← Chapters

အခန်း (၅၀၇)

Vol. 34 Ch. 507

အခန်း (၅၀၇)

Vol. 34 Ch. 507

အစပထမတွင် ဓမ္မကာရအဆင့်ပညာရှင်များကလွဲလျှင် အခြားပညာရှင်များကတော့ ပိုမီထဲ၌ သွားလာနေသည့်အချိန်တွင် ကံတရားကိုသာ အားကိုးခဲ့ရသည်။ သူတို့က တောင်ကြားများ၊ ချိုင့်ဝှမ်းကြီးများကို ဖြတ်သန်းရခြင်းရှိ၊မရှိ သေချာမသိနိုင်ကြသလို မည်သို့ပြန်ထွက်ရမည်ကိုလည်း မသိကြပေ။

သူတို့က အရပ်မျက်နှာဦးတည်ချက်မရှိဘဲ လုံးဝကို ပျောက်ဆုံးနေခဲ့၏။ သို့သော် နောက်ပိုင်းတွင်တော့ ဓမ္မကာရအဆင့် ပညာရှင်များ၏ လမ်းညွှန်မှုနှင့် သူတို့က နေ့စဉ်နေ့တိုင်း လမ်းကြောင်းများစွာကို အသုံးပြုနေသော ငရဲရဲမက်များကို တွေ့ရှိသွားခဲ့ကြသည်။

မနက်ခင်းအစောပိုင်းတွင် သူတို့က အရှေ့ဘက်မှ အနောက်ဘက်သို့ အတည့်အတိုင်းသွားလာကြပြီး မည်သူကမျှသူတို့ပြန်လာခြင်းကို မတွေ့ခဲ့ကြပေ။ ထိုအရာက ငရဲကြီး(၉)ထပ်မှ ထွက်ပေါ်လာသော အက်ကွဲကြောင်းများကို တူးဖော်ထားသည့် သက်သေများ ဖြစ်ကောင်းဖြစ်နိုင်သည်။

ငရဲရဲမက်များက အနောက်ဘက်သို့ ဆက်တိုက် ကင်းလှည့်သွားပြီး အက်ကွဲကြောင်းကြီးထဲကို ဝင်ရောက်သွားခဲ့သည်။ ထို့နောက် အက်ကွဲကြောင်း၏ တခြားတစ်ဖက်မှ ပြန်ထွက်လာခဲ့၏။ ထိုနည်းလမ်းနှင့် သူတို့က တစ်ပတ်လည်နေပြီး နောက်တစ်ကြိမ် ပြန်လည်စတင်တတ်ကြသည်။

မုန့်ချီက ညာဘက်လက်ထဲတွင် ဓားလက်ကိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့ပြီး ရုတ်တရက် တိုက်ခိုက်လာမည့် အခြေအနေမှ အချိန်မရွေး ကာကွယ်နိုင်ရန် ပြင်ဆင်ထားသည်။ သူက တည်ငြိမ်နေပြီး သူ၏ပင်မဝိညာဉ်ကို အာရုံစိုက်နေခဲ့၏။

သူကတော့ အတည့်အတိုင်း လျှောက်သွားရန်သာ သတိထားနေခဲ့သည်။ ဓားအိမ်ထဲတွင် ရှိနေသော ရေလှိုင်းမီးတောက်ဓားကတော့ အေးစက်နေသေး၏။ ရေလှိုင်းမီးတောက်ဓားက မမြင်ရသော နေလုံးတစ်လုံးကဲ့သို့ သူ၏မြင့်မားသောအပူရှိန်ကို ထိန်းသိမ်းထားပြီး သူ၏မီးတောက်များကဓားသွားတစ်ခုကဲ့သို့သာ ဖြစ်နေခဲ့သည်။

အကယ်၍ ထိုအရာများကိုသာ ပြည့်ပြည့်ဝဝ ထုတ်လွှတ်လိုက်မည်ဆိုလျှင် ကျောက်တုံးများ၊ သတ္တုများက အရည်ပျော်သွားနိုင်၏။ ကျိလော်ကျူး၏ သွေးများကို စုပ်ယူလိုက်ပြီးနောက် ရေလှိုင်းမီးတောက်ဓားက တစ်နေ့ချင်းဆီ ထိပ်တန်းအဖိုးတန်လက်နက်အဖြစ် တဖြည်းဖြည်း နီးကပ်လာနေခဲ့၏။ သိပ်မကြာခင် အဆင့်တက်‌တော့မည့်ပုံပေါ်သည်။ထိုအရာက ကံကြမ္မာအမှတ် မြောက်မြားစွာ ကုန်ဆုံးရခြင်း မရှိသော်လည်း သူ၏အရည်အသွေးက သိသိသာသာမြင့်တက်သွားခဲ့၏။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကိုတော့ အလွန်အေးစက်ပြီး စိုစွတ်နေသော အနီရင့်ရောင်မြူခိုးများက လွှမ်းခြုံထားသည်။ သူက တစ်ကိုယ်လုံး စိုရွှဲနေသော အဝတ်အစားကို ဝတ်ဆင်ထားသလို ဖြစ်နေခဲ့၏။ မုန့်ချီက ရှေ့ကို လျှောက်သွားနေပြီး စိတ်ထဲတွင် အချိန်ကို တိတ်တဆိတ် ရေတွက်ကြည့်နေခဲ့သည်။

တစ်နာရီနီးပါး ကြာပြီးနောက် သူက ကျောက်ခဲတစ်ခုကို တမင်တကာ လှမ်းကန်လိုက်၏။ ထိုကျောက်ခဲက ရှေ့ကို လိမ့်သွားပြီး သိပ်မကြာခင် အနိမ့်ပိုင်းသို့ ကျသွားသည့်အလား တိုက်မိသည့်အသံများ ထွက်ပေါ်လာသည်။ သူ့ရှေ့တွင် ချောက်တစ်ခု ရှိနေကြောင်း ပြသနေ၏။

