရာက ဖြူဖျော့နေသည့်အတွက် သူမ၏အသားအရည်က ကြည်လင်နေသယောင် ထင်မှတ်ရသည်။
သူမ၏ဦးလေးက ပျံသန်းလာပြီး သူမဆီသို့ ချီစွမ်းအင်များ ကူးပြောင်း၍ ကုသခြင်းကို ကူညီပေးနေခဲ့၏။ သူက မုန့်ချီကို တချိန်လုံးစောင့်ကြည့်နေခဲ့သည်။ ထောင့်တစ်နေရာတွင် ဖန်းချန်းမြောင်၏ အလောင်းလဲကျနေသည်ကို မည်သူကမျှသတိမထားမိခဲ့ပေ။
ဤနေရာတွင် ထိပ်တန်းအင်အားစု အားလုံးနီးပါး ရှိနေသည့်အတွက် ဝေ့ကျင်းအဆင့်ပင် မရောက်သေးသော သိုင်းပြိုင်ပွဲမှ နံပါတ်(၁)ပညာရှင်ကို မည်သူမျှစိတ်မဝင်စားကြပေ။
သူတို့က လွှတ်တော်ခန်းမဆီသို့ ပြန်သွားပြီး သူတို့၏အကျိုးအမြတ်များ ခွဲဝေမှုကို ဆွေးနွေးရန်သာ ပို၍အလေးထားနေကြသည်။ ထို့ပြင် ဒဏ္ဍာရီအဖွဲ့မှ ကောင်းကင်ဧကရာဇ်က ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ဖြစ်ကြောင်း သူတို့က လောကကြီးကို ကြေညာနေချင်ခဲ့သည်။
"ဦးလေး ...
ဖန်ချန်းမြောင်က သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားပဲ ...။ ကြည့်ရတာတော့ ကျိုးစီရင်စုမှာရှိတဲ့ ကူမိသားစုရဲ့သခင်ကြီးကတော့ ပုံရိပ်ယောင်နတ်ဆိုးဖြစ်ဖို့များတယ် ..."
မုန့်ချီက အဓိကအချက်ကိုသာ တည့်တည့်ပြောလိုက်သည်။
ရွမ်ယုရှု၏ဦးလေးက မျက်ခုံးပင့်လိုက်မိ၏။
"သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားလား။ သူက လူတိုင်းရဲ့ မျက်စိအောက်မှာ ပုန်းနေခဲ့တာပဲ…"
အပြင်လူများကတော့ သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါး၏ အစစ်အမှန်စွမ်းအားကို မသိကြပေ။ ထို့ကြောင့် မုန့်ချီက ဖန်ချန်းမြောင်ကို သတ်လိုက်ကြောင်း မြင်သည့်အခါ သူကတော့ အနည်းငယ်လေးပင် အံ့ဩနေခဲ့ခြင်း မရှိချေ။
မုန့်ချီ ပြောသည့်စကားကို ရွမ်ယုရှုက အတည်ပြုပေးလိုက်ပြီးနောက် သူက ထိုကိစ္စကို လွှတ်တော်ခန်းမဆီသို့ သတင်းပို့လိုက်ပြီး ပုံရိပ်ယောင်နတ်ဆိုးကို ဖမ်းဆီးရန် သူ့လူများကို ချက်ချင်း တာဝန်ပေးလိုက်သည်။
သူရဲကောင်းအမတ်ကြီးစံအိမ်ထဲတွင် ...
အရာအားလုံး ဖြစ်ပျက်ခဲ့ပြီးနောက် မုန့်ချီက ကောင်းကင်ဧကရာဇ် ပေါ်ထွက်လာမှုနှင့် ကျိုးဝူရန် အောင်မြင်ခါနီးအချိန်တွင် ကျရှုံးခဲ့ရသည့် အဖြစ်အပျက်များကို ပြန်လည်စဉ်းစားနေမိခဲ့၏။ ထိုအရာများက သူ့လို လူငယ်လေး တစ်ယောက်အတွက်တော့ ထူးခြားမှု မရှိသေးပေ။
ကောင်းကင်ကြီးက တဖြည်းဖြည်း နက်မှောင်သွားသည့်အချိန်မှသာ စုလီနှင့်စုယွဲ့တို့က ပြန်လာခဲ့ကြ၏။ သူတို့(၂)ယောက်လုံးက မျက်နှာပျက်နေကြသည်။ သူတို့က ဘိုးဘေးခန်းမဆီသို့ လျှောက်လာခဲ့ကြ၏။မုန့်ချီက သူတို့၏နောက်မှ လိုက်လာခဲ့သည်။
"အခြေအနေတွေက ဘယ်လိုဖြစ်သွားပြီလဲ အဖေ ..."
သူက သူ့အဖေကိုကြည့်ပြီး တိတ်တဆိတ် မေးလိုက်၏။
"အဖေ ထင်ထားတာထက်တော့ ပိုပြီးတော့ ကောင်းပါသေးတယ်။ အထက်တန်းလွှာ မိသားစုတွေအားလုံးက ယပ်တောင်(၆)လက်ကျောင်းကို အရမ်းစိတ်ဝင်စားနေကြတာ။ အထူးသဖြင့် ရွမ်မိသားစုက မင်းရဲ့ဦးလေး(၅)ကို ကူညီပေးဖို့ကြိုးစားခဲ့ပြီး ဒီအခက်အခဲမှာ အေးအေးဆေးဆေး အသက်ရှင်နိုင်ဖို့ ကတိပေးထားတယ် ..။ အခုတော့ အထက်တန်းလွှာမိသားစုတွေက တော်ဝင်မိသားစုကို ဘယ်လိုအားနည်းအောင် လုပ်ချင်လဲဆိုတဲ့အပေါ်ပဲ မူတည်တော့မယ်…”
“ပင်ကျင်း ကွေမိသားစုနဲ့ ကျိုးနိုင်ငံ ဝမ်မိသားစုတို့က ကျိုးမိသားစုထဲမှာရှိတဲ့ ထိပ်တန်းလူဆိုးထိန်းတွေရဲ့ အရေအတွက်ကို ကန့်သတ်ပြီး သူတို့ကို အားနည်းသွားစေချင်တယ်။ ပြီးတော့ လွှတ်တော်ခန်းမထဲမှာ တော်ဝင်မိသားစုနဲ့ ပတ်သက်တဲ့ အမတ်တွေကို ချက်ချင်းဖြုတ်ချလိမ့်မယ်..။ ဒါပေမဲ့ တခြားအထက်တန်းလွှာ မိသားစုတွေကတော့ အကြံပေးချက်တွေကို တားမြစ်တာတွေ ရှိတယ်။ သူတို့ကတော့ သင့်တော်တဲ့ ကန့်သတ်ချက်တွေကိုပဲ တောင်းဆိုပြီး ကျိုးမိသားစုကိုပဲ အင်ပါယာဓား ထိန်းချုပ်ခွင့် ပေးထားတယ် ... "
စုလီက ပြန်လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်၏။
မုန့်ချီက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်သည်။ အကယ်၍ ကျိုးမိသားစု၏ အစွမ်းကသာ အလွန်ကန့်သတ်ခံလိုက်ရမည်ဆိုလျှင် တခြားအထက်တန်းလွှာ မိသားစုများအတွက် အကျိုးကျေးဇူး မရှိချေ။ ထိုအရာက ကွေမိသားစုဆီသို့ ပို၍များပြားသော အခွင့်အာဏာများ ပေးလိုက်သလို ဖြစ်သွားပါလိမ့်မည်။
"အိမ်ရှေ့မင်းသားက ထီးနန်းအတွက် အရည်အချင်းမရှိဘူး။ မင်းသားကျင်းနဲ့ မင်းသားဝေတို့ကပဲ သင့်တော်တဲ့သူတွေ ဖြစ်နိုင်တယ်။ ကွေမိသားစုကတော့ သိုင်းသခင်တစ်ယောက်ကို ကြားခံအနေနဲ့ လုပ်ဆောင်ဖို့ အကြံပြုခဲ့တယ် ...။ ဒါပေမဲ့ ကျိုးနိုင်ငံဝမ်မိသားစုမှာလည်း ကိုယ်လုပ်တော်ရဲ့ သားတစ်ယောက် ရှိနေတာကို သူတို့က မေ့လို့မရဘူးလေ။ တခြားအထက်တန်းလွှာ မိသားစုတွေကလည်း ကျိုးမိသားစုကို ဒီလိုနည်းလမ်းမျိုးနဲ့ တည်ငြိမ်ဖို့ မျှော်လင့်နေကြတယ်။ ဒါက တခြားသူတွေကို ပြဿနာမရှိစေဘဲ မကောင်းတဲ့လူကိုပဲ တိုက်ရိုက်ပြစ်ဒဏ်ပေးလိုက်တဲ့ သဘောမျိုးပဲ။ ဒါပြီးရင်တော့ ဘယ်သူပဲ ဘုရင်ဖြစ်ဖြစ် အစွမ်းရှိမှာ မဟုတ်တော့ဘူး ... "
စုလီက ဘုရင်ဟူသော နာမည်ကို ပြောသည့်အချိန်တွင် ဝမ်းနည်းမှုများ ရှိနေပုံ ရသည်။
"အဖေကရော ဘယ်လိုဖြစ်သွားမှာလဲ…"
မုန့်ချီက မေးလိုက်၏။
စုလီက တိတ်တဆိတ် သက်ပြင်းချပြီး နောက်ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည်။
"ဘုရင်ကြီးကို ပြစ်ဒဏ်ကျူးလွန်ဖို့ ကူညီပေးခဲ့တဲ့အတွက် သူရဲကောင်းအမတ်ကြီး ရာထူးကနေ ထုတ်ပယ်ခံရတယ်။ အဖေက ဘာရာထူးမှ ယူလို့မရအောင်လည်း တားမြစ်ထားတယ်။ ပြီးတော့ ဘဝတလျှောက်လုံး လော့ရန်ကနေ ထွက်သွားရမယ်။ သူတို့က အဖေ့ရဲ့သိုင်းပညာတွေကို ဖယ်ရှားချင်ပေမယ့် လန်းယာ့ရွမ်မိသားစုနဲ့ ကျိုးနိုင်ငံ ဝမ်မိသားစုတို့က ကူညီပေးခဲ့တဲ့အတွက် သိုင်းပညာကိုတော့ မဖျက်ဆီးခဲ့ဘူး"
"အဖေက စုမိသားစုတစ်ခုလုံးကို ကယ်တင်နိုင်ခဲ့တာ တော်သေးတာပေါ့ ..."
