← Chapters

အခန်း (၅၀၆)

Vol. 34 Ch. 506

အခန်း (၅၀၆)

Vol. 34 Ch. 506

ကုန်သည်များက သေမင်းပင်လယ်ကန္တာရကို ဖြတ်သန်းသွားလာနေသည့်အချိန်တွင် ကုလားအုတ်များဆီမှ ခေါင်းလောင်းသံများ ကြားနေရသည်။ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်မည်ဆိုလျှင် အစိမ်းရောင် ကျိုးတိုးကျဲတဲသာ မြင်နေရသည့် ကန္တာရကြီးနှင့် ကွင်းပြင်ကြီးကိုသာ တွေ့နေရ၏။

မွန်းတည့်ချိန်ရောက်သည့်အချိန်တွင် နေမင်းကြီးက ခေါင်းပေါ်ကို တည့်တည့်ကျရောက်နေသည့်အတွက် အလွန်မြင့်မားသော အပူချိန်ကြောင့် သူတို့အားလုံးက မူးဝေနေကြသည်။

ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များကပင် ခန္ဓာကိုယ်ပေါ်၌ လောင်ကျွမ်းနေသည့် ခံစားချက်များကို ခံစားနေရပြီး ပါးစပ်ထဲတွင် ခြောက်ကပ်နေခဲ့သည်။ ကုလားအုတ်များကို ထိန်းကျောင်းနေသော သာမာန်လူများကတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ထို့ကြောင့် သူတို့က ကျောက်တုံးကြီး အနည်းငယ်၏ နောက်ကျောတွင် အရိပ်ခိုနေကြသည်။ ရေသောက်လိုက်ပြီးမှသာ တော်တော်များများ အဆင်ပြေလာပြီး စကားပြောဆိုနေကြ၏။

"မကောင်းဆိုးဝါးဓားက အသတ်ခံလိုက်ရပြီ။ သိပ်မကြာခင် ငါတို့ရဲ့ အလံတွေကို ပြောင်းရတော့မယ်ထင်တယ်…"

ကုန်သည်ခေါင်းဆောင်က သက်ပြင်းချလိုက်မိသည်။

သူတို့က မကောင်းဆိုးဝါးဓား၏ အကာအကွယ်ကို ရရှိရန်အတွက် ကုန်ပစ္စည်းပေါင်းများစွာကို ပေးထားရသည်။ ထိုသို့ဆိုလျှင် ဓားပြအဖွဲ့ကြီးများ၏ တိုက်ခိုက်မှုကို စိုးရိမ်နေရန် မလိုအပ်ပေ။ ဓားပြအဖွဲ့ငယ်များကိုတော့ သူတို့ကုန်သည်အဖွဲ့က ကိုယ်တိုင်ရင်ဆိုင်နိုင်ကြသည်။

သို့သော် အခြေအနေက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ကျိလော်ကျူးက တော်ဝင်အကြံပေး၏ ရဲတိုက်ထဲတွင် အသတ်ခံရလိမ့်မည်ဟု မည်သူကရော တွေးထားမိမည်နည်း။ ထိုသတင်းက သေမင်းပင်လယ်ကန္တာရထဲ၌ မပြန့်သေးခင် ဟယ်လာတွင် ရှိနေသော တားမြစ်မှုများ ပြီးဆုံးသွားသည်နှင့် သူတို့က အလျင်အမြန် ထွက်လာခဲ့ခြင်းဖြစ်သည်။ သူတို့က ထိုခရီးစဉ်ပြီးဆုံးသွားပြီးနောက် သူတို့၏အလံကို ပြောင်းလဲရန် လိုအပ်လာပါလိမ့်မည်။

ကုန်သည်အဖွဲ့၏ တစ်ခြားခေါင်းဆောင်တစ်ယောက်ကတော့ အလွန်အမင်း ဂရုစိုက်နေခြင်းမရှိချေ။

"မင်းက ဘာတွေကြောက်နေတာလဲ။ မကောင်းဆိုးဝါးဓား သေသွားမယ်ဆိုရင်တောင် ငိုကြွေးခြင်းအကြီးအကဲက အသက်ရှင်လျက် ရှိနေသေးတယ်။ သူက မကောင်းဆိုးဝါး တောင်ကြားကို တစ်ယောက်ယောက်ရဲ့လက်ထဲ သေချာပေါက် ပေးလိုက်မှာပဲလေ။ ဒါဆိုရင် ငါတို့ရဲ့အလံက အသုံးဝင်နေသေးတယ်…"

ထိုစကားကြောင့် ပထမပြောလိုက်သော ခေါင်းဆောင်က အနည်းငယ် စိတ်သက်သာရာရသွားပြီး မသက်မသာပြောလိုက်၏။

