အခန်း (၅၀၉)
Vol. 34 Ch. 509
မုန့်ချီက သူ၏ပတ်ပတ်လည်ကို စစ်ဆေးကြည့်နေပြီး ချောက်ကြီးပေါင်းများစွာပေါ်ကို ဖြည်းညင်းစွာ ဖြတ်ကျော်သွားခဲ့သည်။ သူက ကြွက်နှင့် လင်းနို့ကဲ့သို့သော သတ္တဝါလေးများကို ရှာဖွေရန် ကြိုးစားနေခဲ့၏။
သူကတော့ အလွန်သိပ်သည်းသော မြူခိုးကြီးများ၊ သွေးကျောက်တုံးများနှင့် လိမ်တွန့်နေသော သစ်ပင်ကြီး၏ အနားတွင် သက်ရှိအငွေ့အသက် တစ်စုံတစ်ခုကိုမျှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိချေ။ ငရဲပြည်ကို ရောက်နေသည့်အလား အရာအားလုံးက တိတ်ဆိတ်နေခဲ့၏။
"ငါက ဒီနေရာမှာ ကြွက်တစ်ကောင်ပုံစံ ပြောင်းလဲလို့မရဘူး။ ပြောင်းလိုက်တာနဲ့ ငါ့ကိုတွေ့သွားနိုင်တယ်…"
သူက အဆုံးအစမဲ့ ချောက်ကြီးကို လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ အရှေ့ဘက်ရှိ နံပါတ်(၅)ချောက်ကြီးရှိရာကို လျှောက်သွားခဲ့သည်။ ထိုအရာက ပိုမီ၏ ယခင်မြို့တော် တည်ရှိနေသည့်နေရာလည်း ဖြစ်၏။
သူက အလွန်စိုစွတ်နေသော အနီရောင်မြူခိုးများထဲသို့ဝင်ရောက်သွားခဲ့ပြီး ကျောက်နံရံအတိုင်း လျှောက်သွားခဲ့သည်။ မကြာခဏဆိုသလို အနက်ရောင် နွယ်ကြိုးများ လွှမ်းခြုံနေသော အမိုးခုံးအဆောက်အဦးများကို တွေ့နေရ၏။ ထိုအဆောက်အဦးက အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးသွားနေပြီး အညစ်အကြေးများ ပြည့်နှက်နေပုံရသည်။
ထိုအရာကို မြင်သည့်အခါ တစ်ချိန်တုန်းက မြို့တော်က ကျောက်တုံးများကို ထွင်းထုပြီး ရည်ရွယ်ချက်ရှိရှိ လျှောက်လုပ်သည်ဟု တွေးခဲ့မိသည်။ မဟုတ်လျှင် ကျောက်နံရံများပေါ်၌ အိမ်များ ရှိနေလိမ့်မည် မဟုတ်ချေ။
သူက အောက်ဘက်ကို ပျံသန်းသွားလေလေ ပို၍တိတ်ဆိတ်လာလေလေ ဖြစ်သည်။ ကမ္ဘာလောကကြီးက ဤနေရာကို စွန့်ပစ်ထားသလို ခံစားနေရ၏။ ဤနေရာတွင် အသက်စွမ်းအင် လုံးဝမရှိနိုင်ဘဲ ငရဲပုလဲမြက်နှင့် ဝိညာဉ်နီ ဂျင်ဆင်းကဲ့သို့သော အပင်များကသာ ခေါင်းမာစွာ ပေါက်ရောက်နေကြ၏။ သူတို့ကလည်း ငရဲကြီး(၉)ထပ်မှ ထွက်ပေါ်လာနေသလို ထင်မှတ်ရသည်။
ထိုတောင်ကြားကြီးများက အလွန်သိပ်သည်းသော အနီရောင်မြူခိုးများကို ရှင်းရှင်းလင်းလင်း မမြင်ရသည့် အဆုံးမဲ့တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေကြောင်း ခံစားမိနေခဲ့သည်။ အမှန်တကယ်လည်း ထိုအတိုင်းသာ ဖြစ်၏။
သူက အချိန်တော်တော်ကြာ ပျံသန်းလာခဲ့သော်လည်း ခြေချစရာ နေရာမတွေ့သေးပေ။ သို့သော် သူက ကျောက်တုံးနံရံများပေါ်တွင် တဖြည်းဖြည်း များလာသော အဆောက်အဦးများကို တွေ့နေရသည်။ သူက အတွင်းထဲကို ရောက်လာလေလေ သူတို့က ပို၍ များပြားလာလေလေ ဖြစ်သည်။ သူက နန်းတော်ထဲကို ရောက်ရှိလာသလို ထင်မှတ်ရ၏။
ထိုအချိန်တွင် ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရပြီး သူ့ခြေထောက်အောက်တွင် ရှိနေသော အနီရောင်မြူခိုးများထဲမှနေ၍ ငရဲရဲမက်အဖွဲ့တစ်ဖွဲ့ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ သူတို့က အနက်ရောင်ချပ်ဝတ်အင်္ကျီနှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကြ၏။
သူတို့က ရှေ့ကို တည်ငြိမ်စွာ လျှောက်သွားနေကြပြီး သူတို့၏ခြေထောက်က ကျောက်တုံးနံရံနှင့်ထိ၍ အပေါ်ဘက်သို့ စတင်ပြေးလာကြသည်။ အရာအားလုံးက အသံမထွက်ဘဲ တိတ်ဆိတ်နေခဲ့၏။ မုန့်ချီက ထိုရဲမက်များ နယ်မြေထဲမှ ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
"(၁)ရက်တောင် ကြာသွားပြီပဲ..."