မုန့်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ရှက်စရာကောင်းပါတယ်ကွာ။ အဖေတို့မိသားစုရဲ့ အမတ်ကြီးရာထူးကလည်း ဖယ်ရှားခံလိုက်ရပြီ။ အဖေက ဘိုးဘေးတွေရှေ့မှာ မျက်နှာပြလို့ မရတော့ဘူး ..."
စုလီ၏အသံက အနည်းငယ် တုန်ရင်နေခဲ့သည်။
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး နောက်တစ်ကြိမ်မေးလိုက်၏။
"အဖေ …
အရင်နှစ်တွေတုန်းက ဘာလို့ကျွန်တော့်ကို ရှောင်လင်ကျောင်းတော်ဆီ ပို့ခဲ့လဲဆိုတာ အခုပြောပြလို့ရနိုင်ပြီလား ... "
စုလီက သက်ပြင်းရှည်ကြီး ချလိုက်မိ၏။
"အရင်တုန်းက မင်းအမေ သေသွားတဲ့အချိန် စုယွဲ့ကတော့ မင်းကို ကီမိသားစုနဲ့ ပြဿနာဖြစ်နိုင်တဲ့ ဆူးတစ်ချောင်းလို့ မြင်နေတယ်။ မင်းအဖွားက အဲဒီအရာတွေအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေပေမယ့် သူက ကျောက်တုံး တစ်တုံးလိုပဲ ဘာမှဝင်မပြောခဲ့ဘူး။ တစ်ဖက်က ငါတို့မိသားစုထောက်တိုင် ဖြစ်နေတယ်။ တခြားတစ်ဖက်ကတော့ အစွမ်းထက်တဲ့စည်းမျဉ်းတွေဖြစ်နေတယ်။ ဘယ်ဘက်ကပိုပြီး အရေးပါလဲဆိုတာ ထင်ရှားတာပေါ့။ ဒီတော့ သူလည်း ဒီလိုဆုံးဖြတ်ချက်တစ်ခုကိုပဲ ချလိုက်ရတယ်..”
“အဲဒီအချိန်တုန်းက အဖေ့ကို ဘုရင်ကြီးက အလေးပေးခဲ့တယ်။ တကယ်လို့ အဖေက မင်းကို ကာကွယ်မပေးနိုင်ဘူးဆိုရင် အဲဒါက လိမ်တယ်လို့ ပြောရမှာပဲ။ ဒါပေမဲ့ အဲဒီအချိန်ကတည်းက ဘုရင်ကြီးက လော်အဖွဲ့အစည်းနဲ့ ပူးပေါင်းနေတယ် ... အနာဂတ်မှာ ကပ်ဘေးတွေ ကျရောက်လာပြီး စုမိသားစုတစ်ခုလုံး ရှင်းပစ်ခံရမှာကို စိုးရိမ်မိတယ်။ အဖေက ဘုရင်ကြီးအပေါ် သစ္စာလည်း မဖောက်နိုင်ဘူး။ ဒါကြောင့် ဒီအခြေအနေကို အခွင့်ကောင်းယူပြီး မင်းကို ရှောင်လင်ကျောင်းတော်ဆီ ပို့ခဲ့ရတာပဲ။ အခြားအရာတွေကိုတော့ အဖေမသိဘူး။ ဒါပေမယ့် မင်းအမေရဲ့အစ်ကိုက ရှောင်လင်ကျောင်းတော်ထဲမှာ ရှိတယ်ဆိုတာ အဖေသိတယ်။ အဖေ စကားတစ်ခွန်းမှ မပြောရင်တောင် သူက မင်းကိုစောင့်ရှောက်ပေးလိမ့်မယ်ဆိုတာ အဖေသိတယ်.."
"ကျွန်တော် ထင်ထားတဲ့အတိုင်းပဲ…"
မုန့်ချီက ဘုရင်ကြီးနှင့် လော်အဖွဲ့စည်းတို့၏ ပူးပေါင်းမှုကို ရှာတွေ့သွားပြီးနောက် ထိုကဲ့သို့ ယူဆလိုက်မိသည်။
ယခုတော့ သူ့အဖေဆီမှ အတည်ပြုချက်ကို ရရှိသွားပြီဖြစ်သည့်အတွက် သူက မျက်လုံးမှိတ်လိုက်ရာ သူ့ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသော နောက်ဆုံးအချုပ်အနှောင်က ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်နှင့် စိတ်အခြေအနေက ငြိမ်းချမ်းသွားခဲ့ပြီး ပင်မဝိညာဉ်က လှုပ်ရှားသွားခဲ့၏။ သူ့ခန္ဓာကိုယ်ထဲတွင် ဖုံးကွယ်ထားသော အန္တာရာယ်တစ်ခုမျှမရှိတော့ပေ။
"အဖေက အချစ်ကြီးတဲ့ လူတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ တာဝန်မယူနိုင်ခဲ့ဘူး။ အဖေက မိသားစုကို တိုးတက်စေချင်ခဲ့တယ်။ ဒါပေမဲ့ မိသားစုကိုပဲ ပျက်စီးသွားစေခဲ့တယ်။ အဖေတို့ရဲ့ အမတ်ကြီးမျိုးရိုးကလည်း ပျောက်ကွယ်သွားပြီ ... "
စုလီက အားနည်းစွာ ပြောလိုက်၏။
"အဖေက ဘဝတလျှောက်လုံး ဘုရင်ကြီးအပေါ်သစ္စာရှိခဲ့တယ် ... သူက ဖျက်ဆီးရေးဂိုဏ်းကို စိတ်ကြိုက်လုပ်ခွင့်ပေးခဲ့ပြီး အဖေ့ရဲ့သားကို လုပ်ကြံသတ်ဖြတ်ခွင့်ပေးလိုက်တဲ့အချိန် အဖေ့ရဲ့ရင်ထဲမှာ ဓားနဲ့မွှန်းနေသလို နာကျင်ခဲ့ရတယ်။ အဲဒီအချိန်ကတည်းက အဖေ့ရဲ့ဘဝက လုံးဝကိုကျရှုံးသွားခဲ့ပြီလို့ ခံစားခဲ့ရတာပဲ ... "
မုန့်ချီကတော့ ထိုအရာနှင့်ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ဘဲ တည်ငြိမ်စွာ ပြောလိုက်၏။
"အဖေ ကျွန်တော်က မနက်ဖြန်ကျရင် စားသောက်ပွဲလုပ်မယ်လို့ ဖိတ်ကြားပေးလို့ရမလား…"
"ဟမ်…"
စုလီက သူ့ကို အံ့သြမှင်တက်စွာ လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးထောင့်တွင်လည်း မျက်ရည်များ စီးကျနေခဲ့၏။ ယခုလိုအချိန်မျိုးတွင် စားသောက်ပွဲ ကျင်းပရန် ဖိတ်ကြားစာ ပို့ရမည်လော။ သူ့သားက ထိုကဲ့သို့ ရှုပ်ထွေးသော အချိန်မျိုးတွင် စားသောက်ပွဲတစ်ခု ဘာကြောင့်ကျင်းပရကြောင်း သူက မသိဘဲ နေမည်လော။
"ကျွန်တော်က ပျော်ရွှင်ခြင်းတိမ်တိုက်စားသောက်ပွဲလို တူညီတဲ့စားသောက်ပွဲတစ်ခုကို စဉ်းစားမိတယ်…"
