← Chapters

အခန်း (၅၀၁)

Vol. 34 Ch. 501

အခန်း (၅၀၁)

Vol. 34 Ch. 501

လော့ရန်မြို့ကြီးက စည်ကားသိုက်မြိုက်နေသည်။ ထိုအရာက လူစိမ်းသိုင်းပညာရှင်များ အတွက်တော့ သတင်းအသစ်များ၊ အတင်းအဖျင်းများကို နားထောင်ရန်အတွက် အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်သည်။

ခေါင်းပေါ်တွင် ဝါးဦးထုပ် ဆောင်းထားပြီး မျက်နှာတွင် အမာရွတ်ရှိနေသော လူတစ်ယောက်က လူအုပ်ကြီး၏အလယ်ရှိ စားပွဲဝိုင်းတစ်ခုတွင် ထိုင်နေခဲ့သည်။ သူက တခြားစားပွဲများကို နားစွင့်ရင်း အသုံးဝင်သော သတင်းများ၊ အချက်အလက်များကို ရှာဖွေရန် ကြိုးစားနေခဲ့သည်။

"တကယ်လို့ ငါတို့ကသာ သူရဲကောင်းတွေအကြောင်း စကားပြောရမယ်ဆိုရင် သတ်ဖြတ်ရေးဓားကတော့ အထူးချွန်ဆုံးလူတစ်ယောက်ပဲ။ သူက ပိတ်မိခံထားရတဲ့ အခြေအနေမှာတောင် ဖန်းချန်းမြောင်ကို သတ်ပစ်နိုင်သေးတယ် ..။ အဲဒီဖန်းချန်းမြောင်က ဖျက်ဆီးရေးဂိုဏ်းရဲ့ဆက်ခံသူဖြစ်ပြီး နောက်ထပ်ဖြစ်လာမယ့် သတ်ဖြတ်ခြင်း(၆)သွယ် မကောင်းဆိုးဝါးလူသားပဲ…”

“သူသေသွားတဲ့အချိန်ကျမှပဲ ဝင်္ကပါက ပျက်စီးသွားခဲ့ပြီး လွှတ်တော်ခန်းမထဲမှာရှိတဲ့ အမတ်ကြီးတွေက ဝင်္ကပါကို ဖျက်ဆီးနိုင်ကြတာ။ ပြီးမှပဲ လမ်းမှားခေါင်းဆောင်တွေ၊ လော်အဖွဲ့အစည်းနဲ့ ဖျက်ဆီးရေးဂိုဏ်းရဲ့ကြားထဲမှာရှိတဲ့ လှည့်ကွက်တွေကို တားဆီးနိုင်ခဲ့တာ။ အဲဒီလိုအခြေအနေမျိုးမှာတောင် သူရဲကောင်းတွေကတော့ တရားမျှတမှုကိုပဲ ရှာဖွေနေကြသေးတယ် ... "

ပုံပြောသမားက ဘေးတွင် ထိုင်ပြီး လူအုပ်ကြီးကို ပြောပြနေခဲ့သည်။

စားပွဲဝိုင်းများ တစ်ခုနှင့် တစ်ခုကြားထဲတွင် အကွာအဝေးက နီးကပ်နေသည့်အတွက် ထိုလူများက သူ့စကားကို လွတ်သွားကြခြင်း မရှိချေ။

"သတ်ဖြတ်ရေးဓား…"

မျက်နှာပေါ်တွင် အမာရွတ်နှင့်လူက တီးတိုးရေရွတ်လိုက်မိသည်။

သူက လက်ထဲတွင် ငွေတုံးတစ်ခုကို ကိုင်ပြီး ပုံပြောသမား၏အနားကို ကပ်သွားခဲ့၏။ သူက ရင်ဘတ်ပေါ်ကို လက်တင်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"ဒီက ဆရာကြီး…ကျွန်တော်က ကျိလင်ကပါ။ ကျွန်တော် ဒီနေရာကို ရောက်နေတဲ့အတောအတွင်း ပြဿနာတွေ အများကြီးကို သတိထားမိခဲ့တယ်။ ဒီမှာတစ်ခုခုဖြစ်ခဲ့တာလား…"

သူက ထိုစကားများကို ပြောနေသည့်အချိန်တွင် ပုံပြောသမား၏ လက်ထဲသို့ ငွေတုံးလေးတစ်ခုကို ထိုးထည့်ပေးလိုက်သည်။

ပုံပြောသမားက ငွေတုံးကို လက်နှင့် ချိန်ဆကြည့်လိုက်ပြီး အပြုံးနှင့် ပြန်ဖြေလိုက်၏။

"လွန်ခဲ့တဲ့(၇)ရက် သစ်သီးပွဲတော်အကြောင်းကို ပြန်ပြောပြရသေးတာပေါ့ ... "