ကျသွားသော ကျောက်ခဲ၏အသံက ဆက်လက်ထွက်ပေါ်နေပြီး တဖြည်းဖြည်းနှင့် တိတ်ဆိတ်သွားခဲ့သည်။ ကြည့်ရသည်မှာ ထိုအရာက အောက်‌ခြေကို ကျသွားမည့်ပုံမရှိချေ။

မုန့်ချီ၏ ခေါင်းထဲတွင်တော့ ပုံရိပ်တစ်ခုပေါ်လာခဲ့၏။ မြောက်ဘက်မှ တောင်ဘက်သို့ ဖြတ်သွားသော အဆုံးမဲ့ချောက်ကြီးတစ်ခု ရှိသည်။ ထိုချောက်ကြီးထဲတွင် သွေးရောင်မြူခိုးများနှင့် ပြည့်နှက်နေခဲ့၏။ မုန့်ချီက ထိုချောက်ကြီးကို မြင်လိုက်ရသည့် အချိန်တွင် ရှေ့ကို ဆက်လျှောက်သွားနိုင်ခြင်း မရှိတော့ဘဲ အရှိန်လျှော့လိုက်သည်။

ထိုအရာကို ချောက်တစ်ခုဟု ခေါ်၍ပင် မရနိုင်ပေ။ ထိုအရာက (၁၀)ပေခန့် အကျယ်ရှိသော မြောင်းတစ်ခုသာသာ ဖြစ်သည်။ ပတ်ပတ်လည်တွင်တော့ တိမ်တိုက်များ၊ မြူခိုးများ ဝိုင်းရံနေခဲ့၏။ သူ၏အနီရောင်က ရေလှိုင်းများကဲ့သို့ဖြစ်နေပြီး ထိုးထွက်နေသော ကျောက်ခဲတချို့ကိုသာ မြင်နေရသည်။

အပေါ်ဘက်မှ ငုံ့ကြည့်လိုက်မည်ဆိုလျှင် သူတို့က အလွန်နက်ရှိုင်းသော အောက်ဘက်ကို လှမ်းမြင်နိုင်၏။ ထိုနေရာတွင်တော့ အနီရောင်မြူခိုးများက ခဲနေပုံရသည်။ အလင်းတန်းများက မှိတ်တုပ်မှိတ်တုပ် လင်းလက်နေပြီး အလွန်အစွမ်းထက်သော အငွေ့အသက်တစ်ခုကို ပြသနေသည်။

မုန့်ချီက ညာဘက်ကို လှည့်လိုက်ပြီး ပိုမီသို့ ဝင်ရောက်လာသည့်အချိန်တွင် ပထမဆုံး တွေ့ခဲ့ရသည့် ချောက်အတိုင်း တောင်ဘက်ကို ထွက်ခွာလာခဲ့သည်။ ထိုချောက်၏ အပေါ်ဘက်တွင်တော့ မည်သည့်အရာမျှ ပေါက်ရောက်ခြင်း မရှိ‌ချေ။ ကျောက်တုံးများကလည်း သွေးများ စိုစွတ်နေသလို ထင်မှတ်ရ၏။

သူက ကျောက်တုံးများပေါ်သို့ နင်းလိုက်သည့်အချိန်တွင် သူ၏ရင်ထဲ၌ အေးစက်မှုနှင့် တိတ်တဆိတ် ထိုးဖောက်မှုကို ခံလိုက်ရသည်။

နောက်ထပ်(၂)နာရီခန့် လမ်းလျှောက်သွားပြီးနောက် မုန့်ချီက သူ့ရှေ့တွင် ရှိနေသော သစ်ပင်အမြစ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ထိုသစ်ပင်၏အမြစ်က ကျောက်ကြားထဲကို ရောက်နေပြီး အကိုင်းများက ညှိုးခြောက်၍ အပြင်ဘက်တွင် ပုပ်ပွနေခဲ့သည်။

သို့သော် ထိုသစ်ပင်ထဲတွင် အလွန်အံ့သြစရာကောင်းသော အငွေ့အသက်များ ရှိနေခဲ့၏။ ထိုသစ်ပင်ကြီးကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး ချောက်ကြီးရှိရာကို လျှောက်သွားခဲ့သည်။

သူက လေထဲသို့ ခုန်လိုက်ပြီး ဖြည်းညင်းစွာ ဆင်းသက်လာခဲ့၏။ ပေ(၁၀၀)ခန့် လျှောက်လာပြီးနောက် မုန့်ချီက သစ်ပင်၏အောက်ဖက်တွင် လျှို့ဝှက်လိုဏ်ဂူတစ်ခုကို တွေ့လိုက်ရသည်။ ထို့နောက် သူက အသံကို ထိန်းချုပ်လိုက်ပြီး ထိုသစ်ပင်ထဲသို့ မြားတစ်စင်းပမာ ပို့ဆောင်လိုက်သည်။

“ဟွာမေ့တောင်တန်း ..”