မုန့်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
စုလီက ချက်ချင်းပင် အံ့ဩမှင်တက်သွားခဲ့ပြီး အလွန်ဝမ်းသာသွားခဲ့၏။
"မင်းက တစ်ကြိမ်တည်းနဲ့ အဆင့်တက်ဖို့ အခွင့်ကောင်းတစ်ခုကို ဖန်တီးချင်တာလား…"
သူက ဟယ်ကျူးနှင့် ဝမ်စစ်ယွမ်တို့၏ အဖြစ်အပျက်ကို ပြန်လည်စဉ်းစားမိခဲ့သည်။ မုန့်ချီက စကားတစ်ခွန်းမျှမပြောဘဲ ခေါင်းညိတ်ပြလိုက်၏။
"အရမ်းကောင်းတယ်။ အဖေတို့မိသားစုမှာ မင်းလို ပါရမီရှင်ကလေးတစ်ယောက် ရှိနေတာ တကယ့်ကို အံ့သြစရာပဲ…"
သူ့အဖေက ဝမ်းသာအားရ ရယ်လိုက်မိပြီး သူ့ခံစားချက်များက ပို၍ကောင်းမွန်သွားပုံရသည်။ တစ်ကြိမ်တည်းနှင့် အဆင့်တက်သွားသည်မှာ မည်သည့်အရာကို ဆိုလိုနေသနည်း။ သူသာ မသေသရွေ့ အနိမ့်ဆုံးတော့ သိုင်းသခင်တစ်ယောက် ဖြစ်လာမည်ဟု ဆိုလိုနေသည်။
သာမာန်လူတစ်ယောက်နှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ၏အဆင့်တက်မှုက ပို၍လျင်မြန်နေနိုင်၏။ စုဝူမင်က တစ်နှစ်ကို အဆင့်တစ်ခု တက်သွားသည့်အလား ဖြစ်လာနိုင်သည်။ စုလီက အတော်လေးကို ကျေနပ်သွားခဲ့၏။ သို့သော် သူကတော့ ဝမ်းနည်းနေမိသေးသည်။
"အဖေက ချက်ချင်းပဲ ဖိတ်ကြားစာပို့ဖို့ အမိန့်ပေးလိုက်မယ်…"
သူ၏အတွေ့အကြုံများအရ သူက လူများလွဲချော်၍ မရနိုင်ပေ။
သူ့သားက ဘိုးဘေးခန်းမထဲမှ ထွက်သွားတော့မည့်အချိန်တွင် သူက တိတ်တဆိတ် ပြောလိုက်သည်။
"ပြီးတော့ ပြောစရာတစ်ခု ရှိသေးတယ်။ ကျိယွဲ့က သားနဲ့ဘာမှသွေးမတော်ဘူး.."
"ဘယ်လို…"
မုန့်ချီက မှင်တက်သွားခဲ့၏။
"သူက လုံကျင်း ထန်မိသားစုက မျိုးဆက်တစ်ယောက်ပဲ ... "
စုလီက သက်ပြင်းချလိုက်မိသည်။
"ထန်မိသားစု တစ်ခုလုံး ရှင်းပစ်ခံရတဲ့အချိန်မှာ မင်းအမေက တော်တော်လေး ဝမ်းနည်းသွားခဲ့တယ်။ ဒီတော့ အဖေက အခွင့်အရေးယူပြီး ကျိနိုင်ငံကို ထွက်သွားခဲ့တယ်။ အဖေက မင်းရဲ့ဦးလေးကို ရှာမတွေ့နိုင်ပေမယ့် သုတ်သင်ရှင်းလင်းခံရတဲ့အချိန် ထန်မိသားစုစံအိမ်ထဲမှာ မရှိတဲ့သူတွေကို ရှာတွေ့ခဲ့တယ်။ သူတို့တွေကတော့ ကပ်ဘေးကနေ လွတ်မြောက်သွားခဲ့တဲ့သူတွေပေါ့။ ဒါပေမယ့် အကြောက်တရားတွေကြောင့် သိပ်မကြာခင် ကျိယွဲ့ရဲ့မိဘတွေက သေဆုံးသွားခဲ့တယ်။ အဲဒီအချိန် ကျိယွဲ့ကို အနှီးနဲ့ ထုတ်ထားခဲ့တာ ။ အဖေက သူ့ကို ခေါ်လာပြီး မင်းရဲ့အမေက အဖေ့ရဲ့တရားဝင်သမီးအဖြစ် မွေးစားခဲ့တာ။ ဒါကို ငယ်ငယ်လေးကတည်းက မင်းက မှတ်မိမယ်လို့ ထင်နေတာ ... "
"ဒါဆိုရင်တော့ ဆရာက အရမ်းကို ဝမ်းသာနေမယ်လို့ ထင်ပါတယ်…"
မုန့်ချီက ကျေနပ်သော အမူအယာနှင့် ပြောလိုက်သည်။
မင်းသားကျင်း၏ စံအိမ်ထဲတွင် ...
မင်းသားကျင်း၊ဒေါ်လေးပိုင်၊ရန်ချုံနှင့် တခြားသူများအားလုံးက လွှတ်တော်ခန်းမထဲမှ ရောက်လာမည့်သတင်းကို တိတ်တဆိတ်စောင့်နေကြ၏။ သို့သော် ခန်းမထဲတွင်တော့ ပဋိပက္ခများ ဆက်လက်ရှိနေသေး၏။ သူတို့က ရက်အနည်းငယ်ကြာမှသာ အဖြေထွက်လာနိုင်ပါလိမ့်မည်။
ထိုအချိန်တွင် အစေခံတစ်ယောက် ရောက်လာပြီး ဒေါ်လေးပိုင်နှင့်ရန်ချုံတို့ကို ဖိတ်စာပေးလိုက်သည်။
"သတ်ဖြတ်ရေးဓားက စားသောက်ပွဲတစ်ခု ကျင်းပချင်တာလား။ ဘာလို့ ဒီလိုအချိန်မျိုးမှာ သူက စားသောက်ပွဲတစ်ခု ကျင်းပချင်ရတာလဲ…"
ရန်ချုံက မျက်မှောင်ကြုတ်လိုက်မိသည်။
ဒေါ်လေးပိုင်က ဝင်းလက်နေသော မျက်နှာအမူအရာနှင့် ပြန်ဖြေလိုက်သည်။
"နင်က သူနဲ့လုံးဝမတိုက်ခိုက်ခဲ့ဖူးတော့ သူ့ရဲ့အဆင့်ကို မသိဘူး။ သူက ဟယ်ကျူးလိုပဲ တစ်ကြိမ်တည်းနဲ့ အဆင့်တက်ဖို့ကြိုးစားချင်နေတာ…"
"သူက မင်းနဲ့ငါ့ကို (၂)ယောက်လုံး အတူတူ တိုက်ခိုက်ဖို့ မျှော်လင့်နေတာများလား။ သူက ကွေကျီနဲ့ ဝမ်ကိုက်တို့ကို အတူတူစိန်ခေါ်မယ်လို့ပဲ ထင်တယ်…”
“ဒါမှမဟုတ် သူက ဒေါ်လေးပိုင်နဲ့ သူသေကိုယ်သေ တိုက်ပွဲမျိုး တိုက်ခိုက်နိုင်တယ်…"
ရန်ချုံက မုန့်ချီ၏အတွေးကို စဉ်းစားပြီး ထင်မြင်ချက်ကို ပြောလိုက်သည်။
သူမက အပြုံးနှင့် ပြန်ဖြေလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် တစ်ချက်တည်းနဲ့ အဆင့်တက်ဖို့ မျှော်လင့်နေတဲ့ ပညာရှင်တစ်ယောက်ကို တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုပဲ ... "
ပင်ကျင်းအမတ်ကြီးစံအိမ်ထဲတွင်...