"သတ်ဖြတ်ရေးဓားက တကယ့်ကို ဒဏ္ဍာရီတစ်ယောက်လို့ ခေါ်ထိုက်တာပဲ။ သူက ရက်(၂၀) အတွင်း မိုင်ပေါင်း (၁၀၀၀၀) ကျော် ခရီးနှင်လာပြီး သေမင်းပင်လယ်ကန္တာရရဲ့ အလုံခြုံဆုံးနေရာလို့ ပြောလို့ရတဲ့ တော်ဝင်အကြံပေးရဲ့ ရဲတိုက်ထဲမှာ သူ့ကို ရှင်းပစ်လိုက်တယ်။ သူက လူငယ်မှတ်တမ်းရဲ့ နံပါတ် (၁) ဆိုတဲ့ နာမည်နဲ့ တကယ့်ကို ထိုက်တန်ခဲ့တာပဲ။ နောက်ထပ် နှစ်အနည်းငယ်ကြာရင် သူက မြေပြင်မှတ်တမ်းကို ရောက်သွားနိုင်တယ်…"

"အဲဒါတော့ အမှန်ပဲ။ သူက အဆင့်တက်ပြီး အဆင့်ကို တည်ငြိမ်အောင်တောင် မလုပ်ဘဲ သေမင်းပင်လယ်ကန္တာရထဲကို ရုတ်တရက် ရောက်လာပြီး တိုက်ခိုက်မယ်လို့ ဘယ်သူကရော တွေးထားမှာလဲ။ ကျိလော်ကျူး ကိုယ်တိုင်ကတောင် အဲဒါကို တွေးထားမှာ မဟုတ်ဘူး…"

"သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကမှ အဆင့်တက်တယ်လို့ ငါတို့ ကြားခဲ့တာ မဟုတ်လား။ ပြီးတော့ သတ်ဖြတ်ရေးဓားက လော့ရန်ကနေ မိုင်ပေါင်း (၁၀၀၀၀)လောက် အကွာအဝေးမှာ မကောင်းဆိုးဝါးဓားကို လာသတ်ခဲ့တယ်။ ဒါက အိမ်မက်တစ်ခုလိုပဲ…"

"ကောင်းကင်ကပ်ဘေး(၄)ကြိမ် ရင်ဆိုင်ခဲ့ရတဲ့သူတွေက အစကတည်းက အစွမ်းထက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်…"

ထိုအဖြစ်အပျက်က ဟယ်လာထဲတွင်တော့ ဟိုးလေးတကျော်ကျော် ဖြစ်နေသည်။ ကုန်သည်အားလုံးက မြင်းဓားပြများကိုလည်း သတိထားနေကြရင်း ထိုအရာကို ဆွေးနွေးနေကြသည်။

ထိုဆွေးနွေးမှုက ပြင်းထန်နေပြီး သူတို့ကိုယ်တိုင် တိုက်ခိုက်နေရသလို ခံစားနေရ၏။ သတ်ဖြတ်ရေးဓားက ကောင်းကင်ပေါ်မှ ကျဆင်းလာသော နတ်ဘုရားတစ်ပါးပမာ ဖြစ်နေပြီး ကျိလော်ကျူး၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး မထက်မှတ်ထားသည့် အချိန်တွင် သတ်ပစ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုဆွေးနွေးမှုကို လူတစ်ယောက်ကတော့ ပါဝင်ခဲ့ခြင်းမရှိချေ။ သူက ကျောက်တုံးတစ်တုံး၏ အောက်တွင် ထိုင်နေပြီး သူ့ပုံစံက တည်ငြိမ်သော်လည်း တိတ်တဆိတ် ကျေနပ်နေပုံရ၏။

ထိုအရာက ကန္တာရတေလေတစ်ယောက်ကဲ့သို့ ဟန်ဆောင်ထားသော မုန့်ချီကိုယ်တိုင်ပင် ဖြစ်သည်။ သူ့ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ထားပြီး သူ့ပုံစံက သတ်ဖြတ်ရေးဓားနှင့် ကွဲပြားသည့် မျက်နှာပုံသဏ္ဍန်မျိုးဖြစ်သည်။

သူက မကောင်းဆိုးဝါးသုတ်သင်ရေးဓားကို သတ်ဖြတ်ရန်အတွက် သတ်ဖြတ်ရေးဓားဟူသော အဆင့်အတန်းကို အသုံးပြု၍ မရနိုင်ချေ။ မုန့်ချီက သေမင်းပင်လယ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည့်အတွက် သူ၏ ကောင်းကင်ဘိုးဘေး အဆင့်အတန်းကိုလည်း အသုံးပြုရန် မသင့်တော်သေးပေ။

သူက နေလုံးကြီးကို မော့ကြည့်လိုက်ပြီး လက်ရှိတည်နေရာကို တွက်ချက် ကြည့်လိုက်သည်။ သူက ပိုမီနှင့် သိပ်မဝေးတော့ကြောင်း နားလည်သွားခဲ့၏။