ပုံပြောသမားက လော့ရန်တွင် ဖြစ်ခဲ့သည့် အကြောင်းအရာများကို ပြန်ပြောပြီးသွားသည့် အချိန်တွင် အမာရွတ်နှင့်လူက စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။

"ဟူး ... ငါ့ရဲ့အလုပ်တွေ မထိခိုက်သေးလို့ တော်သေးတာပေါ့ ။ အခုနန်းတွင်းအခြေအနေကရော ဘယ်လိုဖြစ်သွားပြီလဲ…"

ထို့နောက် ပုံပြောသမားက ဖင်ထိုင်ထားသောတုံးကြီးကိုယူပြီး ရှင်းပြလိုက်သည်။

"လွှတ်တော်ခန်းမထဲမှာရှိတဲ့ အင်အားစုတွေက ငြိမ်းချမ်းမှုကိုပဲ ထိန်းသိမ်းလိုကြတယ်လေ ။ အဲဒါကအရေးအကြီးဆုံးပဲ။ ဒါကြောင့် ယပ်တောင်(၆)လက်ကျောင်းရဲ့ စုံစမ်းရေးမှူးချုပ်အောက်မှာရှိတဲ့ ရာထူးတွေအားလုံးကိုတော့ ဘယ်သူမှ မထိကြဘူး။ ဒါပေမယ့် သူတို့တွေကိုတော့ ပြစ်ဒဏ်ချမှတ်ကြတယ်။ လော့ရန် ကျိုးမိသားစုက သိုင်းသခင်(၂)ယောက်ရဲ့နေရာကို ပြောင်းလဲပစ်လိုက်တယ်။ အထက်တန်းလွှာမိသားစုတွေထဲမှာ ယပ်တောင်(၆)လက်ကျောင်းကို ပူးပေါင်းချင်နေတဲ့ ပြိုင်ဖက်ကင်းသိုင်းပညာရှင်တွေ နည်းမှမနည်းတာ .။ ဒီတော့ သူတို့တွေက ရွှေတံဆိပ်လူဆိုးထိန်းတွေနေရာကို ယူလိုက်ကြတာပေါ့ ... "

ကောလဟာလများက တစ်မြို့လုံးတွင် ပျံ့နှံ့နေကြပြီး တချို့ကတော့ ထင်မြင်ချက်ပေးနေသည်။ လူတိုင်းက မည်သည့်အရာများ ဖြစ်နေကြောင်းကို မသိနိုင်သော ဦးနှောက်မရှိသည့်လူများ မဟုတ်ကြပေ။

အမာရွတ်နှင့်လူက ခေါင်းညိတ်ပြလိုက်၏။

"ဒါဆိုရင် ဘယ်မင်းသားက ထီးနန်းရမယ်ဆိုတာသိလား ... "

သူကတော့ သူ၏ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်ရန် အထက်တန်းလွှာ တစ်ယောက်၏ လေသံမျိုးနှင့် ပြောနေခဲ့သည်။

"အိမ်ရှင်မင်းသားကတော့ အရင်ဘုရင်ကြီးနဲ့ တော်တော်လေး ပတ်သက်နေတယ်။ ဒါကြောင့် သူက ထီးနန်းမရနိုင်ဘူး။ အခု သူက ဗုဒ္ဓလမ်းစဉ်ကို ကူးပြောင်းပြီး တစ်ဘဝလုံး ငြိမ်းချမ်းမှုကိုပဲ ရွေးချယ်သွားတယ် ... "

လွန်ခဲ့သော(၃)ရက်ခန့်တွင် ထီးနန်းအပ်နှင်းသော ပွဲတော်ကို ပြန်လည်စဉ်းစားမိခဲ့သည်။

"မင်းသားကျင်းက ကြောက်စရာကောင်းတဲ့ ဒဏ္ဍာရီအဖွဲ့နဲ့ ပတ်သက်နေပြီး သူ့အဖေကို ပြန်သတ်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေ ကြားခဲ့ရပေမဲ့ သက်သေမရှိတဲ့အတွက် သူက ဘုရင်ကြီးဖြစ်လာခဲ့တယ်။ ပြီးတော့ အိမ်ရှေ့မင်းသားက ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာတဲ့အတွက် သူက ဘုရင်ဟောင်းနဲ့ ဘယ်လိုပတ်သက်နေလဲဆိုတာကို လူတွေက ထုတ်ဖော်မနေကြတော့ဘူး ... "

"ဒါတွေက တော်တော်လေးကို ခန့်မှန်းဖို့ ခက်ခဲတာပဲ…."

အမာရွတ်နှင့်လူက သက်ပြင်းချလိုက်မိသည်။

"ငါ့ကို အဲဒီအကြောင်းတွေ ပြောပြပါဦး…"

ပုံပြောသည့်သူက သဘောတူလိုက်သည်။

"အိမ်ရှေ့မင်းသားရာထူးက ဘယ်သူလဲဆိုတာ သိလား ... "

"အိမ်ရှေ့မင်းသားရာထူးလား ..."