အဆင့်မြင့်ခရမ်းရောင်ဓား ကွေကျီက လက်ထဲရှိ ဖိတ်စာကို စိုက်ကြည့်နေခဲ့သည်။
"သတ်ဖြတ်ရေးဓားကလည်း ဟယ်ကျူးရဲ့ပုံစံအတိုင်း လုပ်နေတာပဲ ... "
သူက အပြုံးကို ထိန်းချုပ်ပြီး တိတ်တဆိတ် ပြောလိုက်၏။
"ဒီလိုမျိုး ရှုပ်ထွေးနေတဲ့ အခြေအနေမျိုးမှာ တစ်ကြိမ်နည်းနဲ့ အဆင့်တက်ဖို့ မျှော်လင့်နေတဲ့ လူအရေအတွက်က အတော်လေးကို တိုးလာတယ် ... "
ကွေချင်းယုကတော့ လွှတ်တော်ခန်းမ၏ ပဋိပက္ခများကို စိတ်မဝင်စားချေ။ သူက အမတ်ကြီးတစ်ယောက် မဟုတ်သည့်အတွက် အိမ်တွင်သာ နေထိုင်ခဲ့၏။ သူက လက်နောက်ပစ်နေပြီး အတော်လေးကို နောင်တရနေပုံပေါ်သည်။ သူက ထိုကဲ့သို့အရာမျိုးကို မြင်တွေ့ခဲ့ရသည်မှာ မည်သည့်အချိန်က နောက်ဆုံးပေနည်း။ ထိုအရာက သမိုင်းကြောင်းထဲရှိ နတ်ဆိုးဗုဒ္ဓ၏ခေတ်တွင်သာ တည်ရှိနေခဲ့သည်။
ကွေကျီက ပြုံးလိုက်၏။
"လက်ရှိလော့ရန်မှာ လူငယ်မှတ်တမ်းရဲ့ ထိပ်ဆုံး(၁၀)ယောက်ထဲမှာ ကျွန်တော် တစ်ယောက်ပဲရှိတာ နှမြောစရာပဲ။ ဝမ်ကိုက်က ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲကို တက်ရောက်ဖို့ အခွင့်အရေးမရခဲ့ဘူး။ စားသောက်ပွဲက အလျင်စလို ကျင်းပနေမှတော့ ဒီမှာရှိတဲ့သိုင်းပညာရှင်တွေကိုပဲ ဖိတ်ခေါ်ခံရလိမ့်မယ် ..”
“ပညာရှင်(၃)ယောက် ပူးပေါင်းတိုက်ခိုက်ရင်တောင် သူ့အတွက် လုံလောက်ပါပြီ။ အသက်အန္တရာယ်မရှိတဲ့ အခြေအနေမျိုးဆိုတော့ သတ်ဖြတ်ရေးဓားက အဖွဲ့လိုက် တိုက်ခိုက်တဲ့နေရာမှာ ဟယ်ကျူးလောက်ကောင်းမှာ မဟုတ်ဘူး…"
ကွေချင်းယုက မုန့်ချီနှင့် ဟယ်ကျူးတို့၏ သိုင်းပညာ(၂)ခုလုံးကို သေချာနားလည်နေသည်။ သူက သူ့သားကို နှစ်သိမ့်ပြီး ပြောလိုက်၏။
"မင်းက အဲဒီလို အဆင့်မြှင့်ဖို့ မကြိုးစားနေနဲ့။ အရင်တုန်းက ဘုန်းတော်ကြီးကုံဝမ်ကတောင် ဝေ့ကျင်းတစ်ဝက်အဆင့်မှာပဲ ရပ်တန့်နေခဲ့တာ မဟုတ်ဘူးလား။ နောက်ဆုံးတော့ သူက ဓမ္မကာရအဆင့်ကို ရောက်သွားတာပဲ မဟုတ်ဘူးလား။ ဟွာမေ့တောင်တန်းက ဆရာကြီးလုလည်း အတူတူပဲလေ ... "
သူကတော့ ပို၍ပင် မျှော်လင့်နေပုံရ၏။
"သတ်ဖြတ်ရေးဓားက ဘယ်အဆင့်ကို ရောက်မလဲဆိုတာ ငါလည်း သိချင်တယ်။ သူ့ရဲ့အောင်မြင်မှုက ဟယ်ကျူးနဲ့ ဝမ်စစ်ယွမ်တို့ကို ယှဉ်နိုင်မှာလား။ ဒါမှမဟုတ် စုဝူမင်လို ကျော်ကြားလာမှာလား ... "
ဝမ်အမတ်ကြီးစံအိမ်ထဲတွင် ...
ဝမ်ကိုက်က ဖိတ်ကြားစာကိုဖတ်ပြီး အတွေးများကို ပြောပြနေသည်။
"နောက်ဆုံးတော့ ရှောင်မုန့်က ဒီအဆင့်ကို ရောက်လာပြီပဲ။ ဒီနေ့ သူက သစ်သီးပွဲတော်မှာ အဆင့်တက်ဖို့ နီးနေပြီဆိုတာ ကျွန်တော် တွေ့ခဲ့ရတယ်။ ကျွန်တော်က သူ့ရဲ့ကြိုးစားအားထုတ်မှုကို မြှင့်တင်ပေးနိုင်တာကတော့ ကံကောင်းသွားတာပေါ့ ... "
လန်းယာ့နယ်စားကြီးစံအိမ်ထဲတွင်...
ရွမ်ယုရှု၏ဦးလေးက ဖိတ်ကြားစာကိုကြည့်နေပြီး ဖြည်းညင်းစွာကုသနေသော ရွမ်ယုရှု၏ မျက်နှာလေးကို ကြည့်လိုက်သည်။
"မဆိုးဘူး… တကယ်မဆိုးဘူး။ ဒီကလေးက တော်တော်ထူးခြားတာပဲ။ တကယ်လို့ သူသာ အောင်မြင်သွားမယ်ဆိုရင် သေချာပေါက် သိုင်းသခင်တစ်ယောက် ဖြစ်နိုင်တယ်…"
သူကတော့ အတော်လေး ကျေနပ်နေသည့် အမူအယာနှင့် ပြောလိုက်သည်။
ရွမ်ယုရှုကတော့ ရေနဂါးခြောက်တစ်ခုကို ဝါးစားနေခဲ့ပြီး ပြန်မဖြေခဲ့ပေ။ သူမက အနည်းငယ် သံသယဝင်နေသော အမူအရာနှင့် ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
ကွမ်လင်းအမတ်ကြီးစံအိမ်ထဲတွင်...
ဝမ်စစ်ယွမ်က ဖိတ်ကြားစာကို အပြုံးနှင့် စိုက်ကြည့်နေခဲ့၏။ သူကတော့ ပို၍ပင် မျှော်လင့်နေပုံရသည်။ ဖိတ်ကြားစာက မင်းသားဝေနှင့် အခြားအထက်တန်းလွှာ မိသားစုများ၏ စံအိမ်များဆီသို့လည်း ရောက်လာခဲ့သည်။ ပညာရှင်အများစုကတော့ တံခါး(၉)ပေါက်အဆင့်သာ ဖြစ်ကြပြီး ဝေ့ကျင်းအဆင့်ကို မရောက်ကြသေးပေ။
ပြဿနာများကို တားဆီးရန် ဝေ့ကျင်းအဆင့် ပညာရှင်များကိုလည်း ဖိတ်ခေါ်ထားကြသည်။ ထိုသတင်းက လော့ရန်တစ်ခုလုံးတွင် လေမုန်တိုင်းကြီးတစ်ခုပမာ ပျံ့နှံ့သွားခဲ့ပြီး လမ်းပေါ်တွင် ရှိနေသော သာမာန်လူများအားလုံးကပင် စိတ်ဝင်စားလာကြ၏။ သူတို့ကတော့ ထိုပြောင်းလဲမှုများအားလုံးကို ဆွေးနွေးနေကြသေးသည်။
တော်ဝင်မိသားစုက အခြေအနေ ဆိုးရွားနေပြီး ထိုအရာက အထက်တန်းလွှာ မိသားစုများနှင့် ပတ်သက်နေသည်။ ယခုအချိန်တွင် ထိုအရာက ထိန်းချုပ်မှု လွတ်ကင်းသွားသည့် လက္ခဏာမျိုး မရှိသေးပေ။
မုန့်ချီကတော့ ထိုအရာက သူနှင့်မသက်ဆိုင်ကြောင်း တွေးမိခဲ့၏။ သူ၏ဉာဏ်အလင်းပွင့်မှုနှင့်ပတ်သက်လာမည့်အချိန်တွင် သူကတော့ တိုးတက်လာသော ကြယ်တစ်ပွင့် ဟုတ်၊မဟုတ် မည်သူက ပြောနိုင်မည်နည်း။
သိပ်မကြာခင် ဆွေးနွေးမှုများက သူ၏စားသောက်ပွဲအကြောင်း ဖြစ်လာပြီး ပျော်ရွှင်ခြင်း တိမ်တိုက်စားသောက်ပွဲနှင့်ပင် နှိုင်းယှဉ်လာကြသည်။
"သတ်ဖြတ်ရေးဓားက ဖန်းချန်းမြောင်ကို သတ်လိုက်တယ်လို့ ငါကြားတယ်။ သူက သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားပဲ။ လက်ရှိအချိန်မှာ သူ့ရဲ့အရှိန်အဝါက တော်တော်လေး မြင့်နေလောက်ပြီ။ သူက တစ်ကြိမ်တည်းနဲ့ အဆင့်တက်ဖို့အောင်မြင်မယ်ထင်တယ်…”
လူတစ်ယောက်က သက်ပြင်းချပြီး ပြောလိုက်သည်။
မုန့်ချီအပေါ် စိုးရိမ်နေသူများလည်း ရှိနေသေး၏။
"ဒီတစ်ကြိမ် စားသောက်ပွဲကို တက်ရောက်တဲ့သူတွေက ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲလောက် မရှိဘူး။ သူတို့က သတ်ဖြတ်ရေးဓားကို တစ်ကြိမ်တည်းနဲ့ အဆင့်တက်အောင် ကူညီပေးနိုင်ပါ့မလား မပြောတတ်ဘူးလေ...။ အရင်တုန်းက ဟယ်ကျူးက ဗုဒ္ဓလက်ဝါး၊ အဆုံးမဲ့ဓား၊ ကြာပန်းသခင်၊ သတ်ဖြတ်ရေးဓားတို့ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့တာ။ အဲဒီပညာရှင်(၄)ယောက်က လူငယ်မှတ်တမ်းရဲ့ ထိပ်ဆုံး(၁၀)ယောက်ထဲမှာ ရှိခဲ့တယ်လေ။ နောက်ပိုင်းမှာတော့ အသက်ထိန်းသိမ်းသူနဲ့ ပျက်သုဉ်းခြင်းဓားနတ်သမီးတို့ ပါလာခဲ့တယ်။ အခုတော့ သတ်ဖြတ်ရေးဓား အပါအဝင် လူငယ်မှတ်တမ်းရဲ့ ထိပ်ဆုံး(၁၀)ယောက်ထဲမှာ (၄)ယောက်ပဲရှိတယ်။ ကွာခြားချက်က အရမ်းကြီးမားလွန်းတယ်…"
"အတိအကျပဲ။ အရင်တုန်းက လူငယ်မှတ်တမ်းမှာရှိတဲ့သူတွေ အခုလူတွေကို နှိုင်းယှဉ်လို့ရမလား ..."