လူတိုင်းက စကားပြောနေကြသည့်အချိန်တွင် ကန္တာရတေလေပေါင်းများစွာက ကျောက်တုံးများကို လှည့်ကြည့်မိကြသည်။ သူတို့က ထိုလူကို မြင်လိုက်ရသည့် အချိန်တွင် သူတို့၏ခန္ဓာကိုယ်ပေါ်၌ နေရောင်ခြည်များ ကျရောက်လာသည်ကို ခံစားလိုက်ရ၏။ သူတို့က နောက်တစ်ကြိမ် ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် ကျောက်တုံးကို ကျောမှီထားသောလူက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ထိုနေရာတွင် နေရောင်ခြည်ကလွဲလျှင် မည်သည့်အရာမျှ မရှိခဲ့ပေ။

နေရောင်အောက်တွင် ရှိနေသော အကာအကွယ်ထဲမှ ထွက်လာပြီး သေမင်းပင်လယ် ကန္တာရထဲတွင် မိုင်ပေါင်း (၁၀၀) ကျော် သွားလာခဲ့ပြီးနောက် မုန့်ချီက ရပ်လိုက်ပြီး မြေအောက်ထဲတွင် ပုန်းအောင်းနေသည့် နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။ သူက ထိုနေရာတွင် ပုန်းနေခဲ့၏။ မြေအောက်ရေများ၏ အသံကို နားထောင်ပြီး သူရရှိထားခဲ့သော ပစ္စည်းများကို ထုတ်လိုက်သည်။

ယခုမုန့်ချီက ဟယ်လာတွင် ဆက်နေသည်မှာ အကြောင်းအရင်းတစ်ခု ရှိ၏။ သူက ငိုကြွေးခြင်းအကြီးအကဲကို ရှုပ်ထွေးသွားအောင် လုပ်ဆောင်လိုခြင်းဖြစ်သည်။ ငိုကြွေးခြင်းအကြီးအကဲက သူ ရှိနေသောနေရာကို သတိထားမိလိမ့်မည် မဟုတ်ချေ။ ထို့ပြင် သူက ကျိလော်ကျူး၏ ငရဲမကောင်းဆိုးဝါးမျက်လုံး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့်အတွက် သူ၏ပင်မဝိညာဉ်က ယင်ချီစွမ်းအင်များကြောင့် ထိခိုက်သွားခဲ့ရသည်။

သူ့ဒဏ်ရာက ပြင်းထန်သည့်အတွက် အနားယူပြီး လေ့ကျင့်ရန် လိုအပ်၏။ ရက် (၂၀) ကြာပြီးမှသာ လုံးဝပြန်ကောင်းလာပါလိမ့်မည်။ အကယ်၍ သူ့ဆီ၌ ခေါင်း(၂) လုံး လက်(၄) ဖက်မရှိလျှင် သို့မဟုတ် တစ်ခြားသော ခေါင်းတစ်ခုကသာ သူ့ကိုယ်စား တိုက်ခိုက်မှုကို ခုခံမပေးခဲ့လျှင် သူက ကျိလော်ကျူး၏ တိုက်ခိုက်မှုကြောင့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားနိုင်ပြီး လွတ်မြောက်ရန် လုံးဝမဖြစ်နိုင်ပေ။

သူက ဟယ်လာတွင် ဆက်နေခဲ့သည်မှာ ကျိလော်ကျူး၏ အနက်ရောင်အိတ်ထဲတွင် ရှိနေသော ပစ္စည်းများကို ငိုကြွေးခြင်းအကြီးအကဲက သတိထားမိမှာ စိုးရိမ်နေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူက ယနေ့အချိန်အထိ သည်းခံနေခဲ့ခြင်း ဖြစ်၏။

အကျိုးအမြတ် အများဆုံးအရာကတော့ ကျိလော်ကျူး၏ မကောင်းဆိုးဝါးဓားဖြစ်သည်။ ထိုဓားက ရှည်ရှည်မျောမျောနှင့် ထူးဆန်းသော အနက်ရောင်ဓားတစ်ချောင်း ဖြစ်၏။ အနီးကပ်နားထောင်ကြည့်လိုက်မည်ဆိုလျှင် ဓားအတွင်းပိုင်းထဲမှနေ၍ နာနာကျင်ကျင် ငိုကြွေးသံများကို ကြားရနိုင်သည်။ သို့သော် နေလုံးကြီးနှင့် ကောင်းကင်မိုးကြိုး၏ တိုက်ခိုက်မှုကြောင့် မျက်နှာပြင်ပေါ်တွင် ထိခိုက်မှုများ ဖြစ်ပေါ်လာပြီး အကျိုးသက်ရောက်မှုများ ဆုံးရှုံးသွားခဲ့ရ၏။

မကောင်းဆိုဝါးဓားကို ခဏကြာ စစ်ဆေးကြည့်လိုက်ပြီးနောက် သူ၏ လေဟာနယ်လက်စွပ်ထဲသို့ သိမ်းလိုက်ပြီး အနက်ရောင်အိတ်ကို ထုတ်ပြီး ဖွင့်ကြည့်လိုက်သည်။ ထိုအချိန်တွင် အလွန်တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့၏။