"မင်းသားကျင်းက လက်ထပ်ထားတယ်။ ဒါပေမဲ့ သူ့မှာ သားသမီးရှိတယ်ဆိုတာတော့ မကြားဖူးဘူး ... "

အမာရွတ်နှင့်လူက အလွန်အံ့ဩနေသော အမူအရာမျိုးနှင့် ပြန်ဖြေလိုက်သည်။

လူတိုင်းက ထိုအကြောင်းအရာကို သိနေသည့်အတွက် ထိုလူကိုကြည့်၍ ရယ်လိုက်မိကြသည်။ သူကတော့ အိမ်ရှေ့မင်းသား ရာထူးအတွက်ပင် ရှုပ်ထွေးနေသေး၏။

"မင်းသားကျင်း ... မဟုတ်သေးဘူး ... ဘုရင်ကျင်းမှာ သားသမီးမရှိပေမယ့် ကျိုးနိုင်ငံမှာရှိတဲ့ သခင်ကြီးတွေက ဒဏ္ဍာရီတွေနဲ့ ပတ်သက်မှာကို ကြောက်နေတယ်လေ။ ရလဒ်အနေနဲ့ သူတို့က အိမ်ရှေ့မင်းသားကိုပါ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တယ် .။ ဒါကြောင့် မင်းသားဝေက အိမ်ရှေ့မင်းသားရာထူးကို ရွေးချယ်ခံလိုက်ရတာပဲ…"

ပုံပြောသူက ရှင်းပြလိုက်သည်။

"အိမ်ရှေ့မင်းသားရာထူးကို ရသွားတာက ဘုရင့်ရဲ့ညီငယ် တစ်ယောက်ပဲလေ။ ဒါကတော့ ရှေးတုန်းက ထုံးတမ်းစဉ်လာတွေနဲ့ ကိုက်ညီတာပေါ့ ... "

အမာရွတ်နှင့်လူက သူ၏စကားလုံးတိုင်းကို သေချာစဉ်းစားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်အလက်များက အနာဂတ်တွင် သူ့အပေါ်ကို သက်ရောက်စေနိုင်သည်။

"အဲဒီအပြင် အင်ပါယာဓားကလည်း တော်ဝင်မိသားစုရဲ့လက်ထဲမှာ မရှိတော့ဘူး။ အဲဒါကို လွှတ်တော်ခန်းမထဲမှာပဲ သိမ်းထားတယ်။ အမတ်ကြီးတစ်ယောက်ချင်းဆီက အဲဒီဓားကို ကာကွယ်ရမယ့် တာဝန်ရှိတယ် .။ ဘုရင်လိုအပ်တဲ့အချိန်မှပဲ သူတို့က ထုတ်ပေးကြလိမ့်မယ်…"

ပုံပြောသူက မြန်မြန်ပြောနေပြီး လော့ရန်တွင် ဖြစ်ခဲ့သည့် အကြောင်းအရာများကို တစ်ကြိမ်တည်းနှင့် ပြောပြနေသည်။

"မနက်ဖြန်ကျရင်တော့ သေဆုံးသွားတဲ့ ဘုရင်ကြီးကို မြှုပ်နှံကြလိမ့်မယ် ... "

အမာရွတ်နှင့်လူက ကျေနပ်စွာပြုံးပြီး ထွက်သွားရန် ပြင်လိုက်သည်။ သူက လမ်းလျှောက်နေရင်း တီးတိုး‌ရေရွတ်လိုက်၏။

"လော့ရန်မှာ ငါနေခဲ့တဲ့ အတောအတွင်း အစွမ်းထက်တဲ့ တိုက်ခိုက်မှုတွေ၊ ထူးခြားတဲ့ဖြစ်စဉ်တွေ ကြုံတွေ့နေရတာက ဓမ္မကာရအဆင့် ပညာရှင်တွေကြောင့်ကိုး။ အဲဒါက လွန်ခဲ့တဲ့(၆)ရက်လောက်မှာ ဖြစ်ခဲ့တာပဲ…"

သူက လော့ရန်တွင် ခဏကြာ ရှိနေခဲ့သည်မှာ သေချာသည်။ သူက အလွန်ထိတ်လန့်နေသော အမူအရာနှင့် ပုံပြောသမားကို ပြန်လှည့်ပြီး မေးလိုက်၏။

"လွန်ခဲ့တဲ့(၆)ရက်မှာ ထူးခြားတဲ့ ဖြစ်စဉ်တွေက‌ရော ဘာတွေဖြစ်ခဲ့တာလဲ.. "