လူတစ်ယောက်ကလည်း ထောက်ခံလိုက်သည်။
"ရန်ချုံက အခုထက် ပိုပြီးအစွမ်းထက်နေပြီ ...။ ကွေကျီနဲ့ဗုဒ္ဓလက်ဝါးတို့လည်း ရှိနေတယ်ဆိုတော့ ပျော်ရွှင်ခြင်းတိမ်တိုက်စားသောက်ပွဲကလို အခြေအနေမျိုးရှိပါတယ်။ ဝမ်ကိုက်ကလည်း ပိုပြီး အစွမ်းထက်လာနိုင်တယ်။ အရင်တုန်းက ကြာပန်းသခင်ထက်တော့ နိမ့်ကျမှာ မဟုတ်ဘူး။ ကမ္ဘာမြေမကောင်းဆိုးဝါး ချီကျန်းရန်နဲ့ လန်းယာ့စောင်းနတ်သမီးတို့ကလည်း သတ်ဖြတ်ရေးဓားကို ကူညီပေးဖို့ လုံလောက်သေးတယ်။ ဒါက ပျော်ရွှင်ခြင်းတိမ်တိုက်စားသောက်ပွဲနဲ့ အရမ်းကြီးကွာခြားမှာတော့ မဟုတ်ဘူး ..”
“တစ်ခုရှိတာကတော့ လော့ရန်မှာ အသက်ထိန်းသိမ်းသူရဲ့နေရာနဲ့ ပျက်သုဉ်းခြင်းဓားနတ်သမီးတို့ရဲ့နေရာကို အစားထိုးဖို့ လူတစ်ယောက်မှ မရှိဘူး။ သတ်ဖြတ်ရေးဓားကသာ အဲဒီအစွမ်းကို ဖြည့်ဆည်းဖို့လူ မရှိဘူးဆိုရင်တော့ မျှော်လင့်ချက်က နည်းနိုင်တယ်…"
လူတစ်ယောက်က သေချာသုံးသပ်ပြီး ပြောလိုက်၏။
"သူက ဒေါ်လေးပိုင်လို ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်ကို စိန်ခေါ်ဖို့လည်း ဖြစ်နိုင်တယ် မဟုတ်လား ... "
"လုံးဝမဖြစ်နိုင်ဘူး။ သတ်ဖြတ်ရေးဓားက ဘယ်လောက်ပဲ အစွမ်းထက်ထက် ပြီးပြည့်စုံတဲ့ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ အဲဒါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်သွားနိုင်တယ်။ အရင်တုန်းက ဟယ်ကျူးကတောင် အဲဒီလို မကြိုးစားရဲဘူး။ သူက သေချင်နေလို့လား။ သတ်ဖြတ်ရေးဓားက တစ်ကြိမ်တည်းနဲ့ ပညာရှင်(၁၀)ယောက်ကို တိုက်ခိုက်ချင်နေတာလား ..."
လမ်းပေါ်တွင်တော့ ထိုအသံများ ပြည့်နှက်နေပြီး မနက်ဖြန်ကျင်းပတော့မည့် စားသောက်ပွဲကသာ နေရာယူထားခဲ့သည်။ အခြေအနေက အတော်လေးကို လှုပ်ရှားနေကြပြီး လူတိုင်းကတော့ နောက်တစ်နေ့ကို မျှော်လင့်နေကြ၏။
သူရဲကောင်းအမတ်ကြီးခြံဝန်းထဲရှိ မုန့်ချီ၏ စံအိမ်ထဲတွင် ...
စားသောက်ပွဲအကြောင်း သိပြီးနောက် စုကျိယွဲ့က သူမ၏အစ်ကိုဆီသို့ ရောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
"အစ်ကို(၂) ...
အစ်ကိုက မနက်ဖြန်လူငယ်မှတ်တမ်းမှာရှိတဲ့ ပညာရှင်တွေအားလုံးကို စိန်ခေါ်တော့မှာလား ... "
"နင့်ကို ဘယ်သူပြောတာလဲ…"
မုန့်ချီက ကျောက်ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေပြီး လမင်းကြီးကို ကြည့်နေခဲ့သည်။ သူ့အပြုံးက နွေးထွေးပြီး သိမ်မွေ့ညင်သာနေခဲ့၏။
စုကျိယွဲ့နှင့် ပတ်သက်သော အကြောင်းအရာများကို ဖော်ထုတ်လိုက်ပြီးနောက် သူ့ဆရာ၏ မျိုးဆက်ဖြစ်သည့်အတွက် ထိုအရာက သူ၏မောင်နှမဝမ်းကွဲ ဖြစ်နိုင်သည်။ သူက သူမနှင့်ပတ်သက်ပြီး ပို၍ရင်းနှီးနေသလို ခံစားနေရ၏။
စုကျိယွဲ့က သူ့ကိုစိုက်ကြည့်လိုက်သည်။
"ဘယ်သူမှ မပြောပါဘူး။ ဒါပေမယ့် အဲဒါက သာမာန်ပဲ မဟုတ်လား။ ဒါက ပျော်ရွှင်ခြင်းတိမ်တိုက်စားသောက်ပွဲနဲ့ အတူတူပဲလေ…"
သူမ၏ပါး(၂)ဖက်က နီရဲနေပြီး စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
"မနက်ဖြန် အစ်ကို့ရဲ့ကြီးကျယ်တဲ့တိုက်ပွဲတွေထဲက တစ်ခုကို တွေ့ရတော့မယ်။ ပြီးတော့ တစ်ကြိမ်တည်းနဲ့ အဆင့်တက်သွားတာကိုလည်း မြင်ရတော့မယ်…"
သူမက ခဏရပ်ပြီး ထပ်ဖြည့်ပြောလိုက်၏။ သူမ၏ပုံစံက အနည်းငယ် ရှက်ရွံ့နေပုံရသည်။
"အစ်ကို(၂) ...
ညီမလေးက အစ်ကို့ကို နှောင့်ယှက်သလို ဖြစ်နေလား။ အစ်ကိုက စိတ်အခြေအနေကို ပြင်ဆင်ပြီး မနက်ဖြန်တိုက်ပွဲအတွက် အစ်ကို့ရဲ့စိတ်ဝိညာဉ်ကို ပြင်ဆင်ရမှာ မဟုတ်လား…"
"ဘာမှစိုးရိမ်မနေပါနဲ့။ အဲဒီအတွက် အစ်ကို့မှာ အချိန်များများမလိုပါဘူး…"
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
မုန့်ချီဆီမှ အတည်ပြုချက်ကို ရရှိသွားပြီးနောက် သူမက စိတ်အေးသွားပုံရသည်။
"အစ်ကို(၂) ...