မုန့်ချီက တစ်ယောက်တည်း တွေးလိုက်မိ၏။
ထိုအချိန်တွင် ရုတ်တရက် ပို၍အေးစက်သွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ ခန္ဓာကိုယ်ပေါ်တွင်လည်း ကြက်သီးမွေးညင်းထသွားသလို ခံစားလိုက်ရ၏။ သူက အလွန်ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်မိ၏။ ထို့ကြောင့် သူလည်း စဉ်းစားမနေဘဲ ဓားကို ဆွဲထုတ်လိုက်သည်။
အသွင်ပြောင်း(၇၂) မျိုးကျင့်စဉ်က အန္တရာယ်များကို ရှောင်တိမ်းရာ၌ အထူးကျွမ်းကျင်၏။ အန္တရာယ်များအပေါ် ကြိုတင်သိမြင်စိတ်က သာမာန် ပြိုင်ဘက်ကင်း သိုင်းပညာအများစုထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်သည်။
သူက ရေလှိုင်းမီးတောက်ဓားကို ဝှေ့ယမ်းလိုက်သည့်အတွက် သူ့ရှေ့တွင် အနီရောင် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ထိုအချိန်တွင် လှုပ်ရှားနေသော အရိပ်များက သူ့ကို စတင်ဝန်းရံလာကြပြီး သူတို့နှင့်အတူ မကျေမနပ် ခံစားချက်များ ပါဝင်နေခဲ့သည်။
ထိုအရိပ်များက အလွန်ကြောက်စရာကောင်းသော အငွေ့အသက်များ လွှမ်းခြုံနေသည့်အတွက် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွားနိုင်၏။ အနီရောင်မြူခိုးများက သူ၏အာရုံခံနိုင်စွမ်းကို ဖုံးကွယ်ထားသည့်အတွက် မုန့်ချီ၏ဓားက သူ့ဆီကို ရောက်လာသော အရိပ်ပေါင်းများစွာကို ထိမိခဲ့ခြင်း မရှိချေ။
ထိုအစား သူ့ဓား၏ ထိပ်ဖျားက ထိုမီးတောက်များကိုသာ ဖိနှိပ်ထားခဲ့သည်။ လှုပ်ရှားမှုထဲတွင် အပူလှိုင်းများ ပါဝင်ခဲ့ခြင်း မရှိချေ။ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာနေသည်နှင့်အမျှ အရိပ်များက တဖြည်းဖြည်းပို၍ မည်းမှောင်လာပြီး တဖျစ်ဖျစ် မြည်သံများနှင့်အတူ အဖြူရောင်အငွေ့များ ထွက်ပေါ်လာသည်။
နောက်ဆုံးတွင်တော့ ဓားထိပ်ဖျားက တစ်စုံတစ်ခုနှင့် ရင်ဆိုင်လိုက်မိ၏။ ထိုအရာကတော့ အနက်ရောင် လက်ဝါးတစ်ခု ဖြစ်သည်။ ထိုလက်ဖဝါး၏ အလယ်မှနေ၍ အနက်ရောင်အငွေ့များ ထွက်ပေါ်လာနေပြီး သူ့ကို ကြိုတင်သတိပေးထားခြင်း မရှိဘဲ တိုက်ခိုက်လိုက်သည်။
ပတ်ပတ်လည်တွင် ရှိနေသော ကျောက်တုံးနံရံများကလည်း ထိုစွမ်းအားများကြောင့် တိုက်စားခံလိုက်ရပြီး တစ်ပိုင်းတစ်စဆီ မြေပေါ်သို့ ပြုတ်ကျလာခဲ့ကြ၏။ ဓားနှင့် လက်ဝါးတို့ အချင်းချင်း ရင်ဆိုင်လိုက်မိသည့်အချိန်တွင် ရေလှိုင်းမီးတောက်ဓားက ကြယ်တစ်စင်း ပေါက်ကွဲသွားသကဲ့သို့ မီးတောက်များ ထွက်ပေါ်လာခဲ့သည်။ အလင်းတန်းများက အလွန်တောက်ပလွန်းလှပြီး သူ၏အပူရှိန်က ပတ်ပတ်လည်တွင် ရှိနေသော ကျောက်တုံးနံရံများကို အရည်ပျော်ကျသွားစေခဲ့သည်။
"ဗုန်း..."
လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး မကောင်းဆိုးဝါးချီစွမ်းအင်များက ဤနေရာကို လွှမ်းခြုံသွားခဲ့သည်။
ခြစ်ခြစ်တောက် ပူလောင်လွန်းလှသော နေလုံးကြီးကတော့ လူတစ်ယောက်၏ ရှေ့တွင် ရုတ်တရက် ဆင်းသက်လာပြီး တခဏအတွင်း အရိပ်များအားလုံးကို ရှင်းပစ်လိုက်သည်။ တိုက်ခိုက်သူက အလွန်တောက်ပသော နေရောင်ခြည်ကို ခံနိုင်ရည်မရှိသည့်အလား မျက်မှောင်ကြုတ်လိုက်မိ၏ ။
"ဂရုဏာမဲ့နတ်ဆိုးလား.."
မုန့်ချီက တိုက်ခိုက်သူ၏ စွမ်းအားကို အခွင့်ကောင်းယူပြီး သူ့နောက်ဘက်ကို ခုန်၍ နောက်ကျောကို ဓားနှင့် ထိုးလိုက်သည်။ နေရောင်ခြည်က နေရာတိုင်းတွင် ပျံ့နှံ့နေပြီး နေရာတိုင်းကို လွှမ်းခြုံထားခဲ့၏။ သူ၏ ပြောင်းလဲမှုများက အဆုံးမဲ့ဖြစ်နေပြီး တစ်ခါတစ်ရံ ပြောင်းပြန်ဖြစ်နေသည်။ သူတို့က နားလည်ရန် ခက်ခဲလွန်းလှ၏။
"ချွမ်..."
မုန့်ချီ၏ဓားက မည်သည့်နေရာကမှန်းမသိ ပေါ်လာခဲ့သော ခက်ရင်းခွတစ်ခုဆီသို့ အတည့်အတိုင်း ရောက်လာသည်။ ထိုခက်ရင်းခွက အဆုံးမဲ့ ရွှံ့နွံအိုင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရ၏။ ထိုခက်ရင်းခွထဲတွင် တစ်စုံတစ်ခုပါသွားသည်နှင့် တင်းတင်းကြပ်ကြပ် ချုပ်နှောင်ခံထားရမည် ဖြစ်သည်။ အရာဝတ္ထုက ပို၍ ရုန်းကန်လေလေ တဖြည်းဖြည်း ဝါးမြိုခံရလေလေ ဖြစ်သည်။
သို့သော် ဓားအလင်းတန်းက ခက်ရင်းခွ၏ အချွန်နှင့် ရင်ဆိုင်လိုက်မိပြီးနောက် သူ၏ ပြောင်းလဲမှုများက ရပ်တန့်သွားခဲ့၏။ ပျံ့နှံ့လာသော အရှိန်အဝါကလည်း ရပ်တန့်သွားခဲ့သည်။
တိုက်ခိုက်နေစဉ် အတောအတွင်း မုန့်ချီက တစ်ကိုယ်လုံး အေးစက်နေသလို ခံစားနေရသည်။ သူ၏ပင်မဝိညာဉ်က မူးဝေဝေဖြစ်နေပြီး သူကတော့ ခက်ရင်းခွကို လမ်းလွှဲရန် ကြိုးစားနေခဲ့၏။ သူသာ တိုက်ခိုက်မှုကို ကြိုတင်သတိထားမိခဲ့ခြင်း မရှိလျှင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားနိုင်သည်။
ဓားနှင့် သံခက်ရင်းခွတို့ ရင်ဆိုင်လိုက်မိပြီး အလွန်တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် မုန့်ချီ၏ ခန္ဓာကိုယ်က အလွန်လျှို့ဝှက်ဆန်းကြယ်စွာ နိမ့်ကျသွားခဲ့ပြီး ပြိုင်ဘက် (၂)ယောက်၏ တိုက်ခိုက်မှုမှနေ၍ မထင်မှတ်ထားစွာ လွတ်မြောက်လာခဲ့သည်။ ထို့နောက် သူက အနီရောင်မြူခိုးများထဲတွင် ပျောက်ကွယ်သွားခဲ့၏။
တိုက်ခိုက်သူများက အောက်ဘက်သို့ ပျံသန်းသွားခဲ့သော်လည်း သူတို့၏ မြင်ကွင်းကို အနီရောင်မြူခိုးများက လွှမ်းခြုံထားသည့်အတွက် သူတို့က မုန့်ချီ၏အငွေ့အသက်ကို အာရုံစိုက်ရန် ခက်ခဲနေသည်။ ကျောက်နံရံကြီးများကတော့ ရှင်းလင်းနေရမည့်အစား မျက်နှာပြင်ပေါ်တွင် ကုန်းချောတစ်ခု ရှိသည်။
တိုက်ခိုက်သူ (၂) ယောက်က ထိုမျက်နှာပြင်ပေါ်တွင် ဆင်းသက်လိုက်ပြီး ပျက်စီးနေသော အဆောက်အဦးများထဲတွင် ရှာဖွေနေကြသည်။
"သူ ဒီမှာ မရှိဘူး…"
အက်ရှရှအသံတစ်ခုက ပြောလိုက်သည်။ ထိုအသံကတော့ ကရုဏာမဲ့နတ်ဆိုး၏ အသံဖြစ်၏။
"သူပြေးတာ တော်တော်မြန်တာပဲ…"
ကရုဏာမဲ့နတ်ဆိုး၏ အနားတွင် ရှိနေသူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့လက်ထဲတွင် သံခက်ရင်းခွတစ်ခုကို ကိုင်ထားသည်။ သူ့လေသံက ဝါးတားတား ဖြစ်နေပြီး အသံထဲတွင် ဝဲကတော့တစ်ခု ရှိနေသလို ထင်မှတ်ရသည်။ အားနည်းသော လူတစ်ယောက်သာဆိုလျှင် သူ့အသံကို ကြားလိုက်ရရုံနှင့် စိတ်ဝိညာဉ် လွင့်ပျောက်သွားနိုင်၏။ သူကတော့ သတ်ဖြတ်ရေးယက္ခ ဖြစ်သည်။
ကရုဏာမဲ့နတ်ဆိုးက ခနဲ့သလို ပြောလိုက်၏။
"ဒါက ဒီသွေးရောင်မြူခိုးတွေရဲ့ ကျေးဇူးကြောင့်လေ။ မဟုတ်ရင် သူက ငါတို့ရဲ့ လက်ထဲကနေ ဘယ်လိုဖြစ်ပြီး အလွယ်တကူ လွတ်မြောက်နိုင်မှာလဲ..”