သူ့စကားကိုကြားသည့်အခါ ပုံပြောသမားက ရယ်လိုက်သည်။

"သတ်ဖြတ်ရေးဓားက လော့ရန်တစ်ခွင်လုံးမှာ သူ့ရဲ့အစွမ်းနဲ့ လွှမ်းမိုးထားခဲ့ပြီး ဝေ့ကျင်းအဆင့် ရောက်သွားတာကို မေးချင်တာလား ... "

အမာရွတ်နှင့်လူက တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

"ကျေးဇူးပြုပြီး ငါ့ကိုပြောပြပါလား ... "

ပုံပြောသမားက ရယ်လိုက်၏။

"အဲဒီနေ့မှာတော့ ဖြစ်စဉ်တစ်ခုလုံးကို ငါကိုယ်တိုင် မြင်လိုက်ရတယ် ... သတ်ဖြတ်ရေးဓားက ဖိတ်စာတွေ အများကြီးပို့ခဲ့တယ်။ အဲဒီအချိန်မှာ သူလည်း တခြားသူတွေလိုပဲ လူငယ်မှတ်တမ်းမှာရှိတဲ့ ပညာရှင်တွေကို စိန်ခေါ်ချင်တယ်လို့ ငါတို့အားလုံးက တွေးခဲ့ကြတာ။ သူက ကိုယ်ပျောက်ဓားကို ယှဉ်နိုင်မယ်လို့ လူတိုင်းက ထင်ထားတာ။ ဒါပေမဲ့ သတ်ဖြတ်ရေးဓားက ပိုပြီးအဆင့်အတန်းမြင့်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။သူက တခြားသူတွေနဲ့ သူသေကိုယ်သေ တိုက်ခိုက်ဖို့ မလိုခဲ့ဘူး။ အဲဒီအစား သူက လူတိုင်းနဲ့ဆွေးနွေးနေတဲ့အချိန်မှာ တင်ပျဉ်ခွေထိုင်နေခဲ့တယ်။ ဒါက ထူးခြားတဲ့လူငယ်လေးတစ်ယောက်ရဲ့လုပ်ရပ်မျိုးပဲ ."

ပုံပြောသမားက သတ်ဖြတ်ရေးဓားအကြောင်းကို ပြောလေလေ ပို၍စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။ သူက စားပွဲခုံကိုရိုက်ပြီး ပြောလိုက်၏။

"လော့ရန်တစ်ခုလုံး အမှောင်ထုကြီး ကျရောက်လာတယ်။ ကောင်းကင်ပေါ်မှာ ကြယ်တွေက ပန်းပွင့်တွေလိုပဲ ပွင့်လန်းနေတယ်။ နေလုံးကြီး ထွက်ပေါ်လာပြီး ရွှေကျီးကန်းတွေ ပျံသန်းနေတယ်။ လေဟာနယ်တွင်းပေါက်ကြီးတစ်ခုလည်း ပေါ်လာခဲ့တယ်။ သတ်ဖြတ်ရေးဓားက ကောင်းကင်မိုးကြိုးကပ်ဘေး၊ ငရဲမီးတောက်ကပ်ဘေးနဲ့ ရွှေလေလှိုင်းကပ်ဘေးတွေကို ရင်ဆိုင်ခဲ့ရတယ် ... အဲဒီအချိန်မှာပဲ ဖရိုဖရဲကပ်ဘေး ကျရောက်လာပြီး သူက ဖရိုဖရဲကပ်ဘေးကို ရင်ဆိုင်နိုင်ခဲ့တဲ့အချိန် ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာမြောက်များစွာ ပေါ်လာခဲ့တယ်။ ဒါပေမယ့် သူက အဝတ်အစားသစ်လဲပြီး သူ့ရဲ့ဧည့်သည်တွေနဲ့ဆက်ပြီး စကားပြောခဲ့တယ် .။ လူတိုင်းကတော့ သူ့ကိုကြည့်ပြီး အံ့ဩနေကြတာပေါ့…"

"နေဦး ...ဒါဆိုရင် သူက ကောင်းကင်ကပ်ဘေး(၄)ခုတောင် ရင်ဆိုင်ခဲ့ရတာလို့ ပြောချင်တာလား…"

အမာရွတ်နှင့်လူက အလွန်ထိတ်လန့်အံ့ဩနေသော အမူအရာနှင့် မေးလိုက်သည်။

"ဟုတ်တယ်လေ…"

ပုံပြောသမားက အတည်ပြုလိုက်၏။ သူ၏မျက်နှာကတော့ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသေးသည်။

"အဲဒီကောင်းကင်ကပ်ဘေး(၄)ခုကို နောက်ဆုံး ရင်ဆိုင်ခဲ့ရတဲ့သူက ဘယ်သူလဲသိလား.."