အစ်ကို(၂)က တစ်ကြိမ်တည်းနဲ့ အဆင့်တက်ဖို့ ဘယ်လောက်ယုံကြည်ချက်ရှိလဲ။ မနက်ဖြန်ကျရင် ပညာရှင်ဘယ်နှစ်ယောက်ကို တစ်ပြိုင်နက်တည်းစိန်ခေါ်ဖို့ စဉ်းစားထားတာလဲ…"
သူက စားပွဲခုံကို တဒေါက်ဒေါက် ခေါက်နေရင်းပြန်ဖြေလိုက်သည်။
"တစ်ကြိမ်တည်းနဲ့ အဆင့်တက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲသိလား ... "
"သိတာပေါ့…"
သူမ၏အစ်ကိုက သူမကို စမ်းသပ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း တွေးလိုက်မိသည်။
"အဲဒါက မျက်ခုံးကြားပင်မတံခါးကို ဖွင့်လိုက်တာလို့ ဆိုလိုတာပဲလေ။ တကယ်လို့ အစ်ကိုကသာ တည်ငြိမ်မှု၊ ပြင်ဆင်မှုတွေမရှိဘဲ အတွင်းအပြင်ကမ္ဘာကြီးကို ပေါင်းစပ်ဖို့ ကြိုးစားလိုက်မယ်ဆိုရင် အစ်ကို့ရဲ့ အတွင်းကမ္ဘာကြီးက သဘာဝတရားကြီးနဲ့ ပေါင်းစပ်လာပြီး ပြောင်းလဲလာလိမ့်မယ်။ အဲဒါကြောင့် အစ်ကိုက တစ်ကြိမ်တည်း အဆင့်မြင့်တက်သွားမယ်ဆိုရင် ကောင်းကင်လှေကားထစ်ပေါ်ကို ခြေလှမ်းနိုင်ပြီလို့ ဆိုလိုနေတာပဲ ... "
"ဒါဆိုရင် တံခါး(၉)ပေါက် ပွင့်ပြီးသွားတဲ့အချိန်မှာ တစ်ကြိမ်တည်း အဆင့်တက်ဖို့အတွက် ဘယ်လိုအဆင့်မျိုး ရှိသင့်လဲဆိုတာ သိလား…"
မုန့်ချီက ရေနွေးခွက်ကို ကိုင်ကြည့်လိုက်သည်။
သူ့ပုံစံက သိမ်မွေ့ညင်သာနေပြီး မနက်ဖြန် တိုက်ခိုက်ရမည့် တိုက်ပွဲအကြောင်းကို စိုးရိမ်နေခြင်း မရှိချေ။ ထိုအစား သူကတော့ သူ့ညီမကို သင်ကြားပေးရန်သာ စိတ်ဝင်စားနေပုံရသည်။
စုကျိယွဲ့က ငယ်ရွယ်နေသေးပြီး ညဏ်အလင်းပွင့်မှုအဆင့်ပင် မရောက်သေးပေ။ သူမက ခေါင်းခါပြလိုက်၏။
"ညီမလေး မသိဘူး…"
မုန့်ချီက စားပွဲခုံကို လက်နှင့်ပုတ်နေရင်း ပြန်ဖြေလိုက်သည်။
"တံခါး(၉)ပေါက်အဆင့်ကို ရောက်တဲ့အချိန်ကျရင် နောက်ထပ်ခြေလှမ်းကတော့ မျက်ခုံးကြားပင်မတံခါးကို နားလည်အောင် ကြိုးစားဖို့ပဲ။ တကယ်လို့ ကောင်းမွန်တဲ့ သိုင်းကျင့်စဉ်တွေ မရှိဘူး ဒါမှမဟုတ် လူသားနဲ့ကောင်းကင်ဆက်သွယ်မှုအဆင့်တောင် မရောက်သေးဘဲ အလျင်စလို အဆင့်တက်လိုက်မယ်ဆိုရင် ဝေ့ကျင်းတစ်ဝက် အဆင့်မှာပဲ ပိတ်မိနေလိမ့်မယ်။ မင်းရဲ့အတွင်းနဲ့အပြင်ကမ္ဘာကြီးတွေကလည်း ပဋိပက္ခဖြစ်နေပြီး အချင်းချင်း တွန်းကန်နေလိမ့်မယ်။ ဒါဆိုရင်တော့ အတွင်းအပြင်ကမ္ဘာကြီးကိုပေါင်းစပ်ပြီး ဝေ့ကျင်းအဆင့်ကိုရောက်ဖို့ မျှော်လင့်ချက်က နည်းသွားနိုင်တယ်။ ဒါက တော်တော်လေးကို ဆိုးရွားပြီး အဆင့်နိမ့်တဲ့ ပညာရှင်တစ်ယောက်လို့ သတ်မှတ်နိုင်တယ်…"
"ဟုတ်တယ်...အဲဒါကိုတော့ ညီမလေးလည်း သိတယ်…"
စုကျိယွဲ့က ခေါင်းညိတ်ပြီး ပြောလိုက်၏။
လော့ရန်တွင် ရှိနေသော အထက်တန်းလွှာမိသားစုများက သူတို့၏တပည့်များကို လူသားနှင့်ကောင်းကင်ဆက်သွယ်မှုအဆင့် ရရှိပြီးမှသာ အဆင့်တက်ရန် ခွင့်ပြုကြသည်။
မုန့်ချီကတော့ အေးစက်နေသော လမင်းကြီးကို မော့ကြည့်ပြီး ဆက်ပြောလိုက်၏။
"မျက်ခုံးကြား ပင်မတံခါးကို နားလည်မှသာ အောင်မြင်မှု ကြီးကြီးမားမားရမယ်လို့ သတ်မှတ်နိုင်တယ်။ အဆင့်တက်ပြီးသွားရင် သာမန်ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက် ဖြစ်နိုင်တယ်။ အဲဒါက သာမာန်အောင်မြင်မှုပဲ။ အတွင်းအပြင်ကမ္ဘာကြီးက အချင်းချင်း ပဋိပက္ခဖြစ်မနေဘူး။ အချင်းချင်း တွန်းကန်နေတာမျိုးလည်း မရှိဘူး။ ဒါပေမယ့် လုံလောက်အောင် နီးကပ်မနေတဲ့အတွက် သူတို့ကို ညှိနှိုင်းပြီး အဆင့်မြှင့်တင်ဖို့ အချိန်တော်တော်လေး လိုအပ်တယ်။ ဒါကြောင့် တချို့လူတွေက ဝေ့ကျင်းအဆင့်ကို ရောက်နိုင်ပေမယ့် တချို့တွေက မရောက်နိုင်ကြတာ..”
“မျက်ခုံးကြားပင်မတံခါးကို နားလည်ဖို့ အောင်မြင်သွားပြီဆိုတာနဲ့ နောက်တစ်လှမ်းက ကမ္ဘာမြေကြီးကို နားလည်အောင် ကြိုးစားရတာပဲ။ ပြီးတော့ အတွင်းအပြင် ခန္ဓာကိုယ်နဲ့ စိတ်ကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရတယ်။ အဲဒါက လူသားနဲ့ကောင်းကင်တစ်သားတည်း အဆင့်ကို ရောက်သွားပြီလို့ ဆိုလိုနေတာပဲ။ ဒါဆိုရင် လှုပ်ရှားမှုတိုင်းက သာမာန်ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းအားကို သယ်ဆောင်ထားတယ်။ တကယ်လို့ အဆင့်က အထွဋ်အထိပ် အခြေအနေကို ရောက်ပြီဆိုရင်တော့ အဆင့်တက်ပြီးသွားရင် ပြီးပြည့်စုံတဲ့ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်နိုင်တယ်။ ပြီးတော့ ကြောက်စရာကောင်းတဲ့အစွမ်းမျိုးလည်း ရနိုင်တယ်။ ဒါဆိုရင်တော့ ကမ္ဘာမြေကြီးရဲ့အနှစ်သာရတွေကို ထိန်းချုပ်နိုင်ပြီး သာမာန်ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တွေထက်တောင် အဆပေါင်းများစွာ ကျော်လွန်နေတဲ့ ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်လာနိုင်တယ်။ သူတို့တွေက ထူးခြားတဲ့ပညာရှင်တွေပဲ။ သူတို့မှာ လုံလောက်တဲ့ အတွေ့အကြုံတွေ ရပြီးသွားပြီဆိုရင် သူတို့ရဲ့အဆင့်တက်မှုကလည်း ချောမွေ့နိုင်တယ်…"
စုကျိယွဲ့က စိတ်ဝင်တစား နားထောင်နေပြီး ကြားဖြတ်မပြောခဲ့ပေ။
"လူသားနဲ့ ကောင်းကင်တစ်သားတည်းအဆင့်ကို ရောက်ပြီးသွားရင်တော့ ကိုယ်နဲ့ သင့်တော်တဲ့လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး ကိုယ်တွင်းကမ္ဘာကြီးကို ညှိနှိုင်းရမယ်။ အဲဒီလိုလုပ်နေတဲ့ အချိန်မှာ မူလအခြေအနေကို ပြန်ရောက်သွားပြီ ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ဝေ့ကျင်းတစ်ဝက်အဆင့်ကို မရောက်ခင် ကိုယ်တွင်းကမ္ဘာကြီးကို ဖိနှိပ်ထားရမယ်။ အဲဒါက ကမ္ဘာမြေကြီးနဲ့ ဆက်သွယ်နိုင်တဲ့အဆင့်ကို ရောက်ဖို့ မလုံလောက်သေးဘူး။ ပြီးတော့ သဘာဝတရားကြီးကိုလည်း ထိန်းချုပ်ဖို့ မလုံလောက်သေးဘူး။ အဲဒီအရာကသာ တစ်ကြိမ်တည်းအဆင့်တက်ဖို့အတွက် လုံလောက်တဲ့အုတ်မြစ်တစ်ခုကို ပေးနိုင်တာ။ ပညာရှင်တွေမှာ ရည်မှန်းချက်တွေ လိုအပ်တယ်။ တကယ်လို့ ကျရှုံးသွားမယ်ဆိုရင်တောင် အဲဒါကို ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားသင့်တာပေါ့…"
မုန့်ချီကတော့ လရောင်အောက်တွင် အတော်လေးကို တောက်ပနေခဲ့သည်။
စုကျိယွဲ့က စိတ်လှုပ်ရှားနေသော အမူအရာနှင့် မေးလိုက်၏။
"အစ်ကို(၂) ...