မုန့်ချီ၏ နေမီးတောက် ချီစွမ်းအင်များက ပတ်ဝန်းကျင်တွင် ရွှေရောင်အလင်းတန်း တစ်ခုသဖွယ် တောက်ပနေခြင်းကြောင့်သာ မဟုတ်လျှင် ထိုထူးဆန်းသော အလင်းရောင်များကို မိုင်ပေါင်းများစွာအကွာမှပင် မြင်တွေ့ရနိုင်သည်။

"ဒီအိတ်ကို လေဟာနယ်တစ်ဝက် ပေါင်းစပ်ဖန်တီးထားတယ် ထင်တယ်…"

အိတ်ထဲတွင် ပါဝင်နေသော ပစ္စည်းများက သူထင်ထားသည်ထက် ကျော်လွန်နေကြောင်း မြင်လိုက်ရသည့်အခါ မုန့်ချီက အတွေးနှင့် ခေါင်းညိတ်၍ ပြောလိုက်သည်။

သူ့မျက်လုံးများက အလွန်ထက်မြက်သည့်အတွက် ချက်ချင်းပင် အစွမ်းထက်ပြီး ထူးဆန်းသည့် ပစ္စည်း (၂) ခုကို တွေ့လိုက်ရသည်။ တစ်ခုကတော့ အစိမ်းရင့်ရောင် ကျောက်တုံးတစ်တုံးဖြစ်ပြီး လူသားမျက်နှာတစ်ခု ထွင်းထုထားသည်။ ထိုမျက်နှာက ကြောက်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်၍ ငရဲကြီး(၉) ထပ်ကို ဖော်ပြထားသလို ထင်ရသည်။

တစ်ခြားတစ်ခုကတော့ အညိုရောင်သစ်သားနှင့် ဖန်တီးထားသော ပုတီးတစ်ကုံးဖြစ်ပြီး စုစုပေါင်း ပုတီးစေ့ (၉) လုံး ရှိသည်။ (၇) လုံးကတော့ အလင်းရောင်များ ပျောက်ဆုံးနေပြီး မည်းမှောင်နေခဲ့သည်။ ကျန်ရှိနေသော ပုတီးစေ့ (၂) လုံးထဲတွင် တစ်လုံးက ရွှေရောင်တောက်ပနေပြီး တစ်လုံးက ကြယ်အလင်းရောင်အနည်းငယ် ထွက်ပေါ်လာနေသော အညိုရင့်ရောင်ဖြစ်သည်။

"ဒါက လျှို့ဝှက်ရတနာတစ်ခုပဲ…"

မုန့်ချီက လူသစ်တစ်ယောက် မဟုတ်တော့ပေ။ သူက ဗဟုသုတပြည့်စုံပြီး အလွန်တိကျသော ဆုံးဖြတ်နိုင်စွမ်းရှိသည်။ သူ၏ကိုယ်ပိုင်ကမ္ဘာကြီးထဲတွင် ရှိနေသော လျှို့ဝှက်ရတနာများက နတ်ဘုရားကမ္ဘာကြီးကဲ့သို့ အံ့သြစရာမကောင်းလှပေ။ သူတို့ကတော့ နတ်ဘုရားလက်နက်များ၏ အငွေ့အသက်ကို ခွဲခြားပြီး ဖန်တီးထားသည့် ခုခံရေး၊ ကာကွယ်ရေးပစ္စည်းအများစုသာ ဖြစ်ကြသည်။

ထိုအရာများကို ခဏကြာ ဂရုတစိုက် လေ့လာခဲ့ပြီးနောက် မုန့်ချီက ထိုလျှို့ဝှက်ရတနာ(၂)ခု၏ စွမ်းရည်များကို အကြမ်းဖျင်း သုံးသပ်နိုင်ခဲ့သည်။ တစ္ဆေကျောက်တုံးကတော့ ငရဲလက်ဝါး(၁၈)ချက်တွင် ရှိနေသော သိုင်းကွက် (၁)ကွက်နှင့် ဖန်တီးထားပြီး ငရဲဝိညာဉ်များနှင့် ရတနာများကို ပေါင်းစပ်ဖန်တီး၍ တိုက်ခိုက်မှုအတွက် အသုံးပြုနိုင်သည်။

သူ၏ အငွေ့အသက်ကို စစ်ဆေးကြည့်လိုက်မည်ဆိုလျှင် အနည်းဆုံး ကောင်းကင်(၄)သွယ် ဝေ့ကျင်းအဆင့်အတန်းမျိုး ရှိနိုင်၏။ ထိုအရာက ပထမကောင်းကင်လှေကားထက်ပင် ပို၍ အစွမ်းထက်နိုင်သေးသည်။

"ငါက အလစ်ချောင်းတိုက်ခိုက်ပြီး ကျိလော်ကျူးကို နားဖို့ အခွင့်အရေးမပေးခဲ့တာ ကံကောင်းသွားတယ်။ မဟုတ်ရင် ဒီရတနာကိုသာ သုံးလိုက်တာနဲ့ ငါက အသက်လုပြီး ထွက်ပြေးရမှာ…"