ခဏကြာတိတ်ဆိတ်နေပြီးနောက် အဘိုးအိုတစ်ယောက်၏အက်ရှရှအသံကို ကြားလိုက်ရသည်။

"ဝင်လာခဲ့…"

ထိုလိုဏ်ဂူက အတော်လေးကို နက်ရှိုင်းပြီး အကိုင်းအခက်များစွာ ရှိနေ၏။ သို့သော် ဝင်ပေါက်အနားတွင်တော့ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို တစ်ယောက် တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။

သူ၏မျက်ခုံးများက အဖြူရောင် ဖြစ်နေပြီး မျက်လုံးများက သုံးမြှောင့်ပုံဖြစ်သည်။ နားရွက်များက ချွန်ထက်နေပြီး မျက်နှာပေါ်တွင် အလွန်နက်ရှိုင်းသည့် အရေးအကြောင်းများ ရှိနေသည်။ သူ၏ရုပ်ရည်ကိုကြည့်ပြီး ထိုအဘိုးအိုက ပိုမီတွင် အချိန်ကြာမြင့်စွာ အသက်ရှင်နေထိုင်ခဲ့ကြောင်း မုန့်ချီက ခန့်မှန်းမိနေသည်။ ထို့ကြောင့် သူ့ဆီတွင် အေးစက်ပြီး ကြောက်စရာကောင်းသော အငွေ့အသက်များ ပြည့်နှက်နေခြင်း ဖြစ်၏။

သူက မုန့်ချီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြောလိုက်သည်။

"ဘာလို့ ယဲ့ယုချီကိုယ်တိုင် မလာခဲ့ရတာလဲ ... "

သူက ခဏရပ်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘယ်အချိန်တုန်းကများ ဟွာမေ့တောင်တန်းက ဒီလိုငယ်ရွယ်တဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကို ရခဲ့တာလဲ ..."

သူ၏အာရုံခံစွမ်းအားများထဲတွင် မုန့်ချီ၏အငွေ့အသက်များက တက်နေ တစ်စင်းကဲ့သို့ ဖြစ်နေပြီး အစွမ်းထက်သော စွမ်းအားနှင့် ကြောက်စရာကောင်းသော အငွေ့အသက်များကို ပိုင်ဆိုင်ထားသည်။ သူက မုန့်ချီ၏အသက်ကို တိတိကျကျ ဆုံးဖြတ်နိုင်ခြင်း မရှိသော်လည်း သူက အသက်(၃၀) မရောက်သေးသော လူငယ်လေးတစ်ယောက်ဟု ခန့်မှန်းမိသည်။

လူသားနှင့်ကောင်းကင်တစ်သားတည်းအဆင့်သို့ ရောက်သွားသည့်အချိန်တွင် သူ၏အငွေ့အသက်နှင့် သွေးများက တည်ငြိမ်နေ၏။ သူ၏အသွေးအသားများက ကြီးထွားရန် ခက်ခဲပြီး သူ၏ရုပ်ရည်သာ ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်က သေဆုံးသွားပြီးလျှင်လည်း အချိန်ကြာမြင့်စွာ မပုပ်မသိုးဘဲ ရှိနေနိုင်၏။

သို့သော် သူ၏ပင်မဝိညာဉ်ကတော့ အသက်ကြီးပြီး ကုန်ဆုံးသွားပါလိမ့်မည်။ အချိန်ကြာလာလေလေ သူ၏အသက်စွမ်းအင်က ဝေဝါးသွားလေလေ ဖြစ်၏။ သူ၏သေဆုံးခြင်းဝိညာဉ်က အလွန်အစွမ်းထက်လွန်းလှသည့်အတွက် တခြားသူများ၏အသက်ကို အကြမ်းဖျင်း ခန့်မှန်းကြည့်နိုင်သည်။ သူကိုယ်တိုင် ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက် မဟုတ်သရွေ့ သေဆုံးပြီးသွားလျှင် ပုပ်သိုးသွားရမည်သာဖြစ်၏။

မုန့်ချီက လိုဏ်ဂူ၏အစွန်တွင် ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ခင်ဗျားက ဒီမှာနေတာ အရမ်းကြာခဲ့ပြီလား ... "

မုန့်ချီက သူ့ကိုယ်သူ မိတ်ဆက်ခြင်း မရှိသလို ရှင်းပြခြင်း မရှိချေ။ သူ၏လက်ထဲတွင် တံဆိပ်ပြားတစ်ခု ပေါ်လာခဲ့သည်။ ထိုတံဆိပ်ပြားပေါ်တွင် အစိမ်းဖျော့ရောင် အလင်းတန်းတစ်ခု တောက်ပနေပြီး အမှတ်အသားတစ်ခု ထွင်းထုထားသည်။

အနက်ဝတ်အဘိုးအိုက မုန့်ချီကို အချိန်အတော်ကြာစိုက်ကြည့်ပြီး သက်ပြင်းချလိုက်၏။

"နောက်ကနေ လိုက်လာတဲ့ လှိုင်းလုံးတွေက ရှေ့က လှိုင်းလုံးတွေကို ကျော်သွားနိုင်တယ်ဆိုတာ အမှန်ပါပဲလား။ ဒါကြောင့်လည်း မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေကို ဖယ်ရှားပစ်နိုင်တာ။ ငါကတော့ အသက်(၃၀)အရွယ်မှာ လူသားနဲ့ကောင်းကင်ဆက်သွယ်မှုအဆင့်ကိုပဲ ရောက်နေသေးတယ်…"

"အခုရန်ကျန်းချန်က ဘယ်နေရာမှာလဲဆိုတာ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပါ .."