အစ်ကို(၂)က မူလအခြေအနေကို ပြန်ရောက်သွားပြီလား ... "
သူက ရေနွေးခွက်ကိုမြှောက်လိုက်ပြီး နောက်ထပ် တစ်ငုံသောက်လိုက်သည်။ သူကတော့ အပြုံးနှင့်သာ တုံ့ပြန်ခဲ့သည်။
ညအချိန်တွင် လေလှိုင်းများက အေးစက်စွာ တိုက်ခတ်နေပြီး လမင်းကြီးက တောက်ပနေသည်။ ရှုပ်ထွေးသော အခြေအနေပေါင်းများစွာကို ကြုံတွေ့ခဲ့ရပြီးနောက် လော့ရန်က တည်ငြိမ်နေခဲ့၏။ ယခုတော့ မုန့်ချီက ထိုတည်ငြိမ်မှုထဲတွင် ဆက်လက်ရှိနေခဲ့သည်။
နောက်တစ်နေ့တွင် လွှတ်တော်ခန်းမထဲ၌ ….
ဝမ်ဝမ်းရှန်နှင့် အခြားသောအမတ်ကြီးများက ငြင်းခုံနေကြသေး၏။ ယမန်နေ့ညတွင် တော်ဝင်သင်္ချိုင်းကို စောင့်ကြပ်နေသော ကျိုးကျင်းရှီက လော့ရန်ကိုပြန်လာခဲ့ပြီး လန်းယာ့နယ်စားကြီးစံအိမ်၊ ကွမ်လင်းအမတ်ကြီးစံအိမ်နှင့် တခြားစံအိမ်များကို တိတ်တဆိတ် လည်ပတ်ခဲ့သည်။
လော့ရန် ကျိုးမိသားစုက တော်ဝင်မိသားစု၏လေးစားမှုကို ဆုံးရှုံးခဲ့ရသည်မှာ ကြာခဲ့ပုံရသည်။ သူတို့က အထက်တန်းလွှာမိသားစုများကြားထဲတွင် ရပ်တည်နိုင်ခြင်း မရှိတော့ချေ။
သီးခြားခြံဝန်းတစ်ခုထဲတွင် ကူရှောင်စန်းက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလှပစ္စည်းများ ခြယ်သထားခြင်း မရှိချေ။ သူမက ခေါင်းပေါ်တွင် ဖြည်းညင်းစွာ လည်ပတ်နေသော နေလုံးကြီးကိုကြည့်လိုက်ပြီး လော့ရန်တွင် ဖြစ်ခဲ့သည့်အရာများ အဆုံးသတ်သွားမည့်အချိန်ကို စောင့်နေခဲ့၏။သူမ၏ပုံစံက သက်တောင့်သက်သာ ဖြစ်နေပြီး ခံစားချက်များက တည်ငြိမ်နေသည်။
ထိုအချိန်တွင် သိုင်းလောကသားများစွာကတော့ စုမိသားစုစံအိမ်၏ အနီးအနားတွင် စုစည်းနေကြ၏။ သူတို့က စားသောက်ပွဲကို တက်ရောက်ပြီး တိုက်ပွဲကို မကြည့်နိုင်ကြသော်လည်း သတ်ဖြတ်ရေးဓား တစ်ကြိမ်တည်းနှင့် အဆင့်တက်မည့် လက္ခဏာများကို ပထမဆုံးမြင်တွေ့နိုင်ကြသည်။
"အဆင်မြင့်ခရမ်းရောင်ဓား ကွေကျီ ရောက်ပါပြီ ...
အဆုံးမဲ့ဓားလည်း ရောက်ပါပြီ…”
“ကြည့်ရတာတော့ ဒါက ဒေါ်လေးပိုင်းဖြစ်မယ်ထင်တယ်။ ဝမ်ကိုက်လည်း ဒီနေရာကို ရောက်လာပြီ။ ရွမ်မိသားစုက စောင်းနတ်သမီးလည်း ဒီနေရာကို ရောက်လာပြီ…”
“အမတ်ကြီး ဟုန်လုလည်းရောက်လာတာပဲ.."
တိတ်တဆိတ် တီးတိုးစကားသံများက တိုက်ပွဲတစ်ပွဲ စတော့မည်ကို အချက်ပြနေသလို ထင်မှတ်ရ၏။ ကျားအုပ်ကြီးကို ရန်စနေသော နဂါးတစ်ကောင်ကဲ့သို့လည်း ဖြစ်နေသည်။ ထိုတိုက်ပွဲတစ်ခုတည်းက ိုစဉ်းစားကြည့်ရုံနှင့် လူတိုင်း၏ရင်ထဲတွင် တဒိန်းဒိန်း ခုန်နေကြ၏။
စံအိမ်ရှေ့တွင် မြင်းလှည်းများ တစ်စီးပြီးတစ်စီး ရပ်နေကြသည်။ ဝမ်ကိုက်၊ ကွေကျီနှင့် ဖိတ်ကြားထားသည့် ပညာရှင်များက အချင်းချင်း ခေါင်းညိတ် နှုတ်ဆက်လိုက်ကြပြီး သူတို့၏ အရှိန်အဝါများကို သတိထားမိကြသည်။ သူတို့က ဤနေရာတွင် မုန့်ချီကို ကူညီရန် ရောက်လာခြင်း ဖြစ်နေလျှင်ပင် သူတို့မိသားစုအတွက်ရှက်ရွံ့နေခြင်း မရှိကြပေ။
စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော ဒေါ်လေးပိုင်က စံအိမ်ထဲကို အရင်ဆုံး ဝင်လာခဲ့၏။ စားသောက်ပွဲ တည်နေရာက ဘေးဘက်ခြံဝန်းထဲတွင် ရှိနေသော သိုင်းလေ့ကျင့်ရေးခန်းမထဲတွင်ဖြစ်သည်။ ထိုအရာက စားပွဲဝိုင်းများ ပြည့်နေသော ကျယ်ဝန်းသည့်ခန်းမတစ်ခုဖြစ်၏။
မုန့်ချီကတော့ အလယ်တွင် ထိုင်နေသည်။ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ပုံစံက ပွင့်လင်းရိုးသား၏။ သူက ဧည့်သည်များကိုအပြုံးနှင့် နှုတ်ဆက်နေခဲ့သည်။ စုလီနှင့်စုယွဲ့တို့ကတော့ စိုးရိမ်နေခြင်း မရှိကြချေ။ မုန့်ချီက ဧည့်သည်များ၏ အရှိန်အဝါကို ငှားယူ၍ အဆင့်တက်ခြင်းကို နှောင့်ယှက်မည့်သူ ရှိမည်ဟုထင်မထားကြပေ။ သူတို့ကတော့ နောက်ဘက်တွင်သာ ရပ်နေကြပြီး အချိန်မရွေးကူညီပေးရန် ပြင်ဆင်နေကြသည်။
ဧည့်သည်များက သူတို့၏ထိုင်ခုံများတွင် တစ်ယောက်ပြီး တစ်ယောက် ထိုင်လိုက်ကြ၏။ သူတို့က အေးအေးဆေးဆေး စကားပြောနေကြသည်။ သိပ်မကြာခင် ဖိတ်ခေါ်ထားသည့်လူတိုင်း ရောက်လာခဲ့၏။
ရန်ချုံ၊ဒေါ်လေးပိုင်၊ ကွေကျီနှင့် တခြားသူများက မုန့်ချီကို မျှော်လင့်တကြီး စိုက်ကြည့်နေကြသည်။ ယခုစတင်ရတော့မည့် အချိန်ဖြစ်၏။
မုန့်ချီက သူတို့ကိုအပြုံးနှင့် ပြောလိုက်သည်။
"စိတ်အေးအေးထားကြပါ ...။ အားလုံးပဲ စိတ်အေးအေးထားကြပါ။ ကျေးဇူးပြုပြီး အကအလှတွေနဲ့ စားသောက်စရာတွေကို ခံစားကြည့်ကြပါဦး ... "
"ဟမ် ... ဒါက ပျော်ရွှင်ခြင်းတိမ်တိုက် စားသောက်ပွဲနဲ့ မတူတော့ဘူး…"
လူတိုင်းက အံ့ဩမှင်တက်နေကြသော်လည်း သူတို့၏ အံ့ဩမှုများကို ဘေးဖယ်ထားကြသည်။ ထိုအရာက ဧည့်သည်များကို ဧည့်ခံသော မတူညီသည့်နည်းလမ်းဖြစ်မည်ဟု တွေးနေကြ၏။
ထိုအချိန်တွင် လေထဲ၌ တေးဂီတသံများ ထွက်ပေါ်လာပြီး အကမယ်များ၏ အလှတရားများကို ရှုစားနေကြရသည်။ အလွန်အရသာရှိသော အရက်များကလည်း သူတို့၏လည်ချောင်းထဲတွင် ပူဆင်းသွားကြ၏။ သို့သော် မည်သူကမျှ စားသောက်ပွဲကို ခံစားလိုသည့် ခံစားချက်မျိုး မရှိကြပေ။
ဖျော်ဖြေမှုများ ပြီးဆုံးသွားသည့်အချိန်တွင် မုန့်ချီက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ဒေါ်လေးပိုင်က မျက်လုံးမှိတ်လိုက်သည်။ တိုက်ပွဲက စတင်တော့မည်ဖြစ်ကြောင်း သူမက ခံစားမိနေ၏။
မုန့်ချီက တင်ပျဉ်ခွေထိုင်နေပြီး သူ့ပုံစံက အေးအေးဆေးဆေးဖြစ်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"အကုန်လုံးရဲ့မျှော်လင့်ချက်နဲ့ ဆန့်ကျင်စွာပဲ ကျွန်တော်က တိုက်ခိုက်ဖို့အတွက် ဒီကိုဖိတ်ခေါ်ခဲ့တာ မဟုတ်ပါဘူး ... "
"ဘယ်လို ..."