မုန့်ချီက သူ၏အစီအစဉ်အတွက် အလွန်ကျေနပ်နေခဲ့သည်။ ထိုပုတီးစေ့ထဲတွင်တော့ ဗုဒ္ဓ၏အငွေ့အသက်များ ပါဝင်နေပြီး ဗုဒ္ဓလက်ဝါးကို ကျွမ်းကျင်ထားသော မုန့်ချီကဲ့သို့ ဘုန်းကြီးတစ်ဝက် ပညာရှင်တစ်ယောက်အတွက်တော့ ထိုအရာကို အသုံးပြုရန် အခက်အခဲ မရှိချေ။

ထိုပုတီးစေ့ (၉) လုံးက လျှို့ဝှက်ရတနာ(၉)ခု ဖြစ်ကြောင်း အတည်ပြုနိုင်သည်။ ကျိလော်ကျူးက ထိုအရာကို အစွမ်းထက် ဘုန်းတော်ကြီးတစ်ပါးဆီမှ ရရှိခဲ့ခြင်းဖြစ်သည်။ ပုတီးစေ့ (၇) လုံးကိုတော့ သုံးပြီးသွားပြီဖြစ်၏။ နောက်ဆုံး(၂)ခုကတော့ အကာအကွယ် အလင်းတန်းနှင့် မုန့်ချီ လိုချင်နေခဲ့သော စိတ်ဝိညာဉ်ဆက်သွယ်ရေး ပုတီး စေ့ ဖြစ်သည်။

မှော်ဆန်သောစွမ်းရည်များက ပထမကောင်းကင်လှေကားကို ရောက်ရှိနေရန် လိုအပ်သည်။ မဟုတ်လျှင် ကောင်းကင်ကပ်ဘေး(၄)ကြိမ် ရင်ဆိုင်ခဲ့ရသော မုန့်ချီက ထိုအရာများကို လေ့ကျင့်ပြီးသွားပြီဖြစ်၏။

“သူတို့ရဲ့

အငွေ့အသက်ကို စစ်ဆေးကြည့်လိုက်မယ်ဆိုလျှင် ဒီပုတီးစေ့(၂) လုံးက တတိယကောင်းကင် ဝေ့ကျင်းအဆင့် အစွမ်းထက်တော့ကျော်မှာ မဟုတ်ဘူး..” မုန့်ချီက ပြုံးလိုက်မိသည်။ သူက ထိုပုတီးစေ့များကို သဘောကျနေ၏။

ကျိလော်ကျူးက သေမင်းပင်လယ်ကန္တာရတွင် နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သော မြစ်ဓားပြများ၏ ခေါင်းဆောင်ဟု အမှန်တကယ်ခေါ်ထိုက်သည်။ မုန့်ချီအတွက်တော့ အလွန်တရာမှ ကံကောင်းလွန်းလှခြင်းဖြစ်သည်။

လက်ထဲတွင် လျှို့ဝှက်ရတနာ (၂)ခု ရှိနေသည့်အတွက် အပူအပင်မဲ့ တောင်ကြားကို သွားရောက်ရှာဖွေရန် ပို၍ယုံကြည်ချက် ရှိလာခဲ့သည်။ ထိုအရာများအပြင် တစ်ခြားပစ္စည်းများကလည်း အလွန်ထူးခြား၏။

သူတို့ကတော့ တောက်ပသော ရွှေရောင်နေကျောက်တုံးများ၊ ကြယ်ကြွေဗဟို၊ ကျယ်ပြန့်မြေသား၊ ရွှေသဲအဆီအနှစ်၊ သန့်စင်ရွှေဖြူနှင့် ငရဲသံတို့ ဖြစ်ကြသည်။ သူတို့အားလုံးက ဆန်းကြယ်တွင်းထွက်ပစ္စည်းများဖြစ်ပြီး လေ့ကျင့်ရာတွင် အသုံးပြုနိုင်သည်။

အထူးသဖြင့် နေကျောက်တုံးနှင့် ကျယ်ပြန့်မြေသားတို့ ဖြစ်ကြ၏။ သူတို့ကို ချီစွမ်းအင်များနှင့် လှုံ့ဆော်ပြီးသွားလျှင် မုန့်ချီက ဗာရိုဓားသိုင်းပညာ၊ တည်ငြိမ်ခြင်းတံဆိပ်နှင့် ပုံရိပ်ယောင်ကျောက်စိမ်း ဓားသိုင်းပညာတို့ကို အထွဋ်အထိပ်ရောက်အောင် လေ့ကျင့်နိုင်သည့်အတွက် အချိန်က အတော်လေး သက်သာသွားနိုင်၏။