မုန့်ချီက ပြောလိုက်သည်။ သူ့စိတ်ထဲတွင်တော့ ကြောက်လန့်နေခဲ့၏။ အကယ်၍ လူတစ်ယောက်၏ တည်နေရာကို ရှာဖွေချင်သည်ဆိုလျှင် အချိန်ကြာမြင့်စွာ ဝေ့ကျင်းအဆင့်ကို ရောက်နေသော လူဆိုးများကို အားကိုးရပါလိမ့်မည်။

ဟွာမေ့တောင်တန်းက သူတို့နှင့် ပူးပေါင်းရန် ဆန္ဒရှိသော အစွမ်းထက်ပညာရှင် တစ်ယောက်ကို ရှာဖွေရန် အချိန်အတော်လေးပေးခဲ့ရသည်။ ဆောင်းဦးရာသီ၏ အစောပိုင်းတွင် ထိုပညာရှင်က သဲလွန်စတွေ့ပြီဟူသော သတင်းတစ်ခုပို့ခဲ့၏။

မူလတုန်းကတော့ ဘိုးဘေးဒိုမူက သူမကိုယ်တိုင်ရင်ဆိုင်ရန် စဉ်းစားထားသည်။ သို့သော် မုန့်ချီက စစ်ဆေးမှုတောင်းဆိုခြင်းနှင့် တိုက်ဆိုင်နေသည့်အတွက် ထိုတာဝန်ကို မုန့်ချီဆီသို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်၏။

အနက်ဝတ်အဘိုးအိုက ပြုံးလိုက်သည်။

"အရှေ့ဘက်မှာရှိတဲ့ တတိယမြောက်နဲ့ စတုတ္ထမြောက်‌ချောက်ထဲမှာ ရန်ကျန်းချန်ကို (၂)ကြိမ်တွေ့ခဲ့တယ်လို့ လူတစ်ယောက်က ပြောတယ်။ သူက ငရဲပုလဲမြက်တွေနဲ့ ဝိညာဉ်နီဂျင်ဆင်းတွေကို ရှာဖွေနေတယ်လို့လည်း သိရတယ်။ သူ့ကိုကြည့်ရတာတော့ သူ့ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်အန္တရာယ်တွေကို ဖယ်ရှားဖို့အတွက် ဆေးလုံးတစ်ခုသန့်စင်ဖို့ စီစဉ်နေတယ်ထင်တယ် ...။ သူက တော်တော်လေးကို သတိထားတယ်။ ဒါကြောင့် သူတို့က မတိုက်ခိုက်နိုင်ခဲ့ဘူး…"

"တခြားရော ဘာသတင်းရသေးလဲ…"

မုန့်ချီက မေးလိုက်သည်။

ထိုသဲလွန်စတစ်ခုတည်းနှင့် ရန်ကျန်းချန်ကိုခြေရာခံရန် မလုံလောက်သေးပေ။ သူက ဆေးပင်အလုံအလောက်ရသွားပြီဆိုလျှင် တစ်နေရာရာကို သွားနေခြင်းလည်း ဖြစ်နိုင်သည်။

အနက်ဝတ်အဘိုးအိုက ခေါင်းခါပြလိုက်၏။

"ပိုမီမှာ ပုန်းနေတဲ့ လူတိုင်းက အရမ်းကို သတိထားကြတယ်။ သူတို့က အပြင်ဘက်ကို တော်ရုံပေါ်မလာကြဘူး။ ငါ့ရဲ့လူက နောက်ပိုင်းမှာ သူနဲ့တွေ့ချင်တွေ့နိုင်တယ်။ ဒါပေမယ့် ငါတော့ မသိဘူး။ မင်းက သူ့ကို သွားမေးနိုင်တယ်…"

"ကျုပ်က သူ့ကို ဘယ်မှာသွားရှာရမှာလဲ…"

ရန်ကျန်းချန်ကို ရှာဖွေခြင်းက အလွန်ကြီးမားသော စွန့်စားမှုတစ်ခု ဖြစ်ကြောင်း သိနေသည့်အတွက် မုန့်ချီက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်ပြီး စိတ်ရှည်အောင် ကြိုးစားနေခဲ့သည်။

အနက်ဝတ်အဘိုးအိုက ခေါင်းပေါ်ကို လက်ညှိုးထိုးပြလိုက်၏။

"အခုက အရှေ့ပိုင်းကုန်သွယ်မှုလုပ်ဖို့ အချိန်ကျပြီ ..။ ဒီသစ်ပင်ကြီးကနေ အနောက်ဘက်ကို ခြေလှမ်း(၁၀၀၀)သွားလိုက်။ ဒါဆိုရင် မင်းက အရမ်းကြီးတဲ့သွေးကျောက်တုံးကြီးတစ်တုံးကို တွေ့ရလိမ့်မယ်။ တကယ်လို့ အရာအားလုံး အဆင်ပြေနေတယ်ဆိုရင်တော့ သူက အဲဒီနေရာမှာ ရှိနေနိုင်တယ်။ အရှေ့ပိုင်းကုန်သွယ်မှု ပြီးဆုံးသွားတဲ့အချိန်ကျရင် မင်းက တံခါးစောင့်ဆိုတဲ့စကားကို အော်ခေါ်လိုက် ။ မင်းရဲ့အသံက ပဲ့တင်ထပ်လာလိမ့်မယ် ... ပြီးရင်တော့ သူက မင်းကိုလာရှာလိမ့်မယ်…"

"တံခါးစောင့်…"

မုန့်ချီက ထိုစကားလုံးကို (၃)ကြိမ်တိတိ အသံတိုးတိုးနှင့် ရွတ်ဆိုလိုက်ပြီး ထူးဆန်းနေသလို ခံစားရ၏။

"သူ့ရဲ့သိုင်းလောကနာမည်က တံခါးစောင့်လား…"

အဘိုးအိုက ပြုံးလိုက်၏။

"သူက ပိုမီမှာ ပုန်းမနေခင် ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးဆိုတဲ့ သိုင်းလောကနာမည်နဲ့ နာမည်ကျော်ကြားတယ်…"

"ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးလား…"

မုန့်ချီကတော့ တည်ငြိမ်နေသေးသော်လည်း အတော်လေး အံ့သြသွားခဲ့သည်။ ထိုအရာက အမှန်တကယ်ကို ကြောက်စရာကောင်းသော ကျော်ကြားမှုတစ်ခုလည်း ဖြစ်၏။

ကျော်ကြားခြင်း(၇)သွယ်မကောင်းဆိုးဝါးက လမ်းမှားပညာရှင် တစ်ယောက်ဖြစ်ပြီး ဝေ့ကျင်းအဆင့် ထိပ်တန်းပညာရှင်ပေါင်းများစွာကို သတ်ပစ်နိုင်ခဲ့သည်။ နောက်ပိုင်းတွင်တော့ သူက ဖျက်ဆီးရေးဂိုဏ်းနှင့် လော်အဖွဲ့အစည်းတို့ကို ရန်စမိခဲ့သည့်အတွက် နှစ်ဖက်စလုံးက လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး သူတို့၏ရန်သူများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်ကတည်းကစပြီး သူက ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားသည်။ သူက ပိုမီတွင် ပုန်းအောင်းနေခြင်း ဖြစ်နေ၏။ ထိုမတိုင်ခင် ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်ပြီးသားဖြစ်သည်။

အနက်ဝတ်အဘိုးအိုဆီမှနေ၍ ထိုမကောင်းဆိုးဝါးကလည်း ရန်ကျန်းချန်နှင့် တူညီနေကြောင်း သိခဲ့ရသည်။ ရန်ကျန်းချန်ကတော့ ထိုအချိန်တွင် လုပ်ဆောင်ခဲ့သည့် မကောင်းမှုများကို ဖယ်ရှားရန်အတွက် အတော်လေးပေးဆပ်ခဲ့ရ၏။

"ကောင်းပြီ ... အလုပ်မရှိတဲ့အချိန်မျိုးမှာတော့ သူက ကြောက်စရာကောင်းတယ်။ ဒါပေမယ့် အခုတော့ သူတို့တွေက တောခွေးတွေလိုပဲ ..."

အဘိုးအိုက သက်ပြင်းချလိုက်မိသည်။ သူ့ဆီတွင် အမုန်းတရားများ၊ ရန်ငြိုးများ ပြည့်နှက်နေပုံရ၏။

မုန့်ချီက အနည်းငယ်ခေါင်းညိတ်ပြလိုက်ပြီး မေးခွန်းထုတ်လိုက်မိသည်။

"အရှေ့ပိုင်းကုန်သွယ်မှုဆိုတာကဘာလဲ။ ပိုမီမှာ အရှေ့ပိုင်း ကုန်သွယ်မှုရှိနေတာလား…"

"ဟား..ဟား..ဟား..ဟား.. လူတွေ ရှိတဲ့နေရာတိုင်းမှာ ကုန်သွယ်မှုက ရှိနေတာပဲလေ ... "

အဘိုးအိုက သူ၏အရေးအကြောင်းများကိုကြည့်ပြီး ပြောလိုက်၏။

"ဒီမှာရှိတဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တိုင်းက ဒီမှာ ထာဝရနေဖို့ မတွေးကြဘူး .။ ဒါကြောင့် သူတို့တွေက လေ့ကျင့်မှုတွေ၊အဆင့်တက်မှုတွေကို လက်မလျော့ကြဘူး ... ပိုမီရဲ့ထူးခြားတဲ့ အခြေအနေတွေကြောင့် ဒီနေရာမှာ ဆန်းကြယ်တွင်းထွက်တွေ အများကြီးရှိနေပြီး သူတို့ရဲ့သဘာဝက ကြောက်စရာကောင်းတယ်။ ဒါပေမယ့် လူတိုင်းရဲ့စွမ်းရည်တွေက မတူဘူးလေ။ တချို့ကတော့ နေကျောက်တုံးတွေ လိုချင်ပြီး တစ်ချို့ကတော့ နတ်ဆိုးတစ္ဆေသလင်းကျောက်တုံးတွေကို လိုချင်ကြတယ် …”

“ပိုမီက သူတို့အားလုံးရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်ဘူးလေ။ ဒီနေရာမှာရှိတဲ့ ကမ္ဘာမြေကြီးရဲ့ ချီစွမ်းအင်တွေကိုသုံးပြီး အဆင့်တက်ဖို့က တော်တော်လေး ခက်ခဲတယ်။ ဒါကြောင့် ဉာဏ်ကောင်းတဲ့ ကုန်သည်တွေက တူညီတဲ့ ကုန်ပစ္စည်းတွေကို ဝယ်လာပြီး ပိုမီကို လာပို့ကြတယ် ။ လတစ်လရဲ့အစောပိုင်း၊ အလယ်ပိုင်းနဲ့ အဆုံးသတ်တွေမှာ အဲဒီကျောက်တုံးကြီးရဲ့အောက်မှာပဲ ကုန်သွယ်မှုတွေ လုပ်ဆောင်ကြတယ်…”

“အဲဒီနောက်မှာတော့ ကုန်သည်တွေက သူတို့စုဆောင်းထားတဲ့ ဝိညာဉ်နီဂျင်စင်းလို ထူးခြားတဲ့ပစ္စည်းတွေနဲ့ အလဲအလှယ် လုပ်ကြတယ်။ ငါကတော့ သတင်းပြန်ပို့ဖို့အတွက် သူတို့ရဲ့အကူအညီကို ယူရတယ်။ ဒါက အချိန်အကြာကြီး လုပ်ဆောင်ရတဲ့ တိုးတက်မှုတစ်ခုပဲ။ ရက်စက်ကြမ်းကြုတ်တဲ့သူတွေကတောင် ဒီလိုအချိန်မှာ သတ်ဖြတ်ချင်တဲ့စိတ်တွေကို ခုခံနိုင်ကြတယ်လေ…"