"အပြင်ကောင်းကင်နတ်ဘုရားဓားကတောင် (၃)ကြိမ်ပဲ ရင်ဆိုင်ခဲ့ရတယ် ... "

အမာရွတ်နှင့်လူက ခေါင်းခါပြီး ပြောလိုက်သည်။

ပုံပြောသမားက သူထိုင်ထားသော အတုံးကြီးကို လက်နှင့်ပုတ်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။

"လူသားဧကရာဇ်လေ…"

"လူသားဧကရာဇ်…"

အမာရွတ်နှင့်လူက ထိုနာမည်ကို ပြန်လည်ရေရွတ်လိုက်ပြီး ကြားရသည့်စကားကို မယုံနိုင်သည့်အလား အလွန်ထိတ်လန့်အံ့သြသွားခဲ့၏။

"ဟုတ်တယ် ။ မြစ်အရှေ့ပိုင်းမှာရှိတဲ့ ဝမ်မိသားစုက အဲဒီသတင်းကို ဖြန့်ဝေပေးခဲ့တယ်။ သူတို့က မှားနိုင်ဦးမှာလား။ တကယ်လို့ သူတို့ရဲ့အချက်အလက်က မှားသွားလို့ သတ်ဖြတ်ရေးဓားက လူသားဧကရာဇ်ရဲ့ အောင်မြင်မှုကို မယှဉ်နိုင်ဘူးဆိုရင်တောင် သူက ဓမ္မကာရတစ်ဝက်အဆင့်ကို ရောက်မယ်ဆိုတာ သံသယရှိစရာမလိုတော့ဘူး မဟုတ်လား ..."

ပုံပြောသမားက ပြန်မေးလိုက်သည်။

အမာရွတ်နှင့်လူက တိတ်ဆိတ်သွားခဲ့၏။

"ယပ်တောင်(၆)လက်ကျောင်းမှာရှိတဲ့ ဆွေမျိုးတွေဆီက ရတဲ့သတင်းအရ အပြင်ကောင်းကင်နတ်ဘုရားဓားရဲ့တပည့်တစ်ယောက်ဖြစ်တဲ့ ပျက်သုဉ်းခြင်းဓားနတ်သမီးကလည်း လွန်ခဲ့တဲ့(၆)ရက်လောက်မှာပဲ သေမင်းထောင်ခြောက်ထဲကနေ လွတ်မြောက်လာခဲ့တယ်။ သူ့ရဲ့ဓားအလင်းတန်းက မိုင်(၁၀၀)လောက်ထိ လွှမ်းခြုံသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ကောင်းကင်ကပ်ဘေး(၃)ခုကို ရင်ဆိုင်ခဲ့ရတယ် ... "

လူတစ်ယောက်က ဝင်ပြောလိုက်တယ်။

ပုံပြောသမားက ပင့်သက်ရှိုက်ပြီး ထပ်ပြောလိုက်၏။

"တကယ်လို့ သေချာစဉ်းစားကြည့်လိုက်မယ်ဆိုရင် နတ်ဆိုးမလော်ကလည်း တစ်ညတည်းနဲ့ ဝေကျင်းအဆင့်ကို ရောက်သွားခဲ့တာ။ လူငယ်မှတ်တမ်းရဲ့ ထိပ်ဆုံးပညာရှင်(၆)ယောက်ဖြစ်တဲ့ ကိုယ်ပျောက်ဓား၊ နတ်ဆိုးမလော်၊ အသက်ထိန်းသိမ်းသူ၊ ပျက်သုဉ်းခြင်းဓားနတ်သမီး၊ မြေခွေးဘုရင်နဲ့ သတ်ဖြတ်ရေးဓား ... မြေခွေးဘုရင်ကတော့ သေသွားပြီပေါ့။ သူတို့အားလုံးက တစ်ညတည်းနဲ့ အထွဋ်အထိပ်ကို ရောက်သွားခဲ့ပြီ။ လူငယ်မှတ်တမ်း စပေါ်လာတဲ့အချိန်ကတည်းကစပြီး ဒီလိုလုံးဝဖြစ်မလာဖူးဘူး…”

“ဒါဆိုရင် တစ်ခုခုဆိုးရွားတဲ့ ကပ်ဆိုးကြီးတွေ ကြုံရတော့မယ်လို့ ဆိုလိုချင်တာလား ... "