မုန့်ချီက တွက်ချက်ကြည့်လိုက်ပြီး ထိုတွင်းထွက်ပစ္စည်းများက ကံကြမ္မာအမှတ် (၁)သောင်းခန့် တန်ကြေးရှိကြောင်း ခံစားလိုက်မိသည်။ ထိုအရာက သူ၏ လေ့ကျင့်မှုကို ကူညီပေးနိုင်ပြီး ခန္ဓာကိုယ်အခြေအနေကို အမီလိုက်နိုင်သည်။ ထိုသို့ဆိုလျှင် သူက ဝေ့ကျင်းအဆင့် ပင်မဝိညာဉ်ကလည်း နှေးကွေးနေခြင်း မရှိနိုင်တော့ပေ။

"သေမင်းပင်လယ်ကန္တာရထဲမှာ နှစ်ပေါင်းများစွာ အုပ်စိုးနေတဲ့ မြင်းဓားပြတစ်ယောက်ရဲ့ အကျိုးအမြတ်က တော်တော်များတာပဲ…"

မုန့်ချီကတော့ ကျိလော်ကျူးကို ချီးကျူးလိုက်မိသည်။ သူကတော့ ပထမဆုံး လက်တုန့်ပြန်ရန် ရွေးချယ်ခဲ့သည်မှာ အတော်လေး မှန်ကန်သွားခဲ့၏။

ထိုတွင်းထွက်ပစ္စည်းများကို လေဟာနယ်လက်စွပ်ထဲသို ပြောင်းလဲလိုက်ပြီးနောက် မုန့်ချီက အတွင်းထဲတွင် မထင်မရှား ပစ္စည်းလေး (၂)ခုကို တွေ့လိုက်ရသည်။ တစ်ခုကတော့ ရွှေမဟုတ် သစ်သားမဟုတ်သော တံဆိပ်ပြားလေးတစ်ခုဖြစ်ပြီး တံဆိပ်ပြားပေါ်တွင် ရှေးဟောင်းစကားလုံးများ ရေးသားထားသည်။

"မြင်တဲ့အချိန်ကျရင် ဖွင့်ကြည့်ပါ…"

တစ်ခြားအရာကတော့ ရင်းနှီးသော ပုံသဏ္ဍန်ရှိနေသည့် ကြေးသော့ တစ်ချောင်းဖြစ်သည်။

"ငါက ဒါကို တစ်နေရာမှာ မြင်ဖူးတယ် …"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့၏။

သူက လေဟာနယ်လက်စွပ်ထဲမှ ကြေးနီသော့တစ်တွဲကို ထုတ်ယူလိုက်သည်။ ထိုအရာက အန်ကုံရှဲ့ဆီမှ မုန့်ချီ ရခဲ့သောသော့လည်း ဖြစ်သည်။ ထိုအရာက အန်ကုံရှဲ့ ပိုင်ဆိုင်ထားသော ပစ္စည်းများကို သိမ်းထားသည့်နေရာ၏ သော့ဖြစ်မည်ဟု ကူချန်းချင်က သံသယဝင်ခဲ့မိသည်။

သို့သော် ထိုသော့များ၏ ပုံသဏ္ဍန်ကို ဖယ်ရှားလိုက်မည်ဆိုလျှင်ပင် ထိုအရာက အိုအေစစ်ထဲတွင် ရှိနေသည်ဟူသော သဲလွန်စတစ်ခုကိုသာ ပေးနိုင်သည်။ တစ်ခြားမည်သည့်သဲလွန်စမျှ မတွေ့ရပေ။ မုန့်ချီကတော့ ထိုတည်နေရာကို ရှာဖွေရန် အချိန်မလုံလောက်ပေ။

သေချာစစ်ဆေးလိုက်ပြီးနောက် မုန့်ချီက ထိုသော့တွဲထဲမှ သော့တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ကျိလော်ကျူး၏ သော့အနားတွင် ချထားလိုက်သည်။ ထိုသော့များ၏ ရှေ့ဘက်တွင် ကြွက်တစ်ကောင် ကိုက်ထားသလို ဖြစ်နေ၏။ သို့သော် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင် သူတို့က တစ်ထပ်တည်း ဖြစ်သည်။

"တစ်ပုံစံတည်းပါလား။ ဒီသော့တွေက တံခါးတစ်ချပ်တည်းကို ဖွင့်ရတဲ့သော့တွေပဲ…."