မုန့်ချီက သက်ပြင်းချပြီး ပြောလိုက်သည်။

"ဪ ... အဲဒီလိုလား…"

ပိုမီ၏လျှို့ဝှက်ချက်များကို ရှာဖွေရန် ဝင်ရောက်ချင်နေသူများက အစွမ်းထက်သော စွမ်းအားများရှိရန် လိုအပ်သည့်အပြင် သူတို့က အလွန်အမင်း ရက်စက်ကြမ်းကြုတ်ရန်လည်း လိုအပ်သည်။ မဟုတ်လျှင် သူတို့က ဤနေရာတွင် ထာဝရနေထိုင်သွားရနိုင်၏။

သံသယများကို ဖယ်ရှားလိုက်ပြီးနောက် မုန့်ချီက ကျော်ကြားခြင်း(၇)သွယ်မကောင်းဆိုးဝါးကို အရင်ဆုံးရှာဖွေရန် စဉ်းစားလိုက်သည်။ လိုဏ်ဂူထဲမှ ထွက်လာပြီးနောက် သူက တစ်စုံတစ်ခုကို အမှတ်ရပြီး ပြန်လှည့်လိုက်သည်။

"ပိုမီမှာ ပြိုင်ဘက်ကင်းပညာရှင်တွေနဲ့ သိုင်းသခင်ဘယ်နှစ်ယောက်ရှိလဲသိလား ... "

"မင်းရဲ့လက်ချောင်းပမာဏထက်တော့ မပိုဘူး။ ဒီအဆင့်မှာ အစွမ်းထက်တဲ့ ပညာရှင်တွေအားလုံးက မြစ်တွေ ရေကန်တွေထဲမှာရှိတဲ့ စွမ်းအားတွေအားလုံးကို လိုအပ်တယ် ။ ဒါပေမဲ့ သူတို့ကသာ လူမသိသူမသိ နေချင်တယ်ဆိုရင် သူတို့အတွက် ခိုလှုံရာက နည်းမှာမဟုတ်ဘူး။ မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်ကလည်း ဒီနေရာမှာ မတိုက်ခိုက်ရဲကြဘူး ... "

အနက်ဝတ်အဘိုးအိုက ဖြည်းညင်းစွာ မတ်တတ်ရပ်ပြီး ပြန်ဖြေလိုက်သည်။

ပိုမီတွင် ပုန်းအောင်းနေထိုင်သူများအားလုံးက ထိပ်တန်းမိသားစုများစွာကို ရန်စခဲ့ကြသည်။ သူတို့မျိုးဆက်များ၏ တန်ပြန်တိုက်ခိုက်မှုများ ရှိသည့်အတွက် သူတို့က အပြင်ဘက်ကမ္ဘာကြီးတွင် ရပ်တည်နိုင်ခြင်းမရှိချေ။

မုန့်ချီက လေထဲသို့လျှောက်သွားနေစဉ် ကြမ်းပြင်ပေါ်မှ သံကြိုးသံတစ်ခုကို ကြားလိုက်ရသည်။ သူက သတိလက်လွတ် ပြန်လှည့်ကြည့်လိုက်ရာ ထိုအဘိုးအိုက သစ်ကိုင်းများ ပြည့်နှက်နေသော လိုဏ်ဂူ၏ အတွင်းထဲတွင် ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရ၏။ သူ၏ခြေကျင်းဝတ်တွင် အလွန်လေးလံပြီးထူးဆန်းသော သံကြိုးများ ရှိနေသည်။

"သံကြိုးနဲ့ ချုပ်နှောင်ခံထားရတဲ့ တံခါးစောင့်…"

တံခါးစောင့်ဟူသည်မှာ အနက်ဝတ်အဖိုးအိုဖြစ်ကြောင်း မုန့်ချီက ချက်ချင်း သံသယဝင်နေမိသည်။

"သူက ဘယ်တံခါးကို စောင့်နေတာလဲ ... "

ထိုလိုဏ်ဂူ၏အတွင်းထဲတွင် မည်သူ့ကို ပိတ်လှောင်ထားသနည်း။

မုန့်ချီကတော့ မလိုလားအပ်သော ပြဿနာများကို မလိုချင်သည့်အတွက် ချောက်၏ အပေါ်ဘက်ကို ပျံသန်းသွားခဲ့သည်။

……..

သွေးရောင်ကျောက်တုံးကြီး၏ အောက်တွင် ကန္တာရ‌တေလေကဲ့သို့ ဝတ်ဆင်ထားသော လူအုပ်တစ်အုပ် ရပ်နေကြသည်။ တချို့ကတော့ အလယ်ကုန်းမြေမှ လူများကဲ့သို့ဖြစ်နေပြီး တချို့ကတော့ အနောက်ပိုင်းနယ်မြေမှ လူများကဲ့သို့ဖြစ်နေသည်။

အနီရောင်မြူခိုးများထဲရှိ အေးစက်ပြီး ကြောက်စရာကောင်းသော ခံစားမှုကို ခံစားမိသည့်အခါ အလွန်ငယ်ရွယ်သော ကလေးမလေးတစ်ယောက်က တစ်ကိုယ်လုံး တုန်ယင်လာပြီး တီးတိုးမေးလိုက်သည်။

"ဖေဖေ ... အရှေ့ပိုင်းကုန်သွယ်မှုက ဘယ်တော့စမှာလဲ…"

သူမဆီတွင် တောက်ပသော မျက်လုံးလေးများ ရှိနေပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

"ကျေးဇူးပြုပြီး စိတ်ရှည်ရှည်ထားပါ ..။ အဖေက သမီးကို အိမ်မှာနေခဲ့ဖို့ ပြောထားတာပဲ။ ဒါပေမဲ့ သမီးက သူတို့တွေကို ကြည့်ချင်လို့ အတင်းလိုက်လာတာလေ…"

သူမ၏အဖေက အသက်(၄၀)အရွယ်သာ ရှိနေသေးပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်၍ ဦးထုပ်တစ်လုံးကို ဆောင်းထားသည်။ သူ့သမီးနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ့ပုံစံက အတော်လေးမသက်မသာဖြစ်ပြီး သတိထားနေပုံရ၏။

"ဒါပေမယ့် ဦးလေးက လိုက်မလာနိုင်တာကို သမီးလည်း မသိခဲ့ဘူး ... "

ထိုကလေးမလေးက ဝမ်းနည်းစွာ ပြောလိုက်သည်။

"ပိုမီထဲမှာ ရန်သူတွေ အများကြီး ပုန်းအောင်းနေတယ်..။ တစ်ယောက်ယောက်က အရှေ့ပိုင်းကုန်သွယ်မှုကို အခွင့်ကောင်းယူပြီး ပြဿနာရှာမှာကိုလည်း သူတို့က ကြောက်လန့်ကြတယ်။ ဒါကြောင့် ဝေ့ကျင်းအဆင့်ကို မရောက်သေးတဲ့ ပညာရှင်တွေကိုပဲ ဝင်ခွင့်ပေးတယ်…"

သူမ၏အဖေက ကုန်သည်ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။

ထိုစကားများကို ပြောလိုက်သည့်အချိန်တွင် အနီးအနား၌ အစွမ်းထက်သော အငွေ့အသက်တစ်ခု ပေါ်လာပြီး ထိုအငွေ့အသက်က အဆုံးမဲ့အနက်ရောင် ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ လူသစ်က အနီရောင်မြူခိုးထဲမှ ထွက်လာပြီး ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မြူခိုးထဲတွင် ပုန်းအောင်းနေခဲ့သည်။

"တော်တော်ကြောက်စရာကောင်းတဲ့အငွေ့အသက်ပဲ ... ဦးလေးထက်တောင် ပိုပြီးနက်ရှိုင်းနေသေးတယ်…"

ကလေးမလေးက ရေရွတ်လိုက်၏။

သူတို့၏ကြားထဲတွင် အနီရောင်မြူခိုးများ လွှမ်းခြုံနေသည်ကို စဉ်းစားမိသည့်အတွက် ကလေးမလေး၏အဖေက အသံတိုးတိုးနှင့် ပြောလိုက်သည်။

"အဲဒါက သတ်ဖြတ်ရေးယက္ခပဲ။ သူက သေမင်းပင်လယ်ကန္တာရထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀)တုန်းက သွားလာလှုပ်ရှားခဲ့တယ်။ အဲဒီအချိန်တုန်းက သူက အရူးဓားသမား ရှန့်တုလျောင်နဲ့ သေမင်းပင်လယ်မကောင်းဆိုးဝါးဓား ကျိလော်ကျူးတို့ကို ရန်စမိခဲ့တယ်။ နောက်ပိုင်းမှာတော့ သူက ငိုကြွေးခြင်းအကြီးအကဲကိုတောင် ရန်စမိတဲ့အတွက် ပိုမီမှာ ပုန်းနေခဲ့ရတာ.."

ကလေးမလေးက အံ့သြမှင်တက်သွားခဲ့ပြီး မျက်လုံးများက ဝိုင်းစက်သွားသည်။ သူမကတော့ အမိန့်နာခံတတ်သော ကလေးမလေးတစ်ယောက်ကဲ့သို့ ဖြစ်သည့်အတွက် သူမ၏မိဘများက သတ်ဖြတ်ရေးယက္ခ၏နာမည်နှင့် မကြာခဏ ခြောက်လန့်တတ်သည်။ သူ့အကြိုက်ဆုံးစားစရာကကလေးငယ်လေးများဖြစ်ပြီး သူတို့၏လျှာကိုပင် အရှင်လတ်လတ် ဝါးစားတတ်သည်ဟု ပြောပြထား၏။

"အဲဒီမကောင်းဆိုးဝါးအိုကြီးပဲ…"

သူမက သူမ၏အဖေဆီသို့ ကြောက်လန့်တကြား ခြေတစ်လှမ်း တိုးသွားခဲ့သည်။

အနီရောင်မြူခိုးများက လှုပ်ရှားလာပြီးနောက် နောက်ထပ် ကြောက်စရာကောင်းသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ လေထဲတွင်တော့ အမှောင်ထုကြီး လွှမ်းခြုံလာပြီး လူတိုင်းက ပုံရိပ်ယောင်များ မြင်လာရသည်။ သိပ်မကြာခင် ထိုအငွေ့အသက်က အနီရောင်မြူခိုးများထဲတွင် ပျောက်ကွယ်သွားခဲ့ပြန်၏။

"ဒါကတော့ ဂရုဏာမဲ့နတ်ဆိုးလို့ခေါ်တယ်။ လွန်ခဲ့တဲ့(၈)နှစ်လောက်မှာ သူက မြို့တစ်မြို့ကို ဖျက်ဆီးပစ်ခဲ့တယ် ... "

ကလေးမလေး၏အဖေက သူသိထားသည့်အရာများအား သူမကို ပြောပြနေခဲ့သည်။

"သမီး သိပါပြီ…"

ကလေးမလေးက တီးတိုးပြောလိုက်၏။

အလွန်ကြောက်စရာကောင်းသောအရာများကို သူမ ကလေးဘဝထဲမှနေ၍ သိကျွမ်းထားခဲ့သည်။ သူမ၏ သူငယ်ချင်းများကပင် ထိုလူဆိုးနှင့် ပတ်သက်သောပုံပြင်၊ဒဏ္ဍာရီများကို ကြောက်လန့်ကြသည်။ ယခုတော့ အစစ်အမှန်လူက ဤနေရာတွင် ရောက်နေပြီဖြစ်၏။ သူကလည်း မကောင်းဆိုးဝါးအိုကြီး တစ်ယောက်ဖြစ်၏။

ရုတ်တရက်ဆိုသလို အနီရောင်မြူခိုးထဲမှနေ၍ ကြယ်(၇)လုံး ထွက်ပေါ်လာပြီး မကောင်းဆိုးဝါးမြင်ကွင်းတစ်ခု ပေါ်လာ၍ ချက်ချင်းပျောက်ကွယ်သွားသည်။

"ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါး ...

အဖေပြောပြဖို့မလိုတော့ဘူးမလား…"

ကလေးမအဖေ၏ မျက်လုံးထဲတွင် သတိထားမှုများ ပြည့်နှက်နေခဲ့၏။

ကလေးမလေးက ခေါင်းညိတ်ပြလိုက်သည်။အဘယ်ကြောင့်ဆိုသော် ထိုအရာကလည်း အခြားသောပညာရှင်(၂)ယောက်နည်းတူ နာမည်ကျော်ကြားသော မကောင်းဆိုးဝါးအိုကြီး တစ်ယောက်ဖြစ်ကြောင်း သူမက သိနေခဲ့သည်။

ပိုမီတွင် ရှိနေသော ဝေ့ကျင်းအဆင့်ပညာရှင်များ တစ်ယောက်ပြီး တစ်ယောက်ရောက်လာပြီး သူတို့က အနီရောင်မြူခိုးများ၏ အစွန်တွင် ရပ်လိုက်ကြသည်။ သူတို့က ယခုတစ်ကြိမ် အပေးအယူလုပ်မည့် ကုန်ပစ္စည်းများ အကြောင်းကိုသာ မေးနေကြ၏။ သူတို့က ကုန်သည်များကို ကြောက်လန့်နေခြင်းမရှိသလို အချင်းချင်း ကြောက်လန့်နေခြင်းလည်းမရှိပေ။

ကလေးမလေး၏အဖေက ဆန်းကြယ်တွင်းထွက်များ၊ ပစ္စည်းများ အကြောင်းကို မိတ်ဆက်ပေးတော့မည့် အချိန်တွင် အနီရောင်မြူခိုးများက နောက်တစ်ကြိမ် ကွဲသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် အဖြူဝတ်လူငယ် တစ်ယောက် ပေါ်လာခဲ့၏။

သူ၏ရုပ်ရည်က ထူးခြားမှုမရှိသော်လည်း လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ထားခဲ့သည်။ ထိုလူငယ်ကတော့ အစွမ်းထက်သော အငွေ့အသက်များကို ဖယ်ရှားပြီး သူ့ကို လွှမ်းခြုံထားသောအနီရောင်မြူခိုးများကို ဖျက်ဆီးလိုက်သည်။ သူက မြူခိုးများနှင့်အတူ ရောက်ရှိလာသည့်အတွက် ကုန်သည်များက ကြောက်လန့်သွားခဲ့၏။

"သူက ဘယ်သူလဲ။ သူက ဘာလို့မထင်မှတ်ထားတဲ့ အခြေအနေကနေ ထွက်လာနိုင်ရတာလဲ ... "

ကလေးမလေးက မေးလိုက်သည်။ သူမဆီ၌ ထိုအတွေးမျိုး ပေါ်လာသည့်အချိန်တွင် လူငယ်က သူမ၏မျက်စိရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားကြောင်း ခံစားမိလိုက်သည်။

ကောင်းကင်ကြီးပေါ်တွင် အနီရောင်နေလုံးကြီးတစ်ခုသာ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့၏။ ထိုအချိန်တွင် ယန်စွမ်းအားများက အထွဋ်အထိပ်ကို ရောက်လာပြီး ဓားအလင်းတန်းကဲ့သို့ နေရောင်ခြည်က အနီရောင်မြူခိုးများကို ဖယ်ရှား၍ ပတ်ပတ်လည်တွင် တောက်လောင်သွားခဲ့သည်။

သူကတော့ရှေ့တွင် ရောက်လာသော မကောင်းဆိုးဝါးအိုကြီးများထက်ပင် ပို၍ကြောက်စရာကောင်းပုံရသည်။ အသံတစ်ခုနှင့်အတူ အစွမ်းထက်သော အငွေ့အသက်များအားလုံး ပျောက်ကွယ်သွားခဲ့ပြီး အနီရောင်မြူခိုးများ၏ လှုပ်ရှားမှုများကလည်း နောက်ဆုတ်သွားခဲ့သည်။ လူငယ်က နောက်ဆုတ်လိုက်ပြီး အနီရောင်မြူခိုးများထဲကို ဝင်ရောက်သွားခဲ့၏။

ကလေးမလေးကတော့ အံ့သြနေခဲ့ပြီး တစ်ယောက်တည်း တွေးနေခဲ့သည်။

"သူက တော်တော်အစွမ်းထက်တဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ပဲ ..။ သူကလည်း နောက်ထပ်ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်မယ် ထင်တယ်…"

Translated by Hein Htet.

All Chapters