“သူ့ရဲ့အစွမ်းကလည်း တော်တော်ထူးခြားတယ်။ ဒါကတော်တော်ခက်ခဲတဲ့ တာဝန်တစ်ခုပဲ…"
သတ်ဖြတ်ရေးယက္ခက ပြောလိုက်၏။
ကရုဏာမဲ့နတ်ဆိုးက ခေါင်းညိတ်၍ ပြောလိုက်သည်။
"တကယ်လို့ သူက ပိုမီမှာ လူသစ်တစ်ယောက်သာ မဟုတ်ရင် ငါတို့က သူ့ကို အခွင့်ကောင်းယူဖို့ ကြိုးစားလို့ရမှာ မဟုတ်ဘူး…"
"ရလဒ်ကို မြင်တယ်မဟုတ်လား။ ငါတို့ပူးပေါင်းတိုက်ခိုက်တာကိုတောင် သူက ထွက်ပြေးနိုင်သေးတယ်။ ကြည့်ရတာ သူ့ရဲ့အစွမ်းတွေကို ပြည့်ပြည့်ဝဝ ထုတ်မသုံးသေးဘူး ထင်တယ်။ သူက ငါတို့ထက်တော့ သေချာပေါက် အားမနည်းမှာ စိုးရတယ်…"
မုန့်ချီက သူတို့ကို သတ်ဖြတ်ရန် ဆန္ဒမရှိကြောင်း သတ်ဖြတ်ရေးယက္ခက ခန့်မှန်းမိနေ၏။ တဖက်လူက ရိုးရှင်းစွာ ထွက်ပြေးသွားသည်မှာ အခြေအနေ မသိရသော နေရာမျိုးတွင် နောက်ထပ် အလစ်ချောင်းတိုက်ခိုက်ခံရမှာကို စိုးရိမ်ခြင်းကြောင့်ဖြစ်နိုင်သည်။
"ထားလိုက်ပါတော့။ သူ သတိထားနေမယ်ဆိုရင် ငါတို့က ငရဲရဲမက်တွေကို ထိန်းချုပ်ပြီး သူ့နောက်ကို လိုက်ခိုင်းဖို့ မဖြစ်နိုင်တော့ဘူး။ ငါတို့က ငါတို့ရဲ့ အလုပ်ကိုပဲ အလေးထားသင့်တယ်…"
ကရုဏာမဲ့လူဆိုးက သူ၏ဆုံးဖြတ်ချက်အပေါ် ခံစားချက်များ လွှမ်းမိုးခွင့်မပေးခဲ့ပေ။
သူတို့(၂) ယောက်နှင့် မလှမ်းမကမ်းတွင် ရှိနေသော အဆောက်အဦးထဲရှိ နွယ်ပင်များကြားထဲ၌ လက်သီးစုပ်အရွယ် အနက်ရောင်ကျောက်တုံးလေးတစ်တုံး ရှိနေသည်။ ထိုအရာကတော့ သူတို့ပြောသည့်စကားကို နားထောင်နေခဲ့၏။
"ငရဲရဲမက်တွေအပေါ် သူတို့နားလည်ထားတဲ့အရာတွေက တစ်ခြားဝေ့ကျင်းအဆင့် ပညာရှင်တွေနဲ့ ယှဉ်လိုက်ရင် တကယ့်ကို နက်ရှိုင်းတာပဲ။ ဒါပေမဲ့ သူတို့ရဲ့ အလုပ်ကဘာလဲ…"
သူ့ကိုယ်သူ ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲထားသော မုန့်ချီက သူတို့၏ စကားကို ခိုးနားထောင်နေခဲ့သည်။ ဤနေရာက အလွန်အန္တရာယ်များသော နေရာတစ်ခုဖြစ်၏။ ကရုဏာမဲ့နတ်ဆိုးနဲ့ သတ်ဖြတ်ရေးယက္ခတို့က ဝေ့ကျင်းအဆင့်ကို ရောက်သည်မှာ နှစ်ပေါင်းများစွာ ကြာနေသောမြေခွေးအိုကြီးများ ဖြစ်ကြသည်။
သူတို့ဆီတွင် အသက်ကာကွယ်သည့် နည်းလမ်းများ နည်းပါးမှုမရှိပေ။ သူတို့ပူးပေါင်း တိုက်ခိုက်လိုက်မည်ဆိုလျှင် သူ့အသက်ကို ခြိမ်းခြောက်နိုင်စွမ်းရှိ၏။ မုန့်ချီကတော့ သူတို့ လူခွဲသွားသည့်အချိန်ကို စောင့်ပြီးမှ သူတို့ကို အလစ်ချောင်းတိုက်ခိုက်ရန် စဉ်းစားထားသည်။ သူက သူတို့ဆီမှနေ၍ သူတို့၏ လျှို့ဝှက်အဖွဲ့အစည်းအကြောင်းကို စုံစမ်း၍ ရနိုင်ပြီး ရန်ကျန်းချန်ကို ရှာဖွေ၍လည်း ရနိုင်သည်။
ကရုဏာမဲ့လူဆိုးက ဆင်ခြေလျှောပေါ်တွင် ရှိနေသော ကျောင်းဆောင်ကဲ့သို့ အဆောက်အဦးဆီကို လျှောက်သွားခဲ့၏။ သူက လက်ကို ဝှေ့ယမ်းလိုက်သည့် အချိန်တွင် နွယ်ပင်များက ပြုတ်ကျသွားပြီး တံခါးမရှိသော ဝင်ပေါက်တစ်ခု ပေါ်လာခဲ့သည်။ ထိုနွယ်ပင်များက နှစ်ပေါင်းများစွာ ကြာနေပုံရသော်လည်း ယခုအချိန်အထိ အသက်ရှိနေသေးသည့်အ ကြောင်းအရင်းကို မသိရသေးပေ။ ထိုအရာက သူ့နောက်တွင် ရှိနေသော ဝင်ပေါက်ကို တစ်ခြားသူများ သတိမထားမိစေရန် တားဆီးထားသည်။
ကရုဏာမဲ့လူဆိုးက ဝမ်မိသားစု၏ တွက်ချက်ရေးကြေးပြားကို ထုတ်လိုက်ပြီး သတ်ဖြတ်ရေးယက္ခကို ပြောလိုက်သည်။
"ငါက သွားပြီး စစ်ဆေးနေတဲ့အချိန်မှာ မင်းက ဒီနေရာကနေ နောက်ဆုတ်ထားပါ။ တကယ်လို့ အန္တရာယ်များတယ်ဆိုရင် ငရဲအင်ပါယာကို သတိပေးလိုက်ပါ။ အကုန်လုံး အဆင်ပြေတယ်ဆိုရင်တော့ ငါတို့က အကျိုးအမြတ်ကို တဝက်ဆီခွဲကြမယ်…"
အကယ်၍ သူသာ ဂရုစိုက်မည်ဆိုလျှင် အန္တရာယ် ရှိလျှင်လည်း အချိန်မီ ထွက်ပြေးနိုင်သည်ဟု ခံစားမိနေ၏။
"ငရဲအင်ပါယာ.."
ထိုနာမည်က မုန့်ချီအတွက်တော့ အစိမ်းသက်သက် ဖြစ်နေခဲ့၏။ သူက အင်မော်တယ်များ ပေးလိုက်သော မှတ်တမ်းထဲတွင် ထိုနာမည်ကို လုံးဝမကြားဖူးချေ။ အနည်းဆုံးတော့ ပိုမီတွင် ပုန်းအောင်းနေသော ဝေ့ကျင်းအဆင့် ပညာရှင်များ၏ စာရင်းထဲတွင် မရှိချေ။ အင်မော်တယ်များက ပိုမီတွင် ရှိနေသော ဝေ့ကျင်းအဆင့် ပညာရှင်များ၏ တစ်ဝက်ကျော်ကိုသာ သိနေခဲ့၏။
သတ်ဖြတ်ရေးယက္ခက စကားတစ်ခွန်းမျှ မပြောပဲ တစ်ခြားအဆောက်အဦးဆီသို့ လျှောက်သွားခဲ့၏။ သူ ဦးတည်သွားခဲ့သော အဆောက်အဦးကလည်း ကရုဏာမဲ့လူဆိုး ဝင်သွားခဲ့သော အဆောက်အဦးနှင့် တစ်ထပ်တည်း ဖြစ်မေသည်။
ထိုအဆောက်အဦးများက အမွှာကဲ့သို့ဖြစ်နေပြီး တစ်ခုက ယင်၊ တစ်ခုကယန် ဖြစ်သည်။ သူတို့က တူညီသော အရာ(၂) ဖက်ဖြစ်ပုံရ၏။ သတ်ဖြတ်ရေးယက္ခ ကျောင်းဆောင်ထဲကို ဝင်သွားပြီး သိပ်မကြာခင် ကရုဏာမဲ့လူဆိုးက တွက်ချက်ရေးကြေးပြားကို ကိုင်ပြီး အတွင်းထဲကို ဝင်သွားခဲ့သည်။
မုန့်ချီက စဉ်းစားပြီး အခြေအနေကို စောင့်ကြည့်ပြီးမှသာ ပြောင်းလဲမှုကို လုပ်ဆောင်ရန် စဉ်းစားလိုက်၏။ သူက သေချာပြင်ဆင်လိုက်ပြီး သူ၏အငွေ့အသက်ကို လျော့ချလိုက်သည်။ ထို့နောက် သူက ကရုဏာမဲ့လူဆိုး ဝင်သွားခဲ့သော ကျောင်းဆောင်ရှိရာကို တိတ်တဆိတ် လိုက်ဝင်သွားခဲ့၏။
ထိုကျောင်းဆောင်က အပူအပင်မဲ့တောင်ကြား၏ ဝင်ပေါက်နှင့် မလှမ်းမကမ်းတွင် ရှိနေကြောင်း သူလည်း နားလည်နေခဲ့သည်။ အကယ်၍ ကရုဏာမဲ့လူဆိုးကသာ တစ်စုံတစ်ခုကို ရှာတွေ့သွားမည်ဆိုလျှင် မုန့်ချီ၏ ကွင်းဆက်တာဝန်ပြီးဆုံးအောင် အကူအညီ ဖြစ်နိုင်သည်။
အကယ်၍ ကရုဏာမဲ့လူဆိုးကသာ လက်ဗလာနှင့် ပြန်လာမည်ဆိုလျှင်လည်း သူတစ်ယောက်တည်း ဖြစ်နေသည့်အချိန်၌ သူ့ကို အလစ်ချောင်း တိုက်ခိုက်၍ ရနိုင်၏။
ကျောင်းဆောင်ကြီးထဲတွင် အဖြူရောင်ကျောက်စိမ်းများ ပြည့်နှက်နေပြီး အက်ကွဲကြောင်းများလည်း ရှိနေသည်။ သို့သော် သစ်ပင်ပေါင်းပင်များတော့ ပေါက်ရောက်ခဲ့ခြင်း မရှိချေ။ ထိုနေရာတွင် ဖုန်မှုန့်များသာ ရှိနေ၏။ ထိုနေရာက အလွန်ကြည်လင်သန့်ရှင်းပြီး ထူးဆန်းသော စွမ်းအင်များ လွှမ်းခြုံနေသလို ထင်မှတ်ရ၏။
မုန့်ချီက ခဏကြာ ရှာဖွေခဲ့ပြီးနောက် နံရံကြားထဲမှနေ၍ အောက်သို့ ဆင်းသွားသော ဝင်ပေါက်ကို ဖြတ်လာခဲ့၏။ ထိုဝင်ပေါက်က ရုပ်ထုတစ်ခု၏ နောက်ဘက်တွင် ဖုံးကွယ်ထားခြင်းဖြစ်ပြီး မြေမျက်နှာသွင်ပြင် အပြောင်းအလဲကြောင့် မတော်တဆ ပေါ်လာခဲ့သလို ဖြစ်နေသည်။
ထိုကြားထဲမှနေ၍ အလင်းရောင်မှိန်ဖျော့ဖျော့တစ်ခု ထွက်ပေါ်လာနေကြောင်း မြင်နေရ၏။ ထို့ပြင် ကရုဏာမဲ့လူဆိုး၏ အငွေ့အသက်ကိုလည်း စစ်ဆေးမိခဲ့သည်။ ကရုဏာမဲ့လူဆိုးကတော့ သူ့နောက်ကို တစ်စုံတစ်ယောက် လိုက်လာမည့် ဖြစ်နိုင်ချေကို စဉ်းစားမိပုံမရချေ။ သို့သော် သူကတော့ အန္တရာယ်ကို စိုးရိမ်သည့်အတွက် အလွန်သတိထားနေသည်။
သူက ထွက်သွားသည့်အချိန်တွင် သူ၏ ခြေရာလက်ရာများကို ဖျက်စီးရန် စီစဉ်ထားခဲ့၏။ ထို့ကြောင့် မုန့်ချီက အဝေးမှနေ၍သာ သူ့နောက်ကို လိုက်သွားပြီး သူ့ကို ရှာတွေ့မှာကို စိုးရိမ်နေစရာ မလိုအပ်ပေ။ သို့သော် သူလည်း အလေးမဲ့မနေရဲပေ။
သူ၏အငွေ့အသက်ကို သေချာဖုံးကွယ်ထားခဲ့ပြီး ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာခဲ့၏။ ထိုအရာက လမ်းဆုံလမ်းခွများ ပြည့်နှက်နေသော လမ်းရှည်တစ်ခု ဖြစ်သည်။ အကယ်၍ သူကသာ ကရုဏာမဲ့လူဆိုး၏ နောက်သို့ လိုက်သွားခဲ့ခြင်း မရှိလျှင် မှန်ကန်သောလမ်းကို ရှာဖွေရန် အချိန်အတော်လေး ပေးရနိုင်၏။
သူတို့၏ ရှေ့တွင် ရှိနေသော နံရံပေါ်တွင် ညအလင်းပုလဲ (၂) လုံး ကပ်ထားသည်။ ထိုနေရာမှ မှိန်ဖျော့ဖျော့ အလင်းရောင်များ တောက်ပနေ၏။ သူတို့က အောက်ထဲကို ရောက်လာလေလေ အနီရောင်မြူခိုးများက ပို၍ ပါးလာလေလေ ဖြစ်သည်။ မုန့်ချီ၏ အာရုံခံနိုင်စွမ်းကလည်း တဖြည်းဖြည်း ပြန်ကောင်းလာခဲ့၏။
သူတို့က ခဏကြာလျှောက်လှမ်းလာပြီးနောက် လေထဲမှနေ၍ တဖျစ်ဖျစ် မြည်သံများကို ကြားနေရသည်။ ထို့နောက် သူတို့က သူ့ကို ခြေရာဖျောက်သွားသည့်အလား ရုတ်တရက် ရပ်လိုက်၏။
"ဝမ်မိသားစုရဲ့ တွက်ချက်ရေးကြေးပြားက တော်တော်အသုံးဝင်တာပဲ…" ကရုဏာမဲ့လူဆိုး၏ အသံတိုးတိုးက သူ့နားထဲကို ရောက်လာခဲ့သည်။ တဖျစ်ဖျစ်မြည်သံများကလည်း ပို၍ကျယ်လောင်လာပြီး အရာအားလုံးက ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။
အသံများ ပျောက်ကွယ်သွားခဲ့ပြီးနောက် မုန့်ချီက ကရုဏာမဲ့လူဆိုး၏ ခြေရာလက်ရာကို ပျောက်ကွယ်သွားခဲ့သည်။ သူက လုံးဝပျောက်ကွယ်သွားသလို ထင်မှတ်ရ၏။ မုန့်ချီကတော့ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထလာပြီး ကြွက်သားများ တင်းကြပ်လာသလို ခံစားနေရသည်။
ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသော ကိုယ်တွင်းပေါက်များအားလုံးလည်း ရုတ်တရက် ပိတ်သွားခဲ့ပြီး အလွန်အေးစက်သော ခံစားမှုတစ်ခုနှင့် အန္တရာယ် အငွေ့အသက် တစ်ခုက သူ့ဆီကို ရောက်လာကြောင်း ခံစားမိနေ၏။
သူက မည်သည့်အရာကိုမျှ စဉ်စားနေခြင်းမရှိဘဲ ချက်ချင်း နောက်သို့ ပျံသန်းလာခဲ့သည်။ သူကတော့ ပုန်းအောင်းနေရန် ဆန္ဒမျိုးပင် မရှိတော့ချေ။ သူ့နောက်ကို အလွန်ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ကောင် လိုက်လာနေသလို ခံစားနေရ၏။
ထိုအချိန်တွင် လျှပ်စီးကြောင်းများ တောက်ပလာပြီး သူက အစိမ်းရောင် မိုးကြိုးတစ်ခုအဖြစ် ပြောင်းလဲ၍ အဝေးတွင် ရှိနေသော ထွက်ပေါက်ရှိရာကို ပျံသန်းလာခဲ့၏။ သူ၏မြင်ကွင်းများက ရုတ်တရက် မှေးမှိန်လာပြီး ညလင်းပုလဲများ၏ အလင်းရောင်တောက်ပမှု ပျောက်ဆုံးသွားသည်။
ပတ်ပတ်လည်တွင် ရှိနေသော ပစ္စည်းများအားလုံးက မျက်နှာပြင်ကြီးတစ်ခုကဲ့သို့ သူ့ကို လွှမ်းခြုံလာသလို ခံစားနေရ၏။ သူတို့က သူ၏ခန္ဓာကိုယ်အရေပြားထဲတွင် ရှိနေသော အပေါက်တိုင်းမှနေ၍ သူ့ခန္ဓာကိုယ်ထဲသို့ ဖောက်ဝင်လာရန် ကြိုးစားနေကြသည်။
တခဏအတွင်း ရွှေရောင်အလင်းတန်း တစ်ခုပေါ်လာပြီး မုန့်ချီ၏ ခန္ဓာကိုယ်တစ်ခုလုံးက နစ်မြုပ်သွားသလို ခံစားလိုက်ရ၏။ သူက ရှေ့ဆက်သွားချင်သော်လည်း ခုခံမှုက သူ့အတွက် အလွန်ပြင်းထန်လွန်းလှသည်။ အလွန်ကြောက်စရာကောင်းသော ခံစားမှုက စက္ကန့်နှင့်အမျှ ပို၍ ကြီးမားလာနေခဲ့၏။
သူက ကံကောင်းမည်ဆိုလျှင်ပင် သူ့ကိုယ်သူ ဒုက္ခရောက်အောင် မလုပ်နိုင်ပေ။ သူက ခန္ဓာကိုယ်ထဲတွင် ရှိနေသော တံခါးပေါက်များအားလုံးကို ဖွင့်လိုက်ပြီး ထိုအရာကို လုံးဝ လေ့ကျင့်ထားခြင်း မရှိသလို ထင်ရ၏။
ကြယ်များက လင်းလက်တောက်ပနေပြီး ရွှေကျီးကန်းများက ပျံသန်းနေသည်။ နေလုံးကြီးက အလွန်ကြီးကျယ်ခမ်းနားစွာ တောက်ပ၍ မူလကမ္ဘာကြီးက အဆုံးမဲ့ ချောက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။
သူတို့အားလုံးက အိမ်မက်များ ၊ ပုံရိပ်ယောင်များကဲ့သို့ ပတ်ပတ်လည်တွင် ပြသနေကြ၏။ မျက်စိတမှိတ်အတွင်း သူတို့က သူ၏သွေးကြောမှတ်များဆီသို့ နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့သည်။ မုန့်ချီ၏ခန္ဓာကိုယ်တစ်ခုလုံးကတော့ ဤကမ္ဘာကြီးထဲတွင် မရှိတော့သည့်အလား မှေးမှိန်ပြီး မည်းမှောင်သွားခဲ့၏။
သူကတော့ တံခါး(၉)ပေါက်ကို ဖုံးကွယ်ထားသည့်အတွက် အလွန်ကြောက်စရာကောင်းသော ခံစားမှုက အရေပြားကို ထိုးဖောက်လာရန် ခက်ခဲနေသည်။
ထိုအချိန်တွင် အမှောင်ထုကြီးကို ဖြတ်ကျော်လာသော ဓားအလင်းတန်းတစ်ခုကို တွေ့လိုက်ရပြီး ထိုအလင်းတန်းက မူလကမ္ဘာကြီးကို ထိုးဖောက်သွားခဲ့သည်။ အလွန်ကြောက်စရာကောင်းသော ရေမျက်နှာပြင်အလွှာများကလည်း လုံးဝကို ပွင့်သွားခဲ့၏။
သူတို့က နောက်တစ်ကြိမ် နီးမလာခင် မုန့်ချီက အခွင့်အရေးကို အရယူပြီး ထွက်ပေါက်မှ ထွက်လာခဲ့သည်။ အပြင်ဘက်တွင်တော့ ကျောင်းဆောင်တစ်ခုလုံးတွင် အနီရောင်မြူခိုးများ ပြည့်နှက်နေသည်။ ထိတွေ့၍ မရနိုင်သော ရေလှိုင်းများက ထိုအရာကို ကြောက်လန့်နေပုံရပြီး ဖြည်းညင်းစွာ နောက်ဆုတ်သွားခဲ့၏။
ကျောင်းဆောင်တစ်ခုလုံးကို ဝန်းရံထားသော အနီရောင်မြူခိုးများကို စိုက်ကြည့်နေပြီး မုန့်ချီက အသက်ပြန်ရှင်လာသလို ခံစားနေရသည်။ သူက ကျောင်းဆောင်ထဲမှ ခိုးကြောင်ခိုးဝှက် ထွက်လာပြီး နောက်တစ်ကြိမ် အနက်ရောင် ကျောက်တုံးအဖြစ် ပြောင်းလဲ၍ သတ်ဖြတ်ရေးယက္ခ ထွက်လာမည့်အချိန်ကို စောင့်နေခဲ့သည်။
သူက အစောပိုင်းအတွေ့အကြုံကို ကြုံလိုက်ရပြီးနောက် နောက်ထပ်ကျောင်းဆောင်တစ်ခုထဲကို ဝင်သွားလိုစိတ် မရှိတော့ချေ။ သိပ်မကြာခင် သတ်ဖြတ်ရေးယက္ခ ထွက်လာပြီး တစ်ခြားကျောင်းဆောင်၏ ရှေ့တွင် ကရုဏာမဲ့လူဆိုးကို စောင့်နေခဲ့၏။
"မင်းက သူ့ကို စောင့်နေနိုင်တော့မှာ မဟုတ်ဘူး…".
မုန့်ချီက တိုက်ခိုက်ရန် အဆင်သင့်ပြင်လိုက်၏။
ထိုအချိန်တွင် ကျောင်းဆောင်ထဲမှနေ၍ တိတ်တဆိတ် ခြေသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရပြီး ကရုဏာမဲ့နတ်ဆိုးက သူ့မျက်လုံးထဲတွင် ပြန်ပေါ်လာခဲ့သည်။
"မဖြစ်နိုင်ဘူး … "
မုန့်ချီ၏ ရင်ထဲတွင် အတော်လေး လှုပ်ရှားသွားခဲ့သည်။
ကရုဏာမဲ့လူဆိုးက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီးသူ့ဆီမှ အလွန်သိပ်သည်းသော မကောင်းဆိုးဝါးချီစွမ်းအင်များက ထွက်ပေါ်လာနေခဲ့သည်။ သူ၏ ရေခဲဆံပင်များကလည်း ပြန့်ကျဲနေပြီး မျက်မှောင်ကြုတ်နေခဲ့၏။
မုန့်ချီကတော့ ခန္ဓာကိုယ်ထဲတွင် နောက်တစ်ကြိမ် ပြောပြ၍ မရနိုင်သော အအေးဓာတ်တစ်ခုကို ခံစားလိုက်မိလေသည်။
Translated by Hein Htet