"ငါလည်း အဲဒီလိုမဖြစ်ဖို့ မျှော်လင့်မိပါတယ်။ ငါတို့တွေက ငြိမ်းချမ်းနေတဲ့အချိန် ခွေးတစ်ကောင်လိုဖြစ်နေရင်တောင် ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာတော့ လူသားတစ်ယောက်လိုနေမှ ဖြစ်တော့မှာပေါ့။ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် ဖရိုဖရဲဖြစ်လာတဲ့ အချိန်တိုင်း မြို့ကြီးတွေ ပျက်စီးပြီး လူတွေသန်းပေါင်းများစွာ သေဆုံးကြရတယ်။ တကယ်လို့ ငါတို့က ဝေ့ကျင်းအဆင့် ပညာရှင်တွေရဲ့ ဒေါသကနေ လွတ်မြောက်နိုင်မယ်ဆိုရင်တောင် ဆာလောင်မွတ်သိပ်မှုကြောင့် သေဆုံးရသေးတာပဲ။ နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင် ငါတို့က လက်တုံ့ပြန်ချင်ရင်တောင် သဘာဝတရားကြီးရဲ့စွမ်းအားတွေကိုလ ှုံ့ဆော်နိုင်တဲ့ ဝေ့ကျင်းအဆင့် ပညာရှင်အနည်းငယ်ကို စေလွှတ်လို့ပဲရမယ်။ အဲဒီနောက်မှာတော့ အရာအားလုံးက ပြီးဆုံးသွားမှာပဲ။ ပြီးရင်တော့ ငါတို့တွေက လယ်ယာမြေတွေမှာ သီးနှံတွေ စိုက်ပျိုးနိုင်ကြမယ်။ ဒါပေမယ့် ဖရိုဖရဲ ဖြစ်နေတဲ့ အတောအတွင်း ဝေ့ကျင်းအဆင့် ပညာရှင်တွေကတောင် လွတ်မြောက်နိုင်ပါ့မလား…"

အမာရွတ်နှင့်လူကတော့ ထိုစကားများကို နားမထောင်တော့ဘဲ စားသောက်ဆိုင် အပြင်ဘက်သို့ ထွက်သွားခဲ့သည်။

"သတ်ဖြတ်ရေးဓားက ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီဆိုတဲ့အကြောင်း ဆရာကြီးလော်ကို သေချာပေါက် သတင်းပို့ရမယ် ... ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ရန်သူတွေပဲ။ ငါက သတ်ဖြတ်ရေးဓားရဲ့ အချက်အလက်တွေကို သိရတာ ကံကောင်းသွားတယ် ... "

သူကတော့ ပို၍ပင်စိုးရိမ်လာပြီး အရှိန်မြန်လာခဲ့သည်။

ဝေ့ကျင်းအဆင့် ပညာရှင်များ တိုက်ခိုက်မှု၏ သက်ရောက်မှုကြောင့် ကျောက်စိမ်းသစ်တော ဥယျာဉ်ကြီး တစ်ဝက်ကျော် ပျက်စီးသွားခဲ့ရသည်။ ရေကန်ကြီးက ပို၍ကြီးမားလာပြီး ဝဲဂယက်လေးများ ထွက်ပေါ်လာနေခဲ့၏။

ရေကန်ပေါ်တွင်တော့ လှေတစ်စင်း ရှိနေပြီး မုန့်ချီ ထိုင်နေခဲ့သည်။ စုကျိယွဲ့က ရေနွေအိုးတည်နေသည်ကို သူလည်း ကြည့်နေခဲ့၏။ ထိုအချိန်တွင် လှေပေါ်သို့ အရိပ်တစ်ခု တက်လာခဲ့သည်။ သူ၏လှုပ်ရှားမှုက အင်မော်တယ်တစ်ယောက်ကဲ့သို့ လျင်မြန်လွန်းလှပြီး သူက ရုတ်တရက် ဦးတည်ချက် ပြောင်းလိုက်သည်။ သို့သော် ပြောင်းလဲသွားသည့် ဦးတည်ချက်က မသေသပ်သည့်အတွက် ရေကန်ထဲသို့ ကျရောက်သွားခဲ့၏။

"အစ်ကို(၂) ...

ဘာလို့သခင်လေးကူကို မဖမ်းခဲ့ရတာလဲ ... "

စုကျိယွဲ့က မုန့်ချီကို ရှုပ်ထွေးစွာ မေးလိုက်သည်။

မုန့်ချီက ကူချန်းချင်ကိုကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။

"တကယ်လို့ ကျရှုံးမှုကိုသာ မခံစားမိဘူးဆိုရင် သူ့ရဲ့သိုင်းပညာက ဘယ်လိုလုပ်ပြီး တိုးတက်လာနိုင်တော့မှာလဲ ... "

ယခု ကူချန်းချင်က ရေစိုသွားခဲ့သော်လည်း နာကျင်နေသည့်ပုံစံမျိုး မပြပေ။ သူက တီးတိုးရေရွတ်လိုက်၏။

"ငါက ချီစွမ်းအင်တွေကို လှုံ့ဆော်လိုက်တဲ့အချိန်မှာ အမှားတစ်ခု လုပ်ခဲ့မိတယ်။ အဲဒါက….”

လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်တွင် မုန့်ချီက ကူချန်းချင်ကို အမတ်ကြီးဝမ်၏ စံအိမ်မှ ပြန်ခေါ်လာပြီး အစစ်အမှန်သိုင်းကျမ်း(၇)သွယ်ကို ကိုယ်တိုင်သင်ကြားပေးခဲ့သည်။ ထို့ပြင် ကူချန်းချင်က ထိုသိုင်းကျမ်းကို အဆင့်မြှင့်တင်ပါမည်ဟု သစ္စာဆိုခိုင်းပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းထားခဲ့သည်။ ထိုသို့ဆိုမှသာ ထန်မိသားစု၏ အမွေအနှစ်က ဆက်လက်တည်ရှိနိုင်၏။

စုကျိယွဲ့ကိုလည်း မုန့်ချီ ကိုယ်တိုင် သိုင်းကျမ်း(၇)သွယ်ကို သင်ကြားပေးခဲ့သည်။ ထိုသိုင်းကျမ်း(၇)သွယ်က စုမိသားစု၏ အမွေအနှစ်ထက်ပင် ပို၍အဆင့်အတန်း မြင့်မားသည်ဟု မုန့်ချီက တွေးခဲ့မိသည်။

"လေမျက်နှာကိုယ်ဖော့သိုင်းက ခူးဝူခြေလှမ်းထက်တောင် ပိုပြီးတော့ကောင်းသေးတယ်…."

စုကျိယွဲ့က မုန့်ချီကို အကြွင်းမဲ့ ယုံကြည်နေခဲ့သည်။ သူမက မည်သည့်နေရာမှ ရလာကြောင်း မသိသော်လည်း သူမ အမေဟု ခေါ်နေသောသူက ထန်မိသားစု၏ တရားဝင်သမီးတစ်ယောက်ဖြစ်ကြောင်း ယုံကြည်နေခဲ့သည်။

သူမက ထန်မိသားစု၏ သွေးတစ်ဝက် ပါနေသည့်အတွက် သူမက ထိုသိုင်းကျမ်း (၇)သွယ်ကို လက်ဆင့်ကမ်းပေးရန် တာဝန်ရှိနေကြောင်း သိနေခဲ့သည်။

ကူချန်းချင်က လေ့ကျင့်နေရင်း ရေကန်ထဲသို့ ဆက်တိုက်ပြုတ်ကျသွားနေခဲ့သည်။ ထိုအချိန်တွင် မုန့်ချီကတော့ ရေနွေးသောက်နေခဲ့၏။

တစ်ရက်ကုန်ဆုံးသွားပြီးနောက် မုန့်ချီက ခြံဝန်းထဲသို့ ပြန်လာပြီး မျက်လုံးထဲတွင် အမှောင်ထုကြီး ကျရောက်လာခဲ့သည်။ သူ၏ပင်မဝိညာဉ်ကလည်း လှုပ်ရှားလာပြီး သံသရာမြေကွက်လပ်ထဲတွင် ပြန်ပေါ်လာခဲ့၏။

အလင်းတန်းများ တောက်ပလာပြီးနောက် ရွမ်ယုရှု၊ ချီကျန်းရန်နှင့် ကျိုးဟမ်တို့ ပြန်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် မုန့်ချီ၏မျက်လုံးထဲ၌ အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက်လည်း ပေါ်လာခဲ့သည်။ သူမ၏မျက်လုံးများက ထက်မြက်နေပြီး ပို၍ရင့်ကျက်နေသည်။ သူမကို မိန်းကလေးငယ်လေး တစ်ယောက်ဟုပင် မခေါ်နိုင်တော့ပေ။

ကျန်းကျိဝေက မုန့်ချီကိုကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။

"နင်က ကောင်းကင်ကပ်ဘေး(၄)ခုကို ရင်ဆိုင်ခဲ့ရတယ်။ လော့ရန်တစ်ခွင်လုံးမှာလည်း ကြယ်စင်တန်းကြီး ဖြတ်သန်းနေခဲ့တယ် ...ဂုဏ်ယူပါတယ်.."

မုန့်ချီက ရယ်လိုက်၏။

"နင့်ရဲ့ဓားအလင်းတန်းက မိုင်(၁၀၀)ဝန်းကျင်ကို လွှမ်းခြုံသွားတယ် ... ပြီးတော့ နင်ကိုယ်တိုင် ကောင်းကင်ကပ်ဘေး(၃)ခုကို ဖျက်ဆီးခဲ့တာပဲ ... နင့်အတွက်လည်း ဂုဏ်ယူပါတယ်…"

သူတို့၏ အိုးတိုးအမ်းတမ်း အခြေအနေများက ရယ်သံများနှင့်အတူ လုံးဝပျောက်ကွယ်သွားခဲ့သည်။ ရွမ်ယုရှုကလည်း ကျန်းကျိဝေနှင့် စကားပြောပြီး ဝမ်းသာနေခဲ့၏။