ရန်ချုံ၊ဝမ်ကိုက်၊ကွေကျီနှင့် တခြားသူများအားလုံး အံ့ဩသွားကြ၏။ ဝမ်စစ်ယွမ်ကပင် ရှားရှားပါးပါး မျက်မှောင်ကြုတ်မိခဲ့သည်။ သူက တစ်စုံတစ်ခုကို နားလည်သွားသလို ထင်မှတ်ရ၏။
မုန့်ချီကတော့ အပြုံးနှင့် ပြောလိုက်သည်။
"ကျွန်တော်က ထုံးတမ်းစဉ်လာတစ်ခုကို တက်ရောက်ဖို့အတွက်ပဲ အားလုံးကိုဖိတ်ခေါ်ခဲ့တာပါ ... "
"ထုံးတမ်းစဉ်လာတစ်ခု တက်ရောက်ဖို့လား"
ဝမ်ကိုက်၏ရင်ထဲတွင် လှုပ်ရှားသွားသော်လည်း မည်သည့်အရာမျှ နားမလည်နိုင်တော့ပေ။
ထိုအချိန်တွင် သူတို့၏ ခေါင်းပေါ်၌ အနက်ရောင်တိမ်တိုက်များ ထွက်ပေါ်လာခဲ့၏။ ခြံဝန်း၏အပြင်ဘက်တွင် ရှိနေသော သိုင်းလောကသားများအားလုံးကလည်း မည်သည့်အရာကိုမျှမမြင်ရတော့ပေ။
"ဟမ်…"
လွှတ်တော်ခန်းမထဲတွင် ရှိနေသော အမတ်ကြီးများအားလုံးကလည်း တစ်ပြိုင်နက်တည်း အံ့ဩမှင်တက်သွားကြ၏။ သူတို့၏ပတ်ပတ်လည်တွင်လည်း အရာအားလုံးက မည်းမှောင်သွားခဲ့သည်။
ကောင်းကင်ကြီးကို မော့ကြည့်နေသော ကူရှောင်စန်း၏ မျက်လုံးများကလည်း တောက်ပလာခဲ့၏။ သူမက အနည်းငယ် မသေမချာဖြစ်နေပြီး ခံစားချက်များက ပြောင်းလဲသွားသည်။ နေလုံးကြီးက ပျောက်ကွယ်သွားပြီး လော့ရန်တစ်ခုလုံးကို အမှောင်ထုကြီးက ဝါးမြိုသွားခဲ့၏။
ရုတ်တရက်ဆိုသလို ဘေးနားတွင် ကြယ်တစ်လုံး ထွက်ပေါ်လာကြောင်း ဝမ်ကိုက်က မြင်လိုက်ရသည်။ ထိုကြယ်က ပူလောင်ပြီး တောက်ပနေသည်မှာ အလွန်လှပသော ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ ဖြစ်နေ၏။ သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ ခန်းမထဲတွင် ရှိနေသော အဆောင်များအားလုံး၏ ပတ်ပတ်လည်တွင် ကြယ်များထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ ထိုကြယ်များက အလင်းတန်းများကဲ့သို့ ဖြစ်နေပြီး အမှောင်ထုကြီးကို တောက်ပစေခဲ့သည်။
"ဒါက ..."
ထွက်ပေါ်လာသော ကြယ်များကိုမြင်သည့်အခါ ဝမ်ဝမ်းရှန်နှင့် လွှတ်တော်ခန်းမထဲတွင် ရှိနေသော တခြားသူများအားလုံးက ပြောစရာစကားလုံးများ ပျောက်ကွယ်သွားခဲ့၏။
ကူရှောင်စန်းကပင် အံ့ဩမှင်တက်သွားခဲ့ပုံရသည်။ သူမ၏ခေါင်းပေါ် မလှမ်းမကမ်းတွင် ရှိနေသည့်အလား ထင်မှတ်ရသော ကြယ်များကို လက်နှင့်ကိုင်ကြည့်လိုက်၏။ သူမ၏လက်က ကြယ်များကို ဖြတ်ကျော်သွားခဲ့သော်လည်း လောင်ကျွမ်းနေသည့် ခံစားချက်များကတော့ အမှားအယွင်းမရှိနိုင်ပေ။ ထိုကြယ်များက ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားထဲတွင် ရွေ့လျားနေကြ၏။
ဝမ်ကိုက်က မုန့်ချီကို အံ့ဩမှင်တက်စွာ စိုက်ကြည့်နေမိခဲ့သည်။ မုန့်ချီဆီမှ ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်၏ အရှိန်အဝါများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ သူ၏မျက်ခုံးက အက်ကွဲသွားခဲ့ပြီး နက်မှောင်နေသော အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။
သူ၏ကိုယ်တွင်းကမ္ဘာကြီးက ဝေ့ကျင်းအဆင့်ကို ရောက်လုနီးပြီဖြစ်၏။ သူက အဆင့်တက်ထားသည်မှာ အတော်လေးကို ကြာခဲ့သော်လည်း ယခုအချိန်ထိ ဖိနှိပ်ထားခဲ့ခြင်းပေလော။
သိပ်မကြာခင် လော့ရန်တွင် ကြယ်များတစ်လုံးပြီး တစ်လုံး ပေါ်လာသည်မှာ ပန်းပွင့်များကဲ့သို့ ဖြစ်နေသည့်အတွက် လူတိုင်းက အံ့ဩနေကြ၏။ ထိုမြင်ကွင်းက လူတိုင်းကို မှင်တက်နေစေခဲ့၏။
ထိုအချိန်တွင် မြို့၏အနောက်ဘက်တွင် တည်ရှိနေသော ကျိကျန်းဓားစံအိမ်ဆီမှ ဓားအလင်းတန်းတစ်ခု တောက်ပလာပြီး အချုပ်အနှောင်များကို ချိုးဖောက်၍ မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားခဲ့၏။ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး လူအနည်းငယ်ကသာ ထိုမြင်ကွင်းကို မြင်ကြရသည်။
မွှေးပျံ့သောရနံ့များ ပြည့်နှက်နေသော ခန်းမတစ်ခုထဲတွင် ဧည့်သည်(၃၀၀၀)ခန့် သောက်စားနေကြသည်။ ထိုအချိန်တွင် အေးစက်သော ဓားအလင်းရောင်က စီရင်စု(၄၀)ခန့်ကို လွှမ်းမိုးသွားခဲ့လေ၏။
Translated by Hein Htet.