ထိုသော့က အနည်းငယ် ထူးဆန်းနေကြောင်း မုန့်ချီက ခံစားလိုက်မိသည်။ ကျိလော်ကျူးဆီတွင် တစ်ချောင်းရှိပြီး အန်ကုန်ရှဲ့ဆီတွင် တစ်ချောင်းရှိသည်။ ထိုအရာက သော့များနှင့် ဖွင့်နိုင်သော တံခါး၏ ထူးခြားသောအခြေအနေကို ပြသနေ၏။

"တစ်ခြားသော့တွေကိုတော့ ချူချမ်းနင်ဆီမှာ ရောင်းလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ ရှာဖို့အချိန်မရှိမှတော့ ငါက အချက်အလက်တွေပဲ ရောင်းရတော့မှာပေါ့။ ဒါတွေကလည်း ကျောက်မျက်ရတနာတွေလို စဉ်းစားနိုင်တယ်။ ကံကြမ္မာအမှတ်နဲ့လည်း လဲလို့မရဘူး။ ဒါပေမဲ့လည်း ငါက ဒီသော့(၂) ချောင်းကိုတော့ သိမ်းထားပြီး ဒီသော့ရှိနေနိုင်တဲ့ အိုအေစစ်ကို ရှာရမယ်…"

မုန့်ချီက လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ပြီး ပစ္စည်းများကို သိမ်းလိုက်သည်။

ပိုမီဟူသည်မှာ သေမင်းပင်လယ်ကန္တာရထဲတွင် အလွန်ကျယ်ပြန့်သော အိုအေစစ်တစ်ခုဖြစ်ပြီး အစွမ်းထက်သော တိုင်းပြည်တစ်ခု၏ မြို့တော်လည်း ဖြစ်ခဲ့သည်။ သို့သော် လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀) ကျော်တွင် တစ်ညအတွင်း လေထဲတွင် အနီရင့်ရောင်မြူခိုးများ ပေါ်လာပြီး ပိုမီတိုင်းပြည်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။

မည်သူကမျှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိဘဲ ကမ္ဘာမြေကြီး၏ကပ်ဘေးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူတို့အားလုံး ပျောက်ကွယ်သွားခဲ့ရသည်။ ထိုအချိန်တည်းက အနောက်ပိုင်းနယ်မြေထဲတွင် ကောလာဟလများစွာ ပျံ့နှံ့နေခဲ့၏။

ပိုမီတိုင်းပြည်က ရှေးဟောင်းအုတ်ဂူတစ်ချို့ကို ရှာတွေ့ခဲ့ပြီး တိတ်တဆိတ် တူးဖော်ခဲ့သည်ဟု တစ်ချို့က ပြောကြသည်။ သို့သော် သူတို့က ငရဲကြီး(၉)ထပ်သို့ ဦးတည်နေသော လမ်းကြောင်းတစ်ခုကို တူးမိခဲ့သည့်အတွက် မကောင်းဆိုးဝါး ဝိညာဉ်များထွက်လာပြီး လေထဲတွင် ငရဲရေများ ပြည့်နှက်နေသည်ဟု ပြောကြသည်။

တစ်ချို့ကတော့ ပိုမီတိုင်းပြည်၏ အောက်ဘက်တွင် ကြောက်စရာကောင်းသော မကောင်းဆိုးဝါးများ ရှိနေပြီး တံဆိပ်ကို မတော်တဆ ဖျက်စီးလိုက်မိသည့်အတွက် ကမ္ဘာမြေအပေါ် သူတို့၏အစွမ်းများ ထွက်လာသည်ဟု ဆိုကြသည်။

မည်သို့ပင်ဖြစ်စေကာမူ ကောလာဟလမျိုးစုံ ရှိနေပြီး ဓမ္မကာရအဆင့် ပညာရှင်များက လာရောက်ရှာဖွေကြသည်။ သို့သော် မည်သူကမျှ အောင်အောင်မြင်မြင် ပြန်ထွက်လာနိုင်ခြင်း မရှိချေ။

အတွင်းထဲတွင် ရှိနေသော အနီရင့်ရောင်မြူခိုးများက စိတ်ဝိညာဉ်အာရုံခံခြင်းကို တားမြစ်နိုင်ပြီး အာရုံများ အားလုံးကို ပျောက်ကွယ်စေနိုင်သည်။ အမြင်အာရုံကိုလည်း ဝေဝါးသွားစေနိုင်၏။

မြေအောက်ထဲတွင်တော့ အလွန်နက်ရှိုင်းသော ချောက်ကြီးများ ရှိနေပြီး ရှုပ်ထွေးသည့် မြေမျက်နှာသွင်ပြင် အခြေအနေ ရှိနေသည့်အပြင် တစ္ဆေ၊ သရဲများလည်း လွှမ်းမိုးနေခဲ့သည်။ ထို့ကြောင့် ထိုနေရာက လူဆိုးများ၊ ဓားပြများ ပုန်းအောင်းနေရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာခဲ့၏။

ထိုအရာက သေမင်းပင်လယ်ထဲတွင် အန္တရာယ်အများဆုံးနေရာတစ်ခုလည်း ဖြစ်လာသည်။ ရှေ့ဘက်တွင် ရှိနေသော အနီရောင်မြူခိုးများက ရပ်တန့်နေပြီး အစွမ်းထက်သော လေလှိုင်းများက မည်မျှတိုက်ခိုက်စေကာမူ မကောင်းဆိုးဝါးကြီးတစ်ကောင်က ဝါးမြိုနေသကဲ့သို့ သဲမုန်တိုင်းများကို ဝါးမြိုနေခဲ့သည်။