သူတို့က စကားပြောလိုက်ပြီးနောက် တာဝန်တွင် သူတို့အားလုံး၏အဆင့်က သာမာန်သာဖြစ်ကြောင်း ကြားလိုက်ရသည်။ ကျန်းကျိဝေကလွဲလျှင် လူတိုင်းက ကံကြမ္မာအမှတ်(၂၀၀)ဆီရခဲ့၏။ မုန့်ချီက အလယ်တွင် ရှိနေသော အလင်းတိုင်လုံးထဲသို့ ဝင်သွားပြီး တိုက်ပွဲမှရခဲ့သည့်အရာများကို ထည့်လိုက်သည်။

"ဖျက်ဆီးရေးလက်…အဖိုးတန်လက်နက်

ကံကြမ္မာအမှတ်(၂၀၀၀)နဲ့လဲနိုင်တယ် ..။ ထိုက်ရီဓား သန့်စင်လက်နက် ကံကြမ္မာအမှတ်(၆၀)နဲ့ လဲနိုင်တယ် ..."

"၆၀ လား…"

ပထမတွင်တော့ မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့သည်။ ထို့နောက် သူနှင့်ကျန်းကျိဝေတို့က ဝေ့ကျင်းအဆင့်ကို ရောက်ရှိသွားပြီး ကျိုးဟမ်က ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်နေကြောင်း သတိရသွားသည်။ ထို့ကြောင့် သူ၏သန့်စင်လက်နက်က တန်ဖိုးလျော့ကျသွားခြင်းဖြစ်၏။

ထိုအရာက သံသရာခရီးသွားများကို သန့်စင်လက်နက်များ စုဆောင်းခြင်း မရှိစေရန် တားမြစ်ထားခြင်းလည်း ဖြစ်သည်။ ကျန်းကျိဝေကတော့ တာဝန်တွင် ပါဝင်ခဲ့ခြင်းမရှိသည့်အတွက် သူတို့(၄)ယောက်ကသာ အမှတ်များကို အညီအမျှခွဲဝေခဲ့ကြသည်။

သူတို့တစ်ယောက်လျှင် ကံကြမ္မာအမှတ်(၅၁၅)မှတ် ရရှိခဲ့ပြီး မူလတာဝန်မှ ရရှိထားသော ကံကြမ္မာအမှတ်(၁၅၀၀)နှင့် ပေါင်းလိုက်လျှင် တစ်ယောက်ကို ကံကြမ္မာအမှတ်(၂၀၁၅)ခု ရခဲ့သည်။

"ငါတို့က နောက်ထပ်တာဝန်အတွက် အချက်အလက်တွေ မလဲကြဘူးလား ... "

ကျန်းကျိဝေက အကြံပေးလိုက်သည်။

သူမကတော့ သူတို့၏တာဝန်တွင် ပါဝင်ခဲ့ခြင်းမရှိသည့်အတွက် တစ်ကိုယ်တော် တာဝန်တစ်ခုပြီးဆုံးအောင် လုပ်ဆောင်ရမည်ဖြစ်သည်။ သို့သော် သူမသုံးထားသည့် အချိန်က မပြီးသေးပေ။ သူမဆီတွင် ကံကြမ္မာအမှတ်(၈၀)ကျန်နေသေး၏။ ထိုအရာက နောက်တာဝန်အတွက် အချက်အလက်များ မေးမြန်းရန် လုံလောက်သည်။

"နောက်ထပ်တာဝန်က (၁၈)လကြာမှ ရောက်လိမ့်မယ်။ အခုငါတို့ထဲက (၂)ယောက်က ဝေ့ကျင်းအဆင့်ကို ရောက်နေပြီဆိုတော့ ငါတို့ရဲ့စွမ်းအားကွာဟမှုက အရမ်းကြီးမားနေတယ်။ ဒါကြောင့် တာဝန်ကို ခွဲခြားရလိမ့်မယ် ... တခြား(၃)ယောက်ရဲ့ အစွမ်းကို ခန့်မှန်းကြည့်ဖို့လည်း ခက်ခဲတယ်။ ဒါကြောင့်လည်း ငါတို့က အချက်အလက်တွေကို ကြိုတင်သိဖို့ လိုအပ်တယ်…"

"တာဝန်ရဲ့နောက်ကြောင်း ...

နတ်ဘုရားများ သေဆုံးပြီး နှစ်ပေါင်း(၅၀၀)ကြာတဲ့အချိန် ...

သူတော်စင်တွေကို ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး။ လူသားတွေက ဒုက္ခတွေကို ခံစားနေရတယ် ... "

"နတ်ဘုရားတွေ သေဆုံးပြီး နှစ်ပေါင်း(၅၀၀)လား…"

ထိုအချက်အလက်ကို ကြားလိုက်သည့်အခါ မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိလေသည်။

Translated by Hein Htet.

All Chapters