အခန်း (၅၀၃)
Vol. 34 Ch. 503
ကျန်းကျိဝေက နောက်ထပ် ဘာမှမမေးနိုင်သေးခင် မုန့်ချီက ခေါင်းစဉ်ပြောင်းလိုက်သည်။
"ဒါနဲ့ ငါက အပူအပင်မဲ့တောင်ကြားရဲ့ သဲလွန်စတွေကို တွေ့ခဲ့ပြီ။ ငါ ရှာဖွေခဲ့တဲ့ ရလဒ်တွေအရ အဲဒီနေရာက သေမင်းပင်လယ်ထဲမှာရှိတဲ့ ပိုမီနယ်မြေထဲကို ညွှန်ပြနေတယ်။ ငါက အဲဒီနေရာတွေကို သွားပြီး ရှာဖွေကြည့်ရမယ်။ ဒီတာဝန်က တော်တော်လေးကို ခက်ခဲကြမ်းတမ်းနိုင်တယ်။ ပိုမီနယ်မြေက မကောင်းဆိုးဝါးတွေ၊ အစွမ်းထက်တဲ့သူတွေနဲ့ ပြည့်နှက်နေတယ်လို့ နာမည်ကျော်တာပဲ။ ဒါကြောင့် ငါနဲ့ ကျိဝေပဲ သွားလို့ရမယ်…"
ထိုတာဝန်က ရွမ်ယုရှုနှင့် ချီကျန်းရန်တို့၏ လက်ရှိစွမ်းရည်နှင့် အစွမ်းအရ ဘေးကင်းလုံခြုံစေရန် အလွန်ခက်ခဲလှသည်။ ထို့ပြင် အနောက်ပိုင်းဖုန်းဆိုးမြေ၏ မြေမျက်နှာသွင်ပြင် အနေအထားနှင့်ဆိုးရွားသော အခြေအနေ၊ ကောက်ကျစ်စဉ်းလဲမှုများလည်း ရှိနေသေးသည်။ ထို့ပြင် မုန့်ချီက သူ့အဖော်များ တိတ်တဆိတ် လေ့ကျင့်မည့် အစီအစဉ်ကို နှောင့်ယှက်လိုခြင်း မရှိပေ။
"အပူအပင်မဲ့ တောင်ကြားလား..."
ကျိုးဟမ်က ဇဝေဇဝါ ဖြစ်သွားပြီး ပြန်မေးလိုက်သည်။ သူကတော့ ကျန်းဝူအင်ပါယာ၏ တာဝန်နှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ သိမထားခဲ့သလို တစ်ခြားသူများနှင့်အတူ ခရီးလမ်းကို ပူးပေါင်းရန် အခွင့်အရေးလည်း မရှိခဲ့ချေ။
မုန့်ချီက ကျန်းဝူအင်ပါယာ သေဆုံးရသည့် လျှို့ဝှက်ချက်များအကြောင်းကျိုးဟမ်ကို အမှန်အတိုင်း ပြောပြလိုက်သည်။ ကျိုးဟမ်က အားနည်းစွာ ပြုံးလိုက်၏။
"ဟုတ်လား။ ငါကတော့ ဒီလိုခရီးစဉ်မျိုးကို မင်းနဲ့ အတူလိုက်ဖို့ တော်တော်လေးကို ခက်ခဲလိမ့်မယ်…"
ကျန်းဝူအင်ပါယာဟူသောနာမည်က သူ၏ဒဏ္ဍာရီ အကြောင်းကို ကြားခဲ့သော လူတိုင်းအတွက် စိတ်ဝင်စားမှုများ ပြည့်နှက်လာစေနိုင်သည်။ အကယ်၍ ကျိုးဟမ်က ထိုအရာကို နားလည်လျှင်ပင် နန်းတော်ထဲမှ ခိုးထွက်ရန် ခက်ခဲ၏။ စောင့်ကြည့်နေကြသော လွှတ်တော်ခန်းမထဲမှ အစောင့်များ၏ လက်ထဲမှ ခိုးထွက်ပြီး အပူအပင်မဲ့တောင်ကြားကို ရှာဖွေရန် အနောက်ဘက်သို့ သွားခဲ့မည် ဆိုလျှင် အတော်လေး အခြေအနေ ဆိုးရွားသွားနိုင်သည်။
ရွမ်ယုရှုနှင့် ချီကျန်းရန်တို့က တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြလိုက်ကြ၏။ လက်ရှိအချိန်တွင် သူတို့၏လေ့ကျင့်မှုက အရေးကြီးဆုံးအရာတစ်ခု ဖြစ်နေသည်။ သူတို့ကတော့ သူတို့၏အဖော်များကို အမှီလိုက်ရမည် ဖြစ်၏။
ကျန်းကျိဝေက သေချာစဉ်းစားပြီး ခေါင်းညိတ်လက်ခံလိုက်သည်။ နောက်ဆုံးတွင်တော့ သူမက ပြောလိုက်၏။
"ဒါဆိုလည်း အဲဒီလိုပဲ လုပ်ကြမယ်။ ငါတို့က တွေ့ဖို့အချိန်တစ်ခု ဆုံးဖြတ်ကြတာပေါ့။ ငါတို့က သံသရာနယ်မြေထဲကနေ ထွက်သွားပြီးတာနဲ့ ပိုမီနယ်မြေထဲမှာ တွေ့နိုင်တယ်…"
"နောက်(၄)လလောက် ကြာရင်ရော အဆင်ပြေလား.."
မုန့်ချီက အကြံပေးလိုက်သည်။
"အဲဒါဆိုရင် အဆင်ပြေတယ် ။ (၃)လဆိုတဲ့အချိန်က ငါ့ရဲ့ကျင့်စဉ်တွေကို မြှင့်တင်ဖို့အတွက် လုံလောက်တယ်။ ငါက နောက်ဆုံးလမှာ ပိုမီကို အရောက်လာခဲ့မယ်…"
ကျန်းကျိဝေက ငြင်းဆန်ခြင်းမရှိဘဲ ပြောလိုက်သည်။
သူမက သံသရာအရှင်သခင်နှင့် နောက်ဆုံးလဲလှယ်ခဲ့သည့်အချိန်တွင် အချိန်ပိုများ ရှိနေသေး၏။ သူမ၏အဖော်များက ထိုအချက်ကို သတိမထားမိကြပေ။ အချိန်အနည်းငယ်ကြာအောင် လေ့ကျင့်မှုမရှိဘဲ ကျိကျန်းဓားစံအိမ်မှနေ၍ သေမင်းပင်လယ်ထဲသို့ ချက်ချင်း ထွက်ခွာသွားမည်ဆိုလျှင် မလိုလားအပ်သော သံသယများ ရှိလာနိုင်သည်။
ဒဏ္ဍာရီအဖွဲ့မှ ကောင်းကင်ဧကရာဇ် ပေါ်ထွက်လာသည့် အတွက်ကြောင့် ဂိုဏ်း(၂)ဂိုဏ်းကိုတင်းတင်းကြပ်ကြပ် စုံစမ်းစစ်ဆေးနေကြသည်။ သူတို့ကတော့ ဒဏ္ဍာရီများနှင့် မမြင်ရသော အနှောင့်အယှက်များ ရှိနေသည့် ရွှမ်တျန်းဂိုဏ်းတို့ ဖြစ်ကြသည်။ ကောင်းကင်ဧကရာဇ် အုပ်စိုးစဉ် အတောအတွင်း သူတို့၏ ကိုယ်ပိုင်ဓမ္မကာရအဆင့် ပညာရှင်များ မရှိလျှင် ထိုအရိပ်အောက်မှ လုံးဝ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။
သူတို့က ဆွေးနွေးငြင်းခုံနေကြရင်း တွေ့ဆုံပွဲက အဆုံးသတ်သွားခဲ့သည်။ ရွမ်ယုရှုက (၆) လ လေ့ကျင့်ရန် လဲလှယ်ခဲ့ပြီး ကံကြမ္မာအမှတ်က (၁၀၉၅) ကျန်ခဲ့သည်။ ကျန်ရှိနေသော အရာများကိုတော့ နောက်ပိုင်းကျမှ မှော်ရတနာတစ်ခု လဲလှယ်ရန်အတွက် ချန်ထားခဲ့သည်။
မုန့်ချီက အချိန် (၃) လ လဲလှယ်ခဲ့သည့်အတွက် သူ၏ ကံကြမ္မာအမှတ်က (၁၆၄၅)သာ ကျန်တော့သည်။ သူက စာရင်းကို သေချာလေ့လာခဲ့ပြီးနောက် လက်နက်သန့်စင်ရေး လမ်းညွှန်ချက်တစ်ခုကို ရွေးချယ်လိုက်၏။ ထိုအရာက မိုးကြိုးကျောက်တုံးနှင့် မိုးကြိုးတံဆိပ်တို့ ဖြစ်ကြပြီး သူ၏လက်နက်သန့်စင်မှုအတွက် အသုံးဝင်သည်။ ထိုအရာက ကံကြမ္မာအမှတ် (၁၆၀၀) ကုန်ခဲ့၏။
တလက်လက် တောက်ပနေသော အစိမ်းရောင် လျှပ်စီးကြောင်းများက အသစ်သန့်စင်ထားသော ကောင်းကင်ပြစ်ဒဏ်ဓားကို ဝါးရံထားသည်။ အစိမ်းရောင် လျှပ်စီးကြောင်းများက ဓား၏ပတ်ပတ်လည်တွင် လှုပ်ရှားကခုန်နေပြီး မူလတုန်းက ငွေရောင်လျှပ်စီးကြောင်းများ၏ နေရာတွင် အစားထိုးဝင်ရောက်လာခဲ့သည်။
"ကောင်းကင်ပြစ်ဒဏ်ဓား အလယ်အလတ်အဆင့် အဖိုးတန်လက်နက်တစ်ခု… ကောင်းကင်မိုးကြိုးကနေ သွန်းလုပ်ထားပြီး သူရဲ့လက်ကိုင်က မိုးကြိုးသစ်သားနဲ့ ဖန်တီးထားတယ်။ ဒီဓားထဲမှာ မိုးကြိုးကျောက်တုံးနဲ့ မိုးကြိုးတံဆိပ်ရဲ့ အစွမ်းတွေကို ပေါင်းစပ်ထားတယ်။ အလေးချိန်မြင့်မားပြီး ဒေါသတကြီး တိုက်ခိုက်လိုက်မယ်ဆိုရင် ဓားသွားရဲ့ ကြံ့ခိုင်မှုက ရန်သူတွေရဲ့လက်နက်တွေကို မှေးမှိန်သွားစေနိုင်တယ်။ ကောင်းကင်ပေါ်က လျှပ်စီးကြောင်းတွေ ဆင့်ခေါ်နိုင်ပြီး ကောင်းကင်အပြစ်ပေးမှုလို ကျဆင်းလာနိုင်တယ်။ ဒေါသတကြီး တိုက်ခိုက်လိုက်မယ်ဆိုရင် ဓားက (၁၀)မီတာပတ်လည် အခြေအနေကိုတောင် ပြောင်းလဲနိုင်တယ်…”
“ခေါင်းပေါ်မှာ အနက်ရောင်တိမ်တိုက်တွေ ထွက်ပေါ်လာနိုင်ပြီး အနက်ရောင်မြူခိုးတွေ ကြားထဲမှာ မိုးခြိမ်းသံတွေ ကြားရနိုင်တယ်။ လျှပ်စီးကြောင်းတွေလည်း လှုပ်ရှားနိုင်ပြီး မိုးပေါ်မှာ တလက်လက်တောက်ပလာစေနိုင်တယ်။ ဒီဓားရဲ့ အငွေ့အသက်တွေက လျှပ်စီးနဂါးပုံသဏ္ဍာန် ပြောင်းလဲနိုင်ပြီး အားနည်းတဲ့ ပြိုင်ဘက်တွေကို ရင်ထဲမှာ ကြောက်လန့်သွားစေနိုင်တယ်။ ဓားကို အသုံးပြုသူက သူ့ရဲ့အံ့သြစရာများစွာကို အသုံးပြုနိုင်တယ်။ အခု ဒီဓားက ကံကြမ္မာအမှတ် (၃၁၀၀) တန်ကြေးရှိတယ်…"
မုန့်ချီက စုမိသားစု၏ ခြံဝန်းထဲတွင် တိတ်တဆိတ် ပြန်ပေါ်လာခဲ့သည်။ အလင်းရောင်မရှိသော အမှောင်ထုကြီး ဖုံးလွှမ်းနေသည့်အတွက် သေသေချာချာ စစ်ဆေးခြင်းသာမရှိလျှင် သူ့ကို သာမာန်လူတစ်ယောက်နှင့် မှားယွင်းသွားနိုင်သည်။
(၃)လကြာ တံခါးပိတ် လေ့ကျင့်နေသည့် အတောအတွင်း မုန့်ချီက အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်၏ ဝေ့ကျင်းအဆင့် အနှစ်သာရများကို (၄) ပုံ(၁) ပုံခန့် နားလည်လာခဲ့ပြီး ပြောင်းလဲခြင်းနည်းလမ်း (၅) မျိုးကိုလည်း ကျွမ်းကျင်သွားခဲ့သည်။
သူက ပုံရိပ်ယောင်သန့်စင် ဓားမောက်သိုင်းပညာ၊ ဗာရို ဓားသိုင်းပညာနှင့် လေဟာနယ်ခြေလှမ်းသိုင်းတို့၏ အခြေခံကိုလည်း နားလည်သွားခဲ့သည်။ သူက ယခုအချိန်အထိ သဘာဝဖြစ်စဉ်စွမ်းရည်ကို ပြည့်ပြည့်ဝဝ နားမလည်နိုင်သေးသော်လည်း ခေါင်း (၂) လုံး ၊လက်(၄)ဖက် ဖန်တီးနိုင်ခဲ့၏။
သူက ကောင်းကင်ဖျက်စီး သမုဒ္ဒရာမွှေနှောက် တုတ်သိုင်းပညာဆီမှ ရယူနိုင်သောအရာများ ရှိနေသော်လည်း တုတ်လက်နက်က သူ ကျွမ်းကျင်သော လက်နက်တစ်ခု မဟုတ်ချေ။
သူက ပင့်သက်ရှိုက်လိုက်မိပြီး ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လာနေသော စွမ်းအင်များကို ခံစားကြည့်နေခဲ့၏။ သူက နေလုံးကြီး၏ အပူရှိန်နှင့် ကြယ်များ၏ အစွမ်းကို ခံစားကြည့်နေမိသည်။ သူတို့က သူ၏ခန္ဓာကိုယ် ၊ စိတ်ဝိညာဉ်ထဲကို ပေါင်းစပ်၍ သူ၏ ချီစွမ်းအင် တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့၏။
"ကြည့်ရတာတော့ ရှားပါးပစ္စည်းတွေက ငါ့ရဲ့လေ့ကျင့်မှုမှာ တော်တော်လေး အရေးကြီးနေတာပဲ။ အသက်ရှူကျင့်စဉ်ကတောင် တော်တော်လေးကို အရေးပါတယ်"
မုန့်ချီက လေပူများကို မှုတ်ထုတ်လိုက်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်မိသည်။ သူက တစ်နှစ်လျှင် အဆင့်တစ်ဆင့် တက်လှမ်းမည်ဟူသော ဆန္ဒမျိုး ရှိနေခဲ့၏။
မုန့်ချီက ပြန်လှည့်ပြီး အပြင်ဘက်ကို လျှောက်လာခဲ့သည်။ သူက အနီးအနားတွင် ရှိနေသော အစေခံတစ်ယောက်ကို လှမ်းခေါ်လိုက်၏။ သူက အစေခံကို ပြောလိုက်သည်။
"ငါက တံခါးပိတ် လေ့ကျင့်မယ်လို့ သခင်ကြီးကို သတင်းပို့လိုက်။ (၃)လတိတိ ငါ လေ့ကျင့်နေတဲ့ အတောအတွင်း ငါ့ကို ဘယ်သူမှ လာပြီး မနှောင့်ယှက်စေနဲ့ ။ ငါက တစ်ခြား ဘာမှမလိုအပ်ဘူး။ ငါ့မှာ လိုအပ်တဲ့ ဆေးရည်တွေလည်း ရှိတယ်…"
"ကောင်းပါပြီ ဒုတိယ သခင်လေး…"
အစေခံက ခေါင်းညိတ်ပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။
မုန့်ချီက လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည့်အတွက် အိမ်တော်ထဲတွင် ရှိနေသော အစေခံများက ဇဝေဇဝါဖြစ်မနေကြချေ။ ဒုတိယသခင်လေးက အဆင့်တက်သည်မှာ မကြာသေးသည့်အတွက် သူ၏စွမ်းအားများကို တည်ငြိမ်အောင် သေချာပေါက် လေ့ကျင့်ရမည်ဖြစ်ကြောင်း သံသယဝင်စရာ မလိုအပ်ပေ။
သူက အခန်းတံခါးကို ပိတ်လိုက်ပြီး ပြတင်းပေါက်များကို သော့ခတ်လိုက်သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်လိုက်ပြီး လေ့ကျင့်ချင် ယောင်ဆောင်လိုက်၏။ သူက ညရောက်သည့်အချိန်ထိ စောင့်နေခဲ့သည်။
ထို့နောက် အနည်းငယ် လှုပ်ရှားလိုက်ရာ သူက အကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ထုပ်တန်းနှင့် တိုင်ပေါ်သို့တက်၍ အခန်းနံရံကြားထဲမှ နေ၍ အပြင်ဘက်ကို ထွက်သွားခဲ့၏။ ထို့နောက် စုစံအိမ်တော်၏ အပြင်ဘက်ကို ထွက်လာခဲ့သည်။
အပြင်ဘက်တွင်တော့ သူက အစိမ်းရောင်ဝတ်ထားသော လူငယ်တစ်ယောက်၏ ပုံသဏ္ဍာန် ပြောင်းလိုက်သည်။ သူ မြို့တော်ထဲမှ ထွက်လာခဲ့သည့်အချိန်တွင် တောင်ထိပ်ပေါ်၌ နေလုံးကြီး ပေါ်လာပြီ ဖြစ်ပြီး သူက အင်မော်တယ်များ၏ အနီးဆုံး ဝင်ပေါက်ရှိရာကို အရှိန်နှင့် ပျံသန်းသွားနေခဲ့သည်။
သူက စိမ်းပြာကောင်းကင်နယ်မြေထဲသို့ ဝင်ရောက်လာသည့်အချိန်တွင် အမည်မသိ လူတစ်ယောက်က သူ့အနားကို ကပ်လာခဲ့၏။ သူ၏မျက်နှာပေါ်တွင် မုန့်ချီ မသိသော မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားသည်။ သူ၏အညိုရောင်ဝတ်စုံက တင်သင့်မျှတသော အရပ်အမောင်းရှိနေကြောင်း ပြသနေပြီး သူက မုန့်ချီဆီကို ပျံသန်းလာခဲ့၏။
"ငါ့ကိုတော့ ယွင်ကျုံးကျိလို့ ခေါ်ကြတယ်။ မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်…"
ပထမတော့ သူက ကောင်းကင်ဘိုးဘေးမျက်နှာဖုံးကြောင့် အနည်းငယ် မှင်တက်သွားသော်လည်း ချက်ချင်းပင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခဲ့သည်။
“ဒါက ယွင်ကျုံးကျိ မျက်နှာဖုံးပဲ။ ဒါ့ကြောင့်လည်း ငါက မသိခဲ့တာ…"
မုန့်ချီက ချက်ချင်း နားလည်သွားပြီး ပြန်ဖြေလိုက်၏။
"မိတ်ဆွေ ဖန်တီးပေးထားတဲ့ လေဟာနယ်လက်စွပ်ကလည်းတကယ့်ကို အံ့သြဖို့ကောင်းပါတယ်…"
ပင်မကမ္ဘာကြီးထဲတွင် ယွင်ကျုံးကျိနှင့် ပတ်သက်သော ပုံပြင်၊ ဒဏ္ဍာရီများ မရှိချေ။ ထို့ပြင် လက်ရှိကမ္ဘာကြီးထဲတွင် သူ၏ မျက်နှာဖုံးနှင့် ပတ်သက်သော ပြဇာတ်များလည်း မရှိချေ။ ယွင်ကျုံးကျိ၏မျက်နှာဖုံးက ပါးပါးလှပ်လှပ်နှင့် ထူးခြားသော လက္ခဏာမျိုးရှိသည်။ သူ့ဆီတွင် မုတ်ဆိတ်ရှည်ကြီးများ ရှိနေပြီး နဖူးပေါ်တွင်လည်း အဖုတစ်လုံး ရှိနေ၏။ ထိုအရာက ရှေးဟောင်းကျင့်ကြံသူတစ်ယောက်၏ ချီစွမ်းအင်များ သိမ်းဆည်းထားရာ နေရာတစ်ခုလည်းဖြစ်သည်။
သူက မုန့်ချီနှင့် စကားအနည်းငယ်ပြောပြီး စိမ်းပြာနန်းတော်ဆီသို့ ပျံသန်းသွားခဲ့သည်။ မုန့်ချီကလည်း လေထဲတွင် ပျံသန်းလာခဲ့ပြီး သူ့နောက်မှ ကပ်လိုက်လာခဲ့၏။ သူက ပျံသန်းနေစဉ် အတောအတွင်း အေးစက်သော လေလှိုင်းများက ခန္ဓာကိုယ်ထဲကို ရောက်ရှိလာနေသည်မှာ အလွန်အေးမြသော ခံစားမှုတစ်ခု ရနေသည်။
ခြေထောက်အောက်တွင်တော့ တလက်လက်တောက်ပနေသော အလင်းရောင်များ ၊ အစိမ်းရောင် အလင်းတန်းများ လှုပ်ရှားကခုန်နေကြသည်။ အဖြူရောင်ပန်းပွင့်လေးများက ရွေ့လျားနေပြီး အလွန်လှပသော ငှက်ကလေးများကလည်း လေထဲတွင် ပျံသန်းနေကြသည်။ မုန့်ချီကတော့ အလွန်တည်ငြိမ်အေးချမ်းမှုကို ခံစားနေမိခဲ့၏။
"အင်မော်တယ်လမ်းကြားထဲမှာ မင်းအတွက် သံသရာတံဆိပ်တစ်ခု စောင့်နေတယ်…"
ယွင်ကျုံးကျိက သူ့ကို သတိပေးလိုက်၏။
"ဟား....ဟား...ဟား...
ငါက ဒါကို အလွတ်ပေးမယ်လို့ ထင်နေတာလား…"
မုန့်ချီက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။ သူကတော့ ကြွယ်ဝချမ်းသာမှုများ၊ တန်ဖိုးများနှင့် ပတ်သက်လာလျှင် လုံးဝအရှက်မရှိပေ။
"ဆရာကြီး ယွင်ကျုံးကျိ…
ကျွန်တော့်ဆီမှာ ဆရာကြီးကို မေးစရာလေးတစ်ခုရှိပါတယ်…"
မုန့်ချီက မေးလိုက်၏။
"ဘာကိစ္စလဲ…"
ယွင်ကျုံးကျိက အပြုံးနှင့် မေးလိုက်သည်။
"ကျွန်တော်က နတ်ဘုရားကမ္ဘာကြီးကို သွားရမဲ့ တာဝန်တစ်ခု ရှိတယ်။ အင်မော်တယ် အဖွဲ့အစည်းမှာ အဲဒီအရာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှိလား…"
မုန့်ချီက သူ၏ မျက်နှာဖုံးနှင့် ကိုက်ညီသော လေသံမျိုးနှင့် မေးလိုက်သည်။
"နတ်ဘုရားကမ္ဘာကြီးလား…"
ယွင်ကျုံးကျိက မသက်မသာ ရေရွတ်လိုက်မိ၏။ သူက အတိတ်မှတ်ဉာဏ်များကို ပြန်လည်စဉ်းစားပြီး မသက်မသာ ခံစားနေရပုံပေါ်သည်။
သူက ခဏရပ်ပြီး ပြောလိုက်၏။
"ငါတို့ အင်မော်တယ်တွေက နတ်ဘုရားကမ္ဘာကြီးနဲ့ ပတ်သက်ပြီး အခြေခံစည်းမျဉ်း အများစုကို နားလည်ထားတယ်။ သံသရာခရီးသွားတွေနဲ့ ပတ်သက်တဲ့ အရာတွေကိုလည်း သိထားတယ်…"
ထိုသတင်းကြောင့် မုန့်ချီက အလွန်ဝမ်းသာသွားသည်။ သို့သော် သူကတော့ ခံစားချက်ကင်းမဲ့သည့် အမူအရာအတိုင်း ဆက်ရှိနေပြီး သူ၏ ခံစားချက်များကို ပြသခဲ့ခြင်းမရှိချေ။
"ဒါဆိုရင် ကျွန်တော်က အဲဒီကမ္ဘာကြီးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဘယ်နေရာမှာ လဲလို့ရမလဲ…"
ယွင်ကျုံးကျိက မူလလေသံကို ပြောင်းလဲသွားပြီး ရယ်ကာမောကာနှင့် ပြောလိုက်၏။
"နတ်ဘုရားကမ္ဘာကြီးက တော်တော်ထူးဆန်းတယ်။ ဘိုးဘေးလင်းပေါင်လို စွမ်းရည်ရှိတဲ့ လူတစ်ယောက်ကတောင် သံသရာတံဆိပ်ရဲ့အကူအညီ မရှိဘဲ အဲဒီကမ္ဘာကြီးထဲကို ထိုးဖောက်ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူး။ အဲဒီကမ္ဘာကြီးထဲမှာ ကောက်ကျစ်စဉ်းလဲပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတွေအများကြီး ပုန်းအောင်းနေတယ်။ သူကိုယ်တိုင်ကတောင် ရတနာတွေ ၊အဖိုးတန်ပစ္စည်းတွေကို သွားပြီး မရှာရဲဘူး။ သူက အဲဒီနေရာမှာ ငါတို့တွေရဲ့ အခြေအနေတွေကို မြှင့်တင်ဖို့ အင်မော်တယ်အတွက် စခန်းတစ်ခု အရင်ဆုံး တည်ဆောက်ဖို့ ဆန္ဒရှိနေတယ်။ ဒါကြောင့် ငါတို့တွေက ငါတို့အဖွဲ့အစည်းရဲ့ တရားဝင်အဖွဲ့သား ဖြစ်မလာသေးတဲ့သူတွေကို အဲဒီအချက်တွေ မပြောကြဘူး။ ကံကြမ္မာအမှတ်တွေ ပေးတယ်ဆိုရင်တောင် မပြောဘူး။ ဒါပေမဲ့ တရားဝင်အဖွဲ့သားတွေဆိုရင်တော့ ဘာမှ ပေးစရာမလိုဘဲ ငါတို့က အချက်အလက်တွေကို ဝေမျှပေးတယ်…"
"ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ ကျွန်တော်က ဂိုဏ်းရဲ့ တရားဝင်အဖွဲ့ဝင်သားတစ်ယောက် ဖြစ်လာဖို့ စစ်ဆေးရေးတာဝန်အတွက် ဒီနေရာကို ရောက်လာတာပါ…"
မုန့်ချီက ပြန်ဖြေလိုက်သည်။
ယွင်ကျုံးကျိက စိမ်းပြာနန်းတော်၏ ဝင်ပေါက်ရှေ့တွင် ဆင်းသက်လိုက်၏။
"အရမ်းကောင်းတယ် ။ ဒါဆိုရင် မင်းက ဘယ်နေရာမှာ စစ်ဆေးမှု လုပ်ချင်လဲ…"
"ကျွန်တော် စစ်ဆေးဖို့နယ်မြေကို ကိုယ်တိုင်ရွေးချယ်လို့ ရတာလား…"
မုန့်ချီက အံ့အားသင့်စွာ မေးလိုက်သည်။
"လူတိုင်းကတော့ ဒီလိုအခွင့်အရေးမျိုးကို မရဘူး။ ဒါပေမဲ့ မင်းကတော့ ရတယ်…"
ယွင်ကျုံးကျိက အပြုံးနှင့် ပြန်ဖြေလိုက်၏။
"တကယ်လို့ အဲဒီအရာက အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းတွေ မဟုတ်ရင်တောင် တရားဝင်အဖွဲ့သားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ငါတို့က တိုက်ရိုက်ရနိုင်တယ်လေ။ မင်းက ကောင်းကင်ကပ်ဘေး(၄) ကြိမ် ရင်ဆိုင်ခဲ့ရပြီး ဗုဒ္ဓလက်ဝါးကျင့်စဉ်ကိုလည်း ကျွမ်းကျင်ထားတယ်။ ဒါတွေက ရှားပါးဖြစ်စဉ်တွေပဲ။ တကယ့်ကို တော်တော်လေး ရှားပါးတယ်…"
သူက ထပ်ဖြည့်ပြောလိုက်၏။
မုန့်ချီကတော့ ရင်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နက်နေခဲ့၏။ သူက တည်ငြိမ်နေချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။
"ဖြစ်နိုင်မယ်ဆိုရင်တော့ သေမင်းပင်လယ်ကို ရွေးချယ်ချင်တယ်…"
အကယ်၍ သူကသာ တာဝန်ပြီးဆုံးအောင် လုပ်နိုင်ပြီး အပူအပင်မဲ့တောင်ကြား၏ အငွေ့အသက်များကို ရှာဖွေနိုင်မည်ဆိုလျှင် သူ့အတွက် အကျိုးအမြတ် များပြားလွန်းလှသည်။
ယွင်ကျုံးကျိက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်၏။ သူက စိမ်းပြာနန်းတော်ထဲကို ဝင်သွားခဲ့ပြီး မုန့်ချီအတွက် အချက်အလက်များကို ရှာဖွေနေခဲ့သည်။
ခဏကြာပြီးနောက် သူက ပြန်လှည့်လာပြီး မုန့်ချီကို ပြောလိုက်၏။
"နတ်ဆိုးသုတ်သင်ရေးဓား ရန်ကျန်းချန်ကိုရှာပါ။ မင်းရဲ့တာဝန်ကတော့ တစ်နှစ်အတွင်း သူ့ကို သတ်ပစ်ဖို့ပဲ။ သူက ဟွာမေ့တောင်တန်းရဲ့ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ပြီးတော့ ဆရာကြီးလုရဲ့ တပည့်တစ်ယောက်လည်း ဖြစ်ခဲ့တယ် ။ သူက ဝေ့ကျင်းအဆင့်ကို ရောက်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒါပေမဲ့ သူက သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို ဖွင့်လှစ်နေစဉ် အတောအတွင်း အမှားတစ်ခု လုပ်ခဲ့သည့်အတွက် ပထမကောင်းကင်လှေကားကို တက်လှမ်းဖို့ အောင်မြင်မှာမဟုတ်ဘူး….”
“သူ့ထက် အငယ်တွေက သူ့ထက် ကျော်သွားတာကိုကြည့်ပြီး သူက အတော်လေး စိတ်ပျက်နေခဲ့တယ်။ ဒါက သူ့အတွက် တော်တော်လေးကို ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုပဲ။ သူက အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းဖို့ကိုလည်း အတော်လေး ဇဝေဇဝါ ဖြစ်လာတယ်။ ဒီတော့ သူက တားမြစ်ထားတဲ့ မကောင်းဆိုးဝါးလမ်းစဉ် ကျင့်စဉ်တွေကို အသုံးပြုခဲ့ပြီး အပြစ်မဲ့တဲ့ လူပေါင်းများစွာကို သေသွားစေခဲ့တယ်။ သူ့ရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို ရှာတွေ့သွားတဲ့အချိန်မှာ ဟွာမေ့တောင်တန်းက သူ့ကို အပြစ်ပေးမှာ ကြောက်တဲ့အတွက် သူလည်း ထွက်ပြေးသွားခဲ့တယ်။ သူက သေမင်းပင်လယ်နယ်မြေထဲမှာ ပုန်းအောင်းနေပြီး ပိုမီ နယ်မြေထဲမှာ ခိုလှုံနေတယ်လို့ သတင်းရထားတယ်။ သူ ထွက်ပြေးသွားခဲ့တဲ့ နေ့ကနေ ရေတွက်ကြည့်မယ်ဆိုရင် (၉)နှစ်လောက်ရှိသွားပြီ.."
"(၉)နှစ်ဆိုတဲ့ အချိန်က နည်းတော့မနည်းဘူး။ သူက ပထမကောင်းကင်လှေကားကို တက်လှမ်းနိုင်လောက်မည် မဟုတ်လား…."
မုန့်ချီက မျက်မှောင်ကြုတ်မိလိုက်၏။
မုန့်ချီက ပထမကောင်းကင်လှေကားအောက်တွင် ရှိနေသော ပညာရှင်များကို တိုက်ခိုက်ရန် ယုံကြည်ချက်များ ရှိသည်။ ကူရှောင်စန်းနှင့် ဝမ်စစ်ယွမ်တို့ဆီတွင်ပင် အလားတူ စွမ်းရည်မျိုး ရှိနိုင်၏။
ကူရှောင်စန်းက အဆင့်တက်သွားခဲ့သည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး ဝမ်စစ်ယွမ်နှင့် အဆင့်တူ ပညာရှင်များကလည်း ဝေ့ကျင်းအဆင့်ကို ရောက်ခဲ့သည်မှာလည်း အနည်းငယ် ကြာသွားခဲ့ပါပြီ။ သူတို့က ဒုတိယကောင်းကင်ဝေ့ကျင်းအဆင့်ကို ရောက်ရန် အခက်အခဲ မရှိနိုင်ပေ။ သူတို့၏ စွမ်းရည်များကြောင့် သူတို့၏အထက်တွင် ရှိနိုင်သည်မှာ တတိယကောင်းကင် ဝေ့ကျင်းအဆင့်တွင် ရှိနေသော ပညာရှင်များသာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ မုန့်ချီဆီ၌ ယုံကြည်မှုများ ရှိနေ၏။ သူရင်ဆိုင်ခဲ့ရသော အခက်အခဲများက သူလက်ရှိ ရပ်နေသော အခြေအနေကို ပြသနေခြင်းဖြစ်သည်။ ယခုတော့ သူ့အတွက် မဖြစ်နိုင်သောအရာ မရှိခဲ့ချေ။ သူက တစ်နေ့နေ့တွင် ထိပ်ဆုံးကို ရောက်နိုင်သော နေ့တစ်နေ့ ရှိလာနိုင်၏။
မုန့်ချီက တွေဝေနေသည်ကို မြင်သည့်အခါ ယွင်ကျုံးကျိက ပြုံးလိုက်သည်။
"ဘာမှမကြောက်ပါနဲ့။ ရန်ကျန်းချန်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာက သူ့ကို ဖမ်းမိခဲ့လို့လေ။ သူက ချီစွမ်းအင်တွေကို လှုံ့ဆော်တဲ့နေရာမှာ မူမမှန်မှု တစ်ခုဖြစ်ခဲ့ပြီး အရာအားလုံး ပျက်စီးသွားခဲ့တယ်။ ဒါက သူ့ရဲ့အစွမ်းကိုလည်း ဖျက်စီးပစ်ခဲ့တယ်။ သူ့ဆီမှာ အရင်တုန်းက အဆင့်မြင့်တယ်ဆိုတဲ့ အရိပ်တစ်ခုပဲ ကျန်နေတော့တယ်…"
ယနေ့ ရန်ကျန်းချန်ကို မုန့်ချီ၏ လက်ရှိ စွမ်းရည်နှင့် ရင်ဆိုင်ရန် အခက်အခဲမရှိကြောင်း ယွင်ကျုံးကျိက ပြောပြနေခြင်း ဖြစ်သည်။ မဟုတ်လျှင် သူ့ကို ထိုတာဝန်ပေးလိမ့်မည် မဟုတ်ချေ။
မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိပြီး ထိုတာဝန်အကြောင်းကို စဉ်းစားလိုက်မိ၏။ ထိုနေရာတွင် သူ၏စွမ်းဆောင်ရည်ကို သုံးသပ်ရန် စစ်ဆေးသူတစ်ယောက်လည်း ရှိနေဦးမည် ဖြစ်သည်။ ထို့နောက် မုန့်ချီက အင်မော်တယ်လမ်းကြားထဲသို့ ရောက်လာပြီး သူ၏သံသရာတံဆိပ်ကို ယူဆောင်လိုက်သည်။
သူကတော့ အပူအပင်မဲ့တောင်ကြားကို ရှာဖွေနေစဉ် အတောအတွင်း နောက်ဆုံးဖြစ်နိုင်ချေအတွက် ထိုအရာကို သိမ်းဆည်းထားခဲ့၏။ နောက်ပိုင်းတွင်တော့ သူက ထိုအရာကို အသုံးပြုပြီး ရွာ(၉)ရွာ ကမ္ဘာကြီးကို ပြန်သွား၍ ရနိုင်သေးသည်။
မုန့်ချီက သူ၏အလုပ်နှင့် ပတ်သက်သော အရာများကို သုံးသပ်လိုက်ပြီးနောက် ဂိုဏ်းတွင် ရှိနိုင်သော တာဝန်များကို ပတ်ကြည့်နေခဲ့သည်။ မည်သည့်အရာမျှ စိတ်ဝင်စားစရာ မကောင်းသည့်အတွက် သူလည်း အင်မော်တယ် ကမ္ဘာကြီးမှ ထွက်လာခဲ့ပြီး လော့ရန်၏ အပြင်ဘက်နယ်မြေကို ရောက်လာခဲ့သည်။
မုန့်ချီက ကောင်းကင်ကြီးပေါ်ကို မော့ကြည့်မိ၏။ ကောင်းကင်ကြီးပေါ်ရှိ မြင်ကွင်းကို ကြည့်ပြီး လေးလေးနက်နက် သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူက လမ်းမကြီးများကို ရှောင်တိမ်းပြီး သစ်တောထဲကို လျှောက်သွားခဲ့သည်။ သူကတော့ တိတ်ဆိတ်ငြိမ်သက်သော လမ်းကြောင်းကိုသာ ရွေးချယ်ခဲ့၏။
သူလမ်းလျှောက်နေသည့် အချိန်တွင် သူ့ဆီမှ သဘာဝချီစွမ်းအင်းများ ထွက်ပေါ်လာနေပြီး သူ၏ကိုယ်ပိုင်အငွေ့အသက်များကို ဖုံးကွယ်ပေးထားသည်။ အသစ်ရရှိလာသော လန်းဆန်းတက်ကြွမှုများနှင့် သူက တစ်ရက်လုံး မရပ်မနား လျှောက်လာနေခဲ့၏။
နေဝင်သွားပြီး ညအချိန်ကို ရောက်လာခဲ့သည့်အချိန်တွင် သူက ကောင်းကင်ကြီးပေါ်ကို ပျံသန်းသွားခဲ့ပြီး တိမ်တိုက်များအပေါ်မှ သွားလာနေခဲ့သည်။ မုန့်ချီက ထိုကဲ့သို့ နည်းလမ်းနှင့် နေ့ရောညပါ ခရီးသွားလာနေခဲ့၏။
သူက ညအချိန်၏ ဖုံးကွယ်မှုအောက်တွင် ကောင်းကင်ပေါ်၌ ပျံသန်းနေပြီး နေ့အချိန်တွင် ခြေကျင်လျှောက်၍ သွားနေခဲ့သည်။ နေ့ခင်းပိုင်း လမ်းလျှောက်နေရင်း သူ၏ပင်ပန်းနွမ်းနယ်မှုများကို ပြန်လည်ဖြည့်ဆည်းခဲ့၏။
"ကျောက်စိမ်းတံခါး တောင်ကြား…"
ထိုအရာက အနောက်ပိုင်းနယ်မြေထဲသို့ သွားရသော လမ်းမတစ်ခုဖြစ်ပြီး ကျင်းအင်ပါယာမှ ထွက်သွားသော နယ်မြေတစ်ခုလည်း ဖြစ်သည်။ မုန့်ချီကတော့ သူ့ရှေ့တွင် ရှိနေသော ကန္တာရနယ်မြေကြီးကို ကြည့်လိုက်မိ၏။ နေလုံးကြီးက အနောက်ဘက်ကို ဝင်သွားပြီးနောက် အနီရင့်ရောင် အလင်းတန်းများသာ ကျန်နေတော့၏။
မုန့်ချီက အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော်လည်း တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
"(၁၇) ရက်...."
သူက မြောက်ဘက်ကို ထွက်လာခဲ့သည်မှာ အမြန်ဆုံး (၁၇)ရက် ကြာခဲ့ပြီး နောက်ဆုံးတွင်တော့ လော့ရန်မှနေ၍ ကျောက်စိမ်းတံခါးတောင်ကြားကို ရောက်လာခဲ့ပြီ ဖြစ်သည်။
(၂)ရက်ကြာပြီးနောက် …
သဲမြန်မြို့ထဲတွင် သဲမုန်တိုင်းများ တိုက်ခိုက်နေသည်။ နေရာတိုင်းတွင် အဝါရောင်သဲများ ပြည့်နက်နေပြီး ဖုန်မှုန့်များလည်း ထွက်ပေါ်လာနေခဲ့၏။
ချူချမ်းနင်က သူမ၏ဆိုင်ထဲတွင် ရှိနေခဲ့ပြီး အခန်းထဲတွင် ပေသီးခေါက်၍ ဝင်ငွေများကို တွက်ချက်နေခဲ့သည်။ သူမ၏ မျက်လုံးထဲတွင် မီးဝင်းဝင်း တောက်ပနေခဲ့သည်။ သူမကတော့ ပို၍ချမ်းသာကြွယ်ဝမှုကို လိုချင်နေပြီး ငွေကြေးကသာ သူမ၏ ဘဝတွင် ကိုးကွယ်ရာ ဖြစ်ပုံရသည်။
"ကျွီ....."
တံခါးဖွင့်သံတစ်ခုကို နားထဲတွင် ကြားလိုက်ရသည်။ သူမက စွမ်းရည်များကို ထုတ်လွှတ်လိုက်ပြီး အကာအကွယ် ပြင်လိုက်၏။ ထိုအချိန်တွင် သူမက ဝင်ရောက်လာသော လူစိမ်းကို လှည့်ကြည့်လိုက်၏။
"ဘယ်သူလဲ…"
သူမက ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။ ကျူးကျော်လာသူက သူမ၏ အခန်းထဲကို တိတ်တဆိတ် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည့်အတွက် မည်သူများ ဖြစ်နိုင်မည်နည်း။ သူမ၏စစ်ဆေးမှုမှ လွတ်မြောက်ခြင်းမရှိဘဲ သဲမြန်မြို့ထဲသို့ ရောက်လာနိုင်သည့်သူက အလွန်ရှားပါးလှ၏။
သူမ၏တံခါးဝတွင် အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော လူတစ်ယောက် ပေါ်လာခဲ့၏။ သူက အလွန်ချောမောခန့်ညားပြီး အစွမ်းထက်သည်။ သူ့ဆီတွင် သဲနှင့် ဖုန်မှုန့်များ ကပ်ညှိနေခြင်း မရှိချေ။
"ကျွန်တော့်ကို မမှတ်မိတော့ဘူးလား ချမ်းနင်…"
မုန့်ချီက အပြုံးနှင့် မေးလိုက်၏။
သူမက မျက်မှောင်ကြုတ်လိုက်မိသည်။ မည်သူဖြစ်ကြောင်း မှတ်မိသွားသည့်အချိန်တွင် သူမက အလွန်အံ့သြသွားခဲ့၏။
"မင်းက... ဘာလို့ဒီကို ရောက်နေရတာလဲ…"
သူ အဆင့်တက်သွားသည်မှာ ရက် (၂၀)ခန့်သာ ရှိသေး၏။ သူက တံခါးပိတ်လေ့ကျင့်နေဦးမည်ဟု လူအများစုက တွေးထားအုံးမည် ဖြစ်သည်။ အနည်းဆုံးတော့ သူက အဆင့်တည်ငြိမ်ရန် (၃) လခန့် အချိန် ပေးရမည် ဖြစ်၏။ စုမုန့်က သူမ၏ ရှေ့တွင် ပေါ်လာလိမ့်မည်ဟု သူမက လုံးဝမတွေးမိခဲ့ပေ။
သူမ၏ သတင်းအရင်းအမြစ်များဆီမှ ကြားရသော သတင်း၊ အင်မော်တယ်များဆီမှ ရခဲ့သော သတင်းများအရ စုမုန့် အဆင့်တက်သွားသောသတင်းက လွန်ခဲ့သော (၃) ရက်ကျော်မှ သူမဆီကို ရောက်ခဲ့သည်။ ထိုအရာကတော့ လုံးဝကို စဉ်းစား၍ မရနိုင်ပေ။
"ကျွန်တော့်ကို တွေ့ရလို့ တော်တော်လေး အံ့သြသွားတာလား။ ကြည့်ရတာတော့ ကျွန်တော်က ထင်ထားတာထက်တောင် ပိုပြီးတန်ကြေးရှိတယ်ထင်တယ်…"
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
အကယ်၍ မုန့်ချီကသာ မြို့တော်မှ ထွက်မလာခင် (၃) လခန့် လေ့ကျင့်ရန် ရွေးချယ်လိုက်မည်ဆိုလျှင် ကျိလော်ကျူးက သူ့ကို ခုခံရန် သေချာပေါက် ပြင်ဆင်ထားပါလိမ့်မည်။ ထိုသို့ဆိုလျှင် ကျိလော်ကျူးက သူ၏ရန်သူကို ရင်ဆိုင်ရန်အတွက် မဆုံးနိုင်သော အရာများစွာကို လုပ်ဆောင်ထားနိုင်၏။
သူက ဘေးကင်းကင်း ထွက်ပြေးသွားရန် ဖြစ်နိုင်သလို ငိုကြွေးခြင်းအကြီးအကဲကို အကူအညီ တောင်းပြီး မုန့်ချီ ရောက်လာမည့်အချိန်ကို စောင့်၍ ထောင်ချောက်ဆင် တိုက်ခိုက်ရန်ပင် ဖြစ်နိုင်သေးသည်။
မုန့်ချီက သံသရာမြေကွက်လပ်ထဲမှ ထွက်လာပြီးနောက် သေမင်းပင်လယ်နယ်မြေထဲတွင် ပေါ်လာသည်မှာ သူတို့၏ အထင်နှင့် ဆန့်ကျင်နေခဲ့သည်။ အကယ်၍ သူကသာ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော အနောက်ပိုင်း နယ်မြေထဲ၌ ပေါ်လာမည်ဆိုလျှင် သံသယများစွာ ပေါ်လာပါလိမ့်မည်။ သူ၏လုပ်ရပ်များက လူတိုင်းကို အတော်လေး အံ့သြသွားစေနိုင်၏။
သူကတော့ သေမင်းပင်လယ်ထဲသို့ ခြေချလိုက်သည်နှင့် ရက်အနည်းငယ်အတွင်း စုံစမ်းမေးမြန်းပြီး သုတ်သင်ရှင်းလင်းရန် ကြိုးစားရမည် ဖြစ်သည်။ ထို့ကြောင့် သူက သံသရာမြေကွက်လပ်ထဲတွင် (၃) လ လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ ထိုအရာကလည်း (၁၉) ရက် တိတိ ခရီးသွားလာခဲ့ရသည့် အဓိကအကြောင်းပြချက် ဖြစ်၏။
သူက တောင်ဘက်မှနေ၍ သဲမြန်မြို့သို့ လာခဲ့သော ခရီးလမ်းတစ်လျှောက်တွင် တစ်ရက်မျှ အနားယူခဲ့ခြင်း မရှိချေ။ ကျိလော်ကျူးကပင် ထိုကဲ့သို့ အလျင်အမြန် ပေါ်ခဲ့လိမ့်မည်ဟု ထင်ထားခဲ့မည် မဟုတ်ချေ။ သံသရာခရီးသွားတစ်ယောက်ဖြစ်သော ချူချမ်းနင်ကပင် ရုတ်တရက် သူပေါ်လာသည့်အတွက် အတော်လေး ထိတ်လန့်တုန်လှုပ်သွားခဲ့၏။
မုန့်ချီက ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။ အပြင်ဘက် အမှောင်ထဲတွင်တော့ သဲမုန်တိုင်းများ တိုက်ခိုက်နေသည်။ ဆူညံသံများလည်း ထွက်ပေါ်နေခဲ့၏။
"ကျွန်တော်က ဒီကို ကျိလော်ကျူးအတွက် ရောက်လာခဲ့တာ ။ ကျွန်တော်က အဲဒီမကောင်းဆိုးဝါးကို သတ်ဖို့ အနောက်မြောက်ဘက်ကို သွားတော့မယ်…"
Translated by Hein Htet