မုန့်ချီက ကြောက်စရာကောင်းသော အနီရောင်မြူခိုးများကို ကြည့်ပြီး ပင့်သက်ရှိုက်လိုက်မိ၏။ သူက ခါးတွင် ချိတ်ထားသော ဓားကိုကိုင်ပြီး အတွင်းထဲသို့ ဝင်လာခဲ့သည်။ အလွန်အေးစက်သော အငွေ့အသက်များက သူ၏ နှာခေါင်းနှင့် ပါးစပ်တံခါးမှနေ၍ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်လာခဲ့သော်လည်း ပူလောင်ပြီး ခြောက်ကပ်သည့်ခံစားမှုက ပျောက်ကွယ်သွားခဲ့ခြင်း မရှိချေ။

ထို့ကြောင့်သူက အသက်ရှူရန် ခက်ခဲလာခဲ့၏။ သူ၏မျက်လုံးများက လောင်ကျွမ်းနေပြီး လက်မ(၂၀) ခန့် အကွာကိုပင် မြင်တွေ့နိုင်ခြင်း မရှိချေ။ သူ၏ နား(၂) ဖက်က လှုပ်ရှားနေသော်လည်း အနီးအနားတွင် ရှိနေသော အသံများက ပျောက်ကွယ်နေခဲ့၏။

ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်သည့်အချိန်တွင် အနီရောင်မြူခိုးများကိုသာ မြင်တွေ့ရပြီး နေ၊လ၊ ကြယ်နှင့် တိမ်တိုက်များကို မမြင်ရပေ။ မုန့်ချီကတော့ ဦးတည်ချက် ပျောက်ကွယ်နေခဲ့၏။ သူက ရှေ့ကို ဖြည်းညင်းစွာ လျှောက်သွားနေပြီး အချက်ပြမှုတစ်ခုကို စောင့်နေခဲ့၏။

အင်မော်တယ်များ သူ့ကိုပေးခဲ့သော အချက်အလက်များထဲတွင် ပိုမီ၏ တိကျသော အချက်အလက်များနှင့် အတွင်းထဲတွင် ဆက်သွယ်ရမည့် တစ်ဦးတစ်ယောက်ချင်းဆီ၏ အကြောင်းများ ပါဝင်နေခဲ့သည်။ ထို့ကြောင့် သူက မကောင်းဆိုးဝါးသုတ်သင်ရေးဓား ရန်ကျန်းချန်ကို ရှာဖွေရန် ပို၍ လွယ်ကူနိုင်သည်။

နာရီဝက်ခန့်ကြာပြီးနောက် အနက်ရောင်ချပ်ဝတ်အင်္ကျီနှင့် အဖြူရောင်ဝတ်စုံ ဝတ်ထားသော အဖွဲ့တစ်ဖွဲ့က အနီရောင်မြူခိုးများထဲမှ ထွက်လာခဲ့သည်။ သူတို့၏ မျက်လုံးများက မီးဝင်းဝင်းတောက်ပနေပြီး အရေပြားက ညှိုးခြောက်နေခဲ့၏။ သူတို့၏ ခန္ဓာကိုယ် နေရာအတော်များများတွင် ပုပ်ပွနေသည့်အတွက် သူတို့အားလုံးက သေဆုံးထားကြောင်း သိသာသည်။

မုန့်ချီက ပင့်သက်ရှိုက်လိုက်ပြီး လှုပ်ရှားခဲ့ခြင်း မရှိချေ။ သူကတော့ သူတို့ရောက်လာသော နေရာကိုသာ စစ်ဆေးကြည့်နေခဲ့၏။

"ဘူ..."

ထိုအဖွဲ့က ရှေ့ကို ဖြည်းညင်းစွာ လျှောက်လာနေသည့်အချိန်တွင် ခရာသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာပြီး ထိုခရာသံကလွဲလျှင် သံချပ်ဝတ်အသံများပင် မကြားရပေ။

ထိုအဖွဲ့က အနီရောင်မြူခိုးများ၏ တစ်ခြားတစ်ဖက်ကို ဝင်သွားခဲ့သည့်အချိန်မှသာ မသက်မသာ ခံစားရသည့်အရာများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိပြီး ထိုအဖွဲ့ ထွက်လာသည့်ဘက်ကို လှည့်ကြည့်လိုက်၏။

ဓမ္မကာရအဆင့် ပညာရှင်များကလွဲလျှင် ထိုအရာက ပိုမီတွင် ရှိနေသော ဦးတည်ချက်ကို ဆုံးဖြတ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်သည်။ ထိုငရဲရဲမက်များက အရှေ့ဘက်မှ အနောက်ဘက်ကို ကင်းလှည့်နေကြခြင်းဖြစ်၏။ ထိုငရဲဝိညာဉ်များက ပိုမီတွင် မူလနေထိုင်သူများဟုလည်း ဆိုကြသည်။

Translated by Hein Htet

All